တနေ့ နေ့  တချိန်ချိန်၊ အိမ်မှာ၊ အလုပ်မှာ ၊လမ်းမှာ သွားရင်းလာရင်း နဲ့ လူတယောက်ယောက်ကို အရေးပေါ် အသက်ကယ်ပြုစုခြင်းမျိုး လုပ်ပေးဖို့  သင်ကိုယ်တိုင် တွေ့ ကြုံလာပြီဆိုပါတော့ ။ ဘယ်လို ရင်ဆိုင် ကူညီပေးမလည်း ။
မလန့် ကြပါနဲ့၊ လွယ်လွယ်လေးပါ ။CPR လို့  အတိုကောက်ခေါ်တဲ့ Cardiopulmonary Resuscitation နည်းလမ်းကို သိထားခဲ့ရင် ၊ ရခဲတဲ့ လူ အသက်တချောင်း ၊ ကယ်တင်ပေးလိုက်နိုင်တာလောက် ကြည်နူးစရာ ကောင်းတာမျိုး ရှိမယ် မထင်ပါဘူး ။ အဲ့လို အရေးပေါ် အသက်ကယ် ပြုစုနည်း လေးတွေကို လူတိုင်း သိထားမယ်ဆိုရင် အကျိုး ရှိပါတယ် ။
လူတယောက် အိမ်မှာ၊ အလုပ်မှာ၊ လမ်းမှာ မေ့လဲပြီး သတိလစ် အသက်ရှု ရပ်နေတာကို အသင့် ရှေ့ မှောက်မှာ ကြုံတွေ့  နေရပြီဆိုပါတော့ ။
ဦးဆုံး သင့် စိတ်ကို တည်ငြိမ်စွာထားပါ ၊အနီးနားမှာ လူ ရှိရင် လှမ်းခေါ် အကူအညီတောင်းပါ ။ အရေးပေါ် ကား ခေါ် နိုင်ဖို့  အကြောင်းကြားပါ ။ အချိန် ၂ မိနစ်လောက် ပေးနိုင်ပါတယ်။ ဆိုလိုတာက အချိန် မဆွဲ ပါ နဲ့ ။( ခုခေတ်မှာ လူတိုင်းလိုလို လက်ထဲ ဟန်းဖုံးလေးတွေ ကိုယ်စီရှိကြတော့ အရေးပေါ်ကို အကြောင်းကြားဖို့  အဆင်ပြေပါတယ် ။ ဒါပေမဲ့ ကိုယ်နေထိုင်တဲ့ တိုင်းပြည်ရဲ့  အရေးပေါ် ဖုံးနံပါတ်တွေကို သိထားဖို့  လိုပါတယ်။119.. 911... 999 စသဖြင့် ပေါ့ )
အကူအညီတောင်းပြီးတာနဲ့  လူနာ ကို သတိရ မရ စစ်ဆေးပါ ။ လှုပ်ကြည့်ပါ ။ အော်ခေါ် ကြည့်ပါ ။ဘာမှ တုန့် ပြန် မှု မရှိဘူး ဆိုရင် ၊ ပုံ ပါ အတိုင်း နှလုံး အဆုပ် အလုပ်လုပ်ရန် အဆင့်ဆင့် လုပ်ပေးပါ ။ ကြပ်နေတဲ့ အဝတ်ကို ဖြေလျှော့ ပေးပါ ။ ( အခြေအနေကြည့် ပြီးမှလုပ်ပါရန် ။ အဆင် မသင့်ပါက လူနာ ၊ လူနာရှင်တို့ မှ အထင်လွဲခံရနိုင်ပါတယ် )
၁။ ရင်ဘတ် အလည် တဲ့တဲ့ ပေါ် ကို မိမိ လက်ဖဝါး နှစ်ဖက် ယှက်ပြီး ဖိနှိပ်ပေးပါ ။ ရင်ညွန့်ရိုးကို ၃ပုံ ၁ပုံ နိမ့်ကျ သွားအောင် ( ၂ လက်မခန့် နိမ့်သွားအောင် ) ဖိပေးပါ ။ တမိနစ် ကို အကြိမ် ၁၀၀ အမြန်နှုန်း နဲ့  အကြိမ် ၃၀ ဖိပေးပါ( ၁ စက္ကန့် မှာ ၁ ကြိမ်ထက် မြန်တဲ့နှုန်းနဲ့ အကြိမ် ၃၀ ဖိရ မှာ ပါ ။ တကယ်လို့  လူနာ ဟာ အသက် ၁ နှစ်မှ ၈ နှစ် အရွယ်တွင်း ဖြစ်ပါက လက်ဖဝါး တဖက်တည်းဖြင့် ဖိပေးခြင်း နဲ့ လုံလောက် ပါတယ် ။ အသက် ၁ နှစ်အောက် ဆိုရင်တော့ မိမိရဲ့ လက်ချောင်း ၂ချောင်း သို့ မဟုတ် ၃ ချောင်းသာ အသုံးပြုပြီးဖိပေးပါ ။ ရင်ဘတ် ရဲ့  ၃ပုံ တပုံ ၊ ၁လက်မခွဲ ခန့် နိမ့်သွား အောင် သာ ဖိဖို့  လိုပါတယ် ။)
၂။ ပြီးလျှင် လူနာရဲ့  ဦးခေါင်းကို နောက်သို့  အနည်းငယ် ဆွဲ လှန်ပြီး သူ့  ပါးစပ်အနားတွင် အသက်ရှုသံ ရှိ မရှိ နားထောင်ပါ ။ အသက် မရှုသေးလျှင် လူနာ နှာခေါင်းကို ညှစ် ( ပိတ်) ပြီး၊ လူနာ ပါးစပ်အား မိမိ ပါးစပ်ဖြင့်တေ့ကာ လူနာရင်ဘတ်ဖေါင်းလာတဲ့အထိ လေ ကို ၂ကြိမ် မှုတ်သွင်းပါ။ လေတခါ မှုတ်ချိန်မှာ ၁ စက္ကန့် သာ ဖြစ်ပါတယ် ။
၃၀း ၂ အချိုး အရ ။ အချက် ၃၀ နှိပ်ပြီးပါက လေကို ၂ချက် မှုတ်သွင်းပေးပါ ။
( ပြုစုမဲ့သူ ၂ ယောက် ရှိနေပါက တယောက်က ရင်ဘတ်ကို အချက် ၃၀ ဖိ ပြီးတိုင်း ကျန်တယောက်က ပါးစပ်မှ လေမှုတ်သွင်းခြင်း ၂ ခါ ကို တလှည့်စီ လုပ်ပေးနိုင်ပါတယ် ။ မိမိ တဦးတည်းသာ ရှိနေပါက ၃၀ကြိမ်ဖိ၊ ၂ကြိမ် လေမှုတ် ၊ ကို တဦးတည်းပဲ ပြုလုပ်ပေးလို့  ရပါတယ် ။လူနာတင်ကား မလာ မချင်း ဤကဲ့သို့  အကြိမ် ၃၀ ဖိပြီး လေ ၂ ချက် မှုတ်သွင်းပေးခြင်းကို လုပ်ပေးပါ ။(လူနာအား ဆေးရုံ သို့  ပို့ ဆောင်ပြီး နောက် .. ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက အသက်ကယ်တင်ရေးကို လိုသလို ဆက်လက် ပြု လုပ်ပေးပါလိမ့်မယ်။ )
_______________________________________________________________________
နောက်တမျိုးကြုံတွေ့  နိုင်တာကတော့ ရုတ်တရက် လေပြွန် ပိတ်ဆို့  ခြင်း ( Chocking ) ပါ ။ များသောအားဖြင့် မိမိစားလိုက်တဲ့ အစားအစာ ( အတုံးကြီး ၊ အစာ ခပ်မာမာ ၊ ခပ်လျှောလျှော ၊ ဥပမာ အသားတုံးကြီး၊ရေခဲတုံး၊ စေးကပ်တဲ့ အစာ၊ ဂျယ်လီ အတုံး စသဖြင့် ) ၊ ပြင်ပမှ မြိုမိတဲ့ အရာ ( ကလေးများ ဆော့ ကစား ရင်း အရုပ် ၊ ဂေါ်လီလုံး၊ အကြွေစေ့ ၊ စသဖြင့် ) ၊ ခံတွင်းထဲ မှာ ရှိနေတဲ့ သွားအတု ၊ အစရှိတာတွေဟာ လည်ချောင်းမှတဆင့် လျှောကျပြီး လေပြွန်ကို ပိတ်ဆို့ စေတတ်ပါတယ် ၊။ အဲ့ဒီ အခါ ရုတ်တရက် အသက်ရှု ကျပ်ပြီး တကိုယ်လုံး ပြာနှမ်း ကာ မူးမေ့ သတိလစ်သွားတတ်ပါတယ် ။ အဲ့ဒါကို အချိန်မှီ ထုတ်ယူပေးဖို့  လိုပါတယ် ။ လေပြွန် ပိတ်ဆို့ တာ အချိန်ကြာလာတာ နဲ့ အမျှအဆုပ်ထဲ ၊ သွေးထဲ မှာ ရှိတဲ့ အောက်ဆီဂျင် ပြတ်လပ်ပြီး ဦးနှောက် နဲ့ နှလုံး ကို ထိခိုက်ကာ အသက်ဆုံးရှုံးနိုင်ပါတယ် ။
ဒီ အခါ မှာ မိမိ က ဘေးနားမှာ ရှိနေပါက ထိုသူ ကို အချိန်မီ ကယ်တင်နိုင်ပါတယ် ။
ဘယ်လို လုပ်ရမလည်း ။
ဒါကလည်း နည်းသိထားရင် လွယ်ပါတယ် ။ ဘာ ပစ္စည်း ကရိယာမှ မလိုပါဘူး ။ အဲ့ဒီနည်းလမ်းကို (Heimlich Maneuver) လို့ ခေါ်ပါတယ် ။
အောက်ပါပုံတွေမှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ ။
၁ ။ ။ လူနာ မှာ အမှန်တကယ် စကားမပြောနိုင်၊ ချောင်းမဆိုးနိုင်မှန်း သိအောင် အကဲခပ်ကြည့်ပါ ။
၂။ ။လူနာ အနောက်ဖက်မှ သိုင်းပြီး၊မိမိ လက်သီးဆုပ်ဖြင့် လူနာ၏ ဝမ်းပိုက် အပေါ်ဘက် ပိုင်း ရင်ညွန့် နေရာမှ အနောက်ဘက်အပေါ်ဘက် သို့  ခပ်ဆပ်ဆပ်လေး ဆွဲ ပင့်ပေးပါ ။ အတွင်းရှိ ပိတ်ဆို့နေတဲ့ အရာဝတ္ထု ထွက်လာတဲ့ အထိ ဆက်တိုက် ပြုလုပ်ပေးပါ ။
၃။ ။အကယ်၍ လူနာမှာ ကိုယ်ဝန်သည်(သို့မဟုတ် ) အလွန် ဝ သောသူ ဖြစ်နေပါက မိမိ လက်သီးဆုပ်အား ရင်ညွန့် အပေါ်ဖက် နားမှာ ထားပြီး ဆွဲပင့်ပေးပါ ။
ကလေးကြီးများအတွက် ဒီမှာ ကြည့်နိုင်ပါတယ် ။
အကယ်၍ ၁ နှစ်အောက် ကလေးငယ် ဖြစ်နေပါက မိမိ ပေါင်ပေါ်တွင် ကလေးကို ဇောက်ထိုး မှောက်ရက် တင်ပြီး လက်ဖနောင့် ဖြင့် နောက်ကျောဘက်မှ အကြိမ် ၅ ချက် ပုတ်တွန်းပေးပါ ။ တဖန် ပက်လက် ပြန်လှန်ပြီး ရင်ညွန့် ကိုလက်ချောင်းများဖြင့် ၅ ချက် ဖိပေးပါ။
အောက်မှ ဗီဒီယိုဖိုင် ကို ကြည့်ရင် ပိုပြီး မြင်သာပါတယ် ။အိမ်မှာ ကလေးငယ် အရွယ်ရှိသူများ အထူးသတိပြုဖို့ လိုပါတယ် ။ ရုတ်တရက် အသက်မရှူ နှလုံးမခုန်တော့ သူများ ကို အချိန်တိုတို အတွင်း အရေးပေါ် မပြုစုနိုင်ပါက ဦးနှောက်နဲ့ နှလုံးတို့ မှာ သွေးပြတ်လပ်ခြင်းဖြစ်ပြီး ဦးနှောက်သေဆုံးမှု (ဦးနှောက်မှာ အောက်စီဂျင်ပြည့်ဝတဲ့သွေး ပြတ်လပ်မှု အချိန် ၄ မိနစ် ကျော်သွားရင် ဦးနှောက်ဆဲလ် ကလပ်စည်းများသေဆုံး တတ်ပါတယ်) ၊ အသက်သေဆုံးမှုမျိုး ဖြစ်စေနိုင်တဲ့ အတွက် ဒီနည်းလေးတွေကို လူတိုင်း သိထား တတ်ထား သင့်ပါတယ် ။
အကယ်၍ အသက်ပြန်လည် မရှူလာသေးပါက အထက်မှာ ဖေါ်ပြခဲ့တဲ့ CPR နည်း ကို ဆက်လက် ပြုလုပ်ပေးဖို့  လိုအပ်ပါပြီ ။
ထို့ နောက် အရေးပေါ်ကားကို အကြောင်းကြားပြီး ဆေးရုံ သို့  ပို့ ပြီး ကုသပါ ။
သူများ တိုင်းပြည် မှာ အရေးပေါ်လူနာတင်ကား စောင့်ရချိန်မှာ သိပ် မကြာလှပါ ။ အဆင်ပြေပါတယ် ။ မိမိတို့  ပြည် မှာတော့ မီးစင်ကြည့် က ကြဖို့လိုပါလိမ့်မယ် ။ အဆင် မသင့်လျှင် မိမိပါ အမှုထဲ ဆွဲထဲ့ ခံရကိန်းရှိပါတယ်။ ဒါပေမဲ့ လူနာ တယောက် မိမိ ပြုစုပေးလိုက်လို့  အသက်ပြန်ရှု နှလုံးပြန်ခုန် လာ ပြီဆိုလျှင်တော့ သင့်မှာ ဖေါ်မပြ နိုင်လောက်အောင် ဝမ်းသာ ကြည်နူးမှု မျိုး ခံစားရလိမ့်မယ် ဆိုတာကို ယုံကြည်စေချင်ပါတယ်။
အရေးတကြီး လိုအပ်တဲ့ အချိန်မှာ အသုံးတည့်မဲ့ အရာများ ဖြစ်တာမို့  ပြန်လည် ဖေါ်ပြပေးလိုက်တာပါ ။
ဒီနေရာ မှာ စုံလင်စွာဆက်လက် လေ့လာ နိုင်ပါတယ် ။
14 comments:
ကောင်းတယ် အစ်မ။
မှတ်မိအောင် ၂ ခေါက် ပြန်ဖတ်လိုက်တယ်။
သိထားတာ မမှားဘူးလေ။ တစ်ချိန်ချိန်မှာ အကျိုးကျေးဇူး အကြီးကြီး ဖြစ်လာနိင်မှာပါ။
မျှဝေပေးတာ ကျေးဇူးပါ မကီ ။
ကျနော်တို့ကို ငယ်ငယ်ကတည်းက ဖေဖေက အဲဒီလိုတွေ လက်တွေ့ သင်ထားတယ် အစ်မရေ။
ဒါပေမဲ့ တစ်ခုခု ဆို့သွားတာ ဘာညာဆိုရင် အနောက်က ပင့်မတဲ့ နည်းတော့ မဟုတ်ဘူး။ အရှိုက်ကို ဒူးနဲ့ တိုက်တဲ့နည်းပဲ။ တကယ်ကို အသုံးဝင်ပါတယ်။ အဖိုးကြီး တစ်ယောက်ကို လက်တွေ့ ကိုင်လိုက်ဖူးတယ်။ သူ စားနေရင်းနဲ့ အသားတုံး နင်သွားတာ။ ငယ်ငယ်က ဆိုတော့လည်း တစ်ခုခု ရရင် လက်တည့်စမ်းချင်နေတာလေ။ ကိုင်ထည့်လိုက်တာ ပက်လက်ကို လန်ကျရော။ လူလည်း မျက်လုံးပြူးသွားတယ်။ တော်သေးတယ် ပါးစပ်က အသားတုံးလည်း ထွက်သွားလို့။ သူ့မှာ ကျေးဇူးတွေ တင်နေတာ။ တကယ်လို့. . .ထွက်သာ မလာခဲ့ရင် .......
အခုနည်းတွေကို သုံးရအောင် တရုတ်မလေးတွေ ဖြစ်ပါစေ . .အဲလေ. . .
ရှဲ့ရှဲ့ မကိရေ
သိထားသင့်တာတွေပါ
ဗီဒီယိုကိုတော့ အိမ်ကျမှ ပြန်ကြည့်လိုက်မယ် .. :D
မိုးခါး
ဟုတ်ကဲ့အမ မှတ်သားထားပ့မယ်
မှတ်သားသွားပါတယ်။ တကယ်အသုံးဝင်တဲ့ အရာပါ။
ကျေးဇူးပါရှင်။
အမ ...
ကျွန်တော် ကော်ပီ လုပ်ပြီး သိမ်းလိုက်ပြီဗျာ။
ကျေးဇူးတင်တယ်...။
ညီမ အလုပ်လုပ်တဲ့စားသောက်ဆိုင်မှာ ခလေးတယောက် စားနေရင်းနဲ့ အဲလိုဖြစ်ဖူးတယ်၊
သူ့အမေက ခလေးရဲ့အနောက်ကနေ ကျောကို ခတ်ဆတ်ဆတ်လေး ထုလိုက်တာ အသားတုံးပြန်ထွက်လာတာတွေ့လိုက်ဖူးတယ်။
အခုလို မျှဝေတာ ကျေးဇူးပါ မကိရေ..။
လူတိုင်း သိထားသင့်တဲ့ နည်းလေးပါ။
ကျေးဇူးပါကိရေ....
မနေ့ကလေးတင် သိချင်နေတာ.... ကိရေ... ကျေးဇူးတင်ပါတယ်...
မကီရေ
ညီမက ကြက်ခြေနီသင်တန်းမှာ ဒီဟာတွေကို သင်ခဲ့ရဖူးတယ် ငယ်တုန်းကပေါ့
မေ့နေတာတောင် ကြာပြီ ခုတော့ပြန်သတိရသွားတယ်
ကျေးဇူးပါ အစ်မရေ
လူတိုင်းသိထားသင့်တဲ့ နည်းလမ်းတွေပါ
မသိသူအတွက် တန်ဖိုးကြီးလှပါတယ်
လှူုအသက်တစ်ချောင်းကို ကောင်းကောင်းကယ်နိုင်တဲ့ နည်းတွေမို့ပါ။
အစ်မ..
တော်တော်ကောင်းတယ် ။အစ်မတော့ ကုသိုလ်တော်
တော်ရမယ် ။ ဒါကြောင့် ပိုပြီး ကုသိုလ်ရအောင် ကျွန်တော် တဆင်ုဖြန့် ဝေလိုက်ပါတယ် ။ အစ်မ ..
ကျွန်တော် ကို မှတ်မိမယ်ထင်ပါတယ် ။ အစ်မ ဆီကို
ခွင့်တောင်းဖူတဲ့ ( စိုင်းမြင့်ထွန်း )ပါ ။ ကျွန်တော်..ရဲ့ 
အစ်မ တစ်ယောက် လိုအင်ဆန္ဒတွေပြည့်ဝါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
လေးစားလျှက်..( စိုင်းမြင့်ထွန်း)
ဒီပို့စ်လေးကတဆင့် တကြိမ်ကြိမ်မှာတော့ လူ့အသက်တစ်ချောင်းမက ကယ်တင်မှုတွေ ကြုံတွေ့လာဦးမှာပါ။ မကိကတော့ ကုသိုလ်တွေ ပွါးနေရုံဘဲ။ ကောင်းတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဒါလေးကို သေချာမှတ်သားပြီး လေ့ကျင့်ထားခဲ့ရင်.. တစ်ချိန်မှာ ဇီဝတ ဒါနလေးများ ဖြစ်နိုင်မလားးးးးး
မကိရေ..
တကယ့်ကို အဖိုးတန်တဲ့မှတ်သားစရာတွေပါ.။ ကူးယူသိမ်းထားတယ်.။
Post a Comment