မပြောမပြီး မတီးမမြည် ဆို ပေမဲ့ ၊ ပြောနေရင်း ကလည်း မပြီးနိုင် ၊ မတီးတာတွေလည်း မြည်နေကြတော့ ဒီဇာတ်လမ်းလေးကို ပဲ ထပ်ဆက်ရပါအုံးမယ်။ ပြီးခဲ့တဲ့ ( မပြီးသေးတဲ့) လင်ဇီးနောက်ဆက်တွဲ လေးပေါ့ ။
ကော်မန့် တွေ မှာ ရေးထားတာ တွေ ( အပြန် အလှန် တွေ အပါ အဝင် ) ဖတ်ရတာ အကြောင်းအရာတခုကို ရှုဒေါင့် အမျိုးမျိုးကနေ ဆိုတော့ ဗဟုသုတ ရယူစရာတွေ လည်း ရှိပါတယ်။
ကိုယ် မမြင်မိတဲ့ ရှုဒေါင့်တွေ လစ်ဟာချက်တွေလည်း ရှိပါသေးတယ် ဆိုတာ ပြောလိုပါတယ် ။ ဘာပဲ ဖြစ်ဖြစ် အပြုသဘောအနေနဲ့ ကြည့်တတ် တွေးတတ် မယ် ဆို ရင် ဒါ က ဘယ်သူ့  ဘယ်သူမှ စော်ကား မော်ကား ပြောဆို ရေးသား နေကြတာ မဟုတ်ဖူး၊ အတွေ့အကြုံ ဖလှယ် နေကြတာ လို့ ယူဆလို့  ရပါတယ် ။
တယောက်ကလည်း ဝင် ပြောသွားသေးတယ် ။ လင်ဇီးအကြောင်းနဲ့  ဘာမှ မဆိုင်တာ ကို ။ Idiot ဆိုတဲ့ စကားလုံးကို ကိုယ်ကြိုက်လို့  ကိုယ့်နာမည် ထဲ မှာ ထဲ့ရေးထားတာပါ ။ “ ပုထုဇနော ဥမ္မတကော ” ၊ လူတိုင်းဟာ တမျိုးမဟုတ် တမျိုးရူးနေကြတဲ့  အရူးတွေချည်းပါပဲ ။ တကယ့် အရုးတွေ ကတော့ ကိုယ့်ကိုယ်ကိုယ် ရူးနေတယ်လို့  ဝန်မခံ တတ်ကြ ပါဘူး ။ ဒီတော့ သူများကို ရူးတယ် ပြောသူ က သူ့ ကိုယ်သူ ဘယ်လို လူ ဆိုတာ အရင် သုံးသပ်ကြည့် ဖို့  လိုပါတယ်။
အဓိက ပြောလိုသူက မပိုးပိုးသို့  ဖြစ်ပါတယ် ။ မပိုးပိုး ခုလို တင်ပြတာ လက်ခံပါတယ် ။
လင်ဇီး မကောင်းတာ၊ ကောင်းတာတွေကို ပြောလိုခြင်း သက်သက် မဟုတ်ပါ ။ လင်ဇီးမှာလည်း ကောင်းတဲ့ အချက်တွေ ရှိမှာ ပါ ၊တရုပ်ပြည်မှာ နှစ်ပေါင်းများစွာ သုံးစွဲနေခဲ့ကြတဲ့ တိုင်းရင်းဆေး တမျိုးဆိုတော့ ကောင်းတဲ့ အချက်တွေ ရှိတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး ။ ဒါပေမဲ့လည်း ကောင်း နဲ့အဆိုး ဆိုတာ အမြဲ ဒွန်တွဲ နေတတ်ကြတာ မို့  ၊ ကောင်းကြောင်းတွေချည်း ကြော်ငြာ နေဖို့  မသင့်ပါဘူး ။ မှို အမျိုးအစား ဖြစ်လို့ ကောင်းတဲ့ မှို တောင်မှ အဆိပ်သင့်ချင်သင့်နိုင်ပါသေးတယ် ဆိုတာလည်း သဘောပေါက်ပါတယ် ။ ဒါပေမဲ့ ဒီကုမ္ပဏီက ထုတ်တဲ့  ဒီမှိုကဘယ်မှာပေါက်တယ်၊ဘယ်လိုရတယ်ဆိုတာက စားသုံးသူတွေ ဘယ်လို လိုက်ပြီးစစ်ဆေးလို့ ရမှာ တဲ့လည်း၊ကြော်ငြာထဲမှာ ပါတဲ့အတိုင်းသာ ယုံကြည်ရမှာပေါ့ ။ကြော်ငြာကလည်း ထုံးစံအတိုင်း ကောင်းတဲ့အရာတွေချည်းပဲ ကြော်ငြာမှာပေါ့ ။
ကိုယ် ပေးချင်တဲ့ message က၊ ဆေးတမျိုးဟာ ရောဂါ ပေါင်းစုံကို ပျောက်ကင်းနိုင်စွမ်းရှိတယ် ဆိုတာ က ယုတ္တိ မရှိပါဘူး ။ ပြီးတော့ ဒီလင်ဇီး ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီက သုံးစွဲရာမှာ ရရှိမဲ့ အကျိုးတွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားတာတွေ့ ရပါတယ် ။ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးဆိုတဲ့ အရာတွေကို တလုံးတပါဒမျှ ဖေါ်ပြရေးသားထားခြင်း လုံးဝ ( လုံးဝ ) မပါရှိပါ ။ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာ ဆေးတိုင်းမှာ ရှိကြပါတယ် ။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတာ လည်း လူတိုင်းသိကြပါတယ်။ အနောက်တိုင်း ဆေးပညာ နဲ့ ပတ်သက်တဲ့ ဆေးတွေ ကို တကမ္ဘာလုံးမှာရှိတဲ့ ဆေးလမ်းညွှန် ဆေးကျမ်းတွေအားလုံးမှာဆိုရင် သက်ဆိုင်ရာဆေးနဲ့ ပတ်သက်သမျှ တွေကို
-Biochemistry,
-Ingredient ,
-Plasma half life,
-Indication ,
-Contraindication,
-Dosage ,
-Route of administration,
-Side effect ,
-Drug interaction,
-Precaution
အစရှိတာတွေကို စုံလင်တိကျစွာ ဖေါ်ပြထားရပါတယ် ။ ပြောချင်တာ ကတော့ အဲ့ဒီဆေးတွေ ရဲ့ ဇီဝတည်ဆောက်ပုံ၊ပါဝင်တဲ့ ပစ္စည်းများ၊သွေးထဲမှာ ရှိနေမဲ့ ဆေးအရှိန်ရဲ့ သက်တမ်း၊ သုံးစွဲသင့်တဲ့ ရောဂါများ၊ မသုံးစွဲသင့်တဲ့ ရောဂါများ၊ အသုံးပြုရမဲ့ ပမာဏ( ကိုယ်အလေးချိန်အလိုက် အတိအကျ တွက်ရခြင်း)၊ နဲ့ အသုံးပြုနည်း ( သောက်ဆေး၊ အသားထိုးဆေး၊ အကြောထိုးဆေး စသဖြင့်)၊ ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးများ၊ ဆေးအချင်းချင်း ဓါတ်ပြုခြင်းများ ၊ သတိပြုရန် အချက်များ ( ဥပမာ - ကိုယ်ဝန်ဆောင် ၊ နို့ တိုက် မိခင်များ မသုံးရ စသဖြင့် ) သေချာ စုံလင်စွာ ဖေါ်ပြကြရပါတယ် ။ ဒါ့အပြင် ဒီဆေးကြောင့် ဖြစ်လာတဲ့ ဆေးမတည့်ခြင်း ဓါတ်ပြုမှု အတွက် ဘယ်လို ဖြေဆေးတွေ သုံးရမယ် ဆိုတာလည်း ဖေါ်ပြရပါတယ် ။
နောက်တချက် ပြောလိုတာက ဆေး မှန်သမျှ ( သူတို့ ကတော့ ဆေး ဆိုတဲ့စာရင်းထဲ မထဲ့ပဲ ဓါတ်စာ လို့ ယူဆထားပုံ ရပါတယ် )ကို ဆေးဝါးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ၊ သင်တန်း တက်ရောက် အောင်မြင်သူတွေ ( တနည်းအားဖြင့် ) အစိုးရ အသိအမှတ်ပြု အောင်လက်မှတ် ရ ပြီးသားသူတွေ ( Pharmacist ) မှသာ ရောင်းချ ခွင့် ရှိပါတယ် ။ မြန်မာ ပြည်မှာ ကတော့ ကြိုက်တဲ့ဆေးကို ကြိုက်တဲ့နေရာမှာ (ကွမ်းယာဆိုင် ၊ လေဟာပြင်ဈေး စတဲ့ နေရာတွေမှာ)လိုသလောက် အချိန်မရွေး ဝယ်လို့  ရနေပါတယ် ။ ဘိုက်အောင့်ရင် ရော့ ဒီဆေးသောက် ၊ ဖျားရင် ဒီဆေးသောက် ဆိုပြီး ကွမ်းယာဆိုင်က တွဲစပ် ပေးလိုက်တဲ့ဆေး တွေ နဲ့ ရောဂါကုနေကြရသူတွေ မနည်းပါဘူး ။ ဆေးခန်းပြရတဲ့ စရိတ်တွေက ကြီးလွန်းလို့  ဆေးမြီးတို များနဲ့သာ ပြီးသွားကြရသူတွေလည်း မနည်းလှပါဘူး ။ ဒီလို ဆေးမြီးတို တွေ ၊ တိုင်းရင်းဆေးတွေ မှာလည်း သူ့ အစွမ်းနဲ့သူထက်မြက်တဲ့ဆေးတွေရှိကြပါတယ် ။ဒါက တပိုင်းပါ ။
တိုးတက်တဲ့ နိုင်ငံတွေမှာ ၊ စားသောက်ကုန် နဲ့ ဆေးဝါး ကြီင်္းကြပ် မှု ကို အလေးပေးတဲ့ နိုင်ငံတွေမှာ ဆိုရင် မူးယစ်စေတတ်တဲ့ ဆေးဝါးမျိုး ( ဥပမာ ကော်မက်သာဇင် လို ချောင်းဆိုးပျောက်ဆေး ၊ မော်ဖိန်း ပါတဲ့ ဆေးမျိုးတွေ ဆိုတာ အထူးကု ဆရာဝန်ကြီးတွေ ရဲ့  ဆေးလက်မှတ် နဲ့သာ ဝယ်ယူခွင့် ရှိပါတယ်။ဘယ်ဆေးမဆို ဘယ်လောက်ကောင်းတယ် ပြောပြော အဆင် မသင့် တဲ့ အခါ ၊ ဘေးထွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ် ။
Watson လို လူသုံးပစ္စည်း ၊အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန် ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သုံးဆေး (ဥပမာ ပါရာစီတမော တို့ လို အကိုက် အခဲ ပျောက်ဆေး၊ အစာအိမ်လေနာ ပျောက်ဆေး၊ စတာ တွေ ကိုတော့ ဒီအတိုင်း အလွတ်ဝယ်လို့  ရပါတယ် ။ ဒါပေမဲ့ ဆေးတိုင်းမှာ သတိပြုရမဲ့ အချက် နဲ့ လိုအပ်တဲ့ ပမာဏ ကို သေချာ ဖေါ်ပြကြရပါတယ် ။)။
ဆေး တခု ဟာ မတည့်ဘူး ၊ Allergic reaction ( ဓါတ်မတည့်သော တုန့် ပြန်မှု) တွေ ပြလာပြီ ၊ ခံစားလာရ ပြီဆိုရင် ဒီဆေးကို သုံးစွဲခြင်းမှ ချက်ချင်း ရပ်တန့် သင့်ပါတယ် ။ နောက်ပြီး တုန့် ပြန်မှု ပြင်းထန်တဲ့ အတိုင်းအတာ အလိုက် လိုအပ်တဲ့ ဖြေဆေး တွေ ပေးရပါတယ် ။ Allergic reaction & Anaphylatic shock ရတာမျိုးဆို ချက်ချင်းတောင် သေနိုင်ပါတယ် ။
အခု ဒီ ကုမ္ပဏီက အရောင်းကိုယ်စားလှယ် တယောက် ( ပဲခူး မြို့ က သာမန် လက်လုပ်လက်စား အဒေါ်ကြီးတယောက်၊ပြီးခဲ့တဲ့ နှစ်က မိုးတွင်း တနင်္ဂနွေနေ့ တရက်မှာ ကျွန်မကိုယ်တိုင် အဲ့ဒီ ဂါနို ကုမ္ပဏီတည်နေရာ ကို သွားရောက်လေ့လာခဲ့စဉ်က ဆုံတွေ့  ခဲ့တဲ့ အဒေါ်ကြီး တယောက် ပါ ၊ သူ့  ရဲ့ အပြောအရ ) ၊ ဒီလင်ဇီး မှာ ရောဂါပေါင်းစုံ ကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်း ရှိပါတယ် တဲ့၊ ဓါတ်မတည့် တာတွေလည်း မဖြစ်စေပါဘူးတဲ့ ၊ ဒီဆေးသောက်ပြီး သေတယ်ဆိုတာ သူတခါမှ မကြားဖူးပါဘူး တဲ့ ၊ တချို့  မှာ တော့ ဒီဆေးကို စစ သုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေ ပိုဆိုးလာတတ်ပါတယ် တဲ့ ။ အဲ့ဒါက ရောဂါသက်သာခါနီး မှာ ဆေးအစွမ်း ကြွ လာတာ မို့  ၊ ဆေးကို မရပ်ပဲ ၂ ဆ ၊ ၃ ဆ တိုးပြီးတော့ သောက် ရ မှာ လို့  ပြောပါတယ် ။
အဲ့ဒီ စကားအရဆိုရင် သူတို့ တွေဟာ တနင်္ဂနွေတိုင်း ပြုလုပ်နေတဲ့ သင်တန်းမှာ ဒီလို သင်ပြ ပြောကြားခြင်းခံယူထားကြရလို့  ဖြစ်ပါတယ် ။ဒါဟာ လွဲမှားတဲ့ အယူ အဆ ဖြစ်ပါတယ် ။ ပြီးတော့ ပြောပါသေးတယ် ။ ကျွန်မ ကို ခု ချက်ချင်း အဖွဲ့ ဝင်ရင်အဖွဲ့ ဝင်ကြေးက ၁၂၀၀၀ ကျပ် ထင်ပါတယ်။ သေချာတောင် မမှတ်ထားမိပါဘူး ၊ သွားတိုက်ဆေး တဗူးကို ၅၅၀၀ ကျပ်ဈေးနဲ့ ရမှာ ဖြစ်ပြီး တခြားလက်ဆောင်တွေပါ ရအုံး မှာ မို့  ချက်ချင်းလက်ငင်းတောင် အမြတ်ထွက်နေပြီ လို့  ဈေးတွက် တွက်ပြလိုက်ပါသေးတယ် ။
မပိုးပိုးက ပြောတယ် ။ “လင်ဇီးကြောင့် မသေဘူးလို့ မပြောနိုင်ပါဘူး.. ဒါပေမယ့် အသက်ရှင်နေစဉ်မှာ ရောဂါ ဝေဒနာ ခံစားမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်ပေးနိုင်ပါတယ်.. လင်ဇီးသောက်လို့ ဘာရောဂါမှ မဖြစ်ဘူးလို့လဲ ပြောလို့ မရဘူးနော်.." တဲ့ ဟုတ်ပါတယ်။လင်ဇီးကြောင့် မသေဘူး လို့  မပြောပါဘူး ။ ဒီကုမ္ပဏီကလည်း တခြား ရောဂါကြောင့်သေတာ လို့  ပြောပါတယ်။
“လင်ဇီးကြောင့်ဆိုတာ သက်သေ ပြလို့ မရပါပဲနဲ့.. ဘာကြောင့် လင်ဇီးကြောင့်လို့ တစ်ထစ်ချ သတ်မှတ် နိုင်တာပါလဲ... နောက်ပြီး လင်ဇီးအကြောင်းကို ဘယ်လောက်ထိ လေ့လာဖူးပါသလဲ လို့ မေးပါရစေ....လင်ဇီးကြောင့်လို့ ထင်ရင်.. အဲဒီ သံသယ ရှင်းသွားအောင် ဘာကြောင့်များ {cause of death} ကို သိအောင် မကြိုးစားခဲ့တာပါလဲ...”
သေဆုံးသူရဲ့  death certificate ပြန်ရှာမတွေ့ တာရော၊ Postmortem မလုပ်ခဲ့ကြလို့ ရော cause of death ကို သေချာပြောလို့  မရပါဘူး ။
အဲ့ဒီအချိန်မှာ သွေးရောဂါဆရာဝန်ကြီး ကိုယ်တိုင် အကြံပေးခဲ့ပါသေးတယ် ။ ဖြစ်တဲ့ရောဂါ လက္ခဏာတွေက ထူးဆန်းလို့  သေရတဲ့ အကြောင်းရင်းကို ရှာဖို့ ၊ သူတို့ အထင်လည်း ဒီပစ္စည်းတွေကြောင့်ဖြစ်တယ်လို့  ယူဆတာကြောင့် တိတိကျကျ အကြောင်းရင်းကိုသိလိုကြပါတယ် ။ ဒါပေမဲ့ ခက်တာက သေဆုံးသူရဲ့  ယောကျာင်္းက အဝေးရောက်ပြီး အကြောင်းကြောင်းတွေကြောင့် ပြည်တော် မပြန်နိုင်ဖြစ်နေတာကြောင့် ဒီကိစ္စကို ကျန်ရစ်သူရဲ့  ဆွေမျိုး ယောင်းမတွေက ဘယ်သူမှ တာဝန်ယူ ဆက်လက် မဆောင်ရွက်လိုကြတာမို့  Postmortem မလုပ်ဖြစ်ခဲ့ကြပါဘူး ။ ဗဟုသုတ နဲခြင်း၊ ကြောက်ရွံ့  အားနာခြင်းတွေ ကြောင့် ဘာမျှ စောဒကမတက်တော့ဘဲ ကံစီမံရာ လို့  ဖြေသိမ့်လိုက်ကြတာပဲ ဖြစ်တယ်။ သူများနိုင်ငံတွေမှာဆို ဒီကိစ္စမျိုး ဖြစ်လာရင် ရေဆုံးမြေဆုံး အဖြေရှာကြ ဖြေရှင်းတတ်ကြပါတယ် ။ အပြစ်ရှိရင် ရှိသလို ထိရောက်စွာ အရေးယူကြပါတယ် ။( လျော်ကြေးပေးရတာမျိုး၊ ကုမ္ပဏီ ပိတ်ပစ်စေတာမျိုး ၊ ထောင်ချတာမျိုး ပေါ့ )။
နောက်ပြီး မြန်မာပြည် မှာ ဓါတ်ခွဲခန်းတွေက ဘယ်လောက်များ reliable ဖြစ်ပါသလည်း ။ သွေးတခုကို တချိန်တည်း တပြိုင်တည်းဖေါက်ပြီး ဓါတ်ခွဲခန်း ၃ နေရာ ခွဲ ပို့ တာ တောင် အဖြေ ၃ မျိုးထွက်တာမျိုး ကိုယ်တိုင် ကြုံခဲ့ ရ ဖူး လို့  ပါ ။
မပိုးပိုး ပြောပါတယ် ။ “အဲဒီလို ကုမ္ပဏီတွေမှာ သူတို့ ကုန်ပစ္စည်းအတွက် အာမခံချက် ရှိတတ်ပါတယ်.. ဒီ ကုန်ပစ္စည်းကြောင့် အဆိပ်မသင့်ပါဆိုတဲ့ အာမခံချက်မျိုးပေါ့.. အဲဒါမှသာ ဈေးကွက်မှာ ရောင်းချခွင့် ရမှာလေ.. မသေဖို့ အာမခံတာ မဟုတ်ဘူးနော်.. " ဒီပစ္စည်းကြောင့် အဆိပ်မသင့်ဘူးဆိုတဲ့ အာမခံချက်ပါ.. ”
ခု ဒီ ဂါနိုကုမ္ပဏီမှ ဘာ အာမခံချက်တွေ ပေးထားပါသလည်း ။ အာမခံ မပေးရင် ဈေးကွက်မှာ ရောင်းချခွင့် မရမှာစိုးလို့  သာ ပေးရတဲ့ သဘောပေါ့ နော် ။ လူမမာ ဆေးရုံပေါ်မှာ သေကောင်ပေါင်းလဲ ဖြစ်နေတာ သူတို့  သိသိကြီးနဲ့  လူနာရှင်ဆီ တိုက်ရိုက် သတင်းမေးဖေါ် မရခဲ့ဘူး ။ ဆေးရုံ ဝန်ထမ်းတွေဆီ တိုးတိုးတိတ်တိတ် ဖုံးဆက်ပြီး မေးတော့မေးတယ် ။ လူမမာ သေပြီလား ဆိုတာ ပဲ တဲ့ ။
ဒါကိုကြည့်ခြင်းအားဖြင့် သူတို့  အာမခံပေးတယ် လို့ ပြော လို့ ရပါ့မလား ။ သူတို့ ဆီ အမှုပတ်မစိုးလို့  စိုးရိမ်စိတ်နဲ့  သတင်းစုံစမ်းတဲ့ သဘော ပဲ ဖြစ်တယ်။ လူနာလဲ သေပြီဆိုရော ဘာမှ ဆက်သွယ် မေးမြန်းခြင်း မရှိခဲ့ပါဘူး ။ နောက် ပိုင်း ၃ နှစ်လောက်ကြာမှ သူ့ ခင်ပွန်း ဗမာပြည် ပြန်ရောက်တော့ မှ ဒီ ကုမ္ပဏီ ကိုလိုက်စုံစမ်း ဖြစ်တယ် ။ နေရာ ပြောင်းရွှေ့ သွားလို့  ရက်အတော်လေး ကြာမှ ယခု ဒီနေရာကို ခြေရာခံလို့ ရတယ် ။ သူသိလိုတဲ့ အကြောင်းအရာတွေ မေးမြန်းစုံစမ်း တဲ့ အခါ မှာလည်း ဝေ့လည် ကြောင်ပတ် ပဲ အဖြေရတယ် ။
တာဝန်ရှိတဲ့ လူကြီးကို တွေ့ ချင်တယ် ဆိုတာတောင် အခါခါ သွားစောင့်ရတယ် ။ နောက်တော့ မခြေမငံပြော ဆို တာ ခံရတယ် ။ တိုင်ချင်ရာတိုင် ဆိုတဲ့ အစွန်းရောက် စကားလုံးတွေ ထိ ပြောဆိုခဲ့တယ် ။ ဒါဟာ သူတို့ ပေးတဲ့ အာမခံချက် ပဲလား။
နောက် တခု၊ ခရေ ဆိုသူ ပြောထားတာကတော့ ( အဲ့ဒီ လင်ဇီးသာ လူကို သေစေနိုင်တယ်ဆိုရင် တရုတ်နိုင်ငံ လူဦးရေ အဲ့လောက် များလာစရာ အကြောင်းကို မရှိတာပါ... ... အခု လင်ဇီး မကောင်းဘူးလို့ ပြောတဲ့သူတွေ လင်ဇီးဆိုတာကို သောက်ဖူးပါသလား မြင်ဖူးပါသလား မေးပါ့ရစေ... လွန်ခဲ့သော နှစ်ပေါင်း ၂၀လောက်ကတည်းက လင်ဇီးသောက်ပြီး အခုချိန်ထိ ဆက်သောက်လို့ ကျန်းမာနေတဲ့သူတွေ ကမ္ဘာမှာ သန်းနဲ့ ချီပြီး ရှိပါတယ်... ) ၊ လို့သူကပြောထားပါတယ်...။
အဲ့ဒီ လို ပြောတဲ့ တရုပ်ပြည်က သန်းပေါင်းများစွာသောလူ တွေ ၊ လူတိုင်းကရော လင်ဇီးကို သောက်ပြီးမှ ကျန်းမာ အသက်ရှည် နေကြတာ ပါ လား ။ ဒီလောက် ဈေးကြီးတဲ့အရာကို လူတိုင်း သောက်နိုင်ကြမယ် လို့  ထင်ပါသလား ။ ကိုယ်ကတော့ လင်ဇီးဘယ်လောက် ကောင်းတယ် ပြောပြော ၊ မယုံတာ ရော ။ ဈေးကြီးလို့  မသောက်နိုင်တာကြောင့်ရော ၊ ဒီလင်ဇီးကို မြင်ဖူးပေမဲ့ တခါမှ မသောက်ကြည့် ခဲ့ဖူးပါဘူး ၊ လက်ဆောင်လာပေးတာကိုတောင် အစမ်းသဘော မသုံးကြည့် ဖူးခဲ့ပါဘူး ။
ဒီနေရာမှာ တခု ထပ်ပြောချင်ပါတယ် ။ ဂါနို ကုမ္ပဏီမပေါ်ခင် ရှိုင်းဟုတ် ဆိုတာ စတင် ထိုးဖေါက်ဝင်ရောက်လာစဉ်က ။ အမေ့ မိတ်ဆွေ တယောက်ရဲ့  သမီး လည်း ဒီလင်ဇီး အရောင်းကိုယ်စားလှယ် လုပ်ခဲ့တယ် ။ သူကိုယ်တိုင်လည်းသောက်တယ် ။ လိုက်လည်း ရောင်းတယ် ပေါ့ ။
အစမ်းသဘော နဲ့  အိမ်မှာ လာ ပြီး လက်ဆောင် ပေးပါသေးတယ် ။ ဒါပေမဲ့ ကိုယ်တို့  အိမ်က ဘယ်သူမှ အားမပေးခဲ့ပါဘူး ။ သူ ကတော့ ဆီးချို ရောဂါ အခံရှိတယ် တဲ့၊ ဒါကလည်း မျိုးရိုးလိုက်တတ်တယ် ဆိုပေမဲ့ သူ့  မိဘ ၂ ပါးလုံး မှာ ဒီဆီးချို ရောဂါ မရှိပါဘူး ။ ဒီလို နဲ့  လင်ဇီးကို ၁၀ နှစ်ကျော် စွဲစွဲ မြဲမြဲ သောက်သုံးခဲ့ပြီး နောက် ၊လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး သူ့ မှာ ကင်ဆာ ရောဂါဖြစ် လာပါတယ် ။
ဆီးအိမ်ကင်ဆာ တဲ့ ။ ဒီရောဂါ နဲ့ပဲ လွန်ခဲ့တဲ့ ၂ လ လောက်က ဆုံးသွားခဲ့ ပါ တယ်၊သူ့ အသက် ၅၀ အရွယ်လောက် ပဲ ရှိပါအုံးမယ် ။ လင်ဇီးက ကင်ဆာ ရောဂါ ကိုတောင် ကာကွယ်နိုင်တယ် လို့  ပြောထား ပြီး ၁၀ နှစ်ကျော် သုံးလာတဲ့ သူ့ ကျတော့ ဘာလို့ ဆီးအိမ် ကင်ဆာ ဖြစ်သွားရတာ ပါ လည်း။ သူတို့  အနီးစပ်ဆုံးမျိုးရိုးမှာ လည်း ကင်ဆာ နဲ့ သေသူမရှိခဲ့ပါဘူး ။ သူ့ မိခင်ကြီးဟာ သွေးတိုးကြောင့် လေတခြမ်းဖျန်းထားပေမဲ့ ခုဆို အသက် ၈၀ ကျော်ရှိပါပြီ ။ ဒါကြောင့် လင်ဇီးသောက်ရင် ကင်ဆာ ရောဂါ ကာကွယ်နိုင်တယ် ဆိုတာကို ဘယ်လို တိုင်းဆပြီး ယုံကြည် ရမှာ ပါလည်း ။ လင်ဇီး မသောက်တဲ့ လူတိုင်းလည်း ကင်ဆာဖြစ်ကြတာမဟုတ်ပါဘူး ။
နောက်ဆုံး အကျဉ်းချုပ် ဆိုလိုရင်းကတော့..
တန်ရင်ဆေး လွန်ရင်ဘေး ဆိုတာ ရယ် ။ အကောင်း နဲ့ အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ ရယ် ကို အားလုံး သတိပြု မိအောင်ပါ ။ ဆုံးရှုံးခဲ့ရ ဒုက္ခရောက်ခဲ့ကြရသူတွေ အနေနဲ့လည်း ၊ မကြောက် မရွံ့ နဲ့  အမှန်တရားကို ဖေါ်ထုတ်ဖို့  လိုအပ်နေသေးတယ် ဆိုတာလည်း ပြောလိုပါတယ်။ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် မို့သောက်သုံးနေသူများကိုလည်း အပြစ်မတင်ပါဘူး ၊ ဘေးအန္တရာယ် မဖြစ်လာစေဖို့ လည်း ဆုတောင်းပေးပါတယ် ။ ဒီနေရာထိ ရောက်အောင် ဖတ်ပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။ ချမ်းသာကိုယ်စိတ်မြဲပါစေ ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အား မတင်မစီ်းလေးပြောကြားချင်ပါတယ် ။ ထို့ အတူ ဂါနို ရဲ့  အညာပိုတာလေးတွေ သေချာရေရာအောင် ကြော်ငြာစာလေးရေးပေးလိုက်ချင်ပါတယ် ။ အို ဘာတဲ့တုံး ၊ လင်ဇီး နဲ့  ဂါနို ဆိုတာ တွေက ဗမာစာ ဗမာစကားတော့ မဟုတ်တာ သေချာတယ် ... တကယ် ဆိုတော့ အတူတူပါပဲ တဲ့ ။ အမိရွှေပြည်ကြီးမှာ စားသောက်ကုန်နဲ့ ဆေးဝါးကြီးကြပ်မှုတွေ ၊ ထိန်းချုပ်မှုတွေ လျော့ရဲနေတာကြောင့်လား ၊ စားသုံးသူတွေ အတွက် ဘာအာမခံချက်မှ မရှိတာတွေကို ဒီအတိုင်း လျစ်လျှူရှုထားတာ တွေကြောင့်လား ။ စားသုံးသူ တချို့ ရဲ့  ဆိုးဝါးလှတဲ့ ကံကြမ္မာကြောင့်ပဲလား ၊ မဖြစ်နိုင်တာတွေကို ပြောတိုင်း အယုံလွယ်တတ်တဲ့ စားသုံးသူတွေရဲ့  အပြစ်ကြောင့်ပဲလား ...ဆိုတာ ကိုတော့ ဒီစာဖတ်အပြီးမှာ လိုသလို ဆွဲတွေးကြည့်ကြပါလို့ ပဲ ပြောပါရစေ ။ ပြောပြရင် ဒေါပွမှာလား ဆိုတဲ့ နေဇော်နိုင် လိုတော့ စီကာပတ်ကုံး ထိထိမိမိ ပြန်မပြောပြနိုင်တာကိုလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ် ။
ကိုညောင်ရမ်းရဲ့ ပြန်မပြောချင်တဲ့ဇာတ်လမ်းတပုဒ်ပါ ။ ဖွားကိက အများသိစေရန် တအားရိလိုက်ပါတယ် ။ကိုညောင်ရမ်းဆိုတာကတော့ ကိုမြစ်ကျိုးအင်းရဲ့ ဇာတ်လမ်းတွေ ထဲမှ ဇာတ်လိုက်ကြီးတယောက်ပဲပေါ့။ သဘောကောင်း မနောကောင်း အချက်အပြုတ်ကောင်းလို့  သူ တမြေရပ်ခြားမှာ ရှိနေစဉ်က သူ့ အိမ်မှာ လူစုပြီး ချက်ပြုတ်စားသောက်လေ့ ရှိခဲ့ကြတယ်လေ ။ ခုတော့လည်း အမိမြန်မာပြည်မှာ ပြန်လည် အခြေချနေပါပြီ။
ဒီဇာတ်လမ်း ရဲ့ အစ ။ ။
၂၀၀၆ ခုနှစ် ဆန်းပိုင်း ၊ကိုညောင်ရမ်းရဲ့  မဟေသီ ဟာ ဒုတိယမြောက် သားရတနာကို မွေးဖွားအပြီး ၆လ ခန့် အကြာ မှာ ဟိုလူပြော ဒီလူပြော ၊ ပြောလို့ နာမယ်ကြီးနေတဲ့ ဂါနိုဒါးမားအိတ်ဇဲလ်လီယမ် ဆိုတဲ့ ဆေးတမျိုး ကို စတင် သုံးစွဲ ခဲ့ပါတယ် ။ အဲ့ဒီင်္ လင်ဇီး ဆိုတာကို တရုပ်ပြည်မှ ရှိုင်းဟုတ် ကုမ္ပဏီ က လင်ဇီး အမည် နဲ့ ရွှေပြည်ကြီး အတွင်းမှာ ရောင်းချလာခဲ့တာဆယ်စုနှစ် တခုမျှ ကြာပါပြီ ။ မလေးရှားနိုင်ငံ အခြေစိုက် ဂါနို အိတ်ဇဲလ်အင်တာပရိုက်စ် ကုမ္ပဏီ က တော့ ဂါနို မှို နဲ့ ပြုလုပ်ထားတဲ့ ဆေးနဲ့ စားသောက်ကုန်၊ အသုံး အဆောင် တွေကို ဒီမှာ ဖွင့်လှစ် လုပ်ကိုင် ခဲ့တာ ၈ နှစ် မျှ ရှိပါပြီ။ ခု လက်ရှိ လိပ်စာ ကတော့ ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့ နယ် ၊သိမ်ကြီးဈေး စီရုံ ၊ ဒုတိယထပ် အဆောင် ၃ နှင့် ၄ ။ ဖုံး ၃၇၁၈၀၀၊ ext: ၄၀၄ ၊ဖြစ်ပါတယ် ။
နေရာကတော့ အတော်လေးကျယ်ဝန်းပါတယ် ။ ဟိတ်ဟန်ကလည်း အတော်လေး လူရှိန်စေပါတယ် ။ အပွင့်တွေ အများကြီးနဲ့ ဝတ်စုံစိမ်းကြီး တွေထံ သိန်းပေါင်းများစွာ လှူဒါန်းနေတဲ့ ဓါတ်ပုံကြီးတွေကို တခန်းတနားချိတ်ပြထားပါတယ်။
အပြောကောင်းတဲ့ ဈေးရောင်းသူ တွေ က မလည်မဝယ်ဈေးဝယ်သူတွေကို ဟုတ်တာတွေရော မဟုတ်တာတွေရော ယုံအောင်ပြောအပြီးမှာ မယုံတဝက် ယုံတဝက် နဲ့ ဈေးဝယ်သူတွေက စမ်းသပ်သုံးစွဲရင်း ၊ စားသုံးသူ တွေ ဖြစ်သွားကြပါတယ် ။အမြဲတစေ စားသုံးသူများ ဖြစ်သွားအောင် ၊ သူတို့  အဖွဲ့ ဝင် ဖြစ်သွားအောင် အယုံသွင်း နိုင်ကြတဲ့ အစွမ်းအစ တွေ ဟာလည်း အံမခန်းပါပဲ ။
ဒါကတော့ သူတို့ရဲ့ စီးပွားရေးလမ်းညွှန် ပါ ။ သူတို့ ပစ္စည်းတွေကို လျှော့ဈေးနဲ့ ရမှာ တို့  ၊ နောက်ထပ် စားသုံးသူတယောက် မိတ်ဆက်ပေးရင် ဘယ်လောက် အကျိုးအမြတ်ရမှာ တို့  နဲ့ မက်လုံးတွေ ပေးတာပေါ့။ သူတို့ အထက်က အဆင့်မြင့် အဖွဲ့ ဝင်တဦးရဲ့ တစ်လ ဝင်ငွေဆိုရင် သိန်း ၁၂၀ ကျော်နေပြီတဲ့ ။အာဘောင်အာရင်းသန်သန် ရှင်းပြနေလိုက်တာ မစားရ ဝခမန်း တွေပါပဲ ။
ဒီလိုနဲ့ ကိုညောင်ရမ်းရဲ့ မဟေသီ မအေးအေးမာ ဟာလည်း Gano Excel Enterprise ရဲ့ အဖွဲ့ ဝင်ဖြစ်သွားပါတော့တယ် ။ (ကာယကံရှင် ကိုညောင်ရမ်း ဆီက ခွင့်ပြုချက်ရပြီးတာမို့  နာမည်ရင်း ပဲ သုံးလိုက်ပါတယ် )။ ပုံမှာ ပါတဲ့အတိုင်း ကုဒ်နံပါတ်တွေပါတဲ့ Authority Card လေးတောင် ထုတ်ထားပေးပါတယ် ။
ကိုညောင်ရမ်းရဲ့  မဟေသီ ဟာ နဂို ဘာရောဂါအခံမှ မရှိပဲ ဒေါင်ဒေါင်မြည် ကျန်းမာ နေသူ တဦင်္းပါ ။ ရင်ကြပ် ပန်းနာ ရောဂါ မရှိ ၊ ဆေးမတည့်၊အစားအစာမတည့် တာ တွေ၊ အရေပြားရောဂါ အစရှိတဲ့ ရောဂါ တွေလည်း မရှိခဲ့ပါဘူး ။ သူ သုံးစွဲ ခဲ့တဲ့ လင်ဇီး ဟာ Gano ဆိုတဲ့ ကုမ္မဏီ ထုတ် တာပါ ။ သူ တို့  ကြော်ငြာ အရ ဒီ လင်ဇီးက ၉၆ ပါး ရောဂါဝေဒနာတွေ ပျောက်သလိုလိုပါပဲ ။
Gano Excel ထုတ်ကုန်များ( Gano Excellium - ဦးနှောက်အားတိုးဆေး ၊ ကော်ဖီ ၊ လဖက်ရည် ၊ ကိုကိုး ၊ သွားတိုက်ဆေး၊ ဆပ်ပြာ ..စသဖြင့် ) ဆိုပြီး ခန့်ညားထယ်ဝါစွာ ထုတ်ဝေ ထားတဲ့ ကုန်ပစ္စည်းကြော်ငြာ မိတ်ဆက်စာအုပ်လေးထဲမှာ ရေးသားထားချက်များ အရ -ဒီပစ္စည်းတွေကို Ganoderma lucidum မှိုတမျိုးမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါသတဲ့ ။
-Polysaccharide ပါဝင်မှုကြောင့် ကိုယ်ခံအားစနစ်ကို ကြံ့ ခိုင်စေသတဲ့ ။ သွေးလည်ပတ်မှုစနစ်မှာ သကြားပါဝင်မှုကို ညှိပေးသတဲ့ ။
-Organic Germanium ပါဝင်လို့  သွေးလည်ပတ်မှုစနစ်မှာ အောက်စီဂျင်အဆင့်ကို တိုးမြှင့်ပေးသတဲ့ ။Anti oxident တွေက လျှပ်စစ်သံလိုက်စက်ကွင်းမှ ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ Free radicals တွေကို ထိန်းချုပ်ပေးသတဲ့ ။Cancer cell များရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ molecules များရဲ့  လုပ်ငန်းတာဝန်တွေကို ထိန်းညှိပေးသတဲ့  ။
-Adenosine ပါဝင်လို့  ကိုလက်စထရော နဲ့ အဆီတွေကို လျှော့ချပေးသတဲ့ ။ သွေးခဲ ပိတ်ဆို့ မှာ တွေကို တားဆီးပေးသတဲ့ ။ကိုယ်ခန္ဓာအတွက် အားအင် အသစ်ကို ဖြစ်စေသတဲ့ ။
-Tritepenoids ပါဝင်လို့  အစာခြေဖျက်တာ ကောင်းစေသတဲ့ ။ သွေးနှင့် မတည့်တာတွေကို ကာကွယ်ပေးသတဲ့ ။ ကိုလက်စထရောနဲ့ အဆီပါဝင်မှုတွေကို လျှော့ချပေးသတဲ့ ။
-Ganoderic essense ပါဝင်လို့  အရေပြား ရောဂါတွေကို ကုသပေးသတဲ့ ။ အသားအရေကို ချောမွေ့  လှပစေသတဲ့ ။
ကိုင်း... ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ပစ္စည်းတွေဖြစ်ပါသလည်း။ အပြောကတော့ ရွှေမန်း တောင်ရှုံးရပေမယ် ။ တချို့ ဓါတ်ပစ္စည်းတွေ ဖွားကိလည်း မကြားဖူး ၊မသိဖူး တာ မို့  ဇီဝကမ္မဗေဒ ဌာန မှာဆရာလုပ်နေတဲ့ သူငယ်ချင်းတယောက်ကို မေးကြည့်မိတယ် ။ သူလည်း မကြားဖူးတဲ့ ဒြပ်ပေါင်းတွေပေါ့ ။ အဲ့ဒီ ဒြပ်ပေါင်းများစွာနဲ့  ပါဝင်ဖေါ်စပ်ထားတဲ့ အထက်မှာ ဖေါ်ပြထားတဲ့ ပစ္စည်းပေါင်းများစွာကို ထုတ်လုပ်ရောင်းချပါတယ် ။ထားပါတော့ သူ့ ဟာသူ ဘာ ပါပါ သိပ်အရေးမကြီးဘူး ။ အပြောကောင်းတာက ဒီ ဒြပ်ပစ္စည်းတွေ ပါလို့  ကင်ဆာကာကွယ်တယ် ။ လူကို လှပ နုပျိုစေတယ် ၊ အဆီချ ပေးတယ် ဆို တော့ ... လှချင် ပချင် ကျန်းမာ ချင်သူတွေက ဝယ်ယူသုံးစွဲ အားပေးကြလေတယ်ပေါ့ ။ (ဆေးတွေကတော့ ဈေးမသေးလှ ။) ဒါပေမဲ့ ဖြစ်သင့်တာက အကြောင်းနဲ့  အကျိုး ၊ အကောင်းနဲ့  အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ သတိမမူမိတာလား ။ သတိမရတာလား ၊ တမင် လျှစ်လျှူရှုထားတာလား တော့ မသိ ။ ဆေးတွေ ရဲ့ ကောင်းကျိုး တွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားပြီး ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး ( Side effects) တွေကိုတော့ တလုံးတပါဒမှ ရေးသားထားတာ မတွေ့ ရပါဘူး ။
ဒီလို နဲ့  မအေးအေးမာ တယောက် ကံဆိုးလှစွာနဲ့ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တည့်တည့်ကြီး ခံစားရပါတော့တယ် ။ သူမ ဒီဆေးတွေကို ၄ ခါ ဝယ်ဖူးတဲ့ မှတ်တမ်းတော့ ရှာလို့  တွေ့ ရတယ် ။ ဒါတောင် ကိုညောင်ရမ်း တယောက် နဂို ဒီကုမ္ပဏီ နေရာအသစ် ပြောင်းသွားတာ မနည်း လိုက်ရှာ ပြီးတော့ မှ တွေ့ ရတဲ့ လက်ရှိတည်နေရာကို အကြိမ်ကြိမ် အခါခါ သွားမေးမြန်းတော့မှ သိရ တာပါ ။တကြိမ်ဝယ်ဖူးတာက ကျပ်တစ်သိန်းခွဲ တဲ့ ၊ ကျန်တဲ့ အကြိမ်တွေတော့ မသိရှိရပါ ။ ဒီဆေးကို ဘယ်နေ့  ဘယ်ရက်မှာ စပြီး သုံးစွဲခဲ့တာလည်း ဆိုတာ ရက်အတိအကျတော့ မသိရပါ ။ ဒါပေမဲ့ ဒီဆေး နဲ့ ပစ္စညှ်းတွေကို သုံးစွဲပြီးနောက်ပိုင်း သူ့ မှာ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကတော့ ကျန်ခဲ့တဲ့ ဆေးမှတ်တမ်းတွေအရ ၂၀၀၆ ခုနှစ်လယ်ပိုင်းမှာ စပြီး ရောဂါတွေ စတင်ဖြစ်ပွားလာခဲ့တယ်၊ အတော်လေး ပြင်းထန်ခဲ့ပါတယ် ။ အကျဉ်းချုံး ပြောရရင် အရေပြားတွေ မှာ အရည်ကြည်ဖုတွေ ပေါက်တယ် ၊ မျက်စိ ၊ အာခံတွင်း ၊ မိန်းမကိုယ် စတဲ့ နေရာတွေမှာပါ အဖုတွေ ပေါက်တယ် ။ ဒါကြောင့် မျက်စိ၊နား နှာခေါင်းလည်ချောင်း ၊ သွားနှင့် ခံတွင်း၊ အရေပြား ၊ မီးယပ်သားဖွား ၊ သွေးဗေဒ အစရှိတဲ့ ဆရာဝန်ကြီး တွေနဲ့ ရိုးရိုးဆေးခန်းတွေမှာရော အထူးကုဆေးခန်းတွေ မှာပါ ပြသရင်း မသက်သာတာနဲ့  ဆေးရုံ ၃ ကြိမ် တက်ခဲ့ရတယ် ။ ဆေးမှတ်တမ်း တချို့ ကို ပုံမှာတွေ့ နိုင်ပါတယ် ။ ( သွားဌာန မှာ ပြခဲ့စဉ် အခါက သူ့ ကို ကုသပေးတဲ့ ဆရာဝန်င်္ကြိးက “လာ ပြန်ပြီလား နောက်တယောက် ” လို့  ပြောဆိုခဲ့ပါသေးတယ် တဲ့ ၊ အဲ့ဒီ ပထမ သားကောင်ကတော့ ညောင်တုံးမြို့ မှ အမျိုးသမီး တဦး ဖြစ်တယ် လို့  ကိုညောင်ရမ်းရဲ့ အမျိုးတွေ ဆီက တဆင့် သိခဲ့ရပါတယ် )
။ဒီဆေးမှတ်တမ်းတွေအရ သူဖြစ်ခဲ့ ခံစားခဲ့ရတဲ့ ဝေဒနာတွေက အရေပြားတွေ ယားယံတယ် ၊ အရည်ကြည်ဖုတွေ နဲ့ အနာတွေဟာ မျက်စိထဲမှာ ၊ပါးစပ် အာခံတွင်း ထဲမှာ ၊ မိန်းမကိုယ် နေရာတွေမှာတဖြေးဖြေး ပွားလာတယ် ၊ အစာ နဲ့ အူလမ်းကြောင်းမှာယောင်ယမ်းတယ် ၊ လူတကိုယ် လုံး ရှိ အရေပြားမှာ ထွက်လာတဲ့ မီးလောင်ဖု လို အရည်ကြည်ဖုတွေ က ကွဲအက်ပြီး အရည် တရွှဲရွှဲ နဲ့ အနာတွေ အဖြစ် ပြောင်းလဲသွားတယ် အဲ့တာကြောင့် သူ့ ခမျာ အဝတ်အစား မကပ်နိုင်ရှာပဲ ဆေးရုံက အအေးခန်းထဲမှာ နေရတယ် ။ နောက်တော့ သွေးအဆိပ် တက်လာတယ်ပေါ့ ။
နောက်ဆုံးအကြိမ်မှာတော့ ( မဟာမြိုင်) ဆေးရုံ မှာ တက်ရောက်ကုသ ခဲ့ပြီး ၊ ဒီင်္ဝေဒနာတွေကို နာကျင်ပြင်းထန်စွာခံစားရင်းနဲ့ ၁၃-၅- ၂၀၀ရ နံနက် ၇ နာရီအချိန်မှာ သူ့ ရဲ့ အဝေးရောက် လင်ယောကျာင်္း နဲ့ သားသမီး ၂ ယောက်ကို ချန်ထားပြီး ဘဝတပါးသို့  ကူးပြောင်းသွားခဲ့ရပါတယ် ။ အသုဘရှု ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ ကို ကြည့်နိုင်ပါတယ် ။
ကံဆိုးရှာသူ မအေးအေးမာတယောက် ဒီဆေးတွေသုံးစွဲသူ လူအယောက် သောင်းပေါင်းများစွာ ထဲမှာ အဖြစ်နည်းလှတယ်လို့ ယူဆရမဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရေတိမ်နစ်ခဲ့ရပေမဲ့ ဆေးရောင်းတဲ့ ကုမ္ပဏီ က ဘာတခုမှ ဆောင်ရွက်ကူညီပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။( သူမ မသေဆုံးမှီ အသည်းအသန်ဖြစ် လို့ ဆေးရုံတက်နေရစဉ် အချိန်တုံးကတော့ ဆေးရုံက တာဝန်ရှိသူတွေကို ကုမ္ပဏီမှ လို့ ယူဆရသူ တဦးကတော့ နေ့စဉ် ဖုံးဆက် မေးမြန်းခဲ့ပါသေးတယ် ၊ ဒါပေမဲ့ သေဆုံးပြီင်္း နောက်ပိုင်းမတော့ လုံးဝ ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး ။ ခင်ပွန်းသည်က အဝေးရောက်နေတာမို့  ကျန်ရစ်ခဲ့တဲ့ သူ့ ဆွေမျိုး အနည်းငယ်နဲ့ နာရေးကိစ္စကို ဆောင်ရွက်ခဲ့ရပါတယ် ။ အဲ့ဒီအချိန်က သူမကို တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီး တဦး ( သွေးဗေဒ ဆိုင်ရာ အထူးကု ပါမောက္ခကြီး ) မှ သေစာရင်း နဲ့အတူ အဲ့ဒီ ကုမ္ပဏီရဲ့  တာဝန်မဲ့ လုပ်ရပ်များ အား သက်ဆိုင်ရာမှ သိရှိစေရန် တိုင်ကြားမှုများ ပြုလုပ်ဖို့  အကြံပေးခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကံတရားကိုသာ ပုံချလေ့ရှိနေကြဆဲ ဖြစ်ကြတဲ့ ရွှေမြန်မာ တို့ ရဲ့  ထုံးစံ အတိုင်း၊ တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ အမှုအခင်း ဖြစ်ရမှာ ဝန်လေးတတ်ကြသူ ကြောက်တတ်သူတို့  ထုံးစံ အတိုင်း ၊ ပြီးတာတွေလည်း ပြီးပါစေတော့ လို့  ခွှင့်လွှတ်ခြင်း တရားများစွာ ဖြင့်၊ ကြီးသော အမှုကို ပပျောက်စေခဲ့ ပါတယ် ။ (သေစာရင်းမှာ ရှာဖွေ မတွေ့ ပါသဖြင့် သေဆုံးရခြင်းအကြောင်းရင်း{cause of death} အတိအကျ ကို မသိပါ ။ထို့ အပြင် ကြွင်းကျန်သော ခန္ဓာကိုယ်အား မှုခင်းစစ်ဆရာဝန်များဖြင့် ဆက်လက်စစ်ဆေး ဓါတ်ခွဲခြင်း {Post mortem examination}မပြုလုပ်ခဲ့ပါသောကြောင့် ဆေးမှတ်တမ်းများ အရ၊ အဆိုပါ လင်ဇီး၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဟူ၍သာ ကောက်ချက်ချလိုက်ရပါသည် ။ )
ခု ဆိုရင် မအေးအေးမာ တယောက် ဘယ်ဘဝ ရောက် နေမယ်မှန်း မသိပါဘူး ။ လင်ဇီးစတင်သုံးစွဲပြီး ကလေး ၆ လသားအရွယ်ထိ သူမရဲ့ နို့ ချို ကို တိုက်ကျွေး ခဲ့တဲ့ သားလေးဟာ ခုဆိုရင် ၅ နှစ်သား အရွယ် ရောက် နေပြီ ဖြစ်ပြီး ဒီ သားကလေး မှာတော့ ဒီင်္ လင်ဇီး ရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လေမလား ။ သူ့ ရဲ့  ကိုယ်ခန္ဓာ အပူချိန်ဟာ သာမာန်လူရဲ့  အပူချိန်ထက် မြင့်တက် နေလေ့ရှိပါတယ် ။ တခြား ကြီးကြီးကျယ်ကျယ် ဖျားနာခြင်းတော့ မရှိသေးပါဘူး ။ ( ကိုညောင်ရမ်းကို သူ့ သားရဲ့ ကိုယ်အပူချိန် အတိအကျ ဘယ်လောက်ရှိလဲ မေးကြည့်တော့ သူ့ ဆီမှာ ပြဒါးတိုင်မရှိလို့ အတိအကျတော့ မသိပါဘူး တဲ့ ။ လက်နဲ့စမ်းပြီး ပြောခြင်းဖြစ်ပါတယ် တဲ့ ။ ဒါဆိုရင်တော့ တကယ် ကိုယ်ပူချိန် မြင့်နေတယ် ဆိုတာ တော့ သက်သေပြ လို့ မရဘူးပေါ့လေ။ သူ့ သားလေး တယောက် ကျန်းမာနေပါစေလို့ ဆုတောင်းပေးရတာပါပဲ )
အချုပ် ကို ဆိုရရင်တော့ ဒီ လင်ဇီး လို ဆေးဘက်ဝင်တယ်ဆိုတဲ့ ဆေးဝါး အသုံးအဆောင် ပစ္စည်းတွေကို မိမိ တိုင်းပြည်မှာ ထုတ်လုပ်ထားတာ မဟုတ်ပေမဲ့ မိမိ တိုင်းသူပြည်သားများ စားသုံးမှု မပြုခင်၊ တရားဝင် ရောင်းချခွင့် မပြုခင်မှာ စားသောက်ကုန်နဲ့ ဆေးဝါး ကြီးကြပ်ရေး အဖွဲ့ အစည်း မှ သေချာ စီစစ် ဓါတ်ခွဲ သင့်ပါတယ် ။ သူတို့ ရဲ့  ကြော်ငြာ စာ တွေဟာ ကျော်ချင်လို့  ညာထားတာတွေ ဟုတ် ၊ မဟုတ် စီစစ်သင့်ပါတယ် ။ ညာ ထားတာတွေ ရှိပါက ထိရောက်စွာ အရေးယူသင့်ပါတယ် ။
စားသုံးသူတွေ ဖက်မှလည်း သူများပြောတိုင်း အယုံ မလွယ်ပဲ ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာ ကိုယ်ပိုင်ဥာဏ်များ နဲ့ ဝေဖန် သုံးသပ် သင့်ပါတယ် ။ တကယ်လို့  ကံမကောင်းလှစွာ ဖြင့် အလားတူ ဖြစ်ရပ်များ နဲ့  ကြုံ တွေ့  ရပါလျှင်လည်း ၊ဒီပြသနာတွေကို သတ္တိ ရှိရှိ ၊ ရင်ဆိုင် ပြီး ၊ ရသင့် ရထိုက် တဲ့ ကိုယ်ပိုင် အခွင့် အရေးတွေ ကို အဆုံးရှုံး မခံသင့်ပါဘူး ။
ဖြစ်သင့် ဖြစ်ထိုက် တဲ့ အခြေအနေနဲ့  ဖြစ်ရပ်မှန်တွေ ကို လူအများ သိရှိစေဖို့  ရည်ရွယ်ပြီး ဒီ စာစုလေးကို တင်ပြ လိုက်ရပါတယ် ။ လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အတွက်လည်း ၊ နောက်ထပ် ဒုတိယ မအေးအေးမာများ မဖြစ်ကြစေဖို့  ဆုတောင်းပေးလိုက်ပါတယ် ။
(မိတ်ဆွေကြီး ကိုညောင်ရမ်း တယောက်လည်း ဒီစာစုကို ဖတ်ရှူပြီး စိတ်ဖြေသိမ့်မှု လေး အနည်းငယ်ဖြစ်ဖြစ် ရရှိနိုင်လိမ့်မယ် လို့  မျှော်လင့်ပါတယ် )
ဒီလူ တယောက် မ, ဘက်လိုက်မိလို့  မိုက်ဘက်ပါပြီး ဒုက္ခ တွေ့ ရပုံလေး အကြောင်း ၊ တချက် အထိုင်ကောင်းလို့  တသက် ယိုင် ရလေတော့ မလား .. ဆိုတာတွေ သိချင်ရင် ကလစ်သာ လုပ်ကြည့်ပေတော့.....
အဖြစ်က ဒီလို ၊သူဆိုတာက အမေရိကန်နိုင်ငံ Detroit မြို့ တော် အစိုးရ ဘတ်စ်ကားလိုင်း တခုမှ ဒရိုင်ဘာ၊ အမည်ကTimothy Carpenter ၊ တနေ့ တော့ ခရီးသည် အမျိုးသမီး တဦးကို သူ့ ပေါင်ပေါ် ထိုင်စေ ရင်း အများပြည်သူစီး ဘတ်စ်ကားမောင်းကြီးကိုမောင်းလာခဲ့တယ် ။ အဲ့ဒီ အမျိုးသမီး ကို ပုခုံး ကိုင် လိုက် ၊ ပုတ်လိုက် ၊ စကားတပြောပြောနဲ့ လောကကြီးကို မေ့နေကြတယ် ပေါ့ ။ လူ ကသာ ကားမောင်းနေတာ ၊ လက်မငြိမ် ခြေမငြိမ် ပါးစပ်မငြိမ် နဲ့ ၂ ယောက်သား အလုပ်ရှူပ်နေလိုက်ကြတာလေ ။ အမျိုးသမီးက ရေငတ်ပြေ အချိုရည် ပုလင်းလေးတောင် မော့သောက်ပြီး ငြိမ့် လို့ ပေါ့ ။
နောက်မှာထိုင်စီးနေကြတဲ့ ခရီးသည်အများကတော့ ဘယ်လောက်များ အသည်းတယားယား ဖြစ်နေမယ်မသိ ။ ဒါတွေကို မြင်နေရတဲ့ ခရီးသည်တယောက် က သူ့ လက်ကိုင်ဖုန်းလေးနဲ့  ဒီ အဖြစ်တွေကို မှတ်တမ်းတင် ဗီဒီယိုဓါတ်ပုံ ရိုက်ယူ ထားပြီးသကာလ ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးဌာန ကို တိုင်ကြားလိုက်ပါတယ် ။
ဒီတော့ ခိုးထုတ် ခိုးထည်နဲ့ မိတဲ့ သကောင့်သား ခမျာ ဌာနရဲ့ အရေးယူဆောင်ရွက်မှုကို ရှောင်လို့ မရတော့ပါဘူး ။ လောလောဆယ်မှာ ရက် ၃၀ကြာ ၊ အလုပ်မှ ရပ်စဲခြင်းကို ခံနေရပါပြီ ။ ဒီထက် မက ပိုပြီး အပြစ်ကြီးမားစွာ အရေးယူရမယ် ဆိုရင်တော့ သူ့ ရဲ့ ကားမောင်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းခြင်း ဆိုတဲ့ ပြစ်ဒါဏ်ကို ခံယူရမှာ ဖြစ်ပါတယ် ။ ဒီ ဒရိုင် ဘာ အထွန့်တက် ဖြေရှင်းချက် ပေးတာက ဒီ အမျိုးသမီး ဟာ သူ့ ရဲ့  ရည်းစား ဖြစ်ပြီး အခန့်မသင့် စိတ်ဆိုး ရန်ဖြစ်ထားကြလို့  သူ့ ရည်းစား မိန်းကလေး စိတ်ဆိုးပြေဖို့ အတွက် ချော့မော့နေရခြင်း ဖြစ်ပါတယ် တဲ့လေ ။အချော့ကောင်းတဲ့သူ့ ခမျာ ၊ အလုပ်လဲ ပြုတ်၊ လိုင်စင်လဲ ပြုတ်ဆိုရင်တော့ သူ့ဘဝ အတွက် ရင်လေးစရာပါပဲ ။ သူ့ မှာ ယခင်က ဘာမှ မယ်မယ်ရရ ပြစ်မှူကျူးလွန် ခဲ့ဖူးခြင်း မရှိ ခဲ့ ပေမဲ့ သူ့ ဌာန က သက်သက်ညှာညှာ စဉ်းစား ပေးဖို့  ရှိ မရှိ ဆိုတာကတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး တဲ့ ။
သူတို့ တိုင်းပြည် မှာ စီးပွားရေးကျပ်တည်းနေတဲ့အချိန် ၊ အလုပ်တခု ရှာရ ဖွေရ ခက်ခဲနေတဲ့ အချိန် မို့  အလုပ် မပြုတ်ဖို့ကို အမြဲ သတိထားနေရမှာ ပါပဲ ။ ဒီထက် အရေးကြီးတာက ကားပေါ်က ခရီးသည် များစွာ ရဲ့ အသက်ဟာ ၊ဒီကားရဲ့  ဒရိုင်ဘာလက်ထဲ မှာ ရှိနေတာမို့ ၊ နည်းနည်းမှ အမှားအယွင်း၊ အတိမ်းအစောင်း မခံ ပါဘူး ။
ဒါနဲ့  ပါတ်သက်ပြီး ဒီ Detroit မြို့ တော်ဝန် Bing ရဲ့ သဘောထား ခံယူချက် ကို ရွှေပြည်ကြီးမှ မြို့ တော်ဝန်ကြီး နဲ့  နှိုင်းယှဉ် ကြည့်လို့ ရအောင် မူရင်း စာသား အတိုင်း ဖေါ်ပြလိုက်ပါတယ် ။ ....
We're going through a lot of hard economic times. If you've got a good city job, you need to respect that good city job. Do the job that you get paid to do. If you don't, [Detroit] Mayor (Dave) Bing has made it very clear, ] you will lose that job."
ပြည်သူ တွေ ပေးထား ကျွေးထားတာကိုစားနေတဲ့ ပြည်သူ့  အလုပ်သမား ဆိုတာ ပြည်သူကို လေးစား ရမယ် ။ ဒီလိုမှမလုပ်နိုင်ရင်တော့ အလုပ်ပြုတ် ရ မှာ ပဲ ပေါ့ ။
ကိုယ်ပိုင် ထင်မြင်ချက် ။ ။
သတင်းတပုဒ်အနေနဲ့ ဖတ်လိုက်ပေမဲ့ အရစ်ရှည်တတ်တဲ့ထုံးစံ အတိုင်း တွေးမိတွေးရာ ဆက်တွေးဖြစ်တာတွေ က..
(၁) ဒီ ဒရိုင်ဘာ ကြီးကို ကြံဖန် ချီးကျူးလိုက်မိတယ် ။ ပေါင်ပေါ်မှာ လူတယောက်ကိုတင်ပြီး ကားကို မထိမတိုက် အောင် မောင်းနိုင်တဲ့ သူ့ ရဲ့  ကားမောင်းကျွမ်းကျင်မှု ။း))
(၂) ဒီ အမှုရဲ့ အရင်းအမြစ် ဖြစ်တဲ့ မိန်းကလေး ကို တော့ ဘာမှ အရေးမယူဘူး ဆိုတော့ ၊ သိပ် မမျှတ ဘူး ပေါ့ ။
(၃) သူတို့ ဆီက အကြီးအကဲ ဝန်ထမ်း တွေရဲ့ မှတ်သား လောက်တဲ့ အယူအဆ ၊ နဲ့ လုပ်ဆောင်မှု တခုပါပဲ ။ လမ်းတခြမ်းပဲ ခင်းသွားတဲ့ ရွှေပြည်ကြီးက မြို့ တော်ဝန်ကြီး နဲ့ ဝန်ထမ်းအားလုံး ၊ ဒီလို စိတ်မျိုး ထားပြီး ပြည်သူ့ ဝန်ကို ထမ်းဆောင် နေကြရင် တို့ ရွှေပြည်ကြီး တိုးတက်တာ ကြာလှပြီပေါ့လေ ။ ခုတော့ ...ခုတော့
သတိပေးချက် ။
ယောကျာင်္းသားများ ကားမောင်း စဉ် ပေါင်ပေါ်မှာ ဘာမှ တင်မထားကြပါရန် ။
မိန်းမသားများ ကားပေါ်တွင် ထိုင်လျှင် မိမိထိုင်ခုံတွင်သာ ထိုင်ကြပါ ရန် ။း))
မူလ သတင်းနဲ့ ဗီဒီယို ဖိုင်လေးကို ဒီနေရာ မှာ တွေ့  နိုင်ပါတယ် ။
ကာတွန်းပုံလေးကို ဂူဂဲလ် အကူအညီ နဲ့ ရှာယူ ထားပါတယ် ။
ဒီလူ ၊ အမည်က Darco Sangermano အတော်လေး ကံဆိုးတယ် ဆိုရမလား ။ ကံကောင်းတယ် ဆိုရမလား ။
ကံကောင်းလို့  အီတလီနိုင်ငံမှာမွေးပြီး အသက် ၂၈နှစ် အရွယ်ရောက်လာတယ်၊ ၂၀၁၀ ဒီဇင်ဘာ ၃၁ ရက်ည မှာ လူစုလူဝေးနဲ့  ၂၀၁၁ နှစ်သစ်ကူးပွဲ နွှဲပျော်ခဲ့ရတယ် ။သူနဲ့ သူ့ ရည်းစား တို့ လည်း လက်ချင်းတွဲလို့  နှစ်ကူးမဲ့ အချိန်ကိုစောင့်နေကြတယ် ။ သူ့ လို လူတွေ အများကြီး ကလိုက် ခုန်လိုက် သီချင်းဆိုလိုက် နဲ့ တူတူပျော်နေကြတယ်ပေါ့ ။
နှစ်သစ်ကူးပွဲမှာ ပျော်တဲ့သူတွေ အထဲကနေ အပျော်တမ်းသေနတ်တွေ ပစ်ဖေါက်ကြတယ် ။ ကံဆိုးချင်တော့ ဒီလူ့ ရဲ့  ညာဘက်နားထင် ဦးခေါင်းကို သေနတ်မှန်သွားခဲ့တယ်။ ဘေးကလူတွေ အလန့်တကြားဖြစ်ပြီး သွေးစိမ်းရှင်ရှင်နဲ့  သူ့ ကို သေမှာပဲလို့  ထင်လိုက်ကြတယ် ။ ကံကောင်းချင်တော့ လူနာတင် အရေးပေါ်ကားနဲ့ ဆေးရုံကို ရောက်သွားတယ် ။ ဆေးရုံ ရောက်တော့ ဆရာဝန်တွေ လည်း အမြန်ဆုံး အသက်ကယ်ဖို့  ကြိုးစားကြတယ်။ အရေးပေါ် အသက်ကယ်ခြင်းနည်းတွေ တောင် မလုပ်ရသေးဘူး ...
သူ့ ဆီက .. “ဟပ်ချိုး ” လို့  အသံကျယ်ကြီး တချက်ထွက်လာတယ် ။ ကံဆိုးတဲ့ ဆရာဝန် တချို့  နှပ်ရည်တွေ စင်ခံရတယ် ။ ကံကောင်းတော့ သူ့ နှာခေါင်းကနေ ကျည်ဆံတတောင့် “ရွှတ်”ကနဲ ပြန်ထွက်လာခဲ့တယ် ။ ပြီးတော့ သူ က ခေါင်းနဲနဲ ကိုက်တာက လွဲလို့  လူကောင်းအတိုင်းပဲတဲ့ ၊ ကံကောင်းတော့ ဆေးရုံမှာတောင် မနေရပဲ အိမ်ပြန်လာခဲ့တယ် ။
ကံဆိုးတဲ့ ဆရာဝန်တွေက အံ့သြခြင်းကြီးစွာနဲ့ ဒီအကြောင်းကို အဖြေရှာလိုက်ကြတယ်။
ကံဆိုးစွာထွက်လာတဲ့ ကျည်ဆံက နေရာကောင်း အချက်ကောင်းကို ဝင်သွားပေမဲ့ ကံကောင်းတဲ့ သူ့ ရဲ့  ညာဘက်နားထင်ဦးခေါင်းခွံကနေပြီး လမ်းရှော်ကာ နှာခေါင်းရိုးထဲ ဝင်သွားခဲ့လို့  .. “ ဟပ်ချိုး” တချက်က သူ့ အသက်ကို ကယ်လိုက်ခြင်း ဖြစ်တယ် လို့  ၊ အဖြေထုတ်လိုက်ကြတာပါပဲ ။
ခုလောလောဆယ်တော့ သူ့ ရဲ့ မျက်စိအမြင်က အနည်းငယ် ဝေဝါးနေတာကလွဲလို့  ကျန်တာ အားလုံး ပုံမှန်ပါပဲတဲ့။ နောက် ရက် အနည်းငယ်ကျမှ လိုအပ်တာတွေ ဆက်လက်စစ်ဆေးဖို့  စီစဉ်ထားပါတယ် တဲ့
ကံကောင်းလို့ မသေ ၊ သံချောင်းတို့  အဖေ ကတော့ ။ နောက်နှစ်ကူးပွဲတွေမှာ ပျော်ရဲပါအုံးတော့မလား။
သင်တို့ ထဲမှာရော ဒီလို ကံကောင်းပါစေလို့  ဆုတောင်းချင်သူများ ရှိကြပါမလား ။လူဘယ်နှစ်ယောက် မှာ မှ သူ့ လို ကံကောင်းသူ တယောက် ရှိနိုင်ပါ့မလည်း ။
ဒီနေရာက လင့်ကလေးကို နှိပ်ကြည့်ပါ.. တရုပ်ဘာသာ နဲ့ ပြောထားပေမဲ့ သရုပ်ပြပုံတွေ ပါတာမို့  ရုပ်ပုံလေးပဲ ကြည့်လည်း သဘောပေါက်နိုင်ပါတယ်
http://tw.nextmedia.com/applenews/article/art_id/33105077/IssueID/20110112
အာရောဂျံ ပရမံလာဘံ .. ကျန်းမာခြင်းသည် လာဒ်ကြီးတပါး လို့ ပြောကြတယ် ။ မိဘစုံလင် ခြေလက် ကိုယ်အင်္ဂါ စုံလင် ၊ ဦးနှောက် ပုံမှန် ဖြင့် ကျန်းမာ သန်စွမ်း နေကြရသူ တွေ အဖို့ ၊ ဒီလို ပြည့်စုံနေကြရခြင်းရဲ့ အကျိုးတရား များကို သတိထားမိကြပါမလား ။ မပြည့် မစုံ နေထိုင် အသက်ရှင်နေရသူများရဲ့ ဘဝတွေကို ကိုယ်ချင်းစာ တတ်ကြပါ့မလား ။ သူတို့လေးတွေ ဘဝကို ကိုယ်တိုင် တွေ့ မြင်ရတဲ့အခါမှာ ဒီလို အသိတရားတွေ ဝင်လာ မိလို့ ၊ ကိုယ့်တိုင်းပြည်လေးထဲမှ ချို့တဲ့ စွာ အသက်ဆက်နေထိုင်ကြရသူတွေ များစွာ ထဲမှ ၊ လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ် ....
>
၂၀၁၀ ၊ ဇွန်လ ၈ ရက်နေ့  မနက် ၊ မိုးတွင်းကာလမို့  ရာသီဥတုက အုံ့ဆိုင်း ညိုမှိုင်းနေတယ် ။ ဒါပေမဲ့ မိုး မရွာ လို့  ၊ ပူလောင် အိုက်စပ်နေတဲ့ ရွှေမြို့ တော် ကြီးရဲ့  တနေရာ ၊ အတိအကျ ဆိုရရင်တော့ အမှတ် (၆၅ ) ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့ နယ် ရှိ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ။လူမှုဝန်ထမ်းဦးစီးဌာန ။ တည်နေရာက မြို့ ပြင်တော့ သိပ်မကျ ၊
ဒါပေမဲ့ မရောက်ဖူးသေးတဲ့ နေရာ တခုဆိုတော့ ဝန်းခြံအကျယ်ကြီးထဲမှာ စမ်းတဝါးဝါး နဲ့ ၃-၄ နေရာ မျှ မေးပြီးတော့ မှ အဆောက်အဦးကြီး ၂ ခု အကြား ဂိတ်ဝမှ နောက်ဖက်ခြံသေးသေးလေးသို့  ရောက်လာခဲ့တယ် ။ ခြံဝင်းတံခါး ကို သံကြိုး ရစ်ပတ်ပြီးသော့ခတ်ထားတော့ ၊ အထဲ ဘယ်လိုဝင်ရပါ့လို့  တွေးရင်း နဲ့ပဲ အနားကပ်သွားကြည့်မိတော့ ကလေးတသိုက် ရဲ့ “ကမ္ဘာမကြေ” သီချင်းသံကိုကြားလိုက်မိတယ် ။“ဒါတို့ ပြေ ၊ဒါတို့ မြေ တို့ ပိုင်တဲ့မြေ ...” ....ဪ ... တကယ်ပဲ တို့ ပိုင်တဲ့မြေမှ ဟုတ်ပါ့မလား ... ဘယ်သူပိုင်တဲ့ မြေတွေ ဖြစ်နေပြီလည်း ၊ အတွေးမှ မဆုံးသေး ၊“ ဘယ်သူနဲ့ တွေ့ ချင်ပါလည်းခင်ဗျာ” ၊ တထပ်ကျောင်းဆောင်ထဲမှ လူလတ်ပိုင်း တယောက် ထွက်လာပြီး မေးသံကြားတော့မှ လာရင်းကိစ္စပြောတော့ အထဲမှ ကျောင်းသားတယောက်ရဲ့  အမည် ကို အော်ခေါ်ရင်းတံခါးသော့ဖွင့်ခိုင်းပါတယ် ။ အပြေးတပိုင်းနဲ့ ထွက်လာသူကို မြင် မြင်ချင်း ဒေါင်း ( Down's Syndrome ) လေး တယောက် မှန်း သိလိုက်ရတယ် ။ ဒီဒေါင်းလေးက အခြေအနေမဆိုးလှ ၊ သော့တံကို လက်ပြန်ထိုးလှဲ့ ပြီး တံခါးဖွင့်ပေးတတ်တယ် ။ ပြန်ပိတ်တတ်တယ် ။ တံခါးသော့ကို အချိန်ပြည့် ခတ်ထားရခြင်းမှာ အကြောင်းရှိပါလိမ့်မယ်။
ဒေါင်းကလေး ဦးဆောင်သွားရာနောက်လိုက်လျှောက်သွားတော့ ဘုရားစင် ရယ် ၊ အလုပ်စားပွဲ ၂လုံးရယ် ရှိနေတဲ့  ရုံးခန်း သို့ ရောက်ပြီး တာဝန်ခံ ဆရာမကြီးမှ ဂေဟာ နဲ့ ပတ်သက်သော လုပ်ငန်း လည်ပါတ် ဆောင်ရွက်ပုံများကို ရှင်းပြပါတယ် ။ မြို့ နဲ့ သိပ်မဝေးလှပေမဲ့ လာရောက် လှူဒါန်းသူ နဲပါးတဲ့ အတွက် ကျောင်းဂေဟာ ကလေးမှာ အတန်ငယ် ချို့တဲ့နေဆဲပါ ။ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာ ချင်းအတူတူ ၊ အမျိုးသမီးစောင့်ရှောက်ရေးကျောင်း၊ မျက်မမြင်ကျောင်း အစရှိတာတွေ မှာ ရန်ပုံငွေ များပြားလှတဲ့အတွက် အဆင်ပြေကြောင်း သိရပါတယ် ။ ဒီ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို ဖွင့်လှစ်ခဲ့တာ ၄ နှစ်ရှိပေမဲ့ ရန်ပုံငွေ မှာ မဆိုစလောက်သာ ရှိနေသေးတဲ့အတွက် ဒီကလေး တွေ စားဝတ်နေရေး အခက်အခဲ ရှိနေကြပါတယ် ။ အစိုးရ သတ်မှတ်ထားတဲ့ အသုံးစရိတ်မှာ ကလေးတယောက် အတွက် တနေ့ စာ ( မနက်၊ နေ့ လည်၊ ညစာ ) မှာ ၂၃၅ ကျပ်တိတိသာ ရှိပါတယ် ။ အင်း .. ဒီခေတ်ကြီးထဲ မှာ ကျပ်ငွေ ၂၃၅ ကျပ် နဲ့ တနေ့  စာ ဘယ်လို နေထိုင်စားသောက်ကြမလည်း လို့  မတွေးရဲပါ ။ လဖက်ရည် တခွက်စာ ၊ မုန့်ဟင်းခါး တပွဲ စာ တောင် မရှိ တာမို့ တာဝန်ခံ ဆရာမ ကို တအံ့တသြကြည့်မိတဲ့ အခါ ၊ အပြုံးယဲ့ယဲ့ နဲ့ ဒီလိုပဲ ရှိတာလေးနဲ့ ဖြစ်သလို စားနေကြရကြောင်း ၊ ဒါကြောင့် စေတနာရှင် တွေ လာလှူ ကြတဲ့ အခါ ဝမ်းသာကြရကြောင်း ပြောပြပါတယ် ။
အလှူငွေ ထဲ့အပြီး ကလေးတွေကို လိုက်ကြည့်မိတယ် ၊ မနက်ပိုင်း နံနက်စာ စားအပြီး မိုးမရွာသေးချိန်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နိုင်တဲ့ ကလေးတချို့  ဝင်းထဲ မှာ ဆော့  နေတာ တွေ့ ရတယ် ။ အဲ့ဒီအချိန်မှာ ခြေမသန်တဲ့ ကလေးမ လေး က ဆော့နေတဲ့ မသန်စွမ်းလေးတွေကို ခေါ်ပြီး ကာယ လေ့ကျင့်ခန်း လုပ်စေပါတယ် ။ သူက အရှေ့ မှ ဆိုပေးပြီး ခြေလက် အနေအထား လုပ်ပြတာကို လိုက်လုပ်တဲ့ ကလေးတွေရော ၊ မလုပ်တတ် လို့ ပေါက်ကရ လိုက်လှုပ်နေတဲ့ ကလေးတွေရော ကြည့်ရတာ ရယ်စရာလည်း ကောင်းပါရဲ့  ပျော်စရာလည်းကောင်းပါရဲ့  ၊ ဘာလို့ ဆိုတော့ ရှေ့ ကနေ ဦးဆောင်ပြပေးသူ ကိုယ်တိုင်က ခြေ နှစ်ဖက်ပေါ် မရပ်နိုင် လို့  အောက်မှာ ထိုင်ချပြီး ပါးစပ်ကနေ ရွတ်ပေးတာ က ဘယ်ခြေမြှောက် ၊ ညာခြေမြှောက် ၊ဘယ်ညာ ဘယ်ညာ တဲ့ လေ ။ မတ်တပ်ရပ် ၊ ခါးညွတ် ၊ လက်မြှောက် ၊ ခြေမြှောက် နဲ့  အော်နေတာ အားရ ပါးရ ပေါ့ ။
ဒါကတော့ ကလေးတစု မညီမညာ တတ်သလို လှုပ်နိုင်သလို လိုက်လှုပ်နေကြတဲ့ မြင်ကွင်း လေး တခု ။
ဒီကလေးတွေ ထဲမှာ ဒေါင်းကလေးတွေ အပြင် ၊ စီပီ လို့ ခေါ်တဲ့ Cerebral Palsy လေးတွေ ၊ ပိုလီယို အကြောသေ ရောဂါသည် လေးတွေ ၊ သူငယ်နာ အကြောဆွဲ နဲ့ အခြား ဦးနှောက် အာရုံကြော ရောဂါ ခံစားနေရသူလေးတွေ အများကြီးပါပဲ ၊ ခုလောလောဆယ် မှာတော့ အယောက် ၃၀ ခန့် ရှိနေပါတယ် ။ နောင်မကြာမီ အချိန်မှာ အယောက် ၁၀၀ ထိ လက်ခံ ပြုစုပေး ဖို့  စီမံချက်ရှိနေပါတယ် ။
ခုချိန်ထိတော့ အစိုးရရဲ့ ထောက်ပံ့မှု မလုံလောက်တာမို့  စားစရိတ်က အစ ၊ ကျန်းမာရေး ၊ နေထိုင်မကောင်း တဲ့အခါ ဆေးဝါးကုသ စရိတ် ။ အာရုံကြော ခြေလက်မသန်စွမ်းသူတွေ အတွက် လေ့ကျင့်ခန်း Physiotherapy အတွက် စရိတ် အစရှိတာတွေ အတွက် လောလောဆယ်မှာ အီတလီ NGO အဖွဲ့တခုရဲ့ ထောက်ပံ့မှု တချို့  နဲ့ တဦးချင်း စေတနာရှင် အလှူရှင် များကို အားထားနေရပါတယ် ။ ဒါ့အပြင် ဦးနှောက်အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်မိမိချို နဲ့ အရိုး အကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဥာဏ်ထွန်း တို့မှ လည်း တပါတ်မှာ ၂ ကြိမ် ၊ စမ်းသပ် စစ်ဆေး ကုသပေးလျှက် ရှိပါတယ် ။ တခါတရံ မှာ ဆေးရုံတက် ကုသဖို့ လိုအပ်လာရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပြီး ဆေးကုသမှု ခံယူကြရပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကုန်ကျ စရိတ်အတွက် တာဝန်ယူ လုပ်ဆောင်ပေးမဲ့သူ မရှိတာမို့  ၊ စရိတ်မျှပေး ကျန်းမာရေး မူ အရ ၊ တဝက်ပေးစနစ် နဲ့ ဖြေရှင်းနေရတာ မို့  ဂေဟာမှ ဆရာမများခမျာ အတော်လေး ဗျာများ ကြရပြန်ပါတယ် ။
ဒါကတော့ NGO အဖွဲ့ ရဲ့  ထောက်ပံ့မှု နဲ့ တပါတ်မှာ ၂ ရက် လေ့ကျင့်ခန်းသင်တန်းပေးနေတဲ့ ဆရာမလေးပါ ။
သူတို့ လေးတွေ ရဲ့ သနားစရာ ပုံရိပ်များ ၊
ဒီကလေးမလေးကတော့ ရထားကြိတ်ခံရလို့  ပေါင်ရင်းမှပြတ်သွားရသူ ၊ မိဘနှစ်ပါးလည်းမရှိတော့ပြီမို့  ရပ်ဆွေရပ်မျိုးများက ဆေးရုံမှတဆင့် ဒီသင်တန်းကျောင်းကို လာပို့ထားတာပါ ။
ပိုလီယို အကြောသေရောဂါခံစားနေရတဲ့ ကလေးငယ် ၂ယောက် ။ လေ့ကျင့်ခန်း လုပ်လို့ သိပ်မရသေးတော့ ခြေထောက်သန်အောင် အရင် လေ့ကျင့်ပေးနေပါတယ် ။
ကလေးတွေကို ဆရာမက စာသင်ပေးတယ် ။ လက်၂ ချောင်းထောင် ဆိုပေမဲ့လည်း ထောင်ချင်သလို ထောင်နေကြတာ ။ တမင်တကာ လုပ်တာတော့ မဟုတ် ။ သူတို့ တွေရဲ့  ဦးနှောက်က သာမန်လူတွေလို မဖွံ့ ဖြိုးတော့ အကြား၊ အမြင်၊အာရုံတွေကို ဦးနှောက်က ပုံမဖေါ်နိုင် ၊ အာရုံကြောက ဦးနှောက်စေခိုင်းသလို လိုက်မလုပ်နိုင်ကြတာပါ ။
.. မထနိုင် မရပ်နိုင် ၊ သူငယ်နာ အကြောဆွဲ ရောဂါသည်လေး ၂ယောက် ။ တယောက်က ရောဂါပိုပြင်းထန်လို့  ဆီးဝမ်းပါ မထိန်းနိုင် ၊ ဒီ သားရေ မွေ့ ယာ ပေါ်မှာပဲ နေရရှာတယ် ။ ( သား.. ဘာစားချင်သလည်း မေးကြည့်တော့ ကိတ်မုန့်  ..တဲ့ ၊ ဒါကြောင့် အနားမှာ ရှိတဲ့ Junction8 မှာ စားစရာ နဲ့ အသုံး အဆောင်တချို့  သွားဝယ်ပြီး ပြန်လာပေးတော့ ကလေးတွေ အတော်ဝမ်းသာကြတယ် ။
တာဝန်ခံ ဆရာမကြီး တစ်ယောက် နဲ့ ဆရာမ ၂ ယောက် ၊ အလုပ်တက်ချိန် ဆင်းချိန် မရှိ ၊ တနေ့ မှာ ၂၄ နာရီ အလုပ်ချိန် ၊နေ့ ရော ည ပါ ကလေးတွေ ချီးသေး က အစ ၊ သန့် ရှင်းရေး ၊ ကျန်းမာရေးအတွက် အစစ တာဝန်ယူ လုပ်ဆောင်ပေးနေကြတာ တော်ရုံစေတနာ နဲ့ မလုပ်ဆောင်နိုင်ကြပါဘူး ။ တလ မှာ ၂ ရက် သာ အလှည့်ကျ နားရက် ရှိပါတယ် ။ ပြီးတော့ ဒီကလေးတွေကို တကယ့် ဆွေမျိုးရင်းခြာ တွေလို ပြုစုပေးနေကြတာ ၊ ဧည့်သည် လာလို့  ရှေ့ မှာ ဟန်ပြ လုပ်နေကြတာ မဟုတ်မှန်း အကဲခပ်မိပါတယ် ။
မိန်းကလေး နဲ့ ယောက်ကျာင်္းလေး ဆောင်ဆိုပြီး ၂ ဆောင်ခွဲခြားထားပါတယ် ။ ထမင်းစား ဆောင်ကတော့ မိန်းကလေးဆောင်ဖက်မှာ ရှိပါတယ် ။ ဒီလို ခွဲခြားထားရတာကလည်း ဦးနှောက် မပြည့်ဖြိုး ပေမဲ့ အချိန်တန် အရွယ်ရောက်လာကြတဲ့ ဒီကလေးတွေမှာ လည်း သွေးသားပြောင်းလဲမှု တွေ ဖြစ်လာတတ်ကြောင်း၊ ဒါကြောင့် အိုးချင်းထားမိ ထိမိရင် ဖြစ်လာနိုင်တဲ့ ပြသနာတွေ ကို ကြိုတင် ကာကွယ်ပေးရတဲ့အကြောင်း ရှင်းပြပါတယ် ။ တချို့ ကလေးတွေမှာ လှုပ်ရှားသွားလာ နိုင်ကြတော့ ၊အပြင်ကို လျှစ်ကနဲ ထွက်သွားပြီး လမ်းမမှတ်မိ တာမို့၊ အလှူရှင် ဧည့်သည်များ ဝင်ထွက်ချိန်မှ လွဲပြီး ၂၄ နာရီလုံး ၊ ခြံဝင်းတံခါး သော့ ခတ် ပိတ်ထားခြင်းဖြင့် လူပျောက်မှု ကိုကြိုတင်ကာကွယ်ထားရကြောင်းလည်း ပြောပြပါသေးတယ် ။
ဒီကလေးတွေရဲ့  ဘဝ ရှေ့ ရေးက ဘယ်လို ရှိမလည်း ။
အသက်ရှင်နေရက်နဲ့ ဘဝ တွေ သေနေကြရသလို ၊ သူတပါးအပေါ် လုံးဝ မှီခိုအားထား နေကြတဲ့ ဒီမသန်မစွမ်းကလေးတွေ ဘဝ ဆက်လက်ရှင်သန်ဖို့ ရာ လိုအပ်ချက်တွေများစွာ ထဲ မှ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပါဝင်တဲ့သူများ တယောက်တလေ တိုးလာ ခဲ့မယ် ဆိုရင် .... ဒီစာစုလေး ရေးတင်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်တခု ဖြစ်မြောက်လာမှာ မို့  လှိုက်လှဲစွာ ကျေးဇူးတင် မိမှာပါ ။
ဒီ မသန်မစွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို တိုက်ရိုက် ဖုံးဖြင့် ဆက်သွယ်လိုပါက ..၆၆၃၃၉၂ သို့  ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ။ ဆန် ဆီ ဆား ငြုပ် ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်များ မှ အစ ၊ အဝတ် အထည် ၊ အသုံး အဆောင် ၊ စာရေးကရိယာ ၊အဆုံး စေတနာ ထက်သန်သလို နဲများမဆို လှူဒါန်းနိုင်ပါကြောင်းလည်း သိရပါတယ် ။
( အလှူခံခြင်း သက်သက် မဟုတ်ပါ ။ တို့ ပြည် တို့ မြေ မှာ ရှိနေကြတဲ့ ၊ ဒုက္ခပင်လယ်ဝေနေကြတဲ့ သန်းပေါင်းများစွာလူသားများ ထဲမှ တစိတ်တဒေသ မြင်တွေ့ လိုက်ရပုံများကို မျှဝေ ခံစား နိုင်ကြစေဖို့ လည်း ရည်ရွယ်ပါတယ် ၊ ဒီလို စောင့်ရှောက်မှုကို ခံယူနိုင်ကြတဲ့ ဒီလို ကလေးတွေ အပြင် ဘယ်သူ့  စောင့်ရှောက် ယုယမှု တွေ ကိုမှ မခံစားနေကြရတဲ့ ၊ ဒီထက် အခြေအနေ ပို ဆိုးရွားတဲ့ ကလေးများ ကိုလည်း ၊ ကိုယ်တတ်နိုင်သလောက် ပေးကမ်း လှူဒါန်းကြနိုင်စေဖို့ လည်း ရည်ရွယ်ပါတယ် ။)
မှတ်ချက်။ ။မြန်မာပြည် ပြန်ရောက်စဉ်က တွေ့ ရှိ ခံစား ရေးမှတ်ထားချက်များကို ခုမှ တင်ဖြစ်တာပါ ။ ထုံးစံအတိုင်း အင်တာနက် နဲ့ ကွန်နက်ရှင်တို့ ကိုပဲ အပြစ်ပုံချလိုက်ပါတယ် ။ နားလည်ပေးတော်မူကြပါ ။
ကမ္ဘာ့ လူသားအားလုံးအတွက် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော၂၀၁၁ ဖြစ်ပါစေ ။ ( ခုမှ တရေးနိုးပြီး နှုတ်ဆက်လိုက်ရတာကို နားလည်ပေးစေလိုပါတယ် )
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပြီ ။ ၂၀၁၀ ပြီးတော့ ၂၀၁၁ ပေါ့ ။ဘာမှတော့ မထူးဆန်းလှပါဘူး ။ အချိန်တန်တော့လည်း အဟောင်းက ကျန်ခဲ့ပြီး အသစ် အသစ်တွေကို ကူးပြောင်းကြရတာပါပဲ ။ ပျော်၏ မပျော်၏ ၊ တော်၏ မတော်၏ ၊ ရပ်တန့် လို့မရတဲ့ အချိန်တွေကို လိုသလို ဆွဲဆန့် ထားဖို့ လည်း မဖြစ်နိုင်တာမို့  ကာလ ဒေသ နဲ့ လိုက်လျောညီထွေ နေကြရတဲ့ ကမ္ဘာ့  လူသားတို့ အဖို့  နှစ်သစ်တွေတိုင်းကို ပျော်ရွှင်စွာ ကြိုဆိုကြတယ်ပေါ့လေ ။ မပျော်လည်း ဒီတရက်၊ ပျော်လည်း ဒီတရက် ကို မဖြစ်မနေဖြတ်သန်းရမှာမို့  ပျော်ရွှင်စွာ ဖြတ်သန်းကြတာပဲ ကောင်းပါတယ် ။
ဖွားကိခမျာ ဒီတခါ နှစ်သစ်ကို လမ်းခရီးမှာတင် ကြုံသလို ကြိုဆိုလိုက်ရတာမို့  သူများတတွေ ဘယ်ပုံ ဘယ်နည်း ကြိုကြ ပျော်ကြတယ်ဆိုတာကို နောက်နေ့အိမ်အရောက်မှာမှ တီဗွီဖန်သားပြင်မှာ လှမ်းမြင် လိုက်ရတယ်။ ပုံတွေ အရတော့ ပျော်စရာတော့ အကောင်းသား ။ မြို့ တော် ထိုင်ပေ ရဲ့  အထင်ကရ နေရာ မှာ လူဦးရေ ၇ သိန်းခွဲက စုပြုံ တိုးဝှေ့ ပြီး စင်ပေါ် စင်အောက် ဆိုကြ ကကြ အော်ကြ ဟစ်ကြ နဲ့ ၂၀၁၁ ကို ရောက်ခဲ့ပြန်တယ် ။ စပ်ကူးမတ်ကူးကာလလေးမှာ ဖွားကိ တယောက်က ထုံးစံ အတိုင်း ဟိုမရောက် ဒီမရောက် ဖြစ်နေလိုက်ပါသေးတယ် ။ ၁၀, ၉, ၈, ၇, ၆, ၅, ,၄, ၃, ၂, ၁.နှစ်သစ်ကြိုတဲ့ ပွဲ နေရာ တွေမှာ. 2011 စာတန်းတွေ ပေါ်လာပြီး .... မီးရှူးမီးပန်းတွေ ဖေါက်ကြတဲ့ အချိန်နားကပ်ပြီး မှာမှ ဒီမြေပြင်ကို ပြန်လည် အခြေချလိုက်ရတယ် လေ ။
၂၀၁၀ ဒီဇင်ဘာလရဲ့  နောက်ဆုံးရက်မှာ အမိမြေကို အသစ်တဖန် ခွဲခွာပြီး ပြန်လာခဲ့ပြီ ။ ဝေဟင်ခရီးမှာ လေယာဉ်ကြီးစီးဖို့  အရေးကို Flight - DELAY တဲ့ ။ ဒီလိုနဲ့ အချိန်တွေ နောက်ကျပြီးမှ ဒီမြေကို ပြန်နင်းရတဲ့ အချိန်မှာ လာကြိုမဲ့သူ မရှိ ။ ရှိတဲ့ ကားတွေကလည်း နည်းပါးနေတဲ့ အချိန်၊ လူတွေ အတော်များများက နှစ်သစ်ကြိုပွဲ ရောက်နေကြလို့  တက်စီကားငှားရတာတောင် သိပ်မလွယ်လှ ။ ဒီလိုနဲ့ပဲ နှစ်သစ် တနှစ်ကို ကြုံရာကားစီးရင်းနဲ့ ကြို လိုက်မိတယ် ။ ရင်ထဲမှာတော့ ဗလာနတ္ထိ ၊ ဘဝ တခုကို အသစ်က ပြန်စရမယ် ဆိုတော့ စိုးရိမ်ကြောင့်ကြစိတ်လေး နည်းနည်းတော့ ဝင်လာမိသေးပေါ့ ။ ဟယ် မတတ်နိုင်ပါဘူး ၊ဒီကွေ့ မှာ ဒီတက်နဲ့လှော်၊ ဟိုကွေ့ ရောက်တော့ ဟိုတက်နဲ့ လှော် ၊ ဖြစ်သမျှ အကြောင်း မကောင်း ကောင်းအောင်လုပ်ရမှာပဲပေါ့လေ ။ ဒီလို နဲ့ ရဲဆေးတင်ပြီး အလင်းတန်းထွက်မဲ့ အရပ်ကို အမှောင်ထဲမှာ စမ်းလျှောက်ရင်း အာရုဏ်ဦးကို ရောက်လာပါပြီ ။
လမ်ခရီးမှာ စဉ်းစားခန်းဝင်လာမိတာတွေတပြုံကြီး ။ ပြန်မဖေါ်ချင်တဲ့ အတိတ်ကလည်း အရိပ်လို တွယ်ကပ်နေသေးလို့  နေရင်းထိုင်ရင်း လာတိုက်ခဲ့တဲ့ ခလုပ်ကို ဒေါသပွားမိလိုက်သေးရဲ့  ။ ကိုယ်လိုရာ ဆွဲတွေးပြီး ကိုယ့် ကိုယ်ကိုသာ အမှန်လို့  မြင်တတ်တဲ့ သူတယောက် ရဲ့ တဖက်သပ် စွပ်စွဲချက်တွေကို ၊ သံသရာ မရှည်လိုတော့လို့  ဘာဖြေရှင်းချက်မှ မထုတ်ခဲ့တာ ၊ ခုထိ ရင်နာမိနေသေးရဲ့  ။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတယ် ၊ သူပြုတဲ့ကံလည်း သူ့ ဆီပြန်မှာပဲပေါ့ လို့ စိတ်ဖြေရင်း နဲ့ လွမ်းစရာ မရှိတဲ့ ၂၀၁၀ ကြီးကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတယ် ။
အရေးကြီးတာက ကိုယ့်ဘဝ ကိုယ်ဆက်လျှောက်ကြဖို့ ပဲ မို့ လား ၊ ခုတော့ လုပ်သင့်လုပ်ထိုက်တဲ့ သမ္မာဇီဝ အလုပ်တခုကို လုပ်နေပြီ ။ နှစ်သစ်မှာ ကိုယ်အဟောင်းက စိတ်အသစ်နဲ့ အလုပ်အဟောင်းကို အသစ်လို ပြန်စလိုက်ပြီ ။ လောလောဆယ်တော့ စာအသစ်တွေ မရေးနိုင်သေးလို့ ၊ အရင် ကိုယ့်ပြည်မှာ ရှိနေတုံးက မှတ်ထား ရေးထားတာလေးတွေကိုပဲ နောက်ရက်များမှာမှ အသစ် တင် ပေးလိုက်ပါမယ်။
ဟိုမှာရှိနေတုံးက လိပ်ပြေးနှုန်းနဲ့တက်နေရတဲ၊့ ဟိုဟာ ဒီဟာ၊ ဟိုလိုင်း ဒီလိုင်းတွေ ပိတ်ထားတဲ့ အင်တာနက်ကြီးကြောင့် ဝင်မရတဲ့ ဖတ်စရာ မှတ်စရာများကို ဒီရောက်မှ ပြန်ဝင်ရတော့ တစိမ်းပြင်ပြင်ဖြစ်နေတဲ့ သတင်းတွေ အတင်းတွေ အစုံအလင် တွေ့ ရပြန်တယ် ။ ဒီလိုနဲ့ ဒီနေရာ ရောက်ပြီး ၊ သိပြီးသား သတင်းတခုကို အသစ်တဖန် ပြန်ဖတ်ကြည့်လိုက်တော့ ဩော် ၊ ကမ္ဘာကြီးတောင် ပျက်တော့မှာပါလားလို့  စဉ်းစားခန်းတွေ ဝင်မိပြန်ရော ။ ဘာလိုလိုနဲ့ ပြန်တွက်ကြည့်တော့ ၂၃ လ သာသာ လေးပဲ ကျန်တော့ပါလား။ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် နေ့တဲ့လေ ။ တကယ် ဖြစ်မယ် မဖြစ်ဖူးဆိုတာတော့ အငြင်းပွားနေစရာ သိပ်မလိုတော့ပါဘူး ၊ စောင့်ကြည့်နေကြရုံပါပဲလေ ။ ဖြစ်ပြီးပျက်ရတာ သဘာဝ တရားကြီးပဲ ။မွေးတနေ့ ၊သေတနေ့ ၊ မိုးပြို အများမို့  အထူးတလည် စိုးရိမ်ကြောင့်ကြနေစရာတော့ မလိုလှဘူး ထင်ပါတယ် ။ ကိုယ်အသက်ရှင်နေတုံး ကျန်တဲ့ အချိန်လေးတွေကို အကျိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ အသုံးချ နေထိုင်ပြီး ဘဝကူးကောင်းအောင် ခုတည်းက အားထုတ်ကြဖို့ ပဲ ရှိပါတယ် ။ လောဘ ဒေါသ မောဟ မီးတွေ အေးငြိမ်းအောင်ပြုပြီး၊ ရတနာသုံးပါး မမေ့မလျှော့ပဲ၊ မေတ္တာ ဂရုဏာ မုဒိတာတွေ ပွားပြီး ကျင့်ကြံနေထိုင်ကြဖို့  အချိန်ရှိပါသေးတယ် ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။
လုံးစုံများစွာ သတ္တဝါ ၊ချမ်းသာကိုယ်စိတ်မြဲပါစေ ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။