မပြောမပြီး ပြောလည်းမပြီး ၊ ပြောပြန်တော့လည်း ပြောသူလွန်ရာကျပါတယ် ။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အထဲမှာ ဒီလိုကိစ္စမျိုးတွေလည်းပါ ပါလိမ့်မယ် ။ အားလုံး သိနေပြီးသား အရာတွေပါပဲ ။ မြင်ဖူးတဲ့သူတွေလည်းရှိကြမှာပါ ။ ဒါပေမဲ့ မမြင်ဖူးသေးတဲ့ သူများ ရှိကောင်းရှိပါလိမ့်မယ် ။ မြင်လိုက်ရလို့ ရော ဘာတွေ အကျိုးရှိသွားမလည်း လို့ ဆိုချင်သူများ ရှိပါလိမ့်မယ် ။ ဘာမှတော့ အကျိုး မရှိသွားပါဘုး ။ အပြစ်ပြောချင်စရာတွေ သာဖြစ်လာနိုင်ပါတယ် ။ ဘာလို့ လည်းဆိုတော့ ဒီတခါ လွမ်းရတဲ့  ပုံရိပ်တွေက ဘာတခုမှ မျက်စိပသာဒ ရှိစရာတွေ မဟုတ်လို့ ပါပဲ ။အမေကျော် ဒွေးတော်လွမ်း တာ မဟုတ်ရပါဘူး ၊ တကယ်ပါ ။ ကိုယ့်ပြည် ကိုယ့်ရွာမှာ ဒီလို မြင်ကွင်းတွေ တွေ့ နေရတာ စိတ်မကောင်းစရာပါ ။ ၂၁ ရာစု နှစ်ကြီးထဲမှာ ကမ္ဘာနဲ့ ရင်ဘောင် တန်း မလိုက်နိုင်တာ တောင်မှ နောက်မှာ သိပ်ပြတ်ပြီး ကျန်မနေသင့်တော့ ဘူး လို့  စဉ်းစားမိလို့  ၊ဒီမြင်ကွင်းလေးတွေကို အားမလို အားမရ နဲ့  ဖြစ်မိ ရတာပါ ။ နှစ်ပေါင်းများစွာ ကြာနေခဲ့တဲ့ အတိတ်က ပုံရိပ်များနဲ့  ယှဉ်ကြည့်ပြီး တိုးတက်မှု နဲ့ ဆုတ်ယုတ်မှုတွေ ကို ရေချိန်ထိုးပြီး ကြည့်လိုက်မိလို့  လွမ်းရတဲ့  ပုံရိပ်များ ကို ခုလက်ရှိ ပုံလေးများ နဲ့ တွေးမြင်ကြည့်လိုက်ကြရအောင် ...(ပုံရိပ်ဟောင်းတွေကတော့ စုဆောင်းထားတာ မရှိလို့  ၊ ကိုယ်သိထားခဲ့ တဲ့  ပုံရိပ်ဟောင်းတွေကိုပဲ တွေးကြည့်ကြစေလိုပါတယ် ).
ဆွေမျိုး နဲ့  မိတ်ဆွေ တချို့  မကျန်းမာကြလို့  ဒီတခါ ရွာအပြန်မှာ နေ့ တိုင်းလိုလို ဆေးရုံတွေ ဆေးခန်းတွေ ပဲ ရောက်ခဲ့တာ များတယ် ။
ရန်ကုန် ပြည်သူ့ ဆေးရုံကြီး။
ကျောင်းသားဘဝက နေ့ စဉ်ဝင်ထွက် ပညာ ဆည်းပူးခဲ့ ရတဲ့  နေရာ တခုထဲမှာ အရောက်ဖြစ်ဆုံး နေရာပေါ့ ။ သူကတော့ နှစ်တစ်ရာကျော်ခဲ့ပေမဲ့  ကျားကုတ်ကျားခဲ အသက်ဆက်နေရဆဲပါ ။ ဆေးကုန် ဆေးမစုံ နေကြတဲ့ ဆေးရုံတွေထဲ တခုအပါအဝင်ပေမဲ့  အသပြာ ခန်းနေကြတဲ့  ကျောမွဲတွေ အတွက် ကောက်ရိုးတမျှင်ပေါ့ ..ဒီနေရာက အကွက်ကောင်း နေရာကောင်းဆိုတော့ သူလည်း မျက်ခုန်းတလှုပ်လှုပ်ပဲတဲ့လေ ။ ပြည်သူ့ ဆေးရုံ ဆိုတဲ့  အမည်မှ “ပြည်” ဆိုတဲ့ စာလုံးတလုံး ဖြုတ်ခံရနီးနေပြီလား မသိ ။
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးရုံကြီး။
ဒီခေတ်ကြီးမှာ ဦးနှောက်ဖေါက်စားကြသူများ နဲ့  ဖေါက်စားခံရသူများ အတော်လေးပိုများ လာကြလို့  ရွှေရွာကြီးက ဒီနေရာလေးဟာလည်း အတော် အရေးပါတယ် ။အဲ့ဒီက အထူးကုကြီးက အလွန်တော်တယ် ဆိုကြတယ် ။
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန ။ ရွှေပြည်သားများ အဖြစ်အများဆုံး ကူးစက် ရောဂါကြီးတခု ။ သေဆုံးမှုတွေလည်း ကြောက်ခမန်းလိလိပဲ ။ ခေတ်မှီဆေးဝါးတွေ ပေါ်ပေါက်နေပြီ ဖြစ်လို့  ကမ္ဘာ့ နိုင်ငံတော်တော်များများ မှာအောင်မြင်စွာကုသ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ပြီ ဖြစ်ပေမဲ့ ...ရွှေနိုင်ငံတော်က တာဝန်ရှိသူများက အားထုတ် ကူညီသော်လည်း အားလုံးကို မစောင့်ရှောက်ပေးနိုင်သေး ။ တီဘီကုဆေးတွေက ဈေးကြီးလွန်းတာကြောင့် ထုတ်ပေးထားတဲ့  ဆေးများက မှောင်ခိုဈေးကွက်သို့  ရောက်ပြီး ဆီ ဆန် ဆား ဟင်းစားများအဖြစ် အသွင်ပြောင်းလိုက်ကြရတဲ့  ကျောမွဲများ ရောဂါပျောက်ချင်ကြပေမဲ့  လောလောဆယ် ဝမ်းစာက ပိုအရေးကြီးနေကြလို့ ဆေးမသောက်ဖြစ်ကြ ..ရောဂါ ပိုပွားကြ နဲ့  သံသရာ လည်နေဆဲ။
သွေးရောဂါ အထူးကုဌာန ၊ ဗဟို အထူးအရေပြားရောဂါ အထူးကု ဌာန ။
ဒီရောဂါများတွေလည်း များပါတယ် ။ လူနာတွေ များတယ် လို့ ဆိုချင်တာပါ ။ အဆောက်အဦးကိုကြည့်ပြီး အမြင်မသေးကြစေလိုပါ ။ အသက်ပေါင်းများစွာ ကယ်တင်ပေးနေတဲ့  နေရာတခု ပါပဲ ။ စေတနာ မှန်မှန်နဲ့  ကုသပေးနေကြတဲ့  ဆရာဝန်၊ ဆရာမ ၊ဆေးရုံဝန်ထမ်းတွေ ရှိနေကြဆဲပါ ။ အမြင်စုတ်ပေမဲ့  ရွှေထုပ်တဲ့  မြပုဝါ ထဲမှာ သူလဲ ရွှေတွေ ထုပ်ပေးနေလျှက်ပါ ။ တခြားရွှေထုတ်စားကြသူများကတော့ ဒီလိုနေရာမျိုး ကြာကြာ နေနိုင်မယ် မထင်ပါ ။
ဆရာမလေးတွေ အမှန်တကယ် အလုပ်လုပ်နေကြတယ် ။
ဆရာဝန်မမကြီးတွေလည်း ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်နေကြတယ် ။
ဆရာဝန်မမက မှန်ကန်တဲ့  ကုသမှု order ပေး ၊ ဆရာမ ညီမလေးက တသွေမတိမ်း လုပ်ကြပေါ့။ တဦးကောင်း တယောက်ကောင်းရုံနဲ့ လုပ်ငန်းတခု မပြီးမြောက် မအောင်မြင်နိုင်ပါ ။ စနစ်တကျ ပူးပေါင်း လုပ်ဆောင် ကြရမှာပါ ။ ငါတော်တယ် ငါတတ်တယ် ဆိုပြီး လူနာကုလို့ မရ ။ သူ့ နေရာ နဲ့ သူ တော်ကြသူတွေကြီး ပါပဲ ။
(မှတ်မိပါသေးတယ် .. ကိုယ်ဟောက်ဆာဂျင်ဘဝက သွေးသွင်းဖို့  အပ်တုတ်တုတ်ကြီးနဲ့  ဦးဆုံးထိုးပေးရမဲ့ လူနာ ရှေ့ မှာ လက်တွေ တုန်လို့  အတွေ့ အကြုံအများကြီးရင့် တဲ့  ထမိန်ပြာနဲ့  ဘလူးစတပ်ဖ်ကြီး ဒေါ်သန်းမြင့် ဆီ မျက်နှာငယ်နဲ့  အကူအညီတောင်းရသေးတယ် ။ ဘဝတသက်မှာ ပထမဦးဆုံး IV ထိုးတဲ့ အတွေ့ အကြုံ ကို အဲ့ဒီ ဆရာမကြီး ဆီက သင်ယူခဲ့ရပါတယ် ။ ခွဲစိတ် အဆောင် ၁၇-၁၈ မှ ဆရာမကြီးကို ခုထိ ကျေးဇူးတင်နေဆဲပါ ။ ခုတော့ သူလည်း စစ်စတာကြီးဘဝ နဲ့  အငြိမ်းစားယူသွားပါပြီ ။ ကြာတောင်ကြာခဲ့ ပြီပဲလေ )
ဒါကတော့ဗဟိုသွေးလှူဘဏ်ကြီးပါ ။ ဆယ်တန်းအောင် တဲ့နှစ်ရယ် ၊ ဒုတိယနှစ်ဖြေအပြီးရယ် မှာ လုပ်အားသွားပေးခဲ့ဖူးပါတယ် ။အဲ့ ဒီ အချိန်တုံးက ပျော်စရာ တခု က သွေးလာလှူတဲ့ သူတွေကို သွေးပေါင်ချိန်ပေး၊ ကိုယ်အလေးချိန်ပေး ၊သွေးကူဖေါက်ပေး နဲ့  ပြီးတော့ နေ့ ခင်းနေ့ လည် မောရင်၊ သွေးလှူ တဲ့သူတွေ နဲရင် အပေါ်ထပ် အခန်းထဲမှာ သွေးလှူရှင်တွေကို ကျွေးတဲ့ နို့ နဲ့  ကြက်ဥ တခါတလေ ဘီစကစ်မုန့် တွေ သွားပြီး တောင်းစားခဲ့ ကြ တာတွေပါ ။ ကရင် ဆရာမကြီး နဲ့ ဆရာမလေးတွေကလည်း သဘောကောင်းကြတယ် ။
သင့်သွေးဖြင့် အသက်ကယ်ပါ ။
သွေးတစက် အသက်တချောင်း ။ တန်ဘိုးဖြတ်မရနိုင်တဲ့  သွေးတစက်ပါ ။ ဒီတော့ ဒီသွေးတွေကို တန်ဘိုးမဖြတ်ပါဘူး။နိုင်ငံတော်ကြီးမှ ပြည်သားများကို အခမဲ့  ပေးဝေကုသ အသက်ဆက်ပေးနေပါတယ် ။ ဒါပေမဲ့  သွေးပဲ ရှိပြီး သွေးအိတ်မရှိလို့  မရပါဘူး ။ ဒါကြောင့် ထူးဆန်းထွေလာ ရွှေပြည်ရွာမှာ သွေးအိတ်က သွေးထက် ပိုပြီး အဖိုးတန် နေပါပြီ ။ သွေးဘိုး ပေးရန် ( လုံးဝ ) မလိုပါ ။ သွေးအိတ်ဘိုး ပေးရန် သာလိုအပ်ပါတယ် ။ သွေးအိတ် ၂ အိတ် တသောင်းခွဲထဲ ပါတဲ့  ။ အဲ့ဒီထဲမှာ ဘီပိုး စီပိုး နဲ့ ဟိုပိုး တွေ ပါ၊ မပါ စစ်ပေးတဲ့  စရိတ်စက ပါပြီးသားပါ ။ သွေးအိတ်ဘိုး ထက်စာရင် အသက်တချောင်း က ပိုပြီး အဖိုး တန်ပါတယ် ။ ဒါကြောင့် သွေးအိတ်ဘိုးကို အသက်ရှိသူ လူနာတိုင်း က ကြည်ဖြူစွာပဲ ပေးကြပါတယ် ။း(
သွေးလှူ ဘဏ်မှ သွေးကို အဆင့်ဆင့် ထုတ်ယူ ၊ သွေးအမျိုးအစား မှန် မမှန် စစ်ဆေး ၊ ဆရာဝန် နဲ့  ဆရာမတို့ လက်မှတ်ထိုး ၊ စာရင်းသွင်း ပြီးရင် သွေးသွင်းဖို့  ဒီလို အရင် ပြင်ဆင်ကြတယ် ။ လက်အိပ် ကို လူနာ မှ ဝယ်ပေးရတယ် ။ ကျန်တာတွေ ပလပ်စတာ ၊ အရက်ပျံနဲ့  ဂွမ်းက အစပေါ့ ။း) ။ စရိတ်မျှပေး ကျန်းမာရေးလို့  ဆိုပေသကိုး ။
မှတ်သားဘွယ်ရာ ဆောင်ပုဒ်များ ..။
ဒါက ကျန်းမာရေးဌာနကြီးရဲ့ ရည်မှန်းချက် နဲ့ အကောင်အထည် ဖေါ်ဆောင်နည်းများ ။ အလွန် ကောင်းပါ၏ ။ ဖြစ်တာ မဖြစ်တာတော့ ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပေါ့ လေ ။ ရည်မှန်းချက် ကြီးကြီး ကို အကောင်အထည် ဖေါ်နေတာ ဘယ်လောက် အချိန်တွေ ကြာနေပြီလဲ ။ဆိုင်းဘုတ်ကြီးတောင် အရောင်မှိန် ကွဲပြဲ နေပြီပဲ လေ ။အောင်မြင်ဖို့ တော့ မနေ့ ကထက်စာရင် တရက် ပိုနီးလာပြီ လို့  သဘောထား မိပါတယ် ။ တနေ့ နေ့ တော့ ဖြစ်လာရမည်မှာ မလွဲပါ ။
သူ့ သဘောထား နဲ့  တို့ တာဝန် ။
ဒီ သင်တန်းကျောင်း နေရာ လေးက အရင်တုံးက ဆရာမတွေ အဆောင် ။ ပြီးကာစကတော့ အတော်လေးသစ်လွင်ပါတယ် ။ ဖရက်ရှာ နပ့်စ် လေးတွေ နေကြတယ်။ သူနဲ့  ဘေးချင်းကပ်ရက် မှာ အဆောင်ဟောင်းတခု ။ နဲနဲ ပိုကြီး (ရင့်) တဲ့  နပ်စ့် တွေ နေကြတယ် ။ ဒီတော့ ဒီအဆောင်တွေကို နာမည် အလှလေးတွေ ပေးထားကြတာ ပုလဲကျွန်း နဲ့  ဟိုင်းကြီးကျွန်း .. တဲ့  ။ စည်းကမ်းကတော့ အတော်လေးကြီးခဲ့ ကြပါတယ် ။ အဆောင်မှူးအဖြစ်နဲ့  ဟိုင်းကြီးကျွန်းသူ တွေက အုပ်ချုပ်တယ်ပေါ့ ။ ညနေ ဧည့်သည်ချိန်ဆို စည်ကားပါတယ် ။ည အချိန်တော့ ဒီဝင်းဘေးမှ သိပ်ဖြတ်မလျှောက်ရဲကြဘူး။ ( ည ည ဆို ဆေးရုံ အလုပ်သမား အိနြ္ဒိယလူမျိုး တွေ က အရက်မူးမူးနဲ့  လူသေတင်ထားတဲ့ ထော်လီလေး တဂျိန်းဂျိန်းတွန်းပြီး သီချင်း တကြော်ကြော် ဆိုပြီး အလောင်းပို့ လေ့ရှိကြတယ် ) ။ နာမည်ကျော် မော်ကျူရီ ကြီး ရှိတယ်လေ ။သူရဲခြောက်တယ် တဲ့  ။ နာမည်ကြီး အသုဘရှိတဲ့  နေ့ တွေ ဆို ကားတွေ တန်းစီလို့  ။ လူတွေ ကြပ်လို့  ပေါ့ ။ အဲဒီ နေရာ ခုတော့ သင်တန်းကျောင်း ဖြစ်နေပြီ ။
စည်းကမ်းချက်များ ၊ မေတ္တာရပ်ခံချက် ။
စည်းကမ်းသည် လူ၏တန်ဘိုး ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ တဲ့  ။
ဒီတော့ လူနာများ ၊ ဧည့်သည်များ ၊ ဆေးကိုယ်စားလှယ်များ အားလုံး စည်းကမ်းရှိကြရပါမယ် ။
ဒါကတော့ ပြည်သူ့ ဆေးရုံ မဟုတ် တဲ့  သူ့ ဆေးရုံတွေ ထဲမှ တခုပါ ။ (ကွာခြားပုံများ ကတော့ ဈေးပိုကြီး၏ ဆိုတာ ပြောဖို့  လိုမယ် မထင်ပါ )
နား ..နား ပြီး ပြောပါမယ် ၊ ဒီနေ့ တော့ ဒီလောက်ပဲ ။( ပုံတွေ ထဲမှ စာလုံးများ သေချာစွာ မြင်လိုက ပုံကို ကလစ်လုပ်ကြည့်ပါလို့  ပြောနေစရာတောင် မလိုဘူး ထင်ပါတယ် ... အားလုံး သိပြီးသားတွေ ပဲလေ ..း))
22 comments:
စရိတ်မျှပေးကျန်းမာရေး.....
ဆေးရုံကြီးကိုရောက်ဖူးတာ လက်ချိုးရေကြည့်ရင်တောင် လက်ဆယ်ချောင်းမပြည့်ဘူး
ဆေးစာရွက်ကလေးကိုကိုင်ပီး
ပိုက်ဆံမတတ်နိုင်လို့ လှည့်ပြန်သွားရရှာမဲ့လူတွေကို ပြေးမြင်မိတယ်။
နောက်ဆုံးပုံက ..တကယ်ပဲကွာခြားချက်နော်။ ...
သြော်.. ပိုက်ဆံ ပိုက်ဆံ...
ကျန်းမာဖို့ ပိုက်ဆံလို၏။
မိုးမင်းကြီး
ဖွားကီ ပုံတွေကို မူပိုင်လုပ်နေတာလားးးးးးးး အနော်လဲ လုပ်ချင်တယ်း) နောက်ဘာဆက်လာဦးမလဲ စောင့်နေတယ် မျှော်နေတယ် ဒါပဲ
လေးစားလျက်
တောင်ပေါ်သား
စရိတ်မျှပေးစရာ မရှိသူတွေ အတွက်တော့ စရိတ်မျှပေးနိုင်အောင်လုပ်ပေါ့ဗျာ..ဘယ့်နယ်..အကုန်လုံး ပြည်သူ့ တွေ ဆေးဝယ်ရတာ စရိတ်မျှပေးရတာကြာပီ မို့လို့ ပြည်သူ့ဆေးရုံ လို့ခေါ်တာလေ နို့မို့ အစိုးရဆေးရုံလို့ ခေါ်မှာပေါ့..ဒေါ်ကိရဲ့...
သြော်.. ရွှေပြည်ရွှေရွာက ရှားပါးပုံရိပ်လေးတွေ အလွမ်းပြေကြည့်ခွင့်ရပြီ။ ဖန်တစ်ရာထေနေတဲ့ အကြောင်းအရာတွေကလွဲရင် အားလုံးကိုလွမ်းတယ်။
ပြည်သူ့ဆေးရုံကြီးကလည်း သစ်လွင်တောက်ပနေလိုက်တာ ထင်းလို့။ အရှေ့က သစ်ပင်တွေ တစ်ပင်မှမရှိလို့တော့နဲ့တူပါရဲ့။
ရန်ကုန်မှာတုန်းကဆို အိမ်ပြန်ရင် ညတိုင်း အဲ့ရှေ့ကဖြတ်လျှောက်နေကျ။
ကျန်းမာရေး.. ကျန်းမာရေး..
ဖွားကိပို့စ်က အတော်လေးသံဝေဂရစရာပါလား။
ပုံတွေကြည့်ရတာ ကျေးဇူး အရမ်းတင်ပါတယ်။
အမလေး မှားပါတယ်၊ ဆေးရုံအကြောင်းတွေပါလားးးး
အဟွတ် ဘာပြောရမှန်းတောင်မသိတော့ဘူး။
သနားစရာ လူနာပုံတွေပါထည့်သင့်တာ အမရ။
စရိတ်မျှပေးကို မတတ်နိုင်တဲ့သူတွေလေ။ မျှကိုမပေးနိုင်ဘူး၊ စားစရာတောင် ပိုက်ဆံမလောက်ကြလို့
အိုကေ အပိုင်း ၃မျှော်....
အော် ငါ့အမားနှယ့်နော် ရွှေပြည်တစ်ခါပြန်လိုက်တာ
ပြောစရာကို မကုန် တစ်ထောင်တစ်ည ပုံပြင်လို ဖတ်ရတော့မယ် အဟားးးးးးးးးးးးး
အမှန်ပြောတဲ့လူနဲ့ ကြောင်သူတော်ကြွက်သူခိုး နဲ့ တိုးမိတာနဲ့ တူပါ့ ဟဟ
တိုင်းပြည် အတွက် အကျိုးမရှီတဲ့အစိုးရမျိုး ဒိုးခိုင်းလိုက် တော့ဗျာ ... အဲ ဒါပေမယ့် သူတိုးတက်မှုတွေ လုပ်နေတာ ရှိတယ် ... ဥမင်လှိုင်ခေါင်း ... နေပြည်တော်သစ် တိုက်လေယဉ်တွေ .... လေ .... ဒီအစိုးရက အလကား ပြည်သူတွေကို မသေသေအောင် သတ်နေတာပဲဗျ .. တိုင်းပြည်အတွက် သူတို့မှာ စေတနာ အမှန်မရှိပါဘူးဗျာ ....
ပုံတွေအတွက်ကျေးဇူးတင်ပါတယ်။
ပြည်သူ့ဆေးရုံကြီးကို အပြင်မှာ မမြင်ဖူးဘူး။ ဆေးရုံဆေးခန်းကို ၂နှစ်သားလောက်ပဲ ရောက်ဖူးတယ်။ အဲဒီတုန်းကလဲ သေဖို့ရက်ချိန်းသွားတောင်းလိုက်တာပဲ။ ရွာက ယမ်းကုနဲ့အဆင်မပြေရင် ၀ရုန်းသုန်းကား ဆေးရုံတင်ကြတာ ရွာကမျက်နှာမွဲတွေဓလေ့လေ။ သေဖို့ရက်သိပ်မကျန်တော့ ရွာမှာသေရအောင်ဆိုပြီး ရွာပြန်ခေါ်လာခဲ့ကာမှ ရွာကဦးကြီးတယောက်က ကောက်မွေးစားလို့ အသက်ပြန်ရှင်ခဲ့ရတာလေ။ ဒါကြောင့်လဲ လူကောင်က သေးသေးကွေးကွေးဖြစ်နေတာပေါ့။ ကျွန်တော်တို့ရွာမှာ အခုတော့မသိဘူး။ ဆရာဝန်ဘွဲ့ရဆိုပြီး လာဆေးကုတဲ့သူရှိဘူးဗျ။ တခါလာပါသေးတယ်။ မုန့်ဟင်းခါးရောင်းစားပြီးသူတို့ အသက်မွေးသွားကြရတယ်။ ရွာကလူက အကြွေးကုတာနဲ့ ကျန်းမာရေးကလဲ ဆိုးဆိုးဝါးဝါးဖြစ်မှမဖြစ်တော့လဲ သူတို့ပြန်ပြေးကြရတာပေါ့ဗျာ။ ရေကြည်ရာမြက်နုရှာဆိုသလို ကျွန်တော်တို့ရွာကို တာဝန်ကျတဲ့သူတွေကတော့ ရွာခံကလွဲရင် ပြန်ပြေးကြတာများတယ်။ ဒါကလဲ ရွာကစီးပွားရေးဆိုတာ မယ်မယ်ရရမရှိတာလဲပါတာပေါ့။ ကောင်းပါ၏အစ်မရယ် မှတ်သားသွားပါတယ်
သရဲချောက်မှာကြောက်လို့..ဆေးရုံပုံမကြည့်ရဲဘူးဗျို့
ဆေးရုံ ဆို တအား ကြောက်တယ် ...သူရဲ တစ္ဆေ ကြောက်ရ မှာ ထက် နာကျင် ခံစားရမယ့် ဒုက္ခ ...
ပိုက်ဆံ မတတ်နိုင် ရင် ခါးစီး ခံစားရမယ့် ဒုက္ခ ...
ငွေရရင်ပြီးရော လူနာကို အချိန်ဆွဲ ပြီး ရောဂါတခြား
ဆေးတခြား ကုသမယ့် ဆရာဝန်မျိုးနဲ့
တွေ့ကြုံ ( မှန်မှန်ကန်ကန် ကုသပေးတဲ့ ဆရာဝန်တွေလည်း အများကြီးပါ ) ရမယ့် ဒုက္ခ ...
အဲသည့် ဒုက္ခ တွေ အကြောက် ဆုံး ပါ ... :'-(
သွေးအိတ် နဲ့ ပတ်သက်တဲ့ အကြောင်း မသိသေးတာ
သိလိုက်ရတဲ့ အတွက် ကျေးဇူးပါ ကိကိ ...
mie nge
မမရေ...
ဆေးရုံကြီးနဲ့တော်တော်လေးရင်းနှီးခဲ့သေးတယ်။ ဒါပေမယ့် ပူးတေက ဆရာဝန်လဲမဟုတ်၊ သူနာပြုမဟုတ်၊ လူနာမဟုတ်နော်...
:)
ဆေးရုံကြီးက ခေါင်မိုးတွေက မိုးယိုနေပြီတဲ့ သူများပြောတာ။ ဟုတ်မဟုတ်တော့မသိဘူး။
စိတ်မကောင်းဘူး.. သွေးအိတ်နဲ့ပက်သက်ပြီး ခုမှသိရတာ သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေလို့ပဲ ဆုတောင်းးး
သွေးအိတ်အကြောင်းခုမှ သိရတယ်။
ဆေးရုံကြီးထဲ ၃၊ ၄ ခေါက်ပဲရောက်ဖူးတယ်။ ရောက်ပြီးရင် ပြန်မထွက်တတ်တော့ဘူး။း)
သူ့ဆေးရုံးနဲ့များကွာပါ့။ စိတ်မကောင်းလိုက်တာ..
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဒီလာခါနီး ဆေးစစ်ရမယ်ဆိုတုန်းက ရောက်ဖူးတာ.. ကျောင်းတက်တုန်းကတော့ အနီးအနား ဆေးခန်းလောက်တင် သွားဖူးတာဆိုတော့ အတွင်းကျကျမသိဘူး။ အင်း ဒီထွက်ဖို့.. ဆေးစစ်တာအတွက်တော့ ပိုက်ဆံတော်တော်ပေးခဲ့ရတာပဲ..။
အမရေ...
မိုင်တစ်ထောင်ခရီးရဲ့ အစက ပထမဆုံး ခြေလှန်းပဲတဲ့ ။
အမက မြန်မာ ပြည်ရဲ့  ကျန်းမာရေး မိုင်တစ်ထောင်ခရီး
ရဲ့ အစ ကိုပဲ မြင်ခဲ့ ရတာကိုးလို့ ။ မလောပါနဲ့ ။
အစ ပဲရှိသေးတာပဲဟာ။ ဆိုင်းဘုတ်က ပြန်ရေး ပြင်ရေး
လို့ ရတာပဲဟာ...။
ရွှေပြည်ကြီးမှာ မှီတင်းနေထိုင်ကြကုန်သော အယုတ် အလတ် အမြတ် မရွေး လူသား အပေါင်း ကျမ္မာစေကြောင်း ဆုတောင်းမေတ္တာ အစဉ်ပို့ သလျှက်ပါ သိပြီးကြတဲ့ အတိုင်း မကျမ္မာလို့ တော့  နာပြီသာမှတ် အနဲဆုံးစရိပ်မျှပေးနဲ့ တွေ့ မယ် နဲနဲဆိုးရင် သွေးလွန်တုတ်ကွေးနဲ့ အစာအိမ်ရောဂါမှား ခွဲစိတ်ကုသလိုက်မယ် ဒါ့ ထက်နဲနဲပိုဆိုးရင် ဆီးချို သွေးတိုး နှလုံး ရောဂါသည်ကို သွား (၁၁)ချောင်းနှုပ်ကုမယ် ပြီးရင် တင်ပါးဆုံရိုးကျိုးတဲ့ သူကိုခွဲစိတ်ကုသမယ် မေ့ ဆေးလေးလဲပိုပိုသာသာထိုးပေးမယ် ဟုတ်ပြီဒါဆို အားလုံး (ok) ပြီလား သက်သာပျောက်ကင်းသွားလားလို့ မေးရင် ဟုတ်ကဲ့ အားလုံး(ok) ပါတယ် သက်သာ ပျောက်ကင်းသွားတယ်လို့ ဖြေပါရစေ နောင်တကြိမ်ဘယ်သောအခါမှ မနာကျင်တောံထို့ ပြောင့့်အောင်သက်သာသွားပါတယ် တခါတည်းအပြီးလဲပျောက်ကင်းသွားပါတယ် (အသက်ပါ) ထို့ ကြောင့်  အသက်ဥာဏ်စောင့်  ဆိုသလို ကို့ ကိုယ်ကို သတိကြီးစွာထား၍ ကျမ္မာအောင်နေကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း ဆုတောင်းမေတ္တာ ပို့ သလိုက်ရပါတယ်
မကိရေ ... ဒေါက်တာမြင့်ဆွေက မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ် ရေးသလိုမျိုး ... မကိလဲ မှတ်မိသေးတယ် ( ) ခေတ် ဆေးရုံကြီးဝယ် လို့ ရေးပါလား။ ပုံလေးတွေနဲ့ ဝေေ၀ဆာဆာပေါ့။ ကျမတို့လည်း ဗဟုသုတရအောင်လို့ပါ။
ဟင်းးးးးးးးးးးး
ရောက်ဘူးတယ်
မြင်ဘူးတယ်
စိတ်ဆင်းရဲရတယ်
စိတ်မကောင်းဘူး
ကွိကွိစ်ရေ...
ဆေးရုံကြီးကိုကြည့်ပြီး...ရန်ကုန်မြို့ကိုလွမ်းမိသွားတယ်....း(
(ဘန်နာကပုံက နာဒို့ရန်ကင်းအစပ်က ဆန်ဒိုးနားဟော်တယ်ဂျီးမှတ်လား....ဟိုနေထဲက ပြောမလို့...။ လှတယ်...း)
ခင်မင်တဲ့
ဏီလင်းညို
ကိကိရေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ကြည့်ရတာ ကျက်သရေရှိလိုက်တာ။ ဒီက နာမည်ကြီးဆေးရုံတွေထက် အများကြီးလှပတင့်တယ်တာ တွေ့ရတယ်။ ဒါပေမဲ့ အတွင်းမှာ အလုပ်လုပ်နေတဲ့ စားပွဲခုန်တွေပေါ်မှာ ကွန်ပြူတာ တလုံးမှ မတွေ့ရဘူး။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဆီမှာ သူနာပြုက ဆရာဝန်ညွန်ကြားတဲ့အတိုင်း မသွေမတိမ်း လိုက်နာလို့မရဘူး။ ဆရာဝန် ဆေးမှာ ရေးထားပေးလို့ အဲဒီဆေးကို ပေးမိပြီး လူနာတခုခု ဖြစ်သွားရင် ဆရာဝန်မှာ တာဝန်မရှိဘူး မိမိ professional ကို အသုံမချလို့ ဆိုပြီး လူနာဆီကို တိုက်ရိုက်ပေးလိုက်တဲ့ သူနာပြုမှာပဲ တာဝန်ရှိပါတယ်။ ဆရာဝန်က စာရွက်မှာပဲ ရေးပေးထားတယ်။ လူနာနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့သူက တာဝန်အရှိဆုံး ဖြစ်တယ်။ အဲဒါကြောင့် ပြာယာပြာယာနဲ့ လူနာအတွက် မသင့်တော်တဲ့ဆေးတွေကို မှားပြီး ရေးထားပေးခဲ့ရင် သူနာပြုက အမြဲပြန်ခေါ်ပြီး ပြန်လာရေးခိုင်းရတယ်။ Management မဟုတ်ဘဲ Professional အလုပ်သာ ဖြစ်လို့ ဆရာဝန်နဲ့ သူနာပြု အလုပ်လုပ်တာ အပေါ်အအောက် စီးဆင်းတဲ့ပုံစံမဟုတ်တော့ဘူး ကိုယ်စီတာဝန်ယူတဲ့ ပုံစံပဲ ရှိတော့တယ်။
Post a Comment