အကျွန်ုပ်၏ မင်းသားကြီး ခွေးအောင်နက်တကောင် ကျူးကျော်ရပ်ကွက် အစွန်ဆုံး ယိုင်နဲ့နဲ့ ဝါးထရံကပ် ၊ ဓနိမိုး မလုံ့ တလုံ တဲတလုံးရဲ့  ခွေးကတက်ပေါ်မှာ မိန့် မိန့် ကြီး မှိန်းနေရင်းမှ တောင်စဉ်ရေမရောက်( ရေပိုက်တွေမှာ ရေမလာတာကြာပြီမို့ ၊ ရေမရပ် မဟုတ်တော့ပါ ) အတွေးများကို တမျှင်ခြင်း ဆွဲဆန့် ပြီး ဇရက်မင်းစည်းစိမ်ယူလျှက်ရှိရာ ၊ အခွန်လွတ်ဈေးသွားဆွဲပြီး ပြန်လာသော မဟေသီ ဂုတ်ကျားမကြီး ရဲ့ အူသံကြောင့် လန့်နိုးလာတော့သည် ။
“ကိုအောင်နက် ၊ ကိုအောင်နက် ။ ထပါအုံးတော့ ၊ရှင်ကလည်း ၊ ဘယ်အချိန်ရှိနေပလဲ ”
“ ဟ .. မင်းကလည်း ။ အလန့် ထညက်ကွာ .. ဘာလဲ ၊ ဘာဖြစ်လာတာလဲ ။ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့  ”
“ဘာဖြစ်ရမတုံး တော်ရဲ့ ၊ ရှင် သိပြီးပလား ။ ဟိုဒင်းလေ .... ”
“ မင်းကလည်း အစ မရှိ အဆုံးမရှိ ။ ငါ ခုတလော နေမကောင်းလို့  အမှိုက်ပုံတောင် ပုံမှန်သွားမမွှေနိုင်တာ မင်းလဲ သိသားနဲ့  ။ဘယ်မှ မထွက်နိုင်တာပဲ ကြာပြီရောလား ဟ ”
“ အေးပါတော် ။ ဟုတ်ပါရဲ့  ရှင်လည်း လောကကြီး နဲ့ အဆက်ပြတ် နေတာ ၊ဘယ်သိပါ့မလဲ ။”
“ ကဲ ... ပြောလေ ၊ မစပ်စု ရဲ့  ။ ရပ်ကွက်ထဲက နောက်ဆုံးပေါ် သတင်းတွေ အတင်းတွေ ”
အောင်နက်ကြီးက ချစ်စနိုး နဲ့  စသလို နောက်သလို မေးတော့ ၊ဂုတ်ကျားမ က မျက်စောင်းတချက်ထိုးလိုက်သည် ။ ဒါပေမဲ့  စိတ်ဆိုးဟန်တော့မပြ ။
“ ဒီလို တော့ ၊ ဒီလို ။ ဟိုဘက်လမ်းထိပ် က ပွဲစား ဒေါ်စိန်ပွင့်ကြီး ရဲ့ သားလေ ..”ပြောရင်း တန်းလန်း မှ စကား မဆက်ဖြစ်သေးပဲ ဝဲခြောက်များကို တဗျင်းဗျင်း ကုတ်နေသေးသည် ။
အောင်နက်တကောင် စိတ်မရှည်တော့ ။
“ ပြောမှသာဖြင့် မြန်မြန်ပြော ။ ဟိုနေ့ လွှတ်မလို ဒီနေ့ လွှတ်မလို နဲ့  ၊ခွေးဝမ်းသာအောင် လေလည်ပြနေသလိုမျိုး ။ မင်းဟာကလည်း ။ ”
“ အို ကျုပ်ဟာကျုပ် လွှတ်ချင်တဲ့ အချိန်လွှတ်မှာပေါ့ တော် ၊ တကတည်း ။ကျုပ်စိတ်နဲ့ ကျုပ် ဘာလုပ်လုပ် ပေါ့ ။ အဲလေ .. ဘာကုတ်ကုတ်ပါ့ ”
“ဒါဆိုလည်း နေတော့ဟာ ။ အိုက်တင်ခံ နေလည်း ၊နားမထောင်တော့ဘူး ”
အောင်နက်တကောင် စိတ်တိုသွားမှန်း သိတော့မှ ဂုတ်ကျားမ ဝဲကုတ်ရပ်ပြီး ဆက်ပြောသည် ။
“ ဒီိလို လေ ကိုအောင်နက်ရဲ့  ။ဒေါ်စိန်ပွင့် ရဲ့ သား မိုက်ခဲလေ၊ ဘိုလို Michael Daimond လို့ တောင် နာမယ် ပြောင်းထားတဲ့ တကောင် လေ ။ မနေ့ ကပဲ ကြွသွားပြီတဲ့ ”
“ မင်းကလည်း ကြံကြီးစီရာ ၊ ဒီကောင် ဘယ်ကြွသွားတာလဲဟ ။ ပြီးခဲ့တဲ့ ၃ လ လောက်တုံးကမှ သင်းဘော လိုက်သွားတယ် ဆိုကွ ။ ခု ဘယ် ဆိပ်ကမ်းရောက်လို့  ။ဘယ် ကနေကြွလာမှာတဲ့လဲ ၊ ဘုန်းကြီးဝတ်လိုက်တာလား ”
“ရှင်ကလည်း တုံးပ ။ ကြွတယ် ဆိုတာ ရှောသွားတာ ကိုပြောတာ ။ ရှောတယ် ဆိုတာရော နားလည်ရဲ့ လား ”
“အောင်မယ် ။ ဒါလောက်ကတော့ သိပါတယ် ၊ နေပါအုံးကွ ဒီကောင် အရင်က ရပ်ကွက်ထဲ ဟိုစပ်စပ် ဒီစပ်စပ် ။ခွေးလိုလို ကြံ့  လိုလို လုပ်နေတဲ့ ကောင် မဟုတ်လား ။ ခပ် ပိန်ပိန် ပဲလေ ။ ဒါပေမဲ့  ဟောင်ဘွာ ဟောင်ဘွာနဲ့  တရပ်ကွက်လုံး အော်ကျောလန် ပဲ ဟာ ”
“ အင်း ၊ဟုတ်တယ်လေ ။ အမေ့ စိန်နားကပ်ရောင် နဲ့  ပါးပြောင်နေတာ သူပေါ့ ”
“ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ဘာဖြစ်တာတဲ့တုံး”
“အေ ကိုက်သွားတာ တဲ့လေ”
“ဘာလဲဟ အေ ဆိုတာက ”
“ရှင်ကလည်း ဒီလောက်တောင် ထူရသလား ။ အေဆိုတာ ခုခေတ်စားနေတဲ့  အေအိုင်ဒီအက်စ် ကို ပြောတာရှင့် ”
“ဪ . .. ဒီလိုလား ။ နေပါအုံး ။ သူတို့  သဘောင်္သား လုပ်တယ် ဆိုတာ သဘောင်္ပေါ် မတက်ခင် ဆေးစစ်ရသေးတာ မဟုတ်လားကွ ။ ဆေးမအောင်ရင် မခေါ်ဘူး လေကွာ ”
“ဒါတော့ ဒါပေါ့ တော် ။ ဒါပေမဲ့ ရှင်သိတဲ့ အတိုင်းပဲ ၊ ကျုပ်တို့  ပြည်ကြီး ကလည်း ခု ခေတ်မှီနေကြပြီ ၊ “အင်” “တာ” “ နေရှင်နယ်” ဖြစ်နေကြပြီလေ ”
“ ဘာဆိုင်လည်းဟ ။ ငါတို့ ရွာကြီး ဘယ်မှာ အင်တာနေရှင်နယ် အဆင့် မှီ တာ ရှိလို့လဲ ”
“ အင်” ..တာ လေ ၊ ရှင်ရဲ့  ၊ “အင်” တာ ပေါ့ ။ အင်တွေထုတဲ့ နေရာမှာ ပထမတန်း ပဲ ၊ နေရာတကာ ကြည့်ပါလား ။စားသောက်ကုန်တွေ ၊ ဆေးဝါးတွေ ။ ဘိလပ်မြေ ။ ၅၀၀၀ တန် ဆင်ကြီးတွေ ။ နောက်ဆုံး ...ဘွဲ့ လက်မှတ်၊ အောင်လက်မှတ် ၊ ပတ်စ်ပို့  က အစ အတုတွေ များမှများ ပဲ ”
“ဒါနဲ့  နေပါအုံး ။ သူက ပတ်စ်ပို့  အတု ။ဘွဲ့ လက်မှတ် အတု တွေ နဲ့ ထွက်သွားလို့လား ”
“ရှင်ကလည်း ဒုံးဝေးလိုက်တာ ။ ပတ်စပို့  အတု ၊ ဘွဲ့ လက်မှတ် အတုတွေ နဲ့  ထွက်သွားတာကမှ တော်သေးတယ် ရှင်ရဲ့ ။ဘယ်သူ့ မှ မထိခိုက်စေဘူး။ ခုဟာက ဆေးလက်မှတ် အောင်တယ် ဆိုပြီး “အင်” လုပ်ပြီး ထွက်သွားတာတဲ့  တော့် ”
“ အာ.. ငါတို့ ရွှေုပြည်ရွာကြီးမှာ နေရာတကာ အတုတွေချည်းပဲ ဟာ ။ ဒါများ ဆန်းတာမှတ်လို့  ”
“ အတုဆိုပေမဲ့ တချို့  အတုတွေက ဘယ်သူ့ မှ မထိခိုက်စေဘူးလေ ။ ဝိသမသားတွေ အတုလုပ်တာများ ၊ လွန်လွန်းလို့ ပါ ။စားသောက်ကုန်တို့ ၊ ထိုးဆေး စားဆေးတို့  ၊ ဘိလပ်မြေတို့ ၊ အဲ့တာတွေ အတုလုပ်တာကြတော့ အသက်အန္တရာယ် ဖြစ်စေတတ်တယ် ဆိုတာ ကျုပ်တို့ လို ခွေးတွေတောင် နားလည်ကြသေးတာပဲ ။ဒါကိုမှ မသိချင်ယောင်ဆောင်ပြီး ဘယ်သူသေသေ ငတေမာနေကြတဲ့ သူတွေ ကို အံ့သြ လွန်းလို့  ပါတော် ။”
ဂုတ်ကျားမကြီးက ပညာအရာမှာသာ မိုးပျံလောက်အောင် မတတ်တာ ။ဘွဲ့ ထူး၊ ဂုဏ်ထူးကြီးတွေ သာ ဘာမှ မရှိရှာတာ။ ဒီလို အတွေးအခေါ်ကောင်းတွေတော့ ရှိပေသားပဲ ဟု အောင်နက်ကြီးက တွေးရင်း သူ့ မဟေသီအတွက်ကြံဖန် ဂုဏ်ယူမိလိုက်သည် ။ဒါပေမဲ့  ရောင့်တက်သွားမှာစိုး၍ နှုတ်မှတော့ ချီးမွမ်းစကား မဆိုမိ ။
“အေးလေ ။ ဒါနဲ့  နေပါဦး ။ ခု မင်းပြောနေတဲ့ အင် တွေ ၊အတု တွေ နဲ့  သူ့ ဆေးအောင်လက်မှတ် အတု က ဘာဆိုင်လို့ လဲကွ ”
“ ရှင်ကလည်း ဦးနှောက်လေးများသုံးပြီး စဉ်းစားကြည့်ပါအုံးလား ။ ဒီ မိုက်ခဲက သူ သဘောင်္လိုက်ရဖို့ အရေး သူ့ မှာ ဘာရောဂါမှ မရှိပါဘူး လို့ သွေးအဖြေတွေ အင်ထု လိုက်ပြီး ။ ဆေးစစ် အောင်တဲ့လက်မှတ် နဲ့ သဘောင်္လိုက် တယ် မဟုတ်လား ။ ပြီးတော့ နဂိုထဲက ပွေပွေ တေတေ နေတဲ့ သူ ။ရောက်လေရာ အရပ်မှာ သောင်းကျန်းပေတော့မပေါ့ ။ ဒီတော့ သူ့  ရောဂါကြီး သူများဆီ မကူးစက် ပေဘူးလား”
“ ဟေ .. ဒီလိုလား ။ ဆိုစမ်းပါအုံး ။ ဘာရောဂါ တွေများလဲ ”
“ကာလသားရောဂါ တို့ ၊ အေအိုင်ဒီအက်စ် တို့ ဆိုတာ အကာအကွယ် မယူပဲဆို ကူးတတ်တာပေါ့တော် ။ ပြီးတော့ အသည်းရောင် အသားဝါ ဘီပိုး တို့  ၊ စီ ပိုးတို့ ဆိုတာတွေကလည်း သူနဲ့ အတူနေ အတူသုံးကြတဲ့သူတွေကို အခန့်မသင့် ကူးနိုင်တာပဲလေ။ ရောဂါရှိမှန်းသိရင်တော့ ကုလို့ ရတန်တာလဲ ကုပေါ့ ။ တဆင့် မကူးစက်အောင် ကာကွယ် တန်တာလဲ ကာကွယ် လို့ ရသေးတယ်လေ ”
“ အင်းလေ မင်းပြောတော့ မှ ၊ ငါလည်း ဆက်စပ်တွေးတော မိတော့တယ် ။ ဟုတ်တယ်ကွ ။ ငါတို့  ရွှေပြည်ကြီးမှာ အဲ့ဒီ အင် တာ နေရှင်နယ် တွေ ကို နှိမ်နှင်းမှ ဖြစ်မှာ ။ ဒီလို ရောဂါကြီး ရှိနေရဲ့ သားနဲ့  ရောဂါကင်းကြောင်း သွေးအဖြေ အင်ထုတာကြီးကလည်း နှိမ်နင်းရမဲ့  အရာတခုပဲ ”
“ ဟုတ်ပ တော် ။ ဒီလို နဲ့  နေရာတကာ အင် တွေ လုပ်နေကြတာ ၊ ရုတ်တရက်ဆို ဘယ်သူမှ မထိခိုက်သလို နဲ့လေ ။ ရောဂါ အမှန်၊ မသိတော့ ဘယ်ပုံ ဘယ်နည်း ကုပါတော့မလည်း ။ ပြီးတော့ နောက်ဆက်တွဲ က သူများကို ကူးစက်စေတတ်တာ ”
“ အေး ဟုတ်တယ် ။ ဟို ဘဏ်ကြီး တခုမှာ ရေးထားတာ တော့ အခန့်သားပဲ ကွ .. ဘာတဲ့ ..မှတ်မိပြီ ။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆို တာလေ ။ ငါကတော့ တမျိုး ပြင်ရေးလိုက်ချင်သေးတယ်”
“ အောင်မလေး တော် ။ ခွေးပါးစပ်က နတ်စကား ထွက် ဖြစ်နေပါအုံးမယ် ရှင်ကလည်း ။ ကဲ .. ပြောပါအုံး ။ တော်က ဘယ်လိုများ ပြင်ရေးချင်လို့တုံး ”
“ ဒီလိုကွာ ။ အားလုံးကောင်းမှ နိုင်ငံကောင်းမည် လို့ ။ အကျင့်ပျက် ဝန်ထမ်းတွေ ၊ ထိပ်ဆုံး ကနေ အောက်ထိ ပေါ့ ။ခေါင်းဆောင်တွေက အစ နောက်လိုက်တွေ အဆုံး ။ ဝိသမ လောဘသားတွေ အားလုံး .. အားလုံး ... အားလုံးးး ကောင်းးးးးကောင်းးး ကောင်းးးးးး မှ .....”
အောင်နက်ကြီးတကောင် ပြောလက်စ စကားမှ ဆုံးအောင် မပြောလိုက်နိုင်ရှာ ။ အကြောင်းရင်းမှာ... စကားလုံးတွေက ပါးစပ်နှင့် မဆန့် တော့၍ လည်ပင်းတွင် တစ်ဆို့ ဆို့ ဖြင့် မျက်ဖြူ ဆိုက်သွား၍ ဖြစ်ပါကြောင်း ။
ခက်ဆစ် ။ ။
အင် တာ နေရှင်နယ် = အင် အတုများ လုပ်တာ တွေ များလွန်းသော နိုင်ငံကြီးတခု
(အောက်မှာဖေါ်ပြထားသော အကြောင်းအရာ သတင်းတခုကို ဖတ်မိအပြီး ဖွားကိ လက်ကလိမိပါသည် ။)
ီ
ဒီနေရာမှ ရယူတဲ့ သတင်းလေးပါ
19 comments:
အမရေ...
မမှန်တဲ့ သူတွေကြားမှာ မှန်တဲ့ သူတွေ ကျဆုံး ပျောက်ဆုံး
နေကြပါတယ်လို့ ။ ပြောခဲ့ သလို မှန်ရင်လဲ အကန်ခံရ ပြန်ရော။
ဦးဆောင်နေတဲ့ သူကိုယ်တိုင်ကမှ မမှန်ကန်နေတော့ ကာ
အောက်ကသူတွေလဲ လမ်းမှန် ဘယ်ထွက်လျှောက်ရဲပါတော့ 
မလဲ။အလု့းစုံ ပျက်စီးရေးကို လုံးဝဦးတည်နေတဲ့  ကျွန်တော်
တို့  ရွှေပြည်တော်ကြီးကတော့  အင်း...
ဘယ်အစက စ ဆွဲ ရမလဲ..။ဘာပဲဖြစ်ဖြစ်လေ.. ဖြစ်ချင်တာ
အားလုံး ဖြစ်လို့ ရတာမို့  နေလို့ အလွန်ကောင်းတဲ့ 
ကျွန်တော်တို့ မြေ ပါ..လို့ ။
ကိကိကတော့ တော်တော် ရေးတတ်တာပဲ။ အဲဒီသတင်းအတိုင်းက လုံးဝဖြစ်နိုင်ပါတယ်။ ပြည်တွင်းက ထုတ်တဲ့ အဂ္ဂဇင်းတခုမှာတာင် ဆောင်းပါးတပုဒ် ဖတ်ဖူးသေးတယ်။ အဲဒီအထဲမှာတော့ ငွေကြေးအတွက် မဟုတ်ဘဲ စေတနာနဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အရင်းအနှီးတွေ ကုန်ထားပြီး နောက်ဆုံးဆေးစစ်တဲ့ အထါမှ ဘီပိုးကို တွေ့တော့ ဒီမိသားစု ဒုက္ခမရောက်အောင် ကူညီတဲ့သဘောနဲ့ လိမ်ပေးလိုက်တယ်။ အခုလည်း ပိုက်ဆံနဲ့ ယူပြီးလိမ်ပေးတာ ဖြစ်နိုင်ပါတယ်။ သနားလို့ ဖြစ်စေ ဘာအကြောင်းပြခက်နဲ့ပဲ လိမ်ပေးလိမ်ပေး ဒါဟာ Ethnic နဲ့ လုံးဝ မကိုက်ညီပါဘူး။ တရားဝင်လုပ်လို့ရမှာမှ မဟုတ်တာ ဘယ်သူက လုပ်တယ်လို့ ပြောမယ် မထင်ဘူး။
ဖွားကိရဲ့ ရိုက်ချက်ကွ..။ အဲတာလေးတွေကြိုက်တာ...
ဖွားကိရေ.. အင်တာနေရှင်နယ်နိုင်ငံကြီးမှာလေ..
ကျောင်းက ဘရာသားတွေများ အစိမ်းရောင်ဌာနကြီးကို ၀င်လိုက်ကြတာ ဂတီးဂတီးနဲ့... ဟဲဟဲ..မကြာပါဘူး နှစ်အလိုက် ရာထူးလေးတွေယူပီးတော့... ဟော..ဘီပိုးလေးတွေနဲ့ထွက်..အရပ်ဖက်က၀န်ကြီးဌာနကိုဝင်။ အပေါ်စီးကရာထူးလေးကိုယူနဲ့... ဟုတ်နေကြတယ်..
ကြာလာတော့ အစိမ်းရောင်ဌာနကြီးလည်း ဘီပိုးအေပိုး ငါနားမလည်ဘူးကွာဆိုပီး အခုတော့ ခွင့်မပေးတော့ဘူးကြားတယ်။
သြော် အင်တာနေရှင်နယ်....ရွှေနိုင်ငံကြီးးးးး
အင်းးးးးးးးးးး ဘာဂျကားမှကို ပြောစရာမရှိပဲ ပါးစပ် ပိတ်ပြန်သွားပါကြောင်းးးးးးးးးး
ဒါတောင် မနေနိုင်မထိုင်နိုင် နဲနဲနဲ့ပါးပါး ပြောခဲ့ပါကြောင်းးးးးးးးးးးးးးး
အရှက်နဲ့ သိက္ခာတရားကို အငတ်တရားက အနိုင်ယူထားတော့လဲ လာဘ်ပေးလာဘ်ယူဆိုတာ ရွှေပြည်ကြီးမှာတော့ ထမင်းစားရေသောက်ထက် လွယ်သေးရဲ့ ...ဟေးဟေး အဟုတ်
ရေတောင်ငုံစရာ မလိုအောင် ရေးသားသွားတယ်ဗျာ
စာတပုဒ်ဖတ်ပြီး ဖြစ်ပေါ်လာတဲ့ မကိရဲ့ စေတနာကို လေးစားပါတယ်ဗျာ။ အကျိုးပြုစာတွေ များများရေးနိုင်ပါစေ။ လာဒ်ပေးလာဒ်ယူ ကင်းရှင်းပါစေ
ကွိကွိစ်ရေ....
ရေထားတဲ့စာလေးလည်းဖတ်ပြီးရော သက်ပြင်းတောင်ချမိတယ်...။ အဲ့သလိုမျိုးတွေကိုကြားမိတယ်...။ ဒီမှာလည်းရှိတယ်...။ ပတ်စ်ပို့ သက်တမ်းတိုးရင် အမှန်မတိုးပဲ...အတုတွေတိုးပြီးနေကြတယ်လေ...။ အသွားရှိလျှက် အပြန်ခက်ဆိုသလိုမျိုးတွေဖြစ်လာမှာကို ကိုယ်ကတွေးပြီးရင်ပူနေပေမယ့်...ကာယကံရှင်တွေကတော့ အေးဆေးပဲလေ...။ ဆေးစစ်လာတာ အဲ့သလိုလုပ်ပြီးလာကြ...ဒီရောက်တော့ တစ်လအတွင်းထပ်စစ်တဲ့အချိန်မှာပေါ်တော့ ပြန်ပို့မယ်လုပ်ရော...။ ရင်းလာတဲ့ပိုက်ဆံတွေနဲ့ ချက်ခြင်းမပြန်နိုင်၊ ပြန်ဖို့ကလည်းမဖြစ်တော့ အိုဗာစတေးနဲ့ နေဖို့ စက်ရုံကနေ ထွက်ပြေးကြရော...။ အပြင်မှာနေရတော့လည်း...အလုပ်လုပ်ရတာ... ပိုက်ဆံကိုနှိမ်ပေးခံရ...၊ ရဲကြောက်ရ...၊ ဟိုလူအနိုင်ကျင့်..ဒီလူအနိုင်ကျင့်ခံရနဲ့...ခဏခဏကြားနေရတာများ...စိတ်ဆင်းရဲစရာပဲလေ...။ လုံးဝမဖြစ်သင့် မလုပ်သင့် တဲ့ကိစ္စမျိုးတွေပါပဲနော်...း((
ခင်မင်တဲ့
ဏီလင်းညို
မမကိရေ...
ဘာပြောရမှန်းတောင် မသိလောက်အောင်ပဲ...
လူတွေလည်းထမင်းစားဖို့အတွက်ငွေရှာရတာ အဲဒီလောက်တောင် နည်းလမ်းရှားနေပြီလား....
မျက်စိတစ်ဆုံးမစဉ်းစားကြတော့ဘူး...မျက်မွှေးတစ်ထောက်စာပဲ ကြည့်ကြတော့တယ်...
နောက်ဆုံး ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုတော့ မမကိပြောသလိုပဲ အားလုံးမှာတာဝန်ရှိတယ် လို့ပဲထင်တယ်နော်... (မဖြစ်စလောက်ဥာဏ်နဲ့ ၀င်ပြီး အာချောင်သွားပါသည်....)
ချစ်ညလေး
ဟင်းးးးးးးးးးးး
အင် တာ နေရှင်နယ်ဖြစ်ကုန်ဘီး(
သူတို့လက်ထက်မှာ အမှန်တရားဆိုတာ ဖုံးကွယ်စရာဖြစ်နေတာလေ.........
တစ်လိမ်.. နှစ်လိမ်.. ပွေလိမ်ရှုပ်တယ်...း))
ပိုက်ဆံပေးရင် အကုန်ရတယ်ဗျို့ ပိုက်ပိုက်ရှိလို့ကတော့ ဘာမဆိုအကုန်ဖြစ်တယ်။ ရွာမှာဒါမျိုးတွေက ထမင်းစားရေသောက်တာတောင်မှ ခက်နေဦးမယ် ဒီလိုမျိုးတွေက လွယ်မှလွယ်ပဲ..။
မယ်ကိ ဗမာပြည်ပြန်တုံးက ဒီ post ကိုရေးရင် ဒီ post တောင် အင် ဖြစ်သွားနိုင်တယ်
အင် တာ နေရှင်နယ်တဲ့လား .......နာမည်ပေးတတ်တာလိုက်တာ။
အင်း........ သက်ပြင်းရှည်တစ်ခုကလွဲလို့ ဘာမှ မပြောနိုင်ပါလားနော်..
ရှိသေးတယ်... ယောက်ကျား အတု မိန်းမ အတုတွေ လဲ ခုမှကြားဘူးတာတွေ..... ကြုံဘူးပေါင်တော်..... နာ့ဘောစိကပြောတယ်..... ထူးဆန်းပါပေ့ ကတွတ်ပီတဲ့... အဲလေ... ဘလိုဖစ်တာလဲ နင်တို့ ဗမာတွေတဲ့... ရင်နာတယ်... ရင်နာတယ်....
ဟန်ဆောင်လက်ထပ်ကြပြီး... ညားတော့ တကယ်ညား... ပြီးတော့မှ ကွာရှင်း... အဲတာ တွေကိုပြောတာပါ....
နပုန်းတွေကို ပြောတာ မဟုတ်ဘူး.... ညှီးညှီး
ဖွားကိ
ဝန်ထမ်းအင်ကောင်းကောင်းထုမှ
အောင်နက်ကြီးတို့ ကောင်းကောင်း အော်နိုင်၊ ဟောင်နိုင်မည်
စကားလုံးတွေက တော့ နားနဲ့ ပါးစပ်နဲ့ အိုး)))))
အားလုံးနဲ့ကို မဆန့်တော့တာ အတော်ကြာပါပြီ
seesein
ဖွားကိတောင် အင် ကြီးလား မသိဘူး...
းဝ)
Post a Comment