၂၀၁၁ မတ်လ ၁၁ ရက်နေ့က လှုပ်ခပ်သွားခဲ့တဲ့ ကမ္ဘာ့ နံပါတ် ၄ အကြီးဆုံး ငလျှင်ကြီး နဲ့ဆူနာမီလှိုင်းကြီ့းကြောင့် ဂျပန်ပြည်သူအများထောင်သောင်းချီပြီး သေကြေပျက်စီး ဒုက္ခရောက်နေကြရတဲ့ အချိန်တွင်းမှာပဲ အနုမြူဓါတ်အားစက်ရုံကြီး မီးလောင် ပျက်စီးသွားလို့  ဓါတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်ခြင်းဟာလည်း တပူပေါ် နှစ်ပူဆင့်ဆိုသလို ဂျပန်နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသုများကို ဘေးအန္တရာယ် ဖြစ်စေ ထိခိုက်စေတဲ့အပြင် ၊ လေထဲမှာလွင့်မျော သွားကြတဲ့ ဒီအဆိပ်ဖြစ်စေတဲ့ အနုမြူဓါတ်ရောင်တွေကြောင့် တခြား ပင်လယ်ရပ်ခြား တိုင်းပြည်များ(အမေရိကန် နိုင်ငံ အနောက်ဖက်ကမ်းရိုးတမ်းရှိလူအများ၊ ပစိဖိတ်သမုဒ္ဒရာ ကျွန်းအသီးသီးမှာ ရှိနေကြသောလူအများ အတွက်ပါ စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါပြီ။
ဒါကြောင့် ဒီ အနုမြူဓါတ်ရောင်ခြည်နဲ့ ပါတ်သက်ပြီး လေ့လာမိသလောက် အကြောင်းအရာများ( သိပ္ပံပညာရှင်တယောက်မဟုတ်တဲ့ ဖွားကိတယောက် နီးစပ်ရာရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်မှု ဖြစ်စေတဲ့ အရာများ ကိုသာ ဦးတည်ပြီး ဖေါက်သည်ချလိုပါတယ်။ ဒီတခါလည်းစောင်းပြောတာဖြစ်ပေမဲ့ တစေ့တစောင်းလောက်သာ ပြောနိုင်ခြင်း ဖြစ်ပါလိမ့်မယ်။ )
အနုမြူဓါတ်ရောင်ခြည် ဘယ်လောက် များများ နဲ့ထိတွေ့ မိရင် ဘယ်လိုအန္တရာယ် ဖြစ်နိုင်တယ် ဆို တာတွေ က တနေရာနဲ့တနေရာ တနိုင်ငံနဲ့တနိုင်ငံရဲ့  သတ်မှတ်ချက်များက ကွဲပြားမှု များ ရှိနေကြပါတယ်။
ဦးဆုံးပြောချင်တာက အခြေခံသဘောတရား အနေနဲ့ ရေဒီယို ဓါတ်ကြွ အနုမြူဓါတ်ရောင်ခြည် ကို တိုင်းထွာတဲ့ ယူနစ်ပါ ။ sievert ( Sv) လို့ ခေါ်ပါတယ်။ဆွီဒင်နိုင်ငံသား ဆေးသိပ္ပံပညာရှင် Rolf Sievert ဆိုသူက စတင် တိုင်းထွာ သိရှိခဲ့တာပါ ။
သူ့ကို အဆတစ်ထောင်စီ စိတ်ဖြာတဲ့ အခါမှာ--
* 1 Sv = 1000 mSv (millisieverts) = 1,000,000 μSv (microsieverts) = 100 rem = 100,000 mrem (millirem)
* 1 mSv = 100 mrem = 0.1 rem
* 1 μSv = 0.1 mrem
* 1 rem = 0.01 Sv = 10 mSv
* 1 mrem = 0.00001 Sv = 0.01 mSv = 10 μSv
စသဖြင့် သတ်မှတ်ထားကြပါတယ် ။
ဒီတော့ ဒီ ဓါတ်ရောင်ခြည်တွေ ဘယ်လောက်များများ လူ့ ကိုယ်ခန္ဓာကိုယ် ထဲ ရောက်သွားရင် ၊ အချိန်ဘယ်လောက်ကြာရင် ဘယ်လို ရောဂါတွေ ဖြစ်ပေါ်လာနိုင်မလည်း ဆိုတာ တွေးစရာပါပဲ။ ဓါတ်ရောင်ခြည်တွေ ဆိုတော့လည်း မမြင်ရ ။အလေးချိန်ချိန်တွယ် မရ ။တော့ သူ့ ကို တိုင်းထွာ တဲ့ အထူးပစ္စည်း ကရိယာတွေ နဲ့တိုင်းထွာပြီးမှ ဒီနေရာမှာ ၊ ဒီပစ္စည်း တခု သို့ မဟုတ် ကိုယ်ခန္ဓာမှာ ဓါတ်ရောင်ခြည် ဘယ်လောက် စိမ့်ဝင် ကပ်ရောက်နေပြီလည်း ဆိုတာ သိနိုင်ပါတယ်။
ဓါတ်ပေါင်းဖိုက ဓါတ်ရောင်ခြည် တိုက်ရိုက်ထိတွေ့ တာ မဟုတ်တဲ့ အခြားသော ထိတွေ့ မှု များဟာလည်း မိမိတို့ ပတ်ဝန်းမှာ နဂိုတည်းက ရှိနေကြပါတယ် ။
တခါထိတွေ့ ရုံ နဲ့ ရရှိနိုင်တဲ့ အနုမြူဓါတ်ရောင်ခြည် ပမာဏတွေကတော့ -
* ငှက်ပျောသီးတလုံးစားပါက - 0.0001 mSv
* TV ကို တနာရီ ကြည့်ပါက - 0.015 mSv
* ထိုင်ပေ မှ နယူးရော့ သို့ လေယာဉ် တကြိမ်စီးပါက 0.156 mSv
*အနုမြူဓါတ်ရောင်ခြည်ရှိသောနေရာမှ ၁၆ ကီလိုမီတာ အကွာ အဝေးတွင် ရှိနေပါက- 0.08 mSv; maximum dose: 1 mSv
*သွားဖက်ဆိုင်ရာဓါတ်မှန် တကြိမ်ရိုက်ပါက- 0.005 mSv
*ရင်သားဆေးဓါတ်မှန် ( Mammogram ) တကြိမ်ရိုက်ပါက- 3 mSv
*ဦးနှောက် ဆေးဓါတ်မှန် ( Brain CT scan) တကြိမ်ရိုက်ပါက - 0.8–5 mSv
*ရင်ဘတ်ဆေးဓါတ်မှန် (Chest CT scan) တကြိမ်ရိုက်ပါက: 6–18 mSv
*အစာအိမ်အူလမ်းကြောင်း ဆေးဓါတ်မှန်( Gastrointestinal series X-ray investigation )တကြိမ်ရိုက်ပါက - 14 mSv
စသဖြင့် အနူမြူဓါတ်ရောင် သင့်နိုင်ပါတယ်။
ကျန်းမာရေး ထိခိုက် နိုင်လောက်တဲ့ ပမာဏကို သတ်မှတ်ထားကြတာတွေလည်း နိုင်ငံအလိုက် ကွာခြားနေကြပါတယ် ။
ဥပမာ - ထိုင်ဝမ်မှာ တနှစ်ကို အနူမြူဓါတ်ရောင်ထိတွေ့ မှု 50 mSv အထက် သတ်မှတ်ထားပေမဲ့ အမေရိကန်နိုင်ငံမှာတော့ 100 mSv ထက် မှသာ ကျန်းမာရေးထိခိုက်စေနိုင်တယ် လို့  ယူဆပါတယ်။ ခုလောလောဆယ် ဂျပန်မှာ ခံစားနေကြရတဲ့ ရောင်ခြည်သင့်မှုကို 250 mSv လို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဒီလို ဓါတ်ရောင်ခြည် နဲ့ ပတ်သက်တာတွေ ထိတွေ့ မှ ဓါတ်ရောင်ခြည်သင့်ကြတာ မဟုတ်ပါဘူး ။ တချို့  ပစ္စည်းတွေမှာလဲ ရှိနေပါတယ် ။တနေ့ ကို ဆေးလိပ် ၁ဘူးခွဲသောက်သုံးသူများ တနှစ်မှာ ဓါတ်ရောင်ခြည်သင့်မှု 13 mSv ရှိပါတယ် ။
New York-Tokyo သွားပြန် လေယာဉ်ပေါ်လိုက် အမှုထမ်းတွေ တနှစ်မှာ ဓါတ်ရောင်ခြည်သင့်မှု 9 mSv ရှိပါတယ် ။
၂၀၁၁ မတ်လ ၁၆ ရက်နေ့ တိုင်းထွာချက်အရ ဂျပန်နိုင်ငံ Fukushima နယ်မှာ တနာရီအတွက် ဓါတ်ရောင်ခြည်သင့်မှု I: 8 mSv/hr ရှိနေပါတယ်။
မိမိတို့ နေထိုင်ရာ အရပ်ဒေသ အလိုက် အမေရိကန်မှာ တနှစ် မှာ ရောင်ခြည်သင့်မှု 2 mSv မျှ ရှိပြီး၊ Iran, India ၊ Europeတို့ မှာ 50 mSv မျှ ရှိပါတယ်။ အနူုမြူ စွမ်းအားပေးစက်ရုံ တွေ နဲ့ အနီးအဝေး အလိုက် ၊ တနှစ်မှာ ရှိနိုင်တဲ့ ဓါတ်ရောင်ခြည်သင့်မှု တွေလည်း ကွာခြားကြပါတယ် ။ နီးလေ ပိုများလေ ဆိုတာတော့ အားလုံးနားလည်ကြမှာပါ။ မတ်လ ၁၆ ရက် တိုင်းထွာချက် အရ အနူမြူ စက်ရုံ မီးလောင် ပေါက်ကွဲရာမြို့  ဖူကူရှီးမား မှာ သာမန်ထက် အဆ ၇၀၀ ကျော် ။ တိုကျိုမြို့ မှာ ၂၁ ဆကျော် ရှိပ်ါတယ် ။
ဒီတော့ ဒီလို ဓါတ်ရောင်ခြည်တွေ ကြောင့် ကျန်းမာရေးထိခိုက်မှုတွေဟာ အချိန်ကြာရှည်မှု နဲ့ ထိတွေ့ မှု ပမာဏ အနည်းအများပေါ် တည်ပါတယ် ။
ရောင်ခြည်ဓါတ် သင့်သူတွေ မှာ ဖြစ်ပေါ်ခံစားနိုင်တဲ့ ဝေဒနာ တွေမှာ ချက်ချင်းလတ်တလော နဲ့ ရေရှည် ဝေဒနာများ လို့  ခွဲခြား လေ့လာကြည့်ရအောင် ။
Symptoms of acute radiation (within one day)-
အချိန်တိုတိုလေးအတွင်း( တရက် အတွင်း) ဓါတ်ရောင်ခြည် 250 mSv အောက်ထိတွေ့ သူတွေ အတွက် ဘာမှ မထိခိုက်လောက်ပါ။ (ထိုင်ဝမ်မှာတော့ 100 mSv အောက်လို့  သတ်မှတ်ပါတယ် )
250 - 1000 mSv ထိတွေ့ ခံရသူတွေမှာ ၊ သိပ်မပြင်းထန်သေးရင် ပျို့ အန်မယ် ။ဝမ်းပျက်မယ်။ အစားအသောက်ပျက်မယ် ။ခန္ဓာကိုယ်မှ သွေးထုတ်လုပ်တဲ့စနစ်၊ ရိုးတွင်းချဉ်ဆီ ၊ သွေးပြန် သားငန်ရည်ဖု ၊ ဘေလုံး စတာတွေ ထိခိုက်မယ်။
1000 - 3000 mSv ပမာဏ ထိတွေ့ သူတွေ မှာ အထက်က လိုပဲ လက္ခဏာတွေ ရှိပြီး ပို ပြင်းထန်မယ် ။ ပြင်ပရောဂါကူးစက်လွယ်မယ် ၊ ပြန်ကောင်းဖို့  ဖြစ်နိုင်ချေ ရှိပါသေးတယ်။
3000 - 6000 mSv ထိတွေ့  ပြီးသူတွေမှာတော့  အထက်က လက္ခဏာတွေ ပိုဆိုးရွားပါတယ် ။ဒ့ါအပြင် သွေးယိုစီးမှု ၊ဝမ်းလျှော ဝမ်းပျက်ခြင်း၊ အရေပြား အရေခွံ ကွာ ထွက်ခြင်း ၊မျိုးပွားအင်္ဂါ မြုံနိုင်ခြင်း တွေ ရှိနိုင်ပြီး အချိန်မှီမကုသပါက သေဆုံးနိုင်ပါတယ်။( ၊မျိုးပွားအင်္ဂါ မြုံခြင်း ကတော့ မသေလောက်ဟု ထင်မိပါတယ် )
6000 - 10000 mSv ထိတွေ့ ရင် တော့ အထက်ပါလဏ္ခာတွေ အပြင် ဗဟိုအာရုံကြောစနစ် ပျက်စီးပြီး သေဆုံးဖို့ များပါတယ်။
10000 mSv အထက်ဆိုရင်တော့ -ကုသလို့ မရ ၊ သေဆုံးရမှာပါ။
ရေရှည်မှာ ခံစားကြရမဲ့ ဝေဒနာတွေကတော့ ကင်ဆာဖြစ်ခြင်း ( သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ၊ရိုးတွင်းခြင်ဆီ စသဖြင့် ) ၊ မျက်လုံးတိမ်စွဲခြင်း၊ အရေပြားရောဂါများ၊ သန္ဓေသား ပုံမမှန် ဖြစ်ခြင်း စသဖြင့် တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ထဲမှာ ရှိတဲ့ ဇီဝကမ္မစနစ် ထိခိုက်ခြင်း၊ ဗီတာမင်ဓါတ်များပျက်စီးခြင်း၊အဆီဓါတ်ပြုခြင်း၊ အာရုံကြောဟိုမုန်း ၊ ကယ်ဆီယံဓါတ်များ ပျက်စီးခြင်း တို့ ဖြစ်တတ်တဲ့အတွက် ကိုယ်ခံစွမ်းအားလည်း ထိခိုက်စေပါတယ်။
ဒီတော့ ဒီလိုတွေ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြဖို့  အရေးကြီးပါတယ်။
အကောင်းဆုံးကတော့ ဒီ အနုမြူဓါတ်ပေါင်းဖိုတွေ မရှိတဲ့ နေရာ ၊ ရှိနေရင်လည်း ဝေးတဲ့နေရာ မှာ နေထိုင်နိုင်ကြရင် အန္တရာယ်ဖြစ်ဖို့  သိပ်မလွယ်ဘူး ပေါ့ ။ ( ဝေးလေကောင်း လေ ပါပဲ ၊ မရှိလည်းကောင်း၊ ရှိ မကောင်း ပါ ။ ဂျပန်မှာ ကတော့ ဒီ အနုမြူဓါတ်ပေါင်းဖိုတွေကို သူ့ နိုင်ငံ တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့  အတွက်သုံးတာ ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့ တချို့ နိုင်ငံတွေမှာ စစ်ရေးအတွက် ၊ အင်အားပြရေးအတွက် အားကိုး တည်ဆောက် နေကြပါတယ် )
အကယ်၍ ခုလို သဘာဝ ဘေးကြောင့် ( သို့ မဟုတ် ) မတော်တဆမှုတွေ ကြောင့် ဓါတ်သင့်ခံရတော့ မဲ့ အခြေအနေ ကြုံလာရရင် တော့ မဖြစ်မနေ ရင်ဆိုင်ကြရတော့မှာပါပဲ။ အနုမြူဓါတ်ယိုစီးမှု အတိုင်းအတာ အလိုက် ၊ သူ နဲ့ ဝေးတဲ့နေရာ လွတ်ကင်းတဲ့နေရာသို့  ပြောင်းရွှေ့ ကြရပါမယ် ။ အနည်းဆုံး ၁၆ မိုင်(၂၅ ကီလိုမီတာ) ပါတ်လည် အတွင်း သက်ရှိများ နေထိုင်ခြင်းမပြုရပါ ။
တကယ်လို့  ၁၆ မိုင်အပြင် ပြေးစရာ မြေမရှိလို့  နေထိုင်ရသူများ အထူးဂရုစိုက်ရန်မှာ -
တတ်နိုင်သလောက် ပြင်ပလေ ၊ ညစ်ညမ်းလေထု မထိတွေ့ အောင် အိမ်တွင်းမှာသာ နေထိုင်ကြပါ ။ ရှိသမျှ လေဝင်ပေါက်များ ( တံခါး၊ ပြူတင်းပေါက်၊ လေအေးပေးစက် စသည်တို့  )ကို အလုံ ပိတ်ထားပါ။ ကိစ္စကြီးငယ် မရှိပါက အိမ်ပြင် မထွက်ကြပါရန်။အဆိုပါ ဓါတ်ရောင်ခြည်များဟာ တိုက်ရိုက်ထိတွေ့ မှုအရေပြား မှတဆင့် ၊ရှူသွင်းသော လေမှတဆင့် ၊ စားသောက်မိသည့် အရာများမှတဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်နိုင်ပါတယ်။
အကယ်၍ ပြင်ပသို့ ထွက်ရန် လိုအပ်လာပါက မိမိရဲ့  ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ခြေဆုံး၊ ခေါင်းဆုံး လုံအောင် စွပ်ထား ၊ဖုံး ထားပါ ၊ (ဦးထုပ်၊ ထီး ၊ နေကာမျက်မှန်၊ နှာခေါင်းစည်း၊ လက်ရှည်၊ လက်အိတ်၊ ခြေစွပ်စသဖြင့် ) ။ မိုးရွာနေလျှင် ထီး ၊ မိုးကာ များ ဆောင်းခြင်းဖြင့် မိမိအရေပြားကို ဓါတ်ရောင်ခြည်ပါနိုင်သော ရေထိတွေ့ ခြင်းမှ ကာကွယ်ပါ။ ( အချို့ က ယူဆသည်မှာ ထို ရေဒီယို ဓါတ်ကြွ ရောင်ခြည်များ မိုးရေနှင့် ထိတွေ့ ပါက အက်စစ် ဓါတ် အဖြစ်ပြောင်းသွားပြီး အက်စစ်မိုး ရွာ နိုင်သည် ဟု ဆိုပါသည် ။ အချို့ ကတော့ ထို အယူ အဆ ကို လက်သင့်မခံပါ ။ ဘယ်ဟာ မှန်၍ ဘယ်ဟာမှားသည် ဆိုခြင်းကို သိပ္ပံပညာ မတတ်ကျွမ်းသူ တယောက် အနေဖြင့် ဘာမှ စောဒက မတက်လိုပါ ၊ဘယ်သူတွေ ဘယ်လို ပြောပြော ထို မိုးရေ ဖြင့် မိမိကိုယ်ခန္ဓာ အား တတ်နိုင်သလောက် မထိစေခြင်းက ပိုကောင်းပါသည် )။
အိမ်ပြင်မှ ပြန်လာပြီးပါက ထို ဓါတ်ရောင်ခြည်သင့်လာနိုင်သော အဝတ်အစား များကိုချက်ချင်း လဲလှယ်ပါ ။ အပြော အရတော့ လွယ်ပါသည် ။လောလောဆယ်မှာ ဂျပန်ရှိ လူအများ သောက်ရေ သုံးရေများပြတ်လတ်ရှားပါးနေကြတဲ့အတွက် လက်တွေ့ မှာတော့ ခက်ပါသည်။
သန့်ရှင်းသော ရေ ကို များများသောက်ပေးပါ ။ ဓါတ်ရောင်ခြည် မသင့်သေးသော ဒေသမှ ရေများ ဖြစ်သင့်ပါတယ် ။
လတ်ဆတ်တဲ့ သဘာဝ အသီးအနှံ ၊ ဟင်းသီးဟင်းရွက် များ ကို ပိုပြီးစားပေးပါ ။
သကြားဓါတ်၊ ကဆီဓါတ်၊အဆီ များတဲ့ အစာများ ၊ အနီရောင်ရှိတဲ့သားစိမ်းများ၊ကဖင်းဓါတ်များသော အစာ များ ကို ရှောင်ပါ။
အကယ်၍ မတတ်သာ သဖြင့် ကံမကောင်း အကြောင်းမလှစွာ ဖြင့် အဆိုပါ ဓါတ်ရောင်ခြည် သင့်မိပြီဆိုပါက... ဘာလုပ်မလည်း..
ခန္ဓာကိုယ် အရေပြား အနှံ့  သန့် ရှင်းသော ရေဖြင့် အကြိမ်များစွာ လောင်းပြီး ဆေးကြောပါ ။အရေပြားကို အားဖြင့်အတင်းအကျပ် ပွတ်တိုက်ခြင်း မပြုလုပ်ပါနှင့် ။ အရေပြား ပွန်းပဲ့ ရှနာပါက ဓါတ်ရောင်ခြည် စိမ့်ဝင်မှု ပိုဆိုးဝါးနိုင်ပါသည် ။ ဆပ်ပြာ ၊ ပိုးသတ်ဆေး စသဖြင့်ကို သုံးစွဲရန် မလိုအပ်ပါ ။
ရေဒီယိုဓါတ်ကြွအနုမြူရောင်ခြည်သင့် သူတွေမှာ ၊လည်ပင်း ရှေ့ မှာ ရှိတဲ့ သိုင်းရွိုက်ဂလင်း မှ ဦးဆုံး အဆိုပါ ဓါတ်ရောင်ခြည်ကို စုပ်ယူပြီး ရေဒီယိုဓါတ်ကြွ အိုင်အိုဒင်း (radioactive iodine-131 ) အနေနဲ့ ထိုဂလင်းထဲမှာအချိန်ကြာမြင့်စွာ ရှိနေတတ်ပါတယ် ။ဒါ့အတွက် သိုင်းရွိုက်ဂလင်း ထိခိုက်နိုင်ပါတယ် ။ ထိုသူတွေ ကို ပိုတက်ဆီယမ်အိုင်အိုဒိုက်- KI (potassium iodide) ပါတဲ့ ဆေးပြားများ တိုက်ကြွေးခြင်းဖြင့် ထို သိုင်းရွိုက်ဂလင်း ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒီဆေးပြားတွေဟာ ခန္ဓာကိုယ်တခုလုံးရှိ ရေဒီယိုဓါတ်ကြွအနုမြူရောင်ခြည်ဆိပ်ကို ပြေစေတဲ့ ဖြေဆေးတော့ မဟုတ်ပါဘူး ။ ထိုသူရဲ့ သိုင်းရွိုက်ဂလင်း ထိခိုက်မှုကိုသာ ကာကွယ်ပေးခြင်းဖြစ်ပါတယ် ။
၁၉၈၆ ပိုလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အလားတူ ပေါက်ကွဲမှု (Chernobyl nuclear reactor disaster ) မှာ၊ ထိုနေရာမှ မိုင် ၃၀၀ ပတ်လည် အတွင်းနေထိုင်ကြတဲ့ ပိုလန်လူမျိုး ကလေး ၁၀သန်းကျော် နဲ့ လူကြီး ၇ သန်း မျှကို အဆိုပါ KI ဆေးပြားများတိုက်ကျွေးခဲ့ပါတယ်။ နောက် ၁၀ နှစ်ကြာအထိ ထိုသူတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးချက်တွေ လုပ်ခဲ့ပါတယ်။ တွေ့ ရှိချက်ကတော့ ထိုသူများမှာ သိုင်းရွိုက်ကြိတ် ကင်ဆာမဖြစ်ကြပေမဲ့ အခြား ..သွေးကင်ဆာ စသဖြင့် ဖြစ်ပွားခဲ့ကြပါတယ် ။
ယခု လောလောဆယ် ဂျပန်Fukushima Daiichi Nuclear plant မှာ ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးဆိုးကြီး အတွက် ၁၇ မိုင်ပတ်လည် အတွင်း သို့ သွားရောက် ကူညီကြမဲ့အမေရိကန်လေတပ်သားများ ကို အဆိုပါဆေးများ (ဈေးကွက်တွင် IOSAT, ThyroShield, and Thyro-Safe စသဖြင့် ရှိပါတယ်) ကို ကြိုတင် တိုက်ကျွေး ပြီးမှ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
ထိုဆေးကို ရောင်ခြည်သင့်ပြီး ၄ နာရီ အတွင်းသောက်သုံးမှသာ ဆေး အာနိသင်ရရှိမှာပါ ။ ၈ နာရီကျော်သွားရင်တော့ ဆေးအာနိသင် ၄၀% မျှသာရှိပါတယ်။ ဒါပေမဲ့ ဒီဆေးမှာ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးများ ( ဥပမာ- အဆစ်ယောင်ခြင်း၊တံတွေးဂလင်း နှင့် ၊အာသီး၊ပါးချိတ် ယောင်ယမ်းခြင်း၊ သားငံကြိတ်ယောင်ခြင်း၊သွေးထဲမှ eosinophil ခေါ် သွေးဖြူဥတမျိုးများလာခြင်း၊ ဆေးမတည့်တုန့်ပြန်မှု၊ ဗိုက်အောင့်မှု၊ဝမ်းပျက်မှု ပြင်းထန်ခြင်း စသဖြင့် ) ရှိတဲ့ အတွက် ၊ ၄င်း ကို နားလည်တတ်ကျွမ်းသူ ဆရာဝန်များရဲ့  ညွှန်ကြားချက်နဲ့သာ သုံးစေရမှာ ဖြစ်ပါတယ် ။Hyperthyroidism ခေါ် သိုင်းရွိုက်ရောဂါ ရှိနေသူများ ၊ သောက်သုံးရန် မသင့်ပါ ။ ကိုယ်ဝန်ဆောင်များ အရေးကြီးလိုအပ်လျှင်သောက်သုံးနိုင်ပါသည် ။
WHO Recommended Dosage for Radiological Emergencies involving radioactive iodine
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး မှ သတ်မှတ်ချက်များမှား
-အသက် ၁၂ နှစ်အထက် - တနေ့ လိုအပ်သော ဆေး( KI ) ပမာဏမှာ ၁၃၀မီလီဂရမ်
-၃နှစ်မှ ၁၂ နှစ် - တနေ့ လိုအပ်သော ဆေး ပမာဏမှာ ၆၅ မီလီဂရမ်။
-အသက် ၁လ မှ ၃ နှစ်- တနေ့ လိုအပ်သော ဆေး ပမာဏမှာ ၃၂ မီလီဂရမ်
- မွေးကင်းစမှ ၁ လ - တနေ့ လိုအပ်သော ဆေး ပမာဏမှာ ၁၆ မီလီဂရမ် ။
ကိုယ်ဝန်ဆောင်များ ၊ နို့ တိုက် မိခင်များ၊ မွေးစ ကလေးငယ်များ ၄င်းဆေးကို တစ်ကြိမ်ထက် ပို၍သောက်သုံးရန် မသင့်ပါ ။
အသက် ၄၀ ကျော်ပြီးသူများအတွက် ကြိုတင်ကာကွယ်ရေးအနေနဲ့ ဒီဆေးကိုသောက်သုံးရန်မလိုအပ်တော့ပါ။ အကြောင်းမှာ ၄၀ကျော်သူတွေ အတွက် သိုင်းရွိုက်ကြိတ်ထိခိုက်နိုင်မှု နဲပါးပြီး ဆေးကြောင့်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ က ကာကွယ်မှုပေးနိုင်တဲ့ ရလာဒ်ထက် ပိုများနေလို့ပါပဲ။
ဒီဆေးဝါးတွေ မရှိတဲ့ အခါ နဲ့ ဒေသ မှ လူများလည်း စိုးရိမ်ကြောင့်ကြ မဖြစ်ကြစေလိုပါ။ ထိုဆေး နဲ့ အလားတူ အစားထိုး သုံးစွဲစရာတွေ ( အိုင်အိုဒင်းပါတဲ့ ဆား ၊ ရေညှိ seaweed ၊ ရေမှော် စသဖြင့်)အများကြီး ရှိပါသေးတယ်။ဂျပန်လူမျိုးတွေ ဆူရှီစားသုံးလေ့ ရှိတာမို့  အိုင်အိုဒင်းဓါတ်တော့ ပြည့်ဝနေကြဖို့ များပါတယ်။ ဒီနေ့  တီဗီသတင်းအရ ၊ မာလကာသီး နဲ့  ခရမ်းချဉ်သီး တို့ မှာလည်း အဆိုပါ ဓါတ်ဆားများ ပါရှိတယ် လို့  သိရပါတယ်။
တိုးတက်ပြီးသား နိုင်ငံတွေမှာတော့ အရေးပေါ်သုံးစွဲဖို့  Radiation Protection Emergency Kits များ ဝယ်ယူလို့ ရနိုင်ပါတယ်။ဘယ်လောက်ကာကွယ်မှုပေးနိုင်သလည်းတော့ သေချာမသိပါဘူး။ စိတ်ဝင်စားသူများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
နောက်ဆုံး ပြောပြချင်တာကတော့ ၊ မလွဲမရှောင်သာ ကြုံတွေ့ လာ ခဲ့ရတဲ့ ဒီကပ်ဆိုးဘေးဆိုးကြီးရဲ့  ရှေ့ ဆက်ဖြစ်လာမဲ့ နောက်ဆက်တွဲ အန္တရာယ်တွေမှ တတ်နိုင်သလောက် နည်းပါးအောင် ရှောင်ရှားကြဖို့ ပါပဲ ။နျူကလီယား ဓါတ်ပေါင်းဖိုများတည်ဆောက်မှုနဲ့ လက်နက်ထုတ်လုပ်ရေးများကို ကမ္ဘာ့နိုင်ငံအတော်များများမှာ ဆန့်ကျင် ကန့် ကွက်နေကြဆဲပါပဲ။ ထိုင်ဝမ်မှာ လည်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် စတုတ္ထမြောက် နျူကလီယားဓါတ်ပေါင်းဖို တည်ဆောက်နေတာ လူအများ ကန့်ကွက်နေကြပြီမို့  ရပ်တန့် ထားလိုက်ပါပြီ ။ ( လူအများ အကျိုးအတွက် မဟုတ်ပဲ စစ်ရေးအတွက် ဆက်လက်တည်ဆောက်နေကြတဲ့ နိုင်ငံများလည်း ရှိနေဆဲပါပဲ ။ )
ဆိုးဝါးကြောက်မက်ဖွယ် ငလျှင်၊ ဆူနာမီ နဲ့ အနူမြူဓါတ်အားပေးစက်ရုံမီးလောင် အဆိပ်သင့် မှုတွေကြောင့် သေဆုံး သွားကြရတဲ့ ဂျပန်ပြည်သူ ပြည်သားများ အတွက် ဝမ်းနည်းကြေကွဲ မှု တွေဖြင့် ၄င်းတို့ ကောင်းရာသုဂတိလားကြပါစေကြောင်း နဲ့  ကျန်ရှိနေသေးတဲ့ သူများ အန္တရာယ် အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းအပ်ပါတယ် ။ မြန်မာပြည်သူပြည်သားများ အပါအဝင် ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကပ်ဘေးဆိုးကြီးများမှ လွတ်ကင်းနိုင်ကြပါစေ။
ဒီနေရာတွေမှ မှီငြမ်းပါတယ်
http://www.msnbc.msn.com/id/42095558/ns/health-health_care/
http://en.wikipedia.org/wiki/Sievert
http://en.wikipedia.org/wiki/Potassium_iodide
http://tw.nextmedia.com/applenews/article/art_id/33251065/IssueID/20110316
တနေ့ နေ့  တချိန်ချိန်၊ အိမ်မှာ၊ အလုပ်မှာ ၊လမ်းမှာ သွားရင်းလာရင်း နဲ့ လူတယောက်ယောက်ကို အရေးပေါ် အသက်ကယ်ပြုစုခြင်းမျိုး လုပ်ပေးဖို့  သင်ကိုယ်တိုင် တွေ့ ကြုံလာပြီဆိုပါတော့ ။ ဘယ်လို ရင်ဆိုင် ကူညီပေးမလည်း ။
မလန့် ကြပါနဲ့၊ လွယ်လွယ်လေးပါ ။CPR လို့  အတိုကောက်ခေါ်တဲ့ Cardiopulmonary Resuscitation နည်းလမ်းကို သိထားခဲ့ရင် ၊ ရခဲတဲ့ လူ အသက်တချောင်း ၊ ကယ်တင်ပေးလိုက်နိုင်တာလောက် ကြည်နူးစရာ ကောင်းတာမျိုး ရှိမယ် မထင်ပါဘူး ။ အဲ့လို အရေးပေါ် အသက်ကယ် ပြုစုနည်း လေးတွေကို လူတိုင်း သိထားမယ်ဆိုရင် အကျိုး ရှိပါတယ် ။
လူတယောက် အိမ်မှာ၊ အလုပ်မှာ၊ လမ်းမှာ မေ့လဲပြီး သတိလစ် အသက်ရှု ရပ်နေတာကို အသင့် ရှေ့ မှောက်မှာ ကြုံတွေ့  နေရပြီဆိုပါတော့ ။
ဦးဆုံး သင့် စိတ်ကို တည်ငြိမ်စွာထားပါ ၊အနီးနားမှာ လူ ရှိရင် လှမ်းခေါ် အကူအညီတောင်းပါ ။ အရေးပေါ် ကား ခေါ် နိုင်ဖို့  အကြောင်းကြားပါ ။ အချိန် ၂ မိနစ်လောက် ပေးနိုင်ပါတယ်။ ဆိုလိုတာက အချိန် မဆွဲ ပါ နဲ့ ။( ခုခေတ်မှာ လူတိုင်းလိုလို လက်ထဲ ဟန်းဖုံးလေးတွေ ကိုယ်စီရှိကြတော့ အရေးပေါ်ကို အကြောင်းကြားဖို့  အဆင်ပြေပါတယ် ။ ဒါပေမဲ့ ကိုယ်နေထိုင်တဲ့ တိုင်းပြည်ရဲ့  အရေးပေါ် ဖုံးနံပါတ်တွေကို သိထားဖို့  လိုပါတယ်။119.. 911... 999 စသဖြင့် ပေါ့ )
အကူအညီတောင်းပြီးတာနဲ့  လူနာ ကို သတိရ မရ စစ်ဆေးပါ ။ လှုပ်ကြည့်ပါ ။ အော်ခေါ် ကြည့်ပါ ။ဘာမှ တုန့် ပြန် မှု မရှိဘူး ဆိုရင် ၊ ပုံ ပါ အတိုင်း နှလုံး အဆုပ် အလုပ်လုပ်ရန် အဆင့်ဆင့် လုပ်ပေးပါ ။ ကြပ်နေတဲ့ အဝတ်ကို ဖြေလျှော့ ပေးပါ ။ ( အခြေအနေကြည့် ပြီးမှလုပ်ပါရန် ။ အဆင် မသင့်ပါက လူနာ ၊ လူနာရှင်တို့ မှ အထင်လွဲခံရနိုင်ပါတယ် )
၁။ ရင်ဘတ် အလည် တဲ့တဲ့ ပေါ် ကို မိမိ လက်ဖဝါး နှစ်ဖက် ယှက်ပြီး ဖိနှိပ်ပေးပါ ။ ရင်ညွန့်ရိုးကို ၃ပုံ ၁ပုံ နိမ့်ကျ သွားအောင် ( ၂ လက်မခန့် နိမ့်သွားအောင် ) ဖိပေးပါ ။ တမိနစ် ကို အကြိမ် ၁၀၀ အမြန်နှုန်း နဲ့  အကြိမ် ၃၀ ဖိပေးပါ( ၁ စက္ကန့် မှာ ၁ ကြိမ်ထက် မြန်တဲ့နှုန်းနဲ့ အကြိမ် ၃၀ ဖိရ မှာ ပါ ။ တကယ်လို့  လူနာ ဟာ အသက် ၁ နှစ်မှ ၈ နှစ် အရွယ်တွင်း ဖြစ်ပါက လက်ဖဝါး တဖက်တည်းဖြင့် ဖိပေးခြင်း နဲ့ လုံလောက် ပါတယ် ။ အသက် ၁ နှစ်အောက် ဆိုရင်တော့ မိမိရဲ့ လက်ချောင်း ၂ချောင်း သို့ မဟုတ် ၃ ချောင်းသာ အသုံးပြုပြီးဖိပေးပါ ။ ရင်ဘတ် ရဲ့  ၃ပုံ တပုံ ၊ ၁လက်မခွဲ ခန့် နိမ့်သွား အောင် သာ ဖိဖို့  လိုပါတယ် ။)
၂။ ပြီးလျှင် လူနာရဲ့  ဦးခေါင်းကို နောက်သို့  အနည်းငယ် ဆွဲ လှန်ပြီး သူ့  ပါးစပ်အနားတွင် အသက်ရှုသံ ရှိ မရှိ နားထောင်ပါ ။ အသက် မရှုသေးလျှင် လူနာ နှာခေါင်းကို ညှစ် ( ပိတ်) ပြီး၊ လူနာ ပါးစပ်အား မိမိ ပါးစပ်ဖြင့်တေ့ကာ လူနာရင်ဘတ်ဖေါင်းလာတဲ့အထိ လေ ကို ၂ကြိမ် မှုတ်သွင်းပါ။ လေတခါ မှုတ်ချိန်မှာ ၁ စက္ကန့် သာ ဖြစ်ပါတယ် ။
၃၀း ၂ အချိုး အရ ။ အချက် ၃၀ နှိပ်ပြီးပါက လေကို ၂ချက် မှုတ်သွင်းပေးပါ ။
( ပြုစုမဲ့သူ ၂ ယောက် ရှိနေပါက တယောက်က ရင်ဘတ်ကို အချက် ၃၀ ဖိ ပြီးတိုင်း ကျန်တယောက်က ပါးစပ်မှ လေမှုတ်သွင်းခြင်း ၂ ခါ ကို တလှည့်စီ လုပ်ပေးနိုင်ပါတယ် ။ မိမိ တဦးတည်းသာ ရှိနေပါက ၃၀ကြိမ်ဖိ၊ ၂ကြိမ် လေမှုတ် ၊ ကို တဦးတည်းပဲ ပြုလုပ်ပေးလို့  ရပါတယ် ။လူနာတင်ကား မလာ မချင်း ဤကဲ့သို့  အကြိမ် ၃၀ ဖိပြီး လေ ၂ ချက် မှုတ်သွင်းပေးခြင်းကို လုပ်ပေးပါ ။(လူနာအား ဆေးရုံ သို့  ပို့ ဆောင်ပြီး နောက် .. ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက အသက်ကယ်တင်ရေးကို လိုသလို ဆက်လက် ပြု လုပ်ပေးပါလိမ့်မယ်။ )
_______________________________________________________________________
နောက်တမျိုးကြုံတွေ့  နိုင်တာကတော့ ရုတ်တရက် လေပြွန် ပိတ်ဆို့  ခြင်း ( Chocking ) ပါ ။ များသောအားဖြင့် မိမိစားလိုက်တဲ့ အစားအစာ ( အတုံးကြီး ၊ အစာ ခပ်မာမာ ၊ ခပ်လျှောလျှော ၊ ဥပမာ အသားတုံးကြီး၊ရေခဲတုံး၊ စေးကပ်တဲ့ အစာ၊ ဂျယ်လီ အတုံး စသဖြင့် ) ၊ ပြင်ပမှ မြိုမိတဲ့ အရာ ( ကလေးများ ဆော့ ကစား ရင်း အရုပ် ၊ ဂေါ်လီလုံး၊ အကြွေစေ့ ၊ စသဖြင့် ) ၊ ခံတွင်းထဲ မှာ ရှိနေတဲ့ သွားအတု ၊ အစရှိတာတွေဟာ လည်ချောင်းမှတဆင့် လျှောကျပြီး လေပြွန်ကို ပိတ်ဆို့ စေတတ်ပါတယ် ၊။ အဲ့ဒီ အခါ ရုတ်တရက် အသက်ရှု ကျပ်ပြီး တကိုယ်လုံး ပြာနှမ်း ကာ မူးမေ့ သတိလစ်သွားတတ်ပါတယ် ။ အဲ့ဒါကို အချိန်မှီ ထုတ်ယူပေးဖို့  လိုပါတယ် ။ လေပြွန် ပိတ်ဆို့ တာ အချိန်ကြာလာတာ နဲ့ အမျှအဆုပ်ထဲ ၊ သွေးထဲ မှာ ရှိတဲ့ အောက်ဆီဂျင် ပြတ်လပ်ပြီး ဦးနှောက် နဲ့ နှလုံး ကို ထိခိုက်ကာ အသက်ဆုံးရှုံးနိုင်ပါတယ် ။
ဒီ အခါ မှာ မိမိ က ဘေးနားမှာ ရှိနေပါက ထိုသူ ကို အချိန်မီ ကယ်တင်နိုင်ပါတယ် ။
ဘယ်လို လုပ်ရမလည်း ။
ဒါကလည်း နည်းသိထားရင် လွယ်ပါတယ် ။ ဘာ ပစ္စည်း ကရိယာမှ မလိုပါဘူး ။ အဲ့ဒီနည်းလမ်းကို (Heimlich Maneuver) လို့ ခေါ်ပါတယ် ။
အောက်ပါပုံတွေမှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ ။
၁ ။ ။ လူနာ မှာ အမှန်တကယ် စကားမပြောနိုင်၊ ချောင်းမဆိုးနိုင်မှန်း သိအောင် အကဲခပ်ကြည့်ပါ ။
၂။ ။လူနာ အနောက်ဖက်မှ သိုင်းပြီး၊မိမိ လက်သီးဆုပ်ဖြင့် လူနာ၏ ဝမ်းပိုက် အပေါ်ဘက် ပိုင်း ရင်ညွန့် နေရာမှ အနောက်ဘက်အပေါ်ဘက် သို့  ခပ်ဆပ်ဆပ်လေး ဆွဲ ပင့်ပေးပါ ။ အတွင်းရှိ ပိတ်ဆို့နေတဲ့ အရာဝတ္ထု ထွက်လာတဲ့ အထိ ဆက်တိုက် ပြုလုပ်ပေးပါ ။
၃။ ။အကယ်၍ လူနာမှာ ကိုယ်ဝန်သည်(သို့မဟုတ် ) အလွန် ဝ သောသူ ဖြစ်နေပါက မိမိ လက်သီးဆုပ်အား ရင်ညွန့် အပေါ်ဖက် နားမှာ ထားပြီး ဆွဲပင့်ပေးပါ ။
ကလေးကြီးများအတွက် ဒီမှာ ကြည့်နိုင်ပါတယ် ။
အကယ်၍ ၁ နှစ်အောက် ကလေးငယ် ဖြစ်နေပါက မိမိ ပေါင်ပေါ်တွင် ကလေးကို ဇောက်ထိုး မှောက်ရက် တင်ပြီး လက်ဖနောင့် ဖြင့် နောက်ကျောဘက်မှ အကြိမ် ၅ ချက် ပုတ်တွန်းပေးပါ ။ တဖန် ပက်လက် ပြန်လှန်ပြီး ရင်ညွန့် ကိုလက်ချောင်းများဖြင့် ၅ ချက် ဖိပေးပါ။
အောက်မှ ဗီဒီယိုဖိုင် ကို ကြည့်ရင် ပိုပြီး မြင်သာပါတယ် ။အိမ်မှာ ကလေးငယ် အရွယ်ရှိသူများ အထူးသတိပြုဖို့ လိုပါတယ် ။ ရုတ်တရက် အသက်မရှူ နှလုံးမခုန်တော့ သူများ ကို အချိန်တိုတို အတွင်း အရေးပေါ် မပြုစုနိုင်ပါက ဦးနှောက်နဲ့ နှလုံးတို့ မှာ သွေးပြတ်လပ်ခြင်းဖြစ်ပြီး ဦးနှောက်သေဆုံးမှု (ဦးနှောက်မှာ အောက်စီဂျင်ပြည့်ဝတဲ့သွေး ပြတ်လပ်မှု အချိန် ၄ မိနစ် ကျော်သွားရင် ဦးနှောက်ဆဲလ် ကလပ်စည်းများသေဆုံး တတ်ပါတယ်) ၊ အသက်သေဆုံးမှုမျိုး ဖြစ်စေနိုင်တဲ့ အတွက် ဒီနည်းလေးတွေကို လူတိုင်း သိထား တတ်ထား သင့်ပါတယ် ။
အကယ်၍ အသက်ပြန်လည် မရှူလာသေးပါက အထက်မှာ ဖေါ်ပြခဲ့တဲ့ CPR နည်း ကို ဆက်လက် ပြုလုပ်ပေးဖို့  လိုအပ်ပါပြီ ။
ထို့ နောက် အရေးပေါ်ကားကို အကြောင်းကြားပြီး ဆေးရုံ သို့  ပို့ ပြီး ကုသပါ ။
သူများ တိုင်းပြည် မှာ အရေးပေါ်လူနာတင်ကား စောင့်ရချိန်မှာ သိပ် မကြာလှပါ ။ အဆင်ပြေပါတယ် ။ မိမိတို့  ပြည် မှာတော့ မီးစင်ကြည့် က ကြဖို့လိုပါလိမ့်မယ် ။ အဆင် မသင့်လျှင် မိမိပါ အမှုထဲ ဆွဲထဲ့ ခံရကိန်းရှိပါတယ်။ ဒါပေမဲ့ လူနာ တယောက် မိမိ ပြုစုပေးလိုက်လို့  အသက်ပြန်ရှု နှလုံးပြန်ခုန် လာ ပြီဆိုလျှင်တော့ သင့်မှာ ဖေါ်မပြ နိုင်လောက်အောင် ဝမ်းသာ ကြည်နူးမှု မျိုး ခံစားရလိမ့်မယ် ဆိုတာကို ယုံကြည်စေချင်ပါတယ်။
အရေးတကြီး လိုအပ်တဲ့ အချိန်မှာ အသုံးတည့်မဲ့ အရာများ ဖြစ်တာမို့  ပြန်လည် ဖေါ်ပြပေးလိုက်တာပါ ။
ဒီနေရာ မှာ စုံလင်စွာဆက်လက် လေ့လာ နိုင်ပါတယ် ။
ဘလော့ဂါတွေ ( ဘလော့အိမ်) တွေ မှာ ဝဲစွဲရောဂါများ ပြန်ပွားနေကြတာ ခုတလောမှ ဖြစ်ပေမဲ့ လူအများစုမှာ တုပ်ကွေးတွေ ဖြစ်တတ်ကြတာ ရာသီအလိုက် ၊ဒေသအလိုက် နှစ်စဉ် သန်းပေါင်းများစွာပါ ။ မကွေးဖူးတဲ့သူ ရှိမယ် မထင်ပါဘူး ၊ လူတိုင်းလိုလို ကွေးဖူးကြပါလိမ့်မယ် ။ ဆောင်းတွင်းကာလ အေးချမ်းတဲ့ရာသီ ၊ မိုးကလေးပါ စွက်လိုက်တော့ ချမ်းချမ်းအေးအေးနဲ့ မို့  တုပ်မကွေးတဲ့သုတွေတောင် အိပ်ယာထဲ ကွေးနေ နှပ်နေရတာ အလွန်ကောင်းပေါ့ ။
ဒီနှစ် ကမ္ဘာတဝှမ်း ရာသီဥတု ဆိုးရွား ဖေါက်ပြန်မှုတွေ ရှိခဲ့တယ် ။ ရာစုနှစ်တခုအတွင်း မကြုံဘူး လောက်အောင် အေးတဲ့နေရာက အေး၊ ပူတဲ့နေရာက ပူ နဲ့ မို့  လူတွေ အတော် ဒုက္ခရောက်ကြရတယ် ။ အပူချိန်( အအေးချိန်) ရေခဲမှတ်အောက် (အနှုတ်) ၄၀ ကျော် ၅၀ ကျော် တွေမှာ ဘယ်လို အသက်ရှင် နေထိုင်ကြရမလည်းတော့ မသိ ၊။ ၁၀ ဒီဂရီ စင်တီဂရိတ် အောက် ရောက်တာ နဲ့တင် ဒီနိုင်ငံက လူတွေ အတော်အေးနေပြီ၊ ဆောင်ရန် ၊ ရှောင်ရန် များ နဲ့  နွေးနွေးထွေးထွေးဝတ်ကြဖို့  ဆိုပြီး ရုပ်သံ မိုးလေဝသဌာန မှ အမြဲ သတိပေးလေ့ ရှိပါတယ် ။
မကြာခင်လေးတင်မှ ပြီးခဲ့တဲ့ တရုပ်နှစ်သစ်ကူး ပွဲတော် ပိတ်ရက် မှာ ၆ ရက် အတွင်း တုပ်ကွေးကြောင့် သေဆုံးသူ ၉ ယောက်ရှိ ပြီး ပြီးခဲ့တဲ့ တပါတ်မှာ သေဆုံးသူ ၁၅ ယောက် ရှိပါတယ် ။ ဒီနိုင်ငံမှာ ဒီနှစ်
တုပ်ကွေးရာသီ အတွင်း တုပ်ကွေးကြောင့် သေဆုံးသူစုစုပေါင်း ၇၄ ဦး ရှိပါပြီ ။( တုပ်ကွေး ဖြစ်သူပေါင်း ကတော့ သိန်းချီ နေပါပြီ ) ။ ဒါကြောင့် ရုပ်မြင်သံကြားသတင်းတွေမှတဆင့် လူထုကို သတိပေးနှိုးဆော်မှုများ ပိုမို လုပ်ဆောင် နေပါတယ် ။ ဒီ သေဆုံးသူတွေထဲမှ အများစု ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ မှာစတင် ထိုးပေးခဲ့တဲ့ တုပ်ကွေးကာကွယ်ဆေး လုံးဝ မထိုးထားခဲ့သူများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ ဒီတော့ ဒီတုပ်ကွေး နဲ့ ကာကွယ်ဆေးများအကြောင်း လေ့လာပြီး သိသလောက် ဖေါက်သည်ပြန်ချပေးလိုက်ပါတယ် ။( အမိ ရွှေပြည်ကြီးမှာလည်း ပြီိးခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်က ကြက်ငှက်တုပ်ကွေးများ နေရာကွက်ကြား ဖြစ်နေတယ် လို့  သတင်းသန့် သန့် ရထားပေမဲ့ စာရင်း အတိအကျတော့ မသိရပါဘူး ။)
တုပ်ကွေးဆိုတာ ဘာလည်း ။ ဘာကြောင့် ဖြစ်တာလည်း ။
မြန်မာလို ခေါ်တာ တုပ်ကွေး ၊ ဘိုလိုဆိုရင် Flu ( Influenza) ပေါ့ ။ ရာသီအလိုက်ဖြစ်တတ်လို့  Seasonal flu လို့ လည်းခေါ်တယ် ၊ သူက Orthomyxoviridae အမျိုးနွယ်ဝင် RNA Virus ဗိုင်းရပ် ပိုးတမျိုး ကြောင့်ဖြစ်တာပါ ။ ( ဖွဲ့စည်းပုံကို စိတ်ဝင်တစားအသေးစိတ်သိလိုရင် ဒီနေရာ မှာ ဆက်ဖတ်နိုင်ပါတယ် ) ။
သူ့ မှာ A,B,C ဆိုတဲ့ Type ၃ မျိုးရှိပြီး H1 to 16 & N 1 to 9 Sub-type အများအပြား ရှိနေပါသေးတယ် ။
တနှစ် နဲ့  တနှစ် ဖြစ်တဲ့  subtype မျိုးခွဲ တွေ ဟာ မတူကြပါဘူး ။နေရာဒေသလည်း ကွဲပြားကြပါတယ် ။ တချိန်တည်းမှာ ကမ္ဘာတဝှမ်းမှာ ကပ်ဘေးကြီး Epidemic အနေနဲ့outbreak ဖြစ်ကြတာတွေကို Pandemic လို့ ခေါ်ပြီး ဒေသအလိုက်ပဲ လူအများစု ဖြစ်ကြတာ ကို Endemic လို့  အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ် ။
ကြက်ငှက်၊ ဝက်၊ ခွေး၊ နွား၊ မြင်း၊ လူ စသဖြင့် ရောဂါ စတင်ဖြစ်ပွားတဲ့ အမျိုးအစားကို လိုက်ပြီး Bird Flu ,Swine Flu, Dog Flu , Horse Flu ,Human Flu ဆိုပြီး လည်း အမည်တပ် ခေါ်ဆိုကြပါတယ် ။
အဲ့ဒါတွေ ထဲက A အမျိုးအစားမှာ outbreak အဖြစ်များခဲ့တာတွေ နှစ်အလိုက် ပြောရရင် ၊
* H1N1, - ၁၉၁၈ စပိန်မှာ ဖြစ်ခဲ့တယ် ၊ ၂၀၀၉ က ဝက်တုပ်ကွေး လို့ ခေါ်တဲ့ Swine Flu ဖြစ်ခဲ့တယ် ၊( နောက်တော့ ဝက်တင်မက လူမှာပါ တွေ့ရလို့  New type flu အဖြစ် ပြောင်းလဲ ခေါ်ခဲ့တယ် )
* H2N2, ၁၉၅၇ က အာရှတုပ်ကွေး Asian Flu
* H3N2, ၁၉၆၈ က ဟောင်ကောင်တုပ်ကွေး
* H5N1, ၂၀၀၄ က ငှက်တုပ်ကွေး
ကျန်တဲ့ H1N2, H9N2 , H7N2, H7N3 စတာ တွေလည်း အများကြီး ရှိပါသေးတယ် ။
(ဒီနိုင်ငံအနေနဲ့ ဒီနှစ်မှာ H1N1 နှင့် H5N1 ၂မျိုးစလုံး တွေ့ ရပါတယ် ။)
ဒီတုပ်ကွေးတွေကြောင့် ကမ္ဘာတဝှမ်းမှာ နှစ်စဉ် လူပေါင်း ထောင် သောင်း၊ ချီပြီးသေကြရတယ် ။ အဲ့လောက်ဆိုးတာ ။ ဒါပေမဲ့ ဖြစ်နေကြ မို့  လူ အတော် များများက သိပ်အလေးမထားချင်ကြဘူး ။အိမ်သုံးဆေးလေးတွေ သောက်ရင်းနဲ့ ပျောက်သွားကြသူပေါင်းလည်း မနဲတာမို့  ၊တုပ်ကွေးဆိုတာ ခရီးသွားဧည့်သည် သဘောလောက်ပဲ ပေါ့ ။ အချိန်တန်ပျောက်တာကိုး ။ ဒါပေမဲ့ ကိုယ်ခံစွမ်းအားနဲနေသူများ၊ အသက်အရွယ် ကြီး လွန်း ၊ ငယ်လွန်း နေသူများ ။ နှလုံး သွေးတိုး ဆီးချို စတဲ့ ရောဂါ အခံရှိသူများ မှာတော့ ပေါ့ပေါ့ဆဆ နေဖို့  မသင့်လျော်ပါဘူး ။
ရောဂါလက္ခဏာတွေက သိကြတဲ့ အတိုင်းပဲ ၊ အတိုင်းပါဘဲ နှာချေမယ် ၊နှာစေးမယ် ။ ချောင်းဆိုးမယ် ။ တကိုယ်လုံး ကိုက်ခဲပြီး မအီမသာ ဖြစ်မယ် ။ အဖျားလဲ ရှိတတ်တယ်။ လည်ချောင်းနာမယ် ။ခေါင်းကိုက်မယ် ။အစားအသောက်ပျက်မယ် ။ပျို့ အန် မယ် ၊တခါတလေ ဝမ်းလျောတတ်တယ် ။ အန်တတ်တယ်။ ဗိုက်အောင့်တယ်၊ ဒီထက်ပိုဆိုးလာရင်တော့ အသက်ရှူ လမ်းကြောင်း ယောင်ရမ်းပြီး အသက်ရှု ကြပ် မယ် ၊ ရင်ဘတ်အောင့်မယ် ။ ကိုယ်အပူချိန်ကျသွားပြီး အေးစက်ပြီး ရှော့ ရတတ်တယ် ၊ နမိုးနီးယား အဆုပ်ရောင်ပြီး အသက်အန္တရာယ်ပေးတတ်ပါတယ်။
ရောဂါဘယ်လိုပြန့် ပွားသလည်း ။
နှုာစေး ချောင်းဆိုးနေသူတယောက်ရဲ့  ချောင်းဆိုးလိုက် ရှုထုတ် လိုက်တဲ့ တံတွေး၊ သလိပ် နဲ့ အမှုန် အစက်တွေ ထဲ မှာ ဒီ ဗိုင်းရပ်ပိုးတွေ အများကြီး ပါဝင်နေပါတယ် ။ဒီတော့ သူ့နဲ့ နီးစပ်နေသူတွေကိုတိုက်ရိုက် အသက်ရှူလမ်းကြောင်းမှတဆင့် ရောဂါ ပျံ့ ပွားစေပါတယ် ။ တချို့ ကျတော့ ဒီတံတွေး သလိပ်နှာရည်တွေ ရှိနေတဲ့ အသုံး အဆောင် ( ဥပမာ - လက်ကိုင်ပဝါ မျက်နှာသုတ်ပဝါ၊ ရေခွက် ၊ ရောဂါရှိသူကိုင်တွယ်တဲ့ တယ်လီဖုန်း ၊ ကွန်ပြူတာ ကီးဘုတ် ၊အများသုံး တံခါးလက်ကိုင် ၊ဓါတ်လှေခါး ခလုပ် စတာတွေ ) မှတဆင့် ထိတွေ့ ခြင်းဖြင့် ရောဂါ ကူးစက်နိုင်ပါတယ် ။
ဒါကြောင့် မိမိရဲ့  လက်ကို တခုခုကိုင်ပြီးတိုင်း အစာမစားမှီ ၊ စင်အောင်ဆေးသင့်ပါတယ် ။ လူအများ စုဝေးရာ နေရာတွေ၊ အထူးသဖြင့် ရုပ်ရှင်ရုံ လို အလုံပိတ်ခန်းထဲမှာနာရီများစွာ နီးနီးကပ်ကပ်နေရတဲ့ နေရာမျိုး၊ တတ်နိုင်သလောက် ရှောင်သင့်ပါတယ် ။ သွားမယ်ဆိုရင်လည်း နှာခေါင်း ပါးစပ် စည်းတဲ့ Mask ကို အသုံးပြုရပါမယ်။ဒါပေမဲ့ Mask ဆိုတာ လေမှတဆင့် မိမိထံကို ရာနှုန်းပြည့် လုံးဝ ရောဂါပိုး မဝင်လာအောင် တားဆီးပေးတာမျိုး မရှိနိုင်ပါဘူး။ မလိုအပ်ပဲနဲ့ ဆေးရုံ ကဲ့သို့  ရောဂါပိုးများ စုစည်းတဲ့နေရာ တွေ မသွားပါ နဲ့  ။ မသန့် ရှင်းတဲ့ လက်များဖြင့် မိမိ မျက်စိ၊ နှာခေါင်း ၊ပါးစပ်တွေကို ထိကိုင် ပွတ်သတ်ခြင်း မပြုလုပ်ပါနဲ့ ။ အစားစားခါနီးတိုင်း လက်ကို သန့်စင်အောင် ဆေးကြောပါ ။ အရမ်းအေးတဲ့ဒေသတွေမှာ လက်ကို ရေဖြင့် မကြာခဏဆေးကြောခြင်း မပြုနိုင်ပါက Disinfectant dry soap gel များနဲ့ အခြောက်ဆေး နို်င်ပါတယ် ။
ဘယ်လိုစစ်ဆေးမလည်း ။
နှာစေး ချောင်းဆိုး တာ အဖျားကြီးနေတာ ၂ရက် ကျော်ပြီး ရိုးရိုး အကိုက်အခဲပျောက် ကိုယ်ပူကျဆေး ၊ common cold tablet တွေ နဲ့  မသက်သာရင် တတ်ကျွမ်းသူ ဆရာဝန် ဆီပြ ဖို့  ဝန်မလေးပါ နဲ့  ။
လည်ချောင်း နဲ့ ခံတွင်း အမြှေးပါးမှာ ကပ်နေတဲ့ ဗိုင်းရပ်ပိုးတွေကို ဓါတ်ခွဲစစ်ဆေးဖို့  လိုပါတယ် ။ စစ်ဆေးနည်းတွေလည်း အများကြီး ပါ ၊ Throat swab ယူပြီးစစ်ဆေးတဲ့ Real-time RT-PCR ဆိုတာကအများစု လက်ခံအသုံးပြု နေတဲ့ နည်းပါ ။ ပိုပြီး တိကျ မှန်ကန် မြန်ဆန် တယ် ပေါ့ ။
နောက်ထပ်နည်းလမ်းတွေ ရှိပါသေးတယ် ၊ တမျိုးက rapid influenza diagnostic tests (RIDT) - သူက မိနစ် ၃၀ အတွင်း အဖြေထွက်ပါတယ် ။ Direct and Indirect Immunofluorescence Assays(DFA and IFA) ဒါကတော့ ၂ နာရီမှ ၄ နာရီ အတွင်း အဖြေသိနိုင်ပါတယ်။ သွေးဖေါက်ပြီး သွေးရည်ကြည် မှ စစ်တဲ့ နည်းတွေဖြစ်ပြီး ကြားဖူးနားဝ ရှိရအောင် ပါ ။ တကယ့် လုပ်နည်း အဆင့်ဆင့် နဲ့ အဖြေတွေကတော့ သက်ဆိုင်ရာနည်းလမ်းအလိုက် ကွဲပြားမှု ရှိပါတယ် ။
ဘယ်လိုကုသမလည်း ။
များသောအားဖြင့် နှာစေး ချောင်းဆိုး ဖျားနာ တာလောက်ကို ရိုးရိုးတုပ်ကွေး အမှတ်နဲ့ အိမ်သုံးဆေးဝါးလောက် နဲ့ ပဲကိုယ့်ဟာကိုယ် အရင် လက်တည့်စမ်းလေ့ ရှိပါတယ် ။ အလွယ်ဆုံးကတော့ သန့်ရှင်းသောရေနွေးကို များများသောက်ပြီး စိတ်ရောကိုယ်ပါ အနားယူရပါမယ် ။ အရည်ရွှမ်းတဲ့ အသီးအရွက်များ ကို စားပေးခြင်းဖြင့် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ဖြည့်ဆည်းပေးနိုင်ပါတယ် ။
ဖျားနာနေရင်တော့ အကိုက်အခဲပျောက် ကိုယ်ပူကျဆေး တခုခု သောက် ပါ ။ ဒီဆေးတွေ လည်း အမျိုးမျိုးရှိပေ မဲ့ acetaminophen တို့  ibuprofen ပါဝင်တဲ့ဆေးတွေ ကို အချိန်အဆနဲ့ သောက်လို့ရပါတယ် ။
Aspirin ( salicylate) ပါတဲ့ဆေး ကိုတော့ အသက် ၁၉ နှစ်အောက် များ သောက်သုံးရန် သိပ်မသင့်တော်ပါ ။ Reye's Syndrome လို့ခေါ်တဲ့ အသည်းနဲ့ ဦးနှောက် ထိခိုက်ပျက်စီးတဲ့ ရောဂါတမျိုး ဖြစ်စေတတ်လို့ပါ ၊အဲ့ဒီ ရေးစ် ရောဂါက နဂို အခံ အဆီအက်စစ်ဓါတ်တိုးဓါတ်ပြုခြင်း ပုံမမှန်ဖြစ်နေသူ ၊ ကလေး နဲ့ ယ်ကျော်သက်တွေ မှာ တုပ်ကွေး ၊ ရေကျောက်စသဖြင့်ကူးစက်ခံရစဉ် မှာ Aspirin (salicylate) ပါတဲ့ဆေးတွေ သောက်သုံးမိပါက နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ ရောဂါတမျိုးပါ )
တကယ်လို့  ဒီဆေးတွေ သောက်လို့ မှ ၂ ရက်အတွင်း မသက်သာရင် ဆေးရုံ ဆေးခန်းတွေမှာ နားလည်တဲ့ဆရာဝန် နဲ့ သေချာကုသင့်ပါတယ် ။ (ဖြစ်နိုင်ရင်တော့ တုပ်ကွေးလက္ခဏာ စတာ နဲ့ ဆရာဝန် နှင့်
ကုသမှု ခံယူတာ အကောင်းဆုံးပါ )
ဒီဗိုင်းရပ် ပိုးကြောင့်ဖြစ်တာ သေချာရင်တော့ --oseltamivir (Tamiflu) သောက်ဆေး ။( တုပ်ကွေး ဖြစ်တာ ၄၈ နာရီအတွင်းသောက်နိုင်ရင် ပိုကောင်းပါတယ် ။ ၉၀ ရာနှုန်းခန့်  မှာ တုပ်ကွေးကို ပိုမို ဆိုးရွားစွာ ခံစားရခြင်းမှ သက်သာစေပါတယ် ။)
အသေးစိတ်ကို ဒီနေရာ မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ် ။
--zanamivir (Relenza) inhalation ဖျန်းဆေး ။ ( ရင်ကြပ် ပန်းနာ ရှိသူများ မသုံးစွဲရ )
--Peramivir အကြောထိုးဆေး
အစရှိတဲ့ ဆေးတွေနဲ့ ဆရာဝန်ညွန်ကြားချက်အရ ကုသမှု ခံယူနိုင်ပါတယ် ။ ဒီဆေးတွေမှာ ဘေးထွက ဆိုးကျိုးများ ရှိပါတယ် ။ (Peramivir ဆိုတာ ကတော့ စမ်းသပ် ဆဲကာလ မှာ ပဲ ရှိနေပါသေးတယ် တခြားဆေး တွေနဲ့ ကုမရတော့ မှ သာ သုံးဖို့ ဖြစ်ပါတယ် )
ဒီလို ကာကွယ် နိုင်တယ် ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် သက် ရောက် မှု ရှိသည် ဆို တဲ့ အတိုင်း ၊ ကြိုတင် ကာကွယ်ထားကြရင် ရောဂါဖြစ်ဖို့ အခွင့် အလမ်း နဲ ပါမယ် ။ အခြေခံ ကာကွယ်နည်းတွေ ကတော့ အထက်မှာပြောခဲ့သလို ။ အစာမစားမှီ လက်ဆေးပါ ။ လက်မဆေးပဲ မိမိ မျက်စိ နှာခေါင်း၊ ပါးစပ် စတာတွေ ကို ကိုင်တွယ်ခြင်း မပြုပါနဲ့ ။ နှာစေးရင် ချောင်းဆိုးရင် ကိုယ့် ရောဂါ သူများ မကူးအောင် ။ သူများ ရောဂါကိုယ်မကူးအောင် Mask တပ်ဆင် ပါ ။ လူတွေများ လေဝင်လေထွက် မကောင်း ပိတ်လှောင်တဲ့ နေရာတွေ ကို ရှောင်ပါ ။
နောက် တနည်း က .ကာကွယ်ဆေး ထိုး ခြင်း ( Antiflu Vaccination ) ဖြစ်ပါတယ် ။ ဒီ ဆေးတွေ ကို WHO မှ လာမဲ့ နှစ် တုပ်ကွေးရာသီ မှာ ဖြစ်မဲ့ ဗိုင်းရပ်စ် ပိုး အမျိုးအစားကို တွက်ချက်ပြီး နှစ်စဉ် ပြောင်းလဲ ထုတ်လုပ်ကြရတာ ဖြစ်လို့ တနှစ်နဲ့တနှစ် ကာကွယ်ပေးနိုင်တဲ့ ဆေး အမျိုးအစားက တသမတ်တည်း မဟုတ်ပါဘူး ။ ဆေးရဲ့  ကာကွယ်မှု ပေးနိုင်တဲ့ အာနိသင် က ဆေးထိုး အပြီး ၁ လ ကြာမှ ရ မှာ ဖြစ်ပြီး
၁နှစ်သက်တမ်းသာ ကာကွယ်နိုင်စွမ်း ရှိပါတယ် ။ ဒါကြောင့် တုပ်ကွေး ရာသီ မတိုင်မီ ၂ လ လောက် မှ စတင် ထိုးထားရပါမယ် ။ နှစ်စဉ် အချိန်မှန် ထိုးကြရပါမယ် ။ တိုးတက်ပြီးသား နိုင်ငံတွေ မှာတော့ အစိုးရ
ကျန်းမာရေးဌာနတွေ မှ တာဝန်ယူပြီး အခမဲ့ ထိုးပေးပါတယ် ။ (ဆေး အရေအတွက် အလိုက် ဦးစားပေး အဆင့်များ ခွဲထားတတ်ပါတယ် ။ ၂နှစ်အောက် ကလေး၊ အသက် ၆၅ နှစ်အထက် ၊ နှလုံး သွေးတိုး
ဆီးချို ၊ ရင်ကြပ် ပန်းနာ ၊ရောဂါ အခံ ရှိသူများ ၊ ကိုယ်ခံစွမ်းအားကျဆင်း ရောဂါ ခံစားနေရသူများ ကို ဦးစားပေး ပထမ အဆင့် ထားရှိပါတယ် )
၂၀၀၃ ခုနှစ် မှာ SARS coronavirus ဆိုတဲ့ ဗိုင်းရပ်စ် ကြောင့် SARS ဆိုတဲ့ရောဂါ နာမည်ဆိုး ကြီးနဲ့ သေသူများတာကြောင့် တကမ္ဘာလုံး တုန်လှုပ်ချောက်ခြားသွားခဲ့ကြပြီး ၊ ၂၀၀၄ ခု နှစ်မှာဆိုရင် လူတွေက Antiflu vaccination ကို အလုအယက် ထိုးလိုကြတယ် ။ ဒါကြောင့် ဒီတုပ်ကွေးကာကွယ်ဆေးက SARS ကာကွယ် ဆေး မဟုတ်ဖူး ဆိုတာ လူအများ နားလည် အောင် ရှင်းပြကြရတယ် ၊ ဆေးတွေတောင် ထုတ်လို့  အလျှင် မမှီ ပြတ်လပ်ခဲ့ရတယ် ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကြာလာလို့  မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြ ပြီး .ကာကွယ်ဆေး မထိုးလိုကြတော့ ဘူး ။ ဒါကြောင့် ပြီးခဲ့တဲ့ နောက်ဆုံးတခေါက် ၂၀၁၀ အောက်တိုဘာ မှ စတင် ထိုးပေးခဲ့တဲ့ ကာကွယ်ဆေး တွေကို မှန်းထားသလောက် လာ မထိုးကြလို့  ၊ အသိပေး ကြော်ငြာချက်တွေ အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ် ။ ဒီတနှစ် ဒီနိုင်ငံမှာ တုပ်ကွေးကြောင့် သေဆုံးသူတွေထဲ မှာ ကာကွယ်ဆေး မထိုးထားခဲ့ကြတဲ့သူအများဆုံး ဖြစ်လို့  ၊ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့် ပြန် ဆက်လုပ်နေရပါတယ် ။
ဒီ နှစ်အတွက် ကာကွယ်ဆေးကတော့ အောက် ပုံ မှာ ပြထားတဲ့ အတိုင်းပါ ။
ဆေးနဲ့ မတည့်သူတွေလည်း ရှိတတ်ပါတယ် ။ များသောအားဖြင့် ဒီဆေးက ကြက်ဥ Egg Protein မှ ထုတ်လုပ်ထားတာဖြစ်လို့  ဥနဲ့မတည့် သူများ မထိုးရပါဘူး ။ တချို့ မှာ လည်း Allergic Reaction တွေ ရှိတတ်ပါတယ် ။ ဘယ်ဆေးမဆို ဖြစ်နိုင်ချေရှိတာမို့  တခြားဆေးတွေနဲ့ မတည့်သူများ သတိထားရပါမယ် ။
ဝက်တုပ်ကွေး နဲ့ ပတ်သက်ပြီး ဒီနေရာမှာ ရေးထားတာတွေလည်း ရှိပါတယ် ။
ဘလော့တခွင် မှာ ဝဲလည်းကင်းစင် ၊ တုပ်ကွေးလည်း မဝင်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ် ။
လွန်ခဲ့တဲ့ ၂ ပါတ်လောက်က စပြီး ကိုယ့်ဘလော့လေး ပြသနာတက်သွားတယ် ။ အဲ့ဒီတုံးက Blogger Dashboard ကနေ Post ရေးလို့  ရသေးတယ် ။ တင်လို့  ရသေးတယ် ။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ပလပ်ပေါက်ကို ကိုင်မိလေတာ လား မသိ.. လင်ဇီး ကို အထင်ကြီးသလို မကြီးသလို ကြားထဲ မှာ ဒီဘလော့လေး ဒီလိုဖြစ်သွားတယ် ဆိုတော့ ..တခုခုတော့ တခုခု ပဲ လို့  ထင်လိုက် မိတယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး ဖွင့်တာ နဲ့ ပိတ်တာလောက်ပဲ သိတဲ့သူတယောက်ဆိုတော့ .. သူများတွေ ပြောပြောနေတဲ့ ဗိုင်းရပ်စ် တကောင်ကောင်များ ကိုက်သလား ရယ်လို့  စိုးရိမ် မိသွားတယ် ။ မြင်လိုက်ရတဲ့ ပုံက အဲ့လို ကြီးလေ..
ဒါနဲ့ သူငယ်ချင်းတယောက်ကို လှမ်းမေးကြည့်တော့ သူကလည်း သူသုံးနေတဲ့ Microsoft security essential ဆိုတဲ့ ဗိုင်းရပ်သတ်တဲ့ ဆော့ဝဲလ်လေး အလကားပေးတဲ့ နေရာ ကနေ ဝင်ဆွဲပြီး သုံးလိုက်မိကာမှ ငါးပါးမက မှောက်တော့တာပဲ ။
ဖြစ်ပုံက သုံးနေတဲ့ Vista ကြီးက အဆင်မပြေလို့  Window XP ပြန်ပြောင်းသုံးဖို့  လုပ်ပေးလိုက်တဲ့သူက လိုင်စင်မဲ့ ဆော့ဝဲလ် ထဲ့ထားပေးပြီး မှာထားခဲ့တယ် ။ ဘယ်တော့မှ Update မလုပ်ဖို့  ပေါ့ ။ ဒီအချက်ကိုမေ့ပြီး ခုန အလကားပေးတဲ့ ဗိုင်းရပ်သတ် တာ ကြီးကို Install လုပ် run ပြီးတော့ Restart .. လုပ်ရိုး လုပ်စဉ်တွေ လုပ်ဖို့  ပြန် အပိတ်မှာ ... ပလုံ..ပလုံ.... တလောကလုံး မှောင်မဲသွားသလိုပဲ..
ဟိုက်.. ငါ့ကွန်ပြူတာလေး ပြန်ဖွင့် မရတော့ ပါလား .. လို့ ပေါ့ ။
အဲ့ ည က .. မိုးလင်းတဲ့ ည...
နောက်ရက်တွေ အလုပ်တက် နေရတာ လည်း စိတ်မပါ ။ လူက အင်တာနက် မဝင်ရ မနေနိုင် ဆိုတော့ ၊ မျောက်ငပိ ကိုင်မိသလို..ရိုးတိုး ရွတ နဲ့ပေါ့ ။ မျက်နှာစာအုပ်မှာလည်း မဖွ နိုင် ၊ ဘလော့မှာ လည်း မကြွနိုင် နဲ့ အလုပ်နားတဲ့ရက်ရောက်မှ မိတ်ဆွေလေးတဦး ဆီ အမေဘုတ်(Mother Board) ကြီး မပြီး စစ်ကြည့် ရတယ် ။ အရေးပေါ် အသက်ကယ်ဖို့  အချိန်အတော်ကြာ ကျိုးစားပြီး ဘယ်လိုမှ မရတော့လို့  Window တွေ ပြန်တင် Format တွေ ပြန်ချ နဲ့ သူလည်း ထမင်းစားပျက် အချိန်ကုန်ခံပြီး လုပ်ပေးလိုက်တော့ Coma ဝင်နေတဲ့ ကိုယ့် ကွန်လေး ပြန်လည်နိုးကြားလာပါတယ်။ ဒါပေမဲ့ကိုယ့် IP နံပါတ်လေး မသိတော့ ခွဲဝေ သုံး ဖို့  ပေးထားတဲ့  အင်တာနက် လိုင်းထဲ ပြန်ဝင်လို့  မရသေးပြန်ဘူး ။ နှစ်ကူး ပိတ်ရက်တွေ မှာ အလုပ်နားကြ တော့ နံပါတ် သိတဲ့ သူ အလုပ်ပြန်တက်မဲ့ ရက်ကို စောင့်ပြီး reset ပြန်လုပ်ပေးတယ်။
ဝမ်းသာအားရ နဲ့ ဘလော့တွေ လည်တော့ မဟဲ့ လို့  ကိုယ့်ဘလော့လေး ပြန်ဖွင့်ဝင်လိုက်ပါတယ် ... လား..လား... ဟိုတကောင် မဲလဝဲ ဆိုတဲ့ ဟာကြီးက အပေါက်ဝ ကနေ ဆီးကြို ချောက်လှန့် နေတုံးပါလား ။ ဒီတခါတော့ ဘာ ဗိုင်းရပ်သတ်တာမှ မလုပ်ရဲတော့ဘူး ။ ဒါနဲ့ ပဲ ကိုဇော်နဲ့ အဖြူရောင် နတ်သမီး ဆီ အပူကပ်ရပြန်တယ် ။နတ်သမီးလဲ အဖြူရောင်ဘဝမှ အနီရောင်ဘဝ ပြောင်းသွားရှာတယ်လို့  သတင်းသန့်သန့် ကြားထားတယ်လေ ။
သူ့ ဆိုဒ် ကို ဝင်ရင် ဒီလို စာတမ်းကြီးက ဆီးကြို နေတော့ တာပဲ။
ဒါနဲ့  ကိုဇော် ပေးတဲ့ အဲ့ဒီလင့် ထဲ မှတဆင့် မဲလဝဲဆိုတဲ့ ဘာမှန်းမသိတာကြီးကို သွားရှာ ဖြစ်တယ်။ သူ့ ညွှန်ကြားချက် အတိုင်း လိုက်စစ် .. လိုက်ရှာ ..လိုက်လုပ် လိုက်တော့ မှ အဆင်ပြေ သွားပါတယ်။ ခုတော့ ရှေ့ မှာ ကန့် လန့် ခံနေတဲ့ နီနီရဲရဲ မဲလဝဲကြီး လောလောဆယ် အတွက် ရှင်းလင်းထားလိုက်ပါပြီ ။
ဒီ မဲလဝဲ ကြီး ဘယ်က နေ ဘယ် လို ရောက်လာတာ ပါ လည်း ။???
အဲ့ဒီ မဲလဝဲ ဆိုတာ က .. ကိုယ်ဆိုဒ်ထဲကို သူများလာထဲ့သွားတာလဲ ဖြစ်နိုင်ပါသတဲ့
How did this happen?
In some cases, third parties can add malicious code to legitimate sites, which would cause us to show the warning message.
ကဲ.... လူတွေ လူတွေ ..ဘယ်လောက်တောင်များ ခက်လိုက်ပါသလည်း ။ ဟိုဝဲ ဒီဝဲ လိုက်ဝဲပြီး သူများတွေကို ဒုက္ခလိုက်ပေးနေကြတဲ့ လူတွေလည်း ရှိနေပါသေးလားကွယ် ...
ဘာပဲ ပြောပြော အဆိုးထဲက အကောင်းဖက် ပြန်တွေးဆင်ခြင်ကြည့်လိုက်မိတော့
၁-ကော်ပီ မိုက်ခရိုဆော့ ဝင်းဒိုးတင်ထားမိသူတွေ .. update မလုပ်မိစေဖို့  သတိထားရ မှာ ဖြစ်ကြောင်း။
၂- အွန်လိုင်းမှာ သိရပေမဲ့ တကယ်ကူညီတတ်တဲ့ မိတ်ဆွေများ ရနိုင်ကြောင်း ။
၃- နည်းပညာတွေ တိုးတက်နေတာနဲ့ အညီ ကိုယ်တိုင်လည်း ခေတ်နောက် မှာ သိပ်ပြတ်မကျန်နေခဲ့ဘို့ လိုအပ်ကြောင်း။
၎- လိုအပ်တဲ့ အသိပညာအားလုံး လိုသလို ဆည်းပူးနိုင် တာမို့ ၊ အင်တာနက်ဆိုတာဟာ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင် ရန်သူ အဖြစ်မျိုး ဖြစ်နိုင်ကြောင်း ။
မှတ်သားထားလိုက်ရပါတယ်။
ဒီ အတွက် ကူညီင်္ပေးတဲ့ ကိုဇော် ၊ နတ်သမီး ၊ ကိုလင်းထက် နဲ့ ဘယာကြော်တို့ ကို ကျေးဇူးတင်ပါတယ်။
အဆင် မပြေသေးရင်တော့ နောက်ဘလော့အသစ်တခု တည်ဆောက်ရမယ် ထင်ပါတယ်။
လောလောဆယ်တော့ ဆိုဒ်ဘား ထဲ က မိတ်ဆွေတွေ ရဲ့ ဘလော့လင့် လေးများစွာကို ခေတ္တ ဖြုတ်ထား လိုက်ရပါတယ် ။ အဆင်ပြေတဲ့ အချိန်မှ ပြန် ရှာ ထဲ့ ရ ပါတော့ မယ် ။
စာဖတ်သူ မိတ်ဆွေများလည်း မိမိတို့  ဘလော့အိမ်ကလေး သန့် ရှင်းမှု ရှိ မရှိ Scan လုပ်ပြီး စစ်ဆေးနိုင်ကြပါတယ်။ ကိုယ့် အိမ်ဝ မှာ နီနီရဲရဲ မဲလဝဲ ကြီင်္း တွေ့ ရင် လည်း လန့် စရာ မလိုပဲ ချက်ချင်း မောင်းထုတ် လို့  ရ ပါတယ်။
အားလုံး ကျန်းမာ သန့် ရှင်းစွာ ဖြင့် ဘလော့ဂင်နိုင် ကြ ပါစေ ။
ဖြည့်စွက်ချက် ။ ။
ကြေငြာချက် အမှတ် ၁/၂၀၁၁။ ။
ဘလော့ဂါတွေမှာခံစားနေကြရတဲ့ ဝဲစွဲရောဂါများကို ပျောက်ကင်းကုသပေးနိုင်မဲ့ အကောင်းဆုံး “ဝဲသတ်ဆေးဖေါ်စပ်ပေးနိုင်သူများ”အား..၂၀၁၁ ရဲ့ “ဝဲနိုဘယ်ဆုကြီး” ပေးအပ်နိုင်ပါရန် ဝဲစွဲဘလော့ဂါများမှ စုပေါင်းအဆိုတင်သွင်းကြမည် ဖြစ်ပါကြောင်းးးးး
မပြောမပြီး မတီးမမြည် ဆို ပေမဲ့ ၊ ပြောနေရင်း ကလည်း မပြီးနိုင် ၊ မတီးတာတွေလည်း မြည်နေကြတော့ ဒီဇာတ်လမ်းလေးကို ပဲ ထပ်ဆက်ရပါအုံးမယ်။ ပြီးခဲ့တဲ့ ( မပြီးသေးတဲ့) လင်ဇီးနောက်ဆက်တွဲ လေးပေါ့ ။
ကော်မန့် တွေ မှာ ရေးထားတာ တွေ ( အပြန် အလှန် တွေ အပါ အဝင် ) ဖတ်ရတာ အကြောင်းအရာတခုကို ရှုဒေါင့် အမျိုးမျိုးကနေ ဆိုတော့ ဗဟုသုတ ရယူစရာတွေ လည်း ရှိပါတယ်။
ကိုယ် မမြင်မိတဲ့ ရှုဒေါင့်တွေ လစ်ဟာချက်တွေလည်း ရှိပါသေးတယ် ဆိုတာ ပြောလိုပါတယ် ။ ဘာပဲ ဖြစ်ဖြစ် အပြုသဘောအနေနဲ့ ကြည့်တတ် တွေးတတ် မယ် ဆို ရင် ဒါ က ဘယ်သူ့  ဘယ်သူမှ စော်ကား မော်ကား ပြောဆို ရေးသား နေကြတာ မဟုတ်ဖူး၊ အတွေ့အကြုံ ဖလှယ် နေကြတာ လို့ ယူဆလို့  ရပါတယ် ။
တယောက်ကလည်း ဝင် ပြောသွားသေးတယ် ။ လင်ဇီးအကြောင်းနဲ့  ဘာမှ မဆိုင်တာ ကို ။ Idiot ဆိုတဲ့ စကားလုံးကို ကိုယ်ကြိုက်လို့  ကိုယ့်နာမည် ထဲ မှာ ထဲ့ရေးထားတာပါ ။ “ ပုထုဇနော ဥမ္မတကော ” ၊ လူတိုင်းဟာ တမျိုးမဟုတ် တမျိုးရူးနေကြတဲ့  အရူးတွေချည်းပါပဲ ။ တကယ့် အရုးတွေ ကတော့ ကိုယ့်ကိုယ်ကိုယ် ရူးနေတယ်လို့  ဝန်မခံ တတ်ကြ ပါဘူး ။ ဒီတော့ သူများကို ရူးတယ် ပြောသူ က သူ့ ကိုယ်သူ ဘယ်လို လူ ဆိုတာ အရင် သုံးသပ်ကြည့် ဖို့  လိုပါတယ်။
အဓိက ပြောလိုသူက မပိုးပိုးသို့  ဖြစ်ပါတယ် ။ မပိုးပိုး ခုလို တင်ပြတာ လက်ခံပါတယ် ။
လင်ဇီး မကောင်းတာ၊ ကောင်းတာတွေကို ပြောလိုခြင်း သက်သက် မဟုတ်ပါ ။ လင်ဇီးမှာလည်း ကောင်းတဲ့ အချက်တွေ ရှိမှာ ပါ ၊တရုပ်ပြည်မှာ နှစ်ပေါင်းများစွာ သုံးစွဲနေခဲ့ကြတဲ့ တိုင်းရင်းဆေး တမျိုးဆိုတော့ ကောင်းတဲ့ အချက်တွေ ရှိတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး ။ ဒါပေမဲ့လည်း ကောင်း နဲ့အဆိုး ဆိုတာ အမြဲ ဒွန်တွဲ နေတတ်ကြတာ မို့  ၊ ကောင်းကြောင်းတွေချည်း ကြော်ငြာ နေဖို့  မသင့်ပါဘူး ။ မှို အမျိုးအစား ဖြစ်လို့ ကောင်းတဲ့ မှို တောင်မှ အဆိပ်သင့်ချင်သင့်နိုင်ပါသေးတယ် ဆိုတာလည်း သဘောပေါက်ပါတယ် ။ ဒါပေမဲ့ ဒီကုမ္ပဏီက ထုတ်တဲ့  ဒီမှိုကဘယ်မှာပေါက်တယ်၊ဘယ်လိုရတယ်ဆိုတာက စားသုံးသူတွေ ဘယ်လို လိုက်ပြီးစစ်ဆေးလို့ ရမှာ တဲ့လည်း၊ကြော်ငြာထဲမှာ ပါတဲ့အတိုင်းသာ ယုံကြည်ရမှာပေါ့ ။ကြော်ငြာကလည်း ထုံးစံအတိုင်း ကောင်းတဲ့အရာတွေချည်းပဲ ကြော်ငြာမှာပေါ့ ။
ကိုယ် ပေးချင်တဲ့ message က၊ ဆေးတမျိုးဟာ ရောဂါ ပေါင်းစုံကို ပျောက်ကင်းနိုင်စွမ်းရှိတယ် ဆိုတာ က ယုတ္တိ မရှိပါဘူး ။ ပြီးတော့ ဒီလင်ဇီး ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီက သုံးစွဲရာမှာ ရရှိမဲ့ အကျိုးတွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားတာတွေ့ ရပါတယ် ။ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးဆိုတဲ့ အရာတွေကို တလုံးတပါဒမျှ ဖေါ်ပြရေးသားထားခြင်း လုံးဝ ( လုံးဝ ) မပါရှိပါ ။ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာ ဆေးတိုင်းမှာ ရှိကြပါတယ် ။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတာ လည်း လူတိုင်းသိကြပါတယ်။ အနောက်တိုင်း ဆေးပညာ နဲ့ ပတ်သက်တဲ့ ဆေးတွေ ကို တကမ္ဘာလုံးမှာရှိတဲ့ ဆေးလမ်းညွှန် ဆေးကျမ်းတွေအားလုံးမှာဆိုရင် သက်ဆိုင်ရာဆေးနဲ့ ပတ်သက်သမျှ တွေကို
-Biochemistry,
-Ingredient ,
-Plasma half life,
-Indication ,
-Contraindication,
-Dosage ,
-Route of administration,
-Side effect ,
-Drug interaction,
-Precaution
အစရှိတာတွေကို စုံလင်တိကျစွာ ဖေါ်ပြထားရပါတယ် ။ ပြောချင်တာ ကတော့ အဲ့ဒီဆေးတွေ ရဲ့ ဇီဝတည်ဆောက်ပုံ၊ပါဝင်တဲ့ ပစ္စည်းများ၊သွေးထဲမှာ ရှိနေမဲ့ ဆေးအရှိန်ရဲ့ သက်တမ်း၊ သုံးစွဲသင့်တဲ့ ရောဂါများ၊ မသုံးစွဲသင့်တဲ့ ရောဂါများ၊ အသုံးပြုရမဲ့ ပမာဏ( ကိုယ်အလေးချိန်အလိုက် အတိအကျ တွက်ရခြင်း)၊ နဲ့ အသုံးပြုနည်း ( သောက်ဆေး၊ အသားထိုးဆေး၊ အကြောထိုးဆေး စသဖြင့်)၊ ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးများ၊ ဆေးအချင်းချင်း ဓါတ်ပြုခြင်းများ ၊ သတိပြုရန် အချက်များ ( ဥပမာ - ကိုယ်ဝန်ဆောင် ၊ နို့ တိုက် မိခင်များ မသုံးရ စသဖြင့် ) သေချာ စုံလင်စွာ ဖေါ်ပြကြရပါတယ် ။ ဒါ့အပြင် ဒီဆေးကြောင့် ဖြစ်လာတဲ့ ဆေးမတည့်ခြင်း ဓါတ်ပြုမှု အတွက် ဘယ်လို ဖြေဆေးတွေ သုံးရမယ် ဆိုတာလည်း ဖေါ်ပြရပါတယ် ။
နောက်တချက် ပြောလိုတာက ဆေး မှန်သမျှ ( သူတို့ ကတော့ ဆေး ဆိုတဲ့စာရင်းထဲ မထဲ့ပဲ ဓါတ်စာ လို့ ယူဆထားပုံ ရပါတယ် )ကို ဆေးဝါးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ၊ သင်တန်း တက်ရောက် အောင်မြင်သူတွေ ( တနည်းအားဖြင့် ) အစိုးရ အသိအမှတ်ပြု အောင်လက်မှတ် ရ ပြီးသားသူတွေ ( Pharmacist ) မှသာ ရောင်းချ ခွင့် ရှိပါတယ် ။ မြန်မာ ပြည်မှာ ကတော့ ကြိုက်တဲ့ဆေးကို ကြိုက်တဲ့နေရာမှာ (ကွမ်းယာဆိုင် ၊ လေဟာပြင်ဈေး စတဲ့ နေရာတွေမှာ)လိုသလောက် အချိန်မရွေး ဝယ်လို့  ရနေပါတယ် ။ ဘိုက်အောင့်ရင် ရော့ ဒီဆေးသောက် ၊ ဖျားရင် ဒီဆေးသောက် ဆိုပြီး ကွမ်းယာဆိုင်က တွဲစပ် ပေးလိုက်တဲ့ဆေး တွေ နဲ့ ရောဂါကုနေကြရသူတွေ မနည်းပါဘူး ။ ဆေးခန်းပြရတဲ့ စရိတ်တွေက ကြီးလွန်းလို့  ဆေးမြီးတို များနဲ့သာ ပြီးသွားကြရသူတွေလည်း မနည်းလှပါဘူး ။ ဒီလို ဆေးမြီးတို တွေ ၊ တိုင်းရင်းဆေးတွေ မှာလည်း သူ့ အစွမ်းနဲ့သူထက်မြက်တဲ့ဆေးတွေရှိကြပါတယ် ။ဒါက တပိုင်းပါ ။
တိုးတက်တဲ့ နိုင်ငံတွေမှာ ၊ စားသောက်ကုန် နဲ့ ဆေးဝါး ကြီင်္းကြပ် မှု ကို အလေးပေးတဲ့ နိုင်ငံတွေမှာ ဆိုရင် မူးယစ်စေတတ်တဲ့ ဆေးဝါးမျိုး ( ဥပမာ ကော်မက်သာဇင် လို ချောင်းဆိုးပျောက်ဆေး ၊ မော်ဖိန်း ပါတဲ့ ဆေးမျိုးတွေ ဆိုတာ အထူးကု ဆရာဝန်ကြီးတွေ ရဲ့  ဆေးလက်မှတ် နဲ့သာ ဝယ်ယူခွင့် ရှိပါတယ်။ဘယ်ဆေးမဆို ဘယ်လောက်ကောင်းတယ် ပြောပြော အဆင် မသင့် တဲ့ အခါ ၊ ဘေးထွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ် ။
Watson လို လူသုံးပစ္စည်း ၊အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန် ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သုံးဆေး (ဥပမာ ပါရာစီတမော တို့ လို အကိုက် အခဲ ပျောက်ဆေး၊ အစာအိမ်လေနာ ပျောက်ဆေး၊ စတာ တွေ ကိုတော့ ဒီအတိုင်း အလွတ်ဝယ်လို့  ရပါတယ် ။ ဒါပေမဲ့ ဆေးတိုင်းမှာ သတိပြုရမဲ့ အချက် နဲ့ လိုအပ်တဲ့ ပမာဏ ကို သေချာ ဖေါ်ပြကြရပါတယ် ။)။
ဆေး တခု ဟာ မတည့်ဘူး ၊ Allergic reaction ( ဓါတ်မတည့်သော တုန့် ပြန်မှု) တွေ ပြလာပြီ ၊ ခံစားလာရ ပြီဆိုရင် ဒီဆေးကို သုံးစွဲခြင်းမှ ချက်ချင်း ရပ်တန့် သင့်ပါတယ် ။ နောက်ပြီး တုန့် ပြန်မှု ပြင်းထန်တဲ့ အတိုင်းအတာ အလိုက် လိုအပ်တဲ့ ဖြေဆေး တွေ ပေးရပါတယ် ။ Allergic reaction & Anaphylatic shock ရတာမျိုးဆို ချက်ချင်းတောင် သေနိုင်ပါတယ် ။
အခု ဒီ ကုမ္ပဏီက အရောင်းကိုယ်စားလှယ် တယောက် ( ပဲခူး မြို့ က သာမန် လက်လုပ်လက်စား အဒေါ်ကြီးတယောက်၊ပြီးခဲ့တဲ့ နှစ်က မိုးတွင်း တနင်္ဂနွေနေ့ တရက်မှာ ကျွန်မကိုယ်တိုင် အဲ့ဒီ ဂါနို ကုမ္ပဏီတည်နေရာ ကို သွားရောက်လေ့လာခဲ့စဉ်က ဆုံတွေ့  ခဲ့တဲ့ အဒေါ်ကြီး တယောက် ပါ ၊ သူ့  ရဲ့ အပြောအရ ) ၊ ဒီလင်ဇီး မှာ ရောဂါပေါင်းစုံ ကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်း ရှိပါတယ် တဲ့၊ ဓါတ်မတည့် တာတွေလည်း မဖြစ်စေပါဘူးတဲ့ ၊ ဒီဆေးသောက်ပြီး သေတယ်ဆိုတာ သူတခါမှ မကြားဖူးပါဘူး တဲ့ ၊ တချို့  မှာ တော့ ဒီဆေးကို စစ သုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေ ပိုဆိုးလာတတ်ပါတယ် တဲ့ ။ အဲ့ဒါက ရောဂါသက်သာခါနီး မှာ ဆေးအစွမ်း ကြွ လာတာ မို့  ၊ ဆေးကို မရပ်ပဲ ၂ ဆ ၊ ၃ ဆ တိုးပြီးတော့ သောက် ရ မှာ လို့  ပြောပါတယ် ။
အဲ့ဒီ စကားအရဆိုရင် သူတို့ တွေဟာ တနင်္ဂနွေတိုင်း ပြုလုပ်နေတဲ့ သင်တန်းမှာ ဒီလို သင်ပြ ပြောကြားခြင်းခံယူထားကြရလို့  ဖြစ်ပါတယ် ။ဒါဟာ လွဲမှားတဲ့ အယူ အဆ ဖြစ်ပါတယ် ။ ပြီးတော့ ပြောပါသေးတယ် ။ ကျွန်မ ကို ခု ချက်ချင်း အဖွဲ့ ဝင်ရင်အဖွဲ့ ဝင်ကြေးက ၁၂၀၀၀ ကျပ် ထင်ပါတယ်။ သေချာတောင် မမှတ်ထားမိပါဘူး ၊ သွားတိုက်ဆေး တဗူးကို ၅၅၀၀ ကျပ်ဈေးနဲ့ ရမှာ ဖြစ်ပြီး တခြားလက်ဆောင်တွေပါ ရအုံး မှာ မို့  ချက်ချင်းလက်ငင်းတောင် အမြတ်ထွက်နေပြီ လို့  ဈေးတွက် တွက်ပြလိုက်ပါသေးတယ် ။
မပိုးပိုးက ပြောတယ် ။ “လင်ဇီးကြောင့် မသေဘူးလို့ မပြောနိုင်ပါဘူး.. ဒါပေမယ့် အသက်ရှင်နေစဉ်မှာ ရောဂါ ဝေဒနာ ခံစားမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်ပေးနိုင်ပါတယ်.. လင်ဇီးသောက်လို့ ဘာရောဂါမှ မဖြစ်ဘူးလို့လဲ ပြောလို့ မရဘူးနော်.." တဲ့ ဟုတ်ပါတယ်။လင်ဇီးကြောင့် မသေဘူး လို့  မပြောပါဘူး ။ ဒီကုမ္ပဏီကလည်း တခြား ရောဂါကြောင့်သေတာ လို့  ပြောပါတယ်။
“လင်ဇီးကြောင့်ဆိုတာ သက်သေ ပြလို့ မရပါပဲနဲ့.. ဘာကြောင့် လင်ဇီးကြောင့်လို့ တစ်ထစ်ချ သတ်မှတ် နိုင်တာပါလဲ... နောက်ပြီး လင်ဇီးအကြောင်းကို ဘယ်လောက်ထိ လေ့လာဖူးပါသလဲ လို့ မေးပါရစေ....လင်ဇီးကြောင့်လို့ ထင်ရင်.. အဲဒီ သံသယ ရှင်းသွားအောင် ဘာကြောင့်များ {cause of death} ကို သိအောင် မကြိုးစားခဲ့တာပါလဲ...”
သေဆုံးသူရဲ့  death certificate ပြန်ရှာမတွေ့ တာရော၊ Postmortem မလုပ်ခဲ့ကြလို့ ရော cause of death ကို သေချာပြောလို့  မရပါဘူး ။
အဲ့ဒီအချိန်မှာ သွေးရောဂါဆရာဝန်ကြီး ကိုယ်တိုင် အကြံပေးခဲ့ပါသေးတယ် ။ ဖြစ်တဲ့ရောဂါ လက္ခဏာတွေက ထူးဆန်းလို့  သေရတဲ့ အကြောင်းရင်းကို ရှာဖို့ ၊ သူတို့ အထင်လည်း ဒီပစ္စည်းတွေကြောင့်ဖြစ်တယ်လို့  ယူဆတာကြောင့် တိတိကျကျ အကြောင်းရင်းကိုသိလိုကြပါတယ် ။ ဒါပေမဲ့ ခက်တာက သေဆုံးသူရဲ့  ယောကျာင်္းက အဝေးရောက်ပြီး အကြောင်းကြောင်းတွေကြောင့် ပြည်တော် မပြန်နိုင်ဖြစ်နေတာကြောင့် ဒီကိစ္စကို ကျန်ရစ်သူရဲ့  ဆွေမျိုး ယောင်းမတွေက ဘယ်သူမှ တာဝန်ယူ ဆက်လက် မဆောင်ရွက်လိုကြတာမို့  Postmortem မလုပ်ဖြစ်ခဲ့ကြပါဘူး ။ ဗဟုသုတ နဲခြင်း၊ ကြောက်ရွံ့  အားနာခြင်းတွေ ကြောင့် ဘာမျှ စောဒကမတက်တော့ဘဲ ကံစီမံရာ လို့  ဖြေသိမ့်လိုက်ကြတာပဲ ဖြစ်တယ်။ သူများနိုင်ငံတွေမှာဆို ဒီကိစ္စမျိုး ဖြစ်လာရင် ရေဆုံးမြေဆုံး အဖြေရှာကြ ဖြေရှင်းတတ်ကြပါတယ် ။ အပြစ်ရှိရင် ရှိသလို ထိရောက်စွာ အရေးယူကြပါတယ် ။( လျော်ကြေးပေးရတာမျိုး၊ ကုမ္ပဏီ ပိတ်ပစ်စေတာမျိုး ၊ ထောင်ချတာမျိုး ပေါ့ )။
နောက်ပြီး မြန်မာပြည် မှာ ဓါတ်ခွဲခန်းတွေက ဘယ်လောက်များ reliable ဖြစ်ပါသလည်း ။ သွေးတခုကို တချိန်တည်း တပြိုင်တည်းဖေါက်ပြီး ဓါတ်ခွဲခန်း ၃ နေရာ ခွဲ ပို့ တာ တောင် အဖြေ ၃ မျိုးထွက်တာမျိုး ကိုယ်တိုင် ကြုံခဲ့ ရ ဖူး လို့  ပါ ။
မပိုးပိုး ပြောပါတယ် ။ “အဲဒီလို ကုမ္ပဏီတွေမှာ သူတို့ ကုန်ပစ္စည်းအတွက် အာမခံချက် ရှိတတ်ပါတယ်.. ဒီ ကုန်ပစ္စည်းကြောင့် အဆိပ်မသင့်ပါဆိုတဲ့ အာမခံချက်မျိုးပေါ့.. အဲဒါမှသာ ဈေးကွက်မှာ ရောင်းချခွင့် ရမှာလေ.. မသေဖို့ အာမခံတာ မဟုတ်ဘူးနော်.. " ဒီပစ္စည်းကြောင့် အဆိပ်မသင့်ဘူးဆိုတဲ့ အာမခံချက်ပါ.. ”
ခု ဒီ ဂါနိုကုမ္ပဏီမှ ဘာ အာမခံချက်တွေ ပေးထားပါသလည်း ။ အာမခံ မပေးရင် ဈေးကွက်မှာ ရောင်းချခွင့် မရမှာစိုးလို့  သာ ပေးရတဲ့ သဘောပေါ့ နော် ။ လူမမာ ဆေးရုံပေါ်မှာ သေကောင်ပေါင်းလဲ ဖြစ်နေတာ သူတို့  သိသိကြီးနဲ့  လူနာရှင်ဆီ တိုက်ရိုက် သတင်းမေးဖေါ် မရခဲ့ဘူး ။ ဆေးရုံ ဝန်ထမ်းတွေဆီ တိုးတိုးတိတ်တိတ် ဖုံးဆက်ပြီး မေးတော့မေးတယ် ။ လူမမာ သေပြီလား ဆိုတာ ပဲ တဲ့ ။
ဒါကိုကြည့်ခြင်းအားဖြင့် သူတို့  အာမခံပေးတယ် လို့ ပြော လို့ ရပါ့မလား ။ သူတို့ ဆီ အမှုပတ်မစိုးလို့  စိုးရိမ်စိတ်နဲ့  သတင်းစုံစမ်းတဲ့ သဘော ပဲ ဖြစ်တယ်။ လူနာလဲ သေပြီဆိုရော ဘာမှ ဆက်သွယ် မေးမြန်းခြင်း မရှိခဲ့ပါဘူး ။ နောက် ပိုင်း ၃ နှစ်လောက်ကြာမှ သူ့ ခင်ပွန်း ဗမာပြည် ပြန်ရောက်တော့ မှ ဒီ ကုမ္ပဏီ ကိုလိုက်စုံစမ်း ဖြစ်တယ် ။ နေရာ ပြောင်းရွှေ့ သွားလို့  ရက်အတော်လေး ကြာမှ ယခု ဒီနေရာကို ခြေရာခံလို့ ရတယ် ။ သူသိလိုတဲ့ အကြောင်းအရာတွေ မေးမြန်းစုံစမ်း တဲ့ အခါ မှာလည်း ဝေ့လည် ကြောင်ပတ် ပဲ အဖြေရတယ် ။
တာဝန်ရှိတဲ့ လူကြီးကို တွေ့ ချင်တယ် ဆိုတာတောင် အခါခါ သွားစောင့်ရတယ် ။ နောက်တော့ မခြေမငံပြော ဆို တာ ခံရတယ် ။ တိုင်ချင်ရာတိုင် ဆိုတဲ့ အစွန်းရောက် စကားလုံးတွေ ထိ ပြောဆိုခဲ့တယ် ။ ဒါဟာ သူတို့ ပေးတဲ့ အာမခံချက် ပဲလား။
နောက် တခု၊ ခရေ ဆိုသူ ပြောထားတာကတော့ ( အဲ့ဒီ လင်ဇီးသာ လူကို သေစေနိုင်တယ်ဆိုရင် တရုတ်နိုင်ငံ လူဦးရေ အဲ့လောက် များလာစရာ အကြောင်းကို မရှိတာပါ... ... အခု လင်ဇီး မကောင်းဘူးလို့ ပြောတဲ့သူတွေ လင်ဇီးဆိုတာကို သောက်ဖူးပါသလား မြင်ဖူးပါသလား မေးပါ့ရစေ... လွန်ခဲ့သော နှစ်ပေါင်း ၂၀လောက်ကတည်းက လင်ဇီးသောက်ပြီး အခုချိန်ထိ ဆက်သောက်လို့ ကျန်းမာနေတဲ့သူတွေ ကမ္ဘာမှာ သန်းနဲ့ ချီပြီး ရှိပါတယ်... ) ၊ လို့သူကပြောထားပါတယ်...။
အဲ့ဒီ လို ပြောတဲ့ တရုပ်ပြည်က သန်းပေါင်းများစွာသောလူ တွေ ၊ လူတိုင်းကရော လင်ဇီးကို သောက်ပြီးမှ ကျန်းမာ အသက်ရှည် နေကြတာ ပါ လား ။ ဒီလောက် ဈေးကြီးတဲ့အရာကို လူတိုင်း သောက်နိုင်ကြမယ် လို့  ထင်ပါသလား ။ ကိုယ်ကတော့ လင်ဇီးဘယ်လောက် ကောင်းတယ် ပြောပြော ၊ မယုံတာ ရော ။ ဈေးကြီးလို့  မသောက်နိုင်တာကြောင့်ရော ၊ ဒီလင်ဇီးကို မြင်ဖူးပေမဲ့ တခါမှ မသောက်ကြည့် ခဲ့ဖူးပါဘူး ၊ လက်ဆောင်လာပေးတာကိုတောင် အစမ်းသဘော မသုံးကြည့် ဖူးခဲ့ပါဘူး ။
ဒီနေရာမှာ တခု ထပ်ပြောချင်ပါတယ် ။ ဂါနို ကုမ္ပဏီမပေါ်ခင် ရှိုင်းဟုတ် ဆိုတာ စတင် ထိုးဖေါက်ဝင်ရောက်လာစဉ်က ။ အမေ့ မိတ်ဆွေ တယောက်ရဲ့  သမီး လည်း ဒီလင်ဇီး အရောင်းကိုယ်စားလှယ် လုပ်ခဲ့တယ် ။ သူကိုယ်တိုင်လည်းသောက်တယ် ။ လိုက်လည်း ရောင်းတယ် ပေါ့ ။
အစမ်းသဘော နဲ့  အိမ်မှာ လာ ပြီး လက်ဆောင် ပေးပါသေးတယ် ။ ဒါပေမဲ့ ကိုယ်တို့  အိမ်က ဘယ်သူမှ အားမပေးခဲ့ပါဘူး ။ သူ ကတော့ ဆီးချို ရောဂါ အခံရှိတယ် တဲ့၊ ဒါကလည်း မျိုးရိုးလိုက်တတ်တယ် ဆိုပေမဲ့ သူ့  မိဘ ၂ ပါးလုံး မှာ ဒီဆီးချို ရောဂါ မရှိပါဘူး ။ ဒီလို နဲ့  လင်ဇီးကို ၁၀ နှစ်ကျော် စွဲစွဲ မြဲမြဲ သောက်သုံးခဲ့ပြီး နောက် ၊လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး သူ့ မှာ ကင်ဆာ ရောဂါဖြစ် လာပါတယ် ။
ဆီးအိမ်ကင်ဆာ တဲ့ ။ ဒီရောဂါ နဲ့ပဲ လွန်ခဲ့တဲ့ ၂ လ လောက်က ဆုံးသွားခဲ့ ပါ တယ်၊သူ့ အသက် ၅၀ အရွယ်လောက် ပဲ ရှိပါအုံးမယ် ။ လင်ဇီးက ကင်ဆာ ရောဂါ ကိုတောင် ကာကွယ်နိုင်တယ် လို့  ပြောထား ပြီး ၁၀ နှစ်ကျော် သုံးလာတဲ့ သူ့ ကျတော့ ဘာလို့ ဆီးအိမ် ကင်ဆာ ဖြစ်သွားရတာ ပါ လည်း။ သူတို့  အနီးစပ်ဆုံးမျိုးရိုးမှာ လည်း ကင်ဆာ နဲ့ သေသူမရှိခဲ့ပါဘူး ။ သူ့ မိခင်ကြီးဟာ သွေးတိုးကြောင့် လေတခြမ်းဖျန်းထားပေမဲ့ ခုဆို အသက် ၈၀ ကျော်ရှိပါပြီ ။ ဒါကြောင့် လင်ဇီးသောက်ရင် ကင်ဆာ ရောဂါ ကာကွယ်နိုင်တယ် ဆိုတာကို ဘယ်လို တိုင်းဆပြီး ယုံကြည် ရမှာ ပါလည်း ။ လင်ဇီး မသောက်တဲ့ လူတိုင်းလည်း ကင်ဆာဖြစ်ကြတာမဟုတ်ပါဘူး ။
နောက်ဆုံး အကျဉ်းချုပ် ဆိုလိုရင်းကတော့..
တန်ရင်ဆေး လွန်ရင်ဘေး ဆိုတာ ရယ် ။ အကောင်း နဲ့ အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ ရယ် ကို အားလုံး သတိပြု မိအောင်ပါ ။ ဆုံးရှုံးခဲ့ရ ဒုက္ခရောက်ခဲ့ကြရသူတွေ အနေနဲ့လည်း ၊ မကြောက် မရွံ့ နဲ့  အမှန်တရားကို ဖေါ်ထုတ်ဖို့  လိုအပ်နေသေးတယ် ဆိုတာလည်း ပြောလိုပါတယ်။ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် မို့သောက်သုံးနေသူများကိုလည်း အပြစ်မတင်ပါဘူး ၊ ဘေးအန္တရာယ် မဖြစ်လာစေဖို့ လည်း ဆုတောင်းပေးပါတယ် ။ ဒီနေရာထိ ရောက်အောင် ဖတ်ပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။ ချမ်းသာကိုယ်စိတ်မြဲပါစေ ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အား မတင်မစီ်းလေးပြောကြားချင်ပါတယ် ။ ထို့ အတူ ဂါနို ရဲ့  အညာပိုတာလေးတွေ သေချာရေရာအောင် ကြော်ငြာစာလေးရေးပေးလိုက်ချင်ပါတယ် ။ အို ဘာတဲ့တုံး ၊ လင်ဇီး နဲ့  ဂါနို ဆိုတာ တွေက ဗမာစာ ဗမာစကားတော့ မဟုတ်တာ သေချာတယ် ... တကယ် ဆိုတော့ အတူတူပါပဲ တဲ့ ။ အမိရွှေပြည်ကြီးမှာ စားသောက်ကုန်နဲ့ ဆေးဝါးကြီးကြပ်မှုတွေ ၊ ထိန်းချုပ်မှုတွေ လျော့ရဲနေတာကြောင့်လား ၊ စားသုံးသူတွေ အတွက် ဘာအာမခံချက်မှ မရှိတာတွေကို ဒီအတိုင်း လျစ်လျှူရှုထားတာ တွေကြောင့်လား ။ စားသုံးသူ တချို့ ရဲ့  ဆိုးဝါးလှတဲ့ ကံကြမ္မာကြောင့်ပဲလား ၊ မဖြစ်နိုင်တာတွေကို ပြောတိုင်း အယုံလွယ်တတ်တဲ့ စားသုံးသူတွေရဲ့  အပြစ်ကြောင့်ပဲလား ...ဆိုတာ ကိုတော့ ဒီစာဖတ်အပြီးမှာ လိုသလို ဆွဲတွေးကြည့်ကြပါလို့ ပဲ ပြောပါရစေ ။ ပြောပြရင် ဒေါပွမှာလား ဆိုတဲ့ နေဇော်နိုင် လိုတော့ စီကာပတ်ကုံး ထိထိမိမိ ပြန်မပြောပြနိုင်တာကိုလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ် ။
ကိုညောင်ရမ်းရဲ့ ပြန်မပြောချင်တဲ့ဇာတ်လမ်းတပုဒ်ပါ ။ ဖွားကိက အများသိစေရန် တအားရိလိုက်ပါတယ် ။ကိုညောင်ရမ်းဆိုတာကတော့ ကိုမြစ်ကျိုးအင်းရဲ့ ဇာတ်လမ်းတွေ ထဲမှ ဇာတ်လိုက်ကြီးတယောက်ပဲပေါ့။ သဘောကောင်း မနောကောင်း အချက်အပြုတ်ကောင်းလို့  သူ တမြေရပ်ခြားမှာ ရှိနေစဉ်က သူ့ အိမ်မှာ လူစုပြီး ချက်ပြုတ်စားသောက်လေ့ ရှိခဲ့ကြတယ်လေ ။ ခုတော့လည်း အမိမြန်မာပြည်မှာ ပြန်လည် အခြေချနေပါပြီ။
ဒီဇာတ်လမ်း ရဲ့ အစ ။ ။
၂၀၀၆ ခုနှစ် ဆန်းပိုင်း ၊ကိုညောင်ရမ်းရဲ့  မဟေသီ ဟာ ဒုတိယမြောက် သားရတနာကို မွေးဖွားအပြီး ၆လ ခန့် အကြာ မှာ ဟိုလူပြော ဒီလူပြော ၊ ပြောလို့ နာမယ်ကြီးနေတဲ့ ဂါနိုဒါးမားအိတ်ဇဲလ်လီယမ် ဆိုတဲ့ ဆေးတမျိုး ကို စတင် သုံးစွဲ ခဲ့ပါတယ် ။ အဲ့ဒီင်္ လင်ဇီး ဆိုတာကို တရုပ်ပြည်မှ ရှိုင်းဟုတ် ကုမ္ပဏီ က လင်ဇီး အမည် နဲ့ ရွှေပြည်ကြီး အတွင်းမှာ ရောင်းချလာခဲ့တာဆယ်စုနှစ် တခုမျှ ကြာပါပြီ ။ မလေးရှားနိုင်ငံ အခြေစိုက် ဂါနို အိတ်ဇဲလ်အင်တာပရိုက်စ် ကုမ္ပဏီ က တော့ ဂါနို မှို နဲ့ ပြုလုပ်ထားတဲ့ ဆေးနဲ့ စားသောက်ကုန်၊ အသုံး အဆောင် တွေကို ဒီမှာ ဖွင့်လှစ် လုပ်ကိုင် ခဲ့တာ ၈ နှစ် မျှ ရှိပါပြီ။ ခု လက်ရှိ လိပ်စာ ကတော့ ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့ နယ် ၊သိမ်ကြီးဈေး စီရုံ ၊ ဒုတိယထပ် အဆောင် ၃ နှင့် ၄ ။ ဖုံး ၃၇၁၈၀၀၊ ext: ၄၀၄ ၊ဖြစ်ပါတယ် ။
နေရာကတော့ အတော်လေးကျယ်ဝန်းပါတယ် ။ ဟိတ်ဟန်ကလည်း အတော်လေး လူရှိန်စေပါတယ် ။ အပွင့်တွေ အများကြီးနဲ့ ဝတ်စုံစိမ်းကြီး တွေထံ သိန်းပေါင်းများစွာ လှူဒါန်းနေတဲ့ ဓါတ်ပုံကြီးတွေကို တခန်းတနားချိတ်ပြထားပါတယ်။
အပြောကောင်းတဲ့ ဈေးရောင်းသူ တွေ က မလည်မဝယ်ဈေးဝယ်သူတွေကို ဟုတ်တာတွေရော မဟုတ်တာတွေရော ယုံအောင်ပြောအပြီးမှာ မယုံတဝက် ယုံတဝက် နဲ့ ဈေးဝယ်သူတွေက စမ်းသပ်သုံးစွဲရင်း ၊ စားသုံးသူ တွေ ဖြစ်သွားကြပါတယ် ။အမြဲတစေ စားသုံးသူများ ဖြစ်သွားအောင် ၊ သူတို့  အဖွဲ့ ဝင် ဖြစ်သွားအောင် အယုံသွင်း နိုင်ကြတဲ့ အစွမ်းအစ တွေ ဟာလည်း အံမခန်းပါပဲ ။
ဒါကတော့ သူတို့ရဲ့ စီးပွားရေးလမ်းညွှန် ပါ ။ သူတို့ ပစ္စည်းတွေကို လျှော့ဈေးနဲ့ ရမှာ တို့  ၊ နောက်ထပ် စားသုံးသူတယောက် မိတ်ဆက်ပေးရင် ဘယ်လောက် အကျိုးအမြတ်ရမှာ တို့  နဲ့ မက်လုံးတွေ ပေးတာပေါ့။ သူတို့ အထက်က အဆင့်မြင့် အဖွဲ့ ဝင်တဦးရဲ့ တစ်လ ဝင်ငွေဆိုရင် သိန်း ၁၂၀ ကျော်နေပြီတဲ့ ။အာဘောင်အာရင်းသန်သန် ရှင်းပြနေလိုက်တာ မစားရ ဝခမန်း တွေပါပဲ ။
ဒီလိုနဲ့ ကိုညောင်ရမ်းရဲ့ မဟေသီ မအေးအေးမာ ဟာလည်း Gano Excel Enterprise ရဲ့ အဖွဲ့ ဝင်ဖြစ်သွားပါတော့တယ် ။ (ကာယကံရှင် ကိုညောင်ရမ်း ဆီက ခွင့်ပြုချက်ရပြီးတာမို့  နာမည်ရင်း ပဲ သုံးလိုက်ပါတယ် )။ ပုံမှာ ပါတဲ့အတိုင်း ကုဒ်နံပါတ်တွေပါတဲ့ Authority Card လေးတောင် ထုတ်ထားပေးပါတယ် ။
ကိုညောင်ရမ်းရဲ့  မဟေသီ ဟာ နဂို ဘာရောဂါအခံမှ မရှိပဲ ဒေါင်ဒေါင်မြည် ကျန်းမာ နေသူ တဦင်္းပါ ။ ရင်ကြပ် ပန်းနာ ရောဂါ မရှိ ၊ ဆေးမတည့်၊အစားအစာမတည့် တာ တွေ၊ အရေပြားရောဂါ အစရှိတဲ့ ရောဂါ တွေလည်း မရှိခဲ့ပါဘူး ။ သူ သုံးစွဲ ခဲ့တဲ့ လင်ဇီး ဟာ Gano ဆိုတဲ့ ကုမ္မဏီ ထုတ် တာပါ ။ သူ တို့  ကြော်ငြာ အရ ဒီ လင်ဇီးက ၉၆ ပါး ရောဂါဝေဒနာတွေ ပျောက်သလိုလိုပါပဲ ။
Gano Excel ထုတ်ကုန်များ( Gano Excellium - ဦးနှောက်အားတိုးဆေး ၊ ကော်ဖီ ၊ လဖက်ရည် ၊ ကိုကိုး ၊ သွားတိုက်ဆေး၊ ဆပ်ပြာ ..စသဖြင့် ) ဆိုပြီး ခန့်ညားထယ်ဝါစွာ ထုတ်ဝေ ထားတဲ့ ကုန်ပစ္စည်းကြော်ငြာ မိတ်ဆက်စာအုပ်လေးထဲမှာ ရေးသားထားချက်များ အရ -ဒီပစ္စည်းတွေကို Ganoderma lucidum မှိုတမျိုးမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါသတဲ့ ။
-Polysaccharide ပါဝင်မှုကြောင့် ကိုယ်ခံအားစနစ်ကို ကြံ့ ခိုင်စေသတဲ့ ။ သွေးလည်ပတ်မှုစနစ်မှာ သကြားပါဝင်မှုကို ညှိပေးသတဲ့ ။
-Organic Germanium ပါဝင်လို့  သွေးလည်ပတ်မှုစနစ်မှာ အောက်စီဂျင်အဆင့်ကို တိုးမြှင့်ပေးသတဲ့ ။Anti oxident တွေက လျှပ်စစ်သံလိုက်စက်ကွင်းမှ ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ Free radicals တွေကို ထိန်းချုပ်ပေးသတဲ့ ။Cancer cell များရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ molecules များရဲ့  လုပ်ငန်းတာဝန်တွေကို ထိန်းညှိပေးသတဲ့  ။
-Adenosine ပါဝင်လို့  ကိုလက်စထရော နဲ့ အဆီတွေကို လျှော့ချပေးသတဲ့ ။ သွေးခဲ ပိတ်ဆို့ မှာ တွေကို တားဆီးပေးသတဲ့ ။ကိုယ်ခန္ဓာအတွက် အားအင် အသစ်ကို ဖြစ်စေသတဲ့ ။
-Tritepenoids ပါဝင်လို့  အစာခြေဖျက်တာ ကောင်းစေသတဲ့ ။ သွေးနှင့် မတည့်တာတွေကို ကာကွယ်ပေးသတဲ့ ။ ကိုလက်စထရောနဲ့ အဆီပါဝင်မှုတွေကို လျှော့ချပေးသတဲ့ ။
-Ganoderic essense ပါဝင်လို့  အရေပြား ရောဂါတွေကို ကုသပေးသတဲ့ ။ အသားအရေကို ချောမွေ့  လှပစေသတဲ့ ။
ကိုင်း... ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ပစ္စည်းတွေဖြစ်ပါသလည်း။ အပြောကတော့ ရွှေမန်း တောင်ရှုံးရပေမယ် ။ တချို့ ဓါတ်ပစ္စည်းတွေ ဖွားကိလည်း မကြားဖူး ၊မသိဖူး တာ မို့  ဇီဝကမ္မဗေဒ ဌာန မှာဆရာလုပ်နေတဲ့ သူငယ်ချင်းတယောက်ကို မေးကြည့်မိတယ် ။ သူလည်း မကြားဖူးတဲ့ ဒြပ်ပေါင်းတွေပေါ့ ။ အဲ့ဒီ ဒြပ်ပေါင်းများစွာနဲ့  ပါဝင်ဖေါ်စပ်ထားတဲ့ အထက်မှာ ဖေါ်ပြထားတဲ့ ပစ္စည်းပေါင်းများစွာကို ထုတ်လုပ်ရောင်းချပါတယ် ။ထားပါတော့ သူ့ ဟာသူ ဘာ ပါပါ သိပ်အရေးမကြီးဘူး ။ အပြောကောင်းတာက ဒီ ဒြပ်ပစ္စည်းတွေ ပါလို့  ကင်ဆာကာကွယ်တယ် ။ လူကို လှပ နုပျိုစေတယ် ၊ အဆီချ ပေးတယ် ဆို တော့ ... လှချင် ပချင် ကျန်းမာ ချင်သူတွေက ဝယ်ယူသုံးစွဲ အားပေးကြလေတယ်ပေါ့ ။ (ဆေးတွေကတော့ ဈေးမသေးလှ ။) ဒါပေမဲ့ ဖြစ်သင့်တာက အကြောင်းနဲ့  အကျိုး ၊ အကောင်းနဲ့  အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ သတိမမူမိတာလား ။ သတိမရတာလား ၊ တမင် လျှစ်လျှူရှုထားတာလား တော့ မသိ ။ ဆေးတွေ ရဲ့ ကောင်းကျိုး တွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားပြီး ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး ( Side effects) တွေကိုတော့ တလုံးတပါဒမှ ရေးသားထားတာ မတွေ့ ရပါဘူး ။
ဒီလို နဲ့  မအေးအေးမာ တယောက် ကံဆိုးလှစွာနဲ့ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တည့်တည့်ကြီး ခံစားရပါတော့တယ် ။ သူမ ဒီဆေးတွေကို ၄ ခါ ဝယ်ဖူးတဲ့ မှတ်တမ်းတော့ ရှာလို့  တွေ့ ရတယ် ။ ဒါတောင် ကိုညောင်ရမ်း တယောက် နဂို ဒီကုမ္ပဏီ နေရာအသစ် ပြောင်းသွားတာ မနည်း လိုက်ရှာ ပြီးတော့ မှ တွေ့ ရတဲ့ လက်ရှိတည်နေရာကို အကြိမ်ကြိမ် အခါခါ သွားမေးမြန်းတော့မှ သိရ တာပါ ။တကြိမ်ဝယ်ဖူးတာက ကျပ်တစ်သိန်းခွဲ တဲ့ ၊ ကျန်တဲ့ အကြိမ်တွေတော့ မသိရှိရပါ ။ ဒီဆေးကို ဘယ်နေ့  ဘယ်ရက်မှာ စပြီး သုံးစွဲခဲ့တာလည်း ဆိုတာ ရက်အတိအကျတော့ မသိရပါ ။ ဒါပေမဲ့ ဒီဆေး နဲ့ ပစ္စညှ်းတွေကို သုံးစွဲပြီးနောက်ပိုင်း သူ့ မှာ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကတော့ ကျန်ခဲ့တဲ့ ဆေးမှတ်တမ်းတွေအရ ၂၀၀၆ ခုနှစ်လယ်ပိုင်းမှာ စပြီး ရောဂါတွေ စတင်ဖြစ်ပွားလာခဲ့တယ်၊ အတော်လေး ပြင်းထန်ခဲ့ပါတယ် ။ အကျဉ်းချုံး ပြောရရင် အရေပြားတွေ မှာ အရည်ကြည်ဖုတွေ ပေါက်တယ် ၊ မျက်စိ ၊ အာခံတွင်း ၊ မိန်းမကိုယ် စတဲ့ နေရာတွေမှာပါ အဖုတွေ ပေါက်တယ် ။ ဒါကြောင့် မျက်စိ၊နား နှာခေါင်းလည်ချောင်း ၊ သွားနှင့် ခံတွင်း၊ အရေပြား ၊ မီးယပ်သားဖွား ၊ သွေးဗေဒ အစရှိတဲ့ ဆရာဝန်ကြီး တွေနဲ့ ရိုးရိုးဆေးခန်းတွေမှာရော အထူးကုဆေးခန်းတွေ မှာပါ ပြသရင်း မသက်သာတာနဲ့  ဆေးရုံ ၃ ကြိမ် တက်ခဲ့ရတယ် ။ ဆေးမှတ်တမ်း တချို့ ကို ပုံမှာတွေ့ နိုင်ပါတယ် ။ ( သွားဌာန မှာ ပြခဲ့စဉ် အခါက သူ့ ကို ကုသပေးတဲ့ ဆရာဝန်င်္ကြိးက “လာ ပြန်ပြီလား နောက်တယောက် ” လို့  ပြောဆိုခဲ့ပါသေးတယ် တဲ့ ၊ အဲ့ဒီ ပထမ သားကောင်ကတော့ ညောင်တုံးမြို့ မှ အမျိုးသမီး တဦး ဖြစ်တယ် လို့  ကိုညောင်ရမ်းရဲ့ အမျိုးတွေ ဆီက တဆင့် သိခဲ့ရပါတယ် )
။ဒီဆေးမှတ်တမ်းတွေအရ သူဖြစ်ခဲ့ ခံစားခဲ့ရတဲ့ ဝေဒနာတွေက အရေပြားတွေ ယားယံတယ် ၊ အရည်ကြည်ဖုတွေ နဲ့ အနာတွေဟာ မျက်စိထဲမှာ ၊ပါးစပ် အာခံတွင်း ထဲမှာ ၊ မိန်းမကိုယ် နေရာတွေမှာတဖြေးဖြေး ပွားလာတယ် ၊ အစာ နဲ့ အူလမ်းကြောင်းမှာယောင်ယမ်းတယ် ၊ လူတကိုယ် လုံး ရှိ အရေပြားမှာ ထွက်လာတဲ့ မီးလောင်ဖု လို အရည်ကြည်ဖုတွေ က ကွဲအက်ပြီး အရည် တရွှဲရွှဲ နဲ့ အနာတွေ အဖြစ် ပြောင်းလဲသွားတယ် အဲ့တာကြောင့် သူ့ ခမျာ အဝတ်အစား မကပ်နိုင်ရှာပဲ ဆေးရုံက အအေးခန်းထဲမှာ နေရတယ် ။ နောက်တော့ သွေးအဆိပ် တက်လာတယ်ပေါ့ ။
နောက်ဆုံးအကြိမ်မှာတော့ ( မဟာမြိုင်) ဆေးရုံ မှာ တက်ရောက်ကုသ ခဲ့ပြီး ၊ ဒီင်္ဝေဒနာတွေကို နာကျင်ပြင်းထန်စွာခံစားရင်းနဲ့ ၁၃-၅- ၂၀၀ရ နံနက် ၇ နာရီအချိန်မှာ သူ့ ရဲ့ အဝေးရောက် လင်ယောကျာင်္း နဲ့ သားသမီး ၂ ယောက်ကို ချန်ထားပြီး ဘဝတပါးသို့  ကူးပြောင်းသွားခဲ့ရပါတယ် ။ အသုဘရှု ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ ကို ကြည့်နိုင်ပါတယ် ။
ကံဆိုးရှာသူ မအေးအေးမာတယောက် ဒီဆေးတွေသုံးစွဲသူ လူအယောက် သောင်းပေါင်းများစွာ ထဲမှာ အဖြစ်နည်းလှတယ်လို့ ယူဆရမဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရေတိမ်နစ်ခဲ့ရပေမဲ့ ဆေးရောင်းတဲ့ ကုမ္ပဏီ က ဘာတခုမှ ဆောင်ရွက်ကူညီပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။( သူမ မသေဆုံးမှီ အသည်းအသန်ဖြစ် လို့ ဆေးရုံတက်နေရစဉ် အချိန်တုံးကတော့ ဆေးရုံက တာဝန်ရှိသူတွေကို ကုမ္ပဏီမှ လို့ ယူဆရသူ တဦးကတော့ နေ့စဉ် ဖုံးဆက် မေးမြန်းခဲ့ပါသေးတယ် ၊ ဒါပေမဲ့ သေဆုံးပြီင်္း နောက်ပိုင်းမတော့ လုံးဝ ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး ။ ခင်ပွန်းသည်က အဝေးရောက်နေတာမို့  ကျန်ရစ်ခဲ့တဲ့ သူ့ ဆွေမျိုး အနည်းငယ်နဲ့ နာရေးကိစ္စကို ဆောင်ရွက်ခဲ့ရပါတယ် ။ အဲ့ဒီအချိန်က သူမကို တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီး တဦး ( သွေးဗေဒ ဆိုင်ရာ အထူးကု ပါမောက္ခကြီး ) မှ သေစာရင်း နဲ့အတူ အဲ့ဒီ ကုမ္ပဏီရဲ့  တာဝန်မဲ့ လုပ်ရပ်များ အား သက်ဆိုင်ရာမှ သိရှိစေရန် တိုင်ကြားမှုများ ပြုလုပ်ဖို့  အကြံပေးခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကံတရားကိုသာ ပုံချလေ့ရှိနေကြဆဲ ဖြစ်ကြတဲ့ ရွှေမြန်မာ တို့ ရဲ့  ထုံးစံ အတိုင်း၊ တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ အမှုအခင်း ဖြစ်ရမှာ ဝန်လေးတတ်ကြသူ ကြောက်တတ်သူတို့  ထုံးစံ အတိုင်း ၊ ပြီးတာတွေလည်း ပြီးပါစေတော့ လို့  ခွှင့်လွှတ်ခြင်း တရားများစွာ ဖြင့်၊ ကြီးသော အမှုကို ပပျောက်စေခဲ့ ပါတယ် ။ (သေစာရင်းမှာ ရှာဖွေ မတွေ့ ပါသဖြင့် သေဆုံးရခြင်းအကြောင်းရင်း{cause of death} အတိအကျ ကို မသိပါ ။ထို့ အပြင် ကြွင်းကျန်သော ခန္ဓာကိုယ်အား မှုခင်းစစ်ဆရာဝန်များဖြင့် ဆက်လက်စစ်ဆေး ဓါတ်ခွဲခြင်း {Post mortem examination}မပြုလုပ်ခဲ့ပါသောကြောင့် ဆေးမှတ်တမ်းများ အရ၊ အဆိုပါ လင်ဇီး၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဟူ၍သာ ကောက်ချက်ချလိုက်ရပါသည် ။ )
ခု ဆိုရင် မအေးအေးမာ တယောက် ဘယ်ဘဝ ရောက် နေမယ်မှန်း မသိပါဘူး ။ လင်ဇီးစတင်သုံးစွဲပြီး ကလေး ၆ လသားအရွယ်ထိ သူမရဲ့ နို့ ချို ကို တိုက်ကျွေး ခဲ့တဲ့ သားလေးဟာ ခုဆိုရင် ၅ နှစ်သား အရွယ် ရောက် နေပြီ ဖြစ်ပြီး ဒီ သားကလေး မှာတော့ ဒီင်္ လင်ဇီး ရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လေမလား ။ သူ့ ရဲ့  ကိုယ်ခန္ဓာ အပူချိန်ဟာ သာမာန်လူရဲ့  အပူချိန်ထက် မြင့်တက် နေလေ့ရှိပါတယ် ။ တခြား ကြီးကြီးကျယ်ကျယ် ဖျားနာခြင်းတော့ မရှိသေးပါဘူး ။ ( ကိုညောင်ရမ်းကို သူ့ သားရဲ့ ကိုယ်အပူချိန် အတိအကျ ဘယ်လောက်ရှိလဲ မေးကြည့်တော့ သူ့ ဆီမှာ ပြဒါးတိုင်မရှိလို့ အတိအကျတော့ မသိပါဘူး တဲ့ ။ လက်နဲ့စမ်းပြီး ပြောခြင်းဖြစ်ပါတယ် တဲ့ ။ ဒါဆိုရင်တော့ တကယ် ကိုယ်ပူချိန် မြင့်နေတယ် ဆိုတာ တော့ သက်သေပြ လို့ မရဘူးပေါ့လေ။ သူ့ သားလေး တယောက် ကျန်းမာနေပါစေလို့ ဆုတောင်းပေးရတာပါပဲ )
အချုပ် ကို ဆိုရရင်တော့ ဒီ လင်ဇီး လို ဆေးဘက်ဝင်တယ်ဆိုတဲ့ ဆေးဝါး အသုံးအဆောင် ပစ္စည်းတွေကို မိမိ တိုင်းပြည်မှာ ထုတ်လုပ်ထားတာ မဟုတ်ပေမဲ့ မိမိ တိုင်းသူပြည်သားများ စားသုံးမှု မပြုခင်၊ တရားဝင် ရောင်းချခွင့် မပြုခင်မှာ စားသောက်ကုန်နဲ့ ဆေးဝါး ကြီးကြပ်ရေး အဖွဲ့ အစည်း မှ သေချာ စီစစ် ဓါတ်ခွဲ သင့်ပါတယ် ။ သူတို့ ရဲ့  ကြော်ငြာ စာ တွေဟာ ကျော်ချင်လို့  ညာထားတာတွေ ဟုတ် ၊ မဟုတ် စီစစ်သင့်ပါတယ် ။ ညာ ထားတာတွေ ရှိပါက ထိရောက်စွာ အရေးယူသင့်ပါတယ် ။
စားသုံးသူတွေ ဖက်မှလည်း သူများပြောတိုင်း အယုံ မလွယ်ပဲ ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာ ကိုယ်ပိုင်ဥာဏ်များ နဲ့ ဝေဖန် သုံးသပ် သင့်ပါတယ် ။ တကယ်လို့  ကံမကောင်းလှစွာ ဖြင့် အလားတူ ဖြစ်ရပ်များ နဲ့  ကြုံ တွေ့  ရပါလျှင်လည်း ၊ဒီပြသနာတွေကို သတ္တိ ရှိရှိ ၊ ရင်ဆိုင် ပြီး ၊ ရသင့် ရထိုက် တဲ့ ကိုယ်ပိုင် အခွင့် အရေးတွေ ကို အဆုံးရှုံး မခံသင့်ပါဘူး ။
ဖြစ်သင့် ဖြစ်ထိုက် တဲ့ အခြေအနေနဲ့  ဖြစ်ရပ်မှန်တွေ ကို လူအများ သိရှိစေဖို့  ရည်ရွယ်ပြီး ဒီ စာစုလေးကို တင်ပြ လိုက်ရပါတယ် ။ လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အတွက်လည်း ၊ နောက်ထပ် ဒုတိယ မအေးအေးမာများ မဖြစ်ကြစေဖို့  ဆုတောင်းပေးလိုက်ပါတယ် ။
(မိတ်ဆွေကြီး ကိုညောင်ရမ်း တယောက်လည်း ဒီစာစုကို ဖတ်ရှူပြီး စိတ်ဖြေသိမ့်မှု လေး အနည်းငယ်ဖြစ်ဖြစ် ရရှိနိုင်လိမ့်မယ် လို့  မျှော်လင့်ပါတယ် )
ဒီလူ တယောက် မ, ဘက်လိုက်မိလို့  မိုက်ဘက်ပါပြီး ဒုက္ခ တွေ့ ရပုံလေး အကြောင်း ၊ တချက် အထိုင်ကောင်းလို့  တသက် ယိုင် ရလေတော့ မလား .. ဆိုတာတွေ သိချင်ရင် ကလစ်သာ လုပ်ကြည့်ပေတော့.....
အဖြစ်က ဒီလို ၊သူဆိုတာက အမေရိကန်နိုင်ငံ Detroit မြို့ တော် အစိုးရ ဘတ်စ်ကားလိုင်း တခုမှ ဒရိုင်ဘာ၊ အမည်ကTimothy Carpenter ၊ တနေ့ တော့ ခရီးသည် အမျိုးသမီး တဦးကို သူ့ ပေါင်ပေါ် ထိုင်စေ ရင်း အများပြည်သူစီး ဘတ်စ်ကားမောင်းကြီးကိုမောင်းလာခဲ့တယ် ။ အဲ့ဒီ အမျိုးသမီး ကို ပုခုံး ကိုင် လိုက် ၊ ပုတ်လိုက် ၊ စကားတပြောပြောနဲ့ လောကကြီးကို မေ့နေကြတယ် ပေါ့ ။ လူ ကသာ ကားမောင်းနေတာ ၊ လက်မငြိမ် ခြေမငြိမ် ပါးစပ်မငြိမ် နဲ့ ၂ ယောက်သား အလုပ်ရှူပ်နေလိုက်ကြတာလေ ။ အမျိုးသမီးက ရေငတ်ပြေ အချိုရည် ပုလင်းလေးတောင် မော့သောက်ပြီး ငြိမ့် လို့ ပေါ့ ။
နောက်မှာထိုင်စီးနေကြတဲ့ ခရီးသည်အများကတော့ ဘယ်လောက်များ အသည်းတယားယား ဖြစ်နေမယ်မသိ ။ ဒါတွေကို မြင်နေရတဲ့ ခရီးသည်တယောက် က သူ့ လက်ကိုင်ဖုန်းလေးနဲ့  ဒီ အဖြစ်တွေကို မှတ်တမ်းတင် ဗီဒီယိုဓါတ်ပုံ ရိုက်ယူ ထားပြီးသကာလ ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးဌာန ကို တိုင်ကြားလိုက်ပါတယ် ။
ဒီတော့ ခိုးထုတ် ခိုးထည်နဲ့ မိတဲ့ သကောင့်သား ခမျာ ဌာနရဲ့ အရေးယူဆောင်ရွက်မှုကို ရှောင်လို့ မရတော့ပါဘူး ။ လောလောဆယ်မှာ ရက် ၃၀ကြာ ၊ အလုပ်မှ ရပ်စဲခြင်းကို ခံနေရပါပြီ ။ ဒီထက် မက ပိုပြီး အပြစ်ကြီးမားစွာ အရေးယူရမယ် ဆိုရင်တော့ သူ့ ရဲ့ ကားမောင်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းခြင်း ဆိုတဲ့ ပြစ်ဒါဏ်ကို ခံယူရမှာ ဖြစ်ပါတယ် ။ ဒီ ဒရိုင် ဘာ အထွန့်တက် ဖြေရှင်းချက် ပေးတာက ဒီ အမျိုးသမီး ဟာ သူ့ ရဲ့  ရည်းစား ဖြစ်ပြီး အခန့်မသင့် စိတ်ဆိုး ရန်ဖြစ်ထားကြလို့  သူ့ ရည်းစား မိန်းကလေး စိတ်ဆိုးပြေဖို့ အတွက် ချော့မော့နေရခြင်း ဖြစ်ပါတယ် တဲ့လေ ။အချော့ကောင်းတဲ့သူ့ ခမျာ ၊ အလုပ်လဲ ပြုတ်၊ လိုင်စင်လဲ ပြုတ်ဆိုရင်တော့ သူ့ဘဝ အတွက် ရင်လေးစရာပါပဲ ။ သူ့ မှာ ယခင်က ဘာမှ မယ်မယ်ရရ ပြစ်မှူကျူးလွန် ခဲ့ဖူးခြင်း မရှိ ခဲ့ ပေမဲ့ သူ့ ဌာန က သက်သက်ညှာညှာ စဉ်းစား ပေးဖို့  ရှိ မရှိ ဆိုတာကတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး တဲ့ ။
သူတို့ တိုင်းပြည် မှာ စီးပွားရေးကျပ်တည်းနေတဲ့အချိန် ၊ အလုပ်တခု ရှာရ ဖွေရ ခက်ခဲနေတဲ့ အချိန် မို့  အလုပ် မပြုတ်ဖို့ကို အမြဲ သတိထားနေရမှာ ပါပဲ ။ ဒီထက် အရေးကြီးတာက ကားပေါ်က ခရီးသည် များစွာ ရဲ့ အသက်ဟာ ၊ဒီကားရဲ့  ဒရိုင်ဘာလက်ထဲ မှာ ရှိနေတာမို့ ၊ နည်းနည်းမှ အမှားအယွင်း၊ အတိမ်းအစောင်း မခံ ပါဘူး ။
ဒါနဲ့  ပါတ်သက်ပြီး ဒီ Detroit မြို့ တော်ဝန် Bing ရဲ့ သဘောထား ခံယူချက် ကို ရွှေပြည်ကြီးမှ မြို့ တော်ဝန်ကြီး နဲ့  နှိုင်းယှဉ် ကြည့်လို့ ရအောင် မူရင်း စာသား အတိုင်း ဖေါ်ပြလိုက်ပါတယ် ။ ....
We're going through a lot of hard economic times. If you've got a good city job, you need to respect that good city job. Do the job that you get paid to do. If you don't, [Detroit] Mayor (Dave) Bing has made it very clear, ] you will lose that job."
ပြည်သူ တွေ ပေးထား ကျွေးထားတာကိုစားနေတဲ့ ပြည်သူ့  အလုပ်သမား ဆိုတာ ပြည်သူကို လေးစား ရမယ် ။ ဒီလိုမှမလုပ်နိုင်ရင်တော့ အလုပ်ပြုတ် ရ မှာ ပဲ ပေါ့ ။
ကိုယ်ပိုင် ထင်မြင်ချက် ။ ။
သတင်းတပုဒ်အနေနဲ့ ဖတ်လိုက်ပေမဲ့ အရစ်ရှည်တတ်တဲ့ထုံးစံ အတိုင်း တွေးမိတွေးရာ ဆက်တွေးဖြစ်တာတွေ က..
(၁) ဒီ ဒရိုင်ဘာ ကြီးကို ကြံဖန် ချီးကျူးလိုက်မိတယ် ။ ပေါင်ပေါ်မှာ လူတယောက်ကိုတင်ပြီး ကားကို မထိမတိုက် အောင် မောင်းနိုင်တဲ့ သူ့ ရဲ့  ကားမောင်းကျွမ်းကျင်မှု ။း))
(၂) ဒီ အမှုရဲ့ အရင်းအမြစ် ဖြစ်တဲ့ မိန်းကလေး ကို တော့ ဘာမှ အရေးမယူဘူး ဆိုတော့ ၊ သိပ် မမျှတ ဘူး ပေါ့ ။
(၃) သူတို့ ဆီက အကြီးအကဲ ဝန်ထမ်း တွေရဲ့ မှတ်သား လောက်တဲ့ အယူအဆ ၊ နဲ့ လုပ်ဆောင်မှု တခုပါပဲ ။ လမ်းတခြမ်းပဲ ခင်းသွားတဲ့ ရွှေပြည်ကြီးက မြို့ တော်ဝန်ကြီး နဲ့ ဝန်ထမ်းအားလုံး ၊ ဒီလို စိတ်မျိုး ထားပြီး ပြည်သူ့ ဝန်ကို ထမ်းဆောင် နေကြရင် တို့ ရွှေပြည်ကြီး တိုးတက်တာ ကြာလှပြီပေါ့လေ ။ ခုတော့ ...ခုတော့
သတိပေးချက် ။
ယောကျာင်္းသားများ ကားမောင်း စဉ် ပေါင်ပေါ်မှာ ဘာမှ တင်မထားကြပါရန် ။
မိန်းမသားများ ကားပေါ်တွင် ထိုင်လျှင် မိမိထိုင်ခုံတွင်သာ ထိုင်ကြပါ ရန် ။း))
မူလ သတင်းနဲ့ ဗီဒီယို ဖိုင်လေးကို ဒီနေရာ မှာ တွေ့  နိုင်ပါတယ် ။
ကာတွန်းပုံလေးကို ဂူဂဲလ် အကူအညီ နဲ့ ရှာယူ ထားပါတယ် ။
ဒီလူ ၊ အမည်က Darco Sangermano အတော်လေး ကံဆိုးတယ် ဆိုရမလား ။ ကံကောင်းတယ် ဆိုရမလား ။
ကံကောင်းလို့  အီတလီနိုင်ငံမှာမွေးပြီး အသက် ၂၈နှစ် အရွယ်ရောက်လာတယ်၊ ၂၀၁၀ ဒီဇင်ဘာ ၃၁ ရက်ည မှာ လူစုလူဝေးနဲ့  ၂၀၁၁ နှစ်သစ်ကူးပွဲ နွှဲပျော်ခဲ့ရတယ် ။သူနဲ့ သူ့ ရည်းစား တို့ လည်း လက်ချင်းတွဲလို့  နှစ်ကူးမဲ့ အချိန်ကိုစောင့်နေကြတယ် ။ သူ့ လို လူတွေ အများကြီး ကလိုက် ခုန်လိုက် သီချင်းဆိုလိုက် နဲ့ တူတူပျော်နေကြတယ်ပေါ့ ။
နှစ်သစ်ကူးပွဲမှာ ပျော်တဲ့သူတွေ အထဲကနေ အပျော်တမ်းသေနတ်တွေ ပစ်ဖေါက်ကြတယ် ။ ကံဆိုးချင်တော့ ဒီလူ့ ရဲ့  ညာဘက်နားထင် ဦးခေါင်းကို သေနတ်မှန်သွားခဲ့တယ်။ ဘေးကလူတွေ အလန့်တကြားဖြစ်ပြီး သွေးစိမ်းရှင်ရှင်နဲ့  သူ့ ကို သေမှာပဲလို့  ထင်လိုက်ကြတယ် ။ ကံကောင်းချင်တော့ လူနာတင် အရေးပေါ်ကားနဲ့ ဆေးရုံကို ရောက်သွားတယ် ။ ဆေးရုံ ရောက်တော့ ဆရာဝန်တွေ လည်း အမြန်ဆုံး အသက်ကယ်ဖို့  ကြိုးစားကြတယ်။ အရေးပေါ် အသက်ကယ်ခြင်းနည်းတွေ တောင် မလုပ်ရသေးဘူး ...
သူ့ ဆီက .. “ဟပ်ချိုး ” လို့  အသံကျယ်ကြီး တချက်ထွက်လာတယ် ။ ကံဆိုးတဲ့ ဆရာဝန် တချို့  နှပ်ရည်တွေ စင်ခံရတယ် ။ ကံကောင်းတော့ သူ့ နှာခေါင်းကနေ ကျည်ဆံတတောင့် “ရွှတ်”ကနဲ ပြန်ထွက်လာခဲ့တယ် ။ ပြီးတော့ သူ က ခေါင်းနဲနဲ ကိုက်တာက လွဲလို့  လူကောင်းအတိုင်းပဲတဲ့ ၊ ကံကောင်းတော့ ဆေးရုံမှာတောင် မနေရပဲ အိမ်ပြန်လာခဲ့တယ် ။
ကံဆိုးတဲ့ ဆရာဝန်တွေက အံ့သြခြင်းကြီးစွာနဲ့ ဒီအကြောင်းကို အဖြေရှာလိုက်ကြတယ်။
ကံဆိုးစွာထွက်လာတဲ့ ကျည်ဆံက နေရာကောင်း အချက်ကောင်းကို ဝင်သွားပေမဲ့ ကံကောင်းတဲ့ သူ့ ရဲ့  ညာဘက်နားထင်ဦးခေါင်းခွံကနေပြီး လမ်းရှော်ကာ နှာခေါင်းရိုးထဲ ဝင်သွားခဲ့လို့  .. “ ဟပ်ချိုး” တချက်က သူ့ အသက်ကို ကယ်လိုက်ခြင်း ဖြစ်တယ် လို့  ၊ အဖြေထုတ်လိုက်ကြတာပါပဲ ။
ခုလောလောဆယ်တော့ သူ့ ရဲ့ မျက်စိအမြင်က အနည်းငယ် ဝေဝါးနေတာကလွဲလို့  ကျန်တာ အားလုံး ပုံမှန်ပါပဲတဲ့။ နောက် ရက် အနည်းငယ်ကျမှ လိုအပ်တာတွေ ဆက်လက်စစ်ဆေးဖို့  စီစဉ်ထားပါတယ် တဲ့
ကံကောင်းလို့ မသေ ၊ သံချောင်းတို့  အဖေ ကတော့ ။ နောက်နှစ်ကူးပွဲတွေမှာ ပျော်ရဲပါအုံးတော့မလား။
သင်တို့ ထဲမှာရော ဒီလို ကံကောင်းပါစေလို့  ဆုတောင်းချင်သူများ ရှိကြပါမလား ။လူဘယ်နှစ်ယောက် မှာ မှ သူ့ လို ကံကောင်းသူ တယောက် ရှိနိုင်ပါ့မလည်း ။
ဒီနေရာက လင့်ကလေးကို နှိပ်ကြည့်ပါ.. တရုပ်ဘာသာ နဲ့ ပြောထားပေမဲ့ သရုပ်ပြပုံတွေ ပါတာမို့  ရုပ်ပုံလေးပဲ ကြည့်လည်း သဘောပေါက်နိုင်ပါတယ်
http://tw.nextmedia.com/applenews/article/art_id/33105077/IssueID/20110112
အာရောဂျံ ပရမံလာဘံ .. ကျန်းမာခြင်းသည် လာဒ်ကြီးတပါး လို့ ပြောကြတယ် ။ မိဘစုံလင် ခြေလက် ကိုယ်အင်္ဂါ စုံလင် ၊ ဦးနှောက် ပုံမှန် ဖြင့် ကျန်းမာ သန်စွမ်း နေကြရသူ တွေ အဖို့ ၊ ဒီလို ပြည့်စုံနေကြရခြင်းရဲ့ အကျိုးတရား များကို သတိထားမိကြပါမလား ။ မပြည့် မစုံ နေထိုင် အသက်ရှင်နေရသူများရဲ့ ဘဝတွေကို ကိုယ်ချင်းစာ တတ်ကြပါ့မလား ။ သူတို့လေးတွေ ဘဝကို ကိုယ်တိုင် တွေ့ မြင်ရတဲ့အခါမှာ ဒီလို အသိတရားတွေ ဝင်လာ မိလို့ ၊ ကိုယ့်တိုင်းပြည်လေးထဲမှ ချို့တဲ့ စွာ အသက်ဆက်နေထိုင်ကြရသူတွေ များစွာ ထဲမှ ၊ လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ် ....
>
၂၀၁၀ ၊ ဇွန်လ ၈ ရက်နေ့  မနက် ၊ မိုးတွင်းကာလမို့  ရာသီဥတုက အုံ့ဆိုင်း ညိုမှိုင်းနေတယ် ။ ဒါပေမဲ့ မိုး မရွာ လို့  ၊ ပူလောင် အိုက်စပ်နေတဲ့ ရွှေမြို့ တော် ကြီးရဲ့  တနေရာ ၊ အတိအကျ ဆိုရရင်တော့ အမှတ် (၆၅ ) ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့ နယ် ရှိ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ။လူမှုဝန်ထမ်းဦးစီးဌာန ။ တည်နေရာက မြို့ ပြင်တော့ သိပ်မကျ ၊
ဒါပေမဲ့ မရောက်ဖူးသေးတဲ့ နေရာ တခုဆိုတော့ ဝန်းခြံအကျယ်ကြီးထဲမှာ စမ်းတဝါးဝါး နဲ့ ၃-၄ နေရာ မျှ မေးပြီးတော့ မှ အဆောက်အဦးကြီး ၂ ခု အကြား ဂိတ်ဝမှ နောက်ဖက်ခြံသေးသေးလေးသို့  ရောက်လာခဲ့တယ် ။ ခြံဝင်းတံခါး ကို သံကြိုး ရစ်ပတ်ပြီးသော့ခတ်ထားတော့ ၊ အထဲ ဘယ်လိုဝင်ရပါ့လို့  တွေးရင်း နဲ့ပဲ အနားကပ်သွားကြည့်မိတော့ ကလေးတသိုက် ရဲ့ “ကမ္ဘာမကြေ” သီချင်းသံကိုကြားလိုက်မိတယ် ။“ဒါတို့ ပြေ ၊ဒါတို့ မြေ တို့ ပိုင်တဲ့မြေ ...” ....ဪ ... တကယ်ပဲ တို့ ပိုင်တဲ့မြေမှ ဟုတ်ပါ့မလား ... ဘယ်သူပိုင်တဲ့ မြေတွေ ဖြစ်နေပြီလည်း ၊ အတွေးမှ မဆုံးသေး ၊“ ဘယ်သူနဲ့ တွေ့ ချင်ပါလည်းခင်ဗျာ” ၊ တထပ်ကျောင်းဆောင်ထဲမှ လူလတ်ပိုင်း တယောက် ထွက်လာပြီး မေးသံကြားတော့မှ လာရင်းကိစ္စပြောတော့ အထဲမှ ကျောင်းသားတယောက်ရဲ့  အမည် ကို အော်ခေါ်ရင်းတံခါးသော့ဖွင့်ခိုင်းပါတယ် ။ အပြေးတပိုင်းနဲ့ ထွက်လာသူကို မြင် မြင်ချင်း ဒေါင်း ( Down's Syndrome ) လေး တယောက် မှန်း သိလိုက်ရတယ် ။ ဒီဒေါင်းလေးက အခြေအနေမဆိုးလှ ၊ သော့တံကို လက်ပြန်ထိုးလှဲ့ ပြီး တံခါးဖွင့်ပေးတတ်တယ် ။ ပြန်ပိတ်တတ်တယ် ။ တံခါးသော့ကို အချိန်ပြည့် ခတ်ထားရခြင်းမှာ အကြောင်းရှိပါလိမ့်မယ်။
ဒေါင်းကလေး ဦးဆောင်သွားရာနောက်လိုက်လျှောက်သွားတော့ ဘုရားစင် ရယ် ၊ အလုပ်စားပွဲ ၂လုံးရယ် ရှိနေတဲ့  ရုံးခန်း သို့ ရောက်ပြီး တာဝန်ခံ ဆရာမကြီးမှ ဂေဟာ နဲ့ ပတ်သက်သော လုပ်ငန်း လည်ပါတ် ဆောင်ရွက်ပုံများကို ရှင်းပြပါတယ် ။ မြို့ နဲ့ သိပ်မဝေးလှပေမဲ့ လာရောက် လှူဒါန်းသူ နဲပါးတဲ့ အတွက် ကျောင်းဂေဟာ ကလေးမှာ အတန်ငယ် ချို့တဲ့နေဆဲပါ ။ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာ ချင်းအတူတူ ၊ အမျိုးသမီးစောင့်ရှောက်ရေးကျောင်း၊ မျက်မမြင်ကျောင်း အစရှိတာတွေ မှာ ရန်ပုံငွေ များပြားလှတဲ့အတွက် အဆင်ပြေကြောင်း သိရပါတယ် ။ ဒီ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို ဖွင့်လှစ်ခဲ့တာ ၄ နှစ်ရှိပေမဲ့ ရန်ပုံငွေ မှာ မဆိုစလောက်သာ ရှိနေသေးတဲ့အတွက် ဒီကလေး တွေ စားဝတ်နေရေး အခက်အခဲ ရှိနေကြပါတယ် ။ အစိုးရ သတ်မှတ်ထားတဲ့ အသုံးစရိတ်မှာ ကလေးတယောက် အတွက် တနေ့ စာ ( မနက်၊ နေ့ လည်၊ ညစာ ) မှာ ၂၃၅ ကျပ်တိတိသာ ရှိပါတယ် ။ အင်း .. ဒီခေတ်ကြီးထဲ မှာ ကျပ်ငွေ ၂၃၅ ကျပ် နဲ့ တနေ့  စာ ဘယ်လို နေထိုင်စားသောက်ကြမလည်း လို့  မတွေးရဲပါ ။ လဖက်ရည် တခွက်စာ ၊ မုန့်ဟင်းခါး တပွဲ စာ တောင် မရှိ တာမို့ တာဝန်ခံ ဆရာမ ကို တအံ့တသြကြည့်မိတဲ့ အခါ ၊ အပြုံးယဲ့ယဲ့ နဲ့ ဒီလိုပဲ ရှိတာလေးနဲ့ ဖြစ်သလို စားနေကြရကြောင်း ၊ ဒါကြောင့် စေတနာရှင် တွေ လာလှူ ကြတဲ့ အခါ ဝမ်းသာကြရကြောင်း ပြောပြပါတယ် ။
အလှူငွေ ထဲ့အပြီး ကလေးတွေကို လိုက်ကြည့်မိတယ် ၊ မနက်ပိုင်း နံနက်စာ စားအပြီး မိုးမရွာသေးချိန်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နိုင်တဲ့ ကလေးတချို့  ဝင်းထဲ မှာ ဆော့  နေတာ တွေ့ ရတယ် ။ အဲ့ဒီအချိန်မှာ ခြေမသန်တဲ့ ကလေးမ လေး က ဆော့နေတဲ့ မသန်စွမ်းလေးတွေကို ခေါ်ပြီး ကာယ လေ့ကျင့်ခန်း လုပ်စေပါတယ် ။ သူက အရှေ့ မှ ဆိုပေးပြီး ခြေလက် အနေအထား လုပ်ပြတာကို လိုက်လုပ်တဲ့ ကလေးတွေရော ၊ မလုပ်တတ် လို့ ပေါက်ကရ လိုက်လှုပ်နေတဲ့ ကလေးတွေရော ကြည့်ရတာ ရယ်စရာလည်း ကောင်းပါရဲ့  ပျော်စရာလည်းကောင်းပါရဲ့  ၊ ဘာလို့ ဆိုတော့ ရှေ့ ကနေ ဦးဆောင်ပြပေးသူ ကိုယ်တိုင်က ခြေ နှစ်ဖက်ပေါ် မရပ်နိုင် လို့  အောက်မှာ ထိုင်ချပြီး ပါးစပ်ကနေ ရွတ်ပေးတာ က ဘယ်ခြေမြှောက် ၊ ညာခြေမြှောက် ၊ဘယ်ညာ ဘယ်ညာ တဲ့ လေ ။ မတ်တပ်ရပ် ၊ ခါးညွတ် ၊ လက်မြှောက် ၊ ခြေမြှောက် နဲ့  အော်နေတာ အားရ ပါးရ ပေါ့ ။
ဒါကတော့ ကလေးတစု မညီမညာ တတ်သလို လှုပ်နိုင်သလို လိုက်လှုပ်နေကြတဲ့ မြင်ကွင်း လေး တခု ။
ဒီကလေးတွေ ထဲမှာ ဒေါင်းကလေးတွေ အပြင် ၊ စီပီ လို့ ခေါ်တဲ့ Cerebral Palsy လေးတွေ ၊ ပိုလီယို အကြောသေ ရောဂါသည် လေးတွေ ၊ သူငယ်နာ အကြောဆွဲ နဲ့ အခြား ဦးနှောက် အာရုံကြော ရောဂါ ခံစားနေရသူလေးတွေ အများကြီးပါပဲ ၊ ခုလောလောဆယ် မှာတော့ အယောက် ၃၀ ခန့် ရှိနေပါတယ် ။ နောင်မကြာမီ အချိန်မှာ အယောက် ၁၀၀ ထိ လက်ခံ ပြုစုပေး ဖို့  စီမံချက်ရှိနေပါတယ် ။
ခုချိန်ထိတော့ အစိုးရရဲ့ ထောက်ပံ့မှု မလုံလောက်တာမို့  စားစရိတ်က အစ ၊ ကျန်းမာရေး ၊ နေထိုင်မကောင်း တဲ့အခါ ဆေးဝါးကုသ စရိတ် ။ အာရုံကြော ခြေလက်မသန်စွမ်းသူတွေ အတွက် လေ့ကျင့်ခန်း Physiotherapy အတွက် စရိတ် အစရှိတာတွေ အတွက် လောလောဆယ်မှာ အီတလီ NGO အဖွဲ့တခုရဲ့ ထောက်ပံ့မှု တချို့  နဲ့ တဦးချင်း စေတနာရှင် အလှူရှင် များကို အားထားနေရပါတယ် ။ ဒါ့အပြင် ဦးနှောက်အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်မိမိချို နဲ့ အရိုး အကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဥာဏ်ထွန်း တို့မှ လည်း တပါတ်မှာ ၂ ကြိမ် ၊ စမ်းသပ် စစ်ဆေး ကုသပေးလျှက် ရှိပါတယ် ။ တခါတရံ မှာ ဆေးရုံတက် ကုသဖို့ လိုအပ်လာရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပြီး ဆေးကုသမှု ခံယူကြရပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကုန်ကျ စရိတ်အတွက် တာဝန်ယူ လုပ်ဆောင်ပေးမဲ့သူ မရှိတာမို့  ၊ စရိတ်မျှပေး ကျန်းမာရေး မူ အရ ၊ တဝက်ပေးစနစ် နဲ့ ဖြေရှင်းနေရတာ မို့  ဂေဟာမှ ဆရာမများခမျာ အတော်လေး ဗျာများ ကြရပြန်ပါတယ် ။
ဒါကတော့ NGO အဖွဲ့ ရဲ့  ထောက်ပံ့မှု နဲ့ တပါတ်မှာ ၂ ရက် လေ့ကျင့်ခန်းသင်တန်းပေးနေတဲ့ ဆရာမလေးပါ ။
သူတို့ လေးတွေ ရဲ့ သနားစရာ ပုံရိပ်များ ၊
ဒီကလေးမလေးကတော့ ရထားကြိတ်ခံရလို့  ပေါင်ရင်းမှပြတ်သွားရသူ ၊ မိဘနှစ်ပါးလည်းမရှိတော့ပြီမို့  ရပ်ဆွေရပ်မျိုးများက ဆေးရုံမှတဆင့် ဒီသင်တန်းကျောင်းကို လာပို့ထားတာပါ ။
ပိုလီယို အကြောသေရောဂါခံစားနေရတဲ့ ကလေးငယ် ၂ယောက် ။ လေ့ကျင့်ခန်း လုပ်လို့ သိပ်မရသေးတော့ ခြေထောက်သန်အောင် အရင် လေ့ကျင့်ပေးနေပါတယ် ။
ကလေးတွေကို ဆရာမက စာသင်ပေးတယ် ။ လက်၂ ချောင်းထောင် ဆိုပေမဲ့လည်း ထောင်ချင်သလို ထောင်နေကြတာ ။ တမင်တကာ လုပ်တာတော့ မဟုတ် ။ သူတို့ တွေရဲ့  ဦးနှောက်က သာမန်လူတွေလို မဖွံ့ ဖြိုးတော့ အကြား၊ အမြင်၊အာရုံတွေကို ဦးနှောက်က ပုံမဖေါ်နိုင် ၊ အာရုံကြောက ဦးနှောက်စေခိုင်းသလို လိုက်မလုပ်နိုင်ကြတာပါ ။.. မထနိုင် မရပ်နိုင် ၊ သူငယ်နာ အကြောဆွဲ ရောဂါသည်လေး ၂ယောက် ။ တယောက်က ရောဂါပိုပြင်းထန်လို့  ဆီးဝမ်းပါ မထိန်းနိုင် ၊ ဒီ သားရေ မွေ့ ယာ ပေါ်မှာပဲ နေရရှာတယ် ။ ( သား.. ဘာစားချင်သလည်း မေးကြည့်တော့ ကိတ်မုန့်  ..တဲ့ ၊ ဒါကြောင့် အနားမှာ ရှိတဲ့ Junction8 မှာ စားစရာ နဲ့ အသုံး အဆောင်တချို့  သွားဝယ်ပြီး ပြန်လာပေးတော့ ကလေးတွေ အတော်ဝမ်းသာကြတယ် ။
တာဝန်ခံ ဆရာမကြီး တစ်ယောက် နဲ့ ဆရာမ ၂ ယောက် ၊ အလုပ်တက်ချိန် ဆင်းချိန် မရှိ ၊ တနေ့ မှာ ၂၄ နာရီ အလုပ်ချိန် ၊နေ့ ရော ည ပါ ကလေးတွေ ချီးသေး က အစ ၊ သန့် ရှင်းရေး ၊ ကျန်းမာရေးအတွက် အစစ တာဝန်ယူ လုပ်ဆောင်ပေးနေကြတာ တော်ရုံစေတနာ နဲ့ မလုပ်ဆောင်နိုင်ကြပါဘူး ။ တလ မှာ ၂ ရက် သာ အလှည့်ကျ နားရက် ရှိပါတယ် ။ ပြီးတော့ ဒီကလေးတွေကို တကယ့် ဆွေမျိုးရင်းခြာ တွေလို ပြုစုပေးနေကြတာ ၊ ဧည့်သည် လာလို့  ရှေ့ မှာ ဟန်ပြ လုပ်နေကြတာ မဟုတ်မှန်း အကဲခပ်မိပါတယ် ။
မိန်းကလေး နဲ့ ယောက်ကျာင်္းလေး ဆောင်ဆိုပြီး ၂ ဆောင်ခွဲခြားထားပါတယ် ။ ထမင်းစား ဆောင်ကတော့ မိန်းကလေးဆောင်ဖက်မှာ ရှိပါတယ် ။ ဒီလို ခွဲခြားထားရတာကလည်း ဦးနှောက် မပြည့်ဖြိုး ပေမဲ့ အချိန်တန် အရွယ်ရောက်လာကြတဲ့ ဒီကလေးတွေမှာ လည်း သွေးသားပြောင်းလဲမှု တွေ ဖြစ်လာတတ်ကြောင်း၊ ဒါကြောင့် အိုးချင်းထားမိ ထိမိရင် ဖြစ်လာနိုင်တဲ့ ပြသနာတွေ ကို ကြိုတင် ကာကွယ်ပေးရတဲ့အကြောင်း ရှင်းပြပါတယ် ။ တချို့ ကလေးတွေမှာ လှုပ်ရှားသွားလာ နိုင်ကြတော့ ၊အပြင်ကို လျှစ်ကနဲ ထွက်သွားပြီး လမ်းမမှတ်မိ တာမို့၊ အလှူရှင် ဧည့်သည်များ ဝင်ထွက်ချိန်မှ လွဲပြီး ၂၄ နာရီလုံး ၊ ခြံဝင်းတံခါး သော့ ခတ် ပိတ်ထားခြင်းဖြင့် လူပျောက်မှု ကိုကြိုတင်ကာကွယ်ထားရကြောင်းလည်း ပြောပြပါသေးတယ် ။
ဒီကလေးတွေရဲ့  ဘဝ ရှေ့ ရေးက ဘယ်လို ရှိမလည်း ။
အသက်ရှင်နေရက်နဲ့ ဘဝ တွေ သေနေကြရသလို ၊ သူတပါးအပေါ် လုံးဝ မှီခိုအားထား နေကြတဲ့ ဒီမသန်မစွမ်းကလေးတွေ ဘဝ ဆက်လက်ရှင်သန်ဖို့ ရာ လိုအပ်ချက်တွေများစွာ ထဲ မှ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပါဝင်တဲ့သူများ တယောက်တလေ တိုးလာ ခဲ့မယ် ဆိုရင် .... ဒီစာစုလေး ရေးတင်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်တခု ဖြစ်မြောက်လာမှာ မို့  လှိုက်လှဲစွာ ကျေးဇူးတင် မိမှာပါ ။
ဒီ မသန်မစွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို တိုက်ရိုက် ဖုံးဖြင့် ဆက်သွယ်လိုပါက ..၆၆၃၃၉၂ သို့  ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ။ ဆန် ဆီ ဆား ငြုပ် ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်များ မှ အစ ၊ အဝတ် အထည် ၊ အသုံး အဆောင် ၊ စာရေးကရိယာ ၊အဆုံး စေတနာ ထက်သန်သလို နဲများမဆို လှူဒါန်းနိုင်ပါကြောင်းလည်း သိရပါတယ် ။
( အလှူခံခြင်း သက်သက် မဟုတ်ပါ ။ တို့ ပြည် တို့ မြေ မှာ ရှိနေကြတဲ့ ၊ ဒုက္ခပင်လယ်ဝေနေကြတဲ့ သန်းပေါင်းများစွာလူသားများ ထဲမှ တစိတ်တဒေသ မြင်တွေ့ လိုက်ရပုံများကို မျှဝေ ခံစား နိုင်ကြစေဖို့ လည်း ရည်ရွယ်ပါတယ် ၊ ဒီလို စောင့်ရှောက်မှုကို ခံယူနိုင်ကြတဲ့ ဒီလို ကလေးတွေ အပြင် ဘယ်သူ့  စောင့်ရှောက် ယုယမှု တွေ ကိုမှ မခံစားနေကြရတဲ့ ၊ ဒီထက် အခြေအနေ ပို ဆိုးရွားတဲ့ ကလေးများ ကိုလည်း ၊ ကိုယ်တတ်နိုင်သလောက် ပေးကမ်း လှူဒါန်းကြနိုင်စေဖို့ လည်း ရည်ရွယ်ပါတယ် ။)
မှတ်ချက်။ ။မြန်မာပြည် ပြန်ရောက်စဉ်က တွေ့ ရှိ ခံစား ရေးမှတ်ထားချက်များကို ခုမှ တင်ဖြစ်တာပါ ။ ထုံးစံအတိုင်း အင်တာနက် နဲ့ ကွန်နက်ရှင်တို့ ကိုပဲ အပြစ်ပုံချလိုက်ပါတယ် ။ နားလည်ပေးတော်မူကြပါ ။