ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး ၄ ပါး နဲ့ ပေါင်းစပ်ထားတဲ့ အကျွန်ုပ် ရဲ့ ခန္ဓာကိုယ် အတ္တဘောကြီး နဲ့  ပါတ်ဝန်းကျင် မှာ ရှိနေကြတဲ့ ဓါတ်တွေ အကြောင်း ၊အလုပ်မရှိ အလုပ်ရှာ တွေးကြည့် မိလို့  “ဓါတ်” သဘော တွေ ကို ရေးလိုက်ပါကြောင်း ။ “ဓါတ်ကြောင်”နေသူများ သတိဖြင့် ဖတ်ကြလေကုန် ။
ခုလောလောဆယ်မှာ “ဓါတ်ကျ” နေတဲ့ “ဓါတ်စာ” များ တောင် မစားရဲ ၊ ဘာကြောင့် လည်း ဆိုတော့ “ဓါတ်မြေသြဇာ” တွေ တွင်တွင်သုံး နေကြတာ က သြဘာ ( အာဘော ) .. မြန်မာ့သြဘာ အကောင်းဆုံးပါ....@#&% ၊ တီဗီကြော်ငြာ ကိုတော့ မကြားချင် မမြင်ချင်လို့ မရ ။အော်ဂဲနစ် တွေ ၊ အင်အော်ဂဲနစ်တွေ တော့ သေချာ မမှတ်မိ ၊တို့ တိုင်းပြည်မှာ၊“ အော်လေ ၊နစ်လေ” ဖြစ်နေကြတာ ကိုတော့ သေချာ သိနေတာမို့ ၊ မအော်ကြတာ ကပဲ ခပ်ကောင်းကောင်း ။
“ဓါတ်ဆီ” တွေ ကို ဓါတ်တူ နံတူချင်း ဝေမျှ ပြောင်းလွှဲ လုပ်ကိုင်စေ လို့  “ဓါတ်ရိုက်”၊ “ဓါတ်ဆင်” လိုက်ကြတာ လည်း ဓါတ်ပျက်စရာ ၊ ၂ လ အတွင်း ဓါတ်ဆီဈေးတွေ မတက်ပါ ဟု အာမဘန္ဓေ ခံ ထား တော့ ၂ လ ကျော်တာ နဲ့ ဈေးတက်ဦးမယ်ပေါ့ ၊ (ခုတော့ ၂ လ ကျော်လာပြီ ။ ဒါပေမဲ့ ဈေးတွေတော့ မတက်ကြသေး၊) အဲ့တာ ကြောင့် လည်း ဓါတ်ပျက် ရသူများက တို့ ပြည်သူ အများပါပဲ ။ဓါတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ ဆီထည့်ဖို့  တန်းစီ စောင့်စားနေကြရတာ က ၊ဟို အရင် ဆီစာအုပ်ဖြင့် တနေ့  ၂ ဂါလံ ခွဲတမ်းချ ဓါတ်ဆီ ထည့်ရသည် ထက် ပို ဆိုး နေသည် ။ လိုသလောက် ထည့်နိုင်သည် ဟု လေလုံး ထွား ခဲ့ပေမဲ့ လက်တွေ့ မှာ တော့ ဒီလို မဖြစ်လာ ။ဒါတွေကလည်း ဓါတ်ပျက်စရာ ။
ရန်ကုန်မြို့ ကံဘဲ့ လမ်းမကြီးမှာ ရှိတဲ့ “ဓါတ်သတ္တု” ဝန်ကြီးဌာန ရဲ့  ဘဓရ ရုံးကြီး( ဂန္ဘီရ ဘကျောက် ကြီးရဲ့  ဘူမိနက်သန် မြေအမှန် ရုံးချုပ်ကြီး ) မှာလည်း ဓါတ်ပျက်စွာဖြင့် ဖျက်သိမ်းခံ လိုက်ရပြီးတော့ ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်ကြီးတစ်ဦး ရဲ့  ပုဂ္ဂလိက ကလေးဆေးရုံကြီး ဖွင့်ကြ ဦးမှာ မို့ ဓါတ်ပျက်နေသော ကလေးများ အတွက်၊ “ဓါတ်ဆားရည်” တောင် မသောက်နိုင်ကြ၍ ၊ “ဓါတ်လုံး”များသာ ဆောင်ပြီး အသက် ဆက်ကြရပေတော့ မည်။
ဟိုနေရာ ဒီနေရာတွေ မှာ “ဓါတ်ပုံ” ပေါ်ပေါ်တင်တင် မရိုက်ရတာ မို့ အကျွန်ုပ် အပါအဝင် ဓါတ်ပုံဝါသနာရှင် အများလည်း ဓါတ်ပျက်နေကြတာ အမှန်ပါပဲ ။
တာရှည်ခံ “ ဓါတ်ခဲ” ဆိုတာကလည်း ရေခဲတုံးလောက်သာ ခံနိုင်ရည် ရှိမယ် ထင်ရဲ့  ၊ ရေခဲတုံး အရည်ပျော်ချိန်ကမှ ကြာလိမ့်ဦးမယ် ၊ ဓါတ်ခဲ သုံးပြီး လက်နှိပ်ဓါတ်မီးထွန်းပါက ခဏသာ ခံတာမို့  ၊ ပြန်လည်အားဖြည့်နိုင်တဲ့( Rechargeble) ဓါတ်ခဲများ သုံးတာက ပိုပြီးစရိတ် သက်သာ ပေလိမ့်မည် ။ဒါပေမဲ့ ဒီ ဓါတ်ခဲများကလည်း ဓါတ်ပေါက် လွယ်သည် ၊
ရေနွေးထဲ့တဲ့ “ဓါတ်ဗူး”တွေလည်း အမျိုးမျိုး အဖုံဖုံ ၊ ကွာလတီကို လိုက်ပြီး ဈေးအနည်း အများ ကွာခြားကြသည် ။ ဂျပန်ဖြစ်နှင့် တရုပ်ဖြစ် ယှဉ်လို့  မရ ။ တရက်လစ်ဖြုတ် အဲ့လေ.. တရုပ်လက်ဖြစ် ဓါတ်ဗူးတွေချင်းတူတာတောင်မှ ရှေးခေတ်က တရုပ်ပစ္စည်း တွေက တာရှည်အထားခံ၊ အပူခံသည် ။ ၂ ရက်လောက် ထဲ့ထားတာတောင် ရေက ပူ နေဆဲဖြစ်သည် ။ခုခေတ် တရက်စုတ် ၊ တရုပ်စက်များ ကဲ့သို့ ပင်၊ ရေပူထဲ့ကြည့် ၊ ဘယ်နှစ်နာရီမျှ မခံ၊ဒီထက်ဆိုးတာက ဒီဓါတ်ဗူးလုပ်တဲ့ သတ္တုပစ္စည်းတွေမှာ “ခဲ” ဓါတ်တွေ ပါဝင်နေကြသည် ၊ မြန်မာပြည် ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အချို့  နေရာများရှိ ရေ များထဲတွင် “အာဆင်းနစ်” ဓါတ်များပါဝင်နေကြသည် ။ဒီတော့ ဒီ “ခဲ” ဓါတ်တွေ နှင့် ဒီ “အာ” ဓါတ်တွေ ပေါင်းပြီး ဒို့  ရွှေပြည်သားတွေ “အာ” ကုန်ကြမလား “ခဲ” ကုန်ကြမလား ၊ ရေရှည် မှာ ရောဂါဘယ တစ်ခုမက ဖြစ်တော့မည် ။
နာမယ်ကြီး “ဓါတ်ရှင်” ( ရုပ်ရှင် ) မင်းသား မင်းသမီး တွေ၊ ဓါတ်ရှင် ကုမ္ပဏီတွေ ၊ “ဓါတ်ပြား” ( စီဒီခွေ ၊ ဒီဗီဒီ ခွေ ) ထုတ်လုပ်သူတွေ ၊အဆိုတော်တွေ ခမျာမှာလည်း ခိုးကူးခွေ(ကော်ပီခွေ) တွေကြောင့် ဓါတ်ပျက်နေကြရ ရှာလေသတဲ့ ။ သို့  သော်ငြားလည်း ကော်ပီခွေ ထုတ်သူ ရောင်းသူတွေမှာတော့ ဆိုင်ရာ ရဲ နဲ့ စည်ပင်ကို ခွန့် ထားကြပြီး အဖမ်းအဆီး မရှိ၍ နှစ်ဦးနှစ်ဖက် အကျိုးရှိကာ ၊“ဓါတ်ရွှင်”နေကြသတဲ့ ။ ကော်ပီခွေ ကြည့်သူများကလည်း ၃ချပ် တစ်ထောင် ဆိုတော့ ဈေးပေါပေါ နဲ့ ဝယ်ကြည့်နိုင် သမို့  အခွေ ကွာလတီင်္ မကောင်း ပေမဲ့ အဆင်ပြေနေကြသည်တဲ့ ။ မြန်မာ့အသံ တို့  မြဝတီ တို့ မှထုတ်လွှင့်နေသော ကိုရီးယား ဇာတ်လမ်းတွဲ အခန်းဆက်ပေါင်းများစွာကို အချိန်ကြာကြာ ဆွဲ မကြည့်ချင်သူများအဖို့ လည်း အကျိုးရှိလှသည်တဲ့ ။
ဘဲကင် ကြက်ကင်တွေ စားလို့ ကောင်းပေမဲ့ “ဓါတ်ကင်” ရတာ တော့ သိပ် မနိပ်၊ကင်ဆာ ဝေဒနာသည် တဦး ဓါတ်ကင်ကုသခွင့် ရဖို့ အတွက် အနူမြူရောင်ခြည်ဆေးဌာနတွင် အလှည့်ကျအောင် တန်းစီစောင့်ရသည်မှာ ၂လ ၃လ ကြာသတဲ့၊ဒီတော့ အသက်ကို အချိန် မစောင့်၊ ငွေပဲ စောင့်တာ မို့  ၊ မစောင့် နိုင်သူများက အပြင်ဆေးခန်း ဆေးရုံတွေမှာပဲ အကုန်အကျ များစွာ ခံ နေကြရသည်၊ နောက်ဆုံးတော့လည်း ပျောက်သွားကြပါသည် ၊ ( ငွေ ရော ၊ အသက် ရော ပေါ့ ) ၊ “ဓါတ်မှန်”ရိုက် ရတာ လည်း “ဓါတ်အား”မပြည့် လို့  ရုပ်ပုံတွေ သေချာ မပေါ် ဖြစ်ကြတာကြောင့် ၊“ဓါတ်ခွဲခန်း”က သွေးအဖြေတွေ မမှန်မကန်ဖြစ်ကြတာကြောင့်၊ ရောဂါတွေ အမှန်ရှာ မတွေ့ ပဲ၊ ဓါတ်လျှော ဓါတ်ပျက် အသက်ထွက်ရသူများ လည်း ရှိပါသေးရဲ့  ။မိုးရာသီ သွေးလွန်တုပ်ကွေး ကာကွယ်ရေး နဲ့  ကျန်းမာရေးအတွက် ဆောင်ရွက်ချက်ကလည်း မှတ်လောက်သားလောက်ပါပေရဲ့  ။ ပိုးလောက်လန်းတကောင်တွေ့ လျှင် ဒါဏ်ငွေ ကျပ် တစ်ထောင် တဲ့ ။ခြင်နှိမ်နင်းရေး အတွက် နောက်ဆုံးပေါ် နည်းသစ်ကြီးကို တီထွင် နိုင်သု အနှီသကောင့်သားအား နိုဘယ် ဆုပဲ ပေးသင့်ပေတော့သည် ။ ကြွက်အုပ်ကြီးတွေ နှိမ်နင်းဖို့  ကြွက်မြီးတချောင်း ငွေ ဘယ်လောက် ဆိုတဲ့ စီမံချက် ကဲ့သို့  ၊ တစ်ချက်မှ မခုတ်ရပဲ အားလုံး ပြတ်ကြရလေတော့မည်လား ၊
“လျှပ်စစ် ဓါတ်အား”တွေ မှန်မှန်ပေးတော့မယ် ဆိုတော့ “ဓါတ်လိုက်”ပြီး သေမဲ့သူတွေ တိုးပွားလာလေမလားလို့ လည်း တွေးပူရင် ဓါတ်ပျက်ချင်သလိုလို ဖြစ်မိပါသေးရဲ့  ။ ဒီတော့ “ဓါတ်ကြိုး”များ ယောင်လို့တောင့် မကိုင်ကြစေဖို့  သတိပြုကြပါလို့ ။
“စိတ်ဓါတ်” တွေပျက်ပြားနေကြတဲ့ တို့ ပြည်သူ ပြည်သားတွေ အကြောင်းလည်း တွေးမိတော့ ဓါတ်ပျက်မိတာအမှန်ပါပဲ ။
အကျွန်ုပ်လည်း ဓါတ်ပျက်တာတွေများလွန်း၍ ဓါတ်ဆားရည်သောက်ရန် လိုအပ်နေပါပြီ ။ဓါတ်တူ နံတူများအား ဓါတ်ဆားရည် အတူသောက်ကြရန် တိုက်တွန်းချင်ပါသည် ။
“လေးဆူဓါတ်ပုံ ” ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဖူးမျှော်မာန်လျှော့ ကန်တော့ရင်းဖြင့်၊ “ဓါတ်သက် ” မကြွေအောင် ဆင်ခြင်တုံတရားဖြင့် နေထိုင်ကြပါမှ တော်ကာကျပေတော့မည် ။
ရွေးချင်ရာရွေးပြီး ကောက်ချင်သလိုကောက်လိုက်ကြတဲ့ ဒီ ၂၀၁၀ ပွဲကြီးအပြီး အသာစံသူများရော၊ အညာခံသူများ အားလုံး ၊ ပထဝီ၊တေဇော၊အာပေါ၊ဝါယော.. ဓါတ်ကြီး ၄ပါး မျှတနိုင်ကြပါစေ ။
မိတ်ဆွေ အပေါင်းတို့  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ။
11 comments:
အဘ တို့တော့ ဓါတ်နန်းမှာ ဓါတ်စခန်းဖွင့်ပြီးပဲနေတော့မယ်ကွယ်..
ဓာတ်ကတော့ ပျက်တာပေါ့လကွယ်... သို့ပေမယ့် အားတင်းပြီး မပျက်ချင်ယောင် ဆောင်နေရတာပေါ့လေ.... ဂလိုပါပဲ... လောကကြီးက...
အမားရေ....
ဓါတ်သမားတို့ အုပ်ချုပ်နေတဲ့ ဓါတ်အပေါင်းတို့ 
စုဝေးရာမှာ ကြီးပြင်းလာရသူမို့  ကျွန်တော်ကတော့ 
ဓါတ်တို့  ပီးနေပါပြီဗျာ။
အမားလဲ ဓါတ်ခိုင်သူတစ်ယောက်မဟုတ်လား..။
ဘယ်လိုပဲ ဖြစ်ဖြစ် ဓါတ်တစ်ခု မကျဖို့ပဲ လိုတာ မဟုတ်လား . . . စိတ်ဓါတ်လေဗျာ။
ကီကီ့ကီးးးးးးးးးးး
လေဓါတ် အရင်ဖြည့်ထားတာ လေပေါနိုင်အောင်လို့ ကျန်တဲ့ မီးဓါတ်၊ ရေဓါတ် တို့ကတော့ တိုရည်ရှားရေနိုင်လွန်းတယ် အခုလောလောဆယ်ဆယ်တော့ ကိုယ့် ဘာသာကို ဓါတ်မကျအောင် ဓါတ်နည်းမျိုးစုံ ဓါတ်ဆရာအစုံစုံ တွန်းကန် ထားရတယ် ဓါတ်မကျအောင် ဓါတ်ရှင်လေး ကြည့်မိကာမှ ဓါတ်အားကမရှိ ။ ဘကျောက်ပြောတဲ့ ဓါတ်နန်း မှာ ဓါတ်စခန်းဖွင့်ပြီး နေတာကောင်းတယ် ဘကျောက်ရေ ဓါတ်စခန်ဖွင့်ရင် လက်တို့အုံးဗျ
ခင်မင်စွာဖြင့်
seesein
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေ ဓါတ်ပျက်ပျက် ကိုယ်မပျက်မှ ဒေါ်ကိရေ ဓါတ်ပျက်စရာတွေ ဓါတ်သက်စရာတွေကြားထဲမှာ ဓါတ်တူနာမ်တူ ဆေးဖက်ယူနေကြသူတွေထဲမှာ ဓါတ်ကောင်းကောင်းနဲ့ ဓါတ်ဗိန်းဗောင်းတီးပြီး လောကဓါတ်ကောင်းရာကောင်းကြောင်း လုပ်နိုင်တာလေးသာ လုပ်ကြရတော့မှာပဲဗျိုး.........အနည်းဆုံးတော့ စိတ်ဓါတ်လေးတော့ တက်အောင်နေရမှာပဲဗျို့ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးနေတာ သင်ပေးနေတာပါ။ စိတ်ဓါတ်မကျနဲ့ဗျို့
မကိရေ..
ဓါတ်တူနံတူ ဆေးဖက်ယူနေသူတွေအကြောင်းကတော့ ထိထိမိမိ ပုံလွင်ပါပေရဲ့။
မကိရေ မရောက်ဖြစ်လို့ မှတ်မိသေးပါရဲ့လား သီချင်းဟစ်ရမလို ဖြစ်နေပီး))
သိပ်မကြာခင် ရွာကို ပြန်နိုင်ဖို့ အခုရက် ဦးနှောက်ဓါတ်ကင်နေလို့။ ပြန်ရောက်ရင် မကိဆီလာတွေ့မယ်နော်။
သတိရလျှက်
မကီစာဖတ်ပြီး ဓတ်ကျလိုက်တာ
ဟိုဓာတ်ကိုပြောတာ ဟုတ်ဘူးနော်
စိတ်ဓာတ်ကျတာကိုပြောတာ
စိတ်ဓာတ်ပျက်နေတဲ့သူတွေကြောင့် ကိုယ်လဲ ဓာတ်ကျလာတာ ဖြစ်မယ်နော်...
ဖတ်သွားတယ် ဖွားကိ
ရေးလဲ ရေးတတ်ပါ့
ဟိဟိ
Rechargeable ဓါတ်ခဲကို ဓါတ်အားသွင်းဖို့  လျှပ်စစ်ဓါတ်အားက ဘယ်မှာတုန်း မမကိရဲ့...
ဓါတ်ကင်ဖို့  ဆို ဓါတ်ရောင်ခြည်ထုတ်တဲ့ ဓါတ်ရောင်ခြည်စက်က ညန်မာကျီ မှာ ၂ လုံးပဲ ချိတယ် မမကိရဲ့...
ကိုယ်ကလဲ ဓါတ်ပေါက်ပေါက် ဆိုတော့ ဓါတ်သဘောတွေ မနာခံချင်တာ သဘာဝပဲ မဟုတ်လားလေ....
ဓါတ်ကြောင်နေသူ
ကိကိ ရဲ့ ဓါတ်တွေ ဖတ်ပြီး ရွှေစင်ဦး တောင် ဓါတ်ပေါက်ချင်သလို ဖြစ်သွားပြီ
ခင်တဲ့
ရွှေစင်ဦး
Post a Comment