ဝမှာကြောက်သော အလှကြိုက် ခေတ်မှီ ပျိုပျို ကိုကို ဦးဦး ဒေါ်ဒေါ်တို့  ၊ အဆီတထပ် အသားတထပ် ဝက် ကြက် ဘဲ အမဲ သားများ ကို ရှောင်ကွင်းပြီး အဆီနဲနဲ အသားများများ တွေကို ရွေးချယ် စားသုံးလေ့ရှိကြပါတယ် ။ အဲ့ဒီ အဆီမထူအသားတွေက အဆင်းလှ အမြင်လှ သလို ဈေးတွေ လည်း ပိုလှကြပါပေတယ် ။ ဈေးကြီး မှ အကောင်းထင်သူအကောင်းကြိုက်တွေ အတွက် စိတ်တိုင်းကျ စေဖို့ တနည်းအားဖြင့် ရောင်းအား သွက်စေဖို့  ၊ စီးပွားရေးသမားတွေကလည်း ကြံဖန် ကြိုးစားပေးကြတယ် ။ဒါတွေရဲ့ နောက်ဆက်တွဲ အကြောင်းအရာလေးများကို သိချင်သပ ဆိုရင်တော့.....
ဟိုးယခင်တည်းက ကြက် မွေးမြူရေးလုပ်သူတွေဟာ ကြက်တွေ ကြီးထွားနှုန်းမြန်အောင် ၊ အသား တိုးအောင် ဆိုပြီး ဟော်မုန်းပါတဲ့ဆေးတွေ ကို အစားအစာထဲ ထည့် ကျွေးကြတယ် ။ ဟော်မုန်းဆေးတွေ ထိုးပေးကြတယ် ။ဒီတော့ အချိန်တိုတို အတွင်းမှာပဲ ဒီကြက်တွေ ကြီးထွားလာကြလို့  ဈေးကွက် မြန်မြန်ပို့  ၊ ငွေ မြန်မြန်ပေါ် ၊ များများ မြတ်ကြတာပေါ့ ။ စီပီကြက်ခေါ်တဲ့ မွေးမြူရေးကြက်တွေ လှမှလှ ၊ ဒါပေမဲ့ အသားက ပွစိစိ ၊အချိုဓါတ်က ပေါ့ရွှတ်ရွှတ်၊ အရေခွံအောက်မှာ အဆီတွေ ခပ်ထူထူ နဲ့ ၊စားလို့ တော့ သိပ်မကောင်းလှ ။အရသာ ပိုမချိုပေမဲ့ ရောင်းဈေးက အိမ်ကြက် တွေနဲ့စာရင် ပိုချို တော့ ဒီ စီပီကြက်တွေမွေးတာ ခေတ်စားလာတယ် ။ ကြက်ကြော် (fried chicken) ဆိုင်တွေလည်း ခုဆို တနေ့ တခြား ပိုများလာပြီး စီပီကြက်တွေရဲ့  အရေးပါမှုက ကြီးထွားလာခဲ့တယ် ။ဒီလိုကြက်ကြော်တွေ အစားများတဲ့ ကလေးသူငယ်အများစုဟာ အဝလွန်ခြင်း နဲ့ အရွယ်မတိုင်မီ ရင်သားကြီးထွားခြင်း၊ အသက်ငယ်ငယ်ဖြင့်ပင်( မိန်းကလေးများကအသက် ၈ နှစ်၊ ယောကျာင်္းလေးများက အသက် ၉ နှစ် မတိုင်မှီ) အရွယ်ရောက် လက္ခဏာများရှိလာခြင်း precocious puberty(လူပျို၊အပျို ဖြစ် မြန်လာခြင်း) တို့ တွေ့ ကြုံလာကြရပါတယ်။
ဒီပုံကတော့ အသားတိုးဆေးသုံးထားတဲ့ ဘဲငန်း ( ဘယ်ဘက်ခြမ်းမှ ) နဲ့ ဆေးမသုံးထားတဲ့ ဘဲငန်း (ညာဘက်ခြမ်းမှ ) တို့ ကို ယှဉ်ပြထားတာပါ ။ညာဖက်ခြမ်းက ဘဲငန်း ရင်အုပ်မှာ အရိုးငေါငေါ ထွက်နေပါတယ်။ဘယ်ဘက်ခြမ်းကတော့ အသားဆူဆူဖြိုးဖြိုးရှိပါတယ်။
နောက်ပိုင်းကျတော့ ကျန်းမာရေးအသိတွေ ပိုများလာတယ် လို့ ပဲ ယူဆရလေမလား ။ စီပီကြက် ကို စားတဲ့အခါမှာ အရေခွံတွေ ဖယ်ပြီး နွှာပြီးစားတဲ့သူတွေလည်း များလာတယ်။ အသားနဲပေမဲ့ အရသာ ရှိပြီး အဆီ နဲတဲ့ အိမ်ကြက်တွေ ကိုပဲ ဈေးပိုကြီးပေမဲ့ စားသံုးတဲ့သူတွေ လည်းရှိပါတယ် ။
ထို့ နည်းတူစွာပဲ ဝက်ရဲ့  အရေးပါမှု ၊ အရောင်းသွက်မှု ဟာ လည်း အဆီ နဲ များ ပေါ်တည်ပြီး ဈေးကွက်မှာ ကွာသွားကြတယ် ။ အသားတိုးဝက်တွေ ပိုမွေးလာကြတယ် ။ ဒါပေမဲ့ ဝက်စာ ကြက်စာ ဈေးတွေကလည်း ဒီရေလို တဖြေးဖြေး မြင့်လာတာမို့ ဈေးသက်သာမဲ့ အရာတွေ အစားထိုး ကျွေးလာကြတယ် ။ အဆီ နဲ ပြီး အသားတိုးစေဖို့ ( Lean mass များစေဖို့  ) ဝက်စာကြက်စာ တွေထဲ ဆေးတချို့ ကို ထည့်သွင်း ရောနှော လာကြတယ်။ ဒီဆေးတွေ ထဲမှာ အသုံးများတာ တွေကတော့ Salbutamol နဲ့ Ractopamine ဆိုတဲ့ဆေးတွေပါပဲ ။
အဲ့ဒါ ဘာဆေးတွေလည်း ဆိုတော့ ပန်းနာရင်ကျပ်ရောဂါ မှာ သုံးရတဲ့ လေပြွန်ကျယ်စေတဲ့ ဆေး ( Bronchodilator-beta agonist )တွေဖြစ်တယ်။Salbutamol ကို Ventolin အနေနဲ့ လူသိများပါတယ် ။ Ractopamine ကိုတော့ ခုနောက်ပိုင်းမှာ ရင်ကြပ်ပန်းနာလူတွေအတွက် အသုံးမပြုကြတော့ပါဘူး ။ ( လူတွေမှာ မသုံးပဲ တိရစ္ဆာန်တွေ အစားအစာမှာ ထဲ့သုံးဖို့တော့ ခွင့်ပြုထားတဲ့နိုင်ငံများ ရှိတာကြောင့် တိရစ္ဆာန်အခွင့်အရေး ( Animal rights ) ကို အလေးထားသူတချို့ကလည်း ဒီဆေးနဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်မှုများ ရှိလာပါတယ်။
တကယ်လို့ ဒီဆေးတွေ ကို အသားတိုးဆေးအနေနဲ့ သုံးထားတဲ့ ကြက်၊ဘဲ၊ဝက်၊အမဲ စတဲ့ အသားများကို အတိုင်းအတာတခုထက် လွန်ကဲစွာ စားသုံးမိသူတွေမှာ ၊ ရင်တုန်၊ နှလုံးခုန်မြန်၊ သွေးပေါင်ချိန်တက်၊ မောပန်း၊ အသက်ရှုမဝ၊ နားအူ၊ ခေါင်းမူး၊ခေါင်းကိုက်၊ ရင်ဘတ်အောင့်၊ရင်ပူ၊ စိတ်လှုပ်ရှားလွန်၊စိတ်ဂနာ မငြိမ်ဖြစ်၊ အစာမကြေ၊ပျို့  အန်၊ဝမ်းလျှော၊ ခန္ဓာကိုယ်တခုလုံး မအီမသာဖြစ်၊ကြွက်တက်၊ ကြွက်သားများ အလိုအလျှောက် တဆတ်ဆတ်တုန်ခါ၊ အိပ်မပျော်၊ ချောင်းဆိုး၊ လည်ချောင်း တစ်ဆို့ဆို့ ဖြစ်၊ နှာခေါင်းသွေးယို၊ အစရှိတဲ့ လက္ခဏာ များ ဖြစ်ပေါ်လာတတ်ကြပါတယ် ။ ဆိုးဝါး ပြင်းထန်ပါက အသက်ရှုကြပ် ၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး အသက်ဆုံးရှုံးစေပါတယ်။
Salbutamol ကြောင့်ဖြစ်တဲ့ ဘေးထွက်လက္ခဏာတွေက Ractopamine ထက် အဆ တစ်ရာမျှ ပိုပြင်းထန်ပါတယ် တဲ့။ ဒီဆေးတွေက အပူချိန်အတော်များများထိ ခံနိုင်ရည် ရှိတာမို့  အသားကို ကျက်အောင်ချက်ပေမဲ့လည်း ဆေးအာနိသင်တွေ ပျောက်သွားဖို့  သိပ်မလွယ်ကူကြောင်းလည်း သိရပါတယ် ။
ဒီဆေးတွေ ပါတဲ့ အသားကို ဘယ်လောက်အတိုင်းအတာထိ စားမိရင် ဒီလိုဖြစ်နိုင်သလည်း ဆိုတာကတော့ တနိုင်ငံနဲ့တနိုင်ငံ သတ်မှတ်ထားတဲ့ စံညွှန်းချင်း မတူကြပါဘူး။
ဥရောပနိုင်ငံအများစု၊ တရုပ် နဲ့  ထိုင်ဝမ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆၀ မှာတော့ ဒီလိုဆေးတွေကို အသားတိုးဆေးအနေနဲ့ သုံးတာကို တရားဝင် ခွင့်ပြုမထားပါဘူး။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံကြီး ၂၆ နိုင်ငံ ( အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင် စသည်တို့  အပါ အဝင် ) မှာ တော့ Ractopamine ကို အသားတိုးဆေး အဖြစ် အတိုင်းအတာ တခု ထိ ခွင့်ပြုထားပါတယ်၊ ဥပမာ - မလေးရှားနိုင်ငံမှာ အသား အမျိုးအစားကို လိုက် ပြီး ၁၀ မှ ၉၀ ppb ထိ ပါဝင်မှု ကိုအန္တရာယ် မဖြစ်စေနိုင်ဘူးးလို့ သတ် မှတ်ခွင့်ပြုထားပါတယ် ။အကြောင်းကတော့ ဒီဆေးရဲ့ သွေးထဲမှာအာနိသင်ရှိစေတဲ့ အချိန်အတိုင်းအတာ က ၄ နာရီမျှသာရှိလို့ အချိန်တိုအတွင်း မှာ ပြင်ပကို စွန့်ပြစ်စေနိုင်တဲ့ အတွက်ကြောင့်လို့  ဆိုပါတယ် ။ ဒါပေမဲ့ ဒီဆေးတန်ဘိုးက ပိုကြီးမြင့်တဲ့ အတွက် တရားဝင် ခွင့်ပြု မထားတဲ့ ၊ ဈေးသက်သာစေတဲ့ ဆေးမျိုးကို အစားထိုး သုံးစွဲလာကြတာ တွေ့ ရပါတယ်။ အဲ့ဒါအတွက် ဥပဒေ အရ ထိုက်သင့်သလို အရေးယူ ထိန်းချုပ်မှုတွေ လုပ်နေရပါတယ်။
၂၀၁၁ နှစ်ဦးပိုင်းက ထိုင်ဝမ်နိုင်ငံမှာစားသုံးဖို့ အမေရိကန်နိုင်ငံမှ တင်သွင်းလာတဲ့ အမဲသား ၂၂၈ ကီလို ကို ကျန်းမာရေးဌာန က ဓါတ်ခွဲစစ်ဆေးကြည့်ရာ မှာ အသားတိုးဆေး (瘦肉精)အဖြစ်သုံးထားတဲ့ Ractopamine(培林) ၅ ppb( 5 parts per billion ) ပါဝင်နေကြောင်းတွေ့ရတဲ့ အတွက် ဒီအသားတွေကို ရောင်းချဖို့  ခွင့်မပြု ခဲ့ပါဘူး။
တချို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေတဲ့ အတွက် ၊ သတ်မှတ်ချက် အတိအကျ လုပ်ဖို့ အခြေအတင်ဖြစ်ရာမှာ တတ်ကျွမ်းသူတွေ ပြောကြားချက် အရတော့ ၆၀ ကီလိုအလေးချိန်ရှိသူ လူတဦးဟာ အသားတိုးဆေး ၁ မှ ၂ ppb ပါတဲ့ အသားကို တနေ့မှာ ၃၀ ကီလိုမှ ၆၀ ကီလို ထိ ကာလရှည်စွာ စားသုံးမှသာလျှင် ဘေးဥပါဒ် ဖြစ်စေနိုင်တယ် လို့  ပြောပါတယ်။ ဒီတော့ ကာလအတိုင်းအတာ ဘယ်လောက်ထိ စားမှလည်းဆိုတာ သေချာ မတိကျ သလို၊ လူတယောက်က သူ့ ခန္ဓာကိုယ် အလေးချိန် တဝက်လောက်ရှိတဲ့ အသားတွေကို ဘယ်လိုနည်းနဲ့ စားဖြစ်မလည်း ဆိုတာ ကလည်း မရေ မရာ ဖြစ်နေပါသေးတယ်။
လှတာချည်းပဲ ရွေးစားမလား၊ ဘယ်လိုအသားမျိုးစားမလည်း၊ ယှဉ်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။
ရောင်းမကောင်းတဲ့ ဈေးသည်ခမျာမှာ တော့..
ဒီတော့ အသက်ကို ဥာဏ်စောင့် ဆိုသလို ၊ အဆီမပါ အသားလှလှ များ စားသုံး အပြီး အထက်မှာ ပြောထားတဲ့ ၊ လက္ခဏာများ တမျိုးမျိုး ခံစားလာရပါက၊ အသိနဲ့ယှဉ်ပြီး အချိန်မနှောင်းစေပဲ တတ်ကျွမ်းသူ ဆရာဝန် ကျန်းမာရေးဝန်ထမ်းများ နဲ့ ပြသ ကုသမှု ခံယူသင့်ပါတယ် ။ လှတာမက်တော့ ညစာခက်မဲ့ အဖြစ်မျိုးမှ လွတ်ကင်းအောင် သတိနဲ့ ယှဉ်ပြီး ရွေးချယ် စားသောက်နိုင်ကြပါစေ။
Reference ။ ။
http://tw.nextmedia.com/applenews/article/art_id/33114941/IssueID/20110115
http://en.wikipedia.org/wiki/Ractopamine
http://www.ansc.purdue.edu/swine/porkpage/nutrient/paylean/ractopamine/sld001.htm
http://thestar.com.my/health/story.asp?file=/2006/11/5/health/20061105091851&sec=health
12 comments:
အဲဒါကြောင့် ကျနော် ဘယ်ကြက်မှမစားတာ၊ ဖိနပ်စီးတဲ့ ကြက်ပဲစားတယ် ...ဟီး
ကျေးဇူးတင်တယ်အမရေ..
ကျွန်တော်တောင် ဝယ်ရင် “ ထူကြီး ” ( တော
ကြက်. အဲ . အိမ်ကြက် ) ပဲ ရှာဝယ်တယ်။
ဈေးကြီးတယ်ဗျာ...။ ခြေထောက်လား၊ လက် လား
မသိ.. မဲမဲ ကြီး..။
ဟိုကြက်တွေက ချက်ရင်ချွဲ တယ်ဗျ။ စားလို့ 
မကောင်းပါ...။
လူပြည်လောက ဤ ဌာန ၀ယ် အစာရေရှား ဒုက္ခိအတိ များ၏။ မစားလဲ သေ စားလဲ သေမို့ လျှာရင်းမြက်မြက် စားလျှက်ပဲ သက်တမ်းမစေ့ခင် နေ၀င်ချင်ပါတော့တယ်ကွယ်။
အသားမပါ မစားတတ်သူမို့ . . .
များ ဘာတွေ ပြောနေနေ. . .
များမကြာ ထပ်စားလိုက်မယ် . . .
ကိုင်း . . လာလေရော့ . .
ကြက်ဆို စားမချင်တော့ဘူး။
အိမ်ကြက်ပဲ စားတယ်။
ခုတော့ ကြက်စားရပါများလို့လား မသိဘူး စားကိုမစားတော့တာ။ အီ....း(
တို့များကတော့ စားကောင်းပြီးတာပဲကွယ်.. (တုန်တုန်ယင်ယင်..)
သက်သတ်လွတ် ဟင်းသီးဟင်းရွက် ဖားဖားကြီးလှလှကြီးတွေ အကြောင်းလဲပြောပါဦး....
ကျေးဇူးကိရေ... ဒီနိုင်ငံက ခလေးတွေ အရွယ်ရောက်စောကြတာ အဲဒါတွေကြောင့်ထင်ရဲ့
ကျွန်မကတော့ အသားစားရတာ ငြီးငွေ့လွန်းလို့ ကုန်းကထွက်တဲ့အသား ဆိုလို့ ဘာအသားမှကို မစားတော့တာ ၆ နှစ်ရှိပြီ အဲဒါကြောင့် အဲဒီအန္တရယ်တွေကို ပူစရာမလိုတော့ဘူး။ ပင်လယ်ကထွက်တဲ့ အသားအကြောင်းတွေလည်း ရေးဦးနော့်။ ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အင်း မကိရေ
အသားတွေတောင် မစားချင်တော့ဘူး လှလှ မလှလှ
ကျေးဇူးပါ
ရွှေစင်ဦး
ကြက်သားဆို မုန်းနေတာကြာပြီ။
ခြင်းထဲက ကြက်တွေဆွဲထုတ်ပြီး ကိုယ့်အရှေ့မှာတင်... အဲဒီထဲက စိတ်ထဲ တမျိုးဖြစ်တာနဲ့ ကြက်သားအစားနဲ သွားတော့တယ်။
ဟုတ်ပနော်.. သတ်သတ်လွတ်လေးပဲ စားရတော့မယ်ထင်တယ် မကိရယ်.
အဲဒါ ဟင်းသီးဟင်းရွက်ကလည်း ဆေးတွေဖျန်းတာနဲ့ တိုးလို့ ဆေးရုံရောက်သွားဆိုလား..
pS
မကိရေ သတိ၇နေတယ်..
latharnya@gmail.com
မကိလိပ်စာပေးပါဦးနော်။
မကိဆီ ဖုန်းလေး ဆက်ပြီး အလည်လာချင်လို့ပါ။
ထွက်ပြေးမှာလားး)))
Post a Comment