Jun14,2009
ခေါင်းစဉ်ဖတ်ပြီးတော့ လန့် မသွား ကြစေချင်ပါ ။
ထုံးစံအတိုင်း ပေါက်တတ်ကရ ဟု ဦးစွာပြော ပါရစေ ။
ဒီညနေ အလုပ်ဆင်းတော့ မိတ်ဆွေတွေနဲ့ ချိန်းပြီး တောင်ပေါ်သွားကြမယ်ပေါ့ ။ ည ၇း၃၀ ဆုံကြမယ်ပေါ့လေ ။ အရင်တပါတ်ကတည်းက ပြောထားကြပြီးသားပါ ။ အကြောင်း ကြောင်းကြောင့်  အရင်အပတ်က မသွားဖြစ်တာ ။ ဒီတပတ်တော့ သေချာတယ်ပေါ့ ။ ညနေ ၆ နာရီ အလုပ်ဆင်းမယ်ဆိုတော့မှ ကိုရွှေမိုးက ရုတ်တရက် အသည်းအသန် ရွာပါလေရော ။ ဒီတော့  အစီအစဉ်လေးပျက်သွားရတယ်ပေါ့။ ဒီလိုနဲ့  အိမ်ပြန်လာ အပြီး ဘယ်မှ မသွားဖြစ် ။
အခန်းထဲ တယောက်ထဲ ထိုင်ရင်း လူက ဂနာ မငြိမ်လေ ။ ခါတိုင်းဆို အိမ် တချက်မှ မကပ်တဲ့သူတယောက် အခန်းလေးထဲ ပိတ်နေရတာ အတော်လေး နေရခက်တာဘဲ ။ ကိုယ် က ဘယ်နေရာရောက်ရောက် အိမ်စောင့်နတ် နဲ့ မတည့်ဘူး ။ အိမ်ထဲ မှာ ဘယ်တော့မှ ငြိမ်နေလို့ မရတတ်ဖူး ။.မုန်တိုင်းရှိတဲ့ အချိန်တောင် မုန်တိုင်းတိုက်ခံ ကြည့် ချင်လို့  မိုးကာလေးဝတ် ပြီး အပြင်ထွက်ကြည့်တတ်တာ မျိုးလေ ။
ဒီလို ခြေထောက် ဗွေပေါက်နေတဲ့လူ တယောက် ကို အိမ်ထဲမှာ သော့ခတ်ပိတ်လှောင်ထားရင် ဘယ်လိုနေမလဲ လို့ တခါတလေ စဉ်းစားကြည့်မိတယ် ။
ပထမ ၁ရက်လောက်ကတော့ ဘယ်လိုမှ မဖြစ်လောက်သေးဘူး ။ ခမ်းနားလှပ အခန်းကျယ်ကြီးထဲ လိုအပ်တာတွေ အပြည့်အစုံ ထားပေးတယ်ဆိုရင် လေ ၊ အိပ်လိုက် စားလိုက် တီဗီလေးကြည့် လိုက် ၊ သီချင်းလေးနားထောင်လိုက် ။ နဲ့ ဇိမ်ကျ နေမှာပေါ့ ။ အိမ်သာနတ်လေး အဲလေ အင်တာနက် လေးပါ ထားပေးရင်တော့ ဘာပြောကောင်းမလဲ ။ အပြင်မထွက်ရလဲ ကိစ္စမရှိပါ ပေါ့။.
ဒီလိုနဲ့ ချည်းဘဲ ဘာမှ အပြောင်းအလဲ မရှိ ။. တနေ့ ဓူဝ ဒီဟာတွေဘဲ ထပ်ခါတလည်းလည်း လုပ်နေရမယ်ဆိုရင် တပါတ်လောက်မှာတော့ အောင့်အည်း နေဖြစ်အုံးမယ် ထင်ပါ့ ။ တနေ့ လုံး စားနေရတဲ့ ထမင်း ၃ နပ် ဟာလဲ အနပ်တိုင်း ဒီဟင်းကြီးဘဲ ဆိုရင် အလွန်ဆုံး တပါတ်လောက်စားပြီး နောက်ပိုင်း ဒီဟင်း နာမယ်ကြားရုံနဲ့တင် အန်လောက်တယ် ။
တကယ်လို့  ဒီလို အသုံး အဆောင်လေးတွေကို ဘာမှ မပေးတော့ဘဲ အားလုံး ကို တားမြစ် ပိတ်ပင် လိုက်မယ် ဆိုရင် ရော ...။
ကြည့် စရာ တီဗီမရှိ . နားထောင်စရာ ရေဒီယို မရှိ ၊ ဖတ်စရာ စာအုပ်မရှိ ၊ သတင်းစာ မရှိ ။ ဆက်သွယ်စရာ တယ်လီဖုံးမရှိ ၊ အင်တာနက် မရှိ ။ စားစရာ အဟာရ မပြတ်ရုံ ။ ပုံစံတူ ထမင်းဟင်းကို ပုံစံခွက်နှင့် ။ နေစရာ ကျယ်ပြန့် သန့် ရှင်းတဲ့ပတ်ဝန်းကျင်မှ လေးဘက် ပိတ်မှောင် လေဝင်ထွက် မမှန်တဲ့ အခန်းကျဉ်းထဲတွင် ။ အသင် အဘယ်မျှ နေနိုင် ပါလိမ့် မည်နည်း ။
အဲဒါ ထောင် တဲ့လေ ။
အဲ ဒီလို ထောင်ကျ နေတဲ့  အခိုက် အတန့် လေးမှာ မြန်မာစာ သင်ပုန်းကြီး သေချာ မကျေ ခဲ့ တဲ့  ကိုယ်လိုလူ တယောက် ... စပ်စပ် စုစု နဲ့ မတောက်တခေါက် တတ်သလိုလို ဦးဏှောက်နဲ့  မြန်မာ စကားလုံးကြွယ်ဝပုံများကို လူ အထင်ကြီး မလား ဆိုပြီး ကိုယ့် မေးခွန်းကိုယ်ထုတ် ကိုယ့် အဖြေကိုယ်ပေး ကာ ကိုယ့်အမှတိစာရင်း ကိုယ် ထုတ်ပြန် ကြည့် မိလိုက်ပါတယ် ။
ထောင် နဲ့ ပတ်သက်ဆက်နွယ်နေသော ဝေါဟာရ အသုံး အနှုန်းများ
အကျဉ်းထောင် = ပိတ် လှောင် ချုပ်နှောင် ထားသော နေရာ ။ သတ်မှတ်ထားသော စည်းမျဉ်း ဥပဒေ များအား ကျူးလွန် ဖေါက်ဖျက်သူများအား ပိတ်လှောင် ထိန်းသိမ်း ထားသော နေရာ ။( ကျူးလွန်သော ပစ်မှု ကြိး ငယ် လိုက်၍ လွတ်ရက် ရှိ နိုင်သေးသည် ။)
အိမ်ထောင် =ထောင် နှင့် အလားတူ စွာ လူတဦး နှင့် အခြားတဦး တို့ အား အသက်ထက်ဆုံး အတူတကွ ဆိုးတူကောင်းဘက် အတူတူ နေထိုင်ကြရန် ထိန်းသိမ်းထားပေးသော ။ လက်ဆုပ် လက်ကိုင် မဖေါ်ပြနိုင်သော သတ်မှတ်ချက်ကြီး တခု ။( လွတ်ရက်မရှိ နေရသော အရာ)
တစင် ထောင် = အဖွဲ့  အစည်း ဂိုဏ်းဂဏ တခု ခွဲထွက် ကာ ယှဉ်ပြိုင် တည်ထောင် ခြင်း ။
ထူထူထောင်ထောင် = မကျန်းမမာ ဖြစ်ခြင်းမှ ပြန်လည် ကောင်းမွန် လာခြင်း ။ အားအင် သစ် ရရှိခြင်း ။
ပြန်လည်ထူထောင် = ပျက်စီး ဆုံးရှုံးမှု များအား အခြေတကျ ဖြစ်အောင် ပြုပြင် တည်ဆောက်ခြင်း ။ ဥပမာ ၊ နာဂစ် မုန်တိုင်းခံ ဒေသများ မှ အိုးအိမ် အဆောက် အဦ များအား ပြန်လည် တည်ဆောက် ပေးခြင်း ။ ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း ( အိပ်မက် မက်ခြင်း များလားဟု မိမိကိုယ် မိမိ ပြန်လည် စမ်းစစ်နေဆဲ )
ထိုး ထိုး ထောင် ထောင် = အသစ် ပြန်ပေါက် ခါစ အရာများ ။ ဥပမာ ..ဂတုံး မှ ဆံပင်များ ထိုးထိုးထောင်ထောင် ထွက် နေကြပြီ ။
စပါးပင်များ ထိုးထိုးထောင်ထောင် ပေါက် နေ၏။
လက် မ ထောင် = သွေး နထင်ရောက်နေသူများ မိမိ ကိုယ် မိမိ အထင်ကြီး ပြီး ပြုလုပ်သော အပြုအမူ ..ငါ ကွ ဟူ၍ လက်မထောင်ပြခြင်း ။ လက်မ နှစ်ဖက် စလုံး ပြတ် နေသူ များ ဤ အခွင့် အရေး ဆုံးရှုံး ပြီးသား ဖြစ်၏ ။
မာ န ထောင် = မာန် မာန ထောင်လွှား ခြင်း ။
အမောက်ထောင် ၊ အမြီးထောင် = မိမိ မှာ ရှိသော ကိုယ်ပိုင် ပစ္စည်း များ ၊အရာများ ကို ကြိုက်သလို ထောင်ပြခြင်း ။
ဥပမာ နဂါး သို့ မဟုတ် ကြက် ၊ နှင့်  ကွယ်လွန် သွားပြီးဖြစ်သော ရုပ်ရှင် မင်းသားချော ကြီး ကို ဝင်းဦး တို့ က အမောက် ထောင် နိုင် ပြီး ။ ကင်း မြီးကောက် မှာ အမြီးထောင် ခွင့် ရှိခြင်း ။
ပုလင်းထောင် = မြွေ မြွေ ချင်းသာ ခြေ မြင်တတ် ၏ ။ ဘာ ပုလင်း လဲဟူ၍ တကူး တက စဉ်းစားစရာ မလိုပါ ။
ယမကာ လုလင် ဆို သူသည် ချက် ကနဲ ဆို နားခွက် က မီးတောက် ပြီးသား ဖြစ်၏ ။
ခြင်ထောင် = ရိုးရိုးသားသား တွေးတော သူများ ရိုးရိုး သားသား သဘောဖြင့်  နားလည်ကြပါ၏ ။ အိပ်နေစဉ် မှာ ခြင်မကိုက်ရလေအောင် အသုံး ပြု ရသော အရာ ဖြစ်ပါ၏။
ဝိုင်း...ထောင်စားသည် ။ ဥပမာ ။။ ဖဲ ဝိုင်း .... ၊ ကစားဝိုင်း.... ၊ အငြိမ့် ဝိုင်း...၊ ဇာတ်.....၊
ယုံထောင် ကြောင်မိ = ရည်ရွယ်ထားသော အရာတခု ဖြစ်မလာဘဲ နောက်ထပ် အရာတခု မမျှော်လင့်ဘဲ ဖြစ်သွားခြင်း။ ဥပမာ - ချဲထီရောင်းသူ ချဲဝိုင်း ဒိုင် အားသွားဖမ်းရာတွင် ဘိန်းဖြူ အရောင်းအဝယ်လုပ်နေသူအား ဖမ်းမိခြင်း ။ (ထို အချိန်တွင် ပြည်သု့ ဘက်တော်သား ကို ရွှေ ရဲ များက ရှဉ့် လည်းလျှောက်သာ ၊ပျားလည်းစွဲသာ ဟူသော စကား အရ ..ဟဲ ဟဲ ...မုတ်ဆိတ် ပျားစွဲခြင်း)
ပစ် တိုင်းထောင် = ထောင် တကာ့  တောင်တွေ ထဲ မှာ အကောင်းဆုံး ထောင် ဖြစ် ပါ သည် ။ ဘယ်လို ထားထား၊ ဘယ်လောက် ပစ် ထားထား၊ ဘယ်လောက် ဖိထားထား၊ အမြဲ တမ်း ထောင် နေ နိုင်သော အစွမ်းအစ ရှိသူ မှာ ပစ်တိုင်းထောင် သာ ဖြစ်ပါသည် ။
စာရေးသူ အကြိုက်ဆုံး ထောင် ဖြစ် ပါ သည်။
ခုလောလောဆယ် စဉ်းစားမိ သမျှ ထောင်များ နှင့် ပတ် သက်သော ဝေါဟာရ အသုံး အနှုန်းများ ဖြစ်ပါသည် ။
နောင် အလျှင်းသင့် သလို ထွက်ပေါ် လာမည့် ထောင် များကိုလည်း နောက်ဆက်တွဲ ဖေါ် ပြ ပေးပါမည် ။
မိတ်ဆွေကြီးများ သိရှိသော ထောင် များကိုလည်း ပြောပြပေးကြစေလိုပါသည် ။
ကျေးဇူးတင်ပါသည် ။
►Posted by
:kiki
:
at
6/14/2009 02:56:00 AM
Subscribe to:
Post Comments (Atom)
14 comments:
အရူးထောင် ဆိုသည်မှာ
ရူးနေသူများက ကြောက်လို့  လူကောင်းများကို ထောင်ချခြင်း
မကိရေ
ထောင်တွေကတော့ အများကြီးဗျ
အင်းစိန်ထောင်၊ မြင်းခြံထောင်၊ သာယာဝတီထောင်၊ သရက်ထောင်... အဲသဟာတွေကတော့ နံမည်ဆိုးနဲ့ ကျော်ကြားသော ထောင်တွေပေါ့...
တခြား ရိုးရိုးသားသား ထောင်တွေလည်း ရှိပါသေးတယ်
မြှုံးထောင်၊ ပိုက်ထောင်၊ ကိုင်းထောင်၊ ယုန်ထောင် စသည်ဖြင့်ပေါ့လေ...း)
ဆံပင်ထောင် လဲ ရှိသေးတယ်လေ... အမောက်ထောင်လို့ ဆံပင်ထောင်ကြည့်တာ။ အဟတ်... :P
ထောင်အကြောင်း လာဖတ်ပါသည်..
ပြန်ခါနီး ဗုံးထောင်သွားပါသည်...
ချစ်ခင်ရသော မကြီးကီ
မောင်လေး
ဖိုးစိန်
မကီရေ ထောင်အကြောင်းလေး လာရောက်လေ့လာသွားတယ်နော်။ ထောင်ဆိုရင်တော့ ဘာထောင်မှ မကောင်းသလိုပဲလေ။
ထောင် ဖတ်သွားသည်။ တမျိုးမထင်လေနဲ့ ထောင်အကြောင်းကို ဖတ်သွားသည်။ ဖိုးစိန်လို အပြန် ကျနော်ကတော့ မိုင်းထောင်သွားသည်။း) ထောင်အကြောင်းက စုံသလောက်ပဲ ကျနော်လဲ ထောင် ကြိုက်ဘူး ဟီးးးးးး
လေးစားလျက်
တောင်ပေါ်သား
ပဲ့ထောင်ဆိုတာ ရှိတယ်...မြစ်ထဲချောင်းထဲမှာ သွားတဲ့
စက်လှေတမျိုးလေ...။ထပ်သိချင်သေးရင် ပြောပါအုံးမည်...။
ကျွန်တော်လဲ ပြန်ခါနီး ထောင်ချောက်ဆင်သွားပါတယ်.။
ကြုံလို့ပြောရအုံးမယ်ဗျ
ထောင်ထဲမှာဆို မောင်လေးက
အချစ်ထောင်မှာပဲနေချင်တယ် ....
ဟီးဟီး
ကောင်းသောနေ့လေးဖြစ်ပါစေ
mhyawlintchin@gmail.com
သားသားကတော့ ပုလင်းထောင်ရတာ အကြိုက်ဆုံးပဲ ကိကိရေ့
ထောင်အကြောင်းတော့ တော်တော်လေးကို နှံ့စပ်သွားပြီ...
ဒါနဲ့ ဖွားကို idiot က ဘယ် အရူးထောင်မှာများလဲ...
ငှဲငှဲငှဲ...
အပြန်အလှန် နှိပ်ကွယ်သွားသည်...
(ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် ဖြစ်နေမှာစိုးလို့)
းဝ)
ထောင်တွေကတော့အတော်လေး စုံသလောက်
ဖြစ်သွားပါပြီ။ ဗုံးတွေ မိုင်းတွေတော့ မထောင်
တော့ပါဘူး....။ အပြန်မှာ ရန်ထောင်သွားပါတယ်... ဟိ...
မမကိ ထောင်အကြောင်းကို ဖင်ဘူးတောင်းလေး ထောင်ပြီး ဖတ်သွားတယ်
အမရေ .. မူးပြီး ဂျွမ်းထောင်မနေနဲ့ အုံး။ ဆွဲမယ့်သူမရှိဘူးနော် ။ :P
အမရေ .. မူးပြီး ဂျွမ်းထောင်မနေနဲ့ အုံး။ ဆွဲမယ့်သူမရှိဘူးနော် ။ :P
Post a Comment