ဆီနီယာ အကိုကြီးတယောက် ၊မိသားစု နဲ့ အခြေအနေ အရ ခွဲနေရတာ ကြာပါပြီ ၊ သူက ဒီနိုင်ငံမှာ အလုပ်လုပ်ပြီး မိန်းမဖြစ်သူ နဲ့ သား ၂ယောက် ၊ သမီးတယောက် ကို ကနေဒါနိုင်ငံမှာ နေထိုင် ၊ ပညာသင်စေပါတယ် ၊ သူ့ ကို မေးကြည့်မိတယ် ။ ဘာဖြစ်လို့  မိသားစု တူတူ မနေကြတာ လည်း ၊ဆိုတော့ သူ့  အမြင် ကို ပြောပြတယ် ။ ဒီထိုင်ဝမ် နိုင်ငံက ပညာရေး စနစ် ကို လည်း သိပ် သဘော မကျ လို့  ရယ် ၊ လူနေမှု ပါတ်ဝန်းကျင် နဲ့ စရိုက် တချို့ ကို မနှစ်သက်တာ ကြောင့်ရယ် ၊ သူ့ သားသမီးတွေ အတွက် စဉ်းစားပြီး ဒီလို ခွဲနေရတဲ့ အကြောင်းပေါ့ ။သူ့  သားအကြီးလေးကို မြန်မာ ပြည်မှာ ပဲ မွေးဖွားခဲ့တာ ပါ ။ ၅ နှစ်သား အရွယ် ဒီရောက် ။ မူကြို နဲ့  မူလတန်း အဆင့် ၄ တန်းအထိ ဒီမှာတက်ခဲ့ပါတယ်။ နောက်တော့ ဟို နိုင်ငံ ကို သွားပြီး နေထိုင် ပညာ သင်တယ်ပေါ့ ။ အဲ့ဒီအကိုကြီးက တနှစ် တခါ သူ့  မိသားစုဆီ သွားတွေ့ တယ် ။ ဒီလိုနဲ့  ကလေးတွေက တဖြေးဖြေးကြီးလာ ကြပြီး သူ တို့  အဖေနဲ့ နေထိုင် ပြောဆို တွေးခေါ်တာမှာ အဆီအငေါ် မတည့် ချင်တော့ ဘူး၊ ဟိုနိုင်ငံ ပြောင်း ၊ ဒီနိုင်ငံ ပြောင်း နဲ့ နေရပြီး အဖေနဲ့  တခါတလေ မှ တွေ့ ကြရတော့ ဒီကလေး ရဲ့  စိတ်ထဲ ဘယ်လို အတွေး ပေါက်တယ် မသိ ။ ဟိုးတလောက သူ့  အဖေဆီ အတွေးအခေါ်ပိုင်းဆိုင်ရာ ပုံစံ နဲ့ မေးလ် တစောင် ပို့ လာပါတယ် ။ စိတ်ဝင်စားစရာကောင်းလို့ ၊ ကိုယ့်အတွေး အမြင် နဲ့ ရောသမမွှေကာ ဖေါ်ပြပေးလိုက်ပါတယ် ။
ဒီကမ္ဘာကြီးပေါ်မှာ နေထိုင်သူ လူတွေ သန်းပေါင်းများစွာ ၊ လူ မျိုးစုပေါင်း များစွာ ရှိနေကြတယ် ။အဓိက အားဖြင့်  အရှေ့ တိုင်း သား နဲ့  အနောက်တိုင်းသား ရယ်လို့ ထင်ရှားကွဲပြား နေကြတယ် ။ ဘာသာစကား၊ ဓလေ့ ထုံးစံ ၊အကျင့်စရိုက်၊စိတ်ဓါတ်ရေးရာ ၊ အယူအဆ ။ နေထိုင်ပြုမူပုံ၊အသားအရေ ၊ အစရှိ တာတွေ မတူကြပါဘူး။ကဲ ... ကြည့်လိုက်ကြရအောင် ။ အပြာရောင် က အနောက်တိုင်းသား ၊ အနီရောင်က အရှေ့ တိုင်းသား တွေကို ကိုယ်စားပြုတယ်ပေါ့ ။
Key: Blue --> Westerners / Red --> Asians
(1) Opinion
Westerners: Talk to the point
Asians: Talk around the circle, especially if opinions are different
လိုရင်းတိုရှင်းပြောတတ်သူ နဲ့  ကွေ့ ကာကောက်ကာ ပြောပြီး၊ နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်သူများ ...ဘယ်သူ့ကို့ ရွေးမှာလည်း ။ အတိုကြိုက်လား အရှည်ကြိုက်လား ..
(အရေးကြီးတဲ့အချိန်ဆို လိုရင်းတိုရှင်းပဲကောင်းတယ်နော် ။ဒါပေမဲ့ ကိုရီးယားဇာတ်လမ်း ချစ်ခန်း ကြိုက်ခန်းတွေဆို ရှည်လေ ကောင်းလေ ထင်သူများ မနည်းဘူးလို့ ထင်ပါတယ် )
(2) Way of Life
Westerners: individualism, think of himself or herself.
Asians: enjoy gathering with family and friends, solving
their problems, and knowing each other's business.
အနောက်တိုင်းသားများက တဦးတည်း သီးခြား နေတယ် ။ ကိုယ့်အရေးဘဲ ကိုယ်တွေးတယ် ။ ကိုယ်တို့  အာရှသားတွေကတော့ မိသားစု၊သူငယ်ချင်းတွေနဲ့ စုစုဝေးဝေး နေကြတယ်။ တဦးကိစ္စရှိရင် ဝိုင်းဝန်း ဖြေရှင်း ပေးကြတယ် ။ စပ်စပ်စုစု တွေပါ ။( ကိုယ် ကတော့ အရေးကိစ္စမရှိတဲ့ အချိန် အနောက်တိုင်းသားလို ။ ကိစ္စပေါ်လာရင်တော့ အရှေ့ တိုင်းသား လို နေချင်တယ် ။ အဲ့လိုဆို လိုချင်မှ လာတယ်ပြောကြမယ် )
(3) Punctuality
Westerners: on time.
Asians: in time.
အနောက်တိုင်းသား နော် .. အချိန်တိကျတယ် ။
အာရှသားတွေနော် .. လိုတိုး ပိုလျှော့ လို့ရအောင်ကို အမျှော် အမြင်ကြီးကြ ပါပေတယ် ...( ဥပမာ ..ဟို နေ့  လွှတ်မယ် ဒီနေ့ လွှတ်မယ် ပြော ပြီး ။ နေ့ ရွှေ့ ညရွှေ့ ၊ ရွှေ့ လို့ ရတယ် .. မြန်မာစံတော်ချိန် ဆို ပိုမိုက်ပါတယ်။ အချိန်မီ အတိအကျ ထွက်တဲ့ ဆိုက်တဲ့ ကားတွေ ရထားတွေ လေယာဉ်တွေ အတော်ရှားပါတယ်။ )
(4) Contacts
Westerners: Contact to related person only.
Asians: Contact everyone everywhere, business very successful.
အနောက်တိုင်းသားတွေ ရဲ့ ဆက်သွယ်ရေး က ဒါရိုက်ဘဲ ၊ လိုတာကို ဒီလို ဆက်သွယ်တာ ကောင်းတယ် ။ စာရင်းဇယား မရှုပ်တော့ဘူး ပေါ့ ။ အချိန်ကုန်သက်သာမယ် ။ ဒီကိစ္စကို ဒီလူနဲ့ဆက်သွယ် ၊ ဒီလိုလုပ် ဆို ဇာတ်လမ်းက ပြီးပြတ်ပြီ ။
အာရှသားတွေနော် ။အသိုင်း အဝန်းလေးတွေ သိပ်ကြိုက်ကြတယ် ။ သပွတ်အူဇာတ်လမ်းတွေ ခင်းနေကြတာ လိုရင်းမရောက် ။ ( ကားပွဲစားတန်းက ပွဲစားများ၊ အိမ်ပွဲစားများကို သတိရမိပါတယ်။ ရောင်းသူ နဲ့ ဝယ်သူကြားမှာ မြောက်များလှစွာသော ကြားလူများ မပါရင် မပြီး ။ ဒီလို net work ကြီးရှိနေမှလည်း သူတို့ ထမင်း မငတ်မှာလို့  ခွင့်လွှတ်စိတ် နဲ့  တွေးပေးလိုက်တယ် )
(5) Anger
Westerners: Show that I am angry.
Asians: I am angry, but still smiling... (Beware!)
အနောက်တိုင်းသားတွေက ကြိုက်ရင်ကြိုက်တယ် ၊ မကြိုက်ရင် မကြိုက်ဖူး ၊ ပေါ်တင်ပြောတတ်သလို မျက်နှာ အမူအယာ လည်း ပေါ်တင်ပြတာ ။
အရှေ့ တိုင်းသားကျ ဒီလို မဟုတ် ။ ဒီတချက်တော့ ကြောက်ပါတယ် ။
အတွင်းမှာ ပုတ်ပြီး အပြင်မှာ သကာချို လောင်းထားကြသူများ အတော်များပါတယ် ။ ကျောချမှ ဒါးပြ မှန်းသိရတာ လက်တွေ့ ခံရသူတွေ လည်း ရှိကြ မှာ ပေါ့ ။
(6) Queue when Waiting
Westerners: Queuing in an orderly manner.
Asians: Queuing? What's that?
အနောက်တိုင်းသား များ စည်းကမ်းရှိကြတယ် ။ တန်းစီရမဲ့ နေရာဆို စနစ်တကျ တန်းစီလို့ လေ။
အရှေ့ တိုင်းသား များ “ တန်းစီတယ်ဆိုတာ ဘာလည်း ၊ ဘယ်လိုစီရမလည်း ” နားမလည် ။ ဒီလို ဝိုင်းအုံပြီး စီကြတယ် ။ အဲ လေ .. တိုးကြတယ် ။( ငယ်ငယ်တုံးက သမဝါယမဆိုင် မှာ ဆန်၊ဆီ၊ရေနံဆီ တန်းစီ ခဲ့ ရတာ သတိရမိတယ် ။ဒီလို ဝိုင်းအုံကြလို့  အိုးနင်းခွက်နင်း တကယ် အနင်းခံခဲ့ရဖူးပါတယ်)
(7) Sundays on the Road
Westerners: Enjoy weekend relaxing peacefully.
Asians: Enjoy weekend in crowded places, like going to the mall.
အားလပ်ရက်မှာ ဘယ်လို အပန်းဖြေမလည်း ။
အနောက်တိုင်းသားများ လမ်းပေါ် သိပ်မထွက်ကြ ။ ငြိမ်းအေးစွာ စိတ်အပန်းဖြေကြတယ် ။
အရှေ့ တိုင်းသားတွေ ၊ အားလပ်ရက်မှာ အားလုံးလိုလို လမ်းထွက်ကြတယ် ။ လူစီ လမ်းသလား များပေါ့ကွယ် ။( ကိုယ်တိုင်လည်း အားရင် လမ်းသလားရတာ ကြိုက်ပါတယ် )
(8) Party
Westerners: Only gather with their own group.
Asians: All focus on the one activity that is hosted by the CEO.
အနောက်တိုင်းသားများက ကိုယ့် အဖွဲ့ လေးနဲ့ကိုယ် နေကြတာ များတယ် ။ အရှေ့ တိုင်းသားတွေ ဒီလိုပွဲမျိုးမှာ ပိုစည်ကား သိုင်းဝိုင်းကြပါတယ် ။
(9) In the restaurant
Westerners: Talk softly and gently in the restaurant.
Asians: Talk and laugh loudly like they own the restaurant.
စားသောက်ဆိုင်မှာ ဒီလိုနေတယ် ။
အနောက်တိုင်းသားများ... တိုးတိတ် ဆိတ်ငြိမ်စွာ စားသောက်ကြတယ်။
အာရှသားများ... စကား များများ ၊ အော်ကြီးဟစ်ကျယ် ဆိုကြသဗျား ။ ( ကိုယ်ပိုင်ဆိုင်များ မှတ်နေကြတာလားမသိ ။ ဒီက တရုပ်လူမျိုးများ စားသောက်ဆိုင်မှာ စားရင်း ပြောဆို နေကြပုံတွေကတော့ မသိတဲ့သူ ဆို ရန်ဖြစ်နေကြတယ် ထင်ရလောက်အောင်ပါပဲ ။ ဒါပေမဲ့  ဂျပန်လူမျိုးများကြတော့လည်း ဟိုတယ်မှာ စားသောက်နေတုံး ဘာသံမှ မကြားရလောက်အောင် ရှိတာ မြင်ဖူးတယ် ။ အရက်ဆိုင်မှာ ဆိုရင်တော့ မပြောတတ်ပါ ။)
(10) Travelling
Westerners: Love sightseeing and enjoying the scenery.
Asians: Taking pictures is the most important; scenery is just for the background.
ခရီးလမ်းသွားရင် ဒီလို ကွာခြားကြတယ် ။
အနောက်တိုင်းသား ။ သဘာဝ အလှ ရှုခင်းတွေကို မျက်စိ နဲ့ ကြည့် မြင် ခံစား ပြီး စိတ်ထဲ မှတ်တမ်းတင်ကြတယ် ။
အရှေ့ တိုင်းသား ပဲခပ်များများ ။ မြင်မြင်သမျှ ရိုက်ပါတယ်၊ တဖြတ်ဖြတ်နဲ့ ပေါ့ကွယ် ။ သဘာဝရှုခင်းဆိုတာ နောက်ခံဖို့ပဲ ထားပါတယ် ။
(11) Handling of Problems
Westerners: Take any steps to solve the problems.
Asians: Try to avoid conflicts, and if can, don't leave any trail.
အနောက်တိုင်းသား ။ ပြဿနာ တခုကို အဆင့်တိုင်း ဖြေရှင်းလေ့ ရှိကြတယ် ။
အရှေ့ တိုင်းသား ။ ပြဿနာကို ထိပ်တိုက် ရင်ဆိုင် မဖြေရှင်းကြဘူး ။ နောက်လူအတွက် လမ်းစပါပျောက်စေတယ် ။
(12) Three meals a day
Westerners: Good meal for once a day is sufficient.
Asians: At least 3 good meals a day.
တစ်နေ့  ၃ နပ်စားကြရာမှာ အနောက်တိုင်းသားများက တစ်နပ်ကောင်းကောင်းစားရင် လုံလောက်ကြပေမဲ့  အာရှသားတွေက အနည်းဆုံး ၃ နပ်ကောင်းကောင်းစားကြတယ် ။( ရွှေပြည်သားအများစုမှာတော့ တနေ့  ကို ခပ်ညံ့ညံ့လေး တစ်နပ် မှန်မှန်စားရအောင်တောင် မတတ်နိုင်ကြတာတွေ ရှိတယ် )
(13) Tran sportation
Westerners: Before drove cars, now cycling for environmental protection.
Asians: Before no money and rode a bike, now got money and drive a car
ခရီးလမ်း ဆက်သွယ်သွားလာရာမှာ အနောက်တိုင်းသားများဟာ ယခင်က ကားမောင်းကြပေမဲ့ ခုချိန်မှာ စက်ဘီးစီးနင်းကြခြင်းဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ဆောင်ကြတယ် ။ယခင်က ပိုက်ဆံမရှိလို့  စက်ဘီးသာစီးရတဲ့ အာရှသားများကတော့ အခု ကားမောင်းနေကြတယ် ။
(14) Elderly in day-to-day life
Westerners: When old, there is Snoopy for companionship.
Asians: When old, guarantee will not be lonely, as long as willing to babysit grandkids.
အသက်ကြီးလာတဲ့ အနောက်တိုင်းသားများရဲ့  အဖေါ်က ခွေးလေး ( တိရစ္ဆာန်လေး ) တွေ ဖြစ်ပြီး အာရှလူအိုများကတော့ ကလေးငယ် မြေးငယ်တွေကို အဖေါ်ပြုကာ အထီးကျန် မဖြစ်အောင် နေကြတယ် ။
(15) Moods and Weather
Westerners: The logic is: rain is pain.
Asians: More rain, more prosperity
ရာသီဥတု နဲ့  စိတ်ပျော်ရွှင်မှု ။ အနောက်တိုင်းသား တွေက ဥတုပေါ်တည်ပြီး ပြောင်းလဲတယ် ။မိုးရွာရင် မပျော်နိုင်မရွှင်နိုင် ။ အာရှသားတွေ ဒါတခုတော့ ကောင်းတယ် ၊ နေပူပူ မိုးရွာရွာ အပြုံးမပျက် နေနိုင်ကြတယ် ။
(16) The Boss
Westerners: The boss is part of the team.
Asians: The boss is a fierce god.
အနောက်တိုင်းသားများအဖို့  သူဌေးနဲ့  အလုပ်သမား တန်းတူ ပဲ ။ သူဌေးဆိုတာ လူတန်းစားတခု သပ်သပ်မဟုတ် ။ သူ့ အဖွဲ့ ရဲ့  တစိတ်တပိုင်းအနေနဲ့သာရှိပြီး၊ အာရှသားတွေ အတွက်မတော့ သူဌေးဆိုတာ ရက်စက်တဲ့ နတ်ဘုရားဆိုးတဆူလို ထင်ကြရတယ် ။ ( ရွှေပြည်ကြီးမှာ သူဌေး နဲ ပေလို့  တော်သေးတယ် ၊ ဒါပေမဲ့ ရှိတဲ့ သူဌေးနဲနဲ က ၊ အတော်ဆိုး နေကြတာ ပဲ။ )
(17) What's Trendy
Westerners: Eat healthy Asian cuisine.
Asians: Eat expensive Western cuisine.
အစာအဟာရ နဲ့ ဆိုင်တဲ့ အယူ အကျင့်တွေ ပြောင်းကုန်ကြပြီ ။ခုဆို အနောက်တိုင်းသားတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာရှစာတွေ စားသုံးလာကြပေမဲ့  ၊ အာရှသားတွေကတော့ ကျန်းမာရေးမညီညွတ်တဲ့ အနောက်တိုင်းစာတွေကို ဈေးကြီးပေးပြီး စားနေကြတယ် ။
(18) The Child
Westerners: The kid is going to be independent and make his/her own living.
Asians: Slog whole life for the kids, the centre of your life.
အနောက်တိုင်းသားတွေဟာ ကလေးတွေကို တဦးချင်း ကိုယ့်အားကိုယ်ကိုး ပြီး လွတ်လပ်စွာနေတတ်စေပေမဲ့ အာရှသားတွေမှာတော့ သူတို့ တဘဝလုံးကို ပင်ပန်းကြီးစွာ နဲ့ ကလေးအတွက် ပေးဆပ်ကြတယ် ။
ဒီလို နဲ့  ၊ လူချင်းတူပေမဲ့ အသက်ရှုပုံချင်းကွဲ နေကြတာ တွေ အများကြီးပါပဲ ။ ဒီလို မတူညီတာတွေကို သဟဇာတဖြစ်အောင် နေထိုင်ကြဖို့  လူတိုင်းတတ်နိုင်ကြပါ့မလား ။ စာဖတ်သူရော ဘယ်အမျိုးအစား ကို ပိုနှစ်သက်ပါသလည်း ။
တနင်္ဂနွေ အားတဲ့တရက် ... မြို့ ပတ် ပြီးစက်ဘီးစီးထွက်တယ် ။မြစ်တွေ ချောင်းတွေများတဲ့ နိုင်ငံမို့ မိုးပျံ မြေရှိုး တံတားတွေ လည်း ပေါမှပေါ ။ ကွေ့ ရင်း ကောက်ရင်း တက်ရင်း ဆင်းရင်း နဲ့ ပဲ ပင်လယ်နားအထိ ရောက်ခဲ့တယ်။ မောရတဲ့ကြားထဲ အတက်တွေမှာ နင်းရချိန်မတော့ ၊ စိတ်ထဲ မကျေမနပ် နဲ့  ဘာလို့များ ဒီနေရာမှာ ဒီအတက်တွေ လာလုပ်ထားရပါလိမ့်လို့ ပေါ့ ။ အံမယ် ... ဒီ ခရီး ကို လာလမ်းအတိုင်း ပြန်လှည့် လာတဲ့ အချိန်ကျ ..ခုန မကျေမနပ် ဖြစ်ခဲ့ရတဲ့  နေရာ လေးပဲ .. လျှော ကနဲ ဆင်း လိုက်ရတာ ဇိမ်ကို ကျလို့  ။ ခုန မကျေနပ်တာ တွေက နေ ကျေနပ်ပျော်မြူးသွားမိတယ် ။ အားစိုက်စရာ မှ မလိုတော့တာ ကိုး .. အေးဆေး မြန်ဆန်စွာ နဲ့ မို့  ကျေနပ်မိတာ နေမှာ ။
ဒီတော့ တွေးမိတာတွေ ထုံးစံ အတိုင်း ပေါက်တတ်ကရ တွေပဲ ရေးဖြစ်သွားတယ်။
လှေခါး နဲ့  တံတား များ ။
လှေခါးဆိုတာ အစ နဲ့ အဆုံး ရှိတယ်။
လှေခါး ဆိုတာ အဖြောင့် တက်ရင် အဖြောင့်ပဲ ပြန်ဆင်းရမယ် ။
ကောက်ကောက် ကွေးကွေး တက်ရင် ၊ ကောက်ကောက် ကွေးကွေး ပဲ ပြန်ဆင်းရမယ် ။
မြင့်မြင့် တက်ရင် ၊ အမြင့်ကြီးကနေ ပြန်ဆင်းရမယ် ။
မိုးထိအောင် လှေခါးထောင် တက်လိုသူများ ၊ အဆင်းကျ အဝီဇိ ထိ ရောက်နိုင်တယ် ။
အခြေမခိုင်ပဲ အလောတကြီးတက်သူများ ၊ အခြေအနေမကောင်းရင် ဒလိမ့်ကောက်ကွေးကျနိုင်တယ် ။အဲ့ဒီအခါ မြင့်လေ နာလေပဲ ဆိုတာ အားလုံးသိကြမယ် ။
ဒါပေမဲ့ ခက်ခက်ခဲခဲ တက်ခဲ့ရပြီး လွယ်ကူ အေးဆေးစွာနဲ့ အိနြေ္ဒ မပျက် ဆင်းလို့  ရတာတွေလည်း ရှိပါတယ် ။ရှိတော့ရှိတယ် ရှားတယ် ပေါ့ ။
တံတားတွေပေါ် ကျော်ခွနင်းရ ဖြတ်ရတဲ့ အခါကျတော့လည်း အတွေးတချို့ ဝင်လိုက်သေးတယ်။
အောက်မှာ ရေတွေ ၊နုံးတွေ ၊ ဂျောက်တွေ ၊ ရှိနေတဲ့ နေရာဆို ကူးရ သွားရတာ ဘယ်လောက်ခက်သလည်း ။ ခုလို တံတား လေး နဲ့ ကူးလိုက်ရတော့ အချိန်ကုန် လူပန်း သက်သာစွာ နဲ့ ပဲ သွားလိုရာကို ချောချောမွေ့ မွေ့ ရောက် ရတယ် ။ မြန်မာ လူမျိုးတွေ မှာ အယူအဆ တခု၊အရိုးစွဲသလို ရှိခဲ့တာ ရှိနေတာ ။ အခက်အခဲ တခု ကြုံရတွေ့ ရ ၊အဆင်မပြေ အထစ် အငေါ့ တွေ တွေ့ ရတဲ့  အခါ၊ ကံမကောင်းဘူးလို့ ယူဆပြီး ဗေဒင်တွေ တွက်ကြ ကြည့်ကြ ၊ယတြာတွေ လုပ်ကြ ချေကြတာ တွေပါပဲ ။ ဒါကြောင့်မို့ လည်း ဗေဒင်ဆရာတွေ ထမင်းမငတ်ကြတာပေါ့ ။ အကြားအမြင် တို့ ၊ အထက် ဘိုးဘိုးကြီးတို့ ဆိုတာ တွေတောင် ပါလိုက်သေးတယ် ။
အဲ့သလိုလုပ်ကြတဲ့ အခါမျိုးမှာ လူသွားလူလာများတဲ့ ဈေးတို့ လို ၊ နေရာမျိုး ။ မှာ ဗွက်ထနေတဲ့ နေရာမျိုးမှာ ၊ ရေချောင်း ရေမြောင်းသေးသေးလေးတွေ ပေါ်မှာ တံတားခင်းပြီး ယတြာ ချေကြတယ် ။ သူ့ အကြံ အောင် မအောင်တော့ မသိ ၊ လောလောဆယ်တော့ လူအများ ကူးရ ဖြတ်ရတာ အဆင်ပြေ ချောမွေ့ သွားတယ် ။ ဒီတော့ ကောင်းတယ် ပြောရမှာပဲ ။ကုသိုလ် လည်း ရရင် ရမှာပေါ့လေ ။ (ဒါကတော့ သူလှုဒါန်းစဉ် အချိန်က သူ့ မှာ ဖြစ်ပေါ်လာတဲ့ သဒ္ဓါ တရားဖြစ်နေစိတ် နဲ့ ဆိုင်ပါတယ် ။ လူအထင်ကြီးအောင် လုပ်ပြနေပြီး စိတ်ထဲ စေတနာမပါရင်တော့ ကုသိုလ် တပဲ ငရဲ တပိသာ ဖြစ်ရင် ဖြစ်နေမယ် ) ။ ထားပါတော့ ။
တံတား တွေ ကြောင့် သွားရေးလာရေး အဆင်ပြေ ချောမွေ့ တာ ကတော့ အမှန်ပါပဲ ။ဒီလို တံတားတွေကို အခွန်တွေ မတန်တဆ မတရားကောက်ယူပြီး စီးပွားရှာ နေကြသူများ ကတော့ သေရင် ဘယ်ရောက်မယ် မသိ ။
ခု တွေးမိတဲ့ တံတားလေး တစင်း ကတော့ ကိုကျော်သူ တို့ လို ၊ ကိုယ့်ဘဝ ကိုယ်နှစ်ပြီး လူတွေအတွက် လိုအပ်နေတဲ့ “ “ ဘဝကူး တံတားများ ” ခင်းပေးနေကြသူတွေ အကြောင်းပါ ။
လူ့ ဘဝ ရဲ့  နောက်ဆုံး လမ်းခရီး ကို ဖြောင့်ဖြောင့်တန်းတန်း အဆင်ပြေပြေ သွားနိုင်ကြဖို့  ၊ “ ကိုကျော်သူ နှင့် သူ့ အဖွဲ့ ၊ နာရေးကူညီမှု အသင်းသား များ ” က လူ့ ဘဝ နောက်ဆုံးတံတားပေါင်းများစွာ ကို ခင်းပေးနေကြပါတယ်။ အားနဲ့  မာန်နဲ့  စေတနာနဲ့ အနစ်နာ နဲ့ လုပ်ပေးနေကြပါတယ်။ ခုဆိုရင် တနေ့ထက်တနေ့  အလျဉ် မမှီနိုင်လောက်အောင်ကိုပဲ ခင်းပေး ပို့ ပေးနေရတဲ့ ဘဝကူးတံတား များ ၊ များသထက် များ လာကြပါတယ် ။ ဒီလို ကုသိုလ်မျိုး က လူတိုင်းမပြုနိုင်ကြပါဘူး ။ ယူတတ်ရင်တော့ ရမှာပါ ။ ပင်လယ်ထဲ ရွာတဲ့ မိုးထက်စာရင် ၊ ကန္တာရ မှာ ရွာတဲ့ မိုးက ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ် ။
ကိုယ်တိုင်လည်း ဒီလို တံတားခင်းသူတယောက် ၊ အနေနဲ့  ၊ သဲတပွင့် ၊အုပ်တချပ် သံတချောင်း အနေနဲ့ ပေးဆပ်ဖို့  ၊ကြိုးစားရပါအုံးမယ် ။
လှေခါး နဲ့  တံတား ။ သူ့ နေရာနဲ့ သူ တော့ အသုံးဝင်နေကြမှာပါ ။
( တွေးမိတာတွေ ရေးချင်သလို ရေးမိပြန်တယ် ။ .. အရူးစကား မှန်တတ်တယ်လို့  ဆိုကြတာ မို့ .. idiot ဆိုတဲ့ စကားတော့ ဘယ်လိုနေမယ် မသိ ။ )
ဟင် ... ဘာပုံကြီးလည်း ။ အော်ဂလီဆန်စရာ ပုံကိုများ ဘလော့ဂ်ပေါ်မှာ တယုတယ တင်ပြနေရသေးသလား လို့  အပြစ်တော် အတင်မစောကြပါ နဲ့  ။ သူများတကာတွေ စားကောင်းသောက်ဖွယ် များ တင်ပြနေကြတော့ ဘလော့ဂ် တကာ လည်ပြီး မျက်စိသွားရည် ကျ နေရတဲ့ ဖွားကိ တယောက် အမြင်တွေဝါးပြီး ရင်းဝါးရင်း နဲ့  .. ဝါးပြီးသား အစားအစာ အကျွင်းအကျန် တွေ ပဲ မှားတင်လိုက် မိပါတယ်။ ( ဂျီးဒေါ်ကြီး ဒေါ်ရွှေစင်ဦးလေးက အညာစားကောင်းသောက်ဖွယ်ရာတွေ နဲ့  လူတွေကို အမြဲနှိပ်စက်နေတော့ များကလည်း အားကျ မခံ တင်ပြလိုက်ရတာ ပေါ့လေ ) ။ ဒါပေမဲ့ ဒါက ၂၀၁၀ မှာ တွေ့ ရတဲ့ ပုံစစ်စစ်ပါ ။
ပြီးမှ လိုရာ ဆွဲတွေး ပြီး အာပတ်ဖြေလိုက်တယ်ပေါ့ ။ အို .. ဘာဖြစ်သလည်း ကြည့်တတ်ရင် “ တရာ” ရစရာ တွေချည်း ပါပဲ လို့  ၊ ဒီပုံ မရိုက်ခင် မိနစ် ၄၀ လောက် အလိုမှာတော့ ဒီနေရာ မှာ စားချင် စဖွယ် မွှေးကြိုင်သင်းပျ သွားရည် တမြမြ ကျလောက်အောင် မြူဆွယ်နိုင်စွမ်း ရှိတဲ့ အမြင်အာရုံ ၊ ရသာရုံတွေ ကို နှိုးဆွ ပေးနိုင်စွမ်းရှိတဲ့ စားသောက် ဘွယ်ရာများ ရှိနေခဲ့တယ် ဆိုတာ အမှန်တကယ်ပါ လေ ......။ မယုံ လည်း နေ ပေါ့ ။ (လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်လောက်မှာ စားသောက်ဖွယ်ရာတွေ က ဒီထက် မက စုံလင်ပြီး နတ်သုဒ္ဒါ တမျှ ကောင်းမွန် နေခဲ့ကြတာ တဲ့  ။ မြေပေါ် မြေအောက် သယံဇာတ တွေ လို ပေါ့ ..၊ ဆီကို ရေ ချိုး ၊ ဆေးရိုး မီးလှုံ ၊ စပါးတောင်လို ပုံ ဆို လား၊ အဲ .. မသိ မသာ ပြော မိပြန်ပါပြီ ) ။
အနိစ္စသဘော နဲ့ ကိစ္စချော ရရှာ တဲ့ အဖြစ် အပျက်တွေ စက္ကန့် တိုင်း မလပ် ဖြစ်ပျက်နေကြပါတယ် ။ ခုလေးတင် ပစ္စုပ္ပန် လို့  ထင်ကြတဲ့ အခိုက် အတန့် အချိန်လေး ဟာ တမဟုတ်ချင်း အတိတ် ဖြစ်ပြီး ကျန်ရစ် နေကြပါတယ် ။ အနာဂါတ် များစွာ လည်း ဒီလိုပဲ ပစ္စုပ္ပန် ဖြစ်လာပြီး အတိတ် လို့  သတ်မှတ်ခံလိုက်ကြရ ပြန်ပါတယ် ။ ဒီတော့ ဘယ် အရာ မှ မမြဲဘူး ဆိုတာ သေချာ တာပါပဲ ။
အတိတ်ကို လှန်သော်.....
ဤ ပုံ အတိုင်း ရှိနေတဲ့ အချိန်လေး တုံးက အမြင် အာရုံ ၊ အနံ့ အာရုံ တွေ နဲ့ တပ်မက်ခြင်း ဆာလောင်ခြင်းတွေ ကို နှိုးဆွ ပေးခဲ့တာပေါ့ ။ ဒီတော့ ခံတွင်းမှာ သွားရည်တွေ တမြမြ နဲ့ အစာအိမ်မှာလည်း အက်ဆစ်ဓါတ်တွေ ပို တိုးလို့  လာ ခဲ့တယ် ။ သို့ ပေသောကြောင့် လက်နှစ်ဖက် က ဘယ်သူမှ သင်ထားပေးစရာ မလိုပဲ ဟိုဟာနှိုက် ထဲ့ ၊ ဒီဟာနှိုက် ထဲ့ နဲ့ ခံတွင်းကို အလုပ်ရှုပ်စေခဲ့တယ် ။ ဆာလောင် မွတ်သိပ်မှု တွေ များနေတဲ့သူတွေ လည်း အငမ်းမရ ၊ အိနြေ္ဒ မဆည်နိုင်လောက်အောင်ပဲ ရုပ် ပျက် ဆင်းပျက် ကို မြိုကြတယ် ဝါးကြတယ် ။ ဒါကြောင့် ကြိုက်မရှက် ငတ် မရှက် လို့  ပြောကြ တာ လေ ။ ကြာကြာဝါး မဲ့ သွား အရိုးကြည့်ရှောင်တတ်သူများ အဖို့ တော့ အရိုးမစူးကြဘူးပေါ့ ။
တချို့  တလေ များ အရိုး အရင်းလေးများတောင် မချန် ။ ဝါးရက်လိုက်ကြတာ ။ ဆိုင် အတွင်း မှာ ရော အပြင်မှာ ပါ ၊ စားစရာ မရှိလို့  ငတ်မွတ်နေကြ သူတွေ တပုံကြီး ပါ ။ ခြံတွင်း ခြံပ မှာ လည်း ထို့ နည်း ၄င်းပဲပေါ့ ၊ ခြံတွင်းမှာ စားဖို့ ရှားလို့  ခြံပြင်ထွက်ပြီး နွား လုပ်နေကြရသူတွေ သန်း နဲ့  ချီလောက်ပါ ပြီ ။ ဝါးကြောမိနေသူများကတော့ ဝါးလို့  မပြီးနိုင် ၊ အတောမသတ်နိုင် နဲ့  အစာမကြေ တွေတောင် ဖြစ်နေကြတယ် ဆိုပဲ ။ ထိုသူတို့ မှာ ဘီယာ ဗိုက် များ ကိုယ်စီ နဲ့၊ ဘီရာဖရာ အီသီယိုး မြန်မာ များခမျာ မတော့ ရှေ့ ဗိုက်က နောက် ကျောရိုးကို သွား ထိ နေလေကြသတဲ့  ။ ဒီတော့ ကိုယ့် တကိုယ်စာ ဗိုက်အတော်အသင့်လောက် ပြည့်တယ်ဆိုရင်ပဲ တော်လောက် ပါပြီလေ ။ ခုတော့ စူဇကာ ပုဏ္ဏား လှုတာတွေရော မလှူတာတွေပါ အကုန်စား တဲ့ အပြင်၊ ကျန်နေတဲ့ အစာလေးတွေ ကိုတောင် သူများစားမှာစိုး လို့  ၊ ဘယ်လို မှ ဆက်စားလို့  မရလောက်အောင် ဖျက်ဆီးထားခဲ့ သူတွေလည်း ရှိသေးတယ် ။ ( လေလံတင် ရောင်းပစ်လိုက်တယ်ဆိုတဲ့ စက်မှု၁ တို့ ၊ ဘ.ဓ.ရ ရုံးကြီး တို့ လိုပေါ့ ၊ ရွှေကျောင်းလည်းမပြောင် ဝမ်းသာခေါင်ပြီး ၊ အခွံမှာရော အထဲမှာပါ စုတ်ပြတ်သတ် ကျန်နေခဲ့တယ် ၊ ဪ . . လက်ကလည်း ရေးမိ ပြန်ပြီ )
ကဲ.. အပိုတွေ ပြောနေတာ ကြာပါတယ် ။ ၂၀၁၀ ပြီးတော့ ဘာဖြစ်မလည်း .....
အသေချာ ဆုံး ပြောလိုက်မယ် ။။ ၂၀၁၀ ပြီး တော့ ၂၀၁၁ ရောက် မှာ ပေါ့ ။ ဒါလေးများ ဆန်းဆန်းပြားပြား ၊ ၂၀၁၁ မှာ လည်း မသေသေးသူများ သမိုင်းပေးတာဝန် အရ ဆက်လက် ဝါးပြီးရင်းဝါး နေကြအုံးမှာ ပါ ။ ခေါင်းပေါင်းလေးတလူလူ နဲ့  ဝါးနေကြဦးမှာ ပါ .... သွားကောင်းသူများ ဆက်လက် ဝါးနိုင်ကြပါစေ ...
( ဟင်းချက် နည်း တွေ မသိလို့  အိယောင်ဝါး ပြီး ဝါးတား ဖေါ်လို ၊ ဖစ်ရှ် ဖေါ်လို လုပ်လိုက် ပါတယ် ...း))..
ပြီးတော့ ရေလိုက် ငါးလိုက် မဟုတ်ပဲ ငါးပူတင်း တွတ်မိသွားတယ်၊ နောက်မှ အားကျ မခံ ချောင်းသာ မောတယ်ဂဲလ် ပုံလေးတွေ တင်ပေး လိုက်ပါမယ် .. ။ အားလုံးပဲ ရေဘေး မီးဘေး လေဘေး များမှ လွတ်ကင်းနိုင်ကြပါစေ )
မိတ်ကောင်းဆွေကောင်း ဆိုတာ အရေးကြီးတယ် ။ မိတ်ပျက်တော့ သိပ်ခက်ရတယ် ။ဒါပေမဲ့ မိတ်ပေါတော့ စိတ်မောရတယ် ။ အလိုလေး .. ဘာကြောင့်များတုံး ။။ မိတ်ပေါတော့ မကောင်းပေဘူးလား ။ ကောင်းတဲ့ မိတ်ဆွေ ပေါရင်တော့ ကောင်းတာပေါ့ ။ မကောင်းတဲ့  မိတ်တွေ ပေါနေရင်တော့ အတော်လေး ကသိကအောင့် နိုင်ကြမှာပါ ။ ဒီလို မဟာမိတ် မျိုး ကိုတော့ မိတ်ဆွေ တို့ လည်း သိပ် အလို ရှိကြမယ် မထင် မိလို့  ဒီ မိတ်အကြောင်းလေး ပြောပြချင်ပါတယ် ။
အမိပြည်မြန်မာမှာ မိုးတွေ ရွာပြီတဲ့ ၊ တချို့ နေရာတွေ များဆို လေပြင်းမုန်တိုင်းတွေ တောင် တိုက်ခတ်သွားသတဲ့  ။ မျှော်တုံး မျှော်ဆဲ သူလည်း ရောက်လာ တာမို့  လူတွေ ပျော်ကြတယ်ပေါ့လေ ။ မိုးကလေး တဖြောက် နှစ်ဖြောက် ကျလာ ရွာလာပေမဲ့ လည်း အပူချိန်က သိပ်တော့ မကျသွားသေးပါဘူး ။ ရေ ပြတ်လတ်တဲ့ ကပ်ဘေးကြီးကလည်း မလွတ်မြောက်နိုင်ကြသေးပါဘူး ၊ လူတွေလည်း ပေါင်းအိုးကြီး ထဲ ထဲ့ ပြုတ်ခံထားရသလို လှောင်အိုက်ပြီး စပ်ဖျဉ်းဖျဉ်းနဲ့  ဖြစ်နေကြပြီပေါ့ ။ရာသီဥတုက ပူအိုက်၊ ချွေးတွေက ထွက် ၊ ရေ ကရှားပါး မလောက် မငှ ၊ မီးကမလာ ။ ဒီတော့ အပူလွန်ကဲ လို့  လူ တွေ လည်း အတော် သေကြေ ပျက်စီး နေကြတဲ့ သတင်းတွေ ကြား နေရတာ စိတ်မချမ်းသာ စရာ ပါပဲ ။နောက်ထပ် စိတ်ပျက်စရာက မိတ်ထွက်တာပါပဲ ၊ သူ ကတော့ အပေါ်ယံ ကြည့်လိုက်ရင် ဘာမှ သိပ်ပြသနာ မရှိတဲ့ အရေပြား နဲ့ ဆိုင်တဲ့ ရောဂါအသေးစားတမျိုးပါ ။
မိတ်ဆိုတာ...
အရေပြားမှာ Epidermis နဲ့ Dermis ဆိုပြီး အလွှာ ၂ လွှာ ရှိပါတယ် ။ အဲ့ဒီထဲမှာ ချွေးဂလင်းလေးတွေ၊ ချွေးထွက်ပြွန်လေးတွေ ရှိတယ် ၊ချွေးထွက်ခြင်းအားဖြင့် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို လျှော့ချပေးနိုင်တယ်။ ကိုယ်ခန္ဓာ ထဲ က အညစ်အကြေးတချို့ ကို ချွေးပေါက်တွေ ကတဆင့် ချွေးအနေနဲ့ ပြင်ပ ကို စွန့်ထုတ်ပေး တယ် ။ ဒီလို အရေးပါတဲ့ ချွေးပေါက်တွေ ပိတ်သွားတဲ့ အခါ၊ ချွေးပြွန်တွေ ပေါက်ကွဲထွက်ပြီး အထဲမှ ချွေးတွေ အပြင်ကို မရောက်နိုင်တော့ပဲ အရေကြည်ဖုလေးများအနေနဲ့  အရေပြားအောက်မှာ အောင်းနေကြရတယ် ။ အဲ့ဒီ အရေကြည်ဖုလေး တွေကို မိတ် ( Miliaria ဒါမှမဟုတ် Prickly Heat ) လို့ခေါ်တယ် ။ ချွေးပေါက် ပိတ်ရတဲ့ အကြောင်း ကတော့ အရေပြား ဆဲလ်များ အပူလွန်လို့  ပျက်စီး သွားတာ ကြောင့်၊ တချို့  ဘက်တီးရီးယား ပိုးများကြောင့်( အများအားဖြင့် Staphylococcus epidermidis ) ဖြစ်ရတယ် ။
မိတ်ပေါက်တော့ ယားယံမယ် ။ အပ်နဲ့ထိုးဆွ ထားသလို စပ်ဖျဉ်းဖျဉ်း နေမယ် ။ တချို့ ဆို ကုတ်ဖဲ့ မိလို့  ပိုးဝင်ပြီး ပြည်တည် အနာဖြစ်တတ်တယ် ။အထူးသဖြင့် ဆီးချို ရောဂါရှိသူများ မိတ်ပေါက်ရင် သတိထားဖို့ လိုအပ်ပါတယ်။ သူတို့ မှာ ဘက်တီးရီးယားပိုး တွယ်ကပ်ဖို့  ပိုလွယ်ကူတာ မို့  မိတ်ဖုတွေ ကို ကုတ်ဖဲ့မိတဲ့ အခါ ပိုးဝင်ပြီး အနာ့ပဆုပ်( Carbuncles ) တွေ ဖြစ်လာတတ်ပါတယ် ။ အခန့် မသင့်ရင် အသက်ပါ သေဆုံးနိုင်ပါတယ် ။
-
နောက်တချက် သတိပြု ရမှာ က အပူချိန်လွန်ကဲ လွန်းလို့  ခန္ဓာကိုယ်မှ ရေဓါတ်ခမ်းခြောက်ပြီး အပူရှပ်ခြင်း ၊ ဦးနှောက်သွေးကြောပြတ် အသက်ဆုံးရှုံးခြင်းတွေ ဖြစ်ကြရာမှာ ။ ရေဓါတ် ခမ်းခြောက် နေမှန်း ကြိုတင်သိခဲ့ရင် ဒီလို အသက်ဘေး မရောက်အောင် ကြိုပြီး ကုသ နိုင်ပါတယ် ။ ဒီလို ပြင်ပ အပူချိန်မြင့်လို့ ချွေးဂလင်းတွေ ပျက်စီးကာ ချွေးပေါက် ပိတ်ပြီး မိတ်ဖုတွေ ထွက်လာတတ်ပါတယ် ၊ ချွေးမထွက် နိုင် လို့  ကိုယ်ခန္ဓာ အပူချိန်မြင့်တက် ကာ အဖျားတက်လာတတ်တယ် ။ ဒါကြောင့် အပူချိန်ကြီး အဖျားတက် နေသူ တွေ အတွက် အရေပြားများ ခြောက်ကပ်ပြီး မိတ်ဖုများ ပေါက်လာ ခြင်း ကို ပေါ့ပေါ့တန်တန် မထားသင့်ပါဘူး ။ ဒီမိတ်ဖု လေးများက ရေဓါတ် ခမ်းခြောက် နေကြောင်း ကို ပြသတဲ့ လက္ခဏာ တခု ဖြစ်ပါတယ် ။ထိုသူကို ဓါတ်ဆားရည် များများတိုက်ကျွေးပြီး ဆုံးရှုံးသွားတဲ့ ရေနဲ့ သတ္တုဓါတ် များကို အမြန်ဆုံး ပြန်လည် ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ် ။ ( ဒီအချက်က ဘယ် ကျောင်းသုံးဖတ်စာအုပ်မှာ မှ မပါ ပါဘူး ။ မမအယ်ဇီ ( အမှတ်တရများ) ရဲ့  အညာ မှာ တာဝန်ထမ်းခဲ့စဉ်က ကိုယ်တွေ့  အတွေ့  အကြုံ များ အရ မှတ်သားသင့်တဲ့ အချက်တချက် ဖြစ်ပါတယ် )
မိတ်အမျိုးမျိုး
(၁) Miliaria crystalline -အရေပြား အပေါ်ယံလွှာ မှာရှိတဲ့ ချွေးပေါက် အပေါ်ယံပဲ ပိတ်လို့ ပေါက်တဲ့ မိတ် ။ အပျော့စားပါပဲ ။ သိပ်ယားယံ နာကျင်ခြင်းမရှိပါဘူး။
(၂) Miliaria rubra- သူကတော့ ချွေးပေါက်ပိတ်လို့  အရေပြား အပေါ်ယံလွှာ ရဲ့  နဲနဲ ပိုနက်တဲ့ အပိုင်း မှာ ယောင်ယမ်း နီရဲ ပြီး ယားယံတတ်တယ် ၊ အပ်နဲ့ ဆွ သလို စပ်ဖျဉ်းဖျဉ်း အနဲငယ် ဖြစ်တတ်တယ် ။ မိတ်ဖုလေးတွေ အနီး ပတ်ဝန်းကျင်မှာ ချွေးမထွက်နိုင်လို့  ခြောက်သွေ့ နေပြီး ၊ အပူလွန်ကဲခြင်း( heat exhaustion ) ဖြစ်စေတတ်တယ် ။
(၃) Miliaria profunda - သူက အရေပြား အောက်လွှာ ထိ နက်ပြီး ပိုဆိုးတယ်၊ ပို ယောင်ပြီး ပိုနာတယ် ။ အပူလွန် အပူရှပ်ခြင်းကို ပိုဖြစ်စေတယ် ။
(၄) Miliaria pustulosa - အပေါ်က မိတ် အမျိုးအစားထဲမှာ ဘက်တီးရီးယား ပိုးဝင်သွားပြီး ပြည်တည်ဖုလေးတွေ ဖြစ်လာတယ် ။
ဘယ်ချိန်ခါမှာ ဖြစ် ။
မိတ်ဆိုတာ ပူအိုက်တဲ့ ရာသီ၊ စွတ်စို တဲ့ လေထု မှာ အဖြစ်များတယ် ဆိုတာ ယေဘူယျအားဖြင့် လူတိုင်း သိကြမှာပါ ။ ဒီလိုဆိုတော့ အေးတဲ့ ဒေသ မှာ နေထိုင်သူတွေ မိတ် မပေါက်ကြဘူးလား လို့ တွေးစရာပေါ့ ၊ အေးတဲ့ နိုင်ငံမှာ နေသူတွေ တချို့ လည်းမိတ်ပေါက်တတ်ကြပါတယ် ။ ဘာလို့လည်းဆိုတော့ အဝတ်အစားကို ထူထဲစွာ ဝတ်ပြီး လေဝင်ထွက်လှည့်ပတ်တာ မမျှတ တဲ့ အခါ လှောင်ပိတ်ပြီး ချွေးပေါက်ကို ပိတ်စေတတ်လို့ ပါပဲ။
မိတ် မထွက်အောင် ဘယ်လိုနေ ။
- အေးမြတဲ့ လေဝင်ထွက် ကောင်းမွန် ခြောက်သွေ့ တဲ့ ပတ်ဝန်းကျင် မှာ နေထိုင် ရင် မိတ်ပေါက်ဖို့  သိပ်မလွယ်ဘူး ပေါ့။
( ဒါပေမဲ့ လျှပ်စစ်မီး၊ ရေ မရှိ ၊ ဥတု ပူပြင်း တဲ့ အရပ်မှာ နေထိုင်ရသူတွေ အတွက် ဒီလို ပတ်ဝန်းကျင် ကို ဖန်တီးဖို့  ခက်လှပါတယ် ။ “ပူရင် အဲကွန်းခန်းထဲ နေပါလား” လို့  ပြောရင်၊ အကြံပေးမိရင် အပြစ်ဖြစ်မယ် ၊ ဒီတော့ DIYအညာ အဲကွန်း လေး နဲ့ တမျိုး ၊ လက်မှုစွမ်းအင် ယပ်တောင်လေး သာ တဖြပ်ဖြပ် ခပ်လို့  တဖုံ ၊ အေးအောင် နေကြဖို့  ပဲ ရှိပါတယ် ) ။
ပြီးတော့ - အပူကျအောင် ရေများများချိုးပေးရမယ် ။ ( ဒါပေမဲ့ ရေချိုးတာ လည်း သတိထားဖို့ လိုပါတယ် ။ နေသိပ်ပူနေတဲ့အချိန်မျိုး ၊ နေပူ ထဲ က ပြန်လာပြီး ရေချက်ချင်းချိုးတာမျိုး ၊ ရေအေးအေးကို ရုတ်တရက် ခေါင်းမှ စပြီးလောင်းချိုးတာမျိုး ။ ရှောင်ရပါမယ် ။ ) ၊
- နောက်ပြီး လေဝင်လေထွက် ကောင်းတဲ့ ချည်လို ပိတ်သားမျိုး နဲ့ အဝတ်အထည်တွေကို ဝတ်ဆင်သင့်ပါတယ် ။ နိုင်လွန် သားလိုမျိုး ချွေးမစုတ် တဲ့ အဝတ်အထည်တွေ ရှောင်သင့်တယ် ။
- အသားအရည် အေးစေဖို့ က မြန်မာ့သနပ်ခါးက အကောင်းဆုံး ပါပဲ ။ အေးမြပြီး အနံ့ တသင်းသင်း နဲ့ အပြင် အသားလည်း ချောမွတ်စေတယ် ။ နေပူဒါဏ်ကို လည်း ကာ ကွယ် ပေးနိုင်ပါတယ် ။ မိတ်ပေါက်လာရင် လည်း မကျီးခေါက် ၊ ကရမက် စတာ တွေ သွေးလိမ်း ပြီး အရေပြားယားယံ မှု မှ သက်သာ ရာ ရစေနိုင်ပါတယ် ။
မိတ်ကပ်တို့ လို ၊အဆီများတဲ့ မျက်နှာလိမ်း ခရင် ဆေးရည် တွေ ကို ရှောင်ရပါမယ် ။ သူတို့ က ချွေးပေါက်ကို ပိုပြီး ပိတ်စေ လို့ပါ ။
- ကိုယ်ခန္ဓာအတွင်း အေးမြ ပြီး အပူဓါတ်ကျ စေရန်၊ ဆီးဝမ်း မှန်စေရန် အတွက် ရေ များများသောက် ပြီး အသီးအနှံ ဟင်းသီး ဟင်းရွက်များများ စားပေးခြင်းဖြင့် ထိန်းပေးနိုင်ပါတယ် ။
မြန်မာ့ နည်း မြန်မာ့ ဟန် နဲ့ ဖြေရှင်း တဲ့ နည်းလမ်းတွေက အများအတွက် ပို အသုံးကျပါတယ် ။ လွယ်လွယ်ကူကူ စရိတ်သက်သာ အသုံးတည့် မဲ့ နည်းများပါပဲ ။
မိတ်ပျက်အောင် ဘယ်လိုဖျက် ..
- ရေချိုးသန့် စင်ပေးခြင်းဖြင့် အရေပြားကို စင်ကြယ်အောင်ထားရပါမယ် ။( ခုလို ရေရှား ရေပြတ်နေတဲ့ အခါမျိုးမှာ သောက်ဖို့ တောင် အနိုင်နိုင် မို့  ရေမှန်မှန်ချိုးဖို့ က အင်မတန် ခက်ခဲ နေမှာပါ )။
တကယ်လို့  မိတ်ဖု အများအပြားထွက်လာပြီး ပိုးဝင် ယောင်ယမ်း လာပါက ဆေး တခုခု လိမ်းရတော့မယ် ဖြစ်ပါတယ် ။
- အပူ နဲ့  အယား သက် သာစေ ဖို့  calamine တို့  ၊ menthol တို့  camphor တို့ ပါတဲ့ လိမ်းဆေးရည် ၊ စတီးရွိုက်ခရင် (steroid creams ) စတာ တွေ လိမ်းလို့ ရပါတယ် ။steroid creams ကို နေရာ အနှံ့  ပေါက်နေတဲ့ မိတ်မျိုး မှာ လိမ်းဖို့  သိပ် မသင့်တော် ပါဘူး ။
သိပ်ပြီး ယားယံ နေရင်တော့ ဘာမီတွန် လို အယားသက်သာစေတဲ့ Anti histamine ပါတဲ့ သောက်ဆေး ၊ လိမ်းဆေး များလည်းသုံးနိုင် ပါတယ် ။
ဒါ့အပြင် အရေပြားကို အေးမြ ခြောက်သွေ့  နေစေ ဖို့  Prickly Heat Powder သုံးနိုင်ပါတယ် ၊ ဒီ ပေါင်ဒါ ထဲမှာ (Labilin) ခေါ်တဲ့  နို့  ပရိုတင်းဓါတ် နဲ့ ဘက်တီးယီးယား ပိုးသေဆေး Triclosan တို့  ပါဝင် ပါတယ်။
သူကတော့ အရေပြားကိုအေးမြ ချောမွေ့  ခြောက်သွေ့ ပြီး နေရတာ သက်တောင့်သက်သာ ရှိစေပါတယ်
ဒါတွေကတော့ စာအုပ်ကြီးအတိုင်း ပါတဲ့ နည်းလမ်းတွေပါ ။
ဒါ့ အပြင်သောက်ရေ သုံးရေ မလုံလောက်လို့  ၊ မသန့် ရှင်းလို့  နဲ့ ပတ်သက်တဲ့ ရောဂါတွေ လည်းနောက် ဆက် တွဲ ဖြစ်လာကြပါအုံးမယ် .. ဥပမာ ..ဝဲ စတဲ့ အခြား အရေပြားရောဂါများ၊ ။ မိုးဦးကျ .ယင်တလောင်းလောင်း နဲ့ ဆိုတော့ ၊ သရက်သီးပေါ်တဲ့ ရာသီဆိုတော့ ဝမ်းရောဂါ ။ဝမ်းပျက်ခြင်း အစရှိတာတွေ ။ ခြင်ကျားတွေ ခြင်ပုန်းတွေ ပေါက်တဲ့ ရာသီဆိုတော့ သွေးလွန်တုပ်ကွေး စတဲ့ ကူးစက်ရောဂါတွေ ဖြစ်လာကြအုံးမယ် ။
အသက်ကို ဥာဏ်စောင့်တယ် ဆိုပေမဲ့ တခါတရံတော့ ဥာဏ်နဲ့  ဘယ်လောက်ပဲ ထိန်းသိမ်း နေဦးတော့ အစိုးမရတဲ့ အစိုးရ နဲ့  သဘာဝဘေးဆိုး တွေကြောင့် ၊ တန်ဘိုးမရှိတဲ့ သူတွေကြောင့် တန်ဘိုးရှိတဲ့ အသက်တွေ ဆုံးရှုံးနေကြရတာတွေ အတွက်တော့ ဘယ်လိုများ တတ်နိုင်ကြအုံး မှာပါလည်း ။
အချက်အလက် အချို့  နဲ့ ဓါတ်ပုံများ ကို ဒီ နေရာ တွေ မှ ရယူ ထားပါတယ်။
ခုတလော ဟော့ နေတယ် ။ ဖေါက်ပြန် နေတဲ့ ရာသီဥတုကြာင့် လူတွေ အတော်ဒုက္ခရောက် နေကြတယ်။မိုးမရွာတော့ မိုး ကို မျှော်ကြရတာပေါ့ ။ မိုးရွာမယ်ဆိုတော့လည်း မုန်တိုင်းများ လာလေအုံးမှာလား လို့ စိုးရိမ်ကြတာ ပေါ့ ၊ ဒီတော့ မိုးလေဝသဌာနများမှ မိုးလေဝသကြေငြာချက်နဲ့ ဟောကိန်းများ ကို နားထောင်ကြရတယ်။ ထုတ်ပေးတဲ့  ဟောကိန်းတွေ တချို့ မှန်တယ် ၊ တချို့ မှားတယ် ။ တချို့  က တဝက် မှန်တယ် ။ တချို့  က တစိတ် မှန်တယ်။ အမြဲတမ်း ရာနှုန်းပြည့်မှန်နေတဲ့ ဌာန နဲ့ နိုင်ငံ တွေတော့ ရှိမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အမြဲတမ်းမှားနေတဲ့  နိုင်ငံ နဲ့ဌာန တွေ ရှိနေကြသမို့  ချင့်ချိန်ယုံ ။
ဒီတော့ ကိုယ့်ဟာကို တောင်စဉ်ရေမရောက် ၊(အဲ့လေ.. ရေမရပ် ...)အတွေးများနဲ့ ချာလပတ်လည်လိုက်ပြီး၊ ကိုယ်ထူ ကိုယ်ထ နိုင်ငံတော်ကြီး အတွက် D .I. Y ( Do It Yourself) မိုးလေဝသ တွက်ချက်ဖို့  အိပ် မက် မက် ဖြစ်တယ် ။ ချင့်ချိန်ယုံ ။ စိတ်ဝင်စား မှ ဆက်ဖတ် ပါ ။း)) ။
လိုအပ်သော ပစ္စည်း ကရိယာ များ ..
(၁) ဖါးဂုံညှင်း ဆယ်ကောင် ။( လူပျို/အပျို စစ်စစ် ဖါးဂုံညှင်း ၅ကောင်စီ ။ စားဖါးများ မပါစေရ )
(၂) ပလပ်စတစ် ဗုံး (ပုံး )တတောင်ခန့်  ။ ဗုံး လို့ သုံးရင် အန္တရာယ်ရှိ သည် ။
(၃) ရေထွက်သော ရေဘုံပိုင် ။( ရေ မရှိသော ဘုံပိုင် မဖြစ်စေရ )
(၄) ထိုးရန် ၊ ခြောက်ရန် တုတ်တစ်ချောင်း ။ သစ်ချောင်း တိုထွာဆိုလည်း ရ၏ ။(လက်ကိုင်တုတ် ဟု အထင်မမှတ်ကြစေလို ပါ )
(၅) ပိတ်စ မဲ တစ ၊ ( ပလပ်စတစ် ပုံး ကို ဖုံးလောက်ရုံ အစ )
(၆) ယပ်တောင် တချောင်း .. ( အဆင့် မြင့်မြင့်တွက်လိုပါက ပန်ကာ တခု သုံးနိုင် ပါသည် ။ မီးတော့လာမှ ဖြစ်မည် )
နည်းလမ်း...နှင့် အဓိပ္ပါယ် ဖေါ်ဆောင်ချက်များ ။
(၁)- ဖါး ၁၀ ကောင် ကို အစာ မဝတဝ ပဲ ကျွေးထားပါ ( အစာဝရင် ဌာနပြန်ချင် ဖြစ်နေမစိုး၍ ၊ ယောင်လို့  . .. အစာဝရင် ပျင်းရိပြီး သူ့  အလုပ် သူ မလုပ်ချင် မစိုး၍ ) ။ ၄င်းတို့ အား ပလပ်စတစ်ဗုံးထဲ မှာ ထဲ့ထားပါ ။ အပေါ်မှ ပိတ်စမဲ ဖြင့် အုပ်ထားပါ ။
(၂) -မိုးလေဝသ အခြေအနေသိလိုချိန်မှာ ၊ ပိတ်စမဲကို ဖယ်၍ ..ထို ဖါးများအား တုတ်နဲ့ထိုးပါ ။
အိပ်ချင်ယောင်ဆောင်နေသောဖါးများ နှိုးရခက်တတ်သည် ကို သတိပြုပါ ။
ဖါးများအားလုံး နိုးကြားနေပါက ၊ ရေလာသော ရေဘုံဘိုင်ခေါင်းကို ဖွင့်ပါ ။( ခုနေခါမှ ရေရှား၍ အဖိတ်အစင် နည်းအောင် ဂရုစိုက်ပါ )။
၎င်းဖါးများ၏ တုန့်ပြန်မှု ကို ကြည့်ပြီး သင် ကိုယ်တိုင် မိုးလေဝသ ကို သိနိုင်ပါပြီ။
ဖါး ၁၀ ကောင်စလုံး ပြိုင်တူ အုံးးးအွမ် ဟု ကျေနပ်စွာ အော်ကြပါက မိုးရွာရန် ရာနှုန်း ၁၀၀ ဖြစ်ပါသည်။
၁ ကောင် အော် ပါက ၁၀ ရာနှုန်း ဟု အချိုးကျ တွက်ပါလေ ။ ၅ကောင် အော်တော့ ၅၀ ရာနှုန်းပေါ့ ။ လွယ်ပါတယ်။
မကျေ မနပ် တွန့် ဆုတ်ဆုတ်အော်ကြပါက ..ရာနှုန်းပြည့် မှန်ရန် မသေချာပါ ။ တဝက် ပြန်နှုတ်ရမည် ဖြစ်ပါသည် ။
ဥပမာ ၁ ကောင် မကျေ မနပ် အော်ပါက ၅ ရာခိုင် နှုန်း ဟု တွက်ချက် ပါလေ ။
(၃) -မုန်တိုင်း ကျမည် ၊ မကျမည် ကို သိလိုပါက ထို ဖါးများအားတုတ်နဲ့ထိုးပြီး ယပ်ခပ်ပေးပါ ။ ( မီးလာလျှင် ပန်ကာရှိလျှင် ပန်ကာလေနဲ့ မှုတ်ပေးပါ ) ။ ထို အခါတွင် တွေ့ ရမည့် ဖါးများ၏ တုန့်ပြန်မှု ကို ဤသို့  အဓိပ္ပါယ် ဖေါ်ဆောင် နိုင်ပါသည် ။
ဖါး ၁၀ ကောင်စလုံး၊ စူးရှစွာ အုံးအွမ်အော်၍ ပါးများဖေါင်းပြီး တကိုယ်လုံး ဖေါင်းကား လာ ပါက ......၊ လေပြင်း မုန်တိုင်း ကြီး တိုက်ခတ် မှာ ဖြစ်ပါသည် ။ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ပြီး ရေပြင်-မြေပြင် လေမှာ တစ်နာရီ မိုင် ၅၀၀ ခန့် ရှိနိုင်သည်။ မိုး ရွာရန် ရွာ နှုန်း၁၀၀ ရာခိုင်းနှုန်း ဖြစ်ပါသည်။
အကယ်၍ လူပျိုစစ်စစ် ဖါးများ အော်နှုန်းများပါက မြောက်လေ တိုက်မည် ဖြစ်ပြီး အပျိုစစ်စစ်ဖါးမများအော်နှုန်းမြင့်ပါက တောင်လေတိုက် မည်ဖြစ်ပါသည် ။
လူပျိုစစ်စစ် ဖါးများပို၍ခုန်ဆွခုန်ဆွ လုပ်ကြပါက လေနီကြမ်းများတိုက်ခတ်မည်ဖြစ်ပြီး ၊ အပျိုစစ်စစ် ဖါးများပို၍ခုန်ဆွခုန်ဆွ လုပ်ကြပါက လေဆင်နှာမောင်းများ တိုက်ခတ်မည်ဖြစ်ပါသည် ။ အားလုံးတူတူ ခုန်ဆွခုန်ဆွ လုပ်ကြပါက နာဂစ်ကဲ့သို့ ပြင်းထန်လှသောမုန်တိုင်းကြီး တိုက်ခတ်နိုင်ပါ သဖြင့် သတိထားကြပါလေ။
(၄) - ၄င်း ဖါးများ တကောင်မျှ မည်သို့ မျှ တုန့် ပြန်မှု မရှိပါက ၊ သူတို့  အပူလွန်ကာ သေဆုံးသွားပြီဆိုတာ သတိပြု ရမည် ဖြစ်ပါသည် ။
ဤတွင် မိုးလေဝသ ကိုယ်တိုင် တွက်ချက်မှု ( DIY မိုးလေဝသ) အစီအစဉ် ပြီးဆုံးပါ ပြီ ။
( မောစရာတွေ ကို ရယ်စရာ အဖြစ် အသွင် ပြောင်းပေးလိုစိတ် သက်သက် နဲ့  ရေးတာ ဖြစ်ပါတယ် ။ တော်ကြာနေ အရူးထောင် ထဲ ပို့ ခံ နေရ မစိုးလို့  ကြိုတင် ရှင်းလင်းချက် ထုတ်ထားခြင်းဖြစ်ပါတယ် ။ ဘဝ အမောတွေ ပြေကြပါစေ ။ အပူလွန်လို့  သေတာတွေ ဆက်ပြီး မရှိကြပါစေ နဲ့  ။ မိုးလေး မှန်မှန်ရွာပါစေ ၊ မုန်တိုင်းတွေ ကင်းဝေးပါစေ ။ ရေလေး မီးလေး မှန်မှန်နဲ့  လုံလုံလောက်လောက် ရနိုင် သုံးနိုင် ကြ ပါစေ )
ခု မြန်မာပြည်မှာ မိုးအနည်းငယ် စတင်ရွာသွန်းနေကြောင်းသတင်းကောင်းရရှိပါတယ် ။ ဖါးဘယ်နှစ်ကောင် အော်လိုက်ကြတာလည်း ဆိုတာတော့ ဘယ်သူမှ မသိကြသေးပါဘူး .....ဘာပဲ ဖြစ်ဖြစ် အပူဒါဏ်တော့ အနည်းငယ် သက်သာ သွားကြပါလိမ့်မယ် ။
ရေ.. ရေ.. ရေ ..ရေအသက် တမနက် လို့  ရှေးလူကြီးတွေ ဆို ခဲ့ ကြတာ ၊ ခုတော့ တမနက် မက .. ရက်ပေါင်းများစွာ ရေ ငတ်နေကြရတဲ့သူတွေ အမိမြန်မာ ပြည် မှာ ရေတွက်လို့  မကုန်နိုင် တော့ပါဘူး ။“ အေးချမ်းသာယာ ပြည် မြန်မာ” မှာ ခါတိုင်း လို မအေးချမ်း နိုင်တော့ပါ ။ ကြားရ မြင်ရ ဖတ်ရ တဲ့  သတင်းတွေ အားလုံး စိတ်ချမ်းသာစရာ တကွက် မှ မရှိတာမို့  ၊ ခုတလော စာ ရေး ချင်စိတ်ရော ၊ ရေးဖို့  အားပါ ပြတ်လတ်နေသလိုပါပဲ ။ ဘဝတူ ရေဘေးကပ်ဘေး ဒုက္ခသည် တွေ ကို ပြည်တွင်း၊ ပြည်ပမှ လူစိတ်ရှိတဲ့ ၊ လူပီသတဲ့ ရွှေပြည်သားတွေ ၊ ရေ အလှူ လုပ်ကြ တဲ့ သတင်းတွေ ဖတ်မိတော့လည်း စိတ် ဖြေရာ ရမိပါတယ် ။ ဒီလို အလှူ လုပ်တာတွေ ကို ဖျက်လို ဖျက်ဆီး လုပ်နေကြသူ များအကြောင်း ဖတ်မိတော့ ခုန ရှိနေတဲ့ ၊ ပွားမိတဲ့ မုဒိတာ တွေ ပျက်သွား ရတာ မို့  ၊ ဒီလို သတင်းတွေ ကို ကျော်လွှား ဖတ်မိတယ် ။ ဘာလို့ များ ဖျက်လိုဖျက်ဆီး လုပ်နေကြတာလည်း လို့ ၊ တောင် မစဉ်းစားချင်တော့ပါဘူး ။
အားလုံးသိပြီးကြတဲ့ အတိုင်း ဒီနှစ်နွေရာသီမှာ မကြုံစဖူး အပူလွန်ကဲ လို့  မြစ်ချောင်း အင်းအိုင် ရေတွင်း ရေကန်တွေ ရေခမ်းခြောက်ကြရသလို ၊ သက်ရှိသတ္တဝါ တွေ မှာ လည်း အရေးကြီးတဲ့ ရေဓါတ်ခန်းခြောက် ကြရသူတွေ တပုံတပင် ၊ အပူလွန်ကဲ လို့  အပူဖြတ် အပူရှပ် ပြီး အသက်ဆုံးရှုံး တဲ့ အထိ ကြားနေရတာ မို့  ။ ရေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ အပူနဲ့  ပတ်သက်တဲ့ အကြောင်းအရာများကို ရှာဖွေ စုစည်းတင်ပြလိုက်ပါတယ် ။
ပုံမှန်လူတဦးရဲ့  ကိုယ်အပူချိန် ဟာ သူ့ ပတ်ဝန်းကျင် ရာသီဥတု အပူချိန်၊ သူ့ရဲ့  ဇီဝဖြစ်ပျက်မှု တွေ ကို လိုက်ပြီး အနည်းငယ် ကွာခြားလေ့ ရှိကြတယ် ။ အကြမ်းအားဖြင့် ဖျမ်းမျှခြင်း အနေနဲ့ 36.2 °C မှ 37.5 °C (97.2 °F မှ 99.5 °F) ထိ ပြောင်းလဲ ရှိနေတတ်ပါတယ် ။ ဒီအပူချိန်ကို ဦးနှောက်အတွင်းရှိ အပူချိန် ထိန်းချုပ်ညှိနှိုင်းရေး ဗဟိုချက်မ ( Thermo-regulatory Centre ) မှ တာဝန်ယူ ညှိပေးပါတယ် ။
40 °C (104 °F) ကျော်သွားပြီ ဆိုရင်တော့ အပူချိန်လွန်ကဲခြင်း ( Hyperthermia ) လို့ ခေါ် ပြီး အသက်အန္တရာယ် ဖြစ်တတ်ပါတယ် ။ခု တလော မြန်မာပြည်က အပူချိန်က စံချိန်တင်လောက် အောင် 47- 48 °C ထိ တက်နေတယ်ဆိုတော့ ၊ ကိုယ်ခန္ဓာ က ဘယ်လို မှ ခံနိုင် မှာ မဟုတ်ပါဘူး ။ သတင်းစာတွေ ထဲ က နေ လူတွေကို သတိပေး ချက်တွေ ထုတ်ပြန် တယ် ဆိုပေမဲ့ လူတိုင်းစေ့ သတင်းစာ ဖတ် မနေနိုင်တဲ့ အခါ မို့  သိပ်တော့ ထိရောက်မယ် မထင်မိပါဘူး ။
နေပူ ထဲ မ ထွက် တာတောင်မှ တိုက်လာတဲ့ လေတွေက ပူနေတော့ အပူရှိန်ဟပ်တဲ့ ဒါဏ်ကို ခံကြရတာပါပဲ ။ ဒီလို အရမ်းပူနေချိန်မှာ ရေအေး နဲ့ ရုတ်တရက် လောင်းချိုးလိုက်ရင် သွေးကြောတွေ ကျုံ့ပြီး ဦးနှောက်သွေးကြော ပြတ်ကြတာတွေ အများကြီး ရှိနေပါတယ် ။ ဒါကြောင့် နေအပူရှိန်သိပ်ပြင်းနေတဲ့ အခါမှာ ရေချိုးတာကို ရှောင်သင့်ပါတယ် ။ ရေချိုး တဲ့ အခါမှာလည်း ဦးခေါင်းကနေ ရုတ်တရက် မလောင်းပဲ ခြေထောက် မှ စပြီး လောင်းပါ ။တဖြေးဖြေးချင်း အပေါ် သို့ တက်လာပြီး မှ နောက်ဆုံး ခေါင်းပိုင်းကို လောင်းချိုးပါ ။
ဒီလို “ အပူရှပ်ခြင်း” လို့ ခေါ်လေ့ရှိတဲ့ အပူလွန်ကဲမှုကို တုန့်ပြန်မှုများမှာ Heat Exhaustion & Heat Stroke ဆိုပြီးရှိကြပါတယ် ။
Heat Exhaustion ဆိုတာ က ကိုယ်ခန္ဓာထဲမှ အရေဓါတ် ခန်းခြောက် ပြီး ရေပမာဏ လျော့နဲလို့  ရှော့ခ် ရခြင်းပါ ။အဲ့ဒီအခါ စစချင်းမှာဆို ကိုယ်ခန္ဓာ လှုပ်ရှားမှု အားနည်းမယ် ၊ပျို့  အန်ချင်မယ် ၊ ချွေးတွေ အများကြီးထွက်မယ် ၊ စိတ်လှုပ်ရှားမယ် ၊ သူ့ ကို ကြည့်လိုက်ရင် ဖြူ ဖျော့နေပြီး အသားအရေ အေးစက်နေမယ် ၊ နှလုံးခုန်ချက် နှေးမယ် ၊ သွေးပေါင် ကျ မယ် ။ ပြီးတော့ ပိုဆိုးလာရင် သတိ လစ်သွားတတ်တယ် ။
အဲ့ လို ဖြစ် လာ ရင် သူ့ ကို အေးတဲ့ နေရာ၊ လေဝင်ထွက် ကောင်းတဲ့ နေရာ ၊ အရိပ်ထဲ မှာ လဲလျှောင်းနေစေရမယ် ။ ခြေဖက်ကို မြှင့် ပြီး ခေါင်းကို နှိမ့် ထား ရမယ်( Head down position ထားရ ပါမယ် ) ။ ပြီးတော့ အရည်ဓါတ် ဖြည့်ပေးရမယ် ။ (အကောင်းဆုံး ကတော့ ဓါတ်ဆားရည် ကို သောက် ရ ပါမယ် ။ ဓါတ်ဆားရည် အလွယ်တကူ မရနိုင်တဲ့ အရပ် တွေ မှာဆိုရင်တော့ ကျိုချက်ထားတဲ့ ပြီးအအေးခံထားတဲ့ ရေ ထဲ မှာ အိမ်သုံး ဆား ၊ သကြား ၊တို့  ကို ရောပြီး တိုက် နိုင်ပါတယ် ။ ဖျော်ရမဲ့  အချိုးအဆ ကို အောက် မှာ သပ်သပ် ဖေါ် ပြထားပါတယ် ) ။ တခါတည်းနဲ့ အများကြီးသောက်စရာမလိုပေမဲ့ ထွက်သွားတဲ့ ချွေး ( ရေ) ပမာဏ ပေါ် တည်ပြီး ပြန် ဖြည့်ပေးရပါမယ် ။ ဒါမှ မဟုတ် အုန်းရည် ရနိုင် တဲ့ နေရာမျိုးမှာ အုန်းရည် သောက်ပေးပါ ။ အချိုဓါတ် ၊ အငံဓါတ် ၊ ဆိုဒီယမ် ပိုတက်စီယမ် ဓါတ် တွေ ပါတဲ့ အတွက် ကြွက်သား အင်အားရှိစေပါတယ် ။ရှမ်းပြည် မှာ နေသူများကတော့ ရေနွေးကြမ်း(အကြမ်းရေ ။ အခါးရေ ) ထဲ ဆားထဲ့သောက်ကြပါတယ်။ အချိုဓါတ် အနေနဲ့ ထန်းလျှက် ၊ ကြံသကာ တို့  ကိုစားပေးပြီး ရေဓါတ်၊ အချိုဓါတ်၊ အငံဓါတ်တွေကို ပြန်ဖြည့်ပေးကြပါတယ် ။
လူတယောက် တနေ့ လိုအပ်ချက် ရေ ပမာဏ က သူ့  လုပ်ဆောင်မှု ၊ အလေးချိန် ၊ ပတ်ဝန်းကျင် အပူချိန် ကို လိုက်ပြီး ကွဲပြားနိုင်ပါတယ် ။ ပျှမ်းမျှခြင်း အားဖြင့် ၂ လီတာ မှ ၃ လီတာ ဖြစ်ပါတယ် ။
Heat Stroke ဆိုတာက ကိုယ်ခန္ဓာမှ အပူချိန်ထိန်းချုပ်ပေးတဲ့ယန္တရား ပျက်စီးပြီး ကိုယ်အပူချိန် မြင့်တက်လာ ခြင်းပါ ။သူက အသက်အန္တရာယ် ပေးတဲ့ အထိ အခြေအနေဆိုး နိုင်ပါတယ် ။
တွေ့ ရမဲ့ လက္ခဏာ တွေ ကတော့ .. ခေါင်းကိုက်မယ် ၊အာရုံတွေ ဝေဝါးလာမယ် ၊ မောပန်းနွမ်းနယ် မယ်၊ ကြည့်လိုက်ရင် ချွေး သိပ်မထွက် ပဲ အသားကခြောက်ကပ် နီရဲပြီး အလွန်ပူ နေပါမယ် ။ နှလုံးခုန် နှုန်းလည်း အလွန် မြန်နေပါမယ်။
ကိုယ်အပူချိန် အလွန်မြင့် လာတဲ့ အခါ- 40 °C (104 °F) ကျော်သွားတဲ့ အခါ သွေးလှည့်ပတ်မှု တုန့်ဆိုင်း ပြီး ရုတ်တရက် သေဆုံးနိုင်ပါတယ် ။ တချို့  မသေ ပဲ ကျန်နေရင်တောင် မှ သူ့ ဦးနှောက်ဟာထာဝရ ပျက်စီးသွားနိုင်ပါတယ်။
အဲ့လို ဖြစ်တဲ့ လူ ကို ဆေးရုံတင် ကုသ ရမှာ ဖြစ်ပါတယ် ။ ဆေးရုံ မရောက်မီ လမ်းမှာ သူ့ ကို ရေစို အဝတ်အထည် ၊ စောင် အစရှိ တာတွေ နဲ့ အုပ်ပေးထားရပါမယ် ၊ ရေခဲ ရနိုင်ရင်တော့ ပိုကောင်းပါတယ် ။ ဒါပေမဲ့ ကိုယ်အပူချိန်ကို 38.3°C (101 °F) အောက်ရောက်တဲ့ထိ ချက်ချင်းချ ပေးလို့  မရ ပါဘူး ။ အပူချိန် အလွန် နဲသွား ရင်လည်း သွေးလှည့်ပတ် မှု ထိခိုက်စေပါတယ် ။ လူ နာ ဆေးရုံ ရောက် သွား ပြီဆိုရင်တော့ ကျန်တဲ့ ကုသရေး အပိုင်းက ဆေးဝန်ထမ်းတွေ ဆက်လက် တာဝန်ယူ ပေးမှာပါ ။
ဒီလို မကြုံစဖူး ပူအိုက်နေတဲ့ နွေပူပူ မှာ အေးရာအေးကြောင်းရှာနိုင်ဖို့ နဲ့ နေထိုင် စားသောက် နိုင်ဖို့  အတွက် မမအယ်ဇီ (အမှတ်တရများ) ရဲ့  “ အညာ အဲကွန်း ” အကြောင်းကို ဖတ်ရှုမှတ်သားပြီး နည်းယူ ဖြန့် ဝေ ပေးကြ စေလိုပါတယ် ။ ဘာလို့ဆိုတော့ တတိုင်းပြည်လုံးအတိုင်းအတာ နဲ့ မဟုတ်ရင်တောင် နီးစပ်ရာရာတွေ ကနေ တဖြေးဖြေး ပညာပေး အသိပေးဖို့  လိုအပ်နေတဲ့ အချိန်မို့ ပါ ။
...................................................................................
ရေ အကျိုးဆယ်ပါး မတောင်းပဲ ပြည့်တယ်လို့ ဆိုပါတယ် ။ ဘုရားကျမ်းစာထဲ မှ အကျိုးဆယ်ပါး ကိုတော့ သေချာ မသိပေ မဲ့ ကျန်းမာရေးအတွက် ရရှိမဲ့ အကျိုးဆယ်ပါး ကို ပါ တဆက်တည်း ဖြန့် ဝေ ခြင်ပါတယ် ။
ရေအကျိုးဆယ်ပါး @ Benefits of drinking water { ဆရာ ဇီဝက(ဆေး၂ ) } ထံမှ ကူးယူ ဖေါ်ပြပါတယ် ။
လင့်က ဒီနေရာ မှာ ရှိပါတယ် ။ http://ziwakka.mylovecafe.com/2009/12/23/benefits-of-drinking-water/#comments
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
“ ရေအကျိုး ဆယ်ပါး ”
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
* ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
* ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။
...........................................................................................
ဆုံးရှုံးသွားတဲ့ အရည်ဓါတ် အတွက် အသင့်သုံး ဓါတ်ဆားရည် များနဲ့  ဖြည့်စွက်ပေးဖို့  အဆင် မပြေပါက အိမ်မှာ ပဲ အလွယ်တကူ ဖေါ်စပ်နိုင်ပါတယ် ။
( အိမ်တွင်း ဓါတ်ဆားရည် ဖျော်နည်း)
-ထမင်းစား စတီးဇွန်း ဖြင့် သကြား(၂) ဇွန်း (၂၅-၃၀ ဂရမ်)၊ လက်ဘက်ရည်ဇွန်းဖြင့် ဆား ဇွန်းတစ်ဝက်(၁.၇ ဂရမ်)၊ အအေးခံထားသော ရေကျက်အေး တစ်ပုလင်း (၇၅၀ စီစီ) တို့ကို ရောသမပါ။
(သို့မဟုတ်)
-(၇၅၀ စီစီ) ခန့် ထမင်းရည် ထဲသို့ ဆား လက်ဘက်ရည်ဇွန်း တစ်ဝက် ကို ရောပါ။
(၀မ်း တစ်ကြိမ်သွားပြီးတိုင်း ဆုံးရှုံးသွားသော အရည်များကို အစားထိုးနိုင်ရန် ဓါတ်ဆားရည် သို့မဟုတ် ထမင်းရည် အနည်းဆုံး တစ်ဖန်ခွက် သောက်သုံးသင့်သည်။)
Ref : “အခါအခွင့်သင့် ရောဂါများ ကာကွယ်ခြင်းနှင့် ကုသခြင်း - WHO”
..................................................................................
ဓါတ်ဆားရည် ဆိုတာ က ဝမ်းလျှော ဝမ်းပျက် ခြင်းမှာပဲ သုံးရတာ မျိုးမဟုတ်ပါဘူး ။ ကိုယ်ခန္ဓာမှာ ချွေးထွက်လွန်လို့  ဆုံးရှုံးသွားတဲ့ ဓါတ်များ( အချိုဓါတ် ၊ အငန်ဓါတ်များ) ကိုလည်း ပြန်ဖြည့်ပေးပါတယ်။
“ဥတု ရာသီ တောကို မှီ၏ ” ၊ ဒါပေမဲ့ ခုနေခါမှာ “ တော ပြုန်း တော့ ၊ မောမဆုံး ” ဖြစ် နေကြ ပါပြီ ။
“ သစ်တပင်ကောင်း တော့ ငှက်တစ်သောင်း နားနိုင် ၏ ” လို့ ဆိုကြတယ် ၊
ခုတော့ သစ်တပင်ခုတ်တော့ ငှက်တင်မက လူအမျိုးတွေ ပါ ပြုတ် ရတော့ မဲ့ ကိန်း ဆိုက် နေ ပြီ ဖြစ်လို့  အမျိုး မပြုတ် ရေး အတွက် တတ်နိုင်တဲ့ ဘက်မှ ပါဝင် ကူ ညီ ကြ နိုင် ပါစေကြောင်း ဆန္ဒပြု ပါတယ် ။
လူ့ မနော ပြော ရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ ။ လူ့ စိတ်က အတော်ခက် ။ “ ရတာ မလို ၊ လိုတာ မရ ” ဆို ပြီးပြောကြတယ် ။ ပြီးတော့လည်း “ ရလေ လိုလေ၊ အိုတစ္ဆေ” ဆိုပြီး သူ့ ဟာသူ နေတဲ့ တစ္ဆေ ကိုပါ ဆွဲထဲ့ပြီး ပြောကြသေးတယ် ။ တစ္ဆေ က မတော် လောဘ ရှိနေတာမို့ လို့ လား ။ လူတွေကသာ လောဘ ဒေါသ မောဟ မီး တွေ မငြိမ်းသတ် နိုင်ကြသေးတာပါပဲလေ ။
သူများအကြောင်း ပြောရင် အတင်းဖြစ်နေမစိုးလို့  ကိုယ့်အကြောင်း အရင်ပြောရပါအုံးမယ် ။ လောဘစိတ် နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန် စမ်းစစ်ကြည့်မိတဲ့ အကြောင်းလေးပါ ။
ခုတလော မယ်ကိ ဘုံပျောက်နေတာ ။ တကဲ့ကို နေစရာ အိမ်မရှိတော့ တာ ပါပဲ ။ မျောက်သစ်ကိုင်းလွတ် ဆိုတာ ခုမှ ယုံမိတယ် ။ အကြောင်း ကြောင်း ကြောင့် ခုလောလောဆယ် နေ့ ရော ညပါ တရက်မှာ ၂၄ နာရီ ၊ တပါတ်မှာ ၇ ရက် လုံးလုံး အလုပ်ထဲမှာ ပဲ နေ နေရ၊ အိပ်ရ ပါတယ် ။ စနေ နေ့ ညနေ အလုပ်ဆင်း ပြီးရင် အားနေပြီ ။တနင်္ဂနွေလည်း အလုပ်နားတော့ ဘယ်သွားရမှန်းမသိ ။ တနေ့ က စနေနေ့ ည ၊ ညနေစာ စားပြီး ယောင်လည်လည်မို့  အီလက်ထရောနစ် ပစ္စည်းရောင်းတဲ့ဆိုင် သွားပတ်မိတယ် ။ အကြောင်းရင်းကတော့ Sale ချလို့  ၊ ဆိုင်က ကောင်မလေး တယောက်က ဖုံးဆက် အသိပေးတာ နဲ့ အညောင်းပြေလမ်းလျှောက်ရင်း အဲ့ဒီဆိုင် ရောက်သွားတယ်ပေါ့ ။ ထုံးစံအတိုင်း သူတို့ ဆိုင်မှာ မင်ဘာကဒ်လုပ်ထားတဲ့သူ မှန်သမျှ Sale ချတဲ့ အချိန်ဆိုင်ထဲလာရင် လက်ဆောင် တခုခု ပေးပါတယ်။( ဒါကြောင့်လည်း တမင် ရောက်သွားတာ ပဲ လို့ စိတ်ထဲ ထင်လိုက်ပါတယ်။ အလကား ရမှာကိုး၊ ကိုယ့်မှာလည်း ရှိနေပြီးသား ၊ ဘာမှ လည်း အသုံး မလိုပေမဲ့လည်း ၊ အလကားရ လို့  လာယူကြသူတွေ ချည်းပါပဲ ၊ )။
ဒီလိုနဲ့ ဟိုကြည့် ဒီကြည့် ။ ဘာဝယ်ရင်ကောင်းမလည်းပေါ့ ၊လျှော့ဈေး ဆိုတော့လည်း ဈေးကသက်သာနေတော့ ထုံးစံအတိုင်း လက်ယား စိတ်ယားပေါ့ ။ ( လိုချင်တပ်မက်စိတ် တမျိုးပါပဲ ) ။ကိုယ့်အကြိုက် Musical Instrument တွေ ရောင်းတဲ့ နေရာလေးမှာ သီချင်းနားထောင်ရင်း ဟိုစမ်း ဒီစမ်း( သီချင်း အစမ်း နားထောင်တာ ပါ ) နဲ့ sound box တစုံတွေ့ တယ် ။ ကိုယ့်မှာ ရှိပြီးသား ၃ ၊ ၄ မျိုး ရှိနေပေမဲ့ ဒီဇိုင်းသစ်လေး တွေ့ တော့ လိုချင်မိပြန်ရော ။ ဒီင်္လို နဲ့ ear phone တွေ ရောင်းတဲ့ နေရာမှာ သားအဖ နှစ်ယောက် အပြန်အလှန်ပြောနေတဲ့ စကား ကို ကြားမိလိုက်တယ်။ သားက ၁၂ နှစ် အရွယ်လောက် ရှိမယ် ။
“အဖေ ။ ကျွန်တော့်ကို ဒီ ear phone တခု ဝယ်ပေးပါ ”
“ မင်း ကို ဟိုတလောက ပဲတခု ဝယ်ထားပေးပြီးသားလေ ။ ဘာလည်း ပျက်သွား ပြီလား ”
“ မပျက်ပါဘူး အဖေရ ။ အဲ့ဒါ က MP3 နားထောင် တာလေ ။ ဟို အရင် တခု က ဖုံး မှာ တပ်ထားတာ ။ ခု ကျွန်တော့ ကွန်ပြူတာမှာ တပ်ပြီး နားထောင်ချင်လို့ ပါ ”
“ ဟကောင်ရ ငါ့လချီးမှ ပဲ ။ မင်းမှာ နား က ဘယ်နှစ်ခုတောင် ရှိလို့  ဒီလောက် နားကြပ်တွေ အများကြီး လိုနေရတာ လည်းကွ ၊ ပြောစမ်းပါအုံး ” တဲ့ ။
အဖေကြီး ပြောတဲ့စကား က ရုတ်တရက် ကြားလိုက်ရတာ နဲနဲ ရိုင်းသလို ဖြစ်နေတော့ သူ့ ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ် ။ သူကတော့ ခပ်တည်တည်ပါပဲ ။ သူ့ သားကို အော်ကြီးဟစ်ကျယ် မြည်တွန်တောက်တီးရင်း ဆိုင်အပြင် ထွက်သွား ပါလေရော ၊
ဒီတော့ မှ လိုချင်တပ်မက်တဲ့ လောဘကြောင့် ။ ဆိုတဲ့ အသိတရား ဝင်လာ မိလို့ ၊ အဲ့ဒီနေ့ က ပိုက်ဆံတပြားမှ မထွက်ပဲ တပ်ခေါက် လာမိ ပါတော့တယ် ။ သူပြောတာလည်း ဟုတ်နေတာပဲလေ ။ ဒီရုပ်ဝတ္ထု ပစ္စည်း ဆိုတာ မရှိမဖြစ် လိုအပ်လှတဲ့ အရာ တခု မှမဟုတ်တာ ၊ ရောင့်ရဲ စိတ်ကလေး ထားတတ်ရင် မလိုလားစရာ အပူမီးတွေ လောင်ကြွမ်းနိုင် မယ် မထင်ပါ ။
အရင်ကဆို တွေ့ သမျှ အဆန်းတွေ အသစ်တွေ တွေ့ တာ နဲ့ လိုချင်စိတ် ပေါက်မိတယ် ။ အရမ်းကြိုက်တဲ့ ပစ္စည်းဆို ဘာမှ သိပ် မစဉ်းစား ပဲ ဝယ်ဖြစ်တယ် ။ ကြာလာတော့လည်း ရိုးသွား အီသွားတဲ့ သဘောပဲ နဲ့ တူပါတယ် ။ ဒီလောက်ကြီး ခရေးဇီး မဖြစ်မိတော့ဘူး ၊ အသစ်တွေ က နေ့စဉ် နဲ့ အမျှ ပေါ်ထွက်နေကြတဲ့ ရုပ်ဝထ္ထု ကြီးစိုး တဲ့ ခေတ်ကြီးမှာ ထွက်သမျှ အသစ်ပေါ်သမျှသာ လိုက်ဝယ်နေရရင် ဘယ်တော့မှ အဆုံးသပ်နိုင်မယ်မထင် ။ကိုယ့်အိုး ကိုယ့်ဆန် တန်သလောက် သာ ဝယ်ခြမ်းသုံးစွဲ မှသာ အကြွေးမတင် နောက်ကြောင်းရှင်းရှင်းနဲ့ စိတ်အေးချမ်းသာ ရနေနိုင်မှာပါ ။
အကြွေးဝယ်ယူခွင့် ရတဲ့ ခရက်ဒစ် ကဒ် တွေ ဆိုတာ လည်း ရွှေပြည်ကြီးက လွဲရင် ကမ္ဘာ အ နှံ့  နေရာတိုင်း နိုင်ငံတိုင်းမှာ အလွယ်တကူ သုံးစွဲ လို့ ရနေတော့ ကောင်းကျိုးတွေ ရှိသလို မကောင်းကျိုးတွေပါ ဖြစ်တတ်ကြတယ် ။ခရက်ဒစ်ကဒ်ကို ရွှစ်ကနဲ ဆွဲပြီး ပစ္စည်းတခုကို လွယ်လွယ်ကူကူ ရလိုက်ချိန်မှာ လောလောဆယ် ကိုယ့်အိတ်ထဲက ငွေစက္ကူလေးတွေ မထွက်သွားတော့ ပျော်စရာကြီးလိုလို ပဲ ။အလကားရတာ ကျနေတာပဲလေ ပျော်လို့  ပြုံးလို့ ပေါ့ ။ နောက်တစ်လ နေလို့  ငွေတောင်းတဲ့ ဘီလ် စာရွက် လာတော့ မှသာ မျက်လုံး ရော မျက်ဆန်ပါ ပြူးကြတယ် ။ ဟိုက် ...ငါ ဘယ်တုံးကများ ဒီလောက် အများကြီး သုံးမိပါလိမ့် ၊ ဘာတွေများ ဝယ်မိပါလိမ့် လို့ စဉ်းစားရင်း ၊ ဟဲ့ ငါ့ကဒ်ကို ဘယ် သူများ သုံးသွားပါလိမ့် လို့ ဇဝေဇဝါ ယုံထင်ကြောင်ထင် ဖြစ်တတ်ပါသေးရဲ့  ။ တချို့ များဆို လူတယောက်ထဲ နဲ့ အကြွေးဝယ်ခွင့် ကဒ်တွေ အခု လေးငါးဆယ် လုပ်ထားပြီး ဂုဏ်ယူဝံ့ကြွားစွာ ဝယ်ဟယ် သုံးဟယ် နဲ့  ကြွေးစာရင်း လာတော့ မှ အချိန်မီ မဆပ်နိုင် ၊ အတိုးတွေ တက် ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ တဲ့ ထိတောင် အခြေအနေ ဆိုးဝါးသွားကြတာတွေလည်း တွေ့ ရ ကြားရတာ မကြာခဏပါပဲ ။ ဒါက ရလေ လိုလေ ။ မချိန်ဆပဲ ဖြုံးမိလို့  ဖြစ်ကြရတဲ့ အဖြစ် တွေပါ ။ အသုံး နဲ့  အဖြုံးကို ခွဲခြား နားလည် ဖို့  အရေးကြီးတာပေါ့ ။
တချို့ များဆို ရလေ လိုလေ က ပိုဆိုးသေး ။ ကိုယ်တိုင်ဘာမှ အားစိုက် မလုပ်ရပဲ မလုပ်ချင်ပဲ အလကား ရနေတာကို တောင် မတင်းတိမ်နိုင်သေး ။ ရပြီးရင်း ရချင်နေတော့တာလေ ။ ရှာရတဲ့သူက မောမောပန်းပန်း ရှာပြီး ပေးရ တာကို သဘောမပေါက် ၊ ဝါဇီ ငွေလုပ်စက် ကြီးတခု အပိုင်ရထားသလား မှတ်တယ် ၊တခုခုဆို ရီမုတ်ကွန်ထရိုး စက်ခလုပ်နှိပ်လိုက်ရုံနဲ့ လိုတာ ရတယ် ထင်နေတော့ နှိပ်ပြီးရင်းနှိပ် ပေါ့။ ပေးသူ ယူသူ လွန်ကြည်ဖြူ နေကြတဲ့ အခိုက် အတန့် လေး မှာ လောကကြီး သာယာလိုက်တာလေ ၊ အဆင်မပြေကြတဲ့ အခါများ မတော့ ခက်ကုန်ကြပြီ ။ တောင်းသလောက် မပေးရ ကောင်းလားဆိုပြီး ရန်သူသဖွယ် သဘောထားတာတွေ ဖြစ်လာတယ် ။ ဒီမှာ မကြာခဏ ကြားရတဲ့ သတင်းတွေကတော့ အရက်သမား ။ ဘိန်းစား ။ လောင်းကစား သမား သား သမီး ၊ တွေက မိအို ဖအိုကြီးတွေ ဆီ လက်ဖြန့် တောင်းတာ မရ တဲ့ အခါ ရိုက်လား ၊ သတ်လား ဖြစ်ကုန်ကြတယ် ။ လင်မယား တွေလည်း ထိုနည်း ၄င်း ပေါ့ ။ ထားလိုက်ပါတော့ ။ ကိုယ့်အပူ မဟုတ် ပူနေမိသေးတယ် ။
ဒီတော့ ကိုယ့်စိတ်ပဲ ကိုယ်နိုင်အောင် အရင် ထိန်းဖို့  လိုနေသမို့  အသုံး နဲ့  အဖြုံး ကို သေချာ ခွဲခြား စမ်းစစ်မိတယ် ။ လောဘစိတ်ကို ထိန်းနိုင်ရင် နောက်ဆက်တွဲ ဖြစ်လာမဲ့ ဒေါသ တွေ မောဟတွေလည်း နည်းပါးသွားမှာပါ ။ဒီလောက်လေး တွေးမိပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မိပြန်တယ် ။ ဒီတော့ ထုံးစံ အတိုင်း ဆ.. ဆရာကြီး လုပ်ချင်မိပြန်ရော ။ တခြားသူတွေ ကို ပြော မရမဲ့ အတူတူ ကိုယ် နိုင် တဲ့ သူ ကိုပဲ ပြောရမယ် လို့  ပစ်မှတ် ရှာ ကြည့် နေတုံး တွေ့  လိုက် တော့ အတော်ပဲ လို့ဝမ်းသာ အားရ နဲ့ ..
“ ငလုံးရေ ၊ အိမ်သားတွေ နေကောင်းကြလား၊ စာကြိုးစား နော် ။ အပိုတွေ မဖြုံး နဲ့  ”လို့ ဂျီတော့မှာ ခဏတွေ့ လိုက်ရတဲ့ တူတော်မောင်ကို ဆရာလုပ်ပြီး ပြောလိုက် မိပါတယ် ။မီးစိမ်းလေးက ဖြတ်ကနဲ ပျောက်သွား ပါလေရောလား၊ အင်းလေ ။ ရွှေပြည်ကြီးက လိုင်းတွေဆိုတာ လူတွေလိုပဲ ဂဏှာ မှ မငြိမ်တာ ၊ တက်လိုက် ကျလိုက် ဖြစ်တာ နေမှာ ပဲ လို့  စိတ်ထဲ ထင်မိသေး ၊ ဒီတော့လည်း မေ့မေ့လျောလျော့ ပဲ နေလိုက် တာပေါ့ ။ နောက်နေ့  ကိုယ့် ဂျီတော့ ပြန် အဖွင့်မှာ မြင်လိုက်ရတာ က ....
“ ဒေါ်ကိ ရေ ..သား Wii က ရီမုတ်ကွန်ထရိုး အကောက်တံလေး တချောင်း ထပ်လို နေသေးတယ် ၊ ၂ စုံ ပြည့်မှ သူငယ်ချင်း တွေ နဲ့  ကစားလို့ ကောင်းမှာ ဗျ ” လို့  ဂျီတော့မက်ဆေ့ ခ်ျလေး တခု ချန်ထားခဲ့တာ တွေ့ လိုက်ရတော့ .... ဪ ... ငါ့နှယ် ၊ မပြောမိ အကောင်းသား ရယ်၊ အင်းလေ ၊ဟုတ်ပါရဲ့  ငါ့ကိုယ်က လိုပါတယ်၊ အစတည်းက တစုံ နဲ့  တချောင်းပဲ ဝယ်ပေးလိုက်မိတာကိုး .. လို့  သူ့ ဖက်ကို ဖေါ့တွေးတွေးပြီး တယောက်ထဲ ငြီးတွား နေရပါတော့တယ် ။
ကိုယ့် တူ၊ တူမလေး တွေတောင် ပြောမရတော့ ၊ အင်း လေ ။ ဘယ်သူ့ မှ လည်း မပြောချင်တော့ ပါဘူး ။ ဟို“ ရလေ . ၊လိုလေ ” ကြီးတွေ ဆို ပိုခက် အုံး မှာ ... ခုတောင် ဘောင်းဘီစိမ်းကြီးတွေ ချွတ် ပြီး “ ပုဆိုး နဲ့ တိုက် ပုံ ဝတ်လာ ပါ ” လို့  ဒေါ် နွဲ့ ယဉ်ဝင်း ဆိုခဲ့ဖူးတဲ့ သီချင်း လေးကို သဘောကျ လို့  သရုပ်ဖေါ် ကြ ဦး မတဲ့  ။သီချင်း ထဲကထက် ပိုသာတာက “ ဘောင်းတော်စ ” ပါ တဆင်စာ ပါသေးသတဲ့လေ ။
အဲ... နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်ပြန်တာပါပဲလား ။
ဒီကနေ့ ဖတ်လိုက်ရတဲ့ သတင်းတပုဒ် ၊ မထူးပေ မဲ့ နဲနဲ ဆန်းနေတဲ့ သတင်း တပုဒ် အကြောင်း ဖေါက်သည်ချပါအုံးမယ် ။ ဒီလို အမှုကိစ္စများ ဟာ ယောကျာင်္း နဲ့  မိန်းမ တွေ ရှိတတ်တဲ့ နေရာတိုင်းမှာ ဖြစ်လေ့ ဖြစ်ထ ရှိတာ မို့  မထူးပေမဲ့ ၊ အပြစ်ပေး အရေးယူတာ ကို မကျေနပ်လို့  စောဒကတက်ခွင့် ရတဲ့ “ လူ့ အခွင့် အရေးတွေ ” ဆိတ်သုဉ်းနေတဲ့ ကိုယ်တိုင်းပြည် နဲ့ ယှဉ်ပြီး ဆန်း နေသမို့  ၊ ပြန်ပြောပြချင်တာပါ ။
နိုင်ငံတိုင်း မှာ အစိုးရ ရှိ ပြီး၊ အစိုးရ အဖွဲ့  လက်အောက်တိုင်းမှာ“ ပြည်သူ့ ရဲ တပ်ဖွဲ့ ” နဲ့ “ ပြည်သူ့  ရဲ” များ ရှိကြပါတယ် ။“ ပြည်သူ့  ရဲ ” ဆိုတာ ပြည်သူလူထု ရဲ့  အသက် အိုးအိမ် စည်းစိမ် တွေကို အကာအကွယ်ပေးဖို့ ၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့  ၊ တရားဥပဒေ စိုးမိုးရေး နဲ့ အေးချမ်းရေး အတွက် ဆောင်ရွက်ဖို့ ၊ နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ဖို့  တာဝန်ရှိကြပါတယ်။ ဒါပေမဲ့ ဒီလို မြင့်မြတ်တဲ့ တာဝန်တွေ ထမ်းဆောင်နေကြတဲ့ ရဲ တွေ ထဲမှာ လည်း ယုတ်မာ ရိုင်းစိုင်း မသမာ တဲ့ ရဲ တွေ အများကြီး ရှိနေကြပါတယ် ။
ဒီလို မသမာ ခြစားနေတဲ့ ရဲတွေ ဟိုးထိပ်ပိုင်း အမြင့်ဆုံး မှ အောက်ပိုင်း အနိမ့်ဆုံးအထိ နေရာတိုင်း နိုင်ငံတိုင်းမှာ ရှိနေကြတဲ့ အထဲ မှာ မှ ၊ ဒီလို ရဲ မျိုးကို တရားစွဲ ပြစ်ဒါဏ် ချ မှတ် ခဲ့ တာကို ၊ နစ်နာသူမိသားစုမှ မကျေနပ်လို့  ထပ်ဆင့်တရားစွဲ တဲ့ သတင်းတပုဒ် ဒီနေ့  သတင်းစာ မှာ ဖတ်လိုက်ရတယ်
သတင်းအကျဉ်းချုပ် အရ .၊ 桃園( Taoi Ywan District) , Yang Mei city မှာ ရှိတဲ့ Yaung Ang ပြည်သူ့  ရဲ စခန်း မှ( ( 楊梅分局 . 永安派出所) ၊ အသက် ၄၁ နှစ်ရှိ တဲ့  派出所所長 ( စခန်းမှူး 姜 ) ဟာ လွန်ခဲ့ တဲ့ ၂ နှစ်ခန့် က ( ၂၀၀၈ ခု ဇူလိုင်လ တစ်လ အတွင်းမှာ ၂ကြိမ် ) အသက် ၁၆ နှစ် နဲ့ အသက် ၁၄ နှစ် အရွယ် မိန်းကလေး ငယ် ၂ ဦးကို၊ ရဲ ဒလန် တယောက် ရဲ့  အကူအညီနဲ့ မိုတယ် တခုစီသို့  သွေးဆောင် ဖျားယောင်း ခေါ်ဆောင်သွားပြီး အဓ္ဓမ ကျင့် ခဲ့ ပါတယ် ။ ဒီ အချိန်မှာ သူ့ ရဲ့  လက်အောက် ရဲသား တယောက်ကို အခန်းအပြင်မှာစောင့်ခိုင်းထားပြီး ၊ အချိန်ကိုက် ဝင်လာစေကာ ဓါတ်ပုံ ရိုက်ပြီး နောက် သူ့ ရဲ့  ရဲအထောက်အထား မှတ်ပုံတင် ကဒ်ပြား ပြ ကာ ၊ ဒီ မိန်းကလေး တွေကို ပြည့်တန်ဆာမှု နဲ့ ဖမ်းဆီးခဲ့ပါတယ် ။
ဒီလိုနဲ့  အမှု ဖြစ်ပွားတော့ မတရားခံရတဲ့  မိန်းကလေး ၂ ယောက်က အဖြစ်မှန်ကို ဖွင့်ပြောပြီး ၊ အစိုးရ ရှေ့ နေ အကူအညီ နဲ့ ပဲ ဒီယုတ်မာတဲ့  စခန်းမှူး ရဲ ကို ပြန်ပြီး တရားစွဲ ခဲ့ တယ် ။ ဒါကြောင့် လွန်ခဲ့တဲ့ တလ က ဒီ စခန်းမှူး ရဲ ကို ၊ အလုပ်မှ ရပ်စဲပြီး ၊ ထောင်ဒါဏ် ၂ နှစ်ချမှတ်ခဲ့တယ် ။ ချုပ်ရက် လျှော့ လိုက်တဲ့ အခါ ထောင်ဒါဏ် ၁နှစ်နဲ့  ၁၀ လ ကျခံရမယ် ဖြစ်ပါတယ် ။
ဒီလို ပြစ်ဒါဏ်ချတာကို သူကျူးလွန်ခဲ့ တဲ့ ပြစ်မှု နဲ့ စာရင် ပေါ့လျှော့လွန်းတယ် လို့  လူ အများက ယူဆကြပါတယ် ။ ဘာဖြစ်လို့လည်းဆို တော့ တရားခံ ကိုယ်တိုင်က ပြည်သူလူထု ရဲ့  အသက် အိုးအိမ် စည်းစိမ် တွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိနေတဲ့ ရဲ တယောက် ၊ ဒါထက်မက စခန်းမှူးဆိုတဲ့ ရာထူးအဆင့်ရှိနေတဲ့ ရဲတယောက် ဖြစ်နေပြီး ၊ သူစော်ကားခဲ့တဲ့ မိန်းကလေး ၂ ဦးစလုံးဟာ အသက် ၁၈ နှစ်အောက် ၊ အရွယ် မရောက်သေးတဲ့ သူများ ဖြစ်ကြလို့ ၊ ဒါ့ အပြင် ၊ ရဲ အရှိန်အဝါ ကို အလွဲသုံးစားပြုပြီး ပြည်သူတွေကို ချိမ်းခြောက် အနိုင်ကျင့်ခဲ့လို့  ၊ စတဲ့ အချက်များ ကြောင့် ဒီ တရားခံ ကို ပိုမို ကြီးလေးတဲ့  ပြစ်ဒါဏ် ချ မှတ်သင့်ကြောင်း အမျိုးမျိုး ပြောဆို ကန့် ကွက်ကြတဲ့ အတွက် ခု ဆို ရင်၊ နစ်နာသူတွေဖက်မှ ထပ်မံတရားစွဲ ဖို့ ပြင်ဆင်နေကြပါတယ် ။
ဒီလို သတင်းမျိုး ကြားလိုက် သိလိုက်ရတော့ ကိုယ့်တိုင်းပြည် က ဒီနေ့  ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ကြည့်မိပါတယ် ။ သူတို့ဆီက အကျင့်ပျက်ရဲ တွေ ကို ဒီလို လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပေးရဲတဲ့ ဥပဒေ ဘက်တော်သားတွေ၊ ဖေါ်ထုတ်ဖို့  အခွင့် အရေးရှိနေတဲ့ အလားတူ ပြည်သူတွေ၊ နဲ့  အဖိနှိပ်ခံ ပြည်သူ တွေ ဖက်က ရပ်တည်ပေးမဲ့ ၊ မှန်ကန် မျှတတဲ့ တရားဥပဒေမျိုး တွေ ဘယ်တော့ များမှ ပေါ်ပေါက်လာနိုင်ပါ့မလည်း လို့ ၊ မျှော်လေတိုင်းဝေးနေတဲ့ မျှော်လင့်ချက်ကလေးတခု ကို မျှော်လင့်ချင်နေမိပါသေးတယ် ။
တရားဥပဒေအပေါ်မှာ မည်သူမျှ မရှိနေစေရ ဆိုတာ “ အိမ်မက်လေလား ၊ တကယ်လား ” လို့  ....
(ဪ.. အရေးထဲ မှာ မှ .. သီချင်းခွေ ကြော်ငြာ ဝင်လာသေးတယ် ..း))) )
အိပ်မက်လေးတွေ အမှန်တကယ် နဲ့  မနှေးအမြန် အကောင်အထည်ပေါ်နိုင်ပါစေ ။
ဟိုးတလောက ပြောမနာ ဆိုမနာ မိတ်ဆွေ အပေါင်းအသင်းများ နဲ့ အားလပ်ရက် တရက် ၊ ဆိုင်တဆိုင် မှာ စားရင်းသောက်ရင်း စကားစမြည်ပြောဆိုကြတော့ သောကြာသမီး မဟုတ်ပေမဲ့ စကားအလွန်များသော မယ်ကိ တယောက် အစသန် အနောက်သန် နဲ့ မို့  ထမင်းတူတူ စားနေတဲ့ ဘလော့ဂါ ညီမငယ်လေးတယောက် ကို စချင်စိတ်ပေါ်လာမိတယ် ။ ဘာလို့ ဆိုတော့ တဝိုင်းလုံး စကားဖေါင်ဖွဲ့ ပြောဆိုနေကြပေမဲ့ သူကတော့ ဘာမှ မဆိုင် သလို မြိန့်  မြိန့် ကြီး ထိုင်လို့  ၊ ပြုံးတယ် ဆိုရုံလေး ပြုံး နေလို့  ၊ သူ့ ကို နောက်ပြောင် ပြောဆို ချင်လာမိတယ် ပေါ့ ။ သူ့ နာမယ် ကို ပူး လို့ ပဲ အတိုကောက် ခေါ် ပါတယ် ။ ဒီတော့“ ပူးမှာ ပါးစပ်ပေါက် မပါဘူး ထင်တယ်” လို့  တယောက်က ပြောတဲ့ အခါမှာ မယ်ကိ ရဲ့  ပုံပြင်လေးတပုဒ် မထင်မှတ်ပဲ ပြောဖြစ်သွားတယ် ။ သူ့ ကို နစ်နာစေလို လို့  ပြောတာ မဟုတ်ပဲ စရုံ သက်သက် ပါ ။ ဒါပေမဲ့ အရောင်တွေ ပါတဲ့ ရယ်စရာ မို့ ၊အပျိုဖြန်းလေး သူ့ ခမျာ ရှက်သွားရှာလေ မလား လို့  ခုမှ တွေးမိတာ နဲ့ ဒီစာလေးတပုဒ် ရေးဖြစ်ပါတယ် ။သူ့ ကို အရှက်ရစေလား တော့မသိ ၊ မယ်ကိ အဖေတော့ ရှက်သွားဖူးတာ နဲ့ မို့ ပါ ။
( သတိ / အသက် ၁၈ နှစ်အောက် များ မျက်စိ တဖက်မှိတ်ပြီး ဖတ်ပါရန် )
ဒီပုံပြင်လေး အကြောင်း မပြောခင် အဖေ နဲ့  အမေ အကြောင်း အနဲငယ်မျှ ငယ်ကျိုးငယ်နာ ဖေါ်မှ ဖြစ်မယ် ။ ဘာလို့ ဆိုတော့ ဒီင်္ ပုံတိုပတ်စ ၊ အပြာရောင် ၊ အဝါရောင်တွေ ဆိုးထားတဲ့ ဟာသ များ ဟာ မယ်ကိတို့  ငယ်စဉ် ကတည်းက အဖေနဲ့ အမေတို့ ၊ တယောက်နဲ့ တယောက် စရင်းနောက်ရင်း ပြောနေကြ မို့  ကြားဖူးနားဝ ဖြစ်နေခဲ့တာပါ ။
ဒီလို ..ဒီလို .. ရှင်းလေ ရှုပ်လေ မို့  တည့်တည့် ပဲ ပြောပါတော့မယ် ။ အဖေက ငယ်ငယ်တည်းက စစ်သားပါ ( ခုခေတ် စစ်သား မဟုတ် ) ။ လူပျို ဘဝ တည်းက အားကြီး အလှအပကြိုက် ။ သူ တို့ ခေတ်က ကျော်ဆွေ တို့  ခင်ယုမေ တို့ ခေတ်ဆိုတော့၊ သူ့ ကိုယ်သူ မင်းသား ကျော်ဆွေများ မှတ်နေသလား မသိ ၊ဆီတွေ ပြန်နေအောင် လိမ်းပြီး ဆံပင်ကို အမောက်ထောင် တယ် ။ ကျော်ဆွေ စတိုင် လိုက်ဖမ်းတယ် ပေါ့ ။ အံမယ် ဒါနဲ့တင် မပြီးသေး ၊ကျော်ဆွေ ထက် ပိုတာက နှာခေါင်းမွှေးစစ ပါ ထားလိုက်သေးတယ် ဆိုပဲ ။ဒီလိုနဲ့ သူ ဘာဖြစ်တယ် မသိပါဘူး ။ ဆေးရုံ တက် ရတော့ သူနာပြု ဆရာမပေါက်စ အမေ နဲ့ တွေ့ ပြီး ။ အပြောကောင်း ၊အကျူ ကောင်းတာ နဲ့ သမီးရည်းစား ဖြစ်ကြရော တဲ့ ။ (ခုလို အီးခေတ်ကြီးထဲမှာဆို အဖေလည်း အွန်လိုင်း ချက်တင် မင်းသား ဖြစ်လောက်တယ် ) ။ အဖေ့ ကို တပ်ထဲမှာ“ နှုတ်ခမ်းမွှေး” လို့  ခေါ်ကြတယ် ။ အမေက နမ့်ခမ်း ဒေါက်တာ ဆီးဂရေ့ ဆေးရုံက သူနာပြုဆရာမ ပေါ့ ။ ( ဒေါက်တာ ဆီးဂရေ့ ဆိုတာ မြန်မာ ပြည်မှာ တာဝန်ထမ်းပြီး ဆေးရုံ ရယ်၊ လူနာတွေရယ် ။ ဆရာဝန် ဆရာမတွေရယ် ကို အလွန်သံယောဇဉ်ကြီး တဲ့ ၊ စည်းကမ်းကြီးတဲ့ အမေရိကန်သား ဆရာဝန်ကြီးပါ ) ။
အဲ့ဒီမှာ တွေ့  ပြီး ချစ်ကြိုက်ကြ ပြီးတဲ့ နောက် အိမ်ထောင်ပြုပြီးနောက် ။ ယောင်နောက် ဆံထုံးပါ ဆိုသလို အဖေ့နောက် အမေပါသွားရော ။ ဒီတော့ မြေပြန့် ရောက်လာပြီး သူနာပြု ဆက်လုပ်တယ် ။ အစိုးရဝန်ထမ်း ထုံးစံအတိုင်း ဟိုပြောင်း ဒီရွှေ့ နဲ့ မယ်တရွာ မောင်တမြို့ ပေမဲ့ လဲ ကလေးတွေ တပြွတ်ပြွတ် မွေးဖြစ်တယ်၊ စုရင်းဆောင်းရင်းနဲ့ ဒါဇင်ဝက် ရှိသွားတယ် ။ (ခုခေတ်မှာ ဒီလောက်မွေးရရင် ဒုက္ခပေါ့ ) ။ဒီလိုနဲ့ အဖေ့ နှုတ်ခမ်းမွှေးကလည်း ပို ရှည် ရှည်လာ တော့ တယ် ။့ ၊ တနေ့ မှာ အမေက ပြောတယ် “ ရှင့်အမွှေးတွေ လူမြင်မကောင်းတော့ဘူး ၊ ရိတ်ပါအုံး ” လို့  ပြောသတဲ့ ။ အဖေကလည်း ပေကပ်ကပ် နဲ့ မရိတ်ပဲ ဒီအတိုင်းထားသတဲ့ ။ အမေတို့ ဆရာမတွေ ဆိုတာကလည်း အလုပ်သဘောအရ မတော်တရော်တွေ မြင်ရ ၊ကိုင်တွယ်ရတာတွေ နဲ့ ၊ အလုပ်ထဲမှာ အပြာရောင် အဝါရောင် ဟာသတွေ အချင်းချင်းပြောနေကြတာ ရိုးနေပါပြီ ။
အဲ့ဒါ နဲ့ ပဲ အမေက အဖေ့ ကိုဆက်ပြောသတဲ့ ၊ ဒီမှာ ရှင် ရိတ် မလား ။ ကျွန်မ ပြော ရမလား ပေါ့ ။ ဒီလို နဲ့ပဲ အမေ့  ဟာသလေးတပုဒ် ပြောဖြစ်တာပါ ။
တနေ့ မှာ လင်မယား နှစ်ယောက် နဲ့ ကလေးများ ပါတဲ့ မိသားတစု ဟာ အိန္ဒိယ စားသောက်ဆိုင်တခု မှာ စားသောက်နေကြသတဲ့ ။ အိန္ဒိယအစားအစာ ဆိုတော့ ထုံးစံ အတိုင်း ပဲဟင်း က ရှောင်မလွတ်ဘူးပေါ့ ။ ပူရီဟင်း ။ ချပါတီ ။ နံပြား ။ တို ရှည် ။ ဘာပဲ စားစား ပဲနီလေးတို့ ၊ ကုလားပဲ ဟင်းရည်တို့  ကတော့ ပါကြ တာလေ ။ ပြီးတော့ ချပ်သနီတို့  မန်ကျီးအချဉ်ရည် တို့  ရောပြီး ၊ ဟင်းဖတ်တွေကို ငှက်ပျောရွက်မှာ ထဲ့ ၊ ပြီးတော့ လက်နဲ့ အားရပါးရ တွယ်ကြရတာ ကိုး ။ ဒါတင်မက လက် ၅ ချောင်းစလုံး တပြွတ်ပြွတ် စုပ် တတ်ကြသေးသတဲ့ ။(ခုတော့ ဒို့ မိတ်ဆွေ တို့  ၊သဲဝါရ် တို့  ၊ မြို့ တော် တို့  အပါအဝင် အိန္ဒိယ စားသောက်ဆိုင် တွေမှာ ပုံစံခွက်ဒန်ပုဂံပြးတို့၊ ကြွေပန်းကန်ပြားတို့ ၊ ဇွန်းခက်ရင်းတို့  နဲ့ ဖြစ်နေကြပါပြီ ၊ဒါပေမဲ့  လက်နဲ့စားသူများလည်း အများကြီး ရှိနေပါသေးတယ်၊ ဒီလိုစားမှ အရသာ ပိုရှိတယ် ဆိုပဲ ) ။ ဒီ မိသားစု အနားမှာ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးရှည်ကြီးနဲ့  ကုလားအဖိုးကြီး တယောက် လဲ စားသောက်နေသတဲ့ ။
ကလေးများက ထုံးစံ အတိုင်း စပ်စုတတ်ပေသမို့  သူတို့  အနားမှာရှိနေတဲ့ ကုလားအဖိုးကြီး ရှလူးရှလဲ အသံပေါင်းစုံ နဲ့  စားနေတာကို ငေးပြီးကြည့် နေကြသတဲ့ ။ ပြီးတော့ သူတို့ချင်းချင်း လက်တို့  ပြောရာက အငြင်းပွားလာကြသတဲ့ ။
အငယ်ကလေးက ပြောတယ် ။ ဟို အဖိုးကြီး က ပါးစပ်လဲ မပါပဲ ဘယ်လို စားသလည်း လို့  သူ့  အကို ကို မေးတာပေါ့ ။ဒါနဲ့ အကိုလတ်က အေး ၊ဟုတ်တယ် ။ ဘယ်လိုစားသလည်း မသိဘူး ။ ငါလည်းသိချင်တယ် ပေါ့ ။ ဒီတော့ အကိုကြီး က
သူ့ မှာ ပါးစပ်တော့ ပါမှာပေါ့ ။ ဒါပေမဲ့ ဘယ်နေရာမှာမှန်းမသိဘူး ။ လို့ဆိုတယ် တဲ့ ။ ဒီလို နဲ့  တယောက် တပေါက် မေးရင်း ပြု ရင်း ဘာမှန်းမသိတော့ ကလေး သုံးယောက်စလုံး အဖိုးကြီး ရှေ့ မှာ သွားထိုင် ပြီး တအံ့တသြ ကြည့်ကြသတဲ့ ၊ အဖိုးကြီး မုတ်ဆိတ်တခုလုံးလည်း ပဲဟင်းရည်တွေ နဲ့  ပေကျံ ရှုပ်ပွ နေလေတော့ ဘာနဲ့တူမှန်းမသိ ကြလို့  ။ မေမေရေ ၊ဒီအဖိုးကြီး မှာ ပါးစပ်လည်းမရှိဘူး ။ဒါပေမဲ့ လမ်းထိပ်က အရူးမကြီး အီးပန်းတုံးက လိုမျိုး တူတူ ပဲ ဆို ပြီး သူ တို့  အမေ ဖြစ်သူ ကို လှမ်းအော် ပြောသတဲ့ ။ ဒီတော့မှ အဖိုးကြီးလည်း ရိပ်မိသွားတော့ ဒေါသတကြီး ပြန်ပြောတာ က
“ ဟဲ့ ကလေးတွေ ၊ ဒီ မှာ ကြည့် ကြ ။ ဒါ ငါ့ပါးစပ် မဟုတ်လို့  နင်တို့  အမေ X X ကြီးလား ဟဲ့ ” လို့ ဆိုလေသတဲ့ ။
ဒီဟာသ လေး ကို အမေက အဖေ့ ကို ပြော ပြ ပြီး နောက်သကာလ မှာ အဖေလည်း သူ့  နှုတ်ခမ်းမွှေး ကိုစမ်းလိုက် မုတ်ဆိတ်မွှေးငုတ်စိလေးကို စမ်းလိုက် နဲ့ တဟဲ ဟဲ ရယ် ပြီး၊ နေ့ မကူး ပဲ သူ့ အမြတ်တနိုးနှုတ်ခမ်းမွှေးတွေကို ရှင်းလိုက် ပါလေရောတဲ့ ကွယ် ။
ဪ .. ပါးစပ်ပေါက် ။ ပါးစပ်ပေါက် ။ စားတတ်တဲ့ သူတိုင်း ပါးစပ်ပေါက် ပါမှ ဖြစ်တာပါလား ။ ပါးစပ်ပေါက် မတွေ့ တိုင်း မစားတတ် မဝါးတတ် ထင်ရင် မှားသွားပါလိမ့်မယ် ...
( အထက်ပါ ပုံလေးကို ဂူဂယ် မှ ရှာဖွေ ရယူ ထားပါတယ် ) မယ်ကိ အဖေ ဒီလောက် မချောကြောင်းပါး))
တမလွန်ဘဝမှ အဖေ အား အမှတ်တရ ငယ်ကျိုးငယ်နာ ဖေါ်မိတာ ခွင့်လွှတ်တော်မူ ပါ အဖေရေ ....
စားဝတ်နေရေးအတွက် ၊ အသက်ရှင်နေထိုင်ဖို့  အတွက် ၊ အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြရတယ် ။( နိုင်ငံတချို့မှာ အရွယ်မရောက် ၊လူလားမမြောက်သေးတဲ့ အရွယ်တွေမှာ အခြေအနေအရ ရရာ အလုပ်လုပ်ပြီး အသက်ဆက်နေရသူများ၊ မတရား စေခိုင်းတာ ခံနေရသူများလည်း အများကြီး ရှိနေပါတယ် ) ။ အလုပ်မလုပ်ပဲ သူများမျက်ခုန်းပေါ်စင်္ကြန်လျှောက်နေကြသူ လူ့ ဗာလံ များလည်း တပုံကြီးပေါ့ ။သူတပါး မျက်ရည်ကျစေပြီး ကိုယ့်အကျိုးကိုသာကြည့်သူများ ကို တော့ စာရင်းထဲ ထည့် မပြောလိုတော့ပါ ။ ဒီအရပ်ဒေသမှာ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်ဘဝ ကိုယ်ဖန်တီးနေကြသူ သာမန် လူတွေ နဲ့  သာမန်မိသားစုတွေရဲ့  အားလပ်ရက် နဲ့ အားလပ်ချိန်တွေ ၊ ဘယ်လို အသုံးချကြသလည်း ဆိုတာ မြင်မိ တွေ့ မိ သလောက် အမှတ်တရ အနေနဲ့ မှတ်တမ်းတင် ထားခြင်လို့  ဒီစာစု ကို ရေးပါတယ်။
ဒီဘက်နှစ် အနည်းငယ်မှာ ဒီနိုင်ငံမှာလည်း စီးပွားရေးကျဆင်းတာကြောင့် အရင်လို ဝယ်နိုင် သုံးနိုင် ခရီးထွက် လည်ပတ်နိုင်မှု တွေ အနည်းငယ်တော့ ကျဆင်းသွားပါတယ် ။ ဒါပေမဲ့ ဆင် ပိန် ကျွဲ ဆိုသလို ဒီမှာ ကျွဲတွေ တော်တော် များများ ရှိနေကြပါသေးတယ် ။ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပညာရေး ပံ့ပိုးပေးမှု တွေကတော့ လျှော့ဈေးမရှိ အရင်လိုပဲ ဆက်လက်တည်ရှိနေပါတယ် ။ ကျန်းမာရေး အာမခံကြေးတွေ တိုးပြီးကောက်ခံပြီး ဝန်ဆောင်မှု ကျဆင်းသွားတာမျိုးတော့ မရှိတဲ့ အတွက် နေသာပါသေးတယ် ။
ပြီးခဲ့တဲ့ တပါတ် နဲ့  ဒီနေ့  တနင်္ဂနွေ အားလပ်ရက်တွေ မှာ ရောက်ခဲ့ တဲ့ နေရာ နဲ့  အကြောင်းအရာ လေးတွေ ...စိတ်ဝင်စား တယ်ဆိုရင်တော့ ဆက်လက်ကြည့်တော်မူကြပါ ။
ရေပူထွက်တဲ့ နေရာ ။ Yang Maing တောင် ပေါ် သွားတဲ့ လမ်းခရီးမှာ ရှိတယ် ။ အဲ့ ဒီ နေ့ က မိုးအုံ့  နေတော့ ခရီးသွားရတာ ကောင်းပါတယ် ။ အန္တရာယ်ရှိမှာစိုး လို့  အနီးထိတော့ ဆင်းလို့ မရပါ ။ ဒီနိုင်ငံ က တောင်တွေ ထူထပ်ပြီး မီးတောင် နဲ့ ငလျင်ကြောတွေ ရှိတဲ့ အတွက် သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏ ရှိတတ်ပါတယ် ။ ဒါပေမဲ့ မင်းဆိုး မင်းညစ် အန္တရာယ်မရှိတဲ့ အတွက်တော့ ခံသာပါသေးတယ် ။
ကြားဖြတ်သတင်းလေးတပုဒ် တင်ပြချင်ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ ( ၂၇.၄.၂၀၁၀) နေ့ လည် ၂ နာရီ အချိန် ဒီနိုင်ငံရဲ့  မြောက်ဖက်ပိုင်း ဟိုင်းဝေး လမ်းမကြီး တခု ၊ တောင်ကို ဖြတ်ဖေါက်ထားတဲ့ လှိုင်ခေါင်း ထဲမှာ တောင်ပြိုကျသွားတဲ့ အတွက် ကား၃ စီးပိတ်မိပြီး ၊ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ရုတ်တရက်မို့  စစချင်းတော့ ကားနဲ့ လူဘယ်လောက် မြေပြို ပိနေမှန်း မသိရပေမဲ့ လမ်းမကြီးပေါ်မှာတပ်ထားတဲ့ ဗီဒီယိုကင်မရာတွေ အရ အထဲမှာ ပိတ်မိနေတဲ့ ကားအစီးအရေအတွက်ကို နာရီပိုင်းအတွင်းတွက်ချက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ တွေ နဲ့ နေ့ ရောညပါ အပူတပြင်း တူးဖေါ်ရှာဖွေခဲ့ကြပါတယ် ။ သမ္မတ မာယင်းကျို (Mah Ying Jio) နဲ့ ကုန်းလမ်းပို့ ဆောင်ဆက်သွယ်ရေး ဝန်ကြီးတို့  လည်း အချင်းဖြစ်တဲ့ နေရာကို ရောက်လာပြီး အခြေအနေ ကို ကြည့်တယ် ။ သူ့  အပိုင်း နဲ့ သူ သက်ဆိုင်ရာ အဖွဲ့ တွေ ချက်ချင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ကြတယ် ။ ပိတ်နေတဲ့ ကျောက်တောင်ကို ဖေါက်ပြီး ခေတ်မီကရိယာတွေ အကူ အညီနဲ့ ပိတ်မိနေတဲ့ ကား နဲ့ လူတွေကို ရှာဖွေကြတယ် ။ နောက်တရက်မှာ ရစ်ခ်ျတာစကေး ၆.၂ ရှိတဲ့ ငလျင်လှုပ်ပေမဲ့ ကယ်ဆယ်ရေး သမားတွေ မနားပဲ မိုးရေထဲမှာဆက်လက်ရှာကြတယ်။ စစ်သားတွေရော ဆောက်လုပ်ရေး လုပ်သားတွေရော မနားတမ်း တူးဖေါ်ရှာဖွေခဲ့ တာတောင် ၄ ရက် မြောက်မှ ကား ၃ စီး နဲ့ လူ ၄ ယောက် ကို ဖေါ်နိုင်ခဲ့ပါတယ် ။ အဲ့ဒီ အတွက် နိုင်ငံတော်က သေဆုံး သူ များကို လျော်ကြေး သန်းပေါင်းများစွာ ပေးရမယ် ဖြစ်ပါတယ် ။လောလောဆယ်တော့ နာရေးအတွက် သေသူတဦးဆီကို ထိုင်ဝမ်ဒေါ်လာ ၁ သန်း( အစိမ်း ၃သောင်းကျော်) စီပေးပါတယ် ။ ( အကျွန်ုပ်တို့ နိုင်ငံကြီးမှာ ဒီလို လမ်းမကြီးတွေ မရှိတာပဲ တော်ပါသေးတယ် ၊ လို့ ဖြေတွေးလေး တွေးမိပါတယ် )
ပင်လယ်ထဲက ကျွန်းတကျွန်း ဖြစ်တဲ့ အတွက် ကျွန်းတပတ် ပတ်လိုက်ရင် ဘယ်ဘက်ကနေ သွားသွား ပင်လယ်ကို ရောက်ပါတယ် ။ ငါးမျှားသူတွေ လည်း နေရာ အနှံ့ပါပဲ ။ မုန်တိုင်းကျတဲ့ အချိန်မျိုးမှာတောင် ငါးထွက်များသူများ ၊ရေလွှာလျှောစီး ကြသူများ ရှိကြလို့  လှိုင်းပုတ်ပြီး ပင်လယ်ထဲ မျောပါသွားသူများ အသက်ဆုံးရသူများလည်း မနည်းပါဘူး ။
ဒီအတွက် အန္တရာယ် ရှိတတ်တဲ့ အချိန် နဲ့ နေရာတွေ မှာ ငါးမမျှားရ ။ရေ မကူးရ သတ်မှတ်ချက်တွေ ထားပြီး စည်းကမ်း ဖေါက်သူတွေကို အရေးယူပါတယ် ဒါဏ်ငွေရိုက်ပါတယ် ။ ဘာလို့ဆိုတော့ ဒီစည်းကမ်းဖေါက်ပြီး အသက်အန္တရာယ်ကျရောက်လာရင် ပင်လယ်ထဲ ကျသွား မျောသွားရင် လိုက်လံ ကယ်ဆယ်ပေးရတဲ့ စရိတ်က အင်မတန်များတဲ့ အတွက် လူတွေ စည်းကမ်းလိုက်နာအောင် တင်းကြပ်ထားရပါတယ် ။
ပင်လယ်ကမ်းစပ် လမ်းဘေးကော်ဖီဆိုင်တွေ မှာ အေးဆေးစွာ အနားယူနေကြသူများလည်းရှိပါတယ် ။ ကော်ဖီသောက်ခြင်း အလေ့အထက ခု ဒီဘက်ဆယ်စုနှစ်လောက်မှာ မှ ပိုများလာကြတာပါ ။ အရင်တုံးကတော့ မနက်စာကို ဆန်ပြုတ် ခေါက်ဆွဲပြုတ်တွေလောက်သာ စားသုံးကြသူ ဒီနိုင်ငံသားအများစုဟာ ခုဆိုရင် အနောက်တိုင်း အလေ့အကျင့်တွေ နဲ့ စားသောက်ကြတာလည်း များလာပါပြီ ။ ဒီလိုသာ မပြောင်းလဲလာဘူးဆိုရင် ဆန်ပြုတ်မုန်းသူ အကျွန်ုပ် လည်း ဒီနိုင်ငံမှာ သက်ဆိုးရှည်နေနိုင်မယ် မထင်မိပါဘူး ။
ပင်လယ်က အပြန် ကမ်းစပ်လမ်းတလျှောက်မှာ ရှိတဲ့ ပိတောက်ကြီး တဲ့ ။ ပိတောက် ရွှေဝါ နဲ့ အရောင် တော့ ကွာတယ် ။ ပြီးတော့ ဘယ်သူကမှ လည်း တခုတ်တရ ပန်ဆင်တာ မရှိကြဘူး ။ လမ်းဘေးသစ်ပင် အနေနဲ့ပဲ အပွင့်တွေ ကြွေကြရတယ် ။ ဘယ်လိုပဲ ပြောပြော ကိုယ့်ပြည် ကိုယ့်ရွာက ပိတောက် ရွှေဝါ က ပိုလှ သလိုပဲ ။
အားနေတဲ့ အချိန်မှာ ကစားတာကို အားကစားလို့  ခေါ်ရမလားပဲ ။ ဒီကလေး လေးတွေ ဒီလိုအရွယ်လေးကတည်းက တခုခုကို အားကစားလုပ်ဖို့  ပျိုးထောင်ပေးကြတာ အတုယူစရာကောင်းပါတယ် ။ ရှပ်နီ နဲ့ အတန်းကြီးတဲ့ အကိုကြီး တွေက ရှပ်ဝါ အတန်းငယ်လေးတွေ ကို ပြန်ပြီး သင်ကြားလေ့ကျင့်ပေးကြတယ် ။ သူ့ အဖွဲ့ လေးတွေ နဲ့ သူ ၊ လေ့ကျင့်ရင်း ကစားနေကြတာ ပျော်စရာ ပါပဲ ။ မိဘတွေက လိုက်ပို့ပေးပြီး ထိုင်စောင့်ပေါ့ ။
မကြီးမငယ် ဒီလူကြီးကတော့ အလေ့အကျင့်မရှိသေးတော့ ချော်လဲ တာပါပဲ ။ လူကြီးရှက်တော့ ရယ်တယ် ဆိုတာ တကယ်ပါ ။ ဒီတော့ ပညာတခုဟာ အလေ့အကျင့် နဲ့သာဆိုင်ပါတယ် ။ ကြီးတာငယ်တာ နဲ့ မဆိုင်ဘူးပေါ့ ။
အားကစား လိုက်စားတဲ့ ကျောင်းသား အများအပြားလည်း ညဖက် ထိ အားကစားကွင်းထဲမှာ ဘတ်စကက်ဘော ကစားခြင်း၊ ပြေးခြင်း စတဲ့ လေ့ကျင့်ခန်းများ လုပ်ကြပါတယ် ။ ရိုးရိုးသာမန် နေ့ရက်တိုင်းမှာ ရှိပြီး၊ အောင်ဆန်းကွင်းမှာ ဘောလုံးပြိုင်ပွဲတွေ ရှိမှ ထွန်းလေ့ရှိတဲ့ ဆလိုက်မီးကြီးတွေကို ညတိုင်းထွန်းထားပေးပါတယ် ။ ကျွန်းနိုင်ငံလေးမို့  ရေအားလျှပ်စစ် ထုတ်ပေးနိုင်လောက်တဲ့ ရေတံခွန်ကြီးတွေ မရှိပေမဲ့ ၊ အနုမြူ ဓါတ်ပေါင်းဖိုကြီးတွေ ရှိနေလို့ ၊ တကျွန်းလုံးကို ၂၄ နာရီ မီးထိန်ထိန်ညီးအောင် လျှပ်စစ်မီးတွေ ပေးထားနိုင်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ၉၂၁ နေ့ ရက်မှာ ရစ်ခ်ျတာ စကေး ၈.၂ ရှိတဲ့ ငလျှင်ကြီး အကြီးအကျယ် လှုပ်သွားလို့ ဓါတ်တိုင်ကြီး တွေ ပြိုလဲသွားတဲ့  အချိန် တနိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွား ခဲ့ ရတာ ကလွဲလို့  ၊ မီးမပျက် တတ်ပါဘူး ။
ဘာအခါကြီးရက်ကြီးမှ မဟုတ်ပါဘူး ။ညတိုင်း ဒီလိုပဲ မီးတွေထိန်လင်းနေတယ် ။ဒီဇင်ဘာ ၃၁ ရက်နေ့ ည၊ နှစ်ကူး လို အခါမျိုးဆို ပိုစည်တယ် ။ ဒီညတော့ ၊ည ၁၂ နာရီထိုးခါနီး လူတွေတော့ နဲနဲရှင်းနေပြီ ။ အဲ့လိုအချိန်မှ အေးအေးဆေးဆေး လမ်းလျှောက် ။ ဘာမှ စိုးရိမ်စရာ မရှိပါ ။(လွန်ခဲ့တဲ့နှစ်ထိ ကမ္ဘာ့  အမြင့်ဆုံးလို့  စံချိန်တင်ထားနိုင်ခဲ့ တဲ့ ၁၀၁ ထပ်တိုက် အဆောက်အဦး နားမှာ ပါ )
ကိုယ့်ပြည် ကိုယ့်ရွာမှာ လည်း အိမ်တိုင်း၊ အရပ်တိုင်း၊ မြို့ တိုင်း၊ ရွာတိုင်းမှာ မီးမှန် ရေမှန်စေချင်ပါတယ်။ ခုဆို နွေရာသီ ခေါင်ခေါင် ပူလောင်အိုက်စပ်နေတာ မို့  ရွှေပြည်ကြီးမှာ အညာ( မုံရွာ) အဲကွန်း လေးများ နဲ့ ကြံဖန်ပြီး အပူသက်သာအောင် နေရတယ် ဆိုတဲ့ အကြောင်း သိလိုက်ရလို့  ဝမ်းနည်းမိတယ် ။ အပူရှပ်လို့ အသက်ဘေး ဖြစ်ကြသူများ လည်း ရှိနေတယ်ဆိုလို့  စိတ်မကောင်းဖြစ်မိတယ် ။
ဒွေးဒေါ်လွမ်းတာ မဟုတ်ပေမဲ့ ၊ ဘာအကြောင်းတွေပဲ ရေးရေး၊ ရေးမိရေးရာ နဲ့  နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်တာပဲ ။