သင်္ကြန်အခါရောက်ပြန်ပါပေါ့ ။ ဒီအချိန်ခါရောက်တိုင်း သင်္ကြန်ပိုးက ရိုးတိုးရွတ ထ နေတတ်သေးတယ် ။ တုံချမ်းချမ်း သံကြားရရင် စိတ်ထဲ ဘယ်လိုပျော်မှန်းမသိ ။ ဝီစီသံ တပီပီ နဲ့ ဟိုဟို ဒီဒီ သွားလာ ဆော့ကစားနေကြသူတွေ မြင်ရရင် အိမ်ထဲမှာ ဘယ်လိုမှနေလို့ မရ ။ ပြူတင်းပေါက်က ချောင်းကြည့်ရတာ အမော ။ သင်္ကြန်မတိုင်မီကတည်းက နို့ ဆီခွက်လွတ်ကို အပေါ်ဖုံးဖြုတ် ၊ အနားညီအောင် သံမံသလင်းနဲ့ ပွတ် ၊ လက်နဲ့ ကိုင်လို့ကောင်းအောင် လွတ်မထွက်သွားအောင် ရာဘာပြား နဲ့ချည်ပြီး အဆင်သင့်ပြင်ထားရတာလည်း အမော၊ နောက်တော့ ရေပြွတ်လေးတွေဝယ်ဖို့  မုန့်ဘိုးစုရတာလည်း အသည်းအသန်ပါပဲ ။ ခုတော့ .... ငယ်ငယ်ကလို ရေမကစားရတော့ပေမဲ့ နှစ်စဉ် ဒီအချိန်ရောက်တိုင်း ငယ်ငယ်တုန်းက သင်္ကြန် ကိုပဲ လွမ်းနေမိတယ်။ ဒီတော့ ..ဒီတော့ စိတ်ထဲရှိရာတွေးမိတာတွေ ရေးမိပြန်ပါတယ် ....
တို့ ငယ်စဉ် တာသင်္ကြန်ပွဲ ၊ ရေတွေရွှဲပေမဲ့ ၊သဲသဲမဲမဲကဲခဲ့ကြပေါ့ ၊
မဏ္ဍာပ်စုံလင် ရေသဘင်နဲ့ ၊ ဘဝင်ခိုက်ခိုက် ၊ ရှိုက်ကြီးဖိုငင် အသွင်သွင် ၊
ပျိုပျိုခင်များ ၊ လှပ ဝတ်ဆင် ရှိုးပြင် နေပြ အခါတွင်းဝယ်၊
ပိုက်ကြီးပိုက်ငယ် အသွယ်သွယ်နဲ့ သင်္ကြန်ရေဖျန်း လန်းနေကြတုံး ၊
အရွယ်ငယ်သေး ပိစိကွေးကွေး ကလေးများက ၊
ခွက်စုတ်လေးနဲ့  ပက်တာလောက်တော့ ရယ်တာပေါ့ လို့  အော်ခဲ့ကြတယ် ပျော်ကြတယ် ။
ဘူးဘောင်းမရှိ ရေကောင်းပါဘိ နဲ့ ၊ဘီယာမရောင်း ၊သေရည်စာ မရောင်း၊
အယူဟောင်း မပါယ် ချစ်စဖွယ်ဓလေ့ ပျော်ရွှင်မွေ့ စွာ ၊
သူငါ ယဉ်ကျေး ပြောဆိုပေးလို့  ကလေးလည်းပျော် ၊ ခွေးလည်းပျော်ပေါ့ ။
သင်္ကြန် ကြို ကျ ကြတ် တက် ဤ ၄ ရက် လုံး ၊
ပြုံးရွှင်ပျော်မြူး နှစ်သစ်ကူးတော့ ၊
တောရောမြို့ပါ နေရာအနှံ့ ရေကစားကြ ။
သင်္ကြန်ကြိုတေး လက်ဆေးမိုးအေး၊ ရွာချပါက ပိုပျော်ကြ၏ ။
ရိုးရာ တစ်မျိုး သင်္ကြန်တာအိုး အိမ်တိုင်းထိုးလို့ ၊ သိကြားမင်းကို ကြိုကြတယ် ၊
သက်ကြီးရွယ်အို ထိုထို လူအများ ကျောင်းကန်သွားလို့ ၊
ဥပုသ် သီလ ဆောက်တည်ကြပေါ့ ၊ ကုသိုလ်ရအောင် ဆိုကြတယ် ။
စတုဒီသာ ဟိုမှာဒီမှာ ၊ အလှူမဏ္ဍပ် တရစပ်မို့ ၊
မပြတ်လပ်အောင် ခပ်သွက်သွက်လွေး ရွှေရင်အေး ၊
ဟိုပေါ် ဒီပေါ် မုန့် လုံးရေ ပေါ် ၊ တော်သလိုလုံး တပြုံးပြုံး နဲ့ ၊ဖုံးဖိပြီးထဲ့ ငရုတ်သီးကွဲ့ ၊
ကြံသကာ ၊ ထန်းညက်ခဲ ၊အုန်းသီးနဲ့တွဲဖက် အလွန်မက်ပေါ့ ၊ဗိုက်ကွဲ မတတ် ဆွဲခဲ့ကြ ။
အသားများများ ကြာဇံဟင်းခါး ၊အလီလီစားပေါ့၊
ရခိုင်မုန့် တီ အစီအရီလဲ မအီလေတော့ တွယ်ပေပေါ့ ။
ရေစိုဝတ်နဲ့ တနေကုန် ဆော့ကစား မျောက်ရှုံးများတို့ ၊
ဖျားနာခြင်းလည်း အလျှဉ်းမရှိတာ ၊ သင်္ကြန်ရေရဲ့  အစွမ်းပါဗျ ၊ ညဥ့်နက်တဲ့ထိ ပွဲဆက်ကြည့်ပေါ့ ။
ဟောဗျ လာပြီ ၊ တန်းစီစောင့်ကြ ၊ ဆုပေးမဏ္ဍပ် အထပ်ထပ်မှာ ဝင်ကာကဖို့ ၊
အလှပြကား ဘော်ဒီဆန်းပြား၊ ဒီဇိုင်းအစုံမယ် လျှပ်စစ်မီးသွယ်၊
တူရိယာအမယ် စုံလင်ပါသား ၊ ပြင်ဆင်ထူးခြား သင်္ကြန်ကားများ ။
ညဘက် အလှပြ ၊ ဘဝ ၊ ဟာသ ၊ အက သံချပ် အစုံစပ်လို့ ၊
ကပ်သပ် ပြိုင်ဆိုင်၊ အော်ခဲ့ကြတယ် ။ ဆော်ကြတယ် ။
ခေတ်ကို သရော် ခပ်ပျော်ပျော်ပဲ၊ ဘယ်ငနဲမှ လာမဆွဲဘူး ။
ပွဲတိုင်း နွှဲတိုင်း ဆိုင်းဝိုင်းမြိုင်ပြီး လက်ခုပ်တီးပေါ့ ၊ ကြီးငယ်မရွေး ပျော်နိုင်သေး ။
နှစ်ဆန်း တစ်ရက် မပျက်ရောက်တော့ ၊ မျက်မှောက်ကုသိုလ် မျှဝေယူဖို့  ၊
ဘုရားသွား ကျောင်းတက် ဥပုသ်ဆက်ကာ ၊ ငှက် နွား ငါးများ ဘေးမဲ့ထားဖို့ ၊
နိုးနိုးကြားကြား ပြုကြတယ် ။
သက်ကြီးရွယ်အို ချေးညှော်ကင်းအောင် ကူဖေးသုတ်သင်ပေးကြတယ်၊
ရပ်ကွက် အတွင်း၊ ဘေးရန်ကင်းအောင် ၊
ကမ္မဝါအမှန်ဖတ် ၊ ပရိတ်ရေဖြန်း သန့် ကြတယ် ။
ခုခေတ် ခုခါ သင်္ကြန်မှာတော့ ၊ ဘယ်ပုံ ဘယ်ဝါ ရှိမယ် မသိ ၊
ခေတ်ပြောင်း စနစ်ပြောင်း လူတွေပြောင်းတော့ ၊
ရှေးဟောင်းအယူ သတိမူ ၊ သူသူငါငါ မနည်းသွားစေဖို့ ၊
ကမ္ဘာတည်သရွေ့  မြန်မာဟေ့လို့  ၊
အားမာန် ဟန်တင်း မြင်စမ်းချင်ပ ၊
တို့ ငယ်စဉ်ကနွှဲ ၊ သင်္ကြန်ပွဲ ။
( ယနေ့  သင်္ကြန် အကြို နေ့ တွင် ၊ ငယ်ငယ်တုန်းက ပျော်စရာ သင်္ကြန်သို့  အမှတ်တရ ရေးပါသည် ။ နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားများ ဘေးဘယာကင်းကွာ၍ လွတ်လပ်ပျော်ရွှင်ကြပါစေ )
21 comments:
သင်္ကြန်မှာ အချစ်နမ်းလေးတွေနဲ့ ကိကိ ကို ပေးချင်တယ်
သြော်...
ပျော်စရာအတိပြီးတဲ့ ငယ်ဘ၀သင်္ကြန်...
အခုခေတ်လူငယ်တွေဒီလို ခံစားမှုမျိုးမရနိုင်တော့ 
ဘူးလေ.....
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ ပါစေဗျာ...
ကျွန်တော်တော့ သင်္ကြန်ရက်အလုပ်မနားရလို့ တစ်ယောက်
တည်းငေါင်တောင်တောင်ဖြစ်နေပါ၏...
သင်္ကြန်ကို လွမ်းနေတယ်.မြန်မာပြည်မှာသာဆို အခုအချိန် ကလေးတွေနဲ့ လိုက်ကဲရမှာ..။
ကိကို အနားနီးရင် ရေလာလောင်းတယ်..ဝေးနေလို့ ဟင်းဟင်းး;D
အတာရေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ.. စိတ်ညစ်စရာအားလုံး ပြေပျောက်ပါစေ..။
မကိချစ်တဲ့မေမေလည်း ချမ်းမြေ့ပါစေ.။
မကိလည်း စာတွေအများကြီးထပ်ရေးနိုင်ပါစေ..။
အီးဘွတ်ကြီးလုပ်ပြီးရင်လည်း လသာညဆီ ပေးနိုင်ပါစေ.. (ဒါလည်း အရေးကြီးတယ်းD)
ပစ္စုပ္ပန်..တုန်တုန်ချမ်းလေးတွေကြည့်နေလို့..
အတိတ်က အိုးမော်ဒယ်ကြီးတွေ မလွမ်းတော့ပါဘူးကွယ်
အဝေးရောက် မြန်မာများအဖို့ ပြန်ပြီး မြင်ယောင် မှန်းဆ လွမ်းရလောက်အောင် ရေးတတ်ပါပေတယ် အစ်မရေ...အရင်လို အရမ်းကို အပြစ်ကင်းပြီး လွပ်လပ်စွာ မြန်မာဆန်ဆန် ပျော်လို့ ရတဲ့ သင်္ကြန်မျိုး ပြန်လိုချင်လိုက်တာ...နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်နိုင်ပါစေ...
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျို့.........................................
မမရေ...
မမစာလေးဖတ်ပြီး ငယ်ငယ်က သင်္ကြန်ကို လွမ်းသွားတယ်... ညဘက် အိမ်နားက မြို့နယ်မဏ္ဍပ်မှာ လျှောက်ကြည့်တာ မမြင်ရလို့ အစ်ကိုကို မြှောက်ခိုင်းတာတွေပါ သတိရသွားတယ်... ;(
မင်္ဂလာရှိသော နှစ်သစ်များစွာကို ပိုင်ဆိုင်တဲ့သူ ဖြစ်ပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေးပါတယ်...
ဒီမှာတော့ သင်္ကြန်ကိုသတိရနေတယ်ပေါ့လေ။ လိုင်းထဲမှာတော့ ပုန်းနေတယ်။ ကဲ.ရေလာလောင်းပြီ (((((((ဗွမ်း((ဗွမ်း((ဗွမ်းးးးး)))))))))))
ဂလုံ.. ဂလွမ်.. အဟီးး ခွက်တွေပြုတ်ကြကုန်ပီ။
အမ ကိကီတစ်ယောက် နှစ်သစ်မှာ စိတ်သစ်လုသစ်ဖြစ်ပါ စေသတည်းးး))))
မကိရေ
သင်္ကြန် ကတော့ ရိုးရာပျက်တာ ကြာလှပါပြီ
စိတ်ကူးထဲက သင်္ကြန် ပွဲလေးနဲသာ ပျော်နေပေရော
ရေတွေလောင်းလိုက်တယ်နော် နှစ်ကူးမှာ ပျော်မြူးပါစေ
ခင်တဲ့
ရွှေစင်
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မကိရေ....
ရေလောင်းသွားပါသည်....
ငယ်ငယ်ကသင်္ကြန်ကိုပဲ လွမ်းတယ်။
မကိ ကဗျာက ပြည့်စုံလိုက်တာ။ အကုန်ပါအောင် ရေးနိုင်တယ်။
ခုခေတ် သင်္ကြန် ဘယ်ပုံဘယ်ဝါဆိုတာတော့ သိတဲ့အတိုင်းပဲ မကိရေ။
မကိကို ချေးညှော်ကင်းအောင် သင်္ကြန် ရေအေးအေးလေးနဲ့ လောင်းပြီး ကူဖေးသုတ်သင်ပေးလိုက်ပါတယ်။ :P
မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေ ... ။
ပျော်ရွှင်ဖွယ်သော နှစ်သစ်ဖြစ်ပါစေ။
မကိရေးတဲ့ ဒီစာစုလေးက ကျနော်တို့ ငယ်တုံးက သကြန်ပုံရိပ်တွေထင်ဟပ်နေတယ်နော် တော်တော်လည်းပြည့် စုံတယ် ရေးထားတာ တကယ်လို့ များ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးထူထောင်ဖြစ်မယ် ကျနော်တို့ လဲ မှီဦးမယ်ဆိုရင် မကိရဲ့ ဒီစာစုလေးကို သကြန်မှာ သံချပ် အဖြစ်ပြောင်းလဲပြီးဒီနေလူငယ်တွေ ရင်ဘတ် ထဲကိုထည့် ပေးလိုက်ချင်တယ် နှစ်သစ်မှာ ကမ္ဘာသူကမ္ဘာသားအားလုံးပျော်ရွှင်ချမ်းမြေ့ ပါစေ ဘော်ဘော် သုဒြေ
အမား...............
ဂွတ်ရှယ် ပဲ ရေး ဖွဲ့  ထားတာ၊
ရင်ဘတ်ကြီး တည့် တည့်  မှန်တော့ တာပဲ။
ပြော ချင်နေတာ ဒါမျိုးဗျ ၊ တစ်ချိန်ချိန် မှာ
တဖြေးဖြေး ပြန် လုပ်ယူ လို့ ရပါတယ်၊
ကျွန်တော် တို့ ဆီ မှာ သင်္ကြန် နဲ့ ပတ်သက် တဲ့ 
ရေခံ မြေခံ ကောင်း တွေ ရှိ ပြီးသား ပါ နော.....။
ကွယ်ပျောက်စ ပြုနေတဲ့ သင်္ကြန်ပုံရိပ်တွေကို ဒီစာစုထဲမှာ ပြန်မြင်လိုက်ရတယ်။ အကအလှ ပြိုင်တာတွေ ဆုပေးပွဲ လုပ်တာတွေကို မှီလိုက် ပါသေးတယ်။
သင်္ကြန်နားနီးရင် နို့ဆီခွက်တွေကို ကြမ်းပြင်နဲ့ တိုက်ပြီး အဖုံးချွတ် သားရေ ပတ် တွေ ပတ်ကြနဲ့ တက်တက်ကြွကြွ ပြင်ဆင် နေတာတွေလေ ဘယ်တော့မှ ပြန်မရနိင်တော့ ပါဘူးအမရေ။
ဖတ်ရင်း အတိတ်ကိုတောင် တော်တော်လေးလွမ်းမိသွားတယ်ဗျာ
ဟင်းးးးးးးးး.......ဒီတစ်ခါတော့ လွမ်းရုံတင် မဟုတ်တော့ဘူး...ငိုပါငိုချင်သွားတယ်...
ဘာပဲပြောပြော ငါ့အစ်မကိုတော့ ရေလောင်းသွားမှပါ...
ရှူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး (ရေပိုက်နဲ့ထိုးသွားတာနော်...တစ်ညိုးမထင်နဲ့..:D
ဂျင်ဂျင်း
ကိရေ..နှစ်သစ်မှာပျော်ရွှင်ပါစေ..
ရေလာလောင်းသွားတယ်..ပိတောက်နံ့ထည့်ထားတဲ့ရေနဲ့..
မွှေးမွှေးလေး..ဟဲဟဲ
မြတ်နိုး
ငယ်ငယ်တုန်းကပျော်စရာသင်္ကြန်ချိန်လေးတွေကို လွမ်းလိုက်တာ
မကွိစ်ရေ.....
အနော်လည်း....... လွမ်းဒယ်ဗျိုးးးးးးးးးး
နှစ်သစ်မှာ အစစ အဆင်ပြေပါစေ၊ စိတ်ချမ်းသာပါစေကြောင်း ခင်မင်ရတဲ့ ဏလည ဆုတောင်းပေးသွားပါတယ်.............။
ရေလောင်းသွားသည်ဗျိုးးးးးးးးး
ကိုင်းလာလေရော့................
ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို
ဒေါ်ကိ ငယ်သင်္ကြန်လေးကို ပြန်လွမ်းသဗျာ ရင်ထဲမှာ တကယ့်ပျော်ရွှင်မှုတွေ နည်းလာတော့ အပျော်တုတွေအဖြစ် လူတွေက အရက်သေစာပိုသောက်လာကြသလားပဲ ခု မိန်းမငယ်လေးတွေတောင် အလွတ်အကျွတ်သောက်ကြတယ်ဗျ.
အရက်ဆိုတာ အဲ့လိုမျိုး အလွတ်အကျွတ်သောက်ရတယ်လို့လဲ ဓလေ့တခုအဖြစ် ရင်ထဲစွဲနေကြလို့ ရုပ်ရှင်တွေ စာနယ်ဇင်းတွေထဲမှာတွေ့နေကြရလို့ အတုခိုးလုပ်ကြတာမျိုးလဲ ပါမှာပေါ့ဗျာ ဘာပဲဖြစ်ဖြစ် စိတ်ထဲက တကယ့်ပျော်ရွှင်မှုကိုရဖို့ဆို လူတွေအားလုံး လွတ်လပ်ငြိမ်းချမ်းပြည့်စုံမှသာပျော်မှာပါ.ကျနော်တို့ငယ်ငယ်ကမပြည့်စုံပေမဲ့ ခုခေတ်ကလေးတွေက ပိုသနားစရာကောင်းနေမလားမသိပါဘူးဗျာ..
မြန်မာနိုင်ငံသားတွေ အားလုံးတကယ်ပျော်နိုင်ကြပါစေ...
Post a Comment