ခေါင်းစဉ်ကြည့်တာနဲ့ သိလောက်ပါတယ် ။ အကြောင်းအရာ နဲ့ အပေါင်းပါတွေ၊ ဘာမှတော့ မထူးဆန်း ၊ ဂျလန်း ဂျလန်း လုပ်ခဲ့တဲ့ တစိတ်တဒေသပေါ့ ။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာဒုတိယပါတ်မှာ မိုးတွေ ရွာချလိုက်တယ် ၊အခါမဲ့မိုးအကြောင်း သတင်းစာထဲ ဖတ်လိုက်ရတာကတော့ အနောက်ဖက်အရပ်ကတိုက်ခတ်တဲ့ လေပွေလှိုင်းတွေကြောင့် ဒီမိုးရွာရခြင်းဖြစ်ပါသတဲ့။မြန်မာပြည်တဝှမ်း စံချိန်တင်ခဲ့တဲ့ မိုးရေချိန်တွေတောင် ပါလိုက်သေးတယ် ။ မြို့ တော် ရန်ကုန်ရဲ့  ပူစပ်ပူလောင် ဒီဇင်ဘာမှာ အခါမဲ့မိုးရွာလိုက်တော့ ရာသီဥတုက အေးမြသွားတယ် ။ သဘောကျသလို ရှိပေမဲ့ ဒီအခါမဲ့မိုးဆိုတာ စပါးရိတ်သိမ်းဆဲအချိန်၊ လယ်သမားတွေအတွက် အနှောက်အယှက် အဖျက်အဆီးတွေဖြစ်စေတာမို့  ဒီမိုးမျိုးထပ်မရွာတော့တာပဲ ကောင်းပါတယ် ။ကိုယ့်အတွက်ကောင်းပြီး သူများအတွက် ပျက်စီးစေတာမျိုးတော့ မလိုလားပါလေ။
မရောက်တာ ဆယ်စုနှစ်တခုကျော်ကြာပြီဖြစ်တဲ့ ကျိုက်ထီးရိုးဖုရားဖူးဖို့ စိတ်ကူးရတာမို့  ကမန်းကတမ်း ကားလက်မှတ်ပြေးဝယ်ကြတယ်။ ခုဆို အတော်လေး အဆင်ပြေတယ် ။ ဘုရားဖူးကားတွေ လုပ်ငန်းတွေများလာတာမို့  ရွေးချယ်စရာတွေ ပိုများလာတယ်ပေါ့ ။လတ်တလော ဈေးကို ပြောပြမယ် ၊ အဲယားကွန်းဘတ်စ်ကြီးတွေ နဲ့ အသွားအပြန် ကားခချည်းပဲဆိုရင် တယောက် တစ်သောင်းကျတယ် ။
ဟိုမှာ ထမင်း ၂ နပ်စာ နဲ့ တောင်ပေါ်တည်းခိုခန်း တည အိပ်ခ အပါအဝင်ဆိုရင် နှစ်သောင်းခွဲ တဲ့။ ပွဲတော်ရက်တွေဆို ဈေးပိုကြီးမယ် ။ ခရစ်စမတ်၊ နှစ်သစ်ကူးတို့ ဆိုရင် တောင်ပေါ်မှာ လူကျိတ်ကျိတ်တိုးနဲ့ နေရာထိုင်ခင်း အဆင်မပြေမှာစိုးလို့  လူရှင်းတဲ့ဒီအချိန်က ပိုကောင်းတယ် ။ ရန်ကုန် နဲ့ ကျိုက်ထို ကင်မွန်းစခန်းကို ၄ နာရီခွဲပဲ ကြာတယ် ။ည ဆိုတော့ ကားတွေ အရမ်းမောင်းကြတာ လည်းပါမယ်။
ဖွားကိတို့ ငယ်ငယ်တုံးက တနေကုန်နီးပါးတက်ရတဲ့ ခြေလျှင်ခရီးကို၊ ညဆိုရင် မီးဒုတ်ကြီးတွေ ကိုင်ပြီး အမောဆို့ အောင်တက်ရတဲ့ ခရီးကို ခုဆို တောင်တက်ကားတွေစီးရင် နာရီပိုင်းအတွင်းရောက်နေပြီဖြစ်တယ် ။ လမ်းတွေက ကွန်ကရစ်တွေ ၊ တချို့ နေရာမှာဆို ၅၀-၆၀ ဒီဂရီလောက် မတ်စောက်ပြီး တဆစ်ချိုး နှစ်ဆစ်ချိုး ကွေ့ တာတွေ လည်းရှိတော့ အန္တရာယ်တော့ အများသားပဲ ။
ပျော်စရာကောင်းသလို ကြောက်စရာလည်းကောင်းပါတယ် ။ဘာလို့ဆိုတော့ မိုးက ရွာချင်တဲ့အချိန် ရွာချနိုင်တာကိုး ။ ကားတွေဘယ်လောက်ကောင်းမယ် ကားသမားဘယ်လောက်ကျွမ်းမယ် ဆိုတာက မသိနိုင်တော့လည်း ရင်တထိတ်ထိတ်နဲ့ပါပဲ ။ အသက်ကို ဥာဏ်စောင့် ဆိုပေမဲ့ ခရီးသွားတွေ ရဲ့ အသက် ကားသမားလည်း စောင့်တယ် ။ မယုံမရှိကြနဲ့  ။
တောင်ခြေ ကင်မွန်းစခန်းကနေ ရသေ့တောင်ထိ တပိုင်း က ၄၅ မိနစ်လောက် ပဲ မောင်းရတယ် ။ အတက် ၊ အဆင်းကားတွေ ၂စီး ယှဉ်ဖြတ်ရလောက်အောင် လမ်းမကျယ်တော့ လမ်း နဲနဲကျယ်တဲ့နေရာမျိုးမှာ စောင့် နေရတဲ့ အချိန်ပါ ထဲ့တွက်ရင်တော့ ၁နာရီကျော် ကြာသွားတယ်ပေါ့။ ဒီင်္ခရီးကို လမ်းလျှောက်တဲ့သူတွေလည်း ရှိတယ် ။ ၄ နာရီလောက်ကြာတယ် တဲ့ ။ နားနားနေနေ လျှောက်ရင်တော့ ဒီထက်မက ကြာမှာပေါ့လေ ၊ နောက်တော့ ရသေ့တောင်မှ တောင်ထိပ်ထိ တပိုင်းပေါ့ ။အဲ့ဒီ တပိုင်းက လမ်းပို တိုပေမဲ့ ပိုမတ်စောက်တယ် ပိုကြမ်းတယ် ။ ဒါကြောင့် ဖွားကိတော့ ခါးချိနေပေမဲ့ လမ်းလျှောက်တက်လိုက်ပါတယ် ။ အထမ်းသမားတွေ ၊ ပစ္စည်း ထမ်းတာရော လူ ထမ်းတာတွေရော အများကြီး ရှိပါတယ် ။ အထမ်းခြင်းတောင်းမှာ နံပါတ်တွေ ဈေးနှုန်းတွေ ရေးထားတာရှိတယ် ။ ပိသာ ၃၀ ကို ၄၅၀၀ ကျပ်တဲ့ ။ ဖွားကိတို့  အုပ်စု ခပ်နုံနုံတွေက ပါတ်ဝန်းကျင်လေ့လာမှု နှေးကွေးတာကြောင့် တပိသာ ၅၀၀ ကျပ် ၊ပါးစပ်ဈေးနဲ့ ထိသွားတယ် ။ ခေတ်ကြီးကိုက ၊ အ တဲ့သု ခံစတမ်းမို့  အဖွဲ့က လူတွေကို ဘာမှထပ်မပြော ဖြစ်တော့ ၊ စိတ်ထဲမှာ ပဲ ပြုံးနေမိတော့တယ် ။ ဩော် .. နဖူးကချွေး ခြေမကျ မှ ဝမ်းခေါင်ခေါင်ကို ဖြည့်တင်းနေကြရသူများ ၊အများကြီးရှိနေပါသေးလား။
မောင်တထမ်း မယ်တရွက် ဆိုတာ ဒါမျိုး။
ဒါတောင် ချွေးတစက်မထွက်ပဲ chopper ကြီးတွေ စီးပြီး ဘုရားလာဖူးကြသူများ ။ ရင်ပြင်တော် VIP တည်းခိုခန်းထဲကနေ အပြင်မထွက်ပဲ ဘုရားကြည်ညိုနေကြသူများလည်း ရှိသေးရဲ့ ။ သူတို့ အသက်ကျတော့ ဘယ်သူတွေ စောင့်သလည်း ။ ဗြောက်ကြီးတွေ ခါးကြားထိုးပြီး ဘုရားဖူးကြသတဲ့...
ထားပါတော့ ၊ ကိုယ့်ဘုရားကိုယ်ဖူး ၊ အဲ့လေ ကိုယ့်လမ်းကိုယ်သွားတဲ့ အကြောင်းပဲ ဆက်ပြောမယ် ။
ဒီလို ကားကြီးတွေပေါ် ဒီလိုတက်ကြရတယ် ။ လှေခါးတွေ ထောင်ပြီး တက်ကြတာ ကမ္ဘာမှာ မြန်မာဟေ့ လို့  ဂုဏ်ယူလိုက်မိတယ် ။ ရွှေဘ လို တက်ပြီး ချီးဘူး လို ဆင်းကြတာပေါ့ ။ ဆင်မယဉ်သာ ဟန်နဲ့ ဆို ကျန်ခဲ့မှာ သေချာပါရဲ့  ။
ဘုရားမရောက်ခင် တလမ်းလုံး ဘုရား တ ပြီး ကားစီးကြရတော့ ကုသိုလ် ပိုရကြတာပေါ့လေ ။ ကားပေါ်မှာ ထိုင်ရတာတော့ သစ်သားတန်းတွေ ၆တန်း ၇တန်းလောက် ၊ တတန်းကို လူ ၆ ယောက် ပြွတ်ထိုင်။ သူ့ တင်ပါး ကိုယ့်ဒူးနဲ့ တိုး ၊ ကိုယ့်တင်ပါး နောက်ကလူ ဒူးနဲ့တိုက် ။ ဘုရားတ လိုက် နဲ့ပဲ ရသေ့တောင်စခန်း ရောက်ပါလေရော ..
ရသေ့တောင်ကနေ ရင်ပြင်တော်ထိ ဘုရားဖူးတွေ ၊ အထမ်းသမားတွေ၊တောင်တက်တောင်ဆင်းကားတွေ၊ စားသောက်ဆိုင်တန်းနဲ့ အမှတ်တရပစ္စည်း ရောင်းတဲ့ဆိုင်လေးတွေ၊ အလှူခံတွေ၊ တပျော်တပါးကြီးမို့  ခုန ကားစီးပြီး ချောက်ခြားနေတဲ့ စိတ်တွေပျောက်ပြီး မောတော့မောတာပေါ့ .. ဒါပေမဲ့ မောတာပေါ့။
သူများတွေ ၁ နာရီလောက်တက်ရတဲ့ ခရီးကို ဖွားကိ က ၂ နာရီလောက်တက်လိုက်ရတယ် ။ ဒါပေမဲ့ တောင်ကြီးဖဝါးအောက်ပဲ .. ဘာရမလည်း ငှဲ ငှဲ ငှဲ ..နောက်ဆုံးတော့ လည်း ရင်ပြင်တော်ပေါ် ရောက်သွားပါတယ် ။
ရင်ပြင်တော်ပေါ်မှာ အမျိုးသမီးတွေ ဘောင်းဘီ ၊ စကပ် မဝတ်ရ ။ ဒါကြောင့် မုဒ်ဦး အဝ မရောက်ခင် အဝတ်လဲလှယ်ခန်းလေး ထားရှိပေးပါတယ်။ ( ဘုရားသမိုင်းတို့ ၊ မြေပုံ အညွှန်းတို့ တော့ မထည့်တော့ပါ။ သိချင်သူများ အင်တာနက်မှာ ရှာဖတ်ကြလေကုန် )..
အရင် နဲ့ မတူတာတွေ ပြောင်းလည်းနေတာတွေ တော့ အများကြီးပါပဲ ၊ရင်ပြင်တော်အပေါ်မှာလည်း အတော်လေးသန့်ရှင်း သပ်ရပ်သွားတယ် ။ အရင်က တည်းခိုခန်းတွေကို ဝါးထရံ ၊ ဝါးကပ်တွေ နဲ့ဆောက်ထားတာမို့  နှစ်တိုင်း မီးလောင်လေ့ရှိတယ် ၊ရေလည်းရှားတယ်။ ခုတော့ အုတ်တိုက်တွေ နဲ့ ရေပိုက်နဲ့  လျှပ်စစ်မီးတွေ နဲ့ ဖြစ်နေကြပြီ။ သာဓုခေါ်ကြပါ ။း))
ကျီးကန်းပါးစပ်တို့ ၊ မုဆိုးတောင်တို့ က အရင်တုံးက ရောက်ဖူးတာ မို့  ၊ တခါမှ မသွားဖြစ်တဲ့ ရေတန်ခွန်ကို သွားဖို့  ဆုံးဖြတ်လိုက်တယ် ။ အမလေးးး လမ်းတဝက် ရောက်မှ နောင်တ ၊ ရချင်သလို ဖြစ်မိတယ် ။ ကျောက်တုံးတွေ ကျော်ခွ တက်ရတာ အမောဆို့ မိပါရဲ့  ။ သူများတွေ ၁ နာရီ ဆင်းရတဲ့ ခရီးကို ၂ နာရီကျော်လောက် ဆင်းရ လျှောက်လိုက်ရတယ် ။ ဒါပေမဲ့ သွားပျော်ပါတယ် ။ ရေတံခွန်ကရေကျသံတွေ ကြားတော့ မောတဲ့စိတ်တွေ ပျောက်သွားပြန်ရော ။ ဆောင်းတွင်း တောင်ကျရေ ဆိုတော့လည်း ရေခဲရေထက်တောင် အေးစိမ့်နေတာပေါ့ ။
ဆင်းပြီးရင် တက်ရတယ် တဲ့ ။ တက်ပြီးရင်လည်းဆင်းရမှာပဲ ။ တချို့ကျ တက်ပြီး ပြန်မဆင်းတော့ဘူး ။ ခက်တာပဲ ။
ရေတံခွန်က အပြန် မိုးတောင်ချုပ်သွားပါရောလား ။
ညရှုခင်း နဲ့  ဘုရား လည်း အလွန် သပ္ပါယ်ပါတယ် ။
တစ်ည အိပ် ၂ ရက်ခရီး မို့  ပင်ပန်းပေမဲ့ အပြန်လမ်းမှာ လည်း အလာ လမ်း အတိုင်းပဲ တောင်ပေါ်မှ ရသေ့တောင်စခန်းထိ ခြေလျှင်လျှောက် ၊ လမ်းကနည်းနည်း ချောတော့ ချော်လဲ ရောထိုင် ၂ ခါ လုပ်ပြီးသကာလ ၊ နောက်ခရီးတဝက် ကို ရွှေဘလို ကားပေါ် တက် ၊ သည်းထိပ်ရင်ခုန် ကားမြင့်ကြီးကို မြင်ရတဲ့ အတိုင်းအသကုန် အော်ဟစ်စီးပြီး နောက်တော့ တောင်ခြေ ကင်မွန်းစခန်းကို ချောမောစွာ နဲ့ ပြန်ရောက်လာပါတော့တယ် ။
ကျိုက်ထို ရန်ကုန် လမ်းခရီးကတော့ မြန်သား ။ ၅ နာရီတောင် မကြာပေဘူး ။ လူတွေကတော့ ပင်ပန်းညောင်းညာ နေကြပြီမို့  လမ်းတလျှောက် အိပ်ငိုက်လာတာ နဲ့ ကားပေါ်မှာ ပြတဲ့ ဟာသကားတောင် ဘာမှန်းမသိ လိုက်ပဲ ရုတ်တရက် အနှိုးခံလိုက်ရတော့ အူကြောင်ကြောင်နဲ့ အောက်ဆင်းလျှောက်လိုက်ရသေးတယ် ။ အင်းတကော် အထွက် နဲ့ တူပါတယ်၊ စစ်ဆေးရေး ဂိတ်မှာ စစ်သား ၃ယောက် ကားပေါ်တက်လာပြီး ခရီးသည်တွေကို အောက်ဆင်းလျှောက်ခိုင်း ပါတော့တယ် ။ အကြောင်းရင်းက “ လူဂျီး ” လာတာ မို့  လုံခြုံ ရေး အရ ပါတဲ့ လေ .. သေဟဲ့ နန္ဒိယ ...
သူ တို့ ဟာ သူတို့  ကားနဲ့ ဖြတ်အသွားမှာ မဆီမဆိုင်.. ခြေထောက်နာနေသူတွေ အိပ်ပျော်နေသူတွေကို လမ်းဆင်းလျှောက်ခိုင်းရတယ် လို့ လေ.... အင်း.. ကုသိုလ်တပဲ ငရဲ တပိသာ ဆို တာ ဒါမျိုးပဲ နေမှာ ။
လိပ်ဥမတူးလိုက်ရတဲ့ ဘုရားဖူးခရီး အကြောင်းလေး အမှတ်တရ ပါ ။ ကျိုက်ထီးရိုးဘုရားဆီသို့  မရောက်ဖြစ်တာ ကြာသူများ အတွက် မျှဝေပေးလိုက်ပါတယ် ။
14 comments:
ဒါတောင် ဘွားကိက တစ်ခါတည်း လမ်းဆင်းလျှောက်ရတာ
တစ်ခါတုန်းက ထားဝယ်ကို ကားလမ်းက သွားမိတုန်းက မှတ်မိသလောက် ရန်ကုန်အထွက် ပဲခူးနားကနေ လမ်းဆင်းလျှောက်ရတာ ထားဝယ်အရောက်ပဲဆိုပါစို့...
၂ ညလုံးလုံး မအိပ်လိုက်ရဘူး...
အိမ်မက်ထဲမှာလျှောက်နေရသလိုပဲ
၁၀ မိနစ်တစ်ခါ လမ်းဆင်းလျှောက်နေရတာ...
တွေးမိရင် အသည်းနာတယ်....
သူတို့လုံခြုံရေး...
နှင်းနဲ့မာယာ
တော်သေးတာပေါ့ ပေါ်ဒေါ်မူလာသေးလို့  စိတ်ပူလိုက်ရတာ......... ဟူးးးးးးးးးး
လက်စသတ်တော့ ဝေါ်ယာဉ်ကြီးနဲ့ တိုင်းခန်းလှည့်နေတာက ဖွားကိ ဖြစ်နေတာပေါ့
အေးလေ ... အသက်က စကားပြောလာပြီကိုနော့
Hi, i just want to say hello to the community
အမရေ...
နောက်တစ်ခေါက်ထပ်ရောက်သွားရသလိုပဲ
ကျိုက်ထီးရိုးကို..။
အမရေးတာကို ဖတ်ပြီး ကျိုက်ထီးရိုးရောက်သွားသလို ခံစားရတယ်။ရေတံခွန်သွားတဲ့လမ်းက ကြမ်းတယ်နော်။ပင်လည်းပင်ပန်းတယ်။ဒါပေမယ့် ဟိုရောက်တော့ ပျော်သွားတာပါပဲ... :)
ကျိုက်ထီးရိုးကို အစ်မကိနဲ့ အလည်လိုက်သွားပါတယ်...
လမ်းစရိတ်ခံပြီး ခေါ်ပေးလို့ ကျေးဇူးနော်...း)
တကယ်ရောက်သွားသလို ခံစားလိုက်ရတယ်
ဘုရားလဲဖူး လိပ်ဥတူး အဲလေ ရှုခင်းလဲကြည့် မို့
ပျော်စရာကောင်းလှပါတယ်လို့...
ကျိုက်ထီးရိုးဘုရားကို မရောက်တာ ၁၂နှစ်လောက်ရှိပြီ။
ရန်ကုန်ပြန်မှ သွားတူးရအုံးမယ်..
အဲ..မှားလို့..သွားဖူးရအုံးမယ်...း)
အဲဒီလို လူလူချင်း ထမ်းရ ပိုးရ ၊ ထမ်းခံ ပိုးခံ နေတဲ့ လူတွေကို မုန်းသဗျာ။
သြ . . ကားပေါ်ကို ဒီလို တတ်ရတယ်. . တတ်ရတယ်...ရတယ်...တယ်....ယ်...်...်..
လမ်းဆင်းလျှောက်တော့လည်း ကျန်းမာရေးနဲ့ ညီညွှတ်တာပေါ့ဗျာ။ မလျှောက်လို့မှ မရဘဲကို..
ကျေးဇူးပဲ မကိရေ. .
ဒီတစ်ခေါက်ပြန်ရင်သွားဖူးမလို့စိတ်ကူးထားတာ၊
အခုမရောက်ဖြစ်တယ်ဗျာသိတယ်မလား
ဖတ်စရာတွေအများကြီးဘဲဖြေးဖြေးခြင်းဖတ်သွား
မယ်
ပုံတွေမြင်တော့ သတိရလိုက်တာဗျာ
အရင်က နှစ်ကူးချိန်တိုင်း သွားနေကြ ခုတော့ မရောက်တာ ၅ နှစ်ရှိပြီ။
အသက်ချင်းအတူတူ သူတို့အသက်ကမှ ပိုတန်ဖိုးရှိတယ် ထင်နေကြတာကိုး။
ညဘက်ကုပ်ကုပ်လေး ပါသွားမှ ငါလည်း အားလုံးနဲ့အတူတူပါလားလို့ သိကြမှာ။
မြစ်ကျိုးအင်း
မကိရေ...
အလွမ်းဓါတ်ခံရှိတယ်ဗျ....
သတိမရချင်တာတွေပါ သတိရကုန်ပြီ.... :) :-) :P :D
ကျိုက်ထီးရိုးတောင်တန်းနားမှာ နေပြီး ကျိုက်ထီးကို တစ်ခေါက်ပဲရောက်ဖူးတယ် ၂၀၀၁ ခုနှစ်တုန်းပေါ့... ဒါပေမယ့် အရမ်းပျော်ဖို့လည်းကောင်းခဲ့တယ်...
အမှတ်ရစရာတွေလည်း ရှိခဲ့တယ် သူငယ်ချင်းတွေနဲ့အတူပေါ့....
အဲဒီတုန်းကလည်း ရင်ပြင်တော်ပေါ်မှာ မိုးတွေဖွဲဖွဲရွာခဲ့ဖူးတယ်....
ကျနော်အခုတော့ ဗွီဒီယိုဇာတ်ကားတွေထဲမှာ ရုပ်ပုံတွေထဲမှာပဲ ဖူးနေရတယ်...
ဘယ်တော့များမှ ပြန်လည်ဖူးမျှော်ရမှန်းမသိပါဘူးဗျာ...
မကိရေ...
နှစ်သစ်မှာ ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...
dsadasdasdasd adsdasdadasd asdasdasdasdsadas dasdadadsadadsa dasdasddsa dsa dsadasdadas dsadasda dsadadas
Post a Comment