“ချာချာလည် မူးတယ် ..အရက်ကိုသောက်လို့  စိတ်မှာ မူးခဲ့တယ် ”..။ ဒါကငယ်ငယ်က ကြားဖူးခဲ့တဲ့ မှတ်မိသလောက် တေးသွားလေး တပိုင်းတစ .. ပလေးဘွိုင်း သန်းနိုင် သီဆိုခဲ့တာ နဲ့ တူ ပါတယ် ။ တချို့ က မူးချင်လို့  ငွေအကုန်ခံပြီး အရက် ကိုသောက်ကြတယ် ။ တချို့ ကျ မူးလွန်းလို့  ဒုက္ခရောက်ကြတယ် ။ အရက်ကြောင့် မူးတာ မဟုတ်ပဲ ရောဂါကြောင့်မူးနေကြရတဲ့ သူတွေမတော့ ဒီလို မူးချင်ကြမှာ မဟုတ်ဘူး ။ ဘာလို့  လည်းဆိုတော့ တခါတခါ မူးလာပြီ ဆိုရင် နေလို့  ထိုင်လို့  မရလောက်အောင်ကို ခံစားကြရတာကိုး ။
ဒီလို ချာလပတ်လည်လောက်အောင် မူးကြတာကို Vertigo လို့  ခေါ်ပါတယ် ။ ရိုးရိုးအရပ်စကားကတော့ ခေါင်းမူး တယ် (dizziness) ပဲ ပေါ့။ ဒီလို ရိုးရိုးခေါင်းမူးတာက လည်း အကြောင်းများစွာကြောင့် ဖြစ်တတ်ပါတယ် ။ ဥပမာ အနီးမီးယား သွေးအားနဲ ခြင်း ။ သွေးပေါင်ကျခြင်း ။ သွေးထဲမှ သကြားဓါတ် လျော့နည်းနေခြင်း ။အိပ်ရေးမဝခြင်း ။ အိပ်ဆေး သို့ မဟုတ် ဘာမီတွန် လို ဆေးများရဲ့ အာနိသင်ကြောင့် မူးခြင်း စသဖြင့် ရှိကြတယ်။
ခု ပြောမှာ က ချာလပတ်လည်မူးရခြင်း အကြောင်းပါ ။
ဒီလိုမူးခြင်း ဟာ လူ အယောက် တရာ မှာ ၅ ယောက်မျှ ဖြစ်နှုန်းရှိပြီး အမျိုးသမီးတွေမှာ ပို အဖြစ်များပါတယ် ။ အသက်အရွယ် အားဖြင့်လည်း အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ် ။
ဘာကြောင့်မူး ။
အမြင်အာရုံ ၊အကြားအာရုံတွေ အပါအဝင် ဦးနှောက် အာရုံကြော များ က လူတယောက်ရဲ့  ဟန်ချက်ကို ညီမျှအောင် ထိန်းပေးထားပါတယ် ။ အာရုံကြောထဲမှာ ဖြတ်ကူးသွားတဲ့ ဓါတ်များ (neurotransmitters ) က လက်ဆင့်ကမ်း ပို့ ဆောင် ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု အာရုံခံစားမှု တွေကို ဖြစ်စေပါတယ်။ဒီလို အမြင်အာရုံ ၊အကြားအာရုံကြောတွေ မှာ တစုံတခု ချို့ ယွင်း လာတဲ့အခါမှာ ဟန်ချက်မညီ ပဲ ချာလပတ်လည် မူးခြင်း ကို ဖြစ်စေတတ်ပါတယ် ။
အကြောင်းရင်းကို ၂ မျိုးခွဲထားပါတယ် ။
CNS (or) Systemic Vertigo ခေါ် ဗဟိုအင်္ဂါအဖွဲ့  အစည်းတွေကြောင့် ဖြစ်တာ နဲ့
Peripheral Vertigo ခေါ် အပြင်နယ်နိမိတ် အင်္ဂါအဖွဲ့ တွေကြောင့် ဖြစ်တာ ပါ ။
Peripheral Vertigo မှာ များသော အားဖြင့် ဖြစ်လေ့ရှိတာ တွေကတော့ -
- အနေအထား ရုတ်တရက် ပြောင်းလဲခြင်းကြောင့် မူးရခြင်း ( benign paroxysmal positional vertigo (BPPV) - သူက အများဆုံး ဖြစ်တတ်တဲ့ အကြောင်းရင်းပါ ။
- မင်းနီးယားစ် ရောဂါ (Ménière's disease ) - ဒါလည်း အဖြစ် များပါတယ် ။
- အတွင်းနား ယောင်ယမ်းခြင်း ( Otitis media )
- နားအတွင်းရှိ အကြားအာရုံအင်္ဂါပြွန် ယောင်ယမ်းခြင်း( Acute labyrinthitis )
- နားအတွင်းရှိ အကြားအာရုံအင်္ဂါ အာရုံကြော ယောင်ယမ်းခြင်း (vestibular Neuronitis )
- နံပါတ် ၈ ဦးနှောက် အလယ်ဗဟို အာရုံကြော ချို့ ယွင်းချက် တမျိုးမျိုးကြောင့် ဖြစ်ခြင်း ( ဥပမာ -နားအာရုံကြော အကြိတ် ၊ ဦးနှောက် အမြှေးပါးသွေးကြောဖေါင်းပွခြင်း ၊ ဦးနှောက် ကင်ဆာ အကြိတ် စသဖြင့် )
- နားကို အဆိပ်သင့်စေသော ဆေးဝါး အချို့ ကြောင့် ဖြစ်ခြင်း ( ဥပမာ - Streptomycin , Gentamycin ,
- ဦးခေါင်းရိုးကွဲအက် ထိခိုက်ဒါဏ်ရာ ရ ခြင်း ( skull fractures ) ။
- အချို့  တုပ်ကွေးရောဂါ ၊ ရိုးရိုး နှာစေးချောင်းဆိုးခြင်း စတာ တွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။
- တချို့  ကတော့ ကားမူး ယာဉ်မူး ခြင်း ဖြစ်တဲ့ Motion sickness ကိုလည်း ဒီ အကြောင်းရင်းထဲ ထဲ့  သွင်းထား ကြပါတယ် ။
CNS Vertigo ဖြစ်ရတဲ့ အကြောင်းရင်းတွေ ထဲမှာ
- ဦးနှောက်အောက်ပိုင်းနဲ့ကြောရိုး သွေးလွှတ်ကြော စီးဆင်းမှု မလုံလောက်ခြင်း ( Vertebrobasilar Artery Insufficiency - VBI),- သွေးတိုး ၊ ဆီးချို ရှိသူများ ၊ သွေးအဆီဓါတ်များသူများ ၊ဆေးလိပ်သောက်သူများ မှာ အဖြစ်များပါတယ် ။ဒါ့အပြင် လည်ပင်းကျောရိုးကျည်းပေါင်းတက်သူများ (cervical spondylosis )၊ လည်ပင်းကျောရိုးဒါဏ်ရာရဖူးသူများ ၊ ယောင်ယမ်းဖူးသူများ မှာ Cervicogenic vertigo ခေါ်တဲ့ မူးဝေခြင်းများဖြစ်တတ်ပါတယ် ။ ထိုသူတွေ မှာ ဇက်ကျောတက်ပြီး မူးဝေခြင်း အပြင် ခေါင်းကိုက်လေ့ ရှိတတ်ပါတယ်။ တချို့ မှာ ဖြစ်တဲ့ဖက်မှ လက်များထုံကျဉ်နေတတ်ပါတယ် ။
-ဦးနှောက် အာရုံကြောများ မာခဲ ခြင်း (Multiple Sclerosis)
- ဦးနှောက်ကြီး (Cerebral cortex )၊ ဦးနှောက်ငယ် ( Cerebellum ) ၊ ဦးနှောက် ရိုးတံ( brain stem ) စသည် တို့ မှာ သွေးထွက်ခြင်း ၊ ပုပ်ခြင်း(Infarction ) ။
-ဦးနှောက် အာရုံကြော ပိုးတွယ် ခြင်း( CNS Infection )
- ဦးခေါင်းရိုး နောက်ဖက် အဆင့် အခွက်ထဲ မှာ အကြိတ် ဖြစ်ခြင်း ၊ ဦးနှောက် အကြိတ် ဖြစ်ခြင်း ( Posterior fossa tumor or other brain tumor )
အစရှိတာ တွေကြောင့် ဖြစ်ရတာပါ ။
အဲ့ဒီ အခါ မျိုးမှာ စကားပြော လေးလံခြင်း (slurred speech ) ၊ အမြင် ၂ ထပ် ဖြစ်ခြင်း( double vision ) ၊ မျက်စိအိမ် ဘေးတိုက်လှုပ်နေခြင်း( nystagmus ) အစရှိတာ တွေကို တွေ့ ရပါမယ် ၊
မူးပုံ မူးနည်း ။
* မူးနောက်နောက်လေး မူးမယ် (Dizziness )
* အိုးထိန်းစက်လို ချာလပတ်လည် မူးမယ် (vertigo)
* ဦးနှောက်ထဲသွေးမလျှောက်တော့ပဲ မူးကနဲ မိုက်ကနဲ ခံစားရမယ် ( Light headedness )
* ဟန်ချက်မထိန်းနိုင် ဖြစ်မယ် ။( A loss of balance )
* အမြင်ဝေဝါး မယ် (Blurred vision)
* ပျို့ မယ် ၊ အန်မယ် ။( Nausea ၊ Vomiting )
ရောဂါဘယ်လိုရှာ ။
ခံစားနေရတဲ့ လက္ခဏာ အရ ခန့်မှန်းနိုင်ပြီး ၊ အတိအကျ စစ်ဆေးဖို့ကတော့ Electronystagmography (ENG) ၊videonystagmography (VNG). ၊Magnetic resonance imaging (MRI) အစရှိတဲ့ အထူးကု အထူးစက်ကိရိယာ များ နဲ့ စစ်ဆေးရမှာပါ ။ ကြားဖူးနားဝ ရှိအောင်လောက်ပဲ အမည် နာမ များ ကို ဖေါ်ပြလိုက်ပါတယ် ။
ဒါပေမဲ့ အများအားဖြင့် အကြား အာရုံ အနေနဲ့ ရော ပတ်သက်တဲ့ အကြောင်းရင်းကို ရှာဖွေ လို့ မရတာ တွေ လည်း ရှိပါတယ် ။ ဒီတော့ ဦးနှောက်အာရုံကြောအထူးကုတွေ နဲ့ နား အထူးကု တွေ က ဒီ လူနာ တယောက် ကို ဟိုဘက်လွှဲ လိုက် ဒီဘက်လွှဲ လိုက် နဲ့  ပဲ နောက်ဆုံးတော့ အကြောင်းရင်း မသိ ဆိုတာ တွေ လည်း များပါတယ်။
ဘယ်လိုကုမယ် ၊ ဘယ်လိုသက်သာအောင်နေမယ် ။
ဒီရောဂါ က အမြစ်ပြတ်အောင် ကုလို့  မလွယ် ပါဘူး ။မူးစေတတ်တဲ့  အကြောင်းရင်းမြစ်ကို ရှာဖွေပြီး သက်ဆိုင်ရာ အကြောင်းရင်းကို ကုသရမှာပါ ။ဒါ့အပြင် အချိန်မရွေး နေရာမရွေး ရုတ်တရက် မူးလာတတ်တာမို့  ၊ ချာလပတ်လည် မူးတာ မကြာခဏ ဖြစ်လာရင် ၊ မော်တော်ယဉ် မောင်းနှင်တဲ့အခါ ၊ အန္တရာယ် ရှိတဲ့ စက်ကရိယာတွေ နဲ့  ကိုင်တွယ် လုပ်ဆောင် နေရတဲ့ လုပ်ငန်းခွင်မှာ အထူးသတိထားရပါမယ် ။ ရုတ်တရက် မူးလာတော့မယ်ဆိုရင် စက္ကန့်ပိုင်း အချိန်လေးမှာ ကြိုတင် အသိပေး သလိုမျိုး အမြင်အာရုံ အကြားအာရုံတွေ ပြောင်းလဲလာတတ်တာမို့  သတိရှိနေရပါမယ် ။
-အဆင်ပြေမဲ့နေရာ လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ လဲလျှောင်း အနားယူ ရပါမယ် ။
-Lorazepam (Ativan) စတဲ့ စိတ်ငြိမ်ဆေး ၊အိပ်ဆေး ၊ (Dramamine )အစရှိတဲ့ အမူးအအန်ပျောက်ဆေးတို့  နဲ့ လတ်တလော သက်သာစေနိုင်ပါတယ် ။
- လိုအပ်နေတဲ့ Neurotransmitter များ ပြန်ဖြည့်ဆည်းပေးရပါမယ်။
- နားကို ထိခိုက်စေတဲ့ ဆေးဝါးများ သောက်သုံး နေပါက ရပ်တန့် ရပါမယ်။
- အခြား မူးစေတတ်တဲ့ အကြောင်းရင်း ၊ ဥပမာ သွေးအားအလွန်နဲခြင်း ။သွေးတိုးနေခြင်း၊ သွေးချိုဓါတ် အလွန်နဲနေခြင်း ဒါမှမဟုတ် တက်နေခြင်း များ ရှိ ၊ မရှိလည်း သတိပြုရပါမယ် ။အခြေအနေသိပ်မဆိုးပါက ခေတ္တခဏမျှ အနားယူနေလိုက်ရုံနဲ့  သက်သာသွားနိုင်ပါတယ် ။ တကယ်လို့  အဆက်မပြတ်အော့အန်ပြီး အလွန်မူးဝေနေပါက ဆေးခန်း ၊ဆေးရုံ များသို့  သွားရောက်ပြီး စစ်ဆေး ကုသမှု ခံဖို့  လိုအပ်ပါတယ်။
ဒီလို ချာလပတ်လည် မူးဝေခြင်းမျိုး ဖြစ်လာရင် ဒါမှ မဟုတ် ကာကွယ်ရန် လေ့ကျင့်ခန်း လုပ်ဖို့ နည်းလမ်းလေးတွေ့ လို့  ပေးဝေလိုက်ပါတယ် ။ ဒီနည်းကို Epley maneuver ဒါမှမဟုတ် ( Epley's exercises) လို့  ခေါ်ဆိုပါတယ် ။ ၁၉၈၀ ပြည့်နှစ်က ဒေါက်တာ Dr. John Epley ဆိုသူတွေ့ ရှိခဲ့တဲ့ နည်းပါ ။
(၁) ဦးဆုံး အနေနဲ့  မတ်မတ်ထိုင်ပါ။
(၂) မူးဝေတဲ့ဘက် ( ဥပမာ နားအူတဲ့ လက္ခဏာ ပြတဲ့ဘက် ) သို့  ဦးခေါင်းကို ၄၅ ဒီဂရီလှည့်ပြီးပက်လက် အနေအထား သို့  ဖြေးဖြေးချင်း လှဲလျှောင်းလိုက်ပါ ။
(၃) ထို အနေအထား အတိုင်း ၅ မိနစ်ခန့်  နားနေပါ ။(တချို့ ကတော့ ၂ မိနစ် ၊ ၃ မိနစ်ထိ နေစေပါတယ် ။)
(၄) ထို့ နောက် ဦးခေါင်းကို အခြားတဖက်သို့  ၉၀ ဒီဂရီ ပြည့်အောင် စောင်းလှည့်နေပါ။
(၅) ဤ အနေအထား အတိုင်း နောက် ၅ မိနစ်ခန့်  နားနေပါ။
(၆) ထို့နောက် မျက်နှာပြုနေရာဖက်သို့  ကိုယ်ခန္ဓာ ကို စောင်းလှည့်ပြီး အောက်သို့ စိုက်နေပါ ။( ခေါင်းငုံ့ အနေအထား နေပါ )
(၇) ဤ အနေအထား အတိုင်း နောက် ၅ မိနစ်ခန့်  နားနေပါ ။
(၈) ထို့ နောက် ဖြေးညှင်းစွာ မတ်မတ် ပြန်ထိုင်ပါ ။စက္ကန့်  ၃၀ မျှ ငြိမ်သက်စွာ ထိုင်နေပါ ။
အထက်ပါလေ့ကျင့်ခန်းကို အစမှ အဆုံး ၃ ခါ ပြည့်အောင်လုပ်ပါ ။
အောက်မှာ နားလည် လွယ်ကူအောင် ဗီဒီယိုကလစ် ပြထားတဲ့ အတိုင်း လုပ်ကြည့် နိုင်ပါတယ်။
နောက်ပိုင်းမှာ တော့ ဆင်တူယိုးမှား လေ့ကျင့်ခန်းများ တီထွင် လုပ်ဆောင်လာကြပေမဲ့ အခြေခံသဘောတရားကတော့ အတူတူပဲ ဖြစ်ပါတယ်။
်
ဒီနည်းက အိမ်မှာ အလွယ်တကူလုပ်နိုင်ပြီး ငွေကုန်ကြေးကျလည်း မရှိတာမို့  စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ် ။ စာရေးသူ အမေကိုယ်တိုင်လည်း ဒီလို မူးတတ်တာမို့  လေ့ကျင့်ခန်းလုပ်ရင်းသက်သာလာတာ ကိုယ်တွေ့  ဖြစ်ပါတယ် ။အမေကတော့ မနက် အိပ်ယာထစဉ် တကြိမ် ၊ ည အိပ်ယာ မဝင်ခင် တကြိမ် လေ့ကျင့်ခန်းလုပ်ပါတယ်။ တကြိမ်မှာ ၄ ခါ ၅ ခါလောက် လုပ်ပါတယ်။
မူးယစ်ခြင်းများမှ ကင်းဝေးကြပါစေ။ အာရုံကြော ကြောင့် မူး ခြင်းကို ကုသ လို့ ရပေမဲ့ အာဏာယစ်မူးခြင်းကတော့ ကုရာနတ္တိ ဆေးမရှိ ဟု ထင်မိပါတယ်။
အထက်ပါ အကြောင်း အရာ များကို ဒီနေရာ များမှ ရယူထားပါတယ် ။
19 comments:
ကျေးဇူးပဲ မကိရေ. . .
ဗဟုသုတလေး မျှသွားပါတယ်။
ကျမလည်း မကြာခဏ အကြောင်းသင့်ရင် မူးတတ်ပါတယ်။ အဲ့ဒီလို နည်းမျိုး သူငယ်ချင်းကပြလို့ 
လုပ်ဖြစ်ရာက သက်သာခဲ့ပါတယ်။
ကျွန်တော်လဲ မူးဖူးတယ်။ အရက်သောက်လို့လဲ မူးဖူးတယ်။ အဲဒီအမူးက တော်သေးတယ်။ စကားလေးဘာ ပြောလို့လဲ ကောင်း။ အာသွက် လျှာသွက်လေးနဲ့ မူးခြင်း ရလဒ်ကောင်းလေးပေါ့။
ဟိုလိုလဲမူးဖူးတယ်။ နေလည် နေခင်းကြောင်တောင် အိပ်ပြီး ထပြီးတော့ အပေါ့အပါးသွားတဲ့အခါ မူးဖူးတယ် ၂ကြိမ်လောက်ပဲ။ နံရံတွေပါ ပြေးတိုက်မိသွားတယ်။ ၅ မိနစ်လောက် မေ့နေတာ။ ကိုယ်မူးလဲတာဘယ်သူမှမသိတော့ သတိရတော့ ပြန်ထလာရတာပါပဲ။
အဲလိုမူးတာတွေ တခါတလေ အသက်ပါ ပါသွားနိုင်ပါတယ်။ အအေးပတ်လေဖြတ်ပြီးတော့ပေါ့။
မှတ်သားမိပါတယ်။ ကျေးဇူးတင်ပါတယ်။ အခုလို ဖော်ပြတဲ့ ဗဟုသုတအတွက်။
ကျေးဇူးပါနော် အဲဒီလိုချာချာလည်မူးတတ်တဲ့  သူတွေထဲမှာကျနော်လဲတယောက်အပါဝင်ပေါ့  တခါကများဆိုလှဲနေရင်းမူးတာ မျက်နှာကျက် ကိုကြည့် မိတော့  ချာလပတ်ရမ်းနေပါရောလား ခုလိုလေ့ ကျင့် ခန်း နည်းလေးရေးထားလို့  ကျေးဇူးတင်တယ်ဗျာ ဘော်ဘော် သုဒြေ္န
မူးချင်လွန်းလို့ ငွေကုန်ခံသောက်ထားရတာ အမူးတော့
အပြေမခံနိုင်ပေါင်..
သမီး ငယ်ငယ်က ၅ တန်း ၆ တန်းပေါ့ အဲဒီတုံးကတော့ မကိပြောသလို အိုးထိန်းစက်လို ချာချာလည်မူးတာ ဖွားကိရေ ဟီးးး ခုတော့ မူးတော့ပါဘူး ခေါင်းပဲ ကိုက်တော့မယ် ဟက်ဟက်
မကွိစ်ရေ.....
မေမေလည်း.... အဲ့သလိုမူးတတ်တယ်လေ.....။
ဝေမျှပေးတာကျေးဇူးဗျာ.....။
လေ့ကျင့်ခန်းလုပ်နည်းလေးလည်း မှတ်သွားတယ်......။
ခင်မင်တဲ့
ဏီလင်းညို
မမကိကိရေ....
ညီမလေးရဲ့ မေမေက မူးတတ်တာမှ အမူးရောဂါလိုမျိုးကို ဖြစ်နေတာ....တစ်ခါတစ်ခါ ဝေဒနာ အရမ်းဆိုးရင် သိပ်သနားစရာကောင်းတာပဲ။ ခေါင်းကို ဟိုဘက်ဒီဘက်တောင် မစောင်းနိုင်ဘူး။ ဒီပိုစ့်လေးကို မေမေ့ကို ပြန်ပြောပြရမယ်။
ကျေးဇူးအထူးပါ မမကိကိရေ....
ဂျင်ဂျင်း
ဗီဒီယိုဖိုင်လေးပါ ကြည့်လိုက်ရတာ ပိုရှင်းသွားသလို သေသေချာချာလည်း မှတ်မိ သွားပြီ။ တခါတရံ မူးတာမျိုး ဖြစ်လာခဲ့ရင် ဒီနည်းလေးအတိုင်း လုပ်မယ်။
ကျေးဇူးပါမကီရေ။ တကယ် တန်ဖိုးရှိတဲ့ ပို့စ်လေးပါ။
မူးချင်လို့ သောက်ကြတယ်။ အမူးပြေတော့ထပ်သောက်။
မူးပြီး အိမ်ပြန်ရင် လမ်းမှာ အမူးပြေတတ်လို့ One for the Road လုပ်ပြီးမှ အိမ်ပြန်။ (မူးတာခြင်း မတူတာပြောပါတယ် ဟီးဟီး)
ကိရေ.... တို့ကတော့ ကွမ်းသီးစိတ်စားပြီးမူးဘူးတယ်... တော်တော်ခံရဆိုးတယ်... အဲတာကရော ဘာကြောင့်လဲဟင်... နားထင်နားရင်းတွေ ထူပူပြီး အော်ဂလီဆန်ပြီး... ခေါင်းလဲ မထူနိုင်ဘူး.... ကြောက်စရာတော်တော်ကောင်းတယ်....
ကျေးဇူးခိခိရေ... မသောက်ဘဲနဲ့မူးမူးနေတတ်တာ... ဒီနည်းလေးစမ်းကြည့်ဦးမယ်
မကိရေ
ချာချာလည် မူးတယ် သောက်တာ များသွားလို့..
စတာမဟုတ်ဘူး တကယ်
ဗဟုသုတရစရာတွေအတွက် ကျေးဇူးတင်တယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အသက် အရွယ် ထောက်လာရင် ဖြစ်တော့ မဲ့ 
လက္ခဏာ တွေ ထင်ပါတယ်။
သက် သာ အောင်တော့  လုပ်ကြည့် ရမယ် အမ ရေ...
ခေါင်ရည်မူးရင်ရောဒီနည်းနဲ့ ဖြေရင်ရမလား..
ဝက်ပြောတာ ရွှေပြည်ပြန်သွားတယ်ဆို..
သိတောင် မသိလိုက်ရ..
စိတ်မကောင်းလိုက်တာ..
မီးမလာ ရေမလာနဲ့ တွေ့တော့မှာဘဲ..း)
ဒီပိုစ့်လေးအတွက် ကျေးဇူး မကိရေ..
ပျော်ရွှင်အဆင်ပြေပါစေနော်...
မကိရေ..
မသောက်ပဲ မူးမူးနေတတ်တာနဲ့ ဘာလုပ်ရမှန်းမသိတော့ မူးရင်အိပ်တော့တာပဲ။ သူငယ်ချင်းတွေကတောင် နောက်တယ်။ “မူးရင် သွားအိပ် လာမရစ်နဲ့”တဲ့.း)).။
ဒီပိုစ်အတွက် ကျေးဇူးအများကြီးတင်တယ် သိလား။ ဗဟုသုတ အများကြီးရတယ်။
ဒေါ်ကိ ကျနော့်မေမေက ခဏခဏမူးတတ်လို့ ဒီပိုစ့်လေးကို ကူးပြီးပို့ပေးခဲ့ပါတယ် ဒေါ်ကိကို အထူးပဲကျေးဇူးတင်ပါတယ်.ကျနော်လဲခဏခဏ မူးတတ်ပါတယ် ဒေါ်ကိနည်းနဲ့ဆို အမူးမြန်မြန်ပြေပြီးပိုက်ဆံပိုကုန်မှာမို့ မလုပ်တော့ပါဘူး..ဟဲ
how are you I was luck to find your theme in digg
your subject is fine
I obtain a lot in your topic really thank your very much
btw the theme of you site is really admirable
where can find it
စာဖတ်တာ ရွှေစင်ဦး အတွက်တော့ အလကားများဖြစ်နေပြီလား နှစ်ခါ ဖတ်မှ (ကိုယ်ဖြစ် မှ) သိတော့တယ် မကိရေ
ဆေးစာ ဖြစ်နေလို့ပါ ... ဒါပေမဲ့ မကိ နဲ့ တခုခု ပတ်သက်မှန်း တော့ သိတယ် မကိကို မေးမယ် မေးမယ် နဲ့ ဆေးခန်းမပြသေးဘဲနေတာ နောက်မှ ကိ နဲ့လည်း မတွေ့ အလုပ်လည်း ရှုတ်နေတာနဲ့ ကြာသွားတာ ကျေးဇူး အကြီးကြီး တင်ပါတယ် မကိရေ
ချစ်အမကြီး
မဇင်
.
Post a Comment