၂၀၁၀၊အောက်တိုဘာ ၂၅ ရက် ၊ သီတင်းကျွတ်လပြည့်ကျော် ၂ရက်နေ့ ၊ မိုးလေကင်းလွတ် သီတင်းကျွတ် ဟုဆိုကြပေမဲ့ ဒီနှစ် မိုးနှောင်းမှာမှ မိုးကောင်းနေပြီး၊ ဆိုင်ကလုံး ဂီရိ ရခိုင်ပြည်နယ် ကျောက်ဖြူ အနီးတဝိုက် ဝင်မွှေအပြီးသကာလ မို့ ရာသီဥတုက မငြိမ်မသက်ဖြစ်နေဆဲ ၊ မိုးအုံ့ လိုက် မိုးရွာလိုက် နေပြင်းပြင်းပူလိုက်ဖြင့် တနေ့ တည်းတွင်ပင် ၃ရာသီလိုဖြစ်လို့ နေတော့သည်။ သီတင်းကျွတ်နဲ့ အတူ အကျွတ်တရားရနေသလိုဖြစ်သည့်အချိန်ကာလ တိုက်တိုက်ဆိုင်ဆိုင်ပင်( ပလပ်ပေါက်တော့ မကိုင်ပါချင်) ဖွားကိတို့ ရဲ့ နောက်ပိုင်း၊ မျိုးဆက်သစ်လူငယ်ကလေးများ ဦးစီးသည့် အလှူဒါနပွဲသို့  သွားရောက်ဖို့  အကြောင်းဖန်လာပါသည်။
သို့ ဖြစ်ပါ၍ ထိုနေ့ ရက်တွင် ရန်ကုန်တိုင်း( ခုတော့ တိုင်းဒေသကြီး ဟု အမည်တွင်ပေသည် ) ဒဂုံမြို့ သစ် ( အရှေ့ ဒဂုံ ) ၁၂၆ ရပ်ကွက်( ပြောတော့သာ ဒဂုံ... ရန်ကုန်မြို့ ထဲမှ ကားမောင်းသွားရတာ ၁ နာရီလောက်ကြာသည် ) အရပ်တွင် တည်ရှိသော အနန္တမေတ္တာဘုန်းကြီးကျောင်းလေးသို့  နံနက် ၁၀ နာရီခွဲခန့် တွင် ရောက်ရှိကြသည်။
ရှေ့ ပြေးတဖွဲ့ က ကြိုတင်ရောက်နှင့်ပြီး ပြင်ဆင်ထားကြ၍သာတော်ပေတော့သည် ။ တခါမှ မရောက်ဖူးသော ဖွားကိတို့ ကားမှ လူ၎ယောက်တို့မှာ ဟိုမေးဒီမေးဖြင့် စမ်းတဝါးဝါးဖြစ်နေကြတာမို့  သတ်မှတ်ချိန်ထက် ၂နာရီမျှ နောက်ကျပြီးမှ ရောက်ရှိသွားကြပြီး ဘုန်းတော်ကြီးများ၊ ကိုယ်ရင်များပင် ဆွမ်းစားနေကြပြီဖြစ်လေသည် ။ ဆွမ်းစားဆောင် ဆိုပေမဲ့ ခနော်ခနဲ့ မြေစိုက်တဲလေးမှောင်မှောင်အတွင်းဝယ် ကြပ်တည်းစွာဖြင့် ဆွမ်းဘုန်းပေးနေကြရခြင်းဖြစ်သည် ။
ဘုန်းကြီးနှင့် ကိုယ်ရင်လေးများ စုစုပေါင်း ၂၃ ပါးရှိသည် ။ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဘဒ္ဒန္တဣန္ဒက(မာန်အောင် ) မှာ သက်တော် သိပ်မကြီးလှ ၊ ၄၀ ပင် မပြည့်တတ်သေး၊ ရခိုင်လူမျိုး ဆရာတော်ဖြစ်ပြီး ဤအရပ်တွင် တရားအားထုတ်၊သာသနာ့ပြုရင်း ရွာအတွင်းနှင့် ရွာအနီးအနားရှိ ကလေးများအား စာသင်ကြားပေးနေသော ဆရာတော်ဖြစ်သည် ။
ဤရွာမှာ ရန်ကုန်မြို့ နှင့် သိပ်မဝေးလှသော်လည်း လမ်းပန်း အဆက်အသွယ် အဆင်မပြေလှ၊ ဘတ်စ်ကား လိုင်းကားများပြေးသော လမ်းမကြီးများသို့  ရောက်ရန်နာရီဝက်ခန့် ခြေလျှင်လျှောက်ကြရသည် ။ အစိုးရကျောင်းမရှိ၊ ကျောင်းတက်လိုသူများ အနီးအနားရွာမှာ ရှိသော အစိုးရကျောင်းသို့  သွားတက်ကြနိုင်သည် ဆိုပေမဲ့ လက်လုပ်လက်စား တောင်သူလယ်သမား အများစုမှာ ကလေးတွေ တပြုံ တမကြီးဖြင့် စားဝတ်နေရေးလုံးပန်းနေရတာမို့  စာသင်ဖို့  အရွယ်ရောက်နေကြပြီဖြစ်သော သူတို့ သားသမီးများကို အဆိုပါကျောင်းများသို့ လွှတ်ပြီး စာသင်ကြားမပေးနိုင်ကြပေ။ သို့ ဖြစ်ပါ၍ အဆိုပါ ဘုန်းတော်ကြီးမှ ဦးစီးပြီး ဘက(ဘုန်းကြီး) စာသင်ကျောင်းလေးတကျောင်း ဖြစ်မြောက်စေလိုသည် ။ ကလေးတွေ နောင်ရေး ပညာရေး အတွက် ထားရှိသော သူ၏စေတနာကို နားလည်ကြသော မျိုးဆက်သစ်ကလေးများမှ နီးစပ်ရာများ စုစည်းတိုင်ပင်ပြီး အဆိုပါ စာသင်ကျောင်းကလေးဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသည်မှာ ယခုဆိုလျှင် ( ၃ ) နှစ် နီးပါးရှိလေပြီ ၊ ထို ၈၈ မျိုးဆက်သစ်များ အများစုမှာ ၈၈ အခါသမယက အလယ်တန်းကျောင်းသားများဘဝဖြင့် တို့အရေးမှာပါဝင်ဆင်နွှဲခဲ့ကြပြီး၊ အချို့မှာ ၉၈ အရေးအတွက် ၁၁ နှစ်တာမျှ အကျဉ်းကျခံခဲ့ရသူများ ဖြစ်ကြသည်။ မနှစ်က လွတ်လာခဲ့ပြီး ရေပေါ်ဆီနိုင်ငံရေးသမားများအားတွေ့ မြင်နေကြရသဖြင့် ထိုလောကကြီးအား ကျောခိုင်းနေကြသူများ ဖြစ်ကြသည်။ ယခုအချိန်တွင် ၊ လူမှုရေးလုပ်ငန်းများကို တတ်နိုင်သလောက် ဆောင်ရွက်နေကြလေသည် ။ သူ့ သူငယ်ချင်း တချို့ မှာ မဇျွိမလှိုင်း တေးသီချင်း အဖွဲ့ (ခင်မောင်တိုး သီချင်းများ ခေတ်စားခဲ့စဉ်က band ဟုပြောသည် ။ ဖွားကိတော့ သေချာ မသိ ) မှဖြစ်ကြပြီး သူတို့  တတ်မြောက်ထားကြသော အနုပညာရပ်လေးများဖြင့် ဤသို့ သော ပရဟိတ ကျောင်းလေးများတွင် ပွဲလမ်းသဘင်များလုပ်ပါက မေတ္တာဖြင့်ကူညီပေးခဲ့ကြသည်။
ယခုအခါတွင် ကျောင်းသားလေးများ ၁၁၂ ယောက်ရှိပြီး ဆရာ ဆရာမ ၄ ဦးမှ စာသင်ပေးနေကြသည်။ ဤကျောင်းဖွင့်ခါစက သူတို့ ၏ ကနဦးလစာမှာ ၈၀၀၀ ကျပ်မျှသာဖြစ်ပြီး ယခု တဖြေးဖြေးတိုးပေးသောကြောင့် ကျပ် နှစ်သောင်းမျှသော အသပြာငွေမှာ ဤခေတ်ကာလကြီးဝယ် မည်သို့ မျှ လောက်ငှနိုင်မည်မဟုတ်ကြောင်း လူတိုင်းသိနေကြပေမင့် စေတနာရှေ့ ထားပြီး ကလေးများအား စာသင်ပြပေးကြသော ဆရာ ဆရာမ များအား လေးစားသင့်လှပေသည်။ ဤကျောင်းမှ ကျောင်းသားကလေးများမှာ မိဘမဲ့များ မဟုတ်ကြသော်လည်း အချိန်မှန်စာသင်ကြားရေးအတွက် အခက်အခဲ မျိုးစုံ ရှိနေကြသောကလေးများ ဖြစ်လေသည် ။ သို့ ပါ၍ ဆရာတော်ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်လေးများ၏ ကာယ၊ ဝီရိယ အားဖြင့် ပံ့ပိုးပေးနေကြသော ဤ စာသင်ကျောင်းလေး အဓွ၊န့် ရှည်ရေးအတွက် မှာ ပြင်ပ အလှူရှင်များကို အဓိက မှီခိုနေရသည်။ ယခုလို အလှူရှင်များ လာရောက်ကျွေးမွေးဧည့်ခံသော ရှားရှားပါးပါး နေ့ ရက်များတွင် ကျောင်းသားကလေးများသာမက ရွာအနီးရှိ မိဘရွာခံများမှာလည်း အထူးတလည် ပျော်ရွှင်နေကြသည်မှာ သူတို့၏ ရိုးသားဖြူစင်သော မျက်နှာများပေါ်တွင် သိသာထင်ရှား ပေါ်လွင်လှသည်။
ကလေးတွေ စနစ်တကျ တန်းစီကြတယ် ၊ အလှည့်ကျ စားဖို့ လေ့ကျင့်ပေးထားပုံရတယ်။
မိမိတို့ တတ်နိုင်သမျှ ပါဝင်လှူဒါန်းကူညီခဲ့ကြသည့် ထိုအလှူပွဲလေးအတွက် မမောနိုင် မပန်းနိုင် ၊ ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် ပီတိများဖြစ်ခဲ့ရပါသည် ။နေ့ လည်စာမှာ တစ်မျိုးတည်းသော ဟင်းလျှာအဖြစ် ဆိတ်ရိုး ကုလားပဲဟင်း နှင့် အရံ ငပိထောင်း ဟင်း မျှသာ ဖြစ်ပေမဲ့ ကလေးများရော မိဘများပါ အားရပါးရ စားသောက်နေကြသည်ကို မြင်ရသည်မှာ ဝမ်းမြောက်စရာပါပေ။ ထမင်းစားအပြီးမှာ ကလေးများအား တကိုယ်ရည်သန့် ရှင်းရေး၊ ပါတ်ဝန်းကျင်သန့် ရှင်းရေး စသည်တို့ နှင့်ပါတ်သက်သော ပညာပေး စကားပြောပွဲလေး ပြုလုပ်ပေးသည် ၊ တသက်နှင့်တစ်ကိုယ် ဤသို့  လူလိုသူလို လူရှေ့သူရှေ့ မှာ မိုက်ကရိုဖုန်းကိုင်ပြီး စကားပြောရ၊ဟောရခြင်းမှာ ယခု အကြိမ်သည် ပထမဦးဆုံး အကြိမ် ဖြစ်သည်မို့ အစပိုင်းတွင် ဒူးတုန် အသံတုန်တော့ ဖြစ်မိသား ။သို့ ပေမဲ့လည်း “ရောရောရှိ မာစတာ” လုပ်နေကျ အတိုင်း ရောလိုက် ဖေါလိုက်ဖြင့် ဒူးတုန်မှုလေးမှာ ၂ မိနစ်မျှပင် မကြာလိုက်ဟု ထင်လိုက်မိသည် ။ ဆရာကြီးလုပ်ရသော အရသာမှာ အတော်လေး ကောင်းလှပေတကား ။
ဆရာကိ ရဲ့  လေဖေါ အပြီးမှာ ကလေးများ နှင့် မျိုးဆက်သစ်လူငယ်လေးများ တရင်းတနှီး ဝိုင်းဖွဲ့ ကစားကြသည် ၊ သီချင်းတွေ ဆိုကြသည် ။
မောသလောက် ရှိသော အခါမှာ ရေခဲမုန့် နှင့် ဝေဖါမုန့် များ၊ စားစရာများကို ထပ်မံ ကျွေးမွေးသည် ။ စည်းကမ်းတကျ အလှည့်ကျ တန်းစီ စားသောက်နေကြသော မြင်ကွင်းမှာလည်း အားရစရာ ပါ ။ ထို့ နောက် မျက်နှာကြက် မဲ့ သွပ်မိုး အောက်မှာ နေ့ လည်ခင်း အပူဒါဏ်ကို ခံစားရင်း ချွေးများ စိုရွှဲ၊ ဂျေးများ အထပ်ထပ် ဖြစ်နေသောကလေးများအား ဆရာမက နေရာတကျထိုင်ပြီး တရားမှတ်ခိုင်းသည် ။ မျက်စိစုံမှိတ်ထားပြီး ပါးစပ်မှ တတွတ်တွတ်ရွတ်ဆိုနေကြသော ထိုကလေးများအား မြင်ရသည်မှာလည်း အေးချမ်းလှပါသည်။
ကလေးများမှာ မျိုးဆက်သစ်အဖွဲ့ မှ ပေးသော တီရှပ်ဖြူဖြူလေးများ ဝတ်ဆင်ထားကြပြီး နောက်ကျောဖက်ရှိ “ ကျွန်တော်တို့နှင့်အတူ ငြိမ်းအေးပါစေ ” ဟုရေးသားထားသော စာတမ်းလေးကို ထင်ရှားစွာ မြင်လိုက်ရသော အချိန်မှာ ငြိမ်းချမ်းခြင်း၊ငြိမ်းအေးခြင်းရဲ့ အဓိပ္ပါယ်ကို သေချာနားလည်မိလိုက်သည် ။ ဩော် ငါတို့ ပြည်ကြီးထဲမှာ လူတွေအတော်များများ မငြိမ်းချမ်းကြသေးပါလား ဟု အသိဝင်လာခဲ့မိသည်။
ထို့ နောက်တွင်တော့ ရန်ကုန်တက္ကသိုလ် မြန်စာစာဌာနမှ ဆရာ (ဦး) သာချို ( စာရေးဆရာ) မှ ကလေးများ အား စာကြိုးစားဖို့  အကြောင်း၊ မိဘများကလည်း ကလေး ပညာရေးကို အလေးပေးသင့်ကြောင်း ကို သူ ငယ်စဉ်ဘဝ အတွေ့ အကြုံများ ရောနှောပြီး ကလေးရော မိဘများပါ နားလည်သဘောပေါက်အောင် အရွှန်းဖေါက်ကာ ဟောကြားအပြီး ၊အချိန်မှာ အတော်လေး လင့်နေပေပြီ ။ လူတိုင်း မောပန်း နွမ်းနယ် နေကြလေပြီ ။ သို့ ပေမဲ့ ကိုယ်တို့ အားလုံး၏ အိမ်အပြန်လမ်းမှာ အနန္တမေတ္တာများ ပက်ဖျန်းထားမှုကြောင့် အေးချမ်းပျော်ရွှင်လျှက်ရှိနေကြပါသည် ။
သုခမိန်လှိုင်၏ “ ကျွန်တော် မတတ်နိုင်သော ကမ္ဘာလောကကြီးသို့  ရောက်ခဲ့သည် ။ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားခဲ့မိသည် ” ဟူသော စာသား၏ လေးနက်သော အဓိပ္ပါယ်ကို အလုံးစုံ သရုပ်မဖေါ်နိုင်ပေမဲ့ တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်မှုများ ကို ကျွန်ုပ်တို့ နှင့်အတူ သင်တို့ လည်း လုပ်ဆောင်နိုင်ဖို့  အခြေအနေ အခွင့်အလမ်းများစွာ ရှိနေပါသေးသည် ။ အနန္တမေတ္တာများစွာဖြင့် လူသားဆန်နိုင်ကြပါလျှင် လူဖြစ်ကျိုးနပ်ရခြင်း၏ တစိတ်တဒေသကို ပုံဖေါ်နိုင်ပြီဟု ယူဆမိပါသည်။
13 comments:
အမရေ လူသားတိုင်း အနန္တမေတ္တာများစွာဖြင့် လူသားဆန်နိုင်ကြပါစေ။
ဒီပိုစ့်လေးကို like လုပ်လို့ ရရင်ကောင်းမှာပဲ။
တစ်ခါတစ်ခါ ကိုမန့်တာတွေက ရေးထားတဲ့အကြောင်းအရာတွေကို ပေါ့သွားမှာဆိုးလို့ မမန့်မိပါဖူး။
“ ကျွန်တော် မတတ်နိုင်သော ကမ္ဘာလောကကြီးသို့  ရောက်ခဲ့သည် ။ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားခဲ့မိသည် ” စာသားလေးသဘောလည်းကျမိ ကြိုးလည်းကြိုးစားရအုံးမည်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကိရေ.... လာဖတ်သွားပြီ သူငယ်ချင်း.... နေကန်းလား အဆင်ပြေပါစေ...
လုပ်နိုင်သလောက် လုပ်ကြရတာနော် ဖွားကိ
အနန္တ မေတ္တာဖြင့်
seesein
ကိရေ
ဖတ်သွားတယ် ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အဲ့ဒါ ရန်ကုန်နဲ့  ဖင်နဲ့  ခေါင်းကပ်နေတဲ့ အရပ်ဒေသကြီးပါတော်..... ဒါမျိုးကိုယ့်ခြေပေါ် ကိုယ့်ဖာသာ ရပ်နေကြတာတွေ အများကြီး... (ဘာ့ကြောင့်ဆိုတာတော့ မပြောတော့ဘူး စိတ်ကုန်လို့ )
ဘာပဲဖြစ်ဖြစ်.. ဒီလိုကူညီကြတဲ့ ကူညီဖို့  စိတ်ရှိတဲ့သူတွေ ရှိနေကြတာကိုပဲ အားတက်မိတယ်... လူတိုင်းလဲ ကူညီဖို့  ကြိုးစားသင့်တယ်... ကျနော်လဲ ကြိုးစားမယ်...
ကောင်းလေစွ....ကောင်းလေစွ...
ကိကိကျဲ...
အမ..
ဒီပို့ (စ)လေးက ဖတ်ခဲ့ ဘူးတဲ့  ပို့ (စ)တွေနဲ့ မတူပဲ
တမူထူးခြားနေပါတယ်။ သိပ်ကြည်နူးမိပါတယ်။
အမတန်မြင့် မြတ်တဲ့ အလုပ်ကို အမက လုပ်ခဲ့ တာကိုး...။
သာဓု . . .သာဓု... သာဓု...
ပီတိ ဖြစ်စေတဲ့ မြင်ကွင်းပဲ မကိရေ..။
ဝမ်းသာမိပါတယ်။
မက်ရည်တောင် ဝဲဒယ် ဒေါ်ကိရယ်
ဟင့်ရွှတ် .....
မကိတို့များ ဒါမျိုးဆို သံချောင်း မခေါက်ဘူး
ကျွန်တော်တို့လည်း ၀ါသနာပါ ပါ တယ်နော့
ဒါမှ မဟုတ် နောင်သံသရာ အဆက်ဆက်
မတွေ့မကြုံ မဆုံချင်လို့လားဗျာ့
အရမ်းကို စိတ်ကြည်နှုးရတဲ့ မြင်ကွင်းလေးပါ မကိရယ်။ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်သွားပါတယ်။
Post a Comment