ဘလော့ဂါ ဘကျောက်( ငွေရတု ) တယောက် အသည်းမှာ ဒါဏ်ရာတွေကြောင့် လင်ဆာ သလိုလိုဖြင့် တပါးနိုင်ငံတွင် ဆေးရုံတက် ၊ ရောဂါရှာဖွေ ကုသခြင်းခံယူနေရသော သတင်းကြားမိသဖြင့် အမိပြည်မှ ၀င်ရခက်နေသော သူ့ ဘလော့ကြီးထဲ ကျော်ခွဝင်ရောက် ဖတ်ရှုဖြစ်ပါသည် ။ နှာခေါင်းရှည်ရှည် အသားနီစပ်စပ် ဟူ၍ အမည်နာမ တပ်ထားခြင်းခံနေရသော အနှီလူမျိုးများ၏ နိုင်ငံကြီးတွင် သူ့ မြေ သူ့ ပြည်ဖွား မဟုတ်သော လူအများကိုပင် လူလိုဆက်ဆံပြီး လူလိုအခွင့်အရေးအပြည့်အဝပေးထားခြင်းများကို အားကျစွာဖြင့် ဖွားကိတယောက် အားကျမခံ ကိုယ့်ပြည်ကိုယ့်ရွာမှ ကိုယ့်လူမျိုးများ ကျန်းမာရေးနှင့် ပါတ်သက်ပြီး ရရှိနေသော အခွင့်အရေးများ ၊ အခြေအနေများကို ရေးသားတင်ပြလိုက်ပါသည် ။ ဘကျောက်ကြီး တယောက်ယခု ရွှေပြည်ကြီးမှ ရွှေပြည်သားများဘဝနှင့် စာလျှင် အတော်ကြီး တော်ပေသေးသည်ဟု မှတ်ယူကာ စိတ်အေးချမ်းသာစွာဖြင့် ရောဂါဝေဒနာများကုသမှုကို ခံယူနိုင်ပါစေကြောင်း စကားဦးပျိုးလိုက်ရပါသည် ။
ပြည်သူ့ ဆေးရုံသို့  တက်ရောက်ခြင်း၊ ပြသခြင်း
၂၀၁၀ ဇူလိုင်လလည် ။
မိတ်ဆွေတစ်ဦး သွေးရောဂါဖြင့် ဆေးရုံတက်ရမည် ဖြစ်သဖြင့် မရောက်တာကြာပြီဖြစ်သော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ( ယခင် အခေါ် R.G.H ၊ ယခုတော့ Y.G.H ) သို့  အဖေါ်အဖြစ် လိုက်ပါခဲ့သည် ။့  ကျောင်းသားဘဝက ပုံရိပ်တချို့  ပြန် အမှတ်ရမိသည် ။ ခုတော့ အရာရာ သည် ပြောင်းလဲ နေကြလေပြီ ။ အနိစ္စ အမြဲမရှိပေကိုး ။ ထို ပြောင်းလဲမှုများကို စိတ်ဖြာကြည့်လျှင် တိုးတက်ခြင်း နှင့် ဆုတ်ယုတ်ခြင်း ၂ မျိုးသာ ခြားနားပါသည် ။ အများပိုင် အရာ တွေ ဆုတ်ယုတ်မှု များနေကြခြင်းအတွက်တော့ စိတ်မချမ်းသာ ဖြစ်မိသည် ။ ပုဂ္ဂလိက ပိုင်တွေမှာတော့ တိုးတက်ခြင်းတွေ များလှသည် ပေါ့ ။ အကျင့် စာရိတ္တ နှင့် စိတ်ဓါတ်များ ပျက်ပြား ဆုတ်ယုတ်ခြင်း အတွက် တော့ ဘယ်အရာမှ စပြီး ပြုပြင်ရမည်ကို ဘဲဥအစရှာမရသလို ဖြစ်နေမိသည့် အတွေးက ဝင်လာမိသေးသဖြင့် သက်ပြင်းရှည် မှုတ်ထုတ်ရင်း ရန်ကုန် ပြည်သူ့  ဆေးရုံကြီး ၏ အရေးပေါ် ဌာန ဆီသို့  ရောက် မှန်းမသိ ရောက်နေပြီ ဖြစ်သည်။
ယခင် ဟောက်ဆာဂျင် ဘဝဖြင့် ကျင်လည် ခဲ့ရသည့် နေရာတချို့ လည်း ပြောင်းလဲနေပြီ ။ တာဝန်ကျဆရာဝန် အခန်း ဖက် အဝင်ဝ တံခါးမကြီးမှာ တော့ ယခင်ကလို အဝင်အထွက် မလုပ်နိုင်တော့ ။ ဘေးဖက် မှာ ရော အတွင်းဖက်တွေမှာပါ သံဇကာ များ အထပ်ထပ် ကာရံထားသည် ။ အတွင်းရှိ ခန်းမကြီးမှာ တော့ အကြီးအကဲကြီးဆိုသူရဲ့  ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် မူဝါဒ ဆိုင်းဘုတ်ကြီးက အခန့်သား နေရာယူထားလေသည် ။ အပူပေါင်းများစွာဖြင့် ဤနေရာသို့  ရောက်နေကြသူများစွာ ထဲမှ အဘယ်သောသူများက စိတ်ဝင်တစား ဖတ်မိလေမည်လည်းမသိ ။သားနားစွာ ရေးသားထားသော အချက်ပေါင်းများစွာ ထဲမှ ဘယ်နှစ်ချက်ကို လက်တွေ့  အကောင်အထည်ဖေါ်ပေးနေသည်ဆိုတာလည်း မသိ ။ ထားပါတော့ သူ့ ဟာသူ နံရံမှာ ကပ်နေတာကမှ မျက်စိနောက်သက်သာပါသေးသည် ။
(ဓါတ်ပုံ မရိုက်ရ ဟု ပြောသဖြင့် လက်ယားနေသော ဖွားကိတယောက် အသည်းပါယားရင်း အဆိုပါပုံရိပ်များကို စာသားဖြင့်သာ သရုပ်ဖေါ်နိုင်ပါတော့သည် ။ နားလည် သဘောပေါက်ကြစေလိုပါသည် )
ဦးခေါင်းဟက်တက်ကွဲပြီးသွေးသံ တရဲရဲ ဖြင့် မိန်းမကြီး တယောက် လမ်းလျှောက်ဝင်လာသည် ။ ဝှီးချဲ နှင့် ထရော်လီ များ မရှိပေလို့ လားမသိ ။ ကိုယ့်ဒါဏ်ရာ ကိုယ့်လက်ဖြင့် အုပ်ကာ လူနာ မှတ်တမ်းရေး စာအုပ်ကို ကိုယ်တိုင်လုပ်နေရသည် ။ လူနာ မှတ်ပုံတင်သည့် နေရာမှ အမျိုးသမီး ၂ ဦးအဖို့ အနှီသွေးများမြင်ရသည်မှာ ရိုးနေလောက်ပေပြီ ။ သူတို့ မေးစရာ ရှိသည်များကို အေးဆေးစွာ မေးရင်း ရေးရင်း သူ့ တို့ အလုပ် သူတို့ လုပ်နေကြလေသည် ။ ထိုအဆင့် ပြီးမှ အတွင်းဖက်ခန်းသို့  သွားရန် ညွှန်ကြားလေတော့သည် ။ တော်ပါသေး၏ ။ ခေါင်းမှ သွေးများက အလိုက်သိစွာ တိတ်သွားခဲ့သည်မို့  လူနာကိုယ်တိုင် အေးဆေးစွာ လမ်းလျှောက်ရင်း သူ့ အနာ ချုပ်ရန် အတွင်းခန်းသို့  ဝင်သွားနိုင်တော့သည် ။
နောက်တဦးက ပိန်လှီနေသော ၃ နှစ်သားအရွယ် ယောက်ကျား ကလေးတဦး ၊ အရေးပေါ်ဌာန၏ ခွဲစိတ်ခန်း ရှေ့ ရှိ ခမ်းမကျယ်ကြီးဘေး နံရံတခုတွင်ကပ်ထားသော ထော်လီရွဲ့ ရွဲ့ တခု အပေါ်တွင် ဖင်တုံးလုံးလှဲလျှောင်းကာ ငိုနေသည် ။ ညာဘက် ပေါင်တခုလုံးယောင်ကိုင်းကာ နီရဲနေသည် ။ အတော်လေး နာကျင်နေပေသည် ။ ထိုကလေး၏ အမေဖြစ်ဟန်တူသော အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးမှာလည်း သားဖြစ်သူနှင့် အပြိုင် မျက်ရည်တွေ ကျ လို့  မျက်နှာတခုလုံး ဖေါင်းအစ်နေသည် ။ အိပ်ရေးမဝတာ အချိန်အတော်ကြာပြီ ထင်သည် ။ စပ်စုတတ်သော ဖွားကိ ထိုအမျိုးသမီးဆီသွားပြီး အကျိုးအကြောင်းမေးကြည့်မိသည် ။ ကလေးဘာဝ ဆော့ကစားရင်း လူတရပ် အမြင့်မှ ပြုတ်ကျပြီး ညာဘက်ဒူးခေါင်း ပွန်းပဲ့ကာ တစတစ ယောင်လာသည်မှာ တပါတ်ကျော်ခဲ့ပေမဲ့ လက်ထဲမှာ ငွေမရှိသော မိဘများအနေဖြင့်လည်း မည်သည့် ဆေးခန်း ဆေးရုံ မျှ သွားမပြခဲ့ကြ ။ ဆေးမြီးတို လိမ်းဆေးလေးသာ လိမ်းပေးခဲ့ကြသည် ။ အဆိုပါဒါဏ်ရာ လေးမှ တဖြေးဖြေး ကြီးထွားလာပြီး အဖျားတက် ၊ အကိုင်မခံ နိုင်လောက်အောင် နာကျင်မှုကြောင့် ငိုချင်းချနေရသော အချိန်ကျမှ ရသမျှ လေး ဟိုချေးဒီချေးဖြင့် သူတို့  နေထိုင်ရာ ဒလ တဖက်ကမ်းမှ ရန်ကုန်ဘက်သို့ အရဲစွန့် ကူးလာကာ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြခြင်းဖြစ်သည် ။ ရှိသမျှ ငွေစလေးက ခရီးစရိတ် သာသာလေး ဆိုတော့ စရိတ်မျှပေး ဓါတ်မှန် တချပ်ရိုက်အပြီး အရိုးမကျိုးမှန်းသိရပေမဲ့ ပြည်တည်နာကြီးကို ခွဲစိတ်ရန်လိုသည် ။ ပဋိဇီဝပိုးသတ်ဆေးများ ထိုးရန် သောက်ရန် လိုသည် ။ လောလောဆယ် လက်ထဲပါသမျှလည်း မကျန်တော့ ။ ဆေးလည်းမဝယ်နိုင် ။ သို့ ပါ၍ နံနက် စောစောတည်းက အဆိုပါ နံရံဘေးတွင် ကလေးတင်ထားသော ထော်လီလေး ကပ်ထားကာ စောင့်နေရသည်။ ဘာ ကို စောင့် နေရသလည်း၊ ရှင်းပါသည် ။ ငွေ ဟုခေါ်သော ပိုက်ဆံ ပဲပေါ့ ။ ဘယ်လောက်ကြာကြာ စောင့်ရမည်လည်း ၊ ဘယ်သူမျှ မသိနိုင် ။ ကုဋေ ၈၀ သူဌေးသမီး မဟုတ်သော ဖွားကိ တယောက် တတ်နိုင်သလောက် ဆေးဖိုးအလှူ ကုသိုလ်ပြုခဲ့ပါသည် ။ ကလေး လေး တယောက် ရောဂါ အမြန်ပျောက်ကင်းပါစေ ဟုလည်း ဆုတောင်းပေးမိပါသည် ။ မနေ့ ည ကတည်းက ဘာမှ မစားရသော ကလေးငယ် တယောက် နောက်တနေ့ နေ့ခင်း အထိ ဆာတာရော နာတာရောကြောင့် သနားစဖွယ် ငိုကြွေးနေရသည့် မြင်ကွင်းကို ယခုထိ ပြန်မြင်ယောင်နေမိပါသည် ။
အပြင် ခန်းမကြီး ရှေ့  တနေရာ ရှိ လူနာမှတ်ပုံတင်သည့် နေရာတွင် လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီးသကာလ ရရှိလာသော စာရွက်ပိုင်းလေးတခုကို ယူပြီး အတွင်းခန်းရှိ ဆေးရုံတက်ရန် မှတ်တမ်းရေးသော နေရာသို့  သွားပြီး ရေးမှတ်ရပြန်သည် ။ မည်သည့် ဌာန တွင် မည်သည့် ဆရာဝန်ကြီးဖြင့် မည်သည့် ရောဂါ အတွက် ဆေးရုံတက်ပါမည့် အကြောင်း စာရွက်လေးကို ယူဆောင်ပြီး တက်မည့် နေရာသို့  သွားရပါသည် ။ မသွားခင်မှာ မိမိလိုအပ်မည့် ဆေးများ( သောက်ဆေး၊ ထိုးဆေး) ၊ ဆေးပုလင်းအသုံးအဆောင်များ ကို မိမိအစီအစဉ်ဖြင့် ဝယ်ယူ( သယ်ဆောင် )လာရပါသည် ။ ထိုနေရာ မှ အထွက် အရေးပေါ်ဌာနနှင့် ဆေးရုံကြီးအဆောင် ကြား အမိုးပါလုကူးလမ်း ၊လမ်းခုလပ်တနေရာတွင် ဆေးရုံ အလုပ်သမား တဦးက ဆေးရုံတက်ရမည့် လူမမာ အဖိုးကြီးတယောက်အား သံပြားသက်သက်သာရှိသော ထော်လီဖြင့်အခင်းမပါ ၊ အခြုံမပါ ၊ ဘေးတွင် ဆရာမ မပါ ပဲ တွန်းလာသည် ။သံပြားချည်းသာရှိသော ထော်လီဖြင့်တင်ပြီးတွန်းလာသဖြင့် အစက လူသေအလောင်းဟု ထင်ထားမိရာမှ အနီးမှ ဖြတ်သွားစဉ် ထို အဖိုးကြီး လက်က လှုပ်ရှားလိုက်သဖြင့် ရုတ်တရက်မို့  လန့်ဖြန့် သွားမိသေးသည် ၊နောက်ဆက်တွဲ အနေဖြင့် သက်ရှိလူသားတစ်ဦးကိုဤသို့ တင်ဆောင်သွားခြင်းကို မြင်ရသည်မှာ စိတ်မသက်မသာဖြစ်မိလိုက်သည်။ ကိုယ့်မိတ်ဆွေ လူနာတက်ရောက်မည့် ဌာနတွင် ဆေးရုံတက်ခွင့် စာရွက်အား တာဝန်ကျ ဆရာဝန် နှင့် ဆရာမများကို ပြန်လည်ပြသပြီးသကာလ ကုတင်နေရာ စောင့်ယူရပါသည် ။မောနေသော လူနာတဦးမှာ မိမိကုတင်နေရာမရမီ လွတ်နေသောကုတင်တလုံးတွင် ခေတ္တလဲလျှောင်းအနားယူနေမိသဖြင့် အနီဝတ်ဆရာမလေးတယောက်၏ မြည်တွန်တောက်တီးမှုကိုခံရရှာသည့် မြင်ကွင်းကို အံ့သြစွာ မြင်လိုက်မိသေးသည် ။
မိတ်ဆွေ၏ကုတင်နေရာရပြီး ကုသမှုခံယူနေစဉ် အထူးကု ဆရာဝန် ပရော်ဖက်ဆာကြီး လူနာလှည့်လည်စစ်ဆေးခြင်း အချိန်တိုက်ဆိုင် နေသဖြင့် နားစွင့်နေမိသည် ။ ကုတင် ၉ လုံးဆန့်  လူနာဆောင် အတွင်း အစွန်ဆုံးဒေါင့် တနေရာတွင် ရှိနေသော အသက် ၅၀ ကျော်ခန့် အမျိုးသမီးလူနာပိန်ပိန်တဦး အား ပြောကြားနေသော စကားများပါပေ ။ “အဒေါ့်ရောဂါက ငွေ သိန်း ၁၂၀ ကျော်လောက် ကုန်ကျ ခံနိုင်ရင် ပျောက်နိုင်ပါတယ် ”တဲ့ ..... ။ ဘာရောဂါမှန်းတော့ မသိ ။ လူနာ မှတ်တမ်းစာအုပ်လည်း ကုတင်နားမှာ မရှိသည့်အတွက် ဆရာဝန်ကြီး ကြည့်ရှု လှည့်လည် အပြီးမျက်နှာလေးငယ်နေသော ထိုအဒေါ်ကြီင်္းအား မေးကြည့်မိသည် ။ လူနာအား မည်သူမျှ ရှင်းလင်းမပြသေးသောကြောင့် သူကိုယ်တိုင်လည်း ယနေ့ ထိ ဘာရောဂါမှန်း သေချာ မသိ သေးပါကြောင်းသာ အဖြေရသည် ။သူ့ လည်ပင်းမှာ လည်း ပြည်ရည်စိုရွှဲနေသော gauze တစ အုပ်ထားသည် ။ညာဘက် လည်ပင်းရှိ အကြိတ် တခုကို အသားစ ယူပြီး စစ်ဆေးထားခြင်း မှ အနာမကျက်ပဲ ပြည်ရည်ထွက်နေခြင်းပါပေ ။ ခွဲထားသည်မှာ ၁ လခန့် ရှိနေလေပြီ ။ ဒီတော့ ဆီးချိုများရှိနေသလား ၊ တီဘီ အကျိတ်လား ။ တီဘီဆိုလျှင် သိန်း၁၂၀ လောက်တော့ မကုန်နိုင်တာမို့  ကင်ဆာ အကျိတ် တခုခုတော့ ဖြစ်လေမည် ။ သိန်း ၁၂၀ ကုန်ပြီးလျှင် ဥစ္စာပျောက်မည်လား ၊ အသက်ပျောက်မည်လား ၊ ဘာပျောက် မည်လည်း ဆိုတာတော့ ကံကြမ္မာအတိုင်းသာ ထားရပါတော့မည် ။
“စရိတ်မျှပေး ”ဆိုသည်ကို စပ်စုစွာ မေးမြန်းမိသေးသည် ။ လူနာတဦးက ပြောသည်မှာ တဝက်သော စရိတ် ကိုပေးရပါသည် တဲ့ ။ ဒီတော့ ဆေးရုံတွင်တာဝန်ထမ်းနေသော သူငယ်ချင်း ဆရာဝန်တယောက်ကိုမေးကြည့်မိသည် ၊ တတ်နိုင်သူများ တတ်နိုင်သလောက် အလှူငွေ ထည့်ကြပြီး ထိုငွေများထဲမှ ချို့တဲ့သူများ အတွက် လိုအပ်သည့် ဆေးဝါးများ ပြန်လည် ဝယ်ယူကာ သုံးစွဲပေးနေကြပါသည် တဲ့ ။တခါတရံ ရန်ပုံငွေ မလုံလောက်သည့်အခါများတွင်တော့ သူတို့  ဆရာဝန်များ အိတ်စိုက် ကာ ကုသပေးကြရပါသည် တဲ့ ။ ဒီလိုဆိုတော့လည်း အိတ်စိုက် ဆရာဝန်များဘဝက သနားစဖွယ်ပင် ။ အိတ်လိုက်နှိုက်နေနိုင်ကြသော ဆရာဝန်ကြီးများ ကိုယ်ချင်းစာနိုင်ကြပါစေ ဟုမဆီမဆိုင် ဆုတောင်းမိလိုက်ပါသည် ။
ဒီတော့ ယနေ့ ခေတ် ရွှေပြည်ကြီးမှ လူနာများနှင့် ပါတ်သက်၍ ကောက်ချက်တခု ချမိလိုက်သည် ။
-အလွန့်အလွန် တတ်နိုင်ကြသူများ တော်ရုံ နေထိုင်မကောင်းလျှင်ပင် နိုင်ငံရပ်ခြားသို့ သွားရောက်၍ အချိန်မှန်စစ်ဆေးခြင်း နှင့် ဆေးကုသခြင်ုး ခံယူကြသည် ။
-အတော်အတန် တတ်နိုင်သူများ ရောဂါ ပြင်းထန်ပါက နိုင်ငံရပ်ခြားသို့ သွားရောက်၍ ဆေးကုသမှု ခံယူကြပြီး တော်ရုံရောဂါများကို ပြင်ပ ပုဂ္ဂလိက အထူးကုဆေးရုံကြီးများ ဆေးခန်းကြီးများတွင် ကုသမှု ခံယူကြသည် ။
-တော်ရုံ တတ်နိုင်သူများ နှင့် အနည်းငယ် တတ်နိုင်သူများ ရောဂါ ပြင်းထန်ပါက ပြင်ပ ပုဂ္ဂလိက အထူးကုဆေးရုံကြီးများ ဆေးခန်းကြီးများတွင် ကုသမှု ခံယူကြပြီး တော်ရုံရောဂါများကို ပြည်သူ့ ဆေးရုံ ၊ဆေးပေးခန်းများတွင် ကုသမှု ခံယူကြသည် ။
-မတတ်နိုင်သူများ ရောဂါ ပြင်းထန်လျှင်ရော ၊တော်ရုံရောဂါများကိုပါ ပြည်သူ့ ဆေးရုံ များတွင် ကုသမှု ခံယူကြသည် ။
-အလွန့် အလွန် နှင့် လုံးဝ မတတ်နိုင်သူများ တော်ရုံရောဂါများကို ဆေးမြီးတိုဖြင့် ကုသပြီး ရောဂါ ပြင်းထန်လျှင် ပြည်သူ့ ဆေးရုံ များတွင် ကုသမှု ခံယူကြသူများရှိသကဲ့သို့  အသက်ပျောက်မည့် အတူတူ ပိုက်ဆံပါပျောက်မည့် အရာကို ရှောင်လွှဲပြီး အသက်အသေခံနေကြသူများလည်း ရှိနေကြပါသည် ။ စရိတ်မျှမပေးနိုင်တော့ အသက်သာ မျှပေးနေကြရပါတော့သည် ။
ဤသည်တို့ မှာ ယနေ့ မျက်မှောက် ရွှေပြည်ကြီး၏ ပြည်သူ့  ဆေးရုံကြီးတွင် နာရီပိုင်းလေးအတွင်း မြင်မိ ကြားမိ ကြုံတွေ့ မိ၊ ခံစားမိ သည်များကို ဖေါက်သည်ချလိုက်ခြင်းသာ ဖြစ်ပါသည် ။ နှစ်ပေါင်းများစွာ ဆိုလျှင်တော့ ဘဝပေါင်းများစွာရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်ပေါင်းများစွာ ရှိနေမည်မှာ အမှန်ပင် ဖြစ်ပါတော့သည် ။
18 comments:
Golden Land's Government is very crazy!!
ကျဲကျဲ...
သိန်း ၁၂၀ ဆိုပျောက်မယ်တဲ့ လားဗျာ...
ဖတ်ရတာ စိတ်မကောင်းလိုက်တာ မကိရယ်။
ကျမတို့တိုင်းပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ တကယ့်ကို နှလုံးမသာယာစရာပါပဲ။
အမှန်ပေါ့ဗျာ။
ဖတ်ရတာ.......ဖတ်ရတာ..မောလိုက်တာ..
မကိ ကလည်း ကလေးလေးအမေကို ဦးကျော်သူတို့ဆေးရုံ ညွှန်းလိုက်ပါလားအမရဲ့
ဒါမှမဟုတ် ဗဟန်းက ဇိဝိတဒါနဆေးရုံလေးညွှန်းလိုက်ပါလားဟင်..မကိ။
we should need to change....
change... change....
သက်ပြင်းပဲ ချမိတော့တယ် မမရယ်..
ဒီနဲ့တော့ ကွာပါ့နော်..
ခလေးလေး ခြေထောက်ဖြစ်တဲ့ အကြောင်း ဖတ်တဲ့ နေရာလည်းရောက်ရော တအားစိတ်မကောင်းဖြစ်မိတယ် မယ်ကိ ရေ ...
mie nge
ဒေါ်ကိ..
ကျနော်တို့ ပြည်သူတွေကတော့ ကံတရားကို သေသေချာချာနားလည်သည်ဖြစ်ဖြစ် မဖြစ်ဖြစ် ကံကိုပဲ ပုံချမှ စိတ်သက်သာရာရကြသည်ကိုး..စစ်တပ်ကအနှစ်လေးဆယ်ကျော်ငါးဆယ်
နီးပါး စီမံခန့်ခွဲလာခဲ့တာ.ခုလိုအဖြစ်မျိုးဆိုက်ပါရော.ဒါလဲမလျှော့သေး..အရပ်ဝတ်
ပြောင်းဝတ်ပြီး ဆက်နှိပ်စက်ဦးမယ်တဲ့ဗျား..
မကိရေ
သိတာတော့သိနေတယ် မကိလို ရေးမပြတတ်ဘူး စည်းစိမ်တို့တော့ ကျန်းမာရေးကောင်းအောင်နေတယ်ဗျ ကျန်းမာရေးဖောက်ပြန်ခြင်းသည် ရှိသမျှသော ဥစ္စာကုန်စေပါသည် အသက်ရှင်ခြင်း မရှင်ခြင်းသည် သင့်ကံသာလျှင်ဖြစ်ပါသည်တဲ့
မကိရယ် တွေးရင်မောတယ် မတွေးရင်မမောဘူး ဒါကြောင့် မရဲတရဲတွေးကြည့်ပေါ့နော်
ခင်မင်စွာဖြင့်
seesein
ဆေးရုံဆိုရင် တက်ရတာ မပြောနဲ့... ဆေးစစ်ဖို့ အကြောင်းရှိလာလို့ (ပြည်သူ့ဆေးရုံမှာမှ ဆိုလို့ ) ဆေးးရုံသွားရတာတောင် စိတ်ညစ်စရာ သိပ်ကောင်းတယ်..
သူငယ်ချင်းတစ်ယောက်ရဲ့သား ကားမှောက်လို့ ဆေးရုံပို့တာ မနက်ကနေစပြီး ဆေးရုံရောက်တာ ညနေစောင်းမှ ကုတင်တစ်လုံးရပြီး ကုသမှု ခံယူရတယ်..
ဟိုဌာနလွှဲချ ဒီဌာနလွှဲချနဲ့ ဘယ်ကမှ လက်မခံ လုပ်နေတာ ကလေးဆွေမျိုးတွေ ငွေထုတ်ကြီးပိုက်ပြီး ရောက်လာတော့မှ နေရာလေးတစ်ခု ရသွားတော့တယ်..း)
မယ်ကိရေ...
ဘကျောက်တော့ ပြည်တွင်းဆေးရုံအတော်များများကို ငှက်ဖျားကြောင့်တက်ဖူးတာမို့ အကြောင်းတော်တော် သိခဲ့ပြီးပြီ...
အမေရိကရောက်မှ ဒီကတိရစ္ဆာန်ကုတဲ့ဆေးရုံတောင် ရွှေပြည်ကြီးက လူကုတဲ့ဆေးရုံထက်သာတာမြင်ရတော့
စိတ်ထဲကိုမကောင်းဘူး...မဆလခေတ်ကထဲက ဦးနေဝင်းတို့ ဦးစန်းယုတို့ US ,UK ကိုဆေးကုသွားနေကြပြီး ပြည်သူပြည်သားတွေတော့ ဆေးဝါးမပြည့်မစုံနဲ့ ပစ်စလက်ခတ်ထားခဲ့ကြတာ၊ တခါတခါတော့ လောကကြီးက ပေါတဲ့နေရာကတွေကပေါများပြီး ရှားပါးတဲ့နေရာကရှားလိုက်တာ..စိတ်ကိုမကောင်းဘူး..
ဗမာပြည်ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတာကတော့ ကမ်းကိုကုန်ပါရောလား...ဒါတောင် အရှက်မရှိသရက်စိ လုပ်ပြီးကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတယ်..
မသေသင့်ဘဲ လူတွေ သေနေရတာတောင် ကုန်ဈေးနှုန်းကလည်း တက်နေသေးတယ်။
မြန်မာ ပြည်သူတွေများ စမွေးလာထဲက ဒုက္ခကို မျက်နာငယ်လေးနဲ့ နပန်းလုံးနေခဲ့ရတာ သေတဲ့အထိပါပဲ။ မျက်စိမပွင့် နားမဖွင့်ရဘဲ အသက်တစ်ချောင်းဆိုတာ ကမ္မသကာ ပဲ သဘောထားကြရတယ်နော်။
ဘယ်သူပဲ အုပ်ချုပ်ပါစေ..။ ပြည်သူတွေအတွက် လူတန်းစေ့ ဖြစ်ရရင် ကျေနပ်ပါတယ်ဗျာ။
မကိရေ...
စိတ်မကောင်းစရာပဲနော်။ ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုတဲ့ စကားအရဆိုရင် ကိုယ့်အတွက် ဘယ်မှာနေတာ အကောင်းဆုံးမှန်းတောင် မရွေးတတ်တော့ဘူးး'( မြန်မာပြည်မှာ ပျော်သူအတွက် မြန်မာပြည်နဲ့ပဲ တော်သလို နေရတာ ထင်ပါ့ရဲ့..။
အကောင်းဆုံးရဲ့အကောင်းဆုံးတွေ မြန်မာပြည်သူအများ ခံစားပိုင်ခွင့်ရတဲ့နေ့ကိုပဲ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်နေတော့မယ်
လူအခြင်းခြင်း ကိုယ်ချင်းစာစိတ် မွေးနိုင်ကြပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စီးပွားကျပ်တည်းတော့လဲ... လူတွေက နည်းအမျိုးမျိုးဖြင့် စားဝတ်နေရေးကြိုးပမ်းကြရတယ်။ မြန်မာတမျိုးလုံး ပျက်စီးလုလုပဲဗျာနော်။ ရှေ့လျောက် ဘေးဒုက္ခတွေပဲ ရင်ဆိုင်ရတော့မယ်ထင်ပါတယ်။ စိတ်မကောင်းဘူး။ ဟောလိုက်တဲ့တရားတွေ ပြီးတော့ တရားပွဲအပြင်မှာ လုပ်ချင်တာလုပ်နေကြတာပါပဲ။ သူများဝမ်းစာ မဖြည့်ဆည်းနိုင်တဲ့ဘ၀မှာ ကိုယ့်ဝမ်းကိုပဲ ကိုယ့်ကျင့်သီလနဲ့အညီစောင့်ထိန်းနေရတော့မှာပဲပေါ့ဗျာ။
အနော်တို့ ဘဘကျောက် ကံကြီးကောင်းသွားတာပေါ့နော ၇န်ကုန်မှာဆို အခင်းမပါတဲ့ တွန်းလည်းနဲ့ ဒိုးရမှာ
Post a Comment