ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတပါး လို့ အဆို ရှိတဲ့ အထဲမှာ ပြုသင့် ပြုထိုက်တဲ့ အမှုကို ပြုခြင်း (လွှတ်ပေးထိုက်သူကို လွှတ်ပေးခြင်း ) ဟာ လည်း မင်္ဂလာတပါးလို့  ဆိုရရင် လွန်မယ်မထင်ပါ ။ မနေ့ ညနေကတည်းက ကြားလိုက်ရတဲ့ သတင်းကောင်း အတွက် ကိုယ့်မျက်စိ ကိုယ့်နားကို ဘယ်လိုမှ မယုံနိုင်သေး ။ အညာခံနေကြရတာ အကြိမ်ကြိမ် အခါခါ နှစ်ပေါင်းများစွာ ဆိုတော့လည်း ပြောတိုင်း ကြားတိုင်း မယုံရဲတာ မယုံချင်တာ မယုံနိုင်တာ အရိုးစွဲနေပြီမို့  ရွှေပြည်သားအပေါင်းတို့ မှာ ယုံရနိုးနိုးဖြစ်နေခဲ့ကြမယ်လို့ တထစ်ချပြောရဲပါတယ် ။
ပြောရဲ ဆို ၊ အရင်အခါတွေတုံးက အတွေ့ အကြုံတွေ အရ သိနေကြတာကိုး ။ အကြောင်းအမျိုးမျိုးပြပြီး နေ့ ရွှေ့  ညရွှေ့ ၊ ပြီးတော့လည်း မစို့ မပို့ နဲ့ မဟုတ်တရုတ် တွေပဲ ထွက်ထွက်လာကြတာဆိုတော့ မယုံကြည်ရဲသူတွေကိုလည်း အပြစ်ပြောလို့ မရပေဘူး ။ဒီလိုနဲ့ ဟုတ်မှဟုတ်ပါ့မလား၊ အဓိက သူရဲကောင်းတွေ ပါမှပါပါ့မလား၊ဆိုတဲ့ စိုးရိမ်စိတ် သံသယစိတ်တွေနဲ့ ကွန်ပြူတာရှေ့  တညနေလုံး ထိုင်ပြီး ကြား ကြားသမျှ တက်လို့ရသမျှ သတင်းဌာန ဝက်ဆိုက် တွေ ဝင်ကြည့် ဖတ်ကြည့် လုပ်နေရတာ မိုးကြီးချုပ်လို့  ချုပ်မှန်းမသိ ၊ သန်းကောင်ကျော် လို့  အာရုဏ်တက်ခါနီးထိ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရတယ်။ ကိုယ်တို့ လို သွေးမတော် သားမစပ် တစိမ်းသက်သက်တွေ အနေနဲ့တောင် ခုလောက်ထိ စိုးတထိတ်ထိတ် နဲ့စောင့်မျှော် နေခဲ့ကြတာ ဆိုတော့ တကယ့်သွေးသားရင်း မိဘမောင်နှစ်မဆွေမျိုးများဆိုရင် ဘယ်လောက်ထိ စိုးထိတ် ဝမ်းသာနေကြမလည်း ဆိုတာ တွေးကြည့်လို့ ရပါတယ်။
အိုင်တီခေတ်ကြီးမှာ လူလာဖြစ်ရတာ ကံကောင်းတယ်ပဲ ဆိုရမလား ၊ အင်တာနက် သတင်းဌာနတွေ၊ မျက်နှာစာအုပ်မှ သတင်းတွေကို အချိန်နဲ့ တပြေးထဲညီ အလွယ်တကူ ကြားသိဖတ်ရှုနိုင်တဲ့ အတွက်ကြောင့် ၊ အမိမြေမှ တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အားလုံးလည်း ခုလိုပဲ တန်းတူအခွင့်အရေးတွေ ရနိုင်ပြီး ကမ္ဘာကြီးပေါ်က ဖြစ်ပျက်မှု သတင်းပေါင်းစုံကို အလျှင်မြန်ဆုံး ရနိုင်ကြဖို့ သိနိုင်ကြဖို့ စိတ်ဆန္ဒတခုပေါ်လာမိသေးတယ် ။ အရေးကြီးတဲ့ သတင်း အတော်များများကို ဟိုးအဝေးကြီးက လူတွေ က ဦးစွာသိနေရတဲ့ အဖြစ်ကနေပြီး အားလုံး တပြိုင်နက်ထဲ သိနိုင်ကြဖို့ မျှော်လင့်မိတယ် ။ ထားလိုက်ပါတော့ ၊ ဒီအခြေအနေမျိုး မကြာခင်မှာ ဖြစ်လာတော့ မယ်ဆိုတာလည်း ယုံကြည်တယ် ။
ဒီလိုနဲ့ တမိုးချုပ်ပြီး အာရုံဦး အလင်းသစ်နဲ့ နေ့သစ်ရောက် ခဲ့ရပါပြီ ။ ယနေ့  ၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့  ( သောကြာနေ့ ) ။ ရာစုနှစ်တဝက်မျှ အမှောင်လွှမ်းနေခဲ့ရတဲ့ အချိန်များ ကို ကျော်လွှားလို့ လာခဲ့ပါပြီ ။ အမှောင်ထုတွေထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဘဝ နဲ့ အသက်များကို ပေးဆပ်ပြီး အနစ်နာခံ ခဲ့ရတဲ့ မြန်မာ့ သူရဲကောင်း ကြီးများ၊ ယုံကြည်မှု ကို အပွန်းမခံ အလံမလှဲ ရဲရဲဝံ့ဝံ့ ရပ်တည် ခဲ့ကြသူများ အားလုံးနီးပါးတို့ဟာ ယနေ့  မင်္ဂလာ ရှိတဲ့ ရက်မြတ်မှာ လွတ်လပ်ခွင့် ရခဲ့ပါပြီ ။
သတင်းတွေကလည်း စက္ကန့်ပိုင်းနဲ့ မခြား အပြိုင်အဆိုင် တက်လာလိုက်ကြတာလေ။ အသံဖိုင်တွေကလည်း တခုပြီး တခု အဆက်မပြတ်ပါပဲ ။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ သွေးချင်းများကို ဝမ်းသာအယ်လည်း ဖက်ပြီး ငိုနေကြ ၊ ပြုံးရယ်နေကြတဲ့ ပုံပေါင်းများစွာ ပလူကိုပျံလို့ ။
ကို မင်းကိုနိုင် လွတ်ပြီတဲ့ ..ဦးခွန်ထွန်းဦး လွတ်ပြီတဲ့ ၊ကိုဌေးကြွယ် လွတ်ပြီတဲ့၊ ကိုမြအေး လွတ်ပြီတဲ့၊ ကိုကိုကြီး လွတ်ပြီတဲ့ ၊ ကိုဂျင်မီ ၊ မနီလာသိန်း လွတ်ပြီတဲ့ ၊ အရှင် ဂန္ဘီရ လွတ်ပြီတဲ့ ၊ဘလော့ဂါ ကို နေဘုန်းလတ်၊ဂီတပညာရှင် ကိုဝင်းမော် လွတ်ပြီတဲ့၊ မစိုးရိမ်ဆရာတော်ဦးဝိစိတ္တ လွတ်ပြီတဲ့... လွတ်ပြီတဲ့ ....လွတ်ပြီတဲ့ ..လွတ်ပြီတဲ့ ..တချို့ပြောတာကတော့ . ၂၀၀ ကျော် . တချို့ကပြောတာ ၃၀၀ ကျော်..လွတ်လာပြီတဲ့..
ဖေါက်ခွဲရေး အမှုနဲ့ခေါင်းစဉ်တပ်ခံထားရသူ တချို့ ကလွဲရင် အားလုံး လွတ်လာကြပြီတဲ့..။
ဒီကြားထဲ ဆွမ်းဆန်စိမ်း ဆွမ်းကြီးလောင်းတဲ့ အထဲ ဘလာဗလာ ဘလာ.. ကြွက်ချေး အနည်းငယ်ပါလာသေးသတဲ့ ။ ထားလိုက်ပါတော့ ၊ အနှစ်နှစ်အလလက မျှော်လင့်တောင်းတနေကြတဲ့ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်လာရတာကို ပဲဝမ်းသာလှပါပြီ။ ဒါကြောင့်မို့  ဖဘ ကြီးပေါ်မှာ တွေ့ တွေ့ သမျှ သူငယ်ချင်းတွေကို နှုတ်ဆက်နေမိတယ် ။ မြင်မြင်သမျှ သက်ဆိုင်ရာ သတင်းတွေ စတေးတပ်တွေကို Like လုပ်နေဖြစ်တယ် ။သူငယ်ချင်းဟုတ်သူတွေရော မဟုတ်သေးသူတွေရော အပြန်အလှန်နှုတ်ဆက် စကားတွေ ပြောနေကြတာမြင်လိုက်ရတယ်။ အပျော်တွေ အပျော်တွေ ကူးစက်နေလိုက်ကြတာ ခုချိန်မှာ ကမ္ဘာ့ အပျော်ဆုံးလူသားများကို စစ်တမ်းကောက်ရင် ရာနှုန်းပြည့် သေချာတယ်၊ မြန်မာနိုင်ငံသူ နိုင်ငံသားများပဲ ဖြစ်ပါလိမ့်မယ် ။
တခါမှ ဒီနေ့ လောက်ထိ ကွန်ပြူတာနဲ့ မျက်စိ နဲ့ မခွာပဲ အကြာကြီး မနေခဲ့ဖူးဘူး ။ မျက်လုံးတွေ ကျိန်းစပ်နေပေမဲ့ တရစပ်တက်နေတဲ့ သတင်းတွေ လွတ်သွား မှာစိုးလို့  မျက်စိပျက်လည်း ပျက်ပါစေတော့လို့ အားခဲပြီး ကြည့်နေမိတယ် ။ သူတို့ တတွေ ဘဝပျက်ခံ ကျန်းမာရေးပျက်ခံပြီး ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတဲ့ ဒုက္ခလောက်မှ ကိုယ့်အဖြစ်က မဆိုးလှဘူးမဟုတ်လား။ ရင်ထဲတစ်ဆို့ဆို့ နဲ့ ၊ မျက်ရည်ပူတွေ ပါးနှစ်ဖက်ပေါ်စီးကျလာတော့မှ ကိုယ့်အဖြစ်ကိုယ် ပြန်သတိရမိတယ် ။သေချာတယ်၊ ဝမ်းသာလို့ ကျလာတဲ့မျက်ရည်များပါပဲ ။
အဲဒီမျက်ရည်များကို ဖန်တီးရှင် က ဘယ်သူပါလည်း ၊ ဗေဒင်မေးစရာ မလိုပါဘူး၊ အားလုံးအသိ ၊ အဓိက အခရာ ကြီး ကတော့ ကိုယ်တို့ ရဲ့ နိုင်ငံတော် သမ္မတကြီး မှ လွဲရင် ဘယ်သူများ ဖြစ်နိုင်ပါအုံးမလည်း ။ဒီတော့ သူ့ နေရာမှာ သူ့ ကိုယ်စား ဝင်ပြီး ခံစားကြည့်မိတယ် ။ သူလည်းလေ လောကီသားပေမို့  အမှားတခုခုကို အရင်က လုပ်ဖူးကောင်း လုပ်ဖူးခဲ့ပါလိမ့်မယ် ။ အရင်က စံစားနေရတဲ့ အပျော်တွေထက် ခု ပြတ်ပြတ်သားသား ပြုလုပ်ပေးလိုက်တဲ့ ကောင်းမှု အတွက် သူလည်း ပျော်နေပါလိမ့်မယ် ။ သူ အရင်က ဘယ်ပုံဘယ်နည်း ရှိခဲ့ပေမဲ့ ခုချိန်မှာတော့ အကြင်နာ တရား ပြည့်ဝ လာသူပေပဲ ။ ပြည်သူ့ အသံကို နားထောင်ပြီး လိုက်လျောပေးတတ်သူပေပဲ ။ ဆုံးဖြတ်ရခက်နေတဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားကို ဖေါ်ဆောင်ပေးလိုက်တဲ့သူပေပဲ ။ အရင်က အမြင်မကြည်လင်ခဲ့ မယုံရဲခဲ့ပေမဲ့ ခုတော့ မျက်ရည်များကြားထဲကနေပဲ အမြင်ကြည်လင်သွားရပါပြီ ။ ဒီတော့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
သမ္မတကြီး ကျန်းမာရွှင်လန်းစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ ။သန့်ရှင်းတဲ့ သမ္မတကြီးအဖြစ် တည်တံ့နေနိုင်ပါစေ ။နောင်ကိုလည်း မြန်မာပြည်ကြီးသာယာဝပြောရေး အတွက် စစ်မှန်တဲ့ ဒီမိုကရေစီလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ပေးနိုင်ပါစေ ။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်စေပြီး မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အိပ်နိုးချမ်းသာ အဖြာဖြာကို မျှတခံစားနေနိုင်ကြစေရန် ဦးဆောင် လမ်းပြ ပေးနိုင်ပါစေ ။
လွတ်မြောက်လာကြသော သူရဲကောင်းများအနေနဲ့လည်း အမိမြန်မာပြည်ကြီး တိုးတက်ကြောင်းအတွက် အစွမ်းရှိသမျှ ဆထက်တပိုးတိုးပြီး ဝန်းရံနိုင်ကြပါစေ ။ လားရာတူသော အရွေ့ များနဲ့ တညီတညွတ်တည်း ရှိနေနိုင်ကြပါစေ။
နာဆာကတွက်ထားတယ်ဆိုတဲ့ ၊ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် မှာ နီဘီရု ဂြိုလ်ကြီးနဲ့တိုက်ပြီး ပျက်မယ်ဆိုတဲ့ ကမ္ဘာကြီးလည်း ဆက်လက်တည်တံ့နိုင်ပါစေ..။ဒါပေမဲ့ ယုံကြည်နေတယ် ။ ကမ္ဘာကြီး လုံးဝ မပျက်စီးနိုင်ပါဘူး ။ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ကြီးက ခုမှ စပြီး တည်ထောင်ရအုံးမှာ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကြီးက ဝင့်ကြွားထယ်ဝါရအုံးမှာမို့ပါပဲ ။
ဒီဓါတ်ပုံလေးကို မနဒ္ဒာရဲ့ခွင့်ပြုချက်နဲ့ ဒီနေရာမှ ရယူပါတယ် ။
ရက်စွဲ ကွက်လပ်ကလေး ဖြည့်ပေးပြီးသွားတော့ မင်္ဂလာ အပေါင်းနဲ့ ပိုပြီး ပြည့်စုံသွားပြီပေါ့ ။
တို့ အားလုံးရဲ့  တဦးတည်းသော ဗိုလ်ချုပ် ။ သူက ရိုးရိုးသားသား ဗိုလ်ချုပ်တဦး ။ မှူးကြီး တွေ ၊ ကြီးတွေ နဲ့ ကြီးကြီးကျယ်ကျယ် သူ့ ကိုယ်သူ နာမယ်ပေးမထား ။ အရွယ်နဲ့  မလိုက်အောင် စိတ်ဓါတ် ခိုင်မာတယ် ။ ပြတ်သားတယ် ။ကိုယ်ပိုင် ဥာဏ်စွမ်း နဲ့  လုပ်ရည်ကိုင်ရည် ကြီးမားတယ် ။ရာထူး ဂုဏ်သိမ်မမက်၊ ကိုယ်ကျိုး မဖက်ဘူး ။ဘဝ တခုလုံးကို သူ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးအပ်ထားခဲ့တယ် ။ နူးညံ့ သိမ်မွေ့ တယ် ။မာန် မာန မထောင်လွှားဘူး ။တိုင်းသူပြည်သားတွေနဲ့ လက်ရည်တပြင်တည်း နေတယ် ။
တို့ ဗိုလ်ချုပ်ရဲ့  ရိုးသားတဲ့ ဘဝ ။လေးစားထိုက်တဲ့  အရည်အချင်းများ ။ စွမ်းပကားများ ကို နောင်လာ နောက်သားများ မမေ့မလျော့ကြစေရန် ၊ရည်မှန်းချက် ပန်းတိုင်ထိ မဆုတ်မနစ် ရှေ့ ဆက် ချီတက်ကြစေရန် အားပေး နှိုးဆော်ထားတဲ့ 
ဆရာ ရန်အောင် ရဲ့ “ ကျေးဇူးဆပ်လော့ ” အမည်ပေးထားတဲ့  ကဗျာလေး ကို ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။
အထက်ပါ ကဗျာ အပါအဝင် အခြားသော ဗိုလ်ချုပ်အောင်ဆန်းကဗျာစုများ ကို ဒီနေရာမှာ ဒေါင်းလုပ်ရယူ နိုင်ပါတယ်
တို့ ဗိုလ်ချုပ်ရဲ့  အထုပတ္တိ ဘဝ နဲ့ စွမ်းပကားများကို ရေးဖွဲ့ ထားတဲ့  ကို ICY ရဲ့  “ အောင်ဆန်းပေးတဲ့ မြန်မာပြည်” ဆိုတဲ့  စာကဗျာ ကို ဒီနေရာမှာ စုံလင်စွာ ဖတ် ရှု နိုင် ပါတယ် ။
ပြီးတော့ ရှိသေး ။ ဒီလ ။ ဒီရက် ဖေဖေါ်ဝါရီ ၁၂ ရက် ( ပြည်ထောင်စုနေ့ ) ။ အရင်အချိန်တွေ တုံးကတော့ နှစ်စဉ် တခမ်းတနားကျင်းပပေးခဲ့ကြတယ် ။ ပြည်ထောင်စု အလံကြီးကို တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို လက်ဆင့်ကမ်းသယ်ဆောင် အလေးပြုပြီး တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဖေါ်ဆောင်ခဲ့ကြတယ် ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းဆောင်မှုများ ၊ ခုတော့ နောင်လာ နောက်သားတွေ မသိနားမလည် ၊ တစတစ နဲ့  မေ့လျော့လာအောင် မသိမသာရော သိသိသာသာကြီးပါ လုပ်ဆောင်လာကြတာ ကို ဝမ်းနည်းစဖွယ် မြင်တွေ့ နေကြရတယ် ။
တို့  မြန်မာ လူမျိုးတွေ ဟာလည်း ကောက်ရိုးမီးလို တခဏတောက်ပြီး ပွဲပြီးမီးသေ ။ ဒါပေမဲ့ ပွဲလမ်းသဘင် အပျော်အပါးဆိုလည်း ကြိုက်လိုက်သမှ ၊ မနက်ဖန် စားဖို့  ဆန်အိုးထဲ ဆန်မရှိရင်သာ နေမယ် ၊ ဆိုင်းသံ ဗုံသံကြား ရင် မသွားရ မနေနိုင် ၊ ပျော်လိုက်ကြသမှ ၊ ဒီဘက်ခေတ် မှ ကျင်းပလာကြတဲ့ ဖေဖေါ်ဝါရီ ၁၄ ရက် ချစ်သူများနေ့ ( Valentine Day ) ဆိုပဲ ။ ကိုယ့်လူမျိုး ဓလေ့ထုံးစံတွေကို မသိကြ ရင်သာ ရှိမယ် ။ အဲ့ဒီ ချစ်သူများ နေ့ ( တကယ်ဆိုတော့ တာနီ (Terni)မြို့က Saint Valentiuns ဆိုတဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီးရောမမှာ ၊နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့ နေ့ပါ) မှာ ပန်းကလေး၊ ကဒ်ကလေး၊ ချောကလက်လေးများ မပေးကြရင်ပဲ ကိုယ့်ချစ်သူက ကိုယ့်ကို မေ့သွားမလား လို့ တောင် ထင်ရလောက်အောင် အလေးထားကျင်းပလာခဲ့ကြတာ ၊တွေးကြည့်ရင် တွေးတတ်ရင် ရင်မောစရာ များ ဖြစ်နေရပါပြီ ။
ချစ်သူတွေ အမြဲ တန်း နေ့ တိုင်း မမေ့မလျော့ ချစ်လို့ ခင်လို့ ရပါတယ်၊လောကကြီးမှာ အချစ်တွေဖုံး အပျော်တွေ လွှမ်းနေတယ် ဆိုတာ မင်္ဂလာ တပါးပေ မို့  ဒီချစ်သူများ နေ့ ကို မမေ့မလျော့ကြသလို ၊ တို့ တတွေရဲ့  လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နဲ့ သူ့ စကား တွေကို မမေ့မလျော့ ကြဖို့  အရေးကြီးပါတယ် ။ ဒီလိုမှ မဟုတ်ရင်တော့ တလွဲဆံပင်ကောင်းနေကြတဲ့ တို့ ရွှေပြည်ကြီးက xါ နိုင်ငံ ဖြစ်ဖို့  ပိုသေချာ နေပြီ လို့ပဲ ပြောချင်ပါတယ် ။
တို့ဗိုလ်ချုပ်သာ ခုနေများ ရှိနေမယ် ဆို အသက် ၉၅ နှစ် ။ သူချစ်တဲ့ တိုင်းပြည်ကြီးမှာ ခုဖြစ်နေတဲ့ အရာတွေကိုသာ မျက်ဝါးထင်ထင် တွေ့ မြင်လိုက်ရမယ် ဆို ရင် .....
နောက်ဆက်တွဲ သတင်းးး
ပြည်ထောင်စုနေ့မိန့်ခွန်း ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည်ထည့်မပြော
သောကြာနေ့၊ 12 ဖေဖော်ဝါရီလ 2010 သျှမ်းသံတော်ဆင့်
သျှမ်းပြည် ပင်လုံ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပင်လုံ နှင့် ဗိုလ်ချုပ်အောင်ဆန်း နာမည် တခွန်းတပါဒမျှ မလှစ်ဟသည့် နအဖ အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိန့်ခွန်းသ၀ဏ်လွှာကို ဒေသခံပြည်သူအား ဆင့်ခေါ်ပြီး နားထောင်စေခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
( အပြည့်အစုံ ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် )
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့ ။ ငယ်ငယ်တုန်းက အဓိပ္ပါယ် သေချာ နားမလည်တော့ တမျိုး အထင်မှတ် မှားခဲ့တယ် ၊ မသာ ကို တစ်ခေါက်သွားပို့ ပြီးရင် မကောင်းဆိုးဝါးကောင်တွေ ကပ်နေမစိုးလို့  ဘုန်းကြီးကျောင်း ဆယ်ခေါက်သွားမှ အဲ့ဒီ မကောင်းဆိုးဝါးကောင်တွေ ပျောက်တယ် လို့  လေ ။ အယူတိမ်းလို့  နတ်စိမ်း မဖြစ်တာ ကံကောင်း ။ နောက်မှ အဓိပ္ပါယ် သေချာ သိတော့ မိုး နဲ့ မြေလို ကွာခြား နေပါလား လို့  ကိုယ့် ကိုယ်ကိုယ် အပြစ်တင် မိတယ် ။ တကယ်ဆိုရင် တော့ မသာတခေါက် ပို့ လို့ ရတဲ့  အကျိုး ကုသိုလ် ဟာ ဘုရားပုထိုး ကျောင်းသွား တာ ဆယ်ခေါက်စာ နဲ့  ညီမျှပါတယ်တဲ့ ။ ဒါကြောင့် သာရေးကိစ္စ တွေကို မသွားဖြစ်ရင်သာ နေရမယ်။(အိုက်တင်တခွဲသားနဲ့ ဟန်ဆောင်ပြုံးပြီး ပြိုင်ဆိုင်နေကြတဲ့ မင်္ဂလာဆောင် ဧည့်ခံပွဲများဆို တတ်နိုင်သလောက် ရှောင်ခဲ့တယ် ) ။ နာရေးကိစ္စတွေ ကိုတော့ အတတ်နိုင်ဆုံး သွားတဲ့ အကျင့်တခု ဖြစ်လာရတာ ကြာပါပြီ ။ အသုဘ ရှုတယ်ဆိုတာ သံဝေဂ တရားရစရာတွေ အပြည့်ပဲမို့  ငယ်ငယ်က အသုဘ ဆိုတာ သွားကြည့်ဖို့  လိုက်ပို့ ဖို့  မပြောနဲ့  အသုဘ သတင်းမေးဖို့  သွားကြတဲ့ အဖေတို့  အမေတို့ နဲ့ တောင် လိုက်ဖို့  ကြောက်ခဲ့ သလောက် ၊ ခုဆိုရင် နာရေး ကိစ္စတွေကို မရောက် ရောက်အောင်သွားတတ်ပါတယ် ။လွန်ခဲ့တဲ့ ၂ နှစ် မြန်မာပြည် ပြန်တဲ့ အချိန် ခဏလေး အတွင်းမှာ အသုဘ ၃ ခေါက်ရောက်ဖြစ်ခဲ့တယ် ။ရေဝေး နှစ်ခေါက် ၊ ထိန်ပင် တစ်ခေါက်ပေါ့ ။ကိုယ့်အလှည့် ဘယ်တော့ရောက်မလည်းဆိုတဲ့ အတွေးတွေလည်း အခေါက်တိုင်းတွေး မိခဲ့တယ် ။
ဒါ့အပြင် ခေတ်နဲ့  အညီ အသုဘ ပို့ ရခြင်း ဒုက္ခ ဆိုတာ ဒီလိုပါလားလို့  သေချာ သိရတော့တယ် ။ နေရခက် တဲ့ ဒီခေတ်အခါကြီး မှာ သေတာကမှ ကောင်းအုံးမယ်လို့  အတွေးတွေ ရှိခဲ့ ဖူးပါတယ် ။ ဟုတ်ပါရဲ့  ။ သေသွားပြီးတဲ့ သူတယောက် ကတော့ ဝဋ်ကျွတ်သွားတယ်ပေါ့လေ ။ သူဘာမှ မသိတော့ ၊ မခံစား ရပေတော့ ဘူးပေါ့ ။ ဒါပေမဲ့ မသေပဲ ကျန်နေရစ်ရသူတွေ သေဖို့  အလှည့်ကျ ပါမစ်စောင့်နေရင်း ကွယ်လွန်သူချန်ခဲ့ တဲ့ ၊ လွှဲထားခဲ့တဲ့ တာဝန်တွေကို ဆက်ပြီး လက်လွှဲယူ နေရတာ ၊ အတော်လေး စိတ် မသက်မသာ ဖြစ်ရပါတယ် ။ တပူပေါ် နှစ်ပူဆင့်တယ် ဆိုတာတောင် နည်းသေးတယ် ဆိုရမလိုပါပဲ ။ကျန်ရစ်သူမိသားစုမှာ သူ နေမကောင်းစဉ်ပြုစု ကုသရတဲ့ စရိတ်စက ၊ ဒီခန္ဓာကိုယ်ကြီးကို မြေကျတဲ့ အထိ ကုန်ကျရတဲ့ စရိတ်စက ဆိုတာတွေ က နှစ်ပူဆင့်ရုံတင်မက ၊ တချို့ များဆို အိမ်ပေါင် ယာပေါင်၊ အိမ်ရောင်း ယာရောင်း နဲ့  ဘဝ ပျက်သွားခဲ့ကြတာတွေလည်း ရှိပါသေးရဲ့  ။
လူဆိုတာ သေမျိုးချည်းပဲ မို့  သေရတာ ဟာ မဆန်းပါဘူုး ။ဒါပေမဲ့ ကိုယ့်တိုင်းပြည်မှာ လူလိုနေပြီး လူလိုသေရဖို့  အခွင့်အရေးကို လူတိုင်း ၊လူတိုင်း တန်းတူ မရနိုင်ကြတာတွေ က ဆန်းနေပါတယ် ။ စိတ်သဏ္ဍန် မရှိတော့တဲ့  ကျန်ရစ်နေတဲ့ ရုပ်ခန္ဓာ ကြီး ကို လည်း လဒစား၊ ကျီးထိုး၊ ခွေးဆ၊ွဲ ဒီအတိုင်းပစ်ထားလို့  မရပါဘူး ။ လူပီသအောင် လူလိုသူလို စီမံပေးရမှာပါ ။( နာဂစ်မှ တွေ့ ကြုံ ကြားသိရတာများကို လူစိတ်ရှိသူတွေ မေ့ လို့ရမှာ မဟုတ်ကြဘူး လို့  ယုံကြည်ပါတယ် ) ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ကို လူကျင့်ဝတ္တရား နဲ့  အညီ ။ ကိုးကွယ်ရာဘာသာ ထုံးစံဓလေ့များနဲ့ အညီ သင့်တင့် လျှောက်ပတ်ရာ အရပ်တခုမှာ သဂြိုလ်ပေးခြင်းအမှု ကိစ္စကို ဆောင်ရွက်ပေးကြရမှာပါ ။ ရှေးယခင် ( နှစ် ၂၀ တောင် မပြည့်ခဲ့သေးတဲ့ အချိန်ထိမှာတော့ ရန်ကုန်မြို့ ကြီးမှာ ရှိနေတဲ့  ရွှေဂုံသူ ရွှေဂုံသားတို့  ဘဝ နိဂုံးမှာ လှဲလျှောင်းနားခို စရာ နေရာ သုဿန် သင်္ချိုင်းများဟာ မြို့ နဲ့  မဝေးကြတဲ့ နေရာတွေမှာ ရှိခဲ့ကြပါတယ် ။ ကြံတော ၊ နာနတ်တော ၊ တာမွေ ၊ ပြီးတော့  ကိုးမိုင် တရုပ်သင်္ချိုင်း တွေ အစရှိသဖြင့်ပေါ့ ။ဒီနေရာတွေဟာ သွားရ လာရ အဆင်ပြေနေပါတယ် ။ကားခတွေလည်းခုလို မတရားကြီး ဈေးမကြီးသေးပါဘူး။ ဒါကြောင့် အချိန်ခါ မရွေး လိုက်လံ ပို့ ဆောင် အသုဘ ရှု ဖို့  ။ လူမှုရေး အရ ကြည့် ရင်လည်း ဝတ္တရား မပျက်ကွက် စေတဲ့ သဘောနဲ့ ဖြစ်ဖြစ် ၊ ကွယ်လွန်သူတို့ ရဲ့  နောက်ဆုံးခရီးကို လိုက်လံ ပို့ ဆောင် ပေးလေ့ရှိခဲ့ကြ ပါတယ်လေ ။ လူချစ်လူခင်များတဲ့ နာမည်ကြီးသူများနဲ့ နိုင်ငံကျော်အနုပညာရှင်များရဲ့ ဈာပန မျိုးဆို တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ ကြတယ် ။တခါတရံများဆို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်မှ စပြီး အသံလွှင့်ရုံ နောက်ဖက်မှာ ရှိခဲ့တဲ့ကြံတော သုသာန်ထိ အသုဘ ပို့ ကားတန်းကြီးများ ရှည်လျား ခဲ့တယ် ။
နောက်ပိုင်းတော့ တိုးချဲ့လာတဲ့  မြို့ အနေအထားကြောင့် သင်္ချိုင်း တွေကို အလှမ်းဝေးတဲ့ မြို့ ပြင်ပ သို့  ရွှေ့ ပြောင်း ကြရပါတယ် ။ ဒါကလည်း သိပ် အကြောင်းမဟုတ်သေးပါဘူး ။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ ။ခေတ်နဲ့ အညီ ခေတ်မှီ ရွှေမြို့ တော်ကြီး အဖြစ်တတပ်တအား တည်ဆောက်ကြတဲ့ စီမံကိန်းတွေထဲ မှာ သင်္ချိုင်းရွှေ့ ပြောင်းရေး ဟာလည်း တခုအပါအဝင်ပေါ့ ။ မှတ်မှတ်ရရ ပဲ ဆိုရမလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ လားတော့ မသိ ၊ ဒါဟာလည်း ၈၈ ခုနှစ်အုံကြွမှု ကြီး အပြီး ၊ လှုပ်ရှားမှု အများဆုံးလို့  စံတင်ရလောက်တဲ့  ပစ္စည်းမဲ့ လူတန်းစားတွေ ကို မြို့ပြင်ထုတ်တဲ့ စီမံကိန်းတွေ နဲ့တူတူ တချိန်တည်းမှာ ကားစိမ်းစိမ်းကြီးတွေ နဲ့ ညသန်းခေါင်မှာ သင်္ချိုင်းပြောင်းရွှေ့ တာလည်း ပါခဲ့တယ် ။( ပြောင်းရွှေ့ တဲ့ အချိန်တုံးက ကြုံတွေ့ ရတဲ့  အံ့သြစရာ အဖြစ်ကို နောက်ကြုံမှ သပ်သပ်ပြောပြပါအုံးမယ် ) ။ ဒီလိုနဲ့ ပဲ သုသန်ပြင်တစ ဟာ ရေဝေး ၊ ထိန်ပင် ။ စတဲ့ နေရာတွေ မှာ တည်ရှိခဲ့ရတော့ ပါတယ် ။ သူတို့ ၂ ခုဟာ ရွှေမြို့ တော်ကြီးရဲ့  အဓိက တစပြင် ပေါ့ ။ အဲဒါကို ကိုယ်မြှုပ်ချင်တဲ့ နေရာ ကိုယ်တိုင်ရွေးချယ်လို့ မရပါဘူး ။ ရန်ကုန် အရှေ့ ပိုင်း ကလူတွေအတွက် ရေဝေး နဲ့  အနောက်ပိုင်း အတွက် ထိန်ပင် ဆိုပြီး သတ်မှတ်ထားပါတယ် ။ လိုချင်တဲ့ အရပ်မှာ မြှုပ်ချင် သင်္ဂြုလ်ချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း နားလည်မှု တွေနဲ့ ခြင်္သေ့တွေကို လမ်းခင်းရင်တော့ ဖြစ်တာပေါ့လေ ။
ဒီလို မြို့ပြင်ဖက်ဝေးလံတဲ့ နေရာတွေရောက်သွားကြတော့ ကျန်ရစ်တဲ့ ရုပ်ကလပ်ကို သယ်ယူပို့ ဆောင်ရေးက အဓိက ပြသနာ ဖြစ်လာရတော့ တာပါပဲ ။ရန်ကုန်မြို့ ရှိ အသီးသီးသော ဆေးရုံများမှ ၊ဒါမှမဟုတ် ကိုယ့်အိမ်မှာဆုံးပါးသွားသူများရဲ့ ရုပ်ကလပ်တွေကို သက်ဆိုင်ရာ ရေခဲတိုက်တွေဆီ ပို့ရတဲ့ ခရီးစရိတ် ၊ ဟာ သောင်းနဲ့ချီပါတယ် ။ ဒါကို မတတ်နိုင်ကြတဲ့ လူတွေ ၊မျက်နှာမွဲ နင်းပြားတွေ ၊ တနေ့စာ တနေ့ တောင် အလျဉ်မမီနိုင်ကြတဲ့ အလုပ်သမားတွေ ၊ယုတ်စွအဆုံး အစိုးရဝန်ထမ်းတွေ အများကြီး ရှိနေကြတယ် ၊ ဒါကြောင့် နေရတာခက်တဲ့ အပြင် သေရတာလည်းခက်လှ တဲ့ သူတို့တတွေရဲ့  ဒုက္ခများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ပေးဖို့ အတွက် နာရေးကူညီမှုအသင်းကြီးကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း မှာစာရေးဆရာ ၊ ဒါရိုက်တာကြီး ဘဘ ဦးသုခရဲ့ လမ်းညွှန်မှု ဖြင့် ဦးကျော်သူ( အကယ်ဒမီ ရုပ်ရှင်မင်းသား) နဲ့ စေတနာရှင်များက ဝိုင်းဝန်းတည်ထောင်ခဲ့ပြီး ဆင်းရဲချမ်းသာနှင့် လူမျိုးဘာသာမရွေးဘဲ နာရေးကိစ္စများအတွက် အခမဲ့ ပို့ဆောင်သဂြုင်္ိဟ်ပေးခဲ့ပါတယ် ။ဒီအဖွဲ့ကြီး အနေနဲ့ လည်း ၂၀၀၇ ခုနှစ် မတ်လမှာ သုခကုသိုလ်ဖြစ် ဆေးခန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တယ် ။ လေးစားမိပါတယ် ဦးကျော်သူ ။
စေတနာ အရင်းခံပြီး ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ ၊ အနစ်နာ ခံ လုပ်ဆောင်ပေးနေကြတဲ့ နာရေးကူညီမှု အသင်းကြီးရဲ့ လိုအပ်မှု များကို စေတနာရှင် ပြည်သူများ ပြည်တွင်း ပြည်ပမှ အလှုရှင်များက ထက်သန်စွာ ပေးလှူ ခဲ့ကြတာနဲ့ အမျှ ဒီအသင်းကြီးရဲ့  ဂုဏ်သတင်းဟာ ကောင်းသော ကျော်ကြား မှုများနဲ့  သတင်းမွှေးလာခဲ့တာ သဘာဝကျပါတယ် ၊ ဒါကို မနာလို မရှုစိမ့် ၊ သူတွေ ရှိလာရတာဟာတော့ အတော်လေး အံ့သြစရာ ကောင်းလှတယ်ပေါ့ ။ တကယ်ဆိုရင် တိုင်းပြည်ရဲ့  အစိုးရ အဖွဲ့  အစည်းများမှ လုပ်ဆောင်ပေးသင့်တဲ့ ဒီလို ကိစ္စရပ်များကို ၊မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်တဲ့ လိုအပ်ချက်များအား ပရဟိတစေတနာ အဖွဲ့ အစည်းများမှ ပံ့ပိုးပေးနေတာတွေကို လက်ခံ ကြိုဆို သင့်တယ် မဟုတ်ပါလား ။ ခုတော့ ရန်သူသဖွယ် မှတ်ယူနေသလားလို့  ထင်ရလောက်အောင်ကိုပါပဲ နည်းမျိုးစုံ နဲ့ ပြသနာ မျိုးစုံ ဖန်တီး နှောက်ယှက် နေပါတော့တယ် ။ ဒီ နာရေးကူညီမှု အဖွဲ့ ကြီးရဲ့  အခမဲ့ အသုဘ ပို့ ဆောင်တဲ့ အလုပ်ကို သူတို့ ဝင်ရောက် ချယ်လှယ်ခဲ့တယ် ။ အခကြေးငွေ ယူတဲ့ သူတို့အသုဘ ယာဉ်ကို မသုံးရင် လူသေကို သင်္ချိုင်း ပို့ ဖို့  လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ယူဖို့  ကြံ့ ကြာစေခဲ့တယ် ။နောက်ထပ်တမျိုး တိုး တာက ၊နာရေးကူညီမှု အသင်းကြီးပိုင် နိဗ္ဗန်ယာဉ်တွေ ကို မြို့ ထဲ ည မအိပ်စေရဘူးတဲ့လေ ။ရေဝေးသုသာန် နယ်မြေထဲ ရွှေ့ ပြောင်းပေးခဲ့  ရပါတယ်။ တယ်လည်းခက်ပါလားကွယ် ။.ေၾသာ္ဒုကၡပါလား မနာလို မစ ၦရိယ ။ မစားရတဲ ့ အမဲ သဲနဲ ့ပက္တာလား ။အာဏာရှင်က မေတ္တာ ရှင်တွေ ကို မသိစိတ်နဲ့ရော သိသိကြီးနဲ့ ပါ ကြောက်တာလား ။
ခုလည်းနောက်တမျိုး ၊ ကုသိုလ်ဖြစ်ဆေးခန်ကို နည်းမျိုးစုံ ရမယ်ရှာပြီး တရားစွဲ နှောက်ယှက် ဦးမယ် တဲ့လေ ။ကြံဖန် ရမယ်ရှာတာက ဆေးခန်းရှေ့ မှာ ရေမြောင်းမတူးလို့ ဆေးခန်းဖွင့်ဖို့  အမိန့် မချပေးပဲ ၊ အမိန့် မရှိ ဆေးခန်းဖွင့်လို့ ပါတဲ့ ။ အရပ်ထဲက လမ်း ၊ တံတား ။ ရေမြောင်းတွေဆိုတာ ကို တူးဖေါ်ဆောက်လုပ်တာဝန်ရှိသူတွေ ဟာ အစိုးရ စည်ပင်သာယာရဲ့  လုပ်ငန်း တာဝန် မဟုတ်ပါပဲလား ။ ဆေးခန်းကို အားကိုးတကြီးလာပြကြတဲ့ လူနာတွေ ကို မျက်နှာလွှဲ ခဲပစ် နေရတော့ မှာလား ၊။ သူတို့  ပိုင်ရာ ဆိုင်ရာ လူကြီးတွေဖွင့်ထားတဲ့ နာမယ်ကြီးဆေးရုံကြီးတခုဆို လိုင်စင်မရခင် နှစ်များစွာကတည်းက ခန်းခန်းနားနားကြီးဖွင့်ထားလို့ ရတာကို ကျ ဘယ်သူမှ တရားမစွဲရဲပါလား ။
သာရေးလည်းမရ ၊ နာရေးလည်းမရ ။ နေရခက် ၊ သေရခက် ။ဆိုတော့ ဝေရမလား ၊ ကြွေရမလား လို့ တောင် မဆုံးဖြတ်တတ်တော့ ပါဘူး ။ နာတာလေးတော့ ခွင့်ပြုကွယ် ..ခွင့်ပြုစေချင်ပါတယ် ။
(ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက် နှင့် နာရေးကူညီမှု အသင်းကြီးမှ စေတနာရှင်များရဲ့  ကုသိုလ်ဖြစ် လုပ်ဆောင်မှု များ အတွက် ဤစာလေးရေးပြီး အမှတ်တရ ဂုဏ်ပြု ပါတယ် ။ အမှန် တရား များ ၊ အောင်မြင်စွာ ရှင်သန်နိုင်ကြပါစေ )
ဒီနေရာလေး ၁ ၂ ၃ များ မှ ဒီသတင်းရ လို့ ပါ ။