ပြောပြန်ရင်လည်း ဖွားကိ လွန်ရာကျမယ် ။ ဒါပေမဲ့ ပြောချင်လွန်းလို့  ပြောလိုက်မိပြန်တယ် ။ ထုံးစံအတိုင်း သူတို့အကြောင်းတွေ မပါရင်မပြီးသမို့  မတီးပဲနဲ့ မြည်မှာလေမှာလား လို့ ရယ်ပေါ့ ။ မတန်မရာတွေ မနှိုင်းကောင်း နှိုင်းကောင်းတွေ နှိုင်းကြည့် နေချင်လာတာ မို့ လည်း ၊ နှိုင်းလို့ ယှဉ်ကာ ဆိုလိုက်မိပါတယ် ။ “ကူညီပါရစေ”၊ ကူညီပါရစေ လို့ ဆိုင်းဘုတ်ကြီးတွေ တွေ့နေရတဲ့ နေရာမှာ ဘယ်လိုကူညီနေတာပါလည်း ။ ဒါမှမဟုတ် အကူအညီတောင်းရမှန်း မသိကြသေးလို့လား ၊ အကူအညီ တောင်းစေလိုလို့  ရေးထားကြတာလား ။ တခုခုတော့ တခုခုပါပဲ။
ဒီနေ့  တီဗီသတင်း တခု ကြည့်မိလို့  ပြန်ဖွချင်တာပါ ။ အကြောင်းအရာကတော့ ခေါင်းကြီးပိုင်းသတင်းစဉ် ထဲ မပါဝင်တဲ့ မထူးဆန်းတဲ့ ရိုးရိုးသတင်း တပုဒ်ပါ ။ထိုင်ပေမြို့ နဲ့ မနီးမဝေး ရှင်းကျွမ်း (新莊區 ) ဆိုတဲ့ မြို့ နယ်တခု က ရေချောင်း ထဲမှာ ရုပ်ပျက်ဆင်းပျက် ပုတ်ပွနေတဲ့ လူသေအလောင်း တခု ကို ဒီလဆန်းပိုင်းက တွေ့ ရှိ ခဲ့ပါ သတဲ့ ။ လူသေအလောင်းတွေ့ တာများ ဆန်းသလားပေါ့ ။ နေ့ တိုင်း လူသေမှူ လူသတ်မှူ တွေ ဖြစ်နေတဲ့ နိုင်ငံတခုမှာ ဒီသတင်းက ဘာမှ မထူးဆန်းပါဘူး ။ ပြီးတော့ ဒီနိုင်ငံမှာ ရေချောင်း ရေမြောင်း ပင်လယ်ထဲစီးဝင်တဲ့ မြစ်ချောင်းငယ်တွေ ကျွန်းလေးတွေ များလွန်းတော့ တနေရာရာ မှာ ရေကူး ရေနစ်ရင်း မြောလာတဲ့ သက်မဲ့ ပုဂ္ဂိုလ်တွေလည်း မကြာခဏပေါ်ထွက်လေ့ ရှိတယ်လေ။ ဒီလို ပုဂ္ဂိုလ်တွေ ပေါ်လာရင် သက်ဆိုင်ရာနယ်က ရဲ အပိုင် စား တွေ ခေါင်းစား ရတဲ့ အချိန်ပေါ့ ။ တရုပ်တို့ ရဲ့  ထုံးစံအရလည်း သက်မဲ့ပုဂ္ဂိုလ်တွေကို ပူဇော်ပသရတဲ့ ကိစ္စများစွာ ရှိနေသေးတော့ ဒီအယူအတိုင်း သွားလမ်းဖြောင့်အောင် လုပ်ပေးကြမဲ့ အိမ်သား ဆွေမျိုးတွေ သိဖို့ ၊ တိုင်တည်ရှစ်ခိုးဖို့ လိုအပ်တယ် ။ ဒီတော့ သူ့ အိမ်သူပြန်ရောက်ဖို့  အရေးကြီးတယ် တဲ့ ။
ခုကိစ္စ မှာ မပေါ်သင့်တဲ့ ပုဂ္ဂိုလ် ပေါ်လာတော့ သူ့  အိမ်အပြန်လမ်းကို တွေ့ အောင်ရှာပေးရတော့မယ် ။ ရက်ပေါင်းများစွာ ရေစိမ်နေရတဲ့ အဆိုပါ ရုပ်ဆင်းမပေါ်ပဲ တကိုယ်လုံး ပုတ်ပွ ပျက်ယွင်းနေတဲ့ အဆိုပါ ပုဂ္ဂိုလ် ရဲ့ မြင်ရသလောက် အပြင်ပန်းကိုကြည့်ပြီး ခန့်မှန်းခြေ အသက် လူလတ်ပိုင်း အမျိုးသား တယောက် ဆိုတာက လွဲ ရင် တခြား သက်သေအထောက်အထား၊( မှတ်ပုံတင်တို့ ၊လိုင်စင်တို့ ၊ခရက်ဒစ် ကဒ်တို့  ၊ ဟန်းဖုံးတို့  ) ဘာမှ ရှာမတွေ့ ဘူး ဆို တော့ သက်ဆိုင်ရာ မြို့ နယ် ရဲသား ကြီး ငယ် တွေ ကွိုင်တက် ပြီပေါ့ ။ဘယ်ကနေ ဘယ်လို ဘဲဥ အစရှာရမလည်း။
ဒါပေမဲ့ ကံကောင်းချင်တော့ အဲ့ဒီပုဂ္ဂိုလ် ရဲ့ ဘောင်းဘီအိပ်ကပ်ထဲမှာ သော့တံ၃ချောင်းပါတဲ့ သော့တွဲတစ်တွဲရှာတွေ့သတဲ့ ။ ဒါနဲ့ပဲ ဒီသော့တွဲကိုပဲ သဲလွန်စထားပြီး နေရပ်ရှာပုံတော် ဖွင့်ကြပါသတဲ့ ။ သော့တွဲမှာ ရေးထားတဲ့ သော့လုပ်တဲ့ဆိုင်ရဲ့ နာမည်ကြော်ငြာ အရ သော့ဆိုင်ရှိတဲ့ မြို့နယ် အပိုင် က ရဲတွေကို အကြောင်းကြားပြီး ပူးပေါင်း ရှာဖွေကြတယ်တဲ့ ။ မြို့ နယ် တခုအတွင်းမှာ အိမ်ခြေပေါင်း ထောင်သောင်းချီနေတော့ ဘယ်လို လုပ်ကြမလည်း ။ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတဲ့ အယောက် ၂၀၀ ကျော်ခန့် သူတွေနဲ့နီးတဲ့ အိမ်တွေကနေ စပြီး ခြေရာခံကြ တယ် ။ အိမ်တိုင်းရဲ့  တခန်းဝင် တခန်းထွက် တံခါးမကြီးတွေ ကို ၊ ရှိတဲ့ သော့ ၃ ချောင်း နဲ့ လိုက် ဖွင့်ကြည့်ကြတယ် ။ သူများအိမ်ပေါက် လိုက်ဖွင့်နေရတော့ သူခိုးဂျပိုးထင်မှာလည်းစိုးရသေးတော့ ဆိုင်ရာ ရပ်ကွက်လူကြီးတွေ ကိုလည်း အကြောင်းကြားထားရတာပေါ့ ။ဒီလိုနဲ့ ရှိသမျှ အခန်းတွေကို ဇွဲမလျှော့ပဲရှာလာလိုက်တာ ၈ ရက်တိတိကြာတဲ့ နေ့ မှာ ကွန်ဒို တိုက်ကြီးအခန်းတခုရဲ့ သံတခါးမကြီး ကို ဖွင့်လို့ ရသွားတယ်တဲ့ ။ အဲ့ဒီ တံခါး တချပ် ပွင့်သွားတဲ့ အချိန်မှာ ရဲသားလေး 王閔男 Wang က အတိုင်းမသိ ဝမ်းသာ သွားပါသတဲ့ ။ဒါပေမဲ့ အိမ်ထဲမှာတော့ ဘယ်အိမ်သားတွေမှ ရှိ မနေပါဘူး ။ နောက်မှ သိရတာက အဆိုပါပုဂ္ဂိုလ် က တခြားမြို့ ကနေ ပြောင်းရွှေ့ ပြီးနေထိုင်တဲ့ အိမ်ငှားတယောက်ဖြစ်တယ်လို့ အိမ်ပိုင်ရှင် ကဆိုပါတယ်။မိဘတွေ မသိအောင် မိန်းမတယောက်ယူထားပြီး လင်မယား ၂ယောက်ပဲနေကြတယ်တဲ့ ။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ သူ့ ရဲ့ မိဘမောင်နှမတွေကို အကြောင်းကြား ပြီး DNA စစ်ဆေးချက် လုပ်ကာ အတည်ပြုပေးလိုက်နိုင်ပြီ ဖြစ်ပါတယ် ။သေဆုံးသူ ရဲ့ အိမ်ကိုရှာတွေ့ ရုံနဲ့ သူတို့  အလုပ်တာဝန်တွေ မပြီးသေးပါဘူး ။ ဒီအမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ ရိုးရိုးလူသေမှုလား၊ လူသတ်မှုလားဆိုတာလည်း ဆက်ပြီး ရေဆုံးမြေဆုံးလိုက်ကြအုံးမှာပါ ။
( ဒီအကြောင်းလေးရဲ့ မူလသတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ် )။ သူတို့ရဲတွေ က ဘာမှန်းမသိတဲ့ သာမာန် ရုပ်အလောင်းတခုအတွက် ဘာလို့ များ ရေဆုံးမြေဆုံး လိုက်လံရှာဖွေနေကြတာလည်း ။တာဝန် သိတယ်လို့ပဲ ပြောရမလား။
-------------------------------------------------------------------------
ဪ.. “သူ့ ဆန်စား ရဲမှ” ဆိုတဲ့အဓိပ္ပါယ်ကို နောက်တမျိုး ထပ်ဖွင့်ချင်မိသွားတယ်။ သူ့ ဆန်စားတဲ့ ရဲတွေမှ၊ တကယ့်ရဲတွေပါလား.. လို့ ပေါ့ ။ ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန်ကြေ ဆိုတဲ့ ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့ စာပုဒ်လေး တပိုဒ် ကိုလည်း အမှတ်တမဲ့ သတိရလိုက်မိပြန်တယ် ။ဒါကြောင့် သူ့ ဆန်စားပြီး မရဲတဲ့ ရဲတွေ အကြောင်းကို ပြန်ပြီး အမှတ်ရ ဇာတ်ကြောင်းပြန်ချင်လာမိတယ် ။ ယုံချင်ယုံ မယုံချင်နေ တရုပ်တန်းဈေးက တကယ့် အဖြစ်လေး လို့  ပြောလို့ရတဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးတခုပေါ့ ။ ဒီလို ..ဒီလို....
ဖွားကိ တို့ ငယ်စဉ်အခါကတည်းက နေလာခဲ့တဲ့ ရပ်ကွက်ကလေးတခု ။ နာမယ်နဲ့ မလိုက်အောင် အမည်ပေးထားတာလား၊ နာမည် စီး နေတာကြောင့်များလား တော့ မသိ ၊ ရန်မကင်း တဲ့ “ရန်ကင်း” ပါတဲ့ ။ သူခိုးကတော့ အင်မတန်ပေါတာပဲ ။သူခိုးတွေကလည်း နေ့တိုင်းညတိုင်း နားရက် မယူ အိုဗာတိုင်တောင် ဆင်းလို့  ရတဲ့ ရပ်ကွက်မို့ ထစ်ကနဲဆို ဟိုအိမ်က ပါသွား၊ ဒီအိမ်က ပါသွားပေါ့ ။သူခိုးခမျာလည်း သူ့ ဝမ်းပူစာ မနေသာလို့  သူများ လို အိပ်ကောင်းခြင်း မအိပ်ရပဲ လူတွေ အိပ်နေချိန်မှာမှ ထပြီး ခိုးရရှာသကိုး ။ လူရှေ့  သူရှေ့  ဟိတ်ဟန်တလုံးနဲ့ မျိုးမျိုးမြက်မြက်လေး ခိုးစားလို့ ရတဲ့ ခေတ်သစ် စောရသူခိုးတွေကို သူတို့ လည်း အားကျရှာမှာပါပဲ ။ ဒါပေမဲ့ ကုသိုလ်ကံ အကျိုးပေးပုံခြင်း မတူကြလေတော့ ရေနံ၊ဂက်စ်၊ကျွန်းသစ်၊ကျောက်မျက်၊လယ်ယာ တွေ ခိုးဖို့ အကြောင်းကံ မလှမပ မို့ ထမိန်စုတ်၊ဖိနပ်စုတ်၊ အိုးခွက်ပန်းကန် အပဲ့အရွဲ့ လေးတွေပဲ ရသလောက် သယ်ရရှာတာပေါ့ ။
ဒီလိုနဲ့ ဖွားကိ တို့  အိမ် လည်း ဒီမွဲချာချာ သူခိုးလေးတွေ ရဲ့ လက်က ဘယ်လွတ်ပေလိမ့်မတုံး ။ ကောင်းတဲ့ အရာတွေသာ မဲနှိုက်လို့ မပေါက် ပဲ ရှိရင် ရှိမယ် ။ သူခိုး ပြစ်ကွင်း မဲလိပ်ထဲမတော့ အမြဲပါ တတ်တယ် ။ အိမ်မှာ သွယ်ထားတဲ့ ရေပိုက် တို့ ၊ ကားပစ္စည်းတို့ ၊ ခြံထဲ လှန်းထားပြီး ညကျ မရုတ်မိတဲ့ အဝတ်တို့၊ အပြင် မှာ ထားမိတဲ့ ဖိနပ်တို့ ဆိုတာ ပျောက်နေကြပဲ ။ တရက်ကျတော့ ကိုယ်တော်ချောက အရဲစွန့်ပြီး အိမ်ထဲ ဝင်ဖို့ထိ ကြိုးစားလာပါလေရော ။အိမ်တံခါးကို မကျွမ်းကျင်စွာ ကလိပြီးဖွင့်နေတော့ အသံပလံတွေ ထွက်ရော ။ ဒီတော့ အအိပ်ဆပ်တဲ့ အဖေနဲ့ အမေတို့ က အရင်နိုးတယ် ။ ပြီးတော့ တအိမ်သားလုံးနိုးလာကြတယ်၊ နောက်ဆုံးမတော့ အဲဒီ သူခိုးလေးကို အရှင်လတ်လတ် ဖမ်းမိပါလေရော ။ ဒါနဲ့ပဲ သူခိုးကို ထွက်မပြေးအောင် ဝိုင်းထားပြီးအဖေက ရဲစခန်းကို ဖုံးဆက် အကြောင်းကြားတယ် ။ ခြံအမှတ် ဘယ်လောက်မှာ သူခိုး မိထားပါတယ် ၊ လာ ဖမ်း ပါ ပေါ့ ။
ဒါပေမဲ့ ဟိုဘက်က ပြန်ပြောတဲ့ “ ဟုတ်ကဲ့ ၊ အခုလောလောဆယ် ကျွန်တော်တို့မှာ လာစရာ ကားမရှိလို့ လူကြီးမင်းတို့ ပဲ ရဲစခန်းထိ လာပို့ ပေးပါ ခမျာ ”ဆို တဲ့ . စကားတခွန်းကြောင့် ဖုံးဆက် အကြောင်းကြားတဲ့ အဖေ့ခမျာ ငိုရမလို ရယ်ရမလို ဖြစ်သွားရပါတယ် ။တခုဖြစ်နိုင်ချေရှိတာကတော့ အဲဒီခေတ်အခါတုံးက “ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်လေး မရှိသေးတာကြောင့်လည်း ဒီရဲတွေမှာ ကူညီရမဲ့ အသိစိတ် မရှိသေးတာ ဖြစ်ရမယ် ။ ဒါနဲ့ အဖေလည်း ဒီသူခိုးကို ဘယ်လိုလုပ်ရမလည်း ၊ သူတို့ ပြောတဲ့ အတိုင်းပဲ ကိုယ်တော်ချော ကို ကားပေါ်တင်ပြီး ၊ ဆိုင်းမတီး ဗုံမတီး ပဲနဲ့ ရဲစခန်းဆီသို့  ကိုယ်တိုင်ကိုယ်ကျ သွားပို့ ပေးလိုက်ရတယ် ။ ဒါက ပထမဦးဆုံးအကြိမ် သူခိုးဖမ်းပွဲပေါ့ ။
နောက်တော့ သိပ်မကြာဘူး ။ ၂ လ လောက်ပဲ ခြားမယ် ၊ မိပြန်ပြီ သူခိုး တယောက်၊ ဒီတခါလည်း အိမ်က ယောကျာင်္းသားများနဲ့ အိမ်နီးချင်းတွေအကူအညီနဲ့ ဝိုင်းဖမ်းလိုက်ကြတာပေါ့ ။ မှတ်ဥာဏ်ကောင်းတဲ့ အဖေက သူခိုးမျက်နှာစေ့စေ့ကြည့်ပြီး ပြောပါတော့တယ် ။ “ဟာ ..ဒီ ခွေးသူခိုး ။အရင်တခါလည်း မင်းပဲ မဟုတ်လား ” ဆိုပြီး အော်တော့တာပေါ့။သူခိုးခမျာ လူမိတော့မှ မျက်နှာငယ်လေးနဲ့ နောက်မလုပ်တော့ပါဘူးအန်ကယ်ရယ်၊ ဘာညာသရကာ သနားစဖွယ် တောင်းပန်ပေါ့ ။ဇာတ်လမ်းမေးကြည့်တဲ့အခါ ပထမတခါ က သူ့ကို ရဲစခန်းမှာ တညထားပြီး ဘာမှမလုပ်ပဲ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းသိရတယ် ။ ဒီတော့ ဘာပြောကောင်းမလည်း ၊ အိမ်က အကိုတွေရော အိမ်နီးချင်းတွေ ပါ တခါထဲ ဝိုင်းပြီး သမ လိုက်ကြတာ ၊ သူခိုးခမျာ ဖူးယောင်လို့ ပေါ့ ။ အမေကတော့ မိန်းမသားဆိုတော့ ခြေလွန်လက်လွန်ဖြစ်မှာ စိုးရိမ်တယ် ။ ဘေးကနေ မလုပ်ကြနဲ့ ဘာညာ အော် ပေါ့၊ ရဲစခန်းပဲ သွားပို့ လိုက်ကြပါ လို့ ပြောတယ် ။ ဒါပေမဲ့ အဖေက လုံးဝ မတားဘူး၊ အေးဆေး ထိုင်ကြည့်နေတယ် ။ အိမ်က ယောကျာင်္းသားများ ဆွမ်းကြီးလောင်းလို့  အားရ ၊ အဲ..ခြေကုန်လက်ပန်းကျပြီး မောကုန်ကြတော့မှ သမဝါယမပွဲကြီး လက်စသပ်တော့တယ် ။ပြီးတော့မှ အဖေက သူခိုးကိုပြောတယ် ။မင်း နောက်တခါထပ်လာရင်ဒီထက်နာမယ် ၊တဲ့ ။ ဒါပဲပြောပြီး သူခိုးကို ပြန်လွှတ်ပေးလိုက်ပါတော့တယ်။ အဲဒီညကများ လိုက်ဗ်ရှိုးကြည့်နေရသလိုပဲ .. ကောင်းမှကောင်း။ သူခိုးပြန်ထွက်သွားတော့မှ အဖေ့ကိုမေးကြည့်တယ် ။ ဘာလို့ ရဲစခန်းသွားမပို့ တာလည်း ဆိုတော့ ၊ သွားပို့ လို့ ရော ဘာထူးမှာလည်း သမီးရယ် ၊ အဖေ့ကား ဓါတ်ဆီကုန်ပြီး အလုပ်ရှူပ်တာပဲ အဖတ်တင်မယ် ၊ ဟိုရောက်တော့လည်း ပြန်လွှတ်ပေးမဲ့ အတူတူ မှတ်လောက်သားလောက်အောင် ဆုံးမလိုက်တာပဲ ကောင်းပါတယ်.. တဲ့။ ဪ ။အဲလိုအချိန်မှာတောင်မှ အဖေက ဈေးကောင်းနေတဲ့ ဓါတ်ဆီအလဟသဖြစ်မဲ့ အရေး ထဲ့တွက်နေလိုက်သေးသကိုး။ ဒါပေမဲ့ ဒီနည်းက အတော်လေး အသုံးဝင်သွားတယ် ။ဘာလို့ လည်း ဆိုတော့ အဲဒီနောက်ပိုင်းမှာ အဆိုပါ သူခိုးလေးကို ထပ်မတွေ့ ရတော့ဘူးလေ ။
ဒါပေမဲ့ တခါတလေ တော့ သူခိုးကပ် တယ်။လစ်ရင် တံချုတံနဲ့ ဆွဲဖို့  အစီအစဉ်ရှိတယ်နဲ့တူပါတယ် ။ ခြံထဲထိတော့ မဝင်ရဲတော့ဘူး၊ ခွေးလည်းမွေးထားတယ် ။ သူခိုးမျက်စိကျမဲ့ ပစ္စည်းတွေဆိုလည်း လက်လွတ်စပယ် ပစ်မထားတော့ဘူး ဆိုတော့ သူလည်း တွက်ခြေ မကိုက်တော့လို့  မလာတာပဲ ဖြစ်မယ် ။တခြား ခြံတွေ လှည့်ပတ်ခိုးတဲ့သတင်းတော့ ကြားရတယ် ။ငယ်ငယ်တုံးက သူခိုးဖမ်းပွဲလေးကို ပြန်ပြီး အမှတ်တရ ရေးလိုက်ရင်း ဆက်စပ်မိတာ လေးပါ ။ဒါဟာလည်း သူခိုးရန်ကို ကိုယ်ထူကိုယ်ထ ကာကွယ်ခြင်း နဲ့ ဖြေရှင်းခြင်းနည်း တမျိုးပေပဲပေါ့ ။ ခိုးမှု အသေးအဖွဲလေးများတော့ ရဲစခန်းထိသွားအပ်မနေနဲ့ ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိထိရောက်ရောက် အဲလိုဖြေရှင်းလို့ ရတယ် ။
---------------------------------------------------------------------
ခုခေတ်၊ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတဲ့ သန့်ရှင်းတဲ့ နိုင်ငံတော်ကြီး ထူထောင်နေပြီပြောကြတဲ့ အခါသမယ မှာတော့ ကူညီပါရစေ ..တွေလည်း ပြောင်းလဲ နေလောက်ပြီလို့ ထင်ပါတယ် ။ ကားနဲ့ ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်ဆန်ဆန် လူသတ်ပွဲတွေ ။ဒါးတဝင့်ဝင့် နဲ့ မျက်နှာဖုံးစွပ်လူသတ်သမားတွေ ကိုတောင် ရက်ပိုင်းအတွင်း ဖမ်းမိနေပြီ ဆိုတော့ တိုးတက်လာတဲ့သဘောပဲပေါ့ ။ ဒါဆိုရင် အရင်ခေတ်ကတည်းကခုခေတ်ထိ လက်သည်မပေါ်သေးတဲ့ ပဟေဠိ ဆန်ဆန် ဒေါ်လာများစွာ ရတနာများစွာ အတွက် နဲ့ ငါးလောင်းပြိုင် ဒိတ်ဒိတ်ကြဲ လူသတ်မှုကြီးလည်း လက်သည်ပေါ်ဖို့ ရာ ကို မျှော်လင့်ချက် လေး ထားလို့ ရနေသေးတယ် ပေါ့ ။ ဟို အပေါ်ဆုံးကဇာတ်လမ်းထဲကလို သဲလွန်စ သော့တွဲတတွဲလောက်များ ရှိရင်၊ ဒါမှ မဟုတ် ရဲသားလေး Wang လို စိတ်ဓါတ်မျိုးရှိနေကြရင်၊ ရေဆုံး မြေဆုံး လိုက်မယ် ဆိုရင် ..“ မတရားမှု ဟူသည် ဆိတ်ကွယ်ရာမရှိ ”ဆိုတဲ့စကားကို အမှန်တကယ် လက်ခံမိမှာပါ ။
စနေ တနင်္ဂနွေ ပိတ်ရက် အားလပ်ရက် မှာ ပေါ့ပေါ့ပါးပါး လေးပေါ့ ။ အမြဲတမ်း မပေါ့မပါးကြီး ဖြစ်နေရတာ လူလည်းပင်ပန်း စိတ်လည်းပင်ပန်း တယ်မဟုတ်လား ။ တကယ်ဆိုရရင်တော့ ဘလော့ ထဲ မှာ စာရေးခြင်း ကို ပျင်းရိ ငြီးငွေ့  နေတဲ့ အတွက် ပို့ စ်တွေ ဆက်မရေးဖြစ်တော့တာ ။ ဘလော့လည်ခြင်းကိုလည်း သိပ်မလုပ်ဖြစ်တော့တာ ပါ ။ ဒီထက်ပိုမှန်ကန်စွာ ဆိုရမယ်ဆိုရင်တော့ ဖဘ လို့  ဆိုနေကြတဲ့ မျက်နှာစာအုပ် ပေါ်မှာပဲ အချိန်တွေ ကုန်နေမိလို့ ပါ ။ အရင်ကတော့ ဂိမ်းတွေ သည်းသည်းမဲမဲ ကစားတယ် ပေါ့ ။ ခုတော့ နဲနဲ အမြင်မှန်ရလာလို့  ဂိမ်းတွေနဲ့ အချိန်သိပ်မဖြုံးတော့ပါဘူး ။ လူမှုရေးကွန်ယက် ဆိုတဲ့အတိုင်း အဲဒီကွန်ယက်ကြီးထဲက တဆင့် ကမ္ဘာ့သတင်း မြန်မာ့သတင်း ပေါင်းစုံကို ဟိုဝင် ဒီထွက် ဖတ်မိ ခြင်း ၊ မိတ်ဆွေ အပေါင်း အသင်းများ နဲ့ လတ်တလောအကြောင်းအရာ အမြင်များ ဖလှယ်ခြင်း ၊ နောက်ပြောင်ခြင်း၊ အစရှိတာတွေနဲ့ အချိန် ကုန်တာ များပါတယ် ။ ကဲ..စကားကြော ရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး ။ ပေါ့ပေါ့ပါးပါး ဖြစ်အောင်ပဲ ဆက်လက်ရှုစားကြတာပေါ့ ။
မျက်လုံးချင်းဆုံရင်ခုန်ရမဲ့ အရွယ် မှာတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ နဲ့ ဒိန်းတပ်တပ် ဖြစ်လေ့ရှိကြတယ်။ အဲဒီအရွယ်ကနေ လွန်မြောက်လာကြတော့ မျက်ဝန်းထဲမှာ အဖြေရှာတတ်လာကြတယ် ။ တဦးနဲ့ တဦး စပြီး တွေ့ စုံ သိကြွမ်း ကြသူများ ဘယ်နေရာကို စပြီး ကြည့်လေ့ရှိကြသလည်း ။ လူတိုင်းတော့ အလေ့အကျင့်ခြင်း တူကြမယ် မဟုတ် ။ တချို့ က ခြေထောက် ကို စပြီးကြည့်တတ်ကြတယ်။ တချို့ ကျတော့ ခန္ဓာကိုယ် အချိုးအဆက် ကိုယ်လုံးကိုယ်ပေါက် ၊ တချို့ ကျ မျက်နှာပေါက်၊ တချို့ ကျ အဝတ်အစား အပြင်အဆင် စသဖြင့် ကြည့်တတ်ကြတယ် ။ တချို့ ကျ အထက်စီးကနေ မတူသလို မတန်သလို မျက်နှာပေးမျိုးနဲ့ တဖက်သားကို ကြည့်တတ်ကြတယ်။သန်ရာ သန်ရာ အကျင့် တမျိုးစီ ရှိတတ်ကြတာပေါ့ ။
ဘယ်နေရာကိုပဲကြည့်ပြီး အဓိပ္ပါယ် ဖေါ်ဖေါ် မျက်ဝန်းထဲက အရိပ် ကို တော့ လိမ်ညာ ဟန်ဆောင် ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး ။ မျက်ဝန်း ဆိုတာ စိတ်ရဲ့ သဏ္ဍန် ကို ဖေါ်ဆောင်ပြလေ့ရှိကြတယ် ။ မျက်လုံးများမှတဆင့် ထိုသူ မှာ -စိတ်တည်ငြိမ် ရင့်ကျက်သူ၊ ဖြောင့်မတ်သူ ၊ စိတ်ထား ကောက်ကျစ်သူ ၊ စိတ် ဂဏာမငြိမ်သူ စသဖြင့် ခွဲခြား ကြည့်မြင်လို့ ရနိုင်ပါတယ်။
တချို့များ လူကဲခပ် သိပ်တော်ကြတယ် ။ လူတယောက်ကို ကြည့်လိုက်တာနဲ့ သူ့ ဝမ်းထဲမှာ အူ ဘယ်နှစ်ခွေ ရှိသလည်းဆိုတာကိုတောင် အတပ်သိ တယ်ဆို ပဲ ။ အဲသလောက်ကြီးကတော့ လွန်တာပေါ့ လို့ ပဲ ပြောရမလို။
အဲဒီတော့ မလွန် ရလေအောင် ကိုယ့်မျက်ဝန်းရိပ်ပဲ ကိုယ်ပြန်ကြည့်ကြတာပေါ့ ။ကဲ.. စကြည့်ကြမယ် ။
တကယ်လို့ သင်ဟာ ကုမ္ပဏီကြီး တခုနဲ့ ပတ်သက်နေတဲ့သူတယောက် ဆိုကြပါတော့ ။ သင် ဟာ အဲဒီ ကုမ္ပဏီကြီး မှာ ဘယ် အဆင့်အတန်း ဖြစ်ပါသလည်း ဆိုတာ ခန့် မှန်းကြ ရအောင်.။အပေါ်မှာ ပြထားတဲ့ ပုံတွေ ထဲကနေ သင့်မျက်ဝန်းရိပ်နဲ့ ထပ်တူညီမယ် ထင်ရတဲ့ ပုံတပုံကို ရွေးလိုက်ပါ ။ နံပါတ် (၁) မှ နံပါတ်(၆) ထိ တခု ပဲ ရွေးပါ ။( ခွေးနဲ့ နှိုင်းရက်လေခြင်းလို့ တော့ မထင်ကြစေလိုပါ ။ )
----------------------------------------------------------------------------
သေချာ ရွေးပြီးပြီ ဆိုရင်တော့ အောက်တပုံ ကို ဆက်ကြည့်လိုက်ကြတာပေါ့ နော် .။ နဂိုက တရုပ်စာသားတွေနဲ့ ရေးထားတာမို့  အဆင်ပြေအောင် ဘာသာပြန်ပေးထားပါတယ် ။ မှန်တာရှိ ဝန္ဒာမိ ပါ ။း))
-(၁)သူဌေးကြီး - မင်းတို့ ဘာတွေလုပ်နေသလည်းဆိုတာ ငါအကုန်သိနေတယ် ၊ အလုပ်ကောင်းကောင်း လုပ်ကြ ဟေ့ ဆိုတဲ့ စူးရှရှ မျက်နှာပေး အကြည့်။
-(၂)အထွေထွေ မန်နေဂျာ - ငါ မျက်နှာရအောင် သူဌေးကိုဖါးအုံးမှ ပဲ ဟူသော အကြည့်မျက်ဝန်း။
-(၃)မန်နေဂျာ -အောက်ကကောင်တွေကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်ထားမှ ၊ အပေါ်က မန်နေဂျာကြီး ကိုလည်း အလိုက်သိအုံးမှ ဟဟဟ ... အကြည့်။
-(၄)Secretary ဘောစိရဲ့ စက်ကပ်ကျေး-သူဌေး စိတ်မကွက်ရအောင် ပြာယာခပ်ပြီး စီစဉ်ပေးနေရတဲ့ ရှပ်ပြာပြာ မျက်ဝန်းရိပ် ။
-(၅)ရိုးရိုး ဝန်ထမ်း အလုပ်သမား- ခိုင်းတာလုပ် ၊ ကြုံရင် ရေသာခို ၊အချိန်တန် လခ ယူရုံပဲ ။ အချိန်ရှိခိုက် လုံ့ လစိုက်စွာ ငိုက်မြည်းနေတဲ့ မျက်ဝန်းလေး။
-(၆)အလုပ်သင် - ဘုမသိ ဘမသိ ဟိုဟို ဒီဒီ ရဲ့ အဟောက်ခံ မျက်ဝန်းလေး ။
ကဲ ..သင့် ရဲ့ အလုပ်ခွင် မှာ သင် ဘယ်အဆင့်ရှိနေလည်း ။ မှန် / မမှန် တော့ သင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ။
မိတ်ဆွေ အားလုံး နံပါတ် (၁) ဖြစ်ကြပါစေ ။ ဤ ဒီစာရေးသူ ခမျာမတော့ တန်ရာတန်ရာ နံပါတ် (၅) မျှသာ ဖြစ်ပါကြောင်း အသိပေး ဝန်ခံအပ်ပါတယ် ။ တကယ်ပါ ။ ခုတလော ဖဘကြီးထဲ အချိန်ကုန် အိပ်ရေးပျက်တာများလာတော့ နံပါတ် (၅) အဆင့်သာ ရှိပါတော့တယ် ။
တရုပ်တွေရဲ့ အကြည့် မျက်ဝန်းရိပ်ကို ပုံဖေါ်ထားတဲ့ တရုပ်အတွေး ပုံလေးတခုကို ပြန်လည် မျှဝေလိုက်တာပါ ။
ချစ်မိတ်ဆွေ များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ..။