ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတပါး လို့ အဆို ရှိတဲ့ အထဲမှာ ပြုသင့် ပြုထိုက်တဲ့ အမှုကို ပြုခြင်း (လွှတ်ပေးထိုက်သူကို လွှတ်ပေးခြင်း ) ဟာ လည်း မင်္ဂလာတပါးလို့  ဆိုရရင် လွန်မယ်မထင်ပါ ။ မနေ့ ညနေကတည်းက ကြားလိုက်ရတဲ့ သတင်းကောင်း အတွက် ကိုယ့်မျက်စိ ကိုယ့်နားကို ဘယ်လိုမှ မယုံနိုင်သေး ။ အညာခံနေကြရတာ အကြိမ်ကြိမ် အခါခါ နှစ်ပေါင်းများစွာ ဆိုတော့လည်း ပြောတိုင်း ကြားတိုင်း မယုံရဲတာ မယုံချင်တာ မယုံနိုင်တာ အရိုးစွဲနေပြီမို့  ရွှေပြည်သားအပေါင်းတို့ မှာ ယုံရနိုးနိုးဖြစ်နေခဲ့ကြမယ်လို့ တထစ်ချပြောရဲပါတယ် ။
ပြောရဲ ဆို ၊ အရင်အခါတွေတုံးက အတွေ့ အကြုံတွေ အရ သိနေကြတာကိုး ။ အကြောင်းအမျိုးမျိုးပြပြီး နေ့ ရွှေ့  ညရွှေ့ ၊ ပြီးတော့လည်း မစို့ မပို့ နဲ့ မဟုတ်တရုတ် တွေပဲ ထွက်ထွက်လာကြတာဆိုတော့ မယုံကြည်ရဲသူတွေကိုလည်း အပြစ်ပြောလို့ မရပေဘူး ။ဒီလိုနဲ့ ဟုတ်မှဟုတ်ပါ့မလား၊ အဓိက သူရဲကောင်းတွေ ပါမှပါပါ့မလား၊ဆိုတဲ့ စိုးရိမ်စိတ် သံသယစိတ်တွေနဲ့ ကွန်ပြူတာရှေ့  တညနေလုံး ထိုင်ပြီး ကြား ကြားသမျှ တက်လို့ရသမျှ သတင်းဌာန ဝက်ဆိုက် တွေ ဝင်ကြည့် ဖတ်ကြည့် လုပ်နေရတာ မိုးကြီးချုပ်လို့  ချုပ်မှန်းမသိ ၊ သန်းကောင်ကျော် လို့  အာရုဏ်တက်ခါနီးထိ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရတယ်။ ကိုယ်တို့ လို သွေးမတော် သားမစပ် တစိမ်းသက်သက်တွေ အနေနဲ့တောင် ခုလောက်ထိ စိုးတထိတ်ထိတ် နဲ့စောင့်မျှော် နေခဲ့ကြတာ ဆိုတော့ တကယ့်သွေးသားရင်း မိဘမောင်နှစ်မဆွေမျိုးများဆိုရင် ဘယ်လောက်ထိ စိုးထိတ် ဝမ်းသာနေကြမလည်း ဆိုတာ တွေးကြည့်လို့ ရပါတယ်။
အိုင်တီခေတ်ကြီးမှာ လူလာဖြစ်ရတာ ကံကောင်းတယ်ပဲ ဆိုရမလား ၊ အင်တာနက် သတင်းဌာနတွေ၊ မျက်နှာစာအုပ်မှ သတင်းတွေကို အချိန်နဲ့ တပြေးထဲညီ အလွယ်တကူ ကြားသိဖတ်ရှုနိုင်တဲ့ အတွက်ကြောင့် ၊ အမိမြေမှ တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အားလုံးလည်း ခုလိုပဲ တန်းတူအခွင့်အရေးတွေ ရနိုင်ပြီး ကမ္ဘာကြီးပေါ်က ဖြစ်ပျက်မှု သတင်းပေါင်းစုံကို အလျှင်မြန်ဆုံး ရနိုင်ကြဖို့ သိနိုင်ကြဖို့ စိတ်ဆန္ဒတခုပေါ်လာမိသေးတယ် ။ အရေးကြီးတဲ့ သတင်း အတော်များများကို ဟိုးအဝေးကြီးက လူတွေ က ဦးစွာသိနေရတဲ့ အဖြစ်ကနေပြီး အားလုံး တပြိုင်နက်ထဲ သိနိုင်ကြဖို့ မျှော်လင့်မိတယ် ။ ထားလိုက်ပါတော့ ၊ ဒီအခြေအနေမျိုး မကြာခင်မှာ ဖြစ်လာတော့ မယ်ဆိုတာလည်း ယုံကြည်တယ် ။
ဒီလိုနဲ့ တမိုးချုပ်ပြီး အာရုံဦး အလင်းသစ်နဲ့ နေ့သစ်ရောက် ခဲ့ရပါပြီ ။ ယနေ့  ၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့  ( သောကြာနေ့ ) ။ ရာစုနှစ်တဝက်မျှ အမှောင်လွှမ်းနေခဲ့ရတဲ့ အချိန်များ ကို ကျော်လွှားလို့ လာခဲ့ပါပြီ ။ အမှောင်ထုတွေထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဘဝ နဲ့ အသက်များကို ပေးဆပ်ပြီး အနစ်နာခံ ခဲ့ရတဲ့ မြန်မာ့ သူရဲကောင်း ကြီးများ၊ ယုံကြည်မှု ကို အပွန်းမခံ အလံမလှဲ ရဲရဲဝံ့ဝံ့ ရပ်တည် ခဲ့ကြသူများ အားလုံးနီးပါးတို့ဟာ ယနေ့  မင်္ဂလာ ရှိတဲ့ ရက်မြတ်မှာ လွတ်လပ်ခွင့် ရခဲ့ပါပြီ ။
သတင်းတွေကလည်း စက္ကန့်ပိုင်းနဲ့ မခြား အပြိုင်အဆိုင် တက်လာလိုက်ကြတာလေ။ အသံဖိုင်တွေကလည်း တခုပြီး တခု အဆက်မပြတ်ပါပဲ ။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ သွေးချင်းများကို ဝမ်းသာအယ်လည်း ဖက်ပြီး ငိုနေကြ ၊ ပြုံးရယ်နေကြတဲ့ ပုံပေါင်းများစွာ ပလူကိုပျံလို့ ။
ကို မင်းကိုနိုင် လွတ်ပြီတဲ့ ..ဦးခွန်ထွန်းဦး လွတ်ပြီတဲ့ ၊ကိုဌေးကြွယ် လွတ်ပြီတဲ့၊ ကိုမြအေး လွတ်ပြီတဲ့၊ ကိုကိုကြီး လွတ်ပြီတဲ့ ၊ ကိုဂျင်မီ ၊ မနီလာသိန်း လွတ်ပြီတဲ့ ၊ အရှင် ဂန္ဘီရ လွတ်ပြီတဲ့ ၊ဘလော့ဂါ ကို နေဘုန်းလတ်၊ဂီတပညာရှင် ကိုဝင်းမော် လွတ်ပြီတဲ့၊ မစိုးရိမ်ဆရာတော်ဦးဝိစိတ္တ လွတ်ပြီတဲ့... လွတ်ပြီတဲ့ ....လွတ်ပြီတဲ့ ..လွတ်ပြီတဲ့ ..တချို့ပြောတာကတော့ . ၂၀၀ ကျော် . တချို့ကပြောတာ ၃၀၀ ကျော်..လွတ်လာပြီတဲ့..
ဖေါက်ခွဲရေး အမှုနဲ့ခေါင်းစဉ်တပ်ခံထားရသူ တချို့ ကလွဲရင် အားလုံး လွတ်လာကြပြီတဲ့..။
ဒီကြားထဲ ဆွမ်းဆန်စိမ်း ဆွမ်းကြီးလောင်းတဲ့ အထဲ ဘလာဗလာ ဘလာ.. ကြွက်ချေး အနည်းငယ်ပါလာသေးသတဲ့ ။ ထားလိုက်ပါတော့ ၊ အနှစ်နှစ်အလလက မျှော်လင့်တောင်းတနေကြတဲ့ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်လာရတာကို ပဲဝမ်းသာလှပါပြီ။ ဒါကြောင့်မို့  ဖဘ ကြီးပေါ်မှာ တွေ့ တွေ့ သမျှ သူငယ်ချင်းတွေကို နှုတ်ဆက်နေမိတယ် ။ မြင်မြင်သမျှ သက်ဆိုင်ရာ သတင်းတွေ စတေးတပ်တွေကို Like လုပ်နေဖြစ်တယ် ။သူငယ်ချင်းဟုတ်သူတွေရော မဟုတ်သေးသူတွေရော အပြန်အလှန်နှုတ်ဆက် စကားတွေ ပြောနေကြတာမြင်လိုက်ရတယ်။ အပျော်တွေ အပျော်တွေ ကူးစက်နေလိုက်ကြတာ ခုချိန်မှာ ကမ္ဘာ့ အပျော်ဆုံးလူသားများကို စစ်တမ်းကောက်ရင် ရာနှုန်းပြည့် သေချာတယ်၊ မြန်မာနိုင်ငံသူ နိုင်ငံသားများပဲ ဖြစ်ပါလိမ့်မယ် ။
တခါမှ ဒီနေ့ လောက်ထိ ကွန်ပြူတာနဲ့ မျက်စိ နဲ့ မခွာပဲ အကြာကြီး မနေခဲ့ဖူးဘူး ။ မျက်လုံးတွေ ကျိန်းစပ်နေပေမဲ့ တရစပ်တက်နေတဲ့ သတင်းတွေ လွတ်သွား မှာစိုးလို့  မျက်စိပျက်လည်း ပျက်ပါစေတော့လို့ အားခဲပြီး ကြည့်နေမိတယ် ။ သူတို့ တတွေ ဘဝပျက်ခံ ကျန်းမာရေးပျက်ခံပြီး ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတဲ့ ဒုက္ခလောက်မှ ကိုယ့်အဖြစ်က မဆိုးလှဘူးမဟုတ်လား။ ရင်ထဲတစ်ဆို့ဆို့ နဲ့ ၊ မျက်ရည်ပူတွေ ပါးနှစ်ဖက်ပေါ်စီးကျလာတော့မှ ကိုယ့်အဖြစ်ကိုယ် ပြန်သတိရမိတယ် ။သေချာတယ်၊ ဝမ်းသာလို့ ကျလာတဲ့မျက်ရည်များပါပဲ ။
အဲဒီမျက်ရည်များကို ဖန်တီးရှင် က ဘယ်သူပါလည်း ၊ ဗေဒင်မေးစရာ မလိုပါဘူး၊ အားလုံးအသိ ၊ အဓိက အခရာ ကြီး ကတော့ ကိုယ်တို့ ရဲ့ နိုင်ငံတော် သမ္မတကြီး မှ လွဲရင် ဘယ်သူများ ဖြစ်နိုင်ပါအုံးမလည်း ။ဒီတော့ သူ့ နေရာမှာ သူ့ ကိုယ်စား ဝင်ပြီး ခံစားကြည့်မိတယ် ။ သူလည်းလေ လောကီသားပေမို့  အမှားတခုခုကို အရင်က လုပ်ဖူးကောင်း လုပ်ဖူးခဲ့ပါလိမ့်မယ် ။ အရင်က စံစားနေရတဲ့ အပျော်တွေထက် ခု ပြတ်ပြတ်သားသား ပြုလုပ်ပေးလိုက်တဲ့ ကောင်းမှု အတွက် သူလည်း ပျော်နေပါလိမ့်မယ် ။ သူ အရင်က ဘယ်ပုံဘယ်နည်း ရှိခဲ့ပေမဲ့ ခုချိန်မှာတော့ အကြင်နာ တရား ပြည့်ဝ လာသူပေပဲ ။ ပြည်သူ့ အသံကို နားထောင်ပြီး လိုက်လျောပေးတတ်သူပေပဲ ။ ဆုံးဖြတ်ရခက်နေတဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားကို ဖေါ်ဆောင်ပေးလိုက်တဲ့သူပေပဲ ။ အရင်က အမြင်မကြည်လင်ခဲ့ မယုံရဲခဲ့ပေမဲ့ ခုတော့ မျက်ရည်များကြားထဲကနေပဲ အမြင်ကြည်လင်သွားရပါပြီ ။ ဒီတော့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
သမ္မတကြီး ကျန်းမာရွှင်လန်းစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ ။သန့်ရှင်းတဲ့ သမ္မတကြီးအဖြစ် တည်တံ့နေနိုင်ပါစေ ။နောင်ကိုလည်း မြန်မာပြည်ကြီးသာယာဝပြောရေး အတွက် စစ်မှန်တဲ့ ဒီမိုကရေစီလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ပေးနိုင်ပါစေ ။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်စေပြီး မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အိပ်နိုးချမ်းသာ အဖြာဖြာကို မျှတခံစားနေနိုင်ကြစေရန် ဦးဆောင် လမ်းပြ ပေးနိုင်ပါစေ ။
လွတ်မြောက်လာကြသော သူရဲကောင်းများအနေနဲ့လည်း အမိမြန်မာပြည်ကြီး တိုးတက်ကြောင်းအတွက် အစွမ်းရှိသမျှ ဆထက်တပိုးတိုးပြီး ဝန်းရံနိုင်ကြပါစေ ။ လားရာတူသော အရွေ့ များနဲ့ တညီတညွတ်တည်း ရှိနေနိုင်ကြပါစေ။
နာဆာကတွက်ထားတယ်ဆိုတဲ့ ၊ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် မှာ နီဘီရု ဂြိုလ်ကြီးနဲ့တိုက်ပြီး ပျက်မယ်ဆိုတဲ့ ကမ္ဘာကြီးလည်း ဆက်လက်တည်တံ့နိုင်ပါစေ..။ဒါပေမဲ့ ယုံကြည်နေတယ် ။ ကမ္ဘာကြီး လုံးဝ မပျက်စီးနိုင်ပါဘူး ။ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ကြီးက ခုမှ စပြီး တည်ထောင်ရအုံးမှာ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကြီးက ဝင့်ကြွားထယ်ဝါရအုံးမှာမို့ပါပဲ ။
ဒီဓါတ်ပုံလေးကို မနဒ္ဒာရဲ့ခွင့်ပြုချက်နဲ့ ဒီနေရာမှ ရယူပါတယ် ။
ရက်စွဲ ကွက်လပ်ကလေး ဖြည့်ပေးပြီးသွားတော့ မင်္ဂလာ အပေါင်းနဲ့ ပိုပြီး ပြည့်စုံသွားပြီပေါ့ ။
12 comments:
ဟုတ်တယ်ကိရေ။ ကျမလည်း အလုပ်ထဲမှာ ရှိနေတုန်း
သတင်းတွေဖတ်လိုက်ရတော့ ထခုန်မိတယ်။
ဒီနေ့  တနေ့ လုံးကျမပျော်နေပါတယ်။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားတဲ့အတွက်
ကိုကိုဂိန် လာထား....အာဘွားးးးး)
ကိ နော် အပြောင်းအလဲ အတော်မြန်
ဒီကလည်း လာထား အာဘွားပါဘဲ
သမ္မတကြီး ကျန်းမာချမ်းသာ ပါစေ
“ခုချိန်မှာ ကမ္ဘာ့ အပျော်ဆုံးလူသားများကို စစ်တမ်းကောက်ရင်ရာနှုန်းပြည့် သေချာတယ်၊
မြန်မာနိုင်ငံသူ နိုင်ငံသားများပဲ ဖြစ်ပါလိမ့်မယ်။”
ထပ်တူအတွေးပါပဲမကီရေ။
အာဘွားက ဘယ်သူ့ ကိုပေးတာလဲ သမမတကြီးဦးသန်းစိန်ကိုလား
ထပ်တူထပ်မျှ..ခံစားရပါကြောင်း
မြစ်ဆုံကိစ္စနဲ့ နိုင်ကျဉ်းလွှတ်ပေးတဲ့ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက် ပြတ်သား လျင်မြန်တာတွေကြောင့်.... အလွန်လေးစားသွားပါပြီ.... သူက ပြည်သူကအသံ နားထောင်တဲ့ သမ္မတတဦးဆိုတာ သေချာသွားပါပြီ.... သမ္မတကြီး အပါအဝင် ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့ အုပ်ချုပ်သူများ သက်တော်ရာကျော်ရှည်ပါစေ...
မကီရဲ့ ပုံထဲမှာ သမ္မတကြီးက မိန့်မိန့်ကြီးပြုံးလို့နော်။း)
ဘာဘဲဖြစ်ဖြစ် လူတွေစိတ်ချမ်းသာအောင် ပျော်ရွှင်အောင်လုပ်ပေးရင် သူကိုယ်တိုင်လည်း အဲဒီမေတ္တာဓာတ်နဲ မေတ္တာရဲ့ တုံ့ပြန်ခြင်းကို ခံကြရမှာပါ
ခုလို လူတိုင်းက သူ့ကို သမ္မတကြီးလို့ လေးလေးစားစား ခေါ်နေကြပြီ မဟုတ်လား။
သူ့လို လေးစားစရာမကောင်းတဲ့သူတွေကိုတော့ ဘယ်သူက ဒီလို ခေါ်ကြလို့လဲနော်။း)
ကိကိရဲ့ပို့စ်ကိုဖတ်ရတာ စိတ်ကြည်နူးမှုရတယ်။
မြန်မာဟာ ကမ္ဘာမှာ ထယ်ဝါဝံ့ကြွားနိုင်တဲ့ နိုင်ငံအဖြစ်
တစ်နေ့ပြန်လည်ရောက်ရှိလာနိုင်ပါစေလို့
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်း...
ကျွန်တော်လည်း ဒီလိုပါပဲဗျာ..။
ကိုမင်းကိုနိုင်တို့  NLD ရုံးမှာ ပုံစံခွက်နဲ့ ပဲ
ကောက်ညှင်းပေါင်းစားနေတဲ့ ပုံ မြင်လိုက်
ရတော့  ရင်ထဲ စို့  ခဲ့ ရပါတယ်။
စာနာကြည့် လို့ မရနိုင်တော့ တဲ့ 
သူတို့ ရဲ့  စွန့် လွှတ်စီန့် စားမှုတွေပါပဲ။
သက်တန်းလည်း၅၀တွေရောက်ခဲ့ ရပြီတဲ့ ။
ဘာပဲပြောပြော မမကီ ချစ်စနိုးနဲ့  နောက်
ခေါ်နေတဲ့  ပြောင်ကြီး အဲ.. သမ္မတကြီးကို
မမကီလိုပဲ ကျေးဇူးတင်လိုက်ပါကြောင်း..။
မကိ
ပျော်.......ပျော်.......ပျော်
လွတ်မြောက်လာကြသော သူရဲကောင်းများအနေနဲ့လည်း အမိမြန်မာပြည်ကြီး တိုးတက်ကြောင်းအတွက် အစွမ်းရှိသမျှ ဆထက်တပိုးတိုးပြီး ဝန်းရံနိုင်ကြပါစေ ။ လားရာတူသော အရွေ့ များနဲ့ တညီတညွတ်တည်း ရှိနေနိုင်ကြပါစေ။
ကမ္ဘာကြီး လုံးဝ...မပျက်စီးနိုင်ပါဘူးးးးးးးးးးးးးး
ကျေးဇူးတင်ပါတယ်....သမ္မတကြီး
စာတွေဖတ်ပြီး အလွန်ပျော်....
အပျော်လွန်သွားတဲ့
sa sa
ခုမှ ခြေလှမ်းစတာဟာကို ကမ္ဘာကြီး မပျက်ပါနဲ့ အုန်းလား။ :D
Post a Comment