ခုတလော ခွေးအောင်နက်တကောင် တငိုင်ငိုင် တမှိုင်မှိုင်နဲ့  ၊ အစာလည်း ကောင်းကောင်းမစား ၊ ယိုင်နဲ့ နဲ့  ခွေးကတက်မှာ မိုးလင်း မိုးချုပ် ခွေကာသာ နေလာတာ ကြာပြီပေါ့ ။ သားရေး သမီးရေးလည်း စိတ်မဝင်စား ၊ မယားအရေး သကြားအရေးလည်း စိတ်မှာ မထား ၊ ဘုရား တရား အတွေးဆို ပိုလို့ တောင် ဝေးသေးပေါ့ ။ အိတ်ထဲမှာ ငါးပြားတောင် မရှိလို့  ဝါးတားတောင် မသောက်နိုင် ၊ မှောက်လိုက် လှန်လိုက် ခါးဆန့် လိုက်ဖြင့် သေချင်တယ် သေချင်တယ် ရယ်လို့ တအီအီသာ ညီးနေပါတော့သည် ။ ကြင်ယာဘက် မဟေသီ မယ်ဂုတ်ကျား ခမြာ မတော့ ၊ လက်ကျောမတင်း ကိုလူပျင်း ..အဲ့လေ.. ခွေးငပျင်း အောင်နက် ရဲ့  အိမ်ထောင်ဦးစီး မပီသမှုကြောင့် ၊ ရှိရှိသမျှ ခွေးမှု ဒုက္ခ အဝဝ နှင့် တမိသားစုလုံးရဲ့  စားဝတ်နေရေးကို ဒိုင်ခံ ဖြေရှင်းပေးနေရလေသည် ။
လှတာမက်တော့ ညစာခက်ပါပေါ့ လို့ ခုမှ သူမ တွေးမိသည် ။ ခွေးပျို ဘဝတုံးက စတိုင် အပြည့် ၊အမွှေးအရောင် တောက်ပြောင်စွာ နဲ့  အားမာန်အပြည့် နဲ့  ၊ တော်သလင်းလ ခွေးဗိုလ် လုပွဲတိုင်းမှာ အနိုင်ရခဲ့သော အောင်နက်၊ အမြီးတထောင်ထောင် ဟိုဟောင်လိုက် ဒီဟောင်လိုက် မာန်စွယ်ကြီး ဖြဲလို့  ၊ သရဲလဲ မကြောက် ၊ဂဲလဲ မကြောက် ၊ဝဲလဲ မပေါက် ၊ရပ်ကွက်ထဲ ခွေးပျိုမတွေ နဲ့  တကဲကဲ လုပ် ၊ ဟန်ပန်တွေထုတ် လို့  ပျိုတိုင်းကြိုက်တဲ့  နှင်းဆီခိုင် လို့  ဆိုနိုင်လောက်တဲ့  ဒီအောင်နက် ။ စကားချိုချို အကြွားပိုပို မို့  ၊ နဂိုလ်ရေ မစိုပြေ ၊ ညိုတိုတို ပုံတုံးကြီး မယ်ဂုတ်ကျား ခမျာ နှလုံးပီတိ ဂွမ်းဆီထိ သလို ဘဝင်ခိုက် ပါလို့  အရူးအမူးကြိုက်ကာ ခပ်မိုက်မိုက်ပဲ ပုံအပ်မိပေလေတော့ ကိုယ့်ထိုက်နဲ့  ကိုယ့်ကံ လို့ သာ သဘောထားလိုက်ရတော့သည်ပေါ့ ။
ညားကာစမှာတော့ မိုးမမြင် လေမမြင် အပျော်ကြီးပျော်လို့  ၊ အမှိုက်ပုံတကာ တိုးဝှေ့ ကာ ရှာစားရတာတောင် နတ်သုဒ္ဒါ တမျှ ထင်လှပါသည် ။ အိမ်ထောင်သက်ကလေး ရလာတော့ ၊ သားတွဲလောင်း သမီးတွဲလောင်း ပေမဲ့  ခင်ပွန်းကောင်း မပီသတဲ့  ကိုအောင်နက် မှာ အကျင့်ဟောင်းကို မဖျောက်ဖျက် ။ အရက်ကလေးပါ စွက်လိုက်သေး မို့  လင်ဆိုးမယား တဖါးဖါး ဆိုတာ ဂုတ်ကျားမ အတွက် ဆိုကာပင် ထားလေသလားလို့  ပင် သူ့ ကိုယ်သူ ထင်မှတ်လိုက်ပါတော့သည် ။
အခုလည်း ကြည့်လေ လင်တော်မောင် ကိုအောင်နက် ၊ မှိုင်တွေတွေ ငိုင်ပေပေ နဲ့  ခွေးကတက် က မဆင်းတော့ ။
“ကိုအောင်နက်ရေ .. ထပါအုံးတော့ ။ ရှင့်မလည်း တနေ့  တနေ့  ၊ ခွေးကတက်မှာ အခန့်သား ဆန့် လို့  ၊ဒါကြောင့်မို့ လဲ ၊ ခွေးမ ထမီနား ခိုစား နေတယ် လို့  အပြောခံ နေရတာ ” ဂုတ်ကျားမ က မထိ တထိ ရိလိုက်သည်။
“ဟ..သေချင်တယ်.... မင်းကလည်း .. ခုခေတ် မှာ ထမီနား ခိုစားတယ် လို့  ပြောလို့ မရတော့ဘူး ကွ ”
“ဘာလို့ လည်း ။ ရှင်က ဘာအလုပ်မှ မလုပ်ပဲ ပျင်းနေတာ ဒီလို မပြောလို့  ဘယ်လို ပြောရအုံးမှာလည်း ”
“ ခု ငါတို့  ရွှေပြည်ကြီးမှာ မင်းတို့  မိန်းမတွေ ။အဲ့ လေ ။ ခွေးမတွေ ထမီမှ မဝတ်ကြတော့ တာလေ ။ ဒီတော့ ငါ့ကို ထမီနား ခိုစားတယ် ပြောလို့  ဘယ်ရ မလဲကွ ”
“ ထားပါတော့ ရှင်နဲ့  စကားနိုင်လုမပြောချင်ဘူး ။ စားဖို့ သောက်ဖို့ က လုပ်ရ အုံးမယ် ။ မီးကလဲ မလာ ။ ရေကလဲ ပျက် နဲ့  အိမ်အလုပ်ကလေးများ ဝိုင်းလုပ်ပါအုံးလား ”
“ သေချင်တယ် ကွာ ၊ ဒီအလုပ်တွေ က မင်းတို့  အိမ်ရှင် မတွေ လုပ်ရမဲ့  အလုပ်ပဲ ဟာ ”
“ဘာသေချင်တာလဲ ။ ရှင့်လို သာ ထိုင်ညီး တိုင်း ၊ လုပ်စရာ အလုပ်တွေ ပြီးသွားမယ်ဆိုရင် ကျုပ်က ရှင့်ထက် ညီးတတ်သေးတယ် တော့ ။ တနေ့  တနေ့  ၊ ဈေးဝယ် .. အဲ့လေ အမှိုက်ပုံ သွားဆွဲ ။ ထမင်း ဟင်းချက် ။ တံမျက်စည်းလှည်း၊ အိမ်ရှင်း ။ အဝတ်လျှော် ။ မီးပူတိုက် ၊ တခုပြီး တခု ဇယ်ဆက်သလို လုပ်နေရတာ ”
“ အေးလေ ။ ဒါတွေက ငါ နဲ့ မှ မဆိုင်တာ ။ သေချင်တယ် ။ ဘာတွေ လာပြောနေမှန်းမသိ ။သောက်စရာ မရှိလို့  စိတ်ညစ်နေရတဲ့ အထဲ ကွာ..”
“ အော် ။ အလုပ် မလုပ် ပဲ ဘယ်က ပိုက်ဆံရ လို့  ဘာနဲ့သောက်ရ မှာတုံး ၊ သေချင်လဲ လွယ်ပါတယ် ။ အဆိပ်နဲ့ မခြားတဲ့  ချက် အရက်တွေ ၊ အင် အရက်တွေ များ . ပုံ လို့  ”
ဂုတ်ကျားမ တကယ် စိတ်ဆိုးနေမှန်း သိလို့  အောင်နက်ကြီး က စကားနဲ ရန်စဲ သဘောနဲ့ ဘာမှ ဆက်မပြောတော့ ။ လက်ထဲရှိ ရေဒီယို အဟောင်းလေးတလုံး ကို ဟိုလှည့်  ဒီလှည့် နဲ့  အာရုံပြောင်းလိုက်သည် ။ ဘောပွဲ နားထောင်လိုက် ၊ ချဲ လိုင်း ဖွင့်လိုက် နဲ့  ဂနာ မငြိမ် ဖြစ်နေသော အောင်နက်တကောင် ရုတ်တရက် ထ အူ လိုက်သဖြင့် ဂုတ်ကျားမ ခမျာ လန့်သွားရပြန်သည်။
“သေချင်တယ် ကွာ.. သေချင်တယ် ”
“ ဘာဖြစ်ရပြန်တာလဲ ကိုအောင်နက်ရယ် ”
“ ဟ . ငါလောင်းထားတဲ့ ဘောပွဲလေကွာ ၊ နာမယ်ကြီး နိုင်ငံခြားနည်းပြတွေ ခန့်ထားတဲ့ အသင်း ၊ အဲ့သဟာ လေ။ သူ့ဖက်က ထပ်လောင်းထားတာ ။ခုတော့... သေချင်တယ် ။ သုံးလုံးထီ လဲ ကပ်လွဲ လေးကွာ .. တောက် ”
အောင်နက်ကြီး တောက်တခေါက်ခေါက်ဖြင့် မချင့်မရဲ ရှိနေတော့ ဂုတ်ကျားမ က အကွက်ကောင်း ရတဲ့ မျက်နှာပေးနဲ့
“ အဲ့ဒါပြောတာပေါ့ ။ ဘောလုံး ဆိုမှ လုံး နေတာပေါ့ရှင့် ။ အမြဲနိုင် နေရမယ် လို့ ဘယ်သူဟောထားလို့်လဲ ။ ခုတလော ဘောပွဲတွေ ချဲထီတွေ တရားဝင်ထီတွေ လှိုင်လှိုင် လုပ်ပေးနေတာနဲ့ ကျေနပ်နေကြတာကိုး ။ နဲတောင် နဲသေး ။
ရွှေ ရွာသားတို့ များ ပွဲလမ်းသဘင်လေး ။ လောင်းကစားလေး တွေ့ လိုက်တာနဲ့ ၊ ဘုရားမေ့ တရားမေ့ ။ အကုန်မေ့တော့တာ ပဲ ။ ဒီကြားထဲ ခွေးမဒန်းလေးတွေ ရှိတဲ့  အနှိပ်ခန်း နဲ့  ကာရာအိုကေ နဲ့ စိုပြေအောင် လုပ်ထားပေးကြသေးသတော့်။ ”
“ ဘာဆိုင်လဲ ကွ ”
“ ဆိုင်ပါသော်ကောလား ။ ၂၀၁၀ ရောက် နေပြီ ရှင့် ။ ခုထိ နိုးနိုးကြားကြားမရှိသေးဘူး ။ ကိုယ့်ရွာ အရေးလည်း ကိုယ်ကြည့်လုပ်ကြအုံး မှပေါ့ ။ကားပါမစ်တွေ ချပေးမယ် ၊ဆိုတာနဲ့ တကတည်း ကျုပ်တို့ တပြည်လုံး သာယာစိုပြေသွားမှာ ကျနေတာပဲ ။ ဖုံးခ၊ မီးခတွေလည်း တက် ၊ အခွန်အတုတ်တွေကလည်း တိုးကောက်အုံးမတဲ့ ၊ အဆိုတော်တွေဆီက တောင် အခွန်တွေ ကောက်နေပြီဆိုလား... ”
“ သေချင်တယ် ဆိုမှ ကွာ ။ ငါ့တကောင်ထဲ နဲ့  ဆီ မထွက်ပါဘူး ။ အဲ့လေ နှမ်းတလုံး နဲ့  ဆီမထွက် ပါဘူး ”
“ ကဲ ..သေချင်တာ ထားအုံး နောက်မှ ။ ခုလောလောဆယ် ရှင် အောင် လုပ်ဖို့ သတိရအုံး ။ ဒီနေ့  နေ့လည် မီးပျက်မယ်။”
“ မီးပျက်တာများ အဆန်းလုပ်လို့  ပြောနေရသေးလား ။ မီးမလာရင် ရေလဲ မလာ ။ ဒီတော့ အဝတ်ကလေးလျှော် ၊ ရေလေးခပ် ။ သောက်ရေလေးဖြည့် ။အိမ်လေး ဘာလေးရှင်း လို့ ပြောအုံးမှာ မဟုတ်လား ၊ မင်းတို့  မိန်းမတွေ များကွာ၊ သေချင်တယ် ”
“ သိရင်လည်း ကျုပ် မပြောရခင် ကိုယ့် အသိနဲ့  ကိုယ်လုပ်ပါလား တော့် ”
အောင်နက်ကြီး မထချင် ထချင်ဖြင့် ပျင်းရိစွာ တလှမ်းချင်းလျှောက်၍ အိမ်နောက် သို့  လာပြီး မီးစက် အဖွင့် ..
“ သေချင်တယ် ကွာ ။ ဒီ မော်တာ ကလည်း ပျက်ရပြန်ပြီ ။ အလကား အသုံးမကျ တဲ့ တရုပ်စက် ၊ တရက်စုတ် ပဲ ။ပြင်ပြီးလဲ တရက် နဲ့ တင် ပြန်စုတ်ပါရောလား ။”
“ ကဲ ..ရှင်လဲ ဒီလို နဲ့ တရားအားထုတ် တရုပ်အားထား မနေနဲ့  ။ လက်မှု ပညာ တွေ တတ်ထားတာ ဘာလုပ်ဖို့ တုံး ။ ရေခပ်တာများ လက်နဲ့  ဆွဲတင်ပေါ့ တော့် ။ မီတာ တောင် အကုန် သက်သာသေး ။ မီတာခ တွေလည်း တက်ပြီးရင်း တက် နဲ့  ကျုပ်လဲ သေချင် လာပြီ ”
“ ဟ.. ငါ့စကားက မင့်ပါးစပ်ဖျားထိ ဓါတ်ကူးသွားပါရောလား ၊ မီးမလာ တဲ့ ည စောစောအိပ်ရတယ် လို့  အကောင်းဘက်ကလှည့်တွေးပါလား ကွ ၊ မီးပျက်တော့ မင်း ..သား နဲ့ သမီး အင်တာနက်လည်း ဝင်မဆော့ဖြစ်ကြတော့ မျက်စိပျက် သက်သာတယ်ကွာ ။ ပိုက်ဆံ ကုန် သက်သာတယ်ကွာ .. ”
“ကျုပ်က စကားအရ သာငြီး မိတာပါတော် ။ ကျုပ်တကယ်သေလို့ မဖြစ်သေးပါဘူး ။ ကျုပ်မရှိရင် ရှင့်လက်ထဲမှာ ကျုပ်သားနဲ့  သမီး သောင်ပြင်လွှတ်တဲ့  ခွေးစစ်စစ်ဖြစ်တော့မှာ မြင်ယောင်နေမိလို့  မသေနိုင်သေးဘူး ။ပြီးတော့ မရှိရတဲ့ အထဲ မသာစရိတ်လည်း တွေကလည်း တက်အုံးမတဲ့တော် ။”
“ ဟေ .. ဘယ်လိုတုံးကွ ရှင်းစမ်းပါအုံး ၊ ငါထင်နေတာက ခုတလော ပြည်သူပိုင်တွေကို ဟို ပုဂ္ဂိုလ်ကြီးများပိုင် အဖြစ် အလျှင်အမြန်ပြောင်းပစ်နေတဲ့ အထဲ ၊ ဒီ မသာလုပ်ငန်းကိုပါ သူ အပိုင်လုပ်ချင် နေပြီ မှတ်တာ ။”
“တော်ကလည်း လမ်းထိပ်လဖက်ရည်ဆိုင်မှာ တနေကုန် အလေလိုက်နေပြီး ဒါလေးတောင် မသိဘုးလား ၊ကဲရော့ ၊ ကျုပ်ကောက်လာတဲ့ သတင်းစာ အပိုင်းအစ ၊ ဒီမှာ ဖတ်ကြည့် ပါလား”
“ဂိန် ကိန် ကိန် . .. အောင်မလေး .. နေရကြပ် စားရကြပ်လို့ သေချင်ပါတယ် ဆိုကာမှ ခုတော့ သေဖို့ တောင် ခပ်ကြပ်ကြပ်ပါပဲလား ရှင်မရေ ၊ ငါသေရင် ဂင်္ဂါမြစ် .. အဲလေ.. လှိုင်မြစ်ထဲသာ ပစ်ချလိုက်ပါတော့ကွာ ။ ခွေးဖြစ်ရတဲ့ ဒုက္ခဗျာ ။ ”
“အေးလေ တော် ကျုပ်လည်း နောင်ဘဝဆက်တိုင်း ဒီလို နူရာဝဲစွဲ တဲ့  အိမ်သာဘေးရှင်း ခွေးမျိုး မဖြစ်ပါရစေ နဲ့ လို့  ဆုတောင်း နေတယ် ကိုအောင်နက်ရေ ..အာဝူးးးးး ”
ဒီနေရာမှ ရသော သတင်းတပုဒ်ပါ
23 comments:
သေစရိတ်ကြီးတယ် မွေးစရိတ်ကြီးတယ် ရှင်စရိတ်ကြီးတယ် မယ်ကိရေ ရင်မောတယ်။
ဟုတ်တယ်ဗျာ ၀င်ငွေနည်းပြီး စရိတ်ကြီးတယ်လေ။
မယ်ကိရေ...
ှဆီဈေးကြီးလို့ကွယ်..ဒါ့ကြောင့် ဈေးသက်သာတဲ့ရေပဲသုံးရအောင်..နိုင်ငံတော်ရဲ့စေတနာအမှန်ပါကွယ်..သေရင်ရေထဲသာပစ်ချကြပါကွယ်
ဂိန် ဂိန် ဂိန် လို့သာ သုံးခါ အော်သွားတော့တယ် နော် မကိရေ အားးးးးးးးးဝု
ဒေါ်ကိရေ.အနေကြပ် အသေကြပ် ကြပ်ချင်သလောက်သာကြပ် ရွှေရွှေ အမျိုးတွေမပါဘူး
ဘယ်သူမှိုင်မှိုင် မမှိုင်မှိုင် ကြိုင်ကြိုင်အမျိုးတွေ မငိုင်ဘူး
အားလုံး ကိုယ့်ဘာသာထူ ကိုယ့်ဘာသာထ ပေါ့..
ကိုချစ်ဖေ ပြောတာဟုတ်တယ်ဗျိုးး
ဘယ်သူတေတေ ရွှေကြိုင်မျိုးတွေက ...
ကိကိ ရေ ရေးတတ်လိုက်တာ စစချင်း ဖတ်မိတော့ မှိုင်နေတယ်၊ ငယ်တုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တယ် ပါနေတော့ AIDS ပညာပေး ရေးမယ်ထင်နေတာ နောက်ဆုံးကျမှ သေစရိတ်ကြီးတဲ့အကြောင်းကို ဦးတည်ရေးထားတာ ဖြစ်နေတယ်။ ပိုက်ဆံက ရှာလို့ ရစရာဘယ်နေရာမှ မရှိဘဲနဲ့ စာရိတ်တွေ ကြီးလာပေမဲ့ ကြီးလာတဲ့ စာရိတ်နဲ့ သဟဇာတဖြစ်အောင် တရားသောနည်း၊ မတရားသောနည်း ရတဲ့နည်းနဲ့ ရှာကြံရပ်တည် နေနိုင်လို့သာ စစ်အုပ်စုက ထိန်းထားနိုင်တာပါ။ အမှန်က ဖိနှိပ်တယ်ဆိုတာ ဖိနှိပ်ခံနေလို့သာ ဖိနှိပ်သူက ဖိနှိပ်နိုင်တာ ဖြစ်တယ်။ ကျွန်မက တခါတခါ မျက်စိငရဲ နားငရဲတွေကို ကြားရမြင်ရရင် မိမိလည်း ဘာမှမလုပ်ပေးနိုင်တော့ ဒီနည်းနဲ့ပဲ တွေးပြီး ဖြေသိမ့်လိုက်တယ်။
သြော်
မကိတို့များ လုပ်လိုက်ရင် ငိုရခက် ရီရခက်
:D
ကိရယ်.. ခွေးဖြစ်ရတဲ့ဘ၀လဲ တကယ်မနိပ်ပါလား :'(
ဒုတိယအပေါ်ဆုံးက ခွေးလေး (နံရံကို တွယ်ရပ်နေပေးပုံလေး) ကြည့်ပြီး ရယ်မိပြုံးမိတယ်
''ဂိန်'' လို့တောင် မအော်နိုင်တော့ဘူး မမကိကိရေ... :(((
သူများ ထက်ထူးအောင် ကိန်.... လို့  အော်မယ်ဗျာ..။
တစ်ခွန်း ထဲ အော်မှာ နှစ်ခွန်း မရောက်ခင် ထွက် သွားလို့ 
အသက်.. လေ ။
ပဲ့ နင်း ဦးထောင် ဦးနင်းပဲ့ ထောင် မျောက် ဆပ်က ကသလို
ဖြစ်နေတာလေ ၊
အမှန်က ဖိနှိပ်တယ်ဆိုတာ ဖိနှိပ်ခံနေလို့သာ ဖိနှိပ်သူက ဖိနှိပ်နိုင်တာ ဖြစ်တယ်။ ကျွန်မက တခါတခါ မျက်စိငရဲ နားငရဲတွေကို ကြားရမြင်ရရင် မိမိလည်း ဘာမှမလုပ်ပေးနိုင်တော့ ဒီနည်းနဲ့ပဲ တွေးပြီး ဖြေသိမ့်လိုက်တယ်။'
ဒီစာကိုပဲထပ်ခါတလဲလဲဖတ်.မိတယ်ဗျာ. ကျနော်တို့ မြန်မာပြည်ထဲက လူသားတွေမလဲ ..အစိုးရကဖိလို့တမျိုး အပြင်လောကက လူတွေအပြစ်ပြောလို့တဖုံ.. အမျိုးမျိုးနဲ့ ဟိုဘက်မှာနေလဲမရ.. ခံနေရတာပါပဲလားဆိုပီးပဲ ကိုယ်ချင်းစာမိတယ်။ တဖက်က ထောင်ဆိုတဲ့လက်နက်နဲ့ဖိ ဒါမှမဟုတ် မိုးပေါ်ထောင်မပစ်တဲ့ သေနတ်တွေနဲ့ပစ်တာထိ တဖက်က လေသေနတ်နဲ့ဖိ။ ၂ဖက်ကြားက ဆန်းဒ၀စ်လေးလိုဖြစ်နေကြရရှာတာ.. တွေးတွေးပီး...
အထဲကပြည်သူတွေကိုပဲ သနားတယ်။
မိုးမင်းကြီး
ဖွားကိရေ..မြန်မာပြည်လဲ..ကြားရ..ကြားရ..နားဝမသက်သာပဲ..။
ဘာမှလဲလုပ်ပေးလို့မရ။..
လုပ်နိုင်တာပဲလုပ်တော့မယ်။
ဘာပဖြစ်ဖြစ် ဒီလိုသတင်းလေးတွေဖော်ပြပေးတာကျေးဇူး။
သရုပ်ဖော်ပုံကလည်းကောင်းလွန်းတော့... ကိကိကို အဲတာလေးတွေကြိုက်တာ..။
များများရေးပါ။ အမောကို ရီစရာလုပ်ပစ်တော့..ဖတ်ရသူရင်မောပေမဲ့ .. ရီမောရတယ်။ သတင်းကို ဖော့ဖော့လေးနဲ့တင်ပြတတ်တဲ့ကိကိရဲ့ ရေးဟန်ကိုကြိုက်တယ်ဗျို့
မိုးမင်းကြီး
အဟီး... အိမ်သာလေးကို ဘေးပဲရှင်းခိုင်းတယ်.... တော်သေး... ခွိခွိ
ဂျီးဒေါ်ကိရေ
ရွှေပြည်မှာ ဘာစရိတ်တွေတက်တက် မိုးပေါ်ရောက်ရောက် အရေထူနေပါပြီဗျာ နာရေးလည်းကိစ္စမရှိဘူးဗျ အရပ်ကောင်းတော့အလောင်းလှသတဲ့ဗျ (ဖြေတွေးလေးပါ) နာရေးကူညီမှုအသင်းတွေ ပေါ်လာတော့ နဲနဲတော့ခံသာကြသေးတာပေါ့ အပုတ်ကောင်ကြီးသေမှတော့ တန်ဖိုးမရှိမဲ့အတူတူ ကျန်ရစ်တဲ့သူတွေကိုလည်း ဒုက္ခပေးရာ မရောက်တဲ့နည်း ဆေးရုံကို လှူထားလိုက်ရင် အေးပြီလေဗျာ ဟုတ်ဘူးလားနော(ဒါက ကျနော့် အတွေးပါ)ရွေပြည်မှာတော့ ဒီလိုဘဲ ပေါ့ပေါ့ပါးပါး တွေးပြီး နေမှပါဘဲ..........
ခင်တဲ့
SEESEIN
ဟယ်.....
တိန်ရမလား ဂိန်ရမလား မယ်မယ်ကီ့ရယ်။ ခစ်ခစ်
ရေးတတ်လွန်း တွေးတတ်လွန်းတဲ့ မကိရေ ရေးဟန်တွေကကောင်းလွန်းလှပါလား ခွေးဝဲစား အောင်နက်ကိုများ နုပျိုငယ်ရွယ်စဉ်ဘ၀ လေးရေးထားပုံက အော်စကာရမဲ့  မင်းသားကို ညွှန်းထားတာကျနေတာဘဲ ရေးသားတင်ပြပုံ ကောင်းလွန်းတော့  မန့် ဘို့ တောင် မရဲတော့ ဘူး ဒါကြောင့်  စီဘုံးမှာအော်သလို ရောက်စ်စ်စ်စ် ပေါ့ ဗျာ ခင်တဲ့ သုဒြေ္န
ကြပ်တာတော့ အကုန်ကြပ်တယ်။
နောက်ဆုံး စိတ်ပါမွန်းကြပ်လာတယ်။
အသက်ရှုမ၀ဘူးးးးးးးးးးးး
ကွိကွိစ်ရေ.......
အားလုံးဈေးကြီးနေတာပါပဲလေ....း((
ခင်မင်တဲ့
ဏီလင်းညို
အင်း မကိ ရေ
သေစရာရှိရင်တော့ သေရမှာဘဲ ဘယ်လောက်ဈေးကြီးကြီး
မတတ်နိုင်လို့ မသေချင်သေးပါဘူး လို့ပြောလို့ရရင် ကောင်းမှာဘဲနော်
ခင်တဲ့
ရွှေစင်
kiki
nice post
don't worry, Ko kyaw thu is there for that.
(i can't type myanmar right now .. :(
ကောင်းလိုက်တဲ့ သရော်စာ
တော်တော်သဘောကျမိပါတယ် အစ်မရေ..
လက်ရှိအခြေအနေကို ထင်ဟပ်စေတဲ့ စာလေးတစ်ပုဒ်ပါ..
ဈေးကြီးလွန်းလို့ သေရမှာတောင် ကြောက်နေတဲ့ ဘ၀ပါလားနော်....
ကျော်သူရှိတယ်၊ လုပ်ခွင့်ရနေသေးတယ်၊ အင်း…. ေ-ြး ပါမပါမသိဘူး၊
Post a Comment