ကား တော့ ကား ပါ ။ ဒါပေမဲ့ “သည်ကား” ( The Cars) ရုပ်ရှင်ဇာတ်လမ်း အကြောင်းတော့ မဟုတ် ။ မြန်မာလို “ကား” ။ အင်္ဂလိပ်လိုလည်း Car ။ အသံထွက်ခြင်း ဆင်တူသလို အဓိပ္ပါယ်ခြင်းလည်း တူတူပါပဲ ။ ဘယ်သူ့  ဘယ်သူ မွေးစားထားတဲ့ စကားလုံးမှန်းတော့ မသိ ။ ခုတလော ကို့ ယို့ ကားရား ဖြစ်နေကြ တဲ့ ကားများ ။ မြန်မာပြည်တွင်လည်း ထုတ်လုပ်သည် ဆိုသော ကားများ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလ မှာ ပင် မိတ္ထီလာ ဂျစ် ၊ ရန်ကုန်ဂျစ်၊ ရှမ်းစတား ဂျစ် များ ၊ ပုံပျက် ပန်းပျက် အရော အနှော ဂျစ်များ ထုတ်လုပ်ပြီးသကာလ ယခု မှာ တိုးတက်စွာ ထုတ်လုပ် လိုက်သည့် ကားများ မတော့ နဂို အော်ရီဂျင်နယ် ဂျပန်ပြည်ထုတ် တိုယိုတာ ပါဂျဲရိုး ၊ ပရာဒိုများ နှင့် ချွတ်စွပ်တူသော ကားများပင် ဖြစ်လေသည် ။ တူပေမပေါ့ ။ အော်ရီဂျင်နယ် ကားမှ အဆိုပါ တံဆိပ်များနေရာတွင် Myanmar Station Wagon( MSW) ဟူ၍ ပြောင်းလဲ ပြီး မြန်မာပြည်တွင် တပ်ဆင် ပေးလိုက်သောကြောင့်ပေတည်း ။ နောက်တမျိုး ရှိသေးသည် ။ Grand Tiger ဟု အမည်တွင်သော ပစ်ကပ်စတေရှင်ဝက်ဂွန်း ကားများ ။ ဒါကတော့ တရက်စုတ် သည့် တရုပ်စက်များဖြင့် ဖက်စပ်ဟုဆိုကြလေသည် ။ ဒါ့အပြင် အာရာဖတ် ဟူသော ကားမည်းမည်းကြီးများ တောက်ပြောင် ခန့်ညားစွာဖြင့် ပြေးလွှားနေကြလေသည် ။ အို ဘာတဲ့တုန်း အာရာဖတ် ခမျာမှာလည်း အငြိမ် မနေရ ၊ နာမည် အပေးတော်သော ရွှေပြည်သားများ လက်ထဲအရောက်မှာ Alphard ဆိုသော ကားအမည်မှ အာရာဖတ် ဖြစ်သွားရရှာလေသည် ။
လပေါ်မှ ဂျိုင့်ခွက် များထက် ပိုနက် ပိုခွက် နေသော ကတ္တရာ အပေါက်အပြဲ လမ်းကြမ်းများတွင် အဘယ်သော ကား များ ကြာရှည်ခံနိုင်မည် မသိ ။ စက်ရုံထွက် ပူပူနွေးနွေး အသစ်စက်စက် ကားလေး ကားကြီးများပင် ထို လမ်းမကြီး ငယ် များ၏ နှိပ်စက်မှု ဒါဏ်ကို တာရှည် တောင့်မခံနိုင်ပေ ။ တနှစ်အတွင်း ကားဝပ်ရှော့သို့  ရောက်သွားကြတာများသည် ဟု ဆိုကြသည် ။ ကားပြင်သော မက်ကင်းနစ် များ နှင့် ကားပစ္စည်းအရောင်းဆိုင်များ ၊ တာယာ ဆိုင်များ ထမင်းမငတ်နိုင်တော့ပေ။ ပျက်နေသော လမ်းတွေပြင်မပေးသော တာဝန်ရှိသူများကို တနေ့  အကြိမ် တစ်ရာ ဦးချ ဖို့ ကောင်းလှသည် ။
ယခင်က လိုင်စင်မဲ့တရားမဝင်ခိုးဝင်လာကြသော ကားများ (Without ကားများ ဟုကားဈေးကွက်တွင် ခေါ်ကြသည်) ကို ယခု တရားဝင် လိုင်စင်များထုတ်ပေးနေလေပြီ ။ ရာဖြတ်ဆိုသူက ဖြတ်ပေးလိုက်သော ကားတန်ဘိုး၏ ၈၅ % ကို အခွန်ဆောင်လိုက်လျှင် အနှီ ဝစ်သ်အောက်များမှာ ဝစ်သ်အင် ဖြစ်သွားကြလေသောအခါ သမယမို့  ရာဖြတ်များ၊ အခွန်ဦးစီးမှူးများ ဖြင့် အန်ဒါတေဘယ်လ် ( under table) လက်သိပ်ထိုးပေးကြသူများ နှစ်ဦးနှစ်ဖက် အကျိုးရှိကာ အလုပ်ဖြစ်နေကြလေပေပြီ ။အန်ဒါတေဘယ်လ် ဆိုတော့ စားပွဲခုံအောက်မှာ ဘာတွေ ဘယ်လိုလုပ်ကြတယ် မသိ ။စားပွဲခုံအပေါ်မှာတော့ ရှုပ်ပွဟောင်းနွမ်းနေသော စာရွက်များ၊ ဖိုင်တွဲများ ဖုန်ပင် တက်နေကြလေသည်။ သို့ အတွက်ကြောင့် ယခုအခါတွင် နေပီဒေါ်ကြီးမှ တိုက်ရိုက် ချုပ်ကိုင်၍ ကားအမျိုးအစားနှင့် ကားမော်ဒယ် မော်ဒယ်လ် အလိုက် ဈေးနှုန်းများ သတ်မှတ်၍ ကောက်ခံတော့မည် ဖြစ်ပါသဖြင့် ကားဈေးတွေလည်း ကျ ရမလို ၊ ပြန်ပြီးတက်ရမလို ဖြင့် ကို့ ယို့ ကားယားတွေ ပြန်ဖြစ်နေကြလေသည် ။ အထက်ကားတွေ ဈေးကျတာ မသိသာ လှပေမဲ့ အောက်ကားတွေ ခမျာ အလွန်မတရား ဈေးတွေကျလို့  အရောင်းအဝယ် တောင် မရှိလှ ။ ကားပွဲစားတန်းတွေ ရှိသော ယခင်ကြံတော ယခုတော့ ဘာခေါ်မှန်းမသိသော အရပ် ၊ တောင်ဥက္ကလာပ ကားပွဲစားတန်း ။ နေရာတွေမှာ လည်း မိုးတွင်းမိုးရေဗွက်ရေများထဲဝယ် ခြောက်ကပ်ကပ် ဖြစ်နေကြသည် ။ကားပွဲစားတန်းမှ ပွဲစားများ အလုပ် ဖြစ်၊ မဖြစ်တော့ မသိ ၊ အနီးအနားမှာ ဖွင့်ထားကြသော စားသောက်ဆိုင်များ ၊ လဖက်ရည်ဆိုင်များမှာတော့ ငါ့ဝမ်းပူစာ မနေသာ သူများ စားနေသောက်နေကြစမြဲမို့  သိသိသာသာကြီးတော့ ပြောင်းလဲသွားခြင်းမရှိပေ။
အခွန်မဆောင်ပဲ အင်ထု ပြီး စီးနေသူများလည်း ရှိနေသဖြင့် ရွှေပြည်ကြီးမှ ဘဲဥများ ၊ ပရုပ်လုံးများခမျာ ခုတလော အနှီသကောင့်သား ကားများကို လမ်းမကြီးပေါ်မှာ ကျီးကန်းတောင်းမှောက် မျက်စိဖြင့် ရှာဖွေ စစ်ဆေးနေကြရပေသေးသည် ။ သို့ ဖြစ်ပါ၍ ကားမည်းမည်း ပြောင်ပြောင်ကြီးစီးတိုင်းလည်း လွတ်ပြီတော့မထင်လေနှင့် ။ အဆင်မသင့်ပါက ကွိကနဲ ဖြစ်နိုင်ပါသေးသည် ။
မဟာရန်ကုန်မြို့ တော်ကြီးရှိ ဤလမ်းစုတ်လမ်းပျက် များ အပေါ်တွင် တုန်ရီစွာ ပြေးလွှားနေကြသော ဂွတ် စက်ကင်းဟန်း ကားလတ် ကားစုတ်များ အဖို့ တော့ အတော်လေး သနားစဖွယ် ရှိလှသည် ။ ရှိစုမဲ့စု အသပြာလေးများ ကုတ်ခြစ်ပြီး တန်ဘိုးကြီး ပေးကာ ဝယ်ယူထားကြရရှာသော အဆိုပါ အောက်ကားလေးများ မှာ ဘယ်နေ့  ဖျက်သိမ်း ခံရမည်လည်း ဘယ်နေ့  နယ်နှင်ခံရမည်လည်း ဟု စိတ်တထင့်ထင့် ဖြင့် ရှိနေကြသော ကားပိုင်ရှင်များ ဘဝ ၊ တနေ့  တနေ့  ကားကို လူကစီးလိုက် ၊ ကားက လူကို စီးလိုက်ဖြင့် သံသရာ လည်နေကြရသော ကားပိုင်ရှင်များ ဘဝ ၊ ဓါတ်ဆီတွေ ကြိုက်တဲ့ဆိုင်မှာ ကြိုက်သလောက် ထဲ့လို့ရနေပြီဖြစ်ပြီး၊ တဆင့် ပြန်ရောင်းစား မရကြတော့သဖြင့် တွက်ခြေမကိုက်ကြရတော့သော ပင်စင်စား ကားပိုင်ရှင်များဘဝ ၊ အနှီ ဘဝ များစွာမှာလည်း ကို့ ယို့ ကားယား ဖြစ်နေကြလေသတတ် ။
ဘယ်လိုပဲ ပြောပြော ၊ ကမ္ဘာပေါ်မှာ ရွှေပြည်သားတွေ အချမ်းသာဆုံး ဖြစ်ကြလေသည် ။ အခြား တိုင်းပြည်များထက် အဆပေါင်းများစွာ ယိုယွင်းဟောင်းနွမ်းနေသော ကား တပတ်ရစ် နှစ်ပတ်ရစ် သုံး လေး ငါးပတ်ရစ်နေသော ကားများကိုပင် အဆပေါင်းများစွာ ကြီးမားသော တန်ဘိုးငွေ ပေးချေပြီး ဝယ်ယူ စီးနင်းနေကြသောကြောင့် ဖြစ်ပါသည် ။ကားတန်ဘိုးများမှာလည်း သူများနိုင်ငံမှာတွေလို စက်ရုံထုတ် တသမတ်ဈေးမဟုတ် ။ ဆယ်ကျော်တန် ၊ ရာကျော်တန်များမှ ထောင်ကျော်တန် များအထိ အမျိုးမျိုး အစားစား ရှိနေကြလေသည် ။( မိတ်ဆွေ တဦး ဒီ ရွှေနိုင်ငံမှာ နေစဉ် သူ့ စီးတော်ယာဉ် တိုယိုတာ ဖင်ကောက် တစီးအား ကားဈေးတွေ တက်နေစဉ် အခါက ရောင်းချပြီး သကာလ ၊တဖက်နိုင်ငံမှာ တိုက် တလုံး နှင့် ကားအသစ် တစီး ပြန်ဝယ် စီး နေခဲ့ဖူးသည် )ပါးစပ် ဈေး တွေသာ ရှိနေကြသည်မို့  ကားပွဲစားများ အလုပ်ရှိနေကြရလေသည် ။ သူများတွေ ဆီမှာ ကား ဆိုသည်က အသစ်စက်စက် ဒီနေ့  ဝယ်၊ နောက် နေ့  ပြန်ရောင်းချင်လျှင်တောင် အရှုံး ပြနေပြီ ဖြစ်သည် မို့  ဘယ်သူမှ ကားဝယ်ရောင်း လုပ်မစားကြ ။ တပတ်ရစ် ကားများ ရောင်းဝယ်သည့် လုပ်ငန်းတော့ ရှိပါသည် ။ ယခင် ရွှေပြည်ကြီးမှာ ကားတွေ ဝယ်ရောင်းလုပ်ပြီး စီးပွားဖြစ်နေကြသူများ တခေတ် ရှိခဲ့ဘူး ပေမဲ့ ခုအချိန်မှာ တော့ ဘယ်သူမှ တုတ်တုတ် မလှုပ်ရဲကြတော့ပေ ။ အိမ်နီးချင်း တိုင်းပြည်ကြီးနှင့် ဖက်စပ်သည့် တာတာ ( TATA) ကား ကုမ္ပဏီ ကြီးလည်း များမကြာမီမှာ ပေါ်ထွက်လာဦးမည် လို့  ဟိုလူ ဒီလူတွေ ပြောနေကြသဖြင့် ကားဈေးတွေ ထပ်ကျ ပေလိမ့်ဦးမည် ဟု တွက်သူက တွက်နေကြသည် ။သို့ ပေမဲ့ ပြီးခဲ့တဲ့ ရက်များက လိုင်စင်မဲ့ အခွန်ဆောင်ခြင်းကို ဟိုနေရာမှ ချုပ်ကိုင်ပြီး ခုလောလောဆယ်မှာ ပိတ်ထားလိုက်ပြန်ပြီ ဆိုတော့ တချို့ ကားဈေးတွေလည်း ပြန်တက်နေကြလေပြီ ။
ဩော် ... တက်လိုက် ကျလိုက် ဂယောက်ဂယက် ဖြစ်နေသော ဤ ကားများ ၊ ဈေးကွက်များ အကြားတွင် ရှိသူတွေက ကောင်းတာတွေ တဝီဝီ ထည်လဲ စီးနေကြပြီး ၊ မရှိသူများကလည်း ဘတ်စ်ကားတွေ ကို တဂျီဂျီ ထည်လဲ စီးနေကြရလေသည် ။
ရွှေပြည်သားများ ဘယ်သူ ဘာကားတွေ ပဲ စီးနေ စီးနေ ၊ နောက်ဆုံးမှာတော့ လူတိုင်း စီးရမည့် ကားများ ၊ စိတ်ကြိုက် ရွေးပြီးစီးလို့ ရနိုင်ပါသေးသည် ။
ဒီတော့ အသင် ဘယ်ကား စီးပါမည်လည်း ။ ဤ ပုံကိုကြည့်ပြီး သူ့ ကိုသာ သတိရလိုက်ကြပါလေ ။( နာရေးကူညီမှု အသင်းကြီးဆီသို့  သွားရောက်ခဲ့စဉ် အခါက ကြော်ငြာ သင်ပုန်းပေါ်မှ ရိုက်ကူးခဲ့သော ဓါတ်ပုံ ဖြစ်ပါသည် ။
သင် ဘာကား စီးချင် လဲ ။?
ဘာ ကား စီး စီး နောက်ဆုံးတော့ .....“ ပြာ” ဘဲ ။
ပါသွားရမှာက .... “သရဏဂုံ နဲ့  သီလ” ။
လူသားအားလုံး အသိတရား မှန်နိုင်ကြပါစေ ။
ကြောက်ပါတယ် ကျောက်ရယ် ....
ကလင် .. ကလင် .. ကလင် ....
“ အစ်မရေ .. သမီး ဗိုက်အောင့် နေပြန်ပြီ၊ ဗိုက်လည်းကယ်တယ် ၊ တညလုံး မအိပ်နိုင်ဘူး ။ လုပ်ပါအုံး ။ ”
ဖုန်းသံကြောင့် စောစောစီးစီး လန့် နိုး လာရာမှ နာကျင်မောဟိုက်စွာ ဆက် ပြော သံများကြောင့် စိတ်ပူသွားမိသည် ။ ဒီကလေးမ တော့ မနေ့ ညက ဘာတွေ ဘယ်လောက်တောင် များ အစားသောင်းကျန်းခဲ့ပြန်ပြီလည်းဟူသော အတွေးက ချက်ချင်း ခေါင်းထဲ ရောက်လာဖြစ်သည် ။
“ ဟဲ့ ။ ဘာဖြစ်ပြန်ပြီလည်း ။ ဗိုက် ရဲ့ ဘယ်နေရာ မှာ အောင့်တာ လည်း ၊”လို့ပြန်မေးကြည့် လိုက်သည် ၊ ဝမ်းဗိုက် အပေါ်ပိုင်းညာဘက် အခြမ်း ဆိုတော့ အသည်း များ ပြန်ယောင်တာလား လို့ ထင်လိုက်မိသည် ။ အန်သလား ။ ဝမ်းလျှော သလား ၊ချမ်းတုန် ဖျားသလား ။ ဆီးရောင် ဝါသလား ၊ နီသလား ။ ဆီးပူ ဆီးကျင် သလား ။ အစရှိသဖြင့် လားပေါင်းများစွာသော မေးခွန်းတွေ ဆက်တိုက်မေးဖြစ်သည် ။ သူက ငယ်ငယ်တည်းက ချူချာပေမဲ့ ခပ်ပေပေတေတေ နေတတ်သူမို့ ၊ ပြောစကား နားမထောင်တတ်သူမို့  တခါတရံ သနားစိတ်၊ တခါတရံ ဂရုဏာဒေါသော စိတ်ဖြင့် ခင်တွယ် ဆက်ဆံနေခဲ့မိသူ ညီမငယ်လေး တစ်ယောက်ပါပေ ။ သည် နှစ် ဆန်းပိုင်းတည်းက မကြာခန ဗိုက်အောင့်နေတတ်သည် ။ ရင်ခေါင်းတောင့်သည် ။ ပျို့ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက် ပျက်ခြင်းတော့ မရှိ ၊ သင်္ကြန်မတိုင်မီက အစာအိမ်ယောင် ၊အသည်းယောင် အသားဝါ သည် ဆိုပြီး ဆေးရုံတက်ခဲ့ရသေးသည် ။ ဒါပေမဲ့ ဆရာဝန် ပြောစကား နားမထောင် ပဲ ဆေးရုံ ဆင်းလာပြီး နောက်ပိုင်းတွင်လည်း အစားမရှောင် ၊ အချဉ် အစပ်၊ အဆီ အကြော် ၊ အကင် များ ကြိုက်သလို စားသည် ။ ခုတလော သူမ ပိုပြီး ချူချာ နေသည် ။ အသည်း ဘက် နေရာ မှာ မကြာခဏ အောင့်တတ်သည် ။ နောက်ပိုင်းတွင် ရက်ဆက် နာလာသည် ။ လူက ခပ်ပိန်ပိန်ဆိုတော့ သည်းခြေကျောက်တည်တာ ။ ယောင်တာ တော့ သိပ်မဖြစ်လောက်ပါဘူး ဟု ထင်နေမိသည် ။ ဒီတော့ နာလာရင် အစာအိမ်ဆေး ( Antacid ) နဲ့ အနာ ပျောက်ဆေး ( Antispasmotic ,Anticholinergic ) တို့ ကို သောက်စေပြီး အလွန် နာလာလျှင်တော့ ထိုးဆေး ပြောင်းပေးရသည် ။
ဒီလို နဲ့ ပြီးခဲ့တဲ့ တပါတ်ကျော် တရက်မှာ နာကျင်လွန်းလို့  ဆေးရုံထပ်သွားရသည် ။ ဆေးရုံ တက်ရမှာ ကြောက်သော သူ့ ကို ဘယ်လိုမှ ပြောမရသည့် အဆုံး ထိုးဆေး ၊သောက်ဆေးများ ဖြင့် အိမ်ပြန်လာခဲ့သည်။ နောက်ရက်များမှာ မှ ဓါတ်မှန်ရိုက်၊ ultrasound ရိုက် ခြင်းဖြင့် သည်းခြေကျောက် ကို ရှာတွေ့ ခဲ့လေသည် ။ ပထမ အကြိမ် ပြည်သူ့ ဆေးရုံကြီးတွင် ultrasound ရိုက်စဉ်က အသည်း အနည်းငယ် ကြီးနေရုံမှ လွဲ၍ ဘာကျောက် မှ မတွေ့ ပဲ ၊ ဓါတ်မှန် ချပ်ထဲတွင် မှ ကျောက်တုံး ပုံရိပ်များ တွေ့ ရသဖြင့်၊ တစ်ပါတ် မျှအကြာမှာ ပုဂ္ဂလိက ဆေးရုံကြီးတရုံတွင် နောက်တကြိမ် ultrasound ထပ်ရိုက်ကြည့် ရသည် ၊ ထိုအခါကျမှ multiple gallstones ဟု အဖြေရလေသည် ။ ဒီတော့လည်း နာ၊ န၊ီ ဝါ ဆိုသည့် လက်သုံးစကား အရ ခွဲ စိတ် ကုသ ဖို့  အကြံ ပေးလေသည် ။ ( နာ၊ နီ၊ ဝါ ဆို သည် မှာ သည်းခြေကျောက်တည်နေသူများတွင် Pain ,Infection & Inflammation , Jaundice စသည့် အချက်များ ရှိပါက ခွဲစိတ်ကုသ ဖို့ လိုအပ်သည့် အခြေအနေပင်ဖြစ်လေသည် ။ ဤသည်မှာ ခွဲစိတ်ပါမောက္ခ ဆရာကြီး ဦးမောင်မောင်လေး သင်ကြားပေးခဲ့သော အတိုကောက် အသုံးအနှုန်း များဖြစ်ပါသည် ) ။
ထိုအခါတွင်မတော့ ခွဲစိတ်ဖို့  မပြောနဲ့ ဆေးရုံ တက်ရမှာ ကိုပင် ကြောက်လှသော ချစ် ညီမငယ်လေး တယောက် မျက်နှာငယ်စွာဖြင့် သနားစဖွယ်အသွင် ရှိနေလေတော့သည် ။ ထို အချိန်မှာ ပဲ ကြေးမုံသတင်းစာ တွင် ကြော်ငြာစာလေး တခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ မိသည် ။ သည်းခြေကျောက်ကို မခွဲ မစိတ်ရပဲ သက်သာပျောက်ကင်းသွားသူ ဦးသန်းဝင်း ၏ ကုသိုလ်ဖြစ် ကြော်ငြာချက်လေး ဖြစ်ပါသည် ။ ( များမကြာမီ အချိန် ကလည်း မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ထဲ့သွင်းရေးသား ခဲ့ဖူးသည် ဆိုတာ နောက်မှ သိရသည် ။အောက်တွင် ဦးသန်းဝင်းကိုယ်တိုင် ဘာသာပြန်ရေးသား ချက်များကို ဖေါ်ပြထားပါသည် ။ မူလ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသူ Dr . Lai Chiu-Nan ၏ မှတ်တမ်းများ ကို ဤ နေရာများ....(၁) နှင့် (၂)..တွင် ဖတ်ရှုနိုင်ပါသည် )
ကျောက်တည်ခြင်းမှ သဘာဝနည်းဖြင့် ပျောက်ကင်းစေခြင်းအကြောင်းကို မပြောမီ ၊ သည်းခြေကျောက် အကြောင်း ပြောချင်ပါသည် ။
ကျောက် ဆိုတာ ဘာလည်း ၊ ဘာကျောက်မို့  ကြောက်တာလည်း ။
ကျောက် တော့ ကျောက်ပဲ ။ ဒါပေမဲ့ ဇော်ဝမ်းရဲ့ လမ်းခင်းတဲ့ ကျောက်ခဲ မဟုတ် ။ “ ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်” ဆိုတဲ့ ကနွဲ့ ကရ မင်းသမီးလေး ရဲ့  ကြော်ငြာ ထဲကလို တန်ဘိုးကြီး လှပသော၊လူတွေသည်းခြေခိုက်အောင် ကြိုက်ကြသော အဖိုးတန် ကျောက်များလည်း မဟုတ် ။ လင်ဆာဘကျောက် လို ဘူမိကျောက်များလည်း မဟုတ် ။ ဒီကျောက်တွေက သည်းခြေခိုက်အောင် နာကျင်စေတတ်သော သည်းခြေကျောက် ( Gallstones /Choleliths) များသာ ဖြစ်ပေသည် ။ ဆိုဒ် စုံ ၊ ဂိုက်စုံ ၊ ပုံစံစုံလှသော ဒီကျောက်များ ၊ တစ်ချို့ မှာ တစ်လုံးတည်း ၊ တစ်ချို့ မှာ အလုံးပေါင်းများစွာ အနေအထားဖြင့် သည်းခြေအိတ်ထဲတွင် တည်ရှိနေတတ်သည် ။ အရွယ် အမျိုးမျိုး ၊အမှုန် အစေ့ငယ်များအရွယ်မှ တစ်ချို့ မှာ ဂေါက်သီးလုံး မျှ ပင်ကြီးမားသည်ဟု ဆိုကြသည် ။ကင်ဆာရောဂါနှင့် ကျောက်တည်မှုများ ဆက်စပ်နေခြင်းကို ကင်ဆာ သုတေသီများ တွေ့ ရှိထားသဖြင့် ကျောက်တည်မှု သည်လည်း ကြောက်ချင်စရာကြီးလို ဖြစ်နေပါသည် ။
ဒီကျောက်တွေမှာ ကိုလက်စထရောကျောက်( Cholesterol Stone ) ၊ အရောင်ကျောက်( Pigment Stone) ဟူ၍ အဓိက ၂ မျိုး၂စားရှိပြီး အရော အနှော ကျောက် ( Mixed Stone ) တွေလည်း ရှိနေတတ်သည် ။ သည်းခြေရည်တွင် သည်းခြေဆား ( bile salt) ၊ ကိုလက်စထရော ( cholesterol)နှင့် လက်စီသင်( lecithin) ဓါတ်များ ပါဝင်သည် ။ ထို သည်းခြေရည်များ ပြစ်ခဲမှု များလာပါက ကျောက်တည်ခြင်း ဖြစ်စေတတ်သည် ။
Cholesterol Stone မှာ သည်းခြေကျောက်များတွင် အများဆုံး တွေ့ ရသော အမျိုးအစားပင်ဖြစ်ပြီး ၇၀ မှ ၈၀ % ထိ ရှိတတ်သည် ။ အများအားဖြင့် အစိမ်းရင့်ရောင် ရှိပြီး ဖြူဝါရောင်များလည်း ဖြစ်နေတတ်သည် ။သည်းခြေရည်တွင် ကိုလက်စထရောဓါတ်များရာမှ ထိုကျောက်များဖြစ်ပေါ်လာရခြင်းပါပေ ။ ( သွေးရည်ကြည်ထဲတွင် ကိုလက်စထရော များသူတိုင်း သည်းခြေကျောက်တည်တတ်သည် လို့တော့ မဆိုလိုပါ ) ။
Pigment Stone ကတော့ ၂၀ % မျှ ရှိပြီး အရောင်မှာ မဲနက်သည် ။ သူ့ ထဲတွင် bilirubin ဟုခေါ်သော သွေးနီဥကွဲပျက်ခြင်းမှ ထွက်ပေါ်လာသော ဘီလီရူဘင် အဝါဓါတ်များ ၊ ကယ်လ်စီယံဆားဓါတ်များ ပါဝင်သည် ။
ထို့အပြင် အတုအယောင်ကျောက် ( Pseudolith or fake stone ) ဆိုတာလည်း ရှိသေးသည် ဆိုပဲ ။ လူတွေမှာသာ အတုအယောင် လုပ်တတ်ခြင်း မဟုတ် ။ ကျောက်တွေလည်း တုတတ်သေးသည် ။ ဒါတွေကတော့ ကျောက်တုံး ကျောက်ခဲ အသွင် မရောက်သေး မဖြစ်သေး ၊ sludge အမှုန်ခပ်ပြစ်ပြစ် အဆင့်သာ ရှိသေးသည်ပေါ့ ။
ဒီကျောက်တွေ ဘယ်လိုဖြစ် ။ ဘယ်သူတွေမှာ ပိုဖြစ် ။
တချို့ က အမျိုးလိုက်သည် ။ တချို့ က ခန္ဓာကိုယ်ဓါတုဓါတ်များအပေါ်တည်သည် ။ ကိုယ် အလေးချိန်ပေါ် တည်သည် ။ အစားအသောက်(ကာဘိုဟိုက်ဒရိတ် ကစီဓါတ်များသော အစားအစာ)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ အလေ့အထအပေါ် တည်သည် ။ ဟော်မုန်းဓါတ် များပြားမှုသုံးစွဲရမှုပေါ် တည်သည် ။ ကိုယ်ဝန်ဆောင်မှု ပေါ်တွင်တည်သည် ။ ကျောက်အဖြစ်များရခြင်း အကြောင်း ကို 4 F - Fat , Female , Fertile , Forty ဟူ၍ အမှတ်ရ လွယ်အောင် ဆိုကြသည် ။ ( သို့ပေမဲ့လည်း ၄၀ ဝန်းကျင် ကိုယ်ဝန်သည် မိန်းမ ဝဝ ကြီး ကို တွေ့ တိုင်း သူ့ တွင် သည်းခြေကျောက်ရှိလား ဟူ၍ သွားမမေးမိပါစေနှင့် ၊အဆင်မသင့်လျှင် သင် အရိုက်ခံရနိုင်ပါသည် ...း))) နဂိုရောဂါအခံ ၊ ဆီးချို ၊ အချို့  သွေးအားနည်းရောဂါ .. ဥပမာ Sickle cell anemia ၊အသည်းခြောက်ရောဂါ စသဖြင့် ရှိသူများတွင်လည်း သည်းခြေကျောက်တည်မှု ပိုများတတ်သည် ။
ဘယ်လို ခံစားရမလည်း ။
သည်းခြေတွင် ကျောက်တည်သူတိုင်း နာကျင်တတ်သည်တော့ မဟုတ်ပါ ။ တချို့တွင် သည်းခြေကျောက်များ ကာလရှည်စွာ ရှိနေသော်လည်း ဘာမှ ဒုက္ခမပေး၊ မနာမကျင်ဖြင့် တသက်လုံး နေသွားကြရသူများလည်း ရှိပါသည် ။ ကံကောင်းလေစွ ။ ထိုသူများ အတွက် မည်သည့် ကုသမှုမျှ မလိုအပ်ပါ ။
ထိုကျောက် တစ်လုံး သို့မဟုတ် ကျောက်များကြောင့် သည်းခြေအိတ်နှင့် သည်းခြေပြွန်တို့  ယောင်ရမ်း ပိတ်ဆို့ ပါက အသည်းနေရာဝန်းကျင် ( ယာဘက်ဝမ်းဗိုက် အပေါ်ပိုင်း ) တွင် ပြင်းထန်စွာ နာကျင်တတ်သည် ။ ဇောချွေးများပြန်သည်ထိ မခံမရပ်နိုင်အောင် နာကျင်နိုင်သည် ။ အသည်းနှင့် သည်းခြေမှာ နီးကပ်စွာရှိနေသဖြင့် အသည်းယောင်ခြင်းနှင့် သည်းခြေယောင်ခြင်းတို့ ကြောင့် နာကျင်သော နေရာမှာ အတူတူပင်ဖြစ်ပြီး ထင်ယောင် ထင်မှား ဖြစ်စေနိုင်သည် ။ တချို့မှာ နာကျင်ခြင်း အပြင် အန်ခြင်း ။ ရင်ခေါင်း တောင့်ခြင်း ၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ၊ ချမ်းတုန်ခြင်း ၊ အဖျားတက်ခြင်း ၊ အသားဝါခြင်း ၊ ဆီးဝါခြင်း ၊ တို့ ရှိသည် ။ သည်းခြေပြွန်မကြီးတွင် ကျောက်ပိတ်ဆို့ နေပါက ရွှံ့ နှစ်ရောင် ဝမ်း ( clay color stool ) သွားတတ်ပြီး အသားအရေ ယားယံတတ်သည် ။
ဘယ်လို ကုသမလည်း ။
ကျောက်ကြောင့် နာပါက ၊ ( မကြာခဏ နာကျင်နေပါက ) အနောက်တိုင်း ဆေးပညာ အရ ခွဲစိပ်ကုသခြင်းကို စဉ်းစားကြလေသည် ။ နာကျင်နေသော အချိန်တို အတွင်း နာကျင်မှု ပျောက်ကင်းစေရန် ဆေးဝါးများ ( သောက်ဆေး ၊ထိုးဆေး များ) ဖြင့်တော့ ဦးစွာ ကုသကြပါသည် ။ အန်နေလျှင် အအန်သက်သာဆေး၊ အဖျားတက် လျှင် အဖျားကျဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး များ ပေးခြင်း ဖြင့် ရှိသော လက္ခဏာ များကို သက်သာစေရန် ဆေးများပေးကြသည် ။ တချို့ ကလည်း ကျောက်ပျော်ဆေးများ( Ursodeoxycholic acid , Chenodeoxycholic acid စသည်တို့ ) သောက်ရန်ညွှန်းကြသည် ။ ကျောက်ပျော်ဆေးမှာ လပေါင်းများစွာ၊ တချို့ မှာ နှစ်ချီ၍ သောက်ရမည် ဖြစ်သဖြင့် အသုံးနည်းကြသည် ။အဆိုပါ ဆေးကို မသောက်ပဲ ဖြတ်ထားလိုက်ပါက တချို့ လူနာများမှာ ကျောက်ပြန်တည်တတ်သည် ။သို့ ဖြစ်၍ ခွဲစိပ် ကုသခြင်းကို ဦးစားပေး စဉ်းစားကြသည် ။
ခွဲစိတ်ကုသရာတွင် ယခင်က သမားရိုးကျ ခွဲနည်းဖြင့် ယာဘက်ဝမ်းဗိုက်တွင် ၁၀ စင်တီမီတာကျော်သော ဒါးရာရှည်ကြီးဖြင့် ဗိုက်ဖွင့်ကာ ကျောက်ရှိနေသော ၊ ယောင်နေသော သည်းခြေအိတ်ကို ဖြတ်ထုတ်ရသည် ။ တိုးတက်နေသော ဆေးပညာ ကြောင့် ယခုခေတ်တွင်တော့ ၁ စင်တီမီတာမျှသာ ရှိသော အပေါက်ငယ်လေး ၃ ပေါက်ဖြင့် တယ်လီဗီးရှင်းကြည့်သကဲ့သို့  ပြွန် ကရိယာ မှ တဆင့် သည်းခြေအိတ် နှင့် ကျောက်ကို ဖြတ်ထုတ် ဖယ်ရှား နိုင်ပြီ ဖြစ်သည် ။ Laparoscopic cholecystectomy ဟုခေါ်သည် ။ ကျွမ်းကျင်သော ဆရာဝန်က ခွဲစိတ်ပေးပါက မိနစ် ၂၀ မျှ အချိန်အတွင်း အောင်မြင်ပြီးစီးနိုင်သည်မို့  ကြောက်မက်ဘွယ်ရာ ခွဲစိတ်မှုမျိုးတော့ မဟုတ်တော့ပါ ။
ခွဲစိတ်ဖို့  ကြောက်ရွံ့  နေသော လူနာ များအဖို့  ဘယ်ပုံဘယ်နည်းဖြင့် ကြောက်ရွံ့ ခြင်းမှ ကင်းဝေးစေနိုင်မည်လည်း ဟု သိလိုပါသလား ။ ဆန္ဒတွေ မစောပါနှင့် ၊ ပြောပြပါမည် ။ ဖေါက်သည်ချပါမည် ။ ယုံကြည်စွာ ကျင့်သုံးပါက အကျိုးထူးမည်ဖြစ်ကြောင်း ဦးစွာ ပြောလိုပါသည် ။ ကိုယ်တွေ့ ကြားရ မြင်ရ သည်များကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါသည် ။
ကျွန်ုပ် နှင့် ညီမငယ်တို့ ၂၀၁၀ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် ၃၈၃ ၊ပထမထပ်၊ ကျိုက်ကဆံလမ်း ၊ (တာမွေ အခွန်လွတ်ဈေး အနီး )တွင် နေထိုင်သော ၊ မခွဲစိတ်ပဲ သည်းခြေကျောက် ပျောက်ကင်းသွားသော အငြိမ်းစား အင်ဂျင်နီယာချုပ် ဦးသန်းဝင်း ထံ သွားရောက်တွေ့ ဆုံ အကူအညီ တောင်းပြီး ၊ သိရှိရသော အောက်ပါ အချက်အလက်များ အား လက်ဆင့်ကမ်း လိုက်ပါသည် ။ ဦင်္းသန်းဝင်း ပေးဝေ လိုက်သော လက်ကမ်းစာရွက် မှာ ပုံတွင် ပြထားသည့်အတိုင်း ရှိပြီး သဲကွဲစေရန် ထပ်ဆင့် ပြန်လည် ရေးသားပြလိုက်ပါသည် ။
သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည် ။ ဦးသန်းဝင်း ဖုန်း ၀၉၅၀၇၀၁၅၇ ။
လက်ဆင့်ကမ်းမျှဝေပေးပါ
ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ့ တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။
(Dr . Lai Chiu-Nan နည်းပေးသည် )
ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို့  လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
သည်းခြေကျောက်သည် လူတိုင်း၏စိုးရိမ်သည့်အချက်တော့မဟုတ်ပါ ။သို့ ရာတွင် လူတိုင်းတွင်ရှိသည့်အရာဖြစ်သဖြင့် ကျွန်ုပ်တို့ အားလုံးသည် စိုးရိမ်သင့်ပေသည် ။ ထို့ အပြင် သည်းခြေကျောက်သည် ကင်ဆာရောဂါဖြစ်စေနိုင်သည် ။ Chiu-Nan က “ ကင်ဆာရောဂါဆိုသည်မှာ မည်သည့်အခါမျှ ရှေးဦးဆုံး ဖြစ်သောရောဂါ မဟုတ်ပါ ။” ဟုထောက်ပြခဲ့ပါသည် ။ “ အများအားဖြင့် ကင်ဆာဖြစ်စေသော အခြားပြသနာအများအပြားရှိပါသည် ။ တရုတ်ပြည်တွင် ကျွန်မ၏ သုတေသနပြုချက်အရ ကင်ဆာရောဂါ ဝေဒနာသည်များသည် အများအား ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွေ့ ရှိရပါသည်။ ကျွန်ုပ်တို့ အားလုံးတွင် သည်းခြေကျောက်များရှိပါသည် ။ အကြီး အသေးနှင့် အနည်းအများသာ ကွာခြားပါသည် ။
သည်းခြေကျောက်တည်သောရောဂါ၏ လက္ခဏာ တစ်ခုမှာ အစာကို များများစားပြီးနောက် ဝမ်းပိုက် ပြည့်အင့် ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်ပါသည် ။ အစာမကြေသကဲ့သို့ လည်း ခံစားရပါသည် ။ အကယ်၍ ရောဂါအခြေအနေဆိုးပါက အသည်းတဝှိုက်တွင် နာကျင်မှုကို ခံစားရပါမည် ” ဟုလည်း ပြောပြပါသည် ။
အကယ်၍ သင့်တွင် သည်တွင် သည်းခြေကျောက်တည်နေသည်ဟုထင်လျှင် သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းကို Dr . Lai Chiu-Nan က အောက်ပါအတိုင်း နည်းပေးထားပါသည် ။
အသည်းနှင့် သည်းခြေကျောက်တို့ သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည် ဖြစ်ရာ အောက်ပါကုသနည်း ( သို့ မဟုတ် ) ဆေးနည်းသည် အသည်းအားနည်းသူများ အတွက်လည်း သင့်လျှော်ပါသည် ။
စနစ်တကျ စားသောက်နေထိုင်ခြင်းဖြင့် ကုသနည်း ( သို့ မဟုတ် ) ဆေးနည်း ။
၁ ။ ပထမ (၅) ရက်တွင် နေ့ စဉ် ပန်းသီးဖျော်ရည် (Apple Juice ) ၄ ခွက် သောက်ပါ ။ ( သို့ မဟုတ် ) ပန်းသီး လေး၊ ငါး လုံး စားပါ ။ ( ပန်းသီး ဖျော်ရည် သို့ မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက်နိုင်သည်) ။ ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ထို ၅ ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ ။
၂ ။ ၆ ရက် မြောက်သောနေ့ တွင် ညစာ မစားဘဲ နေပါ ။
၃ ။ ထိုနေ့ ည ၆ နာရီတွင် ဆားခါး ( Epsom salt ) (MgSO4 ) တစ်ဇွန်းကို ရေ နွေးနွေး တစ်ဖန်ခွက်နှင့် သောက်ပါ ။
၎။ ည ၈ နာရီတွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
ဆားခါးသည် သည်းခြေအိတ် ပြွန်များကို ပွင့်စေပါသည် ။
၅။ ည ၁၀ နုာရီတွင် သံလွင်ဆီ ( သို့ မဟုတ် ) နှမ်းဆီ ပန်းကန်လုံး တစ်ဝက် ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံး တစ်ဝက် နှင့် သောက်ပါ ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရော မွှေပြီးမှ သောက်ပါ ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့ စွာ ထွက်စေနိုင်ပါသည် ။
( မှတ်ချက် ။ ။ ပန်းကန် တစ်လုံးစာ = ၂၅၀ မီလီ လီတာ ။
သံပုရာရည် ပန်းကန်လုံး တစ်ဝက် = သံပုရာသီး ၁၀ လုံး ခန့်  )
နောက် တစ်နေ့  ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင် ကျောက်တုံးများကို တွေ့ ရပါမည် ။ Dr . Lai Chiu-Nan က “ များသောအားဖြင့် ကျောက်တွေက မစင်ရဲ့  အပေါ်ပိုင်းမှာ ရှိတတ်ပါတယ် ။ရေတွက်ကြည့်ချင်ရင်လည်းရပါတယ် ။ ကျောက်တုံး ၄၀ - ၅၀ ကနေ ၁၀၀ လောက် အထိ ကျတဲ့လူတွေလည်း တွေ့ ဖူးပါတယ် ။ တကယ်များတာပါ ” ဟု မှတ်ချက်ချပါသည် ။
ဤ ဆေးနည်းကိုအခြားသူများသို့  လက်ဆင့်ကမ်း၍ အခမဲ့  မျှဝေပေးခြင်းဖြင့် ကူညီပါ ။
(ဤဆေးနည်းကို ဦးသန်းဝင်း က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့  ပြန်ဆိုထားပါသည် ။)
...................................................................................................................................................................................................................
ဦးသန်းဝင်း ဆိုသူမှာ အငြိမ်းစား အင်ဂျင်နီယာကြီး တစ်ဦးဖြစ်သည် ။ သူ၏ ဇနီးမှာလည်း အင်ဂျင်နီယာ ဖြစ်ပြီး နှစ်ဦးစလုံး ဖေါ်ရွေကြသည်။ဘုရား တရားကြည်ညိုကြသည် ။ သူကိုယ်တိုင် သည်းခြေကျောက်တည်ခြင်း ဝေဒနာကို နာကျင်စွာ ခံစားခဲ့ရပြီး ဆရာဝန်များဖြင့် ပြသရာ ခွဲစိတ်ကုသဖို့  ပြောသဖြင့် ၂၀၁၀ ဇွန်လ ဆန်းတွင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ရာ မှ သူ၏ မိတ်ဆွေ တစ်ဦးက အင်တာနက်တွင် ရှာဖွေ တွေ့ ရှိသော အထက်ပါ ဆေးနည်းအား ကူးယူ ပြသ သဖြင့် ၊ ထိုနည်းအတိုင်း စားသုံးခဲ့ရာ၊ မခွဲ မစိတ် မနာမကျင်ပဲ ၊ တပါတ်ခန့် သာ ကြာမြင့်သော အချိန်ဖြင့် သည်းခြေကျောက်များ ပျောက်ကင်းခဲ့ရပါသည် ။ သို့ ဖြစ်၍ သူ့ လို ခံစားနေကြရသော ဝေဒနာသည် လူအများ တွင် ဤရောဂါမှ ပျောက်ကင်းစေလိုသော စေတနာ မေတ္တာ တို့ ဖြင့် ၊ အခကြေးငွေ လုံးဝ ( လုံးဝ ) မယူပဲ ၊ သူ့  ကိုယ်ပိုင် အချိန် ၊ကာယ၊ ဥာဏအားနှင့် ငွေကြေး စိုက်ထုတ်ကာ ဤဆေး အညွှန်း ၊ နည်းလမ်း ၊ သောက်သုံးပုံ အသေးစိတ်ကို စိတ်ရှည် လက်ရှည် ဖြင့် ရှင်းလင်း ပြောကြား ပေး နေပါသည် ။သူ့ ထံသို့  လူကိုယ်တိုင် သွားရောက် မေးကြားလိုပါက ဖုန်းဖြင့် တစ်ရက် ကြိုတင် ရက်ချိန်းယူနိုင်ပါသည် ။တခြားအချိန်တွင် ဆက်သွယ်သူများလွန်လှ၍ သူ့ ဖုန်းကို ပိတ်ထားတတ်သဖြင့် နေ့ လည်ပိုင်း ကျော်လွန်ပြီးမှ ဆက်ပါ ။
အကြံပေးချက် ။ ။
ပန်းသီးဝယ်ယူရာတွင် အလုံးကြီး အခွံနီ က ပိုကောင်းသည် ။ တရုပ်ပြည်မှ ဝင်သည် ။ရန်ကုန်တွင် နေသူများ အတွက် သီရိမင်္ဂလာ ဈေး ၊ ဒိုင်တွင် ဝယ်ပါက စီးတီးမတ် ထက် တစ်ဝက်မျှ သက်သာသည် ။ တစ်နေ့  ၅ လုံး ဆိုတော့ ၅ရက်စာ ၂၅ လုံး ၊ အခွံမခွာပဲ ဝါးစားနိုင်ပါက ပိုကောင်းသည် ။ အများကြီး စားရမည် ဖြစ်သဖြင့် တစ်ချို့ သူများ ပါးစပ်နာ နိုင်သည်။ ပွန်းပဲ့ နိုင်သည် ။ အစိတ်သေးသေး အတုံးသေးသေးလေးများ စိတ်ပြီး မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁လုံး တမြုံ့ မြုံ့  ဝါးစားပါ ၊ လုံးဝ မဝါးနိုင်တော့ပါက သစ်သီးဖျော်စက် ဖြင့် ကြိတ်ပြီး စားပါ ။ သံဓါတ်များသော သစ်သီး ဖြစ်သဖြင့် အရောင်အဆင်းတော့ မလှမပ ဖြစ်နေမည် ၊ဝမ်းလည်းချုပ်စေတတ်သည် ။ ရောဂါပျောက်ရန် ကြိုးစားပြီး စားပေးပါ ။ သံလွင်ဆီမှာ ဝယ်ရမလွယ် ( သို့မဟုတ် ) ဈေးပိုကြီးတတ်သဖြင့် နှမ်းဆီ ကို သုံးပါ ။ အာနိသင်ခြင်းတူတူပင်ဖြစ်သည် ။
ဝမ်းမခိုင်သော ညီမငယ်လေးတယောက်လည်း ထိုနည်းအတိုင်း လိုက်နာ စားသုံးခဲ့ရာမှ ဆားခါးနှင့် နှမ်းဆီ ၊ သံပုရာရည် များ မသောက်ရသေးမီ (၅ ) ရက်မြောက် နေ့ တွင်စတင်၍ ဝမ်းထဲမှတဆင့် သည်းခြေကျောက်များ ထွက်ကျပြီး ၊ နောက် တစ်ရက် ဆားခါး ၊ နှမ်းဆီ ၊ သံပုရာရည် အစွမ်းကြောင့် ဆက်လက် ဝမ်းလျှော သည် ။ ယခုအခါတွင် သည်းခြေ ကျောက် နှိပ်စက်မှုကြောင့် နာကျင်မှု များ ကင်းဝေးကာ စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်နေပြီ ဖြစ်ပါသည် ။( သူ့ ဓါတ်ပုံများကို တင်ပြလိုသော်လည်း ခွင့်ပြုချက် မရသဖြင့် အဆိုပါ ကျောက်တုံး မျိုး ဆင်တူများ ၊ ပုံများ ကို အင်တာ နက်တွင် ရှာဖွေ ပြီး ကူးယူ ဖေါ်ပြလိုက်ရပါသည် )
အလားတူ ဝေဒနာ ခံစားနေကြရသူများလည်း မခွဲမစိတ်ရပဲ သည်းခြေကျောက် ရောဂါမှ ပျောက်ကင်းနိုင်ကြပါစေ ။ ကျောက်ဖို့ကောင်းပေမဲ့ ကျောက်စရာ မလိုတော့တဲ့ ဒီကျောက်တုံးများကြောင့် သည်းခြေအိတ် ဖယ်ထုတ်ခံရပြီး အမှတ်သည်းခြေ မရှိသူများ အဖြစ်မှ လွတ်ကင်းကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည် ။
ဘလော့ဂါ ဘကျောက်( ငွေရတု ) တယောက် အသည်းမှာ ဒါဏ်ရာတွေကြောင့် လင်ဆာ သလိုလိုဖြင့် တပါးနိုင်ငံတွင် ဆေးရုံတက် ၊ ရောဂါရှာဖွေ ကုသခြင်းခံယူနေရသော သတင်းကြားမိသဖြင့် အမိပြည်မှ ၀င်ရခက်နေသော သူ့ ဘလော့ကြီးထဲ ကျော်ခွဝင်ရောက် ဖတ်ရှုဖြစ်ပါသည် ။ နှာခေါင်းရှည်ရှည် အသားနီစပ်စပ် ဟူ၍ အမည်နာမ တပ်ထားခြင်းခံနေရသော အနှီလူမျိုးများ၏ နိုင်ငံကြီးတွင် သူ့ မြေ သူ့ ပြည်ဖွား မဟုတ်သော လူအများကိုပင် လူလိုဆက်ဆံပြီး လူလိုအခွင့်အရေးအပြည့်အဝပေးထားခြင်းများကို အားကျစွာဖြင့် ဖွားကိတယောက် အားကျမခံ ကိုယ့်ပြည်ကိုယ့်ရွာမှ ကိုယ့်လူမျိုးများ ကျန်းမာရေးနှင့် ပါတ်သက်ပြီး ရရှိနေသော အခွင့်အရေးများ ၊ အခြေအနေများကို ရေးသားတင်ပြလိုက်ပါသည် ။ ဘကျောက်ကြီး တယောက်ယခု ရွှေပြည်ကြီးမှ ရွှေပြည်သားများဘဝနှင့် စာလျှင် အတော်ကြီး တော်ပေသေးသည်ဟု မှတ်ယူကာ စိတ်အေးချမ်းသာစွာဖြင့် ရောဂါဝေဒနာများကုသမှုကို ခံယူနိုင်ပါစေကြောင်း စကားဦးပျိုးလိုက်ရပါသည် ။
ပြည်သူ့ ဆေးရုံသို့  တက်ရောက်ခြင်း၊ ပြသခြင်း
၂၀၁၀ ဇူလိုင်လလည် ။
မိတ်ဆွေတစ်ဦး သွေးရောဂါဖြင့် ဆေးရုံတက်ရမည် ဖြစ်သဖြင့် မရောက်တာကြာပြီဖြစ်သော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ( ယခင် အခေါ် R.G.H ၊ ယခုတော့ Y.G.H ) သို့  အဖေါ်အဖြစ် လိုက်ပါခဲ့သည် ။့  ကျောင်းသားဘဝက ပုံရိပ်တချို့  ပြန် အမှတ်ရမိသည် ။ ခုတော့ အရာရာ သည် ပြောင်းလဲ နေကြလေပြီ ။ အနိစ္စ အမြဲမရှိပေကိုး ။ ထို ပြောင်းလဲမှုများကို စိတ်ဖြာကြည့်လျှင် တိုးတက်ခြင်း နှင့် ဆုတ်ယုတ်ခြင်း ၂ မျိုးသာ ခြားနားပါသည် ။ အများပိုင် အရာ တွေ ဆုတ်ယုတ်မှု များနေကြခြင်းအတွက်တော့ စိတ်မချမ်းသာ ဖြစ်မိသည် ။ ပုဂ္ဂလိက ပိုင်တွေမှာတော့ တိုးတက်ခြင်းတွေ များလှသည် ပေါ့ ။ အကျင့် စာရိတ္တ နှင့် စိတ်ဓါတ်များ ပျက်ပြား ဆုတ်ယုတ်ခြင်း အတွက် တော့ ဘယ်အရာမှ စပြီး ပြုပြင်ရမည်ကို ဘဲဥအစရှာမရသလို ဖြစ်နေမိသည့် အတွေးက ဝင်လာမိသေးသဖြင့် သက်ပြင်းရှည် မှုတ်ထုတ်ရင်း ရန်ကုန် ပြည်သူ့  ဆေးရုံကြီး ၏ အရေးပေါ် ဌာန ဆီသို့  ရောက် မှန်းမသိ ရောက်နေပြီ ဖြစ်သည်။
ယခင် ဟောက်ဆာဂျင် ဘဝဖြင့် ကျင်လည် ခဲ့ရသည့် နေရာတချို့ လည်း ပြောင်းလဲနေပြီ ။ တာဝန်ကျဆရာဝန် အခန်း ဖက် အဝင်ဝ တံခါးမကြီးမှာ တော့ ယခင်ကလို အဝင်အထွက် မလုပ်နိုင်တော့ ။ ဘေးဖက် မှာ ရော အတွင်းဖက်တွေမှာပါ သံဇကာ များ အထပ်ထပ် ကာရံထားသည် ။ အတွင်းရှိ ခန်းမကြီးမှာ တော့ အကြီးအကဲကြီးဆိုသူရဲ့  ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် မူဝါဒ ဆိုင်းဘုတ်ကြီးက အခန့်သား နေရာယူထားလေသည် ။ အပူပေါင်းများစွာဖြင့် ဤနေရာသို့  ရောက်နေကြသူများစွာ ထဲမှ အဘယ်သောသူများက စိတ်ဝင်တစား ဖတ်မိလေမည်လည်းမသိ ။သားနားစွာ ရေးသားထားသော အချက်ပေါင်းများစွာ ထဲမှ ဘယ်နှစ်ချက်ကို လက်တွေ့  အကောင်အထည်ဖေါ်ပေးနေသည်ဆိုတာလည်း မသိ ။ ထားပါတော့ သူ့ ဟာသူ နံရံမှာ ကပ်နေတာကမှ မျက်စိနောက်သက်သာပါသေးသည် ။
(ဓါတ်ပုံ မရိုက်ရ ဟု ပြောသဖြင့် လက်ယားနေသော ဖွားကိတယောက် အသည်းပါယားရင်း အဆိုပါပုံရိပ်များကို စာသားဖြင့်သာ သရုပ်ဖေါ်နိုင်ပါတော့သည် ။ နားလည် သဘောပေါက်ကြစေလိုပါသည် )
ဦးခေါင်းဟက်တက်ကွဲပြီးသွေးသံ တရဲရဲ ဖြင့် မိန်းမကြီး တယောက် လမ်းလျှောက်ဝင်လာသည် ။ ဝှီးချဲ နှင့် ထရော်လီ များ မရှိပေလို့ လားမသိ ။ ကိုယ့်ဒါဏ်ရာ ကိုယ့်လက်ဖြင့် အုပ်ကာ လူနာ မှတ်တမ်းရေး စာအုပ်ကို ကိုယ်တိုင်လုပ်နေရသည် ။ လူနာ မှတ်ပုံတင်သည့် နေရာမှ အမျိုးသမီး ၂ ဦးအဖို့ အနှီသွေးများမြင်ရသည်မှာ ရိုးနေလောက်ပေပြီ ။ သူတို့ မေးစရာ ရှိသည်များကို အေးဆေးစွာ မေးရင်း ရေးရင်း သူ့ တို့ အလုပ် သူတို့ လုပ်နေကြလေသည် ။ ထိုအဆင့် ပြီးမှ အတွင်းဖက်ခန်းသို့  သွားရန် ညွှန်ကြားလေတော့သည် ။ တော်ပါသေး၏ ။ ခေါင်းမှ သွေးများက အလိုက်သိစွာ တိတ်သွားခဲ့သည်မို့  လူနာကိုယ်တိုင် အေးဆေးစွာ လမ်းလျှောက်ရင်း သူ့ အနာ ချုပ်ရန် အတွင်းခန်းသို့  ဝင်သွားနိုင်တော့သည် ။
နောက်တဦးက ပိန်လှီနေသော ၃ နှစ်သားအရွယ် ယောက်ကျား ကလေးတဦး ၊ အရေးပေါ်ဌာန၏ ခွဲစိတ်ခန်း ရှေ့ ရှိ ခမ်းမကျယ်ကြီးဘေး နံရံတခုတွင်ကပ်ထားသော ထော်လီရွဲ့ ရွဲ့ တခု အပေါ်တွင် ဖင်တုံးလုံးလှဲလျှောင်းကာ ငိုနေသည် ။ ညာဘက် ပေါင်တခုလုံးယောင်ကိုင်းကာ နီရဲနေသည် ။ အတော်လေး နာကျင်နေပေသည် ။ ထိုကလေး၏ အမေဖြစ်ဟန်တူသော အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးမှာလည်း သားဖြစ်သူနှင့် အပြိုင် မျက်ရည်တွေ ကျ လို့  မျက်နှာတခုလုံး ဖေါင်းအစ်နေသည် ။ အိပ်ရေးမဝတာ အချိန်အတော်ကြာပြီ ထင်သည် ။ စပ်စုတတ်သော ဖွားကိ ထိုအမျိုးသမီးဆီသွားပြီး အကျိုးအကြောင်းမေးကြည့်မိသည် ။ ကလေးဘာဝ ဆော့ကစားရင်း လူတရပ် အမြင့်မှ ပြုတ်ကျပြီး ညာဘက်ဒူးခေါင်း ပွန်းပဲ့ကာ တစတစ ယောင်လာသည်မှာ တပါတ်ကျော်ခဲ့ပေမဲ့ လက်ထဲမှာ ငွေမရှိသော မိဘများအနေဖြင့်လည်း မည်သည့် ဆေးခန်း ဆေးရုံ မျှ သွားမပြခဲ့ကြ ။ ဆေးမြီးတို လိမ်းဆေးလေးသာ လိမ်းပေးခဲ့ကြသည် ။ အဆိုပါဒါဏ်ရာ လေးမှ တဖြေးဖြေး ကြီးထွားလာပြီး အဖျားတက် ၊ အကိုင်မခံ နိုင်လောက်အောင် နာကျင်မှုကြောင့် ငိုချင်းချနေရသော အချိန်ကျမှ ရသမျှ လေး ဟိုချေးဒီချေးဖြင့် သူတို့  နေထိုင်ရာ ဒလ တဖက်ကမ်းမှ ရန်ကုန်ဘက်သို့ အရဲစွန့် ကူးလာကာ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြခြင်းဖြစ်သည် ။ ရှိသမျှ ငွေစလေးက ခရီးစရိတ် သာသာလေး ဆိုတော့ စရိတ်မျှပေး ဓါတ်မှန် တချပ်ရိုက်အပြီး အရိုးမကျိုးမှန်းသိရပေမဲ့ ပြည်တည်နာကြီးကို ခွဲစိတ်ရန်လိုသည် ။ ပဋိဇီဝပိုးသတ်ဆေးများ ထိုးရန် သောက်ရန် လိုသည် ။ လောလောဆယ် လက်ထဲပါသမျှလည်း မကျန်တော့ ။ ဆေးလည်းမဝယ်နိုင် ။ သို့ ပါ၍ နံနက် စောစောတည်းက အဆိုပါ နံရံဘေးတွင် ကလေးတင်ထားသော ထော်လီလေး ကပ်ထားကာ စောင့်နေရသည်။ ဘာ ကို စောင့် နေရသလည်း၊ ရှင်းပါသည် ။ ငွေ ဟုခေါ်သော ပိုက်ဆံ ပဲပေါ့ ။ ဘယ်လောက်ကြာကြာ စောင့်ရမည်လည်း ၊ ဘယ်သူမျှ မသိနိုင် ။ ကုဋေ ၈၀ သူဌေးသမီး မဟုတ်သော ဖွားကိ တယောက် တတ်နိုင်သလောက် ဆေးဖိုးအလှူ ကုသိုလ်ပြုခဲ့ပါသည် ။ ကလေး လေး တယောက် ရောဂါ အမြန်ပျောက်ကင်းပါစေ ဟုလည်း ဆုတောင်းပေးမိပါသည် ။ မနေ့ ည ကတည်းက ဘာမှ မစားရသော ကလေးငယ် တယောက် နောက်တနေ့ နေ့ခင်း အထိ ဆာတာရော နာတာရောကြောင့် သနားစဖွယ် ငိုကြွေးနေရသည့် မြင်ကွင်းကို ယခုထိ ပြန်မြင်ယောင်နေမိပါသည် ။
အပြင် ခန်းမကြီး ရှေ့  တနေရာ ရှိ လူနာမှတ်ပုံတင်သည့် နေရာတွင် လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီးသကာလ ရရှိလာသော စာရွက်ပိုင်းလေးတခုကို ယူပြီး အတွင်းခန်းရှိ ဆေးရုံတက်ရန် မှတ်တမ်းရေးသော နေရာသို့  သွားပြီး ရေးမှတ်ရပြန်သည် ။ မည်သည့် ဌာန တွင် မည်သည့် ဆရာဝန်ကြီးဖြင့် မည်သည့် ရောဂါ အတွက် ဆေးရုံတက်ပါမည့် အကြောင်း စာရွက်လေးကို ယူဆောင်ပြီး တက်မည့် နေရာသို့  သွားရပါသည် ။ မသွားခင်မှာ မိမိလိုအပ်မည့် ဆေးများ( သောက်ဆေး၊ ထိုးဆေး) ၊ ဆေးပုလင်းအသုံးအဆောင်များ ကို မိမိအစီအစဉ်ဖြင့် ဝယ်ယူ( သယ်ဆောင် )လာရပါသည် ။ ထိုနေရာ မှ အထွက် အရေးပေါ်ဌာနနှင့် ဆေးရုံကြီးအဆောင် ကြား အမိုးပါလုကူးလမ်း ၊လမ်းခုလပ်တနေရာတွင် ဆေးရုံ အလုပ်သမား တဦးက ဆေးရုံတက်ရမည့် လူမမာ အဖိုးကြီးတယောက်အား သံပြားသက်သက်သာရှိသော ထော်လီဖြင့်အခင်းမပါ ၊ အခြုံမပါ ၊ ဘေးတွင် ဆရာမ မပါ ပဲ တွန်းလာသည် ။သံပြားချည်းသာရှိသော ထော်လီဖြင့်တင်ပြီးတွန်းလာသဖြင့် အစက လူသေအလောင်းဟု ထင်ထားမိရာမှ အနီးမှ ဖြတ်သွားစဉ် ထို အဖိုးကြီး လက်က လှုပ်ရှားလိုက်သဖြင့် ရုတ်တရက်မို့  လန့်ဖြန့် သွားမိသေးသည် ၊နောက်ဆက်တွဲ အနေဖြင့် သက်ရှိလူသားတစ်ဦးကိုဤသို့ တင်ဆောင်သွားခြင်းကို မြင်ရသည်မှာ စိတ်မသက်မသာဖြစ်မိလိုက်သည်။ ကိုယ့်မိတ်ဆွေ လူနာတက်ရောက်မည့် ဌာနတွင် ဆေးရုံတက်ခွင့် စာရွက်အား တာဝန်ကျ ဆရာဝန် နှင့် ဆရာမများကို ပြန်လည်ပြသပြီးသကာလ ကုတင်နေရာ စောင့်ယူရပါသည် ။မောနေသော လူနာတဦးမှာ မိမိကုတင်နေရာမရမီ လွတ်နေသောကုတင်တလုံးတွင် ခေတ္တလဲလျှောင်းအနားယူနေမိသဖြင့် အနီဝတ်ဆရာမလေးတယောက်၏ မြည်တွန်တောက်တီးမှုကိုခံရရှာသည့် မြင်ကွင်းကို အံ့သြစွာ မြင်လိုက်မိသေးသည် ။
မိတ်ဆွေ၏ကုတင်နေရာရပြီး ကုသမှုခံယူနေစဉ် အထူးကု ဆရာဝန် ပရော်ဖက်ဆာကြီး လူနာလှည့်လည်စစ်ဆေးခြင်း အချိန်တိုက်ဆိုင် နေသဖြင့် နားစွင့်နေမိသည် ။ ကုတင် ၉ လုံးဆန့်  လူနာဆောင် အတွင်း အစွန်ဆုံးဒေါင့် တနေရာတွင် ရှိနေသော အသက် ၅၀ ကျော်ခန့် အမျိုးသမီးလူနာပိန်ပိန်တဦး အား ပြောကြားနေသော စကားများပါပေ ။ “အဒေါ့်ရောဂါက ငွေ သိန်း ၁၂၀ ကျော်လောက် ကုန်ကျ ခံနိုင်ရင် ပျောက်နိုင်ပါတယ် ”တဲ့ ..... ။ ဘာရောဂါမှန်းတော့ မသိ ။ လူနာ မှတ်တမ်းစာအုပ်လည်း ကုတင်နားမှာ မရှိသည့်အတွက် ဆရာဝန်ကြီး ကြည့်ရှု လှည့်လည် အပြီးမျက်နှာလေးငယ်နေသော ထိုအဒေါ်ကြီင်္းအား မေးကြည့်မိသည် ။ လူနာအား မည်သူမျှ ရှင်းလင်းမပြသေးသောကြောင့် သူကိုယ်တိုင်လည်း ယနေ့ ထိ ဘာရောဂါမှန်း သေချာ မသိ သေးပါကြောင်းသာ အဖြေရသည် ။သူ့ လည်ပင်းမှာ လည်း ပြည်ရည်စိုရွှဲနေသော gauze တစ အုပ်ထားသည် ။ညာဘက် လည်ပင်းရှိ အကြိတ် တခုကို အသားစ ယူပြီး စစ်ဆေးထားခြင်း မှ အနာမကျက်ပဲ ပြည်ရည်ထွက်နေခြင်းပါပေ ။ ခွဲထားသည်မှာ ၁ လခန့် ရှိနေလေပြီ ။ ဒီတော့ ဆီးချိုများရှိနေသလား ၊ တီဘီ အကျိတ်လား ။ တီဘီဆိုလျှင် သိန်း၁၂၀ လောက်တော့ မကုန်နိုင်တာမို့  ကင်ဆာ အကျိတ် တခုခုတော့ ဖြစ်လေမည် ။ သိန်း ၁၂၀ ကုန်ပြီးလျှင် ဥစ္စာပျောက်မည်လား ၊ အသက်ပျောက်မည်လား ၊ ဘာပျောက် မည်လည်း ဆိုတာတော့ ကံကြမ္မာအတိုင်းသာ ထားရပါတော့မည် ။
“စရိတ်မျှပေး ”ဆိုသည်ကို စပ်စုစွာ မေးမြန်းမိသေးသည် ။ လူနာတဦးက ပြောသည်မှာ တဝက်သော စရိတ် ကိုပေးရပါသည် တဲ့ ။ ဒီတော့ ဆေးရုံတွင်တာဝန်ထမ်းနေသော သူငယ်ချင်း ဆရာဝန်တယောက်ကိုမေးကြည့်မိသည် ၊ တတ်နိုင်သူများ တတ်နိုင်သလောက် အလှူငွေ ထည့်ကြပြီး ထိုငွေများထဲမှ ချို့တဲ့သူများ အတွက် လိုအပ်သည့် ဆေးဝါးများ ပြန်လည် ဝယ်ယူကာ သုံးစွဲပေးနေကြပါသည် တဲ့ ။တခါတရံ ရန်ပုံငွေ မလုံလောက်သည့်အခါများတွင်တော့ သူတို့  ဆရာဝန်များ အိတ်စိုက် ကာ ကုသပေးကြရပါသည် တဲ့ ။ ဒီလိုဆိုတော့လည်း အိတ်စိုက် ဆရာဝန်များဘဝက သနားစဖွယ်ပင် ။ အိတ်လိုက်နှိုက်နေနိုင်ကြသော ဆရာဝန်ကြီးများ ကိုယ်ချင်းစာနိုင်ကြပါစေ ဟုမဆီမဆိုင် ဆုတောင်းမိလိုက်ပါသည် ။
ဒီတော့ ယနေ့ ခေတ် ရွှေပြည်ကြီးမှ လူနာများနှင့် ပါတ်သက်၍ ကောက်ချက်တခု ချမိလိုက်သည် ။
-အလွန့်အလွန် တတ်နိုင်ကြသူများ တော်ရုံ နေထိုင်မကောင်းလျှင်ပင် နိုင်ငံရပ်ခြားသို့ သွားရောက်၍ အချိန်မှန်စစ်ဆေးခြင်း နှင့် ဆေးကုသခြင်ုး ခံယူကြသည် ။
-အတော်အတန် တတ်နိုင်သူများ ရောဂါ ပြင်းထန်ပါက နိုင်ငံရပ်ခြားသို့ သွားရောက်၍ ဆေးကုသမှု ခံယူကြပြီး တော်ရုံရောဂါများကို ပြင်ပ ပုဂ္ဂလိက အထူးကုဆေးရုံကြီးများ ဆေးခန်းကြီးများတွင် ကုသမှု ခံယူကြသည် ။
-တော်ရုံ တတ်နိုင်သူများ နှင့် အနည်းငယ် တတ်နိုင်သူများ ရောဂါ ပြင်းထန်ပါက ပြင်ပ ပုဂ္ဂလိက အထူးကုဆေးရုံကြီးများ ဆေးခန်းကြီးများတွင် ကုသမှု ခံယူကြပြီး တော်ရုံရောဂါများကို ပြည်သူ့ ဆေးရုံ ၊ဆေးပေးခန်းများတွင် ကုသမှု ခံယူကြသည် ။
-မတတ်နိုင်သူများ ရောဂါ ပြင်းထန်လျှင်ရော ၊တော်ရုံရောဂါများကိုပါ ပြည်သူ့ ဆေးရုံ များတွင် ကုသမှု ခံယူကြသည် ။
-အလွန့် အလွန် နှင့် လုံးဝ မတတ်နိုင်သူများ တော်ရုံရောဂါများကို ဆေးမြီးတိုဖြင့် ကုသပြီး ရောဂါ ပြင်းထန်လျှင် ပြည်သူ့ ဆေးရုံ များတွင် ကုသမှု ခံယူကြသူများရှိသကဲ့သို့  အသက်ပျောက်မည့် အတူတူ ပိုက်ဆံပါပျောက်မည့် အရာကို ရှောင်လွှဲပြီး အသက်အသေခံနေကြသူများလည်း ရှိနေကြပါသည် ။ စရိတ်မျှမပေးနိုင်တော့ အသက်သာ မျှပေးနေကြရပါတော့သည် ။
ဤသည်တို့ မှာ ယနေ့ မျက်မှောက် ရွှေပြည်ကြီး၏ ပြည်သူ့  ဆေးရုံကြီးတွင် နာရီပိုင်းလေးအတွင်း မြင်မိ ကြားမိ ကြုံတွေ့ မိ၊ ခံစားမိ သည်များကို ဖေါက်သည်ချလိုက်ခြင်းသာ ဖြစ်ပါသည် ။ နှစ်ပေါင်းများစွာ ဆိုလျှင်တော့ ဘဝပေါင်းများစွာရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်ပေါင်းများစွာ ရှိနေမည်မှာ အမှန်ပင် ဖြစ်ပါတော့သည် ။