ဒီနေ့ လည်း သွေးရောဂါဆေးရုံသို့  တခေါက်ရောက်ခဲ့ရပြန်ပါတယ် ။ ညီမလေးတယောက် ဆေးရုံတက်ရလို့ ပေါ့။ ဆေးရုံက မကြာခဏတက်နေရတော့ သူမအတွက်ကတော့ သိပ်ပြီးမထူးခြားလှပါ ။
သွေးမသွင်းခင်တရက် ပြင်ပလူနာဌာနကိုပြ ၊ သွေးရဖို့  စီစဉ်၊ နောက်တနေ့ မှာ ဆေးရုံတက်ပြီး သွေး ၂ အိတ်သွင်း၊ ဒါတွေက လုပ်နေကျ အစီအစဉ်လေးတွေပါ ။ သွေးသွင်းဖို့ အသွားမှာ လိုအပ်တဲ့ သွေးပိုက် ၊ ထိုးဆေး နဲ့ ဆေးထိုးအပ် ၊ လက်အိတ် ၊ ဂွမ်း ၊ အရက်ပျံ၊ ပလာစတာ ၊ အစရှိတာတွေကို အဆင်သင့် ဝယ်ယူပြင်ဆင်ထားရတယ် ။
ထိုးဆေးတမျိုးလိုနေလို့  ဆေးရုံကြီး ဝင်းအထဲမှာရှိတဲ့ ဆေးဆိုင်ကို အပြေးအလွှားသွားဝယ်ရတယ် ။ လိုအပ်တာတွေကို ဆေးရုံဝင်းအတွင်းမှာပဲ အလွယ်တကူ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတာကိုပဲ ကြံဖန် ကျေးဇူးတင်ရပေမယ် ။
အင်းလေ... ကျေးဇူးတင်လို့ တောင် မဆုံးသေးဘူး ဆေးကောင်တာက အရောင်းစာရေးမလေးက ဆေးတမျိုးကို ၂ ခါ ပြန်ယူပေးရလို့ ငြူစူစူ လုပ်ပြတာ ခံလိုက်ရသေးတယ် ။ ဩော်..... လောကကြီးက ပြောင်းပြန်ပါလား ။
ဖွားကိ တိုင်းတပါးမှာ လုပ်ခဲ့တုံးက ဆေးရုံရဲ့ ဆောင်ပုဒ်တခုကို ပြေးပြီး အမှတ်ရလိုက်မိပါသေးရဲ့  ။ လူနာ( စားသုံးသူ) တို့ သည် အမြဲတမ်း မှန်ကန်၏ ( Customer is always right )တဲ့ ။
ဒါ့ကြောင့် ဆေးရုံ ဝန်ထမ်းတွေက ( လူနာ/လူနာရှင် ) ဘက်က ဘယ်လောက်ပဲ မှားမှား သည်းခံရမယ် တဲ့ လေ ။ နေမကောင်းလို့  ဆေးရုံလာတက်ကြတာ မို့  လူနာ( လူနာရှင်) တို့ ရဲ့  စိတ်နှစ်လုံးမှာ ပူပင်သောက ရှိနေလေ့ရှိတာမို့  သူတို့ စိတ်အေးချမ်းသာအောင် ဝန်ဆောင်မှု ပေးရမယ် တဲ့၊ ဒါက အဲ့ဒီနိုင်ငံမှာ ရှိတဲ့ အစိုးရဆေးရုံတွေမှာ ရော ၊ ပုဂ္ဂလိက ကိုယ်ပိုင် ဆေးရုံတွေမှာပါ ကျင့်သုံးနေကြတဲ့ ဆောင်ပုဒ်များထဲက တခုပါ။ ထားပါတော့ သူများနဲ့ မယှဉ်တော့ဘူး ။ ကိုယ့်ပြည် ကိုယ့်ရွာ ရဲ့ ဓလေ့ ၊ ဆောင်ပုဒ်တွေ ၊ ကျင့်သုံးမှုတွေ ဘယ်လိုရှိမှန်းသေချာမသိတော့တာမို့  သူ ငြူစူတာကို ကိုယ်ကပဲ အပြုံးလေးနဲ့  ( မချိပြုံးလို့ ပြောရရင် ပိုမှန်ပါလိမ့်မယ် ၊ ကိုယ်ပိုက်ဆံပေးပြီးဝယ်ရတာတောင် ဒီလိုပဲ ပြုံုးပြရတယ်လေ) ကိုယ်လိုတဲ့ ဆေးကလေး မြန်မြန်ရအောင် ပြောရသေးတယ် ။
နောက်တော့ လူနာဆီ ပြန်လာပြီး သွေးသွင်းဖို့  အလှည့်ကျအောင် စောင့်နေပါတယ် ။ အဲ့ဒီ အချိန်မှာပဲ ဆရာဝန်ကြီးတိုင်းခန်းလှည့်လည် .. အဲ့လေ.. ward round တယ် ။ သူ့ နောက်မှာတော့ ထုံးစံအတိုင်း ဆရာဝန် လတ် ၊ ဆရာဝန်ငယ် ၊ ဆရာဝန်ပေါက်စ ၊ ဆရာမကြီး စိမ်း ၊ ပြာ၊ နီ တို့  များစွာ ပါရှိလေတယ် ။ ဒီအချိန်မှာ ကိုယ့် ညီမလူနာ နဲ့  တစ်ကုတင် အကျော်က လူနာ အဒေါ်ကြီးတယောက် အမောဖေါက်နေပါတယ် ။ သူ့ ညာဘက်လက်ဖျံမှာတော့ အငန်ရည် ဒရစ်ပ် တစ်ပုလင်းသွင်းထားတယ် ၊ နှာခေါင်းမှာလည်း အောက်စီဂျင် ပိုက်လေး တေ့ထားတယ်။
သူ့ ဘေးမှာ သူ့ ယောကျာင်္း နဲ့ သမီးလို့  ယူဆရတဲ့ ဦးလေးကြီး တယောက် နဲ့ မိန်းကလေးတယောက် စိုးရိမ်ပူပန်ခြင်းမျက်နှာများနဲ့ စောင့်နေကြပါတယ် ။ သူတို့ ကို လှမ်းကြည့်လိုက်တော့ လူနာရှင် ဦးလေးကြီးက ကိုယ်နဲ့ အကြည့်ချင်း အဆုံ ၊ သူက ကိုယ့်ကို အကူအညီတောင်းခံတဲ့သဘောနဲ့ လှန်းပြောပါတယ် ။ “ဟိုနားက ဆရာဝန်ကြီးကို ခဏလောက် ခေါ်ပေးပါ ”တဲ့
ကြောက်ရွံ့ ခြင်းများစွာ အလည်မှာ ကြီးပြင်းရှင်သန်လာရသူ တွေ အတွက် နေရာတကာမှာ မပြောရဲ မဆိုရဲ ကြောက်ရွံ့  သိမ်ငယ်နေကြသလိုမျိုးပါ။
လူနာ အဒေါ်ကြီး အသက်ငင်နေပြီ ။ Gasping ရနေပြီ၊ ဒီအချိန်က အရမ်း အရေးကြီင်္းနေတဲ့ အချိန်ပေါ့ ။ ဒါကြောင့် ဟို မလှမ်းမကမ်းမှာ ရောင်းလှည့်နေကြတဲ့ ဆရာမတယောက်ကို သွားပြောပေးလိုက်ပါတယ် ။ ဟိုလူနာ အမောဖေါက်နေတယ် ပေါ့လေ။ ဒီတော့ ဆရာမ အနီလေးက လူနာကိုလာကိုင်ကြည့်တယ် ။ အဒေါ်ကြီး အိပ်နေတယ် ထင်သလားမသိ ။ လှုပ်နှိုးလိုက်တယ် ။
နောက် ၂ မိနစ်လောက်ကြာတော့ ဆရာဝန်ပေါက်စလေး တယောက် ရောက်လာတယ် ။ ပုခုံးမှာ နားကြပ်လေး ချိပ်လို့  ဟန်ပါပါလေးနဲ့ပေါ့ ။ လူနာရဲ့  လက်ကောက်ဝတ်ကိုကိုင်ပြီး သွေးခုန်နှုန်း စမ်းကြည့်တယ် ။
ပြီးတော့ ပါးစပ်က တတွတ်တွတ် ။ မျက်နှာက အေးတိအေးစက် ။ လှုပ်ရှားမှုက နှေးနှေးကွေးကွေး ။ ဒီလိုနဲ့  နောက်ထပ်အချိန် ၃ မိနစ်လောက် ကုန်သွားပြီ ။ နောက်ထပ် ဆရာဝန် ပေါက်စနလေး တစ်ယောက် ရောက်လာတယ် ။သူ့ လက်ထဲမှာ BP cuff တခု ကိုင်လို့ ။ သွေးပေါင်ချိန်ဖို့  ပြင်ဆင်နေတယ် ။ ကုန်သွားပြန်ပြီ နောက်ထပ်အချိန် ၂ မိနစ် ။ သွေးပေါင်ချိန်က တိုင်းလို့ မရသေး ။ zero pressure ဖြစ်နေပြီ ထင်ပါရဲ့  ။သူမဘေးက အားကိုးတကြီး ကြည့်နေတဲ့ လူနာရှင် ဦးလေးကြီးကို တခွန်းလှည့်ပြောလိုက်တယ် ။ “ လူနာကို အိမ်ပြန်ခေါ်သွားချင်လား ” တဲ့ ။ “ ကားသွားခေါ်ပါ” တဲ့ ။
ဦးလေးကြီးကလည်း သဘောတူစွာ ခေါင်းငြိမ့်တယ် ။
လူနာ အဒေါ်ကြီ်း gasping ရနေတာ ၃ ချက်လောက် အသက်ငင်ပြီး ငြိမ်ကျသွားပြီ ။ ဆရာမ အနီလေးတယောက် လူနာဘေးမှာ အသင့်ဝယိထားတဲ့ ထိုးဆေး တစ်လုံး ထိုးပေးလိုက်တယ် ။ နောက်ထပ် အချိန် ၃ မိနစ်လောက်ကုန်သွားပြီ ။ ဆရာဝန်ကြီး တိုင်းခန်းလှည့်နေရာ လူနာကုတင် မှ တချက် လှန်းကြည့်လိုက်တယ် ။ မျက်စိအကြည့်သာ သေခါနီးလူနာဆီ ရောက်လာတယ် ၊ ခြေဦးမလှည့်တော့
ခြေလှမ်းလည်း မရောက်လာတော့ ။ သူ့  အဖွဲ့ တပြုံတမကြီင်္း ထဲက ဘယ်သူမှ ဒီကုတင်ဆီ ခြေဦးမလှည့်တော့ ။ ဘယ်လိုမှ ကယ်တင်လို့  မရတော့လောက်အောင် ရောဂါကျွမ်းနေပြီ ထင်ပါရဲ့ ။ဒါမှမဟုတ် တခန်းထည်းမှာပဲ သူ့ လူနာ ၊ ကိုယ့်လူနာ ခွဲထားတာမို့  သူ့ လူနာ မဟုတ်တဲ့ ဒီဘက်အခြမ်းကို သူလာမကြည့်တာလည်း ဖြစ်နိုင်ပါတယ် ။ ဆေးရုံ အထာ သိနေတဲ့သူတွေကတော့ ဘယ်ကုတင်က ဘယ်ဆရာဝန်နဲ့ ဆိုင်တယ်ဆိုတာ သိနိုင်ပေမဲ့ အထာမသိတဲ့ အပြင်လူတွေ ၊ လူနာရှင်တွေ အနေနဲ့ ဒီလိုအကြောင်းတွေကို သိနိုင်ပါ့မလား ။ တောသူတောင်သား မလည်မဝယ် သူတို့ ခမျာ မြို့ကြီးပြကြီးမှ ဆရာဝန်ကြီးတွေက မျက်နှာမွဲ လူနာတွေကို ဂရုမစိုက်လေဘူး လို့  များ ထင်မှတ်မှားသွားလေ မလား ။ ကိုယ့်အတွေးများက ဟိုရောက် ဒီရောက်ပေါ့။
ဒီလိုနဲ့  ဘာကိုစောင့်နေမှန်းမသိ ။ ဘယ်သူမှ အရေးပေါ် အသက်ကယ်ခြင်းကို မပြုလုပ်ကြတော့ ။ လူနာရှင်တွေကပဲ မလုပ်လိုတော့ တာလား မသိ ။နောက်ထပ် မိနစ် အနည်းငယ် ကြာတော့ အဲ့ဒီ ဆရာဝန်ပေါက်စလေး ၂ယောက် ထဲမှ တယောက်က အီးစီဂျီ ဆွဲတဲ့ စက်ကလေး တွန်းလာတယ် ။ လူနာရဲ့  မျက်လုံးကို( pupil dilate )သူငယ်အိမ် ကျယ်၊ မကျယ် သိရအောင် ထိုးကြည့်စရာ လက်နှိပ်ဓါတ်မီး က အဲ့ဒီ ဆရာဝန်ပေါက်စဆီမှာ အဆင်သင့် မရှိ ၊ ဘေးကုတင်က လူနာစောင့် ညရေးညတာ သုံးဖို့ ထားတဲ့ တရုပ်ဖြစ်လက်နှိပ်ဓါတ်မီးတခု ငှားယူပြီင်္း ငြိမ်နေတဲ့ အဒေါ်ကြီင်္း မျက်လုံးကို မီးထိုးကြည့်တယ် ။ Light Reflex မရှိတော့မှန်း ဘေးက နေ မှန်းကြည့် နေမိတယ် ။
အင်းလေ ။ သေမယ်ဆိုလည်း သေလောက်ပြီပဲ ။ အိုး.... ဒီၤေလာက္နဲ့ ဘယ္ရမလဲ ။ သေချာအောင် အီးစီဂျီ ဆွဲကြည့် တာပေါ့ ၊ ( လူနာ အသက် မငင်ခင်တည်းက တပ်ဆင်ထားသင့်တဲ့ အီးစီဂျီမော်နီတာ မရှိ ၊ ထားလိုက်ပါတော့ ဒီစက်မျိုးက ICU အခန်းက လွဲရင် ဆေးရုံက လူနာအခန်းတိုင်းမှာ ရှိချင်မှ ရှိပေမယ် ။ )
အီးစီဂျီမှတ်တမ်းလေးကို စာရွက်ချွေတာရေး သဘော နဲ့ အဖြစ်သဘော လက်တထွာ မရှိတရှိ အရှည်လေး ဆွဲယူ လိုက်တယ် ။ စပ်စုတတ်တဲ့ ကိုယ့်မျက်လုံးက အဲ့ဒီစာရွက်ကို လှမ်းကြည့်မိလိုက်သေးတယ် ။
လူနာ နှလုံးခုန်ချက် မပြတော့ ။ flat line ကလေး အထက်အောက် မျဉ်းပြိုင် ၃ ကြောင်းကို တွေ့ လိုက်မိတယ် ။ ဪ.. ခုတော့ ရှောသွားပြီ ပေါ့ ....... ။ ဆရာဝန်ပေါက်စလေးမှ ဆွဲထားတဲ့ အီးစီဂျီ အပိုင်းအစ အတိုလေးကို စက်မှဆွဲဖြတ်လိုက်ပြီး လူနာအသက်မရှိတော့ကြောင်း လူနာရှင်ဦးလေးကြီးကို ပြောပြလိုက်တယ် ။
ဦးလေးကြီးမှာ ဘာခံစားမှုမှ မရှိတဲ့ မျက်နှာမျိုး ၊ အံ့သြခြင်း ၊ ဝမ်းနည်းခြင်း ၊ပူဆွေးခြင်း၊ ယူကြုံးမရဖြစ်ခြင်း ၊ ဘာဆိုဘာမှ ပြောင်းလဲမှု မရှိတဲ့ မျက်နှာ နဲ့  ဆရာဝန်မလေးရဲ့ ပြောကြားချက်ကို နားထောင်နေရင်း ဘေးက ရှိသမျှ သူ့ အသုံးအဆောင် ပစ္စည်းလေးတွေ ကို သိမ်းဆည်းနေတယ် ။ လူနာရဲ့ သမီးမှလည်း မျက်ရည် တစ်စက်မှ မကျနိုင်တော့ ။ သူမ လုပ်စရာ သိမ်းစရာများကို သိမ်းနေတော့တယ် ။ ဒီအချိန်မှာ ပဲ ထမိန်အနီ ဆရာမလေးတယောက် ရောက်လာပြီး “ ဦးလေး ၊ လူနာကို အဖျားတိုင်းလိုက်ပါအုံး ” တဲ့ လေ ။ လူနာရှင် ဦးလေးကြီး ကတော့ ဘာမှ ပြန်မဖြေ ၊
ပြန်မပြောတော့ နောက်တခေါက် ထပ်ပြောပြန်တယ် ။ ဘေးကနေ ကြားနေရတဲ့ ကိုယ်တယောက် “ဗုဒ္ဓေါ”... လို့ သာ တ လိုက်ချင်တော့တယ် ။ ဪ ... လူအရှင် နဲ့  လူ အသေကိုတောင် ခွဲခြားပြီး မသိနိုင်ကြတော့တာလား ။ အလုပ်တွေ သိပ်ရှုပ်နေလို့  သေချာ မကြည့်ပဲ ပြောလိုက်တာလားတော့ မသိတော့ပါ ။ သေပြီးတာတောင် နာရီဝက်လောက်ရှိနေပြီ ။ အဖျားလာတိုင်းခိုင်းနေပြန်သေးတယ်
ဒီတော့ မနေသာတော့တဲ့ ကိုယ့်အကျင့် အတိုင်း ဆရာမလေးကို ပြောပြရတယ် ၊ ဒီလူနာက Expired ဖြစ်သွားပြီ လို့ ၊ ဒီတော့မှ ဆရာမလေးလည်း ရှက်ကိုး ရှက်ကန်း နဲ့ ဪ..ဟုတ်လား တဲ့လေ။
ဘေးကုတင်က လူနာစောင့်တချို့ ကတော့ ပြုံးစိစိ နဲ့ပေါ့ ။ ကိုယ့်မှာတော့ ငိုရမလား ရယ်ရမလား ပဲ ။ နောက်ထပ် တစ်နာရီလောက်ကြာတဲ့ အခါမှာတော့ လူ၂ ယောက်က ဒီအဒေါ်ကြီးရဲ့  ရုပ်အလောင်းကို ဘာ အဖုံး ဘာအကာမှ မပါပဲ တွန်းလှည်းပေါ် တင်သွားကြပါတော့တယ် ။
နောက်မှ သိရတာက ဒီလူနာ ဒီအခန်းမှာ တက်နေရတာ ၁၀ ရက်လောက်ရှိပြီ ၊ အရိုးဆေးရုံမှာ တက်နေတာက တစ်လ တဲ့ ၊ လူနာရှင်ရဲ့  အပြောအရတော့ ရိုးတွင်းချဉ်ဆီအားနည်းလို့  တဲ့ ။ အရိုး သို့မဟုတ် သွေးကင်ဆာ လား လို့  မေးကြည့်တော့လည်း မဟုတ်ဖူး တဲ့ ၊ ဒါဆို ဘာ ရောဂါလည်းတော့ မသိ ၊( ဆေးမှတ်တမ်းတွေ မှာတော့ ရေးထားမှာ ပေါ့ ။ ) ဘာရောဂါပဲ ဖြစ်ဖြစ်ပါ ။ ရောဂါကျွမ်းပြီးမှ ဆေးရုံပေါ်ရောက်လာရင်တော့ ဘယ်လိုမှ ကယ်လို့ ကုလို့  ရမှာ မဟုတ်ပါဘူး ။
ဒါပေမဲ့ အသက်ထွက်ခါနီး အချိန်မှာ လူနာရှင် အားကိုးတကြီးနဲ့ ခေါ်လိုက်တဲ့ အချိန်မှာ မရှင်နိုင်တော့တဲ့လူတယောက်ကိုလည်း လာပြီး ကြည့်ပေးဖို့  ၊ လူနာရှင်ကို ရှင်းပြဖို့ ၊ အားပေးဖို့  လိုအပ်တယ် လို့  ထင်ပါတယ် ။ သေပြီးသား ရုပ်အလောင်းကို ဆေးရုံ အတွင်းမှ သယ်ဆောင်တဲ့ အခါမှာလည်း အခြားသူများ မမြင်ရအောင် ဖုံးထား အုပ်ထားဖို့  လိုပါတယ် ။ ခုတော့........
ဆေးရုံ ဆိုတာက လူသေတာ အများဆုံး နေရာတခုပါ ။ လူနာတွေ အသက်ထွက်တာကို မြင်ရပေါင်းလည်း မနည်းလှပါ ။ ဒီတခါလောက် အေးအေးဆေးဆေးရှိလှတဲ့ မြင်ကွင်းမျိုးကတော့ ရှားလှပါတယ်။
လူနာရှင် အနေနဲ့ လည်း မရှင်တော့မဲ့ အတူတူ ဆက်ပြီး အချိန်ကုန် ငွေကုန် လူပန်း မဖြစ်ရလေအောင် လက်လျှော့လိုက်တာကမှ သူလည်း ဝဍ်ကျွတ် ကိုယ်လည်း ဝန်ပေါ့ ၊င်္ဒိလို အေးအေးဆေးဆေး မြန်မြန်ဆန်ဆန် သွားလိုက်တာကမှ သူ့ အတွက်ရော ကိုယ့်အတွက်ပါ ပိုကောင်းတော့မှာမို့  ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာ လား လို့ သာ.......
18 comments:
သိပြီ မဟုတ်လား ဖွားကိ this is union of burma စတိုင်လေ........ ။
ဟင်းးးး .... !!!!!
အပေါ်က မဆောင်းနှင်းရွက်လိုပဲ “ ဟင်းးးးးးးးးးးး ” လို့ပဲသက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ဖွားကိရယ်
ဒါတို့ပြည် ဒါတို့မြေ လို့ပဲ ပြောလိုက်ချင်ပါတော့တယ်
ဆေးရုံ ဆေးခန်း အတွေ့အကြုံဆိုတာ နည်းလွန်းလှတဲ့ ကျနော်တို့ အတွက် ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်မဲ့ အဖြစ်အပျက်ကို မျက်ဝါးထင်ထင် ကြုံခဲ့ရဖူးတယ်။ လူစိတ်ရှိသော ဆရာဝန် ၊ ဆရာဝန်မ ၊ နပ်စ် ၊ ဆေးဝန်ထမ်းများကို အားနာလို့သာ မရေးတာပါ။ ဒါပေမဲ့ အခု မကိ ရေးလို့ ကျနော် ရေးပါ့မယ်။ တစ်လခွဲလောက် Neuro မှာ တတ်ခဲ့ရတဲ့ အတွေ့အကြုံလေးပါ။ ခံစားမှုမျိုးစုံကို တစ်နေရာတည်းမှာ ကြုံစေခဲ့တဲ့ အဖြစ်အပျက်ပေါ့။
မယ်ကိရယ်...
ရွာကဆရာဝန်ကြီးတွေ က နောက်လိုက်နောက်ပါတပြုံကြီးနဲ့ လှည့်ရတာဆိုတော့ ..လူနာလန့်မှာစိုးလို့မလာတာပါ..
ဒေါက်တာချိုချိုဆီကိုဘကျောက် report က်ု fax ပို့ထားတယ်..အဲဒီ report မှာ ဆေးရုံက ဘကျောက်ကို အရက်သောက်တယ်ရေးထားသေး..တလွဲချည့်ပဲ၊ ဘကျောက် Tumour က 5 cm ရှိနေတော့ ခွဲဆို့မလွယ်ဘူး..ခု Nexavar နဲ့ သေးအောင်ကြိုးစားကြည့်မယ်တဲ့ သေးတာမသေးတာတော့ ကံတရားပေါ့၊ ဘကျောက်ကတော့ ပျော်ပျော်ပဲ..နောက်ဆံငင်စရာလဲ မရှိဘူးလေ..ခုထိတော့ ကောင်းနေတုန်းပဲ..သူတို့ပြောတဲ့ ၆ လ မှာမှ ကိစ္စချောမလားမသိဘူး
မြန်မာပြည်က လူတွေလည်း ဒုက္ခဆင်းရဲတွေ နေ့စဉ်ကြုံရလွန်းလို့ ထုံပေပေ ဖြစ်ကုန်ကြတာထင်ပါရဲ့။
အဆိုးဆုံးကတော့ လူသားဆန်ဆန် အလေးထားဆက်ဆံခြင်း မခံရတာပါဘဲ။ လူ့ဂုဏ်သိက္ခာညှိုးနွမ်းရတယ်ပေါ့ဗျာ။ နေရာတိုင်းမှာ ဒီအဖြစ်မျိုးတွေချည်းမို့ ကိုယ့်တိုင်းပြည်အကြောင်းတွေးတိုင်း စိတ်သက်သာစရာ ဖြစ်မလာပါဘူးခင်ဗျာ။
မကိ ရေ
အခုတော့လျှောသွားပြီ အခုတော့လျှောသွားပြီ
ဒါတွေ ဒီလိုရှိတယ် ရိုးးစ်
ခင်တဲ့
ရွှေစင်ဦး
ကျမဖေဖေလည်း ဆရာဝန်ကဆေးရုံကြီးသွားတာအကောင်းဆုံးဘဲဆိုလို့ ပို့လိုက်တာ ... သူ့ရဲ့နောက်ဆုံးအချိန်မှာ သက်တောင့်သက်သာ မနေလိုက်ရဘူး... ဆေးတွေ စစ်နေရတာနဲ့ဘဲ အစားတောင် မစားလိုက်ရ ရှာဘူး... ဆေးစစ်တဲ့ အဖြေလဲ ဘာမှ မထွက်လာဘဲ အသက်ထွက်သွားချိန်မှ ဆေးစာက နှလုံးခုန်ရပ်သွားတာတဲ့... ဆေးရုံကြီးကို တကယ်စိတ်နာတယ်
အခုလို မကီကိုယ်တိုင် ဆေးရုံရဲ့ အတွေ့အကြုံကို ရေးလိုက်တော့ ကျွန်မတို့နိုင်ငံရဲ့ဆေးကုသမှုစနစ် ဘယ်လောက်တောင် ဆိုးဝါးနေတယ်ဆိုတာ ထင်သာမြင်သာ ရှိစေပါတယ်.. ဆေးရုံတကယ်တက်ခဲ့သူ၊ ရောက်ခဲ့သူတွေရဲ့ ကိုယ်တွေ့တွေဟာ ခုထက်အများကြီးဆိုးဝါးတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကိုယ်တိုင်ကြုံတဲ့အခါ ပိုပြီးသိသာပါတယ်..
ပြုပြင်ပြောင်းလဲခြင်း မရှိသရွေ့တော့ ဆေးကုသမှုစနစ်ဟာ ဒီတိုင်းရှိနေဦးမှာပါ။
ကိရေ ရခဲ့လှတဲ့ လူဘဝကို ဟင်းရွက် ကန်စွန်းလို့လုပ်ရက်ကြပါ့... ပုံပြင်တွေထဲကလို လူတွေ အသက်ကယ်တဲ့ လူစွမ်းကောင်းဆိုတာတွေ... ဒီလိုလူမျိုးတွေတွေကို သွားပေးဖတ်ရင် ဘာလာကြောင်နေလဲတောင် အပြောခံရမယ်ထင်တယ်... အဟီး.. တာမီးကိုကမှားတာပါ...
ပြောပြန်ရင်လည်း ကိကိလွန်ရာကျမယ်နော
ဝမ်းသာရမှာလား ၀မ်းနည်းရမှာလား ဒေါ်ကိကိ
ဝဋ်ရှိရင်လည်း ကျေပါစေ
ငွေအသပြာ မတတ်နိုင်လို့ကတော့ အသေခံရတာမှ ကောင်းအုံးမယ်
တကယ်စိတ်ညစ်စရာပါဗျာ
ခင်တဲ့
seesein
ွ
မမကီရေ...
အမ က အခုမှ ပြန်ရောက်တော့ တာကိုး ၊
ဒါမျိုးတွေက ကြာပြီပဲ။ ဆယ်စုနှစ်မက ရှိနေပြီ။
ဒါကြောင့် “ တင်လျှော ” လို့ ခေါ် နေတဲ့ 
အဲ့ ဒီလိုဆေးရုံကြီးတွေ ရောက်ရင် အားလုံး
စိတ်လျှော့  လိုက်ကြတာလေ။
စာဖတ်ပြီး သက်ပြင်းရှည်ရှည်ချမိပါတယ် မမကိရေးး
သာယာချမ်မြေ့ပါစေရှင်း
မိုး
သနားစရာကောင်းလိုက်တာဗျာ......။
တစ်ကယ်မြင်ခဲ့ရတဲ့သူဆို ဘယ်လိုနေမယ်မသိဘူး............း((
ခင်မင်ခြင်းအားဖြင့်............
ဏီလင်းညို
ဒီမြင်ကွင်းတွေကို အထူးအဆန်းလုပ်ပြီး ခံစားနေရင် မကီ တရားပေါက် သွားလိမ့်မယ်။
ဘယ်နေရာမှာများ လူတွေအတွက် သက်သောင့်သက်သာ နေခွင့် သေခွင့် ရှိလို့လဲ။
မလွယ်ပါဘူး အစ်မရာ..။ ဒီလိုပြောရတာလည်း ကြာပေါ့။
ဝမ်းနည်းရတာတွေများတော့ ထုံသွားကြတာပါဗျာ.
ဆင်းရဲတဲ့ရောဂါ ကြောက်လန့်နေရတဲ့ရောဂါ တွေ အားလုံးလိုလိုမှာ ဖြစ်နေရတာ.ဒေါ်ကိမြန်မာပြည်ရောက်တုန်း ဖြစ်ရပ်မှန်တွေ ဆက်ရေးပါဦးဗျာ..မှတ်တမ်းတွေဖြစ်တာပေါ့..
ဘာမှမလုပ်နိုင်သေးခင်အချိန်မှာ မှတ်တမ်းတော့ လုပ်နိုင်သလောက်လုပ်ထားလို့ ရပါတယ်ဒေါ်ကိ
တချိန်ချိန်တော့ အသုံးတည့်လာဦးမှာပါ.စစ်အစိုးရလက်ထက် မြန်မာ့ဆေးရုံဆေးခန်းများအကြောင်း လိုဟာမျိုးလေ.
စိတ်မကောင်းဖြစ်မိပါတယ်။
စိတ်မကောင်းစရာပဲဗျာ။ လူနာရှင်တွေက ဆရာဝန်တွေကို မျက်ထောင့်နီးကြီးနဲ့ ကြည့်ပြီး နံရံ ကို လက်သီးနဲ့ ထိုးတာ တို့ဘာတို့ မြင်ဘူးတယ်။
Post a Comment