ပျိုပျိုမေတွေရဲ့  ရင်တုန်စရာ အကြောင်းတွေချည်းပဲ ရေးနေရတာ သိပ်တော့ မဟုတ်သေးဘူး ။ ကိုကိုတွေ ရဲ့  ရင်ဖိုစရာ အကြောင်းလေးတွေလည်း ရေးရင် ကောင်းမလားလို့  စဉ်းစား မိတာနဲ့ ဒီတခါတော့ ကိုကို မောင်မောင် ဦးဦး ဘဘ တွေ အတွက် ဒီအကြောင်းလေး ရေးလိုက်တယ် ။ ဒီ ခေါင်းစဉ် ကို ကြည့်ပြီး ရင်ခုန်ဘွယ်ရာ ချစ်ဇာတ်လမ်းလေး တခု ဖတ်ရမလား လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ သူ့ အကြောင်းက တိုးတိုး တိတ်တိတ် နဲ့ လက်တို့ ပြီး ပြောပြရ မလား ။ ကြိတ်မှိတ်ပြီး အောင့်အည်းနေရမလား ။ တိတ်တိတ်လေး နဲ့  ကြိတ်ကြိတ်ပြီး ပြရမလား ၊ ကုသရမလား လို့  ထင်ယောင်မှား ဖြစ်စေတဲ့ ဆီးကြိတ် လေး အကြောင်း မို့  ဒီလို ကဗျာ ဆန်ဆန် နာမယ် ပေးကြည့် မိပါတယ် ။ ဒါပေမဲ့ ဒီ အကြိတ်ငယ်ငယ်လေးက တကယ် ဒုက္ခပေးလာခဲ့ရင်တော့ ဘယ်သူမှ ကဗျာဆန်နိုင်တော့မယ် မထင်မိပါဘူးလေ။ အနောက်မှာ ပုံနဲ့တကွ ဖေါ်ပြထားတာမို့  ရှက်တတ်သူများ ကျော်ဖတ်ကြပါ ရန် ။
ပုရိဿ အမျိုးသားတွေ ကို အများဆုံး ဒုက္ခပေးတတ်တဲ့ အရာလေးကတော့ ဆီးကြိတ်ပါ ၊ဗမာလို မသင်ခဲ့ရတဲ့ သူတွေကတော့ Prostate လို့ ပြောမှ သိကြမယ်ထင်ပါတယ် ။ အသက်ကြီးလာတာနဲ့  အမျှ အဲ့ဒီဆီးကြိတ်က တမျိုးမဟုတ် တမျိုး ပြသနာ ရှာလာတတ်တယ် ။ ရိုးရိုးဆီးကြိတ်ကြီးထွားလာ တာက Benign Prostate Hyperplasia အတိုကောက် BPH လို့ ခေါ်ပြီး သူက ဆီးသွားရ ခက်ပြီး ဆီးအိမ်တင်းတာ ၊ ဆီးမထွက် နိုင်တာတွေ ဖြစ်တတ်တယ် ။ ဆီးကြိတ်အရွယ် သိပ်ကြီးမားပြီး ဆီးပြွန်ကို ဖိလာရင်တော့ ခွဲစိတ်ကုသရပါတယ်
နောက်တမျိုးဖြစ်ကြတာကတော့ ဆီးကြိတ်ကင်ဆာ တဲ့ ၊ တချို့ က Prostate Cancer လို့  ပြောမှ သိမယ်ထင်တယ် ။ အတိုကောက် ရေးကြတာကတော့ Ca Prostate ပေါ့ ။ တကယ်လို့ ဆေးရုံဆေးခန်းရောက်လို့  ဆရာဝန်က ဆေးစာရွက်မှာ ဒီလိုရေးထားရင် သိရအောင်လို့ ပါ ။
ဆီးကြိတ်ဆိုတာ သစ်ကြားသီး ( Walnut ) အရွယ်အစား လောက်ပဲ ကြီးပြီး၊ အမျိုးသားတွေ မှာရှိတဲ့ ၊ ဆီးအိမ် ( Bladder) ရဲ့ အထွက် ၊ ဆီးပြွန် ( urethra ) ပတ်လည်မှာ ခွထိုင်နေတဲ့ အကြိတ်တခုပါ သူ့ အထဲမှာ အကြိတ်ငယ်လေး ၅ ဖု ရှိပါတယ် ။ တည်နေရာ နဲ့ တည်ဆောက်ပုံကတော့ ဒီပုံလေး အတိုင်းပါ ။
American Cancer Society's မှ စစ်တမ်းအရ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ဆီးကြိတ်ကင်ဆာ ဖြစ်သူ လူနာသစ်ပေါင်း ၂ သိန်းနီးပါး ( ၁၉၂၂၈၀ ယောက် ) နဲ့ သေဆုံးသူပေါင်း ၂သိန်းရသောင်းကျော်( ၂၇၃၆၀ ယောက် ) ရှိပါတယ် ။ အဆုပ်ကင်ဆာ ကြောင့် သေဆုံးသူက အများဆုံးဖြစ်ပြီး ဆီးကြိတ်ကင်ဆာကြောင့်သေဆုံးမှု က ဒုတိယ အများဆုံးဖြစ်တယ် လို့  ဆိုပါတယ် ။ ဒီတော့ အမျိုးသား ၆ ယောက်မှာ ဆီးကြိတ်ကင်ဆာဖြစ်သူ တယောက် နှုန်း ရှိနေပါတယ် ။
အသက်အရွယ် ၆၅နှစ်ကျော်လာတဲ့ အမျိုးသားတွေမှာ ဒီဆီးကြိတ်ကလေးကနေ ကင်ဆာဖြစ်ဖို့  အလားအလာတွေ ရှိတတ်လာပါတယ်။ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သေချာ မသိကြသေးပေမဲ့ လေ့လာတွေ့ ရှိချက်အရတော့ . အမျိုးသား ဟော်မုန်း (androgens)များသူတွေ ။ မျိုးရိုးထဲမှာ အလားတူကင်ဆာရှိသူတွေ ၊ အသားမဲသူတွေ ၊ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေများတတ်ပါတယ် ။ တချို့ ကလည်း ဆီးကြိတ်ကင်ဆာဆဲလ် တွေရဲ့  DNA ပြောင်းလဲ မှု ကြောင့် ဖြစ်တယ်လို့  ယူဆကြပါတယ် ၊
ရောဂါလက္ခဏာတွေကိုကြည့်မယ်ဆိုရင်
(၁) ဆီးသွားရ ခက်ခဲမယ် ( Trouble urinating )
(၂) ဆီးညှစ်သွားရပြီး ဆီးအရှိန် လျော့နည်းလာမယ် ( Decreased force in the stream of urine )
(၃) ဆီးထဲမှာသွေးပါမယ် ( Blood in your urine )
(၄) ဆီးထဲမှာ သုတ်ရည်ပါလာမယ် ( Blood in your semen )
(၅) ခြေထောက် ဖေါယောင်မယ် ( Swelling in your legs )
(၆) တင်ပဆုံညှပ်ရိုး ဝန်းကျင်မှာ မအီမသာ ခံစားရမယ် ( Discomfort in the pelvic area )
(၇) အရိုးတွေ ကိုက်ခဲ နာကျင်မယ် ( Bone pain )
အဲ့ဒီလို ရောဂါလက္ခဏာရှိနေပြီဆိုရင် ဆီးလမ်းကြောင်း ကျွမ်းကျင်သူဆရာဝန်များနဲ့ အမြန်ဆုံးပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ယူသင့်ပါတယ် ။ ကာကွယ်ခြင်းသည် ကုသမှုထက်ကောင်းသည် လို့ ဆိုပေမဲ့ ဒီဆီးကြိတ်ကင်ဆာက ကာကွယ်လို့ မရသေးပါဘူး ။ဒါပေမဲ့ စောစောသိရင်တော့ စောစောကုသမှု ယူနိုင်ပြီး ပျောက်ကင်းဖို့  အခွင့်အရေး ရှိနိုင်ပါသေးတယ် ။ သိပ် နောက်ကျသွားခဲ့ရင်တော့ ကင်ဆာတို့ ရဲ့  ထုံးစံအတိုင်း ကုသလို့  မရတော့ဘူးပေါ့ ။
စစ်ဆေးခြင်းပြုလုပ်ပုံတွေကတော့
(၁) စအိုဝထဲ လက်ချောင်းသွင်းပြီး ဆီးကြိတ်ကို စမ်းသပ်လို့ ရပါတယ် ။ Digital rectal exam (DRE). လို့ ခေါ်ပါတယ်
(၂) သွေးထဲမှာ ပါတဲ့ ဓါတ် တမျိုး ၊ Prostate-Specific Antigen (PSA) ကို သွေးရည်ကြည်ထဲမှာ စစ်ဆေးကြည့်လို့ ရပါတယ် ။ ပုံမှန်ဆိုရင် အလွန် နည်းပါးတဲ့ ပမာဏ သာရှိပါတယ် ။ များသောအားဖြင့် 4.0 ng/mL ထက်နဲပါးရင် ပုံမှန်လို့  သတ်မှတ်ပါတယ် ။ဒါကလည်း အသက်အရွယ်အလိုက် အနည်းအများ ကွာခြားမှုတွေ ရှိပါသေးတယ်။ ဒါ့အပြင် တချို့ လူတွေမှာ ဆီးကြိတ်ယောင်ခြင်း (prostatitis ) နဲ့ ဆီးကြိတ်ကြီးထွားခြင်း(BPH) တွေမှာလည်း PSA ပမာဏ အနည်းငယ်စီ တက်နေတတ်ပါတယ် ။
ခန္ဓာကိုယ်ထဲရှိ အခြား အရည်များထဲမှာ ပုံမှန် PSA ပါဝင်မှု ပမာဏ (ng/mL) တွေ ကို အောက်မှာ ဖေါ်ပြထားပါတယ် ။
-သုတ်ရည် (semen) ထဲမှာ--- 200,000 to 5.5 million
-ဝမ်းတွင်းရှိ သန္ဓေသားရဲ့ ရေမွှာရည် (amniotic fluid ) ထဲမှာ ---- 0.60-8.98
-နို့ ရည် (breast milk ) ထဲမှာ---- 0.47-100
-တံတွေး (saliva ) ထဲမှာ ---- 0
-အမျိုးသမီးရဲ့  ဆီး (female urine) ထဲမှာ----- 0.12-3.72
-အမျိုးသမီးရဲ့  သွေးရည်ကြည် (female serum) ထဲမှာ---- 0.01-.53
ဒီလို သွေးစစ်လို့  PSA များနေခဲ့ရင်လည်း ကင်ဆာလို့  တထစ်ချ မသတ်မှတ်နိုင်သေးပါဘူး။ ဆက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်သင့်ပါတယ် ။ စအိုဝမှတဆင့် အာထရာဆောင်း တီဗွီ ရိုက်ပြီး စမ်း သပ် ခြင်း (transrectal ultrasound ) ၊ ဆီးကြိတ်မှ အသားစ ( biopsy ) ယူပြီး စစ်ဆေးခြင်း တွေကို လုပ်နိုင်ပါတယ်။
ခုဆိုရင် အသက် ၅၀ ပြည့်ပြီးသူ အမျိုးသားတိုင်း သွေးစစ် ပြီး PSA ပမာဏကို နှစ်စဉ်စစ်ဆေးဖို့  နိုင်ငံအတော်များများမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေပြီဖြစ်ပါတယ် ။ နိုင်ငံနဲ့  လူမျိုးစုကိုလိုက်ပြီး ၊ မျိုးရိုးထဲမှာ ဒီလိုကင်ဆာ ရှိခဲ့သူများအတွက်တော့ အသက် ၄၀ ကျော်ရုံနဲ့တင် စစ်ဆေးမှုတွေ ပေးနေကြပါပြီ ။တချို့ လူအနည်းငယ်မှာ PSA ပမာဏပုံမှန်ပေမဲ့  ဆီးကြိတ်ကင်ဆာဖြစ်နေသူများကိုပါစမ်းသပ်တွေ့ ရှိရလို့  သွေးစစ်တာတမျိုးတည်းနဲ့တင် မလုံလောက်သေးပါဘူး ။ ဆီးထဲမှာ UPM-3 နဲ့ သွေးထဲမှာ EPCA-2 စတဲ့ ဓါတ်တွေကိုပါ စစ်ဆေးကြည့်မှ ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။
အောက်မှာပြထားတဲ့ပုံကတော့ ဆီးကြိတ်ကင်ဆာ ပါ ။
ရောဂါ အနုအရင့် ( အဆင့်ခွဲခြားခြင်း ) မှာ အကြမ်းအားဖြင့် အဆင့် ၄ ဆင့်ရှိပါတယ် ။ အသေးစိတ်ကိုတော့ မဖေါ်ပြတော့ပါဘူး ၊ စိတ်ဝင်စားပါက ဒီနေရာမှာ ဆက်လက်လေ့လာ နိုင်ပါတယ် ။ ရောဂါရင့်လေ ကုသမှုအတွက် အလားအလာ မကောင်းလေ ဆိုတာလောက်ကတော့ လူတိုင်း သိနားလည်ပြီးဖြစ်မှာပါ ။
ဒီလို ကင်ဆာ ဖြစ်နေပြီဆိုရင်တော့ အဆင့် အလိုက် ကုသမှုတွေ ယူသင့်ပါတယ် ။ အဓိက ကတော့ ခွဲစိတ်ကုသခြင်း ပါပဲ ၊ ဒါ့အပြင် အနုမြူ ဓါတ်ရောင်ခြည် နဲ့ကုသခြင်း (Radiation therapy ) ၊ ဟော်မုန်းဖြင့် (Hormone therapy ) ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း ( chemotherapy ) စတာတွေ နဲ့ ကုသနိုင်ပါတယ် ။တချို့ ကျတော့ ချက်ချင်းခွဲစိတ်ကုသမှု မပေးသေးပဲ active surveillance အနေနဲ့  ဆက်လက် စောင့်ကြည့်ပြီး အချိန်မှန်စမ်းသပ်စစ်ဆေးခြင်း တို့ ပြုလုပ်ကြပါတယ် ။
သက်ဆိုင်သူများ သတိတရ အရေးတယူ ကြိုတင် စစ်ဆေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ ။
အကြောင်းအရာများကို ဒီနေရာများ (၁) နဲ့ (၂) များမှ ရယူပါတယ်
19 comments:
ဒီတစ်ခါတော့  ရင်သားကင်ဆာမဟုတ်လို့  ကျွန်တော်
မန့် လို့ ရပြီ။
အမ မရေးရင် သိမှာမဟုတ်ဘူး။ အမှုမဲ့ အမှတိမဲ့ ပဲ နေမိ
တော့ မှာလေ။ ကိုယ်ကိုယ်တိုင် ဘယ်လိုမှ ရှာလို့ မရနိုင်တဲ့ 
အကြောင်းအရလေးကို အဆင်သင့် လေး မပင်ပန်းပဲ ဖတ်လိုက်
ရလို့  ကျေးဇူးတွေလေ အများကြီး..သိလား..၊
တင်တယ်..လို့ ..။
ထပ်ရေး ပါအုံး.. ကျွန်တော် တို့ လို လေးထောင် ဝတ်
ရင်ပြား ကင်ဆာ အဲ.. လေးထောင်ဝတ်တွေအတွက်
ထပ်ဖြစ် လာနိုင်တဲ့  အကြီးစား ရာဂေါ တွေ အကြောင်း...၊
ခင်တဲ့ 
အဖြူလေး
မှတ်သား ဖတ်ရှု့ သွားပါတယ် မကိ
ခေါင်းအကြောင်းတွေ လဲရေးပေးလေ..
မျှော်နေမယ်လေ
တိုက်တိုက်ဆိုင်ဆိုင် ဟိုးတစ်နေ့တုန်းကပဲ အဲဒီ Prostate အကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်တွေ့လို့ ဖတ်မိသေးတယ်။ ဆေးဝေါဟာရတွေ သိပ်နားမလည်တာနဲ့ ဖတ်သာဖတ်လိုက်တယ် ဘာပြောလိုက်မှန်းမသိဘူး၊ ဟီးးးးးးးးးး သားသားက အဲလောက်တော်တာ။ အခု ဖွါးဖွါးကိရေးတာဖတ်လိုက်မှ ရှင်းတော့တယ်။ အဲသမို့ကြောင့် ကျေးဇူးတင်ကြောင်း လာပြောတာ။
စအိုဝထဲ လက်ချောင်းသွင်းပြီး ဆီးကြိတ်ကို စမ်းသပ်လို့ ရပါတယ် ။
ဟိ မကိ ကြောက်ချာကြီးပါရားး ရို့
အသားမဲတဲ့သူဆိုရင် ဆီးကြိတ်ပိုပြီတယ်ဆိုတော့ ကုလားတွေအားလုံးရော ဖြစ်နိုင်လား :D
အသားမဲသူ
မောင်ဖိုးလုံး
အောင်မြတ်လေး...
အကျိုးနဲဗျာ...
စမ်းသပ်ပုံစမ်းသပ်နည်းကလည်း...
မသိယင်လည်းနေပါစေတော့ဗျာ...
“အဆုပ်ကင်ဆာ ကြောင့် သေဆုံးသူက အများဆုံးဖြစ်ပြီး ဆီးကြိတ်ကင်ဆာကြောင့်သေဆုံးမှု က ဒုတိယ အများဆုံးဖြစ်တယ် လို့  ဆိုပါတယ် ။ ဒီတော့ အမျိုးသား ၆ ယောက်မှာ ဆီးကြိတ်ကင်ဆာဖြစ်သူ တယောက် နှုန်း ရှိနေပါတယ် ။”
တော်တော် များတာပဲနော်။ ကြောက်စရာကြီး ...။
ဗဟုသုတ ရတယ်.. နောက်ထပ်လည်း ရောဂါအကြောင်းတွေ တင်ပါဦး..
ကိကိရေ လာဖတ်သွားပါတယ်။ သိပ်ကောင်းပါတယ် တင်ပြထားတာ ဒါပေမဲ့ အတည့်ပြောလည်းရပါတယ်။ ကျွန်မက လေးဘက်နာတို့ ထိပ်ကပ်နာတို့ဆိုတာတွေကို Public Health in Myanmar မှာ စာဖတ်ပြီးမှာ သိတာ ဆီးကြိတ်ကိုကျတော့ ကိကိပြောမှ သိတာအမှန်ပဲ။ ဒါတောင် ဆုံဆို့နာဆိုတာ ဘာကို ပြောမှန်း အခုထိ မသေိသေးဘူး။ ကျန်းမာရေး ပို့စ်လေးတွေ ဆက်ရေးတာ အားပေးပါတယ်။
ဒေါ်ကိရေ
သိရတာကျေးဇူးပါပဲဗျို့ နောက်လဲဆက်ရေးပါဦးဗျာ..ဆင်ချင်ပြီး ဂရုစိုက်ရတာပေါ့ဗျာ..
ဖွားကီ မှတ်သွားတယ် သေသေချာချာကို မှတ်သွားတယ် ကျေးဇူးအထူးးးးး
လေးစားလျက်
တောင်ပေါ်သား
ကိရေ... ငါလဲ မှတ်သားသွားပါတယ်.... အဲလေ.... ကြုံရင်ပြောပြလို့ရတာပေါ့ဟုတ်ဘူးလား... ဟဲဟဲ...သူတို့ကို ဖြဲခြောက်လို့ရဒယ်.....
အဲဒီအရွယ်ရောက်မှတော့ ကင်ဆာဖြစ်လို့သေလဲ စောစောအိပ်ရတာပေါ့...
ဆီးထိန်းနိုင်တဲ့စွမ်းအားနဲလာတာ..ဆီးကြီတ်ယောင်လို့လားမယ်ကိရယ်..ရှာဖွေပြောပါဦး
ကွိကွိစ်ရေ......
အများကြီးကျေးဇူးတင်တယ်ဗျိုးးးးးးး
ဒီစာလေးဖတ်ရတာ.......း))
ဖေဖေ့ကို ဂရုစိုက်ခိုင်းရဦးမယ်.....။
အနော်လည်း....ဂရုစိုက်မည်.......း))
ခင်မင်တဲ့
ဏီလင်းညို
အလွယ်တကူ မမြင်ရလို့ အကြိတ်တွေ ကို သတိမရမိဘူး။ မကီစာလေးဖတ်ရတာ တကယ် တန်ဖိုးရှိပါတယ်။ သေသေချာချာလည်း မှတ်ထားပါတယ်။ မိမိကိုယ်တိုင် သိထားတော့ တစ်ခြားသူတွေကိုလည်း ပြောပြပေးလို့ရတာပေါ့
ယောကျာ်းအတွက်ပဲ ဖြစ်ဖြစ် မိန်းမအတွက်ပဲ ဖြစ်ဖြစ် ကျန်းမာရေး ပို့စ်လေးတွေ ထပ်တင်ပါအုံးမှ တကူးတကအနေနဲ့ ရှာဖတ်ဖြစ်တာ သိပ်နည်းလို့ပါ။
စမ်းသပ်၇မှာကလည်း မသက်သာပါလား အမားရယ်
တော်ပါပြီ အဲ့အချိန် အဲ့လိုအရွယ်ရောက်မှပဲ စစ်ဆေး ခိုင်းတော့မယ်
အမား ပြောသလို စစ်ရမှာ မဟုတ်သေးပါဘူးလေ
ဝက်ဝံလေးကတော့ စအိုဝထဲ လက်ထိုးထည့်ပြီး စစ်ရမှာ
လန့် သွားတယ် ထင်တယ် အဟတ်
မောင်ဖိုးလုံး <--- အသားမဲတဲ့သူတိုင်း ဖြစ်ရမယ်လို့  မဆိုလိုပါဘူး ။အသားဖြူတဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ် ။ အချိုးကျ တွက်ကြည့်တဲ့ အခါမှာ အသားမဲတဲ့ သူတွေ ဖြစ်တဲ့  ရာနှုန်းက ပိုများတယ်လို့ ဆိုလိုတာပါ။
ဘကျောက် <--- ဆီးကြိတ်ရောင်တာ( Prostatitis) နဲ့ ကင်ဆာဖြစ်တာ က သပ်သပ်စီပါ ။ ရောင်တတ်စေတဲ့  အကြောင်းတွေက
- ပိုးဝင်လို့ ( bacteria , fungus(မှို) , virus စသဖြင့်)၊
-ထိခိုက်မိလို့ 
-Autoimmune ခေါ်တဲ့ ကိုယ်ခံစွမ်းအားကျဆင်းလို့ ။ ..ဒါတွေကြောင့်ပါ ။
ဆီးကြိတ်ရောင်ရင် တွေ့ ရမဲ့ လက္ခဏာတွေက..
ချမ်းတုန် ဖျားမယ် ။ဆီးခဏခဏ သွားမယ် ။ညဘက်ကျ ဆီးပိုသွားမယ် ။ ဆီးပူ ညောင်းကျ ဖြစ်မယ် ။ဆီးထဲ သွေးပါမယ် ၊သုတ်လွှတ်ရင်နာကျင်မယ် (pain in ejaculation) ခါးအောက်ပိုင်းနာကျင်ကိုက်ခဲမယ် ..စသဖြင့်ပေါ့ ။
ဆီးကို ညှစ်ပြီး သွားရတာက အလွယ်ကူဆုံး ပြောရရင် ဆီးလမ်းကြောင်းမှာ တခုခု ပိတ်ဆို့ နေတဲ့ အခါ .. ဥပမာ .. ဆီးကြိတ်ကြီးထွားခြင်း( BPH ) ၊ ဆီးကြိတ်ကင်ဆာမှ ဆီးပြွန်ကိုဖိထားလို့ ဖြစ်တတ်ပါတယ် ။ တချို့ ကျ ထိခိုက်ဒါဏ်ရာရပြီး ဆီးပြွန်ကျဉ်းသွားတဲ့ အခါမျိုး မှာလည်း ဖြစ်တယ်လေ ။
ဆီးထိန်းနိုင်စွမ်းနည်းတာက .. အာရုံကြော ကြောင့် ၊ ဒါမှမဟုတ် ဆီးအိမ် အဝမှာရှိတဲ့  ကြွက်သား( sphincter) အားနည်းလို့  ဖြစ်တာပါ။
အသေးစိတ်သိချင်ရင်တော့ ပို့ စ်မှာ ပြထားတဲ့  လင့် တွေ မှာ ရှာဖတ်ကြည့်နော့် ..
အိ...စမ်းသပ်ပုံကလဲ ပေါက်ပေါက်ရှာရှာ ကြောက်စရာကြီးပါလားးးးးး
ဗဟုသုတရလို့ ကျေးကျေးစ်နော် မယ်ကီ့..
ပါပါးတို့ လေးလေးတို့ကို ပေးဖတ်ရမယ်။
အသက်၅၀ကျော်တဲ့လူနာဦးကြီးတွေအတွက်တော့ ဟိုမုန်းဆေး တက်စတိုရုံးတစ်လုံးလောက်အယင်ထိုးပြီး မိနစ်၂၀လောက်စောင့်ကြည့် မရမှဆီးကြိတ်ရောင်တာကိုဒီပြင်နည်းနဲ့စမ်းသပ်တာကောင်းပါတယ် အသက်၅၀ကျော်တဲ့ယောက်ကျားတွေမှာ ဟိုမုန်းဓါတ်နည်းလာလို့ အကြောမသန်စွမ်းတော့တာကြောင့်ဆီးညှစ်မရတာကိုတစ်ချို့သူတွေကဆီးကြိတ်ရောင်တာလို့သတ်မှတ်ပြီးတစ်လွဲခွဲစိတ်ကုသတတ်ကြပါတယ်ဒါကြောင့်သက်ကြီးရွယ်အိုတွေဟာမေ့ဆေးဒါဏ် ငွေဒါဏ်တွေကြောင့်ဒုက္ခေ၇ာက်တတ်ကြပ်တယ်
Post a Comment