ခုခေတ် ခုအခါ နေရာတကာမှာ အဆင်သင့်ပြုလုပ်ထားပြီးဖြစ်တဲ့ ရယ်ဒီမိတ် ပစ္စည်းတွေ တယ်ခေတ်စားနေပေသကိုး။ တခုတော့ကောင်းတယ်ပေါ့၊ အချိန်ကုန် လူပင်ပန်း သက်သာ တာပေါ့လေ ။ဘယ်မှာကြည့်ကြည့် ရယ်ဒီမိတ်တွေ ရနေပြီပဲ ။
စားစရာ မှာ ကြည့်မလား ၊ ရယ်ဒီမိတ် မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ဒန်ပေါက်၊လက်ဖက်သုတ်၊ ငပိထောင်း တွေက အစ ကော်ဖီ ၊ လက်ဖက်ရည် ၊တူးအင်ဝမ်း ၊သရီးအင်ဝမ်းတောင် ပါလိုက်သေး ၊ အသား ငါး ဟင်းချက်ပြီးသား တွေအဆုံး အမျိုးစုံ ရနိုင်တယ် ၊ စားခါနီး မှာ ရောနှောလိုက်ရုံ ၊ ရေနွေး ထဲ့ ရုံ၊ မီးအပူပေးရုံ နဲ့တင် စားလို့ သောက်လို့  ရနိုင်ကြပြီဖြစ်တယ် ။ ရှေးယခင်ကလို သားငါး ဟင်းရွက်တွေ အစုံ ဈေးထဲသွားဝယ၊် ရေဆေး၊ ခုတ် ထစ်၊ ပင်ပင်ပန်းပန်း ချက်ပြုတ်နေစရာ မလိုတော့ ၊လတ်တာ မလတ်တာ အပထား ၊ကောင်းတာ မကောင်းတာအပထား၊ ရသာတဏှာ ချေးမများသူတွေ အတွက် ၊ အပျင်းကြီးသူတွေအတွက်၊ အချိန် မလောက်ငှသူတွေ အတွက် ၊ဝေးတမြေမှာနေပြီး အမိမြေမှ ရိုးရာ စားစရာလေးတွေကို အလွမ်းပြေ တမ်းတ အာသာပြေလိုသူများအတွက်တော့ အတော်လေး အဆင်ပြေလှ ၊ အဆင်သင့်လှ ပေတယ် ။ဒါက အစားအသောက်နဲ့ ပတ်သက်တဲ့ ရယ်ဒီမိတ်.... ကောင်းပေစွ ။
အဝတ်အထည်မှာ ကြည့်အုံးမလား ၊ ရှေးရှေးကဆို တေလာဆိုင်တွေ အပ်ချုပ်ဆိုင်တွေမှာ ကိုယ်အတိုင်းနဲ့ ချုပ်ဝတ်ရတဲ့ အဝတ်အထည်တွေများတယ်၊ ( ဖွားကိတို့  ငယ်ငယ်တုံးက ဆို၊ ကြီးတော်ကြီး ချုပ်ပေးတဲ့ အကျီင်္တွေ ၊ ဂါဝန်တွေ နဲ့ တင် ပြီးသွားကြရတာ ၊ အမေက ပိတ်စ တအုပ်လုံး ဝယ်ပြီး ညီအမအငယ်တတွေ ၄ ယောက်ကို ပုံစံဆင်တူနဲ့ သူ့  အစ်မ ဝမ်းကွဲဆီမှာ ချုပ်ခိုင်းတာ ၊ အမျိုးဆိုတော့ ကြီးတော်ကြီးခမျာ ချုပ်ခ မရတဲ့ အပြင် အပ်ချည်တောင် စိုက်ပေးရတယ်တဲ့လေ ) ၊ ခုခေတ်မှာတော့ ရယ်ဒီမိတ် ၊ အသင့်ချုပ်ပြီး အဝတ် အထည်တွေ တပုံ တပင် ပဲ ။ အံမယ် တချို့  သူတို့  ရယ်ဒီမိတ် ချုပ်ပြီးသားတွေ ဆို ဒီဇိုင်း အဆင် ပုံစံတွေ ပိုတောင်မှ ကောင်းနေသေးတယ် ၊ သူ့ ခေတ်နဲ့ သူ့ ဈေး တွက်ကြည့်လိုက်တော့လည်း မဆိုးလှပါဘူး ။ တချို့ တွေများ ချုပ်ခ သာသာလောက်ပဲ ရှိမယ် ၊ ဆိုင်မှာ အပ်ရင် ကိုယ်တိုင်း အတိအကျ fit size တော့ ရတာပေါ့ ၊ ဒါပေမဲ့ တချို့ နာမယ်ကြီးဆိုင်တွေ မှာ အပ်ထည်များလွန်းလို့ လနဲ့ချီပြီးစောင့်ယူရတာ ဆိုတော့ ၊ ဇီဇာမကြောင် သူများ ၊အမြန်ဝတ်လိုသူများ အတွက် ရယ်ဒီမိတ် အထည်တွေက စိတ်တိုင်းကျလောက်နီးပါး အဆင်ပြေလှ တယ် ၊ ဒီလိုနဲ့  လာဒ်မြင်တဲ့ စီးပွားရေးသမားတွေက အထည်ချုပ် ဆိုင်တွေ စက်ရုံကြီးတွေ ထောင်ပြီး တံဆိပ်မျိုးစုံ ၊ ဒီဇိုင်းမျိုးစုံ ရယ်ဒီမိတ်ထည်တွေ အပြိုင် အဆိုင် ထုတ်လုပ်လာကြသတဲ့ ။ဒီတော့ လူတွေလည်း အလုပ်အကိုင်တွေ ရကြ ၊ အဆင်ပြေကြတယ်ပေါ့ ၊ ပြီးတော့ ထုတ်လုပ်သူတွေ နဲ့ ကုန်သည်တွေက ပြည်တွင်းဖြစ် ကို ပြည်ပ ပို့ ကြ ၊ ပြည်ပ က ဟာတွေ ပြည်တွင်း သွင်းကြ နဲ့  ၊အရော အနှောတွေ လည်း များ လာတယ် ၊ အင်တွေ လည်း ပေါ မှ ပေါ ၊ Branded မှ ဝတ်ချင်သူများ ကတော့ သေချာ ရွေးပြီး ဝယ်ကြ သုံးကြ ၊ တချို့ လည်း အင် တွေ ထိကြ နဲ့  အဆင်မပြေ တပြေ လေးတွေ ရှိနေတာကလည်း ပျော်စရာ တမျိုးပါပဲ ၊ ဒါက အဝတ်အထည် နဲ့ ပါတ်သက်တဲ့ ရယ်ဒီမိတ်....ကောင်းပေစွ ။
အရောင်း အဝယ် အငှားအရမ်း တွေ အတွက်လည်း ရယ်ဒီမိတ် တွေ ရှိလာကြပြီ ။ အိမ် ခြံ မြေ ကား ၊ အရောင်းအဝယ် နဲ့ ငှားရမ်းခြင်း စာချုပ်စာတမ်းတွေ ရယ်ဒီမိတ် ရ နေပါပြီ ၊ ခြင်္သေ့ကြီး နှစ်ကောင် ကျောပေး ( တနည်း ဆိုရရင် ဖင်ချင်းပေါက် ) ထိုင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အခွန် တံဆိပ်ခေါင်း ငွေတစ်ဆယ်ကျပ် ဆိုတဲ့ Template ခေါင်းစဉ်နဲ့ စာချုပ်တွေပေါ်မှာ အချက်အလက် တွေ ပြည့်စုံအောင် ရိုက်ထားပြီးသား ၊ အမည် ၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ ၊ ငွေကျပ် ..... ဘယ်လောက် ၊ အသိသက်သေ အမည်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ ဆိုတာ တွေ ကို ရေးဖြည့် လက်မှတ်ထိုး လိုက်ရုံနဲ့ ပြီးနိုင်ပြီတဲ့ ၊ ဒါတွေကို ရောင်းသူ ဝယ်သူ တွေက ဘာမှ ဦးနှောက်စားပြီး စာစီရေးသား စရာ မလို ၊ ပွဲစားတွေ ဆီမှာ အပ်ထားရင် သူတို့ ကပဲ သက်ဆိုင်တဲ့ စာချုပ်တွေ အစ အဆုံး အသင့်ပြင်ယူဆောင်လာတာမို့  လက်မှတ်ထိုးလိုက်ရုံပဲ ၊ ဒါပေမဲ့ စာချုပ်ပါ အချက်အလက်တွေ ပြည့်စုံမှန်ကန်ရဲ့ လား ဆိုတာ ကိုတော့ သေချာ စစ်ဆေး ဖတ်ရှုပြီးမှ ဖြစ်တာမို့  အဲ့ဒီ အချိန်လေးကိုတော့ စိတ်ရှည်ရှည် ပေးပြီးမှ လက်မှတ်ထိုးရမှာပေါ့ ။ ပြီးရင် မှတ်ပုံတင်ရုံးမှာ ရှေ့ နေ နဲ့တကွ တရားဝင် မှတ်ပုံတင် ပြီးမှ ဒီစာချုပ် တစ်ခုက အသက်ဝင် တရားဝင် ဖြစ်ကြောင်းကို သတိပြုသင့်တယ် ။ အရောင်းအဝယ် စာချုပ်မှာ ရောင်းသူ ၊ ဝယ်သူ နဲ့  အသိသက်သေများ လက်မှတ်ထိုးပြီးရုံ နဲ့ တရားမဝင်သေးဘူး ၊ ဒီတော့တန်ဘိုး ကြီးကြီးမားမား ကိစ္စတွေ ဆိုရင် တရားဝင် မှတ်ပုံတင်ထားမှ အရေးရယ် အကြောင်းရယ် တရားစွဲဖို့ ပြုဖို့  လိုအပ်လာရင် ကိုယ့်ဘက်က သေချာရလေအောင် မှတ်ပုံတင်ထားသင့်တယ် လို့  ပြောချင်ပါတယ် ။ ဒါပေမဲ့ အမြတ်တော်ခွန်ဆောင်ဖို့ ၊ ရှောင်ဖို့  ကိစ္စတွေ နဲ့ ပတ်သက်လာနိုင်တယ်နော် ၊ သတိတော့ ထားကြပေါ့လေ ။ အဟဲ ။ ဒါလေးကတော့ စာချုပ်စာတမ်း နဲ့  ပတ်သက်တဲ့ ရယ်ဒီမိတ်..... ။ မြန်၊ကောင်း၊သက်သာမို့  ဒါလည်း ကောင်းပေစွ တမျိုးပေါ့။
ဒါတင်မက ရယ်ဒီမိတ် ပညာရေးလည်း ရှိပါသေးတယ် ။ ယုံနိုင်ပါ့မလား ။ ရှေးယခင်က ပညာ ဆိုတာ အချိန်ကုန်ခံ၊ကိုယ်ပိုင် စွမ်းအား၊ ဥာဏ်နဲ့  ဝီရိယစိုက်ပြီး ရိုးရိုးသားသား ကြိုးစားစွာနဲ့  သင်အံယူကြရတယ် ။ အမှန်တကယ် သင်ကြားတတ်မြောက်တော့မှ ထိုက်ထိုက်တန်တန်ပေးအပ်လို့ ရရှိလာတဲ့ ဘွဲ့ ထူး ဂုဏ်ထူးတွေက တကယ်ပဲ တန်ဘိုးရှိ အသုံးဝင် လှတယ် ။ လူမှန် နေရာမှန် အလုပ်အကိုင်တွေ ရနိုင် လုပ်နိုင်ကြတယ် ။ ခုခေတ်မှာတော့ ငွေကို ရေလို သုံးနိုင်သူတွေ ရေလျှံနေသူတွေ တချို့ ကြောင့် ရယ်ဒီမိတ် ဘွဲ့ ထူး ဂုဏ်ထူးတွေ လည်း ရှိနေကြပြီ ။ တကယ် မတတ်ပေမဲ့လည်း အင်ထုထားတဲ့ ဘွဲ့ ထူး ဂုဏ်ထူးတွေ ရနိုင်ကြပြီ ။ နာမယ်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီး တယောက်ဆိုရင် ဘွဲ့ လွန် တက္ကသိုလ် ကျောင်းတောင်မှ မတက်လိုက်ရပဲ နဲ့  PhD ဒေါက်တာ ဘွဲ့ ကြီး ဆိုတာကို ရလိုက်ပါသေးတယ်ဆိုပဲ ။ ဒီ့အပြင် သီရိပျံချီ ဘွဲ့ ထူးကြီး ဆိုတာ ကလည်း ဘာလုပ်စားလို့  ရတယ်တော့ မသိ( တချို့ ကပြောကြတယ် ၊ ခုခေတ်ကြီးမှာ နူးနပ်နေအောင် “ပေါင်း”စားလျှင် အရိုးမစူးနိုင်ဘူး တဲ့ ၊ “ကြော်”စားလျှင် အရိုးပါ ဝါးစားလို့ ရသတဲ့ ) ၊ ဘယ်လောက်လှူရင် ဘာ ဘွဲ့  ပေးမယ် လို့ သတ်မှတ်ထားကြတယ် နဲ့ တူပါတယ် ၊ အလှူရှင်ကြီး အတော်များများမှာဘွဲ့ ထူး ဂုဏ်ထူးတွေ တပုံကြီး ရလို့  နေကြပါပြီ ။ရယ်ဒီမိတ် ကြိုတင်မဲများဖြင့် အပိုင်ကြံပြီး အနိုင်စံလိုက်ကြသူများ အဖို့လည်း ပျော်လို့  မော်လို့  မဆုံး ၊ တပြုံးပြုံးဖြင့် အောင်ပွဲခံနေကြလေပြီ ၊ ဒါကတော့ ပညာရေး ၊ လူမှုရေး၊ နိုင်ငံရေးတွေနဲ့  ပါတ်သက်တဲ့ ရယ်ဒီမိတ်..... ကောင်းလှပေစွ ကောင်းပေစွ ။
ဒီလို ရယ်ဒီမိတ်တွေ ခေတ်စားနေတဲ့ ဒီခေတ် ဒီကာလကြီးမှာ ဖွားကိ တို့ အမျိုးတွေကလည်း ခေသူများ မဟုတ်ကြလေတော့ များမကြာမီ ကာလတုံးက ရယ်ဒီမိတ် တခုတော့ရအောင်ယူလိုက်တယ် ။ ဘာရယ်ဒီမိတ်လည်း လို့  သိချင်ရင် တိုးတိုးတိတ်တိတ်လေး ပြောပြရအုံးမှာပေါ့လေ ။ ဒီ ရယ်ဒီမိတ် လေးတွေက တော့ ကောင်းတယ် မကောင်းဘူး ဆိုတာ ကာယကံရှင် မှ လွဲ လို့  ဘယ်သူက ဆုံးဖြတ်နိုင်ကြမှာလည်း ။ ဒီလို ဒီလို ပါ ။ “ရယ်ဒီမိတ်ကလေး”များ လို့ ဆိုရမယ် ထင်ပါရဲ့  ၊ ဖွားကိရဲ့ တူတော်မောင်တစ်ဝမ်းကွဲလေး ကလည်း ခေတ်မှီအောင် ရွေးလိုက်တာက ရယ်ဒီမိတ်ကလေး၂ယောက် ဖြစ်ကြောင်းပါ ။ ကလေး၂ယောက် အမေကို အချစ်တွေဝင် အပြစ်မမြင်မို့  ၊ သူ့ ခမျာ မင်္ဂလာဆောင်လိုက်တာနဲ့  ချက်ချင်းပဲ ကလေး၂ယောက်အဖေ ဘွဲ့ ကို အဆင်သင့် မပင်မပန်း ရရှိသွားပြီး ၊ ဖွားကိခမျာလည်း ရယ်ဒီမိတ် မြေးတဝမ်းကွဲလေးတွေ အချောင်ရလိုက်တာမို့  ဒီလို ရယ်ဒီမိတ် ကိုလည်း ကောင်းပေစွလို့ပဲ မှတ်ချက်ချလိုက်ချင်ပါရဲ့ လေ ။
( အသင်တို့ ရော ဘယ်လို ရယ်ဒီမိတ်များနဲ့  အဆင်ပြေ နေကြပါသလည်း ..... ) ။ ပြောပြချင်သူများ လွပ်လပ်စွာ ပြောပြ ရေးပြ နိုင်ပါတယ်း)) ၊
9 comments:
ဖွားကိရယ် မေးမှမေးတတ်ပလေတယ်
စည်းစိမ်တို့တော့ အသင့်ဖျော် ငပိရည်ကြိုနဲ့ သင့်တော်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကော်ဖီမစ်လိုဟာမျိုးလေးဗျ ရေနွေးလေးထည့်ရုံဘဲ အိုကေ။
ွှ့The price is going up day by day. So ....
ခင်တဲ့
seesein
အင်း...
ဒါက အမား .. ကံ အမတန်ကောင်း လို့ ရတာပါနော်။
မဆိုးပါဘူး ၊ အမလဲကံကောင်းသလို အဲ့ ဒီ မြေးကလေး
တွေလဲ ကံကောင်းတာပဲ။ အမား လို ခပ်ပြောင်ပြောင်၊ခပ်ပျော်ပျော်
အဖွား တစ်ယောက်ရလိုက်လို့ ၊
တကယ်တော့  အမ လို လူမျိုးက လောကမှာ ခပ်ရှားရှား..
ဒါနဲ့ 
ရွေးကောက်ပွဲကလဲ ထင်ထားတဲ့ အတိုင်း ရယ်ဒီမိတ်ပဲနော်..
ဗမာပြည်မှာ ဇာဂနာပြောခဲ့ တဲ့  ခေါင်းပေါင်းစ ဘယ်ချ
ညာချ ၊ ရယ်ဒီမိတ် လွှတ်တော်ကြီး တစ်ခါ ပြန်ပေါ်လာ
တော့  မယ်နော်..။
ဟားဟား..
ရယ်ဒီမိတ် တဲ့လား..
မကိတို့ကတော့ ကစ်တယ်ကွာ...
Ready made နဲ့ကျင့်သားရနေလို့ မဲတောင် ready made ပေးခိုင်းလိုက်တယ်...
မိန်းမတော့ ready made မကြိုက်ဘူး...အဟီး..
သက်သာချင်လို့များ ရယ်ဒီမိတ်ပါတာ ရွေးလိုက်လေသလားမသိ....
ပြောချင်တာက မွေးစကလေးဆို ထိန်းရကျောင်းရ ပင်ပန်းတော့ တစ်ခါတည်း ကြီးပြီးသားကလေးဆို ထိန်ကျောင်းကျွေးမွေးရတာ သက်သာတာကို ပြောတာပါ။
ရယ်ဒီမိတ်က ကောင်းတဲ့အရာတွေလည်း တကယ်ကိုကောင်းပါတယ်..
မကောင်းတာတွေလည်း ရှိတာလက်ခံပါတယ်.. ဈေးသက်သာတဲ့ ရယ်ဒီမိတ်တွေတော့ ကောင်းဘူး
ဟဟ.. ရယ်ဒီမိတ် 2 in 1 ပေါ့..
အားလုံးပေါင်းရင် 3 in 1 ဟီးးး)))
အဟီး... ရယ်ဒီမိတ် အဖေလေးကို congratulations :D
အော် မကိကလဲ မသိဘူးလား ဒီနိုင်ငံတွေလို အားကျလို့ပေါ့ Buy one get 2 free ပေါ့ ဟိဟိ
တော်တော်ချစ်တယ်နဲ့တူတယ်နော် အဲလိုမျိုးက ရှားကုန်ဘီလေ အိမ်ထောင်သည်ကို ယူတာ ပြောပါတယ် ယောက်ျားအိမ်ထောင်သည်က အပြစ်မဟုတ်ပေမယ့် မိန်းမ အိမ်ထောင်သည် ကျ မယူချင်ကြဘူးလေ ဘာပဲပြောပြော သူတို့ချစ်လို့ ယူကြတာပေါ့ လေ ဟိဟိ
ဆရာကြီး ဝင်လုပ်သွားသည် ဟဲဟဲ
ready made ဆိုကြိုက်ပြီးသား ခေါက်ဆွဲပြုတ်ကိုတော့အကြိုက်ဆုံးပဲ
Post a Comment