ဒီတခေါက်တော့ ရောဂါသည် ဖွားကိက သူများတွေလို ဆန္ဒန်ဆင်မင်းဇာတ်ခင်းပြီး ငိုချင်းလည်း မချလိုပါ။ တချို့တွေ ပြောသလို ဒါး ဒါးချင်း ။ ဒုတ် ဒုတ်ချင်း လည်း မဖြေရှင်းလိုပါ ။ အခြေအနေပေးတဲ့အတိုင်း ခွေးဇာတ်ခင်းပြမှာပဲ ဖြစ်ပါတယ် ။ ခွေးဇာတ်ခင်းတယ် ဆိုလို့  တမျိုးတမည်တော့ မထင်ကြစေလိုပါ ။ စာအကြောင်းပေအကြောင်း ၊ကျန်းမာရေးအကြောင်း၊ ဆေးအကြောင်း၊မပြောချင်လို့ မပြော ။ လူတွေအကြောင်းလည်း မပြော ချင်လို့ မပြော၊ ပြောချင်နေတာက ခွေးတွေအကြောင်း၊ ခွေးဇာတ်လမ်း ကို တင်ပြမှာဆိုတော့ ခွေးဇာတ်ခင်းတယ် လို့ ပဲ လွယ်လွယ်ခေါ်လိုက်ကြရအောင် ။
အရှင်မွေးတော့ နေ့ချင်း ဆိုသလို ကျွန်ုပ်ရဲ့ ဇာတ်လိုက်ကျော်ကြီး အောင်နက်တကောင် စိုင်ကော်လို့ ခြုံပေါ်ရောက်ရုံတင် မက ရွှေဘုံရွှေနန်းပေါ်ရောက်လာခဲ့ပါပြီ ။ ခွေးအောင်နက် ဆိုတာ အရင်ခေတ် .အဲလေ..အရင် စာမျက်နှာ ဟောင်းများ အပေါ်မှာ နေစရာမရှိ စားစရာ နတ္တိ ဂလေဂချေ အလေဝတော ခွေးဝဲစားလေး တကောင်ပါ ။ သူ့ အိမ်သူသက်ထား ခွေးမယားက အနုပ်စုတ် ဂုတ်စုတ် ဂုတ်ကျားမ ။ သားတော်မောင် မိုက်ခဲဖိုးလပြည့် နဲ့ သမီးတော် ခင်ကလျာထွန့် ထွန့် လူး တို့ ခွေးမိသားတစု မြို့ ပြင် ရပ်ကွက်တခုမှာ နုံချာချာဘဝ နဲ့ နေခဲ့ကြရတယ်ပေါ့ ။
ဒီလိုနဲ့ ကံဇာတာတက် လန်ကာထွက် လာတဲ့အချိန် အကြံအဖန်ကောင်းလှတဲ့ သူ့ ယောက်ဖတကောင် ရဲ့ စောင်မကြည့်ရှုမှုကြောင့် အာနာပါန မကျင့်ဖူးပေမဲ့ ဗေဒင် ယတြာ ဓါတ်ရိုက်ဓါတ်ဆင်တွေ တန်ခိုး ကြောင့် အောင်နက်ကြီးခမျာ အာဏာပါဝါတွေ ရရှိလာခဲ့ပါတော့တယ် ။
အောင်နက်ကြီးက ပညာသာမတတ်တာ၊ ဟန်အမူအရာကတော့ မှင်သေသေမို့  အကြောင်းမသိသူတွေ ကို ဟိတ်ဟန်တလုံးနဲ့ ရိုက်စားတတ်ပါသေးရဲ့ ။ ဟန်ကိုယ့်ဖို့ ၊ မဟုတ်ပေလား ။လူရိုသေ၊ရှင်ရိုသေ မတန်မရာ မပြောတာမို့ ၊ ခွေးရိုသေ ခြင်္သေ့ရိုသေဖြစ်အောင် သူ့ ရဲ့ အမည်နာမကို အရင်ပြောင်းကြဦးစို့ ရဲ့လို့  စဉ်းစားမိတယ် ။ ခွေးဝဲစား ကို အောင်နက် လို့  ခေါ်ရတာ အဆင်ပြေပေမဲ့ ခုလို မင်းစာရင်းဝင် ဖြစ်လာတော့လည်း၊ ပြည်တော်ကြီးရဲ့ ထုံးစံအတိုင်း အမည်ပြောင်းရတော့တာပေါ့ ကွယ်။ အထွဋ် အညွန့် ကို “ဇော်” တပ်ခေါ်ရမဟဲ့ ဆိုပြီး ၊ “မင်း”ဆိုးရာဇာ အဲ..မင်းစိုးရာဇာ နာမည်လေးလည်း ပါရလေအောင် သူ့ နာမည်ကို “ အောင်ဇော်နက်မင်း” လို့ ပြောင်းလိုက်တယ်ပေါ့ ။ ထို့အတူပဲ ဝန်ကတော်သေရင် တကျပ် ၊ ဝန်မင်းသေတော့ တမတ် ဆိုတဲ့ စကားအတိုင်း(ဆိုင် ဆိုင် မဆိုင်ဆိုင် ထဲ့ရေးလိုက်သည်) ၊ ဝန်ကတော်နာမယ် ကိုလည်း ဝန်မင်းထက် ပိုတန်အောင် ဂုတ်ကျားမ ကို လေဒီမစ်ရှဲလ်ဂုတ်ကျား လို့ အမည်တွင်စေလိုက်တယ် ။လမပြည့်ပဲ မွေးထားတဲ့ သားတော်မောင် ကတော့ ဆက်မိုက်မြဲမို့  “မိုက်ခဲလကွယ်” ပေါ့။ ကျပ်မပြည့်တဲ့ သမီးတော် ခင်ကလျာနုနုထွတ် ကလည်းခေတ်စားနေတဲ့ ဘာမှန်းမသိတဲ့ ရောဂါဆန်း နဲ့ အတူ နာမည်ပြောင်းချင်လှပါရဲ့ဆိုလို့  ရှကီရာဂါဂါထွန့်လူး လို့ အမည်ပြောင်းပွဲကြီးကို မိုးလုံးပြည့်မုသာဝါဒါ သတင်းစာထဲမှာ ခွန်နှစ်ရက်တိုင်တိုင်ထဲ့သွင်းကြော်ငြာမောင်းခတ်လိုက်ကြလေတယ်။ ပလို့ဂျိ ..
ဘဝင်လေဟပ်သွားပေတဲ့ ဇာတ်လိုက်ကျော်ကြီး အောင်ဇော်နက်မင်း တကောင် မှာ အရင်က အမြှီးကုပ် ဝဲကုပ် ပြီး အမှိုက်ပုံတိုးစားနေရသလောက် ခုတော့ တပြည်လုံးကို လုပ်ကျွေးနေရတဲ့ ပုံစံ နဲ့ ခေါင်းမော့လည်ကျော့ အမြှီး တထောင်ထောင်ဖြစ်လာရပြီပေါ့ ။ရထားတဲ့ ရာထူးက မဖြစ်ညစ်ကျယ်ရပ်ကွက် ထဲက ဖြတ်ညှစ်(၁)ဝံမင်း ပေါ့ကွယ် ။ရပ်ကွက်တိုင်းမှာ ဝံမင်းတစ်ပါးစီရှိကြလေတော့ အများနဲ့ မတူ တမူးပိုရှူချင်တဲ့ ဇာတ်လိုက်ကြီးက သူ့ အရပ်နဲ့ မဆိုင်လည်း ဝင်ပါချင်နေတဲ့ အကျင့်လေးက ပိုပြီးတိုးလာသတဲ့။ သူ့ အပိုင် အရပ်ထဲက ရေပုတ်မြောင်းကြီး ၂ ခု ကို ရေညှာအရပ်က ပိတ်ပြီး အထဲက ဖါးတပိုင်း ငါးတပိုင်း တွေ၊ ဓါတ်ထုတ်တတ်တဲ့ ငါးရှဥ့်တွေကို အရမ်းကာရော လိုက်ဖမ်းစေပြီး လက်ဝေခံနဲ့တဆင့် ရောင်းစားတဲ့ အပြင် ရေပုတ်မြောင်းက ထွက်လာတဲ့ အမိုးနီးယား ဓါတ်ငွေ့ တွေကိုလည်း အိမ်နီးချင်း ရပ်ကွက် ကိုလက်ညှိုးထိုးပြီး ရောင်းစားလိုက်သေးသတဲ့ ။ သို့ပေသော်လည်း စားသုံးသူတွေအတွက် စေတနာရှေ့ ထားပြီး သူ့ အတွက် ပွဲခ ၁၀% လည်း ခွဲဝေယူပါသတဲ့ ။ ခုအချိန်မှာ ခေတ်စားနေတဲ့ ၇၀း၂၀း၁၀ အချိုးအတိုင်းပေါ့ကွယ် ။ သူက ရေထဲက ထွက်တဲ့ အဟွာတွေသာ ရောင်းစားချင်တာ၊ “ဂဏန်း” ကိုတော့ မကျွမ်းရှာလေတော့ ဟိုအရပ်က လူလည်ကြီး..အဲ ..ခွေးလည်ကြီးများနဲ့ အဖွဲ့ ရဲ့ လိမ်ညာလှည့်ပတ်ခြင်းခံလိုက်ရတာကို မသိရှာပဲ အတွက်အပေးမှာတော့ စက်သူဌေး ဖြစ်နေတာပေါ့ ကွယ်..
“ကိုအောင်နက် ၊ ရှင့်မလည်း တနေ့ တနေ့ ဓါတ်ငါးတွေ ဖမ်းနေရတာနဲ့ မအားရပါလား။ကျုပ်တို့ အိမ်အတွက် ဟင်းစားလေးများ ချန်ပါအုံးလား တော်။အလှူလဖက်နဲ့ မျက်နှာလုပ်၊ ခြေရင်း ခေါင်းရင်းအိမ်တွေလည်း ဝေရတာ ပေါ့။”
“ မင်းဘာသိလို့ လည်းကွ ၊ ခုအချိန်မှာ ငါ့ထက်တတ်တဲ့ သိတဲ့ကောင် ဘယ်သူမှ မရှိဘူး ။
ငါ့အရပ်က အဲဒီရေမြောင်းကြီးကလည်း ထိန်းသိမ်းတဲ့သူမရှိလို့ ပျက်စီးနေတာ ၊ သူ့ ဖါသာ သူ စီးချင်သလို လျှောက်စီးနေတာပဲကွ ။ ငါနဲ့မဆိုင်ဘူး ။ ငါက စေတနာနဲ့လည်း မြောင်းထိပ်က ပိတ်ပေးရသေးတယ် ။ဘာမှားလို့လည်းဟ။ ရတဲ့ ဟာတွေလည်း ငါ့အိမ်မှာ ပိုနေလို့  ရောင်းစားတာ ကွ.. နေစမ်းပါအုံး မင်းကိုပြောရအုံးမယ်.. လူရှေ့ အဲ..ခွေးရှေ့ မှာ ငါ့ကို အောင်နက်လို့ မခေါ်နဲ့ ၊ ခွေးရိုသေ ကြောင်ရိုသေ ငါ့နာမည်“ အောင်ဇော်နက်မင်း” ၊ မှတ်ထား ”
”အင်းပါတော် ၊ကျုပ်ကလည်း ခု ၊ အိမ်ထဲမှာ ဘယ်သူမှ မရှိလို့  ရှင့်နာမယ်အရင်းကိုခေါ်တာ၊ အကျင့်ပါနေလို့ပါတော်။”
လေဒီမစ်ရှဲဂုတ်ကျား ခမြာ လင်တော်မောင် အရှိန်ကိုကြောက်ပြီး လေပြေထိုးလိုက်ရလေတော့တယ်။ နို့မို့ဆိုရင် ဘာပြောကောင်းမလည်း ကတ်ကတ်လန်ပြီး ပြန်ရန်တွေ့ လိုက်တာ ကြာပြီပေါ့ ကွယ် ။ ခုတော့ စိန်နားကပ်ကြီးပန်ရမလို သီချင်းလေး စိတ်ထဲမှာဆိုပြီး အောင်နက်ကြီးကို စကားနည်း ရန်စဲ အဆင်ပြေအောင် နေပြလိုက်ရပါလေတယ်တဲ့ကွယ် ။
........................................................................
“ကိုကိုမောင်မောင်အောင်ဇော်နက်မင်း... ရေ ။ အံမလေး ရှင့်နာမည်ကြီးခေါ်နေရတာ ကျွန်မ အသက်ထွက်တော့မယ်...ကအောင်နက်ရေ ကအောင်နက်ရဲ့ ဒီဘက်ခန လာစမ်းပါအုံး ”
“ စောစောစီးစီး ဘာဖြစ်နေပြန်တာလည်း ဒီမိန်းမတော့ တယ်လေ၊ ငါ့အလုပ်တွေ ရှုပ်နေရတဲ့အထဲ မင်းကတမှောင့်”
“ရှင့်မှာ ဘာအလုပ်များရှုပ်စရာ ရှိလို့တုံး ။ လက်ညိုးညွန်ပြီး ဟိုခွေးခိုင်းလိုက် ဒီခွေးခိုင်းလိုက် နဲ့ အချိန်ကုန်နေတာပဲဟာ။ ဒီမှာလာကြည့်ပေးအုံး ။ မီးဖိုထဲက ဂက်စ်အိုး ပျက်နေပြီ ။ အဝတ်လျှော်စက်လည်း မလည်တော့ဘူး။”
“ ဟ..မင်းက ဒါလေးတောင် မလုပ်တတ်ဖူးလားကွ ။ ဂက်စ်အိုးပျက်တာမဟုတ်ဖူး ဟ ၊ အထဲမှာ ဂက်စ်ကုန်နေတာ ။ မှန်းစမ်း ..ဒီ အဝတ်လျှော်စက်.... အာ.. မင်းကလည်း တုံးပါ့ ၊မီးမှမလာတာကြီး ဘယ်လည်မတုံးဟ။ မင်းလည်းခက်တာပဲ ။ ဘာမှ ငါ့လောက် မသိဘူး မတတ်ဘူး ”
“ဟမ်.. ကျုပ်က ဘာသိမှာတုံး ကဖိုးသိရဲ့ ၊ရှင်ပဲနေရာတကာ သိနေ တတ်နေတာလေ ။ သူများကြားရင် ရယ်စရာ ဖြစ်နေအုံးမယ် ။ ဖြတ်ညှစ်ဝံဂျီးအိမ်မှာ ဂက်စ် မရှိတာ ၊ဝံဂျီးရပ်ကွက်ထဲ မီးပြတ်တာ လေ”
“ အိုးးးး အဲဒါတော့ ငါ့အိမ်ပိုနေတယ် ထင်ပြီး ရောင်းစားထားမိတာကိုးကွ ။ငါပေသီးချ တွက်ကြည့် တုံးက ပိုနေပါတယ် ။ ငါသေသေချာချာ တွက်ထားတာပါကွ ၊ အတွက်မှားမစိုးလို့ ဟို အေဘီစီဒီ အဖွဲ့က ကောင်တွေကိုတောင် သန်း၂ ကောင်ပေးပြီး တွက်ထားခိုင်းလိုက်သေးတယ် ။ ”
“ကဲ..ဘယ်သူအတွက်မှားမှား အခုလောလောဆယ် ဘယ်လိုလုပ်ကြမလည်း ။တော်မြိုဖို့ ထမင်းဟင်းချက်ရအုံးမယ် ။ အဝတ်လျှော် မီးပူတိုက်ရအုံးမယ် ။”
“ လွယ်ပါတယ်ကွာ ။ဖုံးဆက်ပြီး ငါ့ ရုံးက အကောင်တွေ ကို လာပို့ခိုင်းလိုက် ။ ”
“ ဂက်စ်ကတော့ အိုးနဲ့ထဲ့လာလို့ရတာပေါ့ရှင့်.. ၊ ရှင့်မီးက ကွန်တိန်နာနဲ့ထဲ့လာလို့မှ မရတာကြီး ”
“ မင်းကလည်း တယ်အ သကိုး ။ အီးပီစီက အကောင်တွေ ကိုပြောလိုက် ။ ငါပြောတယ် လို့ မပြောနဲ့.. အဲ.ငါခိုင်းတယ် လို့ ပြော.. သွား ၊ မြန်မြန်”
အောင်နက်ကြီး စိတ်မရှည်တော့တာနဲ့ သူ့ လေဒီဂုတ်ကျားကို ဖိဟောက်နေပါလေရောတဲ့ကွယ် ။
............................................................................
“မောင်အောင်နက်ရေ ..ဟေး မောင်အောင်နက် ရှိသလား ဟေ့”
မနက်စောစော အိမ်ရှေ့ မှ အော်ခေါ်သံကြားလို့ အောင်နက်တကောင် မျက်မှောင်ကုပ်သွားမိတယ် ။ စိတ်ထဲမှာလည်း မကြည်လင်တော့ ။ ဒီအသံကြီး ဘယ်အချိန်ကြားကြား ဘယ်နေရာမှာကြားကြား အသည်းထဲ စွဲနေအောင်မှတ်မိနေရတဲ့ ယောက္ခထီးကြီး “အော်စတင်ဆော်ရှောက်ဖန်” မှန်း ပြေးမကြည့်ပဲ သိလိုက်တာပေါ့ကွယ် ။ယောက္ခထီးကြီးကလည်း ခေသူမဟုတ် ၊ ခေတ်ရေစီးကြောင်းနဲ့အတူ ရောဂါဆန်း ရနေတဲ့ ရောဂါသည် တယောက်မို့  နာမည်ပြောင်းခြင်းအမှုကို ပြုပြီးသား။ သာမာန်ခွေးဘဝက “ လေးလုံး” အမည်ကို ပြိန်းတယ်ဆိုပြီး အကြံအဖန်လုပ် တရန်ဆုပ် ဖို့  အဲ..တရုပ်ဆန်ဖို့ အထက်ဖေါ်ပြပါ အမည်သစ်နဲ့ အဆီရစ်နေသူပါပဲ ။
“ဟေ ။ မောင် အောင်နက် ဪ မေ့လို့  မောင်အောင်ဇော်နက်မင်း ရေ ။ မင်းဆီ တောင်းစရာ ရှိသေးလို့ လာတာပဲကွ။ လုပ်စမ်းပါအုံး ကားပါမစ်လေး ”အလကားရ သွားဖြဲကြည့် ကောင်းတာအကုန်ယူ အာဂလောက် အသံကြီးနဲ့ ပြောလိုက်သူကတော့ အောင်နက်ရဲ့  ယောက္ခထီင်္းကြီးပဲပေါ့ ကွယ်
“ ဟာ.. အဖေ ၊ ဒီကိစ္စ ကျွန်မယောကျာင်္းနဲ့ မဆိုင်ဘူးလေ ။ သူက ဖြတ်ညှစ်(၁) ဝံဂျီးပဲဟာ ၊ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ ဖယောင်းတိုင်နဲ့ လက်နှိပ်ဓါတ်မီးဝံဂျီး အဖြစ်ပါ တွဲဘက် တာဝန်ယူနေရတာလေ အဖေရဲ့ ။သူ့ အလုပ်တွေက များကများ နဲ့ ။”
လေဒီမစ်ရှဲဂုတ်ကျားမ က သူ့ ယောကျာင်္း အမျက်တော်ရှမှာစိုးလို့ ကာကာကွယ်ကွယ် ရှောင်ပြော ပြောလိုက်တယ်တဲ့။
“ ဘယ်သူပြောလည်း ၊ငါနဲ့ မဆိုင်ဘူးလို့ ။ ဟေ့ဒီမှာ အောင်ဇော်နက်မင်း တဲ့ကွ ၊ တမင်း ထဲ ရှိတယ် ။ နှစ်မင်းရှိရင် တဂူထဲ မအောင်းဘူး ကွ ။ ငါ ခြင်္သေ့ ။ သိတယ် မလား ။ခုခေတ်မှာ ငါပဲတတ်တာ ။ ငါ့ထက်တတ်တဲ့သူ တောင် ငါ့လောက်မတတ်ဘူးကွ ။”အောင်နက်ကြီးက ဂုတ်ကျားမကို ဟိန်းဟောက်လိုက် သတဲ့ ။
ပြီးတော့မှ ယောက္ခကြီးဖက်လှည့်ပြီး “ ကဲ.. ပြောပါ အဖေ ၊ ကားပါမစ်က ရပါတယ်။ ၄၀ ကျော်နေတဲ့ အိုမင်းရွတ်တွ အဟောင်းတွေ အသစ်ပေးမလိုလို နဲ့ ဂွတ်စက္ကန်းဟန်းတွေသွင်းလာဖို့  ဂွင်ရိုက်ပြီးသား ပဲလေ။အရောင်းပြခန်းတွေလည်း ချိတ်ထားပြီးသား၊ စိတ်ချ အဖေရဲ့။ ဒီသတင်းကြောင့် ဒေါ်လှအပြားကြီးတောင် ဈေးတွေ တက်လာပြီ မဟုတ်လား ။ဟဲဟဲ ။ ကျွန်တော် သိပ်သိတာပေါ့ ။ဟဲဟဲ”
ယောက္ခမရှစ်ခိုးသွားမကျိုး ဆိုတော့၊ အောင်နက်ကြီး အတွက်“ ယောက္ခထီးဂွင်ထွင်၊ ရောဂါစင်” လို့ ပြောလို့လည်း ရမယ်ထင်ရဲ့။
သူ့ စကားကြောင့် ယောက္ခထီးကြီး ဆော်ရှောက်ဖန် တကောင် အူမြူးသွားတော့တယ် ။ သူ့ လက်ထဲမှာ အောက်ဈေးနဲ့ ဆွဲထားတဲ့ ၄၀ ကျော် အအိုကြီးတွေ တန်းစီလို့  နေပြီပဲဟာ ။ ၃၅၀၀ ပြ ဖို့လောက်ကတော့ မိုင်နာ တွေပဲလေ ။ ဒီတချီလည်း ဆော်ရှောက်ဖန်တို့ ဝဲစွဲ အုံးမယ် ။ အဲ.. ပျားစွဲ အုံးမယ်ပေါ့ ။ပိညှက်သွားရာ ဓါတ်ပါ ဆိုသလို သူ့ နာမယ်ရွေးတာမှန်သွားရခြင်း အတွက်လည်း မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ ကြံဖို့ဖန်ဖို့ အကွက်ချပြီးသားပဲပေါ့ ။
.........................................................................
“ ကအောင်နက် ရေ ။ ရှင့် သားတော်မောင် ကို ဘာခိုင်းထားသတုံး ။ ကျုပ်သားလေး မတွေ့ တာတောင် အတော်ကြာနေပြီ ”
“ မင်းတို့ မိန်းမတွေ နေရာတကာ တယ်စပ်စုတာပဲ ။ ငါ တတ်လို့ ငါလုပ်နေတာ ငါ့သား ငါခိုင်းနေတာ ။ ဟိုမေး ဒီမေး မလုပ်နဲ့ ”
“ ရှင့် သား ကို ရှင်တယောက်ထဲ ပိုင်တယ် ထင်နေသလား ။ ကျုပ်ဗိုက်ထဲကနေ မွေးထားရတာ တော့်၊ ကျုပ်သားဘာလုပ်နေတယ်ဆိုတာ ကျုပ်လည်း သိထားရမှာ ပေါ့ “
“အေး ။ မင်းသိချင်ရင် ငါပြောမယ် ။ ဒီကောင့်ကို ဟိုမြောင်းပုတ်ပိတ်ပြီး ငါရောင်းစားထားတဲ့ နေရာမှာ ဟိုဘက်က ကန်ထရိုက် ဟောင်ကောင်သားတွေနဲ့ ရှယ်ယာလဲလုပ် ပွဲစားလဲ လုပ်ဖို့  ခိုင်းထားတယ်ကွ ။ နှစ်ဖက်ခွစားလို့ ရအောင်ပေါ့ ။ခွေးထီးပဲကွာ ဘယ် ရောက်ရောက် အမြီး မပျောက်ပါဘူး ။စိုးရိမ် မနေနဲ့ ”
“ ဟင် အဲဒီ ကန်ထရိုက်တွေက ဟောင်ကောင်ကနေလာကြတာလား ။”
“ မင်းကလည်း အတော်ပိန်းတာပဲ ။ ငါတို့ ထက် ပိုဟောင်တတ်တဲ့ အကောင်တွေမို့  ဟောင်ကောင်သား လို့ ခေါ်ကြတာကွ ။ ခုဆို နေရာတကာ သူတို့ အမျိုးတွေချည်းပဲ လေ။ သဟာကြောင့် ဒင်းတို့ ကို ဖါးတတ်ရင် မြိုးမြိုးမျက်မျက် စားရ ဝါးရတာပေါ့ကွာ ။ ”
အဲဒီအချိန်မှာ အောက်နက်ကြီးက ပီတိနှလုံး ဖုံးပြီးပြုံးဖြီးဖြီးကြီးနဲ့ ပေါ့ ကွယ်။
“ အေးပါတော် ကလူသစ်..အဲလေ ကလူတတ်ကြီး ၊ ရှင့်ကို ဒါကြောင့် ကျုပ်ကလည်း တနေ့တခြား....ခစ်ခစ်ခစ် ”
လေဒီမစ်ရှဲဂုတ်ကျားမကလည်း ခေသူမဟုတ်တော့ စိန်နားကပ် စိန်ခြေကျင်းတွေ မျက်စိထဲ မြင်ယောင်လာပြီး တခစ်ခစ် ပေါ့ ကွယ် ...။ နောက်ဆုံးမတော့ သားအကြောင်းမေးရင်းကနေ ကတော်တို့  ထုံးစံအတိုင် ရတနာစိန်ကျောက် ဇယ်တောက်လို့ ကစားချင်တဲ့အကြောင်းနဲ့ အဆုံးသပ် စိတ်ကူးယဉ်မိနေပါတော့တယ် တဲ့ကွယ်။
....................................................................
“ လေဒီ ရေ ၊ အိုးမိုင် လေဒီ ရဲ့ ။ ဘယ်ရောက်ပြီး ဘာတွေလုပ်နေတာလည်းကွဲ့ ”
အောင်နက်ကြိးတကောင် စိတ်ကောင်းဝင်နေချိန် စိတ်ကြည်နေချိန်တွေမှာ သူ့ ဂုတ်ကျားမကြီးကို ခုလို ပဲ သာယာပျော့ပြောင်း နှာဘူးလောင်းလေသံနဲ့ ခေါ်တတ် ကြည်စယ်တတ်လေသတဲ့ ။
“အို.. ကိုကို ဇော်နက်ရယ် ၊ ကျွန်မ ဒီအခန်းထဲမှာ ရှိနေတယ်လေ ။ ဘော်ဒါတွေ စုံနေတာနဲ့  ထုံးစံအတိုင်းပေါ့ ကိုကိုရယ် ”
ဂုတ်ကျားမကလည်း ဘယ်ခေလိမ့်မလည်း၊ကတော်တွေ စုမိတိုင်း ဝိုင်းတတ်ကြတဲ့ ပိုကာဝိုင်းကနေ မထပဲ ဒီကွေ့ ရောက်တော့ ဒီတက်နဲ့ လှော်တာ ကျွမ်းပြီးသားပဲမို့ ကနွဲ့ကရလေသံနဲ့ ပြန်ဖြေလိုက်လေတယ် ။
“ဪ.. အေးပါကွာ ၊ မင်းစိတ်ချမ်းသာရင် ပြီးတာပါပဲ။ ကဲ..အားလုံးပဲ စားရင်းသောက်ရင်း နဲ့ ဆက်ကစားကြပါဗျာ ။ ”
ခွေးကြီးခွေးကောင်း ခွေးဝံကတော် အပေါင်းတို့  ရှေ့ မှာမို့  အောင်နက်ကြီးမှာ မချိသွားဖြဲ နဲ့ အဆင်ပြေအောင် ဆက်ပြောနေရပါတယ် ။ အင်း ။ အထက်ကိုဖါးလို့  အောက်ကိုပြားအောင်လုပ်ရတဲ့ အထာတွေ နောကျေနေပြီပဲလေ ၊ဇော်အောင်နက်မင်းပဲ ဘာရမလဲ။
အောင်နက်ကြီးတကောင် သူ့ လေဒီကို စကားပြောဖေါ်ရှာမရတော့ ရှုမငြီးတဲ့ ချစ်သမီးဆီသွားပြီး အလာပ္ပ သလာပ္ပ ပြောဖို့ အတွက် ရှကီရာဂါဂါထွန့် လူး အခန်းဆီသို့  တက်လာခဲ့တယ် ။သမီးတော်အခန်းပေါက်ရောက်တော့ တံခါးကို ခေါက် ၊ ဘာသံမှ မကြားတာနဲ့ တံခါးကိုဖွင့်ပြီး ဝင် ။ အထဲမှာ ဘယ်ခွေးတကောင် ကြောင်တမြီး မှ မရှိ ။ဪ ။ သူငယ်ချင်းတွေ နဲ့ ကာရာအိုကေများသွားကြလေသလား ၊ စပါး( SPA) ထဲသွားပြီး အကြောအချဉ်လျှော့နေလေသလား ။ရှော့ပင်းစင်တာစုံအောင်ပတ်ပြီး တွေ့သမျှဝယ်နေကြလေသလား ။ အင်းလေ ငါရှာသမျှ သူတို့ အတွက်ပဲ ဟာ သုံကြပစေ ဖြုန်းကြပစေ ။ ဒီလောက်လေးများ ဘာအရေးလည်းပေါ့ ။ သမီးတကောင် ကျားတထောင် အဲလေ နွားတထောင် ပေမဲ့ စိတ်တော့ မပူလှ ။ မပူဆို သမီးတော် အနားမှာ ဘော်လီကပ် ..အဲ.. ဘော်ဒီကပ် ၂ယောက်က အမြဲ ရှိနေမင့်ပဲ ဟာ။
အဲသလိုနဲ့ စကားပြောစရာ မိန်းမ ကလည်း အနားမှာ မရှိ ။ သားတော် နဲ့ သမီးတော်တွေကလည်း အပြင်ထွက် လမ်းသလားနေကြတာနဲ့ အောင်နက်ကြီးတကောင်ထဲ ငေါင်စင်းစင်း ဖြစ်လာသမို့  အခန်းထဲက သူ့ ပန်းသီး လက်ပတုတ်လေး အသာဆွဲပြီး ဗီအိုင်ပီ အမြန်နှုန်းနဲ့ဆက်ထားတဲ့ အိမ်သာနတ်ကိုသုံးလို့ ခေတ်နဲ့အပြိုင် ကမ္ဘာ့ ရွာကြီးထဲ လည်ရအောင် အဖေ့ဘုတ် စာမျက်နှာထဲ ဝင်လိုက် ထွက်လိုက် နဲ့ ရွာလည်နေတာပေါ့ကွယ် ။ အဲသလိုနဲ့ ရုတ်တရက်
“အံမာလေး သောက်ကျိုးနဲ ၊ ငါ့ မျက်နှာကြီးထဲ ဝင်ဆဲသွားလိုက်ကြတာတွေ မနည်းပါကလား ကွယ်ရို့  ။”လို့ ထဟောင်မိလိုက်သတဲ့ကွယ်။
အဖြစ်ကတော့ ဒီလိုပါ ၊ အောင်နက်ကြီးရဲ့  ဖဘမှာ ရှိရှိသမျှ သူတွေ ဝင်ပြီး ရှစ်.. တွေ တထောကြီး ၊ မအေပေးပြီး နှမယူ၊ ..ချီးမြှင့်ဂုဏ်ပြုခြင်းခံရတဲ့ အကြောင်းကတော့ ငါသိ ငါတတ် ဘယ်သူ ဘာပဲပြောပြောလုပ်မှာပဲလို့ ခွေးရူးခွေးတမ်း ရမ်းမိခဲ့သမျှ ၊ မြင် မြင် သမျှ သူတွေကို ဖရင်းလုပ်ထားမိသမျှ ခုတော့ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရတာပဲ ပေါ့ကွယ်။
ဒီလိုနဲ့ အောင်နက်ကြီးတကောင် အမြှီးညပ်ခံနေရသလို အီလည်လည်ကြီး နဲ့ ပဲ ညနေစောင်းပါလေရော ။ ဝိုင်းနေကြတဲ့ မဒမ်ကတော် ဘော်ဘော်တွေ အဖွဲ့ လည်း အသီးသီး ပြန်ကြလေပြီရောပေါ့ ။ လေဒီဂုတ်ကျားကလည်း ရေမိုးချိုး အလှပြင်နဲ့ မပြီးနိုင်တော့။ မိုးကလည်း တစ တစချုပ်လာ ။ သားတော်မောင်တယောက်လည်း အပြင်မှာ သောက်လာတဲ့ အရှိန်ကြောင့် အိမ်လည်းပြန်ရောက် မှောက်လည်းမှောက် ။ သူ့ အခန်းသူဝင်သွားတော့ တော်ကီပွားချင်နေတဲ့အောင်နက် နေရခက်နေတယ်တဲ့ ။
သမီးတော် တယောက် အိမ်ပြန်မရောက်သေးပါလား ။သူမ လက်ကိုင်ဖုံးကိုဆက်တော့လည်း လူကြီးမင်းနှင့်သာ တွေ့ နေရ။ လေဒီဂုတ်ကျားမ ကိုမေးကြည့်တော့လည်း ဘာမှမသိ ။ ခက်တာပဲ ။မိုးကြီးတစတစ ချုပ်လာတာနဲ့ အမျှ အောင်နက်ကြီး ရင်တွေ တစတစ ပူလောင်လာတော့တယ် ။တညလုံး အိပ်မရ ။ သမီးလေး တယောက်ထဲမို့  ဖူးဖူးမှုတ်ချစ်ရလေတဲ့ ဖခင်မေတ္တာတော့ ရှိပါလေရဲ့ ။ ညသန်းကောင်ကျော်ပြီ မဖြစ်ချေဘူး လို့ သမီးတော် အိပ်ခန်းကို ဝင်ပြီး သေချာကြည့်တော့မှ စားပွဲပေါ်မှာ တင်ထားတဲ့ စာရွက်တရွက် တွေ့ လို့ ကမန်းကတမ်း ဖတ် အပြီး မှာ တော့...အောင်နက်ကြီးတကောင်လည်း အသားတွေ တဇတ်ဇတ်တုန် ၊ မျက်စိမျက်နှာပျက် ၊ဇက်ကြီးလိန် လို့ ၊ နေရာမှာတင် ဗိုင်းကနဲ လဲကျသွားရလေသတဲ့ကွယ်။
စာထဲမှာရေးထားတာလေးကတော့...
သို့  ချစ် ဒယ်ဒီနဲ့မာမီရှင့်
သမီး ချစ်သူ “ကိုပေါချောင်ကောင်း” နောက်ကို လိုက်သွားပါပြီရှင့် ။ သူနဲ့သမီး မေတ္တာမျှနေကြတာ ကြာပါပြီ။ ဒယ်ဒီ မိတ်ဆက်ပေးတဲ့ သဘောတူတဲ့ ဒယ်ဒီ့မိတ်ဆွေ ရေပုတ်မြောင်းပိတ် စီမံကိန်းက သဌေး “စတီဗင်ဖင်ရန်း” အသက်ကြီးကြီးကို သမီး မချစ်ပါဘူး ရှင့်။ သူတို့အလုပ်ဆီ ခေါ်လည်တုံးက တွေ့ ခဲ့ရတဲ့ မြောင်းတူးအလုပ်သမား ကိုအချောင် နဲ့ သမီးတို့ လူငယ်ချင်း မေတ္တာမျှနေတာကို ဒယ်ဒီတို့ သဘောမတူမှန်း သိတဲ့အတွက် ခုလို လိုက်သွားရတာပါ ။သမီးတို့ ချစ်ခြင်းကိုမခွဲပါနဲ့နော် ။ သမီးတို့ ကိုလိုက်မရှာပါနဲ့ ။
မှ/ ချစ်သမီးမိုက် ရှကီရာဂါဂါထွန့် လူး..
ဪ.. ခွေးတတ်ကြီး အောင်ဇော်နက်မင်းတကောင် သူ့ အတတ်သူစူး လို့ မတော်ချင်ပဲ တော်ရတော့မဲ့ တရက်သမုတ်၊ တရုပ်သမက်လေး ပေါချောင်ကောင်းရဲ့ ပြီတီတီ မျက်နှာပေးကို အခါခါ မြင်ယောင်ရင်းဖြင့် တောက်ခေါက်ရင်းနဲ့ တဥတည်းသော သမီးတော်အရင်းခေါက်လေးအား ယူကြုံးမရ နှမြောတသစွာ ဖြင့် နောင်တတွေ တလှေကြီးရလိုက်ချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့လေပြီပေါ့ကွယ်...
(ခုတလော ခေတ်စားနေတဲ့ ရောဂါဆန်းကြီးတခုရဲ့လှိုင်းကို အမှီလိုက်စီးရင်းနဲ့ ရေးမိရေးရာ ရေးလိုက်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက တမင်တိုက်ဆိုင်မှုများသာဖြစ်ပါကြောင်း ..း))
ဤစာပိုဒ်ထက် အဆ တစ်ထောင်တစ်သောင်းမက ကောင်းမွန် ထိမိတဲ့ စာကဗျာကို ရှုစားလိုပါက ဤနေရာတွင် ဖတ်ရှုအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ခွေးတတ်ကြီးပုံအား ဂူဂယ်မှ ရှာပြီး ထပ်ဆင့်ဖျက်ဆီးထားပါသည်..
ပြောရအုံးမယ် သမ္မတကြီးရေ ။ သားသမီးမကောင်း မိဘခေါင်းပေမို့  မိဘဖြစ်သူ သမ္မတကြီးထံပဲ တိုင်ရပြောရပါအုံးမယ် ။ ဟို မိမဆုံးမ ဘမဆုံးမသား ဝန်မင်းဆိုသူတွေ “ဘယ်သူတားတား လုပ်မှာပဲ” ၊“ ကျွန်တော့်လောက်တတ်တဲ့သူမရှိတော့ဘူး ”၊ “ဒါးဒါးချင်း ဒုတ်ဒုတ်ချင်းဖြေရှင်းမယ်” အစရှိသဖြင့် ပြောချင်သလို ပြောသွားကြလို့  ၊ အဖေ့မျက်နှာ အိုးမည်းသုတ်ခံ နေရတယ်လို့များ မထင်မိဘူးလား သမ္မတကြီးရယ် ။ မတီးရင်မမြည်ဘူး အထင်နဲ့ ဘယ်သူမှ မသိအောင်တိတ်တိတ်ကြိတ်လုပ်နေခဲ့ကြပြီး ခုလို ချိန်ခါကျမှ ပေါက်ကွဲသံ စုံလင်စွာနဲ့ အုံးအုံးကြွက်ကြွက် ဖြစ်သွားရလောက်အောင် ၊ အမိ ဧရာဝတီ ရဲ့ အရေး ကို မပြော မပြီး မို့  ၊ ပြည်သူတွေထဲက ပြည်သူတယောက် အနေနဲ့ ရင်ဖွင့်ချင်တာလေးတွေ ရေးချပြပါရစေ ။
ဘူမိ ၊ ဆည်မြောင်း ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊သစ်တော၊ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစရှိတာတွေနဲ့ပါတ်သက်တဲ့ ပညာရှင်တယောက် မဟုတ်တဲ့ အတွက် ပညာပိုင်း ဆိုင်ရာတွေကို မဆွေးနွေးတတ်ပါ ။ မသိ မတတ်တဲ့ အရာများကို မပြောလိုပါ ။ နိုင်ငံသားတိုင်းဟာ ကိုယ့်မွေးရပ်ဇာတိမြေ ကို ချစ်မြတ်နိုးတတ် တန်ဖိုးထားတတ် ကြပါတယ် ။ မွေးရပ်မြေ အမိမြန်မာပြည်ကြီးရဲ့ သည်းပွတ်နှလုံး မြစ်ကြီးဧရာဝတီကိုလည်း ထပ်တူထပ်မျှ ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြပါတယ် ။ နိုင်ငံ အတွင်းမှာမှီတင်း နေထိုင်ကြတဲ့ မြန်မာပြည်ဘွား တိုင်းရင်းသားအားလုံး ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုး ကြသလိုပဲ ၊ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကိုစွန့် ခွာသွားရပြီး ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ နေကြရတဲ့ ပြည်ပရောက် နိုင်ငံသားများသည်လည်း ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးတတ်ကြပါတယ် ။ဒါကိုတော့ သံသယ ရှိစရာ မလိုပါ ။
ဒါပေမဲ့..“ဧရာဝတီမြစ်ကြီးကို ခင်ဗျားတို့ ချစ်သလို ကျွန်တော်တို့ လည်း ချစ်ပါတယ်ဗျာ ” လို့ လွယ်လွယ်လေး ပြောထွက် လိုက်ကြတဲ့ ခင်ဗျားရဲ့ သား ဝန်မင်းများရဲ့  ချစ်ပုံချစ်နည်းကို သိလိုလှပါတယ်။ ရှင်းရှင်းပြောရရင် မျောက်ပြ ဆန်တောင်း ။ ကိုယ့် အမေ ကိုယ်ပြန်ရောင်းစား နေကြတဲ့ အဖြစ်မျိုး ဖြစ်နေကြပြီဆိုတာ သိသိကြီးနဲ့ မသိယောင်ဆောင်နေတာ ဆိုရင်တော့ အင်မတန် ဟန်ဆောင်ကောင်းသူများ လို့ ပဲ ခေါ်လိုက်ပါရစေ။
ဆွေမျိုးပေါက်ဖေါ် အိမ်နီးချင်း နိုင်ငံကြီးရဲ့ ယန်စီနဲ့မြစ်ဝါကို ဥပမာထား ၊ သင်ခန်းစာယူလို့ ရနေရဲ့သားနဲ့ မျက်တောင်တမွှေးသာကြည့်ပြီး တိုးတိုးတိတ်တိတ် အလျင်စလိုဆုံးဖြတ် ၊ လုပ်နေကြ အကျင့်ဆိုးကြီးမဖျောက်နိုင်ပဲ ကိုယ့်အိတ်ထဲ ထဲ့ကြ ၊ သူစား ကိုယ်စား နှစ်ဖက်ခွစား ကြားပွဲစား အကြောင်းပြ ၊မတရား ညှစ်ယူထားကြတဲ့ ဝိသမ လောဘနဲ့ ရောယှက်နေတဲ့ ဒီငွေတွေ စည်းစိမ်တွေ နဲ့ ဧရာဝတီကြီင်္းကို ရောင်းစား ရအောင် ၊ ဧရာဝတီကို ခင်ဗျားတို့ လူလည်ကြီးသားသမီးတွေ ပိုင်တာမဟုတ်ဘူး ၊ ငွေလိုနေရင် ခင်ဗျားတို့  မိဘ သားသမီးတွေကို လဲစားလို့ရတယ် ရောင်းစားလို့ရတယ်။ ကျုပ်တို့  ကျေကျေနပ်နပ်ကြီး သဘောတူတယ် ။ ဒါပေမဲ့ အားလုံးနဲ့ဆိုင်တဲ့ ဧရာဝတီကို ရောင်းစားတာတော့ ကျုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ ပြောချင်တယ် ။ ခုတော့ ခြေလွန် လက်လွန်စားပြီးဝါးပြီး ဖြစ်နေပြီမို့  ဇွတ်အတင်း ဆက်လုပ်မယ် ဆိုရင်လည်း ၊ ကျုပ်တို့ ပြည်သူတွေ အားလုံး ရတဲ့နည်းနဲ့ တွန်းလှန် ကြမှာပါပဲ ။ ခင်ဗျားတို့ လည်း ဆွေစဉ်မျိုးဆက် နာမည်ပျက် နာမည်ဆိုးနဲ့  ရာဇဝင်တွင်ကျန်ရစ်ခဲ့တော့မှာပါပဲ ။
သိချင်တာ တခုရှိပါသေးတယ် ။ သမ္မတကြီးတို့  အားကိုးအားထားပြုနေတဲ့ တရုပ်ပြည်ကြီးလုပ် ပစ္စည်း ဘယ်နှစ်မျိုးလောက်များ သမ္မတကြီးတို့ အိမ်မှာ သုံးစွဲ စားသောက်နေကြပါသလည်း ။ (သမ္မတကြီးရဲ့ ရှေ့မှ ဆရာ့ ဆရာကြီး အိမ်မှာဆို ပရိဘောဂ တွေ က အစ ဥရောပ နဲ့  အမေရိက နိုင်ငံလုပ်တွေ ဖြစ်တယ်ဆိုတာ ကြားသိရပါတယ် )။အလွယ်ဆုံးပြောရရင် ဇိမ်ခံပစ္စည်းတွေ၊ တရုပ်ပြည်တွင်းဖြစ် မော်တော်ကား ၊ အစားအသောက်၊ အဝတ်အထည် ၊အသုံးအဆောင် ၊ ဆေးဝါး စသဖြင့်ပေါ့ ။( စစ်တပ်သုံးနေတဲ့ ယာဉ်တွေကတော့တိုင်းပြည်သယံဇာတတွေ နဲ့ လဲလှယ်ထားတဲ့ တရုပ်လုပ်တွေပါ ။ ဒါက သမ္မတကြီးစီးနေတဲ့ကား မဟုတ်လို့ ဒီစာရင်းထဲ ထဲ့လို့ မရပါဘူး )။ သမ္မတကြီးတို့ကိုယ်တိုင်တောင် မှ တရက်စုတ်တဲ့တရုပ်စက်တွေ ယုံကြည်စိတ်ချစွာ သုံးစွဲခြင်းမပြုပဲနဲ့ ဧရာဝတီကို တရုပ်လက်ထဲ ဝကွက်အပ်လိုက်တဲ့ သမ္မတကြီးတို့ရဲ့ စေတနာမေတ္တာဆိုတာတွေကို ဘယ်လိုမှ နားလည်ပေးလို့ မရနိုင်ပါဘူး ။
နှစ်စဉ် ဘတ်ဂျက်ရှင်းတမ်း လုပ်တိုင်း လိုငွေတွေချည်းပဲပြနေပါတယ်တဲ့ ၊ ၂၀၁၁-၁၂ ရှင်းတမ်းမှာလည်း လိုငွေ ကျပ်ဘီလီယံပေါင်း ၂၃၀၀ ကျော်ပြနေတယ်လို့ ဆိုပါတယ် ။နှစ်စဉ် ရောင်းလို့်ရတဲ့ ကျောက်မျက်ရတနာတွေ ၊ သဘာဝဓါတ်ငွေ့ ကမ်းလွန်ရေနံတွေ၊ ကျွန်းသစ်တွေ ၊ဘီလီယံထောင်သောင်းပေါင်းများစွာတို့ ဘယ်ရောက်ကုန်ကြပြီလည်း ။ ချွတ်ခြုံ ကျနေတဲ့ တိုင်းသူပြည်သားတွေ ကျန်းမာရေး ပညာရေး လူနေမှုဘဝ တိုးတက်မှု တွေ အတွက် ကုန်ကျခံလိုက်လို့ လား ။ ရှင်းလင်းပြောပြပေးစေချင်တယ် သမ္မတကြီးရေ ။
မိုးကြိုးပစ်တာ ထန်းရွက်နဲ့ကာ၊ ငွေလိုနေလို့  ၊လျှပ်စစ်ဓါတ်တွေ ပိုနေလို့ ဆိုပြီး ၊ ဧရာဝတီကို အသေသတ်ပြီးရောင်းစားဖို့  ကြံစည်နေကြတဲ့ ပြည်ဖျက်စီမံကိန်းကြီးကို ရပ်တန်းက ရပ်ပါရန် ဒီနေရာမှ တောင်းဆိုချင်ပါတယ်။
မြစ်ပျက် လို့  ပြည်ပျက် လူမျိုးပျက် ယဉ်ကျေးမှုပျက် အဖက်ဖက် က ပျက်စီးယိုယွင်းသွားရမဲ့ အကျိုးဆက်တွေကို မြင်ပြီး ၊ ၈၅ ရာခိုင်နှုန်း အဖြစ်နဲ့ သူတို့ ယူစားသွားမဲ့ အချိုး ကိုပြောင်းပြန် အချိုးချပြီး ရမယ်ဆိုရင် တောင်မှ ၊ ကျုပ်တို့ မမျှော်လင့်ပါဘူး ။ ဒီငွေတွေ စည်းစိမ်တွေ နဲ့ ဧရာဝတီကြီင်္းကို လဲ ရ အောင် ၊ ကျွန်ုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ပြောချင်တယ် ။ လျှပ်စစ်မီး ကို ၂၄ နာရီ မရ ၊ တသက်လုံးမရ ပဲ နေသားကျ ကျင့်သားရနေကြပြီဖြစ်တဲ့ မြန်မာပြည်သားတွေ အတွက် ဧရာဝတီကိုသတ်ပြီးမှ လဲလှယ် ယူလို့ ရမဲ့
လျှပ်စစ်ဓါတ်အား ရှိ၏မရှိ၏၊ မှန်၏ မမှန်၏ ၊ ဆိုတာ အသေးအဖွဲ ကိစ္စလေးပါလူကြီးမင်းတို့  ။ လူကြံရင် ထရံတောင် ဖျာဖြစ် ။ သဘာဝဓါတ်ငွေ့ တွေ ပေါကြွယ်နေလျှက်သား နဲ့ ဆည်တွေတမံတွေ တုတ်ပြီး ဧရာဝတီကို လည်ပင်းညှစ် ပြီးမှ ဒီလျှပ်စစ်ဓါတ်ထုတ် ဖို့  ကြိုးစားနေကြတဲ့ တိုင်းပြည်အုပ်ချုပ်သူ ၊တာဝန်ရှိသူဆိုတဲ့ လူကြီးမင်းများကို အံ့လည်းသြမိပါရဲ့ ၊
အထင်လည်းသေးမိပါရဲ့ ၊ နောက်ဆုံး ကုန်အောင်ပြောလိုက်မယ် ။ ရွံ့ မုန်း နဲ့  ရွံမုန်း ဘယ်လိုပဲမုန်းရမုန်းရ မုန်းမိပါရဲ့  ။
မြစ်နဲ့ချောင်းတောင် ကွဲပြားအောင်မသိတဲ့ ဝန်မင်းဆိုသူရဲ့ ပေါ့ပျက်ပျက် အတွေးနဲ့ အမိန့်စကားကြောင့် ဂုဏ်သိက္ခာ ဘယ်လောက်ကျဆင်း ခဲ့ရပြီလည်းဆိုတာရော စဉ်းစားမိပါရဲ့ လား။(နဂိုကတည်းက ဂုဏ်သိက္ခာတစ်ပြားသားမှ မရှိသူတွေအတွက်ကတော့ ဒီထက်ကျဆင်းစရာလည်း မရှိတော့ပါဘူး လို့ တမျိုးလှည့်တွေးလည်းရပါတယ်) ။ လူတွေမှာ သက်တမ်းရှိသလို ဆည်ကြီးတွေမှာလည်း သက်တမ်းရှိသတဲ့ ။ တကြိမ်ဆောက်ထားရုံနဲ့ တသက်လုံး လုပ်စား ထုတ်စားလို့ မရဘူး တဲ့၊စာချုပ်မှာ နှစ် ၃၀ ၊နှစ် ၆၀ ၊ ဘယ်လိုပဲ ကိန်းဂဏန်းတွေပြပြ ချုပ်ချုပ် ၊ စာချုပ်နှစ်စေ့လို့ ပြန်ရရင် ပုတ်သိုးဆွေးမြေ့ နေတဲ့ သုံးမရတဲ့ ဆည်ကြီး အဖြစ်ပဲ ကျန်နေခဲ့မှာ .. လို့  နားလည်တဲ့ ပညာရှင်တွေ ပြောပြ ထောက်ပြကြတာကို မှ နားမဝင် ၊ ကိုယ့်ထက်တတ်တာတောင် ကိုယ့်လောက်မတတ်ဖူးလို့ ကိုယ်သိကိုယ်တတ် အထင်ပေါက်နေကြတဲ့ သက်ဆိုင်သူဝန်မင်းများ ၊ ကိုယ့်မြင်းကိုယ်စိုင်းလို့  စစ်ကိုင်းလည်း မရောက်ဘူး၊ကိုယ့်လှေ ကိုယ်ထိုးလို့  ပဲခူးလည်း မရောက်ဘူး ။ လက်တဆုပ်စာ အာဏာရှင်အသိုင်းအဝိုင်းတို့  မတရားစံစားနေကြတာတွေကြောင့် တိုင်းသူပြည်သား လူအများ သာမက နောင်လာမဲ့ မျိုးဆက်ပေါင်းများစွာ ၊ သယံဇာတ တောတောင် ပျက်သုဉ်းလို့  အတိဒုက္ခရောက်ကြရတော့မယ် ။ မျိုးမစစ်တွေ ဖျက်လို့  အမျိုးကောင်း သားသမီးတွေ ပျက်စီး ဆုံးရှုံးကြရတော့မယ် ။ယဉ်ကျေးမှုတွေ အဖျက်ခံကြရတော့မယ် ။ ဒီ အကျိုးနဲ့ အကြောင်း ဆက်စပ်နေကြတာတွေကြောင့် ပြည်ချစ်သူလို့ သံကောင်းဟစ်ပြီး ပြည်ဖျက်သူ ဖြစ်နေကြတဲ့ သမ္မကြီးနဲ့ ဝန်မင်းများရဲ့ ဧရာဝတီ နဲ့ ပြည်ဖျက် ဆည် စီမံကိန်းကို ကျုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ ပြောချင်တယ် ။ လုံးဝ ကန့်ကွက်တယ် ။
ဒီပုံကတော့ မြစ်ဆုံဆည်ဆောက်ပြီးနောက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတရားကွင်းဆက်များပါပဲ။ရေအားလျှပ်စစ်ဓါတ်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ အကြောင်းပါ။ မြန်မာလို ရှင်းရှင်းရေးထားလို့ သမ္မတကြီး အလွယ်တကူ နားလည်နိုင်ပါတယ် ။( နားလည်သူပညာရှင်များရဲ့ တင်ပြထားချက်ပါ ။ ဒီနေရာမှ ရယူထားပါတယ် ။
နှစ်ပေါင်း ၅၀ ကျော်လောက် ပြည်သူတွေကို မျက်စိပိတ် နားပိတ် ပါးစပ်ပေါက်တွေ ပိတ်ပြီးနေကြရအောင် ဖိနှိပ်ထားကြလို့  ပြည့်သူ့ ရင်ထဲကအော်သံတွေ ခင်ဗျားတို့ မကြားနိုင်ကြတာလား ၊ ကြားရဲ့နဲ့ မကြားချင်ယောင်ဆောင်နေကြတာလား ဆိုတာ ခင်ဗျားတို့ ပဲ အသိဆုံးဖြစ်ပါမယ် ။ ခုဆိုရင် တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်မယ်ဆိုတဲ့ သမ္မတကြီးနဲ့ ဝန်မင်းများအဖွဲ့ ရဲ့ ဒီမိုကရေစီသရုပ် ဖေါ်ဆောင်ပုံတွေကို ကျုပ်တို့ပြည်သူအများက စောင့်ကြည့်ပြီး ရလာဒ်ကောင်းတွေကို မျှော်လင့်နေကြပါပြီ။ တရားနည်းလမ်းကျကျနဲ့ ဖြေရှင်းဆောင်ရွက်ပေးစေချင်ပါတယ် ။ စကားလက်လွန်သွားတဲ့ ဝန်မင်းတယောက်လည်း လေသံ နဲနဲပျော့လာပြီလို့  ထင်မိပါတယ်။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကို လွှတ်တော်မှာ ဆုံးဖြတ်မယ်ဆိုတာလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး ။ ဘာလို့လည်းဆိုတော့ ခု လွှတ်တော်ထဲမှာ ဝင်ရောက်ဆွေးနွေးခွင့်ရနေသူတွေ ရဲ့ ထက်ဝက်ကျော်မျှဟာ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်တင်မြှောက်ထားသူများ မဟုတ်ကြလို့ ပါပဲ။ (ဒါကိုလည်း သမ္မတကြီး အသိဆုံး ဖြစ်မှာပါ ၊ ကိုယ့်ကိုယ်ကိုယ်လိမ်ညာ နေသူဆိုရင်တော့ ဘာမှ မပြောလိုတော့ပါ )။
ဒီတော့ တတိုင်းပြည်လုံး ပြည်သူ့ အသံ အစစ်အမှန်ကို ဖြည့်ဆည်းပေးမ၊ဲ့ ဒီမိုကရေစီ အပြည့်အဝကို ဖေါ်ဆောင်ပေးမဲ့ သမ္မတကြီး အနေနဲ့  ဒီ မြစ်ဆုံစီမံကိန်းအတွက် ပြည်သူ့ ဆန္ဒခံယူပွဲ တရပ် ကျင်းပပေးစေချင်ပါတယ် ။ ဒီပြင်ဆင်နေရတဲ့အချိန်အတွင်းမှာလည်း စီမံကိန်းကြီးကို ရပ်ဆိုင်းပေးထားစေချင်ပါတယ် ။ ၂၀၀၈ နာဂစ်ဥပဒေ နဲ့  ၂၀၁၀ရွေးကောက်ပွဲ ကဲ့သို့  မဲလိမ်မှုတွေ မပါပဲ ပြည်သူ့ ဆန္ဒ အစစ်အမှန်နဲ့ အညီ ထွက်လာမဲ့ ရလဒ် အတိုင်း ဆောင်ရွက်ပေးစေချင်ပါတယ် သမ္မတကြီးရေ ။
အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်.....
-မြစ်ဆုံစီမံကိန်း ရဲ့ အစီရင်ခံစာ ၊ အကျိုးနဲ့ အပြစ်တွေကို ပြည်သူအများသိအောင် ဘက်မလိုက်ပဲ ထုတ်ပြန်ပေးပါ။
-မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖေါ်သင့်/မဖေါ်သင့်ဆိုတာ ကို ပြည်သူ့ ဆန္ဒ( အစစ်အမှန်) ဖြင့် ဆုံးဖြတ်ဖို့ အတွက် လုပ်ဆောင်ပေးပါ။
-ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ အပြစ်များ အတွက် ဘယ်ပုံဘယ်နည်း ဘယ်မျှ အာမခံချက် ပေးနိုင်မလည်း/ပေးမလည်းဆိုတာကို တိတိကျကျ ရှင်းလင်းဖေါ်ဆောင်ပေးပါ။
ဒါပေမဲ့ ဒီအချက်အလက်တွေ လုပ်စရာတပုံတပင်တွေ ကို အချက်တခုထဲနဲ့ ပြီးပြတ်အောင်လုပ်ဆောင်နိုင်ပါတယ် ။ ရှည်ရှည်ဝေးဝေး ပြောနေရတာ သမ္မတကြီးရဲ့ အဖိုးတန် အချိန်တွေ အလဟဿ ကုန်မစိုးလို့ ရှင်းရှင်းပဲပြောပါမယ်။
“မြစ်ဆုံဆည်စီမံကိန်းကြီးကို ချက်ချင်းရပ်တန့် ပြီး အကြွင်းမဲ့ဖျက်သိမ်းပေးပါ” ။ နောက်တခါ ထပ်ပြောပါအုံးမယ် ။
“ မြစ်ဆုံဆည်စီမံကိန်းကြီးကို ချက်ချင်းရပ်တန့် ပြီး အကြွင်းမဲ့ဖျက်သိမ်းပေးပါ” ။
အကယ်၍များ .. အကယ်၍များ ပေါ့ ...ပြည်သူ့ ဆန္ဒ အစစ်အမှန် အတိုင်းသာ ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် မြန်မာ့သမိုင်းမှာ နာမယ်ကောင်းနဲ့ အစဉ်အမြဲ ရှင်သန်နေမဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ထပ်တူ သမ္မတကြီးကို တမျိုးသားလုံးရဲ့ စစ်မှန်သော ခေါင်းဆောင်ကောင်းတယောက် အနေနဲ့ သမိုင်းစဉ်ဆက်မှာ မှတ်တမ်းရေးထိုးပေးကြမှာပဲ ဖြစ်ပါတယ် ။
သမ္မတကြီးနဲ့ တကွ မ တစ်ရာသားများအားလုံး... ၊ ဧရာဝတီ၊ မြန်မာပြည်ကြီး နဲ့တကွ မြန်မာပြည်သား အပေါင်းတို့အား အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြပြီး အမှန်တကယ် ချစ်တတ်လာကြပါစေ ။
အဲ့သလို သာဆို “ကျွန်မတို့ ကလည်း သမ္မတကြီးကို ချစ်ပါတယ်ရှင်” လို့ နေ့ စဉ်ပြောဖို့ ၊ သမ္မတကြီး ကျန်းမာရွှင်လန်းပါစေ လို့ နေ့စဉ်ဆုတောင်းပေးဖို့  ဝန်မလေးပါဘူး ။
ကျေးဇူးတင်ပါတယ် ။ လူကြီးသူမ ကို ပြောတဲ့ စကားတွေ ရိုင်းပြသလို ဖြစ်သွားခဲ့မယ်ဆိုရင်လည်း ၊ ဘာကြောင့်လည်း ဆိုတာ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ တတိုင်းပြည်လုံး ပြောင်သလင်းခါနေရပြီဖြစ်တဲ့ နိုင်ငံတော်ကြီးကို အုပ်ချုပ်နေသော သမ္မတကြီင်္း ဘဝဆက်တိုင်း ဆက်လက် မပြောင်ပါစေနဲ့ ။ (မျက်နှာမပြောင်စေဖို့) ဆုတောင်းပေးလိုက်ပါတယ် ။
သမ္မတကြီး ရဲ့ ငယ်စဉ်ဘဝ အမှတ်ရစရာ အဖြစ်၊ တခေတ်ထဲ မွေးဖွားလာခဲ့ကြတဲ့ ပြည်သူချစ်တဲ့ အနုပညာသည် ဒေါ်မြင့်မြင့်ခင် ရဲ့ “ မြစ်ကြီးဧရာဝတီ ”ဆိုတဲ့ သီချင်းလေးကို နားဆင်ရင်းနဲ့ ချမ်းမြေ့ နိုင်ပါစေ..
လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အား မတင်မစီ်းလေးပြောကြားချင်ပါတယ် ။ ထို့ အတူ ဂါနို ရဲ့  အညာပိုတာလေးတွေ သေချာရေရာအောင် ကြော်ငြာစာလေးရေးပေးလိုက်ချင်ပါတယ် ။ အို ဘာတဲ့တုံး ၊ လင်ဇီး နဲ့  ဂါနို ဆိုတာ တွေက ဗမာစာ ဗမာစကားတော့ မဟုတ်တာ သေချာတယ် ... တကယ် ဆိုတော့ အတူတူပါပဲ တဲ့ ။ အမိရွှေပြည်ကြီးမှာ စားသောက်ကုန်နဲ့ ဆေးဝါးကြီးကြပ်မှုတွေ ၊ ထိန်းချုပ်မှုတွေ လျော့ရဲနေတာကြောင့်လား ၊ စားသုံးသူတွေ အတွက် ဘာအာမခံချက်မှ မရှိတာတွေကို ဒီအတိုင်း လျစ်လျှူရှုထားတာ တွေကြောင့်လား ။ စားသုံးသူ တချို့ ရဲ့  ဆိုးဝါးလှတဲ့ ကံကြမ္မာကြောင့်ပဲလား ၊ မဖြစ်နိုင်တာတွေကို ပြောတိုင်း အယုံလွယ်တတ်တဲ့ စားသုံးသူတွေရဲ့  အပြစ်ကြောင့်ပဲလား ...ဆိုတာ ကိုတော့ ဒီစာဖတ်အပြီးမှာ လိုသလို ဆွဲတွေးကြည့်ကြပါလို့ ပဲ ပြောပါရစေ ။ ပြောပြရင် ဒေါပွမှာလား ဆိုတဲ့ နေဇော်နိုင် လိုတော့ စီကာပတ်ကုံး ထိထိမိမိ ပြန်မပြောပြနိုင်တာကိုလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ် ။
ကိုညောင်ရမ်းရဲ့ ပြန်မပြောချင်တဲ့ဇာတ်လမ်းတပုဒ်ပါ ။ ဖွားကိက အများသိစေရန် တအားရိလိုက်ပါတယ် ။ကိုညောင်ရမ်းဆိုတာကတော့ ကိုမြစ်ကျိုးအင်းရဲ့ ဇာတ်လမ်းတွေ ထဲမှ ဇာတ်လိုက်ကြီးတယောက်ပဲပေါ့။ သဘောကောင်း မနောကောင်း အချက်အပြုတ်ကောင်းလို့  သူ တမြေရပ်ခြားမှာ ရှိနေစဉ်က သူ့ အိမ်မှာ လူစုပြီး ချက်ပြုတ်စားသောက်လေ့ ရှိခဲ့ကြတယ်လေ ။ ခုတော့လည်း အမိမြန်မာပြည်မှာ ပြန်လည် အခြေချနေပါပြီ။
ဒီဇာတ်လမ်း ရဲ့ အစ ။ ။
၂၀၀၆ ခုနှစ် ဆန်းပိုင်း ၊ကိုညောင်ရမ်းရဲ့  မဟေသီ ဟာ ဒုတိယမြောက် သားရတနာကို မွေးဖွားအပြီး ၆လ ခန့် အကြာ မှာ ဟိုလူပြော ဒီလူပြော ၊ ပြောလို့ နာမယ်ကြီးနေတဲ့ ဂါနိုဒါးမားအိတ်ဇဲလ်လီယမ် ဆိုတဲ့ ဆေးတမျိုး ကို စတင် သုံးစွဲ ခဲ့ပါတယ် ။ အဲ့ဒီင်္ လင်ဇီး ဆိုတာကို တရုပ်ပြည်မှ ရှိုင်းဟုတ် ကုမ္ပဏီ က လင်ဇီး အမည် နဲ့ ရွှေပြည်ကြီး အတွင်းမှာ ရောင်းချလာခဲ့တာဆယ်စုနှစ် တခုမျှ ကြာပါပြီ ။ မလေးရှားနိုင်ငံ အခြေစိုက် ဂါနို အိတ်ဇဲလ်အင်တာပရိုက်စ် ကုမ္ပဏီ က တော့ ဂါနို မှို နဲ့ ပြုလုပ်ထားတဲ့ ဆေးနဲ့ စားသောက်ကုန်၊ အသုံး အဆောင် တွေကို ဒီမှာ ဖွင့်လှစ် လုပ်ကိုင် ခဲ့တာ ၈ နှစ် မျှ ရှိပါပြီ။ ခု လက်ရှိ လိပ်စာ ကတော့ ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့ နယ် ၊သိမ်ကြီးဈေး စီရုံ ၊ ဒုတိယထပ် အဆောင် ၃ နှင့် ၄ ။ ဖုံး ၃၇၁၈၀၀၊ ext: ၄၀၄ ၊ဖြစ်ပါတယ် ။
နေရာကတော့ အတော်လေးကျယ်ဝန်းပါတယ် ။ ဟိတ်ဟန်ကလည်း အတော်လေး လူရှိန်စေပါတယ် ။ အပွင့်တွေ အများကြီးနဲ့ ဝတ်စုံစိမ်းကြီး တွေထံ သိန်းပေါင်းများစွာ လှူဒါန်းနေတဲ့ ဓါတ်ပုံကြီးတွေကို တခန်းတနားချိတ်ပြထားပါတယ်။
အပြောကောင်းတဲ့ ဈေးရောင်းသူ တွေ က မလည်မဝယ်ဈေးဝယ်သူတွေကို ဟုတ်တာတွေရော မဟုတ်တာတွေရော ယုံအောင်ပြောအပြီးမှာ မယုံတဝက် ယုံတဝက် နဲ့ ဈေးဝယ်သူတွေက စမ်းသပ်သုံးစွဲရင်း ၊ စားသုံးသူ တွေ ဖြစ်သွားကြပါတယ် ။အမြဲတစေ စားသုံးသူများ ဖြစ်သွားအောင် ၊ သူတို့  အဖွဲ့ ဝင် ဖြစ်သွားအောင် အယုံသွင်း နိုင်ကြတဲ့ အစွမ်းအစ တွေ ဟာလည်း အံမခန်းပါပဲ ။
ဒါကတော့ သူတို့ရဲ့ စီးပွားရေးလမ်းညွှန် ပါ ။ သူတို့ ပစ္စည်းတွေကို လျှော့ဈေးနဲ့ ရမှာ တို့  ၊ နောက်ထပ် စားသုံးသူတယောက် မိတ်ဆက်ပေးရင် ဘယ်လောက် အကျိုးအမြတ်ရမှာ တို့  နဲ့ မက်လုံးတွေ ပေးတာပေါ့။ သူတို့ အထက်က အဆင့်မြင့် အဖွဲ့ ဝင်တဦးရဲ့ တစ်လ ဝင်ငွေဆိုရင် သိန်း ၁၂၀ ကျော်နေပြီတဲ့ ။အာဘောင်အာရင်းသန်သန် ရှင်းပြနေလိုက်တာ မစားရ ဝခမန်း တွေပါပဲ ။
ဒီလိုနဲ့ ကိုညောင်ရမ်းရဲ့ မဟေသီ မအေးအေးမာ ဟာလည်း Gano Excel Enterprise ရဲ့ အဖွဲ့ ဝင်ဖြစ်သွားပါတော့တယ် ။ (ကာယကံရှင် ကိုညောင်ရမ်း ဆီက ခွင့်ပြုချက်ရပြီးတာမို့  နာမည်ရင်း ပဲ သုံးလိုက်ပါတယ် )။ ပုံမှာ ပါတဲ့အတိုင်း ကုဒ်နံပါတ်တွေပါတဲ့ Authority Card လေးတောင် ထုတ်ထားပေးပါတယ် ။
ကိုညောင်ရမ်းရဲ့  မဟေသီ ဟာ နဂို ဘာရောဂါအခံမှ မရှိပဲ ဒေါင်ဒေါင်မြည် ကျန်းမာ နေသူ တဦင်္းပါ ။ ရင်ကြပ် ပန်းနာ ရောဂါ မရှိ ၊ ဆေးမတည့်၊အစားအစာမတည့် တာ တွေ၊ အရေပြားရောဂါ အစရှိတဲ့ ရောဂါ တွေလည်း မရှိခဲ့ပါဘူး ။ သူ သုံးစွဲ ခဲ့တဲ့ လင်ဇီး ဟာ Gano ဆိုတဲ့ ကုမ္မဏီ ထုတ် တာပါ ။ သူ တို့  ကြော်ငြာ အရ ဒီ လင်ဇီးက ၉၆ ပါး ရောဂါဝေဒနာတွေ ပျောက်သလိုလိုပါပဲ ။
Gano Excel ထုတ်ကုန်များ( Gano Excellium - ဦးနှောက်အားတိုးဆေး ၊ ကော်ဖီ ၊ လဖက်ရည် ၊ ကိုကိုး ၊ သွားတိုက်ဆေး၊ ဆပ်ပြာ ..စသဖြင့် ) ဆိုပြီး ခန့်ညားထယ်ဝါစွာ ထုတ်ဝေ ထားတဲ့ ကုန်ပစ္စည်းကြော်ငြာ မိတ်ဆက်စာအုပ်လေးထဲမှာ ရေးသားထားချက်များ အရ -ဒီပစ္စည်းတွေကို Ganoderma lucidum မှိုတမျိုးမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါသတဲ့ ။
-Polysaccharide ပါဝင်မှုကြောင့် ကိုယ်ခံအားစနစ်ကို ကြံ့ ခိုင်စေသတဲ့ ။ သွေးလည်ပတ်မှုစနစ်မှာ သကြားပါဝင်မှုကို ညှိပေးသတဲ့ ။
-Organic Germanium ပါဝင်လို့  သွေးလည်ပတ်မှုစနစ်မှာ အောက်စီဂျင်အဆင့်ကို တိုးမြှင့်ပေးသတဲ့ ။Anti oxident တွေက လျှပ်စစ်သံလိုက်စက်ကွင်းမှ ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ Free radicals တွေကို ထိန်းချုပ်ပေးသတဲ့ ။Cancer cell များရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ molecules များရဲ့  လုပ်ငန်းတာဝန်တွေကို ထိန်းညှိပေးသတဲ့  ။
-Adenosine ပါဝင်လို့  ကိုလက်စထရော နဲ့ အဆီတွေကို လျှော့ချပေးသတဲ့ ။ သွေးခဲ ပိတ်ဆို့ မှာ တွေကို တားဆီးပေးသတဲ့ ။ကိုယ်ခန္ဓာအတွက် အားအင် အသစ်ကို ဖြစ်စေသတဲ့ ။
-Tritepenoids ပါဝင်လို့  အစာခြေဖျက်တာ ကောင်းစေသတဲ့ ။ သွေးနှင့် မတည့်တာတွေကို ကာကွယ်ပေးသတဲ့ ။ ကိုလက်စထရောနဲ့ အဆီပါဝင်မှုတွေကို လျှော့ချပေးသတဲ့ ။
-Ganoderic essense ပါဝင်လို့  အရေပြား ရောဂါတွေကို ကုသပေးသတဲ့ ။ အသားအရေကို ချောမွေ့  လှပစေသတဲ့ ။
ကိုင်း... ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ပစ္စည်းတွေဖြစ်ပါသလည်း။ အပြောကတော့ ရွှေမန်း တောင်ရှုံးရပေမယ် ။ တချို့ ဓါတ်ပစ္စည်းတွေ ဖွားကိလည်း မကြားဖူး ၊မသိဖူး တာ မို့  ဇီဝကမ္မဗေဒ ဌာန မှာဆရာလုပ်နေတဲ့ သူငယ်ချင်းတယောက်ကို မေးကြည့်မိတယ် ။ သူလည်း မကြားဖူးတဲ့ ဒြပ်ပေါင်းတွေပေါ့ ။ အဲ့ဒီ ဒြပ်ပေါင်းများစွာနဲ့  ပါဝင်ဖေါ်စပ်ထားတဲ့ အထက်မှာ ဖေါ်ပြထားတဲ့ ပစ္စည်းပေါင်းများစွာကို ထုတ်လုပ်ရောင်းချပါတယ် ။ထားပါတော့ သူ့ ဟာသူ ဘာ ပါပါ သိပ်အရေးမကြီးဘူး ။ အပြောကောင်းတာက ဒီ ဒြပ်ပစ္စည်းတွေ ပါလို့  ကင်ဆာကာကွယ်တယ် ။ လူကို လှပ နုပျိုစေတယ် ၊ အဆီချ ပေးတယ် ဆို တော့ ... လှချင် ပချင် ကျန်းမာ ချင်သူတွေက ဝယ်ယူသုံးစွဲ အားပေးကြလေတယ်ပေါ့ ။ (ဆေးတွေကတော့ ဈေးမသေးလှ ။) ဒါပေမဲ့ ဖြစ်သင့်တာက အကြောင်းနဲ့  အကျိုး ၊ အကောင်းနဲ့  အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ သတိမမူမိတာလား ။ သတိမရတာလား ၊ တမင် လျှစ်လျှူရှုထားတာလား တော့ မသိ ။ ဆေးတွေ ရဲ့ ကောင်းကျိုး တွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားပြီး ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး ( Side effects) တွေကိုတော့ တလုံးတပါဒမှ ရေးသားထားတာ မတွေ့ ရပါဘူး ။
ဒီလို နဲ့  မအေးအေးမာ တယောက် ကံဆိုးလှစွာနဲ့ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တည့်တည့်ကြီး ခံစားရပါတော့တယ် ။ သူမ ဒီဆေးတွေကို ၄ ခါ ဝယ်ဖူးတဲ့ မှတ်တမ်းတော့ ရှာလို့  တွေ့ ရတယ် ။ ဒါတောင် ကိုညောင်ရမ်း တယောက် နဂို ဒီကုမ္ပဏီ နေရာအသစ် ပြောင်းသွားတာ မနည်း လိုက်ရှာ ပြီးတော့ မှ တွေ့ ရတဲ့ လက်ရှိတည်နေရာကို အကြိမ်ကြိမ် အခါခါ သွားမေးမြန်းတော့မှ သိရ တာပါ ။တကြိမ်ဝယ်ဖူးတာက ကျပ်တစ်သိန်းခွဲ တဲ့ ၊ ကျန်တဲ့ အကြိမ်တွေတော့ မသိရှိရပါ ။ ဒီဆေးကို ဘယ်နေ့  ဘယ်ရက်မှာ စပြီး သုံးစွဲခဲ့တာလည်း ဆိုတာ ရက်အတိအကျတော့ မသိရပါ ။ ဒါပေမဲ့ ဒီဆေး နဲ့ ပစ္စညှ်းတွေကို သုံးစွဲပြီးနောက်ပိုင်း သူ့ မှာ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကတော့ ကျန်ခဲ့တဲ့ ဆေးမှတ်တမ်းတွေအရ ၂၀၀၆ ခုနှစ်လယ်ပိုင်းမှာ စပြီး ရောဂါတွေ စတင်ဖြစ်ပွားလာခဲ့တယ်၊ အတော်လေး ပြင်းထန်ခဲ့ပါတယ် ။ အကျဉ်းချုံး ပြောရရင် အရေပြားတွေ မှာ အရည်ကြည်ဖုတွေ ပေါက်တယ် ၊ မျက်စိ ၊ အာခံတွင်း ၊ မိန်းမကိုယ် စတဲ့ နေရာတွေမှာပါ အဖုတွေ ပေါက်တယ် ။ ဒါကြောင့် မျက်စိ၊နား နှာခေါင်းလည်ချောင်း ၊ သွားနှင့် ခံတွင်း၊ အရေပြား ၊ မီးယပ်သားဖွား ၊ သွေးဗေဒ အစရှိတဲ့ ဆရာဝန်ကြီး တွေနဲ့ ရိုးရိုးဆေးခန်းတွေမှာရော အထူးကုဆေးခန်းတွေ မှာပါ ပြသရင်း မသက်သာတာနဲ့  ဆေးရုံ ၃ ကြိမ် တက်ခဲ့ရတယ် ။ ဆေးမှတ်တမ်း တချို့ ကို ပုံမှာတွေ့ နိုင်ပါတယ် ။ ( သွားဌာန မှာ ပြခဲ့စဉ် အခါက သူ့ ကို ကုသပေးတဲ့ ဆရာဝန်င်္ကြိးက “လာ ပြန်ပြီလား နောက်တယောက် ” လို့  ပြောဆိုခဲ့ပါသေးတယ် တဲ့ ၊ အဲ့ဒီ ပထမ သားကောင်ကတော့ ညောင်တုံးမြို့ မှ အမျိုးသမီး တဦး ဖြစ်တယ် လို့  ကိုညောင်ရမ်းရဲ့ အမျိုးတွေ ဆီက တဆင့် သိခဲ့ရပါတယ် )
။ဒီဆေးမှတ်တမ်းတွေအရ သူဖြစ်ခဲ့ ခံစားခဲ့ရတဲ့ ဝေဒနာတွေက အရေပြားတွေ ယားယံတယ် ၊ အရည်ကြည်ဖုတွေ နဲ့ အနာတွေဟာ မျက်စိထဲမှာ ၊ပါးစပ် အာခံတွင်း ထဲမှာ ၊ မိန်းမကိုယ် နေရာတွေမှာတဖြေးဖြေး ပွားလာတယ် ၊ အစာ နဲ့ အူလမ်းကြောင်းမှာယောင်ယမ်းတယ် ၊ လူတကိုယ် လုံး ရှိ အရေပြားမှာ ထွက်လာတဲ့ မီးလောင်ဖု လို အရည်ကြည်ဖုတွေ က ကွဲအက်ပြီး အရည် တရွှဲရွှဲ နဲ့ အနာတွေ အဖြစ် ပြောင်းလဲသွားတယ် အဲ့တာကြောင့် သူ့ ခမျာ အဝတ်အစား မကပ်နိုင်ရှာပဲ ဆေးရုံက အအေးခန်းထဲမှာ နေရတယ် ။ နောက်တော့ သွေးအဆိပ် တက်လာတယ်ပေါ့ ။
နောက်ဆုံးအကြိမ်မှာတော့ ( မဟာမြိုင်) ဆေးရုံ မှာ တက်ရောက်ကုသ ခဲ့ပြီး ၊ ဒီင်္ဝေဒနာတွေကို နာကျင်ပြင်းထန်စွာခံစားရင်းနဲ့ ၁၃-၅- ၂၀၀ရ နံနက် ၇ နာရီအချိန်မှာ သူ့ ရဲ့ အဝေးရောက် လင်ယောကျာင်္း နဲ့ သားသမီး ၂ ယောက်ကို ချန်ထားပြီး ဘဝတပါးသို့  ကူးပြောင်းသွားခဲ့ရပါတယ် ။ အသုဘရှု ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ ကို ကြည့်နိုင်ပါတယ် ။
ကံဆိုးရှာသူ မအေးအေးမာတယောက် ဒီဆေးတွေသုံးစွဲသူ လူအယောက် သောင်းပေါင်းများစွာ ထဲမှာ အဖြစ်နည်းလှတယ်လို့ ယူဆရမဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရေတိမ်နစ်ခဲ့ရပေမဲ့ ဆေးရောင်းတဲ့ ကုမ္ပဏီ က ဘာတခုမှ ဆောင်ရွက်ကူညီပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။( သူမ မသေဆုံးမှီ အသည်းအသန်ဖြစ် လို့ ဆေးရုံတက်နေရစဉ် အချိန်တုံးကတော့ ဆေးရုံက တာဝန်ရှိသူတွေကို ကုမ္ပဏီမှ လို့ ယူဆရသူ တဦးကတော့ နေ့စဉ် ဖုံးဆက် မေးမြန်းခဲ့ပါသေးတယ် ၊ ဒါပေမဲ့ သေဆုံးပြီင်္း နောက်ပိုင်းမတော့ လုံးဝ ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး ။ ခင်ပွန်းသည်က အဝေးရောက်နေတာမို့  ကျန်ရစ်ခဲ့တဲ့ သူ့ ဆွေမျိုး အနည်းငယ်နဲ့ နာရေးကိစ္စကို ဆောင်ရွက်ခဲ့ရပါတယ် ။ အဲ့ဒီအချိန်က သူမကို တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီး တဦး ( သွေးဗေဒ ဆိုင်ရာ အထူးကု ပါမောက္ခကြီး ) မှ သေစာရင်း နဲ့အတူ အဲ့ဒီ ကုမ္ပဏီရဲ့  တာဝန်မဲ့ လုပ်ရပ်များ အား သက်ဆိုင်ရာမှ သိရှိစေရန် တိုင်ကြားမှုများ ပြုလုပ်ဖို့  အကြံပေးခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကံတရားကိုသာ ပုံချလေ့ရှိနေကြဆဲ ဖြစ်ကြတဲ့ ရွှေမြန်မာ တို့ ရဲ့  ထုံးစံ အတိုင်း၊ တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ အမှုအခင်း ဖြစ်ရမှာ ဝန်လေးတတ်ကြသူ ကြောက်တတ်သူတို့  ထုံးစံ အတိုင်း ၊ ပြီးတာတွေလည်း ပြီးပါစေတော့ လို့  ခွှင့်လွှတ်ခြင်း တရားများစွာ ဖြင့်၊ ကြီးသော အမှုကို ပပျောက်စေခဲ့ ပါတယ် ။ (သေစာရင်းမှာ ရှာဖွေ မတွေ့ ပါသဖြင့် သေဆုံးရခြင်းအကြောင်းရင်း{cause of death} အတိအကျ ကို မသိပါ ။ထို့ အပြင် ကြွင်းကျန်သော ခန္ဓာကိုယ်အား မှုခင်းစစ်ဆရာဝန်များဖြင့် ဆက်လက်စစ်ဆေး ဓါတ်ခွဲခြင်း {Post mortem examination}မပြုလုပ်ခဲ့ပါသောကြောင့် ဆေးမှတ်တမ်းများ အရ၊ အဆိုပါ လင်ဇီး၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဟူ၍သာ ကောက်ချက်ချလိုက်ရပါသည် ။ )
ခု ဆိုရင် မအေးအေးမာ တယောက် ဘယ်ဘဝ ရောက် နေမယ်မှန်း မသိပါဘူး ။ လင်ဇီးစတင်သုံးစွဲပြီး ကလေး ၆ လသားအရွယ်ထိ သူမရဲ့ နို့ ချို ကို တိုက်ကျွေး ခဲ့တဲ့ သားလေးဟာ ခုဆိုရင် ၅ နှစ်သား အရွယ် ရောက် နေပြီ ဖြစ်ပြီး ဒီ သားကလေး မှာတော့ ဒီင်္ လင်ဇီး ရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လေမလား ။ သူ့ ရဲ့  ကိုယ်ခန္ဓာ အပူချိန်ဟာ သာမာန်လူရဲ့  အပူချိန်ထက် မြင့်တက် နေလေ့ရှိပါတယ် ။ တခြား ကြီးကြီးကျယ်ကျယ် ဖျားနာခြင်းတော့ မရှိသေးပါဘူး ။ ( ကိုညောင်ရမ်းကို သူ့ သားရဲ့ ကိုယ်အပူချိန် အတိအကျ ဘယ်လောက်ရှိလဲ မေးကြည့်တော့ သူ့ ဆီမှာ ပြဒါးတိုင်မရှိလို့ အတိအကျတော့ မသိပါဘူး တဲ့ ။ လက်နဲ့စမ်းပြီး ပြောခြင်းဖြစ်ပါတယ် တဲ့ ။ ဒါဆိုရင်တော့ တကယ် ကိုယ်ပူချိန် မြင့်နေတယ် ဆိုတာ တော့ သက်သေပြ လို့ မရဘူးပေါ့လေ။ သူ့ သားလေး တယောက် ကျန်းမာနေပါစေလို့ ဆုတောင်းပေးရတာပါပဲ )
အချုပ် ကို ဆိုရရင်တော့ ဒီ လင်ဇီး လို ဆေးဘက်ဝင်တယ်ဆိုတဲ့ ဆေးဝါး အသုံးအဆောင် ပစ္စည်းတွေကို မိမိ တိုင်းပြည်မှာ ထုတ်လုပ်ထားတာ မဟုတ်ပေမဲ့ မိမိ တိုင်းသူပြည်သားများ စားသုံးမှု မပြုခင်၊ တရားဝင် ရောင်းချခွင့် မပြုခင်မှာ စားသောက်ကုန်နဲ့ ဆေးဝါး ကြီးကြပ်ရေး အဖွဲ့ အစည်း မှ သေချာ စီစစ် ဓါတ်ခွဲ သင့်ပါတယ် ။ သူတို့ ရဲ့  ကြော်ငြာ စာ တွေဟာ ကျော်ချင်လို့  ညာထားတာတွေ ဟုတ် ၊ မဟုတ် စီစစ်သင့်ပါတယ် ။ ညာ ထားတာတွေ ရှိပါက ထိရောက်စွာ အရေးယူသင့်ပါတယ် ။
စားသုံးသူတွေ ဖက်မှလည်း သူများပြောတိုင်း အယုံ မလွယ်ပဲ ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာ ကိုယ်ပိုင်ဥာဏ်များ နဲ့ ဝေဖန် သုံးသပ် သင့်ပါတယ် ။ တကယ်လို့  ကံမကောင်းလှစွာ ဖြင့် အလားတူ ဖြစ်ရပ်များ နဲ့  ကြုံ တွေ့  ရပါလျှင်လည်း ၊ဒီပြသနာတွေကို သတ္တိ ရှိရှိ ၊ ရင်ဆိုင် ပြီး ၊ ရသင့် ရထိုက် တဲ့ ကိုယ်ပိုင် အခွင့် အရေးတွေ ကို အဆုံးရှုံး မခံသင့်ပါဘူး ။
ဖြစ်သင့် ဖြစ်ထိုက် တဲ့ အခြေအနေနဲ့  ဖြစ်ရပ်မှန်တွေ ကို လူအများ သိရှိစေဖို့  ရည်ရွယ်ပြီး ဒီ စာစုလေးကို တင်ပြ လိုက်ရပါတယ် ။ လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အတွက်လည်း ၊ နောက်ထပ် ဒုတိယ မအေးအေးမာများ မဖြစ်ကြစေဖို့  ဆုတောင်းပေးလိုက်ပါတယ် ။
(မိတ်ဆွေကြီး ကိုညောင်ရမ်း တယောက်လည်း ဒီစာစုကို ဖတ်ရှူပြီး စိတ်ဖြေသိမ့်မှု လေး အနည်းငယ်ဖြစ်ဖြစ် ရရှိနိုင်လိမ့်မယ် လို့  မျှော်လင့်ပါတယ် )
ခေါင်းစဉ်ကြည့်တာနဲ့ သိလောက်ပါတယ် ။ အကြောင်းအရာ နဲ့ အပေါင်းပါတွေ၊ ဘာမှတော့ မထူးဆန်း ၊ ဂျလန်း ဂျလန်း လုပ်ခဲ့တဲ့ တစိတ်တဒေသပေါ့ ။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာဒုတိယပါတ်မှာ မိုးတွေ ရွာချလိုက်တယ် ၊အခါမဲ့မိုးအကြောင်း သတင်းစာထဲ ဖတ်လိုက်ရတာကတော့ အနောက်ဖက်အရပ်ကတိုက်ခတ်တဲ့ လေပွေလှိုင်းတွေကြောင့် ဒီမိုးရွာရခြင်းဖြစ်ပါသတဲ့။မြန်မာပြည်တဝှမ်း စံချိန်တင်ခဲ့တဲ့ မိုးရေချိန်တွေတောင် ပါလိုက်သေးတယ် ။ မြို့ တော် ရန်ကုန်ရဲ့  ပူစပ်ပူလောင် ဒီဇင်ဘာမှာ အခါမဲ့မိုးရွာလိုက်တော့ ရာသီဥတုက အေးမြသွားတယ် ။ သဘောကျသလို ရှိပေမဲ့ ဒီအခါမဲ့မိုးဆိုတာ စပါးရိတ်သိမ်းဆဲအချိန်၊ လယ်သမားတွေအတွက် အနှောက်အယှက် အဖျက်အဆီးတွေဖြစ်စေတာမို့  ဒီမိုးမျိုးထပ်မရွာတော့တာပဲ ကောင်းပါတယ် ။ကိုယ့်အတွက်ကောင်းပြီး သူများအတွက် ပျက်စီးစေတာမျိုးတော့ မလိုလားပါလေ။
မရောက်တာ ဆယ်စုနှစ်တခုကျော်ကြာပြီဖြစ်တဲ့ ကျိုက်ထီးရိုးဖုရားဖူးဖို့ စိတ်ကူးရတာမို့  ကမန်းကတမ်း ကားလက်မှတ်ပြေးဝယ်ကြတယ်။ ခုဆို အတော်လေး အဆင်ပြေတယ် ။ ဘုရားဖူးကားတွေ လုပ်ငန်းတွေများလာတာမို့  ရွေးချယ်စရာတွေ ပိုများလာတယ်ပေါ့ ။လတ်တလော ဈေးကို ပြောပြမယ် ၊ အဲယားကွန်းဘတ်စ်ကြီးတွေ နဲ့ အသွားအပြန် ကားခချည်းပဲဆိုရင် တယောက် တစ်သောင်းကျတယ် ။
ဟိုမှာ ထမင်း ၂ နပ်စာ နဲ့ တောင်ပေါ်တည်းခိုခန်း တည အိပ်ခ အပါအဝင်ဆိုရင် နှစ်သောင်းခွဲ တဲ့။ ပွဲတော်ရက်တွေဆို ဈေးပိုကြီးမယ် ။ ခရစ်စမတ်၊ နှစ်သစ်ကူးတို့ ဆိုရင် တောင်ပေါ်မှာ လူကျိတ်ကျိတ်တိုးနဲ့ နေရာထိုင်ခင်း အဆင်မပြေမှာစိုးလို့  လူရှင်းတဲ့ဒီအချိန်က ပိုကောင်းတယ် ။ ရန်ကုန် နဲ့ ကျိုက်ထို ကင်မွန်းစခန်းကို ၄ နာရီခွဲပဲ ကြာတယ် ။ည ဆိုတော့ ကားတွေ အရမ်းမောင်းကြတာ လည်းပါမယ်။
ဖွားကိတို့ ငယ်ငယ်တုံးက တနေကုန်နီးပါးတက်ရတဲ့ ခြေလျှင်ခရီးကို၊ ညဆိုရင် မီးဒုတ်ကြီးတွေ ကိုင်ပြီး အမောဆို့ အောင်တက်ရတဲ့ ခရီးကို ခုဆို တောင်တက်ကားတွေစီးရင် နာရီပိုင်းအတွင်းရောက်နေပြီဖြစ်တယ် ။ လမ်းတွေက ကွန်ကရစ်တွေ ၊ တချို့ နေရာမှာဆို ၅၀-၆၀ ဒီဂရီလောက် မတ်စောက်ပြီး တဆစ်ချိုး နှစ်ဆစ်ချိုး ကွေ့ တာတွေ လည်းရှိတော့ အန္တရာယ်တော့ အများသားပဲ ။
ပျော်စရာကောင်းသလို ကြောက်စရာလည်းကောင်းပါတယ် ။ဘာလို့ဆိုတော့ မိုးက ရွာချင်တဲ့အချိန် ရွာချနိုင်တာကိုး ။ ကားတွေဘယ်လောက်ကောင်းမယ် ကားသမားဘယ်လောက်ကျွမ်းမယ် ဆိုတာက မသိနိုင်တော့လည်း ရင်တထိတ်ထိတ်နဲ့ပါပဲ ။ အသက်ကို ဥာဏ်စောင့် ဆိုပေမဲ့ ခရီးသွားတွေ ရဲ့ အသက် ကားသမားလည်း စောင့်တယ် ။ မယုံမရှိကြနဲ့  ။
တောင်ခြေ ကင်မွန်းစခန်းကနေ ရသေ့တောင်ထိ တပိုင်း က ၄၅ မိနစ်လောက် ပဲ မောင်းရတယ် ။ အတက် ၊ အဆင်းကားတွေ ၂စီး ယှဉ်ဖြတ်ရလောက်အောင် လမ်းမကျယ်တော့ လမ်း နဲနဲကျယ်တဲ့နေရာမျိုးမှာ စောင့် နေရတဲ့ အချိန်ပါ ထဲ့တွက်ရင်တော့ ၁နာရီကျော် ကြာသွားတယ်ပေါ့။ ဒီင်္ခရီးကို လမ်းလျှောက်တဲ့သူတွေလည်း ရှိတယ် ။ ၄ နာရီလောက်ကြာတယ် တဲ့ ။ နားနားနေနေ လျှောက်ရင်တော့ ဒီထက်မက ကြာမှာပေါ့လေ ၊ နောက်တော့ ရသေ့တောင်မှ တောင်ထိပ်ထိ တပိုင်းပေါ့ ။အဲ့ဒီ တပိုင်းက လမ်းပို တိုပေမဲ့ ပိုမတ်စောက်တယ် ပိုကြမ်းတယ် ။ ဒါကြောင့် ဖွားကိတော့ ခါးချိနေပေမဲ့ လမ်းလျှောက်တက်လိုက်ပါတယ် ။ အထမ်းသမားတွေ ၊ ပစ္စည်း ထမ်းတာရော လူ ထမ်းတာတွေရော အများကြီး ရှိပါတယ် ။ အထမ်းခြင်းတောင်းမှာ နံပါတ်တွေ ဈေးနှုန်းတွေ ရေးထားတာရှိတယ် ။ ပိသာ ၃၀ ကို ၄၅၀၀ ကျပ်တဲ့ ။ ဖွားကိတို့  အုပ်စု ခပ်နုံနုံတွေက ပါတ်ဝန်းကျင်လေ့လာမှု နှေးကွေးတာကြောင့် တပိသာ ၅၀၀ ကျပ် ၊ပါးစပ်ဈေးနဲ့ ထိသွားတယ် ။ ခေတ်ကြီးကိုက ၊ အ တဲ့သု ခံစတမ်းမို့  အဖွဲ့က လူတွေကို ဘာမှထပ်မပြော ဖြစ်တော့ ၊ စိတ်ထဲမှာ ပဲ ပြုံးနေမိတော့တယ် ။ ဩော် .. နဖူးကချွေး ခြေမကျ မှ ဝမ်းခေါင်ခေါင်ကို ဖြည့်တင်းနေကြရသူများ ၊အများကြီးရှိနေပါသေးလား။
မောင်တထမ်း မယ်တရွက် ဆိုတာ ဒါမျိုး။
ဒါတောင် ချွေးတစက်မထွက်ပဲ chopper ကြီးတွေ စီးပြီး ဘုရားလာဖူးကြသူများ ။ ရင်ပြင်တော် VIP တည်းခိုခန်းထဲကနေ အပြင်မထွက်ပဲ ဘုရားကြည်ညိုနေကြသူများလည်း ရှိသေးရဲ့ ။ သူတို့ အသက်ကျတော့ ဘယ်သူတွေ စောင့်သလည်း ။ ဗြောက်ကြီးတွေ ခါးကြားထိုးပြီး ဘုရားဖူးကြသတဲ့...
ထားပါတော့ ၊ ကိုယ့်ဘုရားကိုယ်ဖူး ၊ အဲ့လေ ကိုယ့်လမ်းကိုယ်သွားတဲ့ အကြောင်းပဲ ဆက်ပြောမယ် ။
ဒီလို ကားကြီးတွေပေါ် ဒီလိုတက်ကြရတယ် ။ လှေခါးတွေ ထောင်ပြီး တက်ကြတာ ကမ္ဘာမှာ မြန်မာဟေ့ လို့  ဂုဏ်ယူလိုက်မိတယ် ။ ရွှေဘ လို တက်ပြီး ချီးဘူး လို ဆင်းကြတာပေါ့ ။ ဆင်မယဉ်သာ ဟန်နဲ့ ဆို ကျန်ခဲ့မှာ သေချာပါရဲ့  ။
ဘုရားမရောက်ခင် တလမ်းလုံး ဘုရား တ ပြီး ကားစီးကြရတော့ ကုသိုလ် ပိုရကြတာပေါ့လေ ။ ကားပေါ်မှာ ထိုင်ရတာတော့ သစ်သားတန်းတွေ ၆တန်း ၇တန်းလောက် ၊ တတန်းကို လူ ၆ ယောက် ပြွတ်ထိုင်။ သူ့ တင်ပါး ကိုယ့်ဒူးနဲ့ တိုး ၊ ကိုယ့်တင်ပါး နောက်ကလူ ဒူးနဲ့တိုက် ။ ဘုရားတ လိုက် နဲ့ပဲ ရသေ့တောင်စခန်း ရောက်ပါလေရော ..
ရသေ့တောင်ကနေ ရင်ပြင်တော်ထိ ဘုရားဖူးတွေ ၊ အထမ်းသမားတွေ၊တောင်တက်တောင်ဆင်းကားတွေ၊ စားသောက်ဆိုင်တန်းနဲ့ အမှတ်တရပစ္စည်း ရောင်းတဲ့ဆိုင်လေးတွေ၊ အလှူခံတွေ၊ တပျော်တပါးကြီးမို့  ခုန ကားစီးပြီး ချောက်ခြားနေတဲ့ စိတ်တွေပျောက်ပြီး မောတော့မောတာပေါ့ .. ဒါပေမဲ့ မောတာပေါ့။
သူများတွေ ၁ နာရီလောက်တက်ရတဲ့ ခရီးကို ဖွားကိ က ၂ နာရီလောက်တက်လိုက်ရတယ် ။ ဒါပေမဲ့ တောင်ကြီးဖဝါးအောက်ပဲ .. ဘာရမလည်း ငှဲ ငှဲ ငှဲ ..နောက်ဆုံးတော့ လည်း ရင်ပြင်တော်ပေါ် ရောက်သွားပါတယ် ။
ရင်ပြင်တော်ပေါ်မှာ အမျိုးသမီးတွေ ဘောင်းဘီ ၊ စကပ် မဝတ်ရ ။ ဒါကြောင့် မုဒ်ဦး အဝ မရောက်ခင် အဝတ်လဲလှယ်ခန်းလေး ထားရှိပေးပါတယ်။ ( ဘုရားသမိုင်းတို့ ၊ မြေပုံ အညွှန်းတို့ တော့ မထည့်တော့ပါ။ သိချင်သူများ အင်တာနက်မှာ ရှာဖတ်ကြလေကုန် )..
အရင် နဲ့ မတူတာတွေ ပြောင်းလည်းနေတာတွေ တော့ အများကြီးပါပဲ ၊ရင်ပြင်တော်အပေါ်မှာလည်း အတော်လေးသန့်ရှင်း သပ်ရပ်သွားတယ် ။ အရင်က တည်းခိုခန်းတွေကို ဝါးထရံ ၊ ဝါးကပ်တွေ နဲ့ဆောက်ထားတာမို့  နှစ်တိုင်း မီးလောင်လေ့ရှိတယ် ၊ရေလည်းရှားတယ်။ ခုတော့ အုတ်တိုက်တွေ နဲ့ ရေပိုက်နဲ့  လျှပ်စစ်မီးတွေ နဲ့ ဖြစ်နေကြပြီ။ သာဓုခေါ်ကြပါ ။း))
ကျီးကန်းပါးစပ်တို့ ၊ မုဆိုးတောင်တို့ က အရင်တုံးက ရောက်ဖူးတာ မို့  ၊ တခါမှ မသွားဖြစ်တဲ့ ရေတန်ခွန်ကို သွားဖို့  ဆုံးဖြတ်လိုက်တယ် ။ အမလေးးး လမ်းတဝက် ရောက်မှ နောင်တ ၊ ရချင်သလို ဖြစ်မိတယ် ။ ကျောက်တုံးတွေ ကျော်ခွ တက်ရတာ အမောဆို့ မိပါရဲ့  ။ သူများတွေ ၁ နာရီ ဆင်းရတဲ့ ခရီးကို ၂ နာရီကျော်လောက် ဆင်းရ လျှောက်လိုက်ရတယ် ။ ဒါပေမဲ့ သွားပျော်ပါတယ် ။ ရေတံခွန်ကရေကျသံတွေ ကြားတော့ မောတဲ့စိတ်တွေ ပျောက်သွားပြန်ရော ။ ဆောင်းတွင်း တောင်ကျရေ ဆိုတော့လည်း ရေခဲရေထက်တောင် အေးစိမ့်နေတာပေါ့ ။
ဆင်းပြီးရင် တက်ရတယ် တဲ့ ။ တက်ပြီးရင်လည်းဆင်းရမှာပဲ ။ တချို့ကျ တက်ပြီး ပြန်မဆင်းတော့ဘူး ။ ခက်တာပဲ ။
ရေတံခွန်က အပြန် မိုးတောင်ချုပ်သွားပါရောလား ။
ညရှုခင်း နဲ့  ဘုရား လည်း အလွန် သပ္ပါယ်ပါတယ် ။
တစ်ည အိပ် ၂ ရက်ခရီး မို့  ပင်ပန်းပေမဲ့ အပြန်လမ်းမှာ လည်း အလာ လမ်း အတိုင်းပဲ တောင်ပေါ်မှ ရသေ့တောင်စခန်းထိ ခြေလျှင်လျှောက် ၊ လမ်းကနည်းနည်း ချောတော့ ချော်လဲ ရောထိုင် ၂ ခါ လုပ်ပြီးသကာလ ၊ နောက်ခရီးတဝက် ကို ရွှေဘလို ကားပေါ် တက် ၊ သည်းထိပ်ရင်ခုန် ကားမြင့်ကြီးကို မြင်ရတဲ့ အတိုင်းအသကုန် အော်ဟစ်စီးပြီး နောက်တော့ တောင်ခြေ ကင်မွန်းစခန်းကို ချောမောစွာ နဲ့ ပြန်ရောက်လာပါတော့တယ် ။
ကျိုက်ထို ရန်ကုန် လမ်းခရီးကတော့ မြန်သား ။ ၅ နာရီတောင် မကြာပေဘူး ။ လူတွေကတော့ ပင်ပန်းညောင်းညာ နေကြပြီမို့  လမ်းတလျှောက် အိပ်ငိုက်လာတာ နဲ့ ကားပေါ်မှာ ပြတဲ့ ဟာသကားတောင် ဘာမှန်းမသိ လိုက်ပဲ ရုတ်တရက် အနှိုးခံလိုက်ရတော့ အူကြောင်ကြောင်နဲ့ အောက်ဆင်းလျှောက်လိုက်ရသေးတယ် ။ အင်းတကော် အထွက် နဲ့ တူပါတယ်၊ စစ်ဆေးရေး ဂိတ်မှာ စစ်သား ၃ယောက် ကားပေါ်တက်လာပြီး ခရီးသည်တွေကို အောက်ဆင်းလျှောက်ခိုင်း ပါတော့တယ် ။ အကြောင်းရင်းက “ လူဂျီး ” လာတာ မို့  လုံခြုံ ရေး အရ ပါတဲ့ လေ .. သေဟဲ့ နန္ဒိယ ...
သူ တို့ ဟာ သူတို့  ကားနဲ့ ဖြတ်အသွားမှာ မဆီမဆိုင်.. ခြေထောက်နာနေသူတွေ အိပ်ပျော်နေသူတွေကို လမ်းဆင်းလျှောက်ခိုင်းရတယ် လို့ လေ.... အင်း.. ကုသိုလ်တပဲ ငရဲ တပိသာ ဆို တာ ဒါမျိုးပဲ နေမှာ ။
လိပ်ဥမတူးလိုက်ရတဲ့ ဘုရားဖူးခရီး အကြောင်းလေး အမှတ်တရ ပါ ။ ကျိုက်ထီးရိုးဘုရားဆီသို့  မရောက်ဖြစ်တာ ကြာသူများ အတွက် မျှဝေပေးလိုက်ပါတယ် ။
တိတိကျကျ ဆုံးဖြတ်ချက်တခု ချမှတ်ရတော့မယ့်အချိန် တကယ်ရောက်လာတော့လည်း သူ တွေဝေနေမိပါပြီ ။တနေ့ နေ့ တချိန်ချိန်မှာတော့ မွေးရပ်မြေသို့  ပြန်ရပေမည် လို့  အစောကြီးကတည်းက နားလည်ထားပေမဲ့  ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ရောက်လာလိမ့်မည် ဟု မထင်ထားမိခဲ့ ။ ခုတော့ မမျှော်လင့်ပဲ မဖြစ်ချင်တာတွေ ဖြစ်လို့ လာရပေတော့မည် ။ သူ ဆုံးဖြတ်ချက်ချ မှ ဖြစ်တော့မည်လေ ။သိစိတ် နှင့် မသိစိတ် ၊ ညှာ လိုစိတ် နှင့် ညာ လိုစိတ် တို့  လွန်ဆွဲ လို့ နေကြပေပြီ ။ဘယ်ဘက်တိမ်းလို့  ယိမ်းရပါတော့မလည်း လို့  သူ့  ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိ နေသည်မှာလည်း အကြိမ်ပေါင်းတသိန်းမက တော့ ။ ဘယ်အရာမှ တိတိကျကျ မဆုံးဖြတ်တတ်၍ မိမိကိုယ် မိမိ ဆက်ပြီးညာ နေခဲ့သည်မှာ နှစ်ချို့ အညာ တခုဖြစ်နေရပြီပဲ ။
တွေဝေ လမ်းခွဲ အစ။ ။ …
သူ ဆိုတာ လူ့ ဘဝထဲ ရောက်မလာခင် အမေ့ဗိုက်ထဲ နေရစဉ်တည်းက တွေဝေနေခဲ့တတ်သူ ။ သူရောက်နေပြီဆိုတဲ့ အကြောင်း အမေမသိစေအောင် တိတ်တဆိတ် နဲ့ချောင်ကပ် နေခဲ့တာ ၊ အဖေတာဝန်အရ ရေခြားမြေခြားမှာ နှစ်ရှည်နေဖို့  အချိန် မသွားခင်လေးမှာ ၊ ဧည့်သည်သစ်လေး တယောက် အမေ့ဆီရောက်နေကြောင်း ပြောရကောင်းနိုး မပြောရကောင်းနိုး ၊ဇဝေဇဝါဖြစ်အောင် သူလုပ်ခဲ့တယ် ။ ခုခေတ်မှာလို အလွယ်တကူစစ်ဆေးဖို့  ကရိယာလည်း မရှိတော့ ၄လကျော်မှ တိတ်တခိုး ဧည့်သည်ရောက်နေကြောင်း အဖေ့ဆီ အကြောင်းကြားခဲ့ရတယ် တဲ့  ။အမေ့ကို ဒုက္ခပေးဖို့ များလားတော့မသိ ၊ အမေ့ဗိုက်ထဲမှာလဲ ကောင်းပြီ ကောင်းရဲ့ နဲ့ ကောင်းကောင်းမနေ ၊မမွေးခင် ပုံမှန်စစ်ဆေးနေတုံးကတော့ ပုံမှန် အနေအထား တဲ့ ၊ မွေးခါနီးကျမှ ဇောက်ထိုး မနေချင်လို့  ကန့်လန့် ပြောင်းနေသေးတယ် ။ ပြီးတော့ကျ ခြေထောက်နဲ့ ထွက်အုံးမတဲ့လေ ။အိုဂျီခမြာလည်း ဟိုလှည့် ဒီလှည့် ။ဘယ်လိုမှ လှည့်မရတဲ့ အဆုံး ရုန်းရင်းကန်ရင်း ခြေနဲ့ပဲ ဘွားခဲ့ရတယ် ။ မွေးကာစ ပေါင်မပြည့်လို့  ဖန်ပေါင်းချောင်ထဲ ယောင်တောင်ပေါင်တောင် နေခဲ့ရသေးသတဲ့ ။တော်သေးတာပေါ့လေ ။ သမားကောင်းနဲ့ တွေ့ ခဲ့ရလို့  အာရုံကြောတွေ မထိခိုက်ပဲ လူလားမြောက်ခဲ့ရတယ်။ သူများနဲ့ ယှဉ်လိုက်ရင် လူကောင်က ခပ်သေးသေး ပိစိကွေးပေါ့ ။
သူ့ ငယ်စဉ်ဘဝကို သာမာန်လိုပဲ ဖြတ်သန်းခဲ့ရတယ် ။ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေတတ်ပေမဲ့  သိပ်တော့ အခက်အခဲ မရှိလှပါဘူး ။ ကျောင်းသားဘဝ ကျောင်းတက် စာကျက် ၊ နည်းပေမဲ့ သူ့ အပေါ်ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ကြီးပြင်း ၊ အချိန်တန်တော့ ဆယ်တန်းဆိုတဲ့ အတန်းကျောင်းကိုအောင်မြင်ခဲ့တယ် ။ဒီအချိန်မှာ တွေဝေစရာတခု ကြုံခဲ့ ရပြန်တယ် ။ အဲ့ဒီခေတ် က ဆယ်တန်းကို အမှတ်ကောင်းကောင်း နဲ့ အောင်မြင်သူတွေ ရွေးချယ်ကြတာက ဆေးကျောင်း တဲ့ ။ ဒါပေမဲ့ သူ ဝါသနာ မပါလှ ။ စက်ပစ္စည်း ကရိယာတွေကို ပိုပြီးစိတ်ဝင်စားတဲ့ သူတယောက် အမှန်တကယ် ရွေးချယ်သင့်တာ စက်မှုပညာ နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်သာ ဖြစ်သင့်တယ်ပေါ့ ။ ဒါပေမဲ့ ဘာ ဖြစ်ချင်တယ်ရယ်လို့ သေချာ တိကျတဲ့ ဦးတည်ချက်က မရှိသေး ။ တွေဝေလေ့ရှိတဲ့ သူတယောက် ပြတ်ပြတ်သားသား မဆုံးဖြတ်ဝံ့ ။တွေဝေလမ်းခွဲ မှာ ဘယ်လမ်းရွေးရမလည်း သူ မသိ ။ အရာရာမှာ မိဘအားကိုးတတ်သူတို့ ရဲ့ ထုံးစံအတိုင်း ကိုယ့်ဦးနှောက်နဲ့ ကိုယ်မစဉ်းစားချင်တော့ ။
ဒီလိုနဲ့ ပဲ ဘယ်အရာမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသူတယောက် အနေနဲ့  သူ့ အမေရွေးချယ်ပေးခဲ့တဲ့ ဆေးကျောင်းဆိုတာကြီးကို ဦးတည်ချက်ကင်းမဲ့စွာ နဲ့ တက်ရောက်ခဲ့တယ် ၊ သူ့ တာဝန်တော့ သူကျေအောင် တနှစ် တတန်း မှန်မှန်အောင် ဖို့  ကလွဲရင် ရည်မှန်းချက် ကြီးကြီးမားမား မရှိခဲ့ ။ သူများယောင်လို့  ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့  ဝေလေလေ အချိန်တွေ ဖြတ်သန်းခဲ့ ရပြန်ပါတယ် ။ ဝါသနာ အရ မဟုတ်တော့ စိတ်ဝင်စားမှု အထိုက်အလျှောက် လျော့ပါးခဲ့လို့  ထူးထူးချွန်ချွန် ဖြစ်မလာပေမဲ့လည်း အချိန်တန်တော့ ဘွဲ့ တခု ရမယ် ဆိုတာလောက် ပဲခံယူခဲ့တယ် ။ အဲ့ဒီအချိန်မတိုင်မီမှာ တိုင်းပြည်ကြီးလည်း ကမောက်ကမ ဖြစ်ပြီးရင်း ဖြစ်နဲ့ဆိုတော့ ကိုယ့်ဘဝ ကိုယ်ရပ်တည်ဖို့  ကိုယ့်လမ်းကိုယ်လျှောက်ဖို့  လမ်းခွဲတွေ အများကြီး တွေ့ ကြုံလာရပြန်တယ် ။ ဒီတခါ တွေဝေလမ်းခွဲ ဘယ်လမ်းရွေးမလည်း ။သူ သတ္တိ နည်းခဲ့ ပြန်တယ် ။ သူငယ်ချင်းတချို့  ရဲရဲဝံ့ဝံ့ တိုးဝင်သွားခဲ့တဲ့ ခရီးလမ်းကြမ်းဆီ သူမလျှောက်ရဲ ခဲ့ဘူး ။အတ္တစိတ်တွေ ကြီးစိုးနေမိတဲ့အချိန် အများအတွက်ဆိုတာ ဘယ်လိုမှ မစဉ်းစား မိခဲ့ ။ကံစီမံရာလို့ ပဲ ၊ မမြင်ရတဲ့ ကံကြမ္မာဆိုတာကြီးကို အပြစ်ပုံချ ဖြေသိမ့်ဖြစ်ခဲ့တယ် ။
တွေဝေလမ်းခွဲ အလယ် ။ ။...
နောက်တော့ ဘွဲ့ လက်မှတ်ဆိုတာကြီး ရပြီး တန်ဘိုးရှိတဲ့ အချိန်တွေကို ကမောက်ကမဖြစ်စွာနဲ့ပဲ အများနည်းတူ အလဟသ ကုန်ဆုံးစေခဲ့ရတယ် ။ ပညာရှာတဲ့ ပထမအရွယ်ကုန်ဆုံးခဲ့ပြီ ဆိုတော့ ဥစ္စာရှာတဲ့  ဒုတိယ အရွယ် ရောက်ခဲ့ပြီပေါ့။ ဒီတော့ ရှေ့ မှုာ ရွေးချယ်စရာ လမ်းနှစ်သွယ် တွေ့ ရပြန်တယ် ။ အပြင် နဲ့  အတွင်း ဘယ်လမ်းလျှောက်မလည်း ဆိုတာ ရွေးချယ်ဖို့  နောက်ဆုံး အချိန် ထိ တွေဝေနေခဲ့ ပြန်ပါတယ် ။ဒီတခါတော့ အမေက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချဖို့ လောက်သာ ပြောဆိုတော့မှ သူ အမေ့ကို သတိပြုမိခဲ့တာ အမေအသက်ကြီးလာပြီ ဆိုတာကိုပါပဲ ။အလုပ်မှာ အားမာန်အပြည့် နဲ့ လုပ်နိုင်သေးပေမဲ့ စိတ်ဒါဏ်ရာ ဖိစီးမှုခံနေရတဲ့အသွင်အပြင်တွေ တနေ့ တခြား ပိုများလာနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဆုံးဖြတ်ချက်တခု သူချရတော့မယ် ။ စီးပွားရေး တိုက်ခိုက်မှုကြီး အောက်မှာ ရိုးရိုးကုပ်ကုပ်နေသူတွေရဲ့  ရလာဒ် ဖြစ်တဲ့ ယိုင်နဲ့ ကျဆင်းမှုတခု ဒီလောက် မြန်မြန်ဆန်ဆန်ကြီး သူတို့  မိသားစုဆီ ရောက်လာမယ်လို့ မထင်မိခဲ့။ အမေနှုတ်က ဖွင့်မပြောပေမဲ့  မှုံရီနေတဲ့ မျက်ဝန်းတစုံက အဓိပ္ပါယ်ကို သူနားလည်မိလိုက်တော့ ၊ ဆရာကြီး မင်းသုဝဏ်ရဲ့ “သာသည့်မြေသို ”့ဆိုတဲ့ ကဗျာလေး အခါခါကြားယောင်ရင်းနဲ့ ပဲ သူလျှောက်ဖို့  လမ်းတသွယ်ကို ပထမဦးဆုံးသော သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့  ရွေးချယ်လျှောက်ခဲ့တယ် ။ ဆွေမရှိ မျိုးမရှိ ၊ ရေခြား မြေခြား တိုင်းတပါးမှာ ကိုယ့်ဟာကိုယ် ထွင်ပြီး လျှောက်ကြရတဲ့  လမ်းတိုင်းဟာ မချောမွေ့ ပဲ အထစ်အငေါ့တွေများစွာ တွေ့ ရတတ်တဲ့ သဘာဝကို သူတဖြေးဖြေး နားလည် သဘောပေါက်တဲ့  အချိန် ၊ နောက်ပြန် ဆုတ်ဖို့ လည်း မဖြစ်နိုင်တော့ အံကြိတ်ပြီး ရှေ့ ဆက်လျှောက်ခဲ့ပါတယ် ။ ဘဝဆိုတာ အမြဲတမ်းလည်း မှောင်မိုက် မနေပါဘူး ။ လပြည့် လကွယ် ညများမှာ ပျော်လိုက် ရှိုက်လိုက် နဲ့ ရာသီစက်ဝန်းကြီးလည်း တပတ်ပြီးတပတ် လည်ရင်းနဲ့  ဒုတိယ အရွယ်မှာ သူရုန်းကန်နေရဆဲပါ ။
အနေကြာလာတဲ့  ဒီအပြင်လမ်းမှာ များပြားလှတဲ့ အပျော်တွေ တွေ့ ရှိခံစားနေရချိန်မတော့ အရာအားလုံးလိုလိုကို မေ့နေခဲ့သလို ၊ အချိန်တန်လို့  ငွေကြေးအသင့်အတင့် ပြန်ပြီးထောက်ပံ့နေလိုက်ရင် သူ့ တာဝန်ကျေပြီ ဆိုတဲ့ အတွေးတွေ ကြီးစိုးနေခဲ့တယ် ။အိမ်ကို အဆက်အသွယ် မလုပ်ပဲ လအနည်းငယ်နေမိတဲ့ အခါဆို အမေဟာ သူ မာကြောင်းသာကြောင်း အဆင်ပြေကြောင်း သတင်းတွေကို မရမက ခက်ခက် ခဲခဲ စုံစမ်းတတ်တယ် ။ လူကြုံ နဲ့တဆင့် သူကြိုက်တဲ့ အစားအသောက်လေးတွေ ပို့ ပေးလာတတ်တယ်။ အရင်က ညီညာလှပခဲ့တဲ့ အမေ့ရဲ့  လက်ရေးတွေကို တုန်ချိ တွန့် လိန်နေတဲ့ စာလုံးများ အဖြစ် အစားထိုး ပြီး ဖတ်လိုက်ရတဲ့ ဆုံးမ စာကြောင်းတွေ ကို အလေးထားပြီး မဖတ်ဖြစ်ခဲ့ ။ ဒါပေမဲ့ တခါတရံ အခက်အခဲတွေ မဖြေရှင်းတတ်အောင် ကြုံတွေ့ လာတဲ့ အချိန်မျိုးမှာတေှာ့ သူ အမေ့ကို တမ်းတမိတယ် ။ မိဘအရိပ် ဘယ်လောက် အေးချမ်းသလည်း ဆိုတာ နေပူထဲမှာ မလှုပ်ရှားနိုင်လောက်အောင်ချိနဲ့ စွာ ရပ်နေရခါမှ နားလည်မိတယ် ။ခလုပ်ထိမှ အမိတ မိတဲ့ ဒီလိုအချိန်မျိုးမှာ အမေသူ့ အနားမှာ အမြဲရှိနေသလို ခံစားရပြီး အားအင်တွေ ပြန်ပြည့်လာတတ်တယ် ။
“အမေ နေမကောင်းဘူး ။ အခြေအနေအတော်ဆိုးနေတယ် ။ နင့်ကို တွေ့ ချင်တယ် လို့  ပြောတယ် ” ဆိုတဲ့ လူကြုံနဲ့ ထဲ့ပေးလိုက်တဲ့ စာတိုလေး တကြောင်း သူ့  အစ်မဆီမှ ဖတ်လိုက်ရပြီးတဲ့ နေ့ ။မိသားစု ကို အဆက်ဖြတ်ထားတဲ့သူ ၊စိုးရိမ် ထိတ်လန့် စွာ နဲ့ ဖုံးမဆက်တာ ကြာတဲ့ အိမ်ကို ဆက်သွယ်ဖြစ်ခဲ့တယ် ။ ခါတိုင်း သူ့ ဆီက ဖုံးလာတိုင်း အပြေးအလွှား စကားလာပြောတတ်တဲ့ အမေ ၊ အားမာန်အပြည့် တက်ကြွတဲ့လေသံနဲ့  အမေ ၊ ဖုံးကိုင်ဖို့  တောင်အင်အားမရှိ ၊ ဘေးက အိမ်သား အကူအညီ နဲ့  မောပန်းတုန်ရီစွာ အားစိုက်စကားပြောသံ ကြားလိုက်ရတော့မှ ဝမ်းနည်း ဝမ်းသာ ဖြစ်မိတဲ့ သူတယောက် အသိတရား ဝင်လာမိတယ် ။ အမေက ပြောရှာတယ် အမေ ဘာမှ အကြီးအကျယ် မနာမကျန်း မဖြစ်တဲ့ အကြောင်း ၊ သာမာန် နှာစေးချောင်းဆိုးလောက်သာ ဖြစ်တဲ့ အကြောင်း ။ အလုပ်အပျက်ခံပြီး ပြန်လာ ရန် မလိုသေးကြောင်း ၊ ကျန်းမာရေး ဂရုစိုက်ဖို့ ၊ ဘုရားတရား မမေ့ဖို့  အကြောင်း စသဖြင့် ပေါ့ ။ အမေ့ အဆုံးအမတွေကို နာခံရင်း သူတွေဝေ နေမိပြန်တယ် ။
ပြီးမှ သူ့  အမ ကို အကျိုးအကြောင်း မေးမြန်းမိတဲ့  အခါမှ တရှောင်ရှောင်ဖြစ်နေတာ နှစ်ဝက်လောက်ရှိပြီ ဖြစ်မှန်းသိရပြီး အစ်မ နဲ့ အိမ်သားတွေကို မဆီမဆိုင် အပြစ်တင်မိသေးတယ် ။
“ အေးလေ ။နင်က နိုင်ငံခြားမှာ နေပြီး ပိုက်ဆံပို့ ပေးရုံနဲ့ မိဘကျေးဇူးဆပ်တယ် လို့  ထင်နေရင်တော့ မတတ်နိုင်ဘူး ။ ငါတို့ ကတော့ နင့်လို မပေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် ပြုစုပေးနေတာ ၊ အလုပ်တောင် မသွားနိုင် ။ ပျက်ရက်တွေ များလို့  ရှိစုမဲ့စု အလုပ်လည်း ပြုတ်ပြီ ။ ဒါပေမဲ့ နောင်တ မရပါဘူး ။ နင် ပြန်လာမယ် ၊ မပြန်လာဘူးဆိုတာ လည်း ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပေါ့ ။ နောက်မှ နောင်တရနေလည်း အလကားပဲ” ၊
သူကိုယ်တိုင်က အနီးမှာ ရှိမနေပဲ အနီးကပ် ကိုယ်ထိလက်ရောက် ပြုစုနေတဲ့ သူတွေကို အပြစ်ရှာ နေမိတဲ့  သူ့ ကို အမဖြစ်သူ ပြန်ပြောလိုက်တဲ့ စကား တခွန်း ကြောင့် အတော်တုန်လှုပ်သွားမိတယ် ။
တွေဝေလမ်းခွဲ အဆုံး ။ ။...
တွေဝေ ပြီးရင်း တွေဝေနေတတ်တဲ့ သူတယောက် အချိန်မဆွဲပဲ ဆုံးဖြတ်ချက် တခုကို ချရတော့မည် ။ ပြန်မလား ၊ ဆက်နေမလား။ ဆိုတဲ့ လမ်းနှစ်ခွ မှာ ဘယ်လမ်းရွေးလျှောက်ရမလည်း ။ အခွင့်အရေးတခုဟာ ဘယ်တော့မှ နှစ်ခါပြန် မလာတတ်ဘူးရယ်လို့  သူ နားလည်ထားသည်ပဲပေါ့ ။ ဒီအရပ်ကိုရောက်ခါစ အချိန်က ရေခြား မြေခြား နေသားမကျ သေးတာမို့  အိမ်ပြန်ချင်တဲ့ စိတ်ကူးအလွမ်းတွေဖြင့်သာ အချိန်ကုန်စေခဲ့ရတယ် ။ စကားမပေါက် စာမပေါက်တာမို့  ထူးထူးခြားခြား ခင်မင်ရင်းနှီးရသော အဖေါ် သူငယ်ချင်းရယ်လို့  မရှိခဲ့ပဲ စာဖတ်ရင်း စာကျက်ရင်းဖြင့်သာ အားလပ်ချိန်များကို ကုန်လွန်စေခဲ့ ရတယ်လေ ။ ပြီးတော့ သမုဒ္ဒရာ ဝမ်းတထွာအတွက် ရရာအလုပ်လုပ်ပြီး ဘဝတက်လမ်းအတွက် ကြိုးပန်းခဲ့ ရတာတွေဟာ ၊ ခုလို သင့်တင့်တဲ့ အလုပ်အကိုင် အဆင့်အတန်း နဲ့ ဝင်ငွေ တို့ နဲ့  အဆင်ပြေ နေပြီဆိုတော့ လည်း ဒီတမြေခြားကို ရောက်ခါစအချိန်က ခါးစင်း ခံခဲ့ရသော ဒုက္ခများ မှာ ဘာမှ မည်မည်ရရ မဟုတ်တော့ လို့  ထင်ယောင်မိလာရတယ် ။ဆယ်စုနှစ်တခုဆိုတဲ့ အချိန်ကာကမှာ မျှော်ရစဉ်က ကြာလှချည်လားလို့  ဆိုနိုင်ပေမဲ့ ပြီးဆုံးခဲ့တဲ့ ဆယ်စုနှစ်မှာ တော့ ဒီလောက်ကြာခဲ့သည်ဟု မထင်လိုက်ရ ။ မနေ့ တနေ့ တုန်းကလို ဟုသာ စိတ်မှာ ထင်မှတ်မိလိုက်တာက လူ့ စိတ်သဘောပဲလို့ ယူဆရမလား ။
ဒီနေ့  ဆေးရုံမှာ အသည်းအသန်လူနာတယောက် ကြောင့် အလုပ် အတန်ငယ်ရှုပ်သွားခဲ့တယ် ။အလုပ်ရှုပ်ရတဲ့ အကြောင်းမပြောခင်မှာ သူ့ အလုပ် နဲ့ ပါတ်ဝန်းကျင် အကြောင်း အနည်းငယ် ပြောပြရပါအုံးမယ် ။ သူတာဝန်ကျနေတဲ့ လူနာဆောင်မှာ ကျောက်ကပ်ပျက်စီးနေတဲ့ လူနာ များကို ကျောက်ကပ်ဆေးခြင်း ( Hemodialysis ) ပြုလုပ်ပေးရတဲ့ အဆောင်ဖြစ်ပြီး ၊ လူနာများက တပါတ်မှာ ၃ကြိမ် ၊ တကြိမ်မှာ ၄ နာရီကြာ ကျောက်ကပ်ဆေးတာကို ခံယူကြရပါတယ် ။များသောအားဖြင့်တော့ ပြင်ပလူနာ အနေနဲ့ပဲ ကျောက်ကပ်ဆေးပြီး အိမ်ပြန်ကြရတယ် ။ တခြား အကြောင်းတွေကြောင့် ဆေးရုံတက်ဖို့  လို မှပဲ အတွင်းလူနာ အနေနဲ့  ကျောက်ကပ်ဆေးကြရတယ် ။ဒီတော့ တပါတ် ၃ ကြိမ် ပုံမှန်လာနေရ တဲ့ လူနာများနဲ့  ဆွေမျိုးရင်းခြာလို ရင်းနှီး နေပြီဖြစ်တယ် ။လူနာ အများစုဟာ သူတို့  မိသားစု ကိုယ်ရေးကိုယ်တာတွေ ကို ရင်ဖွင့် တိုင်ပင်ကြတဲ့အထိ ရင်းနှီးနေကြတယ်ပေါ့ ။ နောက်ဆုံးအဆင့်ထိရောက်နေတဲ့ ကျောက်ကပ်ရောဂါ ( End Stage Renal Disease ) မှာ လူနာ တွေဟာ ကျန်ရှိနေတဲ့ ဘဝတသက်တာမှာ ကျောက်ကပ်ကို အချိန်မှန်မှန်ဆေးခြင်းနဲ့ သာ အသက်ဆက်နေရတာဖြစ်တယ် ။ ဒီကြားထဲ ကံကောင်းထောက်မလို့  ကျောက်ကပ် အလှူရှင်နဲ့ တွေ့ ကြုံရပါမှ ကျောက်ကပ်အစားထိုး ခွဲစိပ်ကုသမှုရယူပြီး ကျောက်ကပ်ဆေးနေရတဲ့ ဒုက္ခမှ ကင်းဝေးနိုင်တော့မှာ ဖြစ်တယ် ။ ဒါပေမဲ့ ဒီလို အဆင်ပြေပြေ နဲ့  ကုသမှုခံယူနိုင်သူတဲ့ အရေအတွက်မှာ နည်းပါးလှပါတယ် ။ တချို့ လည်း အသက်အရွယ်ကြီးလို့ ၊ တခြားရောဂါ အမျိုးမျိုးဝင်လို့  ၊ အစားထိုးခွဲစိတ် ကုသမှု မယူနိုင်မှာတင်ပဲ လူ့ လောကကြီးမှ စွန့် ခွာ သွားခဲ့ရသူတွေလည်း အများကြီးပါပဲ ။
အဲ့ဒီလို ရင်းနှီးနေတဲ့လူနာတွေထဲမှာ အသက် ၇၀ ကျော် အမျိုးသမီးလူနာတယောက်ရဲ့  အဖြစ်ကိုကြည့်ပြီးမှ သူတွေဝေနေတဲ့ လမ်းကို ဘယ်လိုဆက်လျှောက်ရမလည်းလို့ ဆုံးဖြတ်လိုက်ခဲ့မိတယ် ။ အနှစ် ၂၀ နီးပါး ကျောက်ကပ်ဆေးနေရတဲ့ ဒီအဖွားလူနာမှာ သားတစ်ယောက၊် သမီးတစ်ယောက် ရှိတယ် ။သားကြီးက အိမ်ထောင်ကျပြီး တိုင်းတပါးမှာ အခြေချနေထိုင်တာ ၃ နှစ်ကျော် ။ သမီးငယ် ကတော့ အချိန်တန် အရွယ်ရောက်နေပေမဲ့ အိမ်ထောင်မပြုသေးပဲ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်နေခဲ့တယ် ။ တရုပ်လူမျိုးများ ထုံးစံက သားကြီး သြရသမှ အချစ်ပိုကြလေသလား မပြောတတ် ။ သမီးဖြစ်သူ သူ့ အပေါ်ဘယ်လောက် ပြုစုနေပေမဲ့ အဝေးရောက်သားကြီးကိုပဲ တမ်းတ နေတတ်တယ် ။ဒီလိုနဲ့  လူနာအဖွားလည်း အသက်ကြီး ၊ကင်ဆာဖြစ်နေတဲ့ ကျောက်ကပ် နဲ့  သားအိမ် ထုတ်အပြီး ၂ နှစ်လောက်အကြာ အသည်းကင်ဆာပါ ဖြစ်လာတော့ အခြေအနေက တဖြေးဖြေး ဆိုးဝါးလာတော့တယ် ။နှလုံးရောဂါအခံကလည်းရှိနေတော့ အမောကလည်း မကြာခဏ ဖေါက်တတ်သေးတယ်လေ ။ သမီးဖြစ်သူက သူ့ အကို ကို ပြန်လာဖို့  ခေါ်တော့ အရေးကြီးတဲ့  အလုပ်မအားသေးလို့  နေ့ ရွှေ့  ညရွှေ့ နဲ့ ပေါ့ ။
ဒီကနေ့ မနက် လူနာအဖွား စိတ်လိုလက်ရ စကားတွေ ပြောလိုက် ပြုံးလိုက်နဲ့  မို့  လူနာဆောင်ထဲက ဆရာမများ နဲ့ သူပါ တအံ့တသြ ရှိနေရတယ် ။ သမီးဖြစ်သူကို မေးကြည့်တော့ မှ ဒီနေ့ လည်မှာ အကိုဖြစ်သူ ပြန်ရောက်မဲ့ အကြောင်း သိလိုက်ရတော့ အဖွားလူနာနဲ့အတူ သူတို့ တတွေ ပျော်လိုက်မိကြပါသေးတယ် ။ လူနာအဖွားရဲ့  စကားသံလေးတွေက ခါတိုင်းနဲ့မတူပဲ အားမာန်အပြည့် နဲ့ လေ ။ သူ့ သားကြီး တော်ကြောင်း လိမ္မာကြောင်းတွေ ကို အနားမှာရှိတဲ့ သူနဲ့  ဆရာမလေးတွေကို မမောမပန်း တတွတ်တွတ် ပြောပြနေလို့ သူလည်း ရောယောင်ပြီး အပျော်ဓါတ်လေးတွေ ကူးစက်ခံစားမိလိုက်ပါတယ် ။
ဒီလိုနဲ့  ကျောက်ကပ်ဆေးနေရင်း နှစ်နာရီကျော်လောက်အကြာမှာ လူနာအဖွား နှလုံးခုန်ရပ်သွားခဲ့တယ် ။ အရေးပေါ် အသက်ကယ်ပြုစုတာတွေ လုပ်ပေးရတယ် ။ တစ်နာရီ ကျော်တဲ့အထိ အဖွားရဲ့  အသက်ကို လုယူခဲ့ကြပေမဲ့ မရတော့ပါဘူး ။ နှလုံးခုန်ရပ် အသက်ရှုရပ်လို့  သေဆုံးခြင်းဆိုတဲ့ နောက်ဆုံးအချိန်ကို သတ်မှတ်ပေးလိုက်ရပါတော့တယ် ။ လူနာအဖွား ရဲ့ ပွင့်နေသေးတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်စလေးတွေ ယိုဆင်းနေတာ မခြောက်သေးတော့ သူ အဖွားကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ မျက်ရည်စတွေ သုတ်ပေးနေမိတဲ့ အချိန်မှာ ပဲ နောက်ဖက်က ငိုသံရှည်ကြီး ရုတ်တရက်ကြားလိုက်မိတော့မှ အသိပြန်ဝင်လာမိတော့တယ်။
“ အမေ ။ အမေရေ ။ ကျွန်တော်ပြန်လာပြီလေ အမေရဲ့ ။ အမေ့ရဲ့  သား ပြန်လာပြီလေ ။ သားကို ဘာလို့ မစောင့်နေတာလဲ အမေရယ် ။ ”
“ဪ ၊ အကိုပြန်ရောက်လာပြီကိုး ၊ အကို လိုချင်တဲ့ အဖြေက ဒါပဲမဟုတ်လား ။ အမေ ကတော့ အကို့ ကို မျှော်နေခဲ့ ပါသေးတယ် ။ ဒါပေမဲ့  သူ့ ဆန္ဒမပြည့်ဝ သွားခဲ့ ရဘူး ။ အကို့ ဆီက သူမျှော်လင့်နေတာက ငွေကြေးဥစ္စာတွေ မဟုတ်ဘူး ၊ အကို သူ့ ဘေးနားမှာ ရှိနေစေချင်တာလေးတခုတည်းပါ ၊ခုတော့ …..”
ညီမဖြစ်သူရဲ့  အဆုံးမသတ်ဖြစ်လိုက်တဲ့  စကားကို အကိုလုပ်သူ က ငိုယုံမှ လွဲပြီး တခြားဘာမျှပြန်မချေပ နိုင်တော့ ။
နောက်တော့ အဖွားလူနာအား နောက်ဆုံး ကန်တော့ခြင်း နဲ့ ရိုးရာအတိုင်းစီစဉ်တာတွေ ပြုလုပ်အပြီးမှာတော့ သက်ဆိုင်ရာ ရေခဲတိုက်ကို ခေါ်ဆောင်သွားကြပါတော့တယ် ။
ဒီမြင်ကွင်းက ဆေးရုံတရုံမှာ သေဆုံးသူလူနာတွေအတွက် လုပ်ရိုးလုပ်စဉ် တွေပဲမို့  ဘာမှထူးထူးခြားခြားတော့ မရှိလှပါဘူး ။ ဒါပေမဲ့  သူ အမေ့ကို မြင်ယောင်လာမိတယ် ။ တကယ်လို့  သူသာ ဒီလို အဖြစ်မျိုးနဲ့  တွေ့ ဆုံရမယ် ဆိုရင် ဖြေသိမ့်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ကို ထပ်ခါ တလည်းလည်း မေးနေမိတယ် ။ ဒီတခါတော့ တွေဝေမှုတွေ မရှိတော့ပါဘူး ။ အမေ့ဆီ အချိန်မှီပြန်ဖို့  အခွင့်အရေး ရှိနေသေးတယ် မဟုတ်လား ။ အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါပြန်မလာတတ်ပါဘူး ။ ဒီတော့ ကိုယ်ပိုင်တဲ့  ဆုံးဖြတ်ချက်တခု အချိန်မှီချလိုက်ပါပြီ ။သူ့ ဘဝရဲ့  အရေးအကြီးဆုံး အရာ အတွက် နောင်တတွေ တလှေကြီး သူမရချင် တော့ပါ ။
ပြန်လာတော့မယ် အမေ.. အမေ့ ဆီ သမီးမိုက် ပြန်လာပြီး အမေ့ရဲ့  နောက်ဆုံးအချိန်လေးတွေမှာ အမေအလိုချင်ဆုံး ဆန္ဒလေးတခု ဖြည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ သိပ်မကြာတော့တဲ့  ရက်ကလေး အနည်းငယ်ကို သည်းခံပြီး စောင့်နေပေးပါ အမေ …. ။
ဒီနေ့  မတ်လ ၁၆ ရက်နေ့  မွေးနေ့  မှာ ကျွန်ုပ်အား မွေးဖွားပေးခဲ့တဲ့  ကျေးဇူးရှင် မိခင် အတွက် အမှတ်တရ ရေးသားပါတယ် ။
ပုံများကိုတော့ Fotosearch မှ ရယူပါသည်။