Sep23,2011
ပြောရအုံးမယ် သမ္မတကြီးရေ ။ သားသမီးမကောင်း မိဘခေါင်းပေမို့  မိဘဖြစ်သူ သမ္မတကြီးထံပဲ တိုင်ရပြောရပါအုံးမယ် ။ ဟို မိမဆုံးမ ဘမဆုံးမသား ဝန်မင်းဆိုသူတွေ “ဘယ်သူတားတား လုပ်မှာပဲ” ၊“ ကျွန်တော့်လောက်တတ်တဲ့သူမရှိတော့ဘူး ”၊ “ဒါးဒါးချင်း ဒုတ်ဒုတ်ချင်းဖြေရှင်းမယ်” အစရှိသဖြင့် ပြောချင်သလို ပြောသွားကြလို့  ၊ အဖေ့မျက်နှာ အိုးမည်းသုတ်ခံ နေရတယ်လို့များ မထင်မိဘူးလား သမ္မတကြီးရယ် ။ မတီးရင်မမြည်ဘူး အထင်နဲ့ ဘယ်သူမှ မသိအောင်တိတ်တိတ်ကြိတ်လုပ်နေခဲ့ကြပြီး ခုလို ချိန်ခါကျမှ ပေါက်ကွဲသံ စုံလင်စွာနဲ့ အုံးအုံးကြွက်ကြွက် ဖြစ်သွားရလောက်အောင် ၊ အမိ ဧရာဝတီ ရဲ့ အရေး ကို မပြော မပြီး မို့  ၊ ပြည်သူတွေထဲက ပြည်သူတယောက် အနေနဲ့ ရင်ဖွင့်ချင်တာလေးတွေ ရေးချပြပါရစေ ။
ဘူမိ ၊ ဆည်မြောင်း ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊သစ်တော၊ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစရှိတာတွေနဲ့ပါတ်သက်တဲ့ ပညာရှင်တယောက် မဟုတ်တဲ့ အတွက် ပညာပိုင်း ဆိုင်ရာတွေကို မဆွေးနွေးတတ်ပါ ။ မသိ မတတ်တဲ့ အရာများကို မပြောလိုပါ ။ နိုင်ငံသားတိုင်းဟာ ကိုယ့်မွေးရပ်ဇာတိမြေ ကို ချစ်မြတ်နိုးတတ် တန်ဖိုးထားတတ် ကြပါတယ် ။ မွေးရပ်မြေ အမိမြန်မာပြည်ကြီးရဲ့ သည်းပွတ်နှလုံး မြစ်ကြီးဧရာဝတီကိုလည်း ထပ်တူထပ်မျှ ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြပါတယ် ။ နိုင်ငံ အတွင်းမှာမှီတင်း နေထိုင်ကြတဲ့ မြန်မာပြည်ဘွား တိုင်းရင်းသားအားလုံး ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုး ကြသလိုပဲ ၊ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကိုစွန့် ခွာသွားရပြီး ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ နေကြရတဲ့ ပြည်ပရောက် နိုင်ငံသားများသည်လည်း ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးတတ်ကြပါတယ် ။ဒါကိုတော့ သံသယ ရှိစရာ မလိုပါ ။
ဒါပေမဲ့..“ဧရာဝတီမြစ်ကြီးကို ခင်ဗျားတို့ ချစ်သလို ကျွန်တော်တို့ လည်း ချစ်ပါတယ်ဗျာ ” လို့ လွယ်လွယ်လေး ပြောထွက် လိုက်ကြတဲ့ ခင်ဗျားရဲ့ သား ဝန်မင်းများရဲ့  ချစ်ပုံချစ်နည်းကို သိလိုလှပါတယ်။ ရှင်းရှင်းပြောရရင် မျောက်ပြ ဆန်တောင်း ။ ကိုယ့် အမေ ကိုယ်ပြန်ရောင်းစား နေကြတဲ့ အဖြစ်မျိုး ဖြစ်နေကြပြီဆိုတာ သိသိကြီးနဲ့ မသိယောင်ဆောင်နေတာ ဆိုရင်တော့ အင်မတန် ဟန်ဆောင်ကောင်းသူများ လို့ ပဲ ခေါ်လိုက်ပါရစေ။
ဆွေမျိုးပေါက်ဖေါ် အိမ်နီးချင်း နိုင်ငံကြီးရဲ့ ယန်စီနဲ့မြစ်ဝါကို ဥပမာထား ၊ သင်ခန်းစာယူလို့ ရနေရဲ့သားနဲ့ မျက်တောင်တမွှေးသာကြည့်ပြီး တိုးတိုးတိတ်တိတ် အလျင်စလိုဆုံးဖြတ် ၊ လုပ်နေကြ အကျင့်ဆိုးကြီးမဖျောက်နိုင်ပဲ ကိုယ့်အိတ်ထဲ ထဲ့ကြ ၊ သူစား ကိုယ်စား နှစ်ဖက်ခွစား ကြားပွဲစား အကြောင်းပြ ၊မတရား ညှစ်ယူထားကြတဲ့ ဝိသမ လောဘနဲ့ ရောယှက်နေတဲ့ ဒီငွေတွေ စည်းစိမ်တွေ နဲ့ ဧရာဝတီကြီင်္းကို ရောင်းစား ရအောင် ၊ ဧရာဝတီကို ခင်ဗျားတို့ လူလည်ကြီးသားသမီးတွေ ပိုင်တာမဟုတ်ဘူး ၊ ငွေလိုနေရင် ခင်ဗျားတို့  မိဘ သားသမီးတွေကို လဲစားလို့ရတယ် ရောင်းစားလို့ရတယ်။ ကျုပ်တို့  ကျေကျေနပ်နပ်ကြီး သဘောတူတယ် ။ ဒါပေမဲ့ အားလုံးနဲ့ဆိုင်တဲ့ ဧရာဝတီကို ရောင်းစားတာတော့ ကျုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ ပြောချင်တယ် ။ ခုတော့ ခြေလွန် လက်လွန်စားပြီးဝါးပြီး ဖြစ်နေပြီမို့  ဇွတ်အတင်း ဆက်လုပ်မယ် ဆိုရင်လည်း ၊ ကျုပ်တို့ ပြည်သူတွေ အားလုံး ရတဲ့နည်းနဲ့ တွန်းလှန် ကြမှာပါပဲ ။ ခင်ဗျားတို့ လည်း ဆွေစဉ်မျိုးဆက် နာမည်ပျက် နာမည်ဆိုးနဲ့  ရာဇဝင်တွင်ကျန်ရစ်ခဲ့တော့မှာပါပဲ ။
သိချင်တာ တခုရှိပါသေးတယ် ။ သမ္မတကြီးတို့  အားကိုးအားထားပြုနေတဲ့ တရုပ်ပြည်ကြီးလုပ် ပစ္စည်း ဘယ်နှစ်မျိုးလောက်များ သမ္မတကြီးတို့ အိမ်မှာ သုံးစွဲ စားသောက်နေကြပါသလည်း ။ (သမ္မတကြီးရဲ့ ရှေ့မှ ဆရာ့ ဆရာကြီး အိမ်မှာဆို ပရိဘောဂ တွေ က အစ ဥရောပ နဲ့  အမေရိက နိုင်ငံလုပ်တွေ ဖြစ်တယ်ဆိုတာ ကြားသိရပါတယ် )။အလွယ်ဆုံးပြောရရင် ဇိမ်ခံပစ္စည်းတွေ၊ တရုပ်ပြည်တွင်းဖြစ် မော်တော်ကား ၊ အစားအသောက်၊ အဝတ်အထည် ၊အသုံးအဆောင် ၊ ဆေးဝါး စသဖြင့်ပေါ့ ။( စစ်တပ်သုံးနေတဲ့ ယာဉ်တွေကတော့တိုင်းပြည်သယံဇာတတွေ နဲ့ လဲလှယ်ထားတဲ့ တရုပ်လုပ်တွေပါ ။ ဒါက သမ္မတကြီးစီးနေတဲ့ကား မဟုတ်လို့ ဒီစာရင်းထဲ ထဲ့လို့ မရပါဘူး )။ သမ္မတကြီးတို့ကိုယ်တိုင်တောင် မှ တရက်စုတ်တဲ့တရုပ်စက်တွေ ယုံကြည်စိတ်ချစွာ သုံးစွဲခြင်းမပြုပဲနဲ့ ဧရာဝတီကို တရုပ်လက်ထဲ ဝကွက်အပ်လိုက်တဲ့ သမ္မတကြီးတို့ရဲ့ စေတနာမေတ္တာဆိုတာတွေကို ဘယ်လိုမှ နားလည်ပေးလို့ မရနိုင်ပါဘူး ။
နှစ်စဉ် ဘတ်ဂျက်ရှင်းတမ်း လုပ်တိုင်း လိုငွေတွေချည်းပဲပြနေပါတယ်တဲ့ ၊ ၂၀၁၁-၁၂ ရှင်းတမ်းမှာလည်း လိုငွေ ကျပ်ဘီလီယံပေါင်း ၂၃၀၀ ကျော်ပြနေတယ်လို့ ဆိုပါတယ် ။နှစ်စဉ် ရောင်းလို့်ရတဲ့ ကျောက်မျက်ရတနာတွေ ၊ သဘာဝဓါတ်ငွေ့ ကမ်းလွန်ရေနံတွေ၊ ကျွန်းသစ်တွေ ၊ဘီလီယံထောင်သောင်းပေါင်းများစွာတို့ ဘယ်ရောက်ကုန်ကြပြီလည်း ။ ချွတ်ခြုံ ကျနေတဲ့ တိုင်းသူပြည်သားတွေ ကျန်းမာရေး ပညာရေး လူနေမှုဘဝ တိုးတက်မှု တွေ အတွက် ကုန်ကျခံလိုက်လို့ လား ။ ရှင်းလင်းပြောပြပေးစေချင်တယ် သမ္မတကြီးရေ ။
မိုးကြိုးပစ်တာ ထန်းရွက်နဲ့ကာ၊ ငွေလိုနေလို့  ၊လျှပ်စစ်ဓါတ်တွေ ပိုနေလို့ ဆိုပြီး ၊ ဧရာဝတီကို အသေသတ်ပြီးရောင်းစားဖို့  ကြံစည်နေကြတဲ့ ပြည်ဖျက်စီမံကိန်းကြီးကို ရပ်တန်းက ရပ်ပါရန် ဒီနေရာမှ တောင်းဆိုချင်ပါတယ်။
မြစ်ပျက် လို့  ပြည်ပျက် လူမျိုးပျက် ယဉ်ကျေးမှုပျက် အဖက်ဖက် က ပျက်စီးယိုယွင်းသွားရမဲ့ အကျိုးဆက်တွေကို မြင်ပြီး ၊ ၈၅ ရာခိုင်နှုန်း အဖြစ်နဲ့ သူတို့ ယူစားသွားမဲ့ အချိုး ကိုပြောင်းပြန် အချိုးချပြီး ရမယ်ဆိုရင် တောင်မှ ၊ ကျုပ်တို့ မမျှော်လင့်ပါဘူး ။ ဒီငွေတွေ စည်းစိမ်တွေ နဲ့ ဧရာဝတီကြီင်္းကို လဲ ရ အောင် ၊ ကျွန်ုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ပြောချင်တယ် ။ လျှပ်စစ်မီး ကို ၂၄ နာရီ မရ ၊ တသက်လုံးမရ ပဲ နေသားကျ ကျင့်သားရနေကြပြီဖြစ်တဲ့ မြန်မာပြည်သားတွေ အတွက် ဧရာဝတီကိုသတ်ပြီးမှ လဲလှယ် ယူလို့ ရမဲ့
လျှပ်စစ်ဓါတ်အား ရှိ၏မရှိ၏၊ မှန်၏ မမှန်၏ ၊ ဆိုတာ အသေးအဖွဲ ကိစ္စလေးပါလူကြီးမင်းတို့  ။ လူကြံရင် ထရံတောင် ဖျာဖြစ် ။ သဘာဝဓါတ်ငွေ့ တွေ ပေါကြွယ်နေလျှက်သား နဲ့ ဆည်တွေတမံတွေ တုတ်ပြီး ဧရာဝတီကို လည်ပင်းညှစ် ပြီးမှ ဒီလျှပ်စစ်ဓါတ်ထုတ် ဖို့  ကြိုးစားနေကြတဲ့ တိုင်းပြည်အုပ်ချုပ်သူ ၊တာဝန်ရှိသူဆိုတဲ့ လူကြီးမင်းများကို အံ့လည်းသြမိပါရဲ့ ၊
အထင်လည်းသေးမိပါရဲ့ ၊ နောက်ဆုံး ကုန်အောင်ပြောလိုက်မယ် ။ ရွံ့ မုန်း နဲ့  ရွံမုန်း ဘယ်လိုပဲမုန်းရမုန်းရ မုန်းမိပါရဲ့  ။
မြစ်နဲ့ချောင်းတောင် ကွဲပြားအောင်မသိတဲ့ ဝန်မင်းဆိုသူရဲ့ ပေါ့ပျက်ပျက် အတွေးနဲ့ အမိန့်စကားကြောင့် ဂုဏ်သိက္ခာ ဘယ်လောက်ကျဆင်း ခဲ့ရပြီလည်းဆိုတာရော စဉ်းစားမိပါရဲ့ လား။(နဂိုကတည်းက ဂုဏ်သိက္ခာတစ်ပြားသားမှ မရှိသူတွေအတွက်ကတော့ ဒီထက်ကျဆင်းစရာလည်း မရှိတော့ပါဘူး လို့ တမျိုးလှည့်တွေးလည်းရပါတယ်) ။ လူတွေမှာ သက်တမ်းရှိသလို ဆည်ကြီးတွေမှာလည်း သက်တမ်းရှိသတဲ့ ။ တကြိမ်ဆောက်ထားရုံနဲ့ တသက်လုံး လုပ်စား ထုတ်စားလို့ မရဘူး တဲ့၊စာချုပ်မှာ နှစ် ၃၀ ၊နှစ် ၆၀ ၊ ဘယ်လိုပဲ ကိန်းဂဏန်းတွေပြပြ ချုပ်ချုပ် ၊ စာချုပ်နှစ်စေ့လို့ ပြန်ရရင် ပုတ်သိုးဆွေးမြေ့ နေတဲ့ သုံးမရတဲ့ ဆည်ကြီး အဖြစ်ပဲ ကျန်နေခဲ့မှာ .. လို့  နားလည်တဲ့ ပညာရှင်တွေ ပြောပြ ထောက်ပြကြတာကို မှ နားမဝင် ၊ ကိုယ့်ထက်တတ်တာတောင် ကိုယ့်လောက်မတတ်ဖူးလို့ ကိုယ်သိကိုယ်တတ် အထင်ပေါက်နေကြတဲ့ သက်ဆိုင်သူဝန်မင်းများ ၊ ကိုယ့်မြင်းကိုယ်စိုင်းလို့  စစ်ကိုင်းလည်း မရောက်ဘူး၊ကိုယ့်လှေ ကိုယ်ထိုးလို့  ပဲခူးလည်း မရောက်ဘူး ။ လက်တဆုပ်စာ အာဏာရှင်အသိုင်းအဝိုင်းတို့  မတရားစံစားနေကြတာတွေကြောင့် တိုင်းသူပြည်သား လူအများ သာမက နောင်လာမဲ့ မျိုးဆက်ပေါင်းများစွာ ၊ သယံဇာတ တောတောင် ပျက်သုဉ်းလို့  အတိဒုက္ခရောက်ကြရတော့မယ် ။ မျိုးမစစ်တွေ ဖျက်လို့  အမျိုးကောင်း သားသမီးတွေ ပျက်စီး ဆုံးရှုံးကြရတော့မယ် ။ယဉ်ကျေးမှုတွေ အဖျက်ခံကြရတော့မယ် ။ ဒီ အကျိုးနဲ့ အကြောင်း ဆက်စပ်နေကြတာတွေကြောင့် ပြည်ချစ်သူလို့ သံကောင်းဟစ်ပြီး ပြည်ဖျက်သူ ဖြစ်နေကြတဲ့ သမ္မကြီးနဲ့ ဝန်မင်းများရဲ့ ဧရာဝတီ နဲ့ ပြည်ဖျက် ဆည် စီမံကိန်းကို ကျုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ ပြောချင်တယ် ။ လုံးဝ ကန့်ကွက်တယ် ။
ဒီပုံကတော့ မြစ်ဆုံဆည်ဆောက်ပြီးနောက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတရားကွင်းဆက်များပါပဲ။ရေအားလျှပ်စစ်ဓါတ်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ အကြောင်းပါ။ မြန်မာလို ရှင်းရှင်းရေးထားလို့ သမ္မတကြီး အလွယ်တကူ နားလည်နိုင်ပါတယ် ။( နားလည်သူပညာရှင်များရဲ့ တင်ပြထားချက်ပါ ။ ဒီနေရာမှ ရယူထားပါတယ် ။
နှစ်ပေါင်း ၅၀ ကျော်လောက် ပြည်သူတွေကို မျက်စိပိတ် နားပိတ် ပါးစပ်ပေါက်တွေ ပိတ်ပြီးနေကြရအောင် ဖိနှိပ်ထားကြလို့  ပြည့်သူ့ ရင်ထဲကအော်သံတွေ ခင်ဗျားတို့ မကြားနိုင်ကြတာလား ၊ ကြားရဲ့နဲ့ မကြားချင်ယောင်ဆောင်နေကြတာလား ဆိုတာ ခင်ဗျားတို့ ပဲ အသိဆုံးဖြစ်ပါမယ် ။ ခုဆိုရင် တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်မယ်ဆိုတဲ့ သမ္မတကြီးနဲ့ ဝန်မင်းများအဖွဲ့ ရဲ့ ဒီမိုကရေစီသရုပ် ဖေါ်ဆောင်ပုံတွေကို ကျုပ်တို့ပြည်သူအများက စောင့်ကြည့်ပြီး ရလာဒ်ကောင်းတွေကို မျှော်လင့်နေကြပါပြီ။ တရားနည်းလမ်းကျကျနဲ့ ဖြေရှင်းဆောင်ရွက်ပေးစေချင်ပါတယ် ။ စကားလက်လွန်သွားတဲ့ ဝန်မင်းတယောက်လည်း လေသံ နဲနဲပျော့လာပြီလို့  ထင်မိပါတယ်။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကို လွှတ်တော်မှာ ဆုံးဖြတ်မယ်ဆိုတာလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး ။ ဘာလို့လည်းဆိုတော့ ခု လွှတ်တော်ထဲမှာ ဝင်ရောက်ဆွေးနွေးခွင့်ရနေသူတွေ ရဲ့ ထက်ဝက်ကျော်မျှဟာ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်တင်မြှောက်ထားသူများ မဟုတ်ကြလို့ ပါပဲ။ (ဒါကိုလည်း သမ္မတကြီး အသိဆုံး ဖြစ်မှာပါ ၊ ကိုယ့်ကိုယ်ကိုယ်လိမ်ညာ နေသူဆိုရင်တော့ ဘာမှ မပြောလိုတော့ပါ )။
ဒီတော့ တတိုင်းပြည်လုံး ပြည်သူ့ အသံ အစစ်အမှန်ကို ဖြည့်ဆည်းပေးမ၊ဲ့ ဒီမိုကရေစီ အပြည့်အဝကို ဖေါ်ဆောင်ပေးမဲ့ သမ္မတကြီး အနေနဲ့  ဒီ မြစ်ဆုံစီမံကိန်းအတွက် ပြည်သူ့ ဆန္ဒခံယူပွဲ တရပ် ကျင်းပပေးစေချင်ပါတယ် ။ ဒီပြင်ဆင်နေရတဲ့အချိန်အတွင်းမှာလည်း စီမံကိန်းကြီးကို ရပ်ဆိုင်းပေးထားစေချင်ပါတယ် ။ ၂၀၀၈ နာဂစ်ဥပဒေ နဲ့  ၂၀၁၀ရွေးကောက်ပွဲ ကဲ့သို့  မဲလိမ်မှုတွေ မပါပဲ ပြည်သူ့ ဆန္ဒ အစစ်အမှန်နဲ့ အညီ ထွက်လာမဲ့ ရလဒ် အတိုင်း ဆောင်ရွက်ပေးစေချင်ပါတယ် သမ္မတကြီးရေ ။
အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်.....
-မြစ်ဆုံစီမံကိန်း ရဲ့ အစီရင်ခံစာ ၊ အကျိုးနဲ့ အပြစ်တွေကို ပြည်သူအများသိအောင် ဘက်မလိုက်ပဲ ထုတ်ပြန်ပေးပါ။
-မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖေါ်သင့်/မဖေါ်သင့်ဆိုတာ ကို ပြည်သူ့ ဆန္ဒ( အစစ်အမှန်) ဖြင့် ဆုံးဖြတ်ဖို့ အတွက် လုပ်ဆောင်ပေးပါ။
-ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ အပြစ်များ အတွက် ဘယ်ပုံဘယ်နည်း ဘယ်မျှ အာမခံချက် ပေးနိုင်မလည်း/ပေးမလည်းဆိုတာကို တိတိကျကျ ရှင်းလင်းဖေါ်ဆောင်ပေးပါ။
ဒါပေမဲ့ ဒီအချက်အလက်တွေ လုပ်စရာတပုံတပင်တွေ ကို အချက်တခုထဲနဲ့ ပြီးပြတ်အောင်လုပ်ဆောင်နိုင်ပါတယ် ။ ရှည်ရှည်ဝေးဝေး ပြောနေရတာ သမ္မတကြီးရဲ့ အဖိုးတန် အချိန်တွေ အလဟဿ ကုန်မစိုးလို့ ရှင်းရှင်းပဲပြောပါမယ်။
“မြစ်ဆုံဆည်စီမံကိန်းကြီးကို ချက်ချင်းရပ်တန့် ပြီး အကြွင်းမဲ့ဖျက်သိမ်းပေးပါ” ။ နောက်တခါ ထပ်ပြောပါအုံးမယ် ။
“ မြစ်ဆုံဆည်စီမံကိန်းကြီးကို ချက်ချင်းရပ်တန့် ပြီး အကြွင်းမဲ့ဖျက်သိမ်းပေးပါ” ။
အကယ်၍များ .. အကယ်၍များ ပေါ့ ...ပြည်သူ့ ဆန္ဒ အစစ်အမှန် အတိုင်းသာ ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် မြန်မာ့သမိုင်းမှာ နာမယ်ကောင်းနဲ့ အစဉ်အမြဲ ရှင်သန်နေမဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ထပ်တူ သမ္မတကြီးကို တမျိုးသားလုံးရဲ့ စစ်မှန်သော ခေါင်းဆောင်ကောင်းတယောက် အနေနဲ့ သမိုင်းစဉ်ဆက်မှာ မှတ်တမ်းရေးထိုးပေးကြမှာပဲ ဖြစ်ပါတယ် ။
သမ္မတကြီးနဲ့ တကွ မ တစ်ရာသားများအားလုံး... ၊ ဧရာဝတီ၊ မြန်မာပြည်ကြီး နဲ့တကွ မြန်မာပြည်သား အပေါင်းတို့အား အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြပြီး အမှန်တကယ် ချစ်တတ်လာကြပါစေ ။
အဲ့သလို သာဆို “ကျွန်မတို့ ကလည်း သမ္မတကြီးကို ချစ်ပါတယ်ရှင်” လို့ နေ့ စဉ်ပြောဖို့ ၊ သမ္မတကြီး ကျန်းမာရွှင်လန်းပါစေ လို့ နေ့စဉ်ဆုတောင်းပေးဖို့  ဝန်မလေးပါဘူး ။
ကျေးဇူးတင်ပါတယ် ။ လူကြီးသူမ ကို ပြောတဲ့ စကားတွေ ရိုင်းပြသလို ဖြစ်သွားခဲ့မယ်ဆိုရင်လည်း ၊ ဘာကြောင့်လည်း ဆိုတာ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ တတိုင်းပြည်လုံး ပြောင်သလင်းခါနေရပြီဖြစ်တဲ့ နိုင်ငံတော်ကြီးကို အုပ်ချုပ်နေသော သမ္မတကြီင်္း ဘဝဆက်တိုင်း ဆက်လက် မပြောင်ပါစေနဲ့ ။ (မျက်နှာမပြောင်စေဖို့) ဆုတောင်းပေးလိုက်ပါတယ် ။
သမ္မတကြီး ရဲ့ ငယ်စဉ်ဘဝ အမှတ်ရစရာ အဖြစ်၊ တခေတ်ထဲ မွေးဖွားလာခဲ့ကြတဲ့ ပြည်သူချစ်တဲ့ အနုပညာသည် ဒေါ်မြင့်မြင့်ခင် ရဲ့ “ မြစ်ကြီးဧရာဝတီ ”ဆိုတဲ့ သီချင်းလေးကို နားဆင်ရင်းနဲ့ ချမ်းမြေ့ နိုင်ပါစေ..
►Posted by
:kiki
:
at
9/23/2011 12:05:00 AM
Subscribe to:
Post Comments (Atom)
27 comments:
မကိ
ရှိသမျှ အားလုံး သမ သမ သွားတဲ့သူဂျီးကို တ တနေတဲ့ မကိရဲ့ဟိုလိုလို ဒီလိုလို မလုပ်ပါနဲ့ကိုဖတ်သွားပြီဗျို့ .....
ချွတ်စရာလဲ မရှိ ခြုံစရာလဲ မကျန်
တို့အတွက် ဘာမှ မရှိစေချင်နေပါ
ဧရာလေးတစင်းတော့ ကျေးဇူးပြုပြီး
သနားသဖြင့် ချန်ထားပေးတော်မူပါ
အမြဲတမ်း သမ သမ နေတဲ့ သမတကြီးကို
ဘလော့ပိုင်ရှင်နဲ့အတူ ဆုတောင်းပါတယ်..
ခင်မင်တဲ့
seesein
အဟေးဟေး တက်ကြွနေပါလား...
Fighting ..............!!!
သူ့လောက် တတ်တဲ့လူမရှိဘူဆိုတာ တကယ်ပြောတာ ဖြစ်မှာပါဗျာ..(သူ့အိတ်ကပ်ထဲ ထည့်တတ်တာ..)
ဘာမှ လွှတ်တော် တင်တာတို့ .. ဆန္ဒ ခံယူတာတို့ လုပ်နေစရာ မလိုပါဘူးဗျာ .. မွဲနေ ရတဲ့ အထဲ ထပ်ပြီး
ပိုက်ဆံတွေကုန်.. အချိန်တွေကုန်.. :( :(
ဒီလောက်အားလုံး ပြောနေတာ..
အဲ.. အိတ်ထဲ ထည့်ပြီးသား အကြံအဖန်လေးတွေတော့..
ဲပြန်မထုတ် တတ်တော့ဘူး ထင်ပါ့... :(( စိတ်လေတယ်..
နယုန်မိုး(m.sia)
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
အားလုံးရဲ့ ကန့်ကွက်ခြင်းကို ထောက်ခံပါတယ်
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်။
မကီပြောသလို မျက်နှာပြောင်တိုက်ချက်က ကမ်းကုန်ရော
တစ်တိုင်းပြည်လုံးက စီမံကိန်းမကောင်းဘူးပြောတယ်
သူတို့လို လက်တစ်ဆုပ်စာလူတွေကသာ ကောင်းပါတယ်လို့ အရှက်မရှိ တွင်တွင်အော်နေကြတယ်
တရုတ်တွေဆီက ဘယ်လောက်များ နင့်နေအောင် ယူထားတယ်မသိဘူး။ လူတကအပြစ်တင်မှာ သမိုင်းမှာတရားခံဖြစ်မှာတောင် မကြောက်နိုင်အောင်ဘဲ
တရုတ်မျက်နှာကို ရည်းစားမျက်နှာလိုကြည့်နေတဲ့ ဒီလူကြီးတွေ. ကမ်းကုန်အောင်မုန်းဖို့ကောင်းတယ်
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဆက်မဖြစ်တည်ရ။ အကြွင်းမဲ့ကန့်ကွက်ပါသည်။
ဧရာဝတီနဲ့ မြန်မာပြည်
ဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။
ဧရာဝတီနဲ့ မြန်မာပြည်
ဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။
ဧရာဝတီစီမံကိန်းအား ရှုတ်ချခြင်းသည် ပါတီနိုင်ငံရေးမဟုတ်၊
ဧရာဝတီဟာ တစ်မျိုးသားလုံးနဲ့ဆိုင်တယ်။
ဒီအတွက် မကြောက်မရွံ့ ကိုယ်တတ်နိုင်တဲ့နေရာကနေ အတူလက်တွဲ ရှုတ်ချရပါမယ်။
မမကိကိရေ...ဗြောင်လိမ် ဗြောင်စားတွေလေ....သေရင် ဘာဖြစ်မယ်မသိဘူး...
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်
ဖြောင်းဖြောင်း........ ဒို့ မကိ ကွ မကိ နဲ့ အတူ ထပ်တူ ထပ်မျှ ကန့်ကွက်တယ် လုံးဝလုံးဝ ကန့်ကွက်ပါတယ်
ကိရေ တွေ့ရင် တိုးတိုးလေး ပြောလိုက်မယ်နော်
ကျေးဇူး ခင်မင်စွာဖြင့်
ရွှေစင်ဦး
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...
အင်း...
မမကီ..
အခုကတည်းက သူလည်း ပြောင်နေရှာပါပြီ
ဗျာ..။ “ ထိပ်” လေ။ အစ်မ သူ့ ကိုချဉ်းပဲ
ရန်မတွေ့ နေပါနဲ့ ဗျာ..။ တကယ်တော့  သူကလည်း စစ်တုရင်ခုံပေါ်က “ နယ် ”ရုပ်
ကလေး တစ်ရုပ်ပါပဲ။ နောက်က နဖားကြိုး
ထိုင်ဆွဲနေသူကိုပဲ ပြောရမှာပါ။ သူတို့ က
ခြေလွန်လက်လွန် တစ်ကိုယ်လုံး ကျွံ နေလို့ 
အခု ဧရာဝတီကိုပါ ပေါက်ဖော်တွေလက်ထဲ
ထိုးထည့် နေပြန်ပြီင်္လေ။
မောတယ်ဗျာ..၊ တစ်ဘဝစံ သမားတွေကို
ပြောရ ဆိုရတာ နွားပါး စောင်းတီးနေရ
သလိုပါပဲ။
ကန့် ကွက်တယ်ဗျာ၊ အစ်မနဲ့  အတူတူပဲ။
ခင်တဲ့ 
အဖြေးလူ..။
ကောင်းလိုက်တဲ့ စကားလုံးအသုံးအနှုံး၊ ပြောင်မြောက်တဲ့ အရေးအသားတွေနဲ့ မြစ်ဆုံ စီမံကိန်းကို ရှုတ်ချကန့် ကွက်သွားတာကို ကျွန်တော်အပြည့်အဝ ထောက်ခံပါတယ် ခင်ဗျာ...
ဧရာဝတီမြစ် နှင့် ပြည်သူပြည်သားတို့ကို ခွဲခြား၍ မရစကောင်း။ ဧရာဝတီကို ချုပ်နှောင်ခြင်းကို မလိုလားပါ။
stop Irrawaddy DAM project
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
မြစ်ဆုံရေကာတာစီမံကိန်းအား အပြတ်အသတ်ကို ကန့်ကွက်ရန် သဘောတူပါတယ်..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီး ဆင်းနိုင်ပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ချင်းတွင်း ဧရာဝတီ သံလွင် စစ်တောင်း မြစ်လေးသွယ်အပြင် မြန်မာနိုင်ငံထဲက ဘယ်မြစ်မှာမှ တိုင်းတပါးကလာဆောက်ကြမယ့်ဆည်တွေကို လုံးဝလုံးဝ အလိုမရှိပါကြောင်း... ကိုယ့်နိုင်ငံထဲလာပြီး အမြတ်ထုတ် အချောင်စား ရှိသမျှတက်တက်ပြောင်အောင် ခိုးထုတ်သွားကြမယ့်သူများကိုလည်း အလိုမရှိကြောင်း ထပ်လောင်းပြောလိုပါတယ်။
မမကိရေ
ဧရာဝတီမြစ်ကြီး ဘာမှ မဖြစ်ပါစေနဲ့။ ကမ္ဘာတည်သရွေ့ ထာဝရတည်ရှိနေပါစေလို့ ဆုတောင်းပါတော့တယ်။
ကန့်ကွက်ပြီး ဆုတောင်းကြရင် ကောင်းမလား။
လူမှန်နေရာမှန် မှမဟုတ်တာ။ ပညာတတ်လို့ ထိုက်တန်တဲ့နေရာတွေကို ယူထားကြတာမှာ မဟုတ်တာပဲ။ ကိုယ့်အိတ်ထဲကိုယ်ထည့်ဖို့ ကိုယ့်အမေရင်းတောင် ရောင်းစားမယ့်ကောင်တွေ။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။
မကိရေ
သမ္မတကြီးဆက်လက်ပြီး မပြောင်ပါစေနဲ့....
ဒီစီမံကိန်းကြီး အမြန်ဆုံး ရပ်တန့်ပါစေ....
နှင်း
အစ်မကိရေ........ သွေးထဲက ပွက်ပွက် ဆူလာသလိုပါပဲဗျာ။ အစ်မရေးတာလေးတွေ ဟိုးအရင်တစ်ခါ ကျိုက်ထီးရိုးပက်တဲ့ အခေါက် မပြန်ခင်နဲ့  ရန်ကုန်က ရေးတင်တဲ့ဟာလေးတွေ လိုပါပဲ။
ဧရာဝတီအတွက်တော့ ထပ်တူ ထပ်မျှပါပဲဗျာ။
ကြောင်ဂိုဏ်းထဲ မဲလိမ်ပြီး ၀င်ခိုင်းဖို့  ကိတ်စ ဆွေးနွေးနေကြပါတယ်။ ကြောင်ပုံ လှလှတွေ ရှာထားပါတော့အစ်မကိရေ.... :)
Post a Comment