ဒီနေ့  တနင်္ဂနွေ ။ အလုပ် အားရက် ရတယ် ။ တပါတ်စာ စားဖို့သောက်ဖို့ လိုတဲ့ပစ္စည်းလေးတွေ ဝယ်ဖို့  ထုံးစံအတိုင်း ရှော့ပင်းစင်တာ ထဲ သွားဖြစ်တယ် ။ အဲလိုဆိုင်တွေမှာ က အမြဲတမ်း ပစ္စည်း တမျိုး မဟုတ် တမျိုးကို ဈေးချရောင်းတာတွေ ရှိတတ်တယ်လေ ။ ကိုယ်သုံးနေကျ ပစ္စည်းဆို ဈေးချတာနဲ့ ကြုံရင် ဝယ်ထားရတာပေါ့ ။ ဒါဆို ပိုသက်သာတယ်မလား။ စီးပွားရေးမျက်စိ မရှိပေမဲ့ ဒီလောက်တော့ တွက်ချက်တတ်တာမို့  ကြုံသလို ဝယ်ဖြစ်တာများပါတယ်။ စီးပွားရေး ဆိုလို့  ဘာမှ ကြီးကြီးကျယ်ကျယ် ပြောချင်တာ မဟုတ်ပါဘူး၊ ပြောလည်း မပြောတတ်ပါဘူး ။ လူပြိန်းအတွေးနဲ့ တွေးမိသလောက် ပြန်ပြောပြချင်တာ တခုထဲပါ ။
ဒီကနေ့  ဈေးဝယ်ထွက်ရင်း မှတ်သားစရာ သင်ခန်းစာတခု ရလိုက်တယ် ။ ကိုယ့်ကိုယ်ကို ဒီလောက်တုံးရသလားလို့  တွေးမိပြီးတော့လည်း ကြိတ်ပြီး ပြုံးဖြစ်သွားပါတယ် ။
နေရတဲ့တိုင်းပြည်က ဒီမှာဆိုတော့ ဒီကလူမျိုးတွေနဲ့ မပတ်သက်ချင်လို့လည်း မရပါဘူး ။ တရုပ်တွေ ဟိုးရှေးကတည်းက အတွက်အချက်တော်ကြတယ် ဆိုတာ ပေသီး ကို တီထွင်သုံးခဲ့ကြတဲ့ အချက်ကိုကြည့်ပြီး သိသာနိုင်ပါတယ် ။ ဒါ့ကြောင့်မို့လားမသိ တရုပ်တွေ အထဲမှာ ပေသီး ခေါက်၊ အခေါက် ကျွမ်းသူများလည်း အများကြီးရယ် ။
ဒီမှာ လျှော့ဈေးချပုံ ချနည်းတွေ အများကြီး ရှိပါတယ် ။
ဥပမာ - ပစ္စည်းတခုကို တဝက်ဈေး ဒါမှမဟုတ် ရာခိုင်နှုန်းဘယ်လောက် ဆိုပြီး ချတာမျိုး 50% off (打五 折)- ဒါကရှင်းပါတယ် ၊ တဝက်ဈေး ပေါ့ ။
30 % off(打 七 折)- ဆိုရင် ကိုယ်က ပစ္စည်းမူလတန်ဘိုးရဲ့ ၇၀% ကို ပေးရမယ် ။
Buy one , get one free ( 贾一 送一)- တခုဝယ်ရင် တခု အလကားပေးတယ်ပေါ့ ။ ဒါပေမဲ့ ပစ္စည်း ၁ခု ရဲ့ ဈေး အပြည့်နဲ့ ဝယ်ပြီး ၂ခု ရ မယ်ပေါ့ ။ စဉ်းစားကြည့်ရင် ဒါလည်း တဝက်ဈေးပါပဲ ။ဒါပေမဲ့ 50% off လို တဝက်ဈေးနဲ့ တခုထဲဝယ်ချင်သူများ အတွက်တော့ သိပ်မကိုက်ဖူးပေါ့ ။
Buy two , 50 % off of second one ၊( 贾 二 , 第二件半价) - ဒါကျတော့ ပစ္စည်း ၁ခုကို ဈေး အပြည့်ပေးဝယ် နောက်တခုကျတော့ တဝက်ဈေး တဲ့ ။ သေချာ ပြန်တွက်ကြည့်လိုက်ရင် ပစ္စည်းတခုချင်းစီ အတွက် 35%ပဲ ဈေးလျှော့ပေးတာပေါ့။ 七五 折 ခေါ်တယ်ပေါ့ ။တချို့ က သေချာမကြည့်ပဲ တဝက်ဈေးအထင်နဲ့ မှားဝယ်တတ်ကြတယ် ။( ခံလိုက်ရပြီး မို့  ဦးနှောက်ထဲ စွဲအောင် မှတ်မိနေတာ ပါး))))
ထားပါတော့ .. ဒါတွေက သူ့ ဒေသ နဲ့သူ့ အခေါ်အဝေါ်တွေ အပေါ်တည်ပြီး ဈေးတွက်တွက်ကြည့်လို့ ရအောင်ပါ ။ ကိုယ်တိုင်ကတော့ များများစားစား မှ မဝယ်တာကြီး ဦးနှောက်ခြောက်ခံပြီး မစဉ်းစားချင်တော့လို့ ၊ လိုတာတွေ့ ရင် ကောက်ဝယ်လေ့ရှိတာများပါတယ်။ ကဲ.. လူတတ်ကြီးလုပ်ပြီး ဟိုလူကြီးလို market ... market သဘောတွေ ပြောနေရတာနဲ့ လိုရင်းမရောက်တော့ဘူး ။
ကိုယ့်ဇာတ်လမ်း ကိုယ် ပြန်ဆက်ပါမယ် ။ ကိုယ့် ရှေ့ နားမှာ တရုပ်မကြီး အသက်တော့ကြီးပါပြီ ၇၀ လောက်ရှိမယ် ။အဲဒီ တရုပ်မကြီး နံပတ် (၁) က ခေါင်းလျှော်ရည်ဗူး တတွဲကို ကိုင်ကြည့်တယ် ။ လျှော့ဈေး အမျိုးအစားထဲမှ ( 贾 二 , 第二件半价) တဲ့ ။ ခေါင်းလျှော်ရည် က family ဆိုဒ်ကြီး ဗူးကြီး ဆိုတော့ သူလည်း သိပ်မ မ နိုင်ဘူး နဲ့ တူပါတယ် ။ အရောင်းကောင်တာက စာရေးမ ကို ခေါ်မေးတယ် ။ ခေါင်းလျှော်ရည် တဗူးနဲ့ ဆံပင်ပျော့ဆေး တဗူး စီ ယူလို့ မရ ဘူး လား တဲ့ ။ ဟိုစာရေးမကလည်း ပြန်ဖြေပါတယ် ။ မရဘူး ပေါ့ ။အမျိုးတူတာ ၂ ခု တွဲထားတဲ့ အတိုင်းပဲ ယူရမှာ တဲ့ ။
တရုပ်မကြီး ၁ က ပြောတယ် ။ နင်တို့ က ဘာလို့လျှော်ဆေးနဲ့ပျော့စေး တမျိုးစီ တွဲမထားတာလည်း ပေါ့ ။ ဖြေတဲ့သူကလည်း ပြန်ဖြေတယ်။ဒါကတော့ အထက်က ဒီလိုပဲအတူတူချင်း တွဲရောင်းခိုင်းတာကိုး တဲ့ ။ လျှော်ဆေး နဲ့ ပျော့ဆေး တဗူးစီလိုချင်တဲ့ တရုပ်မကြီး (၁) က လျှော်ဆေး ၂ဗူးတတွဲကို သူ့ လှည်းထဲ ထဲ့လိုက်တယ် ။
သိပ်မကြာဘူး။ အဲဒီနားကို တရုပ်မကြီးနံပါတ်(၂) ရောက်လာတယ် ။ အတူတူပဲ မေးတယ် ။ ဖြေတဲ့သူကလည်း ထူးမခြားနားပဲ ပြန်ဖြေတယ် ။ လျှော်ဆေးနဲ့ ပျော့ဆေး တဗူးစီလိုချင်နေတဲ့ တရုပ်မကြီး(၂) က ပျော့ဆေး၂ဗူး တတွဲကို သူ့ လှည်းထဲ ထဲ့လိုက်တယ် ။
ကိုယ်ကတော့ ဒီပစ္စည်းတွေ မလိုသေးလို့  မဝယ်ပါဘူး ။ လိုတာလေးတွေ လှည့်ပတ်ဝယ်ခြမ်း အပြီး ကောင်တာ မှာ ငွေချေဖို့  တန်းစီစောင့်နေတုံး ကွိကျိ ကွကျိသံတွေကြားလို့  ရှေ့ က လူနှစ်ယောက်ကို သေချာကြည့်လိုက်တော့ ဟို တရုပ်မကြီး (၁) နဲ့(၂) စကားပြောနေကြတာ တွေ့ ပါတယ် ။ခုမှ တွေ့ တဲ့ သိတဲ့ လူနှစ်ယောက် ပြောစရာစကားတော့ သိပ်မရှိပါဘူး ။ လိုရင်းတိုရှင်းပါပဲ ။
တရုပ်မကြိး(၁) အလှည့် အရင်ရောက်တော့ သူ့ ကျသင့်ငွေ သူရှင်း ပေါ့ ။ ဒါပေမဲ့ သူ ထွက်မသွားသေးဘူး ။တရုပ်မကြီး(၂) ငွေရှင်းလို့ ပြီးတဲ့ အချိန်ထိ စောင့်နေတယ် ။ ပြီးတော့ မှ သူတို့ အချင်းချင်း လျှော်ဆေး နဲ့ ပျော့ဆေး တဗူးချင်း စီ လဲယူပြီး ကိုယ့်လမ်း ကိုယ်ဆက်သွားလိုက်ကြပါတယ် ။ ခုနက အမေးခံရတဲ့ အရောင်းစာရေးမလေးကလည်း အဖွားကြီး နှစ်ယောက်ကို ပြုံးပြီးကြည့်နေလိုက်ပါတယ် ။ မြင်လိုက်ရတာကတော့ဒီလောက်လေးပါပဲ ။
ကဲ.. ကြည့်တော့သာ အူတူတူ အဖွားကြီး နှစ်ယောက် ။ ကိုယ်လိုချင်တာ၂မျိုးစလုံးလည်းရ ၊ သက်သာတဲ့ဈေးနဲ့လည်း ရအောင်ယူတတ်ကြတဲ့ တရုပ်တွေ များ တယ်တော်ကြပါ့လား ။...
အင်း.. ကိုယ့်ကိုယ်ကိုယ် လည်လှပြီ ထင်ပြီး ပေသီးခေါက်နေတဲ့ ကိုယ်လည်း နောက်ဆို ဒီလိုမျိုး အကြံလေး အဖန်လေး လုပ်အုံးမှပါပဲလို့  သင်ခန်းစာ ယူထားလိုက်မိတယ် ။ ခုတလောမှ သတိထားမိတယ် ။ တရုပ်ဆိုတဲ့လူမျိုးက မွေးရာပါ စီးပွားရေးမျက်စိရှင်ကြသူများပါလား လို့  ။ ဒါပေမဲ့ ကိုယ့်အကျိုးအတွက်ပဲကြည့်ပြီး သူများအကျိုးပျက်အောင် လုပ်တတ်ကြတဲ့ ဗီဇမျိုး ပါသူများလည်း လောကကြီးမှာ ရှိမှာပါ ။ တရုပ်ရယ် ဗမာရယ် လို့  ခွဲခြားလို့တောင် ရမယ် မထင်ပါဘူး ။ ဗီဇ ဆိုတာက လူမျိုးနဲ့ ရာနှုန်းပြည့် မဆိုင်ဘူး မလား ။
ကိုယ်တိုင်လည်း ရောဂါဆန်းတွေရနေတဲ့ ရောဂါသည် ဖြစ်နေတာမို့  ကိုယ့်ရောဂါ ကိုယ်ပြန်ဆန်းစစ်နေမိပါတယ်။ ဗီဇ နဲ့ ပတ်သက်ပြီးတော့ ပြင်ရတာတွေ မလွယ်ပါဘူး ။ ဗီဇကောင်းလေးတွေ ပြန်ရဖို့  အတော်လေးကျိုးစားကြရအုံးမှာပါ ။
အမှန်တကယ် ဆိုရရင်တော့ လူလည်ကျတာဟာ လူမျိုး၊ ဗီဇ တို့ နဲ့ ဆိုင်သလား မဆိုင်ဘူးလား၊ မှန်လား မှားလား၊ သေချာ မသိပါဘူး ။ ဆိုင်တယ်ထင်လို့ ဆက်စပ်ရေးလိုက်ပါတယ် ။ မဆိုင်ဘူး ထင်သူများလည်း မဆိုင်သလို တွေးကြပါလေကုန်။
►Posted by
:kiki
:
at
9/18/2011 05:29:00 PM
Subscribe to:
Post Comments (Atom)
15 comments:
မကိရေ
ရောဂါကလည်းရနေ အတွက်အချက် ကလည်း မတတ် မတ်ကစ် လည်း နားမလည်
ရွှေစင်ဦး တို့ ပြည်သူ တွေ ဘယ်လိုများလုပ်ရပါ့မလည်း
ကဲ အလှည့် ကျ မနွဲ့ စတမ်းပေါ့
ညီစေနော်
ရွှေစင်ဦး
အင်းလေ ...
ဗီဇကတော့ ပါပြီးသား၊ ဗမာပြည်ကလာသူ
တွေဆိုတော့ ၊ ဂတုံးပေါ်ထိပ်ကွက်ချင်နေတာ၊
မလည်ရှုပ်ပဲဆိုပါတော့ ၊ ကစားလိုက်တဲ့ 
အကွက်တွေလည်းစုံလို့ ၊ တရုပ်ရော၊ကုလား
ရော၊ အဖြူရော.. စုံနေတာလေ၊
နောက်ဆုံးပွဲသိမ်းတော့  ဘယ်သူ ခံလိုက်
ရတယ်မှတ်လဲ...။
( တိုးတိုးလေး...ဖတ်ပါ ) ပြည်သူပဲဗျ..။
ဆိုင်တယ်ထင်လို့  လိုရာစွဲရေးတာနော်။
မဆိုင်ရင်လည်း ဂလိုင်မခေါက်နဲ့ တော့ ..။
ဖွကိ
ပေသီးခေါက်ချင်လို့ပါ ငယ်တုန်းကတော့ ပေသီးပစ်တာ အမြဲတမ်းနိုင်တယ်ဗျို့
ဖွကိက ငယ်တုန်းကတဲက ပေသီးမခေါက်ဘူးလားးးးး
စစတို့နဲ့ကွာပါ..
ကိုယ်လိုချင်တဲ့အချိန် ၀ယ်လိုက်ပေါ့ ကိုယ်မှ မလုပ်တတ်တာ တန်တယ်လို့အောက်မေ့ပြီး သုံးရတယ်။ ကိုယ်မလိုတဲ့အချိန်ကျမှတော့ အလကားပေးရင်တောင် စဉ်းစားရမယ့် အနေအထားကိုး။ သေချာတာကတော့ လူလည်ကျတာနဲ့ လူရည်လည်တာ ဆိုင်ဘူးနော။ လူလည်ကျတာကတော့ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ ရောဂါစစ်ပြီးလို့ အဖြေထွက်ရင် ရလာဒ်တွေက အတူတူနေမှာနော.
ပုထုဇဉ်နော ဥမ္မာတကောတဲ့။
ခင်မင်တဲ့
စစ
တရုတ်မြန်မာတော့မဆိုင်ဘူးထင်တယ် ကိရာ. လူပေါ်မူတည်ပါတယ်။ ဒီမှာလည်းရှိတာပါဘဲ။ လူကလူပါဘဲ။ ဒါအကြံအဖန်မခေါ်ပါဘူး အဆင်ပြေအောင်ညှိနှိုင်းသွားကြတာပါ။
တရုပ်တွေ များ တယ်တော်ကြပါ့လား ။... ဆိုတော့၇ွဲံ့ပြောသလိုဘဲ။။ တရုတ်မဟုတ်ပေမဲ့ တစ်မျိုးတော့ခံစားလိုက်ရတယ်။ ဒီလိုမျိုး အကြံလေး အဖန်လေး လို့မခေါ်ဆိုသင့်ပါဘူး။ မဆိုင်ဘူးလို့တွေးသွားပါတယ်။
မြန်မာစကားက ခက်တယ်ကိ အပြောမတတ်ရင်ဆဲသလိုဖြစ်သတဲ့။ တို့ကိုခခွင့်လွတ်ပါ။
တရုတ်မဟုတ်သူ.
kom
ဟယ်မယ်ကိ မအယ်လည်း လုပ်ဖူးတယ်။ အိမ်နားက တောဈေးမယ် စတောဘယ်ရီ တခြင်း ၂ကျပ် ၂ခြင်းယူ ၃ကျပ်ဆိုလို့ ဘေးက အမျိုးသမီးနဲ့ တယောက်တခြင်း ယူလိုက်တယ်။ ငါးမူး သက်သာသွားလို့ ပျော်ချက်။
သူတို့ အချင်းချင်းဖေးမကြတယ်ပဲပြောရမလား။ တွက်တာတော်တယ်ပဲပြောရမလားပဲ။ တို့လည်း လိုက်တွက်ကြတာပေါ့။း)
ခင်တဲ့
မေသိမ့်
အကျိုးတူ ပူးပေါင်းလိုက်တာပါ .. :D သူတို့ကတော့ ညီတူညီမျှပေါ့ မကိရာ .. ဦးနှောက်ကောင်းကြတာနေမှာ ..
ဦးနှောက် ကောင်းသူချင်းကျတော့ အကျိုးတူပေါ့ .. အထုံအထိုင်းတွေ (ထုံချင်ထိုင်းချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်ပါတယ် .. မဟုတ်လည်း မျက်တောင်တဆုံးကြည့်တတ်တာဖြစ်မယ်) နဲ့ တွေ့ရင်တော့ အထုံအထိုင်းတွေ ခံပေါ့ .. ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲ .. ကိုယ့်ထမင်းကိုယ်စားနေတာ ဘယ်သူ့ ဂရုစိုက်နေရမှာလဲ .. :P (ဆရာ အော်ပီကျယ်ကာတွန်းမှ စကား ယူသုံးသည် :D)
အနော်တို့ ဖွကိတို့ ရနေတဲ့ရောဂါက ဧရာဝတီရောဂါလား... အင်း အန်တီဘိုင်အိုးတစ်လေးထုတ်ပေးနိုင်ရင် တော့ ရောဂါများများ တက်နိုင်မှကောင်းမယ်နော်...
ခင်မင်စွာဖြင့်
ကိုကိုးအိမ်(မနျလေး)
မကီလည်း ရောဂါဆန်းရနေတာကိုး။
ဂရုစိုက်မကီရေ..း)
တရုတ်အဖွားကြီးတွေ ဥာဏ်ကောင်းသားဘဲနော်။ အဖွားကြီးပေမဲ့ အထင်မသေးနဲ့လို့ ပြောရမယ်။
တရုတ်တွေ တော်လို့ ကျွန်မတို့ပြည်ကြီးက ဘဘကြီးတို့တွေ တရုတ်ကိုဘဲ အားကိုးအားထားလုပ်နေရတာ ကြည့်ပါလားနော်။ အဲဒါကြောင့် အခုဆို အတွက်အချက်တောင် တော်လာပြီ။
မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးတို့.. ဘာတို့တွေပြောတတ်လာပြီး)
တရုတ်တွေ တော်တာ ကတော့ ငြင်းလို့ မရနိုင်တဲ့ အချက်ပါ။ သူများ အပေါ် လာ "တော်" တာကို တော့ ဂရုစိုက် ရမှာပေါ့။
ဒါနဲ့ စကားမစပ် ဗမာဝန်မင်း တွေတောင် တရုတ်လုပ် မော်ဒယ် မြင့်တွေ စီးနေတယ်ကြားတယ် :P
Discountနဲ့သာ မျှားထားကြတာ တကယ်က ဈေးတင်ပြီးမှ Discountချတာမျိုး။ လူတွေရဲ့ ၀ယ်ယူဖို့ တုန့်နှေးနေတတ်တဲ့ စိတ်ကို အသုံးချထားတာ။ ကိုယ်တွေလည်း သိရက်နဲ့ Discount ဆို သွား.. သွှား..မွှမိတတ်တယ်...။ တရုတ်အဖွားနှစ်ယောက်လိုချင်တာကို ရအောင်ယူသွားပုံကို သဘောကျပြီး ပြုံးမိတယ်။
ဒါမှ ဒို့ ရုတ်ရုတ်ကွ . . .
တွေ့သမျှ နေရာကနေ ရသမျှကို ညှစ်ပလိုက်စမ်း။
လွတ်ရင် လွတ် ၊ မလွတ်ရင်တော့ ....ဟွင်း။
သတို့က (သူတို့က) သတို့တိုင်းပြည်မှာ မွေးလာတဲ့သူတွေဆိုတော့ သတို့လူမျိုးတွေအကြောကို နောကြေနေမှာကိုး :D
ကံကောင်းတာဘဲ ဒို့ များ ခုလို တွဲယူဖို့ အဖော်စပ်ရင် ဒီလို ဘယ်တော့မှ မကြုံကြိုက်လို့ မကြိုက်လဲ ယူနေ ရတယ်
ဟွန်းဟွန်း ပျင်းတောင်ပျင်းသေးတယ် ပျင်းတောင်ပျင်းသေးတယ်....တဲ့အစ်မ ကိရေ။
ကျနော့ငယ်သူငယ်ချင်းတစ်ယောက်က တရုတ်ပဲ ဒါပေမယ့် မြန်မာသွေးပါတော့ ဟီး..... သူကျ လက်ဖွာထှာ။ ကိုယ်က တားယူရတယ်။ အဲ့ စီးပွားရေး အကွက်မြင်တာကျ ဘယ်လိုမှ ယှဉ်လို့ ကို မရဘူးဗျိုး။
Post a Comment