သူငယ်ချင်းရေ...
မင်းတို့ငါတို့ တတွေ အားလုံး စောင့်မျှော်နေခဲ့ကြရတဲ့ ၊အသာစံသူတွေရဲ့ လိမ်ညာမှုကြီးကို သိရဲ့နဲ့ အညာခံလိုသူတွေ လည်စင်းခံပြီး အလိမ်အညာခံခဲ့ကြတဲ့ ပွဲကြီးလည်း ပြီးခဲ့ပြီ ။ ကလေးရော ခွေးပါသိနှင့်ကြတဲ့ အတိုင်း ထွက်လာတဲ့ အဖြေ ဟာ စာမေးပွဲတွေ မစခင်တည်းက မေးခွန်းရထားပြီး ဖြေစရာတောင် မလိုပဲ အလိုလိုအောင်ပြီးသားသာ မက ဂုဏ်ထူးပေါင်းမြောက်များစွာ ရရှိကြတဲ့ အခွင့်ထူးခံ ဖြေဆိုသူများရဲ့  အလိုဆန္ဒတွေ အတိုင်း ၊ အတိုင်းထက် လွန်ပြီး ရာနှုန်းပြည့်ယုံ မက ရာနှုန်း ၁၀၂ တောင် ကျော်သွားလို့  နဲနဲ အရှိန်ပြန်သတ်ပြီး connection error တက်တတ်တဲ့ အတိုင်း အကျင့်ပါနေကြ မို့ လား ၊ typing error တက် သလိုလိုနဲ့  ၊ ပေါင်း နှုတ် မြှောက်စား ဂဏန်းသချာင်္ မကျွမ်းသူတွေ ပြန်လည် ပြင်ဆင် ကြော်ငြာ ခဲ့တဲ့ ဗြောင်လိမ့် ဗြောင်လိမ် ပွဲကြီးလည်း ပြီးခဲ့ပြီ ။ ဒီနောက်ပိုင်းဘာတွေ ထူးခြားလာသလည်း လို့ အွန်လိုင်းမှာ ငါ နဲ့ တွေ့ တိုင်း အမြဲမေးနေတတ်တဲ့ နင့်ရဲ့  မေးခွန်းတွေကို ဖြေနေကျ အတိုင်းပဲ ပြန်ဖြေလိုက်မယ်ကွာ ။ ဘာမှ မထူးဘူး သူငယ်ချင်းရေ ၊ အရင် အတိုင်းပဲဟ .. လို့ ပေါ့ ။
မထူးတဲ့ အကြောင်းတွေ မပြောခင် ထူးတာလေး အရင် ပြောမယ် ၊ ထူးခြားတာတခုတော့ ရှိတယ်ကွ။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့  အပြီး အများသိကြတဲ့ အတိုင်း ထွက်လာတဲ့ ရလာဒ်ကြီး အကြောင်းတော့ မပြော လိုတော့ဘူး ။ ၁၃ ရက် နေ့ မှာ ငါတို့ လေးစား ချစ်ခင်ကြတဲ့ ငါတို့ ရဲ့ ခေါင်းဆောင်ကောင်း သူရဲကောင်း အမေ ဒေါ်စု ကို ဆက်လက် ထိန်းသိမ်းထားဖို့  အကြောင်းရှာ မရလို့ လားတော့ မသိ၊ အမှန်တကယ်ပြန်လွှတ်ပေးလိုက်တာရယ် ၊ နိုဝင်ဘာ ၂၂ ရက် မှာ အမေစုနဲ့ ၁၀ နှစ်ကျော် ကွဲကွာနေတဲ့ သားငယ် Kim Aris ကို အကြိမ်ပေါင်းများစွာ ပယ်ချထားခဲ့ပြီးမှ စိတ်ကောင်းဝင်လာသလိုလို နဲ့ ပြည်ဝင်ခွင့် ဗီဇာ ပေးလိုက်တာ ရယ် ၊ ဒါတွေကတော့ ထူးခြားသလိုပဲ ဟေ့ ။ ထိုးမဲ့ဆင် နောက်တလှမ်းဆုတ် ဆိုသလို မျိုး ဘာအကြံ အစည် ထောင်ချောက်တွေ ရှိနေမလည်း မသိဘူး ကွ ။
ငါလည်း အဲ့ဒီ ၁၃ ရက် နေ့ ကို ၇ ရက်နေ့ ထက် ပိုပြီး စိတ်ဝင်စား မျှော်လင့် တကြီးစောင့် နေပြီးခါမှ ၊ အဲ့ဒီနေ့ ကျရင် အမေစု ခြံရှေ့ ၊ ပိတ်ထားတဲ့ သံဆူးကြိုးတွေ ရှေ့ မှာ မနက်စောစောတည်းက စောင့်ကြည့် ကြဖို့  ငါ့ အကိုတွေ နဲ့ တိုင်ပင်ထားပြီးခါမှ အရေးပေါ် အခြေအနေတရပ်ကြောင့် ရွာအပြင်ကိုခဏ ပြန်ထွက်လာခဲ့ရလို့  အမေစု လွတ်လာတဲ့ ပျော်ရွှင်စရာ ငိုချင်စရာ အချိန်လေးကို ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်ရတာ ရင်ထဲ ကလိကလိ နဲ့ ရွစိထိုးနေသလိုပဲ ။ အဲဒီနေ့  အဲဒီ အချိန်က နင့်ရဲ့ အိမ်မှာ ငါတို့  နှစ်ယောက်သား ဘယ်မှ ထွက်မလည် နိုင်ပဲ ခေါင်းချင်းဆိုင်ပြီး အင်တာနက်သတင်းတွေ အသည်းအသန် လိုက်ရှာ လိုက်ဖတ် လိုက်ကြည့် နေကြတာကို ခုထိ ပြန်မြင်ယောင် နေသေးသဟ ။
တခုတော့ တော်သေးတယ် လို့ ဆိုရမယ် ။ အမေစုကို ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်ရပေမဲ့ အင်တာနက်တွေ ကောင်းမှု ၊ မီဒီယာသမားတွေရဲ့ ကျေးဇူးတွေကြောင့် အချိန်တိုတို အတွင်းမှာ ပြည်တွင်းက အခြေအနေတွေ ၊ အမေစု ရုပ် နဲ့ အသံတွေကိုလေလှိုင်းကနေ တဆင့် ကြားရ မြင်ရတယ် ။ သံဆူးကြိုး ဂိတ်ကို ဖွင့်ပေးလိုက်တဲ့ အချိန်မှာ အပြေးတပိုင်း အငိုတပိုင်း တိုးဝင်လာကြတဲ့ ဒို့  ပြည်သူတွေကို တွေ့ လိုက်ရတဲ့ အချိန်မှာ ငါ့ရင်ထဲမှာ တစ်ဆို့ ဆို့ ကြီးနဲ့ အမျိုးအမည်ဖေါ်မပြနိုင်တဲ့ ဝေဒနာ တမျိုးခံစားလိုက်ရတယ် ။
ဝမ်းနည်းဝမ်းသာ လို့ ပဲ အလွယ်ကူဆုံး ပုံဖေါ်ရတော့ မှာ ပဲ ကွာ ။
ထူးမခြားနား ဒုံရင်း ဒုံရင်း အဖြစ်တွေထဲက လတ်တလော အဖြစ်တခုကို နင်သိအောင် ပြောရအုံးမယ် ။ ပြီးခဲ့တဲ့ ဇွန်လတုံးက ၊ ပြည်သူလူထုကို ယာဉ်သုံးလောင်စာဆီ၊ လွယ်လွယ်ပြောရရင် ဓါတ်ဆီတို့ ဒီဇယ်ဆီတို့ကို ဈေးနှုန်း မမြှင့်တင်ပဲ လိုသလောက် ကြိုက်တဲ့ဆိုင်မှာ လွတ်လပ်စွာ ဝယ်ယူ ထည့်ယူလို့ ရပြီ ဆိုတော့ ငါတို့တတွေ အတော်လေး စိတ်ချမ်းသာ ခဲ့ရတယ်ကွ ။ ကိုယ်လို သလောက်ပဲ သွားထဲ့ ကြတာပေါ့ ။ အပြင် မှောင်ခိုဈေးက ပိုပြီးနဲနေ လို့  ဓါတ်ဆီထုတ်ပြီး ပြန်ရောင်းစားကြတဲ့သူတွေလည်း မရှိကြတော့ပါဘူး ။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် က ဈေးနှုန်းတွေ နဲ့ပြန် မယှဉ်နိုင်ပေမဲ့ လွတ်လပ်စွာထည့်လို့ရနေတာကိုပဲ ကြံဖန် ကျေးဇူးတင်မိလိုက်သေးတယ် ။ ဒါပေမဲ့ ခုတော့လည်း အရင်အတိုင်းပဲ သူငယ်ချင်းရေ ။ ဓါတ်ဆီဆိုင်တွေမှာ တန်းစီ စောင့်နေကြတဲ့ ကားတန်းရှည်ကြီးတွေကို ရွေးကောက်ပွဲ အပြီးမှာ ပြန်ပြီး မြင်နေကြရပြီ ။ ဘယ်လို ဖြစ်ကြတာလည်း လို့  စပ်စုမိတော့ သူတို့ နဲ့နီးစပ်ရာ အသိုင်းအဝိုင်းတွေကိုပဲ လုပ်ပိုင်ခွင့်ပေးထားတဲ့ ဒီလောင်စာဆီ လုပ်ငန်းတွေကို လုပ်ခွင့်ရနေကြတဲ့ ဒီရလေလိုလေ အိုတစ္ဆေအမျိုးတွေက လူထုအတွက် ရောင်းချပေးရမယ့် ဆီတွေကို အပြင်မှောင်ခိုတွေဆီမှာ တဂါလံ ၂၀၀ ကျပ် အမြတ်နဲ့ ရောင်းလိုက်ကြလို့ ပြည်သူတွေ အတွက် ဆီတွေ မလုံမလောက်ဖြစ်နေကြရတာတဲ့ လေ ။ တနေ့ တနေ့  သူတို့  ခွဲတမ်းရတဲ့ ဆီတွေ ဘယ်လောက်တောင်ရှိမလည်း ဆိုတာ မှန်းကြည့် ပေါ့ ကွာ ။
သတ်မှတ်ဈေးနှုန်းက ရိုးရိုးဓါတ်ဆီ တဂါလံ ၂၅၀၀ ကျပ်၊ (အဆင့်မြင့်ဆီ ဆိုလား သူတို့ အခေါ် )Octane ဆီက ၃၂၀၀ ကျပ်ဆိုတော့ ငါတို့ လို ကားအအို အဟောင်း စီးသူများအတွက် ရိုးရိုးဆီပဲ ထည့်ချင်တာပေါ့ ။ ဒါပေမဲ့ အောက်တိန်းဆီ နဲ့ တွဲ ထည့် မှ ရတယ် တဲ့ သူငယ်ချင်းရေ ။
ဒီလို အရော အနှောတွေကို မင်းတို့  ဆီမှာရော ကမ္ဘာတဝှမ်းမှာပါ ကြားဖူးကြရဲ့လား ဟ ။ ဒါတင်မက ဓါတ်ဆီထည့်ရဖို့  မနက်စောစော ၄ နာရီတည်းက ထပြီး တန်းစီနေကြရပြန်တယ် ကွ ။ ဒီဇင်ဘာအားကစားလ ဆိုတော့ စောစောထ လို့ စောစောတန်းစီလို့ .. လို့ပဲ သီချင်းအော်ဆိုချင်လိုက်တာ ကွာ ။ ဓါတ်ဆီရိုးရိုးတမျိုးထဲ ရောင်းတဲ့ဆိုင်တွေမှာတော့ ကားတန်းရှည်ကြီးက ပိုပြီးဆိုးသကွ ။
လူတွေကလည်း လူတွေပဲကိုး ၊အရင်လို ဆီခွဲတမ်းစာအုပ်နဲ့ မဟုတ်တော့ပဲ ကြိုက်တဲ့ဆိုင်မှာ ကြိုက်သလောက် ထည့်နိုင်တယ် ဆိုတော့၊ တနေ့ လုံး ရန်ကုန်တမြို့ လုံးမှာ ရှိတဲ့ဓါတ်ဆီဆိုင်တကာကို လှည့်ပတ်ထည့်ပြီး တစ်ဂါလံ ကို ၅၀၀ - ၆၀၀ -ကျပ် အသားတင် အမြတ်နဲ့ ပြန်ရောင်းစားနေကြတဲ့ သူတွေကြောင့် အမှန်တကယ် သုံးစွဲသူတွေ ဒုက္ခရောက်ကြရတယ် ။ မင်းတို့ ကြိုက်သလောက် ထည့်စမ်းကွာ လိုသလောက်ရောင်းပေးမယ် ဆိုရလောက်အောင်ကလည်း ဆီတွေက အလုံအလောက်မှ မပေးနိုင်တာကြောင့် ခုဆိုရင် ဆီစာအုပ်နဲ့ မဟုတ်ပေမဲ့ wheel tax ကဒ်လေးပြမှ ဆီထည့်ခွင့်ရတယ် တဲ့ဟေ့ ။ နောင်မကြာခင်မှာတော့ အရင်အတိုင်းပဲ စာအုပ်နဲ့ ကန့်သတ်ချက်နဲ့ ထည့်ရတဲ့ အခြေအနေ ပြန်ရောက်မှာသေချာတယ် ။
လမ်းတွေခင်းထားတာကလည်း တဝက်တပျက် နဲ့ ဒီအတိုင်းပဲ ကျန်ရစ်သဟေ့ ။ ဒါကြောင့် လူတွေက ပြောနေကြတာ “လမ်းတခြမ်းခင်း အောင်သိန်းလင်း” တဲ့ ။ ပြောမယ်ဆိုလည်း ပြောသင့်တယ်ကွ ။ ရွေးကောက်ပွဲ မတိုင်ခင်က ၊ ရွေးကောက်ပွဲတွေ နီးလာတဲ့ အချိန်က သူတို့ တွေ အာဘောင်အာရင်းသန်သန်နဲ့ လျှာအရိုးမရှိတိုင်း ပြောခဲ့ကြတာ ၊ သူတို့  ဖွတ်တွေကို မဲထဲ့ရင် အဲ့ဒီရပ်ကွက်ကို လမ်းခင်းပေးမယ် ဆိုပဲဟ ။ ဒီတော့လည်း လူတွေက ယုံကြသပေါ့ ။ တချို့  အရပ်ကျတော့ မယုံကြဘူးပေါ့ ။ ယုံတဲ့သူတွေ ရဲ့ လမ်းတွေကို ခင်းတော့ ခင်းပေးလိုက်တယ် ၊ ဒီ ပုံတွေမှာ မြင်ရတဲ့ အတိုင်း တဝက်တပျက် တွေ လေ ။
ခုတော့ သူတို့ဖွတ်တွေရဲ့လိုအင်ဆန္ဒတွေ တလုံးတဝတည်း ပြည့်စုံသွားကြပြီ ၊ ပေးထားတဲ့ ကတိစကားတွေလည်း ဘေးချိတ်ထားလိုက်ကြပြီ ။ ငါတို့ ရပ်ကွက်မှာ ကြိုတင်မဲတွေ ကူတာတောင် ဖွတ်တွေ အနိုင်မရတော့ လမ်းကို ဒီအတိုင်းပဲ ထားရစ်ခဲ့ကြသဟေ့ ။ ပြင်နေတာ ခုဆို ၂ လ ကျော်သွားပြီကွ ။
အရပ်ထဲက လူတွေက ပြောကြတယ် ၊ “အရင်အတိုင်းပဲ မြေကြီးလမ်းလေးပြန်ထားပေးရင် သိပ်ကောင်းမှာပဲ ”တဲ့ ။“ ခုတော့ ကျောက်တုံး ချွန်ချွန်တွေပေါ် လမ်းလျှောက်ရတာ ခြေထောက်လည်းနာ ၊ ကားတွေလည်း ဘီးပေါက် နဲ့ ဒုက္ခပါပဲ” တဲ့ ဟာ ။ ရန်ကုန်မြို့ ပျက်ကြီးရဲ့ လမ်းမကြီးတွေ ဆိုလည်း အရင်အတိုင်းပဲ ချိုင့်ခွက်ပေါင်းများစွာနဲ့ ပေါ့ ။ ခုဆို မိုးတွင်း မဟုတ်လို့  တော်သေးတယ်လို့  ဆိုရမယ် ။ နို့ မို့  ဆို မိုးနဲနဲ ရွာလိုက်တာနဲ့ လမ်းမပေါ်မှာ ရေကူးလို့  ရတယ် သူငယ်ချင်း ။ ဗွက်ရေဆိုတော့လည်း ဘယ်သူမှတော့ ကူးချင်မှာ မဟုတ်ဘူး ။ “စပါးတောင်လိုပုံ” ဆိုတဲ့ စကားက ငါတို့ ငယ်ငယ်တုံးက ဟိုးဘက်ခေတ်မှာကျန်ခဲ့ပြီ ။ ခုတော့ အရင်အတိုင်းပဲ လမ်းတွေမှာ “အမှိုက်တောင်လိုပုံ” လို့ ပေါ့ ။
မပြော မပြီးတဲ့ ကုန်ဈေးနှုန်းတွေ အကြောင်းတော့ မပြောချင်တော့ပါဘူး ကွာ ။ တက်ပြီးရင် ပြန်မကျတတ်တဲ့ အရာ ထဲမှာ စားသောက်ကုန် ၊ကုန်ဈေးနှုန်းက ထိပ်ဆုံးကပေါ့ ။ ရွှေဈေးတွေ ၊ ဒေါ်လာဈေးတွေ၊ ကားဈေးတွေ ပြုတ်ကျသွားပေမဲ့ ဒီခေါင်းမာလှတဲ့ စားသောက်ကုန်ဈေးနှုန်းကတော့ ပြန်မကျ ဘူး ဟ ။အရင်အတိုင်းပဲ တက်မြဲ တက်လျှက်ပါ ပေါ့ ကွာ၊ဘာတွေ ဘယ်ဈေးလည်း သိချင်ရင်တော့ “ဈေးကွက်”စာစောင်သာ ဝယ်ဖတ်ပေတော့ ။
နောက်တခုက မီး နဲ့ ရေ။ မီးတွေကလည်း အရင်အတိုင်းပဲ မကြာခဏ ပြန်ပျက် နေပြီ ။ မီးနဲ့ ရေ ဟာ အမြဲ ဒွန်တွဲနေတတ်တာ မို့  မီးပျက်တော့ ရေပါမလာဘူး ပေါ့။ လာမဲ့ နွေရာသီဆို ဘယ်လို ဖြစ်ကြအုံးမယ် မသိပါဘူးကွာ ။ အပူချိန်တွေ မတရားတက် ၊ မီးနဲ့ရေတွေ မတရားပျက် လို့ ပြီးခဲ့တဲ့ နွေမှာ လူတွေ အတော် သေကြေ ဒုက္ခရောက်ခဲ့ကြရတယ် မို့လား ။ ဒါကြောင့် တချို့ လူတွေက ပြောတယ် ။ မီးမှန်မှန်လာတဲ့ပါတီ ရယ် ၊ ရေမှန်မှန်လာတဲ့ ပါတီရယ် ၊ ကုန်ဈေးနှုန်းကျစေမဲ့ ပါတီ ရယ် ၊တွေ ရှိရင် အဲဒီပါတီတွေကို မဲ ထည့် မယ် တဲ့ ကွ ။ ငါလည်း အဲ့လို ယူဆလို့  ....း))
ကျန်နေသေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းနေသေးတာတို့ ၊ ပညာရေးစနစ်နိမ့်ကျနေသေးတာတို့ ၊ အလုပ်အကိုင် ရှားပါးနေသေးတာတို့ ၊ စစ်တပ်အသိုင်းအဝိုင်းကလွဲလို့ ကျန်ပြည်သူလူထုရဲ့ စီးပွားရေး အခြေအနေချွတ်ချုံကျနေသေးတာ တို့ .. အဲ့တာတွေ အားလုံးလည်း အရင်အတိုင်းပဲ သူငယ်ချင်းရေ ။ “ခုရေတွင်းတူး ၊ခု ရေကြည်သောက်ချင်လို့ ဖြစ်မလား ” မင်း စောဒကတက်မယ်ဆိုလည်း တက်စရာပါပဲ ။ တူးလိုက်တဲ့ ရေတွင်းက ရေမြေ မကောင်းတဲ့ နေရာ မှာ တူးမိတာမို့  ထွက်လာတဲ့ ရေဟာလည်း ရေဆိုး ရေညံ့ တွေပဲ ပေါ့ ၊ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဒီရေဆိုးရေညံ့တွေကို ခေတ်မှီနည်းပညာ နဲ့ ရေကောင်း ရေသန့်တွေ ဖြစ်အောင် ပြောင်းလဲပေးနိုင်တယ် ဆိုပေမဲ့ စိတ်စေတနာပညာကောင်းတွေ မရှိပဲ ဘယ်လိုမှ မပြုပြင်နိုင်ဘူးး ဆို တာ လက်ခံ မလား။
လောလောဆယ်မှာ မြင်တွေ့ ကြားသိနေရတဲ့ အထဲက ဥပမာ တခုပေးရမယ်ဆိုရင် ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ဖေါ်ဆောင်ပေးမယ့်ဆီ ဦးတည်မနေဘူုး ဆိုတာ ၊ သတင်းနဲ့ဂျာနယ်တွေ စာစောင်တွေမှာ အမေစု လွတ်တဲ့ အကြောင်းကိုဓါတ်ပုံကြီးနဲ့တကွ တခမ်းတနား ဖေါ်ပြပေးခဲ့တဲ့အတွက် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ၂ ပါတ် ပိတ်ပင် လိုက်တယ် ။ AIDS ရောဂါသည်တွေကို အားပေးကူညီ ခဲ့ကြတဲ့ အနုပညာသည်တွေကို အနုပညာ လုပ်ခွင့် ပိတ်လိုက်တယ် ။ မကြာခင်လုပ်မဲ့ လွှတ်တော်ထဲ မှာ သူတို့ကို ဝေဖန်ပြောဆိုတဲ့ ဆန္ဒပြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ထောင် ၂ နှစ်ထိ ချနိုင်တယ် ဆိုတဲ့ အကြောင်းအရာ ကန့်သတ်ချက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ် ကွာ ။ ဒီတော့ အရင်မဆလ အစိုးရ ၊နအဖ အစိုးရ တို့ နဲ့ဘာများကွာခြားသေးလည်းဟ ။ အရင်အတိုင်း ဒုံရင်း ပဲပေါ့ ။
ဒီတော့ကွာ ငါတို့ဆီမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဘာတွေ ထူးသလည်း မမေးနေနဲ့တော့ ။ ဘာမှ မထူးဘူးကွ ။ ငါတို့  ရွာသားတွေ အတွက်က အရင် အတိုင်းပဲ သူငယ်ချင်း ရေ ။ ဒီလိုနဲ့သာ မိုးကြီးချုပ်တော့မှာလား...လို့  တွေးနေမိတယ် ။ နောက်တကြိမ် နင်နဲ့ပြန်တွေ့ ကြ မဲ့ အချိန်ဟာ ငါတို့ အားလုံး မျှော်လင့်နေကြတဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ တိုးတက်တဲ့ စည်းကမ်းရှိတဲ့ ငါတို့  ရွှေနိုင်ငံကြီး ဖြစ်ဖို့  ဆိုတာ အိပ်မက်လေလား တကယ်လား ပေါ့ ကွာ ။
နင်ဖတ်ချင်တယ် ဆိုတဲ့ ရယ်စရာ တွေ ရေးဖို့  အင်အားမရှိတော့တာမို့  မောစရာ တွေပဲ ရေးဖြစ်သွားတယ် သူငယ်ချင်းရေ ။ နင့်ဆီ လာလည်တဲ့အချိန်တိုလေးအတွင်းမှာ လိုလေသေးမရှိ ပြုစုခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
( သူငယ်ချင်း ခြင် သို့အိတ်ဖွင့်ပေးစာ )
12 comments:
အမား..
သိပ်ဆန္ဒစောနေတာပဲကိုး..၊
ကျွန်တော်တို့ မွေးကတဲကစောင့် လာတာ
အဖေတောင်ဆုံးသွားပြီလေ၊
လှန်ပြ အဲ လမ်းပြမြေပုံအတိုင်းသွားနေတဲ့ ဥစ္စာ..၊
မကြာခင်ပေးတော့ မှာပါ ..
ဆန္ဒမစောပါနဲ့  မစောင့် နိုင်တော့ ဘူးလား။
ဖွားကိ
စိတ်လျှော့
စိတ်လျှော့....
နှင်း
ကိကိရေ
ထူးမခြားနား အရင်အတိုင်းဘဲလေ မောပြီလား
ချစ်တဲ့
ရွှေစင်ဦး
အစ်မကိရဲ့ စာရေးကောင်းပုံကတော့ လက်ဖျားခါတယ်
ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိတယ် အစ်မရေ...
အခြေအနေ အားလုံးကို သိလိုက်ရတဲ့အတွက်ကျေးဇူးတင်မိတယ်.. ဘယ်တော့များမှ ပြောင်းလဲမလဲ မသိနိုင်ဘူးနော်...
လူတွေအများစုဟာ ကိုယ့်အတွက်ကလွဲလို့ တစ်ခြားဘာကိုမှ မစဉ်းစားတော့ဘူး... ကိုယ်ကျိုးဘဲကြည့်ကြတော့တယ်... စိတ်မကောင်းစရာ
ကိရေ.... တို့ကတော့ ကြာလေ ပါးစပ်ပိတ်လေးပဲ သူငယ်ချင်းရေ.... ဘာမှ ကို မပြောတော့တာ ကြာပေါ့.... ပြောလဲ အမြှုတ်ထွက် လျှာ အလျားလိုက် ထွက်ပြီး ဟတ်လျားထိုး.... အဲလေ... ဘယ်ရောက် သွားပါလိမ့်....
ပီးပီ...
;P
အင်း....... အရင်အတိုင်းပါပဲလေ..... ပြောစရာစကားမရှိလောက်အောင် ရွံရှာစက်ဆုတ်တယ်..
စိတ်ကူးပေါက်ရာ လျှောက်တွေးရင်း..
ငါ အိမ်ပြတင်းပေါက်ကို မှီထားရင်း . .
...........................
...........................
အရင်လိုပါပဲ ..................
အရင်လိုပါပဲ ..................
အရင်လိုပါပဲ ..................
ဟင်းးးးးး ခနဲ သက်ပြင်းချသွားတယ်
ကြားလိုက်တယ် ဂျာနယ်တွေ ပိတ်ခံထိတာ
အနုပညာသည်တွေ တော့မသိဘူး
ဒါပေသိ မောင်မျိုးမင်းက တော့ပေါ်တင်ပဲနော် ထာဝရ နှင်းဆီ နေတိုးတို့ လူရွှင်တော် လုပ်တဲ့ဟာလေ အဲဒါ သူတို့ ဘာဖြစ်တုံး သိချင်တယ်
တန်းစီတဲ့ထဲမှာ ကားမဲမဲလေးဘယ်ပျောက်နေပါလိမ့်...
ဟိုသီချင်းထဲကလိုပေါ့ အမရယ်.... ရန်ကုန်မြို့ကြီးလည်း ... အရင်အတိုင်းပဲ.....။
အနမ်း
Developed Union of Myanmar..
COMING!!! COMing!!! Coming!!! coming!! After retired of president U THAUNG, U Thaung, Lu Thung, Mu Thung, Aung Thung, Maung Thung, Aung Kaung, Maung Kaung......
Hpew!!!! woo.. woo....
ဟင်းးးးးးးးးးးးး
ဟင်း ဟင်းးးးးးး
ဟင်း ဟင်း ဟင်းးးးးးးးး
သက်ပျင်းချသွားတယ်...မကိရေ...
ဘာမှမထူးတဲ့ အကြောင်းတွေ ရေးပြီး
ကိုယ့်အမ ထူး သွားမှာ မဖြစ်စေချင်ဘူးနော်။
အစစအရာရာ ဂရုစိုက်။
ဘာမှမထူးတဲ့အထဲမှာ အရင်လို ဆတ်ဆတ်ထိ အပြောမခံတာလည်း ပါသေးတယ်။
Post a Comment