- ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ - မပျော် ရှိရိုးလား ။ရောက်တဲ့နေရာမှာ ပျော်စရာတွေ လိုက်ရှာပြီး နေလိုက်တာပေါ့ ။း)
- တွေ့ တဲ့ သူနဲ့  တည့် အောင်ပေါင်း ၊ -လမ်းထိပ်က ကုလားမကြီး အကြော်ဆိုင် မှာ တည့်အောင် ပေါင်းစားတတ်နေပြီ ။( ချွင်းချက် ။ ။ အကောင်စိမ်းစိမ်း အမြီးရှည်ရှည် များ ၊ ပုတ်သင်ညို လို ခေါင်းငြိမ့်ပြီး ရေမြေ အလိုက် အရောင် ပြောင်းတတ်သူများ နှင့်တော့ တည့်အောင် မပေါင်းတတ်သော ပေါင်းသင်းဆက်ဆံ ရေး ညံ့ဖျင်း လှသူ အကျွန်ုပ်မှာ အဆိုပါ ကုလားမကြီးကို အပေါင်းအသင်း ဖွဲ့ ရာတွင်တော့ အခက်အခဲ မရှိလှပါ ။ )
- ရှိတာလေးနဲ့ လှအောင်ဝတ် ၊- မရှိတာကြီးကို မဝတ်နိုင်တော့လည်း၊ ဝတ်ထားတာလေးပဲ လှတယ် တွေး ပြီး နေလိုက်ပါတယ် ၊ I-Max နဲ Step အထည် ကြော်ငြာ ထဲက ဝတ်မှုန်ရွှေရည် တောင် ကိုယ့်လောက် မလှသလိုပဲ ။ ဟဲ ဟဲ။.
- ရတာလေးနဲ့  ဝအောင်စား ၊- ဩော် .. တနေ့ ၊တစ်သိန်းလောက် ရရင် တော့ ဝမယ် ထင်ရတာပဲ ။ တော်ပါပြီလေ ၊ သိပ်ဝ အောင် စား နေတော့လည်း အဆီပိတ်ပြီး ဒယ်အိုး ထဲရောက် ၊ www.အဝီဇိ .com မှာ လင့်ခ် ချိတ် နေရမှာ စိုးလို့  ၊ မဝ တဝ လေးပဲ စားပါတော့မယ် ။
- နိုင်လိုသူ ကို ၊ အရှုံးပေး နှလုံး အေးတဲ့ ဆေး ။ - ဪ... အနိုင်လို နေတဲ့သူကို အရှုံးတွေပေးလိုက်ရင် သူ့ ခမျာ အရှုံးတွေ ချည်း ပုံနေတော့မှာ ပဲ လေ ။ ဘယ်လို လုပ်ရပါ့ ။ အနိုင် လို သူကို အနိုင်ပေး ။ ရွှေလိုသူကို ရွှေပေး ၊ ငွေလိုသူကို ငွေပေး၊ မအေ လို သူကို .... အဲ.. အဲ .. ခက်ကုန်ပြီ ။ ( ဘုရားဟော တရား ၊ ဆုံးမ စာ များကို ကပျက်ကချော် လုပ်ခြင်း မဟုတ်ပါ ။ ဂျစ်ကန်ကန် အတွေးများကို ယနေ့ ထိ တွေးနေမိပါသေးသဖြင့် .... တွေးမိသလို ရေး မိ ပါ သည် )
ဒါကြောင့် လောလောဆယ်မှာ ဒီလို နေ နေ ပါတယ် ။
အာဇာနည်နေ့  တို့ မမေ့ပေမဲ့ ၊
သူတို့ တတွေ စည်းစိမ်ယစ်ကာ
အာဏာတရူး ၊ ဥစ္စာရူး များ၊
ခိုးဆိုးတိုက်ခိုက် ဒီလူမိုက်တို့ ၊
ဒီမိုး ဒီလေ ဒီလူတွေ နဲ့
ဒီမင်း ဒီဆိုး ဒီသူခိုးတွေ ၊
သက်ဆိုးရှည်လို့  ၊
တို့ ပြည်သူ ဘဝများ မလှပစွာ
အဖက်ဖက်က အောက်ကျ ဆင်းရဲ
မွဲတေ ငတ်ပြတ် လူဖြစ်ကျိုးမနပ်ရပြီပေါ့။
ဒီနေ့  ဒီရက် ဒီ နံနက် အချိန် ၁၀နာရီ ၃၇ တိုင်း
အားလုံး ငြိမ်သက် ဦးညွှတ်လျှက်
ဥသြတွေဆွဲ အလေးလည်းပြုကြ ၊
ရှေးက အစဉ်အလာ ၊ ခုမှာတော့ အဖျက်ခံရ ရှာပေါ့ ၊
သို့ ပေငြားလည်း ၊ငါတို့ အားလုံး
ဇူလိုင် ၁၉ ဒီနေ့  ဆိုး မှာ
မျက်ရည်ဖြိုင်မိုး
ဘဝင်ညှိုး လို့ ၊
ှဗိုလ်ချုပ်မှာ စကား ရင်ဝယ်ကြားလို့  ၊
မှတ်သားနာယူ
တို့ ပြည်သူတွေ
ညီညာစေချင် ၊
ကမ္ဘာမကြေ မြန်မာပြည်ရဲ့ 
အာဇာနည် အပေါင်း နဲ့ ဒီခွပ်ဒေါင်း အား
ကမ္ဘာတည်သ၍ မမေ့ကြစေကြောင်း၊
ငါဆုတောင်း၏ ။
ကိကိ ( ၂၀၁၀ ၊ ဇူလိုင်လ ၁၉ ရက် )
သခင်အောင်ဆန်း (သို့ ) သားတယောက်ရဲ့  အား
အမိမြေနဲ့  လူသားများအတွက်
မှန်တဲ့ဘက်က အောင်ရမယ်လို့ 
ခိုင်ကြည်တဲ့ စိတ်နဲ့  လမ်းပြခဲ့
အာဇာနည်....စိတ်များက
စိတ်တခုကို ကိုးကွယ်ဖို့ 
အသက်ကို စွန့် ပြီး
သူ့ စိတ်ကို ကမ္ဘာမြေအနှံ့ မွှေးမြစေခဲ့။
ခေတ်အဆက်ဆက် ရင်ချင်းဆက်ပြီး
ရုပ်က လက်နက်ချခဲ့ရပေမဲ့
စိတ်က လက်နက်မချဘူး ဟေ့.....
စောဝေ
၁၉ ဇူလိုင် ၂၀၀၀ ။
( လွန်ခဲ့တဲ့ ၁၀ နှစ်က ကိုစောဝေ ဖွဲ့ ဆို ခဲ့ တဲ့ ကဗျာ အား အမှတ်တရပြန်လည် ဖေါ်ပြ လိုက်ပါတယ် )
အာရုဏ်ဦး မိုးဦးသောက်လို့  အလင်းရောက်ပြီ ဆိုတော့ အိပ်စက်အနားယူခြင်းမှ နိုးထလာရတော့သည်ပေါ့ ။ ရွာပြန်ရောက်ကာစ နေသားမကျတာတွေ ရှိပေမဲ့ စိတ်ပမ်းကို သည်လိုဖြေဖို့ ...( ကဗျာမဆန် စာမဆန်တွေ ရေးဖို့ ) မနည်းမနော အားထုတ်မိသည် ။ မြင်မြင်သမျှ ကြားကြားသမျှ ဘဝင်မကျတာတွေသာ ရေးချရမည် ဆိုပါလျှင် လက် ဆယ်ချောင်းကျိုးရုံသာမက ရှိရှိသမျှ ၃၂ ချောင်းသော သွားများပါ့ ( အံကြိတ်ရဖန်များလွန်း၍ ) အမှုန့်ဖြစ်ရပေတော့မည် မို့  သဘောလောက်သာ ရေးရပါတော့မည် ။ မျက်စိ စပါးမွှေးစူးသူများ နားကလောသူများ ကျော်ခွ၍ သွားကြပါလေကုန် ။....
အလုပ်မရှိ ၁၀၉-၁၁၀ သို့ တည်းမဟုတ် အငြိမ်းစားဘဝ သို့  နေ့ ချင်း ညချင်း ကူးပြောင်းသွားရရှာ လေသော အကျွန်ုပ် မှာ ယခုကျမှ ငယ်စဉ်အခါ သင်ခဲ့ရဖူးသော သင်ပုန်းကြီးဖတ်စာ ပါ ၊ စောစောထ၊ အိပ်ယာသိမ်း ၊သွားတိုက် ၊ မျက်နှာသစ၊် အစာစား ၊ အဝတ်လဲ ၊ ကျောင်းသွား အစရှိသည် များ ထဲမှ ကျောင်းသွားခြင်းအမှုကိစ္စ ကို လုပ်စရာ မလိုတော့သည်မို့ ၊ ဘုရားကျောင်းကန်လည်းနေ့ စဉ် မသွားနိုင်သေးသည်မို့  ကျန် အချက်များ မှ အံဝင်ဂွင်ကျ ဖြစ်သည် များကို အံမကျစွာ လိုက်လုပ်ရင်း နိစ္စဓူဝ ဖြစ်စဉ်များကို ဖြတ်သန်းလျှက်ရှိနေပါသည် ။
နံနက် ၆ နာရီ မတိုင်မီ ကန်ဘောင်ပေါ်ရောက် ၊ လုပ်စရာ ရှိတာလုပ် ... အမောဆို့  ပြီး ခြေထောက်ညောင်းတဲ့ အချိန် အိမ်ပြန်လာ ပြီး သူများလုပ်စာကို ထိုင်စားပါတော့သည် ။ပါးစပ်က စား နေဝါးနေတုံး၊ မျက်စိက အားနေမစိုးလို့  ၊ ဟိုစာ ဒီစာ ဖတ်လေ့ရှိသော အကျွန်ုပ်၊ ဒီတခေါက် ကိုယ့်အိမ်ကိုယ်ပြန်ရောက် တော့ အိမ်မှာ ထူးခြား နေတာ တခု သတိပြုမိသည် ။ နှစ်ပေါင်းများစွာ မမြင်ရ မဖတ်ရတဲ့ သတင်းစာ ..... ဘာသတင်းထူးမှ မပါလို့ ၊ အိမ်မှာ မယူတာကြာလို့ မေ့တောင် မေ့နေတဲ့ သတင်းစာ .. အံမယ် .. ဒီသတင်းစာတွေ အိမ်မှာ ပြန်ယူနေပါရော့လား ။ ဘယ်လို အတွေး အမြင်သစ်တွေ ပြောင်းသွားရတာပါလိမ့် ။ ဒါ နဲ့ ပဲ အနားမှာ ရှိနေတဲ့ ညီမ ဖြစ်သူကို မေးကြည့် မိသည် ။ သတင်းစာ ယူရခြင်း အကြောင်းရင်းမှာ သတင်းဖတ်ရန်မဟုတ် ၊ အတင်းတွေရေးထားတာလည်း ဖတ်ချင် သိချင်၍ မဟုတ် ။ နာရေး ကြော်ငြာ ကြည့်ရန် မျှသာ ဖြစ်ပါကြောင်း ....
မိတ်ရင်း ဆွေရင်းများ ၏ နာရေး ကိုမျှ မသိလိုက်ပါ၍ သတင်းမမေးမိလိုက်ရခြင်းများ အသုဘရှု မသွားဖြစ် လိုက်ခြင်းများ အခါခါ ဖြစ်ခဲ့ရသည်မို လူမှုရေး ဝတ္တရားများ ပျက်ခဲ့ရသည်မှာ လည်း အခါခါ ၊ ဒီတော့ နာရေးကိစ္စ အတွက် အနည်းဆုံး ဖုံးကလေးဆက်ပြီး သတင်းမေးနိုင်ရလေအောင် သတင်းစာကို ပြန်ယူနေရပါသည် ။ ခုခေတ်ကြီးမှာ ယခင် ကြံတော သုသာန် လို နီးနီးနားနား အဆင်ပြေပြေ အသုဘပို့ ဆောင်ရန်လည်း မလွယ်ကူတော့ ၊ သွားရ လာရ ခရီးဝေး ၊ ကရိယထ လည်းများ၊ ခရီးစရိတ်လည်းများ တော့ အသုဘ ပို့ ဆောင်သူများလည်း တော်ရုံ ခင်မင်မှု ဖြင့် မလာရောက်နှိုင် ကြသည်ကို အားလုံး သဘောပေါက် နားလည်ပြီးသား ၊ အထာကျ ပြီးသား ဖြစ်နေကြလေပြီ ။ မျက်နှာကြီး၊ နာမည်ကြီး ပုဂ္ဂိုလ်များ အသိုင်းအဝိုင်း အသုဘ များ မှ လွဲ၍ ရေဝေး ၊ ထိန်ပင် ၊သုသာန် တို့ မှ အသုဘများမှာ ခြောက်ကပ်မြန်ဆန်စွာဖြင့် ပြီးဆုံးသွားလေ့ရှိသည်မှာ လည်း ထုံးစံ တခု လို ဖြစ်နေပေပြီ ။ တချို့ မှာ အသုဘ အိမ် သို့ သာ သွားရောက် သတင်းမေးခြင်းမျှသာ ပြု နိုင်ကြတော့သည် ၊ ဒါမှ မဟုတ် လမ်းတဝက် ၊ လမ်းအစ လောက်အထိသာ အသုဘ ယာဉ်တန်း နှင့် အတူ လိုက်ပါခြင်း ၊ အချို့ မှာ သုသာန် မှ စောင့်ကြို ပြီး အသုဘ ရှုခြင်း ၊ စသဖြင့် အဆင်ပြေ သလို ပြုကြ ပို့ ကြ ရလေသည် ။ ဒါကို မော်ဒန် အသုဘ ပို့ ဆောင်ခြင်းဓလေ့ ဟု မှတ်ယူမိပါသည် ။
ထားပါတော့ အသုဘ အကြောင်း ၊ လောလောဆယ် အတွက် မော်ဒန် သတင်းစာ ဖတ်နည်း အကြောင်း ပြောချင်မိသည် ။ အကျွန်ုပ် အပါအဝင် ပုံမှန်လူများ ၏ ယနေ့ ခေတ်ပေါ် သတင်းစာ ဖတ်နည်း တခု ဟုလည်း ဆိုနိုင်ပါသည် ။ တံငါနားနီးတံငါ ၊ မုဆိုးနားနီး မုဆိုး၊ ဆိုသလို တရုပ်နားနီးတော့ တရုပ်နည်းပေါ့ ၊ ကမ္ဘာပေါ်တွင် ရှိ ရှိသမျှ လူမျိုး အများစု မှာ စာအုပ်ဖြင့် တရွက်ချင်းလှန်ပြီးဖတ်ရသော စာအုပ် စာရွက်ဟူသမျှ ကို ရှေ့ ဆုံး စာမျက်နှာ မှ နောက်တရွက် သို့  ဘယ်ဘက်မှ ညာ ဘက်သို့  အစဉ်အလိုက် လှန်ကြ ဖတ်ကြ ပါသည် ။ သို့ သော်ငြားလည်း တရုပ် လူမျိုး တရုပ်စာပေ များ ၊ အများစု မှာ စာကို ညာ ဘက်မှစ၍ ဘယ်ဘက် သို့  ရေးသကဲ့သို့  အထက်မှ အောက် ဒေါင်လိုက် လည်းရေးလေ့ ရှိကြပြီး စာရွက် စာအုပ် စာမျက်နှာများ ကိုလည်း ညာဘက်မှ ဘယ်ဘက် သို့  ( တနည်းဆိုရလျှင် အနောက်မှ အရှေ့ သို့  ) လှန်ဖတ်လေ့ရှိကြသည် ။ အာရေဗျ စာပေ တချို့ လည်း ဤသို့ ရှိကြောင်း ကြားဖူးသည် ။ ဟုတ် မဟုတ် တော့ မသိပါ ။
င်္ဒီတော့ ခုခေတ် မော်ဒန် သတင်းစာ ဖတ်နည်း မှာလည်း တရုပ်နည်း ဟု ဆိုချင်ပါသည် ။ နောက်ဆုံးတရွက် စာ မျက်နှာ ၂၀ ..( မဖတ်ဖြစ် တာ များသည် ၊ အောက်မှာ ကြည့်လျှင် သိနိုင်ပါသည် ၊း))
နောက်ဆုံးမှ စ၍ တမျက်နှာ လှန်ပြီး ဖတ်လျှင် စာမျက်နှာ ၁၉ - နာရေးသတင်း ၊ အသုဘ ကြော်ငြာများ ။ ဝမ်းနည်း ကြေကွဲ ကြသူများ ကို တွေ့ ရပါလိမ့်မည် ။ မိမိ ဆွေမျိုး မိတ်ဆွေ များ နာမည် ဆင်တူသူများကို တက်သုတ်ရိုက် ရှာ ကြည့် ပါ ။ မတွေ့ လျှင် သက်ပြင်းတချက်ချ နိုင်ပါပြီ ။ ပြီးလျှင် နာမည် ထူးဆန်းများ ၊ ဆွေမျိုး ထူးဆန်းများ ၊ ဂုဏ်ဒြပ် များစွာ ဖေါ်ပြထားသော သာရေး သတင်းကြော်ငြာ၊ စေ့စပ်ကြောင်းလမ်း ၊ မင်္ဂလာဆောင်၊ မွေးနေ့ ဆုတောင်းကြော်ငြာ များ ဆီသို့ မျက်စိ တချက် ဝေ့ကြည့်လိုက်ပါ ။ စိတ်ဝင်စားပါက အစ မှ အဆုံး သေချာ ဖတ်ပါ ၊ မှတ်ပါ ၊ ထို့ အပြင် ကွာရှင်း ပြတ်စဲ ၊ စွန့် လွှတ် ခြင်း ၊ ကန့်ကွက်ရန် ကြော်ငြာများ ၊ စီးပွားရေး ကြော်ငြာ များ ၊ ရုပ်ရှင် ဗီဒီယို ကြော်ငြာများ၊ ပစ္စည်းမျိုးစုံ ၊ စားသောက်ကုန်၊ သင်တန်းပေါင်းစုံ ၊ ဆိုင်ပေါင်းစုံ ၊ လုပ်ငန်းပေါင်းစုံ ကြော်ငြာ အစရှိသဖြင့် ... မုးမေ့သွားမတတ် .. ဖတ်ရှု နိုင်ပါသည် ။ ၆ မျက် နှာ အပြည့် ၊ ဆိုဒ် အစုံ ၊ ကြော်ငြာ စုံ ကို ကြည့်ရတာ အားမရ နိုင်သူ များ အတွက် ၊ ရောင်စုံ ကြော်ငြာ အချပ်ပို ဆိုတာလည်း ရှိပါသေးသည် ။ ဒီတော့ ဖတ်စရာ သတင်း စာ မျက်နှာ ဘယ် လောက် မျှ မကျန်တော့ ။ ကောင်းပေစွ ။ ကောင်းပေစွ ။ ကောင်းပေစွ ။ မိုးလေဝသ သတင်း ၊နှင့် မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ် ဆိုတာ တွေလည်း အသုံးတည့်မည့် အချိန်မှာ ဖတ်ပါ မှတ်ပါ ။
(
နေပါအုံး ၊ သတင်းစာ ဖတ်နေမကျ တော့ တခုခု လိုနေသေးသည် ဟု ထင်လိုက်မိ လို့  မရမက လိုက်ရှာ မိပါသည် ။ နိုင်ငံခြား သတင်းးးးးး ။ “ဟိုက်” .. စာရွက် များ ကျော်သွားလေ သလား ၊ ပြုတ်ကျန် ခဲ့လေသလား ။ ဘယ်လိုမှ ရှာ မတွေ့  ၊ နောက်မှ ရှေ့ သို့ ၊ ရှေ့ မှ နောက်သို့  အပြန်ပြန် အလှန်လှန်ရှာကြည့် မိသည် ၊ စာမျက်နှာတွေက အစီအစဉ်အတိုင်း စီထားတာ မဟုတ် ၊ ဟိုရောက် ဒီရောက် ဆိုတော့ လူလည်း မူးနောက် လာပါတော့သည် ၊ ဒီအချိန်မှာပဲ ၊ တွေ့ ပါပြီ ၊ တွေ့ ပါပြီ ၊ စာမျက်နှာ ၄ မှ ။ “နိုင်ငံတကာ သတင်းများ ”အင်း အကျွန်ုပ်ပဲ မျက်စိ မှုန် နေလေရော့သလား ။ ကမ္ဘာကြီးပဲ အမှောင်ကျ သွားလေသလား ၊ ကမ္ဘာကြီးအပေါ်မှာပဲ ဒီထက် ဘာမှ ထူးခြားတဲ့ သတင်းတွေ မရှိတော့တာ လား ။ထိုစာမျက်နှာ တွင် ငပွကြီးတို့  တိုင်းပြည်မှ အနိဌာရုံများ ၊ သတင်းဆိုးများ ကို ဖတ်ရှုနိုင်ပါသည် ။ မုဒိတာပွားပြီး အကုသိုလ် မဖြစ်အောင် လည်း လေ့ကျင့်ယူနိုင်ပါသေးသည် ။ တွေးတတ်လျှင် အမြတ်ပဲပေါ့ ။ခုတလော မှာတော့ ကမ္ဘာ့ ဖလား ဘောပွဲသတင်းလေးများ ရှိနေသေး သဖြင့် အချိန်အနည်းငယ် ဆွဲပြီး ဖတ်ရှုနိုင်ပါသေးသည် ။
ဤသတင်းစာ ထိုသတင်းစာ အနှီသတင်းစာများတွင် တခါတရံ နေကြပ်တာ လကြပ်တာ တွေ ၊ ကြိုကြား လေးတွေ တော့ ပါလာတန် ကောင်းပါရဲ့  ၊ ကားတွေကြပ်တာ လူတွေကြပ်နေကြတာ တွေတော့ မသိချင် မမြင်ချင်တော့ ပါလေ ။ ဒါကြောင့် သတင်းတွေပါတဲ့ သတင်းစာမှ သတင်းတွေ ရွေးဖတ်ရန် မျက်မှန်အသစ်တလက် လုပ်ရပါအုံးမည် ။း))
ဪ .. တချက် ကျန်နေသေးသည် ။ သတင်းစာ ပြန်ယူလို့ အလဟဿတော့ မဖြစ်ပါ ။ Recycle တွေ ခေတ်စားနေသော ခေတ်ကြီးမှာ သတင်းစာ အဟောင်းများ မှာလည်း အသုံးဝင် ဆဲ ရှိနေပါသေးသည် ။ အိမ်ရှေ့  ခပ်ဝေးဝေးမှ အော်သံ ရှည်ရှည် ကြားလိုက်မိ၍ နှစ်တွေ ၊ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းပြောင်း သူတို့ ကတော့ မပြောင်း ဆက်လက်ရှင်သန်လျှက် ရှိနေပါသေးလား ဟုလည်း တွေးမိလိုက်ပါသည် ။
“သတင်းစာ အဟောင်းတွေ ဝယ်တယ် ။ နို့ ဆီခွက်တွေ ပုလင်းတွေ ဝယ်တယ် ၊သံတိုသံစ တွေ ဝယ်တယ်၊ ဒန်အိုး ဒန်ခွက်တွေ ဝယ်တယ် ..@$!*&)#%( ...”
နား ...နား ပြီး ပြောပါမည့် အတွက် ဒီတပါတ် အတွက် တော်အုံးမည် ။
ဖြစ်ကြောင်းရယ်ကုန်စင်(၁)
ရွှေပြည်ကြီးမှာ ဖြစ်တတ်တဲ့ အကြောင်းအရာများထဲမှ တခု ၊ ဒီလို ဒီလိုရှိတယ် ဆိုတာ ဖေါက်သည်ချပါရစေ ဗျိုး....
ပြည်တော်ပြန်အခြေချ နေရတော့မဲ့ အချိန် မှာ အလုပ်အကိုင်မရှိ ၊ အဝင်မရှိ အထွက်သာ ရှိနေတော့မဲ့  အရေး မျှော်ကာတွေးလို့  မယ်ကိတယောက် သူ့ ကျွန်ခံပြီး ရှိစုမဲ့စု ချွေတာစုဆောင်းထားရှိခဲ့သမျှ အသပြာစလေးနဲ့ အိမ်ခန်းလေးတခု ဝယ်ဖြစ်ခဲ့တယ် ။လွန်ခဲ့တဲ့ ၂ နှစ်လောက်ဆီကပေါ့ ။ ကိုယ်ပြန်မနေခင် လွတ်နေတဲ့ ဒီအခန်းလေးမှာ ဝင်ငွေလေးရအောင် အိမ်ငှားတင်ထားဖို့  တိုက်တွန်းကြတော့ ၊ အလကားနေ အလကား ၊ လူမနေ အိမ်ပျက် ၊ မဲ့ အတူတူ ၊ အသုံးစရိတ် လေးလည်းရ ၊တချက်ခုတ် နှစ်ချက်ပြတ် ၊ အိမ်ငှားတင်ဖို့ စီစဉ်ခဲ့လိုက်ပါတယ် ။ ဒါနဲ့ ပဲ နိုင်ငံခြားသား အိမ်ငှားတယောက် ကို တင်ဖြစ်ခဲ့ပါတယ် ။ ( မြန်မာတွေ နေရင် အိမ်ညစ်ပတ်တယ် ၊ဘာညာ ပြောတဲ့ သူတွေလည်း ရှိပေသကိုး ၊ နိုင်ငံခြားသား ဆိုတော့ အချိန်တန် သူ့  အိမ်သူ ပြန် ။ သူ့ နိုင်ငံသူပြန် မှာမို့  မဆင်းမှာ မပူရတော့တာလည်း တကြောင်း မို့ ၊ နိုင်ငံခြားသား တယောက် ကို အိမ်ငှားတင် ဖြစ်ခဲ့တယ်ပေါ့ ။ အံမယ် ။ ခုခေတ် နိုင်ငံခြားသားတွေအားလုံးလိုလို ကလည်း လူရည်လည်ပြီးသားတွေ မို့  ဒေါ်လာ နဲ့  များ ရမယ် မထင်လိုက်ကြ ပါ နဲ့  ။ ကျပ်ငွေ နဲ့ ပဲ ပေးချေဖို့  သဘောတူ စာချုပ် ချုပ်ဖြစ်ကြတယ်။ မယ်ကိ ကလည်း အဝေးမှာ ဆိုတော့ ညီမ ဖြစ်သူအား ဒီကိစ္စ အဝဝ ကိုဆောင်ရွက်ပေးဖို့  တာဝန်ပေးထားခဲ့ပါတယ် ။
ဒီလို နဲ့ နိုင်ငံခြားသားက ဒီအိမ်မှာ တစ်နှစ်တာမျှ နေထိုင်သွားခဲ့ပြီး လွန်ခဲ့တဲ့ ၄ လလောက်က သူ့ ပြည် ပြန်သွား တော့ အခန်းလေးလည်း လွတ်ကျန်ခဲ့တာပေါ့လေ ၊ နောက် အိမ်ငှား မရခင်စပ်ကြား ဘယ်သူမှ မနေတဲ့ ဒီအခန်းလွတ်ကို သော့ပိတ် ထားခဲ့တယ် ။ ညီမ ဖြစ်သူကတော့ အားတဲ့ အချိန် မှာ ဒီအခန်းလွတ်ကို သန့် ရှင်းရေးသွား လုပ်ပေးပါတယ် ။ ဒီလို နဲ့ ပြီးခဲ့တဲ့ ၃လ က သူ့ ဆီ လျှပ်စစ်မီတာ ခ ဆောင်ဖို့  အကြောင်းကြားစာ ဘီလ် တစောင်ရောက်လာတယ် တဲ့ ၊ မီတာ ထိန်းသိမ်းခ .. မြန်မာဒေါ်လာ( FEC) ၁ ဒေါ်လာ ဆောင်ရ ပါမယ် တဲ့  ။ အရင် နိုင်ငံခြားသား နေခဲ့စဉ် အချိန်တုန်းက တော့ ဘယ်ပုံ ဘယ်နည်းဆောင်ခဲ့တာလည်းဆိုတာကတော့ ညီမဖြစ်သူကလည်း သေချာ မသိတာ မို့  ဇဝေဇဝါပေါ့လေ ။ အိမ်ငှားခ ရတာ က ကျပ် နဲ့ ပါပဲ ။ ဘာလို့များ ဒေါ်လာနဲ့ ဆောင်ရ မှန်း သူ လည်းမသိပါဘူး ။ ပတ်ဝန်းကျင် လေ့လာမှု နည်းတယ် လို့ ပဲ ဆိုရမှာပါ ။ ပြီးတော့ ဒီအိမ်မှာ နိုင်ငံခြားသားကို ငှားထားပါတယ် ဆိုတာ ကို အီးပီစီ (Electric Power Corporation ) က ဘယ်ပုံဘယ်နည်း နဲ့ သိရတာလည်း ဆိုတာလည်း သူ မသိခဲ့ပါဘူး ။ (နောက်မှ သိရတာ က အီးပီစီ ရုံး ဝန်ထမ်းများ ဟာ အခုဆိုရင် အလုပ်ကို အင်မတန်မှ ကြိုးစားကြပါသတဲ့ ၊ ၁ ပါတ် တခါ ၊၂ပါတ်တခါ လောက် မြို့ နယ်တိုင်း ရပ်ကွက်တိုင်း အိမ်တိုင်းစေ့သွားပြီး ဒီအိမ်မှာ နိုင်ငံခြားသား ဧည့်သည် ( အိမ်ငှား ) ရှိ မရှိ လှည့်ပါတ်စုံစမ်း နေကြပါသတဲ့ ) ။ ဒီရပ်ကွက် မီး မှန်မှန် ရ ၊မရ စုံစမ်းတာတော့ မဟုတ်ပါဘူး ။လူတွေ မီးရဖို့က သူတို့  နဲ့ မဆိုင် ၊ နိုင်ငံခြားငွေ နဲ့ မီတာ အခွန်ကောက်ဖို့သာ သူတို့ နဲ့ ဆိုင်နေတယ်ပေါ့လေ ။
သူ့ ပြည်မှာနေ တော့ သူ့  ဥပဒေပေါ့ ၊ ဒါကြောင့် FEC ၁ဒေါ်လာ ဆောင်ဖို့ အလုံမှာ ရှိတဲ့ အီးပီစီ ရုံး ကို သွားရတယ် ၊ ဟိုရောက်တော့ FEC သွင်းမယ်လုပ်တော့ ဒီအတိုင်းသွင်းလို့ မရပါဘူးတဲ့ ၊ နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ် ( Foreign Exchange Bank ) ၊ ယခုအခေါ် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်( Myanma Foreign Trade Bank ) မှာ သွင်းရပါမယ် တဲ့ ၊ အိမ်ခန်းက နေတဲ့ အိမ်ငှား မရှိတော့တဲ့ အကြောင်း အီးပီစီမှ ဝန်ထမ်း ကို ပြောပြတော့ ၊ ဒီအိမ်ငှား မနေထိုင်တော့ တဲ့ အထောက် အထား ။ သူ့ တိုင်းပြည် ပြန်သွားပါတယ်ဆိုတဲ အထောက်အထား ပြဖို့  လိုအပ်ပါသတဲ့ ။ ဘယ်လို အထောက် အထားလဲ လို့ ဆက်မေးတော့ သူ ပြန်သွားတဲ့  လေယာဉ်လက်မှတ် ၊ D form အစ ရှိတာတွေ ပြသရပါမတဲ့  ။ အလိုလေး ။ ကျွန်မတို့ က immigration လည်းမဟုတ် ၊ custom လည်းမဟုတ် ။ ဒီ အထောက် အထားတွေ ဘယ်လို သွားယူရမလည်း ။ ပြန်တဲ့ သူကလည်း သူ့နိုင်ငံသူ ပြန်သွားတာ ကြာလှပြီ ဖြစ်တဲ့ အကြောင်းကို ညီမဖြစ်သူက ပြန်ပြောတော့ ၊ ဒါဆို ( ရဝက ) နဲ့ မြို့ နယ် လူဝင်မှု ကြီးကြပ်ရေး ရုံး (လဝက ) ကို သွား ရ ပါမယ်တဲ့ ၊ ဒါကြောင့် သူတို့ ညွှန်ကြားတဲ့ ဒီရုံးတွေ ဆီ ပြေးရ ပြန်ရော ။ ရဝက ရုံးခန်းက ထုံးစံအတိုင်း ညမှ ဖွင့်တဲ့ အတွက် အဲ့ဒီနေ့ ၊ နေ့ခင်းပိုင်းမှာ ဘာမှ လုပ်မရ ၊ ညဦးပိုင်းကျမှ ဒီရပ်ကွက်မှာ နေထိုင်ကြောင်းထောက်ခံစာ ယူရတယ် ၊ နောက်နေ့  မနက် မြို့နယ် လဝက ရုံး ကို အချိန်မှီပြေး ၊ အကျိုးအကြောင်း ပြော ပြတော့ ရှိတဲ့ ဖိုင်တွဲတွေ လှန်ရှာ ပြီး ခင်ဗျားတို့  ဒီဧည့်သည် ကိုယ့် အခန်းမှာ ရှိနေတုံး ဧည့်စာရင်း မတိုင် ထားခဲ့တာမို့ ဘာထောက်ခံစာမှ မပေးနိုင်တဲ့ အကြောင်းပြောတဲ့ အပြင် ၊ ဧည့်စာရင်း မတိုင်တာတောင် အပြစ်ရှိတယ် လို့  ပြောပြန်ပါတယ် ။ ဪ .. ဒုက္ခပါလား ၊နေရင်း ထိုင်ရင်း အမှုပတ် မဲ့ ကိန်း မို့ ကဲ.. ထားလိုက်ပါတော့ နောင်ခါလာ နောင်ခါဈေး သူတို့ ဆောင်ခိုင်းတာ နဲ့ ဆောင်ရတော့မှာပေါ့လေ သဘော ထားပြီး တပ်ခေါက်ပြန်ခဲ့ရတယ် ။
ဒီလိုနဲ့ ၊ သတ်မှတ်ရက် မတိုင်မှီ မှာ မီတာ ခွန်ဆောင်ဖို့  ရန်ကုန်မြို့ လည် ဘားလမ်း FE bank သို့ ပြေးရပြန်ပါတယ် ။ ဟိုရောက်တော့ FEC 1 $ ဆောင်ဖို့ ရာ form တစောင်ကို ငွေကျပ် ၂၀၀ နဲ့ ဝယ်ယူရပါတယ် ။ စာရွက်စာတမ်း အချက်အလက်တွေ ဖြည့် ရေး ၊ လက်မှတ်ထိုး၊ ၁ ဒေါ်လာသွင်းအပြီး မှာတော့ နောက်နေ့ မှ ချလံ လာယူပါတဲ့ ၊ အင်း ။ ဒီနေ့ လည်း မပြီးပြတ်ပါကလား ။ အချိန်တွေ ပေါနေတဲ့ တိုင်းပြည်ဆိုတော့လည်း နောက်တနေ့ မှ ထပ်လာ ပေါ့လေ ။
နောက်တရက် FE bank ထပ်သွား ၊ အချိန်အတန်ကြာစောင့်ယူပြီး ရလာတဲ့ ချလံ စာ ရွက်လေး ကိုင် ၊ အလုံ မီတာကြေးသွင်းတဲ့ ရုံးကို ထပ်ပြေး ၊ ဒီတော့မှ မီတာခွန် ငွေသွင်းပြီးကြောင်း စာရွက်ကလေး လက်ထဲရောက်လာတော့ ညီမ ဖြစ်သူ ခမျာ နေတွေကလည်း ပူ ။ ဒေါသတွေကလည်း ဆူ ပေါ့ ။
ရွှေပြည်ကြီးမှာ ဖြစ်ကြောင်းရယ် ကုန်စင် ။ ၁ ဒေါ်လာ သွင်း ဖို့  အရေး .. သွားခဲ့ သမျှ ကားခ တွေ သူ ပြန်တွေး မိတော့ မှ ဒေါသဆူ ရခြင်း အကြောင်း တွေ သေချာ သိရတော့တာပေါ့ ။ ၁ ဒေါ်လာ ညီမျှခြင်း က အချိန် ၃ ရက် + စိတ်ပန်း +လူပန်း+ အငှားကားခ စုစုပေါင်း ငွေ ၉၀၀၀ ကျပ် ကျော် မျှ ကျပါသတဲ့ ။
ကဲ.....ဘယ့်နှယ်ရှိစ . ငှားချင် အုံးဟဲ့ နိုင်ငံခြားသား ...း))
၂၀၁၀ခုနှစ် ဇွန်လဆန်း ၊ ကိုယ့်ပြည် ကိုယ့်ရွာ ရောက်ပြန်ပေါ့ တခေါက် ၊ မြို့ တော်ရန်ကုန်ဆီသို့  မကြာမီအချိန်အတွင်း ဆင်းသက်တော့မှာ မို့ ခရီးသည် အားလုံး မိမိတို့ နေရာတွင်ထိုင်ကြပြီး ၊ ထိုင်ခုံခါးပါတ်များ တပ်ဆင်ထားကြ ဖို့  လေ ယာဉ်မယ်လေးရဲ့  ချိုသာ ဖွယ် အသံလေးကို ဘာသာ စကား ၃ မျိုး ဖြင့် အသံလွှင့်သံ ကြားလိုက်တော့မှ မှိန်းထားသော မျက်လုံး ကို ဖြတ်ကနဲ ဖွင့်ကြည့် မိလိုက်သည် ။ ခါတိုင်းလို လွတ်လပ်ပျော်ရွှင်မှုများ နဲ့ ပြည့်လျှံမနေ နိုင်တော့တဲ့ မြင်ကွင်းတခု ဆီးကြိုလျှက်.. ၊ ဝေဟင်မှ မြေပြင်ဆီသို့  အကြည့်မှာပင် ရင်ထဲ တင်းကျပ်လို့  နေပေတော့သည် ။ မိုး တပြိုက် နှစ်ပြိုက်ရွာ ပြီဆိုပေမဲ့ ၊ ပြီးခဲ့တဲ့  လက အပူချိန် ၄၅ ဒီဂရီကို မမှီလောက်တော့ပေမဲ့ နွေအပူ မှာ လွန်ကဲ နေဆဲပါလေ ။ခြောက်ကပ် အက်ကွဲ ပက်ကြားလိုက်နေတဲ့ လယ်ကွက်များမှာ ရေဝင်လာပြီဖြစ်ပေမဲ့ ၊ ဒီနှစ် မိုးဦးကျ မှာ စပါးပျိုးခင်းများနဲ့  စိမ်းလန်းစိုပြေလို့  မနေနိုင်သေးပါ ။ ကောက်ပင်ပျိုးဖို့ အချိန်တောင် လွန်နေပါပေါ့လား ....
ရန်ကုန်မြို့ တော်ကြီးရဲ့  အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင် မှာ ပြုံးရွှင်စွာ နဲ့ စောင့်ကြိုနေကြသူများက ခါတိုင်း နဲ့  မတူလှဟု ခံစားမိလိုက်ပါသေးသည် ။ Immigration မဖြတ်မီ ကောင်တာ တခု တိုးလာသည် ။ On arrival visa ထုတ်ပေးတဲ့ ကောင်တာမှန်း နောက်မှ သိရသည် ။ ဘာ ဆိုင်းဘုတ်မှ ရေးဆွဲ မထားတော့ Immigration ကောင်တာ လို့ တောင် ထင်မိလိုက်သေးသည် ။ ကိုယ့်ဟာကိုယ် ပါတ်ဝန်းကျင်လေ့လာမှု အားနဲ နေသေးသည့် အတွက်ကြောင့် ဖြစ်နိုင်ပါသည်လေ ။အတူတူ စီးလာတဲ့ ခရီးသည် တဦး မှာ အရေးတကြီး ထွက်လာရတဲ့ အတွက်ကြောင့် ကြိုတင် ဗီဇာ လုပ်ဖို့  အချိန်မမှီတော့ တာမို့  On arrival visa လုပ်ရပါသည် ။ ၂၈ ရက်စာ အတွက် ဒေါ်လာ ၄၀ ပေးရကြောင်း စပ်စပ်စုစု မေးမိလို့  သိလိုက်ရသည် ၊ ဟင် .. အင်တာနက် ဝက်ဆိုဒ် ထဲမှာ ကြော်ငြာထားတာ နဲ့  မတူပါလား ။ ကြော်ငြာမှာ တွေ့ မိလိုက်သည်က ၂၈ ရက် နေခွင့် Tourist visa အတွက်၊ ဒေါ်လာ ၃၀ တဲ့  ၊ Bussiness visa က ရက်ပေါင်း ၇၀ .. ကျသင့်ငွေက ဒေါ်လာ ၄၀ လို့  ဖတ်မိခဲ့သည်ပဲလေ ၊ ကိုယ့်ဦးနှောက် အမှတ်သညာကပဲ မှားယွင်းနေပြီလား တော့ မသိပါ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်တွေ့ မျက်မြင်အရတော့ လက်တဝါးစာ စာရွက် အဖြူ အပိုင်းလေးပေါ်မှာ မှင်ရောင် နီနီ စာလုံးများကို တံဆိပ်နှိပ်ထားသည် မှာ ဘာမှ ထူးထူးခြားခြားရေးထားတာမပါ ။ ဗီဇာ အမျိုးအစား၊ ပတ်စ်ပို့ နံပါတ် ၊ ဝင်လာ တဲ့ နေ့စွဲ နဲ့ 4 W ဆိုတဲ့ စာလုံး ..လိုရင်း တိုရှင်းကလေးမျှသာပါ ။ ဒေါ်လာ ၄၀ အတွက် လက်ခံရရှိကြောင်း ဖြတ်ပိုင်း လေးလည်း မရေးပေးပါ ။ စာ ရွက်ချွေတာရေး စီမံကိန်းလည်း ဖြစ်နိုင်ပေသည် ပဲလေ ။ ထားပါတော့ ။ ဒီအရပ် နဲ့ ဒီထုံးစံ ၊ ဒီလိုပဲ နေမှာ လို့  ၊ မဆိုင်တာ တွေးမနေနဲ့ လို့ပဲ ကိုယ့်စိတ်ကိုယ် ပြန်ဆုံးမ နေလိုက်ရပါသည် ။
Immigration ကောင်တာ ဖြတ်တော့ ခါတိုင်းနဲ့ မတူ ။ အချိန်တွေ ပိုကြာ နေလို့ လာကြိုတဲ့ သူများကို အားနာ မိသေးသည် ၊ ဒါပေမဲ့ ကမ္ဘာမှာ အကောင်းဆုံး အနေအထားနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ထားပုံ မှာ မဆိုးလှ ဟု ထင်လိုက်မိပါသည် ။ ဧည့်ဝတ်ပြူငှာ တဲ့ရွှေမြန်မာ တို့ရဲ့ ဓလေ့ အတိုင်း ဧည့်ကြို နဲ့ ဧည့်သည်များကို လေယာဉ် ဆိုက်ဆိုက်ချင်း တိုက်ရိုက်လှမ်းမြင် နိုင်အောင် ဟိုဘက် ဒီဘက် မှန်နံရံ တစ်ချပ်သာ ခြားထားပေးတဲ့ အိုင်ဒီယာ ကောင်းလေးကြောင့်ပါလေ ။ Immigration ကောင်တာ မဖြတ်မှီမှာပင် ဆွေမျိုး မိတ်ဆွေများနဲ့ လက်ဟန် ခြေဟန်ပြပြီး နှုတ်ဆက် နိုင်ကြသလို ၊ ပစ္စည်းရွေးတဲ့ နေရာကို လှမ်းမြင်နေနိုင်ခြင်း နဲ့ အထဲထိဝင်ပြီး ဧည့်ကြို နိုင်တဲ့ အခွင့်ထူးခံ သူများ ၊ ခရီးသည် နာမည် ရေးသားထားတဲ့ ဆိုင်းဘုတ်ငယ်လေးများ တန်းစီကိုင်ထားသူများကို လှမ်းမြင်နေနိုင်စေခြင်းဖြင့် ရောက်လာတဲ့ ဧည့်သည် စိတ်အေးရအောင် စီစဉ်ပေးထားနိုင်ခြင်းများ ၊ အပြင်လောကကြီးမှာ အပူချိန်တွေ ဘယ်လောက် များများ ၊ ဒီလေဆိပ်ကြီးထဲမှတော့ အဲယားကွန်းတွေ အသားကုန်ဖွင့်လို့  အေးမြနေစေခြင်းများ....ဪ ကောင်းလေစွ ကောင်းလေစွ ။ ဘယ်သူတွေ ပြောနေကြသလည်း ၊ မဟာရန်ကုန်မြို့ ကြီး မှာ မီးမလာဘူး ဆိုတာ ၊ တို့ ပြည်သူတွေ လျှပ်စစ်မီးများ မှန်မှန်သုံးကြရတော့မတဲ့..(တည့်တည့် ပြောတယ်ထင်ထင် ၊ ရွဲ့ရွဲ့ ပြောတယ် ထင်ထင် ပေါ့ ..း)))
Immigration ကောင်တာ အဖြတ် ကြာနေရခြင်း အကြောင်းရင်းမှာ ဒီလိုကြောင့်ပါ ။ ကမ္ဘာနဲ့ အမှီရင်ဘောင်တန်းနေနိုင်ပြီဖြစ်တဲ့ ရွှေပြည်ကြီးမှာ ဝင်လာသမျှ ခရီးသွား ဧည့်သည် များကို ရှေးယခင်လို ဟိုစာအုပ်ရေး ဒီစာအုပ်မှတ် နဲ့ စာရွက်ဖြုန်းတီး နေဖို့  မလိုတော့ပဲ ၊ ဓါတ်ပုံ နဲ့တကွ ကွန်ပြူတာ မှတ်တမ်းသွင်းပေးနိုင်ပြီ ဖြစ်ပါသောကြောင့် ကောင်တာ မှန်ချပ်လေးရဲ့ အခြားတဖက်မှ ဝက်ကင်( web cam) လေးကို ပြူးတူးပြုတဲ ကြည့်ပေးလိုက်ရပါသေးသည် ။ မော်ဒယ် ဂဲလ် တို့  မော်ဒယ်ဘွိုင်းတို့  လိုအပ်ရင် ဒီအထဲကများ ရွေးချယ်ဖို့  အစီအစဉ် ရှိလေသည်လား မပြောတတ် ၊ စိတ်ကြိုက် ပုံ ရအောင် တဦးချင်းစီကို စိတ်ရှည် လက်ရှည် ရိုက်ပေးနေသည်မို့  ဤကောင်တာ မှာတင် နာရီဝက်မက တန်းစီ စောင့်စားနေကြရသူများ မချိသွားဖြဲ မှ မချိပြုံး ကို ကြိုးစားပြုံးနေကြရသည်မှာလည်း ပျော်စရာ ကြီးပါပဲလေ ။ ကွန်ပြူတာ တစ်လုံးကို ခေါင်း ၄-၅ လုံးပူးပြီး စူးစိုက်ကြည့်လိုက် ၊ အချင်းချင်း လက်တို့ပြောလိုက် ၊ ရယ်လိုက် ၊ ဘေးက စာရွက်ထဲ ရေးမှတ်လိုက် ၊ ဘေးကောင်တာမှ ပလပ်စတစ်ထိုင်ခုံ သွားဆွဲယူပြီးထိုင်လိုက် ၊ တခါ ခေါင်း၂ လုံး စုသွားလိုက် ၊ ရှေ့ ဘက် ကောင်တာမှတာဝန်ကျနေသူကို လှမ်းမေးလိုက် နဲ့ အလုပ်တွေ ရှုပ်နေကြပုံများမှာလည်း တစ်မျိုးတစ်ဘာသာပင် ။ သူတို့ ရှေ့ မှာ ရပ်စောင့်နေရသော နိုင်ငံခြားသား တရုပ်ကြီးခမျာ မတော့ စိတ်ထဲ ဘယ်လိုနေမယ်မသိ ၊ ကိုယ့်မှာတော့ တအံ့တသြ ဖြစ်မိလိုက်ပါသေးသည် လေ ။
ကိုယ့်အလှည့် အပြီး၊ ဒီနေရာမှအခွာ ခြေလှမ်း ၃၀ မပြည့်လျှောက်လိုက်တော့ ပစ္စည်းရွေးတဲ့ နေရာ ။ အင်း မဆိုးပါဘူး ။ နီးနီးနားနားဆိုတော့ ခြေမညောင်း အားမကုန်တော့ဘူးပေါ့ ။ ပစ္စည်းကူတင်ပေး ကူဆွဲပေးမည့် လူများတောင် ရှိနေလိုက်သေးသည် ။( တန်ရာ တန်ကြေးတော့ မ စ ရပေမည်ပေါ့ ။) ကိုယ့်ပစ္စည်းတနိုင်လေးဆိုတော့လည်း ကိုယ့်ဟာကိုယ် ဆွဲပြီး အကောက်ခွန် ကောင်တာ ဖြတ် ။ ကြက်ခြေခတ် အမှတ်အသား မြေဖြူ ခြစ်ရာ မပါလေ လို့လား ၊ အထုတ်ကြီးငယ် မများပေ လို့လားတော့မသိ ၊ ကပ်စတန် မမ က သူ့ ဆိုင်ရာ စာရွက် ပိုင်းကလေး လှမ်းယူ အပြီး ကိုယ့်အထုတ် အနုတ်စုတ် ဂုတ်စုတ်လေးကို မျက်လုံးတချက် လှန်ကြည့်ပြီးသကာလ .. မောပန်းနွမ်းလျှ လေသံဖြင့် .. ဪ.. သွားလိုက်ပါတော့ လေ ... တဲ့ ။ ကိုယ့် ဘေးပါတ်ပါတ်လည် မှာတော့ တန်းစီခြင်းကို ဝါသနာ ပါပုံ မရကြသော အာရှတိုင်းသားများ၏ ထုံးစံ အတိုင်း ကောင်တာတိုင်းမှာ ဝိုင်းပြုံ နေကြတဲ့ ခရီးသည်များ သူ့ ထက်ငှာ တိုးခွေ့ နေကြတာမို့  ၂ယောက် တတွဲ ကပ်စတန် မမ နဲ့ ကိုကိုများခမျာ ဘယ်အထုတ်က စဖွင့် စစ်ဆေးရမှန်းမသိ ၊ကြက်ခြေခတ်တာတွေရော မခတ်ထားတာတွေရော ..ရောနှော နေတဲ့ သေတ္တာများ အထုတ်များကြားမှာ အလုပ်များနေကြရသည် ။ ဒီကလဲ (Declare) လုပ်သူ တချို့ လည်း ဟိုကောင်တာ သွား ၊ ဒီကောင်တာ သွားနဲ့ ဘာမှန်းမသိ ယောင်ချာချာ ဖြစ်နေတာကို မြင်လိုက်ရတော့ သူတို့ကပဲ စာ မဖတ်တာလား ၊ မြင်ရလွယ်အောင် ခွဲခြား သတ်မှတ် မရေးထားတာလား ၊ ကိုယ်တိုင်လည်းသေချာမသိတာမို့  ကိုယ့်လှည်းကိုယ်တွန်းရင်းနဲ့ ပဲ လေဆိပ် မှ ထွက်လာဖြစ်တော့သည်။
အပြင်ရောက်တော့မှ လေအပူ တချက်အဟပ် ။ အိပ်မက်မှ နိုးထလာသူ တယောက် အလား ပါတ်ဝန်းကျင်ကို စူးစမ်းမိလိုက်တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အရင် အတိုင်းပါပဲလား လို့  ... အလုအယက် အထုတ်ဆွဲပေးမဲ့သူတွေကို ယောင်လို့ များ လှမ်း မကြည့်လိုက်ပါနဲ့  ၊ သေတ္တာ တလုံးကို လူနှစ်ယောက် တပြိုင်နက် ဆွဲပြီး ခြေ ၃လှမ်းအကွာက ကားပေါ်တင်ပို့ ပေးလိုက်ရုံ နဲ့ ပေးလိုက်ပေအုံးပေါ့ တစ်ယောက်တစ်ထောင်(ဟိုး တခေါက် အပြန်ခရီးမှာ ငွေ ၅၀၀ ထဲ ပေးမိလို့ .. “အစ်မရယ် ၊ မုန့်ဟင်းခါး တခွက် စာတောင် မရှိပါဘူး” လို့  ပြောခဲ့တာ ပြန်ကြားယောင်နေမိသေးသည် ။ ။ အင်းလေ ၊ ဒီခေတ် ဒီအခါ ဒီရွာ မှာ အသပြာ တစ်ထောင်ဆိုတာ ဘာသုံးလို့ ရလေမှာလည်း .....လူထူး လူဆန်းများ သောက်သုံး နေကြတဲ့ လက်ဖက်ရည် တစ်ခွက်တောင် ဆင်ဖြူတော် တစ်ကောင် တန်နေပြီ ဆိုတော့လည်း ... ။
အတွေးများစွာ .. အတွေးများစွာ .. ရွာအဝင် ဂိတ်မှာ စခဲ့တဲ့ အတွေးများစွာ ... ဆက်ပြီး တွေးစရာ များ ၊ ငေးစရာများ ၊ ကြားစရာ နာစရာများ ၊ ရယ်စရာ မောစရာများ .... မျှော်....