အပြိုင် အဆိုင် အနိုင် ဆိုတဲ့ ခေတ်ကြီးမှာ တဦးထက်တဦး ထူးရလေအောင် ၊ တမျိုးထက်တမျိုး မရိုးရလေအောင် ၊ယှဉ် ပြိုင်နည်းတွေ စုံလို့ပါပဲ ။အကြီးဆုံး ၊ အသေးဆုံး၊ အရှည်ဆုံး၊ အမြင့်ဆုံး၊ အပုဆုံး၊ အလှဆုံး၊ အဝဆုံး..စသဖြင့် ဆုံး တကာ့ ဆုံး တွေ ပြိုင်ကြလေတယ် ။
ု“ငရုပ် ( ငြုပ် ) ဆို စပ်မှ ၊ တရုပ်ဆို ကပ်မှ” ။ မပူ မစပ်ရင် ငြုပ် လို့  မဆိုနိုင် သလို ကပ်တီးကပ်ဖဲ့ မလုပ်တဲ့သူကို တရုပ် လို့  မခေါ်နိုင် လောက်ပါဘုး ။( တရုပ်တွေကြားထဲ အနေများလာတော့ ဒီလိုပဲ မြင်မိပါတယ်၊ ကိုယ်တိုင်လည်း ကပ်တီးကပ်ဖဲ့လုပ်၊ ကပ်သီးကပ်သပ်ပြောနဲ့ ပေါ့ ) ။ ခုခေတ်မှာ မစပ်သောငြုပ် ၊ ချိုသောငြုပ် များ ၊စိမ်းပွပွ ငြုပ်ချိုများ ရှိပါတယ် ။သူ့ကိုတော့နာမယ်သာ ငြုပ် တွင် ပေမဲ့ ငြုပ် စာရင်းထဲ့ မထဲ့ချင်လှပါဘူး။ငြုပ်သီးစားမှတော့ စပ်မှာမကြောက်နဲ့ပေါ့နော် ။( ခွေးဖြစ်မှတော့ ဟိုဒင်းမကြောက်နဲ့ ဆိုသလို ... )။
ဟိုးအရင် ငယ်ငယ်တုံးက ထင်ခဲ့တာ အိန္ဒြိယ လူမျိုးတွေပဲ အစပ်စားနိုင်ကြတယ် လို့လေ။ ခုတော့ အသားနီစပ် ရွှေရောင်ဆံပင် တွေ လည်း စပ်တကာ့ စပ်တာတွေ စားနိုင်ကြပေတာကိုး လို့ အသိတမျိုးတိုးရပြန်ပါပြီ ။
ဘာတဲ့..တနေ့ က သတင်းထဲမှာ ကြားလိုက် တွေ့ လိုက်ရတာ.အစပ်ပြိုင်တာ တဲ့။ အစပ်ဆုံး ငြုပ် တဲ့လေ ။အစပ်စားနိုင်တဲ့သူ အစားနိုင်ဆုံးသူ ပြိုင်ပွဲတွေက သပ်သပ်ပါ ။ ခုဟာက ကမ္ဘာ အစပ်ဆုံး ငြုပ် ကို စမ်းသပ်တာပါ ။
အစပ်တိုင်းတဲ့ စံညွှန်းယူနစ် ကို (SHU = scoville heat units) လို့ ခေါ်ပြီးဓါတုဗေဒနည်း နဲ့ ဓါတ်ခွဲစမ်းသပ်ထားတဲ့ စံညွှန်းပါပဲ ၊
ယခုလောလောဆယ်မှာ ကမ္ဘာ့ အစပ်ဆုံး ငြုပ် အနေနဲ့ သြစတြေးလျနိုင်ငံ မှာ စိုက်ပျိုးထားတဲ့ Trinidad Scorpion Butch T Chilli က 1,463,700 SHU ဖြင့် စံချိန်တင်သွားနိုင်ခဲ့ပါတယ်။
အရင်က အစပ်ဆုံးစံချိန်တင်ထားတဲ့ Naga Viper pepper ကတော့ 1,382,118 SHU နဲ့ နောက်ကောက်ကျသွားပါပြီ ။
ဘာဘီကျူးဆိုင်၊စားသောက်ဆိုင်တွေ အိမ်တွေမှာ အသုံးများ ကြတဲ့ Tabasco sauce (HP Sauce ) တွေမှာတော့ အစပ်ယူနစ် 30,000–50,000 SHU သာ ပါရှိပါတယ် ။ အဲ့ဒီ Tabasco sauce ၂ ပုလင်းကို စက္ကန့် ၃၀ အတွင်းကုန်အောင်သောက်ပြ နိုင်သူတယောက်ရဲ့ ဗီဒီယို ဖိုင်က ဒီမှာ ရှိပါတယ်။
အစပ်စားနိုင်တဲ့သူများရှိသလို (လုံးဝ)မစားနိုင်သူများ လည်းရှိကြတော့ မကြာခင်လေးတင်က လွမ်းလိုက်ရတဲ့ ရွှေသင်္ကြန် နဲ့ မုန့်လုံးရေပေါ် ထဲမှ ငြုပ်သီးထဲ့ပြီး အချင်းချင်းစကြ နောက်ကြတာတွေ ပြန်တွေးမိလိုက်ပါသေးတယ် ။ ငြုပ်သီးမိပြီး ရှူးရှူးရှဲရှဲ ဖြစ်နေသူများကိုကြည့်ပြီး ရယ်ကြ ပျော်ကြတာတွေ ရောပေါ့။
အစပ်စားသူ ကြိုက်သူ များ အဖို့ တော့ အစပ်မပါရင် ထမင်းစား မမြိန်ဘူး လို့တောင်ထင်ကြသေးတယ်။ မကြိုက်သူများကလည်း အစာအိမ်ထိခိုက်မယ်၊ လိပ်ခေါင်းထွက်မယ် ဆိုပြီး အစပ်ဆို ဝေးဝေးက ရှောင်ကြတယ်ပေါ့။
တကယ်ဆိုရင်တော့ ငြုပ်သီးမှာလည်း ကောင်းနိုးရာရာလေးတွေ ရှိပါတယ် ။ ဗီတာမင် နဲ့ သတ္တုဓါတ်များစွာပါတဲ့ အတွက် အဟာရ ဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ပမာဏ အတိုင်းအဆနဲ့ ချင့်ချိန်စားသုံးပါက အကျိုးရှိနိုင်ပါတယ် ။ သူ့ မှာ ပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အတိအကျ ပြောရမယ် ဆိုရင် ငြုပ် ၁၀၀ ဂရမ် မှာ ပါဝင်တဲ့ တနေ့ တာ သတ်မှတ်ချက်ရာနှုန်းတွေ(in % of Recommended daily allowance) မှာ-
ဗီတာမင် စီ(Ascorbic acid) -၂၄၀ %
ဗီတာမင် ဘီ ၆ (Pyridoxine)- ၃၉%
ဗီတာမင် အေ - ၃၂ %
ဗီတာမင် ကေ-၁၁.၅%
ဗီတာမင် အီး- ၄.၅%
သံဓါတ် - ၁၃%
ကြေးနီဓါတ် ( copper ) ၁၄%
ပိုတက်စီယမ်( potassium) ၇% စသဖြင့် ပါဝင်ပါတယ်။
ဒီဓါတ်တွေဟာ သွေးကြော၊ အရေပြား၊ အာရုံကြော၊ အရိုး၊ ခန္ဓာကိုယ်အင်္ဂါ တည်ဆောက်မှု ၊ခိုင်မာမှု ၊ ဓါတ်တိုး ဓါတ်ပြုမှု တို့ အတွက် မရှိမဖြစ်အရေးကြီးပါတယ်။
ုငြုပ် ၁၀၀ ဂရမ်စားရင် စွမ်းအား ၄၀ ကီိလိုကယ်လိုရီ Kcalရမှာ ဖြစ်ပြီး ၊အဟာရ ရာနှုန်းအနေနဲ့
ကစီဓါတ် ၇ % ၊ အသားဓါတ် ၃ % ၊ အဆီဓါတ် Total Fat ၂ % ၊ အမျှင်ဓါတ် ၃% ၊ ပါဝင်ပြီး
အများကြောက်ကြတဲ့ ကိုလက်စထရော (လုံးဝ) မပါဝင်ပါဘူး Cholesterol -0% ပေါ့ ။ ဒါကြောင့် တချို့ က ယူဆကြတယ်။ ငြုပ်သီးစားရင် ပိန်တယ် တဲ့ ။ ငြုပ်စားပြီးဝိတ်ချ နိုင်တယ်တဲ့ ( ငြုပ်သီးချည်း စားပြီး ဝိတ်ချဖို့  ဆိုတာကတော့ မဖြစ်နိုင်ပါဘူး လေ၊အဟာရ မျှတအောင်တော့ တခြား အစားအစာ တွေနဲ့ တွဲဘက်စားသုံးရမှာပါ) ။( ထမင်းတလုပ်၊ ငြုပ်သီးစိမ်း တကိုက်၊ ဆားနဲ့ တို့ ပြီး စားလေ့ရှိကြတဲ့ အိန္ဒြိယလူမျိုးများ ၊ အများအားဖြင့် ပိန်ပိန်ပါးပါး ဖြစ်နေကြတာ အာဟာရ ချိုတဲ့တာကြောင့်လား၊ ကိုလက်စထရော မပါတဲ့ ငြုပ်ကြောင့်လား ဆိုတာလည်း စဉ်းစားစရာပါပဲ )။
အဆီကျအောင်၊ ပိန်အောင် လိမ်းကြတဲ့ ခရင်(cream) တွေမှာလည်း ငြုပ်ဓါတ်ကို ထဲ့သွင်းအသုံးပြုကြတာတွေရှိပါတယ်။ ငြုပ်ရဲ့ အပူဓါတ်က အဆီကို ခြေဖျက်နိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း၊ လှချင်လွန်း၊ အဆီချချင်လွန်းလို့ အဲ့ဒီ ခရင်တွေ အလွန်အကျွံလိမ်းပြီး အရေပြားအပူလောင်သွား၊ အလာဂျီဖြစ်သူများလည်း အများကြီးရှိလို့ သတိပြုဖို့ လိုပါတယ်။တချို့များဆို ဗိုက်သားပြင် အဆီခေါက်ပေါ်မှာ ခရင်တွေလိမ်းပြီး အပူဓါတ် ကြာကြာထိန်းထားနိုင်အောင် ဆိုပြီး ပက်ကင်လုပ်တဲ့ပလပ်စတစ်ပါးပါးလေးတွေ အထပ်ထပ် ပတ်ပြီးအကြာကြီး ထားတော့ အထဲမှာ ချွေးပျံ ပြီး အရေပြားတွေ မီးလောင်ဖုလို ထွက်လာ၊ အနာတွေဖြစ်ကြတာလည်း ရှိပါသေးတယ် ။
ထို့နည်းတူစွာပဲ ငြုပ်အပါအဝင် အပူ အစပ် တွေ အလွန်အကျွံ စားသုံး မိရင်တော့ အာခံတွင်း၊လည်ချောင်း၊ အစာအိမ်အူလမ်းကြောင်း နံရံ ယောင်ယမ်း အနာဖြစ်ခြင်း၊ များ ဖြစ်စေတတ်ပါတယ်။
ဒါ့အပြင် ငြုပ်သီးထဲမှာ ပါတဲ့ မှိုတမျိုး aflatoxin (fungal mold)ကြောင့် အသည်း ရောဂါ (ကင်ဆာ)လည်း ဖြစ်စေနိုင်တာ မို့  မှို မတက်တဲ့ငြုပ် ကို ရွေးချယ်စားသုံးဖို့ ၊ ရေဖြင့်စင်ကြယ်အောင်ဆေးဖို့ အရေးကြီးပါတယ် ။
--------------------------------------------------------------------------------------------------------
သြစတြေးလျမှာ စိုက်ပျိုးထားတဲ့ ကမ္ဘာ့ အစပ်ဆုံး Trinidad Scorpion Butch T Chilli ငြုပ်ပင် နဲ့ ငြုပ်သီးများ
(အော်ဇီတွေစားပြတဲ့ ငြုပ်သီးစပ်စပ် )။ တခြား ဗီဒီယို ဖိုင်တခုထဲမှာ တော့ ငြုပ်သီးအစပ်လွန်လို့ နှုတ်မထိန်းနိုင်ပဲ ..S** t တွေ ၊ F** k တွေ ပြောတဲ့အထိ ရုပ်ပျက်ဆင်းပျက်ပါပဲ။
---------------------------------------------------------------------------------
အချပ်ပို @ -
ပြိုင်စရာ ရှားလို့ အစပ်ချင်းပြိုင်ကြတာတွေ တွေ့ လိုက်ရတော့၊ အညစ်ပြိုင်ပွဲကြီး ကျင်းပပေးမယ်ဆိုရင် ခေသူမဟုတ်သော ရွှေပြည်ကြီး မှ လူတစုက ကမ္ဘာ့ စံချိန်တင်နိုင်မယ်လို့  ထင်မိတယ် ။ထင်တာ မဟုတ် ။ သေချာပေါက် အပြတ်အသတ် ပက်ပက်စက်စက် ကို အနိုင်ရမှာပါပဲ ။
Ref:
-http://thepepperseed.com/peppers/the-worlds-hottest-chilli-pepper-trinidad-scorpion-butch-t/
-http://www.nutrition-and-you.com/chili-peppers.html
ဝမှာကြောက်သော အလှကြိုက် ခေတ်မှီ ပျိုပျို ကိုကို ဦးဦး ဒေါ်ဒေါ်တို့  ၊ အဆီတထပ် အသားတထပ် ဝက် ကြက် ဘဲ အမဲ သားများ ကို ရှောင်ကွင်းပြီး အဆီနဲနဲ အသားများများ တွေကို ရွေးချယ် စားသုံးလေ့ရှိကြပါတယ် ။ အဲ့ဒီ အဆီမထူအသားတွေက အဆင်းလှ အမြင်လှ သလို ဈေးတွေ လည်း ပိုလှကြပါပေတယ် ။ ဈေးကြီး မှ အကောင်းထင်သူအကောင်းကြိုက်တွေ အတွက် စိတ်တိုင်းကျ စေဖို့ တနည်းအားဖြင့် ရောင်းအား သွက်စေဖို့  ၊ စီးပွားရေးသမားတွေကလည်း ကြံဖန် ကြိုးစားပေးကြတယ် ။ဒါတွေရဲ့ နောက်ဆက်တွဲ အကြောင်းအရာလေးများကို သိချင်သပ ဆိုရင်တော့.....
ဟိုးယခင်တည်းက ကြက် မွေးမြူရေးလုပ်သူတွေဟာ ကြက်တွေ ကြီးထွားနှုန်းမြန်အောင် ၊ အသား တိုးအောင် ဆိုပြီး ဟော်မုန်းပါတဲ့ဆေးတွေ ကို အစားအစာထဲ ထည့် ကျွေးကြတယ် ။ ဟော်မုန်းဆေးတွေ ထိုးပေးကြတယ် ။ဒီတော့ အချိန်တိုတို အတွင်းမှာပဲ ဒီကြက်တွေ ကြီးထွားလာကြလို့  ဈေးကွက် မြန်မြန်ပို့  ၊ ငွေ မြန်မြန်ပေါ် ၊ များများ မြတ်ကြတာပေါ့ ။ စီပီကြက်ခေါ်တဲ့ မွေးမြူရေးကြက်တွေ လှမှလှ ၊ ဒါပေမဲ့ အသားက ပွစိစိ ၊အချိုဓါတ်က ပေါ့ရွှတ်ရွှတ်၊ အရေခွံအောက်မှာ အဆီတွေ ခပ်ထူထူ နဲ့ ၊စားလို့ တော့ သိပ်မကောင်းလှ ။အရသာ ပိုမချိုပေမဲ့ ရောင်းဈေးက အိမ်ကြက် တွေနဲ့စာရင် ပိုချို တော့ ဒီ စီပီကြက်တွေမွေးတာ ခေတ်စားလာတယ် ။ ကြက်ကြော် (fried chicken) ဆိုင်တွေလည်း ခုဆို တနေ့ တခြား ပိုများလာပြီး စီပီကြက်တွေရဲ့  အရေးပါမှုက ကြီးထွားလာခဲ့တယ် ။ဒီလိုကြက်ကြော်တွေ အစားများတဲ့ ကလေးသူငယ်အများစုဟာ အဝလွန်ခြင်း နဲ့ အရွယ်မတိုင်မီ ရင်သားကြီးထွားခြင်း၊ အသက်ငယ်ငယ်ဖြင့်ပင်( မိန်းကလေးများကအသက် ၈ နှစ်၊ ယောကျာင်္းလေးများက အသက် ၉ နှစ် မတိုင်မှီ) အရွယ်ရောက် လက္ခဏာများရှိလာခြင်း precocious puberty(လူပျို၊အပျို ဖြစ် မြန်လာခြင်း) တို့ တွေ့ ကြုံလာကြရပါတယ်။
ဒီပုံကတော့ အသားတိုးဆေးသုံးထားတဲ့ ဘဲငန်း ( ဘယ်ဘက်ခြမ်းမှ ) နဲ့ ဆေးမသုံးထားတဲ့ ဘဲငန်း (ညာဘက်ခြမ်းမှ ) တို့ ကို ယှဉ်ပြထားတာပါ ။ညာဖက်ခြမ်းက ဘဲငန်း ရင်အုပ်မှာ အရိုးငေါငေါ ထွက်နေပါတယ်။ဘယ်ဘက်ခြမ်းကတော့ အသားဆူဆူဖြိုးဖြိုးရှိပါတယ်။
နောက်ပိုင်းကျတော့ ကျန်းမာရေးအသိတွေ ပိုများလာတယ် လို့ ပဲ ယူဆရလေမလား ။ စီပီကြက် ကို စားတဲ့အခါမှာ အရေခွံတွေ ဖယ်ပြီး နွှာပြီးစားတဲ့သူတွေလည်း များလာတယ်။ အသားနဲပေမဲ့ အရသာ ရှိပြီး အဆီ နဲတဲ့ အိမ်ကြက်တွေ ကိုပဲ ဈေးပိုကြီးပေမဲ့ စားသံုးတဲ့သူတွေ လည်းရှိပါတယ် ။
ထို့ နည်းတူစွာပဲ ဝက်ရဲ့  အရေးပါမှု ၊ အရောင်းသွက်မှု ဟာ လည်း အဆီ နဲ များ ပေါ်တည်ပြီး ဈေးကွက်မှာ ကွာသွားကြတယ် ။ အသားတိုးဝက်တွေ ပိုမွေးလာကြတယ် ။ ဒါပေမဲ့ ဝက်စာ ကြက်စာ ဈေးတွေကလည်း ဒီရေလို တဖြေးဖြေး မြင့်လာတာမို့ ဈေးသက်သာမဲ့ အရာတွေ အစားထိုး ကျွေးလာကြတယ် ။ အဆီ နဲ ပြီး အသားတိုးစေဖို့ ( Lean mass များစေဖို့  ) ဝက်စာကြက်စာ တွေထဲ ဆေးတချို့ ကို ထည့်သွင်း ရောနှော လာကြတယ်။ ဒီဆေးတွေ ထဲမှာ အသုံးများတာ တွေကတော့ Salbutamol နဲ့ Ractopamine ဆိုတဲ့ဆေးတွေပါပဲ ။
အဲ့ဒါ ဘာဆေးတွေလည်း ဆိုတော့ ပန်းနာရင်ကျပ်ရောဂါ မှာ သုံးရတဲ့ လေပြွန်ကျယ်စေတဲ့ ဆေး ( Bronchodilator-beta agonist )တွေဖြစ်တယ်။Salbutamol ကို Ventolin အနေနဲ့ လူသိများပါတယ် ။ Ractopamine ကိုတော့ ခုနောက်ပိုင်းမှာ ရင်ကြပ်ပန်းနာလူတွေအတွက် အသုံးမပြုကြတော့ပါဘူး ။ ( လူတွေမှာ မသုံးပဲ တိရစ္ဆာန်တွေ အစားအစာမှာ ထဲ့သုံးဖို့တော့ ခွင့်ပြုထားတဲ့နိုင်ငံများ ရှိတာကြောင့် တိရစ္ဆာန်အခွင့်အရေး ( Animal rights ) ကို အလေးထားသူတချို့ကလည်း ဒီဆေးနဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်မှုများ ရှိလာပါတယ်။
တကယ်လို့ ဒီဆေးတွေ ကို အသားတိုးဆေးအနေနဲ့ သုံးထားတဲ့ ကြက်၊ဘဲ၊ဝက်၊အမဲ စတဲ့ အသားများကို အတိုင်းအတာတခုထက် လွန်ကဲစွာ စားသုံးမိသူတွေမှာ ၊ ရင်တုန်၊ နှလုံးခုန်မြန်၊ သွေးပေါင်ချိန်တက်၊ မောပန်း၊ အသက်ရှုမဝ၊ နားအူ၊ ခေါင်းမူး၊ခေါင်းကိုက်၊ ရင်ဘတ်အောင့်၊ရင်ပူ၊ စိတ်လှုပ်ရှားလွန်၊စိတ်ဂနာ မငြိမ်ဖြစ်၊ အစာမကြေ၊ပျို့  အန်၊ဝမ်းလျှော၊ ခန္ဓာကိုယ်တခုလုံး မအီမသာဖြစ်၊ကြွက်တက်၊ ကြွက်သားများ အလိုအလျှောက် တဆတ်ဆတ်တုန်ခါ၊ အိပ်မပျော်၊ ချောင်းဆိုး၊ လည်ချောင်း တစ်ဆို့ဆို့ ဖြစ်၊ နှာခေါင်းသွေးယို၊ အစရှိတဲ့ လက္ခဏာ များ ဖြစ်ပေါ်လာတတ်ကြပါတယ် ။ ဆိုးဝါး ပြင်းထန်ပါက အသက်ရှုကြပ် ၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး အသက်ဆုံးရှုံးစေပါတယ်။
Salbutamol ကြောင့်ဖြစ်တဲ့ ဘေးထွက်လက္ခဏာတွေက Ractopamine ထက် အဆ တစ်ရာမျှ ပိုပြင်းထန်ပါတယ် တဲ့။ ဒီဆေးတွေက အပူချိန်အတော်များများထိ ခံနိုင်ရည် ရှိတာမို့  အသားကို ကျက်အောင်ချက်ပေမဲ့လည်း ဆေးအာနိသင်တွေ ပျောက်သွားဖို့  သိပ်မလွယ်ကူကြောင်းလည်း သိရပါတယ် ။
ဒီဆေးတွေ ပါတဲ့ အသားကို ဘယ်လောက်အတိုင်းအတာထိ စားမိရင် ဒီလိုဖြစ်နိုင်သလည်း ဆိုတာကတော့ တနိုင်ငံနဲ့တနိုင်ငံ သတ်မှတ်ထားတဲ့ စံညွှန်းချင်း မတူကြပါဘူး။
ဥရောပနိုင်ငံအများစု၊ တရုပ် နဲ့  ထိုင်ဝမ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆၀ မှာတော့ ဒီလိုဆေးတွေကို အသားတိုးဆေးအနေနဲ့ သုံးတာကို တရားဝင် ခွင့်ပြုမထားပါဘူး။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံကြီး ၂၆ နိုင်ငံ ( အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင် စသည်တို့  အပါ အဝင် ) မှာ တော့ Ractopamine ကို အသားတိုးဆေး အဖြစ် အတိုင်းအတာ တခု ထိ ခွင့်ပြုထားပါတယ်၊ ဥပမာ - မလေးရှားနိုင်ငံမှာ အသား အမျိုးအစားကို လိုက် ပြီး ၁၀ မှ ၉၀ ppb ထိ ပါဝင်မှု ကိုအန္တရာယ် မဖြစ်စေနိုင်ဘူးးလို့ သတ် မှတ်ခွင့်ပြုထားပါတယ် ။အကြောင်းကတော့ ဒီဆေးရဲ့ သွေးထဲမှာအာနိသင်ရှိစေတဲ့ အချိန်အတိုင်းအတာ က ၄ နာရီမျှသာရှိလို့ အချိန်တိုအတွင်း မှာ ပြင်ပကို စွန့်ပြစ်စေနိုင်တဲ့ အတွက်ကြောင့်လို့  ဆိုပါတယ် ။ ဒါပေမဲ့ ဒီဆေးတန်ဘိုးက ပိုကြီးမြင့်တဲ့ အတွက် တရားဝင် ခွင့်ပြု မထားတဲ့ ၊ ဈေးသက်သာစေတဲ့ ဆေးမျိုးကို အစားထိုး သုံးစွဲလာကြတာ တွေ့ ရပါတယ်။ အဲ့ဒါအတွက် ဥပဒေ အရ ထိုက်သင့်သလို အရေးယူ ထိန်းချုပ်မှုတွေ လုပ်နေရပါတယ်။
၂၀၁၁ နှစ်ဦးပိုင်းက ထိုင်ဝမ်နိုင်ငံမှာစားသုံးဖို့ အမေရိကန်နိုင်ငံမှ တင်သွင်းလာတဲ့ အမဲသား ၂၂၈ ကီလို ကို ကျန်းမာရေးဌာန က ဓါတ်ခွဲစစ်ဆေးကြည့်ရာ မှာ အသားတိုးဆေး (瘦肉精)အဖြစ်သုံးထားတဲ့ Ractopamine(培林) ၅ ppb( 5 parts per billion ) ပါဝင်နေကြောင်းတွေ့ရတဲ့ အတွက် ဒီအသားတွေကို ရောင်းချဖို့  ခွင့်မပြု ခဲ့ပါဘူး။
တချို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေတဲ့ အတွက် ၊ သတ်မှတ်ချက် အတိအကျ လုပ်ဖို့ အခြေအတင်ဖြစ်ရာမှာ တတ်ကျွမ်းသူတွေ ပြောကြားချက် အရတော့ ၆၀ ကီလိုအလေးချိန်ရှိသူ လူတဦးဟာ အသားတိုးဆေး ၁ မှ ၂ ppb ပါတဲ့ အသားကို တနေ့မှာ ၃၀ ကီလိုမှ ၆၀ ကီလို ထိ ကာလရှည်စွာ စားသုံးမှသာလျှင် ဘေးဥပါဒ် ဖြစ်စေနိုင်တယ် လို့  ပြောပါတယ်။ ဒီတော့ ကာလအတိုင်းအတာ ဘယ်လောက်ထိ စားမှလည်းဆိုတာ သေချာ မတိကျ သလို၊ လူတယောက်က သူ့ ခန္ဓာကိုယ် အလေးချိန် တဝက်လောက်ရှိတဲ့ အသားတွေကို ဘယ်လိုနည်းနဲ့ စားဖြစ်မလည်း ဆိုတာ ကလည်း မရေ မရာ ဖြစ်နေပါသေးတယ်။
လှတာချည်းပဲ ရွေးစားမလား၊ ဘယ်လိုအသားမျိုးစားမလည်း၊ ယှဉ်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။
ရောင်းမကောင်းတဲ့ ဈေးသည်ခမျာမှာ တော့..
ဒီတော့ အသက်ကို ဥာဏ်စောင့် ဆိုသလို ၊ အဆီမပါ အသားလှလှ များ စားသုံး အပြီး အထက်မှာ ပြောထားတဲ့ ၊ လက္ခဏာများ တမျိုးမျိုး ခံစားလာရပါက၊ အသိနဲ့ယှဉ်ပြီး အချိန်မနှောင်းစေပဲ တတ်ကျွမ်းသူ ဆရာဝန် ကျန်းမာရေးဝန်ထမ်းများ နဲ့ ပြသ ကုသမှု ခံယူသင့်ပါတယ် ။ လှတာမက်တော့ ညစာခက်မဲ့ အဖြစ်မျိုးမှ လွတ်ကင်းအောင် သတိနဲ့ ယှဉ်ပြီး ရွေးချယ် စားသောက်နိုင်ကြပါစေ။
Reference ။ ။
http://tw.nextmedia.com/applenews/article/art_id/33114941/IssueID/20110115
http://en.wikipedia.org/wiki/Ractopamine
http://www.ansc.purdue.edu/swine/porkpage/nutrient/paylean/ractopamine/sld001.htm
http://thestar.com.my/health/story.asp?file=/2006/11/5/health/20061105091851&sec=health
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်၊ တန်ခူးအတာ သင်္ကြန်ချိန်လွန်မြောက်လို့  တနှစ်ကူးခဲ့ပြန်ပါပြီ၊ ၁၃၇၃ ခုနှစ် မြန်မာသက္ကရာဇ် နေ့ သစ် ၊ နှစ်သစ် မှ စ၍ ၊ မြန်မာနိုင်ငံသူ နိုင်ငံသား ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အပေါင်းတို့ ၊ ဘေးဘယာ ဝေးကွာ ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စွာဖြင့် မိမိတို့ ခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ လို့  ဦးစွာ ဆုတောင်း မေတ္တာ ပို့အပ်ပါတယ် ။
နှစ်သစ် မှာ ၊ ကိုယ့် အဖြစ် တောင် ကိုယ်မသိ ဖြစ်ခဲ့မိလို့  ကိုယ့်ဘလော့ အိမ်ပျောက်နေမှန်း မသိ လို့  ခုလို နောက်ကျ သွားရတဲ့ ဆုတောင်း လေးအတွက် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရပါတော့မယ်။
နှစ်ဆန်းတရက်နေ့က မရွှေစင်ဦး မေးလာမှ သိရတဲ့ အဖြစ်ပါ ။ နဂို ရှိနေတဲ့ ဘလော့လိပ်စာ www.kiki-idiotlove.com ရဲ့ ဒိုမိန်းက ဒီ ဧပြီလ ကုန်မှာ သက်တန်း ပြည့်ပါမယ်၊ ဒါကို ဆက်မထားလိုတော့လို့ ( အမှန်ဆုံး ပြောရရင်တော့ ဘလော့မှန်မှန်ဆက်ရေးဖို့  သိပ်မသေချာတော့တာမို့ ပိုက်ဆံ ထပ်မပေးလို၍- )အလကားသုံးရတဲ့ www.kiki-idiotlove.blogspot.com ကိုပဲ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဒိုမိန်း ဝယ်တဲ့နေရာက ရေးထားချက်တခုက အကယ်၍ ဆက်မသုံးပါက သတ်မှတ်ရက်လွန်သွားရင် နဂို ရှိရင်းစွဲ ဘလော့ ပျက်သွားနိုင်တယ် လို့  ဆိုထားတာကြောင့် ဘလော့စပေါ့ သို့  အရင် ပြောင်းနှိပ်မိလိုက်ပါတယ်။ ( ကိုယ့်ဘလော့လေး သံယောဇဉ်က ရှိနေသေးတာကိုး... ) ဒါကြောင့် နဂို ဒေါ့ ကွန်း မှ နေပြီးတော့ ဘလော့စပေါ့ ဖြစ်သွားတာ ကိုယ့်ဟာကိုယ်လည်း သတိမထားလိုက်မိပါဘူး ။
သင်္ကြန်တွင်း မှာ လည်း ဖဘ(facebook ) မှာပဲ ပျော်ရွှင်စွာ သင်္ကြန်ကျနေမိတာကြောင့် ဘလော့ အိမ်များနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။
နှစ်ဆန်းတရက်နေ့ ။ ။ မရွှေစင်ဦး မေးလာတော့ မှ အလန့်တကြား နဲ့ ကိုယ့်ဘလော့ ကိုယ်ဘယ်အပေါက်ကဝင်ရမှန်းမသိ ။နောက်ဆုံးတော့ မှ ဟိုနှိပ် ဒီနှိပ် နဲ့ ဘလော့စပေါ့ ပြောင်းနေမှန်း သိလိုက်ရတယ်။ ဒါနဲ့ ကိုဇော် ဆီ အပူကပ်ပြီး ဘလော့လိပ်စာလေး ပြန်ပြောင်းတင်ပေးပါ လို့ လှမ်းအော်မိပါသေးတယ်။
သူလည်း ပြောင်းတင်ပေးပါတယ်။ အဲ့ဒီနေ့ က ချက်ချင်းပြောင်းတင် မရလို့  နောက်နေ့မှ တင်ပေးမယ် ဆိုတော့ အိုကေ ပေါ့လေ.. ကျုပ်ကျက်လိ လိုက်ပါ ပေါ့ ။
ဒီနေ့ တော့ ကိုဇော်ဆီက မက်ဆေ့ခ်ျ တွေ့လိုက်တယ်။ ဘလော့စပေါ့နဲ့ လင့်ပြန်ချိတ်လို့ လဲ မရ ဘူး တဲ့။
ဒီတော့ ဘယ်လိုလုပ်ရမှန်းမသိ။။
ဒါ နဲ့ ပဲ လောလောဆယ်မှာ ဒေါ့ကွန်း နဲ့ ပဲ ဆက်သုံးနေပါတယ်...
မကြာမီ ရက် ပိုင်း အတွင်းမှာ တော့ ဒီ “ဒေါ့ကွန်းကြီး ”ပျောက်ကောင်း ပျောက်သွားပါလိမ့်မယ် ။
ပျောက်သွားခဲ့ရင်တော့ .. www.kiki-idiotlove.blogspot.com အဖြစ်နဲ့  အော်တိုဝင်၊ မဝင်တော့ မပြောတတ်သေးပါ။
တကယ်လို့  အော်တို မဝင်ခဲ့ပါက ချစ်မိတ်ဆွေများရဲ့ အိမ်မှာ ချိတ်ထားပေးတဲ့ အကျွန်ုပ် ရဲ့ ဘလော့စပေါ့ လိပ်စာလေးကို ပြောင်းပြီး ချိတ်ထားပေးကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။ မိတ်ဆွေများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရင် လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
အလှထူးတဲ့ လတန်ခူးသို့  ရောက်ခဲ့ရပြန်ပြီ ။ ပူလောင်လှတဲ့ နွေရာသီမှာ နေရထိုင်ရတာ မသက်မသာ ရှိပေမဲ့ သူ့ အလှနဲ့သူ ရှိနေတာမို့  အလွမ်းဓါတ်ခံ ရှိသူများ နှစ်သက်ကြပါလိမ့်မယ်၊ နွေဥသြတွန်ကျူးတာတို့  ၊ လေအဝှေ့ မှာ နွေရွက်ကြွေတာ တို့ ၊ပိတောက် နဲ့ ငုရွှေဝါတို့  အဖူးအစုံ ပွင့်တာတို့ ကို ကဗျာဆန်စွာ ခံစားတတ်သူများလည်း စာဖွဲ့  ကဗျာစပ်ကြလေတယ်ပေါ့ ၊ ဒီနွေမှာ ပဲ အတာရေဖြန်းပြီး နှစ်သစ်ကြို ပွဲ လည်း ရှိနေသေးတော့ နှစ်သက်စရာ ကာလလေးတခုလို့  ဆိုရင်လည်း လွန်မယ် မထင် ၊ ငယ်စဉ်အခါတုံးက ပျော်ရွှင်ခဲ့ရတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတွေကို ပြန်သတိရ အောင်းမေ့ စွာ နဲ့ ပဲ ဒီနှစ်မှာ ကြိုတင်ကျင်းပခဲ့တဲ့ အဝေးရောက် မြန်မာပြည်သားတွေ ရဲ့ ( တနည်းပြောရရင် ) တရုပ်ပြည် က မြန်မာတန်း မှာ ဧပြီလ ၁၀ ရက် ၊ ဒီနေ့ မှာ ကျင်းပခဲ့တဲ့ နှစ်ကူးသင်္ကြန်ဆင်နွှဲကြပုံများကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။ သူ့ ဒေသ ၊ သူ့  ကာလ မှာ ၊ ကိုယ့်ဓလေ့ ကိုယ့်ရိုးရာ လည်း မပျက် ၊ ပျော်စရာ လွမ်းစရာ ပုံရိပ်များ အမှတ်တရ အဖြစ် နဲ့ ရှုစားကြပါ ။
မြန်မာပြည်ဖွား တရုပ်အများ နေထိုင်ကြတဲ့ ကျုံးဟို ရပ်ကွက် ဝှာရှင်း လမ်းမ အဝင်မှာ ဦးစွာ တွေ့မြင်ရတဲ့ ဗုဒ္ဓဘုရားရှင် ရုပ်ထု ၊ ပူဇော်ထားကြတဲ့ မဏ္ဍပ်ပါ ။ တချို့ က ပြောတာ ...လမ်းအဝင်ဝမှာ ဘုရားကို အစောင့်ချထားသလိုမျိုးဖြစ်နေပါတယ်တဲ့။ သူတို့ ကတော့ အန္တရာယ်ကင်းသဘောမျိုး နဲ့  ပူဇော်ပသထားတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်...
ဒါကတော့ ဇာတ်စင်ပေါ်မှာ မြန်မာအကနဲ့ ဖျော်ဖြေနေကြတဲ့ မြန်မာပြည်ဖွား တရုပ်များပါ ။
ပန်းကုံးစွပ်ထားတဲ့ သူကတော့ ထိုင်ပေမြို့ သစ်က မြို့တော်ဝန် ပေါ့ ။သမ္မတကြီးက အစ၊ ဘယ်လောက်ရာထူးကြီးကြီး ၊ လူတွေကြားထဲထွက်ဖို့ ၊ ဆင်းဖို့  ဝန်မလေးကြပါဘူး ။ သူလို ကိုယ်လို တွေပါပဲ ။( ရွှေပြည်ကြီးက မြို့ တော်ဝန်ကြီး နဲ့  ယှဉ်ပြီးတော့ မပြောလိုတော့ပါဘူး...း))))
ဓါတ်ပုံတွေကို တစုတဝေးထဲ ကြည့်ချင်သူများအတွက်ပါ ။သိပ်မလုပ်တတ်လို့ ပုံတွေ ဝါးတားတားဖြစ်နေတာ သည်းခံတော်မူ......
ခုခေတ်သင်္ကြန်ပွဲတော် ဆိုတာ ကတော့ ဟေးလားဝါးလား သဘောလောက်သာ ရှိနေပါတော့တယ်။မြန်မာပြည်မှာလည်း ရှေးမူမပျက် ရိုးရာယဉ်ကျေးမှု မပျက် ဆက်လက်ထိန်းသိမ်း ထားကြတဲ့ သင်္ကြန်ပွဲကျင်းပတဲ့နေရာများလည်း မရှိသလောက် ရှားပါးနေကြပါပြီ။ သီချင်းကျယ်ကျယ်ဖွင့် စင်မြင့်ပေါ်ကလူတွေရော၊ စင်အောက်ကလူတွေပါ မပေါ်တပေါ်ဝတ်၊ ယိမ်းထိုးလှုပ်ရှားကကြ၊ အရက်မူး၊ရန်ဖြစ်ကြ ၊ အဲ့ဒါ မြန်မာ့သင်္ကြန် နှစ်ကူးပွဲ လို့ သတ်မှတ်ထားကြသလိုပါပဲ ။မနှစ်ကနဲ့ မတူ ..တိုးတက်လာ တဲ့ တချက် ကတော့ မဏ္ဍပ်တိုင်းမှာ CCTV ရုပ်သံဖမ်းစက်နဲ့ ဗုံးရှာ ကရိယာ တွေ ပြည့်စုံပါမှ သင်္ကြန်မဏ္ဍပ်လို့ သတ်မှတ်လာကြတာပါပဲ ။ ဪ... ဟေးလားဝါးလား ပျော်ဖို့ အတွက် ဟေးလားဝါးလား သတ်မှတ်ချက်တွေ ...။
သူ့ ခေတ်အခါအလျှောက် ဟေးလားဝါးလားကြိုက်သူများအတွက် လိုက်ဖက်ညီတဲ့ သီချင်းလေးကတော့ ဒီမှာရှိပါတယ် .. နားဆင်လိုရင် “ကလစ်” တော် မူလိုက်ပါ၊
ဖွားကိတယောက် စာမရေးတာကြာပြီမို့  စာမရေးတတ်တော့တာလား၊အသိဥာဏ်တွေ ချို့ ယွင်းကုန်လို့ မှားရေးကုန်ပြီလား၊ဘာလား ၊ ညာလား လို့ တွေးမယ်ဆိုလည်းတွေးစရာ ပါပဲ မိတ်ဆွေတို့ ။ စာရေးတယ်ဆိုတာ ရေးချင်စိတ်လည်းရှိမှ၊ ရေးစရာ အကြောင်းအရာလည်းရှိမှ၊ ရေးဖို့ ရာ အချိန်ကလည်း ပေးနိုင်မှ၊ ထိုင်ပြီိးရေးဖို့ ကီးဘုတ်ကြီး နှိပ်ဖို့  ညောင်းညာ ကိုက်ခဲခြင်း တွေလည်း ကင်းမှ ၊ အကြောင်းအရာ ညီညွတ်မှ ဖြစ်မှာ မို့ ဘာပို့ စ်မှ ဆက်မရေးဖြစ်တော့တာ ၊ ခုတော့ စိတ်ထဲ အသည်းထဲတယားယား ဖြစ်နေတာမို့  ထုံးစံအတိုင်း ရေးချင်ရာ ရေးလိုက်တယ် ။
အားလုံးသိတော်မူကြတဲ့ အတိုင်း၊ ၁၅ မိနစ်အမြန် ညာချ ခေါင်းပေါင်းဝတ်၊ ချိတ်ထမိန်ခြုံ ၊ ပုတ်သင်ညို လွှတ်တော်ကြီးမှ ဘယ်လို စံထားပြီး ရွေးလိုက်ကြမှန်းမသိတဲ့ အစိုးရသစ်ကြီး ခန့်ညားထယ်ဝါ စွာ ပေါ်ပေါက်လာပါပြီ ။ ရွှေ ခေတ် မှ စိန်ခေတ် သို့  တလူးလူးတလွန့် လွန့်  ငြိမ်းချမ်း သာယာစွာ ကူးပြောင်း လျှက်ရှိနေပါပြီ ။
ရွှေ ခေတ်တုံးက ရွှေအလျှောက် ရွှေ့ ပါတ်ဝန်းကျင် မှာ ရွှေရော စိန်ရော သီးခဲ့ကြသလို စိန်ခေတ်မှာလည်း စိန့့်ပါတ်ဝန်းကျင် မှာ စိန်ရော ရွှေရော သီးကြအုံးမှာ မလွဲပါဘူး ။ သူတို့ ခေတ်သို့ ရောက်ရမည်မှာ မလွဲပါပေါ့ ။
ဒီတော့သူတို့ ရဲ့ သမိုင်းပေးတာဝန် အရ၊ ဒီ စိန်ခေတ်ကြီးမှာ စိန်တွေ ပွားအောင် လုပ်ဖို့ အရေး အိမ်နီးချင်း အပေါင်းအသင်းများနဲ့ ဒိုးတူဘောင်ဖက် ပုလင်းတူ ဗူးစို့  ရှာကြဖွေကြရပေတော့မယ် ။ အဖြူရယ် ၊ အညိုရယ်၊ အမည်းရယ် ၊ အသားအရေမတူ၊ လူမျိုး၊ဘာသာ၊စကား ကွဲနေကြပေမဲ့ စိတ်ဝမ်းမကွဲ တဲ့ အနူ နူ ချင်း အတူတူ လှုပ်ရှား သွားလာ ရှာဖွေ စားသောက်ကြပေအုံးတော့မှာပဲပေါ့ ။
ဒါ့အတွက် ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်၊ကြီးတယောက်လည်း များမကြာမှီအချိန်အတွင်းမှာ အေးချမ်းသာယာ ဘက်စုံ ဖွံ့ ဖြိုးတိုးတက် နေပြီ ဖြစ်တဲ့ အမိ အဘ နေပြည်တော် ရွှေပြည်တော်ကြီးသို့  လာရောက်လည်ပတ်ကြတော့မှာ ဖြစ်တယ် ။ နှစ်နိုင်ငံ ဖွံ့ ဖြိုး တိုးတက်ရေးလို့ တော့ ထုံးစံအတိုင်း လူကြားကောင်းအောင် အကြောင်းပြရတာပေါ့လေ ။
“ဆွေမျိုးပေါက်ဖေါ်” ဆိုတဲ့ အဆိုအရ တော့ အတူတူပေါက်ဖွား ကြီးပြင်းလာကြတဲ့ အဆွေအမျိုး..လို့ ဆိုရပေမလား၊ ဆိုးတူ ကောင်းဖက်၊ ဒိုးတူဘောင်ဘက် ရင်းနှီးချစ်ခင်ကြသူများလို့ဆိုရပေမလား၊ ဒီအခေါ်ဝေါ် ကို “ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်”လို့ ပြောင်းခေါ်လိုက်တော့ ရော ..ဘယ်လိုများ အဓိပ္ပါယ်ဆောင်လေမလည်းလို့  တွေးကြည့်မိရင်း ၊ အကြောင်းတိုက်ဆိုင်လာလို့ ကြားဖူးနားဝ ဟာသလေးတခု ထဲက ၊ ရယ်စရာ လိုလို နဲ့  လူမျိုး တမျိုးအလိုက် ရှိနေတတ်တဲ့ အကျင့် မျိုးကို ဖေါ်ညွှန်းထားတဲ့ ဟာသလေး တခု ကို ပြန်ပြီး ဖေါက်သည်ချ ပါမယ် ။
------------------------------------------------------------
အပိုင်း (၁)
တစ်ခါတုံးက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးတို့ ဟာ သဲကန္တာရ တစ်ခုမှာ ခရီးအတူ သွားကြတယ် တဲ့  ။ တစ်နေရာရောက်တော့ ပုလင်းတစ်လုံးကို တွေ့ တယ်။ ပုလင်းအဖုံးကို ဖွင့်လိုက်တဲ့အခါမှာ အဲ့ဒီပုလင်းကို စောင့်တဲ့ နတ်သားတစ်ပါး ထွက်လာတယ်တဲ့ ။ (အာလာဒင်ပုံပြင် ဆန်ဆန်ပေါ့ ကွယ်)။
နတ်သားက အဲ့ဒီ ခရီးသည်တွေ တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို တောင်းဆိုစေပါသတဲ့။
ပထမဦးဆုံး အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော" -- " ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"--"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
ဒီလိုနဲ့ အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရလေသတဲ့။
ဒုတိယဖြစ်တဲ့ ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"--" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"--"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရလေသတဲ့။
နောက်ဆုံး တရုတ်လူမျိုး အလှည့်ရောက်တော့ "ကျွန်တော်မျိုး ရေဆာတယ်၊ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"--"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"--"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ"
အဲ့ဒီတော့ ဟို ၂ ယောက် တရုပ်ရှေ့ မှောက် ပြန်ရောက်လာရတာပေါ့ကွယ် ။
.................................................................
အပိုင်း (၂)
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်နဲ့ပဲ တရုတ်လူမျိုးနဲ့ အတူ ခရီးဆက်ရပြန်တယ်။ တစ်နေရာ ရောက်တော့ ပုလင်းတစ်လုံးကို တွေ့ပြန်ရော။ ပုလင်းအဖုံးကို ဖွင့်လိုကတဲ့အခါ နတ်သားတစ်ပါး
ထွက်လာပြန်ရော။ နတ်သားကလည်း တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေရောတဲ့ကွယ်။
အင်္ဂလိပ် နဲ့ ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမှာ စိုးတဲ့အတွက် ကိုတရုပ်ကြီးကို အရင် တောင်းဆို စေလေသတဲ့။
တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"တဲ့ ။
ဒါကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင်မှာပဲ နတ်သားမှာ ပျောက်ကွယ်သွားပါလေရော။
...............................................................
အပိုင်း (၃)
အင်္ဂလိပ်နဲ့  ပြင်သစ်တို့ မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သတဲ့လေ ။တစ်နေရာတော့ ပုလင်းတစ်လုံးကို တွေ့ပြန်တယ် ။ နတ်သားတစ်ပါး ထွက်လာပြီးတစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၁)မျိုးကို တောင်းဆိုစေပြန်တယ် ။ဒီတော့ အင်္ဂလိပ်နှင့် ပြင်သစ် က အရင်ဦးအောင် တောင်းဆိုကြပြန်တယ် ။
အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"
ကဲ .. အကြံပိုင်တဲ့ ရွှေတရုပ် ပဲပေါ့။ သူ့ ရှေ့ က ဟို ၂ ယောက် တောင်းထားတဲ့ဆုတွေ မပြည့်စေအောင် လုပ်တတ်ပလေတယ် ။
......................................................................
အပိုင်း (၄)
ဒီလိုနဲ့ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဟာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်တယ်တဲ့ ။ တစ်နေရာရောက်တော့ ပုလင်းတစ်လုံး တွေ့ပြန်တယ်။ နတ်သားတစ်ပါး ထွက်လာပြီးသူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ တောင်းဆိုစေတော့တယ်။ ( အဲ့ဒီခေတ်အခါမှာလည်း ပုလင်းတွေ ရော ၊ဆုတွေ အလကားပေးတဲ့ နတ်သားတွေပါ အတော်ပေါကြပုံရပါတယ် )
အင်္ဂလိပ်နဲ့  ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို အရင် တောင်းဆိုစေပြီး နတ်သားကိုလည်း တရုပ်ရဲ့ ဆန္ဒ မပြည့်စေဖို့တိုးတိုးလေးပြောထားလိုက်သေးတယ် ။သူတို့ကိုယ် သူတို့ လည်လှပြီ အထင်နဲ့ပေါ့ ကွယ် ၊
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ နေတာ မကြည့်ရက်လို့ပါ " တဲ့ကွယ် ။ အဲ့ဒီတော့ ဟို နှာခေါင်းရှည်ရှည် အသားနီစပ်စပ် ၂ ယောက်ခမျာ ဘယ်လိုလုပ်ပြီး နေရပ်ပြန်ရောက်ပါတော့မလည်းပေါ့ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။....
-----------------------------------------------------------------
အင်း..ဒီတော့ ဘယ်လို ဆုတွေ ဘယ်လို ပုံစံ နဲ့ ပဲ တောင်းတောင်း .. ကို ရွှေတရုပ် ကိုတော့ ဘယ်လူမျိုး မှ ယှဉ်နိုင်မယ် မထင် ၊ လက်တလုံးခြား လှည့်ကာ ပါတ်ကာ နဲ့  သူ့ အတွက် ကျန်ပြီး သူများ ဒုက္ခရောက်အောင် လုပ်တတ်ပလေ တယ်။ ဒါ့ကြောင့် မဟုတ်တရုတ် ..လို့ များ တင်စားပြီးပြောကြလေတာပေလား ။ (အဲ..ဖွားကိ တယောက်လည်း တရုပ်ပြည်နေ၊ တရုပ်နားစားပြီး တရုပ်မကောင်းကြောင်းတွေ ပြောနေပြန်လို့  ဘယ်တော့များ ပြေးပေါက်မှားရအုံးမယ် မသိ ..။)
ဒါပေမဲ့ ဘယ်လူမျိုး မကောင်းဘူး၊ ဘယ်လူမျိုးကောင်းတယ် ဆိုတာ တသမတ်ထဲ သတ်မှတ်ထားလို့ တော့ မရပါဘူး ။ တရုပ်တိုင်းတော့ ဒီလိုမျိုးကျင့်ကြံကြမယ် လို့  မဆိုလိုပေမဲ့ ယေဘူယျအားဖြင့်တော့ ဒီလို ရှိကြတာ များပါလိမ့်မယ် ။( ဒါကတော့၊ပြေးပေါက်ရှာမတွေ့ မှာ စိုးလို့  ပြန်ပြီး ဖြေရေး ရေးပေးလိုက်တာပါ ၊း))
တခြားမကြည့်နဲ့ နီးနီးလေးက တို့များ ဘဘဂျီးတို့ရဲ့  မဝေးသေးတဲ့ သမိုင်း စဉ်လာ ကိုကြည့်၊ရင်းရင်းနှီးနှီး တခရီးတည်းသွားနေကြတာ ။အိမ်နီးချင်း ၊ ခြံချင်းနီး ဆွေမျိုးပေါက်ဖေါ်တို့ ၊ ဆွေမျိုးဂေါ်ရင်ဂျီ တို့ ၊ သူ့ အိမ် သွားလည်လိုက်၊ ကိုယ့်အိမ် လာလည် လိုက် နဲ့၊ တွေ့ လိုက်ရင်၊ အိမ်က မိန်းမတောင် အထင်လွဲရလောက်အောင် ဖက်လှဲတကင်းတွေပါပဲ ၊ ။နောက်တော့သာ ဘယ်သူ့ ဘယ်သူ နောက်ကျောဓါးနဲ့ထိုးကြ မယ် မသိ ၊တို့များရဲ့ ဘဘဂျီးတွေ ကလည်း မြေပေါ် မြေအောက် ရှိရှိသမျှ သူပိုင် ပစ္စည်း အမှတ်နဲ့ ရက်ရက် ရောရော ရှိပါပေတယ် ။ဧည့်ဝတ်ကျေလိုက်ပုံများ ၊ မြစ်တွေ ချောင်းတွေ တောတွေ တောင်တွေ လက်ညှိုးထိုးလို့  ရသမျှအားလုံး ကို ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်၊တသိုက်နဲ့ ဝေစား မျှစားကြ ပေါ့လေ ။နောက်ဆုံးတော့ ဘယ်သူပြန်လမ်း မရှိ ဖြစ်မယ် မသိ ၊
သူတို့ တတွေ ဒီလိုလုပ်တာ အကြောင်းမဟုတ်၊ ကိုယ်တို့မြေက ..ဧရာဝတီလည်း ငိုစရာမျက်ရည်တွေတောင်ခမ်းခြောက် ၊ သောင်ထွန်း၊ ဥတုရာသီ တောကိုမှီစရာ မရှိတော့တဲ့ တောင်ကတုံး တို့ လည်း နွေပူပူမှာ ရေဆူဆူ တွေ ဖြစ်လိုဖြစ်၊ မဟာပထဝီမြေကြီး မှာရှိထားတဲ့ ပတ္တမြားငမောက်၊ ရတနာ စိန်ကျောက်တို့ လည်းပျောက်၊ ရေစောင့် မြေစောင့်နတ်နဂါး မြွေနဂါးကြီးတို့ လည်းဒေါသတကြီး လူးလွန့် လှုပ်ရှား ငလျှင်များဖြစ်လိုဖြစ်၊ ဘယ် အရာ နဲ့မှ မတူပေတဲ့ ဒို့ပြည်၊ ဒို့ ရွာ၊ဒို့ လူတွေရဲ့  အစိုးရသစ် နဲ့ ၂၀၁၁ ခုနှစ် လို့ သာ ပြောလိုက်ချင်တော့တာပါပဲ ။