အာရောဂျံ ပရမံလာဘံ .. ကျန်းမာခြင်းသည် လာဒ်ကြီးတပါး လို့ ပြောကြတယ် ။ မိဘစုံလင် ခြေလက် ကိုယ်အင်္ဂါ စုံလင် ၊ ဦးနှောက် ပုံမှန် ဖြင့် ကျန်းမာ သန်စွမ်း နေကြရသူ တွေ အဖို့ ၊ ဒီလို ပြည့်စုံနေကြရခြင်းရဲ့ အကျိုးတရား များကို သတိထားမိကြပါမလား ။ မပြည့် မစုံ နေထိုင် အသက်ရှင်နေရသူများရဲ့ ဘဝတွေကို ကိုယ်ချင်းစာ တတ်ကြပါ့မလား ။ သူတို့လေးတွေ ဘဝကို ကိုယ်တိုင် တွေ့ မြင်ရတဲ့အခါမှာ ဒီလို အသိတရားတွေ ဝင်လာ မိလို့ ၊ ကိုယ့်တိုင်းပြည်လေးထဲမှ ချို့တဲ့ စွာ အသက်ဆက်နေထိုင်ကြရသူတွေ များစွာ ထဲမှ ၊ လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ် ....
>
၂၀၁၀ ၊ ဇွန်လ ၈ ရက်နေ့  မနက် ၊ မိုးတွင်းကာလမို့  ရာသီဥတုက အုံ့ဆိုင်း ညိုမှိုင်းနေတယ် ။ ဒါပေမဲ့ မိုး မရွာ လို့  ၊ ပူလောင် အိုက်စပ်နေတဲ့ ရွှေမြို့ တော် ကြီးရဲ့  တနေရာ ၊ အတိအကျ ဆိုရရင်တော့ အမှတ် (၆၅ ) ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့ နယ် ရှိ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ။လူမှုဝန်ထမ်းဦးစီးဌာန ။ တည်နေရာက မြို့ ပြင်တော့ သိပ်မကျ ၊
ဒါပေမဲ့ မရောက်ဖူးသေးတဲ့ နေရာ တခုဆိုတော့ ဝန်းခြံအကျယ်ကြီးထဲမှာ စမ်းတဝါးဝါး နဲ့ ၃-၄ နေရာ မျှ မေးပြီးတော့ မှ အဆောက်အဦးကြီး ၂ ခု အကြား ဂိတ်ဝမှ နောက်ဖက်ခြံသေးသေးလေးသို့  ရောက်လာခဲ့တယ် ။ ခြံဝင်းတံခါး ကို သံကြိုး ရစ်ပတ်ပြီးသော့ခတ်ထားတော့ ၊ အထဲ ဘယ်လိုဝင်ရပါ့လို့  တွေးရင်း နဲ့ပဲ အနားကပ်သွားကြည့်မိတော့ ကလေးတသိုက် ရဲ့ “ကမ္ဘာမကြေ” သီချင်းသံကိုကြားလိုက်မိတယ် ။“ဒါတို့ ပြေ ၊ဒါတို့ မြေ တို့ ပိုင်တဲ့မြေ ...” ....ဪ ... တကယ်ပဲ တို့ ပိုင်တဲ့မြေမှ ဟုတ်ပါ့မလား ... ဘယ်သူပိုင်တဲ့ မြေတွေ ဖြစ်နေပြီလည်း ၊ အတွေးမှ မဆုံးသေး ၊“ ဘယ်သူနဲ့ တွေ့ ချင်ပါလည်းခင်ဗျာ” ၊ တထပ်ကျောင်းဆောင်ထဲမှ လူလတ်ပိုင်း တယောက် ထွက်လာပြီး မေးသံကြားတော့မှ လာရင်းကိစ္စပြောတော့ အထဲမှ ကျောင်းသားတယောက်ရဲ့  အမည် ကို အော်ခေါ်ရင်းတံခါးသော့ဖွင့်ခိုင်းပါတယ် ။ အပြေးတပိုင်းနဲ့ ထွက်လာသူကို မြင် မြင်ချင်း ဒေါင်း ( Down's Syndrome ) လေး တယောက် မှန်း သိလိုက်ရတယ် ။ ဒီဒေါင်းလေးက အခြေအနေမဆိုးလှ ၊ သော့တံကို လက်ပြန်ထိုးလှဲ့ ပြီး တံခါးဖွင့်ပေးတတ်တယ် ။ ပြန်ပိတ်တတ်တယ် ။ တံခါးသော့ကို အချိန်ပြည့် ခတ်ထားရခြင်းမှာ အကြောင်းရှိပါလိမ့်မယ်။
ဒေါင်းကလေး ဦးဆောင်သွားရာနောက်လိုက်လျှောက်သွားတော့ ဘုရားစင် ရယ် ၊ အလုပ်စားပွဲ ၂လုံးရယ် ရှိနေတဲ့  ရုံးခန်း သို့ ရောက်ပြီး တာဝန်ခံ ဆရာမကြီးမှ ဂေဟာ နဲ့ ပတ်သက်သော လုပ်ငန်း လည်ပါတ် ဆောင်ရွက်ပုံများကို ရှင်းပြပါတယ် ။ မြို့ နဲ့ သိပ်မဝေးလှပေမဲ့ လာရောက် လှူဒါန်းသူ နဲပါးတဲ့ အတွက် ကျောင်းဂေဟာ ကလေးမှာ အတန်ငယ် ချို့တဲ့နေဆဲပါ ။ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာ ချင်းအတူတူ ၊ အမျိုးသမီးစောင့်ရှောက်ရေးကျောင်း၊ မျက်မမြင်ကျောင်း အစရှိတာတွေ မှာ ရန်ပုံငွေ များပြားလှတဲ့အတွက် အဆင်ပြေကြောင်း သိရပါတယ် ။ ဒီ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို ဖွင့်လှစ်ခဲ့တာ ၄ နှစ်ရှိပေမဲ့ ရန်ပုံငွေ မှာ မဆိုစလောက်သာ ရှိနေသေးတဲ့အတွက် ဒီကလေး တွေ စားဝတ်နေရေး အခက်အခဲ ရှိနေကြပါတယ် ။ အစိုးရ သတ်မှတ်ထားတဲ့ အသုံးစရိတ်မှာ ကလေးတယောက် အတွက် တနေ့ စာ ( မနက်၊ နေ့ လည်၊ ညစာ ) မှာ ၂၃၅ ကျပ်တိတိသာ ရှိပါတယ် ။ အင်း .. ဒီခေတ်ကြီးထဲ မှာ ကျပ်ငွေ ၂၃၅ ကျပ် နဲ့ တနေ့  စာ ဘယ်လို နေထိုင်စားသောက်ကြမလည်း လို့  မတွေးရဲပါ ။ လဖက်ရည် တခွက်စာ ၊ မုန့်ဟင်းခါး တပွဲ စာ တောင် မရှိ တာမို့ တာဝန်ခံ ဆရာမ ကို တအံ့တသြကြည့်မိတဲ့ အခါ ၊ အပြုံးယဲ့ယဲ့ နဲ့ ဒီလိုပဲ ရှိတာလေးနဲ့ ဖြစ်သလို စားနေကြရကြောင်း ၊ ဒါကြောင့် စေတနာရှင် တွေ လာလှူ ကြတဲ့ အခါ ဝမ်းသာကြရကြောင်း ပြောပြပါတယ် ။
အလှူငွေ ထဲ့အပြီး ကလေးတွေကို လိုက်ကြည့်မိတယ် ၊ မနက်ပိုင်း နံနက်စာ စားအပြီး မိုးမရွာသေးချိန်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နိုင်တဲ့ ကလေးတချို့  ဝင်းထဲ မှာ ဆော့  နေတာ တွေ့ ရတယ် ။ အဲ့ဒီအချိန်မှာ ခြေမသန်တဲ့ ကလေးမ လေး က ဆော့နေတဲ့ မသန်စွမ်းလေးတွေကို ခေါ်ပြီး ကာယ လေ့ကျင့်ခန်း လုပ်စေပါတယ် ။ သူက အရှေ့ မှ ဆိုပေးပြီး ခြေလက် အနေအထား လုပ်ပြတာကို လိုက်လုပ်တဲ့ ကလေးတွေရော ၊ မလုပ်တတ် လို့ ပေါက်ကရ လိုက်လှုပ်နေတဲ့ ကလေးတွေရော ကြည့်ရတာ ရယ်စရာလည်း ကောင်းပါရဲ့  ပျော်စရာလည်းကောင်းပါရဲ့  ၊ ဘာလို့ ဆိုတော့ ရှေ့ ကနေ ဦးဆောင်ပြပေးသူ ကိုယ်တိုင်က ခြေ နှစ်ဖက်ပေါ် မရပ်နိုင် လို့  အောက်မှာ ထိုင်ချပြီး ပါးစပ်ကနေ ရွတ်ပေးတာ က ဘယ်ခြေမြှောက် ၊ ညာခြေမြှောက် ၊ဘယ်ညာ ဘယ်ညာ တဲ့ လေ ။ မတ်တပ်ရပ် ၊ ခါးညွတ် ၊ လက်မြှောက် ၊ ခြေမြှောက် နဲ့  အော်နေတာ အားရ ပါးရ ပေါ့ ။
ဒါကတော့ ကလေးတစု မညီမညာ တတ်သလို လှုပ်နိုင်သလို လိုက်လှုပ်နေကြတဲ့ မြင်ကွင်း လေး တခု ။
ဒီကလေးတွေ ထဲမှာ ဒေါင်းကလေးတွေ အပြင် ၊ စီပီ လို့ ခေါ်တဲ့ Cerebral Palsy လေးတွေ ၊ ပိုလီယို အကြောသေ ရောဂါသည် လေးတွေ ၊ သူငယ်နာ အကြောဆွဲ နဲ့ အခြား ဦးနှောက် အာရုံကြော ရောဂါ ခံစားနေရသူလေးတွေ အများကြီးပါပဲ ၊ ခုလောလောဆယ် မှာတော့ အယောက် ၃၀ ခန့် ရှိနေပါတယ် ။ နောင်မကြာမီ အချိန်မှာ အယောက် ၁၀၀ ထိ လက်ခံ ပြုစုပေး ဖို့  စီမံချက်ရှိနေပါတယ် ။
ခုချိန်ထိတော့ အစိုးရရဲ့ ထောက်ပံ့မှု မလုံလောက်တာမို့  စားစရိတ်က အစ ၊ ကျန်းမာရေး ၊ နေထိုင်မကောင်း တဲ့အခါ ဆေးဝါးကုသ စရိတ် ။ အာရုံကြော ခြေလက်မသန်စွမ်းသူတွေ အတွက် လေ့ကျင့်ခန်း Physiotherapy အတွက် စရိတ် အစရှိတာတွေ အတွက် လောလောဆယ်မှာ အီတလီ NGO အဖွဲ့တခုရဲ့ ထောက်ပံ့မှု တချို့  နဲ့ တဦးချင်း စေတနာရှင် အလှူရှင် များကို အားထားနေရပါတယ် ။ ဒါ့အပြင် ဦးနှောက်အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်မိမိချို နဲ့ အရိုး အကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဥာဏ်ထွန်း တို့မှ လည်း တပါတ်မှာ ၂ ကြိမ် ၊ စမ်းသပ် စစ်ဆေး ကုသပေးလျှက် ရှိပါတယ် ။ တခါတရံ မှာ ဆေးရုံတက် ကုသဖို့ လိုအပ်လာရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပြီး ဆေးကုသမှု ခံယူကြရပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကုန်ကျ စရိတ်အတွက် တာဝန်ယူ လုပ်ဆောင်ပေးမဲ့သူ မရှိတာမို့  ၊ စရိတ်မျှပေး ကျန်းမာရေး မူ အရ ၊ တဝက်ပေးစနစ် နဲ့ ဖြေရှင်းနေရတာ မို့  ဂေဟာမှ ဆရာမများခမျာ အတော်လေး ဗျာများ ကြရပြန်ပါတယ် ။
ဒါကတော့ NGO အဖွဲ့ ရဲ့  ထောက်ပံ့မှု နဲ့ တပါတ်မှာ ၂ ရက် လေ့ကျင့်ခန်းသင်တန်းပေးနေတဲ့ ဆရာမလေးပါ ။
သူတို့ လေးတွေ ရဲ့ သနားစရာ ပုံရိပ်များ ၊
ဒီကလေးမလေးကတော့ ရထားကြိတ်ခံရလို့  ပေါင်ရင်းမှပြတ်သွားရသူ ၊ မိဘနှစ်ပါးလည်းမရှိတော့ပြီမို့  ရပ်ဆွေရပ်မျိုးများက ဆေးရုံမှတဆင့် ဒီသင်တန်းကျောင်းကို လာပို့ထားတာပါ ။
ပိုလီယို အကြောသေရောဂါခံစားနေရတဲ့ ကလေးငယ် ၂ယောက် ။ လေ့ကျင့်ခန်း လုပ်လို့ သိပ်မရသေးတော့ ခြေထောက်သန်အောင် အရင် လေ့ကျင့်ပေးနေပါတယ် ။
ကလေးတွေကို ဆရာမက စာသင်ပေးတယ် ။ လက်၂ ချောင်းထောင် ဆိုပေမဲ့လည်း ထောင်ချင်သလို ထောင်နေကြတာ ။ တမင်တကာ လုပ်တာတော့ မဟုတ် ။ သူတို့ တွေရဲ့  ဦးနှောက်က သာမန်လူတွေလို မဖွံ့ ဖြိုးတော့ အကြား၊ အမြင်၊အာရုံတွေကို ဦးနှောက်က ပုံမဖေါ်နိုင် ၊ အာရုံကြောက ဦးနှောက်စေခိုင်းသလို လိုက်မလုပ်နိုင်ကြတာပါ ။
.. မထနိုင် မရပ်နိုင် ၊ သူငယ်နာ အကြောဆွဲ ရောဂါသည်လေး ၂ယောက် ။ တယောက်က ရောဂါပိုပြင်းထန်လို့  ဆီးဝမ်းပါ မထိန်းနိုင် ၊ ဒီ သားရေ မွေ့ ယာ ပေါ်မှာပဲ နေရရှာတယ် ။ ( သား.. ဘာစားချင်သလည်း မေးကြည့်တော့ ကိတ်မုန့်  ..တဲ့ ၊ ဒါကြောင့် အနားမှာ ရှိတဲ့ Junction8 မှာ စားစရာ နဲ့ အသုံး အဆောင်တချို့  သွားဝယ်ပြီး ပြန်လာပေးတော့ ကလေးတွေ အတော်ဝမ်းသာကြတယ် ။
တာဝန်ခံ ဆရာမကြီး တစ်ယောက် နဲ့ ဆရာမ ၂ ယောက် ၊ အလုပ်တက်ချိန် ဆင်းချိန် မရှိ ၊ တနေ့ မှာ ၂၄ နာရီ အလုပ်ချိန် ၊နေ့ ရော ည ပါ ကလေးတွေ ချီးသေး က အစ ၊ သန့် ရှင်းရေး ၊ ကျန်းမာရေးအတွက် အစစ တာဝန်ယူ လုပ်ဆောင်ပေးနေကြတာ တော်ရုံစေတနာ နဲ့ မလုပ်ဆောင်နိုင်ကြပါဘူး ။ တလ မှာ ၂ ရက် သာ အလှည့်ကျ နားရက် ရှိပါတယ် ။ ပြီးတော့ ဒီကလေးတွေကို တကယ့် ဆွေမျိုးရင်းခြာ တွေလို ပြုစုပေးနေကြတာ ၊ ဧည့်သည် လာလို့  ရှေ့ မှာ ဟန်ပြ လုပ်နေကြတာ မဟုတ်မှန်း အကဲခပ်မိပါတယ် ။
မိန်းကလေး နဲ့ ယောက်ကျာင်္းလေး ဆောင်ဆိုပြီး ၂ ဆောင်ခွဲခြားထားပါတယ် ။ ထမင်းစား ဆောင်ကတော့ မိန်းကလေးဆောင်ဖက်မှာ ရှိပါတယ် ။ ဒီလို ခွဲခြားထားရတာကလည်း ဦးနှောက် မပြည့်ဖြိုး ပေမဲ့ အချိန်တန် အရွယ်ရောက်လာကြတဲ့ ဒီကလေးတွေမှာ လည်း သွေးသားပြောင်းလဲမှု တွေ ဖြစ်လာတတ်ကြောင်း၊ ဒါကြောင့် အိုးချင်းထားမိ ထိမိရင် ဖြစ်လာနိုင်တဲ့ ပြသနာတွေ ကို ကြိုတင် ကာကွယ်ပေးရတဲ့အကြောင်း ရှင်းပြပါတယ် ။ တချို့ ကလေးတွေမှာ လှုပ်ရှားသွားလာ နိုင်ကြတော့ ၊အပြင်ကို လျှစ်ကနဲ ထွက်သွားပြီး လမ်းမမှတ်မိ တာမို့၊ အလှူရှင် ဧည့်သည်များ ဝင်ထွက်ချိန်မှ လွဲပြီး ၂၄ နာရီလုံး ၊ ခြံဝင်းတံခါး သော့ ခတ် ပိတ်ထားခြင်းဖြင့် လူပျောက်မှု ကိုကြိုတင်ကာကွယ်ထားရကြောင်းလည်း ပြောပြပါသေးတယ် ။
ဒီကလေးတွေရဲ့  ဘဝ ရှေ့ ရေးက ဘယ်လို ရှိမလည်း ။
အသက်ရှင်နေရက်နဲ့ ဘဝ တွေ သေနေကြရသလို ၊ သူတပါးအပေါ် လုံးဝ မှီခိုအားထား နေကြတဲ့ ဒီမသန်မစွမ်းကလေးတွေ ဘဝ ဆက်လက်ရှင်သန်ဖို့ ရာ လိုအပ်ချက်တွေများစွာ ထဲ မှ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပါဝင်တဲ့သူများ တယောက်တလေ တိုးလာ ခဲ့မယ် ဆိုရင် .... ဒီစာစုလေး ရေးတင်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်တခု ဖြစ်မြောက်လာမှာ မို့  လှိုက်လှဲစွာ ကျေးဇူးတင် မိမှာပါ ။
ဒီ မသန်မစွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို တိုက်ရိုက် ဖုံးဖြင့် ဆက်သွယ်လိုပါက ..၆၆၃၃၉၂ သို့  ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ။ ဆန် ဆီ ဆား ငြုပ် ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်များ မှ အစ ၊ အဝတ် အထည် ၊ အသုံး အဆောင် ၊ စာရေးကရိယာ ၊အဆုံး စေတနာ ထက်သန်သလို နဲများမဆို လှူဒါန်းနိုင်ပါကြောင်းလည်း သိရပါတယ် ။
( အလှူခံခြင်း သက်သက် မဟုတ်ပါ ။ တို့ ပြည် တို့ မြေ မှာ ရှိနေကြတဲ့ ၊ ဒုက္ခပင်လယ်ဝေနေကြတဲ့ သန်းပေါင်းများစွာလူသားများ ထဲမှ တစိတ်တဒေသ မြင်တွေ့ လိုက်ရပုံများကို မျှဝေ ခံစား နိုင်ကြစေဖို့ လည်း ရည်ရွယ်ပါတယ် ၊ ဒီလို စောင့်ရှောက်မှုကို ခံယူနိုင်ကြတဲ့ ဒီလို ကလေးတွေ အပြင် ဘယ်သူ့  စောင့်ရှောက် ယုယမှု တွေ ကိုမှ မခံစားနေကြရတဲ့ ၊ ဒီထက် အခြေအနေ ပို ဆိုးရွားတဲ့ ကလေးများ ကိုလည်း ၊ ကိုယ်တတ်နိုင်သလောက် ပေးကမ်း လှူဒါန်းကြနိုင်စေဖို့ လည်း ရည်ရွယ်ပါတယ် ။)
မှတ်ချက်။ ။မြန်မာပြည် ပြန်ရောက်စဉ်က တွေ့ ရှိ ခံစား ရေးမှတ်ထားချက်များကို ခုမှ တင်ဖြစ်တာပါ ။ ထုံးစံအတိုင်း အင်တာနက် နဲ့ ကွန်နက်ရှင်တို့ ကိုပဲ အပြစ်ပုံချလိုက်ပါတယ် ။ နားလည်ပေးတော်မူကြပါ ။
11 comments:
ဦးနှောက်ဥာဏ်ရည် မဖွင့်ဖြိုးပေမယ့်လို့  သူတို့ မှာ ချစ်တတ်ကြိုက်တတ်ပါတယ်... အဲ့ဒါဟာ အဓိကပြဿနာ (အရွယ်ရောက်လာရင်) ပါ။ မကိ ရေးပြလို့  ကျနော့လို စာလာဖတ်သူတွေ အတွက် ဘာလုပ်သင့်တယ်ဆိုတာ လမ်းပြပေးရာရောက်ပါတယ်..
တခြားလူတွေလဲ ဒီလိုပဲမြင်ကြမယ်ထင်တယ်... ကောင်းသောနိုင်ငံတော်သစ်ဆီ...
ကိုယ့်အားကိုယ်ကိုး၍...
ကိုယ့်ခြေကိုယ့်လက်သုံး၍...
ကိုယ်စွမ်းကိုယ်စထုတ်သုံး၍...
ကိုယ့်ဘ၀ကိုချနင်း၍...
ကိုယ်ပိုင်ပဒေသာပင်စိုက်ထူ၍...
ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍....
ကိုယ့်အား“ပိုင်သာပိုင်ပြီး ဆိုင်မည်မဟုတ်လေသော” အစိုးရသစ်အား ကူညီဖေးမပေးကြပါစို့ဗျား....
တကယ်ကို ဂရုဏာသက်စရာပါ။
လွယ်လွယ်နဲ့ ထူထောင်ဖို့ မဖြစ်နိုင်တဲ့ ဘဝတွေမို့ ဟိုဟာတွေကို စပွန်ဆာ လုပ်မဲ့ အစား ဒီလို လူတွေကို စပွန်ဆာ လုပ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲဗျာ။ အခုတော့ စပွန်ဆာတွေက . . . . . . . .
ကိရေ..
ဖတ်ရင်းတောင် သိတ်မချမ်းသာဘူး..
ဗမာပြည်က တိုင်ကွန်းကြီးတွေ တိုင်းပြည်ကအရင်းအမြစ်တွေ စားပြီး..ဒါတွေမသိကြဘူးထင်ပါရဲ့
မြန်မာနိုင်ငံကတော့ ပြောမနေနဲ့ မကိ တခြား အနောက်နိုင်ငံတွေတော့ ဘိုလဲ မပြောတတ်
ဒီမှာကတော့ မသန်မစွမ်းမွေးလာရင် အစိုးရက ထောက်ပံ့ကြေးပိုပေးတယ်
ကိုယ်ဝန်ရှိကတည်းက မွေးလာမယ့်ကလေးက ဒေါင်းလား မဒေါင်းလား မသန်စွမ်းလား သိရလို့ ဖျက်ချချင်လဲ ဖျက်ချခွင့်ပေးတယ်
အိမ်းးး အိမ်းးး ရွှေပြည်ကြီးကတော့ ပြောမနေနဲ့ မကိရေ.....
များ ရန်ကုန်ပြန်ရောက်ရင် လုပ်ရမှာတွေ အများကြီးပဲတော့ ပိုက်ဆံစုနေတယ်တော်ရေ... လှူဖို့ လှူဖို့ ခစ်ခစ်
အဟုတ်တကယ်ပြောတာ သူငယ်ချင်းတွေနဲ့ မတွေ့တော့ဘူး တွေ့ရင် ပိုက်ဆံကုန်မှာ ဒီတော့ လှူတာပဲ နားအေးတယ် ဟိဟိ
ကလေးတွေကြည့်ပြီး သနားမိသလို စိတ်မကောင်းလဲဖြစ်မိတယ်..
ဘယ်လိုများ ရေရှည် စခန်းသွားကြမလဲမသိဘူးနော်..
ကူညီမဲ့သူ ထောက်ပံ့မဲ့သူတွေ အများကြီးပေါ်လာပါစေ။
ကိုယ်တိုင်လည်း လှူနိုင်အောင် ကြိုးစားပါဦးမယ် အစ်မကီရေ။
ဟူး .. ဖတ်ရတာ စိတ်ထဲ မကောင်းလိုက်တာ .. ရှေ့ကို ဆက်တောင် မတွေးရဲဘူး သူတို့အစား ..
လုပ်စရာတွေ အများကြီးပဲနော် ..း((
မကိပို့စ်ကို ညီမ ကူးပါရစေနော် ..
ရင်ထဲမကောင်းလိုက်တာ
ဒီလိုတကယ်လိုအပ်နေရာတွေသိခွင့်ရလို့ ကျေးဇူးပါမမကိ။
ဒီလိုလိုအပ်နေတဲ့နေရာတွေလည်းများကြီးနေမှာနော် ဟူးးးးးးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အမရေ..
ဗမာပြည်မှာတော့  မသန်မစွမ်းသူတွေမပြောနဲ့ 
သန်စွမ်းနေသူတွေတောင်မှ ကိုယ့်ဖာကိုယ် လမ်းစတွေ
ရှာပြီးနည်းမျိုးစုံနဲ့  ဖြေရှင်းနေတဲ့ ကြားထဲက ဟိုဟာ
ပိတ် ၊ဒီဟာ ပိတ်နဲ့  အင်း မပြောချင်တော့ ပါဘူးဗျာ..။
တနေ့လုံးစာက ၂၀၀ကျော် ဆိုတော့ ထမင်းချည်းသက်သက် တောင် ဝအောင်စားကြရပါ့မလား...း(
မကိရေ
စိတ်မကောင်းစွာဖတ်သွားပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မကိရေ ...
ဖတ်ပြီး ရင်ထဲမကောင်းလိုက်တာ ...
နေရာလေးကို မှတ်ထားလိုက်ပါတယ် အစ်မ ... လှုချင်သူများရှိရင်လဲ ညွန်ရအောင် .. ကိုယ်တိုင်လှုချင်ရင်လဲသွားလှုရအောင်ပါ ...
Post a Comment