သင်္ကြန်ပြီးလို့  မိုးဦးကျရာသီ ရောက်နေပေမဲ့ မိုးလေး တပြိုက်တလေမှ မရွာသေး ။ နွေရဲ့  အရှိန်နဲ့ နေမင်းကြီးက အစွမ်းကုန်ပါဝါ ပြကာ အညှိုးတကြီး ဆက်လက်တောက်ပ လို့ နေသေးတော့ ရွှေပြည်ကြီးမှ လူနပ်(နတ်ကို စော်ကားခြင်းမဟုတ်ကြောင်း) ၊သတ္တဝါ အပေါင်းတို့  လောက ငရဲ အိုးထဲ အခြောက် လှော် သလို အလှော်ခံ နေရဆဲပါလေ ။ အောင်နက်ကြီး နဲ့ ဂုတ်ကျားမ တို့ ရဲ့ ခွန်နှစ်ဆောင်ပြိုင် မဟာကွိုင် အိမ်ဂေဟာကြီးမှာ လည်း အများ နဲ့ အတူ နေပူပူ ကို အာခံပြု နေကြလေသည် ။ တော်သလင်းလ မတိုင်မီ စစ်ခင်းနေကြသော ခွေးတို့ ခေတ်မှာ မို့  ရာသီဥတု ကြီးကလည်း ဖေါက်လွဲ ဖေါက်ပြန် ဖြစ်နေလေတာလား မပြောတတ် ၊ ရွှေဂုံ မြို့ ပျက်ကြီးမှာ အပူချိန်က တသက် နဲ့ တကိုယ် မကြုံ ဘူး လောက်အောင် ၊စံချိန်တင် ရလောက်အောင်ပင် ပူပြင်းလှ ပေတော့သည် ။ ဦးနှောက်တွေ ဆူဝေ မတတ် အပူလှိုင်းကျ နေတော့ ၊ အောင်နက်ခမျာ လည်း တအီအီ နဲ့ ငြီးတွားနေရရှာသည် ။
“ပူလိုက်တာ ကွာ အဲယားကွန်းလေး ဖွင့်စမ်းပါအုံး မိန်းမ ရယ် ။”
“ အံမယ် ရှင်က ဘာအခုမှ ပူသလေး ဘာလေး နဲ့ ကြီးကျယ် နေလိုက်တာ ၊ အရင် အမှိုက်ပုံ တိုးစားခဲ့ရတုံးက ဘယ်လို နေခဲ့ ရသလည်း ၊ မေ့ နေ ပြီလား ။”
“ဟ ..အရင်က အရင် ။ အခုက အခု ပဲ ကွ ။ ခု ငါ အကြံကောင်းတော့ တချက် ၊အဖန်ကောင်းတော့ တသက် ။မင်းတို့ ကို လူလို သူလို ..အဲ့လေ ။ ခွေးလို ဂေးလို အမွှေးတပြောင်ပြောင်ထားနိုင်နေပြီ မဟုတ်လား ။အတိတ်က ဝဲစွဲ အမှိုက် ထဲ တိုးစားရတာ တွေလာပြောမနေစမ်းပါ နဲ့ ၊ ကျက်သရေ တုံး လွန်း လို့ ပါ ကွာ ။”
“ ဟုတ်ပါသတဲ့တော် ။ ရှင့် ကြံရည် ဖန်ရည် လေးကြောင့် ပဲ ကျုပ်တို့  မှာ အရှင်မွေးတော့ နေ့ ချင်း ။ ခွေးကတက် ပေါ်ကနေ ဒီမဟာကွိုင် တိုက်ပေါ်တက်နေနိုင်တာပါပဲ။ နောက်နှစ်ဆို ရှင့် ဆရာ လက်ကျန်လေး ပရာဒို တက်နှိပ် နိုင် အောင် လုပ်စမ်းပါအုံး ။လေစိုက်ပြီး ဝါးရင်းတုတ် တချောင်းပဲ ရင်းရနှီးရတာ လေ ”
“ကဲ ။အဲ့ဒါတွေ အသာထား ပါအုံး ၊ ခု ဘယ့်နှယ် နွေရာသီ မပြီးသေးဘူးလား ။ အိုက်ချက်က ၊ အဲယားကွန်းတောင် မနိုင် ဘူး ။”
“ ဘယ်က မနိုင်ရ မတုံး ။ မနေ့ က မှ၊ ရှင့် လာဖါးတဲ့ ဟို အနှိပ်ခန်းက ခွေး သူဌေး ဦးပေါ်ပင် ပေးထားတဲ့  ဟီတာချီ အသစ်စက်စက်ကြီး တပ်ထားတာ။ ခု အိုက်နေတာ က မီး မလာလို့ ရှင့် ၊ မီးမလာတော့ ရှင့် အဲယားကွန်းကြီးက ဘယ်လို ဖွင့်မတုံး ။”
“ ဟေ ။ ငါ နဲ ငါ့ ဆရာတို့  ဒီလောက်သေသေချာချာ အာမဘန္တေ ခံထားပြီး ၂၄ နာရီ မီးလာစေရမယ် ပြောထား ရက်သား နဲ့ ၊ ဒီမီးက ဘယ်လို ဖြစ်ရတာ တုံး ။”
“ ရှင်တို့ ဟာ ရှင်တို့  အခြေအမြစ် မရှိ အာမတွေ ခံထား တာ နဲ့ ဒီ မီးကြီးက လာ ရ ရောလား ရှင့် ။ရှင်တို့  ရေကာတာ ကြီးတွေ ဟို နေရာဆောက် ဒီ နေရာဆောက် ဆိုတာတွေကလည်း ကျုပ်တို့ သုံးရအောင် ပေးမဲ့  မီးတွေ ဟုတ်လို့ လား ။”
“ အေးလကွာ ၊ ဆီအပင်မသာက ငါ့ဆရာ ဟို ကြောင်ထိန်းပျင်း ကြီး ကိုယ်တိုင် အာဘောင်အာရင်းသန်သန် နဲ့ ဆွယ်နေ .အဲ့လေ ..ပြောနေ မှတော့ ငါ လည်း တကယ် ထင် နေတာ ပေါ့ဟ ။ နေစမ်းပါအုံး သူ့ အိမ်ကျ မီးမပျက်ပါလား ။”
ကြံ့ တဖြစ်လဲ ခွေးအောင်နက် တကောင် တဖက်က ငြီးတွားရင်း ၊ တဖက်က ၅၀၀၀ တန် တအုပ်ကို ယပ်တောင်လို လုပ်ကာ တဖြတ်ဖြတ်ခါနေတော့သည် ။
ထိုစဉ်အခါ အိမ်ရှေ့ မှ ခွေးတသိုက် တအီးအီးအော်ဟစ်ငိုကြွေးပြီး ကြေးစည်ထုသူ ထု ၊သတိလစ်နေသူကို နှာနှပ်သူနှာနှပ် နဲ့ ထမ်းစဉ်လေးတခု ထမ်းကာ ထွက်သွားကြသည်ကို လှမ်းမြင်လိုက်ရလေသည် ။ သူ့ မဟေသီ ဂုတ်ကျား မ ကို မေးကြည့်တော့ အရှေ့ ခေါင်းရင်း အိမ်မှ ခွေးသားအလတ် ငယ်ငယ်ရွယ်ရွယ် နဲ့  အပူရှပ် ပြီးရုတ်တရက် သွေးကြောပြတ်ကာ ဆုံးသွားကြောင်း ၊ ရပ်ကွက်ထဲ နာရေးကူညီ အသင်းကား ကို ပေးမဝင်သည့် အတွက် ရပ်ကွက် ပြင်ထိအောင် ထမ်းစဉ် နဲ့  ထမ်းထုတ်သွားရခြင်းဖြစ်ကြောင်း ရှင်းပြလေသည်။
“ ဪ ။ ဟုတ်ပေသားပဲ ။ သူအခုမှ သတိရ မိသည် ။ ဒီလို နာရေး ကိစ္စများကို သူနဲ့ မဆိုင် သလို ထားမိတာ ကြာ ပြီ ပဲ ။ စားဖို့ သောက်ဖို့  အကြံ အဖန်ရတဲ့ မှတ်ပုံတင် လုပ်တဲ့ ကိစ္စ များ ။ မဲဆွယ်ခြင်းများ၊ အဲ့လေ.. ဝဲဆွယ်ခြင်များ ကိုသာ သူ့  အလုပ် လို့  သတ်မှတ်ထား မိတဲ့ အောင်နက်တကောင် ခုတော့ အရပ်ထဲ မှာ အော်ဂလီဆန် အတန်းအစား တရပ် အနေနဲ့ တံတွေးခွက် မှောက်ရက်ရော ပက်လက်ပါ မျော နေရတာ ကြာ ခဲ့ပြီပဲလေ။ သို့ ပေမဲ့ သူမမှုပါ ။ စားရ ဝါးရဖို့ က ပို အရေးကြီးသည် မဟုတ်ပါလား ။ နောက်ထပ် ဝါးရဖို့  အချိန်တွေ သိပ်မကျန်လှတော့ လို့  သူတို့  အားလုံး နားလည်ပြီးသားမို့  အချိန်ရှိခိုက် လုံ့ လစိုက် ကာ ၊သားကျွေးမှု မယားကျွေးမှု ခယ်မ ကျွေးမှု တွေ အတွက် မိုက်လုံးဆက်ကြီး နေရပါအုံးမည် လေ။
ခုတလော အပူချိန်ကြီးလွန်း၍ အရပ်ထဲ မှာ ရေပြတ်လပ်နေကြလို့  အရပ်သားတွေ ဒုက္ခ ရောက်နေကြတာ ။ မူးလဲ သူ တွေ ၊ ဆေးရုံ ရောက်သူတွေ လည်း ဒုနဲ့ ဒေး ။ အောင်နက် တို့  တမိသားစုကတော့ ဆရာ့ အားကိုး နဲ့  ရေမပြတ် ၊တော့ ကျေနပ်နေလိုက်သေးသည် ။ ဘယ်သူသေသေ အောင်နက်တို့ က မာနေသေးသည်လေ ။ အရပ်သားတွေ အတွက် ပြင်ပ မှ လာသော ရေ အလှူရှင်များ ကိုတောင် သွားပြီး နှောက်ယှက်နေလိုက်သေးသည် ။ ဒီတော့လည်း အရပ်က အော့ကျောလန်တာ အဆန်းမဟုတ်တော့ပြီပေါ့ ။
“ အောင်မလေးးးး ကိုအောင်နက်ရဲ့  . ဒီကို မြန်မြန်လာစမ်းပါအုံး တော့ ၊ ရှင့်သားလေး ဒီမယ် .. ဘာဖြစ်နေလည်း မသိ ၊ လုပ်ကြပါအုံး..... ”
ဂုတ်ကျားမရဲ့  အထိတ်တလန့်  အော်ဟစ်သံကြောင့် အတွေးနဲ့ နှပ်နေတဲ့ အောင်နက်တကောင် ပက်လက်ကုလားထိုင်မှ ဝုန်းကနဲ ထကာ သူ့ သားတော်မောင် မိုက်ခဲ လပြည့် ရှိရာ အပြေးတပိုင်း လာကြည့်စဉ် လုပ်ငန်းရှင်တွေဆီက ဖြုတ်သိမ်းထားတဲ့  ပါဝါမီတာဘောက်စ် များ နဲ့  ခလုပ်တိုက် ကာ မှောက်ရက်လဲတော့ သည် ။ မခိုင့်တခိုင် ပုဆိုးစိမ်းက လျှောကနဲ အကျွတ် ပေမဲ့ သားဇော နဲ့မို့ ဂရု မထား နိုင် လေဘူးပေါ့ ။
သူ့ သားအခန်းအရောက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့  ဦးခေါင်းတခုလုံး အိုးထိန်းစက်လို ချာချာလည် သွားလေတော့သည် ။ ချစ်မငြီးတဲ့ သားတော်မောင်လေး တကောင် ပါးစပ်မှာ အမြှုပ်တစီစီ နဲ့  ၊ တကိုယ်လုံး ဖွေးဖွေးစွတ်ကာ သွေးဆုပ်လျှက်ရှိနေပေပြီ ။ နဖူးနဲ့  ကိုယ်လုံး ကို စမ်းကြည့်လိုက်တော့ မီးခဲ လို ပူခြစ်တောက်နေသေးသည် ။ အခြေအနေမဟန် မှန်းသိတော့ ဆေးရုံသို့  ကမန်းကတမ်း ပို့ ဖို့ လုပ်ရလေသည် ။ ရပ်ကွက်ထဲမှ ခွေးအများက အံ့သြခြင်းကြီးစွာ ရော ၊ ပြုံးစိစိ နဲ့ရော အကြည့်ပေါင်း မျိုးစုံ နဲ့ ကြည့်နေကြတာ သူဂရု မစိုက်အား ။ ဆရာ့ လက်ကျ ဖွတ်စကီး ကားလေး ကို အသားကုန် မောင်းပြီး ဆေးရုံရောက်လာသည်။
ဆေးရုံမှ တာဝန်ကျ ဆရာမလေး က ပုဆိုး မကပ်တဲ့ အောင်နက်ကြီးကို ကြည့်ပြီး အမူးလွန် တဏှာရူး အရုးဖေါက်လာသည် လို့  ထင်မှတ်လိုက်သေးသည် ။ နောက်မှ သတိလစ်နေသော ခွေးသူငယ် ကိုတွေ့ ရ၍ အသက်ကယ်ဖို့  အလျှင်အမြန်လုပ်ဆောင်ရတော့သည် ။ တာဝန်ကျ ဆရာဝန် အဆင်သင့် ရှိနေပေလို့ တော်သေးသည်ဟု အားတက်သွားပြီး ဆရာကို ရှစ်ခိုးမတတ် ခယ တောင်းပန် အကူအညီ တောင်းနေမိသည် ။ ခါတိုင်း မောက်မာခဲ့ ပြီး သူ များဆီမှာ ခုလို ခခယယ မလုပ်မိတာ ကြာ ခဲ့ပြီပဲ ။ သားဇော နဲ့ ဆိုတော့လည်း သူ ဘာကို မျှ သတိမထား မိနိုင်ပါတော့လေ ။ သားတော်မောင်ကို အရေးပေါ်ခန်းမှာ တာဝန်ကျ ဆရာ ဆရာမ များ အသက်ကယ်နေစဉ် “ဘုရား ဘုရား ။ ကယ်တော်မူပါ အရှင်ဘုရား ...”
အောင်နက်တကောင် ဆောက်တည်ရာ မရ ၊ မရှစ်ခိုးတာကြာပြီဖြစ်သော ၊ မ တ ဖူးသောဘုရားကို ခုမှ အခါခါတ နေမိ ဆုတောင်းနေမိလေသည် ။ အဘယ်ကြောင့် ဆိုသော် သူ့မဟေသီ ခုမှ ပြောပြသော ဖြစ်ကြောင်းကုန်စင် များအရ သားတော်မောင် တကောင် မူးယစ်ဆေးဝါးအထိုးလွန် တဲ့ အပြင် ၊ အပူ ထဲမှ ပြန်လာ ပြီးပြီးချင်း ရေလောင်းချိုးမိခြင်းကြောင့် ခုလို ဖြစ်ရခြင်း အကြောင်း ..ဟိုတစ ဒီတစ ...
“ဝမ်းနည်းပါတယ် ခင်ဗျာ ။ ကျွန်တော်တို့ တတ် နိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ ဆေးရုံ ရောက်လာတဲ့  အချိန်က အင်မတန်နောက်ကျ နေတာ မို့  သူ့ အသက်ကို ရအောင်မကယ်နိုင် ဖြစ်သွားရတာ စိတ်မကောင်းပါဘူးခင်ဗျာ ”
အတွေးတွေ ယောက်ယက်ခပ်နေရာမှ တာဝန်ကျ ဆရာဝန်ရဲ့ စကားသံကြောင့် သူ့ အသိတွေ ပြန်လည် စုစည်းမိလာသည် ။
အောင်မလေး သားရဲ့  အဖြစ်ဆိုးလှ ချေလား ။ မင်းအဖေ ခုမှ ခွေးမွှေး ခွေးတောင် ပြောင်ကာစ ရှိသေး ၊ မင်းမှာ ခုမှ ဝအောင်လင်အောင် စားရ မယ်ကြံကာ ရှိသေး ၊ အသေစောလို့  အမေနှမြောလှချေရဲ့  ငါ့သားခွေးလေး မောင်လပြည့်ရဲ့  ..
ငိုကြီး ချက်မ နှင့် တက်သွားရှာသော ဂုပ်ကျားမ ကိုပဲ ဆွဲရ မလား ။ သူ့ ရဲ့  မကပ်တော့တဲ့ ပလေကပ် စိမ်းစိမ်းကြီးကို ပဲ ဆွဲ ရ မလား နှင့် ဗျာ များနေသော အောင်နက်ကြီး ကို ကြည့်ရင်း ရပ်ခွေး ရွာခွေးများ မှာ ရယ်ရအခက် ၊ ငိုရ အခက် ရှိနေကြလေတော့သတည်း ။
သူ့ ဟာသူ နဂိုက ဝတ်လေ့ရှိသော အလုပ်သမား ဇင်ပိတ်ကြမ်း ဘောင်းဘီ ကြီး အချွတ်ကောင်း ပြီး၊ ဆရာ့ ဆရာ ကြီးတွေ နောက်လိုက်ကာ အားကျ စွာဖြင့် လိုက်ဝတ် မိတဲ့ ပုဆိုးစ တက်နင်းမိလို့  အရှက်လည်းကွဲ ၊ သားတော်မောင်ရဲ့  အသက်လည်း ဆုံး ၊တဲ့ အောင်နက်ကြီးလို အဖြစ်မျိုး တကယ် ဖြစ်ခဲ့မယ်ဆိုလျှင် ...
( စိတ်ကူး ယဉ်ဇာတ်လမ်း တပုဒ်မျှသာ ဖြစ်ပြီး တိုက်ဆိုင်မှု များ ရှိပါက မတော် တမင် တိုက်ဆိုင် မှု များသာ ဖြစ်ပါကြောင်း ။)
11 comments:
တိုက်ဆိုင်မှု့ရှိလျှင် တိုက်ဆိုင်စေချင်ကြောင်း သိစေအပ်ပါသည် ခင်ဗျား ဟုတ်တယ် မဟုတ်လား မကိ
ခင်မင်စွာဖြင့်
sso
ကြိုက်မှကြိုက်
မိုက်မှမိုက်
အရမ်းတော်တယ်...ဟာသဥာဏ်ကိုရှိတာ
တော်ချက်အေ...
မြတ်နိုး
တိုက်နဲ့ဆိုင်နဲ့ အပြင် ကားလဲရှိတယ်
ပြန်လာမှ တစ်ခေါက်ဖတ်အုံးမယ်၊
မတော် တမင် တိုက်ဆိုင် မှု တွေက
အတော်ပင် တိုက် ဆိုင် တဲ့  တကယ့်  အမှန်တွေလေ၊
ကမောက် ကမ နဲ့  ဦးနင်းပဲ့ ထောင် ပဲ့ နင်းဦးထောင်
တဲ့  အဖြစ်တွေ.... ဆက်ရေးအုံး ဒါမျိုးတွေကြီး...
အောင်နက်တို့ ဂုတ်ကျားမတို့ မိသားစုအကြောင်း မဖတ်ရတာ ကြာပြီ အခုမှ ပြန်ဖတ်ရတော့ အရင်ဇာတ်လမ်းတွေတောင် မေ့ကုန်လို့ ပြန်ဖတ်ရဦးမယ်။
တို့များ မယ်မယ်ကိ့ရဲ့တော်ချက်....:)
ကိရေ အောင်နက် ဂုတ်ကြားအကြောင်းတွေ မကြာခင် ပိုဖတ်ရတော့မှာပေါ့လေ....
ငါတော့ အဲ့သည်တွေ အိမ်မှာ တပြုံကြီးရောက်နေတယ်.... အဟင့်... အိမ်ကို မကပ်နိုင်သေးဘူး....
ဟ ဟ...:P
ကိကိရဲ့ တိုက်ပဲ တိုက်ဆိုင်နိုင်လွန်းဒယ်နော်.... ဇာတ်ကောင်တွေက ရင်းနှီးပြီးသားကြီးတွေ....
မိုက်တယ်ဗျာ မိုက်တယ် အဟေးဟေး ဘယ်လိုနည်းနဲ့ မိုက်လို့ မိုက်မှန်းကို မသိဘူး တော်တော် တော်တဲ့ တော်တော်ကိး))
အင် သိဒယ်သိဒယ်
အိမ်ဘေးနားက ဂုတ်ကျားအကြောင်း ရေးထားတာ.. ထိတယ် မိတယ်..
ဂုတ်ကျားဝတ်တာ ဇင်သားဘောင်းဘီလား
ညီမက ဂုံနီသားထင်လို့..း)
ခရီးထွက်သွားလို့ ခုမှ လာဖတ်ရတယ် အစ်မရေ
နေကောင်းတယ်ဟုတ်..
မြန်မာပြည် နေပူတာ အစမ်းလုပ်လို့...ကမ္ဘာကြီးပူနွေးနေတာ ကြာပေါ့...ကမ္ဘာ့နိုင်ငံအားလုံး ပူလောင်နေတာပဲလေ..အပူချိန် နည်းတာ များတာပဲကွာတယ်..မပူတဲ့နိုင်ငံ ရှိပါအုံးမလား...
ချဉ်ပေါင်ရွက်
Post a Comment