ကိုယ့်ဘလော့လေးကို အကြောင်းကြောင်းကြောင့် ပစ်ထားမိတယ်၊ အကောင့်နဲ့ ပတ်စ်ဝေါ့တွေ ဟိုပြောင်း ဒီပြောင်းလုပ်ရင်း လမ်းပျောက်သွားတာရယ် ၊ ရေးချင်စိတ် မရှိတာရယ်၊ အပျင်းစိတ်တွေများနေတာရယ်၊ ဖေ့စ်ဘုတ် ထဲမှာ အချိန်တွေကုန်နေတာရယ်..အကြောင်းမျိုးစုံပြပြီး မရေးဖြစ်တာ ကြာပါပြီ ။ ခုတလောတော့ စိတ်ထဲ မရိုးမရွဖြစ်လာပြန်တာကြောင့် ပါတ်စ်ဝေါ့လဲ ပြန်ရှာတွေ့ တာကြောင့် စိတ်ပြေလက်ပျောက် လက်ယားပြေ တရေးနိုး ထရေးဖြစ်သွားတယ် ။ ကိုယ့်အယူအဆနဲ့ ကိုယ်မို့  အမြင်မတော်သူတွေလည်း ထင်ချင်သလိုထင်ကြပါလေ ။ ကြီးကြီးကျယ်ကျယ် စပြောရမယ်ဆိုရင်တော့ ခေတ်ကြီးနဲ့ချီင်္ပြီး ပြောလိုက်ချင်တယ် ။
အင်တာနက်ခေတ်ရောက်လာတော့ ဆက်သွယ်ရေး၊ သတင်းဖြန့်ဖြူးရေးအတွက် အလွန်အဆင်ပြေသပေါ့ ။ ရှေးခေတ်ကလို .. ခိုလေးလည်ပင်းမှာ စာရေးပြီးချိတ်ပေး..ဟိုဘက်ဒီဘက် ပျံသန်းရင်းနဲ့ အချိန်ကုန် ၊ ပို့တဲ့သတင်းရောက်မရောက် မသေမချာ ဖြစ်ပြီး ၊နောက်ကျသွားရင်း ၊ လွဲကြတဲ့ခေတ်(ရိုမီယိုနဲ့ဂျူးလိယက်တို့ ခမျာ ဒီလိုကြောင့်သေရရှာတယ်) ၊ စာချွန်တော် ပို့ဖို့ ခြေမြန်တပ်သားတွေသုံးပြီး တိုင်းရေးပြည်ရေး စစ်သတင်း ပို့ ရတဲ့ ခေတ်တွေ ကုန်လွန်တော့ စာတိုက် နဲ့ ကြေးနန်း. ..တတီတီရိုက်ပြီး အချက်ပြ သင်္ကေတ သရုပ်ဖေါ် ဘာသာပြန်ရတဲ့ခေတ် ၊ နောက်တော့ လေယာဉ်စာ နဲ့ ကမ္ဘာတဝှမ်း ပို့ဆောင် ဆက်သွယ်ကြတဲ့ခေတ် ၊ ခုတော့ ခုတော့ အင်တာနက် ခေတ်တဲ့လေ ။ ခေတ်ကြီးတိုးတက်လာတာ ကောင်းတာပေါ့ ။ သတင်းတခု ဆို အချိန်နဲ့ တပြေးထဲ စက္ကန့် ပိုင်းအတွင်း တကမ္ဘာလုံး ပျံ့ နှံ့ အောင် ဖြန့်လို့ ( ခေတ်စကား အရ ဆို ဖွ လို့  ) ရနေပြီ ။သတင်းတွေကို စာအနေနဲ့တင် မဟုတ် အရုပ်လည်းမြင် အသံလည်းကြား .. အိုကေ စိုပြေလှပေသပေါ့ ။ ဆင်ဆာတို့  စီစစ်ရေးတို့ လည်း တင်စရာ မှ မလိုတာ ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူအများ စိတ်ဝင်စားနေကြတဲ့ သတင်းပူ ( Hot News) တွေများဆို တောမီးလောင်တာထက်ကို မြန်ပါ့ .. ဖွကြတာ.. ဖွကြတာ ။ ဟိုလူ ဒီလူ ကို ဟိုအဖွဲ့  ဒီအဖွဲ့က တာဝန်ရှိလို့  ဓါတ်ပုံလုရိုက်သတဲ့ ၊ တာဝန်ရှိလို့ တားသတဲ့ ၊ ဆွဲလားရမ်းလား လုပ်သတဲ့ ၊ တံတောင် နဲ့ တွတ်သတဲ့ ၊ ဦးတဲ့လူက တိုင်သတဲ့ ၊ ပြန် ဖြေရှင်းသတဲ့ ၊ ဟိုဘက် ဒီဘက် အပုတ်ချကြသတဲ့ ၊ ကဲ ..ကဲ.. အမှိုက်ကစလို့  ပြသာဒ်မီးလောင် မယ်ဆိုရင် ကောင်းကြပါအုံးမလား ။
ကိုယ်တိုင်ကလည်း ဘာကောင်မှ မဟုတ်တော့ ဘာမှလည်း မဖြေရှင်းတတ် မဖြေရှင်းနိုင် လက်မှိုင်ချလို့ သာ ထိုင်ကြည့်နေရတဲ့ပွဲ ။ ကြာတော့လည်း စိတ်အချဉ်ပေါက်ပေါက်နဲ့ ဟိုတွေးဒီတွေး တွေးမိရင်း ကိုယ့် အဖွား ကို သတိရမိသွားတယ် ။ ( ဒီလိုပြောလိုက်လို့  စိတ်အချဉ်မပေါက်ရင် သတိမရ မေ့လျှော့နေတယ် လို့  တော့ မထင်လိုက်ပါနဲ့ အုံး ၊ သေသောသူကြာရင်မေ့တယ်လို့  အဆိုရှိတယ် မလား ၊ အဖွားဆုံးတာလည်း ကြာခဲ့ပါပြီ ။ တခါတရံ အကြောင်းတိုက်ဆိုင်ရင်တော့ သတိရမိ လွမ်းမိတတ်ပါတယ် ) ။ ဒီတော့ သူများပေါင် လှန်မထောင်းရဲတဲ့ ကိုယ်တယောက် ကိုယ့်ပေါင်သာ ကိုယ်ပြန်ထောင်းပြလိုက်ပါမယ် ။ အဖွား အကြောင်း ပြောပြမယ် ။
ကိုယ့်အဖွား သာ အသက်ရှင်လျှက်ရှိနေမယ်ဆို အသက် တစ်ရာလောက် ရှိလောက်ပြီ ။ (မွေးနေ့ သက္ကရာဇ်အတိအကျမမှတ်မိလို့  စိတ်မှန်းအရပြောတာ )။ အဖွားက ရှမ်းလူမျိုးစစ်စစ် ရှမ်းပြည်တောင်ပိုင်း မိုးနဲသူ ၊နောက်တော့ ကျိုင်းတုံမှာအခြေချ နေထိုင်ခဲ့တယ်။ မိန်းကလေး ဆိုရင် သေစာရှင်စာတတ်ရင် ပြီးရောပေါ့လို့ ဆိုတဲ့ သူတို့ ခေတ်တုံးက၊ အဖွားခမျာ သေစာရှင်စာတတ်အောင်တောင် စာမသင်ခဲ့ရပါဘူး။ အိမ်အလုပ်တွေဝိုင်းကူ အရွယ်ရောက် လူလားမြောက်တော့ လူမျိုးတူ ဘာသာတူ ကိုယ့်အဖိုးနဲ့ အိမ်ထောင်ကျတယ်။အဖိုးက ရုံးစာရေး ။ မိဘပေးစားတာတဲ့ ။အဲဒီခေတ်က အိမ်ထောင်ရေးလည်း အံ့သြစရာပဲ ၊ သမီးရည်းစားတောင် မဖြစ်လိုက်ရပဲ ၊ အိမ်ထောင်ချပေးတဲ့ နေ့မှာမှ စတွေ့ ခွင့်ရတဲ့ တစိမ်းပြင်ပြင်တယောက်ကို လင်ယောကျာင်္းအဖြစ် ၊ တသက်လုံး ရိုးမြေကျ ချစ်ချစ်ခင်ခင်ပေါင်းသင်း နေထိုင်သွားလို့ ရကြတယ် ။ တောင်ပေါ်သူ သဘောဖြူ အူစင်း ကိုယ့်အဖွား ၊ စာမတတ်ပေမဲ့ ထောင်တော့မကျဘူးပါ ။ ( ခုခေတ်မှာ တချို့ က ပြောနေကြတယ် ။ မျက်နှာစာအုပ်ပေါ်မှာ ဟောင်ဖွာဖွာနဲ့ ရေးကြတယ် ၊ စာတတ်အောင် စာဖတ်အောင် ထောင်ကျဘူးရမယ့် အပေါက်မျိုး လေဖေါနေသူတွေကို ၊ ကိုယ့် အဖွားနဲ့ ပေးတွေ့  လိုက်ချင်တယ် ။)
ဒီလိုနဲ့ အဖိုး၊ အဖွားတို့  မှာ သားသမီး ၃ ယောက် ရှိလာတယ် ။ သူတို့ခေတ် အခါတုံးက ရုံးစာရေးလစာ ဟာ တမိသားစုလုံး ဖူလုံသတဲ့ ( အံ့သြစရာကောင်းလိုက်တာ ) ။ ဒါပေမဲ့ စစ်ကြီး ဖြစ်လာတော့ စစ်ပြေးကြရတာပေါ့ ၊ အဖွားလည်း သူတတ်တဲ့ အရောင်းအဝယ်လေးလုပ်ပြီး တဖက်တလမ်းက ဝင်ငွေရှာတယ် ။ သူ့ ပြောစကားအရဆို အဲဒီခေတ် ခေတ်ပျက်ကြီးထဲမှာ ဘိန်းစားတွေ အတော်ပေါတယ် ဆိုပဲ ။ နောက်ပြီး စစ်အတွင်းက ဝမ်းကိုက် ဝမ်းလျှောရောဂါတွေလည်း အဖြစ်များတော့ ဘိန်းမဲတွေ စားပြီး ရောဂါသက်သာအောင်လုပ်ကြသတဲ့ ၊ ဒီတော့ အဖွားလည်း ဘိန်းမဲ ရောင်းတဲ့ အလုပ် လုပ်ကို စစ်ပြေးဘဝနေရတဲ့ အချိန်မှာ လုပ်ခဲ့ဖူးတယ်တဲ့ ။ ကပ်ကြေးလေးကို ရေစိမ်ထားပြီးမှ ဘိန်းကို ညှပ်ပြီး ချိန်ခွင်ထဲထဲ့ရောင်းရတယ်ဆိုပဲ ။ ဘာလို့ လဲဆိုရင် ရေမဆွတ်ထားတဲ့ ကပ်ကြေးနဲ့ ညှပ်လိုက်ရင် ဘိန်းမဲမဲတွေက ကပ်ကြေးမှာ အထပ်လိုက် ကပ်နေတတ်တော့ ၊ ဘိန်းစားတွေက ကပ်ကြေးကို တောင်းပြီး လျှာနဲ့ရက်တတ်ကြလွန်းလို့ တဲ့လေ ။ အဲဒီအကြောင်းတွေ ပုံပြောသလို ပြောပြရင်း မုန့်စိမ်းပေါင်းရောင်းတဲ့ တောင်းကြီးထဲ မုန့်စိမ်းပေါင်းအပုံကြီးကို ဘိန်းအမှတ် ထင်မှတ်ခဲ့ဖူးတဲ့ ငယ်ငယ်က ကလေးအတွေးလေးတောင် ပြန်မြင်ယောင် မိပါသေးရဲ့ ) ။ စပ်စုမ ကိုယ်က အငြိမ်မနေနိုင် မေးမိတတ်တယ် ။ “အဖွား..ဘိန်း ရောင်းတာ အစိုးရ က မဖမ်းဘူးလား” ဆိုတော့ အဲဒီအချိန်မှာ သူသူငါငါ ရောင်းနေကြတာပဲတဲ့ ၊ ဘယ်သူမှ မဖမ်းကြဘူးတဲ့ ။ ရာဇဝတ်မှု မဟုတ်ဖူးတဲ့ ။ ခုပိုပြီး စဉ်းစားတတ်လာတော့ မှ ပြန်တွေးမိတယ် ၊ အင်္ဂလိပ်ကျွန် ဂျပန်ကျွန် ဘဝရောက်နေတဲ့ အချိန်မှာ ဘိန်း(ဘိန်းမဲ) ကို ရောင်းခွင့် သုံးခွင့်ပေးထားရခြင်း အကြောင်းထဲမှာ မြန်မာနိုင်ငံသူနိုင်ငံသားများ အား ဘိန်းစားဘဝ သွပ်သွင်းပြီး ကျွန်သက်ရှည်အောင် လုပ်တဲ့ နည်းလမ်းတခုဖြစ်မယ်လို့  ။ ဒါကတော့ အဖွားရဲ့တရားစီရင်ချက်ထဲ အကျုံးမဝင်ပါဘူး ။ အဲဒီ ခေတ်စနစ်ကြီးမှာ ဘိန်းစားတွေ လောင်းကစားဝိုင်းတွေ များခဲ့တယ် လို့  ပြောချင်တာပါ ။ စကားစပ်လို့ ပြောရအုံးမယ် ၊ အဖိုးက ရုံးစာရေးဆိုပေမဲ့ ရသမျှ လခ အကုန်အပ်ပြီးမှ အဖွားဆီက ပြန်တောင်းသုံးရတယ်။ ဘုရားပွဲ အချိန်ဆို ရွာမှာ လေးကောင်ဂျင်ဝိုင်းတွေ ရှိတတ်တော့ အဖိုးလည်း သွား ပြီး ကံစမ်းလေ့ရှိသတဲ့ ၊ နောက်တော့ မကြာခဏ ကနေ ခဏခဏ ဖြစ်လာတော့တာပေါ့ ။ ဒီတော့ အဖွားက အရွဲ့တိုက်တယ် ၊ အိမ်မှာ ဘာမှ မချက် ပဲ ၊ သူလည်း ကစားဝိုင်း ထဲ လိုက် သွားပြီး ပါလာသမျှ ပြောင်အောင် ထိုးပလိုက်တယ် တဲ့ ၊ အဲဒီနောက်ပိုင်း အဖိုးခမျာ တသက်လုံး လောင်းကစားဝိုင်းဖက် ခြေဦးမလှည့်ရဲအောင် ဖြစ်သွားရတယ် ။( ကိုယ့် အဖွားရဲ့ ပိုင်ချက်.. ၊ အဖိုးကလည်း လူအေးကြီးမို့ သာ ဖြစ်မှာပါ၊ သူ အလျှော့ပေးလိုက်ပေလို့ ပေါ့ ။ ၂ ယောက်စလုံးတင်းနေရင်တော့ ဘယ်ထိ ပွဲကြမ်းသွားမလည်း မပြောတတ်ပါ )။
အဖွားရဲ့ သားသမီး ၃ ယောက်လည်း စစ် အတွင်းမှာ ပဲ ကြီးပြင်းလာကြရတယ် ။ အကြီးဆုံး နဲ့ အငယ်ဆုံး က သမီး၊ အလတ် က သား ။ ကိုယ့် အမေ က အငယ်ဆုံးသမီးလေးပေါ့ ။အဖွားက အတန်းပညာ မသင်ခဲ့ရလို့  စာ သာ မတတ်တာ ။ အရောင်းအဝယ် အတွက်အချက်တော့ တော်တယ် ။ သားသမီးတွေ ကို ဆုံးမတာလည်း တော်တယ် ။ ၂နှစ်ခြား ၃ နှစ်ခြား မောင်နှစ်မသုံးယောက် ..ကလေးတို့  ဘာဝ၊ အတူတူ ဆော့ ကစားရင်း နောက်ပြောင်ရင်း ရန်ဖြစ်လေ့ရှိကြတာ အဆန်းတော့မဟုတ်ပါဘူး ။ များသောအားဖြင့် တိတ်တိတ်ကြိတ်ပြီး ရန်ဖြစ် ၊ဒါဆို အလုပ်များနေတဲ့ အဖွား မသိလိုက်ဖူး ။ တခါတလေ အော်ကြီးဟစ်ကျယ် ဖြစ်သွားတဲ့ အခါဆိုရင်တော့ ၃ယောက်စလုံး မလွယ်ဘူး သာ မှတ်ပေရော့ ။ တခါတလေ ဆို ၁ယောက် မကစားလို့  မပါပဲ၊ ၂ ယောက်ထဲ အော်ကြီးဟစ်ကျယ် ဖြစ်တဲ့ အခါဆိုလည်း မချောင်ဘူး ။ ၃ ယောက်စလုံး အရိုက်ခံရတယ် ။ ဘယ်သူ ပါ ပါ မပါပါ၊ ဘယ်သူမှား ဘယ်သူမှန်တယ် ဆိုတာကို စစ်မနေတတ်တဲ့ အဖွား ၊ ကလေး ၃ယောက် စလုံးတန်းစီပြီး လက်စွဲတော် ကြိမ်လုံးနဲ့ ဆော်တော့တာပဲ ။ ကိုယ့် အမေက အငယ်ဆုံးသမီးဆိုတော့ အဖေ့အချစ်ဆုံး အဆိုးဆုံး ၊ အကဲဆုံးလေး ။ ဘယ်သူနဲ့ ဖြစ်ဖြစ် သူမပါရင် မပြီး ၊များသောအားဖြင့် သူက ပဲ ပြသနာ စရှာတတ်တယ် ၊ သူများကို အနိုင်ကျင့် ဗိုလ်ကျ တတ်တယ် ၊ ပြီးရင် သူကပဲ အာပြဲအောင် အော်ငိုပြီး သူကပဲ ဦးအောင် စ တိုင်တတ်တယ် ။ သူ့  အထက်က အကို ဆိုရင် သူ့ ကို သိပ်ကြောက် ပေါ့ ။ အမကြီးက အကြီးဆိုတော့ အငယ်တွေကို ညှာတယ် ။ ဘယ်တော့မှ ပြသနာ အရင်စမလုပ်ဖူး ။ ဒါပေမဲ့..ဒါပေမဲ့ ပေါ့ ။ တရားစီရင်ရာမှာ အင်မတန်တော်တဲ့ ကိုယ့်အဖွားရဲ့ မူ အရ .. ၂ယောက် ရန်ဖြစ်ရင်လည်း ၃ယောက်စလုံးရိုက်ခံရတယ်ပေါ့ ။
ဘာလို့ ဒီလို အပြစ်မရှိတဲ့ သူကိုပါ ရိုက်ရတာလည်း လို့  မေးကြည့်ဖူးတော့ သူ့ အဖြေက ရိုးရှင်းပါတယ် ။ သူ မွေးထားတာ ၃ ယောက် ၊ တသွေးထဲ တသားထဲ ရှိနေရမယ်၊ချစ်ချစ်ခင်ခင်နေရမယ်၊ ပြသနာတခုဖြစ်လာရင် တခါတလေမှာ ဘယ်သူ မှန်တယ် မှားတယ် မကွဲမပြားဖြစ်တတ်တယ် ၊ ဦးအောင်တိုင်တိုင်းလဲ မှန်တတ်တာမဟုတ်ဖူး ၊ အသံမထွက်တဲ့ သူတိုင်းလည်း အမှားလုပ်နေတာ မဖြစ်နိုင်ဘူး ။ ပြသနာမှာ မပါတိုင်းလည်း အပြစ်ကင်းတယ် ပြောမရဘူး ။ အကြီးဖြစ်သူ အထိန်းအကျောင်းမတော်လို့  သာ ဒီပြသနာဖြစ်ရတယ် ။ ဒီတော့ ၃ယောက်စလုံး မှာ အပြစ်ရှိတယ်တဲ့ ။ ကဲ.. အေးတာ ပဲ ၊ ၃ ယောက်စလုံး ကြိမ်စာကျွေးခံရပြီးရင် အမကြီးကလည်း သူ့ မောင် နဲ့ ညီမ ကို ပြောတယ် ဆုံးမတယ်။ “နင်တို့ ၂ယောက် တည့်အောင်နေကြ နို့ မို့ ရင် ငါပါ ရောယောင်ရိုက်ခံရမယ်”ပေါ့ ။ သား အလတ် ကလည်း တွေးတယ် ၊ “ငါမှန်ပေမဲ့လည်း ရိုက်ခံရတယ် ၊ဒါပေမဲ့ ငါ့မှာ အတူတူကစားဖေါ် ဒီညီမလေးပဲ ရှိတာ ၊ သူ့ အလိုလိုက်မှဖြစ်မယ် ”။ အငယ်ဆုံးမက တမျိုးတွေးတယ် ..“ ငါ က စလုပ်ပြီး ဦးအောင် အော်ငိုတိုင်တာလဲ အပြစ်မလွတ်နိုင်ဘူး ။ ငါ့ကြောင့် အားလုံးအရိုက်ခံရတယ် ။ နောက်ဆို အဲလို မလုပ်တော့ဘူး ”.. ။ စစချင်းတော့ ဒီအတွေးမျိုးရှိချင်မှ ရှိမှာပါ ။ဒါပေမဲ့ ကြိမ်ဖန်များစွာ ခုလို စီရင်ခံရတော့ ဘယ်လိုနေနေ ဘယ်သူလုပ်လုပ် ပြသနာ တခု ဖြစ်ပြီဆိုတာနဲ့ ၃ယောက်စလုံးမလွတ်ဖူးဆိုတာ အတွေ့ အကြုံ အရ သိလာကြတော့ နောက်ဆို သူတို့ မောင်နှစ်မ ၃ ယောက် ဘယ်လိုပဲဆော့ဆော့ စားစား ရန်မဖြစ်တတ်ကြတော့ပါဘူး ။ အကြီးကလည်း အငယ်ကို ညှုာတာတယ် ၊ သွန်သင်တယ် ၊ အငယ် ကလည်း အကြီး ပြောစကားကို နာခံတယ် ။ လေးစားတယ် ။ အဖွားရဲ့ ထူးထူးခြားခြား စီရင်ချက်ကြောင့် မောင်နှစ်မတွေ ချစ်ချစ်ခင်ခင်နဲ့ ခုချိန်ထိပါပဲ ။
ဒါက အတွင်းရန်ဝိုင်းကို စီရင်တာ ။ ရှိသေးတယ် အပြင်ရန်ဝိုင်း ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး ၊ ခွေး ကိစ္စ ၊ အဖွားက ခွေးချစ်တတ်သလောက် ကြောင်ဆို မုန်းတယ် ။ ခွေးက သခင်အပေါ် သစ္စာရှိလို့  တဲ့လေ ။ ကြောင်ကတော့ သိတဲ့အတိုင်း အိမ်သာရင် လာ ပြီး အိမ်မသာရင် ခွာသွားတတ်တာ မဟုတ်လား ။ ကိုယ်တို့  ငယ်ငယ်တုံးက ခြံထဲမှာ ခွေးတွေ အများကြီး မွေးထားတယ် ၊ အင်းခွေး၊ ဗမာခွေး ၊ ဘိုခွေး စုံလို့ပါပဲ ။ အဲဒီခွေးတွေ ထဲမှာ သူ အချစ်ဆုံး က “ ငဖြူ ” လို့ ခေါ်တဲ့ အင်းဗမာစပ် နားရွက် ဖါးဖါး နဲ့ ခွေးကွက်ကျားလေးပေါ့ ။ ဒီကောင်က လူ စကားလဲ နားလည်တယ် ။ အရိပ် သုံး ပါး နားလည်တယ် လို့ တောင် ပြောလို့ ရမယ် ၊ ကလေး ပေါက်စလေး သူ့ နားမှာ ချထားရင် မခွာပဲ ထိုင်စောင့်ပေးတတ်တယ် ။ သူများလာရန်လုပ်မှာစိုးလို့ ၊ ခြံထဲကို လူစိမ်း ဝင်လာရင် အရိပ်အကဲ ကြည့်တတ်တယ် ။ အိမ်ရှင် နဲ့ ရယ်လားမောလား စကားပြောနေတဲ့သူဆို ၊ ဒါမှမဟုတ် အိမ်ရှင်က ဟန့်လိုက်ရင် သူဘာမှ မလုပ်ဖူး၊ ဘေးမှာ ခဏစောင့်ကြည့်ပြီး သူ့ နေရာသူသွားနေတတ်တယ် ၊ သတင်းစာဝယ်တယ် ဒန်အိုးပေါက်တွေဝယ်တယ် အသံကြားရင် ၊ ချွတ်ကနဲ အသံကြားရင် ထိုးဟောင်တော့တာပဲ ၊ခြံထဲ အတင်းစွတ်ပြီးဝင်လာသူဆိုရင် မလွှတ်တမ်း ကိုက်တော့တာပဲ ။
အဲ့ဒီ အကိုက်ကြမ်းတဲ့ ခွေးလိမ္မာက အဖွားရဲ့ အသည်းစွဲ ။ ညနေ ညနေ အဖွား ခြံထဲ လမ်းလျှောက်ဆင်းရင် ဝါးတုတ်လေးတချောင်းကိုင်လို့ ၊ တခါတလေ သူများခြံထဲက ခွေးတွေ အလည်ကျူးပြီး ကိုယ့်ခြံထဲ ရောက်လာတဲ့ အချိန်ဆို အဖွား အလုပ်များတော့တာ ခုထိ မြင်ယောင်မိသေးတယ် ။ ကိုယ့်ခွေးကလည်း ခပ်စွာစွာ သူများခွေးကလည်း ခပ်ကဲကဲ နဲ့ တိုက်ပွဲ ဖြစ်လေ့ရှိတယ် ။ ငဖြူကြီးက အကောင်သာငယ်တယ် ကိုက်ရည်ခိုက်ရည်ကတော့ အပြည့် ၊ အတိုက်ကောင်းသလို အရှောင်လည်း ကောင်းပါ့ ။ တကောင်ချင်း ပြိုင်ကိုက်ရင် သူပဲနိုင်တာများပါတယ် ။ ဒီလိုအချိန်ဆိုရင် အဖွား ဘာမှ မလုပ်ဖူး ။ အသာလေးကြည့်နေတတ်တယ် ။ ကိုယ်တို့ ကလေးတသိုက်လည်း ဘေးမှာ ပတ်လည်ဝိုင်းပြီး ခွေးတိုက်ပွဲကို လက်ခုပ်တီး အားပေးကြတာပေါ့ အကယ်၍သာ ကိုယ့်ဘက်က အခြေ အနေ မဟန်ဘူး ဆိုရင်တော့ အဖွား ဝင်ပါပြီ ..၊ ခွေး ၂ကောင် ခပ်ခွာခွာ ရှိနေမယ် ဆိုရင် သူ့ လက်ထဲက ဝါးတုတ် ဟာ တဖက် ခွေးကို ရိုက်ဖို့ ပစ်ဖို့  အသင့်ပဲ၊ ဒါမှမဟုတ် ၂ကောင်ပူးကပ် လုံးထွေးနေပြီဆိုရင်တော့ ရေနဲ့ပက်ဖို့  အသင့်ပဲ၊ ကိုယ်တို့ ကလေးတွေလည်း ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ဆိုပြီး အသင့်ပဲ ။တခါတလေတော့ တုတ်နဲ့လဲရိုက် ရေနဲ့လဲပက် .. ဗျူဟာအမျိုးမျိုးနဲ့ တိုက်ပွဲကူကြရတယ် ။ ( ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးနိုင်စေချင်တာ၊ လူ့ သဘာဝပဲ ထင်ပါရဲ့ )။ အဖွား ဘာလို့ တုတ်နဲ့ရိုက်တာလဲ ရေနဲ့ ပက်တာလဲ မေးကြည့်ရင် သူ့ သဘောထား သိရလိမ့်မယ် ။ ၂ ကောင် ပူးနေတုံး တုတ်နဲ့ ရိုက်ရင် မတော်တဆ ကိုယ့်ခွေး ကိုယ်ရိုက်မိမှာ ပေါ့ တဲ့ ။ ရေနဲ့ပက်တော့ ၂ကောင်လုံး မနာပေမဲ့ အကိုက်ရပ်သွားကြရော မဟုတ်လား.. တဲ့။ အဲဒါ သူ့ ရဲ့ မီးစတဖက် ရေမှုတ်တဖက် မဟုတ်တဲ့ တုတ်တဖက် ရေတဖက် မဟာဗျုဟာတမျိုး ပဲပေါ့ ။
ဒီ ဗျူဟာ ကို စဉ်းစားမိတော့ အသုံချလို့ ရတဲ့ တနေရာ ရှိနေတာ သတိထားမိတယ် ။ ဒီသတင်းလေးပါပဲ ။ တုတ်နဲ့ ရိုက်သင့်ရိုက်၊ ရေနဲ့ ပက်သင့်ပက် ဖို့ ပါ ။
အကြီးဆုံး သမီးဖြစ်တဲ့ ကိုယ့်ကြီးတော်ကြီးကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကွယ်လွန်ခဲ့ပါပြီ ။ ကိုယ်တို့  မောင်နှစ်မတတွေ အပေါ် အလွန်ကြင်နာ စောင့်ရှောက်ခဲ့တဲ့ ကြီးတော်ကြီးကို လွမ်းဆွတ် သတိရနေမိသလို ၊ စာမတတ်ပေမဲ့ ဘာသာတရားကိုင်းရှိုင်း အလှူဒါန ရက်ရောပြီး စိတ်သဘောထား ဖြူစင်တဲ့ ကိုယ့်အဖွားကိုလည်း အောင်းမေ့ အမှတ်ရ နေမိပါတယ် ။ ဒီတော့ ခုတလော ပြသနာတွေတက်.. အကျယ်အကျယ် မငြိမ်းဘွယ်နဲ့ သူ မှားတယ် ငါမှန်တယ် လုပ်နေကြသူတွေကို ကိုယ့်အဖွားလက်ထဲအပ်၊ တိုက်ရိုက်ပတ်သက်နေသူရော၊ နှီးနွယ်နေသူတွေရော အားလုံးကို ကြိမ်လုံးနဲ့ နာနာသာ ဆော်ပေးလိုက်ရရင် ဘယ်လိုများ တွေးကြပါလိမ့်မလည်း လို့  သိချင်နေမိတယ် ။ နှစ်ဖက်စလုံးတင်းနေကြရင် ပြတ်ဖို့ကိန်းသာဆိုက်ပြီး ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဖို့  အသင့်ပြင်ထားသူများ အကြိုက်ဖြစ်နေမှာ စိုးမိပါတယ်။
အချုပ်ဆိုရရင် .. ပြသနာ အကြီးအသေး နေရာဒေသကို လိုက်ပြီးတော့ ကျင့်သုံးရမဲ့ ၊ နည်းလမ်းတွေ အကြောင်းပါပဲ ။ ရေမှုတ် နဲ့ မီးစ တဖက်စီကိုင်ပြီး အသုံးချ သင့်ရင် ချရပါမယ် ။ အဖွားကတော့ အတန်းပညာ မတတ်ခဲ့ပေမဲ့ သူ့ နည်းသူ့ ဟန်နဲ့ သူ့ သားသမီး ၃ ယောက်ကို စည်းစည်းလုံးလုံးရှိအောင် သွန်သင် ဆုံးမ နိုင်ခဲ့ပါတယ် ။ ခုခေတ်ခါမှာ ဥာဏ်ပညာ အဆင့်အတန်း မြင့်မားနေသူတွေ အဖို့ မှာတော့ မြွေမသေ တုတ်မကျိုး ပဲ ထင်းစည်းမပြေရလေအောင်၊ အဖွဲ့အစည်း နဲ့ နိုင်ငံတော်ကို ဦးဆောင် ထိမ်းသိမ်းပြီး ငြိမ်းချမ်း တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ် လို့  မျှော်လင့်မိပါတယ်။
( မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ..)
14 comments:
ပြန်ရောက်လာတာ ကြိုဆိုပါတယ် - မကိ
တုတ်တဖက် ရေတခွက် နည်းဗျူဟာကို နှစ်သက်စွာ လေ့လာသွားပါကြောင်း ...
(အောက်ဆုံးသတင်းရဲ့ လင့် ကို ရှာမရပါ)
ရေနဲ့ မပက် တုတ်နဲ့ မရိုက် မမကိ သေနက်နဲ့ ပဲပစ်ပါတော့လို့ 
like.
:)
ကိကိအဖွားလို ဦးနှောက်မသုံးတတ်ကြသူတွေက ဒီလို ဘယ်စီရင်မတုန်းကွယ်... (စာပြန်ရေးတာဝမ်းသာ၏)
Thanks for come back, able to get good knowledge.. anyway, like to share one of the blog address for health knowledge, even though not exactly in technical, this blog is not so bad. (www.naturalhealthandbeauty101.blogspot.com)
ကြိုက်တယ် သူငယ်ချင်း.... များများပြန်ရေးပါ ဘရာဗို..
ရေမှုန့်တစ်ဖတ် ဒုတ်တစ်ဖက်ကိုဖတ်ပြီး ပညာယူသွားပါကြောင်း........း)
ဖွကိ စာတွေပြန်ဖတ်ရလို့ ပျော်၏ ကိုယ့်ပေါင်ကိုယ်များများလှန်ထောင်းနိုင်ပါစေ.....
ခင်မင်တဲ့
seesein
မကြီးရေ.....စာတွေလာဖတ်တယ်နော့.. မငုံလဲ ရန်ကုန်ရောက်မှပဲ ဘလော့ဂ်တကာလည်ရတော့တယ်. :))
အမရဲ့အဖွားကို အရမ်းအရမ်းကိုသဘောကြသွားပါကြောင်း....:)
တွေးမိတယ်...
အဖွားသာ အခုအချိန် သက်ရှိထင်ရှားများ ရှိခဲ့ရင်...
တုတ်နဲ့ ရိုက်ချင်တာတွေ..
ရေနဲ့ ပက်ချင်တာတွေ...
များလွန်းလို့ လူငှားထားရမယ့် ပုံပေါက်တယ်..:)
တွေးမိတယ်...
အဖွားသာ အခုအချိန် သက်ရှိထင်ရှားများ ရှိခဲ့ရင်...
တုတ်နဲ့ ရိုက်ချင်တာတွေ..
ရေနဲ့ ပက်ချင်တာတွေ...
များလွန်းလို့ လူငှားထားရမယ့် ပုံပေါက်တယ်..:)
အတန်းပညာမတတ်တဲ့ ရှေးလူကြီးတွေရဲ့ စီစဉ်ကွပ်ကဲ အုပ်ချုပ်မှုတွေ လေးစားဘို့ကောင်းတယ် ကိကိရေ။ ကိကိရဲ့အဖွားကို သဘောကျတယ် လေးစားပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အခုတော့အေးသွားပြီ..း)
(ထင်ရတာပါဘဲ..)
ဖွားကိရဲ့
ဖေ့ဘုတ်ပရိုဖိုင်ကြီးက
သူ့ရာသီအလိုက်..
ထင်းနေတာဘဲနော်.. :D
ချစ်ခင်လေးစားလျှက်
မိစံ
Post a Comment