အောင်နက် နဲ့  ဂုတ်ကျားမ တို့ ရဲ့  ရှုမငြီး တဥတည်း တဦးတည်းသော သားတော်မောင် မိုက်ခဲလပြည့်( Micheal fullmoon- ရှင်းလင်းချက် = ရွှေပြည်ကြီးမှာ ခေတ်မှီသူတိုင်း ဘိုလိုမှုတ်ပြီး ဘိုနာမည်ပေးကြသဖြင့် ဖိုးလပြည့် တကောင်လည်း ဤ အမည် တွင်ပါသည် )တအီးအီးငိုပြီး အိမ်ပြန်လာသည်။ ဂုတ်ကြားမကြီး တကောင် အူနုကျွဲခတ်သလို ဆတ်ဆတ်လူး မျက်ကလည်းဆန်ပြာ နဲ့  ခွေးကတက်ပေါ်မှ ဝုန်းဒိုင်းကျဲပြီး ခုန်ပေါက်ပြီး ဆင်းလာသည် ။ ခွေးမသားလေးဆိုတော့ အကောင်လိုက်မွေးခဲ့ ရပေမဲ့ သားရွှေဥ ဆိုသလို ဥခဲ့ရတာ မို့  သူ့ သားတော်မောင်ကို ရင်နဲ့ အမျှ ချစ်ခဲ့ရတယ်ပေါ့ ။
“ ဘယ်သူကများ ငါ့သားလေးကို အနိုင်ကျင့်လွှတ်လိုက်တာပါလိမ့် ၊ပြောစမ်း ပြောစမ်း ၊မေမေ့ သားလေး မေမေတောင် မပြောရက် မထိရက်တာ ၊ ငါ့သားလေး ကို ဘယ်သူ ဘာလုပ်လိုက်သလည်း ၊ မေမေသွား ရှင်းမယ် ”
“ အို .. ။ ရှင် မ ကလည်းကွာ ။ မင့်သားကို သေသေချာချာမေးပါအုံး ။မင့်ဟာက ၊ ဘုမသိ ဘမသိ ဒေါကန်နေတာက အရင် ”
“ ရှင်က ဝမ်းနဲ့ လွယ် မမွေးခဲ့ ရတော့ ဒီလို ပြောရက်တယ်ပေါ့လေ ။ ဒါကြောင့် ရှင်တို့  ကိုပြောကြတာ ၊ မိဘ ဆိုတာမှာ အမိကို အရင်ခေါ်ကြတာ ။ ဘ တွေ က ဘေးထိုင်ဘုပြော ဖို့ လောက်ပဲ တတ်ကြတယ် ။ ဟွန်း ။ ခလုပ်ထိတော့ အမိ တ ကြတယ် . လန့် ပြီး .အော်ကြတာ ကို ကြည့်ပါလား ။ အမယ်လေး တော့ တို့  ။ အမလေး တို့ ၊ မွေးမေလေ့ တို့  ဆိုတာ တွေပဲ ရှိတယ် .ဘယ်သူမှ အဘလေး တို့  မွေးဖေလေး လို့ မတ ကြဘူး ရှင့် ”
“ဟ ။ ဘာဆိုင်သလည်းကွ ။ ခု မင့်သား ငိုတဲ့ ကိစ္စ ။ ငါ့ဖက်လှည့် လာပြန်ပြီ ။ ဟေ့ကောင် ၊ မင့်အမေ မေးနေတာ ဖြေလိုက်လေကွာ ။ အလကားနေ ၊ ငိုမနေနဲ့ တော့ ၊တိတ်စမ်း ။ခွေးမသား မဟုတ်တဲ့ အတိုင်းပဲ ”
အောင်နက်တကောင် ၊ သူ့ သားကိုပြောသလိုလို နဲ့  သူ့ ဖက်လှည့်လာတဲ့ မြှားဦးကို လွတ်အောင် အရင်ရှောင်လိုက်လေသည် ။နို့ မို့ ဆို လိုရင်းရောက်တော့မည်မဟုတ် ။ ဒီတော့မှ မိုက်ခဲတကောင် အငိုရပ်တော့သည် ။ အမေ့အပေါ် နွဲ့ ဆိုးပြီး ညာစား ညာတောင်းနေကျ ပေမဲ့ အဖေအောင်နက်ကြီးကိုတော့ သူကြောက်ပါသည် ။ အဖေက ခွေးဖြောင့်စိတ်တိုဆိုပေမဲ့ အကျိုးသင့် အကြောင်းသင့် တွေးတော တတ်သည် ။ မဟုတ်တာ မလုပ် ။မမှန်ရင် မဟောင် အဲ့လေ မမှန်ရင် မပြော သူ ဆိုတော့ ခုခေတ်ကြီး နဲ့  သဟဇာတ မရှိလှ ။
“ သားကို ဟို လေ.. သား ကို .... ”
မိုက်ခဲတကောင် စကား တန်းလန်း နဲ့ တွန့် ဆုတ်ဆုတ်ဖြစ်နေပြန်သည် ။ ဒီတော့ ဂုတ်ကျား မ အလျှင်စလို မေးလိုက်ပြန်သည် ။
“ ပြောလေ သားလေး ။ မေမေ့သားလေး ဘယ်သူ ဘာလုပ်လိုက်တာလည်း ”
“ သားသားကို ကျောင်းက ဆရာမ ရိုက်တယ် ၊ မေမေရ၊ ဒီနေရာကို ကြိမ်လုံးနဲ့ ရိုက်တယ် ။အီးးးဟီးးဟီးးး ” သူ့ တင်ပါး သူပွတ်ရင်း နဲ့  ကနွဲ့ ကရ ငိုနေပြန်တော့ ဂုတ်ကျားမ သားတော်မောင် တင်ပါး လှန်ကြည့် ရာ မဆိုစလောက် လေး နီနေသည့် အရာလေး တချက် ကိုတွေ့ လိုက်ရ၍ ရင်ဘတ်စည်တီး ဖြစ်ပါတော့သည် ။
“ အမလေး ငါ့သားကို ငါတောင် မထိရက် မဆူရက်။ ကြည့်စမ်းပါအုံး ၊ ဒီဆရာမ လုပ်တာ ကြိမ်ရာကြီးက ဒီလောက်တောင် ။ ဒင်းက ဘာမို့  ရိုက်ရတာတုန်း ။ ငါ့သားထိရင် ငါမခံဘူး ဟေ့ ။ လာစမ်း ။ ဂုတ်ကြားမ အကြောင်း သိစေရမယ် ။ဘယ်ဒင်းလည်း ။ ဘယ်ဆရာမလည်း ။သွားမယ် ။ ခုပဲ ကျောင်းမှာ စာရင်းသွားရှင်းမယ် ။ ဟင်းးးး ”
ဂုတ်ကျားမ တို့  ယမ်းပုံပေါ် မီးစကျသလို ဆက်တိုက် ပေါက်ကွဲ ပါတော့သည် ။ ဒီတော့ အောင်နက်လည်း ဘေးမှာထိုင် မကြည့်နေနိုင်တော့ ပဲ ဒီပွဲမှာ ဝင်ပါရတော့သည်။
“ အာကွာ မင်းကလည်း ၊ဘယ်မလည်း ကြိမ်ရာဆို တာ ၊ မနည်းပြူးပြဲ ကြည့်မှ ရေးရေးလေး နီနေတာ ကို ရေးကြီးခွင်ကျယ် လုပ်လို့  ကွာ ။ခွေးကြားလို့  မကောင်းပါဘူး ။ ဒီလောက်တောင် အော်မနေပါနဲ့  ”
“အောင်မလေး လေး.. ပြောရက်လိုက်တာနော် ၊ ရှင့်သွေးသား မဟုတ်တဲ့ အတိုင်းပဲ ”
“ ဒီလိုမဟုတ်သေးဘူးကွ ၊ခုကိစ္စမှာ မင့်သား ကို ဆရာ က ရိုက်တာ ၊အကြောင်းတော့ ရှိရမယ်။သူတခုခု အမှားအယွင်းလုပ်လို့ နေမှာပေါ့။”
“အို ဘာပဲဖြစ်ဖြစ်ပေါ့ ၊ ကလေးဆိုတာ ငယ်သေးတယ် ။ဒီလိုအရမ်းရိုက်ဖို့ မကောင်းပါဘူး”
“ အင်းလေ ။ ခေတ်ကြီးက ပြောင်းလဲ လာတော့ အယူအဆတွေလည်းပြောင်းလဲလာကြတာနေမယ် ။ ငါတို့  ငယ်ငယ်ကဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးတွေ လိမ္မာရေးခြား ရှိစေချင်လို့ ဆရာဆီ ကိုယ်တိုင်ကိုယ်ကျ အပ် ၊ လိုရင် ရိုက်နှက်ဆုံးမ ပါလို့ ပြောကြတာလေ ။ ခုခေတ်တော့များကွာ ကျောင်းသားကို ဆရာက မထိလိုက်နဲ့ ၊ တခါတည်း မီးပွင့်သွားမဟေ့ လို့ ပြောရလောက်အောင်ပဲ မိဘတွေ ရှေ့ကနေ ကာဆီး ကာဆီးလုပ် ၊ ဒါကြောင့် ကျောင်းသားကလည်း ဆရာ ဆို မကြောက် ၊ မထီလေးစားနဲ့ ဖြစ်ကုန်ကြတာပဲ ။ အကောင်ကြီးကြီး အမြှီးရှည်ရှည် သားသမီးများ ဆို ပိုဆိုးသေးသဟေ့ ”
“အို .. ရှင် ဘယ်လိုပဲ ပြောပြော ကျုပ်ကတော့ ကျုပ်သား ကို ဒီလိုရိုက်နှက်ဆုံးမတာ လုံးဝမကြိုက်ဖူးတော့်”
“ အေး ၊ ဒါဆို ရိုက်ပုံ ရိုက်နည်း အမျိုးမျိုး အကြောင်း ငါပြော ပြမယ် ။ ရိုက် တယ်ဆိုတာ ပြုသူ နဲ့ ခံရသူအတွက် ခံစားရတာချင်း မတူဘူး ။ဥပမာ ကွာ ဆရာ နဲ့ တပည့် ၊ ဆရာ က တပည့် ကို ကြိမ်နဲ့ ရိုက်ပြီးဆုံးမတယ် ။ ဆရာ က တပည့်ကို မုန်းလို့ရိုက်တာ မဟုတ်ဘူး ။ကောင်းစေချင်တဲ့ စေတနာ နဲ့ ဆိုဆုံးမတာပဲ ။ ဒါကို တပည့်က နားလည် သဘောပေါက်ရင် ကြိုးစားမယ်။တိုးတက်မယ်ပေါ့ ။ ဒီလိုမှ မဟုတ် စေတနာကို နားမလည်ရင်တော့ အမုန်းပွားမယ်။ ပိုပြီးဆိုးသွားမယ် ။ ဒီတော့ နားလည်မှုက အရေးကြီးတယ် ။”
အောင်နက်တကောင် တခါတလေတော့လည်း ယထာဘူတ ကျကျ တွေးတတ်ပါသေးသလား လို့  ဂုတ်ကျားမကြီး တွေးနေမိပေမဲ့ စိတ်ထဲမတော့ သိပ်ပြီး ဘဝင်မကျချင်သေး။
“ကဲလေ ။ ထားပါတော့ ဆရာ က တပည့် ကို ရိုက်နှက်ဆုံးမ တာ ၊ တခြား ဘာရိုက်ပြီး ဆုံးမ တာရှိသေး သလည်း ။”
ဂုတ်ကျား မ အမေးကို အောင်နက်တကောင် နှုတ်မှ မဖြေလိုတော့ ၍ သူဖတ်လက်စ “လွတ်လပ်ရေး ” သတင်းစာ ကြီး ရဲ့  စာမျက်နှာ တနေရာ ကို ၊မေးငေါ့ ပြပြီး အကြည့်ခိုင်းလိုက်လေသည် ။ ဒီလို ရေးထားတယ်ပေါ့ ။
( အသေးစိတ်က ဒီနေရာမှာ ရှိပါတယ် ၊ )
ဒီသတင်းကို ဖတ်လို့ အပြီးမတော့ ဂုတ်ကျား မ တကောင် ၊ ရိုက်နှက်ဆုံးမ မှ ရမဲ့ သူများ ကို ရိုက်ပေးမှ ရမဲ့  သဘောတရားကို သဘောပေါက်သွားပါတော့သည် ။ သူ့ သား အရိုက်ခံ ရလို့  ထွက်နေတဲ့ ဒေါသအချောင်းများလည်း အစည်းပြေ သွား လေသည် ။ သို့ ပေမဲ့ ခွေးမတို့  သဘာဝ စပ်စုချင်စိတ်က ပေါ် လို့ လာတော့လည်း သူ့  အိမ်ဦးနတ်သခင်ကို မေးကြည့်မိလိုက်ပါသေးသည် ။
“ နေပါအုံး ဒါနဲ့  ရှင်ပြောတာ က ရိုက်နည်း အသွယ်သွယ် ဆိုတာ လေ ။ တခြား ဘာတွေ များ ရိုက်နေကြတာ ရှိသေးတာလည်း တော် ရဲ့  ”
“ဟင်း ဟင်း .. မင်းက သိချင်တော့ လည်း ငါကပြောပြရတော့မှာ ပေါ့လေ ။ဒီလိုလေ ကွ ။ ငါတို့  ငယ်ငယ်တုံးက ရိုက်တန်းကစားခဲ့ ကြတာ နည်းမျိုးစုံပဲ ။ ဖါးရိုက် ၊ ဂေါ်လီရိုက် ၊ ကြက်တောင်ရိုက် အစုံပါပဲ ။ ပျော်စရာတွေ ပေါ့ကွာ ။အဲ့ဒီတုံး ကတော့ ဖါးရိုက်တယ် ၊ ဖါးကလေးတွေ သေရတာ သနားရကောင်းမှန်းမသိ ပဲ ပျော်စရာထင်တယ် ။ ဖါးသား စားရတာကိုးကွ ၊ သူ သေချင်သေပစေ ။ ကိုယ်စားရဖို့  အရေးကြီးတယ်လို့ ပဲထင်မိတာ ။
ဟဲ ဟဲ .. အရွယ်လေး နဲ နဲ ရလာတော့ ခွေးတွင်ကျယ် လုပ်ချင်လာတယ်ပေါ့ကွာ ။ အာရိုက် ၊ ဂွင်ရိုက် ။ တပတ်ရိုက် ။အဲ့ဒီနည်းတွေ သုံးပြီး ခွေးမလေးတွေ လိုက် ဖန်တာလေ ။ ဒါလည်း မဆိုး ဘူး ကွ ။ ဂွင်ကျသွား တဲ့ အခါ အဆင်ပြေ ပြန်ရော ။ ဟဲ ဟဲ ဟဲ ၊
အောင်နက်တကောင် ငယ်ဘဝ ဂေါ်စွံပုံကို စမြုံ့ ပြန် ၊ ပြုံးတုံ့ တုံ့  နဲ့ ပြောနေလေတော့ ဂုတ်ကျားမ တကောင် ကြည့် မရတော့ ။
“တော်စမ်းပါ ။ ရှင်က အပိုးကို မကျိုးဘူး ။ ရိုက်လည်း ရိုက်နိုင်လွန်းတယ် ၊ ရှင်တင် ရိုက်တတ် တာ မဟုတ်ဖူးရှင့် ၊ ကျုပ်လည်း ခွေးပျို ဘော်ဝင်စ က ၊ ရိုက်ခဲ့တာ တွေ ရှိသတော့ ။ ခိခိ ”
ဂုတ်ကျားမ လည်း အားကျမခံ ပြန်ကြွားရတော့သည်ပေါ့ ။
“အံမယ် ၊ မင်းလို ပုံတုံးကြီးကများ ။ ဘာတွေ ဘယ်လို ရိုက်ခဲ့ တာတုံး ။ ပြောစမ်းပါအုံး ”
အောင်နက်က မယုံသလို မေးနေတော့ ဂုတ်ကျားမ က ပြုံစိစိ မျက်နှာပေး နှင့်
“ အဟင့် ရှင်ကသာ ကျုပ်ကို အထင်မကြီးတာ ။ ကျုပ် ငယ်ငယ်က ရွာ မှာ ကွမ်းတောင်ကိုင် ရှင့် ။ သူကြီးသား ကိုရွှေပွကြီး များဆို ကျုပ်ကို ကြိုက်လွန်း လို့  ။ အဟင်း ။ သူ့ အကူအညီ နဲ့ ကျုပ်လည်းရိုက်ခဲ့ပါတယ်တော် ..ရှင်တို့လို ဖါးရိုက်တာတော့ မဟုတ်ဖူး ။ဗွီဒီယို နဲ့ ကြော်ငြာတွေ ရိုက်တာရှင့် ။ အဟင်းဟင်း ... ”
“ အမလေးဗျာ ။ မင်းလို ပုလင်းဘော်ဒီ ကြီးနဲ့က ဗွီဒီယို နဲ့ ကြော်ငြာတွေ ရိုက်တယ်ဆိုတော့ ငါက ဟောလီဝုဒ်မင်းသား ကနေ တပြားမှ မလျှော့နိုင်ဘူးကွ ။ အဟက်။ ပြီးတော့ ရှိသေးတယ် ။ ဓါတ်ရိုက် ဓါတ်ဆင် တဲ့ ။ ဟို သဂျီး ကလူထွင်း ဆို ကွာ ။ အဲ့ဒါနဲ့တင် အမတ်တနေရာ ရသွားပါရောလားကွ ၊ ကြည့်စမ်းပါဦး ။ ဘယ်လောက်ကောင်းလိုက်တဲ့ ရိုက်နည်း စုံလင် ရိုက်လိုက်ချင် ဆိုတာ”
“ အို ဒါက ဘာဟုတ်သေးလို့ တုံး ။ ရိုက်ပုံ ရိုက်နည်း အစုံထဲမှာ အလန်းဆုံးရိုက်နည်းတခု ရှိသေးတယ် တော် သိရဲ့လား”
“ဟေ ..ဘာများတုံးကွ ဆိုစမ်းပါအုံး ။”
“ဒီမှာကြည့်လေ ။ ခုခေတ်ကြီးမှာ ပိုက်ဆံ တပြားမှ မကုန်ပဲ အရိုက်ခံရတာ ၊ဘယ်လောက်ကောင်းသလည်း ၊ ရှင်အရိုက်ခံချင် သွားလိုက်ပါလား ။ ဟင်းဟင်း ။ တချို့ မြို့ နယ်တွေမှာဆို အရိုက်မခံချင်လို့ လည်းမရဘုးတော်ရေ ။ ဝါသနာ ပါပါ မပါပါ သူတို့  ကတော့ ရိုက်မှာပဲ ။”
ကိုအောင်နက်တကောင် သူ့  မဟေသီပြတဲ့  သတင်းအတင်း စာနယ်ဇင်းမှာ ပါလာတဲ့ သတင်းလိုလို အတင်းလိုလို စာတပုဒ်ကို ဖတ်ကြည့် အပြီးမတော့ ထုံးစံအတိုင်း တဂိန်ဂိန်အော်ရင်း ငြီးတွားမိပြန်ပါတော့သည် ။
“ဂိန်.... ခွေးဖြစ်ရတဲ့ ဒုက္ခ ။ မရိုက်ချင်ပေမဲ့လည်း ရိုက်ရတယ် ။ အရိုက်ခံရအုံးမတဲ့ ။ ပိုက်ဆံ မကုန်ပေမဲ့ ခွေးသိက္ခာကုန်ပါတယ် ။ ဓါတ်ပုံလည်း အရိုက်မခံဘုးကွာ ။ ထဲ့ ခိုင်းတာလည်း မထဲ့ ဘူး ကွာ ။ဒီလိုဆို ဒင်းတို့  ဘာလုပ်မလည်း ။တောက် ။ ”
“အင်း ။ ဒီလို တက်ညီ လက်ညီ ဆိုရင်တော့ အကောင်းသားပဲ ကိုအောင်နက်ရေ ။ ခုတော့ မတန်မရာ ခေါင်းပေါင်းကြီး တကားကား နဲ့  မထေ့တထေ့ အပြုံးများနဲ့  အမြှီးနန့်သွားချင် နေကြတဲ့ ခွေးသစ္စာဖေါက်တွေကြောင့် ကျုပ်တို့ လို လေလွင့် ခွေးဝဲစားတွေ ပို ပြီး ဒုက္ခရောက်ကြရအုံးမယ်တော်ရေ ။”
ဘယ်လိုရိုက်နည်းဆိုတာ သိလိုရင်တော့ ဖတ်တော်မူ .....
ဒီနေရာကရတဲ့ အကြောင်းအရာပါ ။
မိတ်ဆွေတို့ ရော ဘယ်လို ရိုက်ပုံရိုက်နည်းများကို ကြိုက်နှစ်သက်ကြပါမည်လည်း...
ရေးလိုက်တိုင်း အောက်ပြည် အောက်ရွာ အကြောင်းတွေကနေကို မတက်နိုင်တော့ဘူးလား လို့  ပြောရင်လည်း ခံရပါအုံးမယ် ။ ဝါသနာသက်သက် ကြောင့်တော့လည်း မဟုတ်ပါဘူးလေ။သူလည်းလေ လောကီသားပေမို့  ပြောချင်ရှာပေလိမ့်မယ် လို့ သာ သဘောထားပြီး ရှူစားတော်မူကြပါ ။“ ဝမ်းတလုံးကောင်း ခေါင်းမခဲ ဘူး ”လို့  ရှေးလူကြီးများက ဆိုခဲ့ကြတယ် ။ တကယ့် ဆိုလိုရင်း အဓိပ္ပါယ်ကို အားလုံး သိကြပြီး ဖြစ်မှာပါ ။ ဝမ်းဗိုက်လေးက မှန်မှန်ကန်ကန် နဲ့ ဆိုရင် ဦးခေါင်းကြည်လင်စွာ နဲ့  နေလို့  ထိုင်လို့ကောင်းမှာပေါ့လေ ။ ဒါပေမဲ့  ဒီခေါင်းလေး တလုံးကြောင့် နေရထိုင်ရခက် တဲ့ အပြင် ထိုင်မရ ထမရ၊ လျှောက်မရ ပြုမရ ကွတတ အဖြစ်နဲ့  ကြုံဘူးကြသူတွေ အတွက် ကတော့.. ခေါင်းဆိုတဲ့  ခေါင်းကလေး က ကျွန်ုပ်တို့ ရဲ့  ဦးခေါင်း ကို ဆိုလိုတာ မဟုတ်ဖူးလို့  ပဲ ပြောကြလေမလား ။
ခေါင်းကလေးရယ် ခက်လှတယ်.....ဝမ်းတစ်လုံးမကောင်းရှာတော့ ဒီခေါင်းလေးတွေ ခဲရရှာပါတယ် ။
ပြောရမယ်ဆို ဘာခေါင်းလည်း .. လိပ်ခေါင်းပါ ။ ဘိုလို ဆိုရင် Piles ၊ ဒါမှမဟုတ် Hemorrhoids လို့ ခေါ်ကြတယ် ။
ဘာလို့  လိပ်ခေါင်းလို့ ခေါ်ကြတာလည်း ။။ လိပ်ခေါင်းလို ပြူတစ် ပြူတစ် နဲ့ မို့ လို့ ။
ပုံသဏ္ဍန်ကလည်း နဲနဲ တော့ ဆင်သားပဲလေ ။ လုံးလုံး တင်းတင်းလေး ကိုး။
တိရစ္ဆာန်လိပ်ကတော့ ဘယ်နှစ်မျိုးရှိသလည်း မသိပါဘူး ..ကမ္ဘာလိပ်တို့  စူဠလိပ် တို့ တော့ ကြားဖူးနားဝ ရှိပါတယ်။လိပ်ခမျာ သူ့ ဟာသူနေတာ တောင် လူတွေအပြောက မလွတ်ရှာပါဘူး ။ ကိုယ့်ဖက်ကိုယ်ယက်တဲ့  လိပ် လို့ပြောကြတယ် ၊ ဘယ်သတ္တဝါတွေကများ သူများဖက်ယက်တတ်ကြ လို့လည်း ။လူ တွေ က ပိုဆိုးသေး ။ ထားလိုက်ပါတော့ ...ခုပြောမဲ့ လိပ်ကတော့ အဓိက ၂ မျိုး ရှိတယ်ပေါ့ ။ဒီပုံလေးမှာကြည့်နိုင်ပါတယ် ။
လိပ်ခေါင်း ဘယ်နှစ်မျိုးရှိသလည်း ။
(၁)= အတွင်းလိပ် ( Imternal hemorrhoids )
သူ့ မှာ ရောဂါအတိမ်အနက်ခွဲခြားထားတာ အဆင့် ၄ ဆင့် ရှိတယ် ။
I- သူ့ ဟာသူ အတွင်းမှာ ပုန်းနေတယ်
II -ဝမ်းသွားချိန်မှာ အပြင်ကို ခဏတဖြုတ်ချောင်းကြည့်တယ် ၊ ပြီးရင် သူ့ ဟာသူ အထဲ ပြန်ဝင်သွားတယ် ။
III--ဝမ်းသွားချိန်မှာ အပြင်ကို ခဏတဖြုတ်ချောင်းကြည့်တယ် ၊ ပြီးရင် သူ့ ဟာသူ့ ပြန်မဝင် လို့  လက်နဲ့  ထိုးသွင်းပေးရတယ် ။
IV - ဘယ်လို သွင်းသွင်း ပြန်မဝင်နိုင်တော့ဘူး ၊ Prolapse ဖြစ်နေပြီပေါ့ ။
(၂) =အပြင်လိပ် ( External hemorrhoids )
ပုံမှာ ပြထား သလိုမျိုးပါ ။
(၃) =အရောအနှောလိပ် ( Mixed hemorrhoids ) ဆိုတာက အတွင်းနဲ့ အပြင်ရောနေတာကို ခေါ်တာမျိုးလည်းရှိပါသေးတယ်။
လိပ်ခေါင်းဆိုတာ ဘာလည်း ။ ဘာကြောင့်ဖြစ်တာလည်း ။ ?
လိပ်ကလေးတွေ ဘယ်လိုဖြစ် ။ လိပ်အမေကြီးမွေးလို့ ဖြစ် ။
လိပ်ခေါင်းလေးတွေကျတော့ လိပ်ခေါင်းအမေကြီး မွေးလို့  ဖြစ်တာ မဟုတ်ပါ ။ စအို ဝ ( Anus) အတွင်းဖက် ၊ Rectum ခေါ် မစင်မစွန့် မှီ ခေတ္တသိုမှီးထားတဲ့ နေရာ မှာ ရှိနေတဲ့  သွေးပြန်ကြောများ ထုံးပြီးဖေါင်းပွလာ လို့ ဖြစ်တဲ့ အဖုလုံး Varicose vein ကိုပဲ လိပ်ခေါင်းလို့  အမည်တပ်လိုက်ကြတာပါ ။
1 . ( straining during bowel movements ) - အူတွေဟာ အတွင်းမှာရှိတဲ့ ခြေဖျက်ပြီးသား အစာအဟာရတွေကို ခန္ဓာကိုယ်မှာ အသုံးပြုဖို့  စုပ်ယူကြရပြီး အသုံးမလိုတဲ့ အရာတွေကို မစင်အဖြစ်စွန့် ထုတ်ဖို့  အစာလမ်းကြောင်းတလျှောက် အောက်ဖက်ကို ဖြေးဖြေးချင်း လှုပ်ရှား ပို့ ဆောင်ပေးရတယ် ။အဲ့သလို bowel movements တွေ ရှိနေစဉ်မှာ ဝမ်းဗိုက်ကို အတင်းညှစ်လေ့ ညှစ်ထရှိရင် လိပ်ခေါင်း ဖြစ်တတ်တယ်
2. ( Sitting for long periods of time on the toilet ) - အိမ်သာတက်တဲ့ အချိန် အလွန်အမင်းကြာမြင့်ရင် ။ တချို့ ဆို သတင်းစာလေး ဝတ္ထု စာအုပ်လေး ဖတ်ရင်း၊ ဆေးလိပ်လေးသောက်ရင်း ဇိမ်ယူပြီး အိမ်သာတက်လေ့ရှိတာ ဆိုတော့ သတိထားပေါ့ ။
3.( Chronic diarrhea or constipation) -အမြဲတစေ ဝမ်းလျှောလေ့၊ ဒါမှ မဟုတ် ဝမ်းပိတ်၊ဝမ်းမာ လေ့ရှိသူများ မှာ လိပ်ခေါင်းဖြစ်လွယ်တယ် ၊
4. ( Obesity ) - အဝလွန်သူများ ၊ ဝ သူ တိုင်းတော့ လိပ်ခေါင်းရှိတာ မဟုတ်ပါဘူး ။ အဝလွန်သူများမှာ ကိုယ်လက် လှုပ်ရှားမှု နည်းပြီး ၊ high fibre diet ခေါ်တဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ စားသုံးမှု နည်းပါး မယ်၊ ရေ သောက်သုံးမှု နည်းပါးမယ် ဆိုရင် ပိုဖြစ်တတ်တာပါ ။
5. ( Pregnancy ) - ကိုယ်ဝန်သည်များမှာ လည်း လိပ်ခေါင်း ဖြစ်တာ များပါတယ်။ သန္ဓေသား ကြီးထွားလာလေ ၊ ခြေအောက်ပိုင်းမှ သွေးပြန်ကြောတွေကို ပိုဖိတတ်လေ ဆိုတော့ ခြေထောက်က သွေးကြောတွေရော ၊ စအို ကသွေးကြောတွေပါ ထုံးတတ်ယောင်တတ်ပါတယ် ။
6. ( Anal intercourse ) - ဒါကတော့ စအိုနဲ့ လိင်ဆက်ဆံ ခြင်း ပြူသူများ မှာ ပွတ်တိုက်ဒါဏ်ရာ ရပြီးစအိုနံရံ သွေးကြော တွေ ယောင်ယမ်း တတ်လို့  ဖြစ်တာပါ။
ဘယ်လိုခံစားရမလည်း ။
-များသောအားဖြင့်တော့ အပြင်လိပ် က နာတတ်တယ် ။ ယားယံတတ်တယ်။ အပြင်လိပ်ရဲ့  သွေးကြောထဲမှာ သွေးခဲ သွားမယ်ဆိုရင် တော့ thrombosed hemorrhoid လို့ ခေါ်ပြီး မခံမရပ်နိုင်အောင် နာကျင်လာတတ်တယ် ။ ဒီလိုအခြေအနေ ဆိုရင်တော့ သွေးခဲကို ခွဲ ဖေါက်ထုတ်ရမှာ ဖြစ်တယ် ။
-အတွင်းလိပ်ကတော့ သိပ်နာလေ့ မရှိပါဘူး ။ ဒါပေမဲ့ အတွင်းလိပ် ကြီးလာရင် ၊ အရေအတွက်များလာရင် အောက်ဖက် ဆင်းလာတတ်ပြီး နယ်ကျွံလာနိုင်ပါတယ် Prolapse လို့ ခေါ်တယ် ။အဲ့လိုအခါကျတော့ တစ်ဆို့ ဆို့ နဲ့ နေရတာ မအီမလည် ဖြစ်နေတတ်တယ် ။ အရော အနှော လိပ်လည်း ဖြစ်လာတတ်တယ် ။
-နောက်တချက်က ဝမ်းသွားနေစဉ် နဲ့  ဝမ်းသွား အပြီးမှာ သွေးထွက်တတ်တယ် ။ သွေးက လတ်လတ်ဆတ်ဆတ် ထွက်တာမျိုးဆိုတော့ fresh blood အရောင် အနီရဲရဲပေါ့ ။ ( အစာလမ်းကြောင်း အပေါ်ပိုင်း ၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှ ထွက်တဲ့ သွေးဆိုရင်တော့ ဝမ်းထဲမှာ အမဲရောင် စေးကပ်ကပ် အနေနဲ့  တွေ့ ရမှာ ဖြစ်တယ် ။tarry stool လို့  ခေါ်ပါတယ် )
ဘယ်လို ရှာ ။
လိပ်ခေါင်းမှန်းသိဖို့ လွယ်ပါတယ် ။
အပြင်လိပ်ဆိုတာ စအိုဝမှာ မြင်ရလွယ်ပါတယ်။ ဒီလိုပါ ။ တခါတလေကျရင်တော့ hematoma ခေါ် သွေးစု နဲ့ မှားတတ်ပါတယ် ။
-အတွင်းလိပ်အတွက် စအိုထဲ လက်ချောင်းနဲ့ ထိုးပြီး စမ်းလို့ရတယ်(Digital Examination ) ။
-ဒါ့အပြင် Anoscope, Proctoscope or Sigmoidoscope စသဖြင့် စအိုဝမှ ပြွန်သွင်းပြီး တီဗွီကြည့် စစ်ဆေးလို့ရတယ် ။
ဘယ်လိုကု ။
လိပ်ကလေး ရဲ့ အခြေအနေပေါ်တည်ပြီး ကုနည်း အမျိုးမျိုးရှိပါတယ် ။
(၁) ဆေး နဲ့ ကု ၊ မခွဲဘူး ။ ဒါးကြောက်လို့  မခွဲချင်သူများလည်းရှိတယ်။ အတွင်းလိပ် အဆင့် I,II နဲ့  အလုံးသေးရင်လည်း ခွဲစရာ မလိုလှသေးပါဘူး။ဒီတော့ ဆေးလိမ်းမယ် ။ ဆေးသောက်မယ်ပေါ့ ။ လိမ်းဆေး သို့ မဟုတ်၊ စအိုထဲ ထည့်တဲ့ ဆေးတောင့် မှာ Preparation H တို့ ၊ Proctosedyl တို့  ဆိုတာ တွေရှိတယ် ။ သူတို့ က သွေးကြောထုံး အလုံး ကို အယောင်ကျပြီးသေးစေတယ်။ hydrocortisone ပါတဲ့ လိမ်းဆေး သုံးပေးရင်တော့ ယောင်ရမ်းတာ နဲ့  ယားယံတာ သက်သာစေနိုင်တယ် ။ Xylocaine အစရှိတဲ့ .. နောက်ဖက်မှာ “-caine" ပါတဲ့ ဆေးတွေကတော့ နာကျင်တာကို သက်သာစေနိုင်ပါတယ်။
နောက် လိပ်ကလေး နာကျင်ကိုက်ခဲ နေရင်တော့ အနာအကျင်ပျောက်ဆေး နဲ့  တွဲ သောက် ပေါ့ ။ တချို့ ကျတော့ လိပ်ကလေး စဖြစ်ခါစ နုနု လေးဆို Hydrotherapy ခေါ်တဲ့ ရေနွေးနွေးလေးထဲ စိမ်တာ ။ Cold compress ခေါ်တဲ့ အအေး အုပ်ပေးတာ ။ အပြင် လိပ်ကလေး ကို moisturizer.ဒါမှမဟုတ် witch hazel ပါတဲ့ Topical astringent ဖန်ရည် ဆေးတာတွေ နဲ့ သက်သာအောင် လုပ်ပေး နိုင်ပါတယ် ။ ဆေးခန်း ဆေးရုံမှာ သွားကုစရာမလိုသေးလို့  Home Treatment လို့ ခေါ်ကြတယ် ။
(၂) ဒါးနဲ့ ကု ။ ခွဲမယ်စိတ်မယ် (Hemorrhoidectomy )
-အတွင်းလိပ်ရဲ့  အဆင့် ၃ နဲ့  အထက်ဆို ခွဲစိတ်ဖို့  လိုနေပါပြီ ။ ( ခွဲပုံ ခွဲနည်းတွေတော့ မပြောတော့ပါ )
(၃) သားရေကွင်းပစ်မယ် ။ Rubber band ligation ပေါ့ ။ ဒီပုံလေးအတိုင်းပါပဲ။
သူကတော့ သေနတ်ပုံ သဏ္ဍန် ရှိတဲ့ ကရိယာလေးထိပ်မှာ သူ့ အတွက် သုံးရမဲ့ သားရေကွင်းသေးသေးလေး စွပ်ပြီးတော့ အတွင်းလိပ် ရဲ့  လည်ပင်းလို နေရာ လေးပေါ်မှာပစ်စွပ်ပေးလိုက်တာပါ။ ဒီတော့ လိပ်ခေါင်းဖုရဲ့  အရင်းမှာ သားရေကွင်းလေးက တင်းကြပ်စွာ ပတ်ထားသလိုမျိုး ဖြစ်သွားပြီး သွေးမလျှောက်တော့ပဲ လိပ်ခေါင်းလေးမှာ ညှိုး ခြောက်ကာ ပြုတ်ကျလာတတ်ပါတယ်။
(၄) အပေါ်က နည်းတွေ အပြင် ၊ တချို့ ကျတော့ ဒါးနဲ့  မခွဲစိပ်ပဲ လျှပ်စစ်ဓါတ်နဲ့တို့ ခြင်း ( Hemorrhoidolysis )၊ လိပ်ခေါင်းထဲ ကို ဆေးထိုးပြီး မာခဲ သွားအောင်လုပ်ပြီး လိပ်ခေါင်း ကြွေကျစေခြင်း ( Sclerotherapy ) ၊ အအေးဓါတ်နဲ့  တို့ခြင်း( Cryosurgery ) စတဲ့ နည်းတွေ နဲ့လည်း ကုသကြပါသေးတယ် ။
ဘယ်လို ကာကွယ် နေထိုင်မယ် ။
ဝမ်းမှန်အောင် နေထိုင်မယ် ။
-ရေများများသောက်ပါ ။
-အမျှင်ဓါတ်များတဲ့  အစာ High fibre diet အသီးအရွက် တွေ များများစားပါ ။ ဝမ်းမချုပ်စေ နဲ့  လို့  ဆိုလိုပါတယ်။ဝမ်းမချုပ်အောင် တနေ့ လိုအပ်တဲ့ dietary fibre ပမာဏမှာ ၂၀ မှ ၂၅ ဂရမ်မျှ ဖြစ်ပါတယ် ။
-အိမ်သာတက်ချိန်မှာ အကြာကြီး ဇိမ်ဆွဲ မထိုင်ရ (ဆေးလိပ်ကလေး ဖွာရင်း ။ သီချင်းလေး နားထောင်ရင်း ၊ဝတ္ထု စာအုပ်တအုပ်လုံး၊ သတင်းစာ တစောင်လုံးဖတ်ရင်း အိမ်သာတက်တတ်သူများ သတိချပ်ရန် ၊)
-အရက်၊ ကဖင်း နဲ့ အပူအစပ် အစာတွေ က လိပ်ခေါင်းကို ပိုဆိုးစေတတ်လို့  လိပ်ခေါင်းသမားများ အစားအသောက် ဆင်ခြင်ဖို့ လည်း လိုပါတယ် ။
- သင့်တင့်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းများ လုပ်ပေးပါ ။
နောက်ဆက်တွဲ ပြသနာတွေ...
(၁)-သွေးအားနည်းမယ် ။ နေ့ စဉ်နေ့ တိုင်း ၊ဝမ်းသွားတိုင်း စအိုမှ သွေးယိုဆင်းတာကြာလာတော့လည်း သွေးအားနည်းလာတာပေါ့ ။ (Chronic Anemia , Iron deficiency Anemia )
(၂)- Strangulated hemorrhoid လို့ ခေါ်တဲ့ ၊ သွေးကြောထုံးလေးတွေရှိတဲ့ သွေးပြန် ကြော တွေ ခေါက်လိန်သွား တဲ့ အခါ သွေးကောင်းကောင်း မလှည့်ပတ် နိုင်တော့ပဲ လိပ်ခေါင်း ပတ်ဝန်းကျင်က အသားစတွေ ပျက်စီး စေတယ် ၊ ဒါကို gangrene လို့ ခေါ် ပြီး အဲ့ ဒီအချိန် မှာအရမ်းနာတတ်တယ်။
ဆင်တူရိုးမှား ရောဂါများ ။
လိပ်ခေါင်းနဲ့ ခပ်ဆင်ဆင် ပဲ စအိုဝ နားမှာ ဖြစ်လေ့ ဖြစ်ထ ရှိတာတွေ ကတော့ ...
စအိုကင်ဆာ( rectal cancer) ၊ စအို ကွဲအက် (anal fissure ), စအို ပြည်တည်နာ (anal abscess ) ၊ စအို ဝ အပြင် နဲ့ အတွင်းမှာ ဂလှိုင်လို လမ်းကြောင်းဖြစ်နေတဲ့ (anal fistula) ဂရင်ဂျီနာ လို့ခေါ်မယ်ထင်တယ် ၊ ,သွေးစုနာ( perianal hematoma ) စသဖြင့် အမျိုးမျိုးရှိတတ်တဲ့ အတွက် စအိုတဝိုက်မှာ တခုခု နေမထိ ထိုင်မသာ ဖြစ်နေရင် ဆေးမီးတိုနဲ့  ကြိတ်မကုပဲ ကျွမ်းကျင်တဲ့ ဆေးဘက်ဝန်ထမ်းတွေနဲ့ ပြသ ပြီး ကုသမှု ခံယူကြရင် အကောင်းဆုံး ပါပဲ ။
ဒီနေရာ ၁ ။ ၂ တွေ မှ အချက်အလက်များ ရယူ ရေးသားပါတယ် ။
ကောင်းသင့်တဲ့ ခေါင်းလေးကောင်းမွန်စွာ မှန်ကန်စွာ စဉ်းစား တွေးခေါ် လုပ်ဆောင်နိုင်ကြပါစေ ။
မကောင်းတဲ့  ခေါင်းကလေးများ ရန်မှလည်း ကင်းကွာပြီး အနာမဲ့စွာ အသက်ရှည် နိုင်ကြပါစေ ။
ပျိုပျိုမေတို့ ကို အကာအကွယ်ပေးမဲ့  သတင်းကောင်းလေးတခု လက်တို့  ပြောမလို့  ။ woman's talk နော် ။ အမျိုးသားများ မဖတ်ရ ။ (စပ်စုချင်ရင်တော့ ဆက်ဖတ်ပေါ့လေ ။ လူတွေက မလုပ်နဲ့ လို့  တားမြစ်ထားမှ ပိုလုပ်ချင်ကြတယ်မို့ လား ။ဒီတော့ ဆက်မဖတ်ပါနဲ့ ဆိုလည်း ဖတ်မှာပဲ ။ သိပြီးသား ။ ဖတ်ပြီးရင်တော့ အပြုသဘောဆောင်ပေးကြပါ လို့  မေတ္တာရပ်ခံပါတယ်)
ဒီလိုပါ ။ ခုခေတ်ထဲမှာ ကွန်ဒုံ ( Condom) ဆို တာ လူတိုင်း ကြားဘူးနားဝ ရှိနေပြီးသားဖြစ်လိမ့်မယ် ထင်ပါတယ် ။အမျိုးသားတွေ သုံးတဲ့  ပစ္စည်း တခုပေါ့ ။ သူ့ အဓိက တာဝန်ကတော့ ဖိုမ ဆက်ဆံရာမှာ သဋေသားမရအောင် ကာကွယ်တားဆီးပေးတဲ့  အရာတခုပါ။ နောက်ပြီး လိင်ဆက်ဆံမှုကြောင့် ဖြစ်လာနိုင်တဲ့  ရောဂါများ ( ဥပမာ - ကိုယ်ခံစွမ်းအားကျဆင်းမှု ရောဂါ AIDS ဖြစ်စေတဲ့ HIV ပိုး , လိင်ကြောင့်ဖြစ်သော ကာလသားရောဂါ များ ၊ Sexually Transmitted Disease ,) အစရှိတာတွေ ကို ကာကွယ်ပေးဖို့ လည်း အသုံးပြုကြပါတယ်။ ပုံသဏ္ဍန်အမျိုးမျိုး ။အရောင်အမျိုးမျိုး၊ အထူအပါး ၊အနံ့ အမျိုးမျိုး တို့  ရှိပါတယ်။
အခု တီထွင်ထုတ်လုပ်လိုက်တာ ကတော့ Anti-Rape Condoms လို့ ခေါ်ပေမဲ့ အမျိုးသားဆီမှာသုံး ရတာ မဟုတ်ပဲ အမျိုးသမီး မှာ ထဲ့ထားကြရတာ ပါ ။ Rape-aXe လို့ နာမယ်ပေးထားပါတယ် ။ သူ့ ကို တောင်အာဖရိကနိုင်ငံ သွေးသွင်းစစ်ဆေးတဲ့  ဓာတ်ခွဲခန်းပညာရှင် တဦး ဖြစ်သူ Sonette Ehlers လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က တီထွင်လိုက်တာပါ ။ ဘာကြောင့်လည်းဆိုတော့ သူ အလုပ်လုပ်နေတဲ့ နေရာမှာ ၊ မုဒိမ်းကျင့်ခံရလို့  မကြာခဏ ရောက်လာကြတဲ့  အမျိုးသမီး ဒုက္ခသည်များကို တွေ့ ရှိရပြီးတဲ့နောက် ဒီလို အဖြစ်တွေကို ကာကွယ်ပေးနိုင်အောင် ကြံစည် တီထွင်လိုက်တာပါ ။ စစချင်းကတော့ သူ့ ကို RapeX လို့  ခေါ်ပြီး ၂၀၀၆ မှာ Anti-Rape Condoms လို့  ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ် ။ Rape-aXe ဆိုတာလညိး တူတူပဲ ဖြစ်ပါတယ် ။
ပုံမှာ ပြထားတဲ့ အတိုင်း သူ့ ရဲ့  အတွင်းဖက် မျက်နှာပြင်မှာ ဆူးတွေ ပါတယ် ။ အပြင်မျက်နှာပြင်ကတော့ ချောမွေ့ နေလို့  အသုံးပြုတဲ့  အမျိုးသမီးကို ထိခိုက်ဒါဏ်ရာ မရစေနိုင်ပါဘူး ။ သူ့ ကို ရာသီလာရင် သုံးတဲ့ tampon လိုပဲ မိန်းမကိုယ်( vagina ) ထဲမှာထဲ့သွင်း သုံးကြရမှာ ဖြစ်ပါတယ်။
တကယ်လို့  မုဒိမ်းကောင်က ကိုယ့်ကို ကျူးလွန်ဖို့ ကြံစည်လာခဲ့ရင် ထိုလူရဲ့ လိင်တံဟာ ဆူးချွန်များမှာ စိုက်မိပြီး နာကျင်စေမှာ ဖြစ်တယ် ။ ဒါကြောင့် ထိုသူကလိင်တံကို ပြန်ချွတ်လိုက်ရင် အဲ့ဒီ ပစ္စည်းက လိင်တံနှင့်အတူ ပါသွားမှာ ဖစ်ပြီး တချိန်ထဲမှာပဲ ဒီ အမျိုးသမီးအတွက် ထွက်ပြေးဖို့ အခွင့်အရေးရမယ် ဖြစ်တယ်။ အဲ့ဒီ ကွန်ဒုန်းကို ဒီအတိုင်း ဖယ်လို့  မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မှာဖြစ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းတွေမှနေပြီး ဒီ မုဒိမ်းသမားကို စောင့်ဖမ်းနိုင်မှာလည်း ဖြစ်တယ်။ ဒါ့အပြင် အဆိုပါ ကွန်ဒုံးကြောင့်ဖြစ်တဲ့ ဒဏ်ရာကို သက်သေအဖြစ်နဲ့ တရားရုံးသို့ တင်သွင်းနိုင်မှာ ဖြစ်တယ် ။
အဲ့ဒီတော့ အန္တရာယ်များတဲ့ အရပ်ဒေသမှာ အချိန်မတော် သွားလာ လှုပ်ရှား လုပ်ကိုင်နေကြရသူ ပျိုပျိုမေတို့ အတွက် ကြိုတင်ကာကွယ်ဘို့  နည်းလမ်းတခု ရှိပြီ ဖြစ်တဲ့  အကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။
( ဒါပေမဲ့  ဒီပစ္စည်းကို ထဲ့သွင်းနေတုံး၊ အခန့် မသင့်ခဲ့ရင် ကိုယ့်ကိုယ်ကို ပြန်ပြီး စူးမိရှမိ မလား ဆိုတာတော့ မပြောတတ်ဖူး ။ သူ့ ကို အသွင်း အထုတ်လုပ်ဖို့  အတွက် applicator တခု အသုံးပြုရမှာဖြစ်ပြီး အဆိုပါ ကွန်ဒုံး ရဲ့ ကုန်ကျ စရိတ်က ၅၀ မှ ၆၀ ဆင့် လောက်ပဲ ရှိတယ်လို့  ခန့် မှန်းပါတယ်။ရောင်းဈေးတော့ မသိပါ ။ ) ကြွက်ထောင်ချောက် ထောင်ရင်း ကိုယ့်လက်ကိုယ်ပြန်ညှပ် ခံရ ဘူးသူ တွေ ရှိကြ မှာပါ ၊အလားတူစွာပဲ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာ စဉ်းစား မိလို့  အသုံးပြုလိုသူများ ဆက်ပြီး လေ့လာဖို့  ...အမေးအဖြေလုပ်ထားကြတာတွေ တော့ ရှိပါတယ် ။သူတို့ ပြန်လည် ဖြေဆိုချက်အရ ကတော့ အသုံးပြုသူ အမျိုးသမီးကို ထိခိုက်ဒါဏ်ရာ မရစေ နိုင်ဘူး လို့  သိရပါတယ်
အကြောင်းအရာ များကို ဒီနေရာ ၁ ။ ၂ တွေ မှ ရယူပါတယ် ။
အသေးစိတ် မိတ်ဆက်ခြင်း နဲ့ သရုပ်ပြပုံကြည့်လိုသူများ ဒီနေရာ သို့  သွားပြီးဆက်လက်ရှုစားလေ့လာနိုင်ပါတယ် ။
ပျိုပျို အိုအို အားလုံးသော အမျိုးသမီးများ ကျားဆိုး အန္တရာယ်မှ ကင်းဝေး နိုင်ကြပါစေ ။
တိတိကျကျ ဆုံးဖြတ်ချက်တခု ချမှတ်ရတော့မယ့်အချိန် တကယ်ရောက်လာတော့လည်း သူ တွေဝေနေမိပါပြီ ။တနေ့ နေ့ တချိန်ချိန်မှာတော့ မွေးရပ်မြေသို့  ပြန်ရပေမည် လို့  အစောကြီးကတည်းက နားလည်ထားပေမဲ့  ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ရောက်လာလိမ့်မည် ဟု မထင်ထားမိခဲ့ ။ ခုတော့ မမျှော်လင့်ပဲ မဖြစ်ချင်တာတွေ ဖြစ်လို့ လာရပေတော့မည် ။ သူ ဆုံးဖြတ်ချက်ချ မှ ဖြစ်တော့မည်လေ ။သိစိတ် နှင့် မသိစိတ် ၊ ညှာ လိုစိတ် နှင့် ညာ လိုစိတ် တို့  လွန်ဆွဲ လို့ နေကြပေပြီ ။ဘယ်ဘက်တိမ်းလို့  ယိမ်းရပါတော့မလည်း လို့  သူ့  ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိ နေသည်မှာလည်း အကြိမ်ပေါင်းတသိန်းမက တော့ ။ ဘယ်အရာမှ တိတိကျကျ မဆုံးဖြတ်တတ်၍ မိမိကိုယ် မိမိ ဆက်ပြီးညာ နေခဲ့သည်မှာ နှစ်ချို့ အညာ တခုဖြစ်နေရပြီပဲ ။
တွေဝေ လမ်းခွဲ အစ။ ။ …
သူ ဆိုတာ လူ့ ဘဝထဲ ရောက်မလာခင် အမေ့ဗိုက်ထဲ နေရစဉ်တည်းက တွေဝေနေခဲ့တတ်သူ ။ သူရောက်နေပြီဆိုတဲ့ အကြောင်း အမေမသိစေအောင် တိတ်တဆိတ် နဲ့ချောင်ကပ် နေခဲ့တာ ၊ အဖေတာဝန်အရ ရေခြားမြေခြားမှာ နှစ်ရှည်နေဖို့  အချိန် မသွားခင်လေးမှာ ၊ ဧည့်သည်သစ်လေး တယောက် အမေ့ဆီရောက်နေကြောင်း ပြောရကောင်းနိုး မပြောရကောင်းနိုး ၊ဇဝေဇဝါဖြစ်အောင် သူလုပ်ခဲ့တယ် ။ ခုခေတ်မှာလို အလွယ်တကူစစ်ဆေးဖို့  ကရိယာလည်း မရှိတော့ ၄လကျော်မှ တိတ်တခိုး ဧည့်သည်ရောက်နေကြောင်း အဖေ့ဆီ အကြောင်းကြားခဲ့ရတယ် တဲ့  ။အမေ့ကို ဒုက္ခပေးဖို့ များလားတော့မသိ ၊ အမေ့ဗိုက်ထဲမှာလဲ ကောင်းပြီ ကောင်းရဲ့ နဲ့ ကောင်းကောင်းမနေ ၊မမွေးခင် ပုံမှန်စစ်ဆေးနေတုံးကတော့ ပုံမှန် အနေအထား တဲ့ ၊ မွေးခါနီးကျမှ ဇောက်ထိုး မနေချင်လို့  ကန့်လန့် ပြောင်းနေသေးတယ် ။ ပြီးတော့ကျ ခြေထောက်နဲ့ ထွက်အုံးမတဲ့လေ ။အိုဂျီခမြာလည်း ဟိုလှည့် ဒီလှည့် ။ဘယ်လိုမှ လှည့်မရတဲ့ အဆုံး ရုန်းရင်းကန်ရင်း ခြေနဲ့ပဲ ဘွားခဲ့ရတယ် ။ မွေးကာစ ပေါင်မပြည့်လို့  ဖန်ပေါင်းချောင်ထဲ ယောင်တောင်ပေါင်တောင် နေခဲ့ရသေးသတဲ့ ။တော်သေးတာပေါ့လေ ။ သမားကောင်းနဲ့ တွေ့ ခဲ့ရလို့  အာရုံကြောတွေ မထိခိုက်ပဲ လူလားမြောက်ခဲ့ရတယ်။ သူများနဲ့ ယှဉ်လိုက်ရင် လူကောင်က ခပ်သေးသေး ပိစိကွေးပေါ့ ။
သူ့ ငယ်စဉ်ဘဝကို သာမာန်လိုပဲ ဖြတ်သန်းခဲ့ရတယ် ။ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေတတ်ပေမဲ့  သိပ်တော့ အခက်အခဲ မရှိလှပါဘူး ။ ကျောင်းသားဘဝ ကျောင်းတက် စာကျက် ၊ နည်းပေမဲ့ သူ့ အပေါ်ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ကြီးပြင်း ၊ အချိန်တန်တော့ ဆယ်တန်းဆိုတဲ့ အတန်းကျောင်းကိုအောင်မြင်ခဲ့တယ် ။ဒီအချိန်မှာ တွေဝေစရာတခု ကြုံခဲ့ ရပြန်တယ် ။ အဲ့ဒီခေတ် က ဆယ်တန်းကို အမှတ်ကောင်းကောင်း နဲ့ အောင်မြင်သူတွေ ရွေးချယ်ကြတာက ဆေးကျောင်း တဲ့ ။ ဒါပေမဲ့ သူ ဝါသနာ မပါလှ ။ စက်ပစ္စည်း ကရိယာတွေကို ပိုပြီးစိတ်ဝင်စားတဲ့ သူတယောက် အမှန်တကယ် ရွေးချယ်သင့်တာ စက်မှုပညာ နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်သာ ဖြစ်သင့်တယ်ပေါ့ ။ ဒါပေမဲ့ ဘာ ဖြစ်ချင်တယ်ရယ်လို့ သေချာ တိကျတဲ့ ဦးတည်ချက်က မရှိသေး ။ တွေဝေလေ့ရှိတဲ့ သူတယောက် ပြတ်ပြတ်သားသား မဆုံးဖြတ်ဝံ့ ။တွေဝေလမ်းခွဲ မှာ ဘယ်လမ်းရွေးရမလည်း သူ မသိ ။ အရာရာမှာ မိဘအားကိုးတတ်သူတို့ ရဲ့ ထုံးစံအတိုင်း ကိုယ့်ဦးနှောက်နဲ့ ကိုယ်မစဉ်းစားချင်တော့ ။
ဒီလိုနဲ့ ပဲ ဘယ်အရာမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသူတယောက် အနေနဲ့  သူ့ အမေရွေးချယ်ပေးခဲ့တဲ့ ဆေးကျောင်းဆိုတာကြီးကို ဦးတည်ချက်ကင်းမဲ့စွာ နဲ့ တက်ရောက်ခဲ့တယ် ၊ သူ့ တာဝန်တော့ သူကျေအောင် တနှစ် တတန်း မှန်မှန်အောင် ဖို့  ကလွဲရင် ရည်မှန်းချက် ကြီးကြီးမားမား မရှိခဲ့ ။ သူများယောင်လို့  ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့  ဝေလေလေ အချိန်တွေ ဖြတ်သန်းခဲ့ ရပြန်ပါတယ် ။ ဝါသနာ အရ မဟုတ်တော့ စိတ်ဝင်စားမှု အထိုက်အလျှောက် လျော့ပါးခဲ့လို့  ထူးထူးချွန်ချွန် ဖြစ်မလာပေမဲ့လည်း အချိန်တန်တော့ ဘွဲ့ တခု ရမယ် ဆိုတာလောက် ပဲခံယူခဲ့တယ် ။ အဲ့ဒီအချိန်မတိုင်မီမှာ တိုင်းပြည်ကြီးလည်း ကမောက်ကမ ဖြစ်ပြီးရင်း ဖြစ်နဲ့ဆိုတော့ ကိုယ့်ဘဝ ကိုယ်ရပ်တည်ဖို့  ကိုယ့်လမ်းကိုယ်လျှောက်ဖို့  လမ်းခွဲတွေ အများကြီး တွေ့ ကြုံလာရပြန်တယ် ။ ဒီတခါ တွေဝေလမ်းခွဲ ဘယ်လမ်းရွေးမလည်း ။သူ သတ္တိ နည်းခဲ့ ပြန်တယ် ။ သူငယ်ချင်းတချို့  ရဲရဲဝံ့ဝံ့ တိုးဝင်သွားခဲ့တဲ့ ခရီးလမ်းကြမ်းဆီ သူမလျှောက်ရဲ ခဲ့ဘူး ။အတ္တစိတ်တွေ ကြီးစိုးနေမိတဲ့အချိန် အများအတွက်ဆိုတာ ဘယ်လိုမှ မစဉ်းစား မိခဲ့ ။ကံစီမံရာလို့ ပဲ ၊ မမြင်ရတဲ့ ကံကြမ္မာဆိုတာကြီးကို အပြစ်ပုံချ ဖြေသိမ့်ဖြစ်ခဲ့တယ် ။
တွေဝေလမ်းခွဲ အလယ် ။ ။...
နောက်တော့ ဘွဲ့ လက်မှတ်ဆိုတာကြီး ရပြီး တန်ဘိုးရှိတဲ့ အချိန်တွေကို ကမောက်ကမဖြစ်စွာနဲ့ပဲ အများနည်းတူ အလဟသ ကုန်ဆုံးစေခဲ့ရတယ် ။ ပညာရှာတဲ့ ပထမအရွယ်ကုန်ဆုံးခဲ့ပြီ ဆိုတော့ ဥစ္စာရှာတဲ့  ဒုတိယ အရွယ် ရောက်ခဲ့ပြီပေါ့။ ဒီတော့ ရှေ့ မှုာ ရွေးချယ်စရာ လမ်းနှစ်သွယ် တွေ့ ရပြန်တယ် ။ အပြင် နဲ့  အတွင်း ဘယ်လမ်းလျှောက်မလည်း ဆိုတာ ရွေးချယ်ဖို့  နောက်ဆုံး အချိန် ထိ တွေဝေနေခဲ့ ပြန်ပါတယ် ။ဒီတခါတော့ အမေက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချဖို့ လောက်သာ ပြောဆိုတော့မှ သူ အမေ့ကို သတိပြုမိခဲ့တာ အမေအသက်ကြီးလာပြီ ဆိုတာကိုပါပဲ ။အလုပ်မှာ အားမာန်အပြည့် နဲ့ လုပ်နိုင်သေးပေမဲ့ စိတ်ဒါဏ်ရာ ဖိစီးမှုခံနေရတဲ့အသွင်အပြင်တွေ တနေ့ တခြား ပိုများလာနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဆုံးဖြတ်ချက်တခု သူချရတော့မယ် ။ စီးပွားရေး တိုက်ခိုက်မှုကြီး အောက်မှာ ရိုးရိုးကုပ်ကုပ်နေသူတွေရဲ့  ရလာဒ် ဖြစ်တဲ့ ယိုင်နဲ့ ကျဆင်းမှုတခု ဒီလောက် မြန်မြန်ဆန်ဆန်ကြီး သူတို့  မိသားစုဆီ ရောက်လာမယ်လို့ မထင်မိခဲ့။ အမေနှုတ်က ဖွင့်မပြောပေမဲ့  မှုံရီနေတဲ့ မျက်ဝန်းတစုံက အဓိပ္ပါယ်ကို သူနားလည်မိလိုက်တော့ ၊ ဆရာကြီး မင်းသုဝဏ်ရဲ့ “သာသည့်မြေသို ”့ဆိုတဲ့ ကဗျာလေး အခါခါကြားယောင်ရင်းနဲ့ ပဲ သူလျှောက်ဖို့  လမ်းတသွယ်ကို ပထမဦးဆုံးသော သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့  ရွေးချယ်လျှောက်ခဲ့တယ် ။ ဆွေမရှိ မျိုးမရှိ ၊ ရေခြား မြေခြား တိုင်းတပါးမှာ ကိုယ့်ဟာကိုယ် ထွင်ပြီး လျှောက်ကြရတဲ့  လမ်းတိုင်းဟာ မချောမွေ့ ပဲ အထစ်အငေါ့တွေများစွာ တွေ့ ရတတ်တဲ့ သဘာဝကို သူတဖြေးဖြေး နားလည် သဘောပေါက်တဲ့  အချိန် ၊ နောက်ပြန် ဆုတ်ဖို့ လည်း မဖြစ်နိုင်တော့ အံကြိတ်ပြီး ရှေ့ ဆက်လျှောက်ခဲ့ပါတယ် ။ ဘဝဆိုတာ အမြဲတမ်းလည်း မှောင်မိုက် မနေပါဘူး ။ လပြည့် လကွယ် ညများမှာ ပျော်လိုက် ရှိုက်လိုက် နဲ့ ရာသီစက်ဝန်းကြီးလည်း တပတ်ပြီးတပတ် လည်ရင်းနဲ့  ဒုတိယ အရွယ်မှာ သူရုန်းကန်နေရဆဲပါ ။
အနေကြာလာတဲ့  ဒီအပြင်လမ်းမှာ များပြားလှတဲ့ အပျော်တွေ တွေ့ ရှိခံစားနေရချိန်မတော့ အရာအားလုံးလိုလိုကို မေ့နေခဲ့သလို ၊ အချိန်တန်လို့  ငွေကြေးအသင့်အတင့် ပြန်ပြီးထောက်ပံ့နေလိုက်ရင် သူ့ တာဝန်ကျေပြီ ဆိုတဲ့ အတွေးတွေ ကြီးစိုးနေခဲ့တယ် ။အိမ်ကို အဆက်အသွယ် မလုပ်ပဲ လအနည်းငယ်နေမိတဲ့ အခါဆို အမေဟာ သူ မာကြောင်းသာကြောင်း အဆင်ပြေကြောင်း သတင်းတွေကို မရမက ခက်ခက် ခဲခဲ စုံစမ်းတတ်တယ် ။ လူကြုံ နဲ့တဆင့် သူကြိုက်တဲ့ အစားအသောက်လေးတွေ ပို့ ပေးလာတတ်တယ်။ အရင်က ညီညာလှပခဲ့တဲ့ အမေ့ရဲ့  လက်ရေးတွေကို တုန်ချိ တွန့် လိန်နေတဲ့ စာလုံးများ အဖြစ် အစားထိုး ပြီး ဖတ်လိုက်ရတဲ့ ဆုံးမ စာကြောင်းတွေ ကို အလေးထားပြီး မဖတ်ဖြစ်ခဲ့ ။ ဒါပေမဲ့ တခါတရံ အခက်အခဲတွေ မဖြေရှင်းတတ်အောင် ကြုံတွေ့ လာတဲ့ အချိန်မျိုးမှာတေှာ့ သူ အမေ့ကို တမ်းတမိတယ် ။ မိဘအရိပ် ဘယ်လောက် အေးချမ်းသလည်း ဆိုတာ နေပူထဲမှာ မလှုပ်ရှားနိုင်လောက်အောင်ချိနဲ့ စွာ ရပ်နေရခါမှ နားလည်မိတယ် ။ခလုပ်ထိမှ အမိတ မိတဲ့ ဒီလိုအချိန်မျိုးမှာ အမေသူ့ အနားမှာ အမြဲရှိနေသလို ခံစားရပြီး အားအင်တွေ ပြန်ပြည့်လာတတ်တယ် ။
“အမေ နေမကောင်းဘူး ။ အခြေအနေအတော်ဆိုးနေတယ် ။ နင့်ကို တွေ့ ချင်တယ် လို့  ပြောတယ် ” ဆိုတဲ့ လူကြုံနဲ့ ထဲ့ပေးလိုက်တဲ့ စာတိုလေး တကြောင်း သူ့  အစ်မဆီမှ ဖတ်လိုက်ရပြီးတဲ့ နေ့ ။မိသားစု ကို အဆက်ဖြတ်ထားတဲ့သူ ၊စိုးရိမ် ထိတ်လန့် စွာ နဲ့ ဖုံးမဆက်တာ ကြာတဲ့ အိမ်ကို ဆက်သွယ်ဖြစ်ခဲ့တယ် ။ ခါတိုင်း သူ့ ဆီက ဖုံးလာတိုင်း အပြေးအလွှား စကားလာပြောတတ်တဲ့ အမေ ၊ အားမာန်အပြည့် တက်ကြွတဲ့လေသံနဲ့  အမေ ၊ ဖုံးကိုင်ဖို့  တောင်အင်အားမရှိ ၊ ဘေးက အိမ်သား အကူအညီ နဲ့  မောပန်းတုန်ရီစွာ အားစိုက်စကားပြောသံ ကြားလိုက်ရတော့မှ ဝမ်းနည်း ဝမ်းသာ ဖြစ်မိတဲ့ သူတယောက် အသိတရား ဝင်လာမိတယ် ။ အမေက ပြောရှာတယ် အမေ ဘာမှ အကြီးအကျယ် မနာမကျန်း မဖြစ်တဲ့ အကြောင်း ၊ သာမာန် နှာစေးချောင်းဆိုးလောက်သာ ဖြစ်တဲ့ အကြောင်း ။ အလုပ်အပျက်ခံပြီး ပြန်လာ ရန် မလိုသေးကြောင်း ၊ ကျန်းမာရေး ဂရုစိုက်ဖို့ ၊ ဘုရားတရား မမေ့ဖို့  အကြောင်း စသဖြင့် ပေါ့ ။ အမေ့ အဆုံးအမတွေကို နာခံရင်း သူတွေဝေ နေမိပြန်တယ် ။
ပြီးမှ သူ့  အမ ကို အကျိုးအကြောင်း မေးမြန်းမိတဲ့  အခါမှ တရှောင်ရှောင်ဖြစ်နေတာ နှစ်ဝက်လောက်ရှိပြီ ဖြစ်မှန်းသိရပြီး အစ်မ နဲ့ အိမ်သားတွေကို မဆီမဆိုင် အပြစ်တင်မိသေးတယ် ။
“ အေးလေ ။နင်က နိုင်ငံခြားမှာ နေပြီး ပိုက်ဆံပို့ ပေးရုံနဲ့ မိဘကျေးဇူးဆပ်တယ် လို့  ထင်နေရင်တော့ မတတ်နိုင်ဘူး ။ ငါတို့ ကတော့ နင့်လို မပေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် ပြုစုပေးနေတာ ၊ အလုပ်တောင် မသွားနိုင် ။ ပျက်ရက်တွေ များလို့  ရှိစုမဲ့စု အလုပ်လည်း ပြုတ်ပြီ ။ ဒါပေမဲ့ နောင်တ မရပါဘူး ။ နင် ပြန်လာမယ် ၊ မပြန်လာဘူးဆိုတာ လည်း ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပေါ့ ။ နောက်မှ နောင်တရနေလည်း အလကားပဲ” ၊
သူကိုယ်တိုင်က အနီးမှာ ရှိမနေပဲ အနီးကပ် ကိုယ်ထိလက်ရောက် ပြုစုနေတဲ့ သူတွေကို အပြစ်ရှာ နေမိတဲ့  သူ့ ကို အမဖြစ်သူ ပြန်ပြောလိုက်တဲ့ စကား တခွန်း ကြောင့် အတော်တုန်လှုပ်သွားမိတယ် ။
တွေဝေလမ်းခွဲ အဆုံး ။ ။...
တွေဝေ ပြီးရင်း တွေဝေနေတတ်တဲ့ သူတယောက် အချိန်မဆွဲပဲ ဆုံးဖြတ်ချက် တခုကို ချရတော့မည် ။ ပြန်မလား ၊ ဆက်နေမလား။ ဆိုတဲ့ လမ်းနှစ်ခွ မှာ ဘယ်လမ်းရွေးလျှောက်ရမလည်း ။ အခွင့်အရေးတခုဟာ ဘယ်တော့မှ နှစ်ခါပြန် မလာတတ်ဘူးရယ်လို့  သူ နားလည်ထားသည်ပဲပေါ့ ။ ဒီအရပ်ကိုရောက်ခါစ အချိန်က ရေခြား မြေခြား နေသားမကျ သေးတာမို့  အိမ်ပြန်ချင်တဲ့ စိတ်ကူးအလွမ်းတွေဖြင့်သာ အချိန်ကုန်စေခဲ့ရတယ် ။ စကားမပေါက် စာမပေါက်တာမို့  ထူးထူးခြားခြား ခင်မင်ရင်းနှီးရသော အဖေါ် သူငယ်ချင်းရယ်လို့  မရှိခဲ့ပဲ စာဖတ်ရင်း စာကျက်ရင်းဖြင့်သာ အားလပ်ချိန်များကို ကုန်လွန်စေခဲ့ ရတယ်လေ ။ ပြီးတော့ သမုဒ္ဒရာ ဝမ်းတထွာအတွက် ရရာအလုပ်လုပ်ပြီး ဘဝတက်လမ်းအတွက် ကြိုးပန်းခဲ့ ရတာတွေဟာ ၊ ခုလို သင့်တင့်တဲ့ အလုပ်အကိုင် အဆင့်အတန်း နဲ့ ဝင်ငွေ တို့ နဲ့  အဆင်ပြေ နေပြီဆိုတော့ လည်း ဒီတမြေခြားကို ရောက်ခါစအချိန်က ခါးစင်း ခံခဲ့ရသော ဒုက္ခများ မှာ ဘာမှ မည်မည်ရရ မဟုတ်တော့ လို့  ထင်ယောင်မိလာရတယ် ။ဆယ်စုနှစ်တခုဆိုတဲ့ အချိန်ကာကမှာ မျှော်ရစဉ်က ကြာလှချည်လားလို့  ဆိုနိုင်ပေမဲ့ ပြီးဆုံးခဲ့တဲ့ ဆယ်စုနှစ်မှာ တော့ ဒီလောက်ကြာခဲ့သည်ဟု မထင်လိုက်ရ ။ မနေ့ တနေ့ တုန်းကလို ဟုသာ စိတ်မှာ ထင်မှတ်မိလိုက်တာက လူ့ စိတ်သဘောပဲလို့ ယူဆရမလား ။
ဒီနေ့  ဆေးရုံမှာ အသည်းအသန်လူနာတယောက် ကြောင့် အလုပ် အတန်ငယ်ရှုပ်သွားခဲ့တယ် ။အလုပ်ရှုပ်ရတဲ့ အကြောင်းမပြောခင်မှာ သူ့ အလုပ် နဲ့ ပါတ်ဝန်းကျင် အကြောင်း အနည်းငယ် ပြောပြရပါအုံးမယ် ။ သူတာဝန်ကျနေတဲ့ လူနာဆောင်မှာ ကျောက်ကပ်ပျက်စီးနေတဲ့ လူနာ များကို ကျောက်ကပ်ဆေးခြင်း ( Hemodialysis ) ပြုလုပ်ပေးရတဲ့ အဆောင်ဖြစ်ပြီး ၊ လူနာများက တပါတ်မှာ ၃ကြိမ် ၊ တကြိမ်မှာ ၄ နာရီကြာ ကျောက်ကပ်ဆေးတာကို ခံယူကြရပါတယ် ။များသောအားဖြင့်တော့ ပြင်ပလူနာ အနေနဲ့ပဲ ကျောက်ကပ်ဆေးပြီး အိမ်ပြန်ကြရတယ် ။ တခြား အကြောင်းတွေကြောင့် ဆေးရုံတက်ဖို့  လို မှပဲ အတွင်းလူနာ အနေနဲ့  ကျောက်ကပ်ဆေးကြရတယ် ။ဒီတော့ တပါတ် ၃ ကြိမ် ပုံမှန်လာနေရ တဲ့ လူနာများနဲ့  ဆွေမျိုးရင်းခြာလို ရင်းနှီး နေပြီဖြစ်တယ် ။လူနာ အများစုဟာ သူတို့  မိသားစု ကိုယ်ရေးကိုယ်တာတွေ ကို ရင်ဖွင့် တိုင်ပင်ကြတဲ့အထိ ရင်းနှီးနေကြတယ်ပေါ့ ။ နောက်ဆုံးအဆင့်ထိရောက်နေတဲ့ ကျောက်ကပ်ရောဂါ ( End Stage Renal Disease ) မှာ လူနာ တွေဟာ ကျန်ရှိနေတဲ့ ဘဝတသက်တာမှာ ကျောက်ကပ်ကို အချိန်မှန်မှန်ဆေးခြင်းနဲ့ သာ အသက်ဆက်နေရတာဖြစ်တယ် ။ ဒီကြားထဲ ကံကောင်းထောက်မလို့  ကျောက်ကပ် အလှူရှင်နဲ့ တွေ့ ကြုံရပါမှ ကျောက်ကပ်အစားထိုး ခွဲစိပ်ကုသမှုရယူပြီး ကျောက်ကပ်ဆေးနေရတဲ့ ဒုက္ခမှ ကင်းဝေးနိုင်တော့မှာ ဖြစ်တယ် ။ ဒါပေမဲ့ ဒီလို အဆင်ပြေပြေ နဲ့  ကုသမှုခံယူနိုင်သူတဲ့ အရေအတွက်မှာ နည်းပါးလှပါတယ် ။ တချို့ လည်း အသက်အရွယ်ကြီးလို့ ၊ တခြားရောဂါ အမျိုးမျိုးဝင်လို့  ၊ အစားထိုးခွဲစိတ် ကုသမှု မယူနိုင်မှာတင်ပဲ လူ့ လောကကြီးမှ စွန့် ခွာ သွားခဲ့ရသူတွေလည်း အများကြီးပါပဲ ။
အဲ့ဒီလို ရင်းနှီးနေတဲ့လူနာတွေထဲမှာ အသက် ၇၀ ကျော် အမျိုးသမီးလူနာတယောက်ရဲ့  အဖြစ်ကိုကြည့်ပြီးမှ သူတွေဝေနေတဲ့ လမ်းကို ဘယ်လိုဆက်လျှောက်ရမလည်းလို့ ဆုံးဖြတ်လိုက်ခဲ့မိတယ် ။ အနှစ် ၂၀ နီးပါး ကျောက်ကပ်ဆေးနေရတဲ့ ဒီအဖွားလူနာမှာ သားတစ်ယောက၊် သမီးတစ်ယောက် ရှိတယ် ။သားကြီးက အိမ်ထောင်ကျပြီး တိုင်းတပါးမှာ အခြေချနေထိုင်တာ ၃ နှစ်ကျော် ။ သမီးငယ် ကတော့ အချိန်တန် အရွယ်ရောက်နေပေမဲ့ အိမ်ထောင်မပြုသေးပဲ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်နေခဲ့တယ် ။ တရုပ်လူမျိုးများ ထုံးစံက သားကြီး သြရသမှ အချစ်ပိုကြလေသလား မပြောတတ် ။ သမီးဖြစ်သူ သူ့ အပေါ်ဘယ်လောက် ပြုစုနေပေမဲ့ အဝေးရောက်သားကြီးကိုပဲ တမ်းတ နေတတ်တယ် ။ဒီလိုနဲ့  လူနာအဖွားလည်း အသက်ကြီး ၊ကင်ဆာဖြစ်နေတဲ့ ကျောက်ကပ် နဲ့  သားအိမ် ထုတ်အပြီး ၂ နှစ်လောက်အကြာ အသည်းကင်ဆာပါ ဖြစ်လာတော့ အခြေအနေက တဖြေးဖြေး ဆိုးဝါးလာတော့တယ် ။နှလုံးရောဂါအခံကလည်းရှိနေတော့ အမောကလည်း မကြာခဏ ဖေါက်တတ်သေးတယ်လေ ။ သမီးဖြစ်သူက သူ့ အကို ကို ပြန်လာဖို့  ခေါ်တော့ အရေးကြီးတဲ့  အလုပ်မအားသေးလို့  နေ့ ရွှေ့  ညရွှေ့ နဲ့ ပေါ့ ။
ဒီကနေ့ မနက် လူနာအဖွား စိတ်လိုလက်ရ စကားတွေ ပြောလိုက် ပြုံးလိုက်နဲ့  မို့  လူနာဆောင်ထဲက ဆရာမများ နဲ့ သူပါ တအံ့တသြ ရှိနေရတယ် ။ သမီးဖြစ်သူကို မေးကြည့်တော့ မှ ဒီနေ့ လည်မှာ အကိုဖြစ်သူ ပြန်ရောက်မဲ့ အကြောင်း သိလိုက်ရတော့ အဖွားလူနာနဲ့အတူ သူတို့ တတွေ ပျော်လိုက်မိကြပါသေးတယ် ။ လူနာအဖွားရဲ့  စကားသံလေးတွေက ခါတိုင်းနဲ့မတူပဲ အားမာန်အပြည့် နဲ့ လေ ။ သူ့ သားကြီး တော်ကြောင်း လိမ္မာကြောင်းတွေ ကို အနားမှာရှိတဲ့ သူနဲ့  ဆရာမလေးတွေကို မမောမပန်း တတွတ်တွတ် ပြောပြနေလို့ သူလည်း ရောယောင်ပြီး အပျော်ဓါတ်လေးတွေ ကူးစက်ခံစားမိလိုက်ပါတယ် ။
ဒီလိုနဲ့  ကျောက်ကပ်ဆေးနေရင်း နှစ်နာရီကျော်လောက်အကြာမှာ လူနာအဖွား နှလုံးခုန်ရပ်သွားခဲ့တယ် ။ အရေးပေါ် အသက်ကယ်ပြုစုတာတွေ လုပ်ပေးရတယ် ။ တစ်နာရီ ကျော်တဲ့အထိ အဖွားရဲ့  အသက်ကို လုယူခဲ့ကြပေမဲ့ မရတော့ပါဘူး ။ နှလုံးခုန်ရပ် အသက်ရှုရပ်လို့  သေဆုံးခြင်းဆိုတဲ့ နောက်ဆုံးအချိန်ကို သတ်မှတ်ပေးလိုက်ရပါတော့တယ် ။ လူနာအဖွား ရဲ့ ပွင့်နေသေးတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်စလေးတွေ ယိုဆင်းနေတာ မခြောက်သေးတော့ သူ အဖွားကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ မျက်ရည်စတွေ သုတ်ပေးနေမိတဲ့ အချိန်မှာ ပဲ နောက်ဖက်က ငိုသံရှည်ကြီး ရုတ်တရက်ကြားလိုက်မိတော့မှ အသိပြန်ဝင်လာမိတော့တယ်။
“ အမေ ။ အမေရေ ။ ကျွန်တော်ပြန်လာပြီလေ အမေရဲ့ ။ အမေ့ရဲ့  သား ပြန်လာပြီလေ ။ သားကို ဘာလို့ မစောင့်နေတာလဲ အမေရယ် ။ ”
“ဪ ၊ အကိုပြန်ရောက်လာပြီကိုး ၊ အကို လိုချင်တဲ့ အဖြေက ဒါပဲမဟုတ်လား ။ အမေ ကတော့ အကို့ ကို မျှော်နေခဲ့ ပါသေးတယ် ။ ဒါပေမဲ့  သူ့ ဆန္ဒမပြည့်ဝ သွားခဲ့ ရဘူး ။ အကို့ ဆီက သူမျှော်လင့်နေတာက ငွေကြေးဥစ္စာတွေ မဟုတ်ဘူး ၊ အကို သူ့ ဘေးနားမှာ ရှိနေစေချင်တာလေးတခုတည်းပါ ၊ခုတော့ …..”
ညီမဖြစ်သူရဲ့  အဆုံးမသတ်ဖြစ်လိုက်တဲ့  စကားကို အကိုလုပ်သူ က ငိုယုံမှ လွဲပြီး တခြားဘာမျှပြန်မချေပ နိုင်တော့ ။
နောက်တော့ အဖွားလူနာအား နောက်ဆုံး ကန်တော့ခြင်း နဲ့ ရိုးရာအတိုင်းစီစဉ်တာတွေ ပြုလုပ်အပြီးမှာတော့ သက်ဆိုင်ရာ ရေခဲတိုက်ကို ခေါ်ဆောင်သွားကြပါတော့တယ် ။
ဒီမြင်ကွင်းက ဆေးရုံတရုံမှာ သေဆုံးသူလူနာတွေအတွက် လုပ်ရိုးလုပ်စဉ် တွေပဲမို့  ဘာမှထူးထူးခြားခြားတော့ မရှိလှပါဘူး ။ ဒါပေမဲ့  သူ အမေ့ကို မြင်ယောင်လာမိတယ် ။ တကယ်လို့  သူသာ ဒီလို အဖြစ်မျိုးနဲ့  တွေ့ ဆုံရမယ် ဆိုရင် ဖြေသိမ့်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ကို ထပ်ခါ တလည်းလည်း မေးနေမိတယ် ။ ဒီတခါတော့ တွေဝေမှုတွေ မရှိတော့ပါဘူး ။ အမေ့ဆီ အချိန်မှီပြန်ဖို့  အခွင့်အရေး ရှိနေသေးတယ် မဟုတ်လား ။ အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါပြန်မလာတတ်ပါဘူး ။ ဒီတော့ ကိုယ်ပိုင်တဲ့  ဆုံးဖြတ်ချက်တခု အချိန်မှီချလိုက်ပါပြီ ။သူ့ ဘဝရဲ့  အရေးအကြီးဆုံး အရာ အတွက် နောင်တတွေ တလှေကြီး သူမရချင် တော့ပါ ။
ပြန်လာတော့မယ် အမေ.. အမေ့ ဆီ သမီးမိုက် ပြန်လာပြီး အမေ့ရဲ့  နောက်ဆုံးအချိန်လေးတွေမှာ အမေအလိုချင်ဆုံး ဆန္ဒလေးတခု ဖြည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ သိပ်မကြာတော့တဲ့  ရက်ကလေး အနည်းငယ်ကို သည်းခံပြီး စောင့်နေပေးပါ အမေ …. ။
ဒီနေ့  မတ်လ ၁၆ ရက်နေ့  မွေးနေ့  မှာ ကျွန်ုပ်အား မွေးဖွားပေးခဲ့တဲ့  ကျေးဇူးရှင် မိခင် အတွက် အမှတ်တရ ရေးသားပါတယ် ။
ပုံများကိုတော့ Fotosearch မှ ရယူပါသည်။
ခုတလော ခွေးအောင်နက်တကောင် တငိုင်ငိုင် တမှိုင်မှိုင်နဲ့  ၊ အစာလည်း ကောင်းကောင်းမစား ၊ ယိုင်နဲ့ နဲ့  ခွေးကတက်မှာ မိုးလင်း မိုးချုပ် ခွေကာသာ နေလာတာ ကြာပြီပေါ့ ။ သားရေး သမီးရေးလည်း စိတ်မဝင်စား ၊ မယားအရေး သကြားအရေးလည်း စိတ်မှာ မထား ၊ ဘုရား တရား အတွေးဆို ပိုလို့ တောင် ဝေးသေးပေါ့ ။ အိတ်ထဲမှာ ငါးပြားတောင် မရှိလို့  ဝါးတားတောင် မသောက်နိုင် ၊ မှောက်လိုက် လှန်လိုက် ခါးဆန့် လိုက်ဖြင့် သေချင်တယ် သေချင်တယ် ရယ်လို့ တအီအီသာ ညီးနေပါတော့သည် ။ ကြင်ယာဘက် မဟေသီ မယ်ဂုတ်ကျား ခမြာ မတော့ ၊ လက်ကျောမတင်း ကိုလူပျင်း ..အဲ့လေ.. ခွေးငပျင်း အောင်နက် ရဲ့  အိမ်ထောင်ဦးစီး မပီသမှုကြောင့် ၊ ရှိရှိသမျှ ခွေးမှု ဒုက္ခ အဝဝ နှင့် တမိသားစုလုံးရဲ့  စားဝတ်နေရေးကို ဒိုင်ခံ ဖြေရှင်းပေးနေရလေသည် ။
လှတာမက်တော့ ညစာခက်ပါပေါ့ လို့ ခုမှ သူမ တွေးမိသည် ။ ခွေးပျို ဘဝတုံးက စတိုင် အပြည့် ၊အမွှေးအရောင် တောက်ပြောင်စွာ နဲ့  အားမာန်အပြည့် နဲ့  ၊ တော်သလင်းလ ခွေးဗိုလ် လုပွဲတိုင်းမှာ အနိုင်ရခဲ့သော အောင်နက်၊ အမြီးတထောင်ထောင် ဟိုဟောင်လိုက် ဒီဟောင်လိုက် မာန်စွယ်ကြီး ဖြဲလို့  ၊ သရဲလဲ မကြောက် ၊ဂဲလဲ မကြောက် ၊ဝဲလဲ မပေါက် ၊ရပ်ကွက်ထဲ ခွေးပျိုမတွေ နဲ့  တကဲကဲ လုပ် ၊ ဟန်ပန်တွေထုတ် လို့  ပျိုတိုင်းကြိုက်တဲ့  နှင်းဆီခိုင် လို့  ဆိုနိုင်လောက်တဲ့  ဒီအောင်နက် ။ စကားချိုချို အကြွားပိုပို မို့  ၊ နဂိုလ်ရေ မစိုပြေ ၊ ညိုတိုတို ပုံတုံးကြီး မယ်ဂုတ်ကျား ခမျာ နှလုံးပီတိ ဂွမ်းဆီထိ သလို ဘဝင်ခိုက် ပါလို့  အရူးအမူးကြိုက်ကာ ခပ်မိုက်မိုက်ပဲ ပုံအပ်မိပေလေတော့ ကိုယ့်ထိုက်နဲ့  ကိုယ့်ကံ လို့ သာ သဘောထားလိုက်ရတော့သည်ပေါ့ ။
ညားကာစမှာတော့ မိုးမမြင် လေမမြင် အပျော်ကြီးပျော်လို့  ၊ အမှိုက်ပုံတကာ တိုးဝှေ့ ကာ ရှာစားရတာတောင် နတ်သုဒ္ဒါ တမျှ ထင်လှပါသည် ။ အိမ်ထောင်သက်ကလေး ရလာတော့ ၊ သားတွဲလောင်း သမီးတွဲလောင်း ပေမဲ့  ခင်ပွန်းကောင်း မပီသတဲ့  ကိုအောင်နက် မှာ အကျင့်ဟောင်းကို မဖျောက်ဖျက် ။ အရက်ကလေးပါ စွက်လိုက်သေး မို့  လင်ဆိုးမယား တဖါးဖါး ဆိုတာ ဂုတ်ကျားမ အတွက် ဆိုကာပင် ထားလေသလားလို့  ပင် သူ့ ကိုယ်သူ ထင်မှတ်လိုက်ပါတော့သည် ။
အခုလည်း ကြည့်လေ လင်တော်မောင် ကိုအောင်နက် ၊ မှိုင်တွေတွေ ငိုင်ပေပေ နဲ့  ခွေးကတက် က မဆင်းတော့ ။
“ကိုအောင်နက်ရေ .. ထပါအုံးတော့ ။ ရှင့်မလည်း တနေ့  တနေ့  ၊ ခွေးကတက်မှာ အခန့်သား ဆန့် လို့  ၊ဒါကြောင့်မို့ လဲ ၊ ခွေးမ ထမီနား ခိုစား နေတယ် လို့  အပြောခံ နေရတာ ” ဂုတ်ကျားမ က မထိ တထိ ရိလိုက်သည်။
“ဟ..သေချင်တယ်.... မင်းကလည်း .. ခုခေတ် မှာ ထမီနား ခိုစားတယ် လို့  ပြောလို့ မရတော့ဘူး ကွ ”
“ဘာလို့ လည်း ။ ရှင်က ဘာအလုပ်မှ မလုပ်ပဲ ပျင်းနေတာ ဒီလို မပြောလို့  ဘယ်လို ပြောရအုံးမှာလည်း ”
“ ခု ငါတို့  ရွှေပြည်ကြီးမှာ မင်းတို့  မိန်းမတွေ ။အဲ့ လေ ။ ခွေးမတွေ ထမီမှ မဝတ်ကြတော့ တာလေ ။ ဒီတော့ ငါ့ကို ထမီနား ခိုစားတယ် ပြောလို့  ဘယ်ရ မလဲကွ ”
“ ထားပါတော့ ရှင်နဲ့  စကားနိုင်လုမပြောချင်ဘူး ။ စားဖို့ သောက်ဖို့ က လုပ်ရ အုံးမယ် ။ မီးကလဲ မလာ ။ ရေကလဲ ပျက် နဲ့  အိမ်အလုပ်ကလေးများ ဝိုင်းလုပ်ပါအုံးလား ”
“ သေချင်တယ် ကွာ ၊ ဒီအလုပ်တွေ က မင်းတို့  အိမ်ရှင် မတွေ လုပ်ရမဲ့  အလုပ်ပဲ ဟာ ”
“ဘာသေချင်တာလဲ ။ ရှင့်လို သာ ထိုင်ညီး တိုင်း ၊ လုပ်စရာ အလုပ်တွေ ပြီးသွားမယ်ဆိုရင် ကျုပ်က ရှင့်ထက် ညီးတတ်သေးတယ် တော့ ။ တနေ့  တနေ့  ၊ ဈေးဝယ် .. အဲ့လေ အမှိုက်ပုံ သွားဆွဲ ။ ထမင်း ဟင်းချက် ။ တံမျက်စည်းလှည်း၊ အိမ်ရှင်း ။ အဝတ်လျှော် ။ မီးပူတိုက် ၊ တခုပြီး တခု ဇယ်ဆက်သလို လုပ်နေရတာ ”
“ အေးလေ ။ ဒါတွေက ငါ နဲ့ မှ မဆိုင်တာ ။ သေချင်တယ် ။ ဘာတွေ လာပြောနေမှန်းမသိ ။သောက်စရာ မရှိလို့  စိတ်ညစ်နေရတဲ့ အထဲ ကွာ..”
“ အော် ။ အလုပ် မလုပ် ပဲ ဘယ်က ပိုက်ဆံရ လို့  ဘာနဲ့သောက်ရ မှာတုံး ၊ သေချင်လဲ လွယ်ပါတယ် ။ အဆိပ်နဲ့ မခြားတဲ့  ချက် အရက်တွေ ၊ အင် အရက်တွေ များ . ပုံ လို့  ”
ဂုတ်ကျားမ တကယ် စိတ်ဆိုးနေမှန်း သိလို့  အောင်နက်ကြီး က စကားနဲ ရန်စဲ သဘောနဲ့ ဘာမှ ဆက်မပြောတော့ ။ လက်ထဲရှိ ရေဒီယို အဟောင်းလေးတလုံး ကို ဟိုလှည့်  ဒီလှည့် နဲ့  အာရုံပြောင်းလိုက်သည် ။ ဘောပွဲ နားထောင်လိုက် ၊ ချဲ လိုင်း ဖွင့်လိုက် နဲ့  ဂနာ မငြိမ် ဖြစ်နေသော အောင်နက်တကောင် ရုတ်တရက် ထ အူ လိုက်သဖြင့် ဂုတ်ကျားမ ခမျာ လန့်သွားရပြန်သည်။
“သေချင်တယ် ကွာ.. သေချင်တယ် ”
“ ဘာဖြစ်ရပြန်တာလဲ ကိုအောင်နက်ရယ် ”
“ ဟ . ငါလောင်းထားတဲ့ ဘောပွဲလေကွာ ၊ နာမယ်ကြီး နိုင်ငံခြားနည်းပြတွေ ခန့်ထားတဲ့ အသင်း ၊ အဲ့သဟာ လေ။ သူ့ဖက်က ထပ်လောင်းထားတာ ။ခုတော့... သေချင်တယ် ။ သုံးလုံးထီ လဲ ကပ်လွဲ လေးကွာ .. တောက် ”
အောင်နက်ကြီး တောက်တခေါက်ခေါက်ဖြင့် မချင့်မရဲ ရှိနေတော့ ဂုတ်ကျားမ က အကွက်ကောင်း ရတဲ့ မျက်နှာပေးနဲ့
“ အဲ့ဒါပြောတာပေါ့ ။ ဘောလုံး ဆိုမှ လုံး နေတာပေါ့ရှင့် ။ အမြဲနိုင် နေရမယ် လို့ ဘယ်သူဟောထားလို့်လဲ ။ ခုတလော ဘောပွဲတွေ ချဲထီတွေ တရားဝင်ထီတွေ လှိုင်လှိုင် လုပ်ပေးနေတာနဲ့ ကျေနပ်နေကြတာကိုး ။ နဲတောင် နဲသေး ။
ရွှေ ရွာသားတို့ များ ပွဲလမ်းသဘင်လေး ။ လောင်းကစားလေး တွေ့ လိုက်တာနဲ့ ၊ ဘုရားမေ့ တရားမေ့ ။ အကုန်မေ့တော့တာ ပဲ ။ ဒီကြားထဲ ခွေးမဒန်းလေးတွေ ရှိတဲ့  အနှိပ်ခန်း နဲ့  ကာရာအိုကေ နဲ့ စိုပြေအောင် လုပ်ထားပေးကြသေးသတော့်။ ”
“ ဘာဆိုင်လဲ ကွ ”
“ ဆိုင်ပါသော်ကောလား ။ ၂၀၁၀ ရောက် နေပြီ ရှင့် ။ ခုထိ နိုးနိုးကြားကြားမရှိသေးဘူး ။ ကိုယ့်ရွာ အရေးလည်း ကိုယ်ကြည့်လုပ်ကြအုံး မှပေါ့ ။ကားပါမစ်တွေ ချပေးမယ် ၊ဆိုတာနဲ့ တကတည်း ကျုပ်တို့ တပြည်လုံး သာယာစိုပြေသွားမှာ ကျနေတာပဲ ။ ဖုံးခ၊ မီးခတွေလည်း တက် ၊ အခွန်အတုတ်တွေကလည်း တိုးကောက်အုံးမတဲ့ ၊ အဆိုတော်တွေဆီက တောင် အခွန်တွေ ကောက်နေပြီဆိုလား... ”
“ သေချင်တယ် ဆိုမှ ကွာ ။ ငါ့တကောင်ထဲ နဲ့  ဆီ မထွက်ပါဘူး ။ အဲ့လေ နှမ်းတလုံး နဲ့  ဆီမထွက် ပါဘူး ”
“ ကဲ ..သေချင်တာ ထားအုံး နောက်မှ ။ ခုလောလောဆယ် ရှင် အောင် လုပ်ဖို့ သတိရအုံး ။ ဒီနေ့  နေ့လည် မီးပျက်မယ်။”
“ မီးပျက်တာများ အဆန်းလုပ်လို့  ပြောနေရသေးလား ။ မီးမလာရင် ရေလဲ မလာ ။ ဒီတော့ အဝတ်ကလေးလျှော် ၊ ရေလေးခပ် ။ သောက်ရေလေးဖြည့် ။အိမ်လေး ဘာလေးရှင်း လို့ ပြောအုံးမှာ မဟုတ်လား ၊ မင်းတို့  မိန်းမတွေ များကွာ၊ သေချင်တယ် ”
“ သိရင်လည်း ကျုပ် မပြောရခင် ကိုယ့် အသိနဲ့  ကိုယ်လုပ်ပါလား တော့် ”
အောင်နက်ကြီး မထချင် ထချင်ဖြင့် ပျင်းရိစွာ တလှမ်းချင်းလျှောက်၍ အိမ်နောက် သို့  လာပြီး မီးစက် အဖွင့် ..
“ သေချင်တယ် ကွာ ။ ဒီ မော်တာ ကလည်း ပျက်ရပြန်ပြီ ။ အလကား အသုံးမကျ တဲ့ တရုပ်စက် ၊ တရက်စုတ် ပဲ ။ပြင်ပြီးလဲ တရက် နဲ့ တင် ပြန်စုတ်ပါရောလား ။”
“ ကဲ ..ရှင်လဲ ဒီလို နဲ့ တရားအားထုတ် တရုပ်အားထား မနေနဲ့  ။ လက်မှု ပညာ တွေ တတ်ထားတာ ဘာလုပ်ဖို့ တုံး ။ ရေခပ်တာများ လက်နဲ့  ဆွဲတင်ပေါ့ တော့် ။ မီတာ တောင် အကုန် သက်သာသေး ။ မီတာခ တွေလည်း တက်ပြီးရင်း တက် နဲ့  ကျုပ်လဲ သေချင် လာပြီ ”
“ ဟ.. ငါ့စကားက မင့်ပါးစပ်ဖျားထိ ဓါတ်ကူးသွားပါရောလား ၊ မီးမလာ တဲ့ ည စောစောအိပ်ရတယ် လို့  အကောင်းဘက်ကလှည့်တွေးပါလား ကွ ၊ မီးပျက်တော့ မင်း ..သား နဲ့ သမီး အင်တာနက်လည်း ဝင်မဆော့ဖြစ်ကြတော့ မျက်စိပျက် သက်သာတယ်ကွာ ။ ပိုက်ဆံ ကုန် သက်သာတယ်ကွာ .. ”
“ကျုပ်က စကားအရ သာငြီး မိတာပါတော် ။ ကျုပ်တကယ်သေလို့ မဖြစ်သေးပါဘူး ။ ကျုပ်မရှိရင် ရှင့်လက်ထဲမှာ ကျုပ်သားနဲ့  သမီး သောင်ပြင်လွှတ်တဲ့  ခွေးစစ်စစ်ဖြစ်တော့မှာ မြင်ယောင်နေမိလို့  မသေနိုင်သေးဘူး ။ပြီးတော့ မရှိရတဲ့ အထဲ မသာစရိတ်လည်း တွေကလည်း တက်အုံးမတဲ့တော် ။”
“ ဟေ .. ဘယ်လိုတုံးကွ ရှင်းစမ်းပါအုံး ၊ ငါထင်နေတာက ခုတလော ပြည်သူပိုင်တွေကို ဟို ပုဂ္ဂိုလ်ကြီးများပိုင် အဖြစ် အလျှင်အမြန်ပြောင်းပစ်နေတဲ့ အထဲ ၊ ဒီ မသာလုပ်ငန်းကိုပါ သူ အပိုင်လုပ်ချင် နေပြီ မှတ်တာ ။”
“တော်ကလည်း လမ်းထိပ်လဖက်ရည်ဆိုင်မှာ တနေကုန် အလေလိုက်နေပြီး ဒါလေးတောင် မသိဘုးလား ၊ကဲရော့ ၊ ကျုပ်ကောက်လာတဲ့ သတင်းစာ အပိုင်းအစ ၊ ဒီမှာ ဖတ်ကြည့် ပါလား”
“ဂိန် ကိန် ကိန် . .. အောင်မလေး .. နေရကြပ် စားရကြပ်လို့ သေချင်ပါတယ် ဆိုကာမှ ခုတော့ သေဖို့ တောင် ခပ်ကြပ်ကြပ်ပါပဲလား ရှင်မရေ ၊ ငါသေရင် ဂင်္ဂါမြစ် .. အဲလေ.. လှိုင်မြစ်ထဲသာ ပစ်ချလိုက်ပါတော့ကွာ ။ ခွေးဖြစ်ရတဲ့ ဒုက္ခဗျာ ။ ”
“အေးလေ တော် ကျုပ်လည်း နောင်ဘဝဆက်တိုင်း ဒီလို နူရာဝဲစွဲ တဲ့  အိမ်သာဘေးရှင်း ခွေးမျိုး မဖြစ်ပါရစေ နဲ့ လို့  ဆုတောင်း နေတယ် ကိုအောင်နက်ရေ ..အာဝူးးးးး ”
ဒီနေရာမှ ရသော သတင်းတပုဒ်ပါ
ပျိုပျိုမေတွေရဲ့  ရင်တုန်စရာ အကြောင်းတွေချည်းပဲ ရေးနေရတာ သိပ်တော့ မဟုတ်သေးဘူး ။ ကိုကိုတွေ ရဲ့  ရင်ဖိုစရာ အကြောင်းလေးတွေလည်း ရေးရင် ကောင်းမလားလို့  စဉ်းစား မိတာနဲ့ ဒီတခါတော့ ကိုကို မောင်မောင် ဦးဦး ဘဘ တွေ အတွက် ဒီအကြောင်းလေး ရေးလိုက်တယ် ။ ဒီ ခေါင်းစဉ် ကို ကြည့်ပြီး ရင်ခုန်ဘွယ်ရာ ချစ်ဇာတ်လမ်းလေး တခု ဖတ်ရမလား လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ သူ့ အကြောင်းက တိုးတိုး တိတ်တိတ် နဲ့ လက်တို့ ပြီး ပြောပြရ မလား ။ ကြိတ်မှိတ်ပြီး အောင့်အည်းနေရမလား ။ တိတ်တိတ်လေး နဲ့  ကြိတ်ကြိတ်ပြီး ပြရမလား ၊ ကုသရမလား လို့  ထင်ယောင်မှား ဖြစ်စေတဲ့ ဆီးကြိတ် လေး အကြောင်း မို့  ဒီလို ကဗျာ ဆန်ဆန် နာမယ် ပေးကြည့် မိပါတယ် ။ ဒါပေမဲ့ ဒီ အကြိတ်ငယ်ငယ်လေးက တကယ် ဒုက္ခပေးလာခဲ့ရင်တော့ ဘယ်သူမှ ကဗျာဆန်နိုင်တော့မယ် မထင်မိပါဘူးလေ။ အနောက်မှာ ပုံနဲ့တကွ ဖေါ်ပြထားတာမို့  ရှက်တတ်သူများ ကျော်ဖတ်ကြပါ ရန် ။
ပုရိဿ အမျိုးသားတွေ ကို အများဆုံး ဒုက္ခပေးတတ်တဲ့ အရာလေးကတော့ ဆီးကြိတ်ပါ ၊ဗမာလို မသင်ခဲ့ရတဲ့ သူတွေကတော့ Prostate လို့ ပြောမှ သိကြမယ်ထင်ပါတယ် ။ အသက်ကြီးလာတာနဲ့  အမျှ အဲ့ဒီဆီးကြိတ်က တမျိုးမဟုတ် တမျိုး ပြသနာ ရှာလာတတ်တယ် ။ ရိုးရိုးဆီးကြိတ်ကြီးထွားလာ တာက Benign Prostate Hyperplasia အတိုကောက် BPH လို့ ခေါ်ပြီး သူက ဆီးသွားရ ခက်ပြီး ဆီးအိမ်တင်းတာ ၊ ဆီးမထွက် နိုင်တာတွေ ဖြစ်တတ်တယ် ။ ဆီးကြိတ်အရွယ် သိပ်ကြီးမားပြီး ဆီးပြွန်ကို ဖိလာရင်တော့ ခွဲစိတ်ကုသရပါတယ်
နောက်တမျိုးဖြစ်ကြတာကတော့ ဆီးကြိတ်ကင်ဆာ တဲ့ ၊ တချို့ က Prostate Cancer လို့  ပြောမှ သိမယ်ထင်တယ် ။ အတိုကောက် ရေးကြတာကတော့ Ca Prostate ပေါ့ ။ တကယ်လို့ ဆေးရုံဆေးခန်းရောက်လို့  ဆရာဝန်က ဆေးစာရွက်မှာ ဒီလိုရေးထားရင် သိရအောင်လို့ ပါ ။
ဆီးကြိတ်ဆိုတာ သစ်ကြားသီး ( Walnut ) အရွယ်အစား လောက်ပဲ ကြီးပြီး၊ အမျိုးသားတွေ မှာရှိတဲ့ ၊ ဆီးအိမ် ( Bladder) ရဲ့ အထွက် ၊ ဆီးပြွန် ( urethra ) ပတ်လည်မှာ ခွထိုင်နေတဲ့ အကြိတ်တခုပါ သူ့ အထဲမှာ အကြိတ်ငယ်လေး ၅ ဖု ရှိပါတယ် ။ တည်နေရာ နဲ့ တည်ဆောက်ပုံကတော့ ဒီပုံလေး အတိုင်းပါ ။
American Cancer Society's မှ စစ်တမ်းအရ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ဆီးကြိတ်ကင်ဆာ ဖြစ်သူ လူနာသစ်ပေါင်း ၂ သိန်းနီးပါး ( ၁၉၂၂၈၀ ယောက် ) နဲ့ သေဆုံးသူပေါင်း ၂သိန်းရသောင်းကျော်( ၂၇၃၆၀ ယောက် ) ရှိပါတယ် ။ အဆုပ်ကင်ဆာ ကြောင့် သေဆုံးသူက အများဆုံးဖြစ်ပြီး ဆီးကြိတ်ကင်ဆာကြောင့်သေဆုံးမှု က ဒုတိယ အများဆုံးဖြစ်တယ် လို့  ဆိုပါတယ် ။ ဒီတော့ အမျိုးသား ၆ ယောက်မှာ ဆီးကြိတ်ကင်ဆာဖြစ်သူ တယောက် နှုန်း ရှိနေပါတယ် ။
အသက်အရွယ် ၆၅နှစ်ကျော်လာတဲ့ အမျိုးသားတွေမှာ ဒီဆီးကြိတ်ကလေးကနေ ကင်ဆာဖြစ်ဖို့  အလားအလာတွေ ရှိတတ်လာပါတယ်။ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သေချာ မသိကြသေးပေမဲ့ လေ့လာတွေ့ ရှိချက်အရတော့ . အမျိုးသား ဟော်မုန်း (androgens)များသူတွေ ။ မျိုးရိုးထဲမှာ အလားတူကင်ဆာရှိသူတွေ ၊ အသားမဲသူတွေ ၊ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေများတတ်ပါတယ် ။ တချို့ ကလည်း ဆီးကြိတ်ကင်ဆာဆဲလ် တွေရဲ့  DNA ပြောင်းလဲ မှု ကြောင့် ဖြစ်တယ်လို့  ယူဆကြပါတယ် ၊
ရောဂါလက္ခဏာတွေကိုကြည့်မယ်ဆိုရင်
(၁) ဆီးသွားရ ခက်ခဲမယ် ( Trouble urinating )
(၂) ဆီးညှစ်သွားရပြီး ဆီးအရှိန် လျော့နည်းလာမယ် ( Decreased force in the stream of urine )
(၃) ဆီးထဲမှာသွေးပါမယ် ( Blood in your urine )
(၄) ဆီးထဲမှာ သုတ်ရည်ပါလာမယ် ( Blood in your semen )
(၅) ခြေထောက် ဖေါယောင်မယ် ( Swelling in your legs )
(၆) တင်ပဆုံညှပ်ရိုး ဝန်းကျင်မှာ မအီမသာ ခံစားရမယ် ( Discomfort in the pelvic area )
(၇) အရိုးတွေ ကိုက်ခဲ နာကျင်မယ် ( Bone pain )
အဲ့ဒီလို ရောဂါလက္ခဏာရှိနေပြီဆိုရင် ဆီးလမ်းကြောင်း ကျွမ်းကျင်သူဆရာဝန်များနဲ့ အမြန်ဆုံးပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ယူသင့်ပါတယ် ။ ကာကွယ်ခြင်းသည် ကုသမှုထက်ကောင်းသည် လို့ ဆိုပေမဲ့ ဒီဆီးကြိတ်ကင်ဆာက ကာကွယ်လို့ မရသေးပါဘူး ။ဒါပေမဲ့ စောစောသိရင်တော့ စောစောကုသမှု ယူနိုင်ပြီး ပျောက်ကင်းဖို့  အခွင့်အရေး ရှိနိုင်ပါသေးတယ် ။ သိပ် နောက်ကျသွားခဲ့ရင်တော့ ကင်ဆာတို့ ရဲ့  ထုံးစံအတိုင်း ကုသလို့  မရတော့ဘူးပေါ့ ။
စစ်ဆေးခြင်းပြုလုပ်ပုံတွေကတော့
(၁) စအိုဝထဲ လက်ချောင်းသွင်းပြီး ဆီးကြိတ်ကို စမ်းသပ်လို့ ရပါတယ် ။ Digital rectal exam (DRE). လို့ ခေါ်ပါတယ်
(၂) သွေးထဲမှာ ပါတဲ့ ဓါတ် တမျိုး ၊ Prostate-Specific Antigen (PSA) ကို သွေးရည်ကြည်ထဲမှာ စစ်ဆေးကြည့်လို့ ရပါတယ် ။ ပုံမှန်ဆိုရင် အလွန် နည်းပါးတဲ့ ပမာဏ သာရှိပါတယ် ။ များသောအားဖြင့် 4.0 ng/mL ထက်နဲပါးရင် ပုံမှန်လို့  သတ်မှတ်ပါတယ် ။ဒါကလည်း အသက်အရွယ်အလိုက် အနည်းအများ ကွာခြားမှုတွေ ရှိပါသေးတယ်။ ဒါ့အပြင် တချို့ လူတွေမှာ ဆီးကြိတ်ယောင်ခြင်း (prostatitis ) နဲ့ ဆီးကြိတ်ကြီးထွားခြင်း(BPH) တွေမှာလည်း PSA ပမာဏ အနည်းငယ်စီ တက်နေတတ်ပါတယ် ။
ခန္ဓာကိုယ်ထဲရှိ အခြား အရည်များထဲမှာ ပုံမှန် PSA ပါဝင်မှု ပမာဏ (ng/mL) တွေ ကို အောက်မှာ ဖေါ်ပြထားပါတယ် ။
-သုတ်ရည် (semen) ထဲမှာ--- 200,000 to 5.5 million
-ဝမ်းတွင်းရှိ သန္ဓေသားရဲ့ ရေမွှာရည် (amniotic fluid ) ထဲမှာ ---- 0.60-8.98
-နို့ ရည် (breast milk ) ထဲမှာ---- 0.47-100
-တံတွေး (saliva ) ထဲမှာ ---- 0
-အမျိုးသမီးရဲ့  ဆီး (female urine) ထဲမှာ----- 0.12-3.72
-အမျိုးသမီးရဲ့  သွေးရည်ကြည် (female serum) ထဲမှာ---- 0.01-.53
ဒီလို သွေးစစ်လို့  PSA များနေခဲ့ရင်လည်း ကင်ဆာလို့  တထစ်ချ မသတ်မှတ်နိုင်သေးပါဘူး။ ဆက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်သင့်ပါတယ် ။ စအိုဝမှတဆင့် အာထရာဆောင်း တီဗွီ ရိုက်ပြီး စမ်း သပ် ခြင်း (transrectal ultrasound ) ၊ ဆီးကြိတ်မှ အသားစ ( biopsy ) ယူပြီး စစ်ဆေးခြင်း တွေကို လုပ်နိုင်ပါတယ်။
ခုဆိုရင် အသက် ၅၀ ပြည့်ပြီးသူ အမျိုးသားတိုင်း သွေးစစ် ပြီး PSA ပမာဏကို နှစ်စဉ်စစ်ဆေးဖို့  နိုင်ငံအတော်များများမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေပြီဖြစ်ပါတယ် ။ နိုင်ငံနဲ့  လူမျိုးစုကိုလိုက်ပြီး ၊ မျိုးရိုးထဲမှာ ဒီလိုကင်ဆာ ရှိခဲ့သူများအတွက်တော့ အသက် ၄၀ ကျော်ရုံနဲ့တင် စစ်ဆေးမှုတွေ ပေးနေကြပါပြီ ။တချို့ လူအနည်းငယ်မှာ PSA ပမာဏပုံမှန်ပေမဲ့  ဆီးကြိတ်ကင်ဆာဖြစ်နေသူများကိုပါစမ်းသပ်တွေ့ ရှိရလို့  သွေးစစ်တာတမျိုးတည်းနဲ့တင် မလုံလောက်သေးပါဘူး ။ ဆီးထဲမှာ UPM-3 နဲ့ သွေးထဲမှာ EPCA-2 စတဲ့ ဓါတ်တွေကိုပါ စစ်ဆေးကြည့်မှ ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။
အောက်မှာပြထားတဲ့ပုံကတော့ ဆီးကြိတ်ကင်ဆာ ပါ ။
ရောဂါ အနုအရင့် ( အဆင့်ခွဲခြားခြင်း ) မှာ အကြမ်းအားဖြင့် အဆင့် ၄ ဆင့်ရှိပါတယ် ။ အသေးစိတ်ကိုတော့ မဖေါ်ပြတော့ပါဘူး ၊ စိတ်ဝင်စားပါက ဒီနေရာမှာ ဆက်လက်လေ့လာ နိုင်ပါတယ် ။ ရောဂါရင့်လေ ကုသမှုအတွက် အလားအလာ မကောင်းလေ ဆိုတာလောက်ကတော့ လူတိုင်း သိနားလည်ပြီးဖြစ်မှာပါ ။
ဒီလို ကင်ဆာ ဖြစ်နေပြီဆိုရင်တော့ အဆင့် အလိုက် ကုသမှုတွေ ယူသင့်ပါတယ် ။ အဓိက ကတော့ ခွဲစိတ်ကုသခြင်း ပါပဲ ၊ ဒါ့အပြင် အနုမြူ ဓါတ်ရောင်ခြည် နဲ့ကုသခြင်း (Radiation therapy ) ၊ ဟော်မုန်းဖြင့် (Hormone therapy ) ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း ( chemotherapy ) စတာတွေ နဲ့ ကုသနိုင်ပါတယ် ။တချို့ ကျတော့ ချက်ချင်းခွဲစိတ်ကုသမှု မပေးသေးပဲ active surveillance အနေနဲ့  ဆက်လက် စောင့်ကြည့်ပြီး အချိန်မှန်စမ်းသပ်စစ်ဆေးခြင်း တို့ ပြုလုပ်ကြပါတယ် ။
သက်ဆိုင်သူများ သတိတရ အရေးတယူ ကြိုတင် စစ်ဆေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ ။
အကြောင်းအရာများကို ဒီနေရာများ (၁) နဲ့ (၂) များမှ ရယူပါတယ်
ဒီခေါင်းစဉ်တပ်ပြီး ရေးတဲ့ အကြောင်းက ရှင်ပြု အလှူဇာတ်လမ်းတခုတော့ မဟုတ်ပါဘူးလို့  ဦးဆုံး ပြောပါရစေ ။အရှေ့ကို လျှောက်နေကြသူများ အနောက်ကို မျှော်ကြည့် သင့်သလား ။ တချို့ က ပြောကြတယ် ။ ရှေ့ ဖက်တူရှုပြီး လျှောက်နေမှ ဘာလို့ နောက်ကို ပြန်လှည့်ကြည့် နေရ အုံးမလည်း တဲ့ ။ ရဲရဲသာဆက်လျှောက် ပါ တဲ့ ။တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်မှာပဲ တဲ့ ။ဗူးဆို ဖရုံ မသီးဘူး တဲ့ ။
ကိုယ့်အမြင်ကတော့ အတိတ် ၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံး ဟာ ဆက်စပ်နေသင့်တယ် ထင်ပါတယ် ။ ရှေ့ဆက်လျှောက်ရမဲ့ လမ်း အတွက် အနောက်မှ ပြီးခဲ့တဲ့ အဖြစ်အပျက် အရာအားလုံးကို ပြန်မျှော်တွေးပြီး ယူသင့်တဲ့ သင်ခန်းစာ တွေ ၊ မှန်ကန်တဲ့ အတွေးအခေါ် တွေ နဲ့ ချင့်ချိန်ပြီး ရှေ့ဆက်ရမဲ့ လမ်းမှန်ကို အောင်မြင်စွာ လျှောက်လှမ်းကြရမယ်လို့  ထင်ပါတယ် ။
“တောမီးလောင်တုန်း၊ တောကြောင်လက်ခမောင်း ခတ်”ခဲ့ကြတဲ့ သူတွေ ။ “ပွဲလန့်တုန်း ဖျာခင်းခဲ့ကြသူတွေ” ကြောင့် တို့ တတွေရဲ့  ခရီးလမ်းကြီး မကြမ်းသင့်ပဲ ကြမ်းခဲ့ ကြရတယ် ။မရှည်သင့်ပဲကြာရှည်ခဲ့ကြရတယ် ။မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ကြရတယ် ။ “ကြွက်သေတခု အရင်းပြု ”လို့ ရလာတဲ့ ရန်ပုံငွေ ဆိုတာတွေ နဲ့  စည်းစိမ်ယစ်နေကြသူများက လည်း တမှောင့် ။အတိတ်မှာ တို့ တိုင်းပြည်အတွက် ဘာတခုမှ မဆောင်ရွက်ခဲ့  ပဲ နဲ့ ၊ ခု ၂၀၁၀ ရောက်မှ ဘယ်ဝန်ကြီးချုပ်ရဲ့  သားမို့ လို့  ၊ သမီးမို့ လို့  နဲ့  ၊ခါတော်မှီ ပါတီတွေ ဖွဲ့  ။ကွဲလိုက်ကြ ပြဲလိုက်ကြ ၊ဘေးကကြည့်သူတွေ တောင် “ ယိုသူမရှက် မြင်သူရှက် ” ရတဲ့  အဖြစ်မျိုး တွေ့ နေကြရတာ စိတ်ပျက်စရာပေပဲပေါ့ ။ “ နွားကွဲတော့ ကျားကိုက်” သတဲ့ ။ နွားဇာတ်သွင်းခံထားခဲ့ရတဲ့ တို့ တတွေ ဘာလို့ များ မစည်းလုံးနိုင်ကြရတာလည်း ။ ဒီလိုပုံ နဲ့ ရှေ့ ဆက်လှမ်းရမဲ့  ခရီးလမ်းကြမ်းမှာ မလွဲမသွေ တွေ့ ရအုံးမဲ့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်ကြမှာလည်း လို့  တွေးနေမိတယ် ။ ရင်မောမိတယ် ။
"If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
{Aung San Su Kyi }
တို့ အားလုံးရဲ့ သူရဲကောင်း ဒေါ်စု ပြောသလို ပါပဲ ။ မည်သူမျှ ဖိအားပေး တိုက်တွန်းခြင်းကြောင့်မဟုတ်ပဲ၊ မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်ခဲ့မှု တခုကို စတေးခြင်း၊ စွန့် လွှတ်ခြင်း လို့ မယူဆ သင့်ကြပါဘူး ။
အလုပ်တခုကို မလုပ်ခင် လုပ်သင့်မလုပ်သင့် မှန်ကန်စွာ စဉ်းစား ဆုံးဖြတ်နိုင်အောင် အတိတ်ကို ပြန်လေ့လာ သုံးသပ် ပြီး ၊ ရှေ့ သို့  ဆက်လှမ်း နိုင်ကြပါစေ ။
ဒီအောက်က မျောက်နှစ်ကောင်လို စသလို နောက်သလို နဲ့  ၊တို့ လိုက် ထိလိုက်နဲ့  အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက်မှာကို တို့ တတွေ မမြင်ချင် မကြုံ ချင်တော့ပါဘူး ။ အရှေ့ ကို လျှောက်ပါလို့  အနောက်ကိုလည်း မျှော်ကြည့် လိုက်ကြစမ်းပါ အုံး. လို့ ပဲ ..
...........................................................................................
“ ဟေ့... ဟေ့... ဟေ့ကောင် .. ဟိုမှာကြည့် ”
“ ဟေ.. ဘာလည်း ။ဘယ်သူလည်း ။ဘယ်မှာလည်း ။”
“ဪ .. ဒီမှာလေ ။ ငါခေါ်နေတာ ကွ ။ ဟို ဘက်ကို ကြည့်လိုက်စမ်းပါအုံး လို့ ဆိုနေတာကို ”
“ ဟမ် ။။ ဘယ်သူလည်းကွ ။ နောက်ကနေ လာ လာ တို့ နေတဲ့ကောင် ။ ရှေ့ ကြည့် နေတာ မမြင်ရတဲ့ အထဲ မင်းက တမှောင့် ကွာ ”
(သြော် .. ကောင်းပေစွ ၊ ကောင်းပေစွ ။ ၂၀၁၀ ရောက်တော့ မျောက်တွေ တောင် အရှေ့ ကြည့် ရမလို ၊ အနောက်ကြည့်ရမလို နဲ့ ဖြစ်နေကြပြီ ။ မတော်.. ပြုတ်ကျလို့  ထိုင်နေတဲ့ သစ်ကိုင်းလေး လွတ်သွားမှ ဖြင့် ၊“မျောက်သစ်ကိုင်းလွတ်” လို့  ပြောခံရတော့မှာပဲ ။ )
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အား အဖက်ဖက်မှ ခေတ်မီ တိုးတက် သာယာ ဝပြောသော စက်မှုအခြေခံ လူ့ဘောင်သစ် ကြီးဆီသို့  ဆက်လက်ချီတက်နိုင်ရေးအတွက် လမ်းညွန်မြေပုံကြီး အား ခေတ်အဆက်ဆက် တလက်ပြီးတလက် လွှဲပြောင်း ရေးဆွဲနေပါသည် ။
ရဟန်းရှင်လူ ပြည်သူအပေါင်းတို့  ဆန္ဒတွေ မစောကြစေလိုပါ ။ တနေ့ နေ့ တော့ ရောက်ရမည်မှာ မလွဲပါ ။
ကျောက်မီးသွေးကနေ မီးအားလျှပ်စစ်ထုတ်ပြီး ရန်ကုန် မြို့ တော်ကြီး မီးတွေ ထိန်ထိန်လင်းတော့ မတဲ့ ။ အနှစ်နှစ်အလလက ပျက်စီးနေတဲ့ လမ်းတွေကို ခါတော်မီ အဖွဲ့ ကြီးမှ ဦးဆောင်ပြီး အခမဲ့( အလှူခံ ) ဆိုင်းဘုတ်ကြီးတွေထောင်ကာ အမြန် ပြင်ဆင်ပြီးလို့ ၊ တို့ ရွှေရွာသားများ ညက်ညော နေတဲ့ လမ်းမကြီးတွေအပေါ်မှာ၊ ဈေးနှုန်းချိုသာ မော်ဒယ်မြင့် ကားသစ်ကြီးတွေ စီးရတော့မတဲ့ ။ ဟန်းဖုန်းကိုယ်စီ နဲ့ ဗုံးဘောလအော စကားတွေ လှိုင်လှိုင်ပြောကြရအောင် ဆင်းကပ် နဲ့ ဆဲဖုံးတွေ ရောင်းချပေးလို့  အဆင့် မြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ရကြတော့မတဲ့ ။ အမျိုးသမီး လေယာဉ်မှူးအလှပဂေး လေးတွေ မောင်းနှင်ပေးတဲ့  လေယာဉ်ကြီးတွေနဲ့  ဝေဟင်ခရီးမှာ မသေခင်စီးကြရတော့မတဲ့ ။
( ခုတလော မြင်မက်မိသော ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်များ ဖြစ်ပါကြောင်း.... )