ရေ.. ရေ.. ရေ ..ရေအသက် တမနက် လို့  ရှေးလူကြီးတွေ ဆို ခဲ့ ကြတာ ၊ ခုတော့ တမနက် မက .. ရက်ပေါင်းများစွာ ရေ ငတ်နေကြရတဲ့သူတွေ အမိမြန်မာ ပြည် မှာ ရေတွက်လို့  မကုန်နိုင် တော့ပါဘူး ။“ အေးချမ်းသာယာ ပြည် မြန်မာ” မှာ ခါတိုင်း လို မအေးချမ်း နိုင်တော့ပါ ။ ကြားရ မြင်ရ ဖတ်ရ တဲ့  သတင်းတွေ အားလုံး စိတ်ချမ်းသာစရာ တကွက် မှ မရှိတာမို့  ၊ ခုတလော စာ ရေး ချင်စိတ်ရော ၊ ရေးဖို့  အားပါ ပြတ်လတ်နေသလိုပါပဲ ။ ဘဝတူ ရေဘေးကပ်ဘေး ဒုက္ခသည် တွေ ကို ပြည်တွင်း၊ ပြည်ပမှ လူစိတ်ရှိတဲ့ ၊ လူပီသတဲ့ ရွှေပြည်သားတွေ ၊ ရေ အလှူ လုပ်ကြ တဲ့ သတင်းတွေ ဖတ်မိတော့လည်း စိတ် ဖြေရာ ရမိပါတယ် ။ ဒီလို အလှူ လုပ်တာတွေ ကို ဖျက်လို ဖျက်ဆီး လုပ်နေကြသူ များအကြောင်း ဖတ်မိတော့ ခုန ရှိနေတဲ့ ၊ ပွားမိတဲ့ မုဒိတာ တွေ ပျက်သွား ရတာ မို့  ၊ ဒီလို သတင်းတွေ ကို ကျော်လွှား ဖတ်မိတယ် ။ ဘာလို့ များ ဖျက်လိုဖျက်ဆီး လုပ်နေကြတာလည်း လို့ ၊ တောင် မစဉ်းစားချင်တော့ပါဘူး ။
အားလုံးသိပြီးကြတဲ့ အတိုင်း ဒီနှစ်နွေရာသီမှာ မကြုံစဖူး အပူလွန်ကဲ လို့  မြစ်ချောင်း အင်းအိုင် ရေတွင်း ရေကန်တွေ ရေခမ်းခြောက်ကြရသလို ၊ သက်ရှိသတ္တဝါ တွေ မှာ လည်း အရေးကြီးတဲ့ ရေဓါတ်ခန်းခြောက် ကြရသူတွေ တပုံတပင် ၊ အပူလွန်ကဲ လို့  အပူဖြတ် အပူရှပ် ပြီး အသက်ဆုံးရှုံး တဲ့ အထိ ကြားနေရတာ မို့  ။ ရေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ အပူနဲ့  ပတ်သက်တဲ့ အကြောင်းအရာများကို ရှာဖွေ စုစည်းတင်ပြလိုက်ပါတယ် ။
ပုံမှန်လူတဦးရဲ့  ကိုယ်အပူချိန် ဟာ သူ့ ပတ်ဝန်းကျင် ရာသီဥတု အပူချိန်၊ သူ့ရဲ့  ဇီဝဖြစ်ပျက်မှု တွေ ကို လိုက်ပြီး အနည်းငယ် ကွာခြားလေ့ ရှိကြတယ် ။ အကြမ်းအားဖြင့် ဖျမ်းမျှခြင်း အနေနဲ့ 36.2 °C မှ 37.5 °C (97.2 °F မှ 99.5 °F) ထိ ပြောင်းလဲ ရှိနေတတ်ပါတယ် ။ ဒီအပူချိန်ကို ဦးနှောက်အတွင်းရှိ အပူချိန် ထိန်းချုပ်ညှိနှိုင်းရေး ဗဟိုချက်မ ( Thermo-regulatory Centre ) မှ တာဝန်ယူ ညှိပေးပါတယ် ။
40 °C (104 °F) ကျော်သွားပြီ ဆိုရင်တော့ အပူချိန်လွန်ကဲခြင်း ( Hyperthermia ) လို့ ခေါ် ပြီး အသက်အန္တရာယ် ဖြစ်တတ်ပါတယ် ။ခု တလော မြန်မာပြည်က အပူချိန်က စံချိန်တင်လောက် အောင် 47- 48 °C ထိ တက်နေတယ်ဆိုတော့ ၊ ကိုယ်ခန္ဓာ က ဘယ်လို မှ ခံနိုင် မှာ မဟုတ်ပါဘူး ။ သတင်းစာတွေ ထဲ က နေ လူတွေကို သတိပေး ချက်တွေ ထုတ်ပြန် တယ် ဆိုပေမဲ့ လူတိုင်းစေ့ သတင်းစာ ဖတ် မနေနိုင်တဲ့ အခါ မို့  သိပ်တော့ ထိရောက်မယ် မထင်မိပါဘူး ။
နေပူ ထဲ မ ထွက် တာတောင်မှ တိုက်လာတဲ့ လေတွေက ပူနေတော့ အပူရှိန်ဟပ်တဲ့ ဒါဏ်ကို ခံကြရတာပါပဲ ။ ဒီလို အရမ်းပူနေချိန်မှာ ရေအေး နဲ့ ရုတ်တရက် လောင်းချိုးလိုက်ရင် သွေးကြောတွေ ကျုံ့ပြီး ဦးနှောက်သွေးကြော ပြတ်ကြတာတွေ အများကြီး ရှိနေပါတယ် ။ ဒါကြောင့် နေအပူရှိန်သိပ်ပြင်းနေတဲ့ အခါမှာ ရေချိုးတာကို ရှောင်သင့်ပါတယ် ။ ရေချိုး တဲ့ အခါမှာလည်း ဦးခေါင်းကနေ ရုတ်တရက် မလောင်းပဲ ခြေထောက် မှ စပြီး လောင်းပါ ။တဖြေးဖြေးချင်း အပေါ် သို့ တက်လာပြီး မှ နောက်ဆုံး ခေါင်းပိုင်းကို လောင်းချိုးပါ ။
ဒီလို “ အပူရှပ်ခြင်း” လို့ ခေါ်လေ့ရှိတဲ့ အပူလွန်ကဲမှုကို တုန့်ပြန်မှုများမှာ Heat Exhaustion & Heat Stroke ဆိုပြီးရှိကြပါတယ် ။
Heat Exhaustion ဆိုတာ က ကိုယ်ခန္ဓာထဲမှ အရေဓါတ် ခန်းခြောက် ပြီး ရေပမာဏ လျော့နဲလို့  ရှော့ခ် ရခြင်းပါ ။အဲ့ဒီအခါ စစချင်းမှာဆို ကိုယ်ခန္ဓာ လှုပ်ရှားမှု အားနည်းမယ် ၊ပျို့  အန်ချင်မယ် ၊ ချွေးတွေ အများကြီးထွက်မယ် ၊ စိတ်လှုပ်ရှားမယ် ၊ သူ့ ကို ကြည့်လိုက်ရင် ဖြူ ဖျော့နေပြီး အသားအရေ အေးစက်နေမယ် ၊ နှလုံးခုန်ချက် နှေးမယ် ၊ သွေးပေါင် ကျ မယ် ။ ပြီးတော့ ပိုဆိုးလာရင် သတိ လစ်သွားတတ်တယ် ။
အဲ့ လို ဖြစ် လာ ရင် သူ့ ကို အေးတဲ့ နေရာ၊ လေဝင်ထွက် ကောင်းတဲ့ နေရာ ၊ အရိပ်ထဲ မှာ လဲလျှောင်းနေစေရမယ် ။ ခြေဖက်ကို မြှင့် ပြီး ခေါင်းကို နှိမ့် ထား ရမယ်( Head down position ထားရ ပါမယ် ) ။ ပြီးတော့ အရည်ဓါတ် ဖြည့်ပေးရမယ် ။ (အကောင်းဆုံး ကတော့ ဓါတ်ဆားရည် ကို သောက် ရ ပါမယ် ။ ဓါတ်ဆားရည် အလွယ်တကူ မရနိုင်တဲ့ အရပ် တွေ မှာဆိုရင်တော့ ကျိုချက်ထားတဲ့ ပြီးအအေးခံထားတဲ့ ရေ ထဲ မှာ အိမ်သုံး ဆား ၊ သကြား ၊တို့  ကို ရောပြီး တိုက် နိုင်ပါတယ် ။ ဖျော်ရမဲ့  အချိုးအဆ ကို အောက် မှာ သပ်သပ် ဖေါ် ပြထားပါတယ် ) ။ တခါတည်းနဲ့ အများကြီးသောက်စရာမလိုပေမဲ့ ထွက်သွားတဲ့ ချွေး ( ရေ) ပမာဏ ပေါ် တည်ပြီး ပြန် ဖြည့်ပေးရပါမယ် ။ ဒါမှ မဟုတ် အုန်းရည် ရနိုင် တဲ့ နေရာမျိုးမှာ အုန်းရည် သောက်ပေးပါ ။ အချိုဓါတ် ၊ အငံဓါတ် ၊ ဆိုဒီယမ် ပိုတက်စီယမ် ဓါတ် တွေ ပါတဲ့ အတွက် ကြွက်သား အင်အားရှိစေပါတယ် ။ရှမ်းပြည် မှာ နေသူများကတော့ ရေနွေးကြမ်း(အကြမ်းရေ ။ အခါးရေ ) ထဲ ဆားထဲ့သောက်ကြပါတယ်။ အချိုဓါတ် အနေနဲ့ ထန်းလျှက် ၊ ကြံသကာ တို့  ကိုစားပေးပြီး ရေဓါတ်၊ အချိုဓါတ်၊ အငံဓါတ်တွေကို ပြန်ဖြည့်ပေးကြပါတယ် ။
လူတယောက် တနေ့ လိုအပ်ချက် ရေ ပမာဏ က သူ့  လုပ်ဆောင်မှု ၊ အလေးချိန် ၊ ပတ်ဝန်းကျင် အပူချိန် ကို လိုက်ပြီး ကွဲပြားနိုင်ပါတယ် ။ ပျှမ်းမျှခြင်း အားဖြင့် ၂ လီတာ မှ ၃ လီတာ ဖြစ်ပါတယ် ။
Heat Stroke ဆိုတာက ကိုယ်ခန္ဓာမှ အပူချိန်ထိန်းချုပ်ပေးတဲ့ယန္တရား ပျက်စီးပြီး ကိုယ်အပူချိန် မြင့်တက်လာ ခြင်းပါ ။သူက အသက်အန္တရာယ် ပေးတဲ့ အထိ အခြေအနေဆိုး နိုင်ပါတယ် ။
တွေ့ ရမဲ့ လက္ခဏာ တွေ ကတော့ .. ခေါင်းကိုက်မယ် ၊အာရုံတွေ ဝေဝါးလာမယ် ၊ မောပန်းနွမ်းနယ် မယ်၊ ကြည့်လိုက်ရင် ချွေး သိပ်မထွက် ပဲ အသားကခြောက်ကပ် နီရဲပြီး အလွန်ပူ နေပါမယ် ။ နှလုံးခုန် နှုန်းလည်း အလွန် မြန်နေပါမယ်။
ကိုယ်အပူချိန် အလွန်မြင့် လာတဲ့ အခါ- 40 °C (104 °F) ကျော်သွားတဲ့ အခါ သွေးလှည့်ပတ်မှု တုန့်ဆိုင်း ပြီး ရုတ်တရက် သေဆုံးနိုင်ပါတယ် ။ တချို့  မသေ ပဲ ကျန်နေရင်တောင် မှ သူ့ ဦးနှောက်ဟာထာဝရ ပျက်စီးသွားနိုင်ပါတယ်။
အဲ့လို ဖြစ်တဲ့ လူ ကို ဆေးရုံတင် ကုသ ရမှာ ဖြစ်ပါတယ် ။ ဆေးရုံ မရောက်မီ လမ်းမှာ သူ့ ကို ရေစို အဝတ်အထည် ၊ စောင် အစရှိ တာတွေ နဲ့ အုပ်ပေးထားရပါမယ် ၊ ရေခဲ ရနိုင်ရင်တော့ ပိုကောင်းပါတယ် ။ ဒါပေမဲ့ ကိုယ်အပူချိန်ကို 38.3°C (101 °F) အောက်ရောက်တဲ့ထိ ချက်ချင်းချ ပေးလို့  မရ ပါဘူး ။ အပူချိန် အလွန် နဲသွား ရင်လည်း သွေးလှည့်ပတ် မှု ထိခိုက်စေပါတယ် ။ လူ နာ ဆေးရုံ ရောက် သွား ပြီဆိုရင်တော့ ကျန်တဲ့ ကုသရေး အပိုင်းက ဆေးဝန်ထမ်းတွေ ဆက်လက် တာဝန်ယူ ပေးမှာပါ ။
ဒီလို မကြုံစဖူး ပူအိုက်နေတဲ့ နွေပူပူ မှာ အေးရာအေးကြောင်းရှာနိုင်ဖို့ နဲ့ နေထိုင် စားသောက် နိုင်ဖို့  အတွက် မမအယ်ဇီ (အမှတ်တရများ) ရဲ့  “ အညာ အဲကွန်း ” အကြောင်းကို ဖတ်ရှုမှတ်သားပြီး နည်းယူ ဖြန့် ဝေ ပေးကြ စေလိုပါတယ် ။ ဘာလို့ဆိုတော့ တတိုင်းပြည်လုံးအတိုင်းအတာ နဲ့ မဟုတ်ရင်တောင် နီးစပ်ရာရာတွေ ကနေ တဖြေးဖြေး ပညာပေး အသိပေးဖို့  လိုအပ်နေတဲ့ အချိန်မို့ ပါ ။
...................................................................................
ရေ အကျိုးဆယ်ပါး မတောင်းပဲ ပြည့်တယ်လို့ ဆိုပါတယ် ။ ဘုရားကျမ်းစာထဲ မှ အကျိုးဆယ်ပါး ကိုတော့ သေချာ မသိပေ မဲ့ ကျန်းမာရေးအတွက် ရရှိမဲ့ အကျိုးဆယ်ပါး ကို ပါ တဆက်တည်း ဖြန့် ဝေ ခြင်ပါတယ် ။
ရေအကျိုးဆယ်ပါး @ Benefits of drinking water { ဆရာ ဇီဝက(ဆေး၂ ) } ထံမှ ကူးယူ ဖေါ်ပြပါတယ် ။
လင့်က ဒီနေရာ မှာ ရှိပါတယ် ။ http://ziwakka.mylovecafe.com/2009/12/23/benefits-of-drinking-water/#comments
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
“ ရေအကျိုး ဆယ်ပါး ”
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
* ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
* ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။
...........................................................................................
ဆုံးရှုံးသွားတဲ့ အရည်ဓါတ် အတွက် အသင့်သုံး ဓါတ်ဆားရည် များနဲ့  ဖြည့်စွက်ပေးဖို့  အဆင် မပြေပါက အိမ်မှာ ပဲ အလွယ်တကူ ဖေါ်စပ်နိုင်ပါတယ် ။
( အိမ်တွင်း ဓါတ်ဆားရည် ဖျော်နည်း)
-ထမင်းစား စတီးဇွန်း ဖြင့် သကြား(၂) ဇွန်း (၂၅-၃၀ ဂရမ်)၊ လက်ဘက်ရည်ဇွန်းဖြင့် ဆား ဇွန်းတစ်ဝက်(၁.၇ ဂရမ်)၊ အအေးခံထားသော ရေကျက်အေး တစ်ပုလင်း (၇၅၀ စီစီ) တို့ကို ရောသမပါ။
(သို့မဟုတ်)
-(၇၅၀ စီစီ) ခန့် ထမင်းရည် ထဲသို့ ဆား လက်ဘက်ရည်ဇွန်း တစ်ဝက် ကို ရောပါ။
(၀မ်း တစ်ကြိမ်သွားပြီးတိုင်း ဆုံးရှုံးသွားသော အရည်များကို အစားထိုးနိုင်ရန် ဓါတ်ဆားရည် သို့မဟုတ် ထမင်းရည် အနည်းဆုံး တစ်ဖန်ခွက် သောက်သုံးသင့်သည်။)
Ref : “အခါအခွင့်သင့် ရောဂါများ ကာကွယ်ခြင်းနှင့် ကုသခြင်း - WHO”
..................................................................................
ဓါတ်ဆားရည် ဆိုတာ က ဝမ်းလျှော ဝမ်းပျက် ခြင်းမှာပဲ သုံးရတာ မျိုးမဟုတ်ပါဘူး ။ ကိုယ်ခန္ဓာမှာ ချွေးထွက်လွန်လို့  ဆုံးရှုံးသွားတဲ့ ဓါတ်များ( အချိုဓါတ် ၊ အငန်ဓါတ်များ) ကိုလည်း ပြန်ဖြည့်ပေးပါတယ်။
“ဥတု ရာသီ တောကို မှီ၏ ” ၊ ဒါပေမဲ့ ခုနေခါမှာ “ တော ပြုန်း တော့ ၊ မောမဆုံး ” ဖြစ် နေကြ ပါပြီ ။
“ သစ်တပင်ကောင်း တော့ ငှက်တစ်သောင်း နားနိုင် ၏ ” လို့ ဆိုကြတယ် ၊
ခုတော့ သစ်တပင်ခုတ်တော့ ငှက်တင်မက လူအမျိုးတွေ ပါ ပြုတ် ရတော့ မဲ့ ကိန်း ဆိုက် နေ ပြီ ဖြစ်လို့  အမျိုး မပြုတ် ရေး အတွက် တတ်နိုင်တဲ့ ဘက်မှ ပါဝင် ကူ ညီ ကြ နိုင် ပါစေကြောင်း ဆန္ဒပြု ပါတယ် ။
18 comments:
အရမ်းဗဟုသုတရတာပဲ ဖွားကိရယ်..
အိမ်က အငယ်တွေနဲ့ အမေဖတ်ရအောင် ပရင့်ပါထုတ်လိုက်တယ်။း)
ကျေးကျေးစ် ဘွားဇ်။
ကျေးဇူးနော်..ကိကိ..
မေးနဲ့ပို့ပေးမယ်။မြန်မာပြည်ကလူတွေဆီ
မြတ်နိုး
မကိရေ..
တအားဗဟုသုတရတယ်..
အိမ်နဲ့ဖုန်းဆက်ရင်း အခုပဲ ပြန်ပြောပြလိုက်တယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
ကိကိရေ လာဖတ်သွားတယ်။ ရေလှူသူတွေကို နှောင့်ယှက်တယ်ဆိုတာ ကြံ့ဖွံ့အလံတင်ပြီး လှူမှ လှူခွင့်ရတာကို ပြောတာလား။ ကျွန်မလည်း ဒီမနက်မှ ဖတ်ရပြီး အကုသိုလ်ရလိုက်သေးတယ်။ ဇိဝက ပို့စ်လေးက တော်တော်ကောင်းတာပဲ အခုမှ သတိထားမိတယ်။ မေးခွန်းအမြဲဖြေပေးနေတဲ့ ဇိဝကတယောက်လည်း အခုတလော ပျောက်နေလို့ Public Health in Myanmar မှာ သူများမေးခွန်း လာမေးရင် ညွှန်းပေးလိုက်မယ်။ ကိကိပို့စ်တချို့ကိုလည်း ညွှန်းပေးလိုက်မယ်နော်။
အစ်မရဲ့ ပိုစ့်ကို မနက်အိပ်ရာနိုးနိုးချင်းလာဖတ်တာ
ဖတ်နေရင်းနဲ့ "အိပ်ရာမှနိုးနိုးချင်းရေသောက်ပါ" ဆိုတဲ့နေရာလဲ ရောက်ရော ရေမသောက်ရသေးတာ သတိရပြီး ရေပြေးသောက်မိပါတယ်..
ကျေးဇူး ... သတိပေးလို့..ဟိဟိ
အစ်မရေ..
အကျိုးရှိမဲ့အကြောင်းအရာလေးတွေပါ
ခုနေခါမှာ သိပ်ကိုလိုအပ်ပါတယ်နော်..
အားလုံးကိုယ်စားကျေးဇူး..
ပျက်စီးသွားတဲ့ ကမ္ဘာကြီးကို လူတွေကဘဲ ပြန်လည် ထိမ်းသိမ်းစောင့်ရှောက်ကြရမှာပါ.. လူသားတိုင်းမှာ တာဝန်ရှိပါသည်။
ဒီပို့ စ် လေးကိုကျိုးစားပြီးအိပ်ရေးပျက်ခံ ပင်ပန်းခံပြီးရေးတင်လိုက်တဲ့ မကိကိုကျေးဇူးတင်ပါတယ်ဗျာ မနက်လင်းခါနီးထိရေးပုံရတယ် မကိရဲ့  စေတနာတွေ မြင်လိုက်ရတယ် ကျနော်တို့ ရွှေပြည်ကြီးကေ၇ရှားပါးမှုနောက်ဆက်တွဲ ကျမ္မာရေးဘေးဒုက္ခတွေအတွက်ကာကွယ် နိုင်ဘို့  အခုလိုအသိပညာပေးစာစုတွေကြောင့် ဗဟုသုတအများကြီးရပါတယ် ရွှေပြည်ကြီးမှ သက်ဆိုင်သူများလဲ စိတ်ကောင်းစေတနာကောင်း များနဲ့ အတိဒုက္ခရောက်နေကြတဲ့  ပြည်သူတွေကို အတတ်နိုင်ဆုံးကူညီကြပါလို့  တိုက်တွန်းနှိုးဆော်ပါရစေ
ဒီလာပြီး ရေသန့်ဗူးရောင်းမှပဲ...post ဖတ်တဲ့သူတွေ
ရေသောက်ရလွယ်အောင်လို့...
ဗဟုသုတ အများကြီးရအောင် စုံနေအောင်ရေးပေးသွားတဲ့ မယ်မယ်ကိ့ ကိုကျေးဇူးးအထူးတင်ရှိပါကြောင်းးး
ကိကိရေ
ရန်ကုန်က လူတွေက ဒီလောက်ပူတာ မကြုံဖူးဘူးလေ ဒီတော့ မသိကြဘူး။
ဓါတ်ဆားရည်က ဝမ်းသွားမှ သောက်ရတာလို့ ထင်တဲ့လူက ထင်ပဲ။
သကြား ၂ဇွန်း ဆားတဇွန်းလား မေ့နေလို့ မှတ်သွားတယ်။
မအယ်
တော်လိုက်တဲ့ ကိကိလေး။ အရမ်းကောင်းပြီး ဗဟုသုတရတဲ့ ပို့စ်လေးမို့ လက်ဆင့်ကမ်းလိုက်မယ်နော်။
ရေမရှိတဲ့အရပ်မှာ ရေများများသောက်ဖို့ ရေတွေလှူကြတာလည်း အသက်ကယ်ခြင်း တစ်မျိုးပါပဲ။
ပို့စ်လေးက ဗဟုသုတ ဖြစ်ဖွယ်ပါပဲ အိမ်ကို ဖုန်းဆက်ရင် ဆောင်ရန်ရှောင်ရန် ပြောပြလိုက်အုံးမယ်
အဲ့ လို ဖြစ် လာ ရင် သူ့ ကို အေးတဲ့ နေရာ၊ လေဝင်ထွက် ကောင်းတဲ့ နေရာ ၊ အရိပ်ထဲ မှာ လဲလျှောင်းနေစေရမယ် ။ ခြေဖက်ကို နှိမ့် ပြီး ခေါင်းကို မြှင့်ထား ရမယ် ။
မကိ ရေ နီးစပ်တဲ့ သူတွေ ဝေဘို့ အခုဘဲ riso လှိမ့်လိုက်တယ်.. ဆရာဝန်မ တယောက် လည်း ပါလို့ ဖတ်ခိုင်းလိုက်တယ် ...
ဆရာမ က ခြေဖက်ကို မြှင့်ပြီး ခေါင်းကို နှိမ့် ထားရမယ်လို့ ပြောတယ်... ကိ နဲနဲ ပြန်စစ်ပေးပါအုန်း...
ကိ စီက လာရင် ဝေလိုက်တော့မယ်နော်
အားလုံးအတွက် ကျေးဇူးပါနော်
ရွှေစင်
ဒေါ်ကိက ရေဘူတာကိုဆိုက်ပါရော့လား..ရေကုသိုလ်..နဲ့ ရေအကျိုး အများကြီးရှိတာတွေကို သိလာရလို့ကျေးဇူးအထူးပါခင်ဗျာ..ခုပဲရေထသောက်ရင်း ရေခမ်းခြောက်အောင် တဖြေးဖြေး လုပ်တဲ့သူတွေကို မေတ္တာပွားများနေမိပါတယ်...*=+_--&%$;;;;""'#..တွေ..မြန်မြန်..
ဟုတ်ပါတယ် မရွေစင်ရေ ..ည က အ လော သုံးဆယ် ရေးလိုက်တာ .ပြန်မစစ် မိလိုက်ဖူး.. ခြေဖက်ကို မြှင့်ပြီး ခေါင်းကို နှိမ့် ထားတာ က မှန်ပါတယ် . (Head down position ပါ.)
ခုလို အမှားထောက်ပြ တာ ကျေးဇူး တင် ပါတယ် ..
ပြန် ပြင် ထားလိုက်ပါပြီ.. ။ နောင်လည်း မှားနေတာ တွေ့ ရင် ပြောပါ ။ ပျက်အစဉ် ပြင်ခဏ .. အမှတ်မှားကုန်ရင် ခက်မယ်လေ ..
ဗဟုသုတအဖြစ် တော်တော်မှတ်သားသင့်ပါတယ်။ ဓါတ်ဆားရည်ဖော်နည်းလမ်းလေးလဲ မှတ်သားမိပါတယ်။ မကောင်းတဲ့သတင်းတွေပဲကြားနေရတယ်နော်။ စိတ်ဆင်းရဲရပါတယ်။ ရွာမှာဆို နွေရာသီဆို ရေတွင်းက အမြဲခမ်းနေကြ။ မိုးမရွာရင် ဘယ်ရေသွားသုံးကြတယ်မသိဘူး။ မြန်မာနိုင်ငံကြီး လူဆိုးလူမိုက်တွေ လူကောင်းတွေဖြစ်လာနိုင်ကြပါစေလို့ ဆုတောင်းရမှာပဲနော်။
ဟုတ်ကဲ့ တနေ့ကိုရေ ၁၂ခွက်သောက်ပါ့မယ်
ကျေးဇူးတင်ပါတယ်...
မှတ်သားစရာကောင်းလွန်းလို့ ကော်ပီဆွဲသွားတယ်နော် မမကိကိ...အိမ်က လူတွေကို ပြောပြချင်လို့ပါ...
မျှဝေပေးတဲ့ င့ါအစ်မလည်း ထာဝရ ရေလို အေးချမ်းပါစေ...
ဂျင်ဂျင်း
မကိရေ...အရမ်းကို ကျေးဇူးတင်ပါတယ်...အိမ်သားတွေကို မျှဝေလိုက်မယ်နော်..
Post a Comment