မိတ်ကောင်းဆွေကောင်း ဆိုတာ အရေးကြီးတယ် ။ မိတ်ပျက်တော့ သိပ်ခက်ရတယ် ။ဒါပေမဲ့ မိတ်ပေါတော့ စိတ်မောရတယ် ။ အလိုလေး .. ဘာကြောင့်များတုံး ။။ မိတ်ပေါတော့ မကောင်းပေဘူးလား ။ ကောင်းတဲ့ မိတ်ဆွေ ပေါရင်တော့ ကောင်းတာပေါ့ ။ မကောင်းတဲ့  မိတ်တွေ ပေါနေရင်တော့ အတော်လေး ကသိကအောင့် နိုင်ကြမှာပါ ။ ဒီလို မဟာမိတ် မျိုး ကိုတော့ မိတ်ဆွေ တို့ လည်း သိပ် အလို ရှိကြမယ် မထင် မိလို့  ဒီ မိတ်အကြောင်းလေး ပြောပြချင်ပါတယ် ။
အမိပြည်မြန်မာမှာ မိုးတွေ ရွာပြီတဲ့ ၊ တချို့ နေရာတွေ များဆို လေပြင်းမုန်တိုင်းတွေ တောင် တိုက်ခတ်သွားသတဲ့  ။ မျှော်တုံး မျှော်ဆဲ သူလည်း ရောက်လာ တာမို့  လူတွေ ပျော်ကြတယ်ပေါ့လေ ။ မိုးကလေး တဖြောက် နှစ်ဖြောက် ကျလာ ရွာလာပေမဲ့ လည်း အပူချိန်က သိပ်တော့ မကျသွားသေးပါဘူး ။ ရေ ပြတ်လတ်တဲ့ ကပ်ဘေးကြီးကလည်း မလွတ်မြောက်နိုင်ကြသေးပါဘူး ၊ လူတွေလည်း ပေါင်းအိုးကြီး ထဲ ထဲ့ ပြုတ်ခံထားရသလို လှောင်အိုက်ပြီး စပ်ဖျဉ်းဖျဉ်းနဲ့  ဖြစ်နေကြပြီပေါ့ ။ရာသီဥတုက ပူအိုက်၊ ချွေးတွေက ထွက် ၊ ရေ ကရှားပါး မလောက် မငှ ၊ မီးကမလာ ။ ဒီတော့ အပူလွန်ကဲ လို့  လူ တွေ လည်း အတော် သေကြေ ပျက်စီး နေကြတဲ့ သတင်းတွေ ကြား နေရတာ စိတ်မချမ်းသာ စရာ ပါပဲ ။နောက်ထပ် စိတ်ပျက်စရာက မိတ်ထွက်တာပါပဲ ၊ သူ ကတော့ အပေါ်ယံ ကြည့်လိုက်ရင် ဘာမှ သိပ်ပြသနာ မရှိတဲ့ အရေပြား နဲ့ ဆိုင်တဲ့ ရောဂါအသေးစားတမျိုးပါ ။
မိတ်ဆိုတာ...
အရေပြားမှာ Epidermis နဲ့ Dermis ဆိုပြီး အလွှာ ၂ လွှာ ရှိပါတယ် ။ အဲ့ဒီထဲမှာ ချွေးဂလင်းလေးတွေ၊ ချွေးထွက်ပြွန်လေးတွေ ရှိတယ် ၊ချွေးထွက်ခြင်းအားဖြင့် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို လျှော့ချပေးနိုင်တယ်။ ကိုယ်ခန္ဓာ ထဲ က အညစ်အကြေးတချို့ ကို ချွေးပေါက်တွေ ကတဆင့် ချွေးအနေနဲ့ ပြင်ပ ကို စွန့်ထုတ်ပေး တယ် ။ ဒီလို အရေးပါတဲ့ ချွေးပေါက်တွေ ပိတ်သွားတဲ့ အခါ၊ ချွေးပြွန်တွေ ပေါက်ကွဲထွက်ပြီး အထဲမှ ချွေးတွေ အပြင်ကို မရောက်နိုင်တော့ပဲ အရေကြည်ဖုလေးများအနေနဲ့  အရေပြားအောက်မှာ အောင်းနေကြရတယ် ။ အဲ့ဒီ အရေကြည်ဖုလေး တွေကို မိတ် ( Miliaria ဒါမှမဟုတ် Prickly Heat ) လို့ခေါ်တယ် ။ ချွေးပေါက် ပိတ်ရတဲ့ အကြောင်း ကတော့ အရေပြား ဆဲလ်များ အပူလွန်လို့  ပျက်စီး သွားတာ ကြောင့်၊ တချို့  ဘက်တီးရီးယား ပိုးများကြောင့်( အများအားဖြင့် Staphylococcus epidermidis ) ဖြစ်ရတယ် ။
မိတ်ပေါက်တော့ ယားယံမယ် ။ အပ်နဲ့ထိုးဆွ ထားသလို စပ်ဖျဉ်းဖျဉ်း နေမယ် ။ တချို့ ဆို ကုတ်ဖဲ့ မိလို့  ပိုးဝင်ပြီး ပြည်တည် အနာဖြစ်တတ်တယ် ။အထူးသဖြင့် ဆီးချို ရောဂါရှိသူများ မိတ်ပေါက်ရင် သတိထားဖို့ လိုအပ်ပါတယ်။ သူတို့ မှာ ဘက်တီးရီးယားပိုး တွယ်ကပ်ဖို့  ပိုလွယ်ကူတာ မို့  မိတ်ဖုတွေ ကို ကုတ်ဖဲ့မိတဲ့ အခါ ပိုးဝင်ပြီး အနာ့ပဆုပ်( Carbuncles ) တွေ ဖြစ်လာတတ်ပါတယ် ။ အခန့် မသင့်ရင် အသက်ပါ သေဆုံးနိုင်ပါတယ် ။
-
နောက်တချက် သတိပြု ရမှာ က အပူချိန်လွန်ကဲ လွန်းလို့  ခန္ဓာကိုယ်မှ ရေဓါတ်ခမ်းခြောက်ပြီး အပူရှပ်ခြင်း ၊ ဦးနှောက်သွေးကြောပြတ် အသက်ဆုံးရှုံးခြင်းတွေ ဖြစ်ကြရာမှာ ။ ရေဓါတ် ခမ်းခြောက် နေမှန်း ကြိုတင်သိခဲ့ရင် ဒီလို အသက်ဘေး မရောက်အောင် ကြိုပြီး ကုသ နိုင်ပါတယ် ။ ဒီလို ပြင်ပ အပူချိန်မြင့်လို့ ချွေးဂလင်းတွေ ပျက်စီးကာ ချွေးပေါက် ပိတ်ပြီး မိတ်ဖုတွေ ထွက်လာတတ်ပါတယ် ၊ ချွေးမထွက် နိုင် လို့  ကိုယ်ခန္ဓာ အပူချိန်မြင့်တက် ကာ အဖျားတက်လာတတ်တယ် ။ ဒါကြောင့် အပူချိန်ကြီး အဖျားတက် နေသူ တွေ အတွက် အရေပြားများ ခြောက်ကပ်ပြီး မိတ်ဖုများ ပေါက်လာ ခြင်း ကို ပေါ့ပေါ့တန်တန် မထားသင့်ပါဘူး ။ ဒီမိတ်ဖု လေးများက ရေဓါတ် ခမ်းခြောက် နေကြောင်း ကို ပြသတဲ့ လက္ခဏာ တခု ဖြစ်ပါတယ် ။ထိုသူကို ဓါတ်ဆားရည် များများတိုက်ကျွေးပြီး ဆုံးရှုံးသွားတဲ့ ရေနဲ့ သတ္တုဓါတ် များကို အမြန်ဆုံး ပြန်လည် ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ် ။ ( ဒီအချက်က ဘယ် ကျောင်းသုံးဖတ်စာအုပ်မှာ မှ မပါ ပါဘူး ။ မမအယ်ဇီ ( အမှတ်တရများ) ရဲ့  အညာ မှာ တာဝန်ထမ်းခဲ့စဉ်က ကိုယ်တွေ့  အတွေ့  အကြုံ များ အရ မှတ်သားသင့်တဲ့ အချက်တချက် ဖြစ်ပါတယ် )
မိတ်အမျိုးမျိုး
(၁) Miliaria crystalline -အရေပြား အပေါ်ယံလွှာ မှာရှိတဲ့ ချွေးပေါက် အပေါ်ယံပဲ ပိတ်လို့ ပေါက်တဲ့ မိတ် ။ အပျော့စားပါပဲ ။ သိပ်ယားယံ နာကျင်ခြင်းမရှိပါဘူး။
(၂) Miliaria rubra- သူကတော့ ချွေးပေါက်ပိတ်လို့  အရေပြား အပေါ်ယံလွှာ ရဲ့  နဲနဲ ပိုနက်တဲ့ အပိုင်း မှာ ယောင်ယမ်း နီရဲ ပြီး ယားယံတတ်တယ် ၊ အပ်နဲ့ ဆွ သလို စပ်ဖျဉ်းဖျဉ်း အနဲငယ် ဖြစ်တတ်တယ် ။ မိတ်ဖုလေးတွေ အနီး ပတ်ဝန်းကျင်မှာ ချွေးမထွက်နိုင်လို့  ခြောက်သွေ့ နေပြီး ၊ အပူလွန်ကဲခြင်း( heat exhaustion ) ဖြစ်စေတတ်တယ် ။
(၃) Miliaria profunda - သူက အရေပြား အောက်လွှာ ထိ နက်ပြီး ပိုဆိုးတယ်၊ ပို ယောင်ပြီး ပိုနာတယ် ။ အပူလွန် အပူရှပ်ခြင်းကို ပိုဖြစ်စေတယ် ။
(၄) Miliaria pustulosa - အပေါ်က မိတ် အမျိုးအစားထဲမှာ ဘက်တီးရီးယား ပိုးဝင်သွားပြီး ပြည်တည်ဖုလေးတွေ ဖြစ်လာတယ် ။
ဘယ်ချိန်ခါမှာ ဖြစ် ။
မိတ်ဆိုတာ ပူအိုက်တဲ့ ရာသီ၊ စွတ်စို တဲ့ လေထု မှာ အဖြစ်များတယ် ဆိုတာ ယေဘူယျအားဖြင့် လူတိုင်း သိကြမှာပါ ။ ဒီလိုဆိုတော့ အေးတဲ့ ဒေသ မှာ နေထိုင်သူတွေ မိတ် မပေါက်ကြဘူးလား လို့ တွေးစရာပေါ့ ၊ အေးတဲ့ နိုင်ငံမှာ နေသူတွေ တချို့ လည်းမိတ်ပေါက်တတ်ကြပါတယ် ။ ဘာလို့လည်းဆိုတော့ အဝတ်အစားကို ထူထဲစွာ ဝတ်ပြီး လေဝင်ထွက်လှည့်ပတ်တာ မမျှတ တဲ့ အခါ လှောင်ပိတ်ပြီး ချွေးပေါက်ကို ပိတ်စေတတ်လို့ ပါပဲ။
မိတ် မထွက်အောင် ဘယ်လိုနေ ။
- အေးမြတဲ့ လေဝင်ထွက် ကောင်းမွန် ခြောက်သွေ့ တဲ့ ပတ်ဝန်းကျင် မှာ နေထိုင် ရင် မိတ်ပေါက်ဖို့  သိပ်မလွယ်ဘူး ပေါ့။
( ဒါပေမဲ့ လျှပ်စစ်မီး၊ ရေ မရှိ ၊ ဥတု ပူပြင်း တဲ့ အရပ်မှာ နေထိုင်ရသူတွေ အတွက် ဒီလို ပတ်ဝန်းကျင် ကို ဖန်တီးဖို့  ခက်လှပါတယ် ။ “ပူရင် အဲကွန်းခန်းထဲ နေပါလား” လို့  ပြောရင်၊ အကြံပေးမိရင် အပြစ်ဖြစ်မယ် ၊ ဒီတော့ DIYအညာ အဲကွန်း လေး နဲ့ တမျိုး ၊ လက်မှုစွမ်းအင် ယပ်တောင်လေး သာ တဖြပ်ဖြပ် ခပ်လို့  တဖုံ ၊ အေးအောင် နေကြဖို့  ပဲ ရှိပါတယ် ) ။
ပြီးတော့ - အပူကျအောင် ရေများများချိုးပေးရမယ် ။ ( ဒါပေမဲ့ ရေချိုးတာ လည်း သတိထားဖို့ လိုပါတယ် ။ နေသိပ်ပူနေတဲ့အချိန်မျိုး ၊ နေပူ ထဲ က ပြန်လာပြီး ရေချက်ချင်းချိုးတာမျိုး ၊ ရေအေးအေးကို ရုတ်တရက် ခေါင်းမှ စပြီးလောင်းချိုးတာမျိုး ။ ရှောင်ရပါမယ် ။ ) ၊
- နောက်ပြီး လေဝင်လေထွက် ကောင်းတဲ့ ချည်လို ပိတ်သားမျိုး နဲ့ အဝတ်အထည်တွေကို ဝတ်ဆင်သင့်ပါတယ် ။ နိုင်လွန် သားလိုမျိုး ချွေးမစုတ် တဲ့ အဝတ်အထည်တွေ ရှောင်သင့်တယ် ။
- အသားအရည် အေးစေဖို့ က မြန်မာ့သနပ်ခါးက အကောင်းဆုံး ပါပဲ ။ အေးမြပြီး အနံ့ တသင်းသင်း နဲ့ အပြင် အသားလည်း ချောမွတ်စေတယ် ။ နေပူဒါဏ်ကို လည်း ကာ ကွယ် ပေးနိုင်ပါတယ် ။ မိတ်ပေါက်လာရင် လည်း မကျီးခေါက် ၊ ကရမက် စတာ တွေ သွေးလိမ်း ပြီး အရေပြားယားယံ မှု မှ သက်သာ ရာ ရစေနိုင်ပါတယ် ။
မိတ်ကပ်တို့ လို ၊အဆီများတဲ့ မျက်နှာလိမ်း ခရင် ဆေးရည် တွေ ကို ရှောင်ရပါမယ် ။ သူတို့ က ချွေးပေါက်ကို ပိုပြီး ပိတ်စေ လို့ပါ ။
- ကိုယ်ခန္ဓာအတွင်း အေးမြ ပြီး အပူဓါတ်ကျ စေရန်၊ ဆီးဝမ်း မှန်စေရန် အတွက် ရေ များများသောက် ပြီး အသီးအနှံ ဟင်းသီး ဟင်းရွက်များများ စားပေးခြင်းဖြင့် ထိန်းပေးနိုင်ပါတယ် ။
မြန်မာ့ နည်း မြန်မာ့ ဟန် နဲ့ ဖြေရှင်း တဲ့ နည်းလမ်းတွေက အများအတွက် ပို အသုံးကျပါတယ် ။ လွယ်လွယ်ကူကူ စရိတ်သက်သာ အသုံးတည့် မဲ့ နည်းများပါပဲ ။
မိတ်ပျက်အောင် ဘယ်လိုဖျက် ..
- ရေချိုးသန့် စင်ပေးခြင်းဖြင့် အရေပြားကို စင်ကြယ်အောင်ထားရပါမယ် ။( ခုလို ရေရှား ရေပြတ်နေတဲ့ အခါမျိုးမှာ သောက်ဖို့ တောင် အနိုင်နိုင် မို့  ရေမှန်မှန်ချိုးဖို့ က အင်မတန် ခက်ခဲ နေမှာပါ )။
တကယ်လို့  မိတ်ဖု အများအပြားထွက်လာပြီး ပိုးဝင် ယောင်ယမ်း လာပါက ဆေး တခုခု လိမ်းရတော့မယ် ဖြစ်ပါတယ် ။
- အပူ နဲ့  အယား သက် သာစေ ဖို့  calamine တို့  ၊ menthol တို့  camphor တို့ ပါတဲ့ လိမ်းဆေးရည် ၊ စတီးရွိုက်ခရင် (steroid creams ) စတာ တွေ လိမ်းလို့ ရပါတယ် ။steroid creams ကို နေရာ အနှံ့  ပေါက်နေတဲ့ မိတ်မျိုး မှာ လိမ်းဖို့  သိပ် မသင့်တော် ပါဘူး ။
သိပ်ပြီး ယားယံ နေရင်တော့ ဘာမီတွန် လို အယားသက်သာစေတဲ့ Anti histamine ပါတဲ့ သောက်ဆေး ၊ လိမ်းဆေး များလည်းသုံးနိုင် ပါတယ် ။
ဒါ့အပြင် အရေပြားကို အေးမြ ခြောက်သွေ့  နေစေ ဖို့  Prickly Heat Powder သုံးနိုင်ပါတယ် ၊ ဒီ ပေါင်ဒါ ထဲမှာ (Labilin) ခေါ်တဲ့  နို့  ပရိုတင်းဓါတ် နဲ့ ဘက်တီးယီးယား ပိုးသေဆေး Triclosan တို့  ပါဝင် ပါတယ်။
သူကတော့ အရေပြားကိုအေးမြ ချောမွေ့  ခြောက်သွေ့ ပြီး နေရတာ သက်တောင့်သက်သာ ရှိစေပါတယ်
ဒါတွေကတော့ စာအုပ်ကြီးအတိုင်း ပါတဲ့ နည်းလမ်းတွေပါ ။
ဒါ့ အပြင်သောက်ရေ သုံးရေ မလုံလောက်လို့  ၊ မသန့် ရှင်းလို့  နဲ့ ပတ်သက်တဲ့ ရောဂါတွေ လည်းနောက် ဆက် တွဲ ဖြစ်လာကြပါအုံးမယ် .. ဥပမာ ..ဝဲ စတဲ့ အခြား အရေပြားရောဂါများ၊ ။ မိုးဦးကျ .ယင်တလောင်းလောင်း နဲ့ ဆိုတော့ ၊ သရက်သီးပေါ်တဲ့ ရာသီဆိုတော့ ဝမ်းရောဂါ ။ဝမ်းပျက်ခြင်း အစရှိတာတွေ ။ ခြင်ကျားတွေ ခြင်ပုန်းတွေ ပေါက်တဲ့ ရာသီဆိုတော့ သွေးလွန်တုပ်ကွေး စတဲ့ ကူးစက်ရောဂါတွေ ဖြစ်လာကြအုံးမယ် ။
အသက်ကို ဥာဏ်စောင့်တယ် ဆိုပေမဲ့ တခါတရံတော့ ဥာဏ်နဲ့  ဘယ်လောက်ပဲ ထိန်းသိမ်း နေဦးတော့ အစိုးမရတဲ့ အစိုးရ နဲ့  သဘာဝဘေးဆိုး တွေကြောင့် ၊ တန်ဘိုးမရှိတဲ့ သူတွေကြောင့် တန်ဘိုးရှိတဲ့ အသက်တွေ ဆုံးရှုံးနေကြရတာတွေ အတွက်တော့ ဘယ်လိုများ တတ်နိုင်ကြအုံး မှာပါလည်း ။
အချက်အလက် အချို့  နဲ့ ဓါတ်ပုံများ ကို ဒီ နေရာ တွေ မှ ရယူ ထားပါတယ်။
21 comments:
အစိုးမရတဲ့  အစိုးရတဲ့ ..
အဲ့ ဒါလေး တစ်ချက် မဆိုင်ပေမဲ့  နဲနဲ ပြောချင်...
အစိုး ရ နေတာ ကြာပါပြီနော်..။
ကျွန်တော် တို့ တောင်မြေကြီးထဲ ရောက်တော့ မယ်လေ..။
မိတ် ကတော့  တစ်ယောက် ထဲ နေ နိုင်တာ အကောင်းဆုံး။
ယား တဲ့  မိတ် ကတော့  နံ့ သာဖြူ လား ၊ ကရမက်လား
လိမ်း ကြ တယ်လေ..။ ဗမာပြည်မှာ...
ငယ်ငယ် ကတဲက ဖွားအေ ကြီးက ပေါင်ထဲ ထည့် ညှပ်ပြီး
တဖုံးဖုံး တဖတ်ဖတ် နဲ့  လည် အဆင်း သား လေး...
အိမ်ကခလေးတွေ မိတ်များလွန်ပြီး သူတို့ ကို ကြည့် လိုက်၇င် ချစ်စရာလေးတွေဖြစ်နေတယ် မိတ်ပေါက်ပြီးတော့  ကျွဲကောသီးနဲ့ တူသလိုလို လိမ္မော်သီးနဲ့ တူသလိုလိုတဲ့  မကိရေ
မိတ်တွေပေါတော့..ကောင်းဘူးလား
ဟုတ်ပ မိတ်ပေါလို့ စိတ်မျောနေတဲ့ အိမ်က အမေတို့ဆီ ဒီပိုစ်လေး ကူးပို့ပေးဦးမယ်။ ကျေးဇူးတင်ပါတယ် မကိ
ဖွားကိ
မိတ်ပေါလွန်းလို့ နောက်မယားလေး သုံးလေးခုနဲ့ဗျ
ဒီမှာ နောက်မယားတွေ ရောင်းကောင်းချက်ဗျာ
ဝယ်ကြအုံးမလား နောက်မယား......အဟား
ခင်တဲ့
seesein
မိတ်တွေ ရမယ်...
မိတ်တွေ ရမယ်...
လိုတာ ရမယ်...လိုချင်ရင် ကျောချင်းကပ်ပွတ်ပါ။
ဒါလေးများ လက်သည်းရှည်နဲ့ တဗြင်းဗြင်းကုတ် ဖေ့စဘွတ်တို့ ဘလော့တို့ မပေါ်ခင်ကဆို ကဘာ့စည်းစိမ်းလို့တောင် တင်စားကြသေးတယ်....
(အဟင့် ... ပြောမယ့်သာပြောရ စိတ်ပူစရာနောက်တခု တိုးလာပြန်ပီ... ရှင်ချင်တယ်)
ကိုယ်တို့ကတော့ မြန်မာဆန်ဆန် သနပ်ခါးရေကျဲနဲ့ Mezincal ပဲလိမ်းတယ်။ အဲဒါဆို မိတ်က ကိုယ့်အနား တောင် မကပ်နိုင်ဘူး။ ပြေးရေား)))
အရမ်းပူတဲ့နေရာမှာနေခဲ့ဖူးပေမယ့် မိတ်ထွက်ခဲတယ်...
အင်း
ဒီနေရာမှာကျ
မိတ်ပေါတာ မကောင်းပြန်ဘူးနော်..
ဒီမိတ်တော့ ဝေးဝေးရှောင်တာကောင်းတယ်
သိသင့်တာလေးတွေ ဝေမျှပေးလို့ ကျေးဇူးနော်
မကိ သေချာဖတ်သွားပါတယ်..
ကျွန်မတို့ ငယ်ငယ် အမေက မိတ်လေးတွေကို ဆယ်ပြားစေ့လေးနဲ့ ဖောက်လို့ တဖောက်ဖောက်မြည်တဲ့ အသံကို အရမ်းကြိုက်တယ်တဲ့လေ...ခုတော့ အိမ်သားများလဲ စိတ်ညစ်နေကြရော့မယ်...ဒီပို့ စ်လေးကို ပြောပြဦးမှပါ...ကျေးဇူးပါနော် အစ်မ..လာလည်တဲ့ အတွက်လဲ ကျေးဇူးပါ...
အစိုးမရတဲ့အစိုးရတွေရဲ့ပယောကကြောင့်သဘာဝ
ပတ်ဝန်းကျင်တွေလည်းပျက်စီးကုန်ကြတော့
ပြည်သူအားလုံးဒုက္ခရောက်ကြတာပေါ့မကိရေ...
တန်ဖိုးရှိတဲ့သူတွေရဲ့အသက်တွေလည်းဆုံးရှုံးနေကြတယ်။
ခင်တဲ့
ညီမသဒ္ဓါ
လာလည်သွားတယ်ကိကီရေ... ရန်ကုန်ကလူတွေ မိတ်တွေပေါနေတာအမှန်ဘဲ... စီးပွါးရေးသမားတွေတော့ ကိကီပြထားတဲ့ မိတ်လိမ်းပေါင်ဒါကို အလုအယက်တင်သွင်းကြတော့မယ်ထင်ရဲ့
မကိရေ
မိတ် ပေါက်ခဲတဲ့ ရွှေစင်ဦး တောင် နဲနဲ ပေါက်ချင်တယ် ပူလွန်းလို့ ဖတ်မှတ်သွား တယ်နော်
သြ ဒါနဲ့ မိတ်ကုပ်နေရတာနဲ့ မင်းသမီး တွေ တောင် လာအားမပေးတော့ဘူးနော်
ခင်တဲ့
ရွှေစင်
ကိကိရေ လာဖတ်သွားတယ်။ ပို့စ်ကောင်းလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်အောင် ရေးထားတာ ကျေးဇူးတင်ပါတယ်။ သူများမေးခွန်းလာမမေးရင် ညွန်းပေးလိုက်ဦးမှ။
မိတ်ကတော့ တခါမှမပေါက်ဘူး ဘူး မကိရေ..
သူငယ်ချင်းတွေတော့ တွေ့ ဘူးတယ်..
မိတ်ကုတ်ရတာ အတော်ဇိမ်ရှိတယ်ဆိုဘဲဗျာ
ကိုယ်တောင်မပေါက်တာ ဘဲဝမ်းနည်းရမလိုလိုနဲ့ ........
ကိကိကောင်းတယ်ပေါ့ပါးပြီး မှတ်သားစရာလေးတွေ
စာရေးတာကလဲဆရာကျလိုက်တာ အတုယူစရာဘဲ
နော်
ဟိ
မိတ်လား ဆွေလား တော့အသိဘူး မျက်နှာမှာ ဘုတွေတော့ ထွက်နေတယ် အစကတည်းက မလှပါဘူးဆိုမှ ဟင့်
မကိ ကယ်အူး
မိတ်ထွက်လို့ စိတ်ပျက်ပေမယ့် ...
မိတ်မပျက်ချင်ပါဘူး ကျဲကျဲရေ...
နည်းနည်းပါးပါးတော့ ပေါက်ဘူးတယ်...ချွေးထွက်ရင် နေလို့ မကောင်းဘူး...စပ်ဖျဉ်းဖျဉ်းနဲ့ အခံရခက်တယ်...များသော အားဖြင့်တော့ သနပ်ခါးကို ရေကျဲလေးသွေးပြီး လိမ်းထားလိုက်တာပါပဲ...နောက်တစ်ခုက ညီမလေးတို့ ပြည်မြို့မှာ ခြင်္သေ့မင်းတံဆိပ် ဦးစိုးလွင်ရဲ့ ဆေးသနပ်ခါးက နာမည်ကြီးတယ်...အရေကြဲကြဲသွေးပြီး မိတ်ပေါက်တဲ့နေရာတွေမှာ လူးထားလိုက်ရင် အရမ်းသက်တာတယ်...အေးနေတာပဲ (တီဗွီမှာလည်း ကြော်ငြာတယ် ထင်တယ်...)
မမကိကိပြောတဲ့နည်းတွေလည်း မှတ်သွားပါတယ်...ကျေးဇူး
ဂျင်ဂျင်း
မိတ်လို့ ဘယ်သူတွေနာမည်ပေးခဲ့တာပါလိမ့်ဗျာ..
Post a Comment