ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကိုလေးစား ၊ဆိုတဲ့ စကားလက်ကိုင်ထားရမဲ့ အပြင် ၊မေတ္တာ ဂရုဏာ မုဒိတာ တွေ ပွားများနေနိုင်ကြမှ မင်္ဂလာ တရားနဲ့ ပြည့်စုံမယ် ဆို တော့ ဒီင်္တခါ ကောင်းတာလေးတွေပဲ တွေး မယ် ရေးမယ် လို့ စိတ်ကူးပါတယ် ။ ဒီတော့ မေ့ကွက်ကိုရှာ.. အဲ.. ကောင်းကွက်ကိုရှာဖို့ အနီးအနား ပတ်ဝန်းကျင် နဲ့ တမျှော်တခေါ် ကမ္ဘာတခွင် ကို အင်တာနက်ထဲကနေ လျှောက်ကြည့်ရင်းနဲ့ မြင်တွေ့ ရတာလေးတွေကို ပြန်ပြီး ဖေါက်သည်ချကြည့်ပါမယ် ။ အကောင်းမြင်ဝါဒလေးနဲ့ မုဒိတာ ပွားကြည့်ကြတာပေါ့ ။
ဦးစွာပထမ ကိုယ့်လတ်တလော စားဝတ်နေရေး ဖြေရှင်းပေးလို့ နေထိုင် နေရတဲ့ ဒီ နိုင်ငံ က ကိုယ်နဲ့တိုက်ရိုက် ပတ်သက်တဲ့ သတင်းလေး အတွက် ကောင်းချီးပေးပါရစေ။ စားဝတ်နေရေး ဆိုတဲ့ စကားလုံး အစီအစဉ် အတိုင်း စားဖို့ က အတော်လေး အရေးကြီးတယ် မဟုတ်လား ။စားကုန်သောက်ကုန် စရိတ်စကတွေလည်း ကမ္ဘာနဲ့ အဝှမ်း ဒီရေလို တရိပ်ရိပ်တက်နေကြတာ အားလုံးအသိပါပဲ ။ လစာတွေ သာ မတက်ရင်နေမယ် ။ စားသောက်ကုန်ဈေးနှုန်းတွေကတော့ တက်ပြီးရင်းတက်ပဲ ။
နောက်တခု .. ဒီနိုင်ငံ အပြင်ဘက် မျှော်ထွက်ကြည့်မိလိုက်တော့ နိုင်ငံရပ်ခြားသတင်းများ အထဲမှ Hot News တခု ။ ... လစ်ဗျား ခေါင်းဆောင်ကြီး မွန်မာ ဂဒါဖီ ..မနေ့က ပဲ အသတ်ခံလိုက်ရပြီတဲ့၊ ကောင်းလိုက်ထှာ.....။ အို ..သူများ အသတ်ခံရတာ ဘာလို့ များ မုဒိတာ ပွားနေရတာလည်း လို့ တော့ မထင်လိုက်ကြပါနဲ့ အုံး ။ ဒီလူကြီး က သူ့ နိုင်ငံကို စစ်အာဏာသိမ်းပြီး အုပ်ချုပ်လာတာ ၄၂ နှစ်တောင်ဆိုတော့ သူ့ ရဲ့တိုင်းသူပြည်သားတွေကို ဘယ်လောက်များ အနိုင်ကျင့် ဖိနှိပ်ချုပ်ချယ် ထားသလည်း ဆိုတာ ရွှေမြန်မာများ ကိုယ်ချင်းစာကြည့်လို့ ရနိုင်ပါတယ် ။ ဗီဒီယို သတင်းတွေ ထဲမှာ မြင်နေရတာ က တိုင်းသူပြည်သား လူအများတို့ ရဲ့ ပျော်ရွှင်မှု ပေါ့။သူတို့တတွေ ပြုံးပျော်ပြီး ကခုန်နေကြတာ လမ်းမတွေပေါ်က နေရာတိုင်းလိုလိုမှာ ပါပဲ ။ လူတယောက်သေတာ ဘာလို့ လူ အများက ပျော်ရွှင်နေကြတာလည်း ဆိုတာကိုတော့ ရှင်းပြနေစရာတောင် မလိုဘူးလို့ ထင်ပါရဲ့။ အင်း.. ကောင်းလိုက်ထှာ ...။ ဖွားကိတို့  ရွှေနိုင်ငံကြီးမှာလည်း ဒီလို ပျော်ရွှင်စရာ ရက်ကလေးများ ရှိစေချင်လိုက်တာ ။ဒါပေမဲ့ ဒီလို သတ်ဖြတ်ပြီးမှ ပျော်ရမဲ့ အပျော်မျိုးတော့ မဖြစ်စေချင်ပါဘူး။ ဒီကိစ္စအကြီးကြီး အတွက် မုဒိတာ သေးသေးလေး ပွားလိုက်မိတယ် ။ ဒါပေမဲ့ သံဝေဂ တရား လည်း ရမိတာပေါ့ ။ အနိစ္စ ဒုက္ခ အနတ္တ ၊ ဘယ်အရာမှ မမြဲဘူး မဟုတ်ပါလား ။ ဝဋ်ဆိုတာလည်း နောင်ဘဝထိ မကူးဘူး ။လက်ငင်းကို ပြန်ဆပ်ကြရတာပဲ ။
နောက် တွေ့ မိတဲ့ ဗွီဒီယို ကလစ် ထဲမှာ - ၅နှစ်သမီးလေး က သူ့ အဖေ နှလုံးရောဂါထ လို့ အိမ်ထဲမှာ ဒုက္ခရောက်နေတဲ့အချိန် အရေးပေါ် 911 ဆီ ဖုံးဆက်ပြီးနောက် စကားမပြောနိုင်လောက်အောင် ဖြစ်နေရာမှာ ကလေးက လိုအပ်တဲ့ အချက်အလက်တွေ ပြောပြ အချိန်မှီ ကူညီ အကြောင်းကြားပေးလို့  သူ့ အဖေ အသက်ကို ကယ်တင်လိုက်နိုင်သတဲ့ ။ သူတို့တွေဆီမှာ ဒီအရွယ် ကလေးလေး ကအစ ပိုင်းခြား နားလည်နေကြပြီ ။ ဒါကိုကြည့်ပြီး သုံးသပ်မိတာကတော့ ကလေးတိုင်းလိုလို မှာ စူးစမ်းလေ့လာချင်စိတ်တွေ ၊ သူတို့တတ်တာကို လုပ်ပြချင်စိတ်တွေ ၊ အတုမြင် အတတ်သင်စွမ်းအားတွေ ရှိနေကြတယ် ။ အဲဒါကို ပါတ်ဝန်းကျင် အသိုင်းအဝိုင်းက သင့်တော်သလို သွန်သင်ပြသပေးရမယ်။ ထိန်းကျောင်း ပြုပြင်ပေးရမယ် ။ သူတို့လေးတွေရဲ့ စူးစမ်းချင်စိတ်လေးတွေကို ပိတ်ပင်မထားသင့်ဘူး ။ စိတ်ဓါတ်ကောင်းလေးတွေကို ရိုက်မချိုးသင့်ဘူး ။ ဒီလို သွက်လက်ချက်ချာတဲ့ ကလေးလေးတွေလည်း ဖွားကိတို့  ရွှေပြည်ကြီးမှာ အများကြီးရှိတာပဲ ။ ဒါ့ပေမဲ့ အဲလို ကမ္ဘာကျော်သွားအောင် ပြသနိုင်ဖို့  အခွင့်အရေးမျိုး မရှိကြတာများပါတယ်။ အနီးဆုံး ဥပမာ ပြောရမယ်ဆိုရင် ခုနေများ ရွာငယ်ဇနပုဒ် မီးမှိတ်တုပ်မှတ်တုပ်မလုပ်နိုင်တဲ့ နေရာမျိုး၊လူတွေနဲ့ အလှမ်းဝေး လယ်ကွင်းထဲက အိမ်တလုံးထဲမှာ လယ်သမားကြီး ဦးဘမောင် နှလုံးရောဂါထလို့ လဲနေပြီဆိုပါတော့ ၊ ဘေးက ရောင်ပေစူးလေးနဲ့ သွက်သွက်လက်လက် ၅ နှစ်သမီးလေး က သူ့ အတွက် ဘာလုပ်ပေးနိုင်ပါ့ မလည်း ။ ဆက် စရာ ဖုံး လည်း မရှိ ။ ဆက်လို့ ရတယ် ထားအုံး ။ ခုလိုဂရုတစိုက် ပြန်လည် ပြောကြား အကြံပေးမဲ့ ၊ အရေးပေါ်ကားနဲ့ လာခေါ်ပြီး ဆေးရုံတင်ပေးမဲ့သူတွေ ရှိပါ့မလား။ ဆေးရုံ မှာ ရော .. ရောဂါကုသဖို့  အခြေအနေရှိပါ့မလား။ အင်း.. အဲဒါကို တွေးမိတော့ ကောင်းလိုက်ထှာ.. ။ ရွှေပြည်ကြီးမှာလည်း ဒီလို အခြေအနေတွေ အမြန်ဆုံး ရောက်စေ ရှိစေချင်လိုက်တာ လို့  ကိစ္စသေးသေးလေး ကို ကြည့်ပြီး မုဒိတာ အကြီးကြီး ထပ်ပွားမိလိုက်တယ် ။
ဗီဒီယိုကလစ်လေး ဒီနေရာမှာ ရှိပါတယ်
ဆက်ပြီးတော့ ပြည်တွင်းထဲ မှ ၊ မုဒိတာပွားလို့ ရမဲ့ သတင်းဟောင်းလေးတွေ ရှာဖတ်ကြည့်မိတယ် ။ ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်မှာ ရွှေပြည်ကြီးမှာ တိုးတိုးတိတ်တိတ်လုပ်နေရာမှ ဟိုးလေးတကျော်ဖြစ်သွားပြီး တိုင်းသူပြည်သားလူအများ ဆန္ဒ အရ ခေတ္တခဏ ( ၅နှစ်တာကာလ ) ရပ်ဆိုင်း ထားလိုက်တယ် ဆိုတဲ့ “ဧရာဝတီမြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်းကြီး”အတွက် ဆုံးဖြတ်ချက်ကို လည်း ကောင်းလိုက်ထှာ လို့ ကောင်းချီးသြဘာပြုပါရစေ ။ ဧရာဝတီမြစ်တလျှောက် ဆောက်လုပ်နေကြတဲ့ အခြားသော ဆည်ကြီးများရဲ့ စီမံကိန်းတွေကိုပါ ရပ်ဆိုင်း( ဖျက်သိမ်း) ပေးလိုက်ရင် ဒီထက်ပိုပြီး ကောင်းလိုက်ထှာ ကောင်းလိုက်ထှာ ကောင်းလေစွ ကောင်းလေစွ လို့  သာဓု အခါခါ ခေါ်မိမှာပါ ။
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့မှာလည်း ယုံကြည်ချက်ကြောင့်အကျဉ်းချထားခြင်းခံနေကြရသူ ( နိုင်ငံရေးအကျဉ်းသား ဟူသော ရှေးက အသုံးအနှုန်း မသုံးကြတော့ပါ။ နိုင်ငံရေးအကျဉ်းသားများ တယောက်မျှမရှိပါ ဟု ပြတ်ပြတ်သားသား ကြေငြာထားပြီးကာမှ ဟိုးတနေ့ကပဲ နိုင်/ကျဉ်း ၆၀၀ မျှသာရှိပါတယ် ဟု မတော်တဆ ဖေါ်ပြသွားလို့ တောင် အံ့အားသင့်မိရသေး.. )များထဲမှ အနည်းအကျဉ်းမျှ ကို အမှန်တကယ်ပြစ်မှုကျူးလွန်ခဲ့သူ ရာဇဝတ်သားများ များစွာနှင့် အတူ သမ္မတကြီးမှ စေတနာဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းအကြောင်းကိုလည်း ကောင်းပါ၏ ဟု မုဒိတာပွားမိပါတယ်။ အကယ်၍များ ကျန်ရှိနေသေးသော ယုံ/ကျဉ်း သမားများအားလုံးကို တယောက်မကျန်ရလေအောင် စေတနာစစ်မှန်စွာဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါလျှင်၊ ကောင်းလိုက်ထှာ.. ကောင်းပေစွ ဟု သာဓု အကြိမ်ကြိမ် ခေါ်လိုက်ပါအုံးမယ်။
ကားအို ကားစုတ်လေးများကိုသာ စီးနင်းနေကြရတဲ့ တိုင်းသူပြည်သား လူအများတို့ အတွက် ကားကောင်း ကားသစ် ကားတပါတ်ရစ် ဂွတ်စက္ကန်းဟန်းတွေ စီးစေချင်တဲ့စေတနာ နဲ့  ကားသွင့်ခွင့် ပါမစ်တွေ ချပေးနေတယ် ဆိုတဲ့ သတင်းအတွက်လည်း ကောင်းလိုက်ထှာ လို့ မုဒိတာပွားမိတယ် ။ ကားဟောင်းတွေကို ပြန်အပ်ဖို့ စလစ်လေးတရွက် ရဖို့ အရေး ၃ရက် ၃ ည တိုင်တိုင် စောင့်စားနေကြရတဲ့ ကားအိုပိုင်ရှင် ပြည်သူများအတွက် ဒီထက် အဆင်ပြေ ချောမွေ့ အောင် ဆောင်ရွက်ပေးနိုင်ကြရင်ဖြင့် ပိုပြီး ကောင်းလိုက်ထှာ ပေါ့ ။
ကားသစ်တွေ လာတော့ မယ် ဆိုတော့ တမိုးတွင်းလုံးပစ်ထားလို့  ပျက်စီးနေတဲ့ ကျောက်ပေါက်မာ ဗလပွ ကတ္တရာ လမ်းတွေကိုလည်း တစ်ပါတ်ပဲခံခံ နှစ်ပါတ်ပဲခံခံဆိုသော နည်းလမ်းသစ်တွေ အသုံးပြုပြီး ပြန်လည် ပြင်ဆင် လမ်းခင်းပေးနေကြောင်း သတင်းတွေ ဖတ်လိုက်ရတော့လည်း ကောင်းလိုက်ထှာ ပေါ့ ။ ဒီထက်မက ကြာကြာခံ၊ အရည်အသွေးကောင်းမွန်တဲ့ လမ်း၊ ပလက်ဖေါင်းတွေ ။ ရေနှုတ်မြောင်းတွေ နဲ့သာ ဆိုရင် ဖြင့် သာလို့ တောင် ကောင်းပေအုံးမယ် လို့ ကြိုပြီး ကောင်းလိုက်ထှာ ကောင်းပေစွ လို့  မုဒိတာ ဆင့်ပွား ပွားထားလိုက်ပါသေးတယ် ။
ကျန်းမာရေးအတွက် ကိုယ်ထူကိုယ်ထ စေတနာ ၊ အခမဲ့ ဆေးပေးခန်းများ ၊ ပညာရေးအတွက် စေတနာ ဘုန်းတော်ကြီးစာသင်ကျောင်းများ၊ စာဖတ်ခန်းများ ။ လူမှုရေး အတွက် နာရေးကူညီမှု အသင်းများ၊ ဘိုးဘွားရိပ်သာများ ..စသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေး တည်ထောင် ဖွင့်လှစ်လုပ်ဆောင်ပေးနေကြသူများ အကြောင်း မြင်ရ ကြားရ တာမို့လည်း ကောင်းလိုက်ထှာ ဟု အကြိမ်ကြိမ် သာဓုခေါ်မိပါသေးတယ် ။ အကယ်၍များ ခေတ်မှီဆေးရုံသစ်ကြီးများ မှာ ဆေးအပြည့်အစုံ ၊ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်း အပြည့်အစုံ တွေ ဖြင့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ။ ကျောင်းသူ ကျောင်းသားများ အဖို့  အမှန်တကယ် အသုံးကျမဲ့ အသက်မွေးဝမ်းကြောင်းမှု ခေတ်မှီနည်းပညာရပ်များအတွက် ဘတ်ဂျက်ငွေတွေ ကို တိုးမြှင့်သုံးစွဲပေးလိုက်မယ် ဆိုရင်လည်း ကောင်းလိုက်ထှာ ကောင်းပေစွ ဟု အခါခါ ကောင်းချီင်္းပေးဖို့ အဆင်သင့်ပါပဲ ။
ပင်စင်စားကြီးတွေ အတွက် ပင်စင်လစာငွေ တိုးမြှင့်ပေးဖို့ သတိတရ ဆောင်ရွက်ပေးလိုက်တဲ့ အတွက်လည်း ကောင်းလိုက်ထှာ ပေါ့ ။ အဲဒါထက်ပိုပြီး ၊အခြေခံစားသောက်ကုန်တွေကို ဈေးကျအောင်လုပ်ပေးလိုက်ရင် ..အကယ်၍များ ဆန် တစ်ပြည် ကို ၁၀၀ ကျပ်၊ဆီ တပိသာ ၁၂၀ ကျပ် ။ ကြက်တပိသာ ၁၅၀ ကျပ် စသဖြင့်. အဲ့လိုလေးများ ဈေးချပေးလိုက်နိုင်မယ် ဆိုရင်..ဆိုရင်.. လခတွေ မတိုးပေမဲ့လည်း အရေးမကြီးပါဘူး၊ လူအများ စိတ်ချမ်းသာစွာနဲ့ ဝဝလင်လင် စားသုံးကြရမှာမို့ .. ကောင်းလိုက်ထှာ ကောင်းလေစွ လို့  အားရပါးရကြီးကို ပြောအုံးမှာ ။
ကဲ.. ဖတ်မိကြားမိသတင်းတွေထဲက ကောင်းနိုးရာရာသတင်းကောင်းလေးများကို ခုလို မုဒိတာပွားမိလိုက်ရတာ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းမိပါသလည်း နော် ။ သင်တို့လည်း ကြံဖန်ပြီး မုဒိတာပွားများကြည့်လိုက်ကြပါ လား ။ စိတ်ချမ်းသာ စေရမယ် လို့  အာမ အကြီးကြီး ခံလိုက်ပါရဲ့ ..
9 comments:
အဲလို ဒဏ်ရိုက်ပေးတာ ကောင်းတယ်ဗျာ ...
အင်း..
ဟုတ်တယ်ဗျာ..၊
အစ,ကထက်စာရင် နဲနဲ ကောင်းလာသလို
ပါပဲ၊ မီး လေးတစ်ခုကလွဲလို့ ပါ၊
မြစ်ဆုံကိစ္စကလည်း သူတနို့ အထဲမှာ
တော်တော်ကြီး မထွေးနိုင် မအန်နိုင်
ဖြစ်နေခဲ့ တာ ဒီနေ့ အထိပါပဲ၊ တ,လု လို့ 
ခေါ်တဲ့ တရုတ်ကြီးများကလည်း ပြည်သူက
မကြည်ဖြူတော့ ဘူးဆိုတာ သိရက်နဲ့ 
ဆက်ပြီး လက်လျှိုနေချင်သေးတယ်လေ..။
ဘာပဲပြောပြော... ပျပျလေး လင်းလာတဲ့ 
ရောင်ခြည်မှိန်မှိန်လေး ဒိထက်ပိုပြီး
လင်းလက် လာနိုင်ပါစေဗျား...။
ဟုတ်ပါတယ် .. ညီမတို့က မကောင်းမြင်တွေမဟုတ်ပါဘူးလေ .. ကောင်းတာလေးတွေတွေ့ရင်လည်း ကောင်းတယ်ဆိုတာကို လိုလိုလားလား လက်ခံပြီး သြဘာပေးနေမှာပါ .. ပြည်သူတွေရဲ့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ ခိုင်မြဲနိုင်ဖို့ ဆုတောင်းပါတယ် ..း)
အဲဒီလိုတွေ တွေးတဲ့ အတိုင်းသာ တကယ်ကို လုပ်ပေးမယ်။ ဖြစ်လာခဲ့မယ် ဆိုရင် ကောင်းလိုက်ထှာ ကောင်းလိုက်ထှာ ဆိုတဲ့ စကား မြန်မာပြည်မှာ အသုံး အများဆုံး ဖြစ်လာမယ် ထင်ပါတယ်။
ကုန်ဈေးနှုန်းတက်လို့ ဒဏ်ရိုက်ကြေးဆို မြန်မာပြည်က ကုန်သည်တွေ တစ်ယောက်မှ ကျန်မယ်မထင်ဘူးနော် မကီ
တစ်ဆိတ်ရှိ တက်ပြီ တစ်ဆိတ်ဆိုတက်ပြီ
တက်ရာက ပြန်ကို မကျတော့တာ ကုန်ဈေးနှုန်းတွေ လည်ပင်းရောက်သွားတယ်
ဘယ်တော့ စုန်းစုန်းမြုပ်မယ်မသိ။
၅နှစ်အရွယ်ကလေးမလေးရဲ့ သိတတ်မှုကို ချီးကျုးမိတယ် ။ ကျွန်မတို့တိုင်းပြည်မှာ ပညာပေး အစီအစဉ်လေးတွေနည်းတယ်နော် အဲလို အစီအစဉ်တွေ များများ လုပ်ရင်ကောင်းမှာ တောနေလူတန်းစားတွေပါ အသိဥာဏ်တိုးတက်ဖို့ လုပ်ပေးသင့်တယ်
မုဒိတာ ပွားပါတယ် ညီမလေး ကိကိ
လာဘီ လာဘီ ဒေါ်သက်ရီ..... အဲလေ... လာပြီ လာပြီ မမကီ :D။ ဝေဖန်ရေး မတတ်တော့ဘူး။ လက်ကုန်သွားဘီအစ်မ :D ။
ပုဂံခောတ်ကလို သာဓု ခေါ်မယ်နော်။
ကောင်းလင့်တည်း၊ ကောင်းလင့်တည်း၊ ကောင်းလင့်တည်း။
ပုဂံဘုရင်လိုပဲ ညာလက်က ဆန်၊ အစားအစာကို ပေး၍၊
ဘယ်လက်က အဝတ်၊ တန်ဆာတို့ ကို တိုင်းသူပြည်သားတွေကို ငါပေးအံ့ဆိုရင်လည်
ကောင်းလင့်တည်း၊ ကောင်းလင့်တည်း၊ ကောင်းလင့်တည်း။
အကျယ်ကြီး ခေါ်မယ်။
ကိုယ့်နိင်ငံနဲ့ ပါတ်သတ်ပြီး ကောင်းသတင်းလေးတွေ အမြဲကြားချင်တယ်။ ချီးမွမ်းဂုဏ်ပြုဖို့အသင့်ပါပဲ။
အာဏာရှင်တွေရဲ့ နောက်ဆုံးသွားရာလမ်းကို သိနေပြီပဲ။ အကောင်းဆုံးပြန်ပေးဆပ်ဖို့ အရေးကြီးတယ်။ တိုင်းသူပြည်သားအားလုံး ကိုယ့်နိင်ငံမှာ ဂုဏ်ယူစွာ နေထိုင်ရှင်သန်ရခြင်းက မင်္ဂလာပါပဲ။ အဲဒီနေ့ကို အမြန်ဆုံး ရောက်ပါစေဗျာ။
Post a Comment