ဒီတခါတော့ မရှိမကောင်း ရှိမကောင်း ဆိုသလို သတ်မှတ်နိုင်တဲ့ ပလပ်စတစ် နဲ့  သူ့ ကြောင့် ဖြစ်လာရတဲ့ အဖြစ်သနစ်တချို့  အကြောင်း ဖေါက်သည်ချလိုပါတယ်။
ပလပ်စတစ် ဆိုတာ ဘယ်လိုက ဘယ်လို ဖြစ်ပေါ် ခေတ်စားလာခဲ့တာလည်း ၊ ဘာကြောင့် မရှိမဖြစ် လိုအပ်နေတာလည်း လို့  အတွေးဝင်လာမိရတဲ့ အကြောင်းရင်း က ခုတလော ဒီနိုင်ငံရဲ့ သတင်းတွေထဲ အတော်ခေတ်စားနေတဲ့ သတင်းတရပ် ကို အခြေခံပါတယ် လို့ ဆိုရင်လည်း မမှားပါဘူး ။
သတင်း အကျဉ်းချုပ်ကတော့ ဒီလိုပါ ၊ အသက် ၃၁ နှစ်ရှိ အိမ်ထောင်သည် အမျိုးသမီး တဦးဟာ သူမ နေ့ စဉ် သောက်သုံးတဲ့ အချိုရည် တမျိုးကြောင့် အူမကြီးကင်ဆာဖြစ်သွားရပါတယ် လို့  စွတ်စွဲပြောဆိုလိုက်တဲ့ အကြောင်းပါ ။ သူမဟာ Sports Drink တမျိုးကို နေ့ စဉ် သောက်သုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ တဲ့ ။ ခု တလော နေထိုင်မကောင်းလို့  ဆေးရုံ မှာ စစ်ဆေးမှု တွေ လုပ်ကြည့်တဲ့ အခါမှာတော့ အူမကြီးကင်ဆာ နောက်ဆုံး အဆင့် ကို ရောက်နေပြီလို့ ဆရာဝန်က ပြောပါတယ် ။ သူ့  အသက်အရွယ်နဲ့ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးတဲ့ အခါမှာ ဒီအချိုရည်ထဲမှာ ပါဝင်တဲ့ 塑化劑 ( DEHP )ဆိုတဲ့ ဓါတုဓါတ်တမျိုး ကြောင့် ဖြစ်ရပါတယ် ဆိုပြီး အဆိုပါ ကုမ္ပဏီကို တရားစွဲဖို့  လုပ်ဆောင်နေပါတယ် တဲ့ ။
လူရယ်လို့ ဖြစ်လာရင် အစားအသောက် နဲ့လည်းကင်းလို့ မရ ။အသောက်အစားလေးတွေလည်း ရှိတတ်ကြပါသေးတယ်။ ရှေးခေတ်တုံးကတော့ ချက်ပြုတ်စားသောက်ကြတဲ့အခါ ပန်းကန်ခွက်ယောက် အတွက် မြေအိုး ကြွေအိုး တွေ အသုံးများကြတယ် ။ အခြားတနေရာသို့ အစားအသောက် သယ်ယူသွားဖို့ လိုရင်လည်း အင်ဖက် ငှက်ပြောဖက် ဝါးကျည်တောက် ဗူးသီးခြောက် လိုအရာတွေနဲ့  ထုတ်ပိုးထည့်သွင်း သုံးစွဲခဲ့ကြတယ်။ သဘာဝအတိုင်းရှိနေပြီးသားအရာတွေကို အသုံးပြုခဲ့ကြရာမှ ခေတ်မှီတိုးတက် ၊လိုအပ်ချက်များ အရ နောက်ပိုင်းမှာ တော့ ဖန်မှန် ပုလင်း တွေ သုံးစွဲ ခဲ့ကြပြီး ခုခေတ် မှာ ပေါ့ပေါ့ပါးပါး မကွဲမရှ တဲ့ ပလပ်စတစ်ပစ္စည်းတွေ နဲ့ အစားထိုးလာခဲ့ကြတယ် ။ ခုဆို ကိုယ့် ဘေးပါတ်ဝန်းကျင် ကို ကြည့်လိုက် ၊ တွေ့ သမျှ ရှိသမျှ သုံးသမျှ အရာတွေ အားလုံးလိုလို မှာ ပလပ်စတစ် ဆို တဲ့အရာ နဲ့ မကင်းသလောက်ပါပဲ ။
အနူမြူခေတ်၊ အာကာသဒုံးပျံခေတ် ၊အိုင်တီ၊ ခေတ်၊ အီးခေတ်၊ ယနေ့ မျက်မှောက်ခေတ် ကြီးမှာ လူတိုင်း နေ့စဉ်သုံးစွဲနေကြ အရာတွေမှာ ပလပ်စတစ်တွေ နဲ့ ထိတွေ့ နေကြရတာပါပဲ။ အိုးခွက်ပန်းကန် ၊ ပရိဘောဂ ၊ အဝတ်အထည် ၊ကလေးကစားစရာများ၊စာရေးကိရိယာများ၊ စားသောက်ကုန်များ ၊ ဆောက်လုပ်ရေး ပစ္စည်းများ ၊ဆေးပစ္စည်းများ စသဖြင့် စုံလို့ ပါပဲ ၊ ဒီပလပ်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ ဗူး၊ခွက်၊အိတ် တွေ နဲ့ ထုတ်ပိုး ထားတဲ့ အစားအသောက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်း ( အကြောဆေးအတွက် Drip bag ,drip set,နှာခေါင်း ပိုက်၊ ဆီးပိုက်၊ကျောက်ကပ်ဆေးရာမှာ သုံးရတဲ့ ပိုက်၊ အစရှိတာတွေ ) နဲ့ အထိအတွေ့ များ လာ တဲ့အခါမှာ ပလပ်စတစ်ထဲမှာ အဓိကပါဝင်နေတဲ့ DEHP ဓါတ်ပစ္စည်းဟာ လူ ခန္ဓာကိုယ်ထဲ တဖြေးဖြေး စိမ့်ဝင်သွားတတ်ကြပြီး ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း တွေ့ ရှိလာကြပါတယ်။
ခုလို ပူအိုက်တဲ့ နွေရာသီ မှာ လူအများက ရေငတ်ပြေ soft drinks အအေး ဖျော်ရည်တွေကို ပိုပြီးသောက်သုံးလေ့ ရှိကြတယ် ။ချွေးထွက်များလို့  ဓါတ်ဆားအနေနဲ့ ပြန်လည် ဖြည့်တင်းပေးတဲ့ Sports drinks တွေလည်း အမျိုးပေါင်းစုံ ရှိပါသေးတယ်။ ဒီ အအေး ဖျော်ရည်တွေကို အဆင်သင့် သောက်သုံးနိုင်အောင် အလွယ်တကူ သယ်ဆောင် နိုင်အောင် ပလပ်စတစ် ပုလင်း ဗူး ခွက်တွေနဲ့ ထုပ်ပိုးရောင်းချကြတယ် ။ ရောင်းအားကောင်းအောင် ပုံစံ အရောင် ဒီဇိုင်းလှလှ ပလပ်စတစ် ပုလင်း ဗူး ခွက်တွေတွေ ထွင်လာကြတယ် ။ စီးပွားရေး အရ တွက်ချေကိုက်အောင်လည်း လုပ်ရသေးတယ် ဆိုတော့ ပလပ်စတစ် အရည်အသွေးကိုလည်း ဈေးသက်သာ အမြင်လှဖို့  တီထွင်ပြီး ဓါတုပစ္စည်းတွေ သုံးစွဲလာကြရတယ်။
ဒါ့အပြင် ဒီ sport drinks , soft drinks အချိုရည်တွေမှာ အရောင်နောက်နောက်ဖြူဖြူလေးတွေ ဖြစ်နေအောင် အနည်မထိုင်စေအောင် ထဲ့ကြတဲ့ ဆေးတမျိုး (Cloudy Agent-起雲劑)နေရာ မှာ လည်း ၊ ဈေးနှုန်းပိုချိုသာတဲ့ DEHP ကို အစားထိုး ထဲ့သွင်းသုံးစွဲလာကြတယ် ။ ဒါတင်မက မီးခိုးကြွက်လျှောက် စစ်ဆေးတွေ့ ရှိလာရတာတွေကတော့ အချိုရည်တွေ အပြင် တခြား စားသောက်ကုန်များ ၊ ကလေး အားဆေး ဗီတာမင် ဆေးများ ။အားဖြည့် အဟာရများ၊ လိမ်းဆေးများ အစရှိတာတွေမှာပါ DEHP ဓါတ်ပစ္စည်းများ ပါဝင်နေတယ် လို့  သိလာကြပါတယ်။ ခုဆိုရင် အစိုးရ ကျန်းမာရေးဌာနတာဝန်ရှိသူများ နဲ့ နိုင်ငံတော် ဓါတ်ခွဲခန်းများမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ခုလို အန္တရာယ် ဘေးဥပါဒ်ဖြစ်စေတဲ့ စားသောက်ကုန် ပစ္စည်း အမျိုးပေါင်း ရာထောင်ချီ တို့ ကို ရှာဖွေ စစ်ဆေး အရေးယူမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ဒီပုံကတော့ DEHP ပါဝင်တယ်လို့ ယူဆရတဲ့ အတွက်သက်ဆိုင်ရာ မှ ဓါတ်ခွဲ စမ်းသပ်မှု မပြီးမချင်း ဆိုင်တွေမှာ မရောင်းကြဖို့ သတ်မှတ်ထားတဲ့ အဟာရ ဖြည့်ဆေး ၊ စားသောက်ကုန်များ တချို့ပါ။
စမ်းသပ်စစ်ဆေးပြီးလို့ DEHP ပါဝင်မှု ကင်းရှင်းကြောင်း သေချာတဲ့ ဖျော်ရည်များကိုတော့ သတ်မှတ်ထားတဲ့ လက်မှတ် အထောက်အထားပြည့်စုံဖြင့် ရောင်းချခွင့်ပြုပါတယ် ။ဘေးဥပါဒ်ဖြစ်စေတဲ့ DEHP ကို စားသောက်ကုန်ကြမ်း အဖြစ် လိမ်ညာပြီး လက်လီလက်ကားရောင်းချသူများကိုလည်း ဖေါ်ထုတ် အရေးယူနေကြပါတယ်။
DEHP ဆိုတာ ဘာလည်း ၊ ဘယ်လို အန္တရာယ်ဖြစ်စေတတ်သလည်း လို့  သိချင်ကြမှာပါ ပဲ ။
ဒီလိုပါ ။ ပလပ်စတစ်ရဲ့ အခြေခံ ဓါတ်တမျိုးက polyvinyl chloride( PVC )လို့ ခေါ်တဲ့ ပလပ်စတစ်အမာစား ဖြစ်တယ် ။ သူ့ ကို ပျော့အောင် ပြောင်းလဲထုတ်လုပ်ရာမှာ Bis(2-ethylhexyl)phthalate, အတိုကောက် DEHP လို့ ခေါ်တဲ့ ဓါတုပစ္စည်း တမျိုးကို ထဲ့ပြီးသုံးကြတယ် လို့  သိရတယ် ။ အဲ့ဒီ DEHP ဆိုတဲ့ ဓါတုဓါတ်ဟာ အတိုင်းအဆ တခုထက် ကျော်လွန်ပြီး သက်ရှိ ခန္ဓာကိုယ်ထဲ မှာ ကြာရှည်စွာရှိနေခဲ့ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ် ။
U.S. Food and Drug Administration ( FDA ) မှ သတ်မှတ်ချက် အရ လူတယောက် အတွက် ခံနိုင်ရည်ရှိတဲ့ ပမာဏ Tolerable Intake for DEHP မှာ -
သွေးကြောထဲမှ ဝင်ရောက်မှု အတွက် 0.6 mg DEHP /Kg / day ဖြစ်ပြီး
စားသုံးခြင်းဖြင့် ဝင်ရောက်မှု အတွက် 0.04 mg DEHP / Kg / day ဖြစ်ပါတယ်။
ဒီ ပမာဏ ထက် ကျော်လွန်သွားရင်တော့ ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ် ။
ဒီဇယားကတော့ ခန္ဓာကိုယ်ထဲနည်းအမျိုးမျိုးနဲ့ ရောက်သွားနိုင်တဲ့ DEHP ပမာဏတွေပါ ။
ထိုင်ဝမ်နိုင်ငံ စားသောက်ကုန်နှင့် ဆေးဝါးဌာန မှ သတ်မှတ်ချက်ကတော့ အစားအသောက်မှာ DEHP 1.5ppm( parts per million) ထက်ပိုတဲ့ ပမာဏ ပါဝင်နေခြင်းကို ကျန်းမာရေးထိခိုက်စေတယ်လို့ သတ်မှတ်ပြီး ခွင့်မပြုပါဘူး ။
အကယ်၍ ကလေးငယ် တယောက် ဟာ တနေ့ မှာ DEHP 12ppm ပါဝင်နေတဲ့ ဖျော်ရည် ( အချိုရည် ) ၃၅၀ စီစီ တပုလင်း ကို နေ့ စဉ် သောက်သုံးပါက တနှစ်တာ အချိန်ကာလကြာလျှင် မျိုးပွား လိင်အင်္ဂါ နဲ့ ပတ်သက်တဲ့ ပြသနာများ ဖြစ်ပေါ်ခြင်းမှာ ၆ဆမှ ၈ ဆ အထိ များပြားလာနိုင်ကြောင်း ဖေါ်ပြလိုက်ပါတယ်။
အဆိုပါ DEHP ဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ၅ နာရီမှ ၁၂ နာရီ အထိသာ(အချို့ က ၄၈ နာရီမျှထိကြာရှည်နိုင်သည် ဟုယူဆ ) နေပြီး ၊၄င်းတို့ကို ဆီး ဝမ်း ချွေး အသက်ရှုထုတ်ခြင်း အနေများဖြင့် ပြင်ပသို့ စွန့်ထုတ်နိုင်တဲ့ အတွက် သူတို့ကို စားသုံးမိရင်လည်း သိပ်ပြီးတော့ စိုးရိမ်စရာတော့ မလိုပါ ။ ဒါပေမဲ့ အတိုင်းအဆ လွန်ကဲ သွားရင်တော့ ကာလကြာရှည် တဲ့ အခါ ဥပါဒ်ပေးစေနိုင်တာမို့  သတိပြုကြဖို့  လိုပါတယ်။
ကြွက်၊ ပူး၊ ယုန်၊ ခွေး အစရှိတဲ့ တိရစ္ဆာန်မျိုးပေါင်းများစွာနဲ့ သုတေသနပြုချက်များအရ ဒီ DEHP ဟာ နှလုံးသွေးကြော ၊ ဦးနှောက်အာရုံကြော ၊ အစာအိမ် အူလမ်းကြောင်း ။ အသည်း ကျောက်ကပ် ၊မျိုးပွားလိင်အင်္ဂါ ၊ သိုင်းရွိုက်ဂလင်း အစရှိတာ တွေ မှာ ပုံမမှန် ခြင်း ။ ရောဂါ ဖြစ်စေခြင်း ၊ အဆိပ် ဖြစ်စေခြင်း ၊ ကင်ဆာဖြစ်စေခြင်း ၊ အချိန်မတိုင်မီ အရွယ်ရောက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာ တွေ့ ရှိထားကြပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လိုပုံစံ နဲ့ ဘယ်လောက်ထိ ပြင်းထန်တဲ့ ရောဂါ ဖြစ်ပေါ်စေနိုင်သလည်း ဆိုတာ သေချာ ကွဲပြားစွာ မသိရှိရသေးပေမဲ့ အရွယ်မရောက် သေးတဲ့ ယောကျာင်္း ကလေးများမှာ မျိုးပွားလိင်အင်္ဂါ ဖွံ့ ဖြိုးမှု နှေးကွေး သေးငယ်ပြီး ၊နောက်ပိုင်း ကြီးပြင်း အိမ်ထောင်ပြု တဲ့ အခါမှာ မျိုးပွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်းကိုတော့ အတည်ပြု နိုင်ပါပြီ ။
ခုဆိုရင် ကိုယ့်ရင်သွေးငယ်များ အတွက် စိုးရိမ်နေကြတဲ့ မိဘအများအပြား ရှိနေတဲ့ အတွက် အကယ်၍ မိမိတို့  ကလေးငယ်များဟာ နေ့ စဉ် အဆိုပါ ဖျော်ရည် ၊ အားဆေး စသည်များကို နေ့ စဉ် အချိန်ကြာမြင့်စွာ စားသုံးခဲ့ပါက နီးစပ်ရာ ဆေးရုံ များမှာ ကျွမ်းကျင်သူများ ထံ မေးမြန်း စမ်းသပ် စစ်ဆေးနိုင်တယ် လို့  သိရပါတယ် ။ဒါ့အပြင် မိမိတို့စားသုံးနေကျ အစာ ဆေးဝါးများကို သံသယ ရှိပါက အစိုးရ ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးစမ်းသပ်နိုင်ကြောင်း သိရပါတယ် ။ ( ပစ္စည်းတမျိုးချင်းစီအတွက် စမ်းသပ်ခ ကတော့ မိမိဘာသာ ပေးဆောင်ရမှာ ဖြစ်ပါတယ် )
ခုလို ရှည်ရှည်ဝေးဝေး ပြောနေရတာကတော့ တိုင်းတပါးမှာ ဒီိလို အန္တရာယ်ဖြစ်စေတတ်တဲ့ စားသောက်ကုန်မျိုး သို့မဟုတ် အသုံးအဆောင်မျိုးတွေ တွေ့ရှိလာတဲ့ အခါ ပြသနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြသလည်း ၊ဘယ်ပုံဘယ်နည်းနဲ့ စစ်ဆေး အရေးယူကြသလည်း ၊ စားသုံးသူတွေ အတွက် ဘယ်လို အာမခံချက်တွေ ပေးနေနိုင်ကြသလည်း ၊ဆိုတာ သိစေချင်လို့ပါပဲ ။
အကယ်၍သာ မြန်မာပြည်မှာလည်း အလားတူပြသနာများ တွေ့ ရှိပါက.....??? ( အကယ်၍သာ ဟုပြောပါ တယ် ၊ စစ်ဆေးမဲ့သူမရှိတော့ ဒီလို ပြသနာတွေ တွေ့ ဖို့ လည်း သိပ်မရှိလှပါဘူး..)
အင်း... ဒါတော့ မသိ ။ မိမိကိုယ်သာ ကိုးကွယ်ရာ လို့  အဆိုရှိတဲ့ အတိုင်း မျက်စိဖွင့် နားစွင့် ဦးနှောက်နဲ့ စဉ်းစား ၊သတိနဲ့ယှဉ် ပြီး နေထိုင် စားသောက်တတ် ရင်တော့ အကောင်းဆုံးပါပဲ လို့  ပြောချင်ပါတယ်။ ဘာလို့ လည်းဆိုတော့ နိုင်ငံခြားဖြစ်မှ အထင်ကြီး ဝယ်ယူစားသုံးတတ်သူများ အတွက် ထိုင်ဝမ် ဖရဲသီး၊ထိုင်ဝမ် သဘောင်္သီး၊သခွားသီး၊ ထိုင်ဝမ် အချိုရည် ၊ အဝတ်အထည် စသဖြင့် နာမယ်တပ်ရုံနဲ့ ဈေးကြီးကြီးခေါ်ကာ ရောင်းနေကြတာတွေကို၊ အထိန်းအကွပ်မဲ့ တင်သွင်း လာကြတာတွေကို ဘယ်သူမှ တာဝန်ယူ စစ်ဆေးခြင်း၊ စားသုံးသူအတွက် တာဝန်ယူပေးခြင်းများ ရှိမနေသေးတဲ့ အတွက်ကြောင့်ပါပဲ ။ နောင်တချိန်ချိန်မှာတော့ ဒီလို ယုံကြည်စိတ်ချရတဲ့ စားသောက်ကုန်နဲ့ ဆေးဝါး ကွပ်ကဲရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာနိုင်လိမ့်မယ် လို့ လည်း မျှော်လင့်  မိပါတယ် ။
အားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ....
Ref;
http://en.wikipedia.org/wiki/Bis%282-ethylhexyl%29_phthalate
http://www.medterms.com/script/main/art.asp?articlekey=21002
http://michaelturton.blogspot.com/2011/05/dehp-food-scare-round-up.html
http://www.cpsc.gov/about/cpsia/toxicityDEHP.pdf
http://tw.nextmedia.com/applenews/article/art_id/33427691/IssueID/20110601
11 comments:
ဖွားကိ
စစတို့ရဲ့ ခန္ဓာကိုယ်အတ္တဘောကြီးကတော့ ပိုးမျိုးစုံပြီးနေပါပြီ တော့
စစတို့က အခုထိ မြေအိုးထဲကရေဘဲသောက်တာဗျ
ခင်မင်တဲ့
အင်း..
မမကီ သတင်းတွေထဲမှာလည်း
တွေ့ နေရတယ်။ ဒီမှာ “ လူ ”တွေက
တန်ဘိုးရှိနေတာကိုးဗျ။
ကျွန်တော်တို့  ရွာမှာတော့  တဖြည်းဖြည်း
ချင်း ဖြစ်လာမှာပါ။
ကျေးဇူးပဲဗျား..။ ကျွန်တော်တို့ လဲ အဲ့ ဒီ
စူးဖောင် ကို မသောက်တော့ ပါဘူး..။
တန်ရာတန်ရာ ရေသာသောက်တယ်ဗျို့
ခုမှဘဲပိုရှင်းသွားတော့တယ်။ သတင်းမကြည့်တော့မသိလိုက်ဘူး။ ကြားတော့ကြားမိသား။ ရှဲ့ရှဲ့ မကိ။
မြင်ရ ကြားရတာ လေပါတယ်ဗျာ။
ပိုက်ဆံ နောက်ကို လိုက်ပြီး လူ့ကျင့်ဝတ်တွေ ပျက်ပြားကုန်တာ အတော်ကို ဆိုးတာပဲ။ နောက်ထပ် လုပ်ပါဦး။ တစ်ပုဒ်တတ်ဖို့ စောင့်ရတာ ကြာထှာ။
တရုတ်က လာတဲ့ အစားအသောက်တွေ စားရမှာလည်း ကြောက်စရာနော်..
မုန်ဖက်ထုပ် ပဲစားတော့မယ်ဗျာ
အိမ်နောက်ဖေးမှာကိုယ့်ဟာကို ခြံကလေးစိုက်ပြီး စားတာက ပိုစိတ်ချရမယ်ထင်ပါတယ်
ခေတ်ကြီးက ကြောက်ဖို့ကောင်းတယ်
ဝိသမလောဘတက်ရင် ဘာကိုမှမမြင်ကြတော့ဘူး နော်
ကြောက်စရာပါလား မကိရေ ...
coca cola ဗူးကိုတောင် ဆက်မသောက်ဘဲ ထားထားလိုက်ရသေးတယ်။ ဟိုနေ့ကတော့ ရင်ပူတာနဲ့ တငုံသောက်ပလိုက်တယ်။ အရင်ကသောက်ခဲ့တာတွေ များပြီမဟုတ်လား။
အဲဒီသတင်းနဲ့ စပ်ဆက်သတင်းတခု ကြည့်လိုက်ရသေးတယ်။ လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ဖျော်ရည်စက်တွေ တော်တော်ရောင်းနေရတယ်ဆိုပဲ။ လူတွေက သစ်သီး လတ်လတ်ဆတ်ဆတ် ဖျော်သောက်တဲ့ဘက် အာရုံရောက်ကုန်ပြီ။
ဒဂျောင့်မို့ အိမ်မှာ ပဲချက် အိမ်မှာပဲပြုတ် အိမ်မှာပဲဖုတ်စား.... အဲလေ..... တာပေါ့..... :P
batama
Post a Comment