ပြောပြန်ရင်လည်း ဖွားကိ လွန်ရာကျမယ် ။ ဒါပေမဲ့ ပြောချင်လွန်းလို့  ပြောလိုက်မိပြန်တယ် ။ ထုံးစံအတိုင်း သူတို့အကြောင်းတွေ မပါရင်မပြီးသမို့  မတီးပဲနဲ့ မြည်မှာလေမှာလား လို့ ရယ်ပေါ့ ။ မတန်မရာတွေ မနှိုင်းကောင်း နှိုင်းကောင်းတွေ နှိုင်းကြည့် နေချင်လာတာ မို့ လည်း ၊ နှိုင်းလို့ ယှဉ်ကာ ဆိုလိုက်မိပါတယ် ။ “ကူညီပါရစေ”၊ ကူညီပါရစေ လို့ ဆိုင်းဘုတ်ကြီးတွေ တွေ့နေရတဲ့ နေရာမှာ ဘယ်လိုကူညီနေတာပါလည်း ။ ဒါမှမဟုတ် အကူအညီတောင်းရမှန်း မသိကြသေးလို့လား ၊ အကူအညီ တောင်းစေလိုလို့  ရေးထားကြတာလား ။ တခုခုတော့ တခုခုပါပဲ။
ဒီနေ့  တီဗီသတင်း တခု ကြည့်မိလို့  ပြန်ဖွချင်တာပါ ။ အကြောင်းအရာကတော့ ခေါင်းကြီးပိုင်းသတင်းစဉ် ထဲ မပါဝင်တဲ့ မထူးဆန်းတဲ့ ရိုးရိုးသတင်း တပုဒ်ပါ ။ထိုင်ပေမြို့ နဲ့ မနီးမဝေး ရှင်းကျွမ်း (新莊區 ) ဆိုတဲ့ မြို့ နယ်တခု က ရေချောင်း ထဲမှာ ရုပ်ပျက်ဆင်းပျက် ပုတ်ပွနေတဲ့ လူသေအလောင်း တခု ကို ဒီလဆန်းပိုင်းက တွေ့ ရှိ ခဲ့ပါ သတဲ့ ။ လူသေအလောင်းတွေ့ တာများ ဆန်းသလားပေါ့ ။ နေ့ တိုင်း လူသေမှူ လူသတ်မှူ တွေ ဖြစ်နေတဲ့ နိုင်ငံတခုမှာ ဒီသတင်းက ဘာမှ မထူးဆန်းပါဘူး ။ ပြီးတော့ ဒီနိုင်ငံမှာ ရေချောင်း ရေမြောင်း ပင်လယ်ထဲစီးဝင်တဲ့ မြစ်ချောင်းငယ်တွေ ကျွန်းလေးတွေ များလွန်းတော့ တနေရာရာ မှာ ရေကူး ရေနစ်ရင်း မြောလာတဲ့ သက်မဲ့ ပုဂ္ဂိုလ်တွေလည်း မကြာခဏပေါ်ထွက်လေ့ ရှိတယ်လေ။ ဒီလို ပုဂ္ဂိုလ်တွေ ပေါ်လာရင် သက်ဆိုင်ရာနယ်က ရဲ အပိုင် စား တွေ ခေါင်းစား ရတဲ့ အချိန်ပေါ့ ။ တရုပ်တို့ ရဲ့  ထုံးစံအရလည်း သက်မဲ့ပုဂ္ဂိုလ်တွေကို ပူဇော်ပသရတဲ့ ကိစ္စများစွာ ရှိနေသေးတော့ ဒီအယူအတိုင်း သွားလမ်းဖြောင့်အောင် လုပ်ပေးကြမဲ့ အိမ်သား ဆွေမျိုးတွေ သိဖို့ ၊ တိုင်တည်ရှစ်ခိုးဖို့ လိုအပ်တယ် ။ ဒီတော့ သူ့ အိမ်သူပြန်ရောက်ဖို့  အရေးကြီးတယ် တဲ့ ။
ခုကိစ္စ မှာ မပေါ်သင့်တဲ့ ပုဂ္ဂိုလ် ပေါ်လာတော့ သူ့  အိမ်အပြန်လမ်းကို တွေ့ အောင်ရှာပေးရတော့မယ် ။ ရက်ပေါင်းများစွာ ရေစိမ်နေရတဲ့ အဆိုပါ ရုပ်ဆင်းမပေါ်ပဲ တကိုယ်လုံး ပုတ်ပွ ပျက်ယွင်းနေတဲ့ အဆိုပါ ပုဂ္ဂိုလ် ရဲ့ မြင်ရသလောက် အပြင်ပန်းကိုကြည့်ပြီး ခန့်မှန်းခြေ အသက် လူလတ်ပိုင်း အမျိုးသား တယောက် ဆိုတာက လွဲ ရင် တခြား သက်သေအထောက်အထား၊( မှတ်ပုံတင်တို့ ၊လိုင်စင်တို့ ၊ခရက်ဒစ် ကဒ်တို့  ၊ ဟန်းဖုံးတို့  ) ဘာမှ ရှာမတွေ့ ဘူး ဆို တော့ သက်ဆိုင်ရာ မြို့ နယ် ရဲသား ကြီး ငယ် တွေ ကွိုင်တက် ပြီပေါ့ ။ဘယ်ကနေ ဘယ်လို ဘဲဥ အစရှာရမလည်း။
ဒါပေမဲ့ ကံကောင်းချင်တော့ အဲ့ဒီပုဂ္ဂိုလ် ရဲ့ ဘောင်းဘီအိပ်ကပ်ထဲမှာ သော့တံ၃ချောင်းပါတဲ့ သော့တွဲတစ်တွဲရှာတွေ့သတဲ့ ။ ဒါနဲ့ပဲ ဒီသော့တွဲကိုပဲ သဲလွန်စထားပြီး နေရပ်ရှာပုံတော် ဖွင့်ကြပါသတဲ့ ။ သော့တွဲမှာ ရေးထားတဲ့ သော့လုပ်တဲ့ဆိုင်ရဲ့ နာမည်ကြော်ငြာ အရ သော့ဆိုင်ရှိတဲ့ မြို့နယ် အပိုင် က ရဲတွေကို အကြောင်းကြားပြီး ပူးပေါင်း ရှာဖွေကြတယ်တဲ့ ။ မြို့ နယ် တခုအတွင်းမှာ အိမ်ခြေပေါင်း ထောင်သောင်းချီနေတော့ ဘယ်လို လုပ်ကြမလည်း ။ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတဲ့ အယောက် ၂၀၀ ကျော်ခန့် သူတွေနဲ့နီးတဲ့ အိမ်တွေကနေ စပြီး ခြေရာခံကြ တယ် ။ အိမ်တိုင်းရဲ့  တခန်းဝင် တခန်းထွက် တံခါးမကြီးတွေ ကို ၊ ရှိတဲ့ သော့ ၃ ချောင်း နဲ့ လိုက် ဖွင့်ကြည့်ကြတယ် ။ သူများအိမ်ပေါက် လိုက်ဖွင့်နေရတော့ သူခိုးဂျပိုးထင်မှာလည်းစိုးရသေးတော့ ဆိုင်ရာ ရပ်ကွက်လူကြီးတွေ ကိုလည်း အကြောင်းကြားထားရတာပေါ့ ။ဒီလိုနဲ့ ရှိသမျှ အခန်းတွေကို ဇွဲမလျှော့ပဲရှာလာလိုက်တာ ၈ ရက်တိတိကြာတဲ့ နေ့ မှာ ကွန်ဒို တိုက်ကြီးအခန်းတခုရဲ့ သံတခါးမကြီး ကို ဖွင့်လို့ ရသွားတယ်တဲ့ ။ အဲ့ဒီ တံခါး တချပ် ပွင့်သွားတဲ့ အချိန်မှာ ရဲသားလေး 王閔男 Wang က အတိုင်းမသိ ဝမ်းသာ သွားပါသတဲ့ ။ဒါပေမဲ့ အိမ်ထဲမှာတော့ ဘယ်အိမ်သားတွေမှ ရှိ မနေပါဘူး ။ နောက်မှ သိရတာက အဆိုပါပုဂ္ဂိုလ် က တခြားမြို့ ကနေ ပြောင်းရွှေ့ ပြီးနေထိုင်တဲ့ အိမ်ငှားတယောက်ဖြစ်တယ်လို့ အိမ်ပိုင်ရှင် ကဆိုပါတယ်။မိဘတွေ မသိအောင် မိန်းမတယောက်ယူထားပြီး လင်မယား ၂ယောက်ပဲနေကြတယ်တဲ့ ။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ သူ့ ရဲ့ မိဘမောင်နှမတွေကို အကြောင်းကြား ပြီး DNA စစ်ဆေးချက် လုပ်ကာ အတည်ပြုပေးလိုက်နိုင်ပြီ ဖြစ်ပါတယ် ။သေဆုံးသူ ရဲ့ အိမ်ကိုရှာတွေ့ ရုံနဲ့ သူတို့  အလုပ်တာဝန်တွေ မပြီးသေးပါဘူး ။ ဒီအမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ ရိုးရိုးလူသေမှုလား၊ လူသတ်မှုလားဆိုတာလည်း ဆက်ပြီး ရေဆုံးမြေဆုံးလိုက်ကြအုံးမှာပါ ။
( ဒီအကြောင်းလေးရဲ့ မူလသတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ် )။ သူတို့ရဲတွေ က ဘာမှန်းမသိတဲ့ သာမာန် ရုပ်အလောင်းတခုအတွက် ဘာလို့ များ ရေဆုံးမြေဆုံး လိုက်လံရှာဖွေနေကြတာလည်း ။တာဝန် သိတယ်လို့ပဲ ပြောရမလား။
-------------------------------------------------------------------------
ဪ.. “သူ့ ဆန်စား ရဲမှ” ဆိုတဲ့အဓိပ္ပါယ်ကို နောက်တမျိုး ထပ်ဖွင့်ချင်မိသွားတယ်။ သူ့ ဆန်စားတဲ့ ရဲတွေမှ၊ တကယ့်ရဲတွေပါလား.. လို့ ပေါ့ ။ ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန်ကြေ ဆိုတဲ့ ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့ စာပုဒ်လေး တပိုဒ် ကိုလည်း အမှတ်တမဲ့ သတိရလိုက်မိပြန်တယ် ။ဒါကြောင့် သူ့ ဆန်စားပြီး မရဲတဲ့ ရဲတွေ အကြောင်းကို ပြန်ပြီး အမှတ်ရ ဇာတ်ကြောင်းပြန်ချင်လာမိတယ် ။ ယုံချင်ယုံ မယုံချင်နေ တရုပ်တန်းဈေးက တကယ့် အဖြစ်လေး လို့  ပြောလို့ရတဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးတခုပေါ့ ။ ဒီလို ..ဒီလို....
ဖွားကိ တို့ ငယ်စဉ်အခါကတည်းက နေလာခဲ့တဲ့ ရပ်ကွက်ကလေးတခု ။ နာမယ်နဲ့ မလိုက်အောင် အမည်ပေးထားတာလား၊ နာမည် စီး နေတာကြောင့်များလား တော့ မသိ ၊ ရန်မကင်း တဲ့ “ရန်ကင်း” ပါတဲ့ ။ သူခိုးကတော့ အင်မတန်ပေါတာပဲ ။သူခိုးတွေကလည်း နေ့တိုင်းညတိုင်း နားရက် မယူ အိုဗာတိုင်တောင် ဆင်းလို့  ရတဲ့ ရပ်ကွက်မို့ ထစ်ကနဲဆို ဟိုအိမ်က ပါသွား၊ ဒီအိမ်က ပါသွားပေါ့ ။သူခိုးခမျာလည်း သူ့ ဝမ်းပူစာ မနေသာလို့  သူများ လို အိပ်ကောင်းခြင်း မအိပ်ရပဲ လူတွေ အိပ်နေချိန်မှာမှ ထပြီး ခိုးရရှာသကိုး ။ လူရှေ့  သူရှေ့  ဟိတ်ဟန်တလုံးနဲ့ မျိုးမျိုးမြက်မြက်လေး ခိုးစားလို့ ရတဲ့ ခေတ်သစ် စောရသူခိုးတွေကို သူတို့ လည်း အားကျရှာမှာပါပဲ ။ ဒါပေမဲ့ ကုသိုလ်ကံ အကျိုးပေးပုံခြင်း မတူကြလေတော့ ရေနံ၊ဂက်စ်၊ကျွန်းသစ်၊ကျောက်မျက်၊လယ်ယာ တွေ ခိုးဖို့ အကြောင်းကံ မလှမပ မို့ ထမိန်စုတ်၊ဖိနပ်စုတ်၊ အိုးခွက်ပန်းကန် အပဲ့အရွဲ့ လေးတွေပဲ ရသလောက် သယ်ရရှာတာပေါ့ ။
ဒီလိုနဲ့ ဖွားကိ တို့  အိမ် လည်း ဒီမွဲချာချာ သူခိုးလေးတွေ ရဲ့ လက်က ဘယ်လွတ်ပေလိမ့်မတုံး ။ ကောင်းတဲ့ အရာတွေသာ မဲနှိုက်လို့ မပေါက် ပဲ ရှိရင် ရှိမယ် ။ သူခိုး ပြစ်ကွင်း မဲလိပ်ထဲမတော့ အမြဲပါ တတ်တယ် ။ အိမ်မှာ သွယ်ထားတဲ့ ရေပိုက် တို့ ၊ ကားပစ္စည်းတို့ ၊ ခြံထဲ လှန်းထားပြီး ညကျ မရုတ်မိတဲ့ အဝတ်တို့၊ အပြင် မှာ ထားမိတဲ့ ဖိနပ်တို့ ဆိုတာ ပျောက်နေကြပဲ ။ တရက်ကျတော့ ကိုယ်တော်ချောက အရဲစွန့်ပြီး အိမ်ထဲ ဝင်ဖို့ထိ ကြိုးစားလာပါလေရော ။အိမ်တံခါးကို မကျွမ်းကျင်စွာ ကလိပြီးဖွင့်နေတော့ အသံပလံတွေ ထွက်ရော ။ ဒီတော့ အအိပ်ဆပ်တဲ့ အဖေနဲ့ အမေတို့ က အရင်နိုးတယ် ။ ပြီးတော့ တအိမ်သားလုံးနိုးလာကြတယ်၊ နောက်ဆုံးမတော့ အဲဒီ သူခိုးလေးကို အရှင်လတ်လတ် ဖမ်းမိပါလေရော ။ ဒါနဲ့ပဲ သူခိုးကို ထွက်မပြေးအောင် ဝိုင်းထားပြီးအဖေက ရဲစခန်းကို ဖုံးဆက် အကြောင်းကြားတယ် ။ ခြံအမှတ် ဘယ်လောက်မှာ သူခိုး မိထားပါတယ် ၊ လာ ဖမ်း ပါ ပေါ့ ။
ဒါပေမဲ့ ဟိုဘက်က ပြန်ပြောတဲ့ “ ဟုတ်ကဲ့ ၊ အခုလောလောဆယ် ကျွန်တော်တို့မှာ လာစရာ ကားမရှိလို့ လူကြီးမင်းတို့ ပဲ ရဲစခန်းထိ လာပို့ ပေးပါ ခမျာ ”ဆို တဲ့ . စကားတခွန်းကြောင့် ဖုံးဆက် အကြောင်းကြားတဲ့ အဖေ့ခမျာ ငိုရမလို ရယ်ရမလို ဖြစ်သွားရပါတယ် ။တခုဖြစ်နိုင်ချေရှိတာကတော့ အဲဒီခေတ်အခါတုံးက “ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်လေး မရှိသေးတာကြောင့်လည်း ဒီရဲတွေမှာ ကူညီရမဲ့ အသိစိတ် မရှိသေးတာ ဖြစ်ရမယ် ။ ဒါနဲ့ အဖေလည်း ဒီသူခိုးကို ဘယ်လိုလုပ်ရမလည်း ၊ သူတို့ ပြောတဲ့ အတိုင်းပဲ ကိုယ်တော်ချော ကို ကားပေါ်တင်ပြီး ၊ ဆိုင်းမတီး ဗုံမတီး ပဲနဲ့ ရဲစခန်းဆီသို့  ကိုယ်တိုင်ကိုယ်ကျ သွားပို့ ပေးလိုက်ရတယ် ။ ဒါက ပထမဦးဆုံးအကြိမ် သူခိုးဖမ်းပွဲပေါ့ ။
နောက်တော့ သိပ်မကြာဘူး ။ ၂ လ လောက်ပဲ ခြားမယ် ၊ မိပြန်ပြီ သူခိုး တယောက်၊ ဒီတခါလည်း အိမ်က ယောကျာင်္းသားများနဲ့ အိမ်နီးချင်းတွေအကူအညီနဲ့ ဝိုင်းဖမ်းလိုက်ကြတာပေါ့ ။ မှတ်ဥာဏ်ကောင်းတဲ့ အဖေက သူခိုးမျက်နှာစေ့စေ့ကြည့်ပြီး ပြောပါတော့တယ် ။ “ဟာ ..ဒီ ခွေးသူခိုး ။အရင်တခါလည်း မင်းပဲ မဟုတ်လား ” ဆိုပြီး အော်တော့တာပေါ့။သူခိုးခမျာ လူမိတော့မှ မျက်နှာငယ်လေးနဲ့ နောက်မလုပ်တော့ပါဘူးအန်ကယ်ရယ်၊ ဘာညာသရကာ သနားစဖွယ် တောင်းပန်ပေါ့ ။ဇာတ်လမ်းမေးကြည့်တဲ့အခါ ပထမတခါ က သူ့ကို ရဲစခန်းမှာ တညထားပြီး ဘာမှမလုပ်ပဲ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းသိရတယ် ။ ဒီတော့ ဘာပြောကောင်းမလည်း ၊ အိမ်က အကိုတွေရော အိမ်နီးချင်းတွေ ပါ တခါထဲ ဝိုင်းပြီး သမ လိုက်ကြတာ ၊ သူခိုးခမျာ ဖူးယောင်လို့ ပေါ့ ။ အမေကတော့ မိန်းမသားဆိုတော့ ခြေလွန်လက်လွန်ဖြစ်မှာ စိုးရိမ်တယ် ။ ဘေးကနေ မလုပ်ကြနဲ့ ဘာညာ အော် ပေါ့၊ ရဲစခန်းပဲ သွားပို့ လိုက်ကြပါ လို့ ပြောတယ် ။ ဒါပေမဲ့ အဖေက လုံးဝ မတားဘူး၊ အေးဆေး ထိုင်ကြည့်နေတယ် ။ အိမ်က ယောကျာင်္းသားများ ဆွမ်းကြီးလောင်းလို့  အားရ ၊ အဲ..ခြေကုန်လက်ပန်းကျပြီး မောကုန်ကြတော့မှ သမဝါယမပွဲကြီး လက်စသပ်တော့တယ် ။ပြီးတော့မှ အဖေက သူခိုးကိုပြောတယ် ။မင်း နောက်တခါထပ်လာရင်ဒီထက်နာမယ် ၊တဲ့ ။ ဒါပဲပြောပြီး သူခိုးကို ပြန်လွှတ်ပေးလိုက်ပါတော့တယ်။ အဲဒီညကများ လိုက်ဗ်ရှိုးကြည့်နေရသလိုပဲ .. ကောင်းမှကောင်း။ သူခိုးပြန်ထွက်သွားတော့မှ အဖေ့ကိုမေးကြည့်တယ် ။ ဘာလို့ ရဲစခန်းသွားမပို့ တာလည်း ဆိုတော့ ၊ သွားပို့ လို့ ရော ဘာထူးမှာလည်း သမီးရယ် ၊ အဖေ့ကား ဓါတ်ဆီကုန်ပြီး အလုပ်ရှူပ်တာပဲ အဖတ်တင်မယ် ၊ ဟိုရောက်တော့လည်း ပြန်လွှတ်ပေးမဲ့ အတူတူ မှတ်လောက်သားလောက်အောင် ဆုံးမလိုက်တာပဲ ကောင်းပါတယ်.. တဲ့။ ဪ ။အဲလိုအချိန်မှာတောင်မှ အဖေက ဈေးကောင်းနေတဲ့ ဓါတ်ဆီအလဟသဖြစ်မဲ့ အရေး ထဲ့တွက်နေလိုက်သေးသကိုး။ ဒါပေမဲ့ ဒီနည်းက အတော်လေး အသုံးဝင်သွားတယ် ။ဘာလို့ လည်း ဆိုတော့ အဲဒီနောက်ပိုင်းမှာ အဆိုပါ သူခိုးလေးကို ထပ်မတွေ့ ရတော့ဘူးလေ ။
ဒါပေမဲ့ တခါတလေ တော့ သူခိုးကပ် တယ်။လစ်ရင် တံချုတံနဲ့ ဆွဲဖို့  အစီအစဉ်ရှိတယ်နဲ့တူပါတယ် ။ ခြံထဲထိတော့ မဝင်ရဲတော့ဘူး၊ ခွေးလည်းမွေးထားတယ် ။ သူခိုးမျက်စိကျမဲ့ ပစ္စည်းတွေဆိုလည်း လက်လွတ်စပယ် ပစ်မထားတော့ဘူး ဆိုတော့ သူလည်း တွက်ခြေ မကိုက်တော့လို့  မလာတာပဲ ဖြစ်မယ် ။တခြား ခြံတွေ လှည့်ပတ်ခိုးတဲ့သတင်းတော့ ကြားရတယ် ။ငယ်ငယ်တုံးက သူခိုးဖမ်းပွဲလေးကို ပြန်ပြီး အမှတ်တရ ရေးလိုက်ရင်း ဆက်စပ်မိတာ လေးပါ ။ဒါဟာလည်း သူခိုးရန်ကို ကိုယ်ထူကိုယ်ထ ကာကွယ်ခြင်း နဲ့ ဖြေရှင်းခြင်းနည်း တမျိုးပေပဲပေါ့ ။ ခိုးမှု အသေးအဖွဲလေးများတော့ ရဲစခန်းထိသွားအပ်မနေနဲ့ ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိထိရောက်ရောက် အဲလိုဖြေရှင်းလို့ ရတယ် ။
---------------------------------------------------------------------
ခုခေတ်၊ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတဲ့ သန့်ရှင်းတဲ့ နိုင်ငံတော်ကြီး ထူထောင်နေပြီပြောကြတဲ့ အခါသမယ မှာတော့ ကူညီပါရစေ ..တွေလည်း ပြောင်းလဲ နေလောက်ပြီလို့ ထင်ပါတယ် ။ ကားနဲ့ ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်ဆန်ဆန် လူသတ်ပွဲတွေ ။ဒါးတဝင့်ဝင့် နဲ့ မျက်နှာဖုံးစွပ်လူသတ်သမားတွေ ကိုတောင် ရက်ပိုင်းအတွင်း ဖမ်းမိနေပြီ ဆိုတော့ တိုးတက်လာတဲ့သဘောပဲပေါ့ ။ ဒါဆိုရင် အရင်ခေတ်ကတည်းကခုခေတ်ထိ လက်သည်မပေါ်သေးတဲ့ ပဟေဠိ ဆန်ဆန် ဒေါ်လာများစွာ ရတနာများစွာ အတွက် နဲ့ ငါးလောင်းပြိုင် ဒိတ်ဒိတ်ကြဲ လူသတ်မှုကြီးလည်း လက်သည်ပေါ်ဖို့ ရာ ကို မျှော်လင့်ချက် လေး ထားလို့ ရနေသေးတယ် ပေါ့ ။ ဟို အပေါ်ဆုံးကဇာတ်လမ်းထဲကလို သဲလွန်စ သော့တွဲတတွဲလောက်များ ရှိရင်၊ ဒါမှ မဟုတ် ရဲသားလေး Wang လို စိတ်ဓါတ်မျိုးရှိနေကြရင်၊ ရေဆုံး မြေဆုံး လိုက်မယ် ဆိုရင် ..“ မတရားမှု ဟူသည် ဆိတ်ကွယ်ရာမရှိ ”ဆိုတဲ့စကားကို အမှန်တကယ် လက်ခံမိမှာပါ ။
7 comments:
အင်းးး အဲ .. အိမ်း ... :D
ဘယ်လိုပြောရမလဲ
ဒါကပေါ့လေ ဒီလိုရှိတယ်ပေါ့ .. :P
ဖွားကိရေ
မယ ရဲတွေလည်း ရန်ကင်းသားတွေနဲ့တွေ့ရင် ကျွတ်တန်းဝင်တာပါပဲ...
ရွှေလက်စွပ်အတုပေးပြီး ရဲလက်ထဲက ဘိန်းကိုတောင် ရအောင်ယူတဲ့သူတွေ တပုံကြီး...
ပြီးတော့မှ လက်စွပ်က အတုဖြစ်နေလို့ ရဲကသွားပြောတော့
ကိုယ်တော်ချောက အေးအေးဆေးဆေးပြန်ပြောတာက
ကျွန်တော်တို့က ရွှေလက်စွပ်လို့ပဲ ပြောခဲ့တာ
ရွှေအစစ်လို့ပြောတာမဟုတ်ဘူး
မကျေနပ်ရင် တရားစွဲနိုင်ပါတယ်တဲ့
ဟိုရဲက ကျွန်တော့ဆီကဘိန်းကို ရွှေလက်စွပ်အတုပေးပြီးဝယ်ပါတယ်ဆိုပြီး အမှုမှဖွင့်လို့ရမတာ :P
အဲတာတွေ နဲ့ ပတ်သတ်ရင် စဉ်းစားရမှာတောင် လန့်လို့....
သင့်ရဲ့
ထိုင်ဝမ်ရဲတွေ အတော်တာဝန်ကျေတာဘဲနော်..
ရက်ဒီလောက်ကြာအောင် ဇွဲမလျော့ဘဲ ရှာကြတယ်.. ကောင်းလိုက်တာ.. အဲဒီငါးလောင်းပြိုင်ကြီးက ပြောပြန်ပြီ..
သူများက တမင် မဖမ်းတာပါဆိုမှာ သူက ထည့်ထည့်ပြောနေတယ်..
သူခိုး၊ ဓားပြ သေးသေးဆိုဖမ်းမိတယ်..
ကြီးကြီးဆို မဖမ်းဘူး ။ မဖမ်းရဲဘူးတဲ့ :)
မကီပြောသလို သူခိုးကို ရဲစခန်းလိုက်ပို့ရတဲ့အဖြစ်မျိုးဆို အိမ်မှာ ဓားပြတွေ ဝင်တိုက်လို့ ရဲစခန်းကို ဖုန်းဆက်ရင် သူတို့က လာစရာကားမရှိလို့ ဓားပြတွေတောင်းတာပေးလိုက်ပါတော့လို့များ ပြန်ပြောမလားမသိဘူးနော်..
ငယ်ငယ်တုန်းက အိမ်ထဲက လက်ပတ်နာရီ တစ်လုံးကို တံချုလေးနဲ့  ဆွဲယူပြီး ခိုးနေတဲ့ သူခိုးကို မြင်ခဲ့ဖူးတယ်။ ဘာမှ ရမသွားရှာပါဘူး။ အပြေးကောင်းလို့  လွတ်သွားရှာပါတယ်။ ငါးလောင်းပြိုင် လူသတ်မှုကတော့ ဟဲဟဲ။ ပေါ်ချင်တဲ့ခါ ပေါ်လာမှာပေါ့ မမကိရယ်။ စိတ်လျော့ပါ။
သူခိုးဖမ်းတာလေး သဘောကျတယ်...
တို့ရဲတွေလုပ်လို့ သူခိုးခမျာ ဆော်လဘန်တေခံရတာ...။ :)
ကျနော်တို့ ဆီမှာ တကယ်ဖြစ်ခဲ့တာ ရေထဲမှာ တွေ့တဲ့အလောင်းကို သင်္ဘောဘုတ်နဲ့ သွားနေရင်း တွေ့တဲ့ သင်တန်းဆင်းကာစ ရဲအရာရှိလေးက မြို့နယ်အဆင့် အရာရှိကြီးကို အလောင်းတွေ့တဲ့ အကြောင်း သတင်းပို့တော့ အရာရှိကြီးက ဒါဆို မင်းပဲ သယ်ခဲ့ကွာ တဲ့..ငါတော့ မတွေ့မိပါဘူး..လို့ ပြောလိုက်သေးတယ် တသင်္ဘောထဲ အတူ စီးလာသူခြင်း ဘေးဘီကြည့်တာချင်းအတူတူ သူတော့တွေ့ပြီး အရာရှိကြီးက မတွေ့တာကိုလဲ အရာရှိငယ်လေးက မယုံဘူးတဲ့ နောက်တော့ အဲ့ဒီအလောင်းကို သယ်တော့မှပဲ..သိသွားစ တယ်..တဲ့
သယ်ဖို့ လှေ သင်္ဘော မြို့ပေါ်ထမ်းတင်ရတာ ကအစ အစစ ပင်ပန်းလိုက်တာ ဆိုပဲ..ဒါနဲ့ နောက်ဆို သူလဲ နောက်ဆို အရာရှိကြီးလို မတွေ့ချင်ယောင်ဆောင် ဆောင်သွားတော့တာပဲတဲ့..
ကူညီပါရစေ အရာရှိငယ်တယောက်က ပြန်ပြောပြတာပါ။ အားလုံးက ကိုယ်ထူကိုယ်ထ ခေတ်ကြီးကိုး...ဒေါ်ကိရယ်..
Post a Comment