၂၀၁၀ခုနှစ် ဇွန်လဆန်း ၊ ကိုယ့်ပြည် ကိုယ့်ရွာ ရောက်ပြန်ပေါ့ တခေါက် ၊ မြို့ တော်ရန်ကုန်ဆီသို့  မကြာမီအချိန်အတွင်း ဆင်းသက်တော့မှာ မို့ ခရီးသည် အားလုံး မိမိတို့ နေရာတွင်ထိုင်ကြပြီး ၊ ထိုင်ခုံခါးပါတ်များ တပ်ဆင်ထားကြ ဖို့  လေ ယာဉ်မယ်လေးရဲ့  ချိုသာ ဖွယ် အသံလေးကို ဘာသာ စကား ၃ မျိုး ဖြင့် အသံလွှင့်သံ ကြားလိုက်တော့မှ မှိန်းထားသော မျက်လုံး ကို ဖြတ်ကနဲ ဖွင့်ကြည့် မိလိုက်သည် ။ ခါတိုင်းလို လွတ်လပ်ပျော်ရွှင်မှုများ နဲ့ ပြည့်လျှံမနေ နိုင်တော့တဲ့ မြင်ကွင်းတခု ဆီးကြိုလျှက်.. ၊ ဝေဟင်မှ မြေပြင်ဆီသို့  အကြည့်မှာပင် ရင်ထဲ တင်းကျပ်လို့  နေပေတော့သည် ။ မိုး တပြိုက် နှစ်ပြိုက်ရွာ ပြီဆိုပေမဲ့ ၊ ပြီးခဲ့တဲ့  လက အပူချိန် ၄၅ ဒီဂရီကို မမှီလောက်တော့ပေမဲ့ နွေအပူ မှာ လွန်ကဲ နေဆဲပါလေ ။ခြောက်ကပ် အက်ကွဲ ပက်ကြားလိုက်နေတဲ့ လယ်ကွက်များမှာ ရေဝင်လာပြီဖြစ်ပေမဲ့ ၊ ဒီနှစ် မိုးဦးကျ မှာ စပါးပျိုးခင်းများနဲ့  စိမ်းလန်းစိုပြေလို့  မနေနိုင်သေးပါ ။ ကောက်ပင်ပျိုးဖို့ အချိန်တောင် လွန်နေပါပေါ့လား ....
ရန်ကုန်မြို့ တော်ကြီးရဲ့  အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင် မှာ ပြုံးရွှင်စွာ နဲ့ စောင့်ကြိုနေကြသူများက ခါတိုင်း နဲ့  မတူလှဟု ခံစားမိလိုက်ပါသေးသည် ။ Immigration မဖြတ်မီ ကောင်တာ တခု တိုးလာသည် ။ On arrival visa ထုတ်ပေးတဲ့ ကောင်တာမှန်း နောက်မှ သိရသည် ။ ဘာ ဆိုင်းဘုတ်မှ ရေးဆွဲ မထားတော့ Immigration ကောင်တာ လို့ တောင် ထင်မိလိုက်သေးသည် ။ ကိုယ့်ဟာကိုယ် ပါတ်ဝန်းကျင်လေ့လာမှု အားနဲ နေသေးသည့် အတွက်ကြောင့် ဖြစ်နိုင်ပါသည်လေ ။အတူတူ စီးလာတဲ့ ခရီးသည် တဦး မှာ အရေးတကြီး ထွက်လာရတဲ့ အတွက်ကြောင့် ကြိုတင် ဗီဇာ လုပ်ဖို့  အချိန်မမှီတော့ တာမို့  On arrival visa လုပ်ရပါသည် ။ ၂၈ ရက်စာ အတွက် ဒေါ်လာ ၄၀ ပေးရကြောင်း စပ်စပ်စုစု မေးမိလို့  သိလိုက်ရသည် ၊ ဟင် .. အင်တာနက် ဝက်ဆိုဒ် ထဲမှာ ကြော်ငြာထားတာ နဲ့  မတူပါလား ။ ကြော်ငြာမှာ တွေ့ မိလိုက်သည်က ၂၈ ရက် နေခွင့် Tourist visa အတွက်၊ ဒေါ်လာ ၃၀ တဲ့  ၊ Bussiness visa က ရက်ပေါင်း ၇၀ .. ကျသင့်ငွေက ဒေါ်လာ ၄၀ လို့  ဖတ်မိခဲ့သည်ပဲလေ ၊ ကိုယ့်ဦးနှောက် အမှတ်သညာကပဲ မှားယွင်းနေပြီလား တော့ မသိပါ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်တွေ့ မျက်မြင်အရတော့ လက်တဝါးစာ စာရွက် အဖြူ အပိုင်းလေးပေါ်မှာ မှင်ရောင် နီနီ စာလုံးများကို တံဆိပ်နှိပ်ထားသည် မှာ ဘာမှ ထူးထူးခြားခြားရေးထားတာမပါ ။ ဗီဇာ အမျိုးအစား၊ ပတ်စ်ပို့ နံပါတ် ၊ ဝင်လာ တဲ့ နေ့စွဲ နဲ့ 4 W ဆိုတဲ့ စာလုံး ..လိုရင်း တိုရှင်းကလေးမျှသာပါ ။ ဒေါ်လာ ၄၀ အတွက် လက်ခံရရှိကြောင်း ဖြတ်ပိုင်း လေးလည်း မရေးပေးပါ ။ စာ ရွက်ချွေတာရေး စီမံကိန်းလည်း ဖြစ်နိုင်ပေသည် ပဲလေ ။ ထားပါတော့ ။ ဒီအရပ် နဲ့ ဒီထုံးစံ ၊ ဒီလိုပဲ နေမှာ လို့  ၊ မဆိုင်တာ တွေးမနေနဲ့ လို့ပဲ ကိုယ့်စိတ်ကိုယ် ပြန်ဆုံးမ နေလိုက်ရပါသည် ။
Immigration ကောင်တာ ဖြတ်တော့ ခါတိုင်းနဲ့ မတူ ။ အချိန်တွေ ပိုကြာ နေလို့ လာကြိုတဲ့ သူများကို အားနာ မိသေးသည် ၊ ဒါပေမဲ့ ကမ္ဘာမှာ အကောင်းဆုံး အနေအထားနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ထားပုံ မှာ မဆိုးလှ ဟု ထင်လိုက်မိပါသည် ။ ဧည့်ဝတ်ပြူငှာ တဲ့ရွှေမြန်မာ တို့ရဲ့ ဓလေ့ အတိုင်း ဧည့်ကြို နဲ့ ဧည့်သည်များကို လေယာဉ် ဆိုက်ဆိုက်ချင်း တိုက်ရိုက်လှမ်းမြင် နိုင်အောင် ဟိုဘက် ဒီဘက် မှန်နံရံ တစ်ချပ်သာ ခြားထားပေးတဲ့ အိုင်ဒီယာ ကောင်းလေးကြောင့်ပါလေ ။ Immigration ကောင်တာ မဖြတ်မှီမှာပင် ဆွေမျိုး မိတ်ဆွေများနဲ့ လက်ဟန် ခြေဟန်ပြပြီး နှုတ်ဆက် နိုင်ကြသလို ၊ ပစ္စည်းရွေးတဲ့ နေရာကို လှမ်းမြင်နေနိုင်ခြင်း နဲ့ အထဲထိဝင်ပြီး ဧည့်ကြို နိုင်တဲ့ အခွင့်ထူးခံ သူများ ၊ ခရီးသည် နာမည် ရေးသားထားတဲ့ ဆိုင်းဘုတ်ငယ်လေးများ တန်းစီကိုင်ထားသူများကို လှမ်းမြင်နေနိုင်စေခြင်းဖြင့် ရောက်လာတဲ့ ဧည့်သည် စိတ်အေးရအောင် စီစဉ်ပေးထားနိုင်ခြင်းများ ၊ အပြင်လောကကြီးမှာ အပူချိန်တွေ ဘယ်လောက် များများ ၊ ဒီလေဆိပ်ကြီးထဲမှတော့ အဲယားကွန်းတွေ အသားကုန်ဖွင့်လို့  အေးမြနေစေခြင်းများ....ဪ ကောင်းလေစွ ကောင်းလေစွ ။ ဘယ်သူတွေ ပြောနေကြသလည်း ၊ မဟာရန်ကုန်မြို့ ကြီး မှာ မီးမလာဘူး ဆိုတာ ၊ တို့ ပြည်သူတွေ လျှပ်စစ်မီးများ မှန်မှန်သုံးကြရတော့မတဲ့..(တည့်တည့် ပြောတယ်ထင်ထင် ၊ ရွဲ့ရွဲ့ ပြောတယ် ထင်ထင် ပေါ့ ..း)))
Immigration ကောင်တာ အဖြတ် ကြာနေရခြင်း အကြောင်းရင်းမှာ ဒီလိုကြောင့်ပါ ။ ကမ္ဘာနဲ့ အမှီရင်ဘောင်တန်းနေနိုင်ပြီဖြစ်တဲ့ ရွှေပြည်ကြီးမှာ ဝင်လာသမျှ ခရီးသွား ဧည့်သည် များကို ရှေးယခင်လို ဟိုစာအုပ်ရေး ဒီစာအုပ်မှတ် နဲ့ စာရွက်ဖြုန်းတီး နေဖို့  မလိုတော့ပဲ ၊ ဓါတ်ပုံ နဲ့တကွ ကွန်ပြူတာ မှတ်တမ်းသွင်းပေးနိုင်ပြီ ဖြစ်ပါသောကြောင့် ကောင်တာ မှန်ချပ်လေးရဲ့ အခြားတဖက်မှ ဝက်ကင်( web cam) လေးကို ပြူးတူးပြုတဲ ကြည့်ပေးလိုက်ရပါသေးသည် ။ မော်ဒယ် ဂဲလ် တို့  မော်ဒယ်ဘွိုင်းတို့  လိုအပ်ရင် ဒီအထဲကများ ရွေးချယ်ဖို့  အစီအစဉ် ရှိလေသည်လား မပြောတတ် ၊ စိတ်ကြိုက် ပုံ ရအောင် တဦးချင်းစီကို စိတ်ရှည် လက်ရှည် ရိုက်ပေးနေသည်မို့  ဤကောင်တာ မှာတင် နာရီဝက်မက တန်းစီ စောင့်စားနေကြရသူများ မချိသွားဖြဲ မှ မချိပြုံး ကို ကြိုးစားပြုံးနေကြရသည်မှာလည်း ပျော်စရာ ကြီးပါပဲလေ ။ ကွန်ပြူတာ တစ်လုံးကို ခေါင်း ၄-၅ လုံးပူးပြီး စူးစိုက်ကြည့်လိုက် ၊ အချင်းချင်း လက်တို့ပြောလိုက် ၊ ရယ်လိုက် ၊ ဘေးက စာရွက်ထဲ ရေးမှတ်လိုက် ၊ ဘေးကောင်တာမှ ပလပ်စတစ်ထိုင်ခုံ သွားဆွဲယူပြီးထိုင်လိုက် ၊ တခါ ခေါင်း၂ လုံး စုသွားလိုက် ၊ ရှေ့ ဘက် ကောင်တာမှတာဝန်ကျနေသူကို လှမ်းမေးလိုက် နဲ့ အလုပ်တွေ ရှုပ်နေကြပုံများမှာလည်း တစ်မျိုးတစ်ဘာသာပင် ။ သူတို့ ရှေ့ မှာ ရပ်စောင့်နေရသော နိုင်ငံခြားသား တရုပ်ကြီးခမျာ မတော့ စိတ်ထဲ ဘယ်လိုနေမယ်မသိ ၊ ကိုယ့်မှာတော့ တအံ့တသြ ဖြစ်မိလိုက်ပါသေးသည် လေ ။
ကိုယ့်အလှည့် အပြီး၊ ဒီနေရာမှအခွာ ခြေလှမ်း ၃၀ မပြည့်လျှောက်လိုက်တော့ ပစ္စည်းရွေးတဲ့ နေရာ ။ အင်း မဆိုးပါဘူး ။ နီးနီးနားနားဆိုတော့ ခြေမညောင်း အားမကုန်တော့ဘူးပေါ့ ။ ပစ္စည်းကူတင်ပေး ကူဆွဲပေးမည့် လူများတောင် ရှိနေလိုက်သေးသည် ။( တန်ရာ တန်ကြေးတော့ မ စ ရပေမည်ပေါ့ ။) ကိုယ့်ပစ္စည်းတနိုင်လေးဆိုတော့လည်း ကိုယ့်ဟာကိုယ် ဆွဲပြီး အကောက်ခွန် ကောင်တာ ဖြတ် ။ ကြက်ခြေခတ် အမှတ်အသား မြေဖြူ ခြစ်ရာ မပါလေ လို့လား ၊ အထုတ်ကြီးငယ် မများပေ လို့လားတော့မသိ ၊ ကပ်စတန် မမ က သူ့ ဆိုင်ရာ စာရွက် ပိုင်းကလေး လှမ်းယူ အပြီး ကိုယ့်အထုတ် အနုတ်စုတ် ဂုတ်စုတ်လေးကို မျက်လုံးတချက် လှန်ကြည့်ပြီးသကာလ .. မောပန်းနွမ်းလျှ လေသံဖြင့် .. ဪ.. သွားလိုက်ပါတော့ လေ ... တဲ့ ။ ကိုယ့် ဘေးပါတ်ပါတ်လည် မှာတော့ တန်းစီခြင်းကို ဝါသနာ ပါပုံ မရကြသော အာရှတိုင်းသားများ၏ ထုံးစံ အတိုင်း ကောင်တာတိုင်းမှာ ဝိုင်းပြုံ နေကြတဲ့ ခရီးသည်များ သူ့ ထက်ငှာ တိုးခွေ့ နေကြတာမို့  ၂ယောက် တတွဲ ကပ်စတန် မမ နဲ့ ကိုကိုများခမျာ ဘယ်အထုတ်က စဖွင့် စစ်ဆေးရမှန်းမသိ ၊ကြက်ခြေခတ်တာတွေရော မခတ်ထားတာတွေရော ..ရောနှော နေတဲ့ သေတ္တာများ အထုတ်များကြားမှာ အလုပ်များနေကြရသည် ။ ဒီကလဲ (Declare) လုပ်သူ တချို့ လည်း ဟိုကောင်တာ သွား ၊ ဒီကောင်တာ သွားနဲ့ ဘာမှန်းမသိ ယောင်ချာချာ ဖြစ်နေတာကို မြင်လိုက်ရတော့ သူတို့ကပဲ စာ မဖတ်တာလား ၊ မြင်ရလွယ်အောင် ခွဲခြား သတ်မှတ် မရေးထားတာလား ၊ ကိုယ်တိုင်လည်းသေချာမသိတာမို့  ကိုယ့်လှည်းကိုယ်တွန်းရင်းနဲ့ ပဲ လေဆိပ် မှ ထွက်လာဖြစ်တော့သည်။
အပြင်ရောက်တော့မှ လေအပူ တချက်အဟပ် ။ အိပ်မက်မှ နိုးထလာသူ တယောက် အလား ပါတ်ဝန်းကျင်ကို စူးစမ်းမိလိုက်တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အရင် အတိုင်းပါပဲလား လို့  ... အလုအယက် အထုတ်ဆွဲပေးမဲ့သူတွေကို ယောင်လို့ များ လှမ်း မကြည့်လိုက်ပါနဲ့  ၊ သေတ္တာ တလုံးကို လူနှစ်ယောက် တပြိုင်နက် ဆွဲပြီး ခြေ ၃လှမ်းအကွာက ကားပေါ်တင်ပို့ ပေးလိုက်ရုံ နဲ့ ပေးလိုက်ပေအုံးပေါ့ တစ်ယောက်တစ်ထောင်(ဟိုး တခေါက် အပြန်ခရီးမှာ ငွေ ၅၀၀ ထဲ ပေးမိလို့ .. “အစ်မရယ် ၊ မုန့်ဟင်းခါး တခွက် စာတောင် မရှိပါဘူး” လို့  ပြောခဲ့တာ ပြန်ကြားယောင်နေမိသေးသည် ။ ။ အင်းလေ ၊ ဒီခေတ် ဒီအခါ ဒီရွာ မှာ အသပြာ တစ်ထောင်ဆိုတာ ဘာသုံးလို့ ရလေမှာလည်း .....လူထူး လူဆန်းများ သောက်သုံး နေကြတဲ့ လက်ဖက်ရည် တစ်ခွက်တောင် ဆင်ဖြူတော် တစ်ကောင် တန်နေပြီ ဆိုတော့လည်း ... ။
အတွေးများစွာ .. အတွေးများစွာ .. ရွာအဝင် ဂိတ်မှာ စခဲ့တဲ့ အတွေးများစွာ ... ဆက်ပြီး တွေးစရာ များ ၊ ငေးစရာများ ၊ ကြားစရာ နာစရာများ ၊ ရယ်စရာ မောစရာများ .... မျှော်....
24 comments:
ကိရေ...
တနေကုန်အပြင်မှာ ရောက်နေလို့ ခုမှတင်ရတယ်... သူငယ်ချင်း... ချိုးချိုးနဲ့နော်...
ဂွိ
စာလာဖတ်တယ် ကိကိရေ....
အင်း...တို့ပြန်မယ့်အချိန်ကြရင်တော့ ကင်မရာမင်းတွေ လုပ်သက်ရင့် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်နေလောက်ပါပြီ...
စာလာဖတ်တယ် ဒေါ်ကိရေ၊ အရာရာ အဆင်ပြေပါစ။
ဒီလို အဖြစ်မျိုး တကယ်ရှိသလား . .?????????
( ပေါင်ချိန်လေသံဖြင့် )
ကိကိ ရေ ..သတိရလိုက်တာ ရန်ကုန်ပြန်တုန်းက လေဆိပ်ထဲ ၀င် သွားတော့ ခံစားရတဲ့ ခံစားချက်တွေကို .. ကိ ရေးတဲ့ အထဲ မျောပါသွားတာ...
တို့ တုန်းက အထုပ်ခြောက်ထုပ် ကို ကိုယ်နဲ့ တခါတည်း ပါမလာလို့ စောင့်လိုက်ရတာ လေဆိပ်ထဲ လူသာ ကုန်သွားတယ် ..နောက်နေ့မှ သွားထပ်ယူရတယ်...တော်သေးတယ်...အထုပ်တွေ ဘာမှ အဖောက်မခံလိုက်ရလို့ .. တို့ သူငယ်ချင်းတော့ အဲလိုဘဲ နောက်နေ့မှ သွားယူရတယ် ..အထုပ် ကိုလည်း
သော့ခတ်ထားတာကို ဖျက်ဆီး ပြီး အထဲက တန်ဖိုးကြီးတဲ့ L.V တံဆိပ် အိတ် တွေရယ် ..ခါးပတ်တွေရယ် ခိုးထားလိုက်တယ် လေ ... ရန်ကုန်လေဆိပ် က လက်ချက် ဘဲ နေမှာပေါ့ ..စီးလာတာ က စင်ကာပူ လေကြောင်း ..စင်ကာပူ လေဆိပ် ကတော့ အဲလို လုပ်မှာ မဟုတ်လောက်ဖူး... အဲဒါ အိတ်ပျက်စီးလို့ လျော်ကြေးအနေနဲ့ လေကြောင်းလိုင်းက ပေးတာက ဒေါ်လှ ၅၀ ထဲ ..ပါသွားတဲ့ ပစ္စည်းတန်ဖိုးက ၁၀၀၀ ကျော် လောက်ရှိတယ် .... ပြောရရင်တော့ အများကြီး ရယ.်.. ၀မ်းသာလိုက်တာ ကိကိအစား .. မွေးရပ်မြေ မှာ ရောက်နေလို့ .. ပြန်ချင်လိုက်တား((
MIE NGE
မောမယ်။ ဖြည်းဖြည်း။
မြန်မာပြည်ကိုလွမ်းသွားတယ်။
ကိ.အစစအရာရာ အဆင်ပြေပါစေ။
မြတ်နိုး
မကိရေ..
လွမ်းနေတယ်...။ မြန်မာပြည်လေယာဉ်ဆိပ်က အဲလိုမျိုးခန့်ညားနေပြီလား..း))
web camနဲ့ ရိုက်တယ်ဆိုလို့ စိတ်ဝင်စားသား..။ မောဒယ်လျှောက် လျှောက်နေရမှာပေါ့နော် :D
ကိုယ်စားတင်ပေးတဲ့ ကိကိကိုယ်စားလှယ် ဂွိ ကိုလည်း ကျေးဇူးတင်ပါတယ်။
စိတ်ညစ်ဖွယ်ကောင်းတဲ့အထဲက စိတ်ညစ်ဖွယ်တစ်ခုပါပဲဗျာ....း)))).....
ခင်မင်တဲ့
နေ၀သန်
ကိကိ တို့ မြန်မာထမင်း မြန်မာ ဟင်းတွနဲ့ ဇိမ်ကျနေပြီပေါ့..း)
ကိကိ ရေးထားတာ က
မျက်စိ ထဲ ကွက်ကွက်ကွင်းကွင်း ပဲ ကိကိ ရေ
ဇွန်လဆန်းက မမ ကြုံခဲ့တာလေး ပြေးသတိရပေါ့
အဲဒီ အလုပ်သမားတွေ ကိစ္စ. မမ တို့ အဖွဲ့
လူ ၃ ယောက် မှာ ပါလာတာ ၇ ထုပ် ၀ိုင်းနေတဲ့ အလုပ်သမား တွေ က ၁၀ ယောက်ကျော်မယ်
မမ ဘာလုပ်ရမှန်း မသိ ဖြစ်နေတုန်း
Boss က ငါ တယောက်မှ မလိုဘူး ကိုယ့်ဖာသာ တင်မယ် ဆိုပြီး ကိုယ့်ဖာ တင်တာ
ကိုယ့်အရာရှိ ကို အားနာပေမဲ့ အကျဉ်းအကျပ်ထဲ က လွတ်ခဲ့လို့ ကျေူးဇူးတင်ရတယ် .. ကိုယ်သာ ဆို အားနာနာ နဲ့ ပေးလိုက်ရမဲ့ အမျိုး..
ကိရေ
အခုလောက်ဆို အသားကျနေရောပေါ့နော်
ပျော်ရွှင်ပါစေ
ရွှေစင်ဦး
ဖွားကိရေ ဘာမှမပြောင်းလဲသေးတဲ့ တိုင်းပြည်ကြီးနဲ့ ဘာမှမပြောင်းလဲသေးတဲ့ လူတွေကို ပြန်တွေ့ရတော့ မှတ်မီလွယ်တာပေါ့နော် ...
မကိရေ..
သတိရလွမ်းဆွတ်မိသွားတယ်..။မကိနဲ့အတူရောက်သွား
သလိုပဲခံစားလိုက်ရတယ်.။
ခင်တဲ့
သဒ္ဓါ
မမကိ ရွှေပြည်ကြီးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်.... အဆင်ပြေမယ်ဆိုရင်လဲ ပို့စ်လေးတွေ မကြာမကြာရေးပါဦးလို့....
အတွေးများစွာ .. အတွေးများစွာ .. ရွာအဝင် ဂိတ်မှာ စခဲ့တဲ့ အတွေးများစွာ ... ဆက်ပြီး တွေးစရာ များ ၊ ငေးစရာများ ၊ ကြားစရာ နာစရာများ ၊ ရယ်စရာ မောစရာများ .... မျှော်....
ကြားစရာ နာစရာများ ၊ ရယ်စရာ မောစရာများ ကို မျှော်နေပါတယ်နော် မမကိ...
ခင်တဲ့
ပူးတေ
အစ်မက ရွှေပြည်ကြီးပြန်ရောက်ပြီဆိုတော့
ရွှေပြည်ကြီးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို စပြီး ခံစားနေရပြီ..
အင်တာနက်အခက်အခဲကတော့ လူတောင်သတ်ချင်နေတယ်လို့ သတင်းရထားပါတယ်..း)
ဘလော့ရေးသူများ အတွက်တော့
အင်တာနက်ဟာ အသက်လို့တောင် ဆိုနိုင်ပါသေးတယ်...
ဒါလေးနဲ့ အသက်ဆက်နေရတာ မဟုတ်လား အစ်မရယ် နော်..
အစစ အဆင်ပြေပါစေအစ်မရေ
ခင်မင်စွာ
ချော
မြန်မာလေဆိပ် ရောက်သွားသလိုပါပဲ။ အဲသလိုလား။ ကျေးဇူးတင်ပါတယ်။
အင်း .. ကြာ လာ တော့  လဲ ယဉ်ကျေးမှု တစ်ခု လို
ဖြစ်လာပြီ အမ ရေ့ ..။ ပေးကမ်းစွန့်  ကျဲ ရတာ ကို
ပြော တာလေ ၊
လာရောက်ဖတ်ရှုသွားပါတယ် ကိရယ်
ကျမ ပြန်လာတုန်းက ဓါတ်ပုံရိုက်တာတွေစလုပ်နေပြီ။
ကွင်းကွင်းကွက်ကွက်မြင်မိပါတယ်။
ချောချောမောမော ပြန်ရောက်တာ သတင်းကောင်းပါပဲ။ လူတိုင်းကြုံရတဲ့ အရာတွေ မို့လို့ ကောင်းတယ် ဆိုးတယ် တွေးမနေတော့ ပါဘူး။
မမကိကိရေ....ဖတ်ပြီး မြန်မာပြည်ကြီးကို လွမ်းသွားတာတော့အမှန်ပဲ....မမကိကိကျန်းမာပျော်ရွှင် အဆင်ပြေပါစေ....
ကိကိ ရေ မြန်မာပြည် လေဆိပ်အတွေ့အကြုံ ဗဟုသုတလေး ဖတ်လို့ကောင်းတယ်။ သူများနိုင်ငံက လေဆိပ်တွေကိုပဲ ရောက်ဖူးပြီး ကိုယ့်နိုင်ငံမှာ လေဆိပ်ရှိတဲ့မြို့တောင် တခါမှမရောက်ဖူးလို့ အတွေ့အကြုံရှိတဲ့သူ ရေးတာကိုပဲ ဖတ်ပြီး ဗဟုသုတ ယူရတယ်။
ဒါတို့မြန်မာ သူများတွေနဲ့မတူခြားနားအောင်လုပ်ထားရတာ မြန်မာနည်းမြန်မာ့ဟန်နဲ့ မြန်မာလေဆိပ်လေ.ဒေါ်ကိ..
[url=crush-the-castle.com]Crush The Castle[/url]
Post a Comment