တရုပ်လူမျိုးတွေ အတော့်ကို ဂွတီးဂွကျ နိုင်လွန်းတယ်။ စကားပြောတာ၊စာရေးတာ၊တွေးခေါ်တာတွေမှာ သူများတွေနဲ့မတူ ပြောင်းတိပြောင်းပြန်တွေ ရှိလွန်းတယ်။ အထာ မပေါက် တဲ့သူတွေ အတွက် ရယ်ရမလို ငိုရမလို အဖြစ်မျိုးတွေ ကိုယ်တွေ့ ကြုံ ခဲ့ရတာ မို့  ခုလိုပဲ ကောက်ချက်ချလိုက်မိပါတယ်။သူတို့  တိုင်းပြည်နေ သူတို့  ဆန်စား သူတို့ ရေသောက်ပြီး သူတို့ အကြောင်း မဟုတ်တရုတ် ပြောလိုက်တာ လို့ ယူဆနေသူများ ဒါလေးတွေ ဖတ်ကြည့်ကြပါအုံး။
ဦးစွာပထမ စာ အရေးအသားက အစ သူများနဲ့ မတူ ၊ ထော်လော်ကန့်လန့် ။ များသောအားဖြင့် ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြသော လူမျိုးများစွာ ဘာသာ များစွာတို့ ဟာ အက္ခရာ စာပေ တွေကို စာရွက်ပေါ်မှာ ရေးကြတဲ့ အခါ အပေါ်ဆုံးလိုင်း ၊ ဘယ်မှစပြီး ညာ သို့ အလျှားလိုက် ရေးလေ့ရေးထ ရှိကြပါတယ်။ သူများနဲ့ မတူ တရုပ်စာတွေကျတော့ ညာဘက် အပေါ် ဆုံးဒေါင့်မှ အပေါ်အောက် ဒေါင်လိုက် ရေးတာ ရှိသလို ၊ ညာဘက်မှ ဘယ်ဘက်သို့ အလျှားလိုက် ရေးချတာတွေလည်း ရှိပါရဲ့။
ဒါကြောင့် စာတကြောင်းကို ဘယ်ဘက်မှ စဖတ်ရမလား ၊ ညာ ဘက်က စဖတ်ရ မလား မသိလို့ နားလည်မှု လွဲ အထင်လွဲ ခံရတာမျိုးလည်း ဖြစ်တတ်ပါသေးရဲ့လေ။ မြန်မာစာပေမှာ ကတ္တား၊ ကံ ၊ ဝါစက၊ ကြိယာ တွေ ကို သဒ္ဒါနည်း နဲ့ အညီရေးရတယ်။ အင်္ဂလိပ်စာမှာ လည်း Noun,Verb , Subject ,Object ဆို တာ တွေ နဲ့ အညီ စာတကြောင်း ဖွဲ့ရတယ်။ ဒါပေမဲ့ တရုပ်စာမှာ တော့ ဘာသဒ္ဒါ နည်းစနစ်မှ မလိုပါဘူး တဲ့။ ဂွကျပုံများ ... ဒါဆို ဘယ်စည်းကမ်းတွေ နဲ့ စာ ရေးကြသလည်း လို့  ဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ရေးကြတာပဲ တဲ့လေ ။
ကဲ ဥပမာ တခု ပြောပြပါမယ်။ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို စာရေးပြီး ဒီလိုပြောလိုက်တယ်။
ဗမာလိုရေး ပြောရရင်...“ နင့်ကို ငါ ချစ်တယ် ။ ဒါပေမဲ့ နင်က ငါ့ ကို မုန်း တယ်။”
အင်္ဂလိပ် လို ပြော ရင် ..“I love you but you hate me” ပေါ့ ။
တရုပ်လို ဆိုရင်တော့ “我 爱 你 但 你 恨 我”ပေါ့ ။ ဒါက ဘယ်ဘက်ကနေ စဖတ်တဲ့ ပုံစံ ကို ပြောတာ။ ..
ဒါပေမဲ့ ညာဘက်ကနေ စဖတ်လိုက်တဲ့ အခါကျ တော့ “ 我 恨 你 但 你 爱 我 ”ဖြစ်သွားရော ( ငါနင့်ကို မုန်းတယ် ဒါပေမဲ့ နင် က ငါ့ကို ချစ်တယ် ( I hate you but you love me )လို့ ဖြစ်မနေပေဘူးလား နော်။ ဒီလိုသာ သွားပြောမိလို့ ကတော့ ဟို မိန်းကလေး က ထပြီး ပါးမချလိုက်ရင် ကံကောင်း ပဲ။း))
စာအုပ်၊ သတင်းစာ ။ လှန်ပုံ လှန်နည်းကလည်း သူများနဲ့မတူ။ ဘာသာ လူမျိုး ပေါင်းစုံတို့ဟာ များသောအားဖြင့် စာအုပ်တအုပ် သတင်းစာတစောင် ကို ဖတ်မယ် စာရွက်တွေ လှန်မယ်ဆိုရင်လည်း ရှေ့ ဆုံးစာမျက်နှာကို ဘယ်ဘက်သို့ ဆွဲလှန်ပြီး နောက်တမျက်နှာဆက်ဖတ်ပေါ့နော် ။ ဂွတီးဂွကျ တရုပ်စာအုပ်တွေမှာ တော့ နောက်ဆုံး စာမျက်နှာ ကို ညာဘက်သို့ ဆွဲလှန်ပြီးတော့မှ နောက်တမျက်နှာ ဆက်ဖတ်ကြရတယ်လေ ။ ဒါကိုမသိတော့ အလှန်မတတ်တာကြောင့် လူရှေ့ သူရှေ့  အရှက်ကွဲခဲ့ရတဲ့ အဖြစ်လေးကို ပြန်တွေးမိလို့ ပြောပြအုံးမယ် ။
ဒီလူ့ ပြည်ဝပြည်ကြီး ကို မျက်စိသူငယ်နဲ့ ရောက်လာအပြီး များမကြာမှီ တနေ့ မှာ ပေါ့ ။ စာမတတ် အကန်းနဲ့တူ ဆိုသလို ဖြစ်နေမစိုးလို့ ဘူးသီးငပေါင်းကြော် ပဲပင်ပေါက် အညောက်ထွက် သလို ရှုပ်ရှက်ခတ်နေတဲ့ တရုပ်စာကို နဲနဲပါးပါးတော့ သင်အုံးမှပဲလို့ အတွေးဝင်လာတယ်။ ဒါနဲ့ တရုပ်စာသင်ဖို့ သင်တန်းတခု သွားတက်တယ် ။ ပထမ တရက်မှာ တရုပ်ဆရာမက အသံထွက် ပေါ ဖေါ မော ဖှော မှ စပြီး သံပြိုင်လိုက်ဆို ရတာပေါ့ ။နောက်တော့ လေ့ကျင့်ခန်း လုပ်ဖို့  စာမျက်နှာ ၁ ကို ဖွင့်ခိုင်းတယ်။ ၁ ကနေစပြီး ရွတ်ကြ ရေးကြ ပေါ့လေ။ သူများတတွေ လိုက်ဆို လို့  ခရီး အတော်ရောက်တဲ့ ထိ ကိုယ့်မှာ စာမျက်နှာ ၁ ရှာ မတွေ့ သေးဘူး ။ ဘေးကလူကို ကြည့်လိုက် ရှေ့ ကလူကို ခေါင်းစောင်းမျှော်လိုက်နဲ့ အလုပ်ရှုပ်နေတာကို ဆရာမ က မြင်သွားပါတယ် ။ ကိုယ့်နာမယ် ခေါ်ပြီး စာမျက်နှာ ၁ ဖွင့်လေ.. တဲ့ ( တကယ်ဆို အဲဒီ အချိန်က သူ့ အမူအရာကြည့်ပြီး နားလည်လိုက်တာပါ ။ ဘာတွေ ပြော နေလဲဆိုတာတော့ အတိအကျ မသိဘူးပေါ့)။ ဒါနဲ့ ခေါင်းခါ ပြလိုက်တယ် ။ ဘယ်လို ပြန်မေးရ မယ်မှန်းမှ မသိတာ ကိုး ။ ဆရာမ က သူပြောတာ မလုပ်ဖူးလို့ များ သဘောပေါက်သွားသလား မသိ ။သူ့  စာအုပ် ထောင်ပြပြီး လှန်ခိုင်းတော့တာပဲ ။ ဟယ် ခက်ပြီ ။စာအုပ်ကို ခါတိုင်းလှန်သလို ရှေ့ ဆုံးက လှန်တာပဲ ။ စာမျက်နှာ ၁ ကို မတွေ့ ပါဘူး ။ အဲဒီတော့ မှ ဘေးမှာထိုင်တဲ့ သူ တယောက်က ကိုယ့်စာအုပ်တအုပ်လုံးကို ဇတ်ကနဲ ပြောင်းပြန်လှန်ပြီး ဖွင့်ပေးတော့ မှ တွေ့ ပါပြီ ။ ဟိုးနောက်ဆုံးတရွက်က စာမျက်နှာ ၁ တဲ့လေ ။ အဲ့လို ဂွကျ တာ ပါ ။
ခုဆိုရင် ကမ္ဘာ့ နိုင်ငံတိုင်းလိုလို စီးပွားရေး ခြွတ်ခြုံကျ နေကြတယ် ။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး စာတမ်းဖတ်တာမျိုး လုပ်တယ်လို့ တော့ မကြားမိပါဘူး ။ စီးပွားရေး ဦးမော့အောင်လုပ်ကြတဲ့ နည်းလမ်းတွေ ကိုယ်တိုင်လည်း နားမလည် ။ ကမ္ဘာ့ ငွေကြေး စတော့ ရှယ်ယာ ကစားခြင်း ကိုလည်း နားမလည် ။ မစွန့်စားရဲ ။ ဘဏ်ထဲ ရှိတဲ့ ကိုယ့် လခလေး လိပ်နှုန်းနဲ့ တဖြေးဖြေး တက်လာလိုက် ၊ သုံးတာများတဲ့အချိန်ဆို ကွန်နက်ရှင် ကျသလို ဝုန်းကနဲ့ လျော့ကျသွားလိုက် နဲ့ ပဲ လခ ထုတ်ရက် မျှော်နေမိရတဲ့ အချိန်ကာလတွေ နှစ်လ တာရှည် ကြာခဲ့လေပြီပေါ့ ။
လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာလည်း စတော့ရှယ်ယာ ကစားကြသူတွေ အများကြီးပါပဲ ။ တနေ့  တနေ့  သူတို့  ကြည့်နေလိုက်ကြတဲ့ ဈေးကွက် အတက်အကျ တီဗွီ အင်တာနက် လိုင်းတွေ မှာ ဂရပ်မျဉ်း အတက် အကျ တွေ ၊ အနီရောင် အစိမ်းရောင် မျဉ်း ဖြောင့် မျဉ်း ကောက်တွေ ကြည့်ရင်း ဘုမသိ ဘမသိ ကိုယ် လည်း ရောယောင် ပျော်တတ်လာတယ် ။ ဘယ်ဈေး ဘယ်လောက်တက်မှန်းမသိပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သီချင်းတအေးအေး မြူးကြွနေတဲ့ သွက်လက်နေတဲ့ အချိန်ဆို ခန့်မှန်းတတ်လာတယ်။ ဒီနေ့  အခြေ အနေကောင်းတယ်ပေါ့လေ။ အဲ့ဒီနေ့တွေ နေ့ လည် နေ့ ခင်း ဆို အနည်းဆုံး အအေးလေး တခွက် တော့ တကာခံသူ ရှိတယ်ပေါ့လေ။ တခါတလေ ကံကောင်းတဲ့ ရက်ဆို ပီဇာလေး၊ ကြက်ကြော်လေး ကြိတ်ရသေးပေသကိုး ။အလကားရတာများ စားရတာ သိပ်အရသာရှိတာပါပဲ။
ဒါပေမဲ့ သူတို့  ဝယ်ထားတဲ့ စတော့ရှယ်ယာ ဈေးကျတဲ့ရက်ဆို ရင် တော့ ၊ ကိုယ့် ဟာကိုယ် အမှား မလုပ်မိအောင် သတိထား၊ ကြည့်ရှောင် ပေရော့ ပဲ ။ အဲလိုတက်ဈေးကျဈေးတွေကို နားလည်ဖို့ ရာကလည်း အတော်ကြီး ကြိုးစားပမ်းစား မှတ်မိအောင် လုပ်လိုက်ရသေးတယ်။ အကြောင်းကတော့ တက်ဈေး ကျဈေး ပြတဲ့ အနီမျဉ်းရယ် အစိမ်းမျဉ်းရယ် ကို ဂွတီးဂွကျ တရုပ်တွေက ကပြောင်းကပြန် သတ်မှတ်ထားကြလို့ပါပဲ ။ နိုင်ငံ အသီးသီးမှာ ကစားကြတဲ့ စတော့ရှယ်ယာ ဂရပ်မျဉ်းကြောင်းတွေ မှာ အတက် ဆိုရင် အစိမ်း ရောင်၊ အကျ ဆိုရင် အနီရောင် ပေါ့လေ ၊ တသမတ်ထဲ ဖေါ်ပြကြတယ် ။ သို့ ပေသော်လည်း ကိုရွှေတရုပ်တို့ က အတက်ကို အနီရောင် ၊ အကျ ကို အစိမ်းရောင်လို့  သတ်မှတ်ထားတယ်တဲ့လေ ။ပြောကို မပြောချင်တော့ဘူး။
ဒီအကြောင်း သေချာ မသိသေးခင် တနေ့မှာ တီဗွီမှန်သား တပြင်လုံးနီးပါး စိမ်းနေတာ တွေ့ တော့ ကိုယ်လည်း ကစားတာ မဟုတ်ပဲ အားရဝမ်းသာ နဲ့ အော်ပြော မိတယ် ။“ ဟေး... ဒီနေ့ တော့ ငါ ကံကောင်းတယ် စားဖို့  အသင့်ပြင်ထားတယ်” ဆိုတော့ သူတို့ လည်း တဟေးဟေး နဲ့ တီဗွီရှေ့ ကို ပြေးလာပြီး အကြည့် ၊ လက်မြန်တဲ့ တယောက်က ကိုယ့် ကျောကို ဗြန်းကနဲ မြည်အောင် ဗျောတီး ပါတော့တယ် ။“ ဟင် ။ နင်က ငါတို့ ရှုံးတာကို ဒီလောက် ပျော်နေရသလား ”တဲ့ ။ “ဟာ ဒုက္ခပါပဲ ။ ဒီတခါလည်း မှား ပြန် ပြီ ” လို့  ရယ်ကျဲကျဲ လုပ်နေတဲ့ ကိုယ့်ကို တွေ့ တော့ မှ သူတို့ လည်း ရယ်နိုင်ပါတော့တယ်။ တရုပ်မတယောက်က ပြောလိုက်သေးတယ်။ “မသေမချင်း မှတ်ထား ။ နီတာက ကောင်းတယ် ၊ စိမ်းတာက မကောင်းဘူး ”တဲ့ လေ..။ ဪ။ တရုပ်တွေများ အနီကို ဒီလောက်တောင်ကြိုက်တာ ပါလား ။ ဒါကြောင့် သူတို့ နတ်တွေမှာလည်း မျက်နှာနီနီ နတ်တွေ ၊ မည်းမည်းနတ်တွေ ၊ စိမ်းစိမ်း နတ်တွေအစုံ ရှိကြတာပဲ ထင်ပါရဲ့ ။ ဒီတော့ နတ်စိမ်းမျက်နှာကြီး ဖြတ်ကနဲ မြင်ယောင်မိလို့  မေးကြည့်လိုက်တယ်ပေါ့ ။ ဟင်..ဒါဆို ဟို မြောက် (寺廟=တရုပ်ဘုရားကျောင်း )ထဲက မျက်နှာစိမ်း နတ်ကြီးက မကောင်းဘူး ပေါ့ နော် . ဆိုတော့ တရုပ်မက “ဟယ်.. နင်တော့ ဒုက္ခရောက်တော့မယ် ။ နတ်ဆိုတာ တော့ အနီရော အစိမ်းရော အကုန်ကောင်းကြတာချည်းပဲ ”တဲ့။ သူတို့တွေ အများအားဖြင့်က နတ်ကိုးကွယ်ကြသူတွေ များတာကိုး..နတ်တွေ ပူဇော်ပသ ပွဲတွေ လည်း နှစ်စဉ် အကြီးအကျယ်လုပ်လေ့ရှိကြတယ် ။ ဝက်ကြီးတွေ ကြက်တွေ ဘဲတွေ အကောင်လိုက် ချက်ပြုတ်ပြီး နတ်ပူဇော်လေ့ရှိကြတယ်။ အိုး.. သူတို့ ဖာသာ ဘာနတ်ပဲ ပူဇော် ပူဇော် ကိုယ့်အတွက် အရေးမကြီးပါဘူး။ ပွဲတွေ ရှိတော့ စားရဝါးရတာ အမြတ်ပဲ မဟုတ်လား ။ ဒါက အနီ နဲ့ အစိမ်း သတ်မှတ်ပုံတွေ ကပြောင်းကပြန် ဖြစ်တာလေးတခု ပေါ့ ။
မီးပွိုင့် မှာ မီးနီ မီးစိမ်း မီးဝါ ဆိုတာ တကမ္ဘာ လုံး တူတူ ပဲ သတ်မှတ်ထားကြတာပါ ။မီးနီရင် ရပ် ၊ မီးဝါရင် သတိ ၊ အရှိန်လျှော့ ။ မီးစိမ်းရင် သွား ... ဒီ signal တွေက သိပြီးသားတွေ ပဲမဟုတ်ပါလား။ မီးဝါလို့  ပွိုင့်မှာရှိတဲ့ လူကူး မျဉ်းကျား မရောက်ခင် မျဉ်းဖြူကို ကျော်သွားမိရင်တောင် နောက်ပြန်ဆုတ်ဖို့  မနည်းလေ့ကျင့်ထားကြရတဲ့ ကိုယ်တို့  ရွှေပြည်သားတွေ ကို ဒီနေရာမှာ အတော်ချီးကျုးဖို့  ကောင်းပါတယ် ။ ဘာလို့ လည်းဆိုတာ သိကြမှာပါ ။ မီးပွိုင့်မှာ ချောင်းနေ ။ အဲလေ.. စောင့်နေကြတဲ့ ဆရာသမား ပရုပ်လုံးနဲ့ ဘဲဥ များ က ဒါမျိုးများဆို မျက်စိလျှင်မှလျှင် ။ ဝီစီသံ တရွှီးရွှီး နဲ့ အလုပ်တာဝန်ကို ကျေပြွန်ကြတော့တာပဲမို့  ဆင်ဖြူတော် လေးတွေ နေရင်း ထိုင်ရင်း မထွက် သွားရလေအောင် ယာဉ်စည်းကမ်းကို တကယ့်ကို တိတိကျကျ လိုက်နာလေ့ ရှိကြတယ်။ ( ဟဲဟဲ၊ ဘဲဥ တွေ မရှိတဲ့ အချိန်ဆိုရင်တော့ တမျိုးပေါ့လေ၊ ခုတော့ ရွှေဘဲဥတွေလည်း ခေတ်နဲ့ တပြေးညီ ခေတ်မှီ တိုးတက် လာကြပြီ ကြားတယ်။ အိုဗာစပိဒ် တို့ ၊ မီးနီဖြတ်တာတို့ ။ မရပ်ရတဲ့ နေရာ မှာ ရပ်ထားတာ တို့ ဆိုရင် ဓါတ်ပုံတွေ ရိုက်ပြီး ဒါဏ်တပ်နေကြပြီ ကြားပါတယ်။ နေပူထဲ ထွက်ပြီး ကားတားစရာမလိုတော့ဘူးပေါ့ ။ များများ မဆောင်ချင်သူတွေ လည်း ၅၁ လမ်းရုံး မော်တော်ယာဉ် ထိန်း ရဲ ကွန်ပြူတာခန်းကို သွားပြီး အလျှော့ အတင်းလုပ်လို့ ရပါသေးတယ်။ ဒါလိုမှ မဟုတ် ရင် လိုင်စင်ဝင်တဲ့ အခါ ကျတော့ အချိန်ကုန် ငွေကုန် လူပမ်း ဟိုဘက် ဒီဘက် ပြေးပေရော့ပဲ။ ဤကား... ..လမ်းကြုံတုံးဖေါက်သည်ချ သော ကိုယ်တွေ့  ၊ ကိုယ်တွေ့ .. )။
ဒီတိုင်းပြည် ဒီတရုပ်တွေ ကျတော့ မီးပွိုင့် signal အယူအဆက တမျိုး ။
တနေ့ မှာ သူငယ်ချင်း တရုပ်မ တယောက် မောင်းတဲ့ ကားကို ဘေးကထိုင်စီးပြီး စကားတပြောပြော လာလိုက်ကြတာ.. မီးပွိုင့် တခု အရောက်၊ မီးစိမ်း ကနေ မီးဝါ ရုတ်တရက် ပြောင်းသွားတယ် ။ တကယ်ဆိုရင် မိနစ် အချိန်ပြတဲ့ countdown timer တွေ ရှိနေတာ ကို သတိမထား မိလို့ ပါ ။ အဲဒီအချိန်မှာ မီးဝါကို ရုတ်တရက်တွေ့ လိုက်ရတဲ့ တရုပ်မက ဘာလုပ်တယ် ထင်သလည်း ။ လီဗာကို အသကုန် နင်းတော့တာပါပဲ ။ အမလေး ဘုရား ဘုရား မော်တော်ပီကယ် တော့ မရှိ ။ ဒါပေမဲ့ ပွိုင့်တိုင်းလိုလိုမှာ စီစီတီဗီ ကင်မရာတွေ တပ်ထားတာ ။ ဒုက္ခပါပဲ ဒါဏ်ငွေ ရိုက်ခံ ထိတော့ မယ် လို့  စိုးရိမ် မိတဲ့ အပြင် ၊ ဘယ်ကားနဲ့များ ဝင်ကြုံး မလည်း တွေးမိလို့  မျက်စိမှိတ်ပြီး အော် လိုက် မိတယ်။ အဲဒီတော့ ကားမောင်းနေတဲ့ တရုပ်မက “နင်ဘာဖြစ်တာလည်း ။ မီးဝါပြနေတာက မြန်မြန်မောင်းလို့  ပြောတာ လေ”.. တဲ့ ။ ဪ .. သူတို့  အယူအဆ နဲ့ သူတို့  ကျတော့ လည်း ဟန်ကိုကျလို့ ။ မရှောင်ရင်လွတ်တယ် ဆိုသလို အဲ့လို မြန်မြန် မောင်းလိုက်တော့လည်း မီးနီမမိ လွတ်သွားတာ တကယ်ပါပဲ ။ ( ကံကြီးပေလို့  ယာဉ်တိုက်မှုမဖြစ်ပဲ လွတ်သွားတာ မို့  နောင် မှာ အဲဒီ ဂွတီးဂွကျ တရုပ်မ မောင်းတဲ့ကားဆို ဘယ်တော့ မှ လိုက်မစီး ဖြစ်တော့ပါ ဘူး ။ အသက်ကို ဥာဏ်စောင့်တယ် မဟုတ်ပါလား)..
အရောင် နဲ့ ပတ်သက်ပြီး နောက်တခု ဂွတီးဂွကျ ဖြစ်ရတာ ရှိသေးတယ် ။ အနီကြိုက်တဲ့ တရုပ်တွေရဲ့  မင်္ဂလာ အခမ်းအနားတွေမှာ ရဲရဲတောက်အောင်နီကြပြန်ပေတယ် ။ မင်္ဂလာ လက်ဖွဲ့ပေးတဲ့ စာအိတ်ဆို လည်း အနီမှ ။ ဒါကို နားမလည်တဲ့ အကျွန်ုပ်ခမျာ ၊တနေ့မှာ မင်္ဂလာဆောင်သွားရောက်ဖို့ အကြောင်းရယ်က ဖန်လာပြန်တယ်။ မလွှဲသာ မရှောင်သာ မသွားလို့ လည်း မကောင်းတာမို့  လွယ်လွယ်ကူကူဖြစ်အောင် လက်ဖွဲ့ ငွေပဲ ထဲ့မယ်ပေါ့ ။ဒီလိုနဲ့ ရွှေပြည်ကြီးက ထုံးစံအတိုင်း စာအိတ်ဖြူလှလှလေး ထဲ လက်ဖွဲ့ ငွေကိုထဲ့ပြီးသွားမိပါလေရော ။တော်သေးတယ် ၊ မင်္ဂလာ အခမ်းအနား မရောက်ခင်မှာပဲ သူငယ်ချင်းတရုပ်မက နင် လက်ဖွဲ့ငွေ ဘယ်လောက်ထဲ့သလည်း စပ်စုမိပေလို့ ပဲ။ နို့ မို့ ဆို လူကြားထဲ မျက်နှာပျက်ရပေအုံးမယ်။ ဪ။ ဒီပြည်ကြီးမှာ ဒီလူမျိုးတွေက စာအိတ်ဖြူဆိုတာ အသုဘအကူငွေကို ထဲ့ကြတာ တဲ့လေ ။ အဲ့ဒီနောက်မှာ တော့ စာအိတ်နီ 紅包 , နဲ့ စာအိတ်ဖြူ 白包 တို့အားခွဲခြား အသုံးချပုံတွေ ကို အရိုးစွဲ တဲ့ထိ မှတ်လို့ သာ ထားလိုက်ရပေတော့သဗျိုး ။
ဂွတီးဂွကျ နိုင်လှတဲ့ တရုပ် လူမျိုးတွေရဲ့  ထုံးစံ တွေးခေါ်ပုံများ နောင် အလျဉ်းသင့်တာရှိရင် ဆက်ပြီး ဖေါက်သည်ချပါအုံးမယ် ။ခုလောလောဆယ်မှာတော့ တံငါနားနီး တံငါ ဆိုသလို ကိုယ်တိုင်လည်း ဂွကျ သူများ နဲ့နီးတော့ ဂွကျကျဖြစ်နေပြီလား လို့  လည်း ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်နေမိပါတယ်။
မိတ်ဆွေ အပေါင်းတို့ မှာ ရော၊ ဂွတီးဂွကျ အတွေးတွေ အမြင်တွေ အပြုအမူတွေများ ရှိနေပြီလား....
အားလုံး ချမ်းမြေ့  ရွှင်လန်းကြပါစေ ။
15 comments:
မှတ်သားလောက်ပါပေတယ်
မကိ
ထိုင်ဝမ် ကပြန်လာရင် ရဲရဲတောက် ကိ ဆိုပြီး နံမည် ကြီးသွား ရင် ဒီက မရဲတရဲ ရွှေစင်ဦး ကိုလည်း မမေ့နဲ့အုန်းနော်
မကိရေ
တကျောင်း တဂါထာ တရွာတပုဒ်ဆန်းပေါ့ဗျ နော ဖွကီး ပြန်ဆန်းစစ်တော့ အဖြေဘယ်လိုပေါ်သလဲဗျာ ပြောပါအုံးလေးးးး ဂွတီးဂွကျ တွေးသွားတာ နေရာတကာတော့ ပြောင်းပြန်လုပ်လို့ မရကောင်းနော ၊ သေချာတယ် ရေးတဲ့သူကလဲ ဂွတီးဂွကျ ဖတ်တဲ့သူကလဲ ဂွတီးဂွကျ။
ခင်မင်တဲ့
စစ
သဘာဝမတူတာလေးတွေ၊ဓလေ့မတူတာလေးတွေ သိရလို့ ကျေးဇူးတင်ပါတယ်။
မှန်လိုက်လေ မမကိ..
ဒီနိုင်ငံမှာ စိမ်းတာ အားလုံး မကောင်းပဲနော်..။
မွန်တို့လည်း ကြာတော့ အစိမ်းကို မုန်းလာတယ်..။ :P
ဂွကျတာတွေဖတ်ပြီး တဟိဟိနဲ့ ရယ်သွားတယ်...
ဒါကြောင့် မဟုတ်တရုတ် ဆိုပြီး ခေါ်ကြတာကလား... :D
ရှိတယ်ရှိတယ် မကီရေ
အတူတူဘဲ
တရုတ်တွေအကြောင်းများ ပြောမပြောချင်တော့ပါဘူး
တကယ်ကို ဂွကျတဲ့သူတွေနော် ကိုယ်တွေ့လေ
ဟင်...
ဒါဆိုရင် နောက်တစ်ခါ အဝါဆိုရင်
မလျှော့ တော့ ဘူး၊ ကြိတ် တော့ မယ်။
ဒီမှာလည်း တရုတ်တွေနဲ့နေနေရတာလေ..
သိပ..
ပြောမဆုံးပေါင် ...ဟိ
'တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း' ဆိုသလိုပေါ့ ကိကိရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပေါက်ဖော်ကြီးတို့ရဲ့ ဓလေ့က တစ်မျိုးပါလား...မနေ့ကပဲ တရုတ်ဘုရားရှိခိုးတာ ဖိတ်လို့ သွားပြီး အားပေးခဲ့ရသေးတယ်...ပြန်လာမှပဲ ဒီပို့စ်ကို ဖတ်မိတော့ ပြုံးမိတယ်...ကိုယ့်ပတ်ဝန်းကျင်မှာလည်း ပေါက်ဖော်တွေက ခပ်များများဆိုတော့ သိထားမှဖြစ်မယ်...အဲဒီလိုမှမဟုတ်ရင် ဘုမသိ ဘမသိနဲ့ တလွဲတွေလုပ်မိမှာစိုးရလို့...ပေါက်ဖော်တို့အကြောင်းလေးတွေ အလျဉ်းသင့်သလို ဆက်ပါဦးလေ...
မီးဝါက တကယ် မြန်မြန်မောင်းထွက်သွားခိုင်းတာလား အစ်မကိ...။
မကိကိ ... :D
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...
မအားလို့ ခုမှလာဖတ်ဖြစ်ပေမယ့် သိထားတဲ့ အကြောင်းတွေဆိုတော့ ဖတ်ရင်း ကျနော်နဲ့ တူပြန်ပဟ လို့ အခါခါ တွေးမိသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် တရုတ်တွေရေးတဲ့ အင်္ဂလိပ်စာနဲ့ အသံထွက်တစ်ချို့ကို ဖဘ မှာ အပျော်တင်မလို့တောင် စုထားသေးတယ်။
တရုတ်တွေ ဂွတီးဂွကျ နိင်ပုံကတော့ ပြောမဆုံးဘဲ မကိရေ။
Post a Comment