စေတနာအစစ်အမှန်ရှိပါသော်လည်း မသိလို့ ဖြစ်သွားရတဲ့ အမှားမျိုးကို တချို့ကိစ္စရပ်တွေမှာ ခွင့်လွှတ်လို့ရကောင်းပါရဲ့  ။ ။ကာယကံရှင်မှ စေတနာ နဲ့ ပြုလုပ်တဲ့ လုပ်ရပ် တခုမှာ ပေါ့ဆမှုကြောင့် မမှားသင့်ပဲ မှားမိသွားတဲ့အခါမျိုးကျတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး ဆိုတာ သိစေချင်လို့ ဒီအကြောင်းအရာလေးကိုရေးလိုက်ပါတယ်။
ခေတ်မှီတိုးတက်နေပါတယ် လို့ ဆိုတဲ့ နိုင်ငံတနိုင်ငံမှာတောင် ခုလိုအမှားမျိုးပြုမိတဲ့ အဖြစ်တခု ၊ ကမ္ဘာပေါ်မှာ ပထမ ဦးဆုံးဖြစ်ခဲ့တဲ့ မမှားသင့်တဲ့ အမှားတခု၊ မကြာခင်ရက် အနည်းငယ်က ဒီနိုင်ငံရဲ့ ဆေးပညာလောကမှာ ဖြစ်သွားခဲ့ပါတယ် ။ဇာတ်လမ်း အကျဉ်းချုပ်က ဒီလိုပါ ။
၂၀၁၁၊သြဂုတ်လ ၂၄ ရက်နေ့ က ထိုင်ဝမ် နိုင်ငံ ရှင်းကျု 新竹 မြို့ နေ 邱 မျိုးရိုးအမည်၊ အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက် တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံခဲ့ရာမှာ ဦးနှောက်သေဆုံးခြင်း ( Coma ) လို့  အတည်ပြုပြီးတဲ့နောက် ကျန်ရစ်သူမိသားစုမှ သူ့ ရဲ့ ကောင်းမွန်နေသေးတဲ့ ကိုယ်ခန္ဓာ မှ အင်္ဂါ အစိတ်အပိုင်း တို့အား လိုအပ်သလို အသုံးပြု နိုင်ဖို့  လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆေးရုံကြီး National Taiwan University Hospital (台大醫院) ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသရေးအဖွဲ့ သို့  အမြန်ဆုံး အကြောင်းကြားခဲ့ပါတယ် ၊ ထို အဖွဲ့ မှ လှူဒါန်းသူ( Donar) နဲ့ လက်ခံသူ (Recipient) အံဝင်ဂွင်ကျ ရှိ မရှိ အတွက် လိုအပ်တဲ့ စစ်ဆေးမှုများ ( သွေးအမျိုးအစား၊ ကူးစက်ရောဂါ ရှိမရှိ ၊ ဘီပိုး စီပိုး HIV အစရှိတဲ့ သွေးစစ်ခြင်း အပါအဝင် အသေးစိတ် စစ်ဆေး ခဲ့ပါတယ် ၊ ) ။ သွေးစစ်ဆေးရေး ဓါတ်ခွဲခန်းမှ HIV ပိုးရှိသည် (HIV Reactive) ဆိုတဲ့ အဖြေကို အစားထိုးခွဲစိတ်အဖွဲ့ သို့  ဖုံးဖြင့် အကြောင်းကြားရာမှာ ၊ လက်ခံ နားထောင်သူမှ ပေါ့ဆစွာ ဖြင့် HIV ပိုးမရှိပါ ( HIV-Non Reactive) လို့ ရေးမှတ်လိုက်ပါတယ် ။
သြဂုတ်လ ၂၅ ရက်နေ့ မှာ - အဆိုပါ အကောင်းပကတိကျန်နေသေးတဲ့ အဆုပ်၊ ကျောက်ကပ်တစ်စုံ နှင့် အသည်း တို့ ကို ၊ NTUH မှ လူနာ ၄ ဦး ထံ သို့၎င်း၊ နှလုံးအား ချန်သဆေးရုံ(成大醫院) မှ လူနာတဦး သို့ ၎င်း အစားထိုး ခွဲစိတ် ကုသပေးလိုက်ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ မှာ မှ အဆိုပါ လှူဒါန်းသူမှာ (HIV ပိုးရှိသည်) လို့ သိရပြီး နောက်တကြိမ် ပိုးထပ်စစ်ပါတယ်။ သေချာပါတယ် ။ ဒီလှူဒါန်းသူမှာ HIV ပိုးရှိနေခဲ့ပါပြီ ။ ဒါကြောင့် ချန်သ ဆေးရုံမှ နှလုံးအစားထိုးခွဲစိတ်အဖွဲ့ နဲ့ အစားထိုးခံရသူလူနာရှင် တို့ အား အကြောင်းကြား အသိပေးခဲ့ပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ - NTUH ဆေးရုံကြီးမှ တာဝန်ရှိသူများက ကူးစက်ရောဂါထိန်းသိမ်းကွပ်ကဲရေးဌာန (CDC) ၊ အင်္ဂါအစားထိုးခြင်းဆိုင်ရာမှတ်တမ်းဌာန နဲ့ အစားထိုးကုသခံ လူနာများရဲ့ မိသားစုများထံ အကြောင်းကြားပြီး ထို လူနာများအား HIV ရောဂါကာကွယ်ဆေးများ သုံးစွဲဖို့ ပြောကြားခဲ့ပါတယ် ။ ဒါပေမဲ့ အဆိုပါ ခွဲစိတ်မှုများကို လုပ်ဆောင်ပေးခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ( ဆရာဝန် ၊သူနာပြု )အား ကာကွယ်ဆေးသုံးစွဲကုသရန် မပြောကြားခဲ့ပါ။( HIV ကာကွယ်ဆေး ဟာ ရောဂါမဖြစ်အောင် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်ပေးနိုင်မှု ထိရောက်မှုရှိတယ် ဆိုတဲ့ အချက်ကို ယခုထက်တိုင် သေချာစွာ မသိကြသေးပါ )
ဖြစ်သွားခဲ့တဲ့ အခြေအနေကို ပြန်ပြီး စစ်ဆေးကြည့်တဲ့ အခါမှာ အဆိုပါ HIV ပိုးရှိသူလူနာထံမှ အင်္ဂါအစိတ် အပိုင်းများကို ဖြတ်တောက်ခွဲစိတ်ပေးတဲ့ အဖွဲ့မှာပါဝင်သူ အနည်းဆုံး ၆ ဦး၊ အသည်း၊ အဆုပ် နှင့် ကျောက်ကပ် တစ်လုံးစီအား အစားထိုးပေးတဲ့အဖွဲ့ မှာပါဝင်သူ ၄ဦးစီ ။ နှလုံး အစားထိုးအဖွဲ့မှာ ပါဝင်သူ ၃၁ ဦး ၊ စုစုပေါင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အနည်းဆုံး ၅၃ ဦး တို့မှာ HIV ရောဂါ ကူးစက်ခံရဖို့  အလားအလာ တွေ ရှိနေပါတယ် ။ ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အစားထိုးကုသမှု ခံလိုက်ရတဲ့ လူနာ ၅ ဦး တို့ပါပဲ ။ သူတို့ ဟာ ဒီရောဂါပိုးအများအပြား ပါရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းများကိုရယူထားရတဲ့ အတွက် HIV ရောဂါ လက္ခဏာတွေကို မလွဲမသွေ အမြန်ဆုံး ကူးစက်ခံစားရတော့မှာ ဖြစ်ပါတယ်။
ဒီကိစ္စမှာ တာဝန်ရှိတဲ့ ဓါတ်ခွဲခန်း နဲ့ အစားထိုးခွဲစိတ်အဖွဲ့ တို့မှဝန်ထမ်းများအား ထိုက်သင့်သလို အရေးယူဆောင်ရွက်ဖို့  အခြေအတင် ဆွေးနွေးနေကြဆဲပါ ။
လက်ရှိ ဥပဒေ အရ ဆိုရင် အင်္ဂါ အစိတ်အပိုင်းများကို အစားမထိုးမှီ HIV ပိုး ရှိ ၊ မရှိ စစ်ဆေးရပါမယ် ။ ပိုးရှိ သူရဲ့ အင်္ဂါကို အစားထိုးကုသမှု မပေးရပါ ။ ထို အချက်ကို ဖေါက်ဖျက်ပါက တာဝန်ရှိသူအား ဒါဏ်ငွေ သုံးသောင်း မှ တစ်သိန်းခွဲ (ထိုင်ဝမ် ဒေါ်လာ ) ချမှတ်နိုင်တဲ့ အပြင် ထောင်ဒါဏ် ၃နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်ပါတယ်။
အကယ်၍ ခုလို ပေါ့ဆမှု အတွက် လူနာ သေဆုံးပါက ၊ အဆိုပါဆေးရုံအား ဒါဏ်ငွေ ငါးသောင်းမှ ငါးသိန်း ထိချမှတ်နိုင်ပြီး ဆေးရုံလုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း တစ်လမှ တစ်နှစ်ထိ ချမှတ်နိုင်ပါတယ်။
-----------------------------------------------------------------------------------------
ဒီအဖြစ်ကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် - ဦးနှောက် သေဆုံးသူထံမှာ HIV ရောဂါပိုးရှိနေမှန်း အမှန်တကယ် မသိရှိခဲ့ပါ၍၊ အကောင်းအတိုင်းကျန်ရစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အလဟဿမဖြစ်စေပဲ အခြားသူတွေ အသက် ကယ်စေလိုသဖြင့် လှူဒါန်းခဲ့တဲ့ လူနာရှင် ကျန်ရစ်သူ မိသားစုတို့ရဲ့ စေတနာကောင်းဟာ ၊ ပေးအပ်ခံရသူလူနာများနဲ့ မိသားစုများကို ကနဦး အစမှာ အတိုင်းအဆမရှိ ဝမ်းမြောက်စေခဲ့ပေမဲ့၊ တစုံတယောက်ရဲ့ ပေါ့ဆမှုကြောင့် သက်ဆိုင်တဲ့ လူပေါင်းများစွာအတွက် ဝေဒနာများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ် ။ဘယ်လို ဒါဏ်ငွေ ထောင်ဒါဏ်မျိုး ချမှတ်ပေမဲ့လည်း၊ ဒီ ရောဂါဆိုးကြီး ဘယ်အချိန်မှာ ပေါ်ပေါက် ခံစားရလာမလည်း ဆိုတဲ့ ကြောင့်ကျ စိုးရိမ်မှု ဝေဒနာ များကို ချေဖျက်လို့ ရနိုင်မယ် မဟုတ်ပါဘူး ။
စကားတခွန်းကို ( ရှိသည် / မရှိပါ ) သေချာ နားမထောင်ပဲ ပေါ့ပေါ့ဆဆပြုခဲ့သူ၊ တိုးတက်လှပါတယ် ဆိုတဲ့နိုင်ငံတွေမှာတောင်( သွေးအဖြေ မှတ်တမ်းကို အရေးကြီးလျှင်ကြီးသလို Fax ,e mail စသဖြင့် ပေးပို့နိုင်ပါလျှက်နဲ့၊ ယခုဆိုလျှင် electronic chart system များနဲ့ အလွယ်တကူ မှတ်တမ်းတင် ပြီး အဖြေလွှာ ရှာယူနေနိုင်ပါလျှက်နဲ့ )ဖုံးဆက်ပြီး ပေါ့ပေါ့ဆဆ ပြောဆိုသူ၊ မှတ်တမ်းတင်သူ၊ နှစ်ဦး နှစ်ဖက်မှ နှစ်ခါပြန်စစ်ဆေးခြင်း Double Check မလုပ်ပဲ ခွဲစိတ်မှုကို ပြုလုပ်သူ ၊ အဆိုပါ တာဝန်ရှိသူများ ရဲ့ ပေါ့ဆပုံများကို သေချာစစ်ဆေး အရေးယူဖို့ လုပ်ဆောင်နေကြပြီဖြစ်ပေမဲ့ နောက်ဆက်တွဲ ရောဂါခံစားလာရမဲ့သူတွေ အတွက်တော့ လောလောဆယ်တော့ ကြိုတင်ကာကွယ်ဆေးသောက်သုံးစေဖို့  နဲ့ အချိန်မှန် သွေးစစ် ဆေး ပေးမှု အတွက် စီစဉ် ဆောင်ရွက်ပေးမှုမျိုး သာ ရှိနေပါသေးတယ် ။ပိုပြီးတိကျသက်ရောက်တဲ့ ဥပဒေ မျိုး ချမှတ်ပေးဖို့ လည်းတောင်းဆိုနေကြပါတယ်။ ခုလို အမှားတခုတွေ့ ရင် အမှန်ဖြစ်အောင်၊ နောက်ထပ် အလားတူ အမှားမျိုး မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်းမှုတွေ ရှိနေတာကတော့ သင့်တော် ကောင်းမွန်ပါတယ်။ အဆိုးထဲက ရလိုက်တဲ့ သင်ခန်းစာကောင်းတခု လို့ ပဲ မှတ်ယူရမှာပါ ။
အဆိုပါဆေးရုံမှ တာဝန်ရှိသူများကလည်း သူတို့ရဲ့ မှားယွင်းပေါ့ဆမှုတွေကို ဝန်ခံ တောင်းပန် ခဲ့ ပြီး လိုအပ်တဲ့ ပေးဆပ်မှုများကို တာဝန်ယူဆောင်ရွက်ပေးမဲ့ အကြောင်း ပြောခဲ့ပါတယ် ။ အမှားကို ဝန်ခံတာဝန်ယူတတ်တဲ့ လူ့ အဖွဲ့ အစည်းမျိုး ရှိနေသေးတာကြောင့် ကိုယ့်တိုင်းပြည်ကိုလည်း ခုလို အခြေအနေမျိုးမှာ ရှိစေချင်လှပါတယ်။
ခုလို လူတဦးရဲ့ ပေါ့ဆမှု ကြောင့် အမှတ်တမဲ့ မှ ဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်သွားခဲ့ အဖြစ်မျိုးတွေ ဒီကမ္ဘာကြီးမှာ ရှိနေခဲ့ပါတယ် ။
ကားမောင်းသမားတဦး ပေါ့ဆမှုကြောင့် ခရီးသည် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာ ၊ လေယာဉ်ထိန်းသိမ်းမှူ အချက်ပြမှုပေါ့ဆလိုက်လို့  ခရီးသည် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာ ။လမ်းတံတား အဆောက်အဦ အင်ဂျင်နီယာ၊ ကန်ထရိုက် တို့ရဲ့ ပေါ့ဆမှု မသမာမှုများကြောင့် အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတာ ၊ အဖွဲ့အစည်းတခု တိုင်းပြည်တခုရဲ့ ဦးဆောင်သူ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် တာဝန်မဲ့မှုကြောင့် မသမာမှုများကြောင့် တိုင်းသူပြည်သားလူအများတို့ ရဲ့ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရတာ တွေဟာ ကြိုတင် ကာကွယ်မှု မပြုနိုင်တဲ့ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးရတာတွေ လိုပဲ ရင်နာစရာ ကောင်းလှပါတယ်။
အကယ်၍သာ လူတိုင်း လူတိုင်း အရာရာကို သတိလက်မလွတ် လုပ်ကိုင် နေထိုင် နိုင်ကြမယ် ဆိုရင် ၊ကိုယ့်တာဝန် ကိုယ်သိတဲ့ အသိတရားလေးရော၊ အမြဲမပြတ်ထားနေရမဲ့ သတိတရားများပါ ရှိနေနိုင်မယ် ဆိုရင်........
စေတနာအစစ်အမှန် ရှိပါသော်လည်း မသိလို့ ဖြစ်သွားရတဲ့ အမှားမျိုးကို တချို့ကိစ္စရပ်တွေမှာ ခွင့်လွှတ်လို့ရကောင်းပါရဲ့  ။ သို့ပါသော်လည်း စေတနာလည်းမပါ ၊ သိလျှက်နဲ့ တမင်မှားနေကြတဲ့ သူများရဲ့ အမှားတွေကိုတော့ ခွင့်မလွှတ်စေချင်ပါ ။
ဒီနေရာက နဂိုမူလသတင်း ကို မှီငြမ်းပါတယ်။
တရုပ်လူမျိုးတွေ အတော့်ကို ဂွတီးဂွကျ နိုင်လွန်းတယ်။ စကားပြောတာ၊စာရေးတာ၊တွေးခေါ်တာတွေမှာ သူများတွေနဲ့မတူ ပြောင်းတိပြောင်းပြန်တွေ ရှိလွန်းတယ်။ အထာ မပေါက် တဲ့သူတွေ အတွက် ရယ်ရမလို ငိုရမလို အဖြစ်မျိုးတွေ ကိုယ်တွေ့ ကြုံ ခဲ့ရတာ မို့  ခုလိုပဲ ကောက်ချက်ချလိုက်မိပါတယ်။သူတို့  တိုင်းပြည်နေ သူတို့  ဆန်စား သူတို့ ရေသောက်ပြီး သူတို့ အကြောင်း မဟုတ်တရုတ် ပြောလိုက်တာ လို့ ယူဆနေသူများ ဒါလေးတွေ ဖတ်ကြည့်ကြပါအုံး။
ဦးစွာပထမ စာ အရေးအသားက အစ သူများနဲ့ မတူ ၊ ထော်လော်ကန့်လန့် ။ များသောအားဖြင့် ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြသော လူမျိုးများစွာ ဘာသာ များစွာတို့ ဟာ အက္ခရာ စာပေ တွေကို စာရွက်ပေါ်မှာ ရေးကြတဲ့ အခါ အပေါ်ဆုံးလိုင်း ၊ ဘယ်မှစပြီး ညာ သို့ အလျှားလိုက် ရေးလေ့ရေးထ ရှိကြပါတယ်။ သူများနဲ့ မတူ တရုပ်စာတွေကျတော့ ညာဘက် အပေါ် ဆုံးဒေါင့်မှ အပေါ်အောက် ဒေါင်လိုက် ရေးတာ ရှိသလို ၊ ညာဘက်မှ ဘယ်ဘက်သို့ အလျှားလိုက် ရေးချတာတွေလည်း ရှိပါရဲ့။
ဒါကြောင့် စာတကြောင်းကို ဘယ်ဘက်မှ စဖတ်ရမလား ၊ ညာ ဘက်က စဖတ်ရ မလား မသိလို့ နားလည်မှု လွဲ အထင်လွဲ ခံရတာမျိုးလည်း ဖြစ်တတ်ပါသေးရဲ့လေ။ မြန်မာစာပေမှာ ကတ္တား၊ ကံ ၊ ဝါစက၊ ကြိယာ တွေ ကို သဒ္ဒါနည်း နဲ့ အညီရေးရတယ်။ အင်္ဂလိပ်စာမှာ လည်း Noun,Verb , Subject ,Object ဆို တာ တွေ နဲ့ အညီ စာတကြောင်း ဖွဲ့ရတယ်။ ဒါပေမဲ့ တရုပ်စာမှာ တော့ ဘာသဒ္ဒါ နည်းစနစ်မှ မလိုပါဘူး တဲ့။ ဂွကျပုံများ ... ဒါဆို ဘယ်စည်းကမ်းတွေ နဲ့ စာ ရေးကြသလည်း လို့  ဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ရေးကြတာပဲ တဲ့လေ ။
ကဲ ဥပမာ တခု ပြောပြပါမယ်။ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို စာရေးပြီး ဒီလိုပြောလိုက်တယ်။
ဗမာလိုရေး ပြောရရင်...“ နင့်ကို ငါ ချစ်တယ် ။ ဒါပေမဲ့ နင်က ငါ့ ကို မုန်း တယ်။”
အင်္ဂလိပ် လို ပြော ရင် ..“I love you but you hate me” ပေါ့ ။
တရုပ်လို ဆိုရင်တော့ “我 爱 你 但 你 恨 我”ပေါ့ ။ ဒါက ဘယ်ဘက်ကနေ စဖတ်တဲ့ ပုံစံ ကို ပြောတာ။ ..
ဒါပေမဲ့ ညာဘက်ကနေ စဖတ်လိုက်တဲ့ အခါကျ တော့ “ 我 恨 你 但 你 爱 我 ”ဖြစ်သွားရော ( ငါနင့်ကို မုန်းတယ် ဒါပေမဲ့ နင် က ငါ့ကို ချစ်တယ် ( I hate you but you love me )လို့ ဖြစ်မနေပေဘူးလား နော်။ ဒီလိုသာ သွားပြောမိလို့ ကတော့ ဟို မိန်းကလေး က ထပြီး ပါးမချလိုက်ရင် ကံကောင်း ပဲ။း))
စာအုပ်၊ သတင်းစာ ။ လှန်ပုံ လှန်နည်းကလည်း သူများနဲ့မတူ။ ဘာသာ လူမျိုး ပေါင်းစုံတို့ဟာ များသောအားဖြင့် စာအုပ်တအုပ် သတင်းစာတစောင် ကို ဖတ်မယ် စာရွက်တွေ လှန်မယ်ဆိုရင်လည်း ရှေ့ ဆုံးစာမျက်နှာကို ဘယ်ဘက်သို့ ဆွဲလှန်ပြီး နောက်တမျက်နှာဆက်ဖတ်ပေါ့နော် ။ ဂွတီးဂွကျ တရုပ်စာအုပ်တွေမှာ တော့ နောက်ဆုံး စာမျက်နှာ ကို ညာဘက်သို့ ဆွဲလှန်ပြီးတော့မှ နောက်တမျက်နှာ ဆက်ဖတ်ကြရတယ်လေ ။ ဒါကိုမသိတော့ အလှန်မတတ်တာကြောင့် လူရှေ့ သူရှေ့  အရှက်ကွဲခဲ့ရတဲ့ အဖြစ်လေးကို ပြန်တွေးမိလို့ ပြောပြအုံးမယ် ။
ဒီလူ့ ပြည်ဝပြည်ကြီး ကို မျက်စိသူငယ်နဲ့ ရောက်လာအပြီး များမကြာမှီ တနေ့ မှာ ပေါ့ ။ စာမတတ် အကန်းနဲ့တူ ဆိုသလို ဖြစ်နေမစိုးလို့ ဘူးသီးငပေါင်းကြော် ပဲပင်ပေါက် အညောက်ထွက် သလို ရှုပ်ရှက်ခတ်နေတဲ့ တရုပ်စာကို နဲနဲပါးပါးတော့ သင်အုံးမှပဲလို့ အတွေးဝင်လာတယ်။ ဒါနဲ့ တရုပ်စာသင်ဖို့ သင်တန်းတခု သွားတက်တယ် ။ ပထမ တရက်မှာ တရုပ်ဆရာမက အသံထွက် ပေါ ဖေါ မော ဖှော မှ စပြီး သံပြိုင်လိုက်ဆို ရတာပေါ့ ။နောက်တော့ လေ့ကျင့်ခန်း လုပ်ဖို့  စာမျက်နှာ ၁ ကို ဖွင့်ခိုင်းတယ်။ ၁ ကနေစပြီး ရွတ်ကြ ရေးကြ ပေါ့လေ။ သူများတတွေ လိုက်ဆို လို့  ခရီး အတော်ရောက်တဲ့ ထိ ကိုယ့်မှာ စာမျက်နှာ ၁ ရှာ မတွေ့ သေးဘူး ။ ဘေးကလူကို ကြည့်လိုက် ရှေ့ ကလူကို ခေါင်းစောင်းမျှော်လိုက်နဲ့ အလုပ်ရှုပ်နေတာကို ဆရာမ က မြင်သွားပါတယ် ။ ကိုယ့်နာမယ် ခေါ်ပြီး စာမျက်နှာ ၁ ဖွင့်လေ.. တဲ့ ( တကယ်ဆို အဲဒီ အချိန်က သူ့ အမူအရာကြည့်ပြီး နားလည်လိုက်တာပါ ။ ဘာတွေ ပြော နေလဲဆိုတာတော့ အတိအကျ မသိဘူးပေါ့)။ ဒါနဲ့ ခေါင်းခါ ပြလိုက်တယ် ။ ဘယ်လို ပြန်မေးရ မယ်မှန်းမှ မသိတာ ကိုး ။ ဆရာမ က သူပြောတာ မလုပ်ဖူးလို့ များ သဘောပေါက်သွားသလား မသိ ။သူ့  စာအုပ် ထောင်ပြပြီး လှန်ခိုင်းတော့တာပဲ ။ ဟယ် ခက်ပြီ ။စာအုပ်ကို ခါတိုင်းလှန်သလို ရှေ့ ဆုံးက လှန်တာပဲ ။ စာမျက်နှာ ၁ ကို မတွေ့ ပါဘူး ။ အဲဒီတော့ မှ ဘေးမှာထိုင်တဲ့ သူ တယောက်က ကိုယ့်စာအုပ်တအုပ်လုံးကို ဇတ်ကနဲ ပြောင်းပြန်လှန်ပြီး ဖွင့်ပေးတော့ မှ တွေ့ ပါပြီ ။ ဟိုးနောက်ဆုံးတရွက်က စာမျက်နှာ ၁ တဲ့လေ ။ အဲ့လို ဂွကျ တာ ပါ ။
ခုဆိုရင် ကမ္ဘာ့ နိုင်ငံတိုင်းလိုလို စီးပွားရေး ခြွတ်ခြုံကျ နေကြတယ် ။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး စာတမ်းဖတ်တာမျိုး လုပ်တယ်လို့ တော့ မကြားမိပါဘူး ။ စီးပွားရေး ဦးမော့အောင်လုပ်ကြတဲ့ နည်းလမ်းတွေ ကိုယ်တိုင်လည်း နားမလည် ။ ကမ္ဘာ့ ငွေကြေး စတော့ ရှယ်ယာ ကစားခြင်း ကိုလည်း နားမလည် ။ မစွန့်စားရဲ ။ ဘဏ်ထဲ ရှိတဲ့ ကိုယ့် လခလေး လိပ်နှုန်းနဲ့ တဖြေးဖြေး တက်လာလိုက် ၊ သုံးတာများတဲ့အချိန်ဆို ကွန်နက်ရှင် ကျသလို ဝုန်းကနဲ့ လျော့ကျသွားလိုက် နဲ့ ပဲ လခ ထုတ်ရက် မျှော်နေမိရတဲ့ အချိန်ကာလတွေ နှစ်လ တာရှည် ကြာခဲ့လေပြီပေါ့ ။
လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာလည်း စတော့ရှယ်ယာ ကစားကြသူတွေ အများကြီးပါပဲ ။ တနေ့  တနေ့  သူတို့  ကြည့်နေလိုက်ကြတဲ့ ဈေးကွက် အတက်အကျ တီဗွီ အင်တာနက် လိုင်းတွေ မှာ ဂရပ်မျဉ်း အတက် အကျ တွေ ၊ အနီရောင် အစိမ်းရောင် မျဉ်း ဖြောင့် မျဉ်း ကောက်တွေ ကြည့်ရင်း ဘုမသိ ဘမသိ ကိုယ် လည်း ရောယောင် ပျော်တတ်လာတယ် ။ ဘယ်ဈေး ဘယ်လောက်တက်မှန်းမသိပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သီချင်းတအေးအေး မြူးကြွနေတဲ့ သွက်လက်နေတဲ့ အချိန်ဆို ခန့်မှန်းတတ်လာတယ်။ ဒီနေ့  အခြေ အနေကောင်းတယ်ပေါ့လေ။ အဲ့ဒီနေ့တွေ နေ့ လည် နေ့ ခင်း ဆို အနည်းဆုံး အအေးလေး တခွက် တော့ တကာခံသူ ရှိတယ်ပေါ့လေ။ တခါတလေ ကံကောင်းတဲ့ ရက်ဆို ပီဇာလေး၊ ကြက်ကြော်လေး ကြိတ်ရသေးပေသကိုး ။အလကားရတာများ စားရတာ သိပ်အရသာရှိတာပါပဲ။
ဒါပေမဲ့ သူတို့  ဝယ်ထားတဲ့ စတော့ရှယ်ယာ ဈေးကျတဲ့ရက်ဆို ရင် တော့ ၊ ကိုယ့် ဟာကိုယ် အမှား မလုပ်မိအောင် သတိထား၊ ကြည့်ရှောင် ပေရော့ ပဲ ။ အဲလိုတက်ဈေးကျဈေးတွေကို နားလည်ဖို့ ရာကလည်း အတော်ကြီး ကြိုးစားပမ်းစား မှတ်မိအောင် လုပ်လိုက်ရသေးတယ်။ အကြောင်းကတော့ တက်ဈေး ကျဈေး ပြတဲ့ အနီမျဉ်းရယ် အစိမ်းမျဉ်းရယ် ကို ဂွတီးဂွကျ တရုပ်တွေက ကပြောင်းကပြန် သတ်မှတ်ထားကြလို့ပါပဲ ။ နိုင်ငံ အသီးသီးမှာ ကစားကြတဲ့ စတော့ရှယ်ယာ ဂရပ်မျဉ်းကြောင်းတွေ မှာ အတက် ဆိုရင် အစိမ်း ရောင်၊ အကျ ဆိုရင် အနီရောင် ပေါ့လေ ၊ တသမတ်ထဲ ဖေါ်ပြကြတယ် ။ သို့ ပေသော်လည်း ကိုရွှေတရုပ်တို့ က အတက်ကို အနီရောင် ၊ အကျ ကို အစိမ်းရောင်လို့  သတ်မှတ်ထားတယ်တဲ့လေ ။ပြောကို မပြောချင်တော့ဘူး။
ဒီအကြောင်း သေချာ မသိသေးခင် တနေ့မှာ တီဗွီမှန်သား တပြင်လုံးနီးပါး စိမ်းနေတာ တွေ့ တော့ ကိုယ်လည်း ကစားတာ မဟုတ်ပဲ အားရဝမ်းသာ နဲ့ အော်ပြော မိတယ် ။“ ဟေး... ဒီနေ့ တော့ ငါ ကံကောင်းတယ် စားဖို့  အသင့်ပြင်ထားတယ်” ဆိုတော့ သူတို့ လည်း တဟေးဟေး နဲ့ တီဗွီရှေ့ ကို ပြေးလာပြီး အကြည့် ၊ လက်မြန်တဲ့ တယောက်က ကိုယ့် ကျောကို ဗြန်းကနဲ မြည်အောင် ဗျောတီး ပါတော့တယ် ။“ ဟင် ။ နင်က ငါတို့ ရှုံးတာကို ဒီလောက် ပျော်နေရသလား ”တဲ့ ။ “ဟာ ဒုက္ခပါပဲ ။ ဒီတခါလည်း မှား ပြန် ပြီ ” လို့  ရယ်ကျဲကျဲ လုပ်နေတဲ့ ကိုယ့်ကို တွေ့ တော့ မှ သူတို့ လည်း ရယ်နိုင်ပါတော့တယ်။ တရုပ်မတယောက်က ပြောလိုက်သေးတယ်။ “မသေမချင်း မှတ်ထား ။ နီတာက ကောင်းတယ် ၊ စိမ်းတာက မကောင်းဘူး ”တဲ့ လေ..။ ဪ။ တရုပ်တွေများ အနီကို ဒီလောက်တောင်ကြိုက်တာ ပါလား ။ ဒါကြောင့် သူတို့ နတ်တွေမှာလည်း မျက်နှာနီနီ နတ်တွေ ၊ မည်းမည်းနတ်တွေ ၊ စိမ်းစိမ်း နတ်တွေအစုံ ရှိကြတာပဲ ထင်ပါရဲ့ ။ ဒီတော့ နတ်စိမ်းမျက်နှာကြီး ဖြတ်ကနဲ မြင်ယောင်မိလို့  မေးကြည့်လိုက်တယ်ပေါ့ ။ ဟင်..ဒါဆို ဟို မြောက် (寺廟=တရုပ်ဘုရားကျောင်း )ထဲက မျက်နှာစိမ်း နတ်ကြီးက မကောင်းဘူး ပေါ့ နော် . ဆိုတော့ တရုပ်မက “ဟယ်.. နင်တော့ ဒုက္ခရောက်တော့မယ် ။ နတ်ဆိုတာ တော့ အနီရော အစိမ်းရော အကုန်ကောင်းကြတာချည်းပဲ ”တဲ့။ သူတို့တွေ အများအားဖြင့်က နတ်ကိုးကွယ်ကြသူတွေ များတာကိုး..နတ်တွေ ပူဇော်ပသ ပွဲတွေ လည်း နှစ်စဉ် အကြီးအကျယ်လုပ်လေ့ရှိကြတယ် ။ ဝက်ကြီးတွေ ကြက်တွေ ဘဲတွေ အကောင်လိုက် ချက်ပြုတ်ပြီး နတ်ပူဇော်လေ့ရှိကြတယ်။ အိုး.. သူတို့ ဖာသာ ဘာနတ်ပဲ ပူဇော် ပူဇော် ကိုယ့်အတွက် အရေးမကြီးပါဘူး။ ပွဲတွေ ရှိတော့ စားရဝါးရတာ အမြတ်ပဲ မဟုတ်လား ။ ဒါက အနီ နဲ့ အစိမ်း သတ်မှတ်ပုံတွေ ကပြောင်းကပြန် ဖြစ်တာလေးတခု ပေါ့ ။
မီးပွိုင့် မှာ မီးနီ မီးစိမ်း မီးဝါ ဆိုတာ တကမ္ဘာ လုံး တူတူ ပဲ သတ်မှတ်ထားကြတာပါ ။မီးနီရင် ရပ် ၊ မီးဝါရင် သတိ ၊ အရှိန်လျှော့ ။ မီးစိမ်းရင် သွား ... ဒီ signal တွေက သိပြီးသားတွေ ပဲမဟုတ်ပါလား။ မီးဝါလို့  ပွိုင့်မှာရှိတဲ့ လူကူး မျဉ်းကျား မရောက်ခင် မျဉ်းဖြူကို ကျော်သွားမိရင်တောင် နောက်ပြန်ဆုတ်ဖို့  မနည်းလေ့ကျင့်ထားကြရတဲ့ ကိုယ်တို့  ရွှေပြည်သားတွေ ကို ဒီနေရာမှာ အတော်ချီးကျုးဖို့  ကောင်းပါတယ် ။ ဘာလို့ လည်းဆိုတာ သိကြမှာပါ ။ မီးပွိုင့်မှာ ချောင်းနေ ။ အဲလေ.. စောင့်နေကြတဲ့ ဆရာသမား ပရုပ်လုံးနဲ့ ဘဲဥ များ က ဒါမျိုးများဆို မျက်စိလျှင်မှလျှင် ။ ဝီစီသံ တရွှီးရွှီး နဲ့ အလုပ်တာဝန်ကို ကျေပြွန်ကြတော့တာပဲမို့  ဆင်ဖြူတော် လေးတွေ နေရင်း ထိုင်ရင်း မထွက် သွားရလေအောင် ယာဉ်စည်းကမ်းကို တကယ့်ကို တိတိကျကျ လိုက်နာလေ့ ရှိကြတယ်။ ( ဟဲဟဲ၊ ဘဲဥ တွေ မရှိတဲ့ အချိန်ဆိုရင်တော့ တမျိုးပေါ့လေ၊ ခုတော့ ရွှေဘဲဥတွေလည်း ခေတ်နဲ့ တပြေးညီ ခေတ်မှီ တိုးတက် လာကြပြီ ကြားတယ်။ အိုဗာစပိဒ် တို့ ၊ မီးနီဖြတ်တာတို့ ။ မရပ်ရတဲ့ နေရာ မှာ ရပ်ထားတာ တို့ ဆိုရင် ဓါတ်ပုံတွေ ရိုက်ပြီး ဒါဏ်တပ်နေကြပြီ ကြားပါတယ်။ နေပူထဲ ထွက်ပြီး ကားတားစရာမလိုတော့ဘူးပေါ့ ။ များများ မဆောင်ချင်သူတွေ လည်း ၅၁ လမ်းရုံး မော်တော်ယာဉ် ထိန်း ရဲ ကွန်ပြူတာခန်းကို သွားပြီး အလျှော့ အတင်းလုပ်လို့ ရပါသေးတယ်။ ဒါလိုမှ မဟုတ် ရင် လိုင်စင်ဝင်တဲ့ အခါ ကျတော့ အချိန်ကုန် ငွေကုန် လူပမ်း ဟိုဘက် ဒီဘက် ပြေးပေရော့ပဲ။ ဤကား... ..လမ်းကြုံတုံးဖေါက်သည်ချ သော ကိုယ်တွေ့  ၊ ကိုယ်တွေ့ .. )။
ဒီတိုင်းပြည် ဒီတရုပ်တွေ ကျတော့ မီးပွိုင့် signal အယူအဆက တမျိုး ။
တနေ့ မှာ သူငယ်ချင်း တရုပ်မ တယောက် မောင်းတဲ့ ကားကို ဘေးကထိုင်စီးပြီး စကားတပြောပြော လာလိုက်ကြတာ.. မီးပွိုင့် တခု အရောက်၊ မီးစိမ်း ကနေ မီးဝါ ရုတ်တရက် ပြောင်းသွားတယ် ။ တကယ်ဆိုရင် မိနစ် အချိန်ပြတဲ့ countdown timer တွေ ရှိနေတာ ကို သတိမထား မိလို့ ပါ ။ အဲဒီအချိန်မှာ မီးဝါကို ရုတ်တရက်တွေ့ လိုက်ရတဲ့ တရုပ်မက ဘာလုပ်တယ် ထင်သလည်း ။ လီဗာကို အသကုန် နင်းတော့တာပါပဲ ။ အမလေး ဘုရား ဘုရား မော်တော်ပီကယ် တော့ မရှိ ။ ဒါပေမဲ့ ပွိုင့်တိုင်းလိုလိုမှာ စီစီတီဗီ ကင်မရာတွေ တပ်ထားတာ ။ ဒုက္ခပါပဲ ဒါဏ်ငွေ ရိုက်ခံ ထိတော့ မယ် လို့  စိုးရိမ် မိတဲ့ အပြင် ၊ ဘယ်ကားနဲ့များ ဝင်ကြုံး မလည်း တွေးမိလို့  မျက်စိမှိတ်ပြီး အော် လိုက် မိတယ်။ အဲဒီတော့ ကားမောင်းနေတဲ့ တရုပ်မက “နင်ဘာဖြစ်တာလည်း ။ မီးဝါပြနေတာက မြန်မြန်မောင်းလို့  ပြောတာ လေ”.. တဲ့ ။ ဪ .. သူတို့  အယူအဆ နဲ့ သူတို့  ကျတော့ လည်း ဟန်ကိုကျလို့ ။ မရှောင်ရင်လွတ်တယ် ဆိုသလို အဲ့လို မြန်မြန် မောင်းလိုက်တော့လည်း မီးနီမမိ လွတ်သွားတာ တကယ်ပါပဲ ။ ( ကံကြီးပေလို့  ယာဉ်တိုက်မှုမဖြစ်ပဲ လွတ်သွားတာ မို့  နောင် မှာ အဲဒီ ဂွတီးဂွကျ တရုပ်မ မောင်းတဲ့ကားဆို ဘယ်တော့ မှ လိုက်မစီး ဖြစ်တော့ပါ ဘူး ။ အသက်ကို ဥာဏ်စောင့်တယ် မဟုတ်ပါလား)..
အရောင် နဲ့ ပတ်သက်ပြီး နောက်တခု ဂွတီးဂွကျ ဖြစ်ရတာ ရှိသေးတယ် ။ အနီကြိုက်တဲ့ တရုပ်တွေရဲ့  မင်္ဂလာ အခမ်းအနားတွေမှာ ရဲရဲတောက်အောင်နီကြပြန်ပေတယ် ။ မင်္ဂလာ လက်ဖွဲ့ပေးတဲ့ စာအိတ်ဆို လည်း အနီမှ ။ ဒါကို နားမလည်တဲ့ အကျွန်ုပ်ခမျာ ၊တနေ့မှာ မင်္ဂလာဆောင်သွားရောက်ဖို့ အကြောင်းရယ်က ဖန်လာပြန်တယ်။ မလွှဲသာ မရှောင်သာ မသွားလို့ လည်း မကောင်းတာမို့  လွယ်လွယ်ကူကူဖြစ်အောင် လက်ဖွဲ့ ငွေပဲ ထဲ့မယ်ပေါ့ ။ဒီလိုနဲ့ ရွှေပြည်ကြီးက ထုံးစံအတိုင်း စာအိတ်ဖြူလှလှလေး ထဲ လက်ဖွဲ့ ငွေကိုထဲ့ပြီးသွားမိပါလေရော ။တော်သေးတယ် ၊ မင်္ဂလာ အခမ်းအနား မရောက်ခင်မှာပဲ သူငယ်ချင်းတရုပ်မက နင် လက်ဖွဲ့ငွေ ဘယ်လောက်ထဲ့သလည်း စပ်စုမိပေလို့ ပဲ။ နို့ မို့ ဆို လူကြားထဲ မျက်နှာပျက်ရပေအုံးမယ်။ ဪ။ ဒီပြည်ကြီးမှာ ဒီလူမျိုးတွေက စာအိတ်ဖြူဆိုတာ အသုဘအကူငွေကို ထဲ့ကြတာ တဲ့လေ ။ အဲ့ဒီနောက်မှာ တော့ စာအိတ်နီ 紅包 , နဲ့ စာအိတ်ဖြူ 白包 တို့အားခွဲခြား အသုံးချပုံတွေ ကို အရိုးစွဲ တဲ့ထိ မှတ်လို့ သာ ထားလိုက်ရပေတော့သဗျိုး ။
ဂွတီးဂွကျ နိုင်လှတဲ့ တရုပ် လူမျိုးတွေရဲ့  ထုံးစံ တွေးခေါ်ပုံများ နောင် အလျဉ်းသင့်တာရှိရင် ဆက်ပြီး ဖေါက်သည်ချပါအုံးမယ် ။ခုလောလောဆယ်မှာတော့ တံငါနားနီး တံငါ ဆိုသလို ကိုယ်တိုင်လည်း ဂွကျ သူများ နဲ့နီးတော့ ဂွကျကျဖြစ်နေပြီလား လို့  လည်း ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်နေမိပါတယ်။
မိတ်ဆွေ အပေါင်းတို့ မှာ ရော၊ ဂွတီးဂွကျ အတွေးတွေ အမြင်တွေ အပြုအမူတွေများ ရှိနေပြီလား....
အားလုံး ချမ်းမြေ့  ရွှင်လန်းကြပါစေ ။
ဒီနေ့ တီဗီနဲ့ သတင်းစာ မှာ တွေ့ လိုက်ရတဲ့ သတင်း ။ သတင်းလို့ ဆိုတော့ လုပ်ကြံ ရေးထားတာလည်း မဟုတ်တန်ရာ ။ မီဒီယာတွေ ဖွတယ် လို့လည်း ယူဆလို့ မရ ၊ သူတို့ ကိုကြည့်ပြီး ရင်မောမိသလို ၊ ဘယ်အချိန်ခါမှာ ကြေကွဲဘွယ်ရာ နောက်ဆက်တွဲ သတင်းများ ကြားရပါလိမ့်မလည်း လို့ လည်း စိုးရိမ်စိတ် ဝင်လာမိတယ်။
အသိဥာဏ်ပညာ ရှိမှု မရှိမှု နဲ့ သက်ဆိုင်သလား ၊ သူများပြောစကား လွယ်လွယ် ယုံတတ်သူများ လို့ ယူ ဆလို့ ရမလား၊ တကယ့်ကို ရောဂါ ကြီးမားပြီး လူ့ လောကကြီးထဲ မနေချင်လောက်အောင်ကို စိတ်ညစ်နေကြသူတွေလား ။ သိပ္ပံပညာ တွေ အံ့မခန်းထွန်းကားနေပြီဖြစ်တဲ့ ယနေ့ခေတ်ကြီး ထဲမှာ ၊ ခေတ်နောက်ပြန်ဆွဲ အယူလွဲနေကြသူတွေ ပဲလား ၊ တခုခုတော့ မှားနေကြပြီ လို့  ယူဆလို့  ရတဲ့ အကြောင်းအရာ နဲ့ ဆက်စပ်လို့ ရတဲ့ အဖြစ် တခု၊ သတင်းတခု ဖတ်လိုက်ရ မြင်လိုက်ရ လို့  စိတ်ထဲမှာ အံ့သြခြင်းကြီးစွာ ဖြစ်သွားမိတယ်။ အကြောင်းစုံလင် သိချင်ရင် ဖြင့်တော့ ရှေ့  ဆက် ကလစ်ပြီး ကြည့်ကြပါကုန်...
အင်ဒိုနီးရှားနိုင်ငံမှ ပေါ်ထွက်လာတဲ့ သတင်းတခုပါ။
အတိုချုပ်ပြောရရင် တော့ အဆိုပါနိုင်ငံမှ လူတချို့ ဟာ မီးရထားသံလမ်းတွေပေါ်မှာ ပုံ ပြ ပါအတိုင်း ကန့်လန့်ဖြတ် လှဲလျှောင်း ပြီး လျှပ်စစ်ဓါတ်ကုထုံး လို့  ခေါ်တဲ့ ကုသနည်း တမျိုး ကို ပြုလုပ်နေကြ ပါတယ်။ဒီပုံကတော့ အင်ဒိုနီးရှားနိုင်ငံ Rawa Buaya,မြို့ အနီးရှိ ရထားသံလမ်းပေါ်မှာ လှဲလျှောင်းနေကြသူများပါ။
ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်မှာ တရုပ်လူမျိုး လူတယောက် လေသင်တုန်းဖြတ် ရောဂါ ဖြစ်နေပြီး ကုသလို့  မပျောက်ပဲစိတ် အညစ်ကြီး ညစ်နေရာက သူ့ ကိုယ်သူ အဆုံးစီရင် ဖို့  စိတ်ကူး ဝင်လာပါတယ်တဲ့ ၊ ဒါကြောင့် ရထားသံလမ်းပေါ် မှာ လှဲပြီး ရထားကြိတ်ခံ ဖို့  စောင့်နေရာမှာ ရထားမကြိတ်မိပဲ ၊ သူ့ ရောဂါပျောက်သွားတယ် ဆိုတဲ့ ကောလဟာလ သတင်းတခု ထွက်လာခဲ့ပါတယ်။ ဒီလို နဲ့ တဆင့်စကား တဆင့်ပွားရင်း ရောဂါပျောက်ချင်သူတွေ ရထားသံလမ်းပေါ် လာပြီး လှဲလျှောင်းကုသမှု ခံယူလာကြ တယ်။ တနေ့  တနေ့  ဒါဇင်များစွာ သောသူတွေ ၊ ဆေးကုသဖို့  စရိတ် မတတ်နိုင်သူတွေ ၊ ရောဂါပျောက်ချင်ဇောနဲ့ အန္တရာယ်လက်တကမ်းမှာ အသက်ကို လောင်းကြေးထပ် ပြီး ရောဂါကုသနေကြပါတယ်။
သူတို့ လှဲနေကြတဲ့ မီးရထား သံလမ်း နောက်တခုမှာ ရထားကြီးက အရှိန်နဲ့ ဖြတ်သွားတာကို မကြောက်မရွံ့ ပဲ လှဲလျှောင်းနေကြခြင်းဖြင့် ရထားသံလမ်းပေါ်မှာ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်း electromagnetic fields (EMFs) က၊ သွေးတိုး၊ ဆီးချို၊ အိပ်မပျော်တဲ့ ရောဂါ အစရှိတာတွေကို ပျောက်ကင်းစေနိုင်တယ် လို့  အယူလွဲစွာ ထင်မြင်နေကြပါတယ် ။ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ဒီအခြေအမြစ်မရှိတဲ့ ကုသနည်း ဟာ ရောဂါ ပျောက်ကင်းနိုင်ပါတယ် လို့ စမ်းသပ်တွေ့ ရှိမှု မရှိကြောင်း ပြောကြားထားပါတယ်။ ဆီးချိုရောဂါ နဲ့ ပတ်သက်တာတွေကို ပိုပြီး ဆိုးဝါးစေနိုင်တယ် လို့  လည်း ဆိုထားပါတယ်။
Electrical fields may actually worsen diabetes
While there is no consensus in the medical community, there are indications that exposure to electromagnetic fields (EMFs) may actually promote diabetes and related illnesses. The Dirty Electricity Blog notes that a patient’s hypoglycemic awareness (feeling that blood sugar is dropping) is dulled by the presence of intense EMFs/dirty electricity.
ဒါပေမဲ့လည်း ဆီးချိုရောဂါ ခံစားနေရတာ ၁၃နှစ် ရှိနေပြီဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီး Sri Mulyati ဆိုသူဟာလည်း ဒီလျှပ်စစ်သံလိုက် စီးကြောင်းတွေကြောင့် ဒီ ၆ လ အတွင်း သူရောဂါ သက်သာလာတယ်လို့  ယုံကြည်နေပါသေးတယ်။
ဒီ ဗီဒီယိုအပိုင်းလေးကို ကြည့်နိုင်ပါတယ်။
ဒါ့အပြင် သူတို့  အစိုးရကိုယ်တိုင်က ဒီလို ရထားလမ်းပေါ် နေသူတွေကို ထောင်ဒါဏ် ၃ လ ( သို့ မဟုတ်) အမေရိကန် ဒေါ်လာ ၁၈၀၀ နဲ့ တူညီတဲ့ ဒါဏ်ငွေ ချမှတ်မယ် လို့ အမိန့်ထုတ် တားဆီး ထားပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိတော့ ဘယ်တဦးတယောက်ကိုမျှ ထောင်ဒါဏ် ငွေဒါဏ် ချမှတ်ခဲ့ခြင်း မရှိသေးသလို ၊ ခုလို ပဲ ဆက်လက် လှဲလျှောင်းကုသခံနေကြသူများ ရှိနေဆဲပါပဲ။ ရောဂါပျောက်လိုသူတချို့ ကလည်း မပျောက်မချင်း ဆက်လက်လာနေဦးမယ် လို့  ပြောကြားပါတယ် ။ ရောဂါမပျောက်ပဲ အသက်ပျောက်ရမဲ့ အဖြစ်ကို ကြိုတင် မတွေးကြတာ သူတို့ စဉ်းစားဥာဏ် နည်းပါး နေကြလို့လား ၊ အယူလွဲနေကြဆဲလား တော့ မပြောတတ်ပါ ။
အမိမြန်မာပြည်ကြီးမှာလည်း အလားတူ အယုံမှားနေကြသူများ ၊ ရောဂါပျောက်နိုးနဲ့ ကင်ဆာ အကြိတ် အဖုကို မိုးကြိုးသွားဖြင့် ထိပွတ်ကုသသူများ၊ မကောင်းဆိုးဝါးကပ် ၊သူတပါး ပြုစားခံရတယ် ဆိုပြီး ဆေးကြိမ်လုံးဖြင့်ရိုက်နှက်ကုသသူများ၊ ဗေဒင် ယတြာ ဆေး အင်း မန်း တွေ သုံးပြီး အနာတခြား ဆေးတခြား ကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးနေကြရသူများ ရှိနေပါတယ် ။ ကျန်းမာရေးအသိ ပညာပေးမှု ချို့တဲ့မှုများကြောင့် ၊ ကျန်းမာရေးအသိ နည်းပါးမှု များကြောင့် ၊ ဆေးကုသ စရိတ် ငွေကြေးချို့တဲ့မှုကြောင့် ဆေးရုံ ပြချင်သော်လည်း မပြနိုင် မကုနိုင် ဖြစ်ရပြီး ဗိန်းန္ဓောဆရာ လက်ချက်နဲ့ အသက်ဆုံးရှုံးရသူများလည်း ရှိနေကြပါတယ် ။ဒီအဖြစ်ဆိုးတွေကို ပပျောက်အောင် လုပ်သင့်ပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီးတွေးမိတာ တခုရှိပါသေးတယ်။ အရှေ့  အနောက် တောင်နဲ့ မြောက် တလံတလျား ရှိနေတဲ့ အမိမြန်မာပြည်ကြီးရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေး အဖြစ် အသုံး ပြုနေရတဲ့ ရထား သံလမ်း တွေပေါ်မှာလည်း နွားကျောင်းသား ကျွဲကျောင်းသား နဲ့ လူ တချို့ ရထားသံလမ်းပေါ်မှာ ( ကတ္တရာ ကားလမ်းမပေါ်မှာရော) အနားယူရင်း အိပ်ပျော်သွားလို့  ရထားကြိတ်၊ကားကြိတ် မိပြီး အသက်ဆုံးရှုံးရတဲ့ သတင်းတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။ ခုလိုများ ရောဂါပျောက်တယ် ၊ ဘာညာ ဆိုတဲ့ ကောလဟာလ သတင်းတွေသာ ပြန့် နှံ့ သွားခဲ့ရင်တော့ ရောဂါကြီးမား ပြီး ၊ ငွေကြေးချို့ တဲ့၊ အတွေးအခေါ်ချို့ တဲ့ ၊ အယုံလွယ်သူများ ဟာလည်း ခုလိုပဲ ရထားသံလမ်းပေါ်မှ လျှပ်စစ်ဓါတ်ဖြင့် ရောဂါကုသထုံးကို လိုက်ပြီးလုပ်နေကြမလား ...။ ဒါမှ မဟုတ် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းခံရတော့မယ် လို့ သတင်းထွက်နေတဲ့ မီးရထား ဆက်သွယ်ရေး ပိုင်ရှင်ကြီး မှ သံလမ်းလျှပ်စစ် ကုထုံးသစ်ဖြင့်၊ အခကြေးငွေယူကာ၊ ရောဂါကု ဖို့ များ စီမံလာလေ မလား.... ။ မြစ်ကြီး ဧရာဝတီ အတွက် စိုးရိမ် မျက်ရည်ကျ နေကြရတဲ့ ပြည်သူ များ အပြင် ၊ ရထားသံလမ်း ကြောင့် မျက်ရည်ကျရသူများ ပါဝင်လာလေမလား ...။
လွတ်လပ်တယ် ဆိုပြီး ကားလမ်းမပေါ် ဆေးရိုးတက်လှန်းနေကြတာ ၊ကားကြိတ်ခံရလို့ ဆေးရိုးက ဘာမှ မဖြစ်နိုင်ပေမဲ့၊ ခုလို ရထားလမ်းပေါ် မိမိကိုယ်ကို တက်လှန်း နေကြရင်ဖြင့် ကံမကောင်းတဲ့အချိန်နဲ့တိုက်ဆိုင်တဲ့အခါ ရောဂါ မပျောက် ပဲ အသက်ပျောက်ရမှာ သေချာပါတယ်။
မိမိအသက်ကို လောင်းကြေးထပ်ပြီး အန္တရာယ် လက်တကမ်းမှာ သေမင်းနဲ့ ကစားနေကြသူ ဒီလူများကိုကြည့်ပြီး အတုမယူကြစေလိုပါ ။ အရာရာကို ကိုယ်ပိုင် အသိဥာဏ်နဲ့ ယှဉ်ပြီး အကောင်း အဆိုး၊အကြောင်းအကျိုး ၊ အမှားအမှန်ကို ခွဲခြား သိမြင် နိုင်ကြပါစေ ။
ရည်ညွှန်းချက် ။ ။
http://www.newsytype.com/9657-indonesian-train-track-therapy/
http://www.cbc.ca/news/health/story/2011/08/02/train-track-therapy-indonesia.html
ခန္ဓာကိုယ်တခုမှာ ဘယ်အင်္ဂါ က အရေးအကြီးဆုံးလည်း ။ ရှိရှိ သမျှ အင်္ဂါတွေအားလုံး သူ့ နေရာနဲ့သူ အရေးကြီးကြတာချည်းပါပဲ ။ ဦးနှောက်အာရုံကြောတွေ၊ သွေးလှည့်ပါတ်တဲ့စနစ် မှ နှလုံးနဲ့ သွေးကြောတွေ၊ အသက်ရှုလမ်းကြောင်း အတွက် အဆုပ်နဲ့လေပြွန်တွေ ။ အစာခြေလမ်းကြောင်းအတွက် ပါးစပ်မှ စပြီး စအိုဝ အထိအစာအိမ် အူ၊အသည်း၊ သည်းခြေ ၊ အညစ်အကြေး အဆိပ်အတောက်တွေ စွန့်ပစ်ဖို့ ကျောက်ကပ် ဆီးလမ်းကြောင်း၊ အားလုံး အရေးကြီးကြပါတယ်။ ရောဂါတခုခု ဖြစ်လာရင် ဘာရောဂါ ဖြစ်မှန်းသိရအောင် ကိုယ်ခန္ဓာမှ ပုံသဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်ုပ်တို့ ကို အကြောင်းကြားပါတယ် ။ အဲ့ဒါတွေကို ရောဂါ လက္ခဏာ လို့ (Sign & Symptom) ခေါ်ပါတယ်။ ဥပမာ ဗိုက်အောင့်တယ်၊ ခေါင်းကိုက်တယ် ၊ ခေါင်းမူးတယ်၊ ရင်ဘတ်အောင့်တယ်၊ရင်တုန်တယ်၊ အန်တယ်။ ဝမ်းလျှောတယ်။ ဆီးကျင်တယ် စသဖြင့်ပေါ့ ။အဲ့ဒီအခါကျ ခေါင်းမူးရင် ဘယ်လိုပုံနဲ့ မူးရင် ဘာရောဂါကြောင့်ဖြစ်နိုင်တယ်၊ရင်ဘတ် ဘယ်နေရာမှာအောင့်ရင်ဘယ်လိုအောင့်ရင်ဘာရောဂါဖြစ်နိုင်တယ် ဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ အတိအကျ သိဖို့ရာကတော့ ကျွမ်းကျင်သူပညာရှင်များမှ ဆက်ပြီးရောဂါ ရှာဖွေစစ်ဆေး ပေးလို့ ရပါတယ် ။ခု ပြောပြချင်တာကတော့ ဗိုက် ပြသနာ များ ပါပဲ ။
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားအတိုင်း ဝမ်းဗိုက်ပြသနာ ရှိနေခဲ့ရင် ခေါင်း အထိအောင် ပြသနာ ဖြစ်လာတတ်ပါတယ် ။ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်မလင်နဲ့ နေရထိုင်ရတာ မသက်သာလှပါဘူး။
လူတိုင်း ဗိုက်အောင့် ဗိုက်နာဖူးကြမှာပါ ။ အနည်းဆုံး ကတော့ ဝမ်းသွားချင်တဲ့ အခါမျိုးမှာ ဗိုက် နဲနဲ ရစ် တာမျိုးလောက်တော့ ခံစားဖူးကြမှာပါ ။ဗိုက်နာတဲ့ အတိုင်းအဆ ပြင်းထန်မှု၊ နာကျင်ပုံ နာကျင်နည်း၊ နာတဲ့နေရာ ။သူနဲ့တွဲဖက်ပြီး ပြတတ်တဲ့ တခြား လက္ခဏာများကိုကြည့်ပြီး သူ့ မှာ ဘာရောဂါ ဖြစ်နိုင်ချေရှိသလည်း ဆို တာကို မှန်းဆလို့ ရပါတယ် ။
ခု ဒီအကြောင်းပြောပြချင်တာကတော့ ကိုယ့်ဟာကိုယ် ရောဂါရှာပြီး ကိုယ့်ဟာကိုယ် ကုသဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ။ သာမာန်ဗဟုသုတမျိုး အနေနဲ့ ကိုယ့်ခန္ဓာကိုယ် ရဲ့  ဘယ်နေရာမှာ ဘာအင်္ဂါ အစိတ်အပိုင်းတွေ ရှိသလည်း ဆိုတာသိထားရင် အနည်းဆုံးတော့ မိမိမှာ ဘယ်လိုရောဂါ ဖြစ်နိုင်လိမ့်မလည်းလို့ အချိန်မဆွဲပဲ သိနိုင်အောင်ပါ ။
ပိုပြီး တိကျ အောင်ဖေါ်ပြလိုရင်တော့ အကွက် ၉ ကွက် ဖေါ်ပြကြပါတယ်။
ဗိုက်သားပြင်ရဲ့ အတွင်းဖက်ကိုယ်တွင်းခေါင်းမှာ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓိကအားဖြင့် ဒီလို ခွဲခြားထားပါတယ်။
၁-အစာခြေဖျက်ခြင်းနဲ့ဆိုင်တဲ့-အစာမြိုရေမြိုပြွန်ရဲ့  အောက်ဆုံးအပိုင်း(the end of the esophagus),အစာအိမ်( stomach), အူသိမ်နှင့်အူမကြီး (small and large intestines), အသည်း (liver), သည်းခြေ(gallbladder),မုန့်ချိုအိတ် ခေါ် သရက်ရွက်( pancreas)။
၂-ဝမ်းဗိုက်အတွက် နှလုံးသွေးလွှတ်ကြောမကြီးနှင့်သွေးကြောများ(The abdominal aorta)။
၃-အူအတက်(The appendix)- အူသိမ်အဆုံးပိုင်း နှင့် အူမကြီးအစပိုင်း ဆက်သွယ်ရာ နေရာမှာ ရှိပြီး အရေးကြီး လုပ်ငန်းတာဝန် မရှိ။
၎-ကျောက်ကပ် နှစ်လုံး( The kidneys) ဘယ် ညာ နှစ်ဖက် ၊ ဝမ်းဗိုက်ရဲ့ နောက်ဖက် အတွင်းပိုင်းတွင် ပဲစေ့ပုံသဏ္ဍန်ရှိပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက် အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ် နိုင်အောင် ဆောင်ရွက်ပေး ပါတယ်။
၅-ဘေလုံး ( spleen) ဗိုက်ရဲ့ ဘယ်ဖက် အပေါ်အနောက်ဖက်နေရာမှာ တည်ရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး နဲ့ သွေးလှည့်ပတ်ရေးအတွက် တာဝန်ရှိပါတယ်။
အဲ့ဒီ အင်္ဂါ အစိပ်အပိုင်းတွေမှာ ပြသနာ တခုခု ဖြစ်လာရင် သူနဲ့ ဆိုင်တဲ့ နေရာမှာ နာတတ်တယ် အောင့်တတ်တယ် ။ ဗိုက်နာတယ် ဆိုရင် နာတဲ့နေရာ( location of pain) နဲ့ နာပုံနာနည်း (Type of pain) -( အောင့်ပြီးနာသလား ၊ တပြင်လုံး နာသလား၊ တနေရာတည်း စူးပြီးနာသလား၊ ရစ်ပြီးနာသလား) ။onset of pain ( ရုတ်တရက် နာသလား၊ ရက်ရှည်နာနေတာလား Acute or Chronic) စတာ တွေဟာ ရောဂါရှာဖွေသတ်မှတ်ရေး( Diagnosis )အတွက် အရေးကြီးပါတယ်။
အခု ပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း (Acute Abdominal Pain) အကြောင်းပါ။
တခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့် ပြတတ်ပါသေးတယ် ။ အခု ဒီနေရာမှာ စ အောင့် နေပေမဲ့ ခန ကြာတော့ နေရာပြောင်းသွားတတ်တာ လည်းရှိပါတယ် ။ ဥပမာ - အူအတက်ယောင်လို့  ဗိုက်နာတယ်ဆိုရင် သူက RLQ မှာရှိနေပေမဲ့ စစချင်းမှာ အစာအိမ် အောင့်သလို မျိုးနဲ့ ခပ်ဆင်ဆင် နာပြတတ်ပါတယ် ။ ရင်ညွန့် မှ စအောင့်ပြီး နာရီ အနည်းငယ်အတွင်း ဒါမှမဟုတ် ရက် အနည်းငယ် ၁ ရက် ၂ ရက်လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်း ကို ရွှေ့ ပြီး နေရာမှန် မှာ နာလာတတ်ပါတယ်။ အဲလို နာတာ အပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်း စတဲ့ လက္ခဏာတွေပါ ရှိနိုင်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး (Acute Abdomen )ဆိုရင် အနီးကပ် စောင့်ကြည့်ခြင်း ( close Observation) က အရေးကြီးပါတယ်။ အဲ့လို စောင့်ကြည့်နေစဉ်မှာ လူနာကို ဘာ အစားအစာ၊ ရေ ၊ မျှ မပေးရပါဘူး ။ တကယ်လို့  အူအတက်ယောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိပ်ကုသဖို့ လိုအပ်တာမို့ ၊ အန္တရာယ် ကင်းစွာ မေ့ဆေးပေးလို့  ရအောင် ပါ။
အလားတူစွာ Refer Pain များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ် ။ ဥပမာ နှလုံးကြွက်သားသွေးမလုံလောက်လို့ ရင်ဘတ် အောင့်တဲ့ အခါ ၊တခါတလေကျရင် ဘယ်ဘက် ပုခုံး နဲ့ မေးရိုး လည်ပင်း နေရာများမှာလည်း အောင့်နေတတ်ပါတယ်။ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရသလည်း ဆိုတော့ ဒီ အင်္ဂါအစိတ်အပိုင်း နှစ်ခုစလုံးအတွက် ထောက်ပံ့ထားတဲ့ အာရုံကြောက တခုထဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။
အဲဒီ အထဲမှာ အများဆုံး နာတတ် အောင့်တတ်ကြတာ တွေကတော့
-Epigastric ရင်ခေါင်းရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် - အစာအိမ်(Gastritis) ၊ အူသိမ်ဦးပိုင်းယောင်ယမ်းခြင်း(Duodenitis)၊ အနာပေါက်ခြင်း(ulcer) သည်းခြေပြွန်ယောင်ယမ်းခြင်း (Cholecystitis Cholangitis) ၊ အသည်းယောင်ခြင်း(Hepatitis)၊ သရက်ရွက် ယောင်ခြင်း (Pancreatitis) ၊ သွေးယိုခြင်း စသဖြင့်။
တချို့ ဖြစ်နိုင်ခြေရှိတာတွေကတော့ -နှလုံးကြွက်သား အမြှေးပါးယောင်ခြင်း(Pericarditis Myocardial Infarct)၊ အဆုပ် ၊ အမြှေးပါးယောင်ခြင်း (Pneumonia, Pleurisy ,Pneomothorax)၊ရင်အုပ်နဲ့ ဝမ်းတွင်းခေါင်းခြားထားတဲ့အရွတ်ပြားအောက်တွင်ပြည်တည်ခြင်း (Subphrenic abscess)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အလွှာကွာပြီး ဖေါင်းထွက်လာခြင်း( Dissecting aneurysm) စသဖြင့် ..
- RUQ ညာဘက် အပေါ်မှာအောင့်ရင် ဖြစ်တတ်တာတွေက- အသည်း ယောင်ခြင်း သည်းခြေအိတ် ကျောက်တည်ခြင်း ယောင်ခြင်း စသဖြင့်။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ - ကျောက်ကပ်ယောင်ခြင်း ၊ ညာဖက် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း။ညာဖက် အဆုပ် နဲ့ အမြှေးပါး ယောင်ခြင်း ။ နှလုံးကြောင့် အောင့်ခြင်း တို့ လည်း ဖြစ်နိုင်ပါတယ်။
- LUQ ဘယ်ဘက် အပေါ်မှာ အောင့်ခဲ့ရင် ။ Stomach -အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ကြောင့် အဖြစ်များပါတယ်။ ၊Pancreas မုန့်ချိုအိတ်( သရက်ရွက် ) ယောင်ခြင်း ကျောက်တည်ခြင်းသွေးယိုခြင်း၊ Spleen ဘေလုံးကြီးခြင်း၊ပေါက်ခြင်း၊ ပုတ်ခြင်း၊ Left Kidney ဘယ်ဖက် ကျောက်ကပ်ယောင်ခြင်း၊ ကျောက်တည်ခြင်း၊ Lt Pleurisy , Pneumonia ဘယ်ဖက် အဆုပ်နဲ့ အမြှေးပါးယောင်ခြင်း စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ် ။ ထိခိုက်ဒါဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တတ်သူများ အတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများတစ်ဆို့ ခြင်း များလာရင် ဘယ်ဖက် ဝမ်းပိုက် အပေါ်နဲ့အောက်ပိုင်းတို့ မှာလည်း အောင့်တတ်ပါတယ်။
- RLQ ညာဘက်အောက် မှာ ဖြစ်တတ်တာတွေက - အူအတက်ယောင်ခြင်း၊ ပေါက်ခြင်း ။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ -ဆီးလမ်းကြောင်း ကျောက်တည်ခြင်း -(ခါးနောက်ဖက်ပိုင်းမှ ရှေ့ အောက်ဖက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ် )။ အူကျခြင်း Hernia စသဖြင့်။
- ဆီးစပ်အထက် Suprapubic နေရာမှာ အောင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ ခြင်း ယောင်ခြင်း၊ အူအတက် ယောင်ခြင်း ၊ ဆီးအိမ် ယောင်ခြင်း၊ အမျိုးသမီးများအတွက် မျိုးဥအိမ်၊ ဥပြွန်၊သားအိမ် ယောင်ခြင်း ၊ ပေါက်ခြင်း၊နေရာမှားပြီး သန္ဓေတည်ခြင်း ၊ ရာသီလာ၍ အောင့်ခြင်း။
- Periumbilicus ချက်ပတ်လည်နေရာ မှာ အောင့်စေတာတွေက အူသိမ် ပိတ်ဆို့  ယောင်ယမ်း ပုတ်ခြင်း၊ မုန့်ချိုအိတ်ယောင်ခြင်း၊ အူရှိသွေးကြောများ ပိတ်ဆို့ခြင်း mesenteric thrombosis , dissecting aortic aneyrysm ၊ တို့ကြောင့် ဖြစ် တတ်ပြီး ၊ အူ အတက် ယောင်ခြင်းရဲ့ ဦးစွာ အချိန်မှာ လည်း ဒီနေရာမှာအောင့်တတ်ပါတယ်။
- LLQ ဘယ်ဘက် အောက်မှာ အောင့်ရင်- စဉ်းစားရမှာတွေကတော့ အူယောင်ခြင်း၊ အူ ပိတ်ဆို့ ခြင်း ဥပမာ စမြင်းတုံး၊ အလုံးအကြိတ် ၊ အနာပေါက်ခြင်း၊ အူကျခြင်း၊ ဘယ်ဘက် ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း၊
အမျိုးသမီးများအတွက်ကတော့ ဘယ်ဖက် သို့မဟုတ်ညာဖက် အောက်ပိုင်းမှာနာရင်- မျိုးဥအိမ် ovary နဲ့ ဥပြွန် Fallopian tube မှာ ဖြစ်တတ်တဲ့ ယောင်ခြင်း၊အရည်အိတ်တည်ခြင်း ။ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း ( Ectopic/Tubal pregnancy) ၊သားအိမ်ယောင်ခြင်း တို့လည်းဖြစ်နိုင်ခြေ ရှိကြောင်း ကို မမေ့သင့်ပါဘူး ။
တခါက ကြုံခဲ့ဖူးပါတယ် ။ အမျိုး သမီး တယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက် အောက်ဖက်ပိုင်းမှာ ၊ သူက ဝမ်းတွင်း ကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တော့ အစာအိမ်အောင့်တယ် လို့ ယူဆပြီး သူ့ ဟာသူ ပဲ အစာအိမ် လေထိုးလေနာပျောက်ဆေးတွေ သောက်ပါတယ်။ ၃ ရက် ကြာသွားတယ် ။မသက်သာဘူးပေါ့။ ဒီလို နဲ့ပဲ ဗိုက်ကြီးတပြင်လုံး မာတောင့်တောင့် နဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး shock ရလာတော့ မှ ဆေးရုံ ရောက်လာတယ် ။ ကြည့်လိုက်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေပြလာလို့  အရေးပေါ် ခွဲစိတ်လိုက်ရတယ် ။ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝ မှာ သန္ဓေတည်ခြင်းဖြစ် ပြီး ပေါက်သွားလို့  သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့  common sense ရှိရင် သူ့ ဟာသူ ဘာဖြစ်နိုင်သလည်း ဆိုတာ တွက်ဆလို့ ရပါတယ်။ဒါဆိုရင် လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီးရယူနိုင်ပါတယ်။
ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာ အများကြီးထဲမှာ ဘယ်နေရာ ကစပြီး ပြသနာဖြစ်တာလည်း ဆိုတာကို တခါတရံတော့လည်း သေချာအတိအကျ အဖြေ မရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးယောင်ယမ်းပြီး Peritonitis ဗိုက်တပြင်လုံးဂျပ်ခဲကြီးဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်းသေချာ မသိပဲ သွေးဆိပ်တက် တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & proceed ဆိုပြီး ဗိုက်ကို အရင်ခွဲပြီးမှ ရောဂါရှာကုသ ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
နောက်ဆုံးပြောပြလိုတာကတော့ ဗိုက်နာတာ ကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နင်းနှိပ်ခြင်းမပြုသင့်ပါဘူး။ အစာအိမ်ယောင်ခြင်းကြောင့်အောင့် နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး ။ ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မှီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသသင့်ပါတယ် ။
ပုံများကို ဒီနေရာ များမှ ယူပါတယ်။
ကျန်းမာ ရွှင်လန်းကြပါစေ။
နာလို့ ကျင်လို့ပဲ မပြီးနိုင် သေးဘူးလား လို့ ထင်ချင်သူများလည်း ထင်နိုင်ကြပါတယ် ။ နာနေတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ် ။ သက်ရှိသတ္တဝါ ရယ်လို့ဖြစ်လာကြရင် အို နာ သေ ခြင်း ဒုက္ခဘေးတွေမှ လွတ်ကင်းလို့မှ မရတာမို့  ခု မနာသေးသူများလည်း နောင်တနေ့  နာလာ ကျင်လာတဲ့ အခါကျ အသုံးဝင်မှာပါ။
လည်ပင်းဇက်ကျော အတွက် လေ့ကျင့်ခန်းများ
လုပ်ငန်းခွင်မှာ ကွန်ပြူတာ ကြာရှည်စွာ အသုံးပြုနေရသူများ၊ရုံးစားပွဲမှာ ကြာရှည်ထိုင်ပြီး( ဂိမ်းများဆော့ရင်း) ဇက်ကြောတင်းနေကြသူများ၊ အတွက်အထူးသဖြင့် ရည်ရွယ်ပါတယ်။ နာရီဝက်လျှင် တကြိမ်မျှ လုပ်ပေးပါ ။
(၁)Neck And Glide Extension-
ပုံမှာ ပြထားသလို ၁။ကိုယ်ခန္ဓာနဲ့ လည်ပင်းကို တည့်မတ်စွာ ထားပါ။၂။ မေးစေ့ကို ရှေ့ သို့တွန်းထုတ်ပေးပါ။ မေးထိုး မေးငေါ့တတ်သူများ အတွက် အထူးလေ့ကျင့်ရန်မလို။ လွယ်ကူပါတယ်။ ၅စက္ကန့်မျှ ငြိမ်နေပါ။ နဂို နေရာပြန်ရွှေ့ ပါ။ ၃။ နောက်ဖက် မော့ပါ ။၅စက္ကန့်မျှ ငြိမ်နေပါ။
(၂)Acupressure Point-
နောက်စေ့အောက် ဦးရေ အစပ် ရှိ အချိုင့်နေရာ မှာ ပုံ ပါအတိုင်း လက်ချောင်များဖြင့် ဖိနှိပ်ပေးပါ ။ စက္ကန့် အနည်းငယ်ကြာမျှ ဖိထားပေးနိုင်ပါတယ်။ ကြာရှည် အညောင်းမိပြီး လည်ပင်းနာနေသူများအတွက် သင့်တော်ပါတယ် ။
(၃)Neck Rotation-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ်ဘက် နဲ့ ညာဘက် တလှည့်စီ လှည့်ပေးပါ။
၁၀ စက္ကန့်မျှ ငြိမ်ပေးပါ။
(၄)Neck Side Extension-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ် ညာ တစောင်း တလှည့်စီ လှည့်ပေးပါ။
၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။
(၅)Neck Stretch-
ပုံပါအတိုင်း ပုခုံး နှစ်ဖက်ကို အထက်သို့ မြှင့်တင်းပေးပါ။ ( ဇက်ကိုပုထားသလို အနေအထားဖြင့်) ၅စက္ကန့်မျှ ငြိမ်နေပါ။
(၆) Neck Forward Flexion-
လည်ပင်းကိုမတ်မတ်ထားရာမှ မေးစေ့နှင့် မိမိ၏ ရင်ဘတ်ထိသည်အထိ ငုံ့ ကြည့်ပေးပါ။ ၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။
ဒီလေ့ကျင့်ခန်းများ လုပ်ရာမှာ လည်ပင်းကို အားသိပ်မစိုက်ပဲ ဖြေးညှင်းစွာလှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။
...............................................................................................................
ခါးနာတတ်သူများ အတွက် ခါးလေ့ကျင့်ခန်းများ
(၁)Press Up: Sphinx Position-အီဂျစ်မှ Sphinx ခြင်္သေ့ကြီးများကဲ့သို့ ဝမ်းလျားမှောက် တံတောင်ဆစ်ထောက် ၊ တင်ပါးကို မကြွစေပဲ ခါးအထက်ပိုင်းကို ဖြေးဖြေးချင်းမြှင့်ပေးပါ ။ Yoga ကျင့်သလိုမျိုး လှုပ်ရှားမှုအားလုံးကို ဖြေးဖြေးချင်းစီလုပ်ပါ ။
(၂)Superman- ဆူပါမင်းကိုတော့ လူတိုင်းသိကြပါလိမ့်မယ်။ လွယ်ပါတယ် ။ ကြမ်းပေါ်မှာ ဗိုက်သားကပ်အောင် ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားရုံပါပဲ ၊ တခါမှာစက္ကန့်  ၃၀ မျှ ကို ၁၀ ကြိမ် လုပ်ပါ။
(၃)Standing Back Extension- မတ်မတ်ရပ် ၊ ခါးထောက် ၊ တင်းနိုင်သလောက် နောက်ပြန်လှန် ပြီး ၃ စက္ကန့်မျှ ငြိမ်နေပါ။ ၅ ကြိမ်မျှ လုပ်ပါ။
(၄)The "Dog"
ပေးစရာနာမယ်ရှားလို့ ခွေးနဲ့ နှိုင်းပြီးပေးရတယ်လို့တော့ မထင်စေချင်ပါ။ လူတွေအတွက် သစ္စာရှိသောမိတ်ဆွေဟု မှတ်ယူပါလေ ။ လေးဘက်ထောက် ၊ ကျောကို မြင့်လာအောင်ကုန်းပေးပြီး ၃၀ စက္ကန့် မျှုငြိမ်နေပါ။ အကြိမ် ၂၀ မျှ ပြုလုပ်ပါ။
(၅)Single Knee To Chest-ပက်လက်အနေအထားဖြင့် ညာခြေမြှောက် ဒူးကွေးပြီးဝမ်းဗိုက်ကိုကပ်တဲ့အထိ စက္ကန့် ၃၀ မျှ လက်နဲ့ဆွဲထားပါ ။ ထို့နောက် ဘယ်ဘက်ဒူး ကို အထက်ပါအတိုင်း တလှည့်စီ ဆွဲပါ။
(၆)Piriformis Stretch -ပက်လက်အနေအထားဖြင့် လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ ညာဖက်ဒူးကိုကွေးပြီး ကိုယ်ခန္ဓာနဲ့ တင်ပါး အား ၄၅ ဒီဂရီခန့် စောင်းလိန်ပေးပါ။ စက္ကန့်  ၃၀ မျှ ငြိမ်နေပါ ။အတည့်ပြန်နေပါ။ ထို့နောက် ဘယ်ဖက်ဒူးကွေးပြီး အထက်ပါအတိုင်း တလှည့်စီပြုလုပ်ပါ။
(၇)Piriformis Standing-နံပါတ် ၆ နဲ့ နည်းတူတူပါပဲ။ မတ်တပ်ရပ် အနေအထားနဲ့ လုပ်လို့ရပါတယ် ။ ချော်မလဲစေရန်တော့ အထူးသတိပြုရပါမယ်။ ပေါင်ရင်းမှ နေပြီး အတွင်း ၊ အပြင် သို့ လှည့်ပေးရပါမယ် ။လှည့်ပြီးရင် တဖက်ကို ၁၀ စက္ကန့်မျှ ငြိမ်နေပေးပါ။ဘယ် ညာ ပြောင်းလုပ်ပါ။
(၈)Body Flexion-ပုံမှာပြထားသလို ပုဆစ်ဒူးတုပ်ထိုင်ပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပြင်ပေါ်ယှက်ထားပါ။ရှေ့ ဖက်သို့ ဖြေးဖြေးချင်းကွေးပါ။ခေါင်းနဲ့ ကြမ်းပြင်ထိသည် အထိကွေးရန်မလို။ စက္ကန့်  ၃၀ မျှုငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ်ရသလောက် လုပ်ပါ။
(၉)Body Flexion And Stretch- နံပါတ် ၈ အတိုင်း အနေအထားမှ လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားပါ။
(၁၀)Bend Over - မတ်တပ်ရပ်အနေအထားဖြင့် လက်ပိုက်ပြီး ခါးကို ရှေ့ သို့ နိုင်သလောက် ညွှတ်ကွေးပါ။၁၀ စက္ကန့် မျှငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ် ၂၀ ခန့် လုပ်ပေးပါ။
(၁၁)Stretch To Foot-ကြမ်းပြင်ပေါ်တွင်ခြေဆင်း ထိုင်ရက်အနေအထား မှ ခါးကို ဖြေးဖြေးချင်း အရှေ့ ဖက်သို့  ညွှတ်ကွေးပါ။ ၃၀စက္ကန့်မျှု ငြိမ်နေပါ။ ပြန်မတ်ပါ။ ၁၀ ကြိမ်မျှ လုပ်ပေးပါ။
(၁၂)Advanced Back Stretch-လုပ်ရတာ အနည်းသယ်မျှပိုပြီးခက်ခဲပါတယ်။ ပုံမှာပြထားသလို လေးဘက်ထောက်ထားပြီးနောက် ညာခြေနဲ့ဘယ်လက်ကို တဖြောင့်ထည်းဖြစ်အောင်မြှောက်ထားပါ ။ ၁၀ကြိမ်မျှု ပြုလုပ်ပါ။ နောက် ဘယ်ညာ ပြောင်းလုပ်ပါ။
(၁၃) The Plow -ပုံမှာပြထားသလို တပတ်လည်ဒေါင့်မျိုးဖြစ်ပြီး ၊ ဒီလေ့ကျင့်ခန်းထဲမှာ အခက်ဆုံးဖြစ်ပါတယ်။ သတိပြုရန် အချက်။ ။ခါးနာနေစဉ် အချိန်မှာ မပြုလုပ်ရပါ။
(၁၄)Press Up -အပေါ်ဆုံး Sphinx Position နဲ့ခပ်ဆင်ဆင်ပါပဲ။
အထက်ပါလေ့ကျင့်ခန်းများကို အားလုံးလိုက်မလုပ်နိုင်ပါကလည်း အရေးမကြီးလှပါ။ ကြိုက်ရာ ရွေးပြီး မိမိတတ်နိုင်သလောက် အဆင်ပြေစွာ ပြူလုပ်နိုင်ပါတယ် ။
ပုံများကို ဒီနေရာ ၁ ၊ ၂တို့မှ .ရှာဖွေရယူထားပါတယ်။
နာကျင်တာလေးတွေ ဆက်ကြရအောင် ။ရုပ် နာမ် နှစ်ပါး ပေါင်းစပ်ထားတဲ့ ကျွန်ုပ်တို့ ရဲ့ ခန္ဓာကြီးဟာ လည်း တရားသဘောနဲ့ကြည့်ရင် ဘာမှ မမြဲပါဘူး ၊ ဖြစ်ပျက် အစဉ်အရ ဖြစ်ပေါ် တည်ဆောက်လာပြီးတဲ့နောက် ဟောင်းဆွေး အိုမင်း နာကျင် ပျက်စီးခြင်းတွေ နဲ့ တွေ့ ကြုံရတာပါပဲ။ ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး လေးပါး နဲ့တည်ဆောက်ထားတဲ့ ရုပ်ခန္ဓာကြီးမှာ အသား၊ အရေ၊အကြော ၊ အဆစ်၊အူ၊ ကလီစာ အင်္ဂါရပ်ပေါင်းများစွာပါဝင်ပါတယ်။ ပုံမှန်လူသားတယောက်မှာ အရိုးပေါင်း ၂၀၆ ခုရှိပြီး အရိုးတခုနဲ့တခုကို ဆက်ထားတဲ့အရာကို တော့ အဆစ် ( Joint) လို့ခေါ်ကြတယ်။ဒီလို အရိုး အဆစ်တွေ အများကြီး ရှိတဲ့အထဲက အတော်များများ နာတတ်ကြတာကတော့ ကျောရိုးဆစ်တွေပေါ့ ။ အဲ့ဒီ ထဲမှာ မှ လည်ပင်းနဲ့ခါးဆစ်တွေမှာ နာတတ်တာတွေ ပိုများပါတယ်။
ကျောရိုးဆစ် Vertebra column မှာ ဘယ်ပုံဘယ်နည်း နာကျင်တတ်ပြီး ကုသမှုတွေပေး လေ့ကျင့်ခန်းတွေလုပ်ရတဲ့ အခါ ပိုပြီး ရှင်းလင်း မြင်လွယ် နားလည်လွယ်အောင် သူ့ ရဲ့ တည်ဆောက် ဖွဲ့စည်းပုံလေး ကို အခြေခံ သဘောလောက် တင်ပြပေးပါမယ်။
ကျောရိုးဆစ်( Vertebra column )ဟာ တဖြောင့်မတ်မတ် မဟုတ်ပဲ S ပုံသဏ္ဍန် အနဲငယ် ဝိုက်ပြီး ကွေးနေပါတယ် ။ သူ့ မှာ ရှိတဲ့ အဆစ်တွေကတော့
-လည်ပင်းရိုး ၇ ဆစ် ၊ Cervical 1-7
-ရင်ခေါင်းရိုး ၁၂ ဆစ် ၊ Thoracic 1-12
-ခါးရိုး ၅ ဆစ် ၊ Lumbar L1-5
-တင်ပါးရိုး ၅ဆစ် Sacrum S1-5 နဲ့ မြီးညောင့်ရိုးဆစ် ၄ဆစ် Coccyx တို့ရှိကြပါတယ်။ အဲဒီအထဲမှာမှ တင်ပါးရိုးနဲ့ မြီးညောင့်ရိုးတို့ ဟာ အလွယ်တကူ ကွေးဆန့်လှုပ်ရှားလို့မရအောင် ပေါင်းဆက်နေကြပါတယ်။ ဒီပုံမှာ ပြထားသလိုမျိုးပါ။
အဲ့ဒီ အဆစ်တွေကြားမှာ Intervertebral disc ခေါ်တဲ့ အရိုးနူအပြားလေးတွေက ကူရှင်လို သဘောမျိုး ခုခံပေးထားခြင်းအားဖြင့် အရိုးဆစ် တခုနဲ့တခု ပွတ်တိုက် ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးထားပါတယ်။
အရိုးဆစ် တခုခြင်းကို ကြည့်ရင် ကိုယ်ထည် နဲ့ ဘေးက လက်တံတွေ ပေါင်းစပ်ထားပြီး အလယ်မှာ အကွင်းလိုက်လေးတွေ ရှိပြီး ဒီအကွင်းတွေဟာ ဗဟိုအာရုံကြောမကြီး Spinal Cord အတွက် နေရာပါ။ ကိုယ်ခန္ဓာတခုလုံးကိုယ်ထိန်းချုပ်ထားတဲ့ အာရုံကြောတွေဟာ ဦးနှောက်မှတဆင့် ဒီ ဗဟိုအာရုံကြောမကြီး အနေနဲ့ ခြေလက် အင်္ဂါအဖွဲ့အစည်းတွေဆီသွားရောက်ပြီး အာရုံခံစားခြင်း လှုပ်ရှားမှု ဖြစ်ပေါ်စေခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် ကျောရိုးမကြီးဟာ ကိုယ်ခန္ဓာတခုလုံးကို တည့်မတ်အောင် ထောက်ကန်ထားပေးရုံသာမက အာရုံကြောတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
တကယ်လို့ ကျောရိုးဆစ်နဲ့အရိုးပျော့အပြားတွေ မှာတခုခု ထိခိုက်ဒါဏ်ရာရခဲ့ရင်၊ ဒါဏ်ရာရတဲ့ အဆစ် လယ်ဗယ် အဆင့်လိုက်ပြီး အတွင်းမှာရှိတဲ့ အာရုံကြောမကြီးပါ ထိခိုက်တတ်ပြီး အကြောသေခြင်း မလှုပ်မရှားနိုင် ဆီး ဝမ်း မထိန်းနိုင်ခြင်း အသက်ရှူမှု ထိခိုက်ခြင်း စသဖြင့် ဖြစ်စေနိုင်ပါတယ်။( ဥပမာ -ဆူပါမင်းအဖြစ်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်ရုပ်ရှင်မင်းသားChristopher Reeve ဟာ မြင်းပေါ်ကပြုတ်ကျပြီး လည်ပင်းဆစ် အရိုး1-2 မှာ ထိခိုက်သွားလို့ တကိုယ်လုံး အကြောသေသွားခဲ့ရပါတယ် )
ဗွီဒီယို ပုံနဲ့ကြည့်ရင် ပိုမြင်လွယ်ပါတယ်။
ကျောရိုးဆစ်နာခြင်း - ဘာကြောင့်ဖြစ်တာလည်း။
များသောအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေလည်း degeneration ဖြစ်စဉ်အရ အိုမင်း လာကြတယ်။Bone spur ခေါ်တဲ့ အရိုး အတက်ထွက်လာတတ်တယ်။ Spinal disc ခေါ် intervertebral discအရိုးနုအပြားလေးတွေမှာလည်း ခြောက်သွေ့ မာကျောလာတတ်တယ်။ တချို့ အရိုးပြားလေးတွေ နေရာရွေ့ ပြီး အရိုးဆစ်မှကျွံထွက် လာတတ်တယ်။Bulging ပေါ့ ။အဲ့ဒီအခါကျတော့ အရိုးကွင်း အလည်မှာရှိနေတဲ့ အာရုံကြောမကြီးကို ဖိမိပြီး သက်ဆိုင်ရာ နေရာ တွေမှာ ပြင်းထန်စွာနာကျင်စေတတ်ပါတယ်။
တချို့ကျတော့ အရွတ်တွေ မာကျောခြင်း Stiff ligament ၊ ထိခိုက်ဒါဏ်ရာရခြင်း Trauma ၊ အရိုးဆစ်ယောင်ယမ်းခြင်း( Arthritis) တို့ကြောင့် ဖြစ်တတ်ပါတယ်။
ဘယ်လို ခံစားရမလည်း ။
-ဖြစ်တဲ့နေရာက နာတယ်( ဇက်ကြောတက် ၊ ခါးနာ စသဖြင့် )
-ခေါင်းကိုက်တယ်။ လည်ပင်းဆစ်ကြောင့်ခေါင်းပါကိုက်တတ်တယ်။
-လည်ဆစ် ကျီးပေါင်းတက်တာနဲ့ တွဲဖက်ပြီး ပုခုံးဆစ်ပါနာတတ်တယ်။လက်မောင်းထိနာတတ်တယ်။ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်တတ်တယ်။
-ခြေ လက် ဖျားတွေ ထုံကျင်တတ်တယ်။ အပ်နဲ့ထိုးသလို စူးပြီး နာတတ်တယ်။
-Lack of coordination ဆိုတဲ့ ဟန်ချက် မညီ ဖြစ်တတ်တယ်။ တချို့လည်း Difficulty in walking လမ်းလျှောက်ရတာခက်ခဲလာတယ် ။
-ပုံမမှန်တဲ့ တုံ့ပြန်မှု Abnormal Reflex တွေ ရှိလာတတ်တယ်။
-တချို့ ဆိုရင် ဆီး၊ ဝမ်း မထိန်းနိုင်တာ မျိုး ဖြစ်တတ်တယ် ။
ဖြစ်တဲ့ ကျောရိုးဆစ် နဲ့ အာရုံကြောမကြီးရဲ့ အဆင့်အပိုင်းပေါ်မှာ တည်ပြီး ခံစားမှု တွေ ကွဲပြားတတ်ပါတယ်။
တခြားဘာတွေ တွဲဖက် ဖြစ်ပေါ်စေနိုင်သေးလည်း။
အရိုးဆစ်အလည် ကွင်း ကျဉ်းမြောင်းခြင်း၊ အရိုးအတက်ထွက်ခြင်း။ထိခိုက်ဒါဏ်ရာရခြင်း တို့ကြောင့် အာရုံကြောမကြီး Spinal Cord Injury ရပြီး အာရုံခံစားမှုပျက်စီးခြင်း နဲ့ လှုပ်ရှားအကြောသေခြင်း များ ဖြစ်စေတတ်ပါသေးတယ်။
ဘယ်လိုနည်းတွေ နဲ့ ရောဂါရှာဖွေမလည်း။ Tests and diagnosis-
ဒါတွေက ဆရာဝန်တွေ လုပ်ပေးရမဲ့ အပိုင်းဖြစ်တာမို့ အသေးစိတ်သိရန်တော့ မလိုအပ်လှပါဘူး။ ကြားဖူးနားဝရှိအောင် အခေါ်အဝေါ်များကိုပဲ တင်ပြပေးပါမယ်။ X Ray CT ဆိုတာ တွေ က နားရည်ဝ နေလောက်ပါပြီ။
1.Neck flexibility assessment
2.Neurological exam
3.Neck or spinal X-ray.
4.Computerized tomography (CT) scan or magnetic resonance imaging (MRI).
5.Myelogram
6.Electromyogram (EMG)
7.Nerve conduction study.
နာကျင်နေရင် ဘာတွေ လုပ်ပေးနိုင်မလည်း။
ရုတ်တရက် ချက်ချင်း နာလာတာမျိုး ၊ အလွန်အမင်းနာနေတာမျိုးဆိုရင်တော့ ဦးစွာ ပထမ နာကျင်မှု သက်သာအောင် ပြုလုပ်ကြရမှာပါ ။ ဒီတော့ Pain Killer ၊Analgesic၊ Muscle Relaxant အကိုက် အခဲ အနာအကျင် ပျောက်ဆေး အကြောပြေဆေးတွေ အမျိုးမျိုးရှိပါတယ်။ စားဆေး ထိုးဆေး လိမ်းဆေး ကပ်ဆေး စအိုမှာသွင်းတဲ့ဆေးတောင့် စသဖြင့် သုံးပုံ သုံးနည်းတွေလည်းစုံလို့ ပေါ့။ ခုခေတ်မှာ အသုံးများကြတဲ့ ဆေးတွေကတော့ .....
nonsteroidal anti-inflammatory drugs (NSAIDs) အုပ်စုဝင်၊
Celecoxib (Celebrex)
Diclofenac (Voltaren)
Ibuprofen (Advil, Motrin)
Indomethacin (Indocin, Indocin SR)
Meloxicam (Mobic)
Naproxen (Aleve, Naprosyn)
Oxaprozin (Daypro)
Sulindac (Clinoril) စသဖြင့်ပါ။
ထိခိုက်ဒါဏ်ရာကြောင့် နာတယ် ဆိုရင်တော့ ပြင်းထန်စွာလှုပ်ရှားမှုတွေ မလုပ်ပဲ အနားယူရပါမယ် ။ ၂ ရက်အတွင်းမှာ ရေခဲအိတ် ကပ်ပေးနိုင်ပြီး ၂ ရက်ကျော်သွားရင်တော့ ရေနွေးအိတ် သို့မဟုတ် Heat pack သုံးလို့ ရပါတယ် ။ တချို့ကျတော့ အနှိပ်သည်၊ အကြောပြင်ဆရာ ဆိုသူတွေနဲ့ နင်းတာ နှိပ်တာတွေ လုပ်တတ်ကြတယ် ။ အဲ့ဒါက အာရုံကြောတွေ ထပ်မံ ထိခိုက်နိုင်စေတဲ့ အတွက်ကြောင့် ဆင်ခြင်ဖို့  လိုပါတယ် ။
ယောင်ယမ်းမှု အနည်းငယ်သက်သာလာရင်တော့ physiotherapy ခေါ် လေ့ကျင့်ခန်းများ ပြုလုပ်ပေးလို့ရပါတယ်။
အရိုးကျီးပေါင်းတက်၊ အရိုးနု နဲ့ အဆစ် နေရာရွေ့ ခြင်းစသည်တို့ အတွက်၊ ဆွဲဆန့်ခြင်း Traction လုပ်ပြီး ဖိမိနေတဲ့ အာရုံကြောကို လွတ်ကင်းသက်သာစေပါတယ်။
စက်အထောက်အကူနဲ့ လည်ပင်းအဆစ် ၊ခါးအဆစ် ဆွဲဆန့် ခြင်းများကို အောက်ပုံမှာ ပြထားတဲ့ အတိုင်း တွေ့ နိုင်ပါတယ်။
လည်ပင်းဆစ်၊ ခါးဆစ်တို့မှာ ဒါဏ်ရာရ ပြီး အာရုံကြောဖိညှပ်ထိခိုက်ခြင်းမျိုးမှ ကာကွယ်ရန် အထောက်အကူပြု ကော်လာ၊ခါးစည်း အစရှိတာတွေကို တပ်ဆင်ထားနိုင်ပါတယ်။
ဒီအောက်မှာပြထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ လည်ပင်းဆစ်နာ၊ ဇက်ကြောတက်ခြင်း နဲ့ပတ်သက်ပြီး လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးပါ ။ရှင်းလင်း လွယ်ကူပါတယ်။
အဲ့ဒီထဲကနေ ဆက်ပြီး ခါးနဲ့အခြား အဆစ်အကြောများအတွက် လေ့ကျင့်ခန်းလုပ်နည်းတွေကိုလည်း ရှုစား လို့ ရပါတယ်။အချိန်ရရင် အညောင်းအညာပြေ လုပ်ကြည့်ကြတာပေါ့။အကျိုးမမဲ့စေနိုင်ပါဘူး။
အပေါ်မှ ဗီဒီယိုကလစ်အား ကြည့်ရှု မရနိုင်သောနေရာမှ သူများအတွက် ပုံလေးတွေနဲ့ ရေးသားပေးလိုက်ပါတယ်။သို့ ပါသော်လည်း ဇာတ်လမ်းသိပ်ရှည်သွားရင် ဇက်ကြောတက် ပြီး ခါးနာနေမှာ စိုးတဲ့ အတွက် နောက်နေ့ များမှာမှ ဖန်ရောင် ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါရန် .........( ကိုးရီးယားဇာတ်လမ်းတွဲများကို အားကျ၍ )
ပုံများကို ဂူဂယ်မှ ရှာဖွေရယူထားပါတယ်။
Ref ;http://www.mayoclinic.com/health/cervical-spondylosis/DS00697
http://www.spineabilene.com/educational_resources/neck_exercises.html
စာရေးရမှာ ပျင်းတာရော ၊ ရေးဖို့ ရာ အကြောင်း ထူးထွေ မရှိတာကြောင့် ရော ဘာ ပို့စ် မှ မရေးဖြစ်တာ အတော်ကြာပြီင်္ ပေါ့ ။ နောက် အကြောင်းတရပ်ကတော့ ညောင်းညာ ကိုက်ခဲ ဝေဒနာ တခုကြောင့် လည်း စာ မရေးချင် မရေးနိုင် ဖြစ်နေပါတယ် ။ ကိုယ့် ဝေဒနာ ကိုယ်ပြန်စမ်းစစ်ကြည့်လိုက်တော့ အသက်ကလေးရယ် ကထောက်တာ တကြောင်း၊ အစားအသောက် မဆင်ခြင်တာ တကြောင်း ၊ အနေ အထိုင် မတတ်တာတကြောင်း တို့ ကြောင့် ဖြစ်လာရတဲ့ ဝေဒနာ လေးမျှသာပါပဲ ။ အသက်နဲ့ အဝေးကြီး ပေမဲ့ နေရထိုင်ရ လှုပ်ရှားရတာ ကသိကအောင့် နဲနဲပါးပါးတော့ ဖြစ်တဲ့ ဝေဒနာ ၊ frozen-shoulder( ခေါ်) adhesive capsulitis ၊ မြန်မာလို အနီးစပ်ဆုံးဘာသာပြန်ရရင် ပခုံးအဆစ် အရွတ် အေးခဲခြင်း သို့မဟုတ် ယောင်ယမ်းကိုက်ခဲခြင်း လို့ ခေါ်ဆိုရမယ် ထင်ပါတယ်။ဘယ်သူမှ ရှောင်လွဲလို့ မရတဲ့ “ အို၊နာ၊ သေ ” ဖြစ်စဉ်အရ သင်လည်း တနေ့ နာ ရအုံးမှာ အမှန်ပါပဲ ။ နာကျင်မှု အနည်း အများကတော့ ကိုယ့်ပေါ်တည်ပါတယ်။ တချို့လည်း ဒီလို မဲ့ပြုံးပြီး နာတတ်ကြတယ် ။
အပေါ်ယံ အရေပြားတထောက်သာ ချောလှနေကြပေမဲ့ အပုပ်ကောင်ရုပ်ဆောင်နေကြတာကို တရားသဘောအရကြည့်မြင်တတ်ကြရင် အတွင်းကျကျ ဆက်ကြည့်နိုင်ကြပါတယ် ။ချောချောလှလှ ပုခုံးလေးရဲ့ အတွင်းမှာ တော့ ဒီလိုပုံပါ ။အရိုး၊ အရွတ်တွေ အမြှေးတွေ နဲ့ တကယ့်တကယ်ဆို ဘယ်လိုမှ အမြင်မလှပါဘူး ။
ပုခုံးဆစ်အေးခဲခြင်း (frozen-shoulder သို့မဟုတ် adhesive capsulitis ) အလွယ်တကူ ဆိုရရင် ပုခုံးဆစ်နာခြင်း ဟာ အဆစ်ထဲမှာ ရှိတဲ့ အရွတ် ကြွက်သားမျှောင်း အမြှေးအိတ် စသည်တို့  မှာ မတော်တဆ ထိခိုက်ဒါဏ်ရာ ရတဲ့အခါ သို့မဟုတ် ယောင်ယမ်းခြင်း တို့ ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲဝေဒနာ တခုပါ ။ အသက်အရွယ် ကြီး လာတာနဲ့ အမျှ အဆစ်မှာ တွယ်ကပ်နေကြတဲ့ အရွတ် အကြော ကြွက်သား တို့လည်း တင်းမာလာတတ်ကြတယ် ။ အဆစ်ထဲမှာ ရှိတဲ့ ဂျယ်လီလို အရည်တမျိုး ( synovial fluid) ဟာလည်း လျော့နည်းလာတတ်ကြတယ် ။ ဒီတော့ frozen-shoulder ဖြစ်ဖို့ အခြေအနေပေးလာတယ်။
ပုခုံးဆစ်နာတဲ့ရောဂါဟာ တခါတရံမှာ သူ့ ချည်းသက်သက်ဖြစ်တတ်ပြီး တခါတရံမှာ ကျောရိုးဆစ် ၊ လည်ပင်းဆစ် အကြောအရွတ်နာကျင်မှုတွေနဲ့ အတူတူ တပြိုင်ထဲ ဖြစ်တတ်ပါတယ်..။ ကွန်ပြူတာ ကြာရှည်သုံးရာမှာ ပုံစံမှန်စွာ မထိုင်သောသူများ အထူးဂရုပြုဖို့ လိုပါတယ်။
လည်ပင်းဆစ် နာတဲ့ အကြောင်းကို နောက်မှ သပ်သပ်ပြောပါမယ်။ ခု ဦးဆုံး ပုခုံးဆစ် အကြောင်းပဲ ပြောကြရအောင်။
ပုခုံးဆစ်ရဲ့ ဖွဲ့ စည်းပုံ ကို အနဲအကျဉ်း သိမှ နာကျင်ခြင်း အကြောင်းကို ပို သိနားလည်လွယ်မှာပါ။
ပုံမှာ ပြထားတဲ့ အတိုင်း ပုခုံးဆစ်ရဲ့ ဖွဲ့စည်းပုံ အလွယ်တကူပြောရရင် ရှေ့ မှာ ကော်လာရိုး ခေါ် ညှပ်ရိုး ( Clavicle) ၊ နောက်မှာ လက်ပြင်ရိုး( Scapular) ၊ ဘေးမှာ လက်မောင်းရိုး( Humerus) တို့  ရှိပါတယ်။ သူ့ ကို ကြွက်သား တွေ ၊ အရွတ်တွေ နဲ့ တွယ်ဆက်ထားကြတယ်။
ပုခုံးဆစ်တွေ ဘာကြောင့်နာလာရတာလည်း ။
အဓိက အကြောင်းရင်းကတော့ ယောင်ယမ်းခြင်း( Inflammation ) ကြောင့်ပါပဲ
။ ။ ( အပေါ်ပုံမှာ အပြာရောင် နဲ့ ကွင်းပြထားတဲ့) ၊ အရိုး ၃ ခု ရဲ့ အလယ်မှာ ညပ်နေသလို နေရတဲ့ ကြွက်သားနဲ့ အရွတ် ဟာ တခါတရံမှာ( ဥပမာ- အပြင်းအထန် လှုပ်ရှားမိတဲ့ အခါ ၊ဒါမှ မဟုတ် ထိခိုက်ဒါဏ်ရာရတဲ့ အခါ ) ယောင်ယမ်းလာတတ်တယ် ၊ အဲ့ဒီအခါကျရင် အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ပုခုံးဟာမခံမရပ်နိုင်အောင် နာကျင်တတ်တယ်။ ပုံမှာအနီရောင်နဲ့ ပြထားသလို အလယ်အလတ် အမြင့်လောက် မြှောက်မိရင် ကြွက်သားဟာ ဖိညပ်ခံရလို့ ပိုပြီး နာတတ်တယ်။
ပုခုံးဆစ်တွေ နာလာရင် ဘယ်လို လုပ်ကြမလည်း။
( 1 ) Analgesic -ချက်ချင်းလတ်တလောဖြစ်တဲ့ ယောင်ယမ်းခြင်း (Acute Inflammation )ကိုတော့ အကိုက်အခဲပျောက်ဆေး စားခြင်း၊ အပြင်းအထန် နာကျင်နေရင်တော့ အကိုက်အခဲပျောက်ဆေး ထိုးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။
(2)Heat - အဲ့ဒီနောက်မှာ နာနေတဲ့ အဆစ်ကို
နာတဲ့ပုခုံးဆစ် ကို ဦးစွာ ရေနွေးအိပ် (သို့) ရေနွေးစိမ်ပြီးညှစ်ထားတဲ့ မျက်နှာသုပ်ပုဝါ နဲ့ ၅ မိနစ်မျှ အုပ်ပေးပါ ။ ( တကယ်လို့  ထိခိုက်ဒါဏ်ရာရပြီးပြီးချင်း ဆိုရင်တော့ ၂ရက်အတွင်းမှာ ၄နာရီမှ ၆နာရီခြားပြီး ၁၅ မိနစ်စီ၊ ရေခဲအုပ်ရပါမယ် ။အဲ့ဒီအချိန်မှာတော့ ဒီလို လေ့ကျင့်ခန်း လုပ်ဖို့  မသင့်တော်သေးပါဘူး ။ အယောင် လျော့တဲ့အထိ အကိုက်အခဲ ပျောက်ဆေး စား ပြီး ၊ အနားယူ၊ ပြီးမှသာ လုပ်သင့်ပါတယ် )
(3) Position- အနေအထားမမှန်လို့ ဖြစ်တာ ဆိုတော့ နာနေတဲ့ ပုခုံးကို အနားပေးရပါမယ်။ လက်မောင်းကို ဘေးတိုက် အပေါ်အောက် မြှောက်ခြင်း ချခြင်းတွေကို ပြင်းထန်စွာ မပြုလုပ်သင့်သေးပါဘူး..
(4) Exercise -ပုခုံးနာနေရင် ဘယ်လို လေ့ကျင့်ခန်းလုပ်မလည်း..
လေ့ကျင့်ခန်း လုပ်နည်းများစွာ ရှိပါတယ် ။ အလွယ်တကူ လုပ်နည်း တချို့ ကို နောက်ဖက်မှာ အသေးစိတ် ဖေါက်သည်ချပါမယ် ။
(5) Injection - နာကျင်ယောင်ယမ်းနေတာဟာ ဆေးထိုး ဆေးစားလို့ မှ မပျောက်ပဲ ပြင်းထန်စွာခံစားနေရပါက အဆစ်ထဲသို့ Steroid ပါတဲ့ ဆေးမျိုးထိုးပေးလို့ရပါသေးတယ် ၊ ဒီနည်းကိုတော့ ကျွမ်းကျင်သူဆရာဝန်များဖြင့်သာ ကုသမှု ခံယူသင့်ပါတယ်။
(6) Physiotherpy-မကြာခဏ နာတတ်နေပြီဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ တွဲဖက်ပြီး ဒီလို စက်ကိရိယာကူညီအသုံးပြုခြင်းနည်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပုံအချို့  ပြထားပါတယ်။
(7) Surgery - ခွဲစိပ်ကုသခြင်း -ဒါကတော့ အပေါ်ကနည်းတွေနဲ့ မပျောက်မှသာ နောက်ဆုံးအဆင့် မှ စဉ်းစားကုသဖို့ ပါ ။
ပုခုံးဆစ်နာနေရင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများထဲမှ အလွယ်တကူ နည်းများ -
Weighted pendulum stretch
ခါးအနဲငယ် ကိုင်းပြီး နာတဲ့ ပုခုံးဆစ်ရှိတဲ့ လက်မောင်းကို အောက်ဖက် တွဲလောင်းချပြီး နာရီချိန်သီး လွှဲသလို ရှေ့ နောက် လွှဲပေးပါ ။ ထို့နောက် ဘယ်ညာ ဘေးတိုက် ၊ အဝိုင်းပုံ စသဖြင့် လှုပ်ရှားပေးပါ ( အကွာ အဝေး သိပ်အဝေးကြီး လွှဲရန်မလို ။ ၁ ပေ အကွာ လောက်သာ လွှဲပေးပါ ။ အခါ ၂၀ မျှလွှဲ ပါ ။အဆစ်နာကျင်မှု ရှိလာရင်တော့ လှုပ်ရှားမှုတွေ ရပ်လိုက်ပါ ) ။
ဒီလေ့ကျင့်ခန်းကို တနေ့ မှာ ၂ ကြိမ် မျှ လုပ်နိုင်ပါတယ် ။ ဒီလို လုပ်ပေးခြင်းဖြင့် တောင့်တင်းနေတဲ့ အကြော အရွတ်တွေ ပြေလျှော့စေပါတယ် ။

ရက် အနည်းငယ်ကြာလာတဲ့အခါ လက်ထဲမှာ ၁ပေါင်မှ ၂ပေါင်ခန့် ရှိတဲ့ အလေးချိန်တခု ( ဥပမာ ရေ ထဲ့ထားတဲ့ သောက်ရေသန့်ဘူး သေး တဘူး ) ကိုင်ပြီး အထက်မှ လှုပ်ရှားမှု များ အတိုင်း လှုပ်ပေးပါ ။
အဲ့ဒီ လေ့ကျင့်ခန်းပြီးရင် Passive stretching exercises ခေါ်တဲ့ အောက်ပါ လေ့ကျင့်ခန်းများ ဆက်လုပ်ပါ ။

Armpit stretch - ကောင်းနေတဲ့လက်တဖက် အကူအညီနဲ့ နာနေတဲ့လက်ကို မပြီး ၊ ပုခုံးထက်နိမ့်တဲ့ စားပွဲ မျက်နှာပြင်ပေါ် တင်ပါ ။ ပြီးရင် ပုံမှာ ပြထားသလို နာနေတဲ့ပုခုံး လက်မောင်းကို အထက်သို့ အနည်းငယ် ကြွ ပေးပါ။

Finger walk - နံရံအနား တထွာခန့်အကွာ မျက်နှာအပ်ပြီး ပုံမှာပြထားသလို လက်ချောင်းများအပေါ်သို့ရွှေ့ ပေးခြင်းဖြင့် လက်မောင်းကို ပုခုံး ထက်မြင့်အောင် ဖြေးဖြေးချင်း ပင့်တင်ပေးပါ ။
ဒီအောက်က ပုံလေးတွေ အတိုင်း လှဲရင်း၊ရပ်ရင်း လက်လွှဲ လှုပ်ရှားလို့လည်းရပါတယ်။
ဒါ့အပြင် အောက်မှာ ပြထားသလိုမျိုးတွေလုပ်နိုင်ပါသေးတယ်။

Towel stretch- မျက်နှာသုပ်ပုဝါအသေးကို ပုံမှာ ပြထားသလို ကောင်းသောလက်က အပေါ်မှ ကိုင်ပြီး နာနေသော ဖက်မှ လက်က အောက်မှ ကိုင်ကာ အထက်အောက် ဆွဲတင် ဆွဲချ လုပ်ပေးပါ ။ မျက်နှာသုတ်ပုဝါအား ၄၅ ဒီဂရီစောင်းအောင် ကိုင်ပြီး ဆွဲပါ။ ထို့ နောက် ရေပြင်ညီ အတိုင်း ဘေးတိုက် ဆွဲပေးပါ ။( တချို့ လည်း ရှေ့ တပုံမှာ ပြထားသလို အထက်အောက် ဆွဲကြပါတယ်)
Outward rotation exercise-

ပုံမှာပြထားသလို မျက်နှာသုတ်ပုဝါတခုကို လက်မောင်းနဲ့ကိုယ်လုံးအကြားခံထားပြီး ၉၀ ဒီဂရီ တံတောင်ဆစ်ကွေး အနေအထား ဖြင့် ရေပြင်ညီမျက်နှာပြင်အတိုင်း လက်နှစ်ဖက်ဖြင့် သားရေပတ်အား တင်းအောင် ဆွဲကိုင်ထားပါ။ ပြီးလျှင် နာနေသောပုခုံးဘက်ရှိ တံတောင်ဆစ် ကွေးမှ နေပြီး လက်မောင်းအား အပြင်သို့ ဆွဲလှည့်ပါ .၃လက်မ အကွာအဝေးလောက်ရောက်လျှင် ၅စက္ကန့်မျှ ထိန်းကိုင်ထားပါ ။ ထိုသို့  ၁၀ ခါမျှ ၁၅ခါထိ ပြုလုပ်ပါ ။
Inward rotation exercise- ထို့နည်းတုစွာ သားရေပတ်အား တံခါးလက်ကိုင်သို့မဟုတ် သင့်တော်တဲ့ အမြင့် ရှိတဲ့နေရာမှာချိတ်ပြီး လက်မောင်းအား အတွင်းသို့  ဆွဲလှည့်သောနည်းကိုပြုလုပ်ပါ ။
သို့မဟုတ် ဤပုံအတိုင်း လက်မောင်းကို ဆန့်ကျင်ဖက် လားရာများအတိုင်း အတွင်း နှင့် အပြင်သို့ တင်းအောင် ဆွဲလှည့်ခြင်း လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။
Lifting exercise- ထို့နောက် ပုံမှာပြထားသလို သားရေပတ်ကို တံတောင်ဆစ်ကွေးမှာ စွပ်ပြီး လက်မောင်းကို ၅လက်မ ခန့် အကွာသို့ ဘေးတိုက် မြှောက်ပေးပြီး ၅စက္ကန့်မျှ တင်းထား တဲ့ လေ့ကျင့်ခန်း ကိုလုပ်ပေးပါ။
ဒီလို လေ့ကျင့်ခန်းတွေကို ပုခုံးဆစ် နာတတ်သူများအနေနဲ့ ရေရှည်လုပ်သွားနိုင်ပါတယ်။ဒါဆိုရင် သင့်ပုခုံးဆစ် နောက်ထပ် တကြိမ် ထပ်ယောင်ဖို့ အခွင့်အရေး နဲသွားပါမယ်။
ပုခုံးရိုး အဆစ်တွေရဲ့ ဖွဲ့ စည်း လှုပ်ရှား ပုံ လေး ကို ဒီနေရာ မှာ ရှင်းလင်းစွာ ကြည့်နိုင်ပါတယ် ။
ဒါလေးကတော့ ပခုံးအဆစ် အရွတ် အေးခဲခြင်းမှ ကာကွယ်ရန် အတွက် လေ့ကျင့်ခန်းလေးပါ ။ ဗီဒီယို ပုံ နဲ့ဆိုတော့ လိုက်လုပ်ရတာ အဆင်ပြေပါတယ်။ ရှည်ရှည်ဝေးဝေး ရေးနေ ဖတ်နေစရာ မလိုတော့ဘုးပေါ့ ။
အချက်အလက်နဲ့ ပုံများကို ဒီနေရာ ။ များ မှ ရယူပါတယ်။
တချို့ ပုံတွေကတော့ အလုပ်ဌာန အတွင်းမှ ယူထားတာပါ။ လည်ပင်းဆစ် ကျောရိုးဆစ်တွေနာကျင်တဲ့ အကြောင်း နောက်မှ သပ်သပ် ဖေါက်သည်ချပါမယ်။
ဆက်စပ်နေတဲ့ နာကျင်မှုတချို့ ကို ဒီနေရာ တွေ ၁ နဲ့ ၂ မှာ ဖတ်နိုင်ပါသေးတယ်။
နာကျင်မှုဒုက္ခများမှ အတတ်နိုင်ဆုံးကင်းဝေးနေထိုင်နိုင်ကြပါစေ။



















































