ခုတလော ရွှေပြည်ကြီး ရဲ့  အကြောင်းများ၊ မြင်နေ ကြားနေ ဖတ်နေ ရတဲ့ သတင်းတွေ အတင်းတွေ ကြားထဲ ရွှေပြည်သူ ရွှေပြည်သား လူအများလည်း ပျော်ရွှင်ကြည်နူးလိုက်ကြ၊ စိတ်ချမ်းသာလိုက်ကြ၊ ဝမ်းနည်းကြေကွဲလိုက်ကြ၊ ဒေါသထွက်လိုက်ကြ၊ မကျေမနပ်ဖြစ်လိုက်ကြ နဲ့ မို့ မယ်ရီဂိုးရောင်း..ချားရဟတ်ကြီး စီးနေရသလို နိမ့်လိုက် မြင့်လိုက် စိတ်ဓါတ်တွေ တက်လိုက် ကျလိုက် ၊ရင်ဘတ်ထဲ ဟာကနဲ ဟင်ကနဲ ဖြစ်သွားလိုက်၊ အေးကနဲ နွေးကနဲ နဲ့ တနေ့ ထဲကို ဥတု သုံးပါးအပြောင်းအလဲတွေ ခံစားနေကြရသလိုလိုပါပဲ ။တချိန်ထဲ တပြိုင်ထဲမှာ ပူလိုက် အေးလိုက် ရာသီဥတု အပြောင်းအလဲ တွေ မြန်လွန်းတာကြောင့် လူအများမှာလည်း တုပ်ကွေးရာသီ နဲ့ အတူ တုပ်လိုက်ကြ ကွေးလိုက်ကြ ဖြစ်နေကြပြန်ပါတယ် ။ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ”လို့  မေတ္တာပို့ဝေ ပွားများနေသူများ ရှိသလိုပဲ ၊ လူအချင်းချင်းမှ မလှည့်ပတ်ရရင် အိပ်မပျော် စားမဝင်ဖြစ်တတ်သူများလည်း အများအပြားပါပဲ ။
လိမ်ညာ လှည့်စား တယ် ဆိုတဲ့ ဝေါဟာရ မှာ လိမ်ညာတာ(Lie) နဲ့ လှည့်စားတာ(Trick)ကို အတူတူ တွဲထားပေမဲ့ သဘောသဘာဝချင်းတော့ လုံးဝဥဿုံ တူလှတယ် မထင်မိပါဘူး။ကိုယ့်အယူအဆ ကိုယ်ပြောပြရရင်တော့ လိမ်ညာတယ်ဆိုတာက မရှိတဲ့အရာတခုကို ရှိသယောင်နဲ့ တဖက်သားကို အယုံသွင်း ကလိမ်စေ့ငြမ်းဆင် ကိုယ့်အတွက် ရသလို ရအောင် လုပ်ယူတာ ကြံဆောင်တာမျိုး ၊ လှည့်စားတယ် ဆိုတာ ရှိနေတဲ့ အရာတခုကို ထင်ယောင်ထင်မှား ဝိုးတဝါးဖြစ်အောင် ကြံဆောင်ပြီး လှည့်ပတ် သွားတာ မျိုး လို့  ထင်တာပဲ ။ဘယ်လိုပဲ ဖြစ်ဖြစ် လိမ်ညာ ဟန်ဆောင် လှည့်စား တယ် ဆိုတာ ဘယ်တခုမှ မကောင်းပါဘူးး။
ဒီလပိုင်း ရက်ပိုင်တွေ အတွင်းမှာ ကိုယ်တို့တတွေ လူတဦး ၊ အဖွဲ့ အစည်းတခု ရဲ့ လှည့်စားခြင်းကို ခံနေရတယ်လို့ ထင်ပါတယ် ။ သူ မလိမ်မညာပါဘူး ။ ပြောတော့ ပြောပါတယ် ။လုပ်တော့ လုပ်ပါတယ် ။ဒါပေမဲ့ အများ မျှော်လင့်တောင်းတနေသလိုမျိုး အပြည့် အဝ လုပ်မပေးခဲ့ပါဘူး ။ ပြောသလို မလုပ်ဘူးပေါ့ ။ ၆၃၅၉ ဂဏန်း အတိတ်စိမ်းပေးထားပြီး တကယ့် ဖွင့်ဂဏန်းက ၂၁၈ လိုလို၊၂၀၇ လိုလို ဖြစ်သွားတဲ့ လှည့်စားမှုတမျိုး ကျတော့ နားလှည့်ပါးရိုက်သလို မျိုးမို့  သိသိကြီးနဲ့ အောင့်သက်သက် ခံရခက်လှတယ် ။ဒုစရိုက် နဲ့ သုစရိုက် သမားတွေ အချိုးချကြည့်ရင် ဘယ်သူပိုများမလည်းဆိုတာ တွေးကြည့်ရုံနဲ့  သိသာပါတယ် ။ ထားပါတော့ ။ ဒါက သူတပါးက ကိုယ့်အပေါ် လှည့်စားချက်တွေ ။ခံရခက်ပေမဲ့လည်း ခံကြပေအုံးတော့ပေါ့ ။ အချိန်တန် နပိန်ကန် မယ် ဆိုတော့ ၊ နွားပိန်လေး လာကန်မဲ့ အချိန်ကိုပဲ မျှော်တလင့်လင့်နဲ့ စောင့်ကြပေရအုံးမယ်။
သူတပါး ကိုယ့်အပေါ် လှည့်စားသွားတော့ ခံရခက်ကြီးတဲ့ ။ ဒီလိုဆိုတော့ ကိုယ့် ဖာသာကိုယ် လှည့်စားနေကြတာများရော မရှိကြတော့ဘူးလား ၊ ခံရခက်ကြီး မဖြစ်ကြတော့ဘူးလား ။ ဟင့်အင်း ၊ မဖြစ်မိပါဘူး ။ ဘာလို့လည်းဆိုတော့ မသိလိုက်လို့ပေါ့ ။
တခါတရံတော့လည်း သိနေသားပဲ ၊ဒါပေမဲ့ ကိုယ့်ဟာကိုယ်လှည့်စားပြီး ကျေနပ်သလိုတောင် ဖြစ်နေသေးတယ် ။
နားရှုပ်အောင် ပြောလိုက်လို့ နားရှုပ်သွားမယ် ။ ဒီလိုပါ ။ ဥပမာ ပေးရရင် ၊ အလွန်ဝသော အမျိုးသမီးတယောက် တနေ့ တခြား ပို ပို ဝ လာ တယ် ။သူများတွေက ..ဟယ် ၊ မတွေ့ တာကြာပြီ ၊ နဲနဲ ပိန်သွားသလိုပဲ နော် ... ဆိုတော့ ကျေနပ်လို့ပဲ ။ကြည်နူးလို့ပဲ ။ ညာပြောမှန်း မြှောက်ပင့်ပြောမှန်း သိပေမဲ့ နဲနဲ တော့ ကျေနပ်မိသွားမှာပဲ ။ ( တချို့တလေကျတော့ ဒါ ငါ့ကို သက်သက် ရွဲ့ပြော စောင်းပြောနေတာပဲဆိုပြီး မကျေမနပ်ဖြစ်မိမှပါပဲ ) ။ ဒီတော့ သူ ဘာလုပ်သလည်း ။ ဝိတ်ချမယ် ..ဝိတ်ချမယ် ပေါ့ ...တချို့ စိတ်ဓါတ်ခိုင်မာသူတွေကတော့ မဖြစ်မနေ ဝိတ်ချလို့ ရတယ် ။တကယ်လည်း အောင်မြင်သွားတယ် ။( ပြတ်သားတဲ့ သူတွေများ ဘယ်လောက်ထိ ပြတ်သလည်း မပြောနဲ့ ၊ ပုပ်သွားတဲ့ အသီး၂လုံး နဲ့ ပျက်သွားတဲ့ ဂေါ်တပြား ကို ချက်ချင်းပဲ ပြတ်စဲပလိုက်တယ် ။ ဒါမျိုး စိတ်ဓါတ် သဘောကျလို့ မဆုံးဘူး )။ တချို့ ကျတော့ ပါးစပ်ကသာ ပိန်ချင်တယ်၊ ဝိတ်ချမယ် ပြောပြီး .. အင်း..ဇွဲမရှိတော့ ဘယ်လိုလုပ်ပြီး ဒီဝိတ်ကြီး ကျ ပါ့ မလည်း လေ ။ ဒီတော့ သူ့ ဟာသူပဲ စိတ်ဖြေတဲ့နည်း သုံးတယ် ။ကိုယ့်စိတ်ကိုယ် လှည့်စားပြီး ကျေနပ်လိုက်ကြတယ် ။ပြီးခဲ့တဲ့ တလ ကထက်စာရင် ၁ပေါင်လောက်ကျလာတာပဲလေ... တဲ့ ။ လွန်ခဲ့တဲ့ ၄ လ အတွင်း ၁၀ ပေါင် တက်လာတာကိုတော့ မသိကျိုးကျွန်ပြုထားလိုက်တော့ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းလည်းနော် ။ဒီတရက်တော့ စားချင်တာလေး ဆက်စားလိုက်အုံးမှ ၊ နောက်တော့မှ ချတာပေါ့ ..တဲ့ ။ (လွှတ်တော်တက်သူတွေထဲက ဒီစိတ်ဓါတ် ဘယ်နှစ်ယောက် ပါမလည်း ။ သိဘူး ၊ လာမမေးနဲ့  ) ဒီလိုပါပဲ ။ လောကကြီးမှာ နေတတ်ရင်ကျေနပ်စရာတွေပဲပေါ့ ။
ထားပါတော့ ။ ဒီဥပမာကလည်း သိပ် မကောင်းသလိုပဲ ။ပြောချင်တာလည်း ဒါရိုက်ဟစ် မပြောရဲ..အဲလေ.. မပြောချင်တော့တာမို့  ကိုယ့် ကိုယ်ကိုယ် လှည့်စားခြင်း ဆိုတဲ့ အကြောင်းအရာ ကို ပဲ ဆက်ကြရအောင် ။
Illusion “ အီလူးရှင်း”ဆိုတဲ့ ဝေါဟာရ ၊ မြန်မာလို အတိအကျ ပြောရတာတော့ ခက်သလိုပဲ၊ အနီးစပ်ဆုံးပြောရရင်တော့ “ထင်ယောင်ထင်မှားဖြစ်ခြင်း ”ပေါ့။ အဲ့လို ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်တဲ့သူကိုတော့ Illusionist လို့ခေါ်ပါသတဲ့ ။ မျက်လှည့်ဆရာ ပေါ့ ။ David Copperfield ဆိုသူကတော့ ကမ္ဘာကျော် illusionist သို့မဟုတ် magician တယောက်ပေါ့ ။ သူ့ အတတ်ပညာ မျက်လှည့်ပြကွက်တွေ ဟာ အံ့သြဘွယ်ကောင်းလောက်အောင် သေသပ်လှတာမို့ သူ့ ကို လူလိမ်လူညာ လို့  ဘယ်သူမှ မပြောနိုင်ကြဘူး ။ သူ့ ရဲ့ လှည့်စားမှု ပြကွက်တွေကိုတောင် ခံစားကြည့်ချင်လွန်းလို့  ငွေကုန်ကြေးကျခံပြီး ကြည့်ကြရတယ် ။သူဟာ လစ်ဘာတီ ရုပ်တုကြီးကို ပျောက်သွားအောင် လုပ်ပြနိုင်သတဲ့။ ဂရိတ်ဝေါကြီးကို ထိုးထွင်း လျှောက်ပြနိုင်သတဲ့ ။ ဒါကတော့ ချွင်းချက်တခုအနေနဲ့ ထားရပေလိမ့်မယ် ။ သူက ပညာရှင်ကြီးကိုး ။ဘယ်သို့ ဘယ်ပုံ လုပ်လိုက်သနည်းဟုတော့ ကျွန်ုပ် မသိ ။ အခွေတွေထဲမှာ ကြည့်ရတာတော့ အလွန်ကောင်းပေ၏။ သူ့အကြောင်း အသေးစိတ်သိလိုရင်တော့ အွန်လိုင်းမှာ ရှာကြည့် ။ ဒီနေရာမှာတော့ သူ့ ရာဇဝင် ရှိလေ၏ ။
သူ့ လို လျှမ်းလျှမ်းတောက် မဟုတ် ကမ္ဘာမကျော် ပေမဲ့ မြန်မာကျော်တဲ့ အီလူးရှင်းနစ် တွေလည်း မြန်မာပြည်မှာ တပုံကြီး ရှိ တယ် ။ ဧရာဝတီကြီးကို အသွင်ပြောင်းပြီး အိပ်ထောင်ထဲ ထဲ့ထားလိုက်တာတို့ ၊ နာဂစ်တုံးက အသက်မဲ့သွားတဲ့သူတွေ မဲ ထပြီးပေးကြတာတို့  ။ အဲ့လို စွမ်းဆောင်နိုင်ကြသူတွေ တပုံကြီးပါ ။ ဘာလို့ ကမ္ဘာမကျော်ကြတာလည်း ၊ ကိုယ့်ဦးနှောက် သေးသေးလေးနဲ့ စဉ်းစားလို့ကို မရဘူး ။
ဒါလည်း ထားလိုက်တော့ ဦးနှောက်သေးလို့  မစဉ်းစားချင်တော့ဘူး ။ ဒီတော့ ထင်ယောင်ထင်မှား မြင်တတ်တာတွေကိုပဲ ပုံလေးတွေနဲ့ ဥပမာ ပြ တော့မယ် ။ “မျက်စိအကြည်” အခံဓါတ် နဲ့  “အဆင်း” အတိုက်ဓါတ် တို့ တိုက်တော့ “ မြင်စိတ်” အပွင့်ဓါတ် ဖြစ်တယ်လို့  တရားသဘောမှာ ရှင်းပြထားတာ သိကြပါလိမ့်မယ် ။ လောကဓါတ် သိပ္ပံသဘောအရလည်း အရာဝတ္ထု တခုပုံရိပ်ဟာ ၊ အလင်း အမှောင် အပေါ်တည်ပြီး ၊ မျက်စိ မြင်လွှာပေါ် ကျရောက်လို့ ပုံရိပ်ကို မြင်ကြရတယ်လို့ သတ်မှတ်ထားကြပါတယ် ။ပုံရိပ်မှာလည်း ပုံရိပ်အစစ်နဲ့ ပုံရိပ်ယောင်ဆိုတာတွေ ရှိကြပါသေးတယ် ။ အဲဒီအထဲကမှ“Optical Illusions” ပုံရိပ်ယောင်တွေကို ဘယ်ပုံဘယ်နည်း မြင်ကြရသလည်း၊ ဘယ်လိုပုံနဲ့ မြင်ကြရသလည်း၊ ဘာကြောင့် မြင်ရတာလည်း ဆိုတာတွေကို စာအနေနဲ့ ရှင်းပြထားကြတာတွေလည်း အများကြီးရှိပေမဲ့ ရူပဗေဒ သဘောတွေကို သိပ်တော့ နားမလည်လှဘူး ။ ဒီတော့ ရုပ်ပုံလေးတွေ အနေနဲ့ ကြည့်ကြရအောင် ။ အပျင်းလည်းပြေ ပညာလည်းရ ပေါ့ ။ ဒါပေမဲ့ မျက်စိညောင်းမှာ တော့ သေချာတာမို့  တကြိမ်တခါထဲ နဲ့ အားလုံးကို မကြည့်ကြစေလိုပါ ။
ကဲ.. စ မယ်..။ ပုံတွေ မကြည့်ခင် မျက်စိကို အနားပေးတဲ့ အနေနဲ့ ခပ်ဝေးဝေးတနေရာကို ခဏလောက် အရင်ကြည့်လိုက်ပါ ။
အလားတူပါပဲ ။ လက်ဗွေရိပ် မှာ ခွေးရုပ်ပုံရိပ်ကို ထဲ့ထားတာပါ ။လွယ်ကူပါတယ် ။ ချက်ချင်း မြင်ရတယ် မဟုတ်လား။ မမြင်ရင်တော့ တခုခု ဖြစ်နေပြီ။း)
ဒါကတော့ စက်ဝိုင်းပုံ တွေကို အသေး အကြီး အဝိုင်းလိုက် ရစ်ပြီးထပ်ဆွဲထားတဲ့ အပေါ်မှာ စတုရန်းလေးထောင့်ပုံ မျဉ်းကြောင်းအဖြောင့်၎ချောင်း ။ ကြည့်ရင်း နဲ့ အလယ်မှာ နဲနဲ ကောက် ချိုင့် လာပါမယ် ။
အမဲရောင် အထစ်လိုင်းတွေ ပေါ်မှာ ဆွဲထားတဲ့ ကန့်လန့်ဖြတ် အပြာ လိမ္မော် အဝါ အဖြောင့်လိုင်းတွေကို ကြည့်နေရင်းနဲ့ လိုင်းဖြောင့်တွေပါ မြွေလိမ်မြွေကောက်လို့  တွန့် လာပါလိမ့်မယ် ။ အကောက်အကွေးတွေ ကြားမှာ ရှိနေရတဲ့ အဖြောင့် ဆိုတာကြီးခမျာမလည်း ကြာကြာတောင့်မခံနိုင်ပါဘူး။ပါတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် ပုံသဏ္ဍန်ပြောင်းတတ်တယ် ဆိုတာ သတိပြု စေချင်ပါတယ် ။ ( မည်သူ့ ကိုမျှ ရည်ရွယ်ခြင်းမဟုတ်ပါ ဆိုလျှင် မုသားစကား ဖြစ်ပေတော့မည်.. )
ဒီပုံကကိုတော့ နဲနဲ အချိန်ယူကြည့်ရပါမယ် ။( ကြည့်ဖူး မြင်ဖူးသူများလည်း ရှိပါမယ် ။ မြင်ဖူးသွားရင်တော့ မြန်ပါတယ် )။ အလယ်က အစက် ၄စက်ကို စက္ကန့် ၃၀ မျှ စူးစိုက်ပြီးကြည့်ပါ ။ ပြီးရင် ဗြောင်ဖြစ်နေတဲ့ အခန်း နံရံ သို့မဟုတ် မျက်နှာကျက် စတဲ့နေရာသို့  လွှဲပြောင်းပြီးကြည့်လိုက်ပါ ။ Jesus ပုံရိပ်ဟာ အာရုံမှာ ထင်လာပါလိမ့်မယ် ( အလားတူ ပုံတွေ အများကြီး ရှိပါသေးတယ်၊) ။ခေါင်းမူးသွားမှာစိုးလို့ တစ်ပုံပဲ ပြထားပါတယ်။
ဒီအောက်က ပုံတွေကတော့ ပန်းချီဆွဲသူရဲ့ စိတ်ကူးကောင်းပုံ လက်ရာမြောက်ပုံများကို ပြထားတဲ့ ပုံရိပ်တွေ ဖြစ်ပြီး သင့်မျက်စိ ဘယ်လောက် လျှင်သလည်း ဆိုတာ စမ်းသပ်လို့ ရပါတယ်။
။ ဆင်ပုံ နဲ့ အခြားတိရစ္ဆာန်တွေ ထပ်ပြီးဆွဲထားတာပါ ။ ဘယ်နှစ်မျိုး တွေ့ ရှိပါသလည်း ။ အကောင် ၆ မျိုးထက် ပိုတွေ့ သူများ တိတ်တိတ်လေး ပြောသွားကြပါအုံး..း)
ရုတ်တရက်ကြည့်ရင် သာယာလှပတဲ့ ကမ်းစပ်မှာရပ်နေကြတဲ့ ချစ်သူနှစ်ဦး ပေါ့ ။ သေချာကြည့်လိုက်ရင် ကလေး သန္ဓေသားပေါက်လေးတယောက်လည်း ရှိနေပါတယ်။
ရုတ်တရက်ကြည့်ရင် အဖိုးကြီးနဲ့ အဖွားကြီး မျက်နှာချင်းဆိုင်နေကြတဲ့ပုံ ။ သေချာကြည့်တော့ အတွင်းမှာ ထိုင်နေတဲ့ လူရွယ်၂ယောက် နဲ့ မတ်တပ်ရပ်နေသူတယောက် ရှိပါသေးတယ်။
3 D ပုံရိပ် တွေထဲက တခုပါ ။ ပန်းချီပညာရှင်တွေရဲ့ အံ့မခမ်း လက်ရာတွေကို နိုင်ငံရပ်ခြား တိုင်းပြည်များမှာ လူသွား လမ်းပေါ်မှာ ၊ပလက်ဖေါင်းပေါ်မှာ ဆွဲထားကြတဲ့ပုံတွေ မြင်ရတာကို အားကျမိပြီး ကိုယ့်ပြည် ကိုယ့်မြေ က နေရာကွက်လပ်ကြီးတွေမှာ ဒီလိုလက်ရာမျိုးတွေ ကိုယ်တိုင် ကိုယ်ကျ မြင်လိုစိတ်ပေါ်လာမိတယ် ။စိတ်ကူးထဲကို ပုံဖေါ်ရရင် .. ပြည်သူ့ လွှတ်တော်ရင်ပြင်တော်ကြီးပေါ်မှာ ထိတ်လန့်စရာ ချောက် ကမ်းပါးကြီးတွေ ချိုင့်ခွက်ကြီးတွေ ..ပုံရိပ်တွေ ဆွဲထားတာမျိုးပေါ့ ။ဒါမှ ပြောနေကျ လက်သုံးစကား၊ မကြာခဏ ကျခါနီး ဖြစ် ဖြစ်သွားတတ်တဲ့ ချောက်ကမ်းပါးဆိုတာကြီးကို ရွှေပြည်သားများ မျက်ဝါးထင်ထင် မြင်တွေ့ ဖူးရတော့မှာပေါ့။ ခုလောလောဆယ်မှာတော့ ကတ္တရာ လမ်းမတွေပေါ်က အော်ရီဂျင်နယ် 3D ဂလှိုင်ပေါက်ကြီးတွေ ကိုပဲကြည့်ထားလိုက်ကြပါစို့  ။)
အသူရကယ် ငရဲပြည် အဝီဇိ ၈ ထပ်ဆို ဒီထက် အပုံကြီး နက်မှာပဲ ပေါ့။ ဘယ်သူတွေ သွားကြမယ် မသိသလို သိသလို နဲ့ ကိုယ်မပါအောင် အားထုတ်ရအုံးမယ် ။ အချိန်မှ မှီပါတော့ မလား ။
ဒါကတော့ ၂ ခုစလုံးက ပုံရိပ်အစစ်တွေပါပဲ ။ အစစ်၂ခုကို ထပ်ပြီး စိတ်ကိုလှည့်စားလိုက်တော့လည်း တမျိုးတမည် ထင်ရတာပေါ့ ..း) ။
ဒီပန်းချီဆရာလည်း တော်ပါတယ်။ ဗမာပြည်ကြီးကိုချစ်လွန်းလို့  သူ့ နာမယ်ထဲ ထဲ့သုံးထားတဲ့ ဒီလူကြီး ။ သူ့ ပုံကို ဒီလိုလုပ်ဆွဲတော့လည်း ဘာမှ မပြောရှာဘူး။ တို့ပြည်ကြီးက ခေါင်းဆောင်ကြီးတွေပုံကိုလည်း ဒီလိုဆွဲပြီး လူရှေ့ မှာ ရပ်ပြလို့ ရမဲ့ အချိန် သိပ်မဝေးတော့ဘူး လို့  ထင်တာပဲ။ ခုတောင် ငြိမ်းချမ်းစွာ တန်းစီ လှည့်လည်ဆန္ဒ ဖေါ်ထုတ်လို့ ရတော့မယ် ဆိုတဲ့သတင်းကြားနေရပြီ ။“ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ကြမ်း”တဲ့။ အသေးစိတ်ကို ဒီမှာ ကြည့်လို့ ရပါတယ် ။အကယ်၍သာ ..အကယ်၍သာ ဒီဥပဒေကြမ်းကြီး အတည်ပြုပြီးသွားရင် .. ဘယ်သူ့ ပုံ ကို အရင်ဆွဲပြကြမလည်း ။ မော်ဒယ် လုပ်လိုသူများရှိပါက မတ်စိ ထားခဲ့ နိုင်ပါတယ်။ အခြေအနေပေးတဲ့ အခါ ဆက်သွယ် လို့ ရအောင် ပါ ။
Stereogram image အမျိုးအစားထဲက ပါ ။ ပုံရိပ်ယောင်တွေ ထဲမှာ သဘောအကျဆုံး အမျိုးအစား ပါ ။ကြည့်လို့  မထွက်ခင်ကတော့ ဘယ်လိုမှ ဆွဲဆောင်မှု မရှိပေမဲ့ ကြည့်လို့ မြင်သွားပြီးနောက်ပိုင်း အမြင်အာရုံထဲမှာ ပေါ့ပါးလွင့်မြောသွားသလိုခံစားရတယ် ။ ကြည့်နည်းက တော့ ဒီလို။ ပုံရဲ့ အပေါ်ထိပ်ပိုင်းက အနီရောင် အဝိုင်းစက် ၂ ခု ကိုသေချာ စိုက်ကြည့်ပါ ။သူ့ ကို အဝိုင်း ၃ စက် အနေနဲ့ မြင်လာရတဲ့ အခါမှာ အောက်ဖက်ရွှေ့ ပြီး တပုံလုံးကို ဖြန့်ကြည့်လိုက်တဲ့အခါ အဖေါင်းအမို့ အချိုင့်တွေ ထဲမှာ ရောင်စုံ ဝိုင်းလေးတွေကို စိုပြေစွာတွေ့ ရပါမယ်။
အပေါ်ကပုံနဲ့ အလားတူပါပဲ။
တကယ်လို့ ခေါင်းမမူးသေးဘူး ဆိုရင်တော့ ဒီပုံလေးကိုဆက်ကြည့်လိုက်ပါ ။ အရက်မူးသမားတွေရဲ့ အမြင်လိုပါပဲ ။ အရိပ် နှစ်ထပ် တွေ ဖြစ်နေ တယ် ပေါ့
ပုံတွေကြည့်ပြီး မျက်စိလည်း အတော်ညောင်းလောက်ပြီ ။ သင့်မျက်စိ တကယ်ပဲ ညောင်းသွားပြီလား ဆိုတာ ဒီအောက်က ပုံအနည်းငယ်ဆက်ကြည့်ပြီး စမ်းသပ်လို့ရပါတယ် ။ အစိမ်းရောင်စက်ဝိုင်းကြီးအလယ်တဲ့တဲ့မှာ ရှိတဲ့အပြာရောင်အဝိုင်းလေးကိုသေချာစူးစိုက်ကြည့်နေပါ ။ အပြာရောင် အဝိုင်းလေးက တဖြေးဖြေး သေးငယ်လာပြီး ပျောက်ကွယ်သွားမယ် ဆိုရင်တော့ သင့်မျက်စိ မောပန်းညောင်းညာနေပြီ ဖြစ်တာမို့  အနားပေးသင့်ပါပြီ။
တကယ်လို့ မမောသေး မညောင်းသေးဘူး ထင်ယောင်ထင်မှားတွေ ဆက်ပြီး မှား..အဲ.. ဆက်ပြီးကြည့်ချင်သေးသပ ဆိုရင်တော့ ဒီနေရာကို သွားကြည့် လို့  ရ ပါတယ် ။ခေါင်း မူး ၊ မျက်စိညောင်း၊ ဇက်ကျောတက်လာရင်တော့ သင့်တာဝန်သာ ဖြစ်ပါသည် ပေါ့ ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
မိမိကိုယ်ကို လှည့်စားခြင်းလည်း ကင်းဝေးကြပါစေ ...
11 comments:
ဟားဟား . . . မိုက်တယ်။
ဘယ်လိုပဲ လိမ်လိမ် . . ကြည့်နေဦးမှာပါပဲ။
မကြိုက်ရင်တော့ မကြိုက်ဘူးလို့ ထပြောမှာပေါ့နော်။
မကိ ရေ
ထင်ယောင်ထင်မှား ဆိုတဲ့ အတိုင်း တကယ့် ကို ထင်ယောင်ထင်မှား ဖြစ်ရပါတယ် ရွှေပြည်ကြီး အတိုင်းပါဘဲ
ဟုတ်မလိုလို နဲ့ မဟုတ်သလို ဖြစ်နေပါတယ်
မျက်စိတွေ လည်း မျက်ရည် ကျလာလို့ လစ်ပြီနော်
အပင်ပန်းခံ ပြီး ထင်ယောင်ထင်မှား လုပ်သူ ကြီး မကိ ကျမ်းမာချမ်းသာ ပါစေ
ခင်မင်တဲ့
ရွှေစင်ဦး
ဟဟ ဝိတ်ချမလို့ပါဆို မကီရေးတာ ကြည့်ပြီး အော်ရယ်မိတယ်။.
အကောင်လေးတွေ အရုပ်လေးတွေ အားလုံးမြင်ရတယ် မကီ
ဒါဆို မျက်စိကောင်းပါသေးတယ်နော်။ ဟိုပုံကတော့ အကောင် ၆ကောင်ဘဲမြင်တယ်။ အိုဘားမားကြီး သနားဖို့ကောင်းလိုက်တာ
သူ့ခမြာဆွဲခံရစရာ ရှားလို့
အစိမ်းရောင်စက်ဝိုင်းထဲက အပြာရောင် အစက်လေးကို ကြည့်တယ်
ပျောက်သေးဘူး
ဒါဆို မျက်စိညောင်းသေးဘူး
ကွန်ပျုတာ ဆက်ကြည့်လို့ ရသေးတယ် ခိခိ
ရေးလည်းရေးတတ်ပါပေ့ဗျာ... ဘာတဲ့.. ပုပ်သွားတဲ့ အသီးနှစ်လုံးနဲ့ ဂေါ်တပြာဟုတ်စ... ဟားဟား.... မကိကိတို့ကတော့ တော်မြဲတော်ပဲ
ခင်မင်လျက်
နေ၀သန်
မကိရေ...
3Dကြိုက်သူမို့ ပုံတိုင်းကို အပြည့်အ၀ အားပေးသွားပါတယ်။ အမြင်လှည့်စားထားတာ ပညာပါတယ်နော်။
အမလေး...လေး... မူးချက်ကတော့...။ မူးမူးနဲ့ အိမ်ဆက်လည်လိုက်ဦးမယ် :)
ဟဲဟဲ
မူးသွားတယ်
ကိုယ်တိုင်မူးတာ အားမရလို့ ဘေးနားကတယောက်ပါ ခေါ်မူးပေးလိုက်တယ် .. :D
မိုးခါး
ကိကိရေ ဖဘကနေ မူးပြီးဝင်လာတာ ကိကိရဲ့ ထင်ယောင်ထင်မှားလှည့်စားတာတွေကြည့်ပြီး ခေါင်းက လုံးဝမထောင်နိုင်တော့ပဲ ချာလပတ်ရမ်းသွားပြီး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မူးတွားဘီး))
မကိရေ ... မျက်ရည်တွေတောင်ထွက်တယ် .... ရေးထားတာရော ပုံလေးတွေ လေဘယ်တပ်ထားတာရော မိုက်တယ် ...
ခေါင်းတောင်မူးသွားတယ်။း)
ခင်တဲ့
မေသိမ့်
ရီဝေဝေ ကိုယ့်ခေါင်းထဲမှာ ချာချာလည်နေတယ်
Post a Comment