မပြောမပြီး မတီးမမြည် ဆို ပေမဲ့ ၊ ပြောနေရင်း ကလည်း မပြီးနိုင် ၊ မတီးတာတွေလည်း မြည်နေကြတော့ ဒီဇာတ်လမ်းလေးကို ပဲ ထပ်ဆက်ရပါအုံးမယ်။ ပြီးခဲ့တဲ့ ( မပြီးသေးတဲ့) လင်ဇီးနောက်ဆက်တွဲ လေးပေါ့ ။
ကော်မန့် တွေ မှာ ရေးထားတာ တွေ ( အပြန် အလှန် တွေ အပါ အဝင် ) ဖတ်ရတာ အကြောင်းအရာတခုကို ရှုဒေါင့် အမျိုးမျိုးကနေ ဆိုတော့ ဗဟုသုတ ရယူစရာတွေ လည်း ရှိပါတယ်။
ကိုယ် မမြင်မိတဲ့ ရှုဒေါင့်တွေ လစ်ဟာချက်တွေလည်း ရှိပါသေးတယ် ဆိုတာ ပြောလိုပါတယ် ။ ဘာပဲ ဖြစ်ဖြစ် အပြုသဘောအနေနဲ့ ကြည့်တတ် တွေးတတ် မယ် ဆို ရင် ဒါ က ဘယ်သူ့  ဘယ်သူမှ စော်ကား မော်ကား ပြောဆို ရေးသား နေကြတာ မဟုတ်ဖူး၊ အတွေ့အကြုံ ဖလှယ် နေကြတာ လို့ ယူဆလို့  ရပါတယ် ။
တယောက်ကလည်း ဝင် ပြောသွားသေးတယ် ။ လင်ဇီးအကြောင်းနဲ့  ဘာမှ မဆိုင်တာ ကို ။ Idiot ဆိုတဲ့ စကားလုံးကို ကိုယ်ကြိုက်လို့  ကိုယ့်နာမည် ထဲ မှာ ထဲ့ရေးထားတာပါ ။ “ ပုထုဇနော ဥမ္မတကော ” ၊ လူတိုင်းဟာ တမျိုးမဟုတ် တမျိုးရူးနေကြတဲ့  အရူးတွေချည်းပါပဲ ။ တကယ့် အရုးတွေ ကတော့ ကိုယ့်ကိုယ်ကိုယ် ရူးနေတယ်လို့  ဝန်မခံ တတ်ကြ ပါဘူး ။ ဒီတော့ သူများကို ရူးတယ် ပြောသူ က သူ့ ကိုယ်သူ ဘယ်လို လူ ဆိုတာ အရင် သုံးသပ်ကြည့် ဖို့  လိုပါတယ်။
အဓိက ပြောလိုသူက မပိုးပိုးသို့  ဖြစ်ပါတယ် ။ မပိုးပိုး ခုလို တင်ပြတာ လက်ခံပါတယ် ။
လင်ဇီး မကောင်းတာ၊ ကောင်းတာတွေကို ပြောလိုခြင်း သက်သက် မဟုတ်ပါ ။ လင်ဇီးမှာလည်း ကောင်းတဲ့ အချက်တွေ ရှိမှာ ပါ ၊တရုပ်ပြည်မှာ နှစ်ပေါင်းများစွာ သုံးစွဲနေခဲ့ကြတဲ့ တိုင်းရင်းဆေး တမျိုးဆိုတော့ ကောင်းတဲ့ အချက်တွေ ရှိတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး ။ ဒါပေမဲ့လည်း ကောင်း နဲ့အဆိုး ဆိုတာ အမြဲ ဒွန်တွဲ နေတတ်ကြတာ မို့  ၊ ကောင်းကြောင်းတွေချည်း ကြော်ငြာ နေဖို့  မသင့်ပါဘူး ။ မှို အမျိုးအစား ဖြစ်လို့ ကောင်းတဲ့ မှို တောင်မှ အဆိပ်သင့်ချင်သင့်နိုင်ပါသေးတယ် ဆိုတာလည်း သဘောပေါက်ပါတယ် ။ ဒါပေမဲ့ ဒီကုမ္ပဏီက ထုတ်တဲ့  ဒီမှိုကဘယ်မှာပေါက်တယ်၊ဘယ်လိုရတယ်ဆိုတာက စားသုံးသူတွေ ဘယ်လို လိုက်ပြီးစစ်ဆေးလို့ ရမှာ တဲ့လည်း၊ကြော်ငြာထဲမှာ ပါတဲ့အတိုင်းသာ ယုံကြည်ရမှာပေါ့ ။ကြော်ငြာကလည်း ထုံးစံအတိုင်း ကောင်းတဲ့အရာတွေချည်းပဲ ကြော်ငြာမှာပေါ့ ။
ကိုယ် ပေးချင်တဲ့ message က၊ ဆေးတမျိုးဟာ ရောဂါ ပေါင်းစုံကို ပျောက်ကင်းနိုင်စွမ်းရှိတယ် ဆိုတာ က ယုတ္တိ မရှိပါဘူး ။ ပြီးတော့ ဒီလင်ဇီး ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီက သုံးစွဲရာမှာ ရရှိမဲ့ အကျိုးတွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားတာတွေ့ ရပါတယ် ။ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးဆိုတဲ့ အရာတွေကို တလုံးတပါဒမျှ ဖေါ်ပြရေးသားထားခြင်း လုံးဝ ( လုံးဝ ) မပါရှိပါ ။ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာ ဆေးတိုင်းမှာ ရှိကြပါတယ် ။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတာ လည်း လူတိုင်းသိကြပါတယ်။ အနောက်တိုင်း ဆေးပညာ နဲ့ ပတ်သက်တဲ့ ဆေးတွေ ကို တကမ္ဘာလုံးမှာရှိတဲ့ ဆေးလမ်းညွှန် ဆေးကျမ်းတွေအားလုံးမှာဆိုရင် သက်ဆိုင်ရာဆေးနဲ့ ပတ်သက်သမျှ တွေကို
-Biochemistry,
-Ingredient ,
-Plasma half life,
-Indication ,
-Contraindication,
-Dosage ,
-Route of administration,
-Side effect ,
-Drug interaction,
-Precaution
အစရှိတာတွေကို စုံလင်တိကျစွာ ဖေါ်ပြထားရပါတယ် ။ ပြောချင်တာ ကတော့ အဲ့ဒီဆေးတွေ ရဲ့ ဇီဝတည်ဆောက်ပုံ၊ပါဝင်တဲ့ ပစ္စည်းများ၊သွေးထဲမှာ ရှိနေမဲ့ ဆေးအရှိန်ရဲ့ သက်တမ်း၊ သုံးစွဲသင့်တဲ့ ရောဂါများ၊ မသုံးစွဲသင့်တဲ့ ရောဂါများ၊ အသုံးပြုရမဲ့ ပမာဏ( ကိုယ်အလေးချိန်အလိုက် အတိအကျ တွက်ရခြင်း)၊ နဲ့ အသုံးပြုနည်း ( သောက်ဆေး၊ အသားထိုးဆေး၊ အကြောထိုးဆေး စသဖြင့်)၊ ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးများ၊ ဆေးအချင်းချင်း ဓါတ်ပြုခြင်းများ ၊ သတိပြုရန် အချက်များ ( ဥပမာ - ကိုယ်ဝန်ဆောင် ၊ နို့ တိုက် မိခင်များ မသုံးရ စသဖြင့် ) သေချာ စုံလင်စွာ ဖေါ်ပြကြရပါတယ် ။ ဒါ့အပြင် ဒီဆေးကြောင့် ဖြစ်လာတဲ့ ဆေးမတည့်ခြင်း ဓါတ်ပြုမှု အတွက် ဘယ်လို ဖြေဆေးတွေ သုံးရမယ် ဆိုတာလည်း ဖေါ်ပြရပါတယ် ။
နောက်တချက် ပြောလိုတာက ဆေး မှန်သမျှ ( သူတို့ ကတော့ ဆေး ဆိုတဲ့စာရင်းထဲ မထဲ့ပဲ ဓါတ်စာ လို့ ယူဆထားပုံ ရပါတယ် )ကို ဆေးဝါးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ၊ သင်တန်း တက်ရောက် အောင်မြင်သူတွေ ( တနည်းအားဖြင့် ) အစိုးရ အသိအမှတ်ပြု အောင်လက်မှတ် ရ ပြီးသားသူတွေ ( Pharmacist ) မှသာ ရောင်းချ ခွင့် ရှိပါတယ် ။ မြန်မာ ပြည်မှာ ကတော့ ကြိုက်တဲ့ဆေးကို ကြိုက်တဲ့နေရာမှာ (ကွမ်းယာဆိုင် ၊ လေဟာပြင်ဈေး စတဲ့ နေရာတွေမှာ)လိုသလောက် အချိန်မရွေး ဝယ်လို့  ရနေပါတယ် ။ ဘိုက်အောင့်ရင် ရော့ ဒီဆေးသောက် ၊ ဖျားရင် ဒီဆေးသောက် ဆိုပြီး ကွမ်းယာဆိုင်က တွဲစပ် ပေးလိုက်တဲ့ဆေး တွေ နဲ့ ရောဂါကုနေကြရသူတွေ မနည်းပါဘူး ။ ဆေးခန်းပြရတဲ့ စရိတ်တွေက ကြီးလွန်းလို့  ဆေးမြီးတို များနဲ့သာ ပြီးသွားကြရသူတွေလည်း မနည်းလှပါဘူး ။ ဒီလို ဆေးမြီးတို တွေ ၊ တိုင်းရင်းဆေးတွေ မှာလည်း သူ့ အစွမ်းနဲ့သူထက်မြက်တဲ့ဆေးတွေရှိကြပါတယ် ။ဒါက တပိုင်းပါ ။
တိုးတက်တဲ့ နိုင်ငံတွေမှာ ၊ စားသောက်ကုန် နဲ့ ဆေးဝါး ကြီင်္းကြပ် မှု ကို အလေးပေးတဲ့ နိုင်ငံတွေမှာ ဆိုရင် မူးယစ်စေတတ်တဲ့ ဆေးဝါးမျိုး ( ဥပမာ ကော်မက်သာဇင် လို ချောင်းဆိုးပျောက်ဆေး ၊ မော်ဖိန်း ပါတဲ့ ဆေးမျိုးတွေ ဆိုတာ အထူးကု ဆရာဝန်ကြီးတွေ ရဲ့  ဆေးလက်မှတ် နဲ့သာ ဝယ်ယူခွင့် ရှိပါတယ်။ဘယ်ဆေးမဆို ဘယ်လောက်ကောင်းတယ် ပြောပြော အဆင် မသင့် တဲ့ အခါ ၊ ဘေးထွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ် ။
Watson လို လူသုံးပစ္စည်း ၊အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန် ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သုံးဆေး (ဥပမာ ပါရာစီတမော တို့ လို အကိုက် အခဲ ပျောက်ဆေး၊ အစာအိမ်လေနာ ပျောက်ဆေး၊ စတာ တွေ ကိုတော့ ဒီအတိုင်း အလွတ်ဝယ်လို့  ရပါတယ် ။ ဒါပေမဲ့ ဆေးတိုင်းမှာ သတိပြုရမဲ့ အချက် နဲ့ လိုအပ်တဲ့ ပမာဏ ကို သေချာ ဖေါ်ပြကြရပါတယ် ။)။
ဆေး တခု ဟာ မတည့်ဘူး ၊ Allergic reaction ( ဓါတ်မတည့်သော တုန့် ပြန်မှု) တွေ ပြလာပြီ ၊ ခံစားလာရ ပြီဆိုရင် ဒီဆေးကို သုံးစွဲခြင်းမှ ချက်ချင်း ရပ်တန့် သင့်ပါတယ် ။ နောက်ပြီး တုန့် ပြန်မှု ပြင်းထန်တဲ့ အတိုင်းအတာ အလိုက် လိုအပ်တဲ့ ဖြေဆေး တွေ ပေးရပါတယ် ။ Allergic reaction & Anaphylatic shock ရတာမျိုးဆို ချက်ချင်းတောင် သေနိုင်ပါတယ် ။
အခု ဒီ ကုမ္ပဏီက အရောင်းကိုယ်စားလှယ် တယောက် ( ပဲခူး မြို့ က သာမန် လက်လုပ်လက်စား အဒေါ်ကြီးတယောက်၊ပြီးခဲ့တဲ့ နှစ်က မိုးတွင်း တနင်္ဂနွေနေ့ တရက်မှာ ကျွန်မကိုယ်တိုင် အဲ့ဒီ ဂါနို ကုမ္ပဏီတည်နေရာ ကို သွားရောက်လေ့လာခဲ့စဉ်က ဆုံတွေ့  ခဲ့တဲ့ အဒေါ်ကြီး တယောက် ပါ ၊ သူ့  ရဲ့ အပြောအရ ) ၊ ဒီလင်ဇီး မှာ ရောဂါပေါင်းစုံ ကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်း ရှိပါတယ် တဲ့၊ ဓါတ်မတည့် တာတွေလည်း မဖြစ်စေပါဘူးတဲ့ ၊ ဒီဆေးသောက်ပြီး သေတယ်ဆိုတာ သူတခါမှ မကြားဖူးပါဘူး တဲ့ ၊ တချို့  မှာ တော့ ဒီဆေးကို စစ သုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေ ပိုဆိုးလာတတ်ပါတယ် တဲ့ ။ အဲ့ဒါက ရောဂါသက်သာခါနီး မှာ ဆေးအစွမ်း ကြွ လာတာ မို့  ၊ ဆေးကို မရပ်ပဲ ၂ ဆ ၊ ၃ ဆ တိုးပြီးတော့ သောက် ရ မှာ လို့  ပြောပါတယ် ။
အဲ့ဒီ စကားအရဆိုရင် သူတို့ တွေဟာ တနင်္ဂနွေတိုင်း ပြုလုပ်နေတဲ့ သင်တန်းမှာ ဒီလို သင်ပြ ပြောကြားခြင်းခံယူထားကြရလို့  ဖြစ်ပါတယ် ။ဒါဟာ လွဲမှားတဲ့ အယူ အဆ ဖြစ်ပါတယ် ။ ပြီးတော့ ပြောပါသေးတယ် ။ ကျွန်မ ကို ခု ချက်ချင်း အဖွဲ့ ဝင်ရင်အဖွဲ့ ဝင်ကြေးက ၁၂၀၀၀ ကျပ် ထင်ပါတယ်။ သေချာတောင် မမှတ်ထားမိပါဘူး ၊ သွားတိုက်ဆေး တဗူးကို ၅၅၀၀ ကျပ်ဈေးနဲ့ ရမှာ ဖြစ်ပြီး တခြားလက်ဆောင်တွေပါ ရအုံး မှာ မို့  ချက်ချင်းလက်ငင်းတောင် အမြတ်ထွက်နေပြီ လို့  ဈေးတွက် တွက်ပြလိုက်ပါသေးတယ် ။
မပိုးပိုးက ပြောတယ် ။ “လင်ဇီးကြောင့် မသေဘူးလို့ မပြောနိုင်ပါဘူး.. ဒါပေမယ့် အသက်ရှင်နေစဉ်မှာ ရောဂါ ဝေဒနာ ခံစားမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်ပေးနိုင်ပါတယ်.. လင်ဇီးသောက်လို့ ဘာရောဂါမှ မဖြစ်ဘူးလို့လဲ ပြောလို့ မရဘူးနော်.." တဲ့ ဟုတ်ပါတယ်။လင်ဇီးကြောင့် မသေဘူး လို့  မပြောပါဘူး ။ ဒီကုမ္ပဏီကလည်း တခြား ရောဂါကြောင့်သေတာ လို့  ပြောပါတယ်။
“လင်ဇီးကြောင့်ဆိုတာ သက်သေ ပြလို့ မရပါပဲနဲ့.. ဘာကြောင့် လင်ဇီးကြောင့်လို့ တစ်ထစ်ချ သတ်မှတ် နိုင်တာပါလဲ... နောက်ပြီး လင်ဇီးအကြောင်းကို ဘယ်လောက်ထိ လေ့လာဖူးပါသလဲ လို့ မေးပါရစေ....လင်ဇီးကြောင့်လို့ ထင်ရင်.. အဲဒီ သံသယ ရှင်းသွားအောင် ဘာကြောင့်များ {cause of death} ကို သိအောင် မကြိုးစားခဲ့တာပါလဲ...”
သေဆုံးသူရဲ့  death certificate ပြန်ရှာမတွေ့ တာရော၊ Postmortem မလုပ်ခဲ့ကြလို့ ရော cause of death ကို သေချာပြောလို့  မရပါဘူး ။
အဲ့ဒီအချိန်မှာ သွေးရောဂါဆရာဝန်ကြီး ကိုယ်တိုင် အကြံပေးခဲ့ပါသေးတယ် ။ ဖြစ်တဲ့ရောဂါ လက္ခဏာတွေက ထူးဆန်းလို့  သေရတဲ့ အကြောင်းရင်းကို ရှာဖို့ ၊ သူတို့ အထင်လည်း ဒီပစ္စည်းတွေကြောင့်ဖြစ်တယ်လို့  ယူဆတာကြောင့် တိတိကျကျ အကြောင်းရင်းကိုသိလိုကြပါတယ် ။ ဒါပေမဲ့ ခက်တာက သေဆုံးသူရဲ့  ယောကျာင်္းက အဝေးရောက်ပြီး အကြောင်းကြောင်းတွေကြောင့် ပြည်တော် မပြန်နိုင်ဖြစ်နေတာကြောင့် ဒီကိစ္စကို ကျန်ရစ်သူရဲ့  ဆွေမျိုး ယောင်းမတွေက ဘယ်သူမှ တာဝန်ယူ ဆက်လက် မဆောင်ရွက်လိုကြတာမို့  Postmortem မလုပ်ဖြစ်ခဲ့ကြပါဘူး ။ ဗဟုသုတ နဲခြင်း၊ ကြောက်ရွံ့  အားနာခြင်းတွေ ကြောင့် ဘာမျှ စောဒကမတက်တော့ဘဲ ကံစီမံရာ လို့  ဖြေသိမ့်လိုက်ကြတာပဲ ဖြစ်တယ်။ သူများနိုင်ငံတွေမှာဆို ဒီကိစ္စမျိုး ဖြစ်လာရင် ရေဆုံးမြေဆုံး အဖြေရှာကြ ဖြေရှင်းတတ်ကြပါတယ် ။ အပြစ်ရှိရင် ရှိသလို ထိရောက်စွာ အရေးယူကြပါတယ် ။( လျော်ကြေးပေးရတာမျိုး၊ ကုမ္ပဏီ ပိတ်ပစ်စေတာမျိုး ၊ ထောင်ချတာမျိုး ပေါ့ )။
နောက်ပြီး မြန်မာပြည် မှာ ဓါတ်ခွဲခန်းတွေက ဘယ်လောက်များ reliable ဖြစ်ပါသလည်း ။ သွေးတခုကို တချိန်တည်း တပြိုင်တည်းဖေါက်ပြီး ဓါတ်ခွဲခန်း ၃ နေရာ ခွဲ ပို့ တာ တောင် အဖြေ ၃ မျိုးထွက်တာမျိုး ကိုယ်တိုင် ကြုံခဲ့ ရ ဖူး လို့  ပါ ။
မပိုးပိုး ပြောပါတယ် ။ “အဲဒီလို ကုမ္ပဏီတွေမှာ သူတို့ ကုန်ပစ္စည်းအတွက် အာမခံချက် ရှိတတ်ပါတယ်.. ဒီ ကုန်ပစ္စည်းကြောင့် အဆိပ်မသင့်ပါဆိုတဲ့ အာမခံချက်မျိုးပေါ့.. အဲဒါမှသာ ဈေးကွက်မှာ ရောင်းချခွင့် ရမှာလေ.. မသေဖို့ အာမခံတာ မဟုတ်ဘူးနော်.. " ဒီပစ္စည်းကြောင့် အဆိပ်မသင့်ဘူးဆိုတဲ့ အာမခံချက်ပါ.. ”
ခု ဒီ ဂါနိုကုမ္ပဏီမှ ဘာ အာမခံချက်တွေ ပေးထားပါသလည်း ။ အာမခံ မပေးရင် ဈေးကွက်မှာ ရောင်းချခွင့် မရမှာစိုးလို့  သာ ပေးရတဲ့ သဘောပေါ့ နော် ။ လူမမာ ဆေးရုံပေါ်မှာ သေကောင်ပေါင်းလဲ ဖြစ်နေတာ သူတို့  သိသိကြီးနဲ့  လူနာရှင်ဆီ တိုက်ရိုက် သတင်းမေးဖေါ် မရခဲ့ဘူး ။ ဆေးရုံ ဝန်ထမ်းတွေဆီ တိုးတိုးတိတ်တိတ် ဖုံးဆက်ပြီး မေးတော့မေးတယ် ။ လူမမာ သေပြီလား ဆိုတာ ပဲ တဲ့ ။
ဒါကိုကြည့်ခြင်းအားဖြင့် သူတို့  အာမခံပေးတယ် လို့ ပြော လို့ ရပါ့မလား ။ သူတို့ ဆီ အမှုပတ်မစိုးလို့  စိုးရိမ်စိတ်နဲ့  သတင်းစုံစမ်းတဲ့ သဘော ပဲ ဖြစ်တယ်။ လူနာလဲ သေပြီဆိုရော ဘာမှ ဆက်သွယ် မေးမြန်းခြင်း မရှိခဲ့ပါဘူး ။ နောက် ပိုင်း ၃ နှစ်လောက်ကြာမှ သူ့ ခင်ပွန်း ဗမာပြည် ပြန်ရောက်တော့ မှ ဒီ ကုမ္ပဏီ ကိုလိုက်စုံစမ်း ဖြစ်တယ် ။ နေရာ ပြောင်းရွှေ့ သွားလို့  ရက်အတော်လေး ကြာမှ ယခု ဒီနေရာကို ခြေရာခံလို့ ရတယ် ။ သူသိလိုတဲ့ အကြောင်းအရာတွေ မေးမြန်းစုံစမ်း တဲ့ အခါ မှာလည်း ဝေ့လည် ကြောင်ပတ် ပဲ အဖြေရတယ် ။
တာဝန်ရှိတဲ့ လူကြီးကို တွေ့ ချင်တယ် ဆိုတာတောင် အခါခါ သွားစောင့်ရတယ် ။ နောက်တော့ မခြေမငံပြော ဆို တာ ခံရတယ် ။ တိုင်ချင်ရာတိုင် ဆိုတဲ့ အစွန်းရောက် စကားလုံးတွေ ထိ ပြောဆိုခဲ့တယ် ။ ဒါဟာ သူတို့ ပေးတဲ့ အာမခံချက် ပဲလား။
နောက် တခု၊ ခရေ ဆိုသူ ပြောထားတာကတော့ ( အဲ့ဒီ လင်ဇီးသာ လူကို သေစေနိုင်တယ်ဆိုရင် တရုတ်နိုင်ငံ လူဦးရေ အဲ့လောက် များလာစရာ အကြောင်းကို မရှိတာပါ... ... အခု လင်ဇီး မကောင်းဘူးလို့ ပြောတဲ့သူတွေ လင်ဇီးဆိုတာကို သောက်ဖူးပါသလား မြင်ဖူးပါသလား မေးပါ့ရစေ... လွန်ခဲ့သော နှစ်ပေါင်း ၂၀လောက်ကတည်းက လင်ဇီးသောက်ပြီး အခုချိန်ထိ ဆက်သောက်လို့ ကျန်းမာနေတဲ့သူတွေ ကမ္ဘာမှာ သန်းနဲ့ ချီပြီး ရှိပါတယ်... ) ၊ လို့သူကပြောထားပါတယ်...။
အဲ့ဒီ လို ပြောတဲ့ တရုပ်ပြည်က သန်းပေါင်းများစွာသောလူ တွေ ၊ လူတိုင်းကရော လင်ဇီးကို သောက်ပြီးမှ ကျန်းမာ အသက်ရှည် နေကြတာ ပါ လား ။ ဒီလောက် ဈေးကြီးတဲ့အရာကို လူတိုင်း သောက်နိုင်ကြမယ် လို့  ထင်ပါသလား ။ ကိုယ်ကတော့ လင်ဇီးဘယ်လောက် ကောင်းတယ် ပြောပြော ၊ မယုံတာ ရော ။ ဈေးကြီးလို့  မသောက်နိုင်တာကြောင့်ရော ၊ ဒီလင်ဇီးကို မြင်ဖူးပေမဲ့ တခါမှ မသောက်ကြည့် ခဲ့ဖူးပါဘူး ၊ လက်ဆောင်လာပေးတာကိုတောင် အစမ်းသဘော မသုံးကြည့် ဖူးခဲ့ပါဘူး ။
ဒီနေရာမှာ တခု ထပ်ပြောချင်ပါတယ် ။ ဂါနို ကုမ္ပဏီမပေါ်ခင် ရှိုင်းဟုတ် ဆိုတာ စတင် ထိုးဖေါက်ဝင်ရောက်လာစဉ်က ။ အမေ့ မိတ်ဆွေ တယောက်ရဲ့  သမီး လည်း ဒီလင်ဇီး အရောင်းကိုယ်စားလှယ် လုပ်ခဲ့တယ် ။ သူကိုယ်တိုင်လည်းသောက်တယ် ။ လိုက်လည်း ရောင်းတယ် ပေါ့ ။
အစမ်းသဘော နဲ့  အိမ်မှာ လာ ပြီး လက်ဆောင် ပေးပါသေးတယ် ။ ဒါပေမဲ့ ကိုယ်တို့  အိမ်က ဘယ်သူမှ အားမပေးခဲ့ပါဘူး ။ သူ ကတော့ ဆီးချို ရောဂါ အခံရှိတယ် တဲ့၊ ဒါကလည်း မျိုးရိုးလိုက်တတ်တယ် ဆိုပေမဲ့ သူ့  မိဘ ၂ ပါးလုံး မှာ ဒီဆီးချို ရောဂါ မရှိပါဘူး ။ ဒီလို နဲ့  လင်ဇီးကို ၁၀ နှစ်ကျော် စွဲစွဲ မြဲမြဲ သောက်သုံးခဲ့ပြီး နောက် ၊လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး သူ့ မှာ ကင်ဆာ ရောဂါဖြစ် လာပါတယ် ။
ဆီးအိမ်ကင်ဆာ တဲ့ ။ ဒီရောဂါ နဲ့ပဲ လွန်ခဲ့တဲ့ ၂ လ လောက်က ဆုံးသွားခဲ့ ပါ တယ်၊သူ့ အသက် ၅၀ အရွယ်လောက် ပဲ ရှိပါအုံးမယ် ။ လင်ဇီးက ကင်ဆာ ရောဂါ ကိုတောင် ကာကွယ်နိုင်တယ် လို့  ပြောထား ပြီး ၁၀ နှစ်ကျော် သုံးလာတဲ့ သူ့ ကျတော့ ဘာလို့ ဆီးအိမ် ကင်ဆာ ဖြစ်သွားရတာ ပါ လည်း။ သူတို့  အနီးစပ်ဆုံးမျိုးရိုးမှာ လည်း ကင်ဆာ နဲ့ သေသူမရှိခဲ့ပါဘူး ။ သူ့ မိခင်ကြီးဟာ သွေးတိုးကြောင့် လေတခြမ်းဖျန်းထားပေမဲ့ ခုဆို အသက် ၈၀ ကျော်ရှိပါပြီ ။ ဒါကြောင့် လင်ဇီးသောက်ရင် ကင်ဆာ ရောဂါ ကာကွယ်နိုင်တယ် ဆိုတာကို ဘယ်လို တိုင်းဆပြီး ယုံကြည် ရမှာ ပါလည်း ။ လင်ဇီး မသောက်တဲ့ လူတိုင်းလည်း ကင်ဆာဖြစ်ကြတာမဟုတ်ပါဘူး ။
နောက်ဆုံး အကျဉ်းချုပ် ဆိုလိုရင်းကတော့..
တန်ရင်ဆေး လွန်ရင်ဘေး ဆိုတာ ရယ် ။ အကောင်း နဲ့ အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ ရယ် ကို အားလုံး သတိပြု မိအောင်ပါ ။ ဆုံးရှုံးခဲ့ရ ဒုက္ခရောက်ခဲ့ကြရသူတွေ အနေနဲ့လည်း ၊ မကြောက် မရွံ့ နဲ့  အမှန်တရားကို ဖေါ်ထုတ်ဖို့  လိုအပ်နေသေးတယ် ဆိုတာလည်း ပြောလိုပါတယ်။ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် မို့သောက်သုံးနေသူများကိုလည်း အပြစ်မတင်ပါဘူး ၊ ဘေးအန္တရာယ် မဖြစ်လာစေဖို့ လည်း ဆုတောင်းပေးပါတယ် ။ ဒီနေရာထိ ရောက်အောင် ဖတ်ပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။ ချမ်းသာကိုယ်စိတ်မြဲပါစေ ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
30 comments:
အမ ..
ဒီလောက်ပွ သွားမယ်မထင်ပါဘူး။
မှန်တာကို သွား စွ လို့ ထင်ပါတယ်။ မန္တလေးက ဦးလေး
ဖြစ်သူလဲ ဒီလင်ဇီးသောက်နေရင်းနဲ့  ဆုံးတာပါပဲ။ သူ့ မိန်းမက
အသင်းဝင် ရောင်းတဲ့ သူ လေ၊ ဘာတဲ့  ကြယ် ဘယ်နှစ်ပွင့် 
ဆိုလားပဲဗျ။ ခက်တာက ဆေး ရောင်းရင် ရိုးသား ပွင့်လင်းပြီး
ဖြစ်နိုင်ပျောက်နိုင်တာကိုပဲ ပြောရောင်းသင့်ပါတယ်။
ဗမာပြည်လို အစိုးရက ပြည်သူကို ပစ်ထားတဲ့  နေရာမျိုးမှာ
လိုတာထက်ပိုပြီးပြောနေတော့  လိမ်နေသလိုဖြစ်နေတာပါပဲ။
ဒီဆေးသာ အဲ့ လို၉၆ပါးပျောက်နေရင် ဒီမှာလဲ တစ်နိုင်ငံလုံး
သုံးနေပြိပေါ့ ။ ဒီမှာက အစိုးရက ပြည်သူကို ပစ်မထားဘူးလေ။
အဲ့ လို ပြောရောင်းရဲလို့ လား..။
ခက်တယ်ဗျာ။ အရင်ပို့စ်ကို ဖတ်ပြီး မန့်ပြီးကတည်းက ပြန်လာမကြည့်မိဘူး။ လူကလည်း နေမကောင်း ၊ မျက်စိ မကောင်း ဖြစ်နေတာလဲ ပါတယ်။ အခုလောက်တောင်မှ ဖြစ်ရသလား။
ကျနော်က စကားလည်း သိပ်မပြောတတ်ပါဘူး။ ပြောရင်လည်း ပွပွ သွားတတ်ပါတယ်။ ဖွ တာတော့ မဟုတ်ဘူးပေါ့။
အခု အထက်က မကိ ထောက်ပြသွားတဲ့ လူတွေကို တစ်ခု အဲ နှစ်ခုလောက်တော့ မေးပါရစေ။
၁) ကိုယ်တိုင် အပါအဝင် မိသားစုလိုက် နှစ်ရှည်လများ သုံးစွဲနေပါသလား။ သုံးစွဲနေတယ် ဆိုရင် လစဉ် သုံးစွဲမှု နဲ့ အမည် ၊ လိပ်စာလေး ဖော်ပြပေးထားပါ။ ( နှစ်နဲ့ချီအောင် စောင့်ကြည့်ခိုင်းထားပါ့မယ်။ )
၂) ထိုလင်ဇီး ကုမ္ပဏီတွေမှာ အသင်းဝင်ပြီး ကိုယ်တိုင် မစားသုံးဘဲ ငွေကြေးရလိုမှု တစ်ခုတည်းကြောင့် ဖြန့်ဖြူးသူများ ဖြစ်နေပါသလား။ ( ဒါဆိုရင်တော့ အထက်မှ မေးခွန်းက မလိုတော့ဘူး ၊ ဆောရီးပေါ့။ )
** ဖတ်ပြီးရင်တော့ ဖြေခဲ့ကြပါ။ **
ကျနော် “ ကိုဇော် ” ဖြစ်ပါတယ်။ http://www.zaw357.net ဒီမှာ ရေးနေတာပါ။
“ ပိုးပိုး နဲ့ ခရေ ” ဆိုတာ တစ်ယောက်တည်းပါပဲ ခင်ဗျား။
လူတွေ မျက်စိလည်အောင်လို့ နှစ်ယောက်လိုလို နဲ့ ရေးနေတဲ့ လင်ဇီးပွဲစားမပဲ ဖြစ်ပါတယ်။
ပြီးတော့ သူပဲ အမြဲ ဒီဆိုက်ထဲကို ရောက်ပြီး လာလာကြည့်နေတာပါပဲ။
သူ့စီးပွားရေး နဲ့ သူ့အမျိုးတွေကို ထိမှာ တော်တော် စိုးရိမ်ပုံ ရပါတယ် ခင်ဗျား။
သူက သူ့အသက်ထက် သူ့စီးပွားပဲ ကြည့်နေပုံပါပဲ။
ဟင် ... ဘာပြောရမယ်မှန်းတောင် မသိဘူး
တောက် နာတယ် ကွာပွဲစည်တဲ့အချိန် ဝက် မရှိလိုက်တာ ဟွင့်
မသိလိုက်ဘူးလေ ဖတ်မန့်ပြီးတော့ ပြန်သွားတာကိုးး နောက်ဆို လာလာ ချောင်းရမယ့် သဘောရှိတယ် ဟဟဟဟ
မကီရဲ့ လင်ဇီးအကြောင်း ပြောပြီး ၃ရက်လောက်မှာ ညီမ၀မ်းကွဲရောက်လာပြီး လင်ဇီးအကြောင်းတွေ ရွှန်းရွှန်းဝေ ပြောလို့ စိတ်ထဲက ရယ်မိသေးတယ်..
လင်ဇီးရေစီးထဲ ညီမတွေပါ ခုထိ ရှိသေးတာ သိလိုက်ရတယ်..
အဲလိုပါဘဲ ကောင်းကြောင်းတွေ ရွှန်းရွှန်းဝေ ပြောသွားလေရဲ့။
တစ်ခုတော့ သတိထားလိုက်မိတယ် လင်ဇီးရောင်းဖို့ဆိုတာ စကားပြောလည်းကောင်းရမယ် ဆိုတာကိုပါဘဲ။
ကိုယ်တွေဆိုရင်တော့ ရောင်းလို့ဖြစ်မယ် မထင်ဘူး
အဲလိုတွေ မပြောတတ်တာနဲ့ဘဲ ဘယ်သူကမှ ၀ယ်မယ် မထင်။ အပြောကောင်းလေ ရောင်းကောင်းလေ ပါဘဲလေ။း)
ဂျပိုးကို လိပ်ဖြစ်အောင်ပြောပြီးလောဘအရင်းခံတဲ့ လင်ဇီးပွဲစားမတွေ..ကိုဇော်ပြောသလို လူသိထင်ရှားအာမခံရဲ ပါသလား...
ကျနော့ကိုယ်တွေ့ကတော့ ပျော်ဘွယ်ကပန်းစုံအလကမှာ ကျောင်းအုပ်လုပ်သွားတဲ့ ခုတော့ ပင်စင်ယူပါပြီ ကျနော့ဆရာမ ဒေါ်မြင့်မြင့်ဝင်း ဆိုရင် လာသမျှ တပည့်တွေ လင်ဇီးတရားဟော..အတင်းအဖွဲ့ ဝင်ခိုင်း..သူကိုယ်တိုင်ကတော့ ဈေးကြီးလို့ မသုံးပဲ သူများတွေကို ကုမ္ပဏီက ဖေါလျှောတွေ ပြောနေတာ အတင်းလိုက်ရောင်းနေတာတွေ့ဖူးတာပဲ..ဗမာပြည်မှာ သူနဲ့ ရင်ဆိုင်တွေ့ရင် လင်ဇီးတရားနာရမှာ ကြောက်လို့ ထွက်ပြေးနေရတယ်..
ဒို့ တွေ့ ဖူးတဲ့တရုတ်နိုင်ငံသား စစ်စစ်တွေ လင်ဇီးမသောက်ပေါင်
ထမင်းတောင် မနည်း ချက်စား နေရတာ စာကျက်ဖို့ တောင် အချိန်မလောက်ဘူး။
ဒါပေမဲ့ တရုတ်ဆေးမြစ်တွေ အမြဲကျိုသောက်တာဘဲ အဲဒါ လင်ဇီးဘဲ လို့ မပြောနိုင်ပါ။
အင်ဂလန်မှာ အဲဒီ ဆေးမြစ် သောက်ပြီးပြီးချင်းနာရီပိုင်းတွင်း ဘွဲ့ လွန်ဒေါက်တာဘွဲ့ တက် နေတဲ့ တရုတ်မလေး ခေါက်ကနဲ သေသွားရော ၂၀၀၉ မှာ ဖြစ်ခဲ့တာပါ။
တန်ဆေး လွန်ဘေး ပြောရမှာ ပါ နောက်တခုကတရုတ်နိုင်ငံ မှာ ထုတ်ကုန်ပစည်းတွေ quality control လုံးဝ မရှိတာပါဘဲ။ ပထမ အသုတ် ပစည်းတွေ ထုတ်တဲ့ အချိန်မှာ အရည်သွေးပြည့်ချင်ပြည့်မယ် နောက်အသုတ်မှာ ညံ့ချင် ညံ့မယ် နောက်အသုတ်မှာ ဘေးဖြစ်စေတဲ့ ဓါတုပစည်းတွေ ပါကောင်းပါမယ်။ ဘယ်တော့မှ တသတ်မတ်ထဲ မရှိဘူး။ တရုတ်နိုင်ငံက ပိန်ဆေးစားလို့ တကယ်ပိန်သွားတာနဲ့ သူဌေး တဦးက စရောင်းတယ်။ အဲဒီဆေးကို သုံးတဲ့သူက တကယ် ပိန်တာနဲ့ သူပါ လိုက်ရောင်းတယ်။ အနုပညာ ရှင်တွေသောက်တာနဲ့ ပြည်သူ တွေပါ လိုက်သောက်ကြတယ် နောက်ဆုံးတော့ အနုပညာရှင် တယောက် အသည်းပျက်စီးပြီး သေမလောက် ဖြစ်တယ်။ သူ့ ရည်းစားကအသည်းတခြမ်းလျှူ လို့ အသက်ရှင်လာတယ်။ တပြိုင်တည်းမှာ အပျိုကြီး တယောက်လည်း ဒီဆေး
ကြောင့် အသည်းပျက်စီးတယ်။ ရည်းစား မရှိတော့ အမလုပ် တဲ့သူက အသည်းတခြမ်းပေး မယ်ဆိုပေမဲ့ဆေးရုံက လက်မခံ ဘူး။ ဘယ်တစိမ်းကမှအသည်း မလျှူခဲ့ဘူး။ အပြင်ကလည်း ၀ယ်မရတဲ့အဆုံး လူနာ သေဆုံး သွားတယ်။
ဟိုတလောက ဘဲ တရုတ်နို့ မှုန့် တွေမှာ ဓါတုဆေး များတော့ နို့ စို့ ရွယ် ကလေးတွေ သေတာမှာ တရုတ်နိုင်ငံသား စစ်စစ်တွေပါ။
quality control လုံးဝ မရှိတဲ့ တရုတ်ဆေးကိုသောက် ဖို့ အလွန်အန္တရယ်များပါတယ်။
ဆေးကို အစဉ်စွဲ သောက်ရင် side effect တော့ အနည်းနဲ့အများ ရှိမှာဘဲထင် တယ်။
လတ်လတ်ဆတ်ဆတ်စား အစားသောက်ကို ကျန်းမာရေး နဲ့ ညီအောင် စား ရင် အားဆေးတွေမလိုဘူးထင်တာ ဘဲ။
တကယ်လို့ ကင်ဆာတွေ ပျောက်လို့ တရုတ်တွေ သန်းနဲ့ ချီ အသက်ရှည်တဲ့ အသက်သန်းကျော် သက်ရှည် တရုတ်ဖွားဖွား ဖိုးဖိုးတွေရှိခဲ့ရင် ဂင်းနစ်ဘုတ်ထဲမှာထည့်ပြီး လင်ဇီးကို ကြော်ငြာမှာပါ။
အခုထိတော့ အသက် ရာကျော် ရှည်တဲ့ အင်ဂလန် ဖွားဖွား လင်ဇီးမသောက်တာ သေချာပါတယ်။ မြန်မာနိုင်ငံက အသက် ၁၁၀ကျော် အဖွားလဲ လင်ဇီး မသောက်ပါ။ နီပေါက အဖိုးတွေ အဖွားတွေ ဂျပန်က ၉၀ကျော် အဖွားအဖိုးတွေ လင်ဇီး ကို မသိကြပါ။
နောက်တချက်က အင်ဂလန် နိင်ငံသားတွေက တရုတ်ဆေး တွေကိုအသက်အန္တရယ် ရှိတဲ့ ဆေးလို့သတ်မှတ်ထားပါတယ်။ အင်ဂလိပ်တွေရဲ့ပျှမ်းမျှသက်တမ်းက ၈၅-၉၀၀န်းကျင် မှာပါ။ လင်ဇီးမသောက်တဲ့ သူတွေပါ။
လင်ဇီးကို သောက်ချင်သောက် ပါ အမြဲစွဲသောက်ရင်အန္တရယ် နဲ့နီးတာ သေချာပါတယ်။
လင်ဇီး ကုမ္ပဏီ တွေ ဆိုတာလဲ နာမည်တာ ပြောင်းသွား တာပါ လိမ်တာခြင်း တော့ အတူတူပါဘဲ။
လင်ဇီးတစ်မျိုးတည်းနဲ့ ရောဂါမှန်သမျှ မပျောက်နိုင်ဘူးဆိုတာ ထောက်ခံပါတယ်... အဲလိုသာဆိုရင် ဆရာဝန်တွေ တခြားဆေးတွေ ဘယ်ရှိတော့မလဲ....
ဦးလေးတစ်ယောက်ရဲ့ အမျိုးသမီး လည်း ချိသွားဘူးတယ်။ လင်ဇီးကိုထောက်ခံသူကြည့်ရတာ အားလုံးပြောသလို ပွဲစား ပါ ။ ကိုယ်ရထားပြီးရင်လည်းငြိမ်နေရောပေါ့ မမှန်တာကို မှန်တယ်လို့ ဘာလို လိမ်နေတာလဲ။
ဒီပို့စ်ကောင်းတယ်အမ
တတ်နိင်သလောက် အမြင်မှန်တွေရအောင် ရေးနိင်တာ အများအကျိုးရှိပါတယ်။
အမလင်ဇီးပို့ စ်ကို ညီမတစ်ယောက်ကမေးလ်ကနေလာပို့ တယ် ..ဖြူမဖတ်ရသေးမှာစိုးလို့ တဲ့ ...
လူတွေက အမှန်ကိုပြောရင်ဘာလို့ လွယ်လွယ်လက်မခံတာလဲမသိဘူးနော်...ကိုယ့်ကျိုးပဲမကြည့်သင့်ဘူးလို့ ထင်ပါတယ်..
လူတိုင်း လူတိုင်း စီးပွားရေးလုပ်ကြတယ်ဆိုပေမယ့် အများပြည်သူ အသက်အန္တရာယ်ကို ထိခိုက်နိုင်လောက်တဲ့ စီးပွားရေးမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
အထူးသဖြင့် အဆိပ်ပေါများတဲ့ မှိုကထုတ်လုပ်တဲ့ ဆေးဆိုတာကတော့ သေခြာစစ်ဆေးပြီးမှ ထုတ်သင့်ပါတယ်။
မိမိရဲ့စီးပွားရေးတခုထဲကြောင့် အများသူငါ အသက်ဆုံးရှုံးရလောက်တဲ့အထိ ထိခိုက်နစ်နာတာမျိုးကတော့ ရက်စက်လွန်းရာကျပါတယ်..။
တကယ် ရောဂါတွေပျောက်ရင် သုတေသန အထောက်အထားမှတ်တမ်းနဲ့တကွ နိုင်ငံတကာကို ချပြလို့ ရပါတယ်။
အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်နဲ့တွေ့လဲ လင်ဇီးသာသောက် ပျောက်စေရမယ်ပြော၊ ဘီပိုးသမားတွေ့လဲ လင်ဇီးသာသောက် အကုန်ပျောက်မယ်ပြော ဆိုတော့ ဝေဒနာကြောင့် သောကပူမိနေသူတွေက ဟုတ်လိုဟုတ်ငြား ဈေးကြီးပေးသောက်တယ်။ ၀နေလို့ ပိန်ချင်သူတွေ့လဲ လင်ဇီးသောက်ခိုင်း၊ အသက်ဘယ်လောက်ကြီးကြီး မျက်နှာရင့်မလာဘဲ ၁၆ နှစ် အမြဲဖြစ်ချင်သူဆိုလဲ လင်ဇီးသောက်ခိုင်း၊ သားသမီး စာတော်စေချင်တဲ့ မိဘကိုလဲ လင်ဇီးတိုက်ခိုင်းနဲ့ လိုချင်သမျှ ဆန္ဒတွေ လင်ဇီးနဲ့ ပြည့်စေမည် လုပ်နေတာ လွန်လွန်းလို့ပါ။ ရေကို လိမ်ရောင်းရင်တောင် သည်းခံလို့ ရဦးမယ်။ တော်ရုံ အန္တရာယ်မရှိလို့။ ခုဟာက အစားမှားရင် အချိန်မရွေး မသာပေါ်နိုင်တဲ့ မှိုကိုမှ ၉၆ ပါး အကုန်ပျောက်မယ့် ဆေးစွမ်းကောင်းကြီးလို လိမ်ရောင်းစရာလား။ ဒီလောက် သေကုန်ပါပြီဆိုတာလဲ မလျှော့သေးဘူး။ ဆက်ရောင်းတုန်းပဲ။
ဒီကိစ္စကို အစဖေါ်ပေးတာကတော့ ကျေးဇူးတင်သင့်ပါတယ် ။
ကျန်းမာရေးပြဿနာ တခုအနေနဲ့ ဆွေးနွေးလို့  ရနိုင်တဲ့ အတွက်ကြောင့်ပါ ။
ဒါပေမဲ့  တင်ပြသူ ကိကိအနေနဲ့  ပို့ စ်စတင်ထဲက မိမိအချက်အလက်မပြည့်စုံကြောင်း ၀န်ခံပေမဲ့ လဲ ပို့ စ် ၂ခုလုံးခြုံကြည့်တဲ့ အခါ လင်ဇီးကြောင့် မအေးအေးမာသေတာဘဲလို့  ကောက်ချက်ချထားပုံမျိုးဖြစ်နေပါတယ် ။
ကဲ ပို့ စ် ၂ခုနဲ့  ကွန်မင့်တွေထဲက မခိုင်လုံတဲ့  အချက်တွေ ဖယ်ချလိုက်တော့ လေ့လာနိုင်တဲ့  လူနာ ၂ယောက်တွေ့ ရပါတယ်
ပထမကတော့ ဒီပို့ စ်တွေထဲ က အဓိက ဇာတ်ကောင်မအေးအေးမာပါ ။
သူ့ ရောဂါလက္ခဏာတွေနဲ့  သေဆုံးပုံကို ခြုံကြည့်လိုက်ရင် SLE or Pemphigus တခုခုဖြစ်ဘို့ များပါတယ် ။ သွေးအဖြေတွေနဲ့  skin biopy ကြည့်ရရင်တော့ ပိုသိနိုင်မှာပါ ။၂ခုလုံးဟာ ကုရခက်ပြီး သေဘို့  ၅၀% ရှိပါတယ်
၂ခုလုံးဟာ idiosycratic disorders မို့  လင်ဇီးအပါအ၀င် သူသောက်ခဲ့တဲ့ ဆေးတွေထဲက တခုခု ကို တုန့် ပြန်တာ ဖြစ်ဘို့  များပါတယ်
ဒါပေမဲ့  လင်ဇီးတခုထဲ ကြောင့်လို့  တရားရုံးမှာ ငြင်းမရအောင် သက်သေပြဘို့ ကတော့ အလွန်ခက်ပါပါလိမ့်မယ်
နောက်တယောက်က ကိုလရောင်အိမ်
သူ့ ရောဂါတွေက စာရင်းချလိုက်တော့
1) Mitral valve prolapse
2) Gastrooesophageal reflux
3)Chondromalasia of knee
4) Glaucoma ( most likely acute angle closure )
ဒါက သူပြောသလောက်ပါ
သူပြောတဲ့  ရောဂါတွေ အကုန်ဟာ လင်ဇီးအပါအ၀င် ဆေးတခုခုကြောင့်လို့  ပြောဘို့ အလွန်အားနည်းပါတယ် ။
2) Gastrooesophageal reflux ကတော့ ဆေးလိပ်နဲ့  အရက်သုံးစွဲမှုနဲ့  အကိုက်အခဲပျောက်ဆေး NSAID လွန်မှုတွေကြောင့်လို့  ပြောနိုင်ပါကြောင်း
ကိုလရောင်အိမ်ရဲ့ ပြဿနာကို အတိုချုပ်ရရင်တော့ သူ့ ရောဂါအားလုံးဟာ အသက်အန္တရာယ်ပြုနိုင်သာ အဆင့်မရှိပါ ။
It is not curable but controllanle and quite unlikely to affect life or function
ဒါက ရတဲ့  အချက်အလက်ပေါ်တတ်နိုင်သလောက် သုံးသပ်ရတာပါ ။
နောက်ထပ် ပြဿနာ ၂ခုကို ဆက်သုံးသပ်ရရင်
တယောက်က လာရေးတဲ့  MS , Parkinsons စတဲ့  ရောဂွတွေဟာ အဆိပ်သင့်ခြင်း ( Chronic poisoning ) မဟုတ်ပါ ။ Degenerative disorders သာဖြစ်ပါတယ်
နောက်တချက်ကတော့ လင်ဇီး သောက်နေတာ ကင်ဆာနဲ့  သေတယ် ဆိုတာနဲ့ လင်ဇီးဘာစွမ်းတယ်ဆိုတဲ့  ပြဿနာပါ ။
ဒီနေရာမှာ ဘာဆေးမဆို ကောင်းမကောင်းကို သိချင်ရင်အခိုင်လုံဆုံးက Prospective Double blind Randomised controlled studies လုပ်ရပါတယ် ။
ဒါမရှိသမျှတော့ ဆေးကောင်းတယ်ဆိုးတယ် ယတိပြတ်မပြောနိုင်ပါ ။
ဒီမှာ တခုမှားနေတာကြတာက ဆေးရောင်းတဲ့ သူ ဆေးကိုယ်စားလှည်ဟာ healthcare and allied professional ဖြစ်ရမယ်ဆိုတဲ့ ကိစ္စ
ဒီဥပဒေကို မတွေ့ ဘူးပါ
လူတွေ သောက်သုံးနေတဲ့  ပစ္စည်းတွေကို ခွဲတဲ့ အခါ
Controlled drugs
Prescription only drugs
Over the counter drugs
Borderline ssubstances
Health related products
ဆိုပြီး ခွဲပါတယ် ။
၁ နဲ့  ၂သာ healthcare နဲ့ ဆိုင်ပြီး ကျန်တာကတော့ comsumer authority ကသာ ကိုင်ပါကြောင်း
West က ဆေးဆိုင်တွေမှာ ဆေးရောင်းတဲ့လူတွေကိုမေးလိုက်ရင် pharmacy နဲ့ကျောင်းပြီးတယ်ဆိုတာ ဖြေလိမ့်မယ်။ တစ်ချို့ဆေးဆိုင်ပိုင်ရှင်ဆိုလဲ Pharmacyနဲ့ကျောင်းပြီးပြီးမှကိုယ်ပိုင်ဆေးဆိုင် ထောင်တယ်။ ဆေးကုမ္ပဏီတွေက သူတို့repတွေအတွက်အလုပ်ခေါ်ရင်လဲ pharmacist တွေ၊ experience မရှိပေမယ့် လောလောလတ်လတ် ဒီဘွဲ့နဲ့ကျောင်းပြီးထားစလူတွေ ရွေးခေါ်တယ်။ ဒါသူတို့ရဲ့ ထုံးစံလိုဖြစ်နေတဲ့လုပ်ငန်းလည်ပတ်မှုပဲ။ ဒါမှလဲ ဝယ်သူဘက်က ယုံကြည်မှာ။့ publiic health နဲ့ health care နယ်ပယ်ထဲက ဝန်ထမ်းတွေ၊ ကျောင်းသားတွေလဲ ဝင်လုပ်တတ်ကြပါတယ်။ အတွင်းရေးမှူးတွေ၊ ကုမ္ပဏီပိုင်ရှင်နဲ့မားကက်တင်းဘက်က လူတွေကတော့ pharmacist ဖြစ်စရာဘယ်လိုမလဲ။
health related products လို့ ပြောရမယ့် ကလေးပေါင်ဒါဘူးတွေ၊ နှုတ်ခမ်းမကွဲအောင် ဆိုးတဲ့ဆေးတောင့်တွေရောင်းတဲ့ ကောင်တာမျိုးမှာ ထိုင်တဲ့သူကတော့ pharmacist ဖြစ်စရာ မလိုဘူး။ ပါရာစီတမော ရောင်းတဲ့လူလဲ ကျန်းမာရေးသင်တန်းဆင်း ဖြစ်ဖို့ မလိုဘူး။ ဒါကို ကွက်လက်ညိုးထိုးပြီး အကုန်လုံး ဒီလိုပဲလို့ ပြောလို့မရဘူး။
Glaucoma is an eye disorder in which the optic nerve suffers damage, permanently impacting vision in the affected eye(s) and progressing to complete blindness if untreated.
ကိုလရိပ်အိမ်ရဲ့ ရောဂါတွေအားလုံးဟာ အန္တရာယ်ပြုနိုင်သောအဆင့် မရှိဘူးလို့ အပေါ်က ကွန်မန့်တစ်ခုမှာ လာရေးသွားတာ ဖတ်ရလို့ လူနာတွေ ပေါ့ပေါ့နေမိမှာစိုးလို့ ပြန်ဖြေရှင်းပါတယ်။ ဒီရောဂါဟာ အချိန်မီ မကုသရင် မျက်စိကွယ်နိုင်ပါတယ်။ စုံလုံးကန်းမှာကို သိသိကြီးနဲ့ အသက်အန္တရာယ်မရှိဘူးလို့ မပြောသင့်ဘူး။ အသက်အန္တရာယ်တော့ ဘယ်ရှိမလဲ။ ကန်းရုံလေးကန်းမှာပဲ။
ကိုလရိပ်အိမ်သွားပြတဲ့ ဆရာဝန်က ကံကောင်းလို့၊နောက်ကျရင် မကယ်နိုင်တော့ဘူးဆိုတာ မှန်တဲ့စကားပါ။ သမားကောင်းနဲ့တွေ့သွားတာ ခင်ဗျားကံကောင်းပါတယ် ကိုလရိပ်အိမ်။ ပေါ့ပေါ့မနေဘဲ ဆက်ပြီးကုသမှုခံယူပါ။
နောက်တခု ပြောစရာ ကျန်သွားပါတယ်။ nervous system ကို ထိခိုက်တဲ့ ရောဂါတွေက စိတ်ဖိစီးမှုကြောင့်၊ အသက်အရွယ်ကြောင့်၊မျိုးရိုးကြောင့်၊ပြင်ပအခြေအနေတခုခု သက်ရောက်မှုကြောင့်ဖြစ်တတ်ပါတယ်။ အဆိပ်သင့်ခြင်းကြောင့် ဒီရောဂါတွေ မဖြစ်နိုင်ဘူး ပြောလို့မရပါ။ ခဲဆိပ်သင့်တဲ့ကလေးတွေမှာ nervous disorder တမျိုးမျိုး ရလာတာ ဥပမာထားကြည့်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ toxic ဖြစ်ပြီဆို ဦးနှောက်အာရုံကြောစနစ်လဲ တိုက်ခိုက်ခံရတာမို့ သတိထားကြစေချင်ပါတယ်။
MS တို့ Parkinson တို့ကို ဆိုလိုပါတယ်။ဒီရောဂါတွေ ရလာနိုင်တဲ့ အကြောင်းရင်းတွေဟာ တခုမက ရှိပါတယ်။ အစားအသောက်နဲ့ဆေးဝါး အမှားအယွင်းကြောင့် ဦးနှောက်အာရုံကြောစနစ်ကို မထိခိုက်စေတာ အကောင်းဆုံးပါပဲ။
pharmacy နဲ့ ကျောင်းဆင်းထားသူတွေ အနောက်တိုင်း ဆေးဝါးနယ်ပယ်မှာ ကြီးစိုးတာ မှန်ပါတယ်။ ဆေးရောင်းပါတယ်ဆိုမှ Pharmacist မဖြစ်လို့ ရမလား။ ဆေးရုံတွေ ဆေးဆိုင်တွေကိုလိုက်ပြီး သူ့ကုမဏီက ဆေးကို သုံးဖို့ လိုက်ကြော်ငြာရတဲ့ ကိုယ်စားလှယ်တွေကအစ ဆေးဝါးပညာရှင်တွေ ရွေးခန့်ပါတယ်။. ဒီလင်ဇီးသမားတွေလို ဘာမှ နားမလည်ဘဲ အဖြီးအဖြန်းဘဲ တတ်တဲ့သူတွေသာ ဒီမှာ လာလုပ်လို့ရကြေးဆို တစ်ဖက်က ဆေးစကားတွေ ကျန်းမာရေး ဝေါဟာရတွေနဲ့ ပြန်ထောက်လိုက်ရင် သူတို့ ဘာမှ ပြန်မရှင်းနိုင်ဘဲ ဖြစ်သွားမှာပေါ့။ ဒါကို သိနေရက်နဲ့ မဟုတ်သလိုလို လာမလိမ်သင့်ဘူး။
tint ဆိုတဲ့ ပုဂိုလ် ကွန်မန့်လာရေးသွားတဲ့ အချက်အလက်တွေက အလွဲတွေ ဖြစ်နေတယ်။ ဆေးစကားတွေ လှိုင်လှိုင်သုံးထားတော့ စာဖတ်သူတွေ အဟုတ်ထင်သွားနိုင်တယ်။ နီးရာဆရာဝန်ကို မေးကြည့်ပါ။ သူပြောတာတွေ မဟုတ်ဘူးလို့ ဖြေပါလိမ့်မယ်။ လင်ဇီးဘက်က ရှေ့နေလိုက်သူတစ်ယောက်လို့ ထင်ပါတယ်။
မအေးအေးမာ ကေ့စ်မှာ တရားစွဲဖို့ အကြံပေးတဲ့ ရန်ကုန်က ဆရာဝန်ကြီးတွေဟာ မသိနားမလည်သူတွေ မဟုတ်ကြပါဘူး။ လင်ဇီးရဲ့ သားကောင်တွေ သူတို့ဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာလို့ ဆက်ပြီး သည်းမခံသင့်တော့တဲ့ ကိစမို့ တရားစွဲခိုင်းတာပါ။ တရားရုံးမှာ သူတို့လဲ သက်သေအထောက်အထားတွေ အကိုးအကားတွေနဲ့ လူနာဘက်က ရပ်တည်ဖို့ အသင့်ပါ။. တရားရုံးဆို လူတွေက တွန့်နေတတ်တဲ့ မြန်မာပြည်အနေအထားကြောင့် လင်ဇီးပွဲစားတွေ ဒီလောက် ကောင်းစားနေတာပါ...
လင်ဇီးကုမ္ပဏီက ဘာမှပြန်မဖြေရှင်းနိုင်တော့ လျော်ရမှာကြောက်လို့ tintဆိုသူကနေတဆင့် လာလိမ်တာပဲ။ tint လာဖြီးတာတွေက အလိမ်တွေဆိုတာ ဆရာဝန်တွေ ကောင်းကောင်းသက်သေခံရဲတယ်။ ဒီပို့စ်ကိုတင်တဲ့ မကိကိကို ဆရာဝန်မှန်းလဲ သူမသိလို့ ရဲရဲတင်းတင်းလာလိမ်မိပုံရတယ်။
ဂါနိုက သိန်းရာနဲ့ချီပြီး လာဘ်ထိုးနိုင်မှန်း သိကြပါတယ်။ tint အနေနဲ့ ငွေမက်ပြီး သေဆုံးသူလူနာကိုမထောက်မညှာ ဒီလိုလာမလိမ်သင့်ဘူး။ လင်ဇီး၁ခုထဲကြောင့်ဆိုတာ သက်သေပြရခက်မယ်လို့ ဖြဲခြောက်ထားသေးတယ်။ဒီဆေးကြောင့် ဖြစ်ရတယ်ဆိုတာ လူနာမိသားစုရဲ့ထွက်ချက်နဲ့ စာရွက်စာတမ်းတွေက ခိုင်လုံနေပြီ။
မမလင်ဇီး၊ကိုကိုလင်ဇီးတို့ရှင် ဒါအကျိုးအကြောင်းမခိုင်လုံဘူးဆိုပါလျှင် ကင်ဆာနှင့်တကွရောဂါတော်တော်များများကိုပျောက်စေနိုင်စွမ်းရှိသောထိုလင်ဇီး သောက်လာခဲ့တဲ့ လင်ဇီး အဖွဲ့ ၀င် တစ်ယောက် က အခုမှ ဘာဖြစ်လို့ သွေးကင်ဆာ ဖြစ်ရန် တစ်ဆင့်သာလိုသဖြင့်သွေးသွင်းနေရပါသလဲ၊ သူ့ ရဲ့ သားအိမ်ထဲ ကို ဘယ်သူက အလုံးလာထည့်ပေးသွားပါသလဲ။ လင်ဇီးသောက်တာ ငါးနှစ်ရှိပြီနော်....
tint ဆိုတဲ့လူက ဆရာဝန်တရုတ်။ လင်ဇီးပွဲစားဖြစ်ဖို့များတယ်။ ဒါမမဟုတ်လဲ တရုတ်အခြင်းခြင်း ယိုင်းပင်းတာနေမယ်။ တော်တော်ပက်စက်တဲ့ ဆ၇ာဝန်ပဲ။
Oh, all of my brothers, sisters. for me also same as last time,after i went to Australia and some other Asia country,and after i read research from so called world largest university, i agree this lingzhi and now i using all of products (Shuang Hor) which are many country government approved, now my family are very happy, very good living..I don't want to argue with you all, but one things you need to notice is before you use, are you check any research about lingzhi?.Ok one thing i want to remind you one of my friend pass away at one of famous private hospital in Yangon. So you want to asked other people to don't go there? That why don't blame like this without reason, may be every body have different health back ground.Do you think Asia and other West, Europe country government are stupid?Will they allow (as you say) anyhow in their country? Then my brother, sister really know MLM marketing system? If don't know you learn first, Ok, you go to at least Google and read this Lingzhi and system first. You will clear your vision on this and you will understand which Lingzhi are good and which government are allowed. By the way, you talk about Toothpaste, do you ever see before higher price than that? better way is you check some research and discuss with wisely, this will help knowledge, should't be say my friend's friend say what, who say how, this is no use, this only will lead to bad mouth on other people business. (this is my view, I'm not doing SayarGyi on you all, Thanks)
idiot means a person so defective in mind from birth,a fighty fool;a blockhead;a foolish or unwise person;a person who has no professional knowledge ; excerpted from Chambers's Twentieth Century Dictionary.
If you take the slightest pleasure in criticism,that is the time to hold your tongues.
Be free from all sorts of anger
အပေါ်က ကိုရွှေကြွား
so called world largest university နင်တက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တက္ကသိုလ် ဆိုတာ ဘယ်မှာလဲဟင်... ဘာတွေ ကြီးတာလဲ။ တက္ကသိုလ်ဆောက်တဲ့ အုတ်ခဲတွေက ကြီးတာလား။
နင့် အင်္ဂလိပ်စာ အရေးအသားက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်ထွက်ဆိုတာ တကယ်ဟုတ်ရင် ငါ့ကိုယ်ငါ တော်တော် အားရှိသွားပြီ။ ငါ့အင်္ဂလိပ်စာက တော်တော်ညံ့တာ။ ဒါပေမယ့် နင့်လောက်ညံ့တဲ့လူတောင် ကမ္ဘာ့အကြီးဆုံး တက္ကသိုလ် တက်တယ်ဆိုတော့ ငါသာဆို စကြဝဠာ့အကြီးဆုံး တက္ကသိုလ်တော့ ပစ်မလွဲပဲ။
ငါတော့ နင့်ကြည့်ရတာ ခေတ်ပျက်သူဌေး လင်ဇီးပွဲစားတစ်ယောက်လို့ထင်တာပဲ။
လင်ဇီးဆိုတာ မှိုတစ်မျိုးပါ
တစ်ချို့ ကပြောကျတယ် မှိုဆိုတာ များများစားရင် အဆိပ်ဖြစ်စေတယ်တဲ့
ဒါလည်းမှန်ပါတယ်
အဲ့ဒါကြောင့် ကိုယ်က လင်ဇီးသောက်မယ်ဆို၇င် ကိုယ်သောက်တဲ့ လင်ဇီးက ဘယ်လိုထုတ်လုပ်ထားတာလည်းဆိုတာ သိဖို့လိုပါတယ်
လင်ဇီးမှိုဟာ စုတ်ယူအားကောင်းတဲ့အတွက် သူပေါက်ရောက်တဲ့ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်တွေ များနေမယ်ဆိုရင် သူဟာအဆိပ်အတောက်ကို စုတ်ယူထားတာဖြစ်တဲ့အတွက်
သေချာပေါက်အဲ့ဒီမှိုစားရင် အဆိပ်ဖြစ်မှာပါပဲ
ဈေးကွက်မှာလည်း လင်ဇီးမှို ကိုအပွင့်လိုက်ေ၇ာင်းချပါတယ်
လူတစ်ချို့က ဈေးသက်သာလို့ ၀ယ်ယူပီး ကျိုချက်သောက်ကျပါတယ်
ဒါပေမယ့် တစ်ခုသတိထား၇မှာက အဲ့ဒီမှိုဟာ ပေါက်ရောက်တဲ့ပတ်ဝန်းကျင်လည်း ကောင်းရမယ် အာနိသင် ဖြစ်ထွန်းတဲ့အချိန်မှာလည်း ရိတ်သိမ်းထားတဲ့မှိုဖြစ်ရပါမယ် ဒါမှသာ အာနိသင်ရှိမှာပါ
ဝါးလုးံရှည်နဲ့သိမ်းကျုးံပီး ရမ်းပြောလို့မရပါဘူး
လင်ဇီးမှိုအကြောင်းပြောရမယ်ဆိုရင်လည်း အများကြီးပါ
လင်ဇီးသောက်ပီး နာတာရှည်ရောဂါပျောက်သွားလို့ အရမ်းဝမ်းသာသွားကျတဲ့လူတွေလည်းအများကြီးပါ
အဲ့ဒါကြောင့် သေချာလေ့လာပီးမှဝေဖန်ကြရင် ပိုကောင်းပါတယ်
နောက်တစ်ခုက ကျမတို့ မြန်မာလူမျိုးဟာ ဆွမ်းကြီးဝိုင်းလောင်းရတာ ၀ါသနာပါပါတယ်
အကြောင်းအရာတစ်ခုခုကို သေချာလေ့လာပီးမှ ဝေဖန်ဆုးံ့ဖြတ်သင့်ပါတယ်
တစ်ချို့ ကွန်မန်တွေကိုကြည့်ရတာ ကိုယ်ကိုတိုင်ကလည်းနားမလည်ပါဘူး
နားလည်တဲ့သူပြောတော့လည်း ဆရာလုပ်တယ် ထင်ကျတယ်
နောက်တစ်ခု လင်ဇီးသောက်မှ သေတယ်ဆိုပီး ပြောကျပါတယ်
လင်ဇီးသောက်ပီး ရောဂါတွေ ကင်းရှင်းသွားတဲ့ သူတွေကျတော့ သာဓက ပြထားတာ မတွေ့ ရပါဘူး
လင်ဇီးက ကင်ဆာ state 1 ဆိုရင် ပျောက်အောင်ကုနိုင်ပါတယ် ရွေးးချယ်တဲ့လင်ဇီးကမှန်ကန်မယ် ပီးရင် ကင်ဆာဆိုတာ ၃ရက်မှာ ၈ဆပွားတဲ့အတွက် ဆေးနိုင်မှရပါမယ်
အဲ့ဒါကြောင့် ဆေးသောက်တဲ့နှုန်းလည်းလိုပါတယ်
မြင့်မိုရ်တောင် ကိုဇီးစေ့နဲ့ပေါက်သလောက်တော့မရနိုင်ပါဘူး
ကင်ဆာ state 2,3,4 သမားတွေ အတွက်ကတော့ ပျောက်အောင် အာမ မခံနိုင်ပေမယ့် ဆေးနိုင်အောင် သောက်နိုင်ရင်သာမန်လူတွေလိုပဲ သက်တန်းစေ့နေနိုင်ပါတယ်
လင်ဇီးသောက်လို့သေကျတယ်ဆိုတာ ဥပမာ အသဲကင်ဆာသမားက သာမန်ကင်ဆာထက်ရောဂါပြန့်နှုန်းမြန်ပါတယ်
အသဲကင်ဆာလို့သိတာနဲ့ နောက်၃လဆိုသေတာပါပဲ
အခုလိုအသဲကင်ဆာသမားက လင်ဇီးမသောက်လည်းသေမှာပါပဲ
ဒါပေမယ့် လင်ဇီးဖြန့်ချီသူ(နည်းလမ်းမှားသူ)အချို့က မိမိပစည်းရောင်းရဖို့အတွက်ရှေ့တန်းတင် ပျောက်တယ်အာမခံပီးရောင်းကျပါတယ်
အဲ့ဒါကြောင့် လင်ဇီးသောက်လို့သေတယ်ဆိုတာတွေဖြစ်လာတာပါ
တကယ်တော့ သူဟာလင်ဇီးမသောက်လည်း သေမှာပါ
ကျမ ဆရာလုပ်တာမဟုတ်ပါဘူး ကျမသိသလောက်ကိုမျဝေပေးတာပါ
လူဆိုတာကလည်း တစ်စုံတစ်ယောက် အောင်မြင်ရင် ချီးမွမ်းဖို့ ၀န်လေးသလောက် ရှုးံနိမ့်ပီဆိုရင်တော့ ပစ်တင်ကဲ့ရဲ့ရှုတ်ချ ဖို့ဆိုရင် ပြောစရာမလိုလောက်အောင် ကျွမ်းကျင်ကျပါတယ်
ရေနစ်သူကို ၀ါးကူထိုးတတ်ကျပါတယ်
ကျွန်တောလဲ ဘယ်ဟာမှန်မှန်းမသိတော့ဘူးဗျာ
တစ်ချို့ကလဲ ကောင်းတယ် ပြောတယ် တစ်ချို့ကလဲ မကောင်းဘူးပြောတယ်
ဒါပေမယ် သေချာ စမ်းစစ်သင့်တယ် ဆိုတာတစ်ခုတော့ ရလိုက်တယ်ဗျ
အပေါ်က အကို အမတွေပြောခဲ့သလို ပဲ တန်ဆေး လွန်ဘေး ပေါ့
ကျွန်တော်တို့မသိသေးတာတွေလဲ အများကြီးသိရပါတယ်
ရေး ထားတဲ့ အမကိုလဲ ကျှေးဇူးအများကြီးတင်ပါတယ် ခင်ဗျ
Post a Comment