“ပျက်အစဉ်၊ ပြင်ခဏ” ဆိုတဲ့ စကား ဟာ အမျိုးမျိုး အဓိပ္ပါယ်ဖေါ်ယူလို့ရနေသလိုပါပဲ ။ပျက်စီးနေတဲ့ အရာတခု ကို ဒီအတိုင်းထားလိုက်ရင် ဘယ်လိုမှ ပြန်မကောင်းလာနိုင် ။ပြုပြင်ယူလိုက်မှပြန်လည်ကောင်းမွန်လာနိုင်မယ် လို့  ဆိုလိုရင်း ဖြစ်ပေမဲ့ ၊ တချို့ က မှားယွင်းစွာ နဲ့ တမျိုးတွေးတတ်ကြတယ် ။ အစဉ်အမြဲ ပျက်နေတဲ့ အရာတခုဟာ ၊ ပြင်လိုက်တော့လည်းခဏပဲ ခံ သတဲ့ ။“ သေချင်တဲ့ကျားတောပြောင်း ”ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက် “ တရွာမကောင်း သူကောင်းမဖြစ် ” ဆိုတာလည်း ရှိသေးတယ် ။ ဘယ်ဟာ မှန်တယ် ၊ ဘယ်ဟာမှားတယ် လို့ တထစ်ချ မှတ်ယူထားလို့ မရတဲ့ အရာတွေ ရှိနေတတ်ပါတယ် ။ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး ပြောင်းလဲ ယူဆရမဲ့ အခေါ်အဝေါ်တွေ များစွာရှိနေပါသေးတယ်။ ဒီအချိန်မှာ ဒီစကားက မှန်နေပေမဲ့ နောင်တချိန်ကျတော့ မှားနေတတ်ပါတယ်။
“ မမှားသောရှေ့ နေ ၊ မသေသော ဆေးသမား ” ဆိုရာမှာလည်း ယခု ပြောပြမဲ့ ဒီအဖြစ်လေးကိုကြည့်ပြီး မမှားသော တရားသူကြီး ၊ မသေသော ဆေးသမား ” လို့ ပဲ ပြောင်းပြီး ပြောရတော့လေ မလား ..။
ကြေကွဲစရာကောင်းတဲ့ တကယ့်အဖြစ်လေးပါ ။ ဇာတ်ကြောင်း ပြန်ပြော ရမယ် ဆိုရင် လွန်ခဲ့သော ၁၅ နှစ် ဆိုတဲ့ အတိတ်ကာလက ဆိုပြီး အစပျိုးရပါလိမ့်မယ် ။
၁၉၉၇ ခုနှစ် နွေလယ်ကာလ အတိအကျ ဆိုရရင်သြဂုတ် လ ၁၃ ရက်နေ့ ။ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ရဲ အကျဉ်းစခန်းတခု မှာ အသက် ၂၁ နှစ်အရွယ် လေတပ်သားလေး Chiang Kuo-ching ( 江國慶 )ကို မုဒိန်းမှု ၊ လူသတ်မှုနဲ့ သေဒါဏ် အပြစ်ပေးခဲ့ကြပါတယ် ။ သူဟာ သာမန် အလယ်အလတ် စီးပွားရေး လုပ်ငန်းရှင် မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ သားအငယ်ပါ။ သူ့ ကို ထိုင်ဝမ်နိုင်ငံရဲ့ အထွဋ်အမြတ် နေ့ ထူးတခုဖြစ်တဲ့ ၁၀ ရက် ၁၀လ အမျိုးသားနေ့ မှာ မွေးခဲ့တာမို့  သူ့ နာမယ် ကိုတောင် မောင်အမျိုးသား 江國慶 ဆိုတဲ့ အမည် ရွေးချယ် မှည့်ဆို ခဲ့တာပါ ။ သူ့ ကို စွဲချက်တင်တဲ့ အမှု ကတော့ ၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ၊ ထိုင်ပေမြို့ သအမ်း ရပ်ကွက် လေတပ်စခန်းတခု တပ်တွင်း သက်သာချောင်ချိရေးဆိုင် အနားရှိ ရေမြောင်းထဲမှာ ၅နှစ်အရွယ် မိန်းကလေးတယောက်အလောင်းကို တွေ့ ရပြီး မုဒိန်းကျင့် အသတ်ခံထားရတဲ့ အထောက်အထားတွေ စစ်ဆေးတွေ့ ရှိရပါတယ် ။ ဒီ အမှု နဲ့ ပါတ်သက်ပြီး မသကာင်္သူ ၄ ဦး ကို ဖမ်းဆီး စစ်ဆေးခဲ့ကြတယ်။ ၄ ဦးထဲမှာ 江國慶 လည်း ပါတယ်ပေါ့ ။ မုသားစစ်စက် နဲ့ စစ်တဲ့ အခါမှာ ကျန်တဲ့ ၃ ဦးက လွတ်သွားပြီး 江國慶 တယောက်သာ မုသားစစ်စက်ကို မကျော်လွှားနိုင်ခဲ့ပါဘူး ။ အဲဒါနဲ့ တာဝန်ရှိတဲ့ စစ်ဆေးရေး အဖွဲ့ ကလည်း သူ့ ကို အမျိုးမျိုး ညှင်းပန်း နှိပ်စက်ပြီး နောက်ဆုံး မခံနိုင်တဲ့ အဆုံး တပ်သားလေး က ဝန်ခံလိုက်ရပါတော့တယ် ။
ဒီကြားထဲ မှာ ထောင်ဝင်စာ လာတွေ့ တဲ့ သူ့  မိဘ ၂ ပါးကိုတော့ ဒီကိစ္စမှာ သူ အပြစ်မရှိကြောင်း၊ သူ မုဒိန်းမကျင့် လူမသတ်ခဲ့မိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့တယ် ။ သူ့ မိဘ ၂ ပါးကလည်း သူ့ သား မှာ အပြစ်မရှိကြောင်း စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြတယ် ။
ဒါပေမဲ့လည်း ဒီအမှု ကို စစ်ဆေးလာတဲ့ တလျှောက် တခြား သံသယဖြစ်စရာအကြောင်းများ ရှာမတွေ့ ။သူသာလျှင် တရားခံ အစစ်အမှန် ဟုဆိုပြီး ၁၉၉၆ /၁၂လ/၂၉ ရက်နေ့ မှာ စစ်ခုံရုံး မှ တရားသူကြီး က သူ့ ကို သေဒါဏ်ချမှတ်ခဲ့တယ် ။ အယူခံတွေ ဝင်ပေမဲ့လည်း ရှုံးနိမ့်ခဲ့တယ် ။ နောက်ဆုံးမှာ တော့ ၁၉၉၇/၈/၁၃ ရက်နေ့မှာ သူ့ ကို သေနတ်ဖြင့် ပစ်သတ်ပြီး သေဒါဏ်အပြစ်ပေး စီရင်ခဲ့ပါတယ် ။သူဟာ နောက်ဆုံးအချိန်ထိ သူ့ မိဘ နှစ်ပါးကို ပြောသွားခဲ့တဲ့စကားကတော့ သူပြစ်မှု မကျူးလွန်ခဲ့ဘူး ဆိုတာပါပဲ။
ဒီလိုနဲ့ပဲ ကျန်ရစ်ခဲ့တဲ့ သူ့ မိဘ နှစ်ပါးဟာ သားအတွက် စိတ်မကောင်ခြင်းကြီးစွာ ဖြစ်ရတဲ့ အပြင် ၊အရှက်ကြီးရှက်ရပြီး လူတော သူတော့ မတိုးဝံ့ ၊ အလုပ်အကိုင် တိတိကျကျ လုပ်ကိုင်လို့ မရပဲ မျက်နှာငယ် စွာနဲ့ သူတို့ ရဲ့ ဘဝ နေဝင်ချိန်များကို ဖြတ်သန်းခဲ့ရတယ် ။ ဒါပေမဲ့ သူတို့သား မှာ အပြစ်မရှိဘူး ဆိုတာကိုတော့ ယုံကြည်လျှက်ပါပဲ ။ဒီတပ်သားလေးရဲ့ ဖခင်ဟာ သားရဲ့ နာမယ်ဆိုးနဲ့ အဖြစ်ကို မချိတင်ကဲခံစားရင်းနဲ့ပဲ မနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ် ။ သူ မသေခင် မှတ်တမ်းစာအုပ်ထဲမှာ ရေးမှတ်ထားတာက သူ့သားကို မတရားသေဒါဏ်ချခဲ့တဲ့ စစ်ခုံရုံးတာဝန်ရှိသူ ၁၈ဦးနာမယ်တွေနဲ့အတူ ၊ တန်ပြန် ခံစားရပါစေ ဆိုတဲ့ စာတမ်းတခုအပါအဝင် ပါပဲ ။
မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့စကားက မှန်လွန်းလှပါတယ် ။ မိန်းကလေးငယ် ၂ ဦး သေဆုံးခဲ့ရတဲ့ အလားတူ လူသတ်မှု ရဲ့ တရားခံ Hsu Jung-chou (許榮洲)ဆိုသူကို ဒီနှစ် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းမှာ ဖမ်းဆီးမိရာ မှ ၊ DNA စစ်ဆေးရင်းနဲ့ အထက်ပါ လေတပ်သားလေးရဲ့ အမှု မှ တရားခံ အစစ်ဟာ (許榮洲) ဖြစ်တယ် ဆိုတာ သိရပါတော့တယ် ။
အဲဒီအချိန် မတိုင်မှီ လပေါင်းများစွာကတည်းက အမှုကိုပြန်စစ်ဆေးပေးဖို့  လေတပ်သားလေးရဲ့ မိဘနှစ်ပါးကတောင်းဆိုထားခဲ့ကြပေမဲ့ ၊ အယူခံ ဝင်ရင်း နဲ့ မရေမရာပဲ အချိန်တွေ ကုန်နေခဲ့ရပါတယ်။ ဒီတော့မှ နောက်ကြောင်းပြန်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ် ခန့်က အဆိုပါလူသတ်မှု ကို အစအဆုံးပြန်လည်စစ်ဆေးခဲ့ကြတယ် ။ အဲဒီအချိန်ကျမှ အရင်ကအမှုစစ်ခဲ့တာ အဓိကျတဲ့ တချို့နေရာတွေမှာ မှားယွင်းခဲ့ကြောင်း ၊ ဥပမာ အချင်းဖြစ်ပွားရာမှာ တွေ့ ရှိခဲ့ရတဲ့ သက်သေခံပစ္စည်း သွေးစများ၊ စက္ကူစမှာ ပေကျံနေတဲ့ သုတ်ရည်ဟာ နှာရည်ပြစ်ပြစ်ဖြစ်နေကြောင်း ၊ DNA စစ်ဆေးချက်မှာလည်း လိမ်ညာ ပြင်ဆင်ရေးသားထားကြောင်းကို စစ်ဆေးတွေ့ ရှိရတယ်။ ဒါကြောင့် ဒီအမှုမှာ တရားခံအစစ် ဟာ လေတပ်သားလေး 江國慶 မဟုတ်ကြောင်း အဖြေထွက်လာပါတော့တယ် ။
သား၊ ခင်ပွန်းတို့၏ဓါတ်ပုံများနှင့် အတူ တွေ့ရသော ကျန်ရစ်သူ မိခင်အိုကြီး...
ဒီလို မှားယွင်းစွာ တရားစီရင်ချက်ချခဲ့လို့ အပြစ်မဲ့ တပ်သားတဦး အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းပေါ်ထွက်လာပြီးနောက် လူအများ က ထိုင်ဝမ်နိုင်ငံရဲ့ ဟာကွက် များစွာ ရှိနေတဲ့ တရားစီရင်ရေး ကို ပြစ်တင်ဝေဖန်ခဲ့ကြတာ ပြင်းပြင်းထန်ထန်ပါပဲ ။ လက်ရှိ သမ္မတကြီင်္း မာယင်းကျို ကိုယ်တိုင်ပဲ 江國慶 ရဲ့  ကျန်ရှိနေတဲ့ မိခင်အား အိမ်တိုင်ယာရောက်သွားရောက် တောင်းပန်ပြီး သေဒါဏ်အပြစ်ပေးခံလိုက်ရသူရဲ့ အမှတ်တရ ဓါတ်ပုံ ရှေ့ မှာလည်း တောင်းပန် ဆုတောင်း ခဲ့ပါတယ် ။ ထို့ အတူ ဒီအမှုကို စီရင်ချက်ချခဲ့တဲ့အဖွဲ့ ခေါင်းဆောင် (ထိုစဉ်အခါက လေတပ် စစ်ဖက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ (air force counterintelligence official ) အကြီးအကဲ Ko Chung-ching (柯仲慶)ဆိုသူက သွားရောက် တောင်းပန်တာကိုတော့ သူ့ မိခင်က လက်မခံခဲ့ပါဘူး ။
မှုခင်း ဖြစ်စဉ် အကျဉ်းချုပ် ။ လူသတ်တရားခံ အစစ် ပုံ ၊ ဝန်ချတောင်းပန်နေသော လက်ရှိသမ္မတကြီး၏ ပုံ တို့ ပါဝင်သည်။....
ပြီးခဲ့တဲ့လ ၂၀၁၁/၉/၁၃ ရက်နေ့ မှာ မှ လေတပ်သား 江國慶 မှာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော် တရားရုံးချုပ်မှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။သေဆုံးသွားပြီ ဖြစ်တဲ့ သားရဲ့ စင်ကြယ်မှု ၊ မတရားသေဒါဏ်ပေးခံရမှုတွေကို ၁၅နှစ် အကြာ မှာမှ ဖေါ်ပြနိုင်ခဲ့ပါတော့တယ်။
၂၀၁၁/၁၀/၂၁ ရက်နေ့ မှာ တော့ နိုင်ငံတော်ရဲ့ မှားယွင်းစွာ ပြစ်မှူစီရင်ခဲ့မှု ၊ မှားယွင်းစွာ သေဒါဏ်ပေးခဲ့မှုတွေ အတွက် လျော်ကြေးငွေ ထိုင်ဝမ်ငွေ一億三百一十八萬五千元- သန်းပေါင်း ၁၃၀ ကျော်( အမေရိကန်ဒေါ်လာ 4.3 million US$ ) ) ခန့်ကို ကျန်ရစ်သူ မိခင်ဖြစ်သူအားပေးအပ်ခဲ့ပါတယ်။
အဆိုပါ လျော်ကြေးငွေဟာ ထိုင်ဝမ်နိုင်ငံရဲ့ သမိုင်းမှာ အများဆုံး ဖြစ်တဲ့ နိုင်ငံတော်လျော်ကြေးပေးမှု ဖြစ်ပါတယ် ။
ဒါပေမဲ့ သေဆုံးခဲ့သူ သားအတွက် ခံစားခဲ့ရတဲ့ မိခင်မှာ ဖြေမဆည်နိုင်ပါဘူး ။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ခင်ပွန်း နဲ့ သားတို့ အား နောက်ဘဝအထိ နာမယ်ဆိုးတခု ကပ်ငြိမသွားစေပဲ စိတ်ဖြေဖျောက်နိုင်ဖို့ နဲ့ မှားယွင်းခဲ့တဲ့ တရားစီရင်သူတွေ အား သင့်တော်တဲ့ အပြစ်များပြန်လည် ခံစားရစေလိုကြောင်း ပြောခဲ့ပါတယ်။
ခုတော့ အမှု မှန် ပေါ်ပေါက်လာခဲ့ပါပြီ ။ ဒါပေမဲ့ အပြစ်မဲ့ သေဆုံးခဲ့ရတဲ့ တပ်သားလေးရဲ့အသက်ကို ဘယ်လောက်ပဲများပြားလှတဲ့ ငွေကြေးပမာဏနဲ့မှ အစားထိုး လဲလှယ်လို့  ရမှာ မဟုတ်ပါဘူး ။သူကိုယ်တိုင် နဲ့ မိဘနှစ်ပါးရဲ့ ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာ ၊ ပျက်ခဲ့ရတဲ့ မိသားစု ဘဝ ကိုလည်း အစားထိုး အသစ်ပြန်ဖြစ်စေလို့ မရနိုင်တော့ပါဘူး ။
ဒီအကြောင်းနဲ့ပါတ်သက်ပြီး တိုင်းသူပြည်သားတွေ အချင်းချင်း ဆွေးနွေးပြောဆိုနေကြတဲ့ အဓိက အချက်တခုကတော့ နိုင်ငံတော်ရဲ့ များပြားလှတဲ့ လျော်ကြေးငွေ အတွက်ပါပဲ ။ နစ်နာသူ ရသွားတာကို မနာလို လို့ ပြောနေကြတာမျိုးတော့ မဟုတ်ပါဘူး ။ ဒီငွေတွေကို ဘယ်ကနေ ထုတ်ပေးတာလည်း ။ နိုင်ငံဘဏ္ဍာဆိုတာ က နိုင်ငံသားတွေ ဆီက ကောက်ယူထားတဲ့ အမြတ်ခွန် အခွန်ငွေတွေသာ ဖြစ်တဲ့ အတွက် ၊ တရားစီရင်တဲ့ သူများရဲ့  မှားယွင်းမှု အတွက် ဘာအကြောင်းကြောင့် ပြည်သူ့ အခွန်ငွေကို အသုံးချရသလည်း ဆိုတဲ့ အကြောင်းတရပ်ပါပဲ ။ အမှားပြုမိသူ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေကို လည်း အရေးယူ ဆောင်ရွက်သင့်ကြောင်းလည်း ပြောဆိုနေကြပါတယ် ။
မှားယွင်းစွာပြစ်ဒါဏ် ချမှတ်ခဲ့သူ တာဝန်ရှိ သူ စစ်ဘက်ဆိုင်ရာအကြီးအကဲများ .....
ဒီလို အမှားကြီးမှားခဲ့ ပြီးခါမှ ဘယ်နည်း ဘယ်ပုံ တောင်းပန် အလျော်ပေး ပေမဲ့ လူတဦးရဲ့ ဘဝ နှင့် အသက် ဆိုသည်မှာ ပြန်လည် အစားထိုး၍ ရတော့မည် မဟုတ် ဟုသာ ထင်မှတ်မိပါတော့တယ်။
---------------------------------------------------------------------------------------------------------------
ဒီ အဖြစ်မှန် သတင်းကို ကြားလိုက် ဖတ်လိုက်ပြီးတဲ့နောက် စိတ်ထဲမှာ တွေးစရာ အတွေးတွေလည်း အများကြီး ရှိလို့လာပြန်ပါတယ် ။ ကိုယ့်တိုင်းပြည်နဲ့ နှိုင်းယှဉ်မိတဲ့ တူညီမှု နဲ့ ကွာခြားမှု များ အကြောင်းပါ ပဲ ။
တူညီချက်များ -
-စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးဆိုတာ.. ၊ လိုရာဆွဲပြီး ပြီးစလွယ် ပြု ၊ တရားခံ အစစ်အမှန် ဟုတ် မဟုတ်က အရေးမကြီး ။ အမှု မြန်မြန် စစ်ပြီး ရေးသာ အဓိက ၊ တသွေး တသံ တမိန့် ထဲ ။ပြောသလိုလုပ် ပြန်မပြောနဲ့ ။
-တရားခံ စစ်ရာမှာ နည်းမျိုးစုံသော ညှင်းပန်းနှိပ်စက်မှု များ ပြု ပြီး အတင်းအကျပ် ဖြောင့်ချက်ပေးစေခြင်း ။
- လိမ်ညာ လှည့်စားသောနည်းမျိုးစုံဖြင့် သက်သေနှင့် သက်သေခံ ပစ္စည်း များကို လိုချင်သလို ပြောင်းလဲပြုလုပ်ခြင်း ။
( ယခုအခါတွင် ဤမျှ တင်းမာမှုများ မရှိတော့ ၊ )
-ကွာခြားချက်များ
-အမှားကို ဝန်ခံ တောင်းပန်ခြင်း ။( ကျွန်ူပ်တို့တိုင်းပြည်တွင် စစ်အာဏာရှင်များ မှားမြဲမှားနေကြသော်လည်း ဘယ်သောအခါတွင်မျှ တောင်းပန်ခြင်း မရှိခဲ့ )
- အများအတွက် အတတ်နိင်ဆုံး ပြန်လည် ပြုပြင် ပြီး လိုအပ်သည်ကို လျှင်မြန်စွာဆောင်ရွက်ပေးခြင်း။(ကျွန်ုပ်တို့ တိုင်းပြည်တွင် ပျက်အစဉ် ပြင်မရ ဟူသော စကားဖြင့်သာ ဖြေသိမ့်ရပါမည် )
- နစ်နာမှုများအတွက် မျှတ လုံလောက်စွာ လျော်ကြေးပေးခြင်း ။ (အမေရိကန်ဒေါ်လာ ၄.၃ သန်းဆိုသည်မှာ သာမန်လူတန်းစားများအတွက် တသက်စာမက..၁၀ သက်စာပင် ဖူလုံလောက်သည် ။ ကျွန်ူပ်တို့တိုင်းပြည်တွင် စစ်အာဏာရှင်များကြောင့် အသက်ဆုံးရှုံးရသူများစွာ ရှိခဲ့သော်လည်း .... လျော်ကြေး..လျော်ကြေး... လျော်ကြေး...
ဪ ... မျှော်မနေပါနဲ့ ဝေးမှ ဝေး ..)
ပြီးခဲ့သော ရက် အနည်းငယ်က ပခုက္ကူရေဘေးတွင် သေဆုံးခဲ့ရသူများအတွက် လူကြီးတဦးလျှင် ကျပ်ငွေ တစ်သိန်း၊ ကလေးတဦးလျှင် ကျပ်ငွေ ငါးသောင်း လျော်ကြေးပေးသည် ဟု သတင်းကြားမိပါသည် .. လူတဦး၏ အသက် တန်ဘိုးသည် ဆန် ၃ အိတ်ဘိုးမျှသာ ရှိပါကြောင်း ..သို့ပါသော်လည်း တသက်နှင့်တစ်ကိုယ် မကြုံစဘူး လျော်ကြေးဟူ၍ ရလိုက်သော ထိုငွေ အတွက် ဝမ်းသာရမလို ဝမ်းနည်းရမလို ဖြစ်နေကြရပါကြောင်း.. )
ကိုးကား ။ ။
http://www.jrf.org.tw/newjrf/RTE/myform_detail.asp?id=3319
http://tw.nextmedia.com/applenews/article/art_id/33773753/IssueID/20111028#
http://zh.wikipedia.org/zh-tw/%E6%B1%9F%E5%9C%8B%E6%85%B6%E6%A1%88
8 comments:
အပေါ်ပိုင်းက အဖြစ်အပျက်တွေဖတ်ပြီးတရားစီရင်သူတွေကို ဒေါသထွက်မိပါတယ်.။.။ သားနဲ့ ယောက်ျားသေဆုံးပြီး တစ်ဦးတည်းကျန်ခဲ့တဲ့ မိခင်အိုကြီးကို သနားမိပါတယ်။
လျော်ကြေးငွေ ပမာဏကိုတွေ့လိုက်တော့ ကိုယ့်တိုင်းပြည်ကို ပြန်သတိရသွားမိပါတယ်။ ကျွန်မတို့ဆီမှာများ ခုလို တရားစီရင်ရေး အမှားအယွင်းကြောင့် နစ်နာဆုံးရှုံးသူတွေ ပေါ်ပေါက်လာခဲ့ရင်တော့ မကီပြောသလို လျော်ကြေးရဖို့ နည်းနည်းမှ မရှိပါဘူး. ပြီးတော့လည်း မှားပါတယ်လို့ ဝန်ချတောင်းပန်မဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ခပ်တည်တည်နဲ့ ကိုယ်မဟုတ်သလို နေကြမှာ မြင်ယောင်ပါသေးတယ်။။
မှားယွင်းမှုတွေကြောင့် ကြေကွဲစရာ အဖြစ်အပျက်တွေဖြစ်သွားခဲ့ရပြီ။ တစ်ချို့မှားယွင်မှုတွေဟာ လူတစ်ဦးတစ်ယောက် ဘဝကို ပျက်စီးစေလို့ မမှားအောင် ဂရုစိုက်သင့်ပါတယ်။
ခင်တဲ့
မေသိမ့်
အမှားခံလိုက်ရတဲ့ သူက..တဘ၀လုံး ဆုံးရှုံးခံစားရတာ
ရင်နာဘို့ ကောင်းတယ်
ဘယ်သောခါမှ တောင်းပန်မည် မဟုတ်ပါကြောင်း ကဒါဖီ နောက်သို့  လိုက်ရန်သာ တွင်တွင်ကြီး တစိုက်မတ်မတ် ကြိုးပမ်းလျက် ရှိနေပါကြောင်းဗျာ။
ကလေးအတွက် စိတ်မကောင်းဘူး။ မုသားဖော်စက် ဆိုတာက လက်တွေ့မှာ လိမ်ပြောတဲ့လူလဲ လွတ်ချင်လွတ်တယ်။ အမှန်ပြောတဲ့လူလဲ လိမ်တယ်လို့ ထွက်ချင်ထွက်တယ်။ စက်နဲ့ စစ်တဲ့အချိန်မှာ သွေးအေးအေး ထားနိုင်လား၊ စိတ်ပူထူနေလားဆိုတဲ့အပေါ် တည်မယ်ထင်တယ်။
မှားယွင်းစွာဆုံးဖြတ်ချက်ကြောင့် ဘဝပျက်သွားသူတွေ ဒုနဲ့ဒေးပဲနော်။ အရင်ကလည်းရှိခဲ့တယ် အခုလည်းရှိနေဆဲ နောင်လည်းရှိနေအုံးမှာပါ။
အပြစ်မရှိပဲ အပြစ်ခံယူသွားရတဲ့သူတွေ ဒီလောကကြီးထဲမှာ ရေတွက်လို့မရတော့ပါဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရင်နာဘို့ကောင်းလိုက်တာကွယ်... အဲလိုမှားစရာလား...
မှားပါတယ်လို့ပြောပြီးတောင်းပန်ရုံနဲ့ လျှော်ကြေးပေးရုံနဲ့ သေတဲ့လူတစ်ယောက်ရဲ့ အသက်ကို တန်ဘိုးဖြတ်လိုက်တာလားမသိဘူး.. မြန်မာပြည်မှာကော ဒါမျိုးတွေ ဘယ်လောက်ရှိလဲ မသိနိုင်ဘူးနော်..
Post a Comment