အပြိုင် အဆိုင် အနိုင် ဆိုတဲ့ ခေတ်ကြီးမှာ တဦးထက်တဦး ထူးရလေအောင် ၊ တမျိုးထက်တမျိုး မရိုးရလေအောင် ၊ယှဉ် ပြိုင်နည်းတွေ စုံလို့ပါပဲ ။အကြီးဆုံး ၊ အသေးဆုံး၊ အရှည်ဆုံး၊ အမြင့်ဆုံး၊ အပုဆုံး၊ အလှဆုံး၊ အဝဆုံး..စသဖြင့် ဆုံး တကာ့ ဆုံး တွေ ပြိုင်ကြလေတယ် ။
ု“ငရုပ် ( ငြုပ် ) ဆို စပ်မှ ၊ တရုပ်ဆို ကပ်မှ” ။ မပူ မစပ်ရင် ငြုပ် လို့  မဆိုနိုင် သလို ကပ်တီးကပ်ဖဲ့ မလုပ်တဲ့သူကို တရုပ် လို့  မခေါ်နိုင် လောက်ပါဘုး ။( တရုပ်တွေကြားထဲ အနေများလာတော့ ဒီလိုပဲ မြင်မိပါတယ်၊ ကိုယ်တိုင်လည်း ကပ်တီးကပ်ဖဲ့လုပ်၊ ကပ်သီးကပ်သပ်ပြောနဲ့ ပေါ့ ) ။ ခုခေတ်မှာ မစပ်သောငြုပ် ၊ ချိုသောငြုပ် များ ၊စိမ်းပွပွ ငြုပ်ချိုများ ရှိပါတယ် ။သူ့ကိုတော့နာမယ်သာ ငြုပ် တွင် ပေမဲ့ ငြုပ် စာရင်းထဲ့ မထဲ့ချင်လှပါဘူး။ငြုပ်သီးစားမှတော့ စပ်မှာမကြောက်နဲ့ပေါ့နော် ။( ခွေးဖြစ်မှတော့ ဟိုဒင်းမကြောက်နဲ့ ဆိုသလို ... )။
ဟိုးအရင် ငယ်ငယ်တုံးက ထင်ခဲ့တာ အိန္ဒြိယ လူမျိုးတွေပဲ အစပ်စားနိုင်ကြတယ် လို့လေ။ ခုတော့ အသားနီစပ် ရွှေရောင်ဆံပင် တွေ လည်း စပ်တကာ့ စပ်တာတွေ စားနိုင်ကြပေတာကိုး လို့ အသိတမျိုးတိုးရပြန်ပါပြီ ။
ဘာတဲ့..တနေ့ က သတင်းထဲမှာ ကြားလိုက် တွေ့ လိုက်ရတာ.အစပ်ပြိုင်တာ တဲ့။ အစပ်ဆုံး ငြုပ် တဲ့လေ ။အစပ်စားနိုင်တဲ့သူ အစားနိုင်ဆုံးသူ ပြိုင်ပွဲတွေက သပ်သပ်ပါ ။ ခုဟာက ကမ္ဘာ အစပ်ဆုံး ငြုပ် ကို စမ်းသပ်တာပါ ။
အစပ်တိုင်းတဲ့ စံညွှန်းယူနစ် ကို (SHU = scoville heat units) လို့ ခေါ်ပြီးဓါတုဗေဒနည်း နဲ့ ဓါတ်ခွဲစမ်းသပ်ထားတဲ့ စံညွှန်းပါပဲ ၊
ယခုလောလောဆယ်မှာ ကမ္ဘာ့ အစပ်ဆုံး ငြုပ် အနေနဲ့ သြစတြေးလျနိုင်ငံ မှာ စိုက်ပျိုးထားတဲ့ Trinidad Scorpion Butch T Chilli က 1,463,700 SHU ဖြင့် စံချိန်တင်သွားနိုင်ခဲ့ပါတယ်။
အရင်က အစပ်ဆုံးစံချိန်တင်ထားတဲ့ Naga Viper pepper ကတော့ 1,382,118 SHU နဲ့ နောက်ကောက်ကျသွားပါပြီ ။
ဘာဘီကျူးဆိုင်၊စားသောက်ဆိုင်တွေ အိမ်တွေမှာ အသုံးများ ကြတဲ့ Tabasco sauce (HP Sauce ) တွေမှာတော့ အစပ်ယူနစ် 30,000–50,000 SHU သာ ပါရှိပါတယ် ။ အဲ့ဒီ Tabasco sauce ၂ ပုလင်းကို စက္ကန့် ၃၀ အတွင်းကုန်အောင်သောက်ပြ နိုင်သူတယောက်ရဲ့ ဗီဒီယို ဖိုင်က ဒီမှာ ရှိပါတယ်။
အစပ်စားနိုင်တဲ့သူများရှိသလို (လုံးဝ)မစားနိုင်သူများ လည်းရှိကြတော့ မကြာခင်လေးတင်က လွမ်းလိုက်ရတဲ့ ရွှေသင်္ကြန် နဲ့ မုန့်လုံးရေပေါ် ထဲမှ ငြုပ်သီးထဲ့ပြီး အချင်းချင်းစကြ နောက်ကြတာတွေ ပြန်တွေးမိလိုက်ပါသေးတယ် ။ ငြုပ်သီးမိပြီး ရှူးရှူးရှဲရှဲ ဖြစ်နေသူများကိုကြည့်ပြီး ရယ်ကြ ပျော်ကြတာတွေ ရောပေါ့။
အစပ်စားသူ ကြိုက်သူ များ အဖို့ တော့ အစပ်မပါရင် ထမင်းစား မမြိန်ဘူး လို့တောင်ထင်ကြသေးတယ်။ မကြိုက်သူများကလည်း အစာအိမ်ထိခိုက်မယ်၊ လိပ်ခေါင်းထွက်မယ် ဆိုပြီး အစပ်ဆို ဝေးဝေးက ရှောင်ကြတယ်ပေါ့။
တကယ်ဆိုရင်တော့ ငြုပ်သီးမှာလည်း ကောင်းနိုးရာရာလေးတွေ ရှိပါတယ် ။ ဗီတာမင် နဲ့ သတ္တုဓါတ်များစွာပါတဲ့ အတွက် အဟာရ ဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ပမာဏ အတိုင်းအဆနဲ့ ချင့်ချိန်စားသုံးပါက အကျိုးရှိနိုင်ပါတယ် ။ သူ့ မှာ ပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အတိအကျ ပြောရမယ် ဆိုရင် ငြုပ် ၁၀၀ ဂရမ် မှာ ပါဝင်တဲ့ တနေ့ တာ သတ်မှတ်ချက်ရာနှုန်းတွေ(in % of Recommended daily allowance) မှာ-
ဗီတာမင် စီ(Ascorbic acid) -၂၄၀ %
ဗီတာမင် ဘီ ၆ (Pyridoxine)- ၃၉%
ဗီတာမင် အေ - ၃၂ %
ဗီတာမင် ကေ-၁၁.၅%
ဗီတာမင် အီး- ၄.၅%
သံဓါတ် - ၁၃%
ကြေးနီဓါတ် ( copper ) ၁၄%
ပိုတက်စီယမ်( potassium) ၇% စသဖြင့် ပါဝင်ပါတယ်။
ဒီဓါတ်တွေဟာ သွေးကြော၊ အရေပြား၊ အာရုံကြော၊ အရိုး၊ ခန္ဓာကိုယ်အင်္ဂါ တည်ဆောက်မှု ၊ခိုင်မာမှု ၊ ဓါတ်တိုး ဓါတ်ပြုမှု တို့ အတွက် မရှိမဖြစ်အရေးကြီးပါတယ်။
ုငြုပ် ၁၀၀ ဂရမ်စားရင် စွမ်းအား ၄၀ ကီိလိုကယ်လိုရီ Kcalရမှာ ဖြစ်ပြီး ၊အဟာရ ရာနှုန်းအနေနဲ့
ကစီဓါတ် ၇ % ၊ အသားဓါတ် ၃ % ၊ အဆီဓါတ် Total Fat ၂ % ၊ အမျှင်ဓါတ် ၃% ၊ ပါဝင်ပြီး
အများကြောက်ကြတဲ့ ကိုလက်စထရော (လုံးဝ) မပါဝင်ပါဘူး Cholesterol -0% ပေါ့ ။ ဒါကြောင့် တချို့ က ယူဆကြတယ်။ ငြုပ်သီးစားရင် ပိန်တယ် တဲ့ ။ ငြုပ်စားပြီးဝိတ်ချ နိုင်တယ်တဲ့ ( ငြုပ်သီးချည်း စားပြီး ဝိတ်ချဖို့  ဆိုတာကတော့ မဖြစ်နိုင်ပါဘူး လေ၊အဟာရ မျှတအောင်တော့ တခြား အစားအစာ တွေနဲ့ တွဲဘက်စားသုံးရမှာပါ) ။( ထမင်းတလုပ်၊ ငြုပ်သီးစိမ်း တကိုက်၊ ဆားနဲ့ တို့ ပြီး စားလေ့ရှိကြတဲ့ အိန္ဒြိယလူမျိုးများ ၊ အများအားဖြင့် ပိန်ပိန်ပါးပါး ဖြစ်နေကြတာ အာဟာရ ချိုတဲ့တာကြောင့်လား၊ ကိုလက်စထရော မပါတဲ့ ငြုပ်ကြောင့်လား ဆိုတာလည်း စဉ်းစားစရာပါပဲ )။
အဆီကျအောင်၊ ပိန်အောင် လိမ်းကြတဲ့ ခရင်(cream) တွေမှာလည်း ငြုပ်ဓါတ်ကို ထဲ့သွင်းအသုံးပြုကြတာတွေရှိပါတယ်။ ငြုပ်ရဲ့ အပူဓါတ်က အဆီကို ခြေဖျက်နိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း၊ လှချင်လွန်း၊ အဆီချချင်လွန်းလို့ အဲ့ဒီ ခရင်တွေ အလွန်အကျွံလိမ်းပြီး အရေပြားအပူလောင်သွား၊ အလာဂျီဖြစ်သူများလည်း အများကြီးရှိလို့ သတိပြုဖို့ လိုပါတယ်။တချို့များဆို ဗိုက်သားပြင် အဆီခေါက်ပေါ်မှာ ခရင်တွေလိမ်းပြီး အပူဓါတ် ကြာကြာထိန်းထားနိုင်အောင် ဆိုပြီး ပက်ကင်လုပ်တဲ့ပလပ်စတစ်ပါးပါးလေးတွေ အထပ်ထပ် ပတ်ပြီးအကြာကြီး ထားတော့ အထဲမှာ ချွေးပျံ ပြီး အရေပြားတွေ မီးလောင်ဖုလို ထွက်လာ၊ အနာတွေဖြစ်ကြတာလည်း ရှိပါသေးတယ် ။
ထို့နည်းတူစွာပဲ ငြုပ်အပါအဝင် အပူ အစပ် တွေ အလွန်အကျွံ စားသုံး မိရင်တော့ အာခံတွင်း၊လည်ချောင်း၊ အစာအိမ်အူလမ်းကြောင်း နံရံ ယောင်ယမ်း အနာဖြစ်ခြင်း၊ များ ဖြစ်စေတတ်ပါတယ်။
ဒါ့အပြင် ငြုပ်သီးထဲမှာ ပါတဲ့ မှိုတမျိုး aflatoxin (fungal mold)ကြောင့် အသည်း ရောဂါ (ကင်ဆာ)လည်း ဖြစ်စေနိုင်တာ မို့  မှို မတက်တဲ့ငြုပ် ကို ရွေးချယ်စားသုံးဖို့ ၊ ရေဖြင့်စင်ကြယ်အောင်ဆေးဖို့ အရေးကြီးပါတယ် ။
--------------------------------------------------------------------------------------------------------သြစတြေးလျမှာ စိုက်ပျိုးထားတဲ့ ကမ္ဘာ့ အစပ်ဆုံး Trinidad Scorpion Butch T Chilli ငြုပ်ပင် နဲ့ ငြုပ်သီးများ
(အော်ဇီတွေစားပြတဲ့ ငြုပ်သီးစပ်စပ် )။ တခြား ဗီဒီယို ဖိုင်တခုထဲမှာ တော့ ငြုပ်သီးအစပ်လွန်လို့ နှုတ်မထိန်းနိုင်ပဲ ..S** t တွေ ၊ F** k တွေ ပြောတဲ့အထိ ရုပ်ပျက်ဆင်းပျက်ပါပဲ။
---------------------------------------------------------------------------------
အချပ်ပို @ -
ပြိုင်စရာ ရှားလို့ အစပ်ချင်းပြိုင်ကြတာတွေ တွေ့ လိုက်ရတော့၊ အညစ်ပြိုင်ပွဲကြီး ကျင်းပပေးမယ်ဆိုရင် ခေသူမဟုတ်သော ရွှေပြည်ကြီး မှ လူတစုက ကမ္ဘာ့ စံချိန်တင်နိုင်မယ်လို့  ထင်မိတယ် ။ထင်တာ မဟုတ် ။ သေချာပေါက် အပြတ်အသတ် ပက်ပက်စက်စက် ကို အနိုင်ရမှာပါပဲ ။
Ref:
-http://thepepperseed.com/peppers/the-worlds-hottest-chilli-pepper-trinidad-scorpion-butch-t/
-http://www.nutrition-and-you.com/chili-peppers.html
10 comments:
ငြုပ်သီးတွေကလဲ လှလိုက်တာ... ကိရေ...သေချာတယ်... အညစ်ပြိုင်ပွဲဆိုရင် သူတို့တွေ ပြိုင်ဘက်မရှိပထမရမှာ....
မကိရေ
ငြုတ်သီး ကတော့ ကြိုက်တယ် မပါရင် ထမင်းစားမဝင်ဘူး
ပြိုင်ပွဲထဲတော့ စာရင်းမသွင်းလိုက်နဲ့နော်
ခင်တဲ့
ရွှေစင်ဦး
ငြုတ်သီး ကတော့ ကြိုက်တယ်
ထမင်းပဲစားစားမုန့်ဟင်ခါးပဲစားစား
အသုတ်ပဲစားစားပါကိုပါမှ
ကျေးဇူးပါရှင်။
ဆွဲချက်ကတော့ အားရစရာကြီး . . .
အရင်ကတော့ ငရုပ်သီးကို သိပ်မကြိုက်ဘူး။ ဒါကြောင့် ပိန်နေတာ ထင်တယ်။ အခုနောက်ပိုင်း ရအောင် စားရင်းနဲ့ ကြိုက်လာတယ်။ အခုတော့ စပ်စပ်လေး စားရတာ ခံတွင်းတွေ့ပါတယ်။ ဒါကြောင့်များ ဝလာတာလား မသိ။
အင်းလေ..
ကျွန်တော်တို့ မျိုးက အစပ်မျိုးပဲ။
လူတိုင်းအစပ်ကြိုက်ကြတာ။လူကြီးတွေဆို
ပိုတောင်အစပ်ကြိုက်သေး။
ပေါက်ဖော်တွေနဲ့  စပ် နေတာလေ..။
အဲ.. ဘေးရောက်သွားလို့  ရပ်ပြီ...
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်မှာလည်း ငရုပ်သီးတစ်မျိုးရှိတယ် ရွှေလှံဘိုလို့ခေါ်ကြတယ်
ငရုပ်သီးတစ်တောင့်ကို လနဲ့ချီ စားလို့ရတယ်ဆိုဘဲ
သိပ်စပ်လွန်းတော့ ဟင်းအိုးထဲ ခပ်ရင်တောင် ငရုပ်သီးတောင့်လေးကို ကြိုးနဲ့ချည်ပြီး အိုးထဲခနထည့် ပြီးရင် ပြန်ဆယ် ယူလိုက်ပြီး မီးဖိုနံရံမှာ ပြန်ချိတ်ထား။ လိုတဲ့အချိန်တိုင်း ခုလို ဟင်းအိုးထဲ ထည့်ထည့်စား ဆိုဘဲ
မြင်တော့မြင်ဖူးတယ်။. စမ်းတော့ မစမ်းကြည့်ခဲ့ဖူးဘူး ပုပုသေးသေးလေးပါဘဲ
ဒီကတော့ ငရုပ်သီးသိပ်ကြိုက်
စားသမျှဟင်း ငရုပ်သီးပါတယ်း)
ကြည့်ရင်းတောင် ကြက်သီးထတယ် .. :D
ဒီမှာလည်းရတယ် အဲ့လို ငရုပ်သီးမျိုး
အရမ်းစပ်တယ် စားပြီးရင် ရင်ဝမှာလာပူပြီ
ဗိုက်အောင့်စေတယ် မစားတာအကောင်းဆုံးပဲ
ကျမက အရမ်းစားလို့ ခုချိန်မှာ လေနာဖြစ်နေတာ
ကျနော် တို့အညာမှာ လဲ ရွှေအပ် သီး ဆိုတာရှိတယ်။ ကိုင်းငရုတ် လိုပါပဲ။ စပ်တယ်တအား။
ကျေးဇူးပဲ Kiki ရေ ငြုပ်သီးက အကျိုးရှိမှန်းတော့သိတယ်။ ဒါပေမဲ့ ငြုပ်သီးမှာ ဒီလောက်အဟာရ ပြည့်စုံမှန်းတော့ အခုမှပဲသိရတယ်။ ငရုပ်သီးက ကင်ဆာကိုလည်း ကာကွယ်တယ်ဆိုတာ Public Health in Myanmar က ပို့စ်တခုမှာလည်း ဖတ်ဖူးတယ်။ ဖြစ်လည်းဖြစ်နိုင်တယ် ကင်ဆာဖြစ်တယ်ဆိုတဲ့လူ အတော်များများ တွေ့ဖူးသလောက်တော့ ငြုပ်သီးကြိုက်တဲ့သူတွေ မဟုတ်ဘူး။ ကျွန်မကတော့ ငြုပ်သီးမပါရင် ထမင်းစားလို့ မတင်းတိမ်တတ်တော့ အဲဒါကောင်းတဲ့ အလားအလာပဲ။
Post a Comment