“ဟေးးး ရှင်မရေ.. ရှင်မ..ဘာလုပ်နေသလဲ ဟ.ဝုတ် ဝုတ် ဝူး.”
“ ကျုပ် မီးဖိုထဲ ရှိနေတယ်လေ ကိုအောင်နက်ရဲ့ .. ထုံးစံအတိုင်း ထမင်း ဟင်းချက် နေရတာပေါ့ တော် ..ငွေလေး တထောင်နဲ့ ဈေးဝယ်ရတာ ကိုက်စရာ အရိုးတောင် အနိုင်နိုင် တော့်..အာဝု”
ကျွန်ုပ်၏ ဇာတ်လိုက်ကျော်ကြီး အောင်နက် တကောင် မနက်စောစောလမ်းသလားထွက်ရာမှ အပြန် ကြားခဲ့ရသော သတင်း တပုဒ်ကို ပြောချင်ဇော နဲ့ ခွေးကတက်ပေါ်သို့  ဝုန်းကနဲ ခုန်တက်ပြီး သူ့ မဟေသီ ဂုတ်ကျားမကြီးကို အော် ဟစ် မေးလိုက်ခြင်း ဖြစ်လေသည် ။ထို့နောက် ဖြေသံကြားရာ နောက်ဖေး အဖီချ မီးဖိုထဲသို့ အမြီးတနန့်နန့်ဖြင့် အပြေးဝင်သွားလေသည်။
“ ဖြေးဖြေးလုပ်ပါ ကိုအောင်နက်ရယ် .. ကျုပ်တို့ တဲကလေး ခနော် ခနဲ့.. ရှင့်ခြေလှမ်းပုံနဲ့ ပြိုကျနေပါ့မယ် ၊ ဘာတွေများ အရေးတကြီး ဖြစ်နေတာ လည်း တော့်။ မဲတွေ လိမ် တဲ့ ရွေးကောက်ပွဲကြီးလည်း ပြီးသွားပြီပဲဟာ ၊ ရှင့်ဆရာတို့လည်း နေရာကောင်းလေး ရသွားကြပြီပဲ ။အေးဆေးပြောပါအုံးတော့လား ။”
“ အေးလေကွာ ၊ အဲ့ဒါကြောင့် ခက်နေတာပေါ့ ၊မအေးဆေးနိုင်ဘူး ဟေ့၊ ငါ့စိတ်တွေ ပူနေရပြန်ပြီ”
“ အဲ..ရှင်းစမ်းပါအုံး ၊ လောကကြီးထဲ ဘာတွေဖြစ်နေကြလို့လည်း ၊”အောင်နက်ကြီးရဲ့ မရှင်း မရှင်း စကားကြောင့် ဂုတ်ကျားမ စိတ်မရှည်နိုင်တော့ ။
“ ဒီလိုဟ ဒီလို ၊ ခု ငါတို့  သားတော်မောင်လေး ဖိုးမိုက်ခဲလပြည့် ကို နေရာကောင်းရသွားတဲ့ ငါ့ဆရာ ဆီ တပည့်ခံ ပညာသင်ဖို့  လွှတ်ထားတဲ့ ဟာလေ ကွ ”အောင်နက်ကြီး ရဲ့ အပြောကို ပြီးအောင်မစောင့် ၊..
“ အင်း လေ၊ ကျုပ်သိသားပဲ အဲ့ဒီ နေပီဒေါ် ကြီးဆီ လူတိုင်း ..အဲ့လေ .. ခွေးတိုင်းသွားပြီး နေရာယူချင်နေကြတာမဟုတ်လား တော့် ၊ ရှင့်ဆရာ ကောင်းမှု နဲ့ ကျုပ်တို့ သားလူလေး မောင်ရွှေသွေး လပြည့်လေးကို သူ့ အနီးကပ် သားတပည့် လို ခေါ်ပြီး စောင့်ရှောက်ထားနေမင့်ဟာ ၊ ဘာတွေ စိတ်ပူနေရပြန်တာလည်း၊ ရှင့်သားက အရင်လို ရပ်ကွက်ထဲ တုတ်ဆွဲ ဒါးဆွဲ နဲ့ လုပ်နေတဲ့ ဖွတ် အဆင့်မှ မဟုတ်တော့တာရှင့် ၊ သေချာပေါက် ကြီးပွားလာမှာပါ ၊ စိတ်ချ လက်ချသာ နေပါတော့လား”
ဂုတ်ကျားမက ပီတိတွေဖြာပြီး အောင်နက်ကြီးအား နှစ်သိမ့်လိုက်လေသည် ။
“ ဒါတော့လည်း ဒါပေါ့ကွာ ၊ ဒါပေမဲ့ မင့် သား အကြောင်းလည်း မင်းသိသားနဲ့ ၊ ဒီကောင်က ဟိုစပ်စပ် ဒီစပ်စပ် ၊ အနေအထိုင်မတတ် နေရာတကာ ပါတတ်လေတော့ ဘယ်နေ့  အဆိပ်တုံးမိမလည်း ဘယ်နေ့  ပိုးကူးမလည်း စိုးရိမ်နေရတယ် ကွ”
“ ဟင်...အဆိပ်တုံးတွေနဲ့ ပိုးတွေ က ဘာတွေ ဖြစ်နေလို့  လည်း ၊ လောကကြီးမှာ ရှင် ”ဂုတ်ကျားမ က ခုတလော ကွန်နက်ရှင် မကောင်း၊ ဂျီတော့ နဲ့ ဗီဇက်အို တွေပြောမရ ၊ ချက်တင် မဝင်နိုင်တာမို့ ၊ အင်တာနက် ဆိုင် မသွားတာ ကြာပြီ ဖြစ်သဖြင့် တလောက လုံးနဲ့ အဆက်ပြတ်နေသကဲ့သို့ ၊ သိချင်ဇော ဖြင့် မေးလိုက်သည် ။
“ အင်း ၊ မင်းကလည်း အင်တာ မနက် နိုင်တာ နဲ့ပဲ ဒီလောက်တောင် ခေတ်နောက်ကျသွားရသလား ၊ မင်းတို့  ဈေးထဲ လဖက်ရည်ဆိုင်ထဲ စပ်စုနေကြ သတင်းဖွ အတင်းတုပ် အဖွဲ့ တွေ ဘယ်ရောက်နေကြလို့ လည်း ”
“ ဟုတ်ပါ့ တော်၊ ဈေးထဲက လူစီတင်ရမ်း တို့ ၊ ထိပ်တင်ရှောက်ဟောင် တို့ ၊တနေ့ကပဲ နေပီတော် သွားလည်နေကြတယ်လေ ၊ ဟိုမှာ နိုင်ငံတကာ အဆင့်မှီ ဟော်တယ်ကြီးတွေ၊ ပန်းဥယျာဉ်ကြီးတွေ ၊ဝိုင်းလိုက်ဂါဒင် (Wild Life Garden) ကြီးတွေ ၊ ကစားကွင်းတွေ၊ ဂေါက်ကွင်းတွေ ၊ လေယာဉ်ကွင်းတွေ ရှိနေပြီ ဆိုပဲ ။ ကျုပ်တောင်မှ လိုက်လည်ချင်နေတာ ၊ ရှင်ကြောင့် မသွားရတာလေ တော့် ”
“ အေးလေ ကွာ ၊ ငါတော့ အဲ့ဒီ ကွန်ကရစ်ခင်း ဟိုင်းဝေးလမ်းမကြီး နဲ့ အရမ်းမောင်းတဲ့ ကားတွေနဲ့ ၊ ယာဉ်တိုက်မှုတွေ ခဏ ခဏ ဖြစ်နေကြတာ ကြောက်တာနဲ့  မသွားချင်ပါဘူး ကွာ ၊ ဒါတွေ မကြည့်ရလို့ လည်း ဘာမှ မဖြစ်ပါဘူး ဟ ၊ ကိုယ့်ဗိုက်ကိုယ်ပြည့်အောင် နေ့ ဖို့  ညစာတောင် မရှိတဲ့သူတွေ အတွက် ဒါကြီးတွေ ဘယ်လောက်ခန်းနား ၊ စိတ်မဝင်စားနိုင်ပါဘူး ဟ ” အောင်နက်ကြီးက အကြောင်းပြချက် စုံလင်စွာနဲ့ ဂုတ်ကျားမကြီး စိတ်ပြေအောင် လေပြေထိုးလိုက်သည်။
“ အို ..ဘာပဲဖြစ်ဖြစ်တော် ၊ ကျုပ်ကတော့ ခွေးစဉ်မှီအောင် ခေတ်မှီအောင် အဲ့ဒီနေရာတွေ တခါလောက်ဖြစ်ဖြစ် သွားလိုက်ချင်သေးတယ် ၊ ကဲ..အဲ့ဒါတွေ ခဏ ထားလိုက်ပါအုံး ၊ ရှင့်သား အကြောင်း ပြန်ဆက်ပါ အုံး ”
“ အင်း ဟုတ်သားပဲ မင့်စကားနောက်လိုက်နေတာ နဲ့ နဂို လမ်းကြောင်းတောင် လွဲသွားပြီ ။ အဆိပ်တုံးလေ ဟ ။ ခွေးတွေကို အဆိပ်တုံးကျွေးပြီး လုပ်ကြံ ၊ အဲ့လေ၊ သတ်နေဖြတ်နေကြသူတွေ အများကြီးပဲ ဟ ၊ခုမှ မဟုတ်ပါဘူး ၊ လုပ်နေကြတာ ကြာပြီ ၊ ခုမှ သတင်းက ပွလာတာ ။”
“ ဘာလည်း ရှင်က ဇာတ်တူသား စားချင်သေးလို့လား” ဂုတ်ကျားမက အကွန့်တက်ပြီး မေးလိုက်သည်။
“ ဟာကွာ ၊ မင်းကလည်း ပြောရော့မယ် ၊ ငါက ခွေးဖြစ်ပေမဲ့ ဘယ်တော့မှ ဇာတ်တူသားမစားဘူး ကွ ၊ ခုဟာက လူတွေ ၊ လူတွေ ဟ ။ ငါတို့ ခွေးတွေကို နာမယ် ဖျက်ချင် တာ၊ အမဲဖျက်တာ ။ ဘယ့်နှယ် ကွာ ၊ သူတို့ ဟာ သူတို့  အစားသောင်းကျန်းကြပြီး လောဘဇောတက်လာတာ နဲ့ ၊ ရှားရှားပါးပါး ဈေးကြီး တဲ့ ဂျီသား ဆတ်သား ဆိုတာတွေ အတုလုပ် ရောင်းတဲ့သူကရောင်း ၊ ”
“ ဟင်.. ဟုတ်ရဲ့ လား ၊ဘယ်လိုအတုလုပ်တာတဲ့တုံး၊ သေချာ ရှင်းစမ်းပါအုံး တော် ”
“ ဟုတ်ပါသကော ရှင်မရယ် ၊ ခွေးသား ကို ခွေးသားပြောမရောင်းဘူး ၊ ခွေးတွေကို အဆိပ်ကျွေး သတ် ၊ ခွေးတကောင် ကျပ် သုံးထောင် တန်သတဲ့။အဲ့ဒါတွေ အခြောက်လှမ်းပြီး၊ ဈေးအဆမတန်တင်၊ ညာရောင်းတာက ဂျီသား ဆတ်သားခြောက်တဲ့ ကွာ ။ ငါတို့ ခွေးတွေ နှစ်ခါနာ ရတယ် ။”
“ အင်း ၊ဟုတ်သပေါ့တော် ၊ ကျုပ်တို့မှာ အသတ်လည်းခံရသေး ၊ အညာလည်းခံရသေး ၊ နေပါအုံး ၊ အဲ့ဒီ အဆိပ်သင့်နေတဲ့ အသားကို စားမိတဲ့ သူတွေမှာ ရော ၊ ဘာမှ မဖြစ်ဖူးတဲ့လား”
ဂုတ်ကျားမက ခွေးဖြစ်နေပေမဲ့ စဉ်းစားညာဏ်တော့ ရှိသေးသူမို့  နောက်ဆက်တွဲ အကျိုးဆက်ကို သိလိုလာသည် ၊
“ အဲ့ဒါတော့ ငါလည်း သေချာဘယ်သိပါ့မလည်း ကွ၊ ဖြစ်နိုင်ခြေတော့ရှိတာပေါ့ ။ ဝိသမသားတွေ ကပိုက်ဆံရဖို့ အဓိကပဲလေ။ ဘယ်သူသေသေ ငတေက မာ ပြီးသား ပဲ ဟ”
“ ဟုတ်ပါသကော ကိုအောင်နက်ရယ်၊ ကျုပ်တို့  ကိုယ့်ဟာကိုယ် ဆင်ခြင်နေဖို့  ပဲ အရေးကြီးတာပဲ၊နောက်တခု ။ ရှင်ပြောတဲ့ အထဲ ပိုးကူး မယ် ဆိုတာကရော ၊ ဘာကို ပြောတာ လည်း တော့် ” ဂုတ်ကျားမက ဆက်ပြီးမေးခွန်းထုတ်လိုက်သည်။
“ အေး ဟုတ်ပါရဲ့ ၊ နောက် တဒုက္ခ ကျန်သေးတယ်ကွ ၊ ဒီလိုဟေ့ ဒီလို ၊ ခုတလော ငါတို့ ဆရာတွေ နေတဲ့ အရပ်မှာ လေ ၊ ရူးတဲ့ ရောဂါတွေ ကူးစက်နေသတဲ့ ၊ လူတွေ ပြောတာက ခွေးရူးပိုး ပေါ့ကွာ ။ဒီခွေးရူးရောဂါ ဆိုတာ ငါတို့ပြည်မှာ အနှစ်နှစ် အလလ ကာလကြာရှည် ရှိနေခဲ့တာကြီးပါ ။ ဘာလို့များ သေချာ မနှိမ်နင်းနိုင်တာလည်း ဆို တာ ငါက ခွေးညာဏ်လေး လက်တသစ်လောက်နဲ့မို့  မသိဘူး ။ ငါထင်တာကတော့ လူတွေရူးလို့ လူရူးရောဂါ က ငါတို့ ဆီ ကူးလာတယ် ထင်တာပဲ ။”
“ ရှင်းစမ်းပါအုံး ရှင့်အထင်ကို ၊ ”
“ မင်းပဲ စဉ်းစားကြည့်လေ ၊ အဲ့ဒီအရပ်မှာ အရင်က ဒီ ခွေးရူးရောဂါ ထတယ်ဆိုတာ မင်းကြားဖူးလို့ လားဟ ၊ ခု မှ .. ခု မှ ..ဒီ အရူးရောဂါတွေ ပြန့် လာတယ် ဆိုတော့ ၊ ”
“ အင်း ၊ဟုတ်ပေသားပဲ ။ ဒါကြောင့် ရှင့်  ကို ဟို ပေါက်တတ်ကရ.အကြံပေး အဖွဲ့  မှာ ခေါ် ခန့် မယ် လို့  သတင်းထွက်နေတာ နေမှာပဲ ။” ဂုတ်ကျားမ က ချီးမွန်းသလို ခနဲ့သလို လေသံဖြင့် ပြုံးစစပြန်ပြောလိုက်တော့ အောင်နက်ကြီး သဘောခွေ့ သွားတော့သည်ပေါ့ ။
နောက်တော့ မှ သတိရသလို ဖြင့် “ ဟဲ့ ။ ငါတို့  သမီးလည်း ခုထိ အိမ်ပြန်မရောက်သေးပါလား၊ မိုးတောင်ချုပ်နေပြီ ” ဟု မဟေသီကြီးအား မေးလိုက်လေသည် ။
“ အို ၊ ရှင်ကလည်း ၊ စိတ်ပူမနေပါနဲ့၊ သူ့ အလုပ် က ဟိုး လှိုင်သာယာ စက်မှုဇုန် လေ၊ ရှင်မေ့နေပြီလား၊ ကားတွေ ကြပ်တာ နဲ့  ၊ ကားခတွေ ဈေးကြီးတာနဲ့ သူ့ ခမျာ လမ်းလျှောက်နိုင်သလောက် လမ်းလျှောက်၊ ကုန်းကြောင်း တတန်၊ ကားတတန် ၊ သွားရ ပြန်ရတာ၊ တခါတလေ အိုဗာတိုင် ဆင်းရသေးတယ် ၊အိုဗာတိုင်သာပြောပါတယ်တော်၊ သူတို့ ဟိုစက်ရုံ တရုပ်ခွေးသူဌေးက အလုပ်သမားတွေကို တန်ရာတန်ကြေး မပေးပဲ ခိုင်း၊ မကျေနပ်လို့ ဆန္ဒပြကြ နဲ့ အဲ့ဒါကြောင့် အိမ်ပြန်နောက်ကျတာပေါ့ ”
“ အေးလေ ။ အဲ့ဒါကြောင့် ခု ငါ့မှာ ပို စိတ်ပူ နေရတာပေါ့ ကွ ”
အောင်နက်ကြီးက မျက်မှောင်ကုပ်ပြီး သက်ပြင်းရှည်ကြီးချကာ တခွန်းချင်း လေးပင်စွာ ပြောလိုက်သည် ။
“ အလိုတော်၊ ရှင်က ရှင့်သားမှ ရှင့်သား အတွက်ပဲ စဉ်းစားနေကြ ၊ ခု မှ ဘယ်လို ဖြစ်လို့ သမီးတကောင် အတွက် ပူနေရပြန်တာလည်း ၊ စိတ်ချ ၊ ကျုပ်သမီး ကလျာထွန့်ထွန့်လူးက နာမယ်သာ လူး နေတာ ၊ လူက အဲ့လေ သူက အိနြေ္ဒရရ နေတတ်ပါတယ် တော့် ”
“ ဟမ်းးး မင်း ဘာသိ လို့ လည်းဟ ၊ သမီး မိန်းကလေး မွေးထားရတာ ဘယ်လောက် စိတ်ပူစရာကောင်းသလည်း ဆို တာ ။ ခု ပိုဆိုး ပြီ ၊”
“ ကဲပါ ၊ ရှင်ကလည်း စကားတခွန်းကို သေချာ လိပ်ပတ်လည်အောင် ပြောမှသာ ပြော ” ဂုတ်ကျားမကြီးက စိတ်မရှည်သလို ဖြင့် လင်တော်မောင်ကို ထေ့လိုက်တော့မှ ..
“ မင်းကလည်း ၊ ခေတ်အကြောင်း သတင်းစကားတွေ ဘာမှ မလေ့လာ ဘူးလား ဟ ။ တနေ့ ကပဲ လွှတ်လိုက် တယ်လေ ၊ ဘာတဲ့ ။ ၁နှစ်ကြီးများတောင် လျှော့ပေါ့ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် တဲ့ ကွာ၊ ထောင်ထဲက လူလိမ် အဲ့လေ ခွေးလိမ် ခွေးဆိုး ခွေးသူခိုး မုဒိန်းသမား ခွေးသတ်သမားကောင်တွေ ဦးစားပေး လွှတ်ပေးလိုက် တော့ .. ဟင်း ဟင်း.. ဘာတွေ ဆက်ဖြစ်မလည်း ၊ မင်းဟာမင်း ဆက်စဉ်းစား၊ ငါ တော့ ငါ့ သမီး အတွက် စိတ်ပူတယ် ။”
ဒီတခါတော့ သူ့  မဟေသီ ထံမှ ဘာများ ဆက်မေး မလည်းဟု စောင့်ပြီး နား ထောင်နေသော အောင်နက်ကြီး တကောင် အတော်ကြာသည်အထိ မေးခွန်း သံ မကြား ရသောကြောင့် မှိန်းထားသော မျက်လုံးကို ဖွင့်ကြည့်လိုက်သောသကာလမှာ မြင်လိုက်ရသည်မှာ.........
သူ့ ဘေးမှာ မျက်ဖြူဆိုက်ပြီး ပါးစပ်မှ အမြှုပ်တစီစီထွက်ကာ တဂစ်ဂစ် တက် နေသော ဂုတ်ကျားမကြီး တကောင်ရယ်ပေါ့ ၊
ဪ.. ခွေး ဖြစ်ရတဲ့ ဒုက္ခတွေလည်း မသေးလှပါ တကား....
ဒီနေရာ တွေ မှာ အဆိုပါ အကြောင်းအရာများနဲ့ ပတ်သက်သည့်မူရင်း သတင်းများ ရှိပါတယ် ။ ပုံများကို အထက်ပါ ဆိုဒ်များမှ ရယူဖေါ်ပြထားခြင်းဖြစ်ပါသည် ။
( ခွေးနဲ့ပတ်သက်သည့်သတင်းများ ဖတ်မိရာမှ ခွေးစိတ်ဝင်ပြီး /ခွေးနေရာမှ စိတ်ကူးယဉ် ဝင်ခံစားမိပြီး ) ရေးလိုက်ပါသည် ။း))
ခွေးဖြစ်ရတဲ့ ဒုက္ခများနဲ့ ပါတ်သက်ပြီး ဒီနေရာလေးမှာလည်း ခွေးစိတ်ဝင်ကာ ရေးခဲ့မိဖူးပါသည်....
12 comments:
အိမ်လာလည်ရင် ဆတ်သားခြောက်ဖုတ်ဆီးဆမ်းနဲ့ ဧည့်ခံမလို့တွေးထားတာ။
တစ်နှစ်ဆိုတာ အာပတ်လွတ်နဲ့တူပါရဲ့
ဖွားကိ
စာအသစ်တင်ပေးတဲ့အတွက် ကျေးဇူး
ခွေးကိုယ်စားလှယ်တာဝန်ခံ ဖွားကိရေ စစတို့အိမ်နောက်မှာတော့ ခွေးတဒါဇင်ကျော်ရှိတယ်ဗျို့
ခင်မင်တဲ့
စစ
မကီရေ
အရေးသွက်သွက်နဲ့ မကီရဲ့
သရော်ချက်တွေက ကောင်းလွန်းလို့ ချီးကျူးမိတယ်
ခွေးဖြစ်တော့လည်း ခွေးဒုက္ခ
လူဖြစ်တော့လည်း လူဒုက္ခဆိုတာ ရှိတာပါဘဲလေ။ သူများတကာတွေရဲ့ နိုင်ငံတွေလို အင်တာနက် ကောင်းကောင်းမသုံးရ၊ ကောင်းကောင်းမချက်ရတာတွေဟာလည်း လူဖြစ်ရတဲ့ ဒုက္ခတွေဘဲပေါ့း)
အရင်မြည်းပြ . . .
စားကောင်းရင်တော့ ဆွဲမှာပဲ။ အကြံပေးတွေရဲ့ အသားကတော့ မကောင်းလောက်ဘူး။ အဆီပိတ် ၊ ဝစီပိတ် ဖြစ်နေလောက်တယ်။
ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ .. ညီညီညာညာ ချီတက်ကြပါစို့ .. :D
အင်း ..
အမကတော့  အသလွတ် ပေါက်ကွဲနေပြီ။
နေပြည်တော်မှာ ခွေးရူးရောဂါ ထ,တာက
ပညတ်သွားရာ ဓါတ်သက်ပါတာနေမှာ ၊
အခု လွှတ်တာက အစမ်းလွှတ်တာနေမှာပါ။
အစ ပျိုးတာပေါ့ နော်၊ ဆန္ဒ မစောကြပါနဲ့ ။
ပိတ်ကားပေါ် ဆက်လက်ရှု့ စားကြပါအုံး..။
အဆိုးထဲက အကောင်းကတော့  လူ၆၀ ပါလာပြီ။
ခွေးတွေကိုတောင်အလွတ်မပေးဘူး။
ဒီလို သရော်စာလေးတွေမှာ မကိတို့က တကယ်ကို အစွမ်းထက်တယ်.. ဖတ်ရင်းနဲ့ မပြုံးပဲကို မနေနိုင်ဘူး....း)))
ဘော်တာဟောင်းအောင်နက်တို့ ဂုတ်ကြားတို့ မတွေ့တာ ကြာပြီ နေကောင်းကြလား... :P
ခွေးစာဖတ်ပြီး ခွေးစိတ်တောင် ပေါက်သွားသလိုဘဲ ပြန်ပြီ ဗျို့ ဂိန်
များတောင်းဆိုလို့ရေးပေးတာမားးး သိဒယ် .. သိလယ် ... ဂုတ်ကျားတို့နေကောင်းကြလားလို့ ဝက် မေးတယ်လို့ ပြောပေးအူး ခစ်ခစ် ...
ခွေးတွေ အတွက်လည်း စိတ်မကောင်းဘူး၊ ဆတ်သားစားမယ့် လူတွေ အတွက်လည်း စိတ်ပူမိတယ်။
ဒီပိုစ့်လေး ဖတ်မိတဲ့သူတိုင်း တဆင့်စကား လက်ဆင့်ကမ်းမိကြရင်း အန္တရာယ်တွေ ကင်းကြပါစေလို့ ဆုတောင်းနေပါတယ်။
Post a Comment