ဘလော့ဂါတွေ ( ဘလော့အိမ်) တွေ မှာ ဝဲစွဲရောဂါများ ပြန်ပွားနေကြတာ ခုတလောမှ ဖြစ်ပေမဲ့ လူအများစုမှာ တုပ်ကွေးတွေ ဖြစ်တတ်ကြတာ ရာသီအလိုက် ၊ဒေသအလိုက် နှစ်စဉ် သန်းပေါင်းများစွာပါ ။ မကွေးဖူးတဲ့သူ ရှိမယ် မထင်ပါဘူး ၊ လူတိုင်းလိုလို ကွေးဖူးကြပါလိမ့်မယ် ။ ဆောင်းတွင်းကာလ အေးချမ်းတဲ့ရာသီ ၊ မိုးကလေးပါ စွက်လိုက်တော့ ချမ်းချမ်းအေးအေးနဲ့ မို့  တုပ်မကွေးတဲ့သုတွေတောင် အိပ်ယာထဲ ကွေးနေ နှပ်နေရတာ အလွန်ကောင်းပေါ့ ။
ဒီနှစ် ကမ္ဘာတဝှမ်း ရာသီဥတု ဆိုးရွား ဖေါက်ပြန်မှုတွေ ရှိခဲ့တယ် ။ ရာစုနှစ်တခုအတွင်း မကြုံဘူး လောက်အောင် အေးတဲ့နေရာက အေး၊ ပူတဲ့နေရာက ပူ နဲ့ မို့  လူတွေ အတော် ဒုက္ခရောက်ကြရတယ် ။ အပူချိန်( အအေးချိန်) ရေခဲမှတ်အောက် (အနှုတ်) ၄၀ ကျော် ၅၀ ကျော် တွေမှာ ဘယ်လို အသက်ရှင် နေထိုင်ကြရမလည်းတော့ မသိ ၊။ ၁၀ ဒီဂရီ စင်တီဂရိတ် အောက် ရောက်တာ နဲ့တင် ဒီနိုင်ငံက လူတွေ အတော်အေးနေပြီ၊ ဆောင်ရန် ၊ ရှောင်ရန် များ နဲ့  နွေးနွေးထွေးထွေးဝတ်ကြဖို့  ဆိုပြီး ရုပ်သံ မိုးလေဝသဌာန မှ အမြဲ သတိပေးလေ့ ရှိပါတယ် ။
မကြာခင်လေးတင်မှ ပြီးခဲ့တဲ့ တရုပ်နှစ်သစ်ကူး ပွဲတော် ပိတ်ရက် မှာ ၆ ရက် အတွင်း တုပ်ကွေးကြောင့် သေဆုံးသူ ၉ ယောက်ရှိ ပြီး ပြီးခဲ့တဲ့ တပါတ်မှာ သေဆုံးသူ ၁၅ ယောက် ရှိပါတယ် ။ ဒီနိုင်ငံမှာ ဒီနှစ်
တုပ်ကွေးရာသီ အတွင်း တုပ်ကွေးကြောင့် သေဆုံးသူစုစုပေါင်း ၇၄ ဦး ရှိပါပြီ ။( တုပ်ကွေး ဖြစ်သူပေါင်း ကတော့ သိန်းချီ နေပါပြီ ) ။ ဒါကြောင့် ရုပ်မြင်သံကြားသတင်းတွေမှတဆင့် လူထုကို သတိပေးနှိုးဆော်မှုများ ပိုမို လုပ်ဆောင် နေပါတယ် ။ ဒီ သေဆုံးသူတွေထဲမှ အများစု ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ မှာစတင် ထိုးပေးခဲ့တဲ့ တုပ်ကွေးကာကွယ်ဆေး လုံးဝ မထိုးထားခဲ့သူများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ ဒီတော့ ဒီတုပ်ကွေး နဲ့ ကာကွယ်ဆေးများအကြောင်း လေ့လာပြီး သိသလောက် ဖေါက်သည်ပြန်ချပေးလိုက်ပါတယ် ။( အမိ ရွှေပြည်ကြီးမှာလည်း ပြီိးခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်က ကြက်ငှက်တုပ်ကွေးများ နေရာကွက်ကြား ဖြစ်နေတယ် လို့  သတင်းသန့် သန့် ရထားပေမဲ့ စာရင်း အတိအကျတော့ မသိရပါဘူး ။)
တုပ်ကွေးဆိုတာ ဘာလည်း ။ ဘာကြောင့် ဖြစ်တာလည်း ။
မြန်မာလို ခေါ်တာ တုပ်ကွေး ၊ ဘိုလိုဆိုရင် Flu ( Influenza) ပေါ့ ။ ရာသီအလိုက်ဖြစ်တတ်လို့  Seasonal flu လို့ လည်းခေါ်တယ် ၊ သူက Orthomyxoviridae အမျိုးနွယ်ဝင် RNA Virus ဗိုင်းရပ် ပိုးတမျိုး ကြောင့်ဖြစ်တာပါ ။ ( ဖွဲ့စည်းပုံကို စိတ်ဝင်တစားအသေးစိတ်သိလိုရင် ဒီနေရာ မှာ ဆက်ဖတ်နိုင်ပါတယ် ) ။
သူ့ မှာ A,B,C ဆိုတဲ့ Type ၃ မျိုးရှိပြီး H1 to 16 & N 1 to 9 Sub-type အများအပြား ရှိနေပါသေးတယ် ။
တနှစ် နဲ့  တနှစ် ဖြစ်တဲ့  subtype မျိုးခွဲ တွေ ဟာ မတူကြပါဘူး ။နေရာဒေသလည်း ကွဲပြားကြပါတယ် ။ တချိန်တည်းမှာ ကမ္ဘာတဝှမ်းမှာ ကပ်ဘေးကြီး Epidemic အနေနဲ့outbreak ဖြစ်ကြတာတွေကို Pandemic လို့ ခေါ်ပြီး ဒေသအလိုက်ပဲ လူအများစု ဖြစ်ကြတာ ကို Endemic လို့  အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ် ။
ကြက်ငှက်၊ ဝက်၊ ခွေး၊ နွား၊ မြင်း၊ လူ စသဖြင့် ရောဂါ စတင်ဖြစ်ပွားတဲ့ အမျိုးအစားကို လိုက်ပြီး Bird Flu ,Swine Flu, Dog Flu , Horse Flu ,Human Flu ဆိုပြီး လည်း အမည်တပ် ခေါ်ဆိုကြပါတယ် ။
အဲ့ဒါတွေ ထဲက A အမျိုးအစားမှာ outbreak အဖြစ်များခဲ့တာတွေ နှစ်အလိုက် ပြောရရင် ၊
* H1N1, - ၁၉၁၈ စပိန်မှာ ဖြစ်ခဲ့တယ် ၊ ၂၀၀၉ က ဝက်တုပ်ကွေး လို့ ခေါ်တဲ့ Swine Flu ဖြစ်ခဲ့တယ် ၊( နောက်တော့ ဝက်တင်မက လူမှာပါ တွေ့ရလို့  New type flu အဖြစ် ပြောင်းလဲ ခေါ်ခဲ့တယ် )
* H2N2, ၁၉၅၇ က အာရှတုပ်ကွေး Asian Flu
* H3N2, ၁၉၆၈ က ဟောင်ကောင်တုပ်ကွေး
* H5N1, ၂၀၀၄ က ငှက်တုပ်ကွေး
ကျန်တဲ့ H1N2, H9N2 , H7N2, H7N3 စတာ တွေလည်း အများကြီး ရှိပါသေးတယ် ။
(ဒီနိုင်ငံအနေနဲ့ ဒီနှစ်မှာ H1N1 နှင့် H5N1 ၂မျိုးစလုံး တွေ့ ရပါတယ် ။)
ဒီတုပ်ကွေးတွေကြောင့် ကမ္ဘာတဝှမ်းမှာ နှစ်စဉ် လူပေါင်း ထောင် သောင်း၊ ချီပြီးသေကြရတယ် ။ အဲ့လောက်ဆိုးတာ ။ ဒါပေမဲ့ ဖြစ်နေကြ မို့  လူ အတော် များများက သိပ်အလေးမထားချင်ကြဘူး ။အိမ်သုံးဆေးလေးတွေ သောက်ရင်းနဲ့ ပျောက်သွားကြသူပေါင်းလည်း မနဲတာမို့  ၊တုပ်ကွေးဆိုတာ ခရီးသွားဧည့်သည် သဘောလောက်ပဲ ပေါ့ ။ အချိန်တန်ပျောက်တာကိုး ။ ဒါပေမဲ့ ကိုယ်ခံစွမ်းအားနဲနေသူများ၊ အသက်အရွယ် ကြီး လွန်း ၊ ငယ်လွန်း နေသူများ ။ နှလုံး သွေးတိုး ဆီးချို စတဲ့ ရောဂါ အခံရှိသူများ မှာတော့ ပေါ့ပေါ့ဆဆ နေဖို့  မသင့်လျော်ပါဘူး ။
ရောဂါလက္ခဏာတွေက သိကြတဲ့ အတိုင်းပဲ ၊ အတိုင်းပါဘဲ နှာချေမယ် ၊နှာစေးမယ် ။ ချောင်းဆိုးမယ် ။ တကိုယ်လုံး ကိုက်ခဲပြီး မအီမသာ ဖြစ်မယ် ။ အဖျားလဲ ရှိတတ်တယ်။ လည်ချောင်းနာမယ် ။ခေါင်းကိုက်မယ် ။အစားအသောက်ပျက်မယ် ။ပျို့ အန် မယ် ၊တခါတလေ ဝမ်းလျောတတ်တယ် ။ အန်တတ်တယ်။ ဗိုက်အောင့်တယ်၊ ဒီထက်ပိုဆိုးလာရင်တော့ အသက်ရှူ လမ်းကြောင်း ယောင်ရမ်းပြီး အသက်ရှု ကြပ် မယ် ၊ ရင်ဘတ်အောင့်မယ် ။ ကိုယ်အပူချိန်ကျသွားပြီး အေးစက်ပြီး ရှော့ ရတတ်တယ် ၊ နမိုးနီးယား အဆုပ်ရောင်ပြီး အသက်အန္တရာယ်ပေးတတ်ပါတယ်။
ရောဂါဘယ်လိုပြန့် ပွားသလည်း ။
နှုာစေး ချောင်းဆိုးနေသူတယောက်ရဲ့  ချောင်းဆိုးလိုက် ရှုထုတ် လိုက်တဲ့ တံတွေး၊ သလိပ် နဲ့ အမှုန် အစက်တွေ ထဲ မှာ ဒီ ဗိုင်းရပ်ပိုးတွေ အများကြီး ပါဝင်နေပါတယ် ။ဒီတော့ သူ့နဲ့ နီးစပ်နေသူတွေကိုတိုက်ရိုက် အသက်ရှူလမ်းကြောင်းမှတဆင့် ရောဂါ ပျံ့ ပွားစေပါတယ် ။ တချို့ ကျတော့ ဒီတံတွေး သလိပ်နှာရည်တွေ ရှိနေတဲ့ အသုံး အဆောင် ( ဥပမာ - လက်ကိုင်ပဝါ မျက်နှာသုတ်ပဝါ၊ ရေခွက် ၊ ရောဂါရှိသူကိုင်တွယ်တဲ့ တယ်လီဖုန်း ၊ ကွန်ပြူတာ ကီးဘုတ် ၊အများသုံး တံခါးလက်ကိုင် ၊ဓါတ်လှေခါး ခလုပ် စတာတွေ ) မှတဆင့် ထိတွေ့ ခြင်းဖြင့် ရောဂါ ကူးစက်နိုင်ပါတယ် ။
ဒါကြောင့် မိမိရဲ့  လက်ကို တခုခုကိုင်ပြီးတိုင်း အစာမစားမှီ ၊ စင်အောင်ဆေးသင့်ပါတယ် ။ လူအများ စုဝေးရာ နေရာတွေ၊ အထူးသဖြင့် ရုပ်ရှင်ရုံ လို အလုံပိတ်ခန်းထဲမှာနာရီများစွာ နီးနီးကပ်ကပ်နေရတဲ့ နေရာမျိုး၊ တတ်နိုင်သလောက် ရှောင်သင့်ပါတယ် ။ သွားမယ်ဆိုရင်လည်း နှာခေါင်း ပါးစပ် စည်းတဲ့ Mask ကို အသုံးပြုရပါမယ်။ဒါပေမဲ့ Mask ဆိုတာ လေမှတဆင့် မိမိထံကို ရာနှုန်းပြည့် လုံးဝ ရောဂါပိုး မဝင်လာအောင် တားဆီးပေးတာမျိုး မရှိနိုင်ပါဘူး။ မလိုအပ်ပဲနဲ့ ဆေးရုံ ကဲ့သို့  ရောဂါပိုးများ စုစည်းတဲ့နေရာ တွေ မသွားပါ နဲ့  ။ မသန့် ရှင်းတဲ့ လက်များဖြင့် မိမိ မျက်စိ၊ နှာခေါင်း ၊ပါးစပ်တွေကို ထိကိုင် ပွတ်သတ်ခြင်း မပြုလုပ်ပါနဲ့ ။ အစားစားခါနီးတိုင်း လက်ကို သန့်စင်အောင် ဆေးကြောပါ ။ အရမ်းအေးတဲ့ဒေသတွေမှာ လက်ကို ရေဖြင့် မကြာခဏဆေးကြောခြင်း မပြုနိုင်ပါက Disinfectant dry soap gel များနဲ့ အခြောက်ဆေး နို်င်ပါတယ် ။
ဘယ်လိုစစ်ဆေးမလည်း ။
နှာစေး ချောင်းဆိုး တာ အဖျားကြီးနေတာ ၂ရက် ကျော်ပြီး ရိုးရိုး အကိုက်အခဲပျောက် ကိုယ်ပူကျဆေး ၊ common cold tablet တွေ နဲ့  မသက်သာရင် တတ်ကျွမ်းသူ ဆရာဝန် ဆီပြ ဖို့  ဝန်မလေးပါ နဲ့  ။
လည်ချောင်း နဲ့ ခံတွင်း အမြှေးပါးမှာ ကပ်နေတဲ့ ဗိုင်းရပ်ပိုးတွေကို ဓါတ်ခွဲစစ်ဆေးဖို့  လိုပါတယ် ။ စစ်ဆေးနည်းတွေလည်း အများကြီး ပါ ၊ Throat swab ယူပြီးစစ်ဆေးတဲ့ Real-time RT-PCR ဆိုတာကအများစု လက်ခံအသုံးပြု နေတဲ့ နည်းပါ ။ ပိုပြီး တိကျ မှန်ကန် မြန်ဆန် တယ် ပေါ့ ။
နောက်ထပ်နည်းလမ်းတွေ ရှိပါသေးတယ် ၊ တမျိုးက rapid influenza diagnostic tests (RIDT) - သူက မိနစ် ၃၀ အတွင်း အဖြေထွက်ပါတယ် ။ Direct and Indirect Immunofluorescence Assays(DFA and IFA) ဒါကတော့ ၂ နာရီမှ ၄ နာရီ အတွင်း အဖြေသိနိုင်ပါတယ်။ သွေးဖေါက်ပြီး သွေးရည်ကြည် မှ စစ်တဲ့ နည်းတွေဖြစ်ပြီး ကြားဖူးနားဝ ရှိရအောင် ပါ ။ တကယ့် လုပ်နည်း အဆင့်ဆင့် နဲ့ အဖြေတွေကတော့ သက်ဆိုင်ရာနည်းလမ်းအလိုက် ကွဲပြားမှု ရှိပါတယ် ။
ဘယ်လိုကုသမလည်း ။
များသောအားဖြင့် နှာစေး ချောင်းဆိုး ဖျားနာ တာလောက်ကို ရိုးရိုးတုပ်ကွေး အမှတ်နဲ့ အိမ်သုံးဆေးဝါးလောက် နဲ့ ပဲကိုယ့်ဟာကိုယ် အရင် လက်တည့်စမ်းလေ့ ရှိပါတယ် ။ အလွယ်ဆုံးကတော့ သန့်ရှင်းသောရေနွေးကို များများသောက်ပြီး စိတ်ရောကိုယ်ပါ အနားယူရပါမယ် ။ အရည်ရွှမ်းတဲ့ အသီးအရွက်များ ကို စားပေးခြင်းဖြင့် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ဖြည့်ဆည်းပေးနိုင်ပါတယ် ။
ဖျားနာနေရင်တော့ အကိုက်အခဲပျောက် ကိုယ်ပူကျဆေး တခုခု သောက် ပါ ။ ဒီဆေးတွေ လည်း အမျိုးမျိုးရှိပေ မဲ့ acetaminophen တို့  ibuprofen ပါဝင်တဲ့ဆေးတွေ ကို အချိန်အဆနဲ့ သောက်လို့ရပါတယ် ။
Aspirin ( salicylate) ပါတဲ့ဆေး ကိုတော့ အသက် ၁၉ နှစ်အောက် များ သောက်သုံးရန် သိပ်မသင့်တော်ပါ ။ Reye's Syndrome လို့ခေါ်တဲ့ အသည်းနဲ့ ဦးနှောက် ထိခိုက်ပျက်စီးတဲ့ ရောဂါတမျိုး ဖြစ်စေတတ်လို့ပါ ၊အဲ့ဒီ ရေးစ် ရောဂါက နဂို အခံ အဆီအက်စစ်ဓါတ်တိုးဓါတ်ပြုခြင်း ပုံမမှန်ဖြစ်နေသူ ၊ ကလေး နဲ့ ယ်ကျော်သက်တွေ မှာ တုပ်ကွေး ၊ ရေကျောက်စသဖြင့်ကူးစက်ခံရစဉ် မှာ Aspirin (salicylate) ပါတဲ့ဆေးတွေ သောက်သုံးမိပါက နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ ရောဂါတမျိုးပါ )
တကယ်လို့  ဒီဆေးတွေ သောက်လို့ မှ ၂ ရက်အတွင်း မသက်သာရင် ဆေးရုံ ဆေးခန်းတွေမှာ နားလည်တဲ့ဆရာဝန် နဲ့ သေချာကုသင့်ပါတယ် ။ (ဖြစ်နိုင်ရင်တော့ တုပ်ကွေးလက္ခဏာ စတာ နဲ့ ဆရာဝန် နှင့်
ကုသမှု ခံယူတာ အကောင်းဆုံးပါ )
ဒီဗိုင်းရပ် ပိုးကြောင့်ဖြစ်တာ သေချာရင်တော့
--oseltamivir (Tamiflu) သောက်ဆေး ။( တုပ်ကွေး ဖြစ်တာ ၄၈ နာရီအတွင်းသောက်နိုင်ရင် ပိုကောင်းပါတယ် ။ ၉၀ ရာနှုန်းခန့်  မှာ တုပ်ကွေးကို ပိုမို ဆိုးရွားစွာ ခံစားရခြင်းမှ သက်သာစေပါတယ် ။)
အသေးစိတ်ကို ဒီနေရာ မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ် ။
--zanamivir (Relenza) inhalation ဖျန်းဆေး ။ ( ရင်ကြပ် ပန်းနာ ရှိသူများ မသုံးစွဲရ )
--Peramivir အကြောထိုးဆေး
အစရှိတဲ့ ဆေးတွေနဲ့ ဆရာဝန်ညွန်ကြားချက်အရ ကုသမှု ခံယူနိုင်ပါတယ် ။ ဒီဆေးတွေမှာ ဘေးထွက ဆိုးကျိုးများ ရှိပါတယ် ။ (Peramivir ဆိုတာ ကတော့ စမ်းသပ် ဆဲကာလ မှာ ပဲ ရှိနေပါသေးတယ် တခြားဆေး တွေနဲ့ ကုမရတော့ မှ သာ သုံးဖို့ ဖြစ်ပါတယ် )
ဒီလို ကာကွယ် နိုင်တယ် ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် သက် ရောက် မှု ရှိသည် ဆို တဲ့ အတိုင်း ၊ ကြိုတင် ကာကွယ်ထားကြရင် ရောဂါဖြစ်ဖို့ အခွင့် အလမ်း နဲ ပါမယ် ။ အခြေခံ ကာကွယ်နည်းတွေ ကတော့ အထက်မှာပြောခဲ့သလို ။ အစာမစားမှီ လက်ဆေးပါ ။ လက်မဆေးပဲ မိမိ မျက်စိ နှာခေါင်း၊ ပါးစပ် စတာတွေ ကို ကိုင်တွယ်ခြင်း မပြုပါနဲ့ ။ နှာစေးရင် ချောင်းဆိုးရင် ကိုယ့် ရောဂါ သူများ မကူးအောင် ။ သူများ ရောဂါကိုယ်မကူးအောင် Mask တပ်ဆင် ပါ ။ လူတွေများ လေဝင်လေထွက် မကောင်း ပိတ်လှောင်တဲ့ နေရာတွေ ကို ရှောင်ပါ ။
နောက် တနည်း က .ကာကွယ်ဆေး ထိုး ခြင်း ( Antiflu Vaccination ) ဖြစ်ပါတယ် ။ ဒီ ဆေးတွေ ကို WHO မှ လာမဲ့ နှစ် တုပ်ကွေးရာသီ မှာ ဖြစ်မဲ့ ဗိုင်းရပ်စ် ပိုး အမျိုးအစားကို တွက်ချက်ပြီး နှစ်စဉ် ပြောင်းလဲ ထုတ်လုပ်ကြရတာ ဖြစ်လို့ တနှစ်နဲ့တနှစ် ကာကွယ်ပေးနိုင်တဲ့ ဆေး အမျိုးအစားက တသမတ်တည်း မဟုတ်ပါဘူး ။ ဆေးရဲ့  ကာကွယ်မှု ပေးနိုင်တဲ့ အာနိသင် က ဆေးထိုး အပြီး ၁ လ ကြာမှ ရ မှာ ဖြစ်ပြီး
၁နှစ်သက်တမ်းသာ ကာကွယ်နိုင်စွမ်း ရှိပါတယ် ။ ဒါကြောင့် တုပ်ကွေး ရာသီ မတိုင်မီ ၂ လ လောက် မှ စတင် ထိုးထားရပါမယ် ။ နှစ်စဉ် အချိန်မှန် ထိုးကြရပါမယ် ။ တိုးတက်ပြီးသား နိုင်ငံတွေ မှာတော့ အစိုးရ
ကျန်းမာရေးဌာနတွေ မှ တာဝန်ယူပြီး အခမဲ့ ထိုးပေးပါတယ် ။ (ဆေး အရေအတွက် အလိုက် ဦးစားပေး အဆင့်များ ခွဲထားတတ်ပါတယ် ။ ၂နှစ်အောက် ကလေး၊ အသက် ၆၅ နှစ်အထက် ၊ နှလုံး သွေးတိုး
ဆီးချို ၊ ရင်ကြပ် ပန်းနာ ၊ရောဂါ အခံ ရှိသူများ ၊ ကိုယ်ခံစွမ်းအားကျဆင်း ရောဂါ ခံစားနေရသူများ ကို ဦးစားပေး ပထမ အဆင့် ထားရှိပါတယ် )
၂၀၀၃ ခုနှစ် မှာ SARS coronavirus ဆိုတဲ့ ဗိုင်းရပ်စ် ကြောင့် SARS ဆိုတဲ့ရောဂါ နာမည်ဆိုး ကြီးနဲ့ သေသူများတာကြောင့် တကမ္ဘာလုံး တုန်လှုပ်ချောက်ခြားသွားခဲ့ကြပြီး ၊ ၂၀၀၄ ခု နှစ်မှာဆိုရင် လူတွေက Antiflu vaccination ကို အလုအယက် ထိုးလိုကြတယ် ။ ဒါကြောင့် ဒီတုပ်ကွေးကာကွယ်ဆေးက SARS ကာကွယ် ဆေး မဟုတ်ဖူး ဆိုတာ လူအများ နားလည် အောင် ရှင်းပြကြရတယ် ၊ ဆေးတွေတောင် ထုတ်လို့  အလျှင် မမှီ ပြတ်လပ်ခဲ့ရတယ် ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကြာလာလို့  မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြ ပြီး .ကာကွယ်ဆေး မထိုးလိုကြတော့ ဘူး ။ ဒါကြောင့် ပြီးခဲ့တဲ့ နောက်ဆုံးတခေါက် ၂၀၁၀ အောက်တိုဘာ မှ စတင် ထိုးပေးခဲ့တဲ့ ကာကွယ်ဆေး တွေကို မှန်းထားသလောက် လာ မထိုးကြလို့  ၊ အသိပေး ကြော်ငြာချက်တွေ အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ် ။ ဒီတနှစ် ဒီနိုင်ငံမှာ တုပ်ကွေးကြောင့် သေဆုံးသူတွေထဲ မှာ ကာကွယ်ဆေး မထိုးထားခဲ့ကြတဲ့သူအများဆုံး ဖြစ်လို့  ၊ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့် ပြန် ဆက်လုပ်နေရပါတယ် ။
ဒီ နှစ်အတွက် ကာကွယ်ဆေးကတော့ အောက် ပုံ မှာ ပြထားတဲ့ အတိုင်းပါ ။
ဆေးနဲ့ မတည့်သူတွေလည်း ရှိတတ်ပါတယ် ။ များသောအားဖြင့် ဒီဆေးက ကြက်ဥ Egg Protein မှ ထုတ်လုပ်ထားတာဖြစ်လို့  ဥနဲ့မတည့် သူများ မထိုးရပါဘူး ။ တချို့ မှာ လည်း Allergic Reaction တွေ ရှိတတ်ပါတယ် ။ ဘယ်ဆေးမဆို ဖြစ်နိုင်ချေရှိတာမို့  တခြားဆေးတွေနဲ့ မတည့်သူများ သတိထားရပါမယ် ။
ဝက်တုပ်ကွေး နဲ့ ပတ်သက်ပြီး ဒီနေရာမှာ ရေးထားတာတွေလည်း ရှိပါတယ် ။
ဘလော့တခွင် မှာ ဝဲလည်းကင်းစင် ၊ တုပ်ကွေးလည်း မဝင်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ် ။
14 comments:
ဘယ်ရမလဲကွ..
ဒီမှာလည်း ကွေးနေလို့..
ခေတ်မှီသလားမမေးနဲ့...
ဟိ
ဘယ်ရမလဲကွ..
ဒီမှာလည်း ကွေးနေလို့..
ခေတ်မှီသလားမမေးနဲ့...
ဟိ
အဖြူရောင်နတ်သမီး
သူငယ်ချင်းကို ပေးဖတ်ဦးမှပဲ သူလဲ ခုတလော ကိုက်ခဲနေတယ်လို့ပြောတယ်
ကျေးဇူး မကိ
အမား ...
လန့် ရြဲပန်ပြီဗျာ..၊ ဝဲ တုံးကလည်း အမ စ တာ
နော် ။ အခုလည်း ကွေး ဆိုတော့  ..။
ကျွန်တော်လည်း မနက်တိုင်း နှာခေါင်းစွတ် တပ်
တော့ မယ်။ တစ်ချို့ ပြောတယ်၊ အဲ့လိုကာကွယ်လို့ 
ရတယ်တဲ့ ။ ဟုတ်လားမသိ ။
လျှောတော့ မလျောချင်သေး ။
နောက်လေးနှစ်မှာ ဘယ်သူတွေများ တက်အုန်းမလဲ
စောင့်ကြည့် ချင်တာ...။
ကွေးပြီးကြောင်းပါ ခင်ဗျား။ သူများနဲ့မတူ ခပ်ကြာကြာလေးကို ကွေးပစ်လိုက်တာ။
ဥ နဲ့ ကျနော် တည့်ကြောင်းပါ။ ၇ လလောက်စားခဲ့ရလို့ အခုတော့ မြင်ကို မမြင်ချင်တာ။
ဒိမှာ spring ရောက်တော့မယ်..flu ရာသီ ကုန်ပြီ
တို့ငယ်ငယ်တုန်းကတော့ အဲဒီလို ရာသီရောက်ပြီ ဆိုရင် -င်တန်ခိုးကြီးရာသီလို့ နာတို့မောင်နှမတွေ နာမည်ပေးခဲ့ကြဘူးတယ်.... အဟွတ်..
ညီမတောင် နှာစေး ခေါင်းကိုက်နေတာ တုတ်ကွေးလို့မထင်ဘူး
ခရီးမှာ အအေးမိလာလို့လို့ ထင်လိုက်တာ
မကီပိုစ့်ဖတ်မှ တုတ်ကွေးများလား လို့ ပြန်သတိထားမိတော့တယ်
အချက်အလက်လေးတွေ သိသာအောင် ရေးပြထားတာ ကျေးဇူးအစ်မရေ။
ဒီမှာတော့ တုတ်ကွေးဖြစ်ချင်ပြီဆို BPI က ပါရာစီတမောလေးနဲ့ ဘာမီတုံလေး ရောသောက်ပြီး ကြိုတင်ကာကွယ်ထားရတယ်။ နေမကောင်းရင် နေရထိုင်ရဆိုးတဲ့ ဝေဒနာကို မခံစားနိုင်လို့။
မဖျားတာကြာပါပြီ။ စလုံးစရောက်ကတည်းက ဆိုပါတော့။ BPI ဆေးတွေက နိုင်ငံခြားဆေးတွေထက် တစ်ခါတစ်ရံပိုစွမ်းတယ်နော်။ မယုံမရှိနဲ့ လက်တွေ့ပါဂျ။
ဟဲဟဲဟဲ... နေကောင်းသွားမှာပါ...။ အိင်္ကျီင်္ တော့ ပါးပါး ပဲ ၀တ်...။ လေ စိမ်း တိုက်မခံ နဲ့။ ဟဲဟဲဟဲ နေကောင်း သွားမှာပါ။ (ပေး စမ်းသပ်ခ)
ဇာဂနာလေသံနဲ့ လာအားပေး သွားပါတယ်။ :P
ဗဟုသုတ ရှာမှီးသွားပါတယ်အမရေ...
မမကိရေ..မွန်လည်း ဘလော့ရော လူပါကွေးနေတာဗျို့..။
ခုလိုရေးပေးတာ ကျေးဇူးတင်ပါတယ်မမကိ..။
မြတ်မွန်
ကိုအဖြူလေးပြောတာမှန်တယ်။
ဝဲတုန်းကလဲ မမကီဆီကဘဲဖတ်သွားတာ။ ပြီးတော့ ကျွန်တော်ဆီမှာ ဝဲရော။
ခုကွေးတော့လဲ မမကီ ဆီကဘဲ။ ကွေးနေပြီ။ ဗြဲ ဟဲဟဲ :)
လေးစားစွာဖြင့်
လရိပ်အိမ်
မကိရေ..
ကွေးနေတာတွေ..
မ ကွေးစေဖို့..
ပါရာကွေကွာသောက်ပါသည်
မကြောခင်ပဲ ဖြောင့်ပါစေ..(ကာရံကလည်း မိမှမိး))
(ပါရာကွေကွာ=ပါရာစီတမောနဲ့ ကွေကွာအုပ်ကို ပြောတာ )
Post a Comment