ကား တော့ ကား ပါ ။ ဒါပေမဲ့ “သည်ကား” ( The Cars) ရုပ်ရှင်ဇာတ်လမ်း အကြောင်းတော့ မဟုတ် ။ မြန်မာလို “ကား” ။ အင်္ဂလိပ်လိုလည်း Car ။ အသံထွက်ခြင်း ဆင်တူသလို အဓိပ္ပါယ်ခြင်းလည်း တူတူပါပဲ ။ ဘယ်သူ့  ဘယ်သူ မွေးစားထားတဲ့ စကားလုံးမှန်းတော့ မသိ ။ ခုတလော ကို့ ယို့ ကားရား ဖြစ်နေကြ တဲ့ ကားများ ။ မြန်မာပြည်တွင်လည်း ထုတ်လုပ်သည် ဆိုသော ကားများ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလ မှာ ပင် မိတ္ထီလာ ဂျစ် ၊ ရန်ကုန်ဂျစ်၊ ရှမ်းစတား ဂျစ် များ ၊ ပုံပျက် ပန်းပျက် အရော အနှော ဂျစ်များ ထုတ်လုပ်ပြီးသကာလ ယခု မှာ တိုးတက်စွာ ထုတ်လုပ် လိုက်သည့် ကားများ မတော့ နဂို အော်ရီဂျင်နယ် ဂျပန်ပြည်ထုတ် တိုယိုတာ ပါဂျဲရိုး ၊ ပရာဒိုများ နှင့် ချွတ်စွပ်တူသော ကားများပင် ဖြစ်လေသည် ။ တူပေမပေါ့ ။ အော်ရီဂျင်နယ် ကားမှ အဆိုပါ တံဆိပ်များနေရာတွင် Myanmar Station Wagon( MSW) ဟူ၍ ပြောင်းလဲ ပြီး မြန်မာပြည်တွင် တပ်ဆင် ပေးလိုက်သောကြောင့်ပေတည်း ။ နောက်တမျိုး ရှိသေးသည် ။ Grand Tiger ဟု အမည်တွင်သော ပစ်ကပ်စတေရှင်ဝက်ဂွန်း ကားများ ။ ဒါကတော့ တရက်စုတ် သည့် တရုပ်စက်များဖြင့် ဖက်စပ်ဟုဆိုကြလေသည် ။ ဒါ့အပြင် အာရာဖတ် ဟူသော ကားမည်းမည်းကြီးများ တောက်ပြောင် ခန့်ညားစွာဖြင့် ပြေးလွှားနေကြလေသည် ။ အို ဘာတဲ့တုန်း အာရာဖတ် ခမျာမှာလည်း အငြိမ် မနေရ ၊ နာမည် အပေးတော်သော ရွှေပြည်သားများ လက်ထဲအရောက်မှာ Alphard ဆိုသော ကားအမည်မှ အာရာဖတ် ဖြစ်သွားရရှာလေသည် ။
လပေါ်မှ ဂျိုင့်ခွက် များထက် ပိုနက် ပိုခွက် နေသော ကတ္တရာ အပေါက်အပြဲ လမ်းကြမ်းများတွင် အဘယ်သော ကား များ ကြာရှည်ခံနိုင်မည် မသိ ။ စက်ရုံထွက် ပူပူနွေးနွေး အသစ်စက်စက် ကားလေး ကားကြီးများပင် ထို လမ်းမကြီး ငယ် များ၏ နှိပ်စက်မှု ဒါဏ်ကို တာရှည် တောင့်မခံနိုင်ပေ ။ တနှစ်အတွင်း ကားဝပ်ရှော့သို့  ရောက်သွားကြတာများသည် ဟု ဆိုကြသည် ။ ကားပြင်သော မက်ကင်းနစ် များ နှင့် ကားပစ္စည်းအရောင်းဆိုင်များ ၊ တာယာ ဆိုင်များ ထမင်းမငတ်နိုင်တော့ပေ။ ပျက်နေသော လမ်းတွေပြင်မပေးသော တာဝန်ရှိသူများကို တနေ့  အကြိမ် တစ်ရာ ဦးချ ဖို့ ကောင်းလှသည် ။
ယခင်က လိုင်စင်မဲ့တရားမဝင်ခိုးဝင်လာကြသော ကားများ (Without ကားများ ဟုကားဈေးကွက်တွင် ခေါ်ကြသည်) ကို ယခု တရားဝင် လိုင်စင်များထုတ်ပေးနေလေပြီ ။ ရာဖြတ်ဆိုသူက ဖြတ်ပေးလိုက်သော ကားတန်ဘိုး၏ ၈၅ % ကို အခွန်ဆောင်လိုက်လျှင် အနှီ ဝစ်သ်အောက်များမှာ ဝစ်သ်အင် ဖြစ်သွားကြလေသောအခါ သမယမို့  ရာဖြတ်များ၊ အခွန်ဦးစီးမှူးများ ဖြင့် အန်ဒါတေဘယ်လ် ( under table) လက်သိပ်ထိုးပေးကြသူများ နှစ်ဦးနှစ်ဖက် အကျိုးရှိကာ အလုပ်ဖြစ်နေကြလေပေပြီ ။အန်ဒါတေဘယ်လ် ဆိုတော့ စားပွဲခုံအောက်မှာ ဘာတွေ ဘယ်လိုလုပ်ကြတယ် မသိ ။စားပွဲခုံအပေါ်မှာတော့ ရှုပ်ပွဟောင်းနွမ်းနေသော စာရွက်များ၊ ဖိုင်တွဲများ ဖုန်ပင် တက်နေကြလေသည်။ သို့ အတွက်ကြောင့် ယခုအခါတွင် နေပီဒေါ်ကြီးမှ တိုက်ရိုက် ချုပ်ကိုင်၍ ကားအမျိုးအစားနှင့် ကားမော်ဒယ် မော်ဒယ်လ် အလိုက် ဈေးနှုန်းများ သတ်မှတ်၍ ကောက်ခံတော့မည် ဖြစ်ပါသဖြင့် ကားဈေးတွေလည်း ကျ ရမလို ၊ ပြန်ပြီးတက်ရမလို ဖြင့် ကို့ ယို့ ကားယားတွေ ပြန်ဖြစ်နေကြလေသည် ။ အထက်ကားတွေ ဈေးကျတာ မသိသာ လှပေမဲ့ အောက်ကားတွေ ခမျာ အလွန်မတရား ဈေးတွေကျလို့  အရောင်းအဝယ် တောင် မရှိလှ ။ ကားပွဲစားတန်းတွေ ရှိသော ယခင်ကြံတော ယခုတော့ ဘာခေါ်မှန်းမသိသော အရပ် ၊ တောင်ဥက္ကလာပ ကားပွဲစားတန်း ။ နေရာတွေမှာ လည်း မိုးတွင်းမိုးရေဗွက်ရေများထဲဝယ် ခြောက်ကပ်ကပ် ဖြစ်နေကြသည် ။ကားပွဲစားတန်းမှ ပွဲစားများ အလုပ် ဖြစ်၊ မဖြစ်တော့ မသိ ၊ အနီးအနားမှာ ဖွင့်ထားကြသော စားသောက်ဆိုင်များ ၊ လဖက်ရည်ဆိုင်များမှာတော့ ငါ့ဝမ်းပူစာ မနေသာ သူများ စားနေသောက်နေကြစမြဲမို့  သိသိသာသာကြီးတော့ ပြောင်းလဲသွားခြင်းမရှိပေ။
အခွန်မဆောင်ပဲ အင်ထု ပြီး စီးနေသူများလည်း ရှိနေသဖြင့် ရွှေပြည်ကြီးမှ ဘဲဥများ ၊ ပရုပ်လုံးများခမျာ ခုတလော အနှီသကောင့်သား ကားများကို လမ်းမကြီးပေါ်မှာ ကျီးကန်းတောင်းမှောက် မျက်စိဖြင့် ရှာဖွေ စစ်ဆေးနေကြရပေသေးသည် ။ သို့ ဖြစ်ပါ၍ ကားမည်းမည်း ပြောင်ပြောင်ကြီးစီးတိုင်းလည်း လွတ်ပြီတော့မထင်လေနှင့် ။ အဆင်မသင့်ပါက ကွိကနဲ ဖြစ်နိုင်ပါသေးသည် ။
မဟာရန်ကုန်မြို့ တော်ကြီးရှိ ဤလမ်းစုတ်လမ်းပျက် များ အပေါ်တွင် တုန်ရီစွာ ပြေးလွှားနေကြသော ဂွတ် စက်ကင်းဟန်း ကားလတ် ကားစုတ်များ အဖို့ တော့ အတော်လေး သနားစဖွယ် ရှိလှသည် ။ ရှိစုမဲ့စု အသပြာလေးများ ကုတ်ခြစ်ပြီး တန်ဘိုးကြီး ပေးကာ ဝယ်ယူထားကြရရှာသော အဆိုပါ အောက်ကားလေးများ မှာ ဘယ်နေ့  ဖျက်သိမ်း ခံရမည်လည်း ဘယ်နေ့  နယ်နှင်ခံရမည်လည်း ဟု စိတ်တထင့်ထင့် ဖြင့် ရှိနေကြသော ကားပိုင်ရှင်များ ဘဝ ၊ တနေ့  တနေ့  ကားကို လူကစီးလိုက် ၊ ကားက လူကို စီးလိုက်ဖြင့် သံသရာ လည်နေကြရသော ကားပိုင်ရှင်များ ဘဝ ၊ ဓါတ်ဆီတွေ ကြိုက်တဲ့ဆိုင်မှာ ကြိုက်သလောက် ထဲ့လို့ရနေပြီဖြစ်ပြီး၊ တဆင့် ပြန်ရောင်းစား မရကြတော့သဖြင့် တွက်ခြေမကိုက်ကြရတော့သော ပင်စင်စား ကားပိုင်ရှင်များဘဝ ၊ အနှီ ဘဝ များစွာမှာလည်း ကို့ ယို့ ကားယား ဖြစ်နေကြလေသတတ် ။
ဘယ်လိုပဲ ပြောပြော ၊ ကမ္ဘာပေါ်မှာ ရွှေပြည်သားတွေ အချမ်းသာဆုံး ဖြစ်ကြလေသည် ။ အခြား တိုင်းပြည်များထက် အဆပေါင်းများစွာ ယိုယွင်းဟောင်းနွမ်းနေသော ကား တပတ်ရစ် နှစ်ပတ်ရစ် သုံး လေး ငါးပတ်ရစ်နေသော ကားများကိုပင် အဆပေါင်းများစွာ ကြီးမားသော တန်ဘိုးငွေ ပေးချေပြီး ဝယ်ယူ စီးနင်းနေကြသောကြောင့် ဖြစ်ပါသည် ။ကားတန်ဘိုးများမှာလည်း သူများနိုင်ငံမှာတွေလို စက်ရုံထုတ် တသမတ်ဈေးမဟုတ် ။ ဆယ်ကျော်တန် ၊ ရာကျော်တန်များမှ ထောင်ကျော်တန် များအထိ အမျိုးမျိုး အစားစား ရှိနေကြလေသည် ။( မိတ်ဆွေ တဦး ဒီ ရွှေနိုင်ငံမှာ နေစဉ် သူ့ စီးတော်ယာဉ် တိုယိုတာ ဖင်ကောက် တစီးအား ကားဈေးတွေ တက်နေစဉ် အခါက ရောင်းချပြီး သကာလ ၊တဖက်နိုင်ငံမှာ တိုက် တလုံး နှင့် ကားအသစ် တစီး ပြန်ဝယ် စီး နေခဲ့ဖူးသည် )ပါးစပ် ဈေး တွေသာ ရှိနေကြသည်မို့  ကားပွဲစားများ အလုပ်ရှိနေကြရလေသည် ။ သူများတွေ ဆီမှာ ကား ဆိုသည်က အသစ်စက်စက် ဒီနေ့  ဝယ်၊ နောက် နေ့  ပြန်ရောင်းချင်လျှင်တောင် အရှုံး ပြနေပြီ ဖြစ်သည် မို့  ဘယ်သူမှ ကားဝယ်ရောင်း လုပ်မစားကြ ။ တပတ်ရစ် ကားများ ရောင်းဝယ်သည့် လုပ်ငန်းတော့ ရှိပါသည် ။ ယခင် ရွှေပြည်ကြီးမှာ ကားတွေ ဝယ်ရောင်းလုပ်ပြီး စီးပွားဖြစ်နေကြသူများ တခေတ် ရှိခဲ့ဘူး ပေမဲ့ ခုအချိန်မှာ တော့ ဘယ်သူမှ တုတ်တုတ် မလှုပ်ရဲကြတော့ပေ ။ အိမ်နီးချင်း တိုင်းပြည်ကြီးနှင့် ဖက်စပ်သည့် တာတာ ( TATA) ကား ကုမ္ပဏီ ကြီးလည်း များမကြာမီမှာ ပေါ်ထွက်လာဦးမည် လို့  ဟိုလူ ဒီလူတွေ ပြောနေကြသဖြင့် ကားဈေးတွေ ထပ်ကျ ပေလိမ့်ဦးမည် ဟု တွက်သူက တွက်နေကြသည် ။သို့ ပေမဲ့ ပြီးခဲ့တဲ့ ရက်များက လိုင်စင်မဲ့ အခွန်ဆောင်ခြင်းကို ဟိုနေရာမှ ချုပ်ကိုင်ပြီး ခုလောလောဆယ်မှာ ပိတ်ထားလိုက်ပြန်ပြီ ဆိုတော့ တချို့ ကားဈေးတွေလည်း ပြန်တက်နေကြလေပြီ ။
ဩော် ... တက်လိုက် ကျလိုက် ဂယောက်ဂယက် ဖြစ်နေသော ဤ ကားများ ၊ ဈေးကွက်များ အကြားတွင် ရှိသူတွေက ကောင်းတာတွေ တဝီဝီ ထည်လဲ စီးနေကြပြီး ၊ မရှိသူများကလည်း ဘတ်စ်ကားတွေ ကို တဂျီဂျီ ထည်လဲ စီးနေကြရလေသည် ။
ရွှေပြည်သားများ ဘယ်သူ ဘာကားတွေ ပဲ စီးနေ စီးနေ ၊ နောက်ဆုံးမှာတော့ လူတိုင်း စီးရမည့် ကားများ ၊ စိတ်ကြိုက် ရွေးပြီးစီးလို့ ရနိုင်ပါသေးသည် ။
ဒီတော့ အသင် ဘယ်ကား စီးပါမည်လည်း ။ ဤ ပုံကိုကြည့်ပြီး သူ့ ကိုသာ သတိရလိုက်ကြပါလေ ။( နာရေးကူညီမှု အသင်းကြီးဆီသို့  သွားရောက်ခဲ့စဉ် အခါက ကြော်ငြာ သင်ပုန်းပေါ်မှ ရိုက်ကူးခဲ့သော ဓါတ်ပုံ ဖြစ်ပါသည် ။
သင် ဘာကား စီးချင် လဲ ။?
ဘာ ကား စီး စီး နောက်ဆုံးတော့ .....“ ပြာ” ဘဲ ။
ပါသွားရမှာက .... “သရဏဂုံ နဲ့  သီလ” ။
လူသားအားလုံး အသိတရား မှန်နိုင်ကြပါစေ ။
16 comments:
nice to read!
Good post!
Myatnoe
ဟုတ်လိုက်လေ..မှန်လိုက်လေ ကိကိရေ :)
စူးနွယ်လေး
မမကိ တပို့စ်ဆို ဆိုသလောက် ထိထိမိမိ ရှိလှပါတယ်... အောက်ဆုံးက စာပိုဒ်လေးကို အကြိုက်ဆုံးပဲ.... :)
မှန်ဂလယ် ဖွားကိ ဟိဟိ
မတွေ့တာကြာပေါ့ နေကောင်းတယ် ဟုတ်
သတိရတယ်နော် သိလား
တာ့တာ
သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။
သူ မစီးဖူးတဲ့ ကားဆိုလို့ ၆ ပေါက်နဲ့ နိဗ္ဗာန်ယာဉ်ပဲ ရှိတော့တယ်တဲ့။ သူကာ ကားပွဲစားလေ။ အခုတော့လည်း သူ နိဗ္ဗာန်ယာဉ်စီးဖူးသွားပါပြီ။ ၆ ပေါက်တော့ မစီးဖူးလိုက်ဘူး ထင်တယ်။
ကားဆိုတာက တကယ်တော့ “ ကား ” ခနဲပါပဲ။
ကောင်းကောင်းနဲ့ ဖတ်သွားလိုက်တာ နောက်ဆုံးတော့ ပို့လိုက်တာပေါ့လေ၊
သိပ် ကောင်း တဲ့  ရေးကွက်ကလေး..၊
ကျွန်တော် တို့ က တော့  တစ်သက် လုံး
ရှာဖွေ ရင်းနဲ့ ပဲ ကား လာရတော့  နောက်ဆုံး
နာရေး ကူညီ မှု အသင်းက ကား ကို စီး ရတော့ 
မှ ပဲ .. အင်း စိ သွား ရတော့ မှာ ပါ၊
ဒါပေမဲ့  ..
မကြာခင် လွတ်လပ်ရေး ရတော့ မှာ ဆိုတော့ ...
အင်း....
မယ်ကိ ရေ...
ဘဘ တို့က သူ့တို့ဖာသာ ကားစီစဉ်ထားတယ်တဲ့
အောက်ဆုံးက စာသားလေးက အသိဥာဏ်ကို လင်းစေတဲ့ စကားလုံးလေးပါဘဲ
ဘာကိုဘဲ မက်မောမက်မော နောက်ဆုံးတော့ အားလုံးကို ထားခဲ့ရမှာပါ။
အကြိုက်ဆုံးတွေထဲက တပုဒ်ပဲကိရေ.. များများရေးပါသူငယ်ချင်း... အကြာကြီး မရေးပဲမနေနဲ့နော်..
ဟာဂျာ ဟာဂျာ ဖွားကိကျောမှာပဲ ဘယ်တားမှာချီးချင်တော့ဘူးထွာ
ဟုတ်ပါ၏ မှန်ပါ၏ နောက်ဆုံးတော့ ကိုကျော်သူတို့၏ ကားများကိုသာ စီးရပါတော့အံ့ ။
သားထူးတို့ကတော့ ခုကတည်းက မှန်းထားတယ် ကိုကျော်သူ ကိုယ်တိုင် မောင်းမဲ့ ကားမဲကြီးကိုပဲ စီးမယ်
နဲနဲလေးမှာ အတိမ်းစောင်းမခံဘူးနော် .......
ဖွားကိ
ဘာကားစီးစီး မပြာနဲ့ ဖြည်းဖြည်းလုပ်
သေပြီးရင်တော့ ပြာ ရမှာဘဲ
မသေခင် ပြာရင် တစ်ခုခုဖြစ်လိမ့်မယ်
ခင်မင်တဲ့
seesein
သင် ဘာကား စီးချင် လဲ ။?
ဘာ ကား စီး စီး နောက်ဆုံးတော့ .....“ ပြာ” ဘဲ ။
ပါသွားရမှာက .... “သရဏဂုံ နဲ့  သီလ” ။
အဲ့ဒီစကားလေးကိုတော့တော်တော်ကြိုက်တယ်အမ
ဟုတ်ပါ့ အစ်မရေ......... ကားပြာပြာတော့ အတူစီးရလောက်တော့ဘူးနော်။
မြန်မာပြည်မှာ အကောင်းစား၊ ကားများထုတ်လုပ်နေ။
လူတွေလူတွေ အများပြား၊ သူတောင်းစားဖြစ်လို့နေ။
အမှတ်မရှိတဲ့ အနဖ၊ ရွေးကောက်ပွဲဆင်ပေ။
ဟေး...........ဟိုဟိုဒီဒီ လျှောက်သွား၊ တွေ့ရတဲ့ အရာများ.....ဘုံဆိုင် နှိပ်ခန်း ညကလာပ်နဲ့ ငွေပြတ်တဲ့ ဆော်များ...လာပါလာပါ လိုက်မလားတဲ့ ငွေမရှိလဲ အလကား...ဘိုင်ဝမ်း ဂက်ဝမ်း ဖရီး (buy one get one free) ကွဲ့၊ စိတ်မပျက်နဲ့နော်ကွယ်...ဒါဟာမြန်မာပြည်ဖြစ်သနစ်၊ ခေတ်ဆိုးခေတ်ပျက်ဝယ်။
ရေးသာရေးရတယ် ဟိုကားလည်း သတိထားရသေးတယ်း)
Post a Comment