နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလရောက်လာပြီ ဆိုတာ နဲ့ ပိုပြီး ပျော်ရွှင် နေမိပါတယ် ။ ရာသီဥတု အရလည်း အေးဆေးတာမို့  နေရထိုင်ရတာ သက်တောင့် သက်သာ ရှိပြီး မနက်စောစော မြူနှင်းတွေ ဝေနေတဲ့ မြင်ကွင်း ကို ကြည့် ရတာ လွမ်းစဖွယ် ပန်းချီကား တချပ်လို မို့ အိပ်မက်များလား လို့ တောင်ထင်မိတယ် ။ အာရုံအတက် နေထွက် လာပေမဲ့ အချမ်းဓါတ်က လျော့ မသွားပဲ မနက်စောစော ဆောင်းလေအေးအေးမှာ လမ်းလျှောက်ထွက် ရတဲ့  အရသာ ၊ အင်းလျား ကန်ဘောင်ပေါ်ကနေပြီး ခပ်ပြပြလေး မြင်နေရတဲ့  ရွှေတိဂုံစေတီတော်မြတ်ကြီးကို အဝေးကနေ လှမ်းပြီး ဖူးမြှော်ရတဲ့ ကြည်နူးမှု တွေ ကို ဘာနဲ့ မှ လဲလို့  မရလောက်နိုင်ပါဘူး ။ ဒီတနှစ် ရဲ့  ပျော်ရွှင်ဘွယ်ရာ လ ဒီဇင်ဘာမှာ လည်း မွေးရပ်မြေ မှာ တပါတ်တာမျှ ရှိနေခဲ့ ရတဲ့ အတွက် ပိုပြီး ကြည်နူး မိပါတယ် ။
ဒီနှစ် ဒီနေ့  ဒီ ခရစ်စမတ် နေ့  မှာတော့ ချစ်လှစွာသော မိသားစု နဲ့ အတူ တပြည်ရပ်ခြားမှာ ရှိနေတာမို့ ထူးထူးခြားခြား ရေးပြီး ဆုမွန်ကောင်း တောင်းပေးဖို့ ရာ အဆင်မပြေ တာ မို့  လွယ်လင့်တကူပဲ အမှတ်တရ ဆားချက်ပေးလိုက်ပါတယ် ။
ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် လေး ဖြစ်ပါစေ ။ နှစ်သစ်မှာ မျှော်လင့်ချက် များ ပြည့်ဝ ကြပြီး ကမ္ဘာသား အားလုံး ချမ်းမြေ့  ကျန်းမာ အဆင်ပြေ အောင်မြင် နိုင်ကြပါစေ ။
တနေ့ တာ....ဒီက စ, တယ် ....လန် သွား ၊၊ အဲ .. လန့် သွားကြပြီလား ။
ညကလည်း ထုံးစံအတိုင်း အတော်မိုးချုပ်မှ အိပ်ဖြစ်တယ် ၊ သိတယ်ဟုတ် ဘလောဂ့် တကာအလည်ကောင်းနေတာနဲ့  ။ ဒီတော့ လည်း အိပ်လိုက်တာ ကမ္ဘာကြီး ကို တင်ပါးစောင်းပေါ် တင်ပြီးတော့ပေါ့ ၊ ( လောကကြီးကို ခါးစောင်းတင်တဲ့ လူစား မျိုး မဟုတ် ပါ )
ကလင် ကလင် ကလင် ....ဪ ဒီ နာရီကလည်း မြည်လာပြီ ။ သွပ်ပြား အိပ်လို့ တောင်မဝသေးဘူး ။၆ နာရီပဲ ရှိသေးတယ်။ ပိတ်ပြီး ခဏ ဆက်နှပ်လိုက် အုံးမှ ပဲ ။
အယ် .. ခနလေးပဲ နှပ်ရသေးတယ် ။ ၇ နာရီ ထိုးသွားပြီတဲ့ ၊ မရဘူး ၊ ထ နိုင်သေးဘူး ။ နောက် ၁၀ မိနစ်လောက် ဆက်နှပ်လိုက်အုံးမယ်ဟာ ... ( နောက်တကြိမ် ပြန်အိပ်မောကျသွား လေသည်)
ဟိုက် .. ဗုဒ္ဓေါ ။ သေပါပြီ ၇း၃၀ တောင်ရှိသွား ပါရောလား ။ဘယ်လို လုပ် ပြန်အိပ်ပျော်သွားမှန်း မသိလိုက်ဖူး ၊
ဒီနေ့ မနက်စောစော ဆီမီနာ ရှိသေးတယ် ။ ဘာမှတောင် လုပ်ရသေးဘူး ။ပြသနာ ပဲ ။
ကျန်းမာရေးကလည်း အရေးကြီးတယ် ။ အချိန်ကုန် သက်သာအောင်၊အလုပ်နှစ်ခု တပြိုင်တဲ လုပ်ရတယ် ။အရေးကြီးတဲ့ ကမ္ဘာ့  အရေး ၊တိုင်းရေး ပြည်ရေး ၊ စီးပွားရေး နဲ့ အတင်းအဖျင်းတွေ ခေတ်နောက်မကျအောင်၊ မသိသူတွေကို ရွှီးလို့ ရအောင် ဖတ်ထား ဦးမှပဲ ။
အောင်နက်ကို ဈေးလွှတ်လိုက်တာ လည်း ခုထိပြန်မရောက်သေးဘူး ။ ဒုက္ခပါဘဲ ထမင်းဘူး မမှီတော့ဘူးပေါ့ ။တတ်နိုင်ပါဘူး ဒီနေ့ လည်း ဖြစ်သလိုပဲ စားရတော့မယ် ။ အလှ အရင် ပြင်ဦးမှ ပဲ ၊
ဒီပုံကြီးကို ဘယ်လို လှအောင်ပြင်ရပါ့ ။ နဂို ရှိမှ နဂိုင်းထွက်တာ တဲ့လေ ။ ခုတော့ မနဲ မနော ထွက်နေပြီ ။စိတ်ညစ်ပါ့ ။
အချိန်မရလို့  မိတ်ကပ်ကို ဖြစ်သလိုပဲ လိမ်းလိုက်တယ် ။ သိမ်းထားတာ ကြာလို့  အရောင် က မဲသွားတာ ၊ ရတယ် ၊ ကိစ္စ မရှိပါဘူး ။ နဂို က လှပြီးသားပဲ ။
ဒီနေ့  ဘာဝတ်ရမလည်း ။ ရွေးဦးမှ ။ ဆီမီနာ မှာ ဆရာ ချောချောလေးက ပို့ စ် အသစ်တင် .. အဲလေ ရှားရှားပါးပါး ကေ့စ် တခု ဆွေးနွေးမှာဆိုတော့ ၊ သူကြည့်အောင် ဘယ်လို ဝတ်ရပါ့ ။ အင်း .. ဒီဟာလေး မဆိုးဘူး ။ လေကောင်းလေသန့် လည်း ရတာပေါ့လေ ။
ကဲ ဘယ်လိုလည်း ။ အဆင်ပြေတယ်ဟုတ် .. ..
အင်း မနက်စာ စားရအုံးမယ် ။ ဘာစားရင်ကောင်းမလည်း ။ အစားတလုပ် ရှာစားရတာလည်း အတော် ခက်ပါလား နော် ။
အချိန် မရတော့ တွေ့ ရာပဲ ကမန်း ကတန်း ပေါ့ ။ လာလေရော့ ။ တရုပ်ပြီး တရုပ် ... အဲလေ .. တလုပ်ပြီးတလုပ် ။
အင်း ၊ ဒီနေ့  ဟမ်ဘာဂါ လေးက အရသာ တမူ ထူးနေသလို ၊ ပိုစားကောင်းသလို ပဲနော် ။ စားကောင်းကောင်းနဲ့ တခုလုံး ကုန်တာပဲ ။
ဪ... ဒီကလေး တကောင်ကလည်း ၊ ပြောမရ ဆိုမရ ၊ ဟိုဆွဲ ဒီဆွဲ နဲ့ ။ အဖေတူသား လေး ၊ တယ်လေ ။
အယ် . .. ညနေဖက် ရေ မလာဘူးတဲ့ ။ ပန်းကန်တွေ လည်း ဆေးရဦးမှာပေါ့ ။ ဒုက္ခပါဘဲ ၊ အချိန် မလောက်ရတဲ့ ကြားထဲ ။ဒီ ကလေးက တမျိုး ။ စိတ်ညစ်ရပါ့ ။ ဒီလိုလေး ခန နေဦး နော် ။
ငြိမ်ငြိမ် နေပါဆို ။ ဒီမှာ ပန်းကန်ဆေးရတာတောင် မဖြောင့်ဘူး ။ အရေးထဲမှ E . E ပါချပြန်ပြီလား ။ ကဲလေ ။ မထူးပါဘူး ။ တချက်ခုတ် နှစ်ချက်ပြတ် ။ တခါတည်း ဆေးကြော ပေးလိုက်မယ် ဟယ် ၊ ဘယ်သူမှ မတွေ့  ဘူး ။
အလုပ်နောက်ကျတော့မယ် ။ဘတ်စ်ကား ကလည်း ဒီနေ့ မှ စောင့်ရတာ ကြာလိုက်တာ နော် ။( အနောက်က လူကြီးကလည်း နှောက်ယှက်နေသေးတယ် ) ။
တော်ပြီဟယ် ။ ဘတ်စ်ကား မစောင့်တော့ဘူး ။ စက်ဘီးလေးပဲ နင်းသွားတော့မယ် ။ အညောင်းလဲ ပြေတယ်လေ ။ ကားပိတ်တာ လဲ မဖြစ်တော့ဘူးပေါ့ ။
(ဟို လူကြီး ၊ ကလူထွင်းလို မဖြစ်အောင် ပုလိပ်ရှောင် မောင်းရမယ် . ရှေ့ မီးရော နောက်မီးပါ မရှိလို့  ..)
စက်ဘီးနင်းရတာ ညောင်းလာပြီ ၊ ခေါ်သူရှိတုံး ၊ဒီလိုလေး ကားကြုံတက်စီးလိုက်မယ် ။ အဆင်ပြေချင်တော့လည်း ဒီလိုပဲလေ ။
အလုပ်ရောက်ပြီ ။ အချိန်တောင် နဲနဲ နောက်ကျသွားပြီ ၊ကမန်းကတန်း ပြေးရအုံးမယ်
ဟူး.. ရောက်ပါပြီ ဆီမီနာ ခန်းထဲ ။ မှောင်လို့ မဲမဲ ပါလား ။ အစီအစဉ် စနေပြီ ထင်ပါ့ ၊
ဆရာချောချော နဲ့ တွေ့ ရမယ်ထင်တာ ၊ မှန်းချက် နဲ့  နှမ်းထွက် မကိုက်ပါလားလေ ။
ပြောတာတွေကလည်း စိတ်ဝင်စား စရာ မကောင်း ၊ ညတုံးကလည်း အိပ်ရေးမဝ နဲ့ ၊ ခိုးအိပ်တာပဲ ကောင်းပါတယ် ။တော်သေးတာပေါ့ ၊ နေရာယူ မှန်သွားပေလို့  ။ ဆီမီနာ ပြီးရင် နှိုးဖို့ မမေ့ နဲ့  အုံး ၊သူငယ်ချင်း မောင်ဘဦးရေ ။
လက်ခုပ်သံကြားတော့မှ နိုးလာတယ် ။ ဝါးးးးးး ၊ ထမင်းစားချိန်တောင် ရောက်ပါရောလား ။စားနိုင်မှ အိပ်နိုင်မှာ၊ ဒီတော့...
အလကားရတာ အကုန်စားပဲ ၊ ဂျီးများနေရင် ငတ်မှာ ၊
များများစားလို့ ကောင်းအောင် နဲနဲ လုပ်ပြရတယ် ။( မောင် ညီမငယ်တို့  အတုယူမမှားကြစေလို )။ဘာမှ မလုပ်ပဲ တော့ ရာထူး မတိုးနိုင်ပေဘူး လေ။ ( သူဌေး အလစ်မှာခိုးရိုက်ထားသောပုံသာ ဖြစ်ပါတယ်။သူ့ အလုပ် ကူလုပ်ပေးရင်း ၊ သူ့ နေရာမှာပါ... )
ဒီလိုနဲ့  အလုပ်မှာ အိယောင်ဝါးခဲ့တာ ... အလုပ်ဆင်းချိန်ရောက်ပါပြီ ။ ဖြေးဖြေးဆေးဆေး ဆိုတော့ ကြုံသလို ပဲ ပြန်ပါတယ်။ ဓါတ်ဆီချွေတာရာလည်း ကျပါတယ် ။လေထု ညစ်ညမ်းမှုလည်း နည်းစေတယ် ။
အိမ်မပြန်ချင်သေးဘူး ။ ကျန်းမာရေးတွက် အားကစားလေး လုပ်အုံးမှ ....ဒီလို ဒီလိုလေး ပေါ့။
အိုးးးး ဘာလို့ ဒီလောက်တောင် အပင်ပန်းခံနေရတာလည်းလို့  ထင်နေရင် မှားမယ် ။ ဒီပုံကြီး ဖြစ်နေလို့  ဒီလိုမှ မလုပ်ရင် ဒီတသက် စွံဖွယ် မမြင်ပါလေ ။
ဒီလို ပိန်ပိန်ပါးပါး ပျော့ပျော့ပျောင်းပျောင်းလေး ဖြစ်ချင်တော့လည်း ကြိုးစားပမ်းစား လုပ်ရပေအုံးမပေါ့ .....
တနေကုန် အလုပ်လုပ်နေရတော့ ဒီလိုလေးလည်း အညောင်းဖြေ ရသေးတယ် ။
အနှိပ်ခံရတာ အတော်လေး အညောင်းပြေသွားပြီ ။ အိမ်ပြန်အုံးမှ ပဲ ။ မပြန်ခင် ဆံပင် ဆက်တင် လုပ် ၊ ရှိုးထုတ်ဦးမှ ။ ဒီဇိုင်းဆင်တူလေး နဲ့ လှတယ်ဟုတ် ...
လှတ ပတ လေးလုပ်ပြီး တော့ အိမ်အပြန် ညနေစာ အတွက် လမ်းမှာ ဝင်ဝယ်ရသေးတယ် ။ ဘာဝယ်ရမှန်းမသိတော့ လွယ်လွယ်ကူကူ ချက်လို့ ရတာ လေးပဲ ဝယ်ဖြစ်တယ် ။ ကြက် ၃ ကောင် ။
လွယ်လွယ်ကူကူ လေးပဲ ချက်စားပါတော့မယ် ။ ဒီလို လေး ခုတ်တယ် ထစ်တယ် ပါးပါးလှီးတယ်လေ ။ ဖြစ်သလိုပါပဲ ။အစားတလုပ် အတွက် ဒီလောက် ဒုက္ခ မခံချင်ဘူး ။
စားလို့  ဝါးလို့ လည်း ပြီးပြီ ။ အချိန်တန်တော့ နပိန်ကန်ရအုံးပေမပေါ့ ။ ဘလောဂ် တကာ လည်ဖို့  လေ ။ အယ် ၊ဒီကလေး နှစ်ယောက် နဲ့  ညတိုင်း ကွန်ပူတာ ကြီးလုနေရတာ အလုပ်တခု ။ ဒါပေမဲ့ သိတယ်ဟုတ် ။ လူကြီးဆိုပြီး ပါဝါ ပြပြီး အနိုင်ယူ လိုက်တာပေါ့ ၊ ဘယ်သူ ဘာပြောမလည်း နော် ။
အရေးထဲမှ ဖုံးတွေ ကလည်း တဂွမ်ဂွမ် နဲ့ လေ ။ ဘလောဂ် လည်တာ အချိန်မလောက်ရတဲ့ ကြားထဲ ၊ ပြန်မပြော လို့ ကလည်း မကောင်း ။ လူမှုရေးတွေ လား ။ မဟုတ်ပါဘူး ။ အရည်မရ ၊ အဖတ်မရ တာတွေ ပါပဲ ။တော်ကီပွား ရတာလည်း ပင်ပန်းတာ ပဲ ။
ဒါနဲ့ ပဲ ဗိုက်ဆာ လာပြန်ပြီ ။ မအိပ်ခင် နွားနို့  လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးလေး သောက်ရမယ် ဆိုလို့  ကိုယ်တိုင် မွေးပြီး ကိုယ်တိုင် ညှစ်ထားတဲ့  နွားနို့  ရှိတယ် ။ သောက်ကြ အုံးမလား ။
သန်းခေါင်ထက် နက်တဲ့ည ၊ ဒီလိုပုံ နဲ့  မိုးကြီးလည်းချုပ်ပြီ ။ မပြီးဆုံးနိုင်သေးတဲ့ မနက်ဖြန်များစွာ အတွက် အသက်ဆက်ဖို့  အလုပ်လုပ်ရအုံးမှာမို့  ၊ အိပ်ချိန်တန်တော့လည်း အိပ်ရ ပြန်ပါပြီ ။ အနှောက် အယှက်ကင်းစွာနဲ့  ဒီလို လေး အိပ်ရတာ လည်း လောက စည်းစိမ် တမျိုး ပါပဲလေ ။
ဒီလို နဲ့  တနေ့ တာ များစွာ တွေ ကုန်ဆုံး နေခဲ့ ရပါတယ် ။
ပျော်စေလိုတဲ့ သဘောသက်သက် နဲ့ ရှာဖွေ တင်ဆက်ပေးလိုက်တဲ့  ပုံများ အထဲ မှ တချို့ သော ပုံများမှာ မျက်စိ အမြင် ရိုင်းနေသလို ဖြစ်နေမယ်ဆိုရင် နားလည်ခွင့်လွှတ်ပေးကြပါ ။ နားမလည် လို့  ပြောချင်တယ် ဆိုလည်း ပြောခဲ့နိုင်ပါတယ် ။ ဒါပေမဲ့  ခါးချိ နေတဲ့  ဖွားကိ တယောက် ခုလောလောဆယ်မှာ ဘလောဂ်လည်ခြင်း ၊ကော်မန့် ရေးခြင်းများနဲ့ ခဏတာမျှ ခွဲခွာ နေရပါအုံးမယ် ။အိမ်သာနတ်ကြီး နဲ့ ထိတွေ့ ဖို့  အခြေအနေ မပေးတဲ့  နေရာ တခုမှာ ရှိနေမှာ ဖြစ်တဲ့  အတွက် နောင် လာမဲ့ နှစ်သစ် ၂၀၁၀ ခုနှစ်မှာမှ ၊ ချစ်ခင်ရသော မောင်နှမ မိတ်ဆွေ များ နဲ့  ပြန်လည် တွေ့ ဆုံ နိုင်ပါမဲ့  အကြောင်း အစီရင် ခံအပ်ပါတယ် ။
ပျော်ရွှင်ချမ်းမြေ့ ဘွယ်ရာ နှစ်သစ်မှာ မိတ်ဆွေ အပေါင်းတို့  ကျန်းမာ ရွှင်လန်းပြီး အစစ အဆင်ပြေနိုင်ကြပါစေ ။ လိုအင်ဆန္ဒများ ပြည့် ဝနိုင်ကြပါစေ လို့  ကြို တင် ဆုတောင်းပေးလိုက်ပါတယ် ။
( ပုံ များ ကို ဂူဂယ်အကူအညီ နဲ့ ရယူထားပါတယ် )
( ဇာတ်လမ်း မစမှီ ထဆင်ထူး ဘော်ဒါကြီးများ နေထိုင်သော သီရိ ဂေဟာ အိမ်ကြီး၏ ဖွဲ့စည်း တည်ဆောက်ပုံအကြောင်း အနည်းငယ် မိတ်ဆက်ပေးပါမည် ၊ သို့ ပါမှ အလွယ်တကူ မြင်ယောင် နိုင်မှာ ဖြစ်သည် ။ သူတို့ ၏ ၅ထပ်ပေါ်သို့ တက်ရာ လှေခါးမှာ ၄ထပ်ရှိ သူမအိမ်ရှေ့  တံခါးတည့်တည့်မှ ချိုးပတ်ပြီး တက်ရသည်မို့  ၅ထပ်သို့  အတက် အဆင်း လုပ်သူတိုင်းကို သူမ အခန်းမှနေပြီး ကြည့်မြင် နိုင်ပါသည် )
အခန်း(၁) တခုသော ကြားရက် ၊ ညနေစောင်း ညီအကို မသိ တသိ အချိန်....
“ ကလင် ကလင် ကလင် ”
တံခါးခေါင်းလောင်းသံ ကြား၍ အမောင် မျှစ်ချိုးဟင်းက သူ့ ရည်းစား ပြန်လာပြီ အထင်ဖြင့် ကမန်းကတမ်း ပြေးဖွင့်ပေးလိုက်သည် ။ပြီးတော့ အသက်ရှု ရပ်ပြီး၊ ကြက်သေသေ သွားသကဲ့သို့  မတ်တပ်ကြီး မှ မလှုပ် မရှား ဘာသံမှ မကြားရ ပါသဖြင့် ၊ အိပ်ခန်းထဲတွင် နှပ်နေသော ကိုညောင်ရမ်း လည်း ဧည့်ခန်းဘက် ထွက်အလာ မှာ သူ၏ ခြေလှမ်းများမှာ လည်း ကြမ်းပြင်မှာ ဆူပါဂလူး ( အကြီးစား ကော် ) ဖြင့် အကပ်ခံထားရသကဲ့သို့  နေရာမှ မရွေ့ လျှား နိုင်တော့ပေ ။ သူတို့  နှစ်ယောက်သား ပါးစပ်မှာအာစေး အထဲ့ ခံ ထားရ ပြီး ၊ စပါးကြီးမြွေ အညှို့ ခံ ထားရ သကဲ့ သို့  ပြုစား လိုက်သူ လေး မှာ ဆင်မယဉ်သာ ဟန်မျိုးဖြင့် သူ တို့ ၏ လူပြို ဂေဟာ ကြီးထဲသို့ တလှမ်းချင်း ဝင်ရောက်လာပါတော့သည် ။
အိမ်ရှေ့  ဧည့် ခန်း ထဲရောက်မှ ..ထန်းညက်ခဲပေါ်တွင် ပျားရည်လောင်းထားသကဲ့သို့ အသံလေးဖြင့်...
“ကျွန်မက ၄ ထပ်မှာ နေတာလေ ။ အိပ်ခန်းသော့ အထဲမှာ ကျန်နေရစ်လို့ အိမ်ရှင်ဆီ ဖုန်းဆက်ချင်လို့  ခွင့် ပြု ပါနော် ။”
၎ ထပ်မှာ လည်း သူတို့ တွေ ကဲ့သို့  အခန်းငှားနေကြသူများ ရှိကြသည် ။ ထိုအခန်းများ၏ ပိုင်ရှင်မှာ တဦးတည်းဖြစ်ပြီး ထိုပိုင်ရှင်၏ ဖုန်းနံပတ်ကို ဖိုးဆိုချင် မျှစ်ချိုးဟင်းက သိသည် ။ ဒီတော့ မြှားဦးက သူ့ ဖက်သို့ ဦးတည် လာပေပြီ ။ အိမ်ပိုင်ရှင်ဆီသို့ ဖုန်းဆက်အပြီး မှာတော့ ပြသနာ မပြီးသေးပဲ ခုမှ ဇာတ်လမ်းစ ပေသည် ။ အကြောင်းမှာ ၄င်း အိမ်ကြီးရှင် က အဝေးသို့ ရောက်နေသဖြင့် ထို အခန်းသော့အား ချက်ခြင်း လာမဖွင့်ပေးနိုင်သေးကြောင်း ။ ထို့ ကြောင့် မြန်မာပီပီ “ ကူညီ ပါရစေ” စိတ်ရှိနေကြသော ထိုသူ မောင်မင်းကြီးသားနှစ်ဦးမှာ မိန်းမပျိုလေး တယောက်တည်း ညအချိန်ကြီး အိမ်ပြင်မှာ ရပ်စောင့်နေရသည် မှာ မသင့်တော် ပါကြောင်း တွေးမိပြီး ထို သူမလေး အား အိမ်ရှင်သော့လာဖွင့်ပေးချိန်အထိ သူတို့ ၏ အိမ်တွင် ထိုင်ပြီး စောင့်နိုင် ပါကြောင်း၊ လူမှုရေးအရ လောကွတ် ပြုမိလေတော့သည် ။ ( ဤမိန်းကလေး၏ နေရာတွင် ကိုးတောင်ကျားကြီး အဲ့ လေ အတောင် ၂၀ ဝတ် မြင်းယောကျာင်္း ပါ ဆိုပါက ဘယ်သို့  ဘယ်ပုံ ပြောဆို လွှတ်ပေ မလည်း ဟု အကျွန်ုပ် မှာ မဆီမဆိုင် တွေးမိလိုက်သေးသည် )
ဒီလိုနဲ့ စကားစမြည်ပြောကြရင်း ထမင်းစားချိန်ရောက်လာပြီဖြစ်သည် ။ ဒီတော့လည်း အိမ်ရှင်ပီပီ ထမင်းအတူ စားသွားဖို့ အကြောင်း ဖိတ်ခေါ်ရပေတော့သည် ။ ခေတ်ကာလ မိန်းကလေးမို့လား မသိ ၊ ပွင့်ပွင့် လင်းလင်းရှိလှ သူ ထို မိန်းကလေး မှာ တချက်မျှ ဟန်လုပ်၍ပင် မငြင်း ၊ နှစ်ခါ မခေါ်ရ ။ ထမင်းဝိုင်းသို့  ဝင်လွေးပါတော့သည် ။ ဟင်းတခွက် ပိုစေလိုသော စေတနာ ဖြင့် ကိုညောင်ရမ်းက ဂေါ်ဖီထုတ်ကြီး လှီးကာ ကမန်းကတမ်း ထပ်ကြော်ပေးသေးသည် ။ ဆာ လောင်မွတ် သိပ် နေသူ အလား ၊ အားရပါးရ စားသောက်နေ သူ မိန်းကလေးအား ကြည့်၍ အလှူရှင် နှစ်ဦး မှာ သဒ္ဒါပေါက်ကာ ကြည်နူးနေကြသည် ပေါ့ ။ စား ပြီး သောက်ပြီးမှာတော့ လုပြည် ဝပြည် ထုံးစံအတိုင်း ရေနွေးကြမ်းလေးသောက်ရင်း ဖြင့် အိမ်ရှင် အလာကိုစောင့်ကြသည် ၊ ထို အချိန်တွင် ညအတော်မှောင်နေပြီ ဖြစ်သဖြင့် ဆောင်းလေအေး အဝှေ့  သူငယ် မလေးခမျာ ချမ်းလို့  ခိုက်ခိုက်တုန်လာပြီ ဖြစ်သည် ။( ချမ်းရှာပေမပေါ့ ဝတ်ထားသည်က ဘောင်းဘီ တိုတို ၊အကျီင်္ တိုတို ဆိုတော့ သူ့ ခမျာ ဒီဇင်ဘာ အချမ်းကို အံမတုနိုင်ပေဘူးပေါ့ ) ။
“ ရှင်တို့  အိမ်မှာ အရက် ကလေးများ မရှိဘူးလား ဟင် ”
ငါးပါးသီလ ထဲမှ မုသာဝါဒ ကို မချိုးဖေါက် လိုသော မောင်မင်းကြီးသား ၂ ယောက် တယောက် မျက်နှာ တယောက်ကြည့်ကာ အဓိပ္ပါယ်ဖေါ်အပြီး တွင် ရိုးသားသော မျှစ်ချိုးဟင်း ( အသားမပေါ ၊ အရိုးများသော ချေးခါးသော ဟုယူဆလျှင်လည်း ရနိုင်၏) က အခန်းထဲတွင် ဖွက်ထားသော တစ်ဝက်မျှကျန်နေသေးသော ဗော့ဒကာ ( Vodka)ပုလင်းကြီးအားထုတ်ပြီး ဧည့်ခံရပါတော့သည်။အမျိုးကောင်းသား နှစ်ယောက်ခမျာ မတော့ အရှက်အကြောက် ကြီး သူများပီပီ သူစိမ်း မိန်းကလေးရှေ့ မှာ ဗိုင်းကောင်းကျောက်ဖိ သဘောနှင့် ရေနွေးကြမ်းကိုသာ လှိမ့် သောက် နေကြလေသည် ။
ဆေးလိပ်ကို အသည်းအသန်ဖွာလိုက် ၊ ဗော့ဒကာလေး မော့လိုက် နှင့် ငြိမ့်နေသော ထို မိန်းကလေးမှာ လက်ကျန် ပုလင်း တဝက်လုံး ပြောင်သွားသည့်တိုင် အာမစွတ် လျှာမစွတ် ဖြစ်နေပုံရသည် ။ အားမနာတတ်စွာဖြင့် ..
“ ရှင်တို့ဆီမှာ ဝိုင်ကလေးများ ရနိုင်အုံးမလား ဟင် ”
ဒီတော့လည်း အားနာတတ်သော အမျိုးကောင်းသားနှစ်ယောက်မှ တယောက် ကို တယောက် မျက်လုံးခြင်း စကားပြောရပြန်သည် ။အထာများဖြင့် အချက် ပြပြီးသကာလ ၊ ကိုညောင်ရမ်းခမျာ တရမ်းရမ်းဖြင့် အောက်ထပ်ဆင်းပြီး ၇-၁၁(ဆဲဗြင်း-အလဲဗြင်း ) မှာ စပျစ်ဝိုင်တလုံး သွားဆွဲခဲ့ရလေသည် ။ ဩော် .. ဧည့် ဝတ်ကျေချင် သူမို့ ပါ ။
အဆိုပါ စပျစ်ဝိုင်တပုလင်းအား အလျှင်အမြန်သွားဝယ်ပြီးသကာလ အိမ်ပေါ်တွင် မဖိတ်ခေါ်ပဲ ရောက်လာသော ရွှေဧည့်သည် မိန်းကလေးအား ပျူငှာစွာ ဧည့်ခံရပြန်လေသည် ။ ကိုမျှစ်ချိုးဟင်း မှလည်း စေတနာ သဒ္ဒါ များလှစွာဖြင့် ငါးမုတ်ကြော် ကလေး ကို ထပ်ခါ ကြော်၍ အမြည်းဖန်တီးပေးရရှာသည် ။အံ့သြဘွယ်ရာ တပါးမှာ ဤမျှလောက်သော တပုလင်းခွဲသောက်ပြီးသည့်တိုင်အောင် ထိုမိန်းကလေးမှာ မူးသည့်ဟန် တစက်မျှ မပြ ပဲ ၊ ရေနွေးကြမ်းကိုသာ ဖိသောက် နေကြရရှာသော အမျိုးသားကောင်း နှစ်ဦးမှာ မူးချင် သလို ရူးချင်သလို ဖြစ်နေရခြင်းပါပေတည်း ။
ဤအချိန်တွင် ရေနံအလုပ်သမားကြီး အမိတဗဂျမ်း အဖြူလေး ခမျာ ဘုမသိ ဘမသိ ဖြင့် နေအိမ်သို့ ပြန်ရောက်လာပေသည်။ စားတော် မတည်မီ ၊ ရေမိုးချိုး ရန်ပြင်ဆင်လျှက်ရှိ ရာတွင် ၊စားတော်ဆောင်အတွင်းမှ ဖြစ်ရပ်မှန်များအား မသိသေးသဖြင့် လူပြိုကြီးများ လွပ်လပ်စွာ နေကြသော ထုံးစံအတိုင်း ၊ နံငယ်ပိုင်းဖြင့် အိပ်ဆောင်မှ ရေချိုးဆောင်တော်အကူး မြင်လိုက်ရသော မြင်ကွင်းတခုကြောင့် မိမိမျက်စိ မိမိမယုံနိုင်လောက်အောင် ခံစားလိုက်ရပြီး ကြက်သီးမွှေးညင်းများ ဖြန်းကနဲ ထသွားရရှာသည် ။ ခွန်နှစ်ဆောင်ပြိုင် ခန်းအတွင်း မီးမထွန်းပဲလင်းသွား လေပြီလား ၊ အရှင်လတ်လတ် နတ်ပြည်ရောက်သွားလေပြီလား ဟု ဝေခွဲ မရနိုင်လောက်အောင်ပါပေ ။ ချိုးတော်ဆောင် အတွင်းဝယ် နတ်မိမယ် တပါး ရောက်နေပါပေါ့လား ။သို့ ပေသောကြောင့် ဗိုက်ခေါက်လိန်ဆွဲနေကြ သူ့ မဟေသီ ကိုတောင် သတိမရနိုင်အား တော့ပါပေ ။
“ ခင်... ခင်. . ဗျား ... ဘ... ဘယ် သူ .. သူ လဲ ... ” တုန်ရီစွာဖြင့် မေးလိုက်သော ခြောက်ကွဲအက်ကြေ အသံဝေ များက ခလုတ်တိုက် ပြီး အဖြူလေး ဆိုသူထံ မှ ထွက်ပေါ်လာခြင်းပါ ။ ( ဤတွင် ချိုးတော်ဆောင် အတွင်းမှ အဖြစ် အပျက်များအား ၁၈ နှစ်အောက်များ ဖတ်မိမည် ကို စိုး၍ ဆင်ဆာ ဖြတ် ခြင်းခံလိုက်ရပေသည် ).......
မိန်းကလေးက ဘာမှပြန်မဖြေပဲ ချိုးတော်ခန်းမှ အပြေးတပိုင်း ထွက်သွားရှာတော့ ၊အမောင် အဖြူလေး ခမျာ ရင် တုန် ပန်းတုန် မချိတင်ကဲ ဖြစ်သွားရသည် ။ ရေဆေးငါး စင်းလုံးချော ဖြူဝင်းဝင်းလေး မှာ သူ့ မျက်စိထဲမှ မထွက်တော့ ။ ဒီလို နဲ့ ဘဲဥတလုံး ကျက်မျှကြာသောအချိန်တွင် သန့်စင်ခြင်းလုပ်ငန်းပြီးဆုံးသဖြင့် စက်တော်ရာ ခန်းသို့ ဝင်အလာ မှာ အင်္ဂါဂြိုလ်ကြီးခွန်နှစ်လုံးပြူး သူ့  ဦးခေါင်းသို့ အရှိန်ပြင်းစွာ လာဆောင့်သကဲ့သို့  မူးမိုက် သွားရသည် ။ အကြောင်းမှာ ထိုထို ပျိုပျိုမေ ကညာ တပါးမှာ သူ့ ၏ သလွန်အိပ်ယာတော် ထက်ဝယ် ခြေတပ္ပလင်ချိတ်ကာ အခန့် သားထိုင်ပြီး မျက်နှာချင်းဆိုင်တွင် ဖွင့်ထားခဲ့ပါသော ဗီဇက်အို တဖက်မှ လှမ်းမြင်နေရသော မဟေသီအား လက်ပြ နှုတ်ဆက် နေခြင်း ကြောင့် ဖြစ်ပါလေ၏ ။ အဖြူလေး တယောက် ငယ်ထိပ်မြွေပေါက် ခံရသည်ထက် အဖြစ် ဆိုးပေပြီ ။ ဘယ်လိုမှ ဖြေရှင်း ၍ ရတော့မည် ကို ကြိုတင် သိရှိနေရသောကြောင့် ဖြစ်လေသည် ။ သို့ ဖြစ်ပါ၍ ၄င်း၏ လက်တော့ ကွန်ပူတာ ကြီးအား အလျှင် အမြန် ပိတ်၍ ထို မိန်းမပျိုအား အခန်းတွင်းမှ တွန်းဖယ်ထုတ်လိုက် မိလေသည် ။
ယမကာ တန်ခိုးဖြင့် ယိုင်ထိုး နေသော မိန်းမပျို နှင့် အမောင် အမိတဗဂျမ်း တို့ ၏ အာရာဒါးနား ပြကွက်များကို ပိတ်ကားပေါ်တွင် ဆက်လက် ရှုစား စေလိုပါသည် ။ အကင်းပါးသော ကိုမျှစ်ချိုးဟင်းက သူငယ်ချင်းကောင်း ပီပီင်္ ဒုက္ခနှင့် လှလှ တွေ့နေရှာသော အဖြူလေးအား ကူညီရန် အလို့ငှာ လိမ်မာ ပါးနပ်စွာ ပရိယါယ် သုံး၍ အနှီ မိန်းမပျိုအား ဧည့်ခန်းတွင်းမှာ လာစောင့်ရန် ဖြောင်းဖျ လိုက်ရလေသည် ။ သူ သာ ဝင် မကယ်ပါက အဖြူလေးတယောက် ရေတိမ်နစ်ရရှာပေတော့မည် ဟူသော ကယ်တင်ရှင်ကြီး မျက်နှာပေး နှင့် မျှစ်ချိုးဟင်းက မင်္ဂလာ ယူနေလိုက်သေးသည် တမုန့် ။
ဗိုက် အဆာလွန်နေသော အဖြူလေးတယောက် ထမင်းစား ရန် စားတော်ခန်းသို့  ခြေဖွပြီးကူးအလာ မှာ ထိုမိန်းကလေးက လျှစ်ကနဲ မြင်လိုက်သဖြင့် စွတ်ကနဲ ရောက်လာပါတော့သည် ။ စားတော်ခန်း တွင် ဆုံကြ ပြန် ပြီပေါ့ ။ အရှက်ကြီးသည်ထက် ၊မဟေသီအား အကြောက်ကြီးသော အဖြူလေး တယောက် ဘာမှ မပြောပဲ သူ့ ထမင်း သူစား နေတော့လည်း မိန်းမပျိုလေးက စွေ့ ကနဲ အနားမှာ ထိုင်ကာ ဂေါ်ဖီထုတ်ကြော် ပေးမည် ဖြစ်ကြောင်းပြောရှာ သည် ။ထမင်းနင်နေသော အဖြူလေး၏ ပုံသဏ္ဍန်မှာ သနားစရာ မကောင်းပဲ ဝါးလုံးကွဲ ရယ်ချလိုက်စရာသာ ကောင်းနေပါတော့သည် ။
ထိုအချိန်တွင် အားကိုးရသော သူငယ်ချင်းကြီး နှစ်ဦး ဖြစ်သူ ကိုမျှစ် နှင့် ကိုရမ်း တို့ မှာ အခန်းတွင်းသို့  အသီးသီး အသက ဝင်ရောက် ပျောက်ကွယ် ကာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြလေသည် ။ သို့ ဖြစ်ပါ၍ အဖြူလေးတယောက် ငြုပ်သီးဟင်း မစားရပါပဲ နှင့် မျက်နှာကြီးနီ၍ အသံတိတ် ပြဇာတ်က နေရရှာပေတော့ သည်။
ကံကောင်းချင်တော့ ဤအချိန်တွင် ကယ်တင်ရှင် ပေါက်ချ လာပေတော့၏ ။အိမ်ကြီးရှင် အဖွားကြီး ပြန်ရောက်လာပေပြီတည်း ။ သော့တချောင်းကိုင်၍ ဒေါနှင့် မောနှင့် တက်လာပြီး ထို မိန်းကလေး အား
“ နင်ကလည်း အတော် အသုံးမကျပါလား အေ့ ။ ဘယ်နှစ်ခါ ရှိနေပြီလည်း ။ သော့မေ့ကျန် နေတာ ။ နောက်တခါဆို ငါလာမဖွင့် ပေးတော့ဘူး ”
“ အို .. အဒေါ် ကလည်း ၊ ကျွန်မ ဒီအောက်နားလေးတင် ဆင်းပြီး ဟင်းဝယ်တာ ၊ ကမန်းကတန်း နဲ့ မို့ပါ ၊ ကျေးဇူးတင်ပါတယ် အဒေါ်ရယ်” ဟု လေပြေသွေးတော့ အဖွားကြီးမှလည်း ဆက်ပြီး မဆူဖြစ်တော့ပါလေ ။
ဤသို့ ဖြင့် ပထမ တည ကုန်ဆုံး သွားရလေသည် ။ လူပြို ကြီး ၃ ယောက်မှာ တော့ အတွေးကိုယ်စီ ဖြင့်......
ဆရာကြီး ဦးသုနြေ္ဒမှာ အိမ်တဆောင် မီးတပြောင်ဖြင့် သီးသန့်  ခန်းနားစွာ နေပါသဖြင့် ဤ လူပြို ဂေဟာ ၏ ရင်မောဘွယ် ဇာတ်လမ်းအစ အား မသိလိုက် ရှာပါပေ ။
....................................................................................................................
အခန်း(၂) ။
နောက်တရက် အကြာ ၊ နေဝင်ရီ တရော အချိန် ၊ ( ဒုတိယ အကြိမ်မြောက် ဝင်ရောက်ခြင်း)
ဆောင်းတွင်းဆိုတော့ နေ့ တာ တိုလှသည် ။ ညနေစောင်း ၅ နာရီအချိန်ခန့်  သာ ရှိပေမဲ့ အပြင်မှာ မှောင်ရီလို့နေပေပြီ ။
“ ကလင် ကလင် ကလင် ”... မြည်ပြန်ချေပြီ ဒီင်္ ခေါင်းလောင်း ၊ ထွက်ကြည့်လိုက်တော့ မနေ့  ညက မိန်းကလေး ပေပဲ ။
ဒီတခါ ဒုက္ခ အထုတ် ဖြေမိသူမှာ ကိုညောင်ရမ်း ။ အားနာ ပါးနာ ဖြင့် တံခါးဖွင့်ပေးလိုက် ပြန်ပေပြီ ။
“ မင်္ဂလာပါ ညီမရေ ..သော့ကျန်ခဲ့ ပြန်ပြီလား ” မေးတော့
“ မဟုတ်ပါဘူး အကိုရယ် ။ ကျွန်မ တယောက်တည်း အခန်းထဲ မှာ တနေကုန် ။ ပျင်းလာ လို့ လေ ”
စကားလည်းပြောရင်း ၊ လက်ကိုလည်းမြှောက်ပြရင်း ၊ ကြည့်လိုက်တော့ ဝီစကီ တစ်ပုလင်း ၊
“ ဗုဒ္ဒေါ့ ..” ဘုန်းကြီးကျောင်းသားလူထွက် ကိုညောင်ရမ်း တယောက် ဘုရားတလိုက် မိလေသည်။“ ကျားမြှီးသာ ပြေးဆွဲ လိုက်ချင်တော့တယ်” ဟူသော အတွေးဝင်လာပေမင့် ၊ မြန်မာ ပီပီ ဧည့်ဝတ်ကျေတတ်သော အိမ်ရှင်တို့ ၏ ထုံးစံ အတိုင်း
“ ဩော် ဟုတ်တာပေါ့ဗျာ ။ တယောက်ထည်း ဆိုတော့ ပျင်းနေရှာမပေါ့ ။ အပေါ်ထပ် နဲ့ အောက်ထပ် အိမ်နီးချင်းတွေပဲဗျာ ။အချိန်မရွေး လာနိုင်ပါတယ် ။ ထိုင်ပါအုံးခဗျာ ”
မချောလေးမှာ ဧည့်ခန်းတွင် ထိုင်မနေတော့ပဲ အလွန်ရင်းနှီးသူတို့ ၏ ပုံစံဖြင့် ထမင်းစားခန်း သို့ ဝင်ကာ ပါလာသော ပစ္စည်းများကိုချ ၊ မီးဖိုချောင် မှာ အလုပ်ရှုပ်နေသော အိုးသူကြီး ကိုညောင်ရမ်းအား ဝိုင်းဝန်းကူညီ ကာ တက်ညီ လက်ညီ ချက်ပြုတ် ပါတော့သည် ။ ဤနေရာတွင် ဂေါ်ဖီထုတ်ကြီးကြော်မှာ မပါမဖြစ် ဟင်းတခွက် ဖြစ်ရပြန်ပေတော့သည် ။ မီးပြင်းပြင်းဖြင့်  ဆီပူပူထဲ ရှဲကနဲ ရှဲကနဲ ကြော်နေသော ဂေါ်ဖီကြော်မှာ ဂေါ်မစွံသော လူပြိုကြီးအား ပြောင်လှောင်နေသကဲ့သို့ ပင် ။
ချက်လို့  မှ မပြီးသေးမှီ အမောင် မျှစ်ချိုးဟင်း အလုပ်မှ ပြန်ရောက်လာပြီ ဖြစ်သည် ။ ကမန်းကတန်း ရေမိုးချိုး ပြီး မဝင် မနေတတ်အောင် စွဲနေသော ဘလောဂင်းကို ခဏတာမျှ ဝင်ရောက်လည်ပတ် နေလိုက်သေးသည် ။
ထိုအချိန်တွင် ဟင်းပွဲ အတူချက်နေကြ သူ နှစ်ဦးမှာ စကားစမြည်ပြော ရင်း...
“ အစ်ကို ရယ် ။ ကျွန်မ အရေးတကြီး လိုနေလို့  ပိုက်ဆံ နည်းနည်းလောက် ချေးပါနော် ”
“ ဘုရားရေ .. ” ကိုညောင်ရမ်းကြီး တယောက် ညောင်ပင်တင် မက ၊ မာလကာပင်၊ ဦးသျှစ်ပင် များပါ ရမ်းသွားရှာသည် ။ မရှိဘူး လို့  အပြတ် ငြင်းရမှာလည်း အားနာ ၊ ပေးလိုက်ပြီး ပြန် မရမှာလည်း ကြောက်သေး၊ မြွေမသေ ၊တုတ်မကျိုး ဘယ်လိုနည်းနဲ့  ရှောင်ရမတုံးလို့ တွေးနေစဉ်မှာပဲ ၊ ကယ်တင်ရှင် ကိုမျှစ်က ဘလောဂင်း တန်လန်း ဗိုက်ဆာသဖြင့် ထမင်းစားခန်းဆီသို့  ပေါက်ချလာတော့သည် ။
ဒီတော့ ပစ်မှတ် က ကိုမျှစ်ဆီ သို့  ဦးတည်သွားလေတော့သည်ပေါ့ ။
“ ဒီက မောင်လေးရယ် ။ အစ်မ အရေးတကြီး အသုံးလို လို့  ၊ ပိုက်ဆံ နဲနဲ လောက် ချေးပါ လားကွယ် ”
ကိုမျှစ်တယောက် ရှိသမျှ ခေါင်းမွှေးများ ထောင်တက်သွားပြီး ၊ အသည်းအသန် စဉ်းစားလိုက်လေသည် ။
“သူက မိုဟာမက် အလီလို လက်သီးလည်းအထိုးကောင်းတယ် ၊စကားလည်း အပြောကောင်းတယ် .. မိုဟာမက် .. မိုဟာမက် အလီ ”...
( အခန်းတွင်းရှိ ကက်ဆက်မှ ထွက်ပေါ်လာသော သီချင်းသံ )
သူက စာလည်း အရေးကောင်း၊ စကားလည်း အပြောကောင်း သူ ဆိုတော့ လူရိုးကြီး ကိုညောင်ရမ်းက အားကိုးတကြီး လှမ်းကြည့်လိုက်သည် ။ ဒီတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ထုံး နှလုံးမူ၍ ...
“ အဟမ်း ။ ဒါက ဒီလို ရှိပါတယ် ခင်ဗျာ ၊ ကျွန်တော်တို့  သူငယ်ချင်းတွေ က ဒီမှာလာ အလုပ်လုပ် ပြီး ၊ ရတဲ့လခတွေ ကို မိဘ ဆီ ပြန်ပို့ နေကြတာ ၊ လက်ထဲမှာ အပို သိပ်မရှိပါဘူး။ ခုတောင် သူဌေးဆီက လခ မရတာ ၃ လ ရှိတော့မှာ ”
“ ဟုတ်ရဲ့လားရှင် ။ ကျွန်မတော့ မယုံပါဘူး ။ ဒါဆို ရှင်တို့  အခု ဘာနဲ့ စားနေကြတာလည်း ”
“ တကယ်ပြောတာဗျ ၊မယုံရင် ကြည့်ပါလား ” ၊ ဂေါ်ဖီထုတ်ကြော် ပန်းကန် လေးအား မှင်သေသေဖြင့် လက်ညှိုးထိုးပြလိုက် သည် ။
ဒီတော့လည်း မယုံတဝက် ယုံတဝက်ဖြင့်ပေါ့ ၊
ဤသို့ ဖြင့် ကယ်တင်ရှင် ဂေါ်ဖီ ရွက်ကြော်ဟင်းဖြင့် ထမင်းဝိုင်းကို မြိန်ရှက်စွာ စားသုံးဖြစ်ကြသည် ။ ပြီးတော့ ယမကာ တန်ခိုးဖြင့် အာဝဇ္ဖန်းရွှင်နေသော သူမ ကို ထုံးစံ အတိုင်း၊ ကိုမျှစ်က ရေစီးကမ်းပြို စေတနာ ဖြင့် ငါးမုတ် ကြော်များကြော် ပေးအပြီး ၊သူတို့ နှစ်ယောက် မတော့ ရေနွေးကြမ်း တအိုး ဖြင့်သာ တင်းတိမ် နေလိုက်ကြရသည် ။ ( အိမ်ရှင်ဆိုတော့လည်း ဧည့် ဝတ် ကျေရရှာပေတာပေါ့ )....
မိန်းမပျိုလေး ကတော့ သူ့ အိမ် သူ့ ယာ မှတ်နေသလား ၊ထင်ယောင် မှားစရာပါပေ ၊ စီးကရက် လေးဖွာလိုက်၊ အသူရာရည်လေး မော့လိုက်၊အမြည်းလေး ဝါးလိုက် ၊ စကားလေးတွေ ပြောလိုက် ၊ ရယ် လိုက် ဖြင့် ၊ ဘေးမှ နှစ်ယောက်သားမတော့ မရယ် နိုင်ပဲ မောနေကြရပါလေပြီ ။
“တရက်လာတော့ ရွှေ ဧည့်သည် ။ နှစ်ရက် လာတော့ ငွေဧည့်သည် ။ ရှေးလူကြီင်္းများစကား မှန်လှတယ် ”။
ကံဆိုးသူ အဖြူလေး လည်း ဒီနေ့ မှ အလုပ်နောက်ကျစွာ ပြန်ရောက်လာ တော့ ထမင်းစားဖို့ ရန်မှာ တယောက်တည်း ဖြစ်နေရလေသည် ။ လက်လွှဲ ဖျော်ဖြေရေး သမားတဦး ရောက်လာတော့ ကိုမျှစ် နှင့် ကိုရမ်းတို့ နှစ်ယောက်သား ဟိုယောင်ယောင် ဒီယောင်ယောင် ဖြင့် အခန်းထဲ သို့  ဝင်သွားကြလေ တော့ သောကြောင့် ထမင်းဝိုင်းတွင် သူတို့  နှစ်ဦးသာ ကျန်နေလေတော့သည် ။ဂေါ်ဖီကြော်ကြိုက်သူ မိန်းကလေးက အလိုက်သိစွာ ဖြင့် အဖြူလေးအတွက် နောက်တပွဲ ထပ်ကြော် ပေးပြီး ၊ဘေးမှာ ထိုင်ကာ အဖေါ်လုပ်ပေးရင်း ၊ မော့ရင်း ၊ မြည်းရင်း၊ စီးကရက်လေးဖွာရင်း ဖြင့် အချိန်တွေ ကုန်မှန်းမသိ ကုန်လာပြီ ဖြစ်သည် ။
မနေ့ ည က မဟေသီ အထင်လွဲ ခံလိုက်ရသဖြင့်  ကျွဲမြီးတို နေသော အဖြူလေး တယောက် ၊ ဒီနေ့ တော့ ရင်တုန် ပန်းတုန် မဖြစ်အားတော့ ၊ ထိုမိန်းကလေး အား ဗြမ္မာကြီးဦးခေါင်းရွက်ထားရသကဲ့သို့ ပူလောင် စွာဖြင့် ၊အမြင် မကြည်မလင် ဖြစ်နေလေပေပြီ ။ မိန်းကလေး လက်ရာ ဂေါ်ဖီကြော်ကိုတောင် လက်ဖျား နဲ့ မတို့  ။ ရွှေပြည်သားများက အဲ့ ဒီလို ကို ပြတ်သားပါသည် ။
ဒါပေမဲ့ အိမ်ရှင်ဖြစ်နေတော့လည်း ရိုင်းစိုင်းစွာ မပြောလိုပေ ။ ရေလိုက် ငါးလိုက် သည်းညီးခံပြီး အထိုက်အလျှောက်နေရပေတော့သည် ၊
အချိန်လည်း အတော်လင့်လာပြီမို့  ပွင့်လင်းစွာ ပြောလိုက် ရပေတော့သည် ။ အချိန်တန်တော့ အိမ်ပြန်သင့် ပြီဆိုသည့် အကြောင်း ။
သို့ ပေမင့် အနှီ ဘာသာစကား ဆက်သွယ်ရေးဖြင့် လည်လည်ဝယ်ဝယ် ပြတ်ပြတ် သားသား ပြောဆိုရန် အတွက်တော့ အဖြူလေး ခမျာ အခက် အခဲ ဖြစ်နေရ သည် ။ သို့ အတွက် ဆရာကြီး ဖြစ်သူ ဦးသုနြေ္ဒ အား ညကြီးမိုးချုပ် ဖုံးဆက်ကာ အကြောင်းစုံ သံတော်ဦးတင်ပြီး အကူအညီ တောင်းခံရလေတော့သည်၊ ဆရာကြီးဆိုတော့လည်း အရေးကြီးမှ ထွက်ပေတော့မပေါ့ ။ တပည့်တွေ၏ ဗယုတ်သုက္ခ ဒုက္ခများအား ကယ်တင်ရန် အလို့ငှာ ဆရာသုန် တို့  ၊ နှစ်ခါမကုန်ရစေအောင် ၊ ဟိတ်ကြီး ဟန်ကြီး ဖြင့် မိန့် မိန့် ကြီင်္း ရောက်လာပေပြီင်္။၆လဗိုက်ကြီး လွယ်ကာ ထားရပေမင့် လူကဲခပ်တာ တော့ မညံ့ ဟုပြောနိုင်ပေသည် ၊ (ဆူးအချွန်ဖြင့် ဆူးပုံပေါ် မြှောက်တင်ပြီး ပြောပေး ၊ ရေးပေးလိုက်ခြင်းဖြစ်သည် ကို သတိချပ်ကြပါစေရန် ) ။
ထို မိန်းကလေး၏ မျက်ဝန်းမှာ ဂဏာမငြိမ်မှု များ နှင့် ၊သူမ၏ပြောဟန် ဆိုဟန် လှုပ်ရှားမှု ဟန်ပန် များကိုကြည့်ပြီး ၊ စိတ်မမှန်သူတဦး ဖြစ်ရလေမည် ဟု ကောက်ချက် ချ ကာ၊ ဆရာကြီးက မိမိတင်သွင်းသော အဆိုကို မိမိဘာသာ ထောက်ခံပေးလိုက်လေသည် ။ သို့ ဖြစ်ပါ၍ ချော့ကာတလှည့် ၊ ခြောက်ကာ တသွယ်ဖြင့် တစိမ်းယောကျာင်္းများသာ ရှိနေသော အိမ်သို့  မိန်းမပျိုလေး တယောက်တည်း၊လာပြီး သောက်စားခြင်း မပြုသင့်ကြောင်း၊ မိန်းကလေးတို့  ညကြီး သန်းခေါင် ထိ အပြင်မှာ ရှိမနေသင့်ကြောင်း ။အာပေါက်မတတ် နားချ ပြောကြား ရလေသည် ။ ထို အခါတွင်မှ အဆိုပါ မိန်းကလေး မှ ကျေ နပ်စွာ ဖြင့် သူ့ ၏ ဂေဟာ သို့ ပြန်ကြွသွားပါလေတော့သည် ။
္ကဤသို့ ဖြင့် ဒုတိယ တည ကုန်လွန် ခဲ့ရလေသည် ။
......................................................................................
အခန်း(၃) ။ အလားတူ အချိန် ၊ မိုးချုပ်ကာစ ။
“ကလင် ကလင် ကလင် ”.......
ကိုညောင်ရမ်း မှလည်း အမှတ် မရှိ တံခါးဖွင့်ပေးပြန်တော့ ၊ အမှတ်မရှိသူ မိန်းမပျို မှာလည်း မိမိအိမ်လို သဘောထားပြီး ဝင်လာသည်၊ သူ့ ဖာသာ ချက်ပြုတ်စားသည် ။ သူမ အဆင်မပြေ၍ လာ စားသောက်ခြင်းအား မည်သူမျှ ဘာမှ ဝင်မပြောပါ ။စေတနာထားတတ်လျှင် ကုသိုလ်ပင်ရသေး၏ မဟုတ်ပါလော ။ စားပါစေ ပေါ့ ။ “တယောက်စားတာ ဘယ်လောက်မှလည်း ပိုကုန်မသွားပါဘူး” ဟု ဆိုကြခြင်းမှာ ရွှေ မြန်မာတို့ ၏ ချစ်စဖွယ် ဓလေ့ ၊ အယူ အဆ များ ဖြစ်ကြလေသည် ။
လူရည်လည်သော ကိုမျှစ်ချိုးဟင်း မှာတော့ ဥာဏ်နီ ဥာဏ်နက် က ထွက်ပြီးသား ။ အိမ်ထဲမှာ ရှိ နေလျှင် ဧည့်ခံ နေရမစိုး၍ ၊ ကိစ္စဖြင့် အပြင်သွားမည့် ဟန် ပြင်ရသေးသည် ။ ရေမိုးချိုး အဝတ်စားလည်းကာ သူ အခု အပြင်သွားစရာ ရှိ ကြောင်း၊ ကိုညောင်ရမ်းလည်း ယခုလေးတင် သူငယ်ချင်းတယောက် နှင့် ချိန်းထားသောကြောင့် အပြင်ထွက်တော့မှာ ဖြစ် ကြောင်းပြောပြပြီး ၊ မိန်းကလေးအား တဖက်လှည့်ဖြင့် စောစော ပြန်စေလိုက်ရသည် ။ သူနှင့် ကိုညောင်ရမ်း တို့ နှစ်ယောက် သူမနှင့်အတူ ၅ ထပ်မှ ဆင်းပြီး ၊ ၄ထပ် ရောက်တော့ သူမအားကိုယ့်အခန်းကိုယ်ပြန်ဝင်စေခဲ့သည် ။ကိုညောင်ရမ်းကတော့တချီထဲ အပြီးလစ်ပြေးပြီး ပြန်မလာတော့ပေ။ အပြင်ထွက်ဟန်ပြကာ ရှိုးစမိုး ပြင်ထားပြီး ဖြစ်ပေမင့် မျှစ်ချိုးဟင်းမှာ ဘလော့ လည်ရန် ချက်တင်ရန် အချိန်ကျနေပြီ ဖြစ်၍ ၊ အောက်ဆုံးရောက်တော့ ခဏမျှ အချိန်လင့်အောင်စောင့်ကာ ၊ ၅ ထပ်သို့  တိတ်တဆိတ် ပြန်ဝင်လာရသည် ။ ၄ထပ် ရဲ့  လှေကားထစ်များကို နင်းနေရစဉ် အချိန်မှာ ၊သူ့ ရင်တွေ တဒိန်းဒိန်း ခုန်နေရသေးသည်၊ ဟို တယောက်များ စောင့်ကြည့် နေပေမလား ဟု စိုးရိမ် စိတ်များကြောင့် ဖြစ်ပေသည် ။
အိမ်ထဲ ပြန်ရောက်တော့ ဧည့်ခန်းမီးတောင် မထွန်းရဲ ၊ တော်ကြာနေ မီးရောင် မြင်၍ သူမ လာနေမှာစိုးရသောကြောင့် ဖြစ်သည် ။ သို့ ဖြစ်ပါ၍ သူ့  စက်တော်ရာအခန်းလေးထဲ ကမန်းကတန်းဝင်ကာ အထဲမှ မီးအလင်းရောင် ထွက်နိုင်သည့် တံခါးမကြီး အောက်ပိုင်း နေရာလပ်ကလေးများအား အဝတ်စ ဖြင့် လိုက်ပိတ်ထားလိုက်ရသေးသည် ။ ဪ .. ကိုယ့်အိမ် ထဲမှာ ကိုယ့်ဟာကိုယ် ပိတ်လှောင်ခံ ၊ အမှောင်ချခံ နေရတဲ့ အဖြစ်ပါလားဟု တွေးမိရှာသေးသည် ။
..............................................................................................
အခန်း(၄) ။ အသံတိတ် ၊ စစ်ဆင်ရေး နှင့် အမှောင်ချထားခြင်း
ကလင် ကလင် ကလင် ... မြည်ပဲ မြည်နိုင် လွန်းတဲ့ ဤ တံခါးခေါင်းလောင်း ကြောင့်သာလျှင် ဤ ရန်သူက ဤစစ်မြေပြင် အတွင်း ဝင်ရောက် သိမ်းပိုက် နိုင်ခြင်းဖြစ်သည် ။ သို့ ဖြစ်ပါ၍ ထို ခေါင်းလောင်းမှ အသံ မမြည်စေရန် ခေါင်းလောင်းဆွဲသော ကြိုးအားအထဲမှ နေပြီး ဆဲလ်လိုတိတ်ပ် ဖြင့် ကပ် ကာ ငြိမ်အောင် ထိန်းထားသည် ။ ခေါင်းလောင်းမှာလည်းကော်များကပ်ပြီး အသံမမြည်အောင် ဖန်တီးထားလိုက်သည် ။ သို့ ဖြစ်ပါ၍ အကျွန်ုပ် ပထမ ပိုင်းတွင် တင်ပြထား သကဲ့သို့  လူခေါ် ခေါင်းလောင်း ဆွဲ လိုက်ချိန် မှာ ကလင် ကလင် ကလင် ...အသံ အစား ဗလပ် ဗလပ် ဗလပ် ဟုသာ မြည်ရခြင်းဖြစ်ပေတော့သည် ။
ပြီးတော့ ညအချိန်ရောက်သည်နှင့် အိမ်ရှေ့  ဧည့်ခန်းမီးအား မထွန်းပဲ အမှောင်ချ ပြီင်္း နေကြလေသည် ။ တော်ပါသေးသည် ၊ ရွှေပြည်သားတို့  မီးအမှောင်ထဲ နေရခြင်းကို ကျင့်သားရနေပြီး ဖြစ်ပါသဖြင့် မည်သို့ မျှ ထုးထူးထွေထွေ နေရခက်ခြင်းမရှိလှပါ ။ ဗိုက်ဆာ ၍ စားတော်တည်ကြမည် ဆိုလျှင်လည်း ထမင်းစားခန်းမှာ ဒင်းလိုက် ကလေး ဖြင့်သာ ရိုမဲန့်တစ် ဆန်ဆန်၊ ဘိုဆန်ဆန် စားကြရပေသည် ။ အချိန်တန် ၍ ဘလော့ဂင် တို့ ၊ ချက်တင် တို့  လုပ်ကြသည့် အခါတွင်လည်း သူတို့ ၏ လက်တော့ လေး ကိုယ်စီအား အယ်စီဒီ စကရင်မှ မီး အလင်းရောင်များ ဖြာမကျ စေရန် လက်တော့ပ် အဖုံးလေးများကို အနည်းငယ် မျှသာ ဟ .. ပြီး သုံးကြရရှာလေသည် ၊ ဤသို့ ဖြင့်ကိုယ့်အိမ်ထဲ တွင် ကိုယ်နေ တာတောင်မှ လွတ်လပ် လင်းထင်းစွာ မနေရပဲ ၊ခိုးကြောင် ခိုးဝှက် နေရခြင်းမှာ စိတ်ကုန်စရာ ကောင်းလှပေသည် ။
သို့ ပေမဲ့ မီးဘေးရှောင် မလောင်ခင်တား၊ ဆိုသည့် စကားအား သူတို့ အားလုံး တသွေ မတိမ်း လိုက်နာ စေရသော အကြောင်းရင်း ၊ ထို မိန်းကလေးအား အိမ်ထဲ သို့ နောက်တခါ ဖိတ်မခေါ် ရဲ တော့ သော အကြောင်းရင်း မှာတော့ ဆ၊ ဆရာကြီး ဦးသုနြေ္ဒ ၏ မှတ်သားဘွယ်ရာ ကြိုတင် နိမိတ်ဆောင် ပြောကြားချက်ကြောင့် ဖြစ်ပါတော့သည် ။
“ မင်းတို့ကောင်တွေ သတိသာ ထား နေကြ ပေတော့ ကွ ။ နောက်တခါဆို ဒီထက် ပို ဆိုးလာမယ် ။ ဒီကောင်မလေး က စိတ် မမှန်ဘူး ။ စကားပြောတဲ့ အချိန် သူ့ မျက်လုံးတွေ ကြည့် ပါလား ၊ တစက်မှ ဂဏာမငြိမ်ဘူး ။ စီးကရက် သောက်တာ ကလည်း အလောတကြီး ၊ စိတ် ဖေါက်ပြီး ဒီအပေါ် ထပ် ဝရံတာ ကနေ ခုန်ချ လိုက်မှ ဖြင့် မင်းတို့ အားလုံး ဒုက္ခရောက်ကုန်မယ် ။ ” ဟူသတတ် ။
ဂုံးဆင်းမှာ တွန်းလွှတ် တတ်သူ အကျွန်ုပ် ကလည်း ဖျောက်မရသော ဝသီ အတိုင်း ဝင်ပြောလိုက်မိတာ ကတော့ “ ဟုတ် ပါ့အေ ။ တော်ကြာ ..အိမ်ထဲ မှာ သူရောက် နေတုံး မတော်တဆ စိတ်ဖေါက်လာ ပြီး ကယ်ကြပါ ကျွန်မကို မတော် မတရား လုပ်နေပါတယ် လို့ စွတ်အော် လိုက်ရင် ၊ အသင်တို့  အလကား နေရင်း ဟိုထဲ တန်းဝင် နေရမယ် ” ဟူ၍ ဖြစ်လေသောကြောင့် အနှီ လူပြိုကြီးများ ချဲမထိုးပါပဲ အပိုဆု ပေါက်ရကိန်းကို ကြောက် လန့် နေ ကြရဆဲ ဖြစ်ပါလေတော့သည်။
သို့ ဖြစ်ပါ၍ ယခုဆိုလျှင် ထဆင်ထူး ဘလော့ဂါ များ ၏ သီရိဂေဟာ အိမ်ကြီးထဲမှာ အသံတိတ် ၊ အမှောင်ချ စစ်ဆင်ရေးကို အားကြိုးမာန်တက် ဆက်လက် ဆင်နွှဲလျှက် ရှိနေပါကြောင်း နောက်ဆုံးရ စက်ရပ်သတင်း အား တင်ပြရင်းဖြင့် နိဂုံးချုပ် အပ်ပါသည်။
( ဝန်ခံချက် ။ ။ အဆိုပါ အပေါ်ထပ် နဲ့ အောက်ထပ် ဇာတ်လမ်းအား ကျောရိုးပြုကာ ဖြစ်ရပ်မှန် များ နှင့် စိတ်ကူးအတွေးများကို ၊ စာရေးသူမှ လိုတိုး ပိုလျှော့ ရေးသားထား ချက်များကြောင့် အားလုံး ကို အမှန် မယူစေလိုကြောင်းပါ ။ ဥပမာ .. အဖြူလေး၏ မဟေသီအား ထို မိန်းကလေးက ဗီဇက်အို မှ ကလိခြင်း မှာ စိတ်ကူးဖြင့် ထည့်သွင်းထားခြင်း .. ..း)) )) .. ( အဖြူလေးသို့--> စိတ်မဆိုးကြေး .. )
အကျွန်ုပ်အား အမျက်တော် မရှ ကြစေရန် ဘော်ဒါကြီးများ အား ဤ နေရာမှ တောင်းပန် အပ်ပါသည် ။ ဤမျှနှင့် မကျေနပ်သေးပါက နောင် အခါ လမ်းကြုံရင် ဂွမ်းပုံ တို့ အိမ် ဝင် ပြီး စာရင်းရှင်းပါမည် ။ ခုလောလောဆယ် မတော့ ဒီမျှလောက်ဖြင့်သာ အဖြစ်မှန်ဇာတ် လမ်း တခန်းရပ်ပါမည် ။
( မျက်စိညောင်းခံ ၊အချိန်ကုန်ခံကာ လာဖတ်ပေးကြသော မိတ်ဆွေ အပေါင်းတို့ အားလုံးကို လည်းကျေးဇူး အထူးတင်ရှိပါသည် ။ချမ်းမြေ့  ပျော်ရွှင်ကြပါစေ )
“စလုံး”တို့ တိုင်းပြည် မှာ လုံးလုံးထွေးထွေး နေကြသော ဘလောဂါ တသိုက် ၊ သမီးယောက်ဖု များ ပလူးအလဲ အကြည်ဆိုက် နေကြသည်များကို ခုတလော မတွေ့  ချင် မမြင်ချင် အဆုံး ဖြစ်နေရသည် ။ ဒီတော့လည်း သူတို့  တတွေချည်းသာ စည်းလုံး ညီညွတ်ကြောင်း အင်အားပြ သကဲ့သို့  ထင်မြင်စရာ အခြေအနေတွေများ ဖြစ်နေသည့် အတွက် အကျွန်ုပ်တို့  “ထဆင်ထူး” သမားတွေလည်း ၊ထထကြွကြွ နဲ့  ထူးထူးဆန်းဆန်း ၊တစိတ်တည်း တဝမ်းတည်း ရှိနေတဲ့  အကြောင်း ကို သိစေလို၍ ဤစာကို ရေးလိုက်ခြင်းဖြစ်သည် ။ ( ဤကား အချီး ..... )
ဘလောဂ် တကာလည်ပြီး မိန့်မိန့် ကြီး ၊မန့် မန် စားတတ်သော (အိုကွယ် မှားပါတယ်... သွေ့ ပုချီ )...မိန့်မိန့်ကြီး ကော်မန့် ပေးတတ်သော ဘလော့တကာလည် “ ဦးသုနြေ္ဒ ”ဆိုသူ မှာ ပြီးခဲ့သော ပို့ စ်မှာ သူ့ ကို မေ့ပြီးချန်ထားခဲ့ သည့် အတွက် ၊ လူကြီးပြီ ပြီ စိတ်ဆိုး စိတ်ကောက် နေပါ၍ ၄င်း အား ပွဲထုတ်လိုက်ပါသည် ။ ( ဤကား ... အချွန် )
သိတော်မူကြသည့် အတိုင်း အလကားရလျှင် လှေကိုတောင် စုန်ချည် ဆန်ချည် အပြန်ပြန် လှော်တတ်သူ အကျွန်ုပ် တယောက် တပါတ်စာ အလုပ်များ သိမ်းကျုံးလုပ် ပြီး ၊ အနားရသည့် ရှားရှားပါးပါးရက် များမှာ အိမ်တွင် အလကားနေပါက မီတာတက်မည် ၊ဟင်းဘိုး ကုန်မည် ဖြစ်ပါသဖြင့် ဟိုဟိုဒီဒီလည် ပြီး ဟိုအိမ် ဒီအိမ် တက်စားလေ့ ရှိပါသည် ။
ယနေ့  ညတွင်လည်း ထုံးစံ အတိုင်း အလကား ဝါးနေကြ အိမ်တအိမ်သို့  ၊ မဖိတ်ချင် ဖိတ်ချင် ဖြင့် အဖိတ်ခံ ရပါသဖြင့် မသွားချင် သွားချင်ဖြင့် သွားပြီး ၊ စားချင် ဝါးချင် သည်များကို ဝါးရဖို့  အလို့ ငှာ အချိန်မီ ထွက်လာခဲ့ ပါသည်။ အဆိုပါအိမ် ကား .. အသင်တို့ ဖတ်နေ လည်နေကြ နာမယ်ကြီးဘလော့ဂါကြီးများ စုဝေးနေထိုင်ရာ အရပ် ဖြစ်ပါသည် ။ သူ တို့ နေထိုင်ရာ ၅ ထပ် တိုက်ပေါ်သို့  ဆာ လောင် မွတ်သိပ်စွာတက်လာသော အကျွန်ုပ် မှာ ဆွဲနေကြ အစားအစာများ မဆွဲ ရသေးမီ အိမ်ထဲ ဝင်ရန် အလို့ ငှာ ပိတ်ထားသော သံပန်းတံခါးကြီးဘေးမှ လူခေါ် ခေါင်းလောင်းလေးကို ဆွဲလိုက်မိချိန်တွင် ....
“ ဗလတ် ..ဗလတ် ..ဗလတ် ..”
အလိုလေး ၊ ခေါင်းလောင်းသံက“ ကလင် ကလင်” မြည်ရမည့် အစား အဘယ်ကြောင့်များ ဗလတ် မြည်နေရပါသတုန်း လို့  အံ့သြ သလို ဖြစ်မိရသေးသည် ။ ကံကောင်းထောက်မစွာ ပဲ အထဲမှ တံခါးလာဖွင့်ပေးသူ အချိန်မီ ထွက်လာ၍ အဆိုပါ အိမ်ထဲသို့  ဆိုက်မြိုက်စွာ ဝင်ရောက်ရသည် ။ တံခါးလာဖွင့်ပေးသူမှာ ကိုညောင်ရမ်း .. ( သမိန် ပေါသွပ်၏ ညောင်ရမ်း ခေတ်မစားမီ ကတည်းက သူက မူလ ပထမ ညောင်ရမ်း ဟု သိရသည် ) ။ ဟိုညောင်ရမ်းက ဒါးရှည်ကြီး ကိုင်တတ်ပေမဲ့ ဒီညောင်ရမ်းက ယောင်းမရှည်ကြီးကိုင်ထားခြင်းတော့ ကွာပါသည် ။ ယောင်းမကြီး ကိုင် ဆို ၊ သူက အိုးသူကြီး လုပ်နေသူကိုး ၊“ မင်္ဂလာပါ” ဟု လက်အုပ်ကလေးချီကာ အပြန် အလှန် နှုတ်ဆက်ပြီး သကာလ(အဟက်.. ရွှေ ပြည်ကြီးမှ လူကြီးလူဂေါင်းများ အား အနှီ နှုတ်ဆက် နည်း အတိုင်း အတုမြင် အတတ်သင် ထားခြင်းဖြစ်သည် ၊ ) ၊ အကျွန်ုပ်လည်း ကိုယ့်အိမ် ကိုယ့်ယာ လိုပင် သဘောထား၍ စားတော်ခန်း ( ထမင်းစားခန်း) ထဲ သို့  တန်းမတ်စွာ ဝင်လိုက်သည် ။
ထိုအချိန်တွင် ...“ မ ကိ ၊ နေကောင်းတယ်နော် ” ဟူသော ချိ နဲ့ စွာ နှုတ်ဆက်သံ ကြားရ၍ လှည့်ကြည့် မိလိုက်ချိန်တွင် အံ့သြဘွယ် ကောင်းလောက်အောင် ယူပစ်လိုက်သလို ပိန်ကျသွားသော သူ့  အား တွေ့ လိုက်ရသဖြင့် “ ဪ.. သူကပဲ ပြန်မေးနေရသေးတယ်နော် ”ဟု စိတ်ထဲ တွေးမိလိုက်သေးသည် ။ အချစ်ရဲ့ စွမ်းအားများ ဒီလောက် ကြီးမားကြောင်း သူက သက်သေပြလိုက်ခြင်းပင် ဖြစ်ကြောင်း မှတ်ယူ မိလိုက်သည် ။ ထိုသူကား ၊ ရည်းစားပစ်သွား၍ ( အလိုလေး မှားပြန်ပြီ .. သွေ့ ပုချီ ) .. ရည်းစား နှင့် ခေတ္တခဏ ခွဲခွာ နေရပါသဖြင့် မစားနိုင် မအိပ်နိုင် လွမ်းနာ ကျကာ ၂ ပေါင်သာ ကျန်တော့သော နာမည်ကြီး ထမင်းငတ် ...အဲ့ .. နာမည်ကြီး ဘလောဂါ ( လူကတော့ ခပ်ငယ်ငယ်ပါ .. စားကောင်းအောင် မြှောက် ပြောရသေးသည် ) “ကို မျှစ်ချိုးဟင်း” (မြစ်ကျိုးအင်း) ပင် ဖြစ်ပါသည် ။ သူ နဲ့ အလ္လာပ သလ္လာပ စကားအနည်းငယ် ပြော နေခိုက်မှာ ရေနံတွင်း အလုပ်သမားကြီး“ အဖြူလေး” ဆိုသူ ပုဂ္ဂိုလ်တပါး အလုပ်ဆင်းပြီး ညောင်းညာစွာဖြင့် ပြန်ရောက်လာသည် ။ ပညက်သွားရာ ဓါတ်သက် မပါသူပေမို့ အနှီ အဖြူလေး ဆိုသူ မှာ ဂွမ်းပုံကဲ့သို့  ဖြူ ဆွတ်ဆွတ်လေးတော့ မဟုတ်ရှာပါ ၊၊ ကုလားမင်းသား “ အမိတဗဂျမ်း” ကဲ့သို့  သော ရုပ်ရည်လေး သနားကမားတော့ ရှိရှာပါသည် ။ တခုခု ဆို အမိ ကို တတတ်သော ကိုဗဂျမ်း တဖြစ်လဲ ထို သူက အကျွန်ုပ် အား ၊ မခို့ တရို့ ဖြင့် နှုတ်ဆက်စကားဆိုပြီးသကာလ ရေနံ တွေ ပေပွနေသောကိုယ်ခန္ဒာ ကြီးအား ဆေးကြော သုတ်သင်ရန် အလို့ငှာ ၊ ရေတွင်းလေး ဆီသို့ အပြေးကလေး သွားပြန်လေသည် ။
အကျွန်ုပ် မှာတော့ ဗိုက်ထဲမှ ပိုးပေါင်း တသိန်းက ဒို့ အရေး အော်နေကြပြီ ဖြစ်သဖြင့် ၊ဂနာ မငြိမ် ဖြစ်နေရှာရသည် ။ ကိုညောင်ရမ်းကြီး လက်စွမ်းပြနေသဖြင့် ထွက်လာကြသော စားသောက်ဖွယ်ရာများ၏ မွှေးကြိုင်သင်းပျံ့ လှသော ရနံ့ များက ကျွန်ပ်၏ နှာဖျားဝ မှာ ကလူ၏သို့  မြှူ၏သို့  ဆိုသလို ဆွဲဆောင် ဖြားယောင်းနေကြရာဝယ် ..ဆာလောင်မွတ်သိပ်ပြီး သွေးအချိုဓါတ်များ နဲပါးနေသော အကျွန်ုပ် မှာ ရင် တဒိန်ဒိန်း ခုန်၍ အာခေါင်တွေ ခြောက်လာရပြီ ဖြစ်သည်။ သို့ ပေမဲ့လည်း ထမင်းဝိုင်းစရန်၊ လူမစုံသေး၍ စောင့်ရပေအုံး တော့မည် ။ ထို အချိန်ဝယ် ဖုံးသံ ကြားရသည် ။ ကျွဲမြီး အနည်းငယ် တိုချင်စရာ အကြောင်း ကို ဖုံးဆက် ပြောခြင်းပါပေ ။ ဘလော့တကာလည် ၊ဆရာကြီး ဦးသုနြေ္ဒ ဆီမှ အချိန်အနည်းငယ် လင့်မည့် အကြောင်း မက်ဆေ့ဖြစ်ပြီး အရင်စားနှင့်ကြဖို့ ပြောပေမဲ့ သူ့ ကို ကြောက်ကြသော တပည့် ကျော်ကြီးများမှ တုပ်တုပ်မလှုပ် ၊ ဆရာလာမှ ဝိုင်းစ ပါမည့်အကြောင်း ကြောင့် အကျွန်ုပ်မှာ အဆာရုပ်ကို ဟန်လုပ်ကာ မချိသွားဖြဲလေးနှင့် စောင့်နေရပေတော့သည် ။ စိတ်ထဲ မတော့ အနှီ လူသားများ အား.. !@#w$%^&*()_+ စသဖြင့် မေတ္တာ ပို့လျှက်ရှိပါသည် ။
လာပါပြီ၊ လာပါပြီ၊ လေဘာတီ မမြရင်တော့ မဟုတ် ၊“ လေပါတီ ဦးသုနြေ္ဒ ” တယောက် ၆ လဗိုက်ကြီး ပွေ့ ပိုက်၍ ၅ ထပ်ပေါ်သို့ မောပန်းစွာတလှိမ့်လှိမ့် တက်လာတော့သည် ။ မျက်နှာကလည်း ပြုံးဖြီးဖြီး နဲ့ ၊ အပြစ်ရှိသူ ဆိုပေမဲ့ သူ့ မဟုတ်တဲ့ အတိုင်း“ ဟေ့ကောင်တွေ မင်းတို့ ဆာရင် စားထားဖို့ပြောသား နဲ့” ဘာညာ သာရကာ သူ့ အပြစ် ကို သူများအပြစ် ဖြစ်အောင် ပြောလိုက်သေးသည်။
ဗိုက်ထဲမှာ တရုပ်မသာဗုံတီးသလို တဂွီဂွီ တဂွမ်ဂွမ် မြည်နေကြသော အကျွန်ုပ် တို့  တသိုက်လည်း သူ ပြောတာ ဂရုမစိုက်အား၊ နောက်ကျရခြင်း အကြောင်းရင်းကိုလည်း မမေးအား တော့ပဲ ၊ တက်ညီ လက်ညီ နဲ့ ထမင်းပွဲ ပြင်ဆင် ပြီး ခေါင်းမဖေါ်တမ်း စားဖြစ်ကြသည် ။ ( ဤ နေရာတွင် အစက ကိုညောင်ရမ်း၏ လက်ရာ စားချင်ဖွယ်ရာ များကို ဘလောဂါတို့ ထုံးစံ အတိုင်း ဓါတ်ပုံ ဝေဝေ ဆာဆာဖြင့် ဖေါ်ပြပေးရန် ရည်ရွယ် ပါသော်လည်း ဆာလောင်မွတ်သိပ် နေသူတို့ ၏ ထုံးစံ အတိုင်း ကြိုက်မရှက် ငတ် မရှက်ဆို တော့ လက်သွက် ခြေသွက်ဖြင့် အစွမ်းကုန် ဝိုင်း တွယ် လိုက်ကြပါသဖြင့် ဓါတ်ပုံ တပုံမျှ မရိုက်ယူလိုက်ရပါကြောင်း ဝမ်းနည်းစွာ အစီရင် ခံအပ်ပါသည် ။ ဒီတော့ စာသားဖြင့်သာ မျက်စိ အညောင်းခံ ဖတ်၍ အာရုံ ယူကြပါရန် တောင်းပန် အပ်ပါသည်) ။
“ ကိုညောင်ရမ်း၏ လက်ရာများ ”
-ဝက်သားဆီပြန်ဟင်း ။ငြုတ်ရောင် နီရဲရဲ ၊ အဆီအနှစ် ခပ်ပျစ်ပျစ်၊ ဝက်သားတုံးလက်တသစ် တုံးများကို ဗမာဆန်ဆန် နူးအိ နေအောင် ချက်ထားသည် ။
-ပဲကြီး နှင့် ဆူးပုတ်ရွက် ဟင်းရည် ၊ အနေတော် နူးပြီး သောက်၍ ကောင်းသည်။
-ငပိရေ နှင် တို့စရာများ ( သခွားသီး ၊ ရုံပတီသီးအတောင့်သေးသေးးပြုတ် ။ ဆူးပုတ်ရွက် ။ စသဖြင့်) .. ငပိရည် ပန်ထွေ ဖျော်မှာ - ဟင်းရည်သောက် ပန်းကန်လုံးကြီး တလုံးစာ အပြည့် ။ အစွမ်းကုန်အားပေးလိုက်ကြသဖြင့် ခဏတာ အတွင်း ခါလီ ပြသွားရှာ၏ ။
- ဗာလချောင်ကြော် ။ မစပ် တစပ်လေး။
- ဂေါ်ဖီရွက်ကြော် ပူပူလေး ၊ ( ဆရာကြီး အိမ်ထဲ ဝင်လာမှ ကမန်းကတန်း ကြော် ခြင်းဖြစ်သည် ။ ရှူးရှဲ ကြော်ပြီးချက်ခြင်းစားမှ အရသာ ရှိသည် ဆိုပြီး အိုးသူကြီးက စေတနာဖြင့် နောက်ဆုံးမှ ကြော်ပေးခြင်း ဖြစ်သည် ၊)
တကဲ့ ဟင်းက အခုမှ လာချသည် .... “ပုစွန်ပေါင်းထုတ် ” တဲ့ ၊ တသက် နဲ့ တကိုယ် ခုမှ စားဖူးခြင်းဖြစ်သည် ။ ပုစွန်၊ မျှစ်သေးသေး အချောင်းများ ၊ကြက်သွန် နီ ကြီးကြီး ခပ်ထူထူ လှီး၊ စပါးလင် ထောင်းပြီး အရည် ညှစ် ၊ဆန်မှုန့် တို့ တွင် ဆား၊ ကြာညို့ ၊ဆနွင်းမှုန့် အနည်းငယ် ထဲ့ ရောသမမွှေပြီး ငှက်ပျောရွက် ဖက်ဖြင့် ထုတ်ကာ ပြန်ပေါင်းထားခြင်းဖြစ်သည် ။ စားလို့ အလွန် ကောင်းပါသဖြင့် အိုးကြီး တအိုး အပြည့်လည်း ခဏ အတွင်း ကိစ္စချော သွားရှာ သည် ။ မျှစ်ပါသဖြင့် မျှစ်ချိုးဟင်း ဆိုသူ က အများဆုံးစားခြင်းဖြစ်ပြီး နောက်တကြိမ် ထပ်လုပ်ကျွေးရန် အားလုံးက တညီ တညွတ် ထဲ တောင်းဆို လိုက်ကြသည် ။
ထမင်းဝိုင်းအပြီး ၊ ဗမာ ပီပီ ရေနွေးကြမ်းသောက်ကြရင်းမြေပဲဆံလေးဝါးရင်းဖြင့် အလ္လာပ သလ္လာပ စကားများပြောဖြစ်ကြသည် ။ ဆရာ သုန် တယောက် သူ ၏ ရေနွေးကြမ်း ဋီကာ ချဲ့  ပြန်သည် ။ ဟွေ ကမ်း တဲ့ .. ဟွေ ( 回 ) = ပြန်လည်လှည့်ပတ်လာသည် ။ ကမ်း (甜) = အချိုဓါတ်။
အဲ့ဒီလဖက်ခြောက်က အချို့သော လဖက်ခြောက်များလို့ သောက်ပြီး တာနှင့် ခံတွင်းထဲမှာ ခါးသက်သက် အရသာ မကျန်စေခဲ့ကြောင်း၊စစခြင်းသောက် လိုက်ချိန်မှာ အနည်းငယ် ခါးသက် သယောင်ရှိပေမဲ့ သင်းပျံ့ သော လဖက်၏ သဘာဝ ပင်ကိုယ် အမွှေးရနံ့  နဲ့ အချိုဓါတ်ကလေးက ရေနွေးကြမ်းကို မြိုချ ပြီးချိန် မှ သာ ပြန်ပေါ် လာတတ်ကြောင်း .. မြွက်ကြားပြန်သည်။ ဪ.. ဆ ..ဆရာကြီးဆိုတဲ့ အတိုင်း သိတာတွေရော မသိတာတွေ ရော .. ရော ရော ချတတ်သူ ဖြစ်သည် ။
ဒီလို နဲ့ ရောက်ရာပေါက်ရာ ထွေရာ လေးပါး ရှစ်ပါးမက ပြောလိုက်ကြ ၊ တဟားဟား ရယ်လိုက်ကြ နှင့် ရှိနေချိန်မှာ မျှစ်ချိုးဟင်းက ငါးမုတ်ကြော် တပန်းကန်ကြီးကြော် လာပြီး ဧည့်ဝတ် ပြု ပြန်သည် ။ ဤတွင် စပ်စပ်စုစု ရှိပြီး မျက်စေ့လျှင်သော ကျွန်ုပ် မှာ အနှီသကောင့်သား ၅ ယောက်၏ ပြုံးဖြီးဖြီး မျက်နှာပေးများကို သတိပြုမိလိုက်လေသည် ။ ၅ယောက်ဟုဆို၍ မျက်စိ မလည်စေချင်ပါ ။ ဆရာသုန် ၊ ကိုညောင်ရမ်း၊ မျှစ်ချိုးဟင်း၊ အဖြူလေး တို့ အပြင်“ တရုပ်ကက်ဆက်” ဆိုသူ တဦးရှိသေးသည် ။တချက် တချက်မှ ထ၊ ထ ပြီး အသံထွက်တတ်သဖြင့် ဤ အမည် တွင်ရခြင်း ဖြစ်ပေမည် ။ ပြုံးဖြီးဖြီး မျက်နှာပေးအကြောင်းပြန်စပါမည် ။သူတို့  ၅ ဦးသား မရိုးမရွ မျက်နှာပေးများ ဖြစ်ရခြင်းအကြောင်းရင်းကို စပ်စုလို ( ခွဲခြမ်းစိတ်ဖြာ သိလို စိတ် ဟု အဓိပ္ပါယ် ကောက်ယူ ကြစေလိုပါသည်) ဖြင့် အကျွန်ုပ် မေးမြန်းလိုက်သည့် အခါတွင် မတော့၊ ပြောလည်း ပြောချင် ၊ ဘယ်က စ၍ ဘယ်လို ပြောရမှန်း မသိ ဖြင့် တယောက် ကိုတယောက် လက်ညှိုးထိုး လွှဲချ တတ်သော လူ့ သဘော ကို ဤ နေရာတွင် မျက်ဝါးထင်ထင် တွေ့ ရှိ လိုက်ရပေတော့သည် ။ ထိုအချိန်တွင် ဖိုးဆိုချင် ဖြစ်သူ မျှစ်ချိုးဟင်းမှ စတင်၍ သူတို့  လူပြိုကြီး၊ လူပြိုလေး ၄ယောက်၏ အပေါ်ထပ်နှင့်  အောက်ထပ်ဇာတ်လမ်းကို ဤသို့ စတင် အစီရင် ခံပါတော့ လေတော့ သတည်း ။ . . .
( ဆက်ရေးရန် ကြံရွယ် ပေ မဲ့ အလကားရ၍ မတရား တနင့် တပိုး စားလာသော စေတနာ ဗလပွ ဟင်းများကြောင့် အကျွန်ုပ်မှာ လေပွ ပြီး မရှူ နိုင် မကယ် နိုင် ဖြစ် လာ ပါသဖြင့်  ဆက်လက်ရေးသားရန် ငြိမ်သက် နိုင်စွမ်း မရှိတော့ပါသဖြင့် ဤ နေရာတွင် တထောက် နားပါမည် ။ ထွေလာကားလေးများကြည့် အပြီး တကဲ့ ဇာတ်လမ်း ကြီးကို ပြသခါနီး မှာ မီးပျက်သွားရ သလိုမျိုး ဆန့် တငင်ငင်ဖြစ်ရသည်ဆိုလျှင် တောင်းပန်အပ်ပါသည် ၊ ဒါမှမဟုတ် ပြီးပါပြီ ဟု ဤနေရာတွင် စာတမ်းထိုး ထားလိုက်ပါမည် ။)
ဤ စာ ကို ဖတ် နေစဉ် အတွင်း အနီရောင်စာသား ထူထူ များဖြင့် ဖေါ်ပြထားသော ဗလပ် ဗလပ် ဗလပ် ၊ ဂေါ်ဖီရွက်ကြော် နှင့် ငါးမုတ်ကြော် များ ကို သတိပြုစေ လိုပါသည် ။ ဆားပုလင်း နှင်းမောင် မဟုတ်ပေမဲ့ အိုင်ဆေး ကိုသိန်းမောင် ကဲ့သို့  နမိတ်ပြ စကားလုံးလေးများ မှာ ဆက်လက်ရေးသားမည့် အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း အတွက် အကျုံးဝင်စေမှာဖြစ်ပါသည် ။
ချမ်းမြေ့ ကြပါစေ ။
ခုတလော တွေးစရာတွေ များလို့  ဦးနှောက်စားနေတာ ၊ဇကာပေါက်လိုပါပဲ ။ကိုယ့်ဦးနှောက် ကိုယ်ပြန်ဖေါက်ကြည့် မိလိုက်တာကိုး ။တောင်မရောက် မြောက်မရောက် အတွေးတွေ ကို တောင်စဉ်ရေမရပ် ဟိုတွေး ဒီတွေး နဲ့  ဘဲဥအစရှာနေ မိတာ က မျိုးဆက်တွေ ၊ တာဝန် ယူတတ်မှု တွေ ၊ဒီဇင်ဘာ အားကစားလ ဘော်လီဘောပွဲ ၊ထုပ်ဆီးတိုးပွဲ အကြောင်းတွေ ။ဘာလို့များ ဂယောက်ဂယက် ဖြစ်နေပါလိမ့် လို့  ပြက္ခဒိန် လှမ်းကြည့်မိတော့ မှ “ ဟင် ” .. ဆောင်းတွင်း ရောက်နေပြီကိုး ။ လောကကြီးနဲ့  ဘယ်လောက်တောင် အဆက်ပြတ်နေ ပါလိမ့် မလည်း ဆိုတော့ အူကြောင်ကြောင် နိုင်တဲ့ ကိုယ်တယောက် က ခုမှ တရေးနိုး ထကြည့်နေမိတာ Sweet December လို့  ပြောတဲ့ အချိန်တောင် လတဝက် ကျိုး တော့ မှာ ပါလား လေ။
တက်ကျမ်းက ဆိုထားတယ် “တာဝန်ယူစိတ်မွေးပါ” တဲ့
ထော်လော်ကန့် လန့်  အော်ပီကျယ် ရဲ့  ကျကျမ်း က ဆိုပါတယ် ၊ ဒီလိုပါ တဲ့
၁။ ။(တာဝန်ယူစိတ် လား ၊ ဘာလို့ မွေးရမလည်း ၊ ကိုယ့်ကိုယ်ကို တရားခံ မရှာချင်ပါဘူး လေ ။ ကိုယ်နဲ့ မှ မဆိုင်တာ ၊ ဝေးဝေးသာရှောင် ၊ )
၂။ ။ ပြဿနာ တခုခုဖြစ်လျှင် သူများကို လွှဲချပါ ၊ပါတ်ဝန်းကျင်ကို အပြစ်ဖို့ ပါ ။
( ကိုယ့် E ပုံ ဖြစ်မှန်း သိသာနေရင်လည်း ဗြောင်သာငြင်း ၊ အသံကျယ်တဲ့ သူက နိုင်မှာပါပဲ ။ ဟဲ ဟဲ )
၃။ ။ တာဝန်ယူစိတ် မရှိသော သင့် ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။လိုသလို အသုံးချပါလေ ။
(ဆင်ခြေ ဆင်လက် နဲ့ မလောက်သေးရင် ကြက်ခြေထောက်တွေလည်း ရှိသေးတယ် )
၎။ ။ ရှောင်လွှဲ၍ မရပါက တရားခံစာရင်းထဲသို့  အခြားသူများကိုပါ ဆွဲထည့်ပါ ။ စကားလုံးကြွယ်ဝ ပါက ကမ္ဘာကြီးကိုပင် ဆွဲထည့်နိုင်သည် ။
(အလကားနေရင်း တရားခံ ရှာနေပြန်ပြီ ။ကမ္ဘာကြီးက သူ့ ဟာသူနေတဲ့ သက်မဲ့အရာဝတ္ထုလေးပါကွယ် )
၅။ ။ ကံသည် ပုံချရန် အလွန် အသုံးဝင်၏ ။
( စိတ်မပျက် နှင့်။ မိမိ တစ်ကိုယ်တည်း အဆင်ပြေရေးကိုသာ လုပ်ဆောင်ပြီး လောက အရေးကိုတော့ ကံကိုသာ တာဝန်လွှဲထားသော အပေါင်းအဖေါ် များစွာ ရှိပါသည် )
အော်ပီကျယ်ရဲ့  မှတ်သားဘွယ် အဆိုအမိန့်  နှင့် ဆန့် ကျင်ဘက် အတွေးအခေါ် များကို့  ပြန်ပြီးဝေမျှ ပေးလိုက်ပါတယ် ။
ဟိုလိုလို ဒီလိုလို အတွေးများကို ဖြစ်ပေါ်စေမှာပါ ။ဖတ်ပြီး တွေးပြီး ပြုံးနိုင်ကြပါစေ ။
မုဒိတာပွား၍ အကောင်းဖက်မှ ရွေးချယ် တွေးတော တတ်ကြပါစေ ။ မှန်ကန် တိုင်း လည်း မကောင်းပါ ဘူး ။ သူများ အမြင်စောင်းတတ်တယ် ပေါ့ ။
ထူးထူးဆန်းဆန်းရောဂါတွေ ခံစားနေကြရတာ ဝဋ်နာကံနာလို့ ဆိုရလေမလားဆိုပြီး ဖြစ်ရလေခြင်းတွေ ရေးခဲ့ဖူးပါတယ် ။အခု နောက်တမျိုး ကတော့ အမွှေးအမျှင် ပေါက်ခြင်းနဲ့ ပတ်သက်တဲ့ ရောဂါ တချို့ ပါ ။
လူတကိုယ်လုံး အရေပြား ရှိတဲ့နေရာမှာ အမွှေးအမျှင်ပေါက်ရတယ် ။ အထူအပါး အနည်းအများကတော့ သူပေါက်တဲ့ နေရာနဲ့ဆိုင်တာပေါ့နော် ။ ခေါင်းမှာပေါက်တော့ ဆံပင်ခေါ်တယ် ၊ သူက အများဆုံးအရေအတွက် နဲ့ အရှည်ဆုံး ၊ ရှည်နှုန်း အမြန်ဆုံးပေါ့ ။ ကျန်တဲ့နေရာတွေ နှာခေါင်းမှာဆို နှာခေါင်းမွှေး ၊ ပါး နဲ့  နားရွက်ရှေ့ မှာ ပါးသိုင်းမွှေး ၊ မေးစေ့မှာ မုတ်ဆိတ်မွှေး ။ ဂျိုင်း ၊ ရင်ဘတ် ၊ ကျောပြင် နဲ့ ..... နေရာတွေမှာလည်း နာမယ် အမျိုးမျိုး နဲ့ ခေါ်ဆိုကြတယ် ဆိုတာ အားလုံး သိပြီးသားပါ ။ပြီး နေရာအနှံ့ လည်း မွှေးညှင်းနူ များ ရှိတတ်ပါတယ် ။ သူတို့ ကျ ဆံပင်လို မရှည်ကြပါဘူး ။ (ချွင်းချက်အနေနဲ့ တော့ရှိတာပေါ့ နော် ။ တချို့ ဆာဒူးတွေ အိန္ဒိယ လူမျိုးတွေကျ မုတ်ဆိတ်ကို ဆံပင်လို တမင် အရှည်ထားကြတာမျိုးကို မဆိုလိုပါဘူး ) ။ ခုပြောမှာကတော့ ဆံပင်ပေါက်တဲ့ ဦးခွံတနေရာတင် မဟုတ် ပဲ တခြား နေရာ အစိတ်အပိုင်းတွေမှာပါ ရှည်လျှား ထူထဲတဲ့ အမွှေးအမျှင်များ ပေါက် တဲ့ ရောဂါတမျိုးပါ ။
သူ့ ကို ဆေးပညာအရ Hypertrichosis လို့ ခေါ်ပြီး Human Werewolf Syndrome ဒါမှ မဟုတ် Ambras Syndrome လို့ လည်းခေါ်ဆိုကြပါသေးတယ် ။ မွေးရာပါ ပါလာတဲ့ ( Congenital Hypertrichosis )အနေအထားမျိုးကတော့ ရှားပါတယ် ။ အဲ့ဒီ မွေးရာပါထဲမှာ တကိုယ်လုံးမဟုတ်ပဲ နေရာ အကွက် အနည်းငယ်လောက် မှာသာ မှဲ့ ပုံစံပေါ်မှာ အမွှေးရှည်တွေ ထွက်နေတာကို Naevoid Hypertrichosis လို့ ခေါ်ပါတယ် ။
များသောအားဖြင့် ကတော့ အသက် အနည်းငယ်ရောက် မှ ကလေးဘဝ မှာ မှ စတင် ပြောင်းလဲ လာတတ်ကြပြီး Acquired Hypertrichosis လို့ ခေါ်ပါတယ် ။
အောက်ပါပုံကတော့ The Hairy Family of Burma ဆိုပြီး ၁၈၂၆ မှာ John Crawford ဆိုသူက မှတ်တမ်းတင်ထားတာပါ ။ အင်းဝခေတ်က ဦးရွှေမောင် ဆိုသူရဲ့ ဆွေစဉ်မျိုးဆက် ၄ ဆက်ထိ တွေ့ ရှိရတဲ့ အကြောင်းပါ ။ဦးရွှေမောင် ရဲ့ သားသမီး ၄ ဦးထဲမှာ သမီး တစ်ဦးသာ ဒီရောဂါ ဆက်ခံရပြီး သူမ မှ မွေးဖွားတဲ့ သား၂ယောက် အနက် သား တစ်ယောက်ကို ဒီရောဂါ အမွေပေးခဲ့ပါတယ် ။ သူတို့ အားလုံးမှာ သွားနဲ့ပတ်သက်တဲ့ ပြဿနာများ ရှိကြပါတယ်တဲ့။
ု့ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ မှာတော့....
(၁)မျိုးရိုးဗီဇ ပုံသဏ္ဍန်ပြောင်းလဲခြင်း နဲ့ ချို့ယွင်းခြင်းတို့ ( genetic disorder ) ကြောင့် ဖြစ်ရတာပါ ။
အမျိုးသမီး တွေရဲ့ . X chromosome မှာ ဒီ ရောဂါ ဖြစ်စေတဲ့ ဗီဇ ကိုသယ်ဆောင်တတ်ပြီး သူ့ ရဲ့  သား၊ သမီးတွေ ၅၀%မှာ ရောဂါ ပေါ်စေတတ်ပါတယ် ။
အမျိုးသားတွေမှာကျတော့ သူ့ ရဲ့  ချို့ ယွင်းတဲ့ အဲ့ဒီမျိုးရိုးဗီဇကို သူ့ သမီး မိန်းကလေးကိုသာ ရောဂါ အမွေပေးပြီး သားယောကျာင်္းလေးမှာတော့ ဘာရောဂါလက္ခဏာမှ မပြစေပါဘူး ။
(၂) တချို့ တလေမှာ ကင်ဆာ ရောဂါတခုခု ခံစားနေရပြီဆိုရင်လည်း အဆိုပါ အမွှေးမျှင်ကြမ်းတွေ ပေါက်လာတတ်ပါတယ်။
(၃) ဆေးဝါးတချို့ နဲ့ ဇီဝကမ္မလုပ်ငန်း ပုံမမှန်ဖြစ်ခြင်းတွေကြောင့်လည်း အဆိုပါ အမွှေးမျှင်များ ထွက်လာတတ်ပါတယ်။
သွေးတိုးရောဂါ နဲ့  ဆံပင်ကျွတ် ဆံပင်ပြောင်ရောဂါ( Alopecia) မှာ သုံးတဲ့  Minoxidil ( Loniten, Regaine) ခေါ်ဆေးတမျိုး ၊phentynoin ၊ ciclosporin စတဲ့ ဆေး များ ရဲ့  ဘေးထွက်ဆိုးကျိုး အနေနဲ့လည်း ဒီလို အမွှေးမျှင်ရှည်တွေ ပေါက်လာတတ်တယ် ၊ သိုင်းရွိုက် အကျိတ် ပုံမမှန်တဲ့ အခါ မှာလည်း ဒီ လို အမွှေးရှည်တွေ ပေါက်လာတတ်တယ် ။
ကုသခြင်း
မွေးရာပါကြောင့် ဖြစ်တဲ့  အဆိုပါ ရောဂါအတွက် တခြား ထွေထွေထူးထူး ကုသစရာ နည်းလမ်းတော့ မရှိပါဘုး ။ အဲ့ဒီ အမွှေးအမျှင်ကြမ်းတွေကို အချိန်မှန် ရိတ်ပေးခြင်း၊ ဒါမှ မဟုတ် အမွှေးအမျှင်ကျွတ်စေတဲ့ ခရင် ဆေးလိမ်း (hair removal creams ) ပေးခြင်း၊ တို့ ဖြင့် နဲပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့ အပြင် လျှပ်စစ်ဓါတ် သို့ မဟုတ် လေဆာ ရောင်ခြည် နဲ့ အမွှေး ထွက်တဲ့ နေရာမှ ဆဲလ်များကို ပျက်စီးအောင်လုပ်၍ အမွှေး ထပ် မထွက်အောင် ထိန်းချုပ်ပေးနိုင်ပါတယ် ။
တကယ်လို့  မွေးရာပါ မဟုတ်ပဲ ဆေးကြောင့် ၊တခြား ရောဂါကြောင့် ဖြစ် တာဆိုရင်တော့ ဖြစ်စေတဲ့ အကြောင်းရင်း ကို ဖယ်ရှား လိုက်ရင် သက်သာစေမှာ ဖြစ်ပါတယ်။
လူမြေခွေးလို့  အမည်ရတဲ့ အထက်ပါရောဂါ ခံစားနေရသူများ အကြောင်း တစေ့တစောင်းကို ပုံမှာပြထားတဲ့ အတိုင်း တွေ့ မြင်နိုင်ပါတယ်။
အမွှေးအမျှင် ထူထပ်များပြားခြင်း ရဲ့ နောက်တမျိုး မှာအောက်ပါပုံ အတိုင်း ဖြစ်ပါတယ် ။
နောက်တမျိုး အမွှေးထူထပ်ခြင်း က Hirsutism လို့  ခေါ်တယ် ။ သူ့ ကျတော့ အမျိုးသမီးတွေမှာ ယောကျာင်္း ဟော်မုန်းဓါတ် ( androgens )လွန်ကဲပြီး အမျိုးသားတွေလိုပဲ မုတ်ဆိတ် ၊ ပါးသိုင်း ၊ ရင်ဘတ် ၊ ကျောပြင် ၊ ပေါင်တွေမှာ အမွှေးတွေပေါက်လာတတ်တာပါ ။ ဥအိမ်မှာ အရည်အိတ်တွေ ပါတဲ့ ရောဂါ( Polycystic ovary syndrome)၊ အင်ဆူလင် ဟော်မုန်းဓါတ်လွန်ကဲခြင်း၊ တချို့ ကင်ဆာ အကြိတ်တွေ နဲ့ ဟော်မုန်းပါတဲ့ ဆေးတွေကြောင့် လည်း ဖြစ်တတ်ပါတယ် ။
ဒီနေရာ(၁) ၊ (၂) မှ ရယူ တင်ပြပါတယ် ။
တလွဲဆံပင်ကောင်းဆိုတာ ဒါမျိုးလား မသိပါ ။ထိပ်ပြောင်ပြီး မုတ်ဆိတ်ကျတော့ အရှည်သား ။
Alopecia ( ဆံပင်ကျွတ်ခြင်း) / Baldness( ပြောင်ခြင်း )
တချို့ များကြတော့ လည်း အမွှေးအမျှင် နည်းပါးလွန်းလို့ စိတ်မချမ်းသာ ဖြစ်ကြရတယ် ။ဆံပင်ဆိုတာ လူတယောက်ရဲ့  ပုံစံကို အများကြီးပြောင်းလဲသွားစေတတ်ပါတယ်။ ဆံပင် ပုံစံ ပြောင်းလိုက်တာ နဲ့ ပိုပြီး ကြည့်ကောင်းတာတို့ ။ ပုံပျက်သွားတာတို့ အမျိုးမျိုးပေါ့ ။သာမန်လူကောင်းတဦး အနေနဲ့  တနေ့ မှာ ဆံပင် အမွှေးအချောင်း ၅၀ မှ ၁၀၀ မျှ ကျွတ်ထွက်တတ်ကြပါတယ် ။သူ့  နေရာမှာ အသစ် ထပ်ပေါက်နှုန်းက ညီမျှနေတော့ ဆံပင် နဲပါးလာမှု မရှိဘူးပေါ့ ။ဒါပေမဲ့ ခန္ဓာကိုယ်မှာ ရောဂါ တခုခု ဖြစ်လာတဲ့ အခါ( ဥပမာ ..မီး အပူ လောင်ခြင်း၊ဘက်တီးရီးယား နှင့် မှိုရောဂါ စွဲကပ်ခြင်း၊ ငှက်ဖျား ၊တိုက်ဖွိုက် အစရှိတဲ့  ရောဂါများ ) ၊ ပြင်းထန်တဲ့ ဆေးဝါးတွေ ကို အသုံးပြုကြရတဲ့  အခါ( ဥပမာ - ကင်ဆာ ကုသ ဆေး) ၊ ဒါမှ မဟုတ် စိတ် ဖိစီးမှု စိတ်ဝေဒနာတွေ ခံစားရတာ များလာတဲ့ အခါမျိုးမှာ ဆံပင်တွေ လွန်ကဲစွာ ကျွတ်ထွက်တတ်ကြပါတယ် ။ဒီတော့ အမျိုးသားများတွင်သာမက အမျိုးသမီးများမှာလည်း ထိပ်ပြောင်ခြင်းများ ရှိတတ်ကြပါတယ် ။
ကုသခြင်း
ရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်းများကို ဖယ်ရှားပေးလိုက်တာ ဟာ ရောဂါကုထုံး တမျိုး ဖြစ်ပါတယ်။ Rogaine ,Regaine အစရှိတဲ့ minoxidil လို့ ခေါ်တဲ့ ဆေးကို ဆရာဝန်ညွှန်ကြားချက် အရ သောက်သုံး နိုင်ပါတယ် ။
ဒီနေရာ(၁) ၊ (၂) များ မှ ရှာဖွေ တင်ပြပါတယ်
အမွှေး အမျှင် ဆိုတာမှာလည်း ၊ များလွန်းလည်း မကောင်း ၊ နဲ လွန်းလည်း မဟန် ။ လိုအပ်တဲ့ နေရာမှာ လိုသလောက် ၊ သူ့ ပုံမှန် နေရာမှန်တာပဲ ကောင်းပါတယ် ။ လူမှန် နေရာမှန် ကြဖို့  အရေးကြီးပါတယ် ။ အယ် .. ယောင်လို့ .. အမွှေးမှန် ၊ နေရာမှန် ရှိဖို့ လို့  ပြောချင်တာပါ ။း))
တချို့ က ကြီးမှ ကြိုက်တယ်( အသက် ကြီးသွားတာက လွဲရင် နေမှာပေါ့ လေ ) ။ ဒါပေမဲ့  ကြီးတိုင်းလည်း ကောင်းတာ မဟုတ်ပါ ။ တချို့  အသီးအနှံ စားပင်သောက်ပင်တွေကို မျိုးဆက် ပြောင်းလဲပေးခြင်း ၊ ဓါတ်မြေသြဇာ ဆေးမျိုးစုံ ကျွေးခြင်း တို့ နဲ့ ကြီးထွားအောင် တီထွင် စိုက်ပျိုး လာကြ တာ အမြင်လှပ ဆန်းသစ် ပြီးဈေးကောင်း ရပေမဲ့  အရသာ ပိုပြီး ထူးကဲ မလာတာမျိုး ၊ စားသုံးမှုလွန်ကဲ ပါက ကင်ဆာ အစရှိတဲ့  ရောဂါမျိုး ဖြစ်ပွားစေတတ်တာတွေ ရှိပါသေးတယ် ။သဘာဝလွန်ပြီး ကြီးတာမျိုးတော့ ထူးထူးဆန်းဆန်း ဖြစ်တတ်လို့  စိတ်ဝင်စားစရာ ကောင်းတာမျိုးလည်း ရှိတတ်ပါတယ် ။ဒီတော့ ဘာလို့ ကြီးအောင် ထွင်ကြတာပါလိမ့် ။ နာမယ်ကြီးချင်လို့ ဖြစ်မယ် ထင်ပါတယ် ။ အဲ့ လို ကြီးကြတာတွေ အများကြီး ရှိတဲ့အထဲမှာ ဘာကြီးသလည်း သိချင် ၊ ကြည့်ချင် ကြရင်တော့ ဆက်ဖတ်ကြည့်လိုက် ပေါ့ နော် ။ ကြီးကျယ်လိုက်တာ လို့ တော့ မထင်စေချင်ပါ ။
Guinness Book of World Records ထဲမှာ စံချိန်တင်ထားတဲ့  ကမ္ဘာ့  အကြီးဆုံး မော်တော် ဆိုင်ကယ် တစီးကို California's Stockton မှ Gregory Dunham ဆိုသူက ၃ နှစ်တာမျှ အချိန် ယူပြီး တည်ဆောက်ခဲ့ ပါတယ် ။ ၁၁ ပေ အမြင့် ၊ နဲ့ ပေ ၂၀ ရှည်လျားတဲ့ သူ့ ရဲ့  ဆိုင်ကယ်ကြီး ဟာ အင်ဂျင်အား ၈.၂ လီတာ ၊ ဘီးတလုံး အမြင့် က ၁.၈၈ မီတာ၊ အလေးချိန် ၆၅၀၀ ပေါင်ရှိပြီး တန်ဘိုးငွေ ဒေါ်လာ ၃ သိန်း မျှ ကုန်ကျပါတယ် ။ (ကိုယ့်ဟာကိုယ်ဆို အိမ်ကောင်းကောင်း တလုံးပဲ ဝယ် နေလိုက်ပါတော့ မယ်လေ ) ။ ဒီလောက်ကြီးမားနေတော့ လမ်းမပေါ်မှာ မြန်မြန် လည်း မမောင်း နိုင်တဲ့ အပြင် ၊ ရပ်စရာ နေရာလည်း ရှာရ မလွယ် ဘူး ထင်ပါတယ် ။
ဒီနေရာမှ ရယူထားတာပါ
................................................................................
ဒါကတော့ ထိုင်ခုံ ခပ်ကြီးကြီးမှာ ထိုင်ချင်သူများ အတွက်ပါ ။ ဘယ်လိုတက်ပြီး ဘယ်လိုဆင်းကြမလည်း တော့ မသိ ။ ပြုတ်ကျ ရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ ။ ထိုင်ခုံ ပြုလုပ်တဲ့ နေရာမှာ နာမည်ကျော်တဲ့ မင်ဇာနို မြို့  ဟာ အီတလီ နိုင်ငံ တွင် တည်ရှိပါတယ် ၊ ဒီပုံက photoshop နဲ့ တည်းဖြတ်ထားတာ မဟုတ် ပါဘူး တဲ့  ။
ဒီနေရာ မှ ရတဲ့ အကြောင်းအရာပါ
.......................................................................
Massachusetts Institute of Technology မှ သိပ္ပံပညာရှင် စာရေးဆရာ တဦးဖြစ်သူ Michael Hawley ရေးသား ပြီး ပုံနှိပ်ထုတ်ဝေ ခဲ့တဲ့ စာအုပ်ကြီး ဟာ အလေးချိန် ၁၃၃ ပေါင် ၊ ၇ ပေ အလျား၊ နဲ့  ၅ ပေ အနံ ၊ စာမျက်နှာ ပေါင်း ၁၁၂ မျက်နှာရှိပြီး ၊ ပုံနှိပ် တဲ့ ဆေးရည် မင် တစ်ဂါလံ သုံးစွဲ ရကာ တန်ဘိုးငွေ ဒေါ်လာ ၂၀၀၀ ကုန်ကျပါတယ် ။ပုံနှိပ်ထုတ်ဝေခဲ့တဲ့  စာအုပ်တွေထဲမှာ အကြီးဆုံး စာအုပ်အဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ် ။
................................................................................
ပေ ( ၁.၂၆ မီတာ ) အရှည်ရှိတဲ့  အကြီးဆုံး သေနတ် အား၊ ရီမင်တန် မိုဒယ် ၁၈၅၉ ဆိုပြီး Ryszard Tobys ဆိုသူက တီထွင် ပြုလုပ်ခဲ့  ပါတယ်။ ( ဘယ်လိုကိုင်ပြီး ဘယ်လိုပစ်ရသလည်း ။ ဒီလိုသာ ဆိုရင် တော့ ပစ်တိုင်းလွဲ မှာ သေချာပါတယ်။ ပစ်မှတ်ကို ပြောင်းဝရှေ့ တည့်တည့် လာထားပေးမှ မှန်နိုင်ပါတော့မယ် )
..........................................................................
အလေးချိန် ၂၁၅၀၀ ပေါင် ၊ အလျား ၇၆ ပေ ရှည်တဲ့  ခဲတံ တချောင်း ကို နယူးယောက် မြို့ နေ Ashrita Furman ဆိုသူနဲ့ ပန်းပုဆရာများ က ပြုလုပ် ခဲ့ ပါတယ် ။ ဘယ်လိုများ ချွန်ပြီး ဘယ်လိုများရေးကြ မလည်း နော် ၊
................................................................................
စာလုံးတွေရေးဖြည့် ရတဲ့ crossword ပဟေဠိ အဖြေညှိ ညာဏ်စမ်း ကစားနည်းကို ရုရှ ယူကရိန်းပြည်နယ် Lvov မြို့ က အဆောက်အဦမှာ ညဆိုရင် အပန်းဖြေရင်း နဲ့ အဖြေညှိနိုင်ကြပါတယ် ။ အဲဒီ မြို့မှာရှိတဲ့ စိတ်ဝင်စားဘွယ်ရာ အကြောင်းအရာများ၊ ပြဇတ်ရုံ ၊ပန်းခြံ စတဲ့ အထင်ကရ နေရာများ ကို မေးထားပြီး ညကျမှသာ မီးရောင်လင်းနေတဲ့ အဖြေ စာလုံးများကို တွေ့ ရှိရ မှာ ဖြစ်ပါတယ် ။နေ့ အချိန်မှာဆိုရင်တော့ သာမန် အဆောက်အဦ တခုလို ဘာမှ မထူးခြားပါ ဘူး ။အဲ့ ဒီ အမြင့် ၃၀ မီတာ ရှိတဲ့ crossword ဟာ ကမ္ဘာ့ အကြီးဆုံး ပါပဲ တဲ့ ။ ( အဲ့တာကြောင့် ညာဏ်ကြီးရှင်တွေကို ဆရာတင် ထားတာ နေမှာ ..း)) ရောက်ဖူးတဲ့ သူများ ရှိရင် ပြောပြကြပါဦး နော် ။
.............................................................................
ကမ္ဘာ့ အကြီးဆုံးဥ တဲ့ ။ဘာဥ ပါလိမ့် ။ ဘယ်လ်ဂျီယံ မှာ ၂၀၀၅ ခုနှစ် ခရစ်စမတ်ပွဲ အတွက်ဥ ပါ ။ နာမယ်ကြီး ချောကလက် ထုတ်လုပ်သူ ပြုလုပ်ထားတဲ့  ချောကလက်ဥ မှာ ချောကလက် အပြားပေါင်း ၅သောင်းကျော် ပါပြီး ၈.၃၂ မီတာမြင့်ပါတယ် ။ အလေးချိန် ၁၉၅၀ ကီလိုဂရမ်( ၄၃၀၀ ပေါင်) ရှိတဲ့ အဆိုပါ ဥ ကို လူပေါင်း ၂၆ ယောက်က ၅၂၅ နာရီအချိန်ကြာမျှ ပြုလုပ်ခဲ့ ရတာ ဖြစ် ပြီး ၁၉၉၆ ခုနှစ်က တောင်အာဖရိက Kwazulu-Natal မှ အကြီးဆုံးဥ စံချိန်ကို ချိုးခဲ့ တာ ဖြစ်ပါတယ် ။
....................................................................
ဒါကတော့ ကမ္ဘာ့ အကြီးဆုံး ရေကူးကန် ပါ ။ ချီလီနိုင်ငံ တောင်ဖက် ကမ်းခြေ Algarrobo မြို့  မှာ San Alfonso del Mar resort အပန်းဖြေ ကမ်းခြေ အဖြစ် တည်ဆောက်ထားပါတယ် ။ ဧကပေါင်း ၂၀ ရှိပြီး ၁၁၅ ပေ အနက် ရှိကာ ရေ ဂါလံပေါင်း ၆၆ သန်းဆံ့ ပါတယ် ။ ၅နှစ်ကျော် တည်ဆောက် ခဲ့ ရပြီး တန်ဘိုးငွေ ပေါင် ဆယ်သန်း ကုန်ကျ ကာ ထိမ်းသိမ်း မွမ်းမံ စရိတ်က တနှစ်ကို ပေါင် သန်း ၂၀ မျှ ရှိပါတယ် တဲ့  ။ ဆင်ဖိုး ထက် ချွန်းဖိုး ပိုကြီးတယ်ဆို တာ အမှန်ပါပဲ ။
.......................................................................
ကမ္ဘာ့  အကြီးဆုံး ရှုးဖိနပ် တရံကို ဖိလိပိုင်နိုင်ငံ Marikina မြို့ မှာ တွေ့ နိုင်ပါတယ် ။ ၅.၂၉ မီတာ အရှည်ရှိပြီး ၁.၈၃ မီတာ မြင့်ပါတယ် ။ ဒီဖိနပ် တရံကို ၇၇ ရက်ကြာ ချုပ်လုပ်ခဲ့ ရပါတယ် ။
ဒီနေရာမှ ရတဲ့  အကြောင်းအရာတွေ ပါ ၊
ကြီးကြီးကျယ်ကျယ်များဖြစ်အောင် ဘယ်လို ဆန်းဆန်းပြားပြားများ အကြီးစားများ တီထွင် ကြဦးမလည်း။ ရှာလိုက် ဖွေလိုက်ပါအုံးမယ် ။
လူတိုင်း မေတ္တာ ၊ ကရုဏာ ၊ မုဒိတာများ ကြီးမားစွာ ထားနိုင် ၊ ပွားနိုင်ကြပါစေ ...