အကြိတ်အနယ် အသည်းအသန် အပြင်းအထန် အသေအကြေ အသေအလဲ ..ဒီစကားလုံး အားလုံးဟာ ပြင်းထန်စွာ ပြုလုပ်မှုတရပ်ကို ဆိုလိုရင်းဖြစ်ကြောင်း သိကြမှာပါ ။ အသေအကြေ အသေအလဲ ဆိုတဲ့အထဲက “သေ” ဆိုတဲ့ စကားလုံး တလုံးပါရှိနေတာမို့  ပိုပြီး ပြင်းထန်တဲ့ သဘောများရှိနေမလား လို့  စဉ်းစားစရာ ဖြစ်ရပ်တခု မကြာမှီရက်ပိုင်းအတွင်းမှာ ဖြစ်လာခဲ့တယ် ။ တကယ့်ကို အသေအကြေပါပဲ ။ အဖြစ်ကဒီလို..
ဒီနိုင်ငံမှာတင်မဟုတ်ပါ ။ဒီခေတ်ကြီးမှာ အီး ခေတ်လို့ ဆိုတဲ့ အတိုင်း လူတိုင်းလိုလို အတွက် အရာရာမှာ အီး နဲ့ ပါတ်သက်တဲ့ အသုံးအဆောင်များစွာ နဲ့ ခွဲခြားလို့ မရနိုင်လောက်အောင် တွယ်နှောင်ရစ်ပတ်နေလျှက်ရှိကြပါပြီ ။ အင်တာနက်ခေတ် ဆိုတော့ ဂိမ်းကစားနည်းမျိုးစုံမှာတောင် တဖက် နဲ့ တဖက် လူမမြင် လူမသိကြပေမဲ့ ၊အွန်လိုင်းကနေ ဆော့ကစားကြ လို့ ရတယ် ။ ဒီအတိုင်း ကစားရတာ ငြီးငွေ့ လာကြ လို့ လားတော့ မပြောတတ် ၊နောက်ပိုင်းကျတော့ အလောင်းအစား ပုံစံမျိုးနဲ့ ဆော့ကစားကြတယ် ။ လောင်းကစားဆန်ဆန် ဂိမ်းမျိုးစုံကိုထွင်ကြတဲ့ ကုပ္မဏီတွေကလည်း သူ့ ထက်ငါ အပြိုင်အဆိုင် ရင်ဖို ရင်ထိတ်စရာ ကစားနည်းတွေကို တီထွင်ထုတ်လုပ်လာကြတော့ အဲလိုဂိမ်းတွေကို စွဲစွဲလန်းလန်း ဆော့လာကြသူများလည်း တိုးပွားလာကြတယ်ပေါ့ ။ တချို့ လူငယ်တွေများဆို ကျောင်းပြေးပြီးတော့ အင်တာနက်ဂိမ်းဆိုင် အင်တာနက်ကော်ဖီဆိုင်တွေမှာ အချိန်ဖြုန်း ငွေဖြုန်း လာကြတယ် ။ အိမ်က မိဘတွေခမျာမတော့ ငါ့သားလေး ငါ့သမီးလေး ကျောင်းတက်တယ် စာကြိုးစားတယ် ထင်နေကြမှာ ။
ဟိုးတလောက သတင်းထဲမှာ ပါလာတဲ့ အသေအလဲ ကစားတဲ့ အဖြစ်ရဲ့ အကျဉ်းချုပ်ကတော့ အသက် ၂၃ နှစ် အရွယ် လူငယ်တယောက်၊ နှစ်သစ်မကူးခင် ကာလအတွင်းမှာ အလုပ်ပြုတ်သွားခဲ့ပြီးနောက် စိတ်ပြေလက်ပျောက်လား ဒီကစားနည်းကို အသေစွဲနေလို့ ပဲလား မသိ ။ သူ ဆော့နေကြ ဂိမ်းဆိုင်ကို လာပြီး နေ့မအိပ် ညမအိပ် ဂိမ်းဆော့ပါသတဲ့ ။သူဆော့တဲ့ ဂိမ်းအမည်က “ League of Legends,”အတိုကောက် LOL လို့ခေါ်ကြ သတဲ့။ စိတ်လှုပ်ရှားဖွယ် ကစားနည်းကြောင့်လား ၊ သူ့ နဂို ရောဂါအခံကြောင့်ပဲလား မသိ ။ ၂၄ နာရီနီးပါး ဂိမ်းဆော့နေလိုက်တာ ... သူ့ ဘေးမှာ ဝင်ဆော့နေကြသူတွေ သာ ပြောင်းသွားတယ် သူကတော့ ထိုင်ရာမထ ၊ နောက်ဆုံးကျမှ ဆိုင်က အလုပ်သမားတယောက် သတိထားကြည့်မိချိန်မှာ သူ အသက်ပျောက်နေခဲ့ပြီ ။ တောင့်တင်းညိုမဲနေပြီ ။ ထိုင်ခုံပေါ် မှီရက် ဘယ်လက်က ကီးဘုတ်ကိုင် ညာလက်ကကြွက်( မောက်စ် ) ကို ဆုပ်ကိုင်ရက် နဲ့ ၊ အသက် ဘယ်အချိန်ထွက်လို့ ထွက်သွားမှန်း ဘယ်သူမှ မသိလိုက်ကြပါဘူး တဲ့..။ သူ့  အလောင်းဟာ တောင့်တင်းနေတာမို့  ရေခဲတိုက် ပို့ဖို့ ကားပေါ်တင်ရာမှာတောင် အတော်လေး ကသီလင်တ ဖြစ်ခဲ့ရပါသတဲ့ ။သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးကြည့်ရာ မှာ ၊ သူ့ ရဲ့ အိတ် အတွင်းမှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆေးထုတ်ကိုတွေ့ ရပါသတဲ့ ။
အင်တာနက်ဆိုင်တွေမှာ နာရီပိုင်း နဲ့ အသုံးပြုကြသူအများဟာ လူငယ်တွေ ဖြစ်ကြတယ် ။အထူးသဖြင့် အမိရွှေပြည်ကြီးမှာ အိမ်တိုင်း ကိုယ်ပိုင်အင်တာနက်လိုင်းချိတ်ဖို့  သိပ်အဆင်မပြေကြတော့ ဆိုင်တွေမှာ အချိန်ပိုင်းသုံးလေ့ရှိကြတယ်။ အသုံးပြုတဲ့ အကြောင်းအရာများမှာလည်း ဂိမ်းဆော့ ၊ ချက်တင်ထိုင်၊ အစရှိတာတွေ က ရာခိုင်နှုန်းပိုများကြတယ် ။ ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်း ပညာ ဆည်းပူးဖို့ ၊အချက်အလက်ရှာဖွေဖို့၊ အလုပ်အကိုင်ရှာဖွေဖို့ ၊ နိုင်ငံရပ်ခြား နိုင်ငံပေါင်းစုံနဲ့ မြန်ဆန် သက်သာစွာ ဆက်သွယ်ဖို့  ၊ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးစွဲကြသူတွေ လည်း ရှိတော့ရှိပါတယ် ။ နည်းတယ်ပေါ့ ။
စီးပွားရေးအတွက် ဖွင့်ထားကြရတဲ့ ဆိုင်တွေမှာလည်း အဖွဲ့ ဝင် (မင်ဘာ ဝင် ) ရင် ဘယ်လောက် ရာနှုန်းလျှော့ဈေးပေးမယ် ။ နာရီ ပိုများများ သုံး လေ ၊ ဈေးလျှော့လေ ဆိုတဲ့ မက်လုံး များ နဲ့ ဆွဲဆောင် ထားတတ်ကြတာမို့  ၊ ကိုယ်သုံးနေကြ ဆိုင်တွေမှာပဲဖေါက်သည်သဘောနဲ့ အသုံးပြုလာကြတယ် ။ အင်တာနက်ကဖေး ဆိုင်တွေမှာ စားသောက်စရာ တွေပါ တွဲပေးထားတာမို့  တချို့ဆို အိမ်မပြန်ကြတော့ပဲ နေ့ ရော ညပါ လောင်းကစား ဂိမ်းမျိုးစုံကို မနားမနေ ဆော့ကြပါလေတော့တယ် ။ အချိန်ကုန်မှန်းမသိ ၊ လူညောင်းမှန်းမသိ၊ ဆီးချုပ် ဝမ်းချုပ် အညောင်းမိတဲ့ အထိကို အသေအလဲ အသည်းအသန် ဆော့ကြတယ် ။ ဒီလို နာရီပေါင်းများစွာ ကိုယ်လက်လှုပ်မှု မရှိပဲနေရာမှ ရုတ်တရက် ထရပ်လိုက်လို့ ၊ သန့် စင်ခန်း ထဲဝင် သွားလိုက်တဲ့ အချိန်မှာ သတိလစ် မူးမေ့သွားသူတွေ ၊ဦးနှောက်သွေးကြော သွေးလျှောက်မမှန်လို့  လေဖြတ်သွားသူတွေလည်း ရှိခဲ့ဖူးတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိပဲ ထိုင်နေရာမှာ ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် ခြေထောက်မှာရှိတဲ့ သွေးလှည့်ပတ်မှု နှေးကွေးပြီး သွေးခဲလေးများ( blood clot သို့ မဟုတ် Thrombus) ဖြစ်လာတတ်တယ် ( Thrombosis လို့ ခေါ်တယ်) ။ ဒီသွေးခဲလေးတွေက သွေးပြန်ကြောမှတဆင့် နှလုံးနဲ့အဆုပ်၊ သို့မဟုတ် ဦးနှောက် သွေးကြောတနေရာရာမှာ သွားရောက် ပိတ်ဆို့ နိုင်တယ်(Thromboembolism လို့ ခေါ်တယ် ) ။ ဒီတော့ ရုတ်တရက် နှလုံးခုန်ရပ် ၊ အသက်ရှူ ရပ် ၊ ဦးနှောက်သွေးကြော ပိတ် ၊လေဖြတ် အစရှိတာတွေ ဖြစ်စေနိုင်တယ် ။
ဒါကြောင့် “တန်ဆေး ၊လွန်ဘေး ”ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုတယ်။ ဂိမ်းဆော့သည်ဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ ကွန်ပြူတာ ရေရှည် အသုံးပြုကြသူများ အား ကျန်းမာရေး မထိခိုက်အောင် ဘယ်ပုံ ဘယ်နည်း နဲ့ သုံးသင့်တယ် ဆိုတာလေး သိသလောက် ဖေါက်သည်ချပါရစေ ။(ကွန်ပြူတာရှေ့ မှာ ၊ ထားရှိပုံ ၊ အညောင်းမမိစေရန် လေ့ကျင့်ခန်း များ ကိုတော့ ဒီပို့ စ်လေး (ကျန်းမာပျော်ရွှင် ဘလောဂင်း နဲ့ ချက်တင် )... မှာ ဖတ်ရှုနိုင်ပါတယ် ။)
အချိန်ကြာမြင့်စွာထိုင်ပြီး ဂိမ်းဆော့သူများ ၊ ကွန်ပြူတာဖြင့် အလုပ်လုပ်နေရသူတို့ သတိပြုရန် အချက်များ..
(၁) ကွန်ပြူတာ Screen ,LCD ကို မိနစ် ၃၀ ၊ ၄၀ ခန့် တနေရာတည်းသို့  အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေပါက မျက်လုံးကြွက်သားများ တောင့်တင်းလာတတ်ပါသည် ။ထို့ကြောင့် မျက်စိအားစိုက်မှု အကြောအချဉ်လျှော့ရန် အဝေးသို့မိနစ်အနည်းငယ်မျှ ပြောင်းပြီးကြည့်ပေးပါ ။
(၂) မိနစ် ၃၀ ၊ မိနစ် ၄၀ မျှကြာလျှင် တကြိမ် ထိုင်ရာမှ ထပြီး ခြေလက်လှုပ်ရှား ခါးဆန့် ပေးခြင်းဖြင့် ကိုယ်ခန္ဓာတခုလုံး၏ သွေးလေ လှည့်ပတ်မှုကို မှန်ကန်စေနိုင်ပါသည်။
(၃)ကွန်ပြူတာအနီး တွင် ရေ ပုလင်း ရေခွက် ထားရှိပြီး ရေသောက်ရန် မမေ့ပါနှင့်။ ဆီး ချုပ် ဝမ်းချုပ် မဖြစ်ရန် သတိပြုပါ။
(၄) ပါတ်ဝန်းကျင် လေဝင်လေထွက် ကောင်းမွန်မျှတ ရန် ဂရုပြုပါ။ အခန်းတွင်း အလင်းရောင် လုံလောက်ရန်လည်း လိုပါသည် ။
(၅) ညသန်းခေါင်ယံထိ မအိပ်မနား အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ ။ကျန်းမာရေးအတွက် အိပ်စက်အနားယူရန်၊ ညဘက်တွင် အိပ်ရေးဝရန် အရေးကြီးပါသည် ။ သို့မှသာ ဦးနှောက်၏ မှတ်ဥာဏ်ထိန်းချုပ်သော Memory chip များ refresh လုပ်ပေးနိုင်သည် ။ အရေးကြီးသော ဟော်မုန်းများ မှန်ကန်အရည်အသွေးပြည့်စွာ ထွက်ပြီး ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များကို ပုံမှန် ထိန်းသိမ်းပေးနိုင်သည် ။ ပင်ပန်းနေသော စိတ် ကိုလန်းဆန်းစေနိုင်သည်။ ကြွက်သား အကြောများ ဖြေလျှော့စေနိုင်သည်။
ွှဤ အကြောင်းအရာများကို ဒီနေရာမှ မှီငြမ်းပြီး မှတ်မိသလောက်ကို မိမိ တတ်သလောက်ဖြင့် ပေါင်းစပ်ရေးသားလိုက်ပါသည် ။
တနေ့ က ရွှေပြည်ကြီးက သတင်းတခုမှာ အင်တာနက်ဆိုင်တွေကို ည ၁၁ နာရီ ကျော်လျှင် မဖွင့်ရ လို့  သတ်မှတ်တားမြစ်ထားချက် ကို ဖတ်လိုက်ရသည် ၊ ကျောင်းသားများ စာမေးပွဲနီး၍ ဟု အကြောင်းပြချက် ပါသည် ။လူငယ်များ ဂိမ်းဆိုင် များတွင် အချိန်မတော် သည်ထိမနေစေဖို့ ကန့်သတ်ပေးလိုက်ခြင်းမို့ ဒီသတ်မှတ်ချက်ကိုတော့ ကြိုက်ပါသည် ။
ကွန်ပြူတာ ကြာရှည် အသုံးပြုနေကြသူများ (ဂိမ်းစွဲနေသူများ) ဂိမ်းကြောင့် မဂန့်သွားကြစေရန် ရည်ရွယ်ပါသည် ။ မိတ်ဆွေအပေါင်း ကျန်းမာ ရွှင်လန်းကြပါစေ။
10 comments:
စိတ်မကောင်းစရာပဲ..
လူငယ်တွေရဲ့စွဲလန်းမှုက လိုသည်ထက်ပိုလွန်းတယ်..
ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါဘဲ ညီမရေ..။ ဒီပို့စ်လေး သဘောကျမိတယ်။ အိမ်က ဂိမ်းဝါသနာအိုး သားပြည့်ကို ပေးဖတ်ရမယ်။
ဂိန်
အမယ် ...
ဒါဆို မမဂီ အဲ ကီ လည်းထိပ်က ပါ ပါတယ်နော်။
ဘောစိ လစ်ရင်တစ်မျိုး၊ မလစ်ရင် တစ်မျိုးမလား..။ ဂျော်ကီလုပ်လုပ်နေလို့ 
တော်နေတာပါ၊ “ ဂန့်  ” သွားအုံးမယ်။
ဘာပဲပြောပြော မှတ်ရမဲ့  ဆောင်းပါးကောင်း
တစ်ပုဒ်ပါ။ ကျေးဇူးကမ္ဘာပါပဲ..။
မကီရေ
တစ်ကိုယ်လုံးမဲပြာနေတယ်ဆိုတော့ ဘာကြောင့်များလဲ မသိဘူးနော်..
ကြောက်စရာကြီး
ကွန်ပျုတာရှေ့ အထိုင်များတဲ့ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ဖို့ သတိပေးသလိုပါဘဲ
မကီပြောထားတဲ့ အချက် ၅ချက်မှာ ရေသောက်ဖို့ မေ့တာရယ် ညနက်တာရယ် တော့ရှိတယ်။ ရေခွက်ဖြစ်ဖြစ် ဘေးနားထားဖို့ သတိထားရဦးမယ် ရာသီဥတုက အေးတော့ ရေသောက်ဖို့ ပိုမေ့တယ်။
ကျေးဇူးပါ မကီရေ...
ချစ်ကိ ရေ
အီးခေတ်မှာ အီး အသိလေး ပေး ပေးနေတဲ့ အတွက် ကျေးဇူးပါ... ရွှေစင်ဦး လဲ တခါ တခါ အသုံးလွန် လွန် သွားလို့ မနဲထိမ်းနေရတယ် မကိ သတိပေးတာတွေ ကို လိုက်နာမယ်နော်
မြန်မာပြည် ရဲ့ ရွှေရောင် အီးခေတ် ကို မှီချင်သေးတယ်
ချစ်တဲ့
ရွှေစင်ဦး
တန်ဆေးလွန်ဘေးဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါ့ဗျား...မကစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ အကောင်းဆုံးပေါ့... နာရီဝက်လောက်ပဲ ကစားမယ်လို့တော့ မဆုံးဖြတ်လေနဲ့...နာရီဝက်ဆို မိုးလင်းတာများတာပါပဲ...
ဂိမ်းတွေကလည်း လူငယ်တွေ စွဲလမ်းလွန်းအောင်ကို ဆွဲဆောင်နေတာ။ အရုပ်ပုံဂိမ်းကို လူစစ်စစ် မင်းသမီးတွေက ကြော်ငြာပေးရတဲ့အထိ ဆိုတော့ စဉ်းစားသာကြည့်ပေါ့။ ဟိုမင်းသမီး ကြော်ငြာမှာဆို နောက်ဆုံး ပြောသွားတဲ့ စကားက “ငါမင်းကို အွန်လိုင်းမှာ စောင့်နေမယ်” တဲ့။
ဂိမ်းသမားတွေကိုသာ အပြစ်တင်နေတာ။ ကိုယ်တွေလည်း ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ ထိုင်ဖြစ်နေတယ်။ မကီရေးထားတဲ့ အချက်တွေ လုပ်ဖို့ သတိထားရအုံးမယ်။
ကျေးဇူးသူငယ်ချင်းရေ... သတိထားစရာလေးတွေ ဝေငှပေးလို့...
အစ်မကိရေ ... ကြယ်ပြာ တူဝမ်းကွဲလေးတစ်ယောက်လဲ ဂိမ်းကို တညလုံးဆော့တာ ... ဆိုင်မှာကို အိပ်တာ ... ပြောမနိုင် ဆိုမရနဲ့ ဘယ်တော့ ဂန့်မလဲမသိဘူး အစ်မရေ ...
Post a Comment