ကမ္ဘာ့ လူသားအားလုံးအတွက် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော၂၀၁၁ ဖြစ်ပါစေ ။ ( ခုမှ တရေးနိုးပြီး နှုတ်ဆက်လိုက်ရတာကို နားလည်ပေးစေလိုပါတယ် )
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပြီ ။ ၂၀၁၀ ပြီးတော့ ၂၀၁၁ ပေါ့ ။ဘာမှတော့ မထူးဆန်းလှပါဘူး ။ အချိန်တန်တော့လည်း အဟောင်းက ကျန်ခဲ့ပြီး အသစ် အသစ်တွေကို ကူးပြောင်းကြရတာပါပဲ ။ ပျော်၏ မပျော်၏ ၊ တော်၏ မတော်၏ ၊ ရပ်တန့် လို့မရတဲ့ အချိန်တွေကို လိုသလို ဆွဲဆန့် ထားဖို့ လည်း မဖြစ်နိုင်တာမို့  ကာလ ဒေသ နဲ့ လိုက်လျောညီထွေ နေကြရတဲ့ ကမ္ဘာ့  လူသားတို့ အဖို့  နှစ်သစ်တွေတိုင်းကို ပျော်ရွှင်စွာ ကြိုဆိုကြတယ်ပေါ့လေ ။ မပျော်လည်း ဒီတရက်၊ ပျော်လည်း ဒီတရက် ကို မဖြစ်မနေဖြတ်သန်းရမှာမို့  ပျော်ရွှင်စွာ ဖြတ်သန်းကြတာပဲ ကောင်းပါတယ် ။
ဖွားကိခမျာ ဒီတခါ နှစ်သစ်ကို လမ်းခရီးမှာတင် ကြုံသလို ကြိုဆိုလိုက်ရတာမို့  သူများတတွေ ဘယ်ပုံ ဘယ်နည်း ကြိုကြ ပျော်ကြတယ်ဆိုတာကို နောက်နေ့အိမ်အရောက်မှာမှ တီဗွီဖန်သားပြင်မှာ လှမ်းမြင် လိုက်ရတယ်။ ပုံတွေ အရတော့ ပျော်စရာတော့ အကောင်းသား ။ မြို့ တော် ထိုင်ပေ ရဲ့  အထင်ကရ နေရာ မှာ လူဦးရေ ၇ သိန်းခွဲက စုပြုံ တိုးဝှေ့ ပြီး စင်ပေါ် စင်အောက် ဆိုကြ ကကြ အော်ကြ ဟစ်ကြ နဲ့ ၂၀၁၁ ကို ရောက်ခဲ့ပြန်တယ် ။ စပ်ကူးမတ်ကူးကာလလေးမှာ ဖွားကိ တယောက်က ထုံးစံ အတိုင်း ဟိုမရောက် ဒီမရောက် ဖြစ်နေလိုက်ပါသေးတယ် ။ ၁၀, ၉, ၈, ၇, ၆, ၅, ,၄, ၃, ၂, ၁.နှစ်သစ်ကြိုတဲ့ ပွဲ နေရာ တွေမှာ. 2011 စာတန်းတွေ ပေါ်လာပြီး .... မီးရှူးမီးပန်းတွေ ဖေါက်ကြတဲ့ အချိန်နားကပ်ပြီး မှာမှ ဒီမြေပြင်ကို ပြန်လည် အခြေချလိုက်ရတယ် လေ ။
၂၀၁၀ ဒီဇင်ဘာလရဲ့  နောက်ဆုံးရက်မှာ အမိမြေကို အသစ်တဖန် ခွဲခွာပြီး ပြန်လာခဲ့ပြီ ။ ဝေဟင်ခရီးမှာ လေယာဉ်ကြီးစီးဖို့  အရေးကို Flight - DELAY တဲ့ ။ ဒီလိုနဲ့ အချိန်တွေ နောက်ကျပြီးမှ ဒီမြေကို ပြန်နင်းရတဲ့ အချိန်မှာ လာကြိုမဲ့သူ မရှိ ။ ရှိတဲ့ ကားတွေကလည်း နည်းပါးနေတဲ့ အချိန်၊ လူတွေ အတော်များများက နှစ်သစ်ကြိုပွဲ ရောက်နေကြလို့  တက်စီကားငှားရတာတောင် သိပ်မလွယ်လှ ။ ဒီလိုနဲ့ပဲ နှစ်သစ် တနှစ်ကို ကြုံရာကားစီးရင်းနဲ့ ကြို လိုက်မိတယ် ။ ရင်ထဲမှာတော့ ဗလာနတ္ထိ ၊ ဘဝ တခုကို အသစ်က ပြန်စရမယ် ဆိုတော့ စိုးရိမ်ကြောင့်ကြစိတ်လေး နည်းနည်းတော့ ဝင်လာမိသေးပေါ့ ။ ဟယ် မတတ်နိုင်ပါဘူး ၊ဒီကွေ့ မှာ ဒီတက်နဲ့လှော်၊ ဟိုကွေ့ ရောက်တော့ ဟိုတက်နဲ့ လှော် ၊ ဖြစ်သမျှ အကြောင်း မကောင်း ကောင်းအောင်လုပ်ရမှာပဲပေါ့လေ ။ ဒီလို နဲ့ ရဲဆေးတင်ပြီး အလင်းတန်းထွက်မဲ့ အရပ်ကို အမှောင်ထဲမှာ စမ်းလျှောက်ရင်း အာရုဏ်ဦးကို ရောက်လာပါပြီ ။
လမ်ခရီးမှာ စဉ်းစားခန်းဝင်လာမိတာတွေတပြုံကြီး ။ ပြန်မဖေါ်ချင်တဲ့ အတိတ်ကလည်း အရိပ်လို တွယ်ကပ်နေသေးလို့  နေရင်းထိုင်ရင်း လာတိုက်ခဲ့တဲ့ ခလုပ်ကို ဒေါသပွားမိလိုက်သေးရဲ့  ။ ကိုယ်လိုရာ ဆွဲတွေးပြီး ကိုယ့် ကိုယ်ကိုသာ အမှန်လို့  မြင်တတ်တဲ့ သူတယောက် ရဲ့ တဖက်သပ် စွပ်စွဲချက်တွေကို ၊ သံသရာ မရှည်လိုတော့လို့  ဘာဖြေရှင်းချက်မှ မထုတ်ခဲ့တာ ၊ ခုထိ ရင်နာမိနေသေးရဲ့  ။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတယ် ၊ သူပြုတဲ့ကံလည်း သူ့ ဆီပြန်မှာပဲပေါ့ လို့ စိတ်ဖြေရင်း နဲ့ လွမ်းစရာ မရှိတဲ့ ၂၀၁၀ ကြီးကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတယ် ။
အရေးကြီးတာက ကိုယ့်ဘဝ ကိုယ်ဆက်လျှောက်ကြဖို့ ပဲ မို့ လား ၊ ခုတော့ လုပ်သင့်လုပ်ထိုက်တဲ့ သမ္မာဇီဝ အလုပ်တခုကို လုပ်နေပြီ ။ နှစ်သစ်မှာ ကိုယ်အဟောင်းက စိတ်အသစ်နဲ့ အလုပ်အဟောင်းကို အသစ်လို ပြန်စလိုက်ပြီ ။ လောလောဆယ်တော့ စာအသစ်တွေ မရေးနိုင်သေးလို့ ၊ အရင် ကိုယ့်ပြည်မှာ ရှိနေတုံးက မှတ်ထား ရေးထားတာလေးတွေကိုပဲ နောက်ရက်များမှာမှ အသစ် တင် ပေးလိုက်ပါမယ်။
ဟိုမှာရှိနေတုံးက လိပ်ပြေးနှုန်းနဲ့တက်နေရတဲ၊့ ဟိုဟာ ဒီဟာ၊ ဟိုလိုင်း ဒီလိုင်းတွေ ပိတ်ထားတဲ့ အင်တာနက်ကြီးကြောင့် ဝင်မရတဲ့ ဖတ်စရာ မှတ်စရာများကို ဒီရောက်မှ ပြန်ဝင်ရတော့ တစိမ်းပြင်ပြင်ဖြစ်နေတဲ့ သတင်းတွေ အတင်းတွေ အစုံအလင် တွေ့ ရပြန်တယ် ။ ဒီလိုနဲ့ ဒီနေရာ ရောက်ပြီး ၊ သိပြီးသား သတင်းတခုကို အသစ်တဖန် ပြန်ဖတ်ကြည့်လိုက်တော့ ဩော် ၊ ကမ္ဘာကြီးတောင် ပျက်တော့မှာပါလားလို့  စဉ်းစားခန်းတွေ ဝင်မိပြန်ရော ။ ဘာလိုလိုနဲ့ ပြန်တွက်ကြည့်တော့ ၂၃ လ သာသာ လေးပဲ ကျန်တော့ပါလား။ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် နေ့တဲ့လေ ။ တကယ် ဖြစ်မယ် မဖြစ်ဖူးဆိုတာတော့ အငြင်းပွားနေစရာ သိပ်မလိုတော့ပါဘူး ၊ စောင့်ကြည့်နေကြရုံပါပဲလေ ။ ဖြစ်ပြီးပျက်ရတာ သဘာဝ တရားကြီးပဲ ။မွေးတနေ့ ၊သေတနေ့ ၊ မိုးပြို အများမို့  အထူးတလည် စိုးရိမ်ကြောင့်ကြနေစရာတော့ မလိုလှဘူး ထင်ပါတယ် ။ ကိုယ်အသက်ရှင်နေတုံး ကျန်တဲ့ အချိန်လေးတွေကို အကျိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ အသုံးချ နေထိုင်ပြီး ဘဝကူးကောင်းအောင် ခုတည်းက အားထုတ်ကြဖို့ ပဲ ရှိပါတယ် ။ လောဘ ဒေါသ မောဟ မီးတွေ အေးငြိမ်းအောင်ပြုပြီး၊ ရတနာသုံးပါး မမေ့မလျှော့ပဲ၊ မေတ္တာ ဂရုဏာ မုဒိတာတွေ ပွားပြီး ကျင့်ကြံနေထိုင်ကြဖို့  အချိန်ရှိပါသေးတယ် ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။
လုံးစုံများစွာ သတ္တဝါ ၊ချမ်းသာကိုယ်စိတ်မြဲပါစေ ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
13 comments:
ခရီးကပြန်လာပြီလား။ ကမ္ဘာတော့ ဒီလောက်မြန်မြန် ဆန်ဆန် မပျက်နိုင်သေးပါဘူး။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
ကြောက်တတ်ပါတယ် ဆိုနေမှ....
နှစ်သစ်မှာ...
ကမ္ဘာပျက်မယ့်နေ့ကို အစဆွဲထုတ်လိုက်တဲ့ မကိ လူဆိုးကြီး...
Happy New Year ...ပါ မကိရေ...။
wish you all the best...
မကိ
နှစ်သစ်မှာ ကိုယ်အဟောင်းက စိတ်အသစ်နဲ့ အလုပ်အဟောင်းကို အသစ်လိုပြန်စလိုက်ပြီ
မျက်စေ့တွေရော နားတွေပါ လည်ထွက်သွားတာဘဲဗျာ
ကိုယ်အဟောင်းကြီး အလုပ်အဟောင်းမှာ စိတ်အသစ်နဲ့ တဖန်ပျော်ရွှင်စွာ လည်ပတ်နိုင်ပါစေ ရွှေပြည်မှာ မတင်ဖြစ်သမျှ ပို့စ်တွေကို တနေ့ သုံးပို့စ် နှုန်းလောက်နဲ့ တင်နိုင်ပါစေ
ခင်မင်စွာဖြင့်
seesein
အင်း...
မမကီရေ .. နှစ်အကူးကတော့  ထုံးစံအတိုင်း
အဖြစ်မထူးပဲ တစ်နှစ်သာကူးသွားတာပါပဲ။
ဘာပဲပြောပြော အမှောင်ထဲက အလင်းကို ပြန်ရောက်
လာပြီပဲ ။ အားလုံးက နဂိုအနေထက် ငါ့ အမ ဆိုပြေ
လာတော့ မယ်ပေါ့ ။
ဒါပေမဲ့  အမရေ ကျွန်တော်တို့ အားလုံး အမှောင်ကလာသူ
တွေမို့  တစ်နေ့  အမှောင်ကိုပြန်ရတော့ မယ်လေ..။
လူအဟောင်း စိတ်အသစ်နဲ့ နေရာအဟောင်းကို နေရာအသစ်လိုမျိုးနဲ့ အလုပ်အဟောင်းမှာ အလုပ်အသစ်လိုမျိုး စိတ်အသစ်လေးထားပြီး ပို့စ်အဟောင်းတွေကို တင်ပြီးသကာလ ပို့စ်အသစ်တွေ များများတင်နိုင်ပါစေ။
သတင်းထူးပြောဦးမယ် ဦးနီကုတ် တဲ့. . .အဲလေ .. ယူနီကုတ်တဲ့။ ပြောင်းကြရမတဲ့ အသစ် ဆိုဘဲ။
ကိ ပလိတိ ဂွိ.... နှစ်သစ်မှာ အလုပ်ဟောင်းကို အသစ်ကနေ ပြန်စ ရတာ လူတိုင်းကြုံရတာ မဟုတ်ဘူး... ဂုဏ်ယူလိုက်ပါတယ်ဂျင်းရာ :P
လူဟောင်းလောင်းကြီး... အဲလေ... လူဟောင်းကြီး ဘောင်းဘောင်းဟောင်းတော့ မဝတ်နဲ့နော်... တနှစ်လုံးဝတ်၇တတ်တယ်... ကဘာပျက်ရင် ဘောင်းဘောင်းဟောင်းကြီးနဲ့ လျှောက်ပြေးကြတာပေါ့... အဟွတ်... ကော်မန့် တိတ်မပွတ်တတ်ဘူး.... ငတယ်ဂျင်းလေး... အဂျစ်သစ်နဲ့ ဂျူတီကုတ် ( အူနီကုတ်မဟုတ်) အသစ်နဲ့... နှစ်သစ်မှာ လစာလေးလဲ အသစ် များများ....ရပါဂျေ.....
ကိရေ..
လာတယ်ပြန်တယ်..
အစ်မရေ အင်တာနက် အဆင်ပြေစွာပြန်လည် အသုံးပြုနိုင်တော့မှာကို သိရလို့ ၀မ်းသာမိပါတယ်.
ကျွန်မတို့ရွှေပြည်ကြီးထက်စာရင် ဘယ်ရောက်နေနေ အင်တာနက်ကတော့ ကောင်းပြီးသားဘဲနော်..
မင်္ဂလာနှစ်သစ်ပါ အစ်မရေ
ပျော်ပျော်ပါးပါး စာတွေ ဆက်ရေးနိုင်ပါစေ..
ဆိုလော့က ထိုင်ပေ ကိုရောက်နေတာလား ဂလိုလား
ဝမ်းနည်းထျာာ အဲလေ ဝမ်းသာပါတယ် ပြန်လာတဲ့အတွက် ခစ်ခစ်
ကမ္ဘာ ပျက်ချင်လဲ ပျက်ပါစေဗျာ။
ဒါပေမဲ့ ဒါဟာ တကယ် မဟုတ်ဘူးလို့တော့ ကြားတယ်။
အတိကျသိရရင် ကောင်းမယ်။
ပိုက်ဆံတွေချန်ထားစရာမလိုဘူး ၊ သုံးချင်တာ အကုန်သုံးပစ်လိုက်ချင်လို့။
မကီပြန်လာတော့ အင်အားတစ်ယောက်ပြန်တိုးလာပြီ။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ပျော်ပျော်နေဖို့ အရေးကြီးတယ်။ နက်ကောင်းတဲ့နေရာ ပြန်ရောက်ပြီဆိုတော့ အရင်လို ပို့စ်တွေတင်ပေတော့။
Post a Comment